နှိုက်နှိုက်ချွတ်ချွတ်

#နှိုက်နှိုက်ချွတ်ချွတ်

စကားပြောတတ်ခါစ ကလေးများသည် အလွန် အမေးအမြန်းထူ၏။ နှိုက်နှိုက်ချွတ်ချွတ်လည်း မေးမြန်းတတ်ကြကုန်၏။ ဤနှိုက်နှိုက်ချွတ်ချွတ် မေးကြသောအခါ လူကြီးမိဘတို့သည် စိတ်ရှည်လက်ရှည် နားလည်အောင် ဖြေကြားခြင်းမရှိဘဲ၊ မရေမရာ ဖြေကြပြီးလျှင် တိုတိုနှင့် စကားကို ဖြတ်လိုက်လေ့ရှိကြ၏။ ဤသို့ တိုတိုနှင့်ဖြတ်လိုက်သောကြောင့် ကလေးများက နားမလည်နိုင်သဖြင့် ထပ်မံ၍ မေးမြန်းကြသောအခါ အော်ငေါက်ကာ လွှတ်လေ့လည်း ရှိကြ
လေသည်။ သို့ဖြစ်သောကြောင့် ကလေးများတွင် ပေါ်၍လာသော သိချင်စိတ်၊ တတ်ချင်စိတ်၊ စုံစမ်းချင်စိတ်တို့မှာ တစတစ ယုတ်လျော့၍ သွားကြကုန်၏။

မောင်လူအေး ငါးနှစ်သားအရွယ်တုန်းက ဖွားဒွေးကြီးနှင့်အတူ ဓမ္မကထိကအကျော် ဘုန်းတော်ကြီးတပါး၏တရားကို နာရန် မုပွန်ဘုရားရင်ပြင်တော်ပေါ်သို့ လိုက်ပါသွားလေသည်။ ထိုဘုန်းတော်ကြီးဟောကြားသော တရားတွင် ပြည့်တန်ဆာမဆိုသော စကားတလုံး ပါ၍လာ၏။ ထိုစကားကို မောင်လူအေး နားမလည်ချေ။ တရားပွဲပြီး၍ အိမ်သို့အပြန် လမ်းထဲတွင် ဖွားဒွေးကြီးအား ပြည့်တန်ဆာမဆိုသောစကား၏အဓိပ္ပါယ်ကို မေး၏။

“ပြည့်တန်ဆာမဆိုတာ မိန်းမရွှင်ဆိုတာပေါ့ဟဲ့” ဟု ဖွား​ဒွေးကြီးက ​ဖြေလေသည်။ မိန်းမရွှင်ဆိုသော စကား၏ အဓိပ္ပါယ်ကိုလည်း မောင်လူအေးနားမလည်သောကြောင့် မိန်းမရွှင်၏အဓိပ္ပါယ်ကို မေးပြန်၏။ ဖွား​​ဒွေးကြီး စိတ်မရှည်တော့ပြီ။ “သည်ကောင်ကလေးဟာ နှိုက်နှိုက်ချွတ်ချွတ် ဘာတွေကို လျှောက်မေးနေတာလဲတော်”ဟူ၍ ငေါက်လိုက်သောကြောင့် မောင်လူအေးမှာ ထပ်၍ မမေးဝံ့တော့ဘဲ တိတ်၍သွားရှာ၏။ စိတ်ထဲကမူကား အနည်းငယ်မျှ ကျေနပ်ခြင်းမရှိချေ။

အနောက်နိုင်ငံများတွင်ကား မြန်မာပြည်မှာကဲ့သို့ မဟုတ်။ ကလေးများ၏ သိချင်၊ တတ်ချင်၊ စုံစမ်းချင်သော စိတ်များကို ချိုးနှိမ်ဘို့ ဝေးစွ။ အထူးပင် အားပေးကြောင်းကို ကြားဘူး၏။ သိလည်း သိဘူး၏။ သို့ဖြစ်သောကြောင့် မိမိ၏အလှည့်သို့ကျလျှင် မိမိ၏သားသမီးများ၏သိချင်၊ တတ်ချင်၊ စုံစမ်းချင်သော စိတ်များကို ကြိုးစားကာ အားပေးအံ့ဟု မောင်လူအေး ဆုံးဖြတ်ထားသောဟူ၏။

မိမိ၏သားကလေး မောင်လူမွှေးကား အသက် ၄ နှစ် အတွင်းဝင်လာပြီဖြစ်သောကြောင့် အတော်ပင် စကားပြောတတ်နေလေပြီ။ အပျံသင်စငှက်ကလေးများကဲ့သို့ အလွန်စကားပြောချင်၏။ အမေးအမြန်းထူလှ၏။ သိချင်၊ တတ်ချင်၊ စုံစမ်းချင်လှပေ၏။ သူအမေးအမြန်းထူလှသောကြောင့် သူ့အမေ၊ သူ့အဒေါ်များ စိတ်မရှည်ကြ။

တခါသော် မောင်လူအေး ရုံးမှ ပြန်လာပြီးနောက် အိမ်ဘေးဝရံတာသို့ထွက်ကာ သားကလေးမောင်မွှေး၊ သမီးကလေး မယ်မွှေးတို့နှင့်အတူ ထိုင်နေ၏။ သမီးကလေးကား ပန်းဆိုသော စကားတလုံးအပြင် မည်သည့်စကားကိုမျှ မတတ်သေး။ မောင်လူမွှေးကား ထွေရာလေးပါး ထင်ရာများကို ပြောကြား၍နေလေသည်။ ဤသို့ပြောကြားနေခိုက် စာကလေး သုံးလေးကောင်တို့သည် အနီးအနား သရက်ပင်ပျိုပေါ်သို့ ပျံတက်လိုက်၊ သရက်ပင်အောက်
မြေပြောင်ပြောင်ပေါ်သို့ ပျံဆင်းလိုက်နှင့် ဆူညံစွာ မြူးတူးပျော်ပါးနေကြလေသည်။ မောင်လူအေးက သမီးကလေး မယ်မွှေးအား ထိုစာကလေးတို့ကို လက်ညှိုးထိုး၍ပြနေ၏။

ထိုအခါ မောင်လူမွှေးက “ဖေဖေ ..ဖေဖေ စာကလေးတွေဟာ ဘာဖြစ်လို့ ဘိနပ် မစီးသလဲ”ဟု မေးလိုက်၏။

သား၏အမေးကို ရုတ်တရက်ဖြေရန် ခက်သွားသောကြောင့်“ဘာဖြစ်လိုလဲသား” ဟု ပြန်၍ မေးလိုက်၏။

“မောင် မြေကြီးပေါ် ဆင်းယင် မေမေက ဘိနပ်စီးရမယ် ပြောတယ်။ စာကလေးတွေ မြေကြီးပေါ်ဆင်းတော့ ဘာဖြစ်လို့ ဘိနပ်မစီးဘူးလဲ”

“မောင် မြေကြီးပေါ်ကို ဘိနပ်မပါဘဲ ဆင်းယင် ခြေအေးမှာစိုးလို့ပေါ့”

“စာကလေးကကော ခြေမအေးဘူးလား"

“စာကလေးလဲ အေးမှာပေါ့”

“နိုဖြစ်ယင် စာကလေးက ဘာဖြစ်လို့ ဘိနပ် မစီးဘူးလဲ”

“မောင်က ခြေအေးရင် ဖျားမှာ စိုးလိုပေါ့”

“စာကလေးကကော ခြေအေးယင် မဖျားဘူးလား”

“သူတို့ကတော့ မဖျားဘူး"

“ဘာဖြစ်လိုလဲ”

“သူတို့ကတော့ ငှက်ဟာကိုး”

“ငှက်တော့ ဘာဖြစ်လို့ မဖျားဘူးလဲ။ မောင်ကတော့ ဘာဖြစ်လို့ဖျားသလဲ”

“ငှက်ကတော့ တိရစ္ဆာန်ဟာကိုး”

“တိရစ္ဆာန်ဆိုတာ ဘာလဲ”

မောင်လူအေး အဖြေရခက်နေပြီ။ အတော်ကလေးကြာအောင် မဖြေသေးဘဲ တွေ၍နေပြီးမှ “တိရစ္ဆာန်ဆိုတာ ဉာဏ်မရှိဘူး။ စားဖို့၊ အိပ်ဖို့ဘဲ သိတယ်"

မောင်လူမွှေးနားမလည်၊ သူ့စိတ်ထဲတွင် ရှုပ်သည်ထက်ရှုပ်သွားလေပြီ။

“ဖေဖေ ဉာဏ်ဆိုတာဘာလဲ”

သာ၍ခက်လေပြီ။

“ဉာဏ်ဆိုတာ သိတတ်တာပေါ့ကွဲ့”

“သိတတ်တယ်ဆိုတာ ဘာလဲ”

ကြာလေဆိုးလေဖြစ်နေသဖြင့် မောင်လူအေး အကျပ်တွေနေလေပြီ။

“သိတယ်ဆိုတာ ညအိပ်ရာ မဝင်ခင် ဘုရားရှိခိုးတာ၊ အဖေအမေကို ရှိခိုးတာတွေကို ဆိုတာပေါ့ကွဲ။ ဖေဖေလဲ သည့်ထက်ရှင်းအောင် မဖြေတတ်တော့ဘူး”

“စာကလေးဟာကော ညကျယင် မောင်တို့လို ဘုရားမရှိခိုးဘူးလား"

“ဘာရှိခိုးမလဲ။ မရှိခိုးဘူး”

“ဘာဖြစ်လို့ မရှိခိုးဘူးလဲ ဖေဖေ”

“တိရစ္ဆာန်ဟာကိုး”

“တိရစ္ဆာန်ဆိုတာ ဘာလဲ”

“အခုဘဲပြောပြီးတယ် မဟုတ်လား”

“ပြန်ပြောပါအုံး ဖေဖေ”

မောင်လူအေးတို့သားအဖ ရှုပ်ထွေးနေကြလေပြီ။ ကံအားလျော်စွာ ခင်သန်းမြင့် ဝရံတာသို့ ထွက်၍လာ၏။

“အတော်ဘဲဟေ့ မောင်မွှေးတို့မောင်နှမကို သကြားလုံးကလေးတွေ ပေးလိုက်ပါကွယ်” ဟု ပြောလိုက်တော့မှ ကလေး နှစ်ယောက် သူတို့၏အမေဆီသို့ ပြေးသွားကြကုန်၏။ အကယ်၍သာ ခင်သန်းမြင့် ပေါ်မလာလျှင် မောင်လူမွှေးတို့သားအဖ မည်မျှကြာအောင် ရှုပ်ထွေးနေကြမည်မသိ။

ထိုနောက် ဆယ်ရက်ခန့်ကြာသော် မောင်လူအေးတို့အိမ်တွင် မွေးထားသော ကြောင်မကြီးသည် သားကလေး သုံးကောင်ကို မွေး၏။

မောင်လူမွှေးမှာ ပျော်၍မဆုံးတော့ပြီ။ ကြောင်သားကလေးတွေအနားမှ မခွာ၊ ကြောင်မကြီးမှာလည်း သူသားကလေးများကို ယူသွားမည်စိုးသောကြောင့် တထိတ်ထိတ်နှင့် နေရှာ၏။ အိမ်သို့ လူလာတိုင်း
ကြောင်သားကလေးများအကြောင်းကို အားရပါးရ မောင်လူမွှေး ပြောပြလေသည်။

ကြောင်သားကလေးတွေကို မွေးပြီးနောက် ၁၅ ရက်ခန့်ကြာသောအခါ ဒေါက်တာ ဒေါ်ရင်မေသည် မောင်လူအေးတို့အိမ်သို့ လာ၏။

မောင်လူမွှေးသည် မိမိ၏အဖေနား ကပ်ပြီးလျှင် “ဒါဘယ်သူလဲ ဖေဖေ” ဟုမေး၏။

“ဒေါက်တာ ဒေါ်ရင်မေဆိုတာ သူပေါ့ကွဲ့”

“သူဘာလာလုပ်တာလဲ ဖေဖေ”

“မေမေ့ဗိုက်ထဲမှာရှိတဲ့ မောင့်ညီလေးကို မွေးပေးဖို့ မေမေ့ကို လာကြည့်တယ်”

“ညီကလေးကို ဘယ်တော့မွေးမလဲ”

“တလလောက်ကြာယင် မွေးမယ် ထင်ပါရဲ့”

“မွေးတဲ့အခါ သူက ဘာလုပ်မလဲ”

“သူက မွေးပေးမှာပေါ့။ ဒေါက်တာဟာကိုး”

“ကြောင်သားကလေးတွေကို မွေးတုန်းကကော သူ့ကို ဘာဖြစ်လို့ မခေါ်ဘူးလဲ”

မောင်လူအေး အခက်ကြုံပြန်ပြီ။ ချက်ခြင်းမဖြေနိုင်။ “ကြောင်က တိရစ္ဆာန်ဟာကိုး” ဟု ဖြေလျှင် “တိရစ္ဆာန်ဟာ ဘာလဲ၊ တိရစ္ဆာန်ကတော့ ဘာလို့ ဒေါက်တာ မခေါ် သလဲ” ဟု ပြန်၍ မေးမည်ကိုသိ၏။ ဤသို့သောကြောင့် မည်သို့ ဖြေရမည်ကို စဉ်းစား၍နေ၏။

“မောင်မေးတာ ဖြေပါအုံးဖေဖေ” ဟု ထပ်၍ပြောပြန်၏။

“ကြောင်ကတော့ ဒေါက်တာ မခေါ်ပေမဲ့ သူ့အလိုလို မွေးတာဘဲ"

“မေမေကတော့ ဘာဖြစ်လို့ သူ့အလိုလို မမွေးဘူးလဲ”

“မေမေလဲ သူ့အလိုလို မွေးချင် မွေးမှာပေါ့”

“ဒါဖြင့် ဘာဖြစ်လို့ ဒေါက်တာကို ခေါ်သလဲ”

“ဒါကတော့ မောင့်မေမေက သိပ်အစားကြီးတာကိုး။ ဒါကြောင့် ခေါ်ရတာပေါ့” ဟု ထင်မိထင်ရာ ဖြေလိုက်၏။

“ဖေဖေ မွေးယင်ကော ဒေါက်တာခေါ်ရမလား”

“ဖေဖေ ဘယ်မွေးရမလဲ၊ မမွေးပါဘူး”

“ဘာဖြစ်လို့လဲဖေဖေ”

“ဖေဖေက ယောကျ်ားဟာကိုး”

“ယောက်ျားကတော့ ဘာဖြစ်လို့ မမွေးဘူးလဲ”

မောင်လူအေး အကျပ်တွေ့ပြန်ပြီ။ မည်သို့ ဖြေရမည်ကို တွေး၍ စဉ်းစားနေ၏။ ဤအခိုက် “အိုက်စ်ခရင်း” ဟူ၍ ရေခဲမုန့်သည်ကုလားက လမ်းမက အော်လိုက်သည်နှင့် “ဖေဖေ ရေခဲမုံ့စားမယ်”ဟု ပူစာ၏။ မောင်လူအေး အကြိုက်ကျသွားပြီးလျှင်“အေး..အေး ..ခေါ်လိုက်” ဟု ပြောသည်နှင့် နေရာမှ ထပြေးသွားပြီးလျှင် ရေခဲမုန့်ကုလားကို ခေါ် လိုက်၏။ သို့နှင့် မောင်လူအေးမှာ အခက်အခဲမှ လွတ်မြောက်သွားရှာလေသတည်း။
--------------------------
#သိပ္ပံမောင်ဝ
ဂန္ထလောက၊ ၁၃၀၃ ခု၊ တန်ဆောင်မုန်းလ။

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)