မုန်း၍မဟူ၊ အခန်း (၁)

"မုန်း၍မဟူ" ဝတ္ထုဟာ မူလက ရှုမဝ မဂ္ဂဇင်း ဝတ္ထုရှည်အဖြစ် ရည်ရွယ် ရေးသားခဲ့တာ ဖြစ်ပါတယ်။ ၁၉၅၅ မေလထုတ် ရှုမဝမှာ စတင် ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ဂျာနယ်ကျော်မမလေးဟာ ဝတ္ထုကို အဆုံးသတ် မရတဲ့ အတွက် ဇွန်လမှာ ဆက်ရေးပါတယ်။ ဇွန်လမှာလည်း ဝတ္ထုမပြီးပါ။ ဒါကြောင့် မဂ္ဂဇင်းဝတ္ထုအဖြစ် ဖော်ပြနေတာကို ရပ်ပြီး ဝတ္ထုအပြီးထိ ရေးပြီးမှ စာအုပ်အဖြစ် ထုတ်ဝေဖို့ စာရေးသူနဲ့ ရှုမဝ အယ်ဒီတာအဖွဲ့တို့ ညှိနှိုင်း သဘောတူခဲ့ကြပါတယ်။ အဲဒီနှစ် ၁၉၅၅ ခုနှစ်မှာပဲ ဝတ္ထုထွက်ပါတယ်။ ထွက်တယ်ဆိုရင်ပဲ အလွန် အောင်မြင်တဲ့ ဝတ္ထုတစ်အုပ် ဖြစ်ခဲ့ပြီး တစ်လအတွင်းမှာပဲ ဒုတိယအကြိမ် ထပ်မံပုံနှိပ် ရပါတယ်။ စရိုက်ချင်းမတူသူ နှစ်ယောက်ရဲ့ နာကျင်ဖွယ် အချစ်နဲ့ သူတို့ရဲ့ ပတ်ဝန်းကျင်လောကကို ဖတ်ရသူ မွန်းကျပ်လာအောင် ရေးဖွဲ့နိုင်ခဲ့တဲ့ မုန်း၍မဟူဟာ အဲဒီအချိန်က စလို့ ခေတ်အဆက်ဆက် စာဖတ်သူများကို ဖမ်းစားနိုင်ခဲ့ပြီး အခုအချိန်မှာ ဆယ်ကြိမ်ကျော်အောင် ထပ်မံ ပုံနှိပ်ပြီးခဲ့ပါပြီ။ 'ဖန်ပေါင်းချောင်ထဲက ပန်းပွင့်ကလေး' ရုပ်ပုံဟာလည်း မုန်း၍မဟူရဲ့ သင်္ကေတပမာ ဖြစ်လာပါတယ်၊ ပန်းချီဆရာတွေဟာ မုန်း၍မဟူကို သရုပ်ဖော်ရရင် အဲဒီပုံကိုပဲ အရေးများကြပါတယ်။ သူလိုလူ (ဝတ္ထုဟန် အတ္ထုပ္ပတ္တိ)နဲ့အပြိုင် မုန်း၍မဟူ ဝတ္ထုဟာလည်း ဂျာနယ်ကျော်မမလေးရဲ့ အအောင်မြင်ဆုံး စာပေလက်ရာလို့ ဆိုနိုင်ကောင်းပါလိမ့်မယ်။ မုန်း၍မဟူကို ပြင်သစ်၊ အင်္ဂလိပ်၊ တရုတ်၊ ရုရှ၊ ဥဇဘက် ဘာသာများနဲ့ ဘာသာပြန် ထုတ်ဝေခဲ့ပါတယ်။
crd👉openread.atspace.cc

===============================

မုန်း၍မဟူ (ဂျာနယ်​ကျော်မမ​လေး)
____________________________

အခန်း(၁)

ဝေဝေသည် စူးစိုက်၍ ကြည့်နေလေသည်။

အိမ်အပေါ်ထပ်မှ စီးမြင်နိုင်သော တစ်ဖက်အိမ် အောက်ထပ် ဧည့်ခန်းသည် ဝေဝေ၏မျက်စိထဲ၌ ထူးခြားနေလေသည်။ လူသစ်များ ပြောင်းလာမှ အပြင်အဆင်အသစ်များနှင့် ပြောင်းလဲနေသည်။

ဧည့်ခန်းထဲ၌ မီးခိုရောင် ကော်ဇောကြီး ခင်းကာ ဆိုဖာကုလားထိုင် ပြာမှိုင်းမှိုင်းများ ဝိုင်းချထားသည်။ ဆိုဖာ ကုလားထိုင်များ ဘေး၌ သပြေမှည့်ရောင် ဆေးလိပ်ပြာခွက်တင် ခုံနိမ့်ကလေးများ ရှိသည်။ ဖုန်မတက်စေအောင် ပွတ်သုတ်ပေး၍ အရောင်ပြေး နေလေသည်။

ကော်ဇော အလယ်၌ ရှိသော စားပွဲနိမ့်ကလေးမှာ လေးထောင့် ရှည်မျောမျော ဖြစ်သည်။ စားပွဲအောက်၌ ခြေထောက် မတပ်ဘဲ ပျဉ်ပြား တစ်ချပ်ကို အလျားလိုက် ထောင်လှဲလျက် အပေါ်၌ ပျဉ်ပြားတစ်ချပ် အပြားလိုက်ခင်း တင်ထားသော ပုံသဏ္ဌာန်အတိုင်း ဖြစ်သည်။ စားပွဲ၏ အဆင်းကား အနက်ရောင် ဖြစ်သည်။ လက်ပြောင်သော အရောင်များသည် အနက်ထဲမှ ဖိတ်လက်နေ၏။

စားပွဲပေါ်၌ သပိတ်လုံးသဏ္ဌာန် ပုပုလုံးလုံး ကြွေပန်းအိုးနီကလေး တင်ထားသည်။ ပန်းအိုးထဲတွင် ဖြူဆွတ်သော ကရမက် ပန်းခိုင်များ ထိုးစိုက်ထားသည်။ ပန်းခက်များမှာ ဝေနေကာ အောက်သို့ ငိုက်ထောက်လျက် ကျနေကြ၏။
ဝေဝေသည် မှန်သားကဲ့သို့ မှောင်နက်ပြောင်နေသည့် စားပွဲနက်ပေါ်မှ ကျီးအာသီးမှည့်ကဲ့သို့ ရဲရဲနီနေသော ကြွေပန်းအိုးနှင့် ပန်းခက် အဖြူများအား တော်တော်နှင့် မျက်လုံးမခွါနိုင်။ အဖြူနှင့် အနီသည် မျက်စိထဲ၌ ကွက်၍ အနက်ပေါ်တွင် ထင်းထင်းကြီး ပေါ်နေလေသည်။

အရောင်ကျ လိုက်တာဟု ကြည့်၍မငြီး ကြည့်နေရာမှ ဧည့်ခန်းထိပ်သို့ လွှဲပြောင်းကြည့် လိုက်သည်။ နံရံနှင့် ကပ်ထားသော ဧည့်ခန်း ခြေရင်းဘက်က ထိုင်ခုံကို ခုတင်နှင့် တူသည်ဟု ထင်သည်။

ထိုင်ခုံမှာ ညောင်စောင်းလိုလို နိမ့်နိမ့်ကလေး ဖြစ်သည်။ တစ်ယောက်အိပ် ခုတင်အရွယ် အနံအလျား ရှိ၏။ ခုံအောက်၌ ခြေထောက် ခြောက်ချောင်းရှိကာ ကြိမ်ထိုးထားသည်။ ထိုင်ခုံ၏ ခေါင်းရင်းကို ခေါင်းမှီ တင်နိုင်အောင် အနည်းငယ် မြှင့်ထားသည်။ မန္တလေး ရွှေတောင်ပိုးသား အပြာရင့်ရင့်ဖြင့် ထိုင်ဖုံမှီအုံးများ ချုပ်လျက် အလှတင် ထားလေသည်။ ရွှေတောင် ပိုးသားရောင်သည် အသစ်ကျပ်ချွတ် အတိုင်း တောက်ပလျက် ရှိနေ၏။

အိမ်ထဲတွင် လူသံ သူသံလည်း မကြားရ။ ဆိတ်ငြိမ်ခြင်း ထည်ဝါခြင်းဖြင့် ကိန်းကြီး ခန်းကြီးနိုင်သော အသွင်မျိုး ဆောင်ယူနေသည်။

ဧည့်ခန်းတွင် ခြေရင်းနံရံ၌ အသွားချင်း ယှက်ကာ အလှချိတ်ထားသော ဓားနှစ်လက်ကို တွေ့ရသည်။ ဓားမှ ကြိုးနီပန်းပွါးများ ကျနေသည်။ ဓားအောက်၌ ကြွေစေ့တပ် ရှမ်းလွယ်အိတ် အသေးစားလေး တစ်လုံး ချိတ်ပြ ထားလေသည်။

ဝေဝေသည် အိမ်ပေါ်မှ စီးမြင်နိုင်သော တစ်ဖက်အိမ်၏ ဧည့်ခန်း တစ်ဆောင်လုံး ကြည့်ကောင်းကောင်းဖြင့် သိမ်းကျုံးကြည့်လျက် နှစ်သက်ကြည်နူး နေလေသည်။

ဧည့်ခန်း အလယ်တွင် ရှိသော ဓာတ်မီးလုံးမှ မီးအုပ်ဆောင်းကို လှမ်းကြည့်သည်။ ကလေးဆောင်း အရွယ် ပုသိမ်ထီးကလေးကို ဖွင့်လျက် မီးအုပ်ဆောင်း လုပ်ထားပုံကို တွေ့သဖြင့် လှလိုက်တာဟု သဘောကျ နေသည်။

အပြင်အဆင်သစ်များဖြင့် ခမ်းနားစွာ တွေ့နေရသော တစ်ဖက်အိမ်၏ ဧည့်ခန်းနှင့် မိမိတို့အိမ် အောက်ထပ်က ဧည့်ခန်းကို နှိုင်းယှဉ် ကြည့်မိလေသည်။

ဝေဝေတို့ အိမ်မှာ တိုက်ခံအိမ်အိုကြီး ဖြစ်လေသည်။ ဝေဝေ၏အဘိုး လက်ထက် ကတည်းက ဆောက်ထားခဲ့သော အိမ်ကြီး ဖြစ်သည်။ သည်အိမ် ဆောက်ပြီးမှ စီးပွါးတက်ကာ မော်လမြိုင်ကျွန်း တစ်ဖက်ကမ်းတွင် ဆန်စက် တည်ရလေသည်။ ဧရာဝတီ မီးသင်္ဘောနှင့် အပြိုင် လူစီးနှစ်ထပ် သင်္ဘောတစ်စင်း တည်လျက် မော်လမြိုင်ကျွန်းနှင့် ရန်ကုန်သို့ ခုတ်မောင်းကာ 'မေခလာ သင်္ဘော' ဟူ၍ အတော် နာမည်ကြီးခဲ့ဖူးသည်။ အဘိုး ကွယ်လွန် သွားပြီးနောက် စီးပွါးလျှောကာ ဆန်စက်ကြီးနှင့် သင်္ဘောပါ ပြုတ်ကုန်သော်လည်း လယ်ဧက ငါးရာလောက် ကျန်ရှိခဲ့သေးသည်။ ဝေဝေ၏ ဖခင်ကြီး ဦးဘိုးသိန်းမှာ နိုင်ငံခြား မျက်နှာဖြူ ဆန်စပါး ကုမ္ပဏီကြီးများနှင့် ဆက်ဆံလျက် မော်လမြိုင်ကျွန်း မြို့ပေါ်၌ စပါးပွဲစားကြီး လုပ်နေလေသည်။ တိုက်ခံအိမ်ကြီးမှာ ဝေဝေ့ဖခင် ဦးဖိုးသိန်း တစ်သက်ပင် ရှိနေပေပြီ။

ဧည့်ခန်းချင်း ယှဉ်ကြည့်မှ အပြင်အဆင်များမှာ တခြားစီ ဖြစ်နေမှန်း တွေ့ရှိ ရလေသည်။

ကျောက်ဖြူ စားပွဲဝိုင်းကြီးကို ကုလားထိုင်များ ဝိုင်းခင်းထားသည်။ ကုလားထိုင်များတွင် ပိတ်ဖြူ အစွပ်များ စွပ်လျက် အစတွဲလောင်း ချထားသည်။ ပိတ်ပေါ်၌ ကြက်တူရွေးရုပ်၊ ဒေါင်းရုပ်များကို ရောင်စုံချည်ဖြင့် ဝေဝေကိုယ်တိုင် စက်ပန်းထိုး တပ်ထားသည်။ ပန်းထိုး ကုလားထိုင်စွပ်များကို လှ လှပြီဟု အောက်မေ့ မှတ်ထင်ခဲ့သည်။ အရိပ် တကြည့်ကြည့်ဖြင့် ဟန်ကျပန်ကျ ပြင်ဆင်ထားသော ဧည့်ခန်းကို တစ်ဖက်အိမ်နှင့် ယှဉ်ကြည့်မိ၍ တောကျ နေပြီဟု ထင်မြင်လာသည်။

ကျောက်စားပွဲပေါ်၌ ငွေဖလားစုံ နှီးကွမ်းအစ်ကြီးမှာ ကြည့်ရ ရိုင်းသလိုလို ရှိမိသည်။ ခုံပေါ်တွင် အမြဲတမ်း တင်ထားသော ထမင်းစား ပန်းကန်ပြားလောက် နီးနီးရှိမည့် ဆေးလိပ်ပြာထည့် ပန်းရေး မြေခွက်ကြီးလည်း အကျည်းတန် နေပြီ။ ကွမ်းတံတွေးဖြင့် ထာဝစဉ် ပေကျံ နီနေသော စားပွဲအောက်က ဒန် ထွေးခံလုံးများ ကိုလည်း ရွံတွံတွံ ဖြစ်လာသည်။ ဧည့်ခန်း ကျောက်စားပွဲကြီးနှင့် မနီးမဝေး သစ်သားလက်ရန်း တန်းလျားရှည်ကြီးမှာ ဟောင်းညစ်လျက် အရုပ်အဆိုးဆုံး ဖြစ်နေမှန်း ခုမှပဲ ယှဉ်တွေးကြည့် နေမိလေသည်။

မိုးလင်းက မိုးချုပ် ဆိုသလိုပင် စပါးကုန်ုသည် တရုတ်၊ ကုလား ဧည့်မျိုးစုံ တစ်ယောက်ဆင်း တစ်ယောက်တက်ဖြင့် အိမ်ရှေ့ တစ်ခန်းလုံး ခြေရာချင်း ထပ်ကွက်လျက် ညစ်ပတ် နေပုံများကိုပါ မျက်စိထဲတွင် သိမ်းရုံးစုပေါင်း မြင်နေလေသည်။

ဝေဝေသည် တစ်ဖက်အိမ်က ဧည့်ခန်း၏ ခမ်းနားလှပုံကို သွားရည်ကျကာ စတိုင်ကျကျ ဘိုဆန်ဆန် နေချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လျက် နေပေသည်။

လူသစ်များ ပြောင်းရွှေ့ မလာခင်ကပင် ဝေဝေမှာ နေ့စဉ်နှင့်အမျှ သည်အိမ်ကို စိတ်ဝင်စား နေခဲ့သည်။

ဤအိမ်တွင် ဝေဝေ၏ ဖခင်နှင့် အလုပ်ချင်း ဆက်သွယ်လျက် ရှိသည့် ရန်ကုန် ဘလုပ်ဘရားသား မျက်နှာဖြူကုမ္ပဏီမှ စပါးအဝယ်တော် ဘို လာနေမည် ဖြစ်ခြင်းကြောင့် ဝေဝေမှာ ဘိုတစ်ယောက် နေမည့်အိမ်ကို လူမရောက်ခင်က စိတ်ဝင်စား နေခြင်း ဖြစ်၏။ တောမြို့ကလေးတွင် မျက်နှာဖြူတစ်ယောက် လာနေမည့် သတင်းကား အထူးအဆန်း မြို့ထဲ ပျံ့နှံ့နေသည်။

မော်လမြိုင်ကျွန်း မြို့ကလေးတွင် စပါးဒိုင်တစ်ခု ဖွင့်ကာ စပါးအဝယ်တော် ဘို ထားရန်အတွက် အိမ်ကောင်းကောင်း တစ်လုံး ရှာပေးရန် ဘလုပ်ဘရားသား ကုမ္ပဏီမှ ပွဲစားကြီး ဦးဘိုးသိန်းထံသို့ အကူအညီတောင်းစာ ရောက်လာသည်။

ဦးဘိုးသိန်းမှာ အဝယ်တော်ဘို နေရန်အတွက် မြိုပေါ်တွင် အိမ်ကောင်းကောင်း တစ်လုံး လည်ရှာကြည့်သည်။ ဘိုနေမည့် အိမ်နှင့် သင့်လျော်သည့် အိမ်ကို နောက်ဆုံး ရှာမရသဖြင့် ဝေဝေ့အစ်ကိုကြီး ကိုနေဦး နေသော ဘေးကအိမ်ကို ရွေးလျက် ကိုနေဦးအား မြို့ထဲက အိမ်တစ်အိမ်သို့ ရွှေ့နေခိုင်းရသည်။

အိမ်ကို ဆေးကြောကာ သင်္ဘောဆေးများ သုတ်ပေးရသည်။ လက်သမားများ ခေါ်၍ အခန်းအဆောင်တွေ အသစ်ချဲ့ လုပ်ပေးရသည်။ တောမြို့က မြန်မာအိမ်သာမျိုးမှာ ဘိုနှင့် မဖြစ်၍ ရေချိုးခန်းတွင် အိမ်သာအိုးခုံကို တပေါင်းတည်း တွဲထားရန် ရေချိုးခန်း အသစ်ချဲ့ ဆောက်ရသည်။

ဘိုနေမည့် အတွက် ပြင်ဆင် မွမ်းမံလျက် အလုပ်များနေသော ဖခင်အား “ဖေဖေ့ဘိုက ဘယ်တော့ လာမှန်းလည်း မသိပဲနဲ့“ ဟု ပြောမိသည်။

“ဆိုနိုင်ပါဘူး သမီးရယ်၊ အိမ်အတွက် အဆင်သင့် ရှိပြီလို့ စာပြန် လိုက်မှပဲဟာ ရောက်လာမှာပေါ့“ ဟု ပြန်ပြော၍ ရောက်လာမည့် မျက်နှာဖြူ၏ ပုံပန်းကို စိတ်ကူးဖြင့် တွေးကြည့်ခဲ့သည်။

ဝေဝေသည် မျက်နှာဖြူများကို နီးနီးကပ်ကပ် တစ်ခါမှ မတွေ့ဖူးသေးပေ။ ရန်ကုန်သို့ သွားရသည့် အခါမျိုးမှ လမ်းသွားရင်း လာရင်း ဘိုနှင့် ဘိုမများကို အဝေးက လှမ်းမြင် လိုက်ဖူးလေသည်။ မျက်လုံးပြာပြာ၊ နှာခေါင်းချွန်ချွန်၊ အသားနီနီ ရှိသော မျက်နှာဖြူ လူမျိုးကို မျက်စိထဲ မြင်ယောင်နေကာ မျက်နှာဖြူ တစ်ယောက်နှင့် အိမ်ချင်းကပ် နေရမည့်အတွက် အလိုလို ရင်ဖိုနေလေသည်။

အဝယ်တော်ဘို မရောက်ခင် ရန်ကုန်တိုက်ကြီးမှ သံကြိုးအရင် ပေါက်လာလေသည်။

ပွဲစားကြီး ဦးဘိုးသိန်းမှာ အင်္ဂလိပ်စာ မတတ်၍ ဝေဝေက ဖတ်ပြရသည်။ ဝေဝေသည် မော်လမြိုင်ကျွန်းမြို့ အစိုးရ အလယ်တန်းကျောင်း၌ ခုနစ်တန်း အောင်ပြီး ကျောင်းထွက်ခဲ့ရသည်။ ဝေ့ဝေ့ အစ်ကိုကြီး ကိုနေဦးနှင့် ဝေဝေ့အစ်မ ထားထားတို့သာ ဆယ်တန်း အောင်ကြလေသည်။ ကိုနေဦးမှာ ဆယ်တန်းအောင်ပြီး ကောလိပ်ကျောင်း ဆက်နေလျက် အိုင်-အေ အောက်တန်း၌ မိန်းမရ၍ ကျောင်းထွက် လိုက်ရသည်။ ထားထားသည် ဆယ်တန်းအောင်ပြီး ဆရာဝန် တစ်ယောက်နှင့် လက်ထပ်ကာ အစိုးရ အလုပ်ဖြင့် အမြို့မြို့ ရွှေ့ပြောင်း နေလေသည်။

ဝေဝေ၏ မိခင်မှာ ဝေဝေ အရွယ် မရောက်မီကပင် စစ်ကိုင်းချောင်တွင် ဥပုသ်ရက်ရှည် သွားစောင့်ရင်း အိမ်သို့ ပြန်မလာတော့ဘဲ ဦးဘိုးသိန်းအား ခွင့်ပန်ကာ မယ်သီလရှင် လုပ်သွားလေသည်။ ဝေဝေမှာ ဦးဘိုးသိန်းအစ်မ ကြီးတော်နှင့်သာ ကြီးပြင်းခဲ့ရ လေသည်။

ဝေဝေသည် ခုနစ်တန်း အောင်ပြီး မြောင်းမြ အစိုးရကျောင်းသို့ သွားဆက် နေချင်သော်လည်း အစ်ကိုနှင့် အစ်မများက အိမ်ထောင်ခွဲ နေကြ၍ ဖခင်ကို ငဲ့ကာ ကျောင်းထွက် လိုက်ရသည်။ ဖခင် စီးပွါးရေးလုပ်ငန်း အရပ်ရပ် စာရင်းကိုင်၊ ငွေကိုင်၊ ငွေသိမ်း ကူညီလုပ်ပေးရသည်။

ကျောင်းထွက်ပြီး အင်္ဂလိပ်စာနှင့် ငါးနှစ်လောက် ဝေးနေခဲ့သဖြင့် ရန်ကုန်မှ ပို့လိုက်သော သံကြိုးစာကို အဓိပ္ပါယ် ထွက်အောင် တွေးဖတ် ကြည့်ရလေသည်။

“ရန်ကုန်က ဘလုပ်ဘရားသားက ရိုက်လိုက်တာ ဖေဖေ၊ အိမ်ထောင်ပစ္စည်းတွေနဲ့ အစေခံတွေ နက်ဖြန်နံနက် ရောက်လိမ့်မယ်၊ သင်္ဘောဆင်းကြိုပါတဲ့”

ဦးဘိုးသိန်းသည် ဝေဝေ့ လက်ထဲမှ သံကြိုးစာကို ဆွဲယူလိုက်ကာ ရမ်းသန်း ကြည့်နေပြီး စဉ်းစားရ ခက်သလို မျက်မှောင်ကြုတ် ထားလေ၏။

“မဟုတ်သေးပါဘူး သမီးရဲ့၊ နင့်အစ်ကိုကြီး သွားပြစမ်းပါဦး။ ဘိုက မလိုက်လာသေးဘူးလို့ ပါသလား၊ ဘယ်လိုဟာလဲ”

ဝေဝေသည် ဦးဘိုးသိန်း လက်ထဲမှ သံကြိုးစာကို ယူကာ တဖန် ပြန်ကြည့်လျက် “ဟုတ်ပါတယ် ဖေဖေရဲ့၊ သူ့အဓိပ္ပါယ်က ဘို မလာသေးဘူး။ ပစ္စည်းတွေနဲ့ အစေခံတွေကို ဆီးကြိုဖို့ ရိုက်လိုက်တာပါ ...”

“ရိုက်တဲ့သူက ဘယ်သူတဲ့လဲ”

ဝေဝေသည် သံကြိုးစာကို ငုံ့ကြည့်ရင်း “လူနာမည် မပါဘူး ဖေဖေရဲ့၊ တိုက်က အကြောင်းကြားတာ တိုက်အမည်ပဲ ပါတယ်” ဟု ထပ်ရှင်း ပြောရသည်။

ဦးဘိုးသိန်းသည် မနက် မိုးမလင်းခင်ကပင် ထလျက် သင်္ဘောဆိပ်၌ အစောကြီး သွားစောင့် နေလေသည်။

ရန်ကုန် အမြန်သင်္ဘောမှာ မော်လမြိုင်ကျွန်းသို့ နံနက် ခြောက်နာရီလောက် ဝင်ကပ်လေသည်။

ဝေဝေသည် သင်္ဘောဆိပ်မှ တက်လာကြမည့် လမ်းဘက်သို့ တစ်မျှော်တည်း မျှော်ကြည့်နေသည်။ ရန်ကုန်သင်္ဘော မှုတ်သံ ကြားလိုက်၍ ရင်ထဲ၌ လှုပ်ရှား သွားလေ၏။ ရပ်ဝေးမှ ဆွေမျိုးသားချင်းများ ရောက်လာခဲ့ပုံမျိုးနှင့် မတူ။ လှုပ်ရှားလျက် ဂနာမငြိမ်နိုင်အောင် ဖြစ်ကာ လမ်းဘက်သို့ လည်ဆန့် မျှော်ကြည့်နေ၏။

ဘို၏ ပစ္စည်းများနှင့် အစေခံများကို ကြည့်ချင် မြင်ချင်ဇော ထက်သန်ကာ တစ်မနက်စာလုံး အိမ်ဝ၌ ရပ်၍နေသည်။

သင်္ဘောဆိုက်သံ ကြားရပြီး နှစ်နာရီလောက် ကြာမှ တစ်ဖက်အိမ် ရှေ့သို့ ပစ္စည်းများ ဆိုက်ရောက် လာကြသည်။ ပစ္စည်းတွေကား များပြားလှပေသည်။ လက်တွန်းလှည်းဖြင့် တစ်မျိုး၊ ကူလီကုလားတွေ ကလည်း ထမ်းလို့ ပိုးလို့ဖြင့် တာလမ်းမကြီး တစ်လျှောက် တသီတတန်းကြီး သယ်ယူလာ နေကြသည်။

အိမ်ထဲသို့ ထင်ရှူးသေတ္တာ သေတ္တာကြီး သေတ္တာငယ်များ သယ်တင် နေကြသော ကူလီတွေကို လှမ်းမျှော်ကြည့်ရင်း “ဘာပစ္စည်းတွေများ ပါလိမ့်၊ များလိုက်တာ” ဟု အံ့ငေး နေလေသည်။ အိမ်ထောင်ပစ္စည်း၊ ဗီရို၊ ကုလားထိုင်များမှာ ဂုန်နီအိတ်ဖြင့် သေသေသပ်သပ် ချုပ်ထားသည်။

ဝေဝေသည် တစ်ခါမျှ မမြင်ဖူးသေးသော ရေခဲသေတ္တာကို မျက်ခြည်မပြတ် ကြည့်နေရင်း “ကြီးတော်သက်ရေ ... ဘာကြီးလဲ မသိဘူး၊ ဖြူဖြူကြီး၊ ထွက်ကြည့်ပါဦး” ဟု အိမ်ရှေ့မှ လှမ်းခေါ်ပြော လိုက်သည်။

ကြီးတော်ကြီးသည် အိမ်ဝသို့ ပြေးထွက်လာသည်။

“ဟုတ်ပါရဲ့ဟယ် ... ဘာသေတ္တာကြီးများပါလိမ့်၊ ဖြူဖြူကြီးဟဲ့”

ဝေဝေ့ကြီးတော် ဒေါ်သက်သည် အင်္ဂလိပ် မျက်နှာဖြူကို ကိုးကွယ်ထားမတတ် အထင်ကြီး လေသည်။ အင်္ဂလိပ်မင်း အုပ်စိုးနေခိုက် အင်္ဂလိပ်များ လက်အောက်၌ နေရသော ကျွန်လူမျိုးပီပီ အင်္ဂလိပ်ဆိုလျှင် အရှင်သခင်ဟူ၍ မှတ်လေသည်။

“မနေ့ကပဲ ဈေးထဲက ဟာတွေက အိမ်နေမယ့် ဘိုက ခုထက်ထိ မလာသေးဘူးလားနဲ့ မေးလိုက်ကြတာ”

ဒေါ်သက်မှာ မိမိတို့ အသိုက်အဝန်းထဲ မျက်နှာဖြူ တစ်ယောက် လာရောက် နေမှာမို့ မျက်နှာ ရှိသည်ဟု ထင်သည်။ ဒေါ်သက် စကားကို မကြားတစ်ချက် ကြားတစ်ချက်ဖြင့် အိမ်ထဲ သယ်သွင်းသမျှ ပစ္စည်းများကို သဲသဲမဲမဲ ကြည့်ရှု နေလေသည်။

အိမ်ထောင်ပစ္စည်းများသာ မဟုတ်။ ဘို့ပစ္စည်းနှင့်အတူတကွ ပါလာသော ဘို့အစေခံ နှစ်ဦးကို အထူးအဆန်းလုပ် ကြည့်နေသည်။

လူနှစ်ဦးအနက် တစ်ဦးမှာ အသက်သုံးဆယ် အရွယ် အသားညိုညို၊ အရပ်ပုပု မြန်မာတစ်ယောက် ဖြစ်ကာ တစ်ဦးမှာ အသက်ငါးဆယ် အရွယ် ရွှေကိုင်းမျက်မှန် တပ်ကာ ဒိုတီ ဝတ်ထားသော ကုလားအဘိုးကြီး ဖြစ်လေသည်။

“ဘိုအိမ်နေမယ့် အစေခံတွေက ကုလားကော မြန်မာကောပဲ၊ အစေခံသာ ဆိုရတယ် ဂိုက်နဲ့ ဆိုက်နဲ့တော့” ဟု ဒေါ်သက်က ဝေဝေ၏ လက်မောင်းကို ပုတ်ပြော နေလေသည်။

ပစ္စည်းများ အိမ်ထဲသို့ သွင်းပြီး အတန်ကြာမှ ဦးဘိုးသိန်းမှာ အိမ်ဘက်သို့ ကူးလာလေသည်။

အိမ်ထဲအဝင် ပြုံးလျက် ခေါင်းကို ယမ်းပြလိုက်ကာ “သမီးရေ ... လာမယ့်ဘိုက အင်္ဂလိပ် မဟုတ်ဘူး၊ မြန်မာဟေ့” ဟု လှမ်းပြောလိုက်သည်။

“ဟေ ...”

ဒေါ်သက်၏ နှုတ်မှ အသံကျယ်ကျယ် မြည်ထွက် သွားလေသည်။ ဝေဝေမှာ အသံ မထွက်နိုင်ဘဲ ပါးစပ် ဟောင်းလောင်းလေး ဖြစ်နေသည်။

“သင်္ဘောဆိုက်တော့ ဟိုသူငယ် မောင်မြက “သခင်တော့ နက်ဖြန် ညနေမှ မော်တော်အမြန် ပဲ့ချိတ်ကလေးနဲ့ ရောက်လာ ပါလိမ့်မယ် ခင်ဗျ” လို့ ပြောတော့ ဘိုပဲ အောက်မေ့တာပဲ။ နောက်မှ သယ်ရမယ့် ပစ္စည်းတွေက များလွန်းလို့ သူ့ဘိုမပါ လိုက်လာမှာလားလို့ မေးကြည့်တော့မှ သူ့သခင်ဟာ ဘို မဟုတ်ဘူး၊ မြန်မာတဲ့ ခင်ဗျ”

ဦးဘိုးသိန်းသာ ဟက်ဟက်ပက်ပက် ရယ်မော နေလေသည်။

ဒေါ်သက်မှာ မျှော်လင့်ချက်နှင့် တလွဲစီ ဖြစ်နေတော့ အံ့အားသင့်ကာ ဟန်ပန်တို့ကို မရုပ်သိမ်းနိုင်ဘဲ မျက်နှာအိုအိုဖြင့် “ဘယ်သူတဲ့လဲ” ဟု ခပ်ဆတ်ဆတ် မေးလိုက်သည်။

ဘို မဟုတ်ဘူး။ မြန်မာဆို၍ ဝေဝေ့ နားထဲ၌ ထောင့်သွားသော်လည်း အိမ်ထောင်ပစ္စည်း အသုံးအဆောင် အစုစုကို အကဲခတ် ကြည့်ခြင်းအားဖြင့် ဘယ်လို မြန်မာများ ပါလိမ့်ဟု အံ့နေလေ၏။

“ဦးစောဟန်တဲ့ အစ်မရဲ့၊ အသက် ၃၇ နှစ်လောက် ရှိပြီလို့ ပြောတာပဲ၊ နက်ဖြန် ညနေမှ တွေ့ကြရတော့မှာပဲ”

ဝေဝေသည် ဘယ်လို လူစားလဲဟု တစ်နေ့လုံး အတွေးရကျပ် နေလေသည်။ မင်းအိမ် စိုးအိမ်များ၌ ဘုရားထူးတတ်သော အစေခံများကိုသာ တွေ့ကြံုဖူးသည်။ မြန်မာ အချင်းချင်း သခင် ခေါ်သံသည် မကြားစဖူး နားထဲ၌ ထူးဆန်းနေသည်။

ညက ညဉ့်နက်မှ မော်တော်အမြန် ပဲ့ချိတ်နှင့် ရောက်လာသော ဦးစောဟန်ကို အိပ်ပျော်နေသဖြင့် မမြင်လိုက်ရပေ။ မော်တော်စက် ပျက်နေ၍ ညဉ့်နက်မှ ရောက်လာမှန်း ဒေါ်သက် ပြောပြမှ ဝေဝေ သိရတော့သည်။

သခင် မရောက်ခင် အိမ်ကို တစ်နေ့လုံး ခင်းကျင်းပြင်ဆင် ထားကြခြင်းကို မိုးလင်းမှပင် သေသေချာချာ ကြည့်ရလေသည်။ ဝေဝေသည် ဧည့်ခန်းဆောင်ကြီးကို စူးစိုက်လျက် စိမ်ပြေနပြေ ငေးကြည့်နေစဉ်၊ အိမ်၏ အနောက်ဘက်ခန်းမှ မောင်းထုသံလိုလို ကြားမိ၍ အနောက်ဘက်ခန်းကို စီးမြင်နိုင်လောက်အောင် နေရာကို စဉ်းစားလိုက်ကာ ကြီးတော်အိပ်ခန်း ထဲသို့ ကပျာကယာ ပြေးဝင်သွားသည်။
-----------------------------------
(ဂျာနယ်​ကျော်မမ​လေး)

"မုန်း၍မဟူ"  အစ အဆုံး ဖတ်ရှုရန် link 👉 http://openread.atspace.cc/works/18052020_nv.html

Comments

Popular posts from this blog

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)