မြစ်တစ်စင်းရဲ့နှလုံးသား
အချစ်ဆိုတာ အချိန်နဲ့ ဆိုင်ပါသလား။ ရုပ်ဝတ္တုတွေကကော ဘာကြောင့်များ သူတချို့ကို ပြဋ္ဌာန်းခွင့်ရနေပါလိမ့်။ မေတ္တာတို့၊ သစ္စာတို့ဆိုတာတွေကကော ..
“အဲ့ .....”
နံဘေးက ဖအေ့ရင်ခွင်ထဲမှ ကလေးငယ်၏ငိုသံက စိတ်ကို ဇက်တုံ့လိုက်သကဲ့သို့ ရှိသည်။ ကလေးကို ငေးကြည့်နေရင်း မိခင်စိတ်ကြောင့်ထင့်။
“ဆာရှာလို့ထင်တယ် ... သူ ဘယ်နှစ်လရှိပြီလဲ”
“ခုနှစ်လထဲမှာ”
“သူ့အမေကကော”
“သေပြီ”
ကလေးဖအေ၏ ပထမအဖြေနှင့် ဒုတိယအဖြေတို့ရဲ့ အသံအပျော့အမာ ကွာခြားမှုကြောင့် မေးမိတာ မှားများသွားပြီလားဟု တွေးမိသည်။ ဆင်ခြင်မှ... သတိချပ်ရင်း အကဲခတ်လိုက်တော့ သူ့မျက်နှာ ညှိုးရိပ်သမ်းနေတာကို သတိထားမိသည်။ ကျန်ခရီးသည်တွေရဲ့ အကြည့်တို့သည်လည်း သူ့အပေါ် စုပြုံကျလာသည်။
ကလေးက အငိုမရပ်သေး။ ဖအေက မပြုစုတတ်၊ ပြုစုတတ်မို့ စိတ်မရှည်မှဖြင့်... တွေးမိတော့ မနေသာပြန်။
“ရေတိုက်လိုက်ပါလား၊ ရေဘူးပါတယ်”
ခြင်းထဲမှ ရေဘူးထုတ်ပေးနေစဉ် ခရီးသည်တစ်ဦးက
“ကလေးက နုတော့ ခရီးပန်းရှာမှာပဲ၊ ဘယ်က လာခဲ့တာလဲ”
“ရွှေတောကပါ”
ရွှေတော ... ရွှေတော ... ဟိုတုန်းက 'သေချင်ရင် ရွှေကျင်သွား' လို့ ဒီနယ်တစ်ဝိုက်မှာ ဆိုရိုးတွင်ခဲ့တဲ့ ရွှေတောကတောင် လာခဲ့တာဆိုတော့ သင်္ဘောတစ်တန်၊ ကားတစ်တန်၊ ခု မြင်းလှည်းတစ်တန်နှင့် အင်း .... ခမျာလေး ပန်းရှာနွမ်းရှာရောပေါ့။ မိခင်ရင်ခွင်နဲ့ဆို တော်သေး၊ ခုတော့ ...
“ခရီးက သိပ်ရှည်တော့ မအေနဲ့ဆို ကလေးသက် သာ ...."
“အလကား မိန်းမ”
အသံက ကျယ်သည်မို့ မေးမိသူ လူရွယ်ပင် မှင်တက်မိသွားသည်။
“သူ သောက်သုံးမကျလို့ ခုလို သမီးလေး ဒုက္ခရောက်ရတာ”
စုပြုံကျလာပြန်သော မျက်ဝန်းတိုင်းတွင် စကားဆက်ကို ငံ့လင့်နေကြကြောင်းကတော့ ထင်ရှားသည်။ မည်သူကမျှတော့ မမေးကြ။ မြင်းခွာသံကသာ မှန်မှန်ထွက်ပေါ်လျက်။ လှည်းအဆောင့်တွင် ကလေး ရေသီးသွားမှာ စိုးလိုက်မိသေးသည်။
သူကမူ_
“အေး ... အေး ... ရောက်တော့မယ် ....... ရောက်တော့ မယ်... သမီးရေ .... တိတ် ... တောက် .... မိန်းမယုတ် ဒီသမီးလေးတောင် မငဲ့ဘူး”
လေသံနှင့် မျက်လုံးအရောင်တို့က ထိုသူ့ရင်ထဲရှိ ဒဏ်ရာအနာတရကို ဖော်ပြနေသည်ဟု အားလုံးက ယုံကြည်နိုင်လောက်သည်။ ဒါ့ကြောင့်ဖြစ်မည်။ ဆိတ်ဆိတ်နေခြင်းဖြင့် စကားဆက်ခွင့်ပြုနေကြသည်လေ။
“ကျုပ်ကတော့ တွင်းနက်တွေထဲ ဆင်း ...လိုဏ်တွေထဲ ဝင်နဲ့၊ မြေဆင်းတူးရတယ်။ ရွှေပေါတဲ့ မြေပေါ့၊ သူကတော့..ကျုပ်ကွယ်ရာမှာ...ဟို တွင်းပိုင်ဆိုတဲ့ အကောင်နဲ့ ...”
အားလုံးမျှော်လင့်ထားပြီးအဖြေပင်ဖြစ်မည်။ ထိုအဖြေသည် အခြားသူတို့ကို ကူးစက်မစက်တော့ဖြင့် မသိ။
ေဩာ် ... ဝေဒနာဆိုတာကလည်း ဓာတ်ခံတူသူမှ ကူးစက်လွယ်တာကလား။ မြင်းလှည်းအပြင်သို့ လှမ်းငေးမိသည်။ နေရောင်သည် ပို၍တောက်လွန်းနေသည်ဟု ထင်သည်။ ထိုနေရောင်ထဲတွင် တွေ့ရသည်က သစ်နေဆဲ ပုံရိပ်ဟောင်းများ။
“ရှင် ... ရှင် ... တော်တော်သစ္စာမဲ့ပါလားဟင်”
ဖိတ်ဖိတ်တောက်မျက်လုံးတို့သည် သူ့ကို ကျွမ်းလောင်သွားစေချင်သည်။ အထုအရိုက် အကုတ်အခြစ်တို့သည်လည်း သူ့ကို ကြေမွသွားစေချင်သည်။ နောက်ဆုံး မျက်ရည်တို့သည်လည်း သူ့ကို ...
ဒါပေမဲ့ သူက မတုန်လှုပ်၊ ဟန်မပျက်၊ သူရရှိပိုင်ဆိုင်စ အာရုံသစ်သည် ထိုလက်နက်တို့ မထိမခအောင် ခြုံရုံပေးထားနိုင်သည်ထင့်။
* * *
“ဟဲ့ မြင်း ... ဟာ ဒီကောင် ဘာလုပ်တာလဲ၊ နာတော့မှာပဲ”
မြင်းလှည်းဆရာ၏ ငေါက်သံကြောင့် စိတ်သည် ပစ္စက္ခသို့ ဖျတ်ခနဲ ပြန်ကပ်လာသည်။
“ဒီလိုပါပဲကွာ၊ သီချင်းတောင်ရှိသေး။ 'ဣတ္ထိယ ခေါ် မိန်းမတို့သည် လှေနဲ့မြင်းလို မယွင်းတူညီ၊ ပဲ့ကိုင်ရာစီးရာနောက်သာ .. ကောက်ကောက်ပါတတ်သည်' တဲ့"
လမ်းကွေ့တစ်ခုကို မြင်းအား ကျွမ်းကျင်စွာ ကွေ့စေရင်း မြင်းလှည်းဆရာ စကားစသည်။ ဆိုရိုးဟောင်းတစ်ခု၏ သစ်ခွင့်ကြုံရာကာလပေပဲဟု တွေးဖြစ်သည်။ မိန်းမဆိုတာ တကယ်ပဲ လှေလိုမြင်းလိုပဲလား၊ အသိဉာဏ်၏အခန်းကို ထည့်မတွက်တော့ဘူးလား။ မိန်းမကကော ပဲ့ကိုင်သူ စီးသူ မဖြစ်တော့ပြီလား။ ရင်ထဲမှာ စောဒကတို့ ဆင့်စီနေမိသည်။
“အရင်က ဒီမှာ မြင်းလှည်းမောင်းတဲ့ မြမောင်ဆိုတာ ရှိတယ်”
သူ့စကားကို စိတ်ဝင်စားမှုရှိ မရှိ မြင်းလှည်းဆရာက တစ်ချက် အကဲခတ်သည်။ စကားဦးတည်ရာ သမီးသည် ဖအေက ကလေးကို ပြင်ပိုက်ရင်း နားစွင့်နေဟန် တွေ့ရတော့မှ ...
“အဲဒီကောင် ... ဟောဟိုရွာက ကောင်မလေးတစ်ယောက်နဲ့ အကြောင်းပါလာကြတယ်”
လမ်းမကြီးနှင့်ခပ်လှမ်းလှမ်း အတွင်းကျကျရှိ ရွာကို ကျောပွတ်ဖြင့် ညွှန်ပြရင်း မြင်းလှည်းဆရာ စကားဆက်နေသည်။ အရှိန်လျော့သွားသော မြင်းကိုကြည့်ရင်း “စကားသာ များနေ၊ မြင်းတော့ ဂရုစိုက်မမောင်းဘူး”ဟု အသံတိတ် ငြိုငြင်လိုက်မိသည်။
“ကောင်မလေးက ရုပ်ကလေးကလည်း ချော၊ အရွယ်ကလေးကလည်း ငယ်ဆိုတော့ အဲဒီကောင် စိတ်မချနိုင်ဖြစ်ပြီး မြင်းလှည်းထွက်ရာ အမြဲခေါ်သွားတယ်။ ညားခါစတင် မဟုတ်ဘူး။ နေ့စဉ်လိုခေါ်နေတာဆိုတော့ နောက်စရာ ပြောင်စရာကို ဖြစ်လို့”
နောက်ဆုံး ဒီဘူတာပင် ဆိုက်မည်ကို ရိပ်မိကာ အာရုံလွှဲဖို့ ခရီးဖော်တွေလို လိုက်ကြည့်နေလိုက်သည်။ ဘုန်းကြီးနှင့် လူကြီးတစ်ယောက်က မြင်းလှည်းဆရာနှင့် ယှဉ်လျက်မို့ ကျောခိုင်းထားသည်။ လှည်းမိုးအောက်မှာတော့ နံဘေးတွင် ဟိုသားအဖ။ မျက်နှာချင်းဆိုင်တွင်ကား မတိမ်းမယိမ်း လူရွယ်သုံးဦး။
“ဘယ်သူ ဘယ်လောက်လှောင်လှောင် မြမောင်ကတော့ မယားလေး သိပ်ငယ်တာ ရတာကြောင့် စိတ်ဘယ်မှာချနိုင်ပါ့မလဲဗျာ။ ဟဲ . ဟဲ ဆိုပြီး မင်းသားလေးနဲ့တောင် ပြန်နောက်လိုက်သေး”
“အဲလိုခေါ်နေတော့ စိတ်ချရရောလား”
“ဟာ ... ဘာကြာလဲ။ ခုနကားဂိတ်မှာ ဈေးရောင်းတဲ့ ကောင်တစ်ကောင်နဲ့ လိုက်ပြေးပါရောလား .. ဟာ.. ဟား ... ဟား”
တောက် ... ဒါလောက် အပြောင်းအလဲမြန်ရလားဟု စိတ်ထဲက ထိုမိန်းမကို ကျိန်ဆဲလိုက်မိသည်။ မြင်းလှည်းဆရာက ပိုပိုသာသာပြောတတ်တာ နေမှာပေါ့လေ။
အင်း ... ခက်တော့ခက်သား ဟိုကောင်မလိုမျိုးကျ၊ အာရုံတွင် ပူပူနွေးနွေးဖတ်ခဲ့ရသော မသန်းညွန့်၏စာထဲမှာ အက္ခရာတို့ ပေါ်လာပြန်သည်။ ခုတော့ ... သူ့ဟာမကလည်း ခြံခုန်ဖူးတဲ့ နွားပဲဟာ ... အစ်ကိုကြီးသာ ခုမှဝဋ်လည်တာ ... ဝဋ်လည်တာ။
“အင်း … တာနောယက္ခ အာခံတွင်းမှာ ငုံထားတာတောင်မရတာ”
ဖျတ်ခနဲ လှမ်းကြည့်လိုက်တော့ မှတ်ချက်ချသူက ဘုန်းတော်ကြီးပင်။ လောကီနယ်၌ အချိန်ကြာကြာ မွေ့ခဲ့ပြီးမှ စောင့်စည်းခဲ့ဟန် ဣနြေ္ဒကို သတိထားမိသည်။ ထိုဘုန်းကြီး၏စကားက မြင်းလှည်းဆရာစကားကို ထောက်
ပေးလိုက်သလိုမျိုး ….
“အစစ်ပေါ့ ဘုရား၊ အဲဒီမြင်းလှည်းပေါ် အမြဲခေါ်လာတာကိုက သူ့အဆက်ဟောင်းနဲ့ ပြန်တွေ့အောင် ဖန်ပေးသလို ဖြစ်နေတော့ ဘာခံမလဲ”
“ဒါနဲ့ ခုနက ဦးကြီးဆိုတော့ လှေနဲ့မြင်းဟာ စီးသူနောက်သာ ကောက်ကောက်ပါဆို၊ ခု ဘယ်နှယ့် မြင်းလှည်းသမားဖြစ်ပြီး ...”
လူရွယ်တစ်ယောက်၏ အရွှန်းဖောက်စကားပင် မဆုံးလိုက်။
“အဲဒါပေါ့ မောင်ရာ၊ စီးသူဆိုရာမှာ ခုလို နံဘေးနှစ်ဖက် လှည်းသန်နဲ့ ဘောင်ခတ်ပြီး ဒီတစ်လမ်းတည်း စုန်ချည် ဆန်ချည်စီးနေတော့ ငြီးငွေ့စရာကြီးပေါ့။ ဟိုကောင်က ဇက်ခွံ့ပြီး ကျောခွစီးတာဆိုတော့ ဟား .. ဟား ..ဟား"
မြင်းခွာသံကိုပင် ရယ်သံများက ဖုံးလေသည်။ မရယ်သူဆိုလို့ ကိုယ့်တစ်ဦးတည်းသာ။ မရယ်ချင်သည့်ပြင် ပေါက်ကရထွက်သော မြင်းလှည်းသမား၏ပါးစပ်ကိုပင် သူ့ကျာပွတ်နှင့် ပိတ်ရိုက်ချင်မိသည်လေ။ အာရုံကို ဇွတ်ပြောင်း
ဖို့ အပြင်ကို ကြည့်လိုက်တော့_
“ဟော.. ခြေရာတော် ရွာသစ်ကိုတောင် ရောက်ပါပေါ့လား”
* * *
“မိန်းမဟူဘိ၊ ထိုဣတ္ထိတို့၊ မရှိမကောင်း၊ ရှိမကောင်းနှင့် မပေါင်းလည်းခက်၊ ပေါင်းလည်းခက်၏တဲ့ ဒကာရေ”
“ဟော မိန်းမတွေ မကောင်းကြောင်း ဖွဲ့ထားတဲ့လင်္ကာ၊ ဒုက္ခပါပဲ၊ ဟိုမန်လည်ဆရာတော်ဆိုလား ရေးခဲ့တာ၊ ဘာလင်္ကာတဲ့၊ ခဏ ခဏကြားဖူးပါတယ်၊ ဘာတဲ့။
“မဃဒေဝလင်္ကာမှာ ဆိုထားတာ။ အဲဒီလင်္ကာထဲမှာ မိန်းမတွေ လော်လီပုံ ဖောက်ပြားပုံ ပြည့်လို့”
ဆံငုတ်တွေ ငွေရောင်နှင့် ဝါကျင့်ကျင့်သင်္ကန်းကို ဆင်မြန်းထားသော ဘုန်းကြီးသည် ကျင်လည်ခဲ့ဖူးသောဘဝဟောင်းက ကိုယ်တွေ့နှင့် စာတွေ့တို့ရောကာ မိန်းမမကောင်းကြောင်း ဋီကာဖွင့်တော့မည်ထင့်။ အဲဒီလင်္ကာထဲမှာ ယောက်ျားတွေ သစ္စာမဲ့တဲ့အကြောင်းတွေကော မပါဘူးလား ... မပါတော့ဘူးလား ဘုရားဟု ... အော်မေးလိုက်ချင်သည်။ ဒါပေမဲ့ … ။
“မိန်းမဆိုတာ အကန်းနဲ့လည်း ယွင်းတာပဲ။ အငွေ့နဲ့လည်း မှားတာပဲ။ ကျွန်နဲ့လည်း ဖောက်ပြားတာပဲ။ ပဒုမပေါင်တိုဇာတ်မှာ မတွေ့ဖူးဘူးလား”
အဲဒီလိုအဖြစ်တွေ ယောက်ျားတွေမှာကော ... အတောင်နှစ်ဆယ်ဝတ်ကြီးတွေမှာကော....။
အငြင်းဝါကျတို့သည် ရင်၌ မဆန့်ရင်ကန်ရှိတော့သည်။ မကြာခင် တိုးထွက်ကုန်မှဖြင့်။ စကားကို လမ်းပြောင်းဖို့ အားထုတ်ကြည့်မိသည်။
“သမီးလေး အိပ်သွားပြီလား”
“ဟုတ်ကဲ့အစ်မ၊ အိပ်သွားပြီ”
“ဪ.. မြင်းလှည်းပေါ်မှာ ဒကာမကြီးတစ်ယောက် ပါလာတာကိုး။ အားတော့နာပါရဲ့၊ စာထဲရှိတော့လည်းပြောပြရတာပေါ့”
တော်ပါသေးရဲ့ဟု ချသော ပင့်သက်ကိုပင် မဆုံးလိုက်။
“ဆက်ပါဦး ဘုရား။ ဗဟုသုတရတာပေါ့ ဘုရား”
မြင်းလှည်းဆရာကား လမ်းချော်သွားတာ မြင်းကိုသာ လမ်းကြောင်းပေါ် ပြန်တင်ပေးနိုင်သည်သာ မဟုတ်၊ တောက် …. ဘာ ဗဟုသုတလဲ။ အလကား ကိုယ့်လှည်းကိုယ် ဖြောင့်ဖြောင့်မောင်းတာမဟုတ်ဘူး။ အို ... ကိုယ်နဲ့ ဘာဆိုင်တာမှတ်လို့။ ပြောချင်ရာပြောကြ၊ ငါလည်း တွေးချင်ရာ တွေးနေရုံပေါ့။
“ငါးရာ့ငါးဆယ်ထဲမှာလည်း မိန်းမတွေ သစ္စာမဲ့ပုံတွေ အများကြီး။ ဇာတ်တစ်ခုမှာဆို စစ်ရှုံးဘုရင်တစ်ပါး မိဖုရားနဲ့ကျွန်ယုံကိုခေါ်ပြီး ထွက်ပြေးအလာ၊ အဲ .. တောထဲမှာ ပုန်းအောင်းနေရတုန်း သစ်သီးသစ်ဥ ရှာဖွေ ကျွေးမွေးတဲ့ ကျေးဇူးတောင်မထောက်ဘူး။ မိဖုရားက ပါလာတဲ့ကျွန်နဲ့ ဖောက်ပြန်ပြီး ဘုရင်ကြီးကို သတ်လိုက်ကြတယ်လေ။ အဲဒါနဲ့စာရင် ဒကာအဖြစ်က အများကြီးတော်သေး”
နံဘေးက ကလေးဖအေရဲ့ သက်ပြင်းချသံကို ကြားလိုက်ရသည်။ ရော၍သက်ပြင်းချမိရင်း ... လောကမှာ ဘာဖြစ်လို့များ သည်လိုမိန်းမတွေ ရှိနေပါလိမ့်နော်။
ဆိုရိုး စကားရှိတာပဲလေ၊ ငါးစိမ်းမြင် ငါးကင်ပစ်”တဲ့။ ဒါမျိုးပဲ ဖြစ်မယ်။
အချိန်အတန်ကြာသည်အထိ ကတ္တရာလမ်းနှင့် မြင်းခွာထိတွေ့သံသာ မင်းမူနေသည်။ ဘုန်းကြီး၏ ဇာတ်လမ်းနောက်သို့ အတွေးကိုယ်စီ မျောပါသွားကြပြီ ထင်သည်။
တော်လေးဝဝင်တွေလည်း ရှိသေးတာပဲ။ ဒါကျတော့ ဘာလို့မေ့နေကြလဲ။ သမ္ဘူလဒေဝီဆို နူနာသည် လင်ကိုတောင် မစွန့်ဘဲ ပေါင်းသင်းပြုစုသေးတာ။ အေးလေ ..အတွေး၌ ရုတ်ခြည်း ပြန်မြင်ယောင်လာသည်က ပြိုကွဲသွားသော အိမ်ထောင်ငယ်လေးတစ်ခု၊ အံ့ဩမှုနှင့် ထိုအံ့သြမှု၏ အသွင်ပြောင်း နာကြည်းမှုများ ….။
“ရှင် … ရှင် … တော်တော်ရက်စက် ….”
ပေါက်ကွဲတုန်ခါသော ကြမ်းရှသော စကားလုံးများနောက် ကြိတ်မနိုင်သောဒေါသနှင့် ခဲမရသောမျက်ရည်များ။ အချစ်ဆိုတာ ဘာလဲ။ ခုလို ပူလောင်မှုကို ပိုင်ဆိုင်ဖို့ နှစ်ရှည်လများ စုဆောင်းခဲ့ရသောအရာလား။ သစ္စာဆိုတာကရော …. ။
လူကြီးမိဘတို့၏ ပယောဂမဖက် ကိုယ်ပိုင်ရွေးချယ်မှုသက်သက်ဖြင့် ရာသက်ပန်တိုင်ဖို့ တည်ဖွဲ့ခဲ့သော နှစ်ကိုယ်တစ်ဘဝလေးသည် သား ကိုမျိုး ကျောင်းပြီး၍ အလုပ်ဝင်သည့်နှစ်မှာပင် အခြေယိုင်ခဲ့ပြီ။
မင်းမှုထမ်း သားနောက်ကို သွားချည်လာချည်လိုက်ပါရင်း ကင်းကွာခဲ့မိတာကိုက အမှားဟု စကားတင်းဆိုကြပေမဲ့ သူ့ကို ယုံမိတာကိုး။ ဒီအချိန်ကျမှဖြင့်ဆိုတဲ့ ကိုယ်နှင့်နှိုင်းစာချက်ဖြင့် ခုတော့ ကိုယ်နှင့်နှိုင်းပါလျက် ရိုင်း
ခဲ့ပြီကော။
အို .. ဟိုကောင်မကိုက မိန်းမချင်း မစာနာ။ လူတင်ပါလို့ ကျားကိုက်တာပါလေ။ သူကိုက ငါ့အပေါ် သစ္စာမဲ့တာ။ ခုတော့ သစ္စာစူးတာပေါ့။ သူလုပ်ခဲ့ပုံက ငါ ခုလို လိုက်လာဖို့တောင် မကောင်းဘူး။ သင်းထိုက်နဲ့ သင်းကံဆိုပြီး အသိပြဋ္ဌာန်းရွယ်သို့ တိုင်ခဲ့ပြီပဲလေ။ စိတ်ကို လျှော့ရသည်။
ချုပ်လိုက်တော့ ရှေ့မတိုးစေလိုသူ ကိုယ်နှင့်၊ နောက်မဆုတ်နိုင်သူတို့ တရားမဝင် လမ်းခွဲခဲ့ကြသည်မှာ ခုတိုင်ပင်။ တရားဝင်လမ်းခွဲဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့။ ဒီတစ်ကြိမ်တွင်မူ ….။
လမ်းခွဲတွင် ကားပေါ်မှ ဆင်းလိုက်တော့ နေ့တစ်နာရီထိုးနေပြီ။ အရင်ကတော့ ဒီနေရာမှာ ခရီးသည် နားခိုရာ ဇရပ်လေးတစ်ဆောင် ရှိခဲ့သည်။ ခုတော့ ရေတွင်းဟောင်းလေးနှင့် ထနောင်းပင်ကြီးသာ ထီးတည်း။ ကတ္တရာလမ်းကိုဖြတ်ကာ ထနောင်းရိပ်သို့ ဝင်လိုက်လျှင် မြင်းလှည်းတစ်စီးနှင့် ရောက်နှင့်နေသော ခရီးသည်သုံးဦးကို တွေ့ရသည်။ လက်မှခြင်းကို ချရင်း မြင်းလှည်းထွက်မှာလားဟု စနည်းနာကြည့်မိတော့ …
“ဘယ်ကိုလဲ မြောင်ကိုလား၊ ထွက်မှာ၊ လူနည်းနေသေးလို့”
သူတို့အနီး ထိုင်ချလိုက်စဉ် မျှော်နေရှာမလား” ဟု အတွေးရောက်ကာ သွားလိုစိတ်က စောနေပြန်သည်။
ကြာမှာလား ..၊ ဟူး .…. တစ်ယောက်တည်း စီးလုံးငှားသွားရကောင်းနိုး၊ အခြားသူများနှင့် စပ်တူငှားရကောင်းနိုး၊ အာရုံယောက်ယက်ခတ်ရပြန်၏။
“ဘယ်နှစ်ယောက်ရှိမှ ထွက်မှာတဲ့လဲ”
“ခုနစ်ယောက်လောက်တဲ့။ ခုမှ ကျုပ်တို့ လေးယောက်တည်း ရှိသေး”
ထိုစဉ် မန္တလေးဘက်မှလာသော ကားနှစ်စင်း ရှေ့နောက်ဆက်ကာ ဆိုက်လာသည်။ ခရီးသည်တချို့ ဆင်းလာသည်ကို တွေ့ရ၍ မြင်းလှည်းစီးများ ဖြစ်ပါစေဟု ဆင့်ကာ ဆုတောင်းနေမိသည်။ ဝမ်းသာရသည်။ ထိုသူများထဲမှ သက်ရင့်ရွယ်အို ဘုန်းတော်ကြီးတစ်ပါးနှင့် လူတစ်ဦးက မြောင်သို့သွားမည့်သူများဟု သိရသောကြောင့်ပင်။ ရောက်မဆိုက်ပင် တစ်ယောက်က ...
“မြင်းလှည်းထွက်မှာလား၊ ဗျို့ မြင်းလှည်းဆရာ မထွက်သေးဘူးလား”
လမ်းတစ်ဖက် ကွမ်းယာဆိုင်များမှာ စကားဖောင်နေသော မြင်းလှည်းဆရာကို လှမ်းမေးလိုက်တော့
“လူပြည့်ရင် ထွက်မယ်လေ၊ ဘယ်နှစ်ယောက်ရှိပြီလဲ”
"ခြောက်ယောက်တောင်ရှိနေပြီ။ ထွက်ပါတော့ရှင်၊ အရေးကြီးလို့ပါ”
ကောက်ကာငင်ကာ ဝင်ရောက်ဖြေရင်း တောင်းဆိုလိုက်မိသည်။ စောသည့်စိတ်၏ တွန်းအားကြောင့်ထင့်။ ဒါပေမဲ့ .. ။
“မကြာပါဘူး၊ တစ်အောင့်ဆို လူပြည့်တာ။ ဟော.. မုံရွာဘက်က ကားတစ်စီးတောင် လာနေပြီ”
လူအပြည့်နှင့် တရိပ်ရိပ်မောင်းနှင်လာသော အမြန်ယာဉ်လေးတစ်စီး၊ ဆင်းမည့်သူပါလျှင် ဒီမှာရပ်မည်။ မပါလျှင်တော့ အရှိန်ကို မသတ်ပုံထောက်တော့ ဆင်းမည့်သူ ပါဟန်မတူ။
“ကဲ ... ဆင်းသူ မပါလောက်ပါဘူး။ မြင်းလှည်း ထွက်ပါတော့”
နှုတ်ဖြင့် နှစ်ကြိမ်မြောက် တောင်းဆိုမိပြန်သည်။ စိတ်ဖြင့်မူ မရေတွက်နိုင်တော့။ ဒီတစ်ကြိမ်မူ အခြားခရီးသည်တွေရဲ့ အသံကပါ ညံလာသည်မို့ မြင်းလှည်းဆရာ မနေသာတော့ထင့်။
“ကဲ တက်ကြ တက်ကြ”
ဦးဆုံးပင် လှည်းပေါ်တက်လိုက်သည်။ အားလုံး လှည်းပေါ် ရောက်ပြီးချိန်တွင်
“မြင်းလှည်း ထွက်တော့မှာလား၊ လိုက်လို့ရသေးလား"
အရေးထဲ စိတ်မရှည်စွာ လှမ်းကြည့်လိုက်တော့ လူတစ်ယောက် လမ်းဖြတ်ကူးလာနေသည်ကို တွေ့ရသည်။ ရင်ခွင်မှာလည်း ပုဆိုးတစ်ထည်ကို သိုင်းခြုံကာ တစ်စုံတစ်ခုကို ပိုက်ပွေ့ထားသည်။ မြင်းလှည်းဆရာက
“လိုက်မှာလား၊ လာ.. လာ ... ဆန့်တယ်”
မြင်းလှည်းနားသို့ ချဉ်းကပ်မိလျှင် ထိုသူက ပိုက်ပွေ့ထားသောအရာကို ကမ်းသည်။
“တစ်ဆိတ်ဗျာ၊ ကလေးကို ခေါ်လိုက်စမ်းပါ”
ထင်သည့်အတိုင်းပင် လသားအရွယ် ကလေးငယ်လေး။ လှမ်းပွေ့ယူလိုက်ကာ နေရာရွှေ့ပေးလိုက်သည်။ ထိုသားသည်ဖအေလေး လှည်းပေါ်ရောက်သည်နှင့် မြင်းက စထွက်တော့သည်။
“တောက် တောက် .. ဟဲ့ မြင်း”
မြင်းလှည်းမထွက်မီကပင် စိတ်က ပြေးထွက်နှင့်ပြီ။ သူ ဘယ်လိုနေလို့ ဘယ်လိုများ စားပါလိမ့် စတဲ့အတွေးပူတို့သည် စိတ်၏ပြေးလမ်းကြောင်းများအဖြစ် ထင်လာတော့သည်။ မသန်းညွန့်စာထဲမှ ဝါကျတို့သည်လည်း ဟိုတစ်ပိုဒ်၊ သည်တစ်ပိုဒ်။
“မမ မရှိတော့ကတည်းက ကျွန်မလည်း အဝင်အထွက်ကျဲခဲ့တယ်။ ဟိုကောင်မကိုလည်း မကြည့်ချင်၊ အစ်ကိုကြီးကိုလည်း... ”
ဟုတ်မှာပဲ။ စာနာစိတ်ရှိသူတိုင်းက အဲလို ပြောခဲ့သည်ပင်။ ဒါပေမဲ့ မသန်းညွန့်က သူနဲ့စပ်မှတော်ရမယ့်ယောက်မ။ သူ့နှမအရင်းကပင် ကိုယ့်ဘက်က ရပ်ခဲ့သည်။ ဒါကလည်း ရှုံးနိမ့်သူကို အားပေးတတ်တဲ့ လူ့ဗီဇထင်ပါရဲ့။ ခုတော့ သူ့ဟာမက ပစ်သွားပြီလေ။ ပစ်မှာပေါ့၊ စည်းစိမ်ကလည်းကုန်၊ လူကလည်း ဒုက္ခိတဆိုတော့ ...။
* * *
အတိတ်ပြန်စိတ်ကို ဆတ်ခနဲ တုံ့ဆွဲခံရပြန်သည်။ ဒီတစ်ခါတော့ မြင်းလှည်းဆရာနှင့် ယှဉ်ထိုင်လာသော လူကြီးမင်းထံမှပင်။ လာပြန်ပြီ တစ်ယောက်ဟု စိတ်ထဲက ညည်းလိုက်မိသည်။ ထိုလူကြီးက လည်ပြန်တစ်ချက် ကြည့်ကာ ပါးစပ်ထဲမှ ကွမ်းဖတ်တွေကို ထွေးထုတ်လိုက်ပြီး .....
“ကျုပ်က အောက်ပြည်က လာခဲ့တာပါ။ ဟိုရေငန်ပိုင်း ပင်လယ်ဆီက ဆိုပါတော့”
အဲ ... ဂျိုင်းခနဲ မြင်းလှည်း အဆောင့်လိုက် စကားပြတ်သွားသည်။ သို့သော် မကြာလိုက် ...
“အဲဒီမှာ တံငါ ဆိုပါတော့ဗျာ။ ငါးရှာ၊ ဖားရှာ အသက်မွေးရတယ်။ ကျုပ်တွေ့ဖူးတာက ကဏန်းတွေရဲ့ဘဝပဲ။ ကဏန်းဆိုလို့ ဒီအညာက လယ်ပုစွန်လုံးလို မထင်လိုက်နဲ့။ ဟိုက အကြီးကြီးတွေ"
“သူတို့က တွင်းအောင်းတယ်။ များသောအားဖြင့် တွင်းတစ်တွင်းမှာ ကဏန်းဖို ကဏန်းမစုံတွဲ နေကြတာများတယ်။ ကဏန်းဆိုတာ အရေခွံလဲတဲ့ သတ္တဝါမျိုးဗျ။ အဲ... အရေလဲချိန်ဆို ပျော့အိနေတာ။ မပြေးနိုင်၊ မလှုပ်နိုင်ပေါ့။ အဲလိုအချိန် ကဏန်းနှိုက်လို့ ကဏန်းမ အရေလဲချိန်ဆိုရင် တစ်တွင်းတည်းနဲ့ အမရော အထီးပါ နှစ်ကောင်လုံး ရတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ အရေခွံသစ်နဲ့ မလှုပ်ရှားနိုင်တဲ့ ကဏန်းမကို ကဏန်းထီးက စောင့်ရှောက်ကာကွယ်ပြီး ပါလာလို့ပဲ”
သစ္စာရှိလိုက်တာဟု ရင်က အသိအမှတ်ပြုလိုက်မိသည်။ ကြားဖူးသော အောက်ချင်းငှက်တွေထက်ပင် ကောင်းချီးပေးချင်သည်။
“အဲဒီကဏန်းထီး အရေခွံလဲချိန်ဆိုရင်တော့ ကဏန်းမတစ်ကောင်တည်းပဲ ရတယ်ဗျို့။ ဘာဖြစ်လို့လဲ သိလား။ ပျော့စိစိအရေခွံနဲ့ မခုခံနိုင်တဲ့ ကဏန်းထီးကို ကဏန်းမက စားထားနှင့်လို့ဗျ”
“အို ... ကျွတ် ... ကျွတ်”
နှုတ်မှ စုတ်သပ်သံသည် ထင်သည်ထက် ကျယ်လောင်စွာ ထွက်သွားသည်။ ရင်သည်လည်း လှပ်ခနဲ ဖြစ်သွားသည်။ တစ်ယောက်တစ်မျိုး မှတ်ချက်တို့ကို မကြားမိတော့။ မြင်း၏ခွာသံတို့သာ နားပေါ်မှ ဖြတ်ပြေးသွားသည်ဟု ထင်လိုက်မိသည်။
* * *
“ဘီးခွံစခန်း ဆင်းမယ့်သူ ပါသေးလား”
အို...မြို့ကိုတောင် ရောက်နေပါပေါ့လား။ မသန်းညွန့်အိမ် အရင်သွားရကောင်းမလား။ ဟို...အိမ် အရင်ဝင်ရ ကောင်းမလား။ စိတ်သည် နှလုံးနှစ်ခွ ဖြစ်နေတော့သည်။ ဘာပဲဖြစ်ဖြစ်လေ ကိုယ့်အိမ်ကိုယ်ဝင်တာပဲဟု ယတိပြတ်လိုက်မှ
“ဆင်းမယ်....ဆင်းမယ်”
ကဗျာကသီ ပြောလိုက်ရသည်။ မြင်းလှည်းခ လေးဆယ်ကျပ်ကို ကမ်းပေးလိုက်ရင်း ဆင်းလိုက်သည်။ လက်ဆွဲခြင်းကိုဆွဲကာ နေရာဟောင်းဆီသို့ ခြေဦးတည်လိုက်စဉ် ဖျတ်ခနဲ အမှတ်ရလိုက်သည်။
“မမသာ ခွင့်မလွှတ်ဘဲ ပြန်မလာရင် အစ်ကိုကြီးဘဝက တဖြည်းဖြည်း လုံးပါးပါး......"
မတတ်နိုင်။ ဘယ်သူမပြု ..... ဟူး...
သို့သော် ဘာကြောင့်ရယ်မသိ။ ခြေလှမ်းကို အရှိန်မြှင့်လိုက်သည်။ မြို့ငယ်တို့သဘာဝအတိုင်း လမ်းက လူကျဲပါးလှသည်။ ဂန္ဓမာလမ်းသွယ်လေးကို ဖြတ်အပြီးမှာတော့ ..
နေရာဟောင်းလေး။ ကွဲပြိုသွားသော မိသားစုငယ်၏သိုက်မြုံဟောင်းလေး။ အရင်က ရေနံဝ,နေသော အိမ်လေးတစ်ဆောင်။ ခုတော့ ဖုန်တို့ဖြင့် ဖွေးလျက်။ ဘာလိုလိုနဲ့ ရှစ်နှစ်ရာသီတောင် ချဉ်းလုပါပေါ့လား။ ဒီကာလတွေအတွင်း မပြောင်းလဲတာဆိုလို့ အိမ်ရှေ့က စက္ကူပန်းရုံလေးပင်။ နေပူကျဲကျဲ၌ ပန်းရောင်ပွင့်တို့ ဆုပ်ခဲဝေဆဲ။
အိမ်ဝင်းထဲသို့ လှမ်းဝင်လိုက်လျှင် ရင်သည် ဒိတ်ခနဲ ခုန်စပြုသည်။ သူ့ကို ဘယ်ပုံတွေ့ရမလဲ။ အိပ်ရာထဲမှာများ လဲနေသလား .....
မစင်ညစ်ကြေး အလူးလူးဖြင့်..
ဒါမှမဟုတ် ထိုရောဂါ၏ခြေရာအတိုင်း ပါးစပ်၊ ပခုံး စသည်တို့ ရွဲ့စောင်းနိမ့်လျှောလျက်က...
မီးစာမကုန်မီ ဆီခန်းသူ၏ဘဝဆိုတာ .....
ရင်သည် စိုးစိတ်ကြောင့်ထင့်၊ အခုန်မြန်လာသည်။ ခဏတွေကာ ရပ်နေမိသည်။ အိမ်ထဲမှ ညည်းသံသဲ့သဲ့ကို ကြားလိုက်ရတော့ ရုတ်ခြည်းပင် အိမ်ထဲကို လှမ်းဝင်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ဒီအချိန်မှာ ဖြစ်ချင်တာတစ်ခုတည်း ရှိသည်။ အဲဒါက...
ကဏန်းထီးတစ်ကောင်ရဲ့ ဘဝလေ။
----------------------------
ကံထွန်းသစ်
နဝဒေးမဂ္ဂဇင်း။
Comments
Post a Comment