ဖျောက်ဆိပ်ကြယ်

" လှသင်း ... မင်း ... မိတ်ကပ်လိမ်းမလို့လား ... "

" ဟုတ်ကဲ့ ဆရာ "

" မလိမ်းနဲ့တော့။ မင်းမိတ်ကပ်ပစ္စည်းတွေ ယူပြီး ငါ့ဆီလာခဲ့ ....။ ပြီးတော့ ငါ့ကို လိမ်းပေး ... ၊ ငါ့ကို မိတ်ကပ်လိမ်းပေးပြီးရင် မင်းဝတ်မယ့် အာနန္ဒာဝတ်စုံကိုလည်း ငါ့ကို ဝတ်ပေး "

" ဆရာ .... ဆရာက "

" ဘာမှ ထပ်မမေးနဲ့။ ငါပြောတာ လုပ် "

စေးထန်းထန်း ဖောင်ဒေးရှင်းအရည်များ၊ ပြီးတော့ မွှေးသလိုလို နံသလိုလို။ လှသင်းလက်ချောင်းတွေဆီကတစ်ဆင့် ပွတ်တိုက်ပြေးလျှောနေကြသည်ကို ပူနွေးရှိန်းတိန်း ခံစားထိတွေ့လိုက်ရသည်။

" ဟိုကောင် သိုင်းဆရာတင်ဆောင်ကို ခေါ်လိုက်စမ်း "

မိတ်ကပ်လိမ်းနေရာသို့ တင်ဆောင် ရောက်လာသည်။

" ဓားကွက် သုံးလေးကွက်လောက် ငါ့ကို ပြပေးစမ်း တင်ဆောင်၊ သိပ်အခက်ကြီးတွေ မလုပ်နဲ့၊ လွယ်ရမယ်၊ ရှင်းရမယ်၊ ပုံစံလှရမယ် "

"ဆရာ့ကို .. "

" အေး ... ငါ ဒီည အာနန္ဒာနေရာက က မလို့ဟေ့ ... သိလား "

သိုင်းဆရာ တင်ဆောင် မျက်လုံးဝိုင်းသွားသည်။ ဇာတ်ခုံဒါရိုက်တာက ဇာတ်ညွှန်းဖိုင် ပိုက်လျက်သား ကြောင်ကြည့်နေသည်။ အနီးအနား ခုတင်များမှ မင်းသားကြီး အဘ ဦးနဂါး၊ လူကြမ်း ဒင်္ဂါးတို့က လိမ်းလက်စ မိတ်ကပ်များ မျက်နှာပေါ်တန်းလန်းဖြင့် လှမ်းကြည့်ကြသည်။ ရှေ့မှဖြတ်သွားသူများလည်း ခြေလှမ်းတုံ့၊ လည်ပြန်ကြည့်၊ အံ့ဩမျက်လုံးများ။

" ကိုယ်လုပ်စရာရှိတာ လုပ်ကြ၊ ဘာမှမဟုတ်ဘူး။ ဒီည အမ္ဗပါလီပြဇာတ်မှာ အာနန္ဒာနေရာ ငါ က မလို့ဟေ့။ ဒီအကောင် လှသင်းကို အားမရလို့၊ ဒါပဲ။ ကဲ .. လုပ်စရာရှိတာ ဆက်လုပ်ကြ။ တီးဝိုင်းက အသံကိုလျှော့ဟေ့၊ နရေးရှင်းပြောတဲ့ မိုက်ကို ဗော်လျူးမ် တင်ပေး၊ နောက်ခံတီးလုံးဆိုတာ ဖြူးရုံကလေး ဖြူးပေးရတာကွ။ ဟိုကောင် ပေတိုး ဘာလုပ်နေတာလဲ၊ နန်းတော်ကားလိပ်ကို နောက်ရွှေ့ပစ်၊ တောကားကို ရှေ့မှာတပ်။ အခန်းစဉ်ကို သေချာမမှတ်ဘူးလား။ ဟေ့ .... ဟေ့ .... ထရော်လီလိုင်း သေချာရိုက်နော်၊ မြင်းရထားကို အစမ်းတွန်းကြည့်ဦး၊ ဘီးသံတွေ ဒလိမ့်သံတွေ မမြည်စေနဲ့။ ဟိုကောင် တင်ဆောင် ... တင်ဆောင် ဘယ်ရောက်သွားပြန်ပလဲ..။ ငါ့ကို ဓားကွက် နှစ်ကွက် သုံးကွက် ပြပေးစမ်းလို့ ဆိုနေတာ "

တစ်ယောက်မှ စိတ်တိုင်းမကျချင်။ အလုပ်ပေါ်မှာ လေးလေးစားစားမရှိကြ။ ဒါကြောင့် သဘင်သည်တွေဆိုရင် အထင်သေးချင်ကြတာ။ အလကား ... တတ်လို့ လုပ်စားနေကြတာမဟုတ်၊ ငတ်လို့ လုပ်စားနေကြတဲ့ဟာတွေ ...။ စိတ်ချဉ်ပေါက်ပေါက်ဖြင့် ပြင်းပြင်းထန်ထန် တွေးပစ်လိုက်သည်။

မျက်ခုံးမွေး အဆွဲခံဖို့ မျက်လွှာကို စင်းမှေးထားခိုက် ရှေ့မှာ ပုဆိုးကွက်တစ်ခုကို တွေ့လိုက်ရသည်။ ဒါ ... ဇာတ်ပိုင်ရှင် ဝတ်နေကျ လုံချည်ကွက်၊ ဇာတ်ပိုင်ရှင် ဦးဖိုးမှန်က သေတ္တာပေါ်  တင်ပါးလွှဲ ဝင်ထိုင်သည်။

" ဆို ဦးဖိုးမှန်၊ ဘာဖြစ်လာပြန်ပြီလဲ၊ ပွဲခွန်ဌာနကလူတွေ ရောက်လာပြီလား။ ပြဇာတ်ပြီးမှ တွေ့မယ် ပြောလိုက်ဗျာ "

" မဟုတ်ပါဘူး ဆရာရယ်၊ သတင်းထူးတစ်ခုကြားလို့ လာတာပါ "

" ဘာသတင်းထူးလဲ၊ ဘယ်သူ ဘာဖြစ်ပြန်ပြီလဲ "

" ဘယ်သူမှ ဘာမှ မဖြစ်ပါဘူး။ ဆရာကိုယ်တိုင်ဖြစ်တာပါ "

" ကျုပ်က ဘာဖြစ်လို့ ... "

" ဆရာက ဒီည အမ္ဗပါလီပြဇာတ်ထဲ ကိုယ်တိုင်ဝင်ကမလို့ဆို "

" အေးလေ၊ ခင်ဗျားမြင်တဲ့အတိုင်းပဲ၊ အခု ကျုပ် မိတ်ကပ်လိမ်းနေတယ်။ ဟောဒီမှာ လှသင်းကို မိတ်ကပ်အလိမ်းခိုင်းနေတယ် "

" လှသင်းက ဘာဖြစ်လို့လဲဆရာ ... ၊ နေထိုင် မကောင်း .... "

" ဘာမှ မဖြစ်ဘူး။ ဒီကောင် အကောင်းကြီးပဲ၊ ဒါပေမဲ့ ဒီကောင် အမ္ဗပါလီထဲမှာ အစ်ကိုတော်အာနန္ဒာလုပ်တာ ကျုပ် အားမရလွန်းလို့၊ ဘာဖြစ်လို့လဲ .... ၊ ဒီမှာ ဦးဖိုးမှန် ...ကျုပ်ကို ညကြေး ပိုမပေးရပါဘူး"

" ဖြစ်ပါ့မလား ဆရာ "

မျက်ခုံးမွေးဆွဲတံကိုင်ထားသော လှသင်းလက်ကို ဖယ်ပစ်လိုက်သည်။

" ဘာ ..  ဗျ၊ ဘာ ဖြစ်ပါ့မလားတုံး "

" ဟို ... ဆရာကိုယ်တိုင် ဝင်ကတာ ... "

" ဟား .... ဦးဖိုးမှန်၊ ဘယ်လိုပြောလိုက်တာလဲ၊ ကျုပ်ရေးထားတဲ့ဇာတ်ညွှန်းပါဗျ။ ကျုပ်စီထားတဲ့ ဇာတ်ထုပ်ဗျ၊ တစ်ဇာတ်ထုပ်လုံးကို ကျုပ် အလွတ်ရထားတာ၊ အဲဒါ ဖြစ်ပါ့မလားဆိုတာက ကျုပ်ကို .... "

" အာ .. ဒီလိုပါ ဆရာရယ်၊ ဖြစ်ပါ့မလားဆိုတာက ဟိုဒင်း.....၊ ဆရာက ကိုယ်တိုင်ပြဇာတ်ဝင်က၊ ခုံပေါ်ရောက်နေတော့ တခြားဟာတွေများ ဟာသွားမလားလို့ပါ "

" သူ့ဆိုင်ရာဆိုင်ရာတွေကို ကျုပ် ဖိုင်တစ်ခုစီ ပေးထားပြီးသား။ မီး၊ ဆက်တင်၊ တီးဝိုင်း၊ သူ့ဇာတ်ညွှန်းနဲ့သူ ဘာမှ ဟာစရာမရှိဘူး၊ ဒီကောင်လှသင်းသာ အာနန္ဒာကတာ ကျုပ် အားမရလွန်းလို့၊ အမ္ဗပါလီဇာတ်ထုပ်ထဲမှာ အာနန္ဒာဆိုတာ သိပ်ကိုအရေးကြီးတဲ့ ဇာတ်ရုပ်"

" ဆရာက ဖြစ်တယ်ဆိုရင်လည်း ပြီးတာပါပဲဆရာရယ် "

တလိမ့်လိမ့်လှည့်ထွက်သွားသော ဦးဖိုးမှန်၏ကျောပြင်ကြီးကို စူးစူးကြည့်ပစ်ကာ လှသင်းကို လှမ်းပြောလိုက်၏။

" ကဲ ဆက်လုပ်၊ ဒီည မင်း ပုဏ္ဏားကွယ်ကြားထဲကနေ အစအဆုံး ပွဲထိုင်ကြည့်၊ အာနန္ဒာနေရာမှာ ငါ ဘယ်လိုလုပ်သလဲဆိုတာ အသေအချာမှတ် ... ကြားလား "

* * *

စာရေးဆရာကြီးပါရဂူ ဘာသာပြန်ထားသောဝတ္ထု၊ အမ္ဗပါလီ။ ဝေသာလီပြည်၊ ဂဏလွှတ်တော်၊ သန္တရရုံးတော်၊ နိုင်ငံတော်ကချေသည် အမ္ဗပါလီ။ သူ၏ချစ်သူ မဂဓပြည့်ရှင် ဘုရင်ဗိမ္မိသာရ၊ ရန်သူနိုင်ငံ၏ဘုရင်ကိုမှ ချစ်မိလေသူနှမ အမ္ဗပါလီအတွက် ဒုက္ခများရရှာသူ အစ်ကို အာနန္ဒာ၊ အာနန္ဒာသည် တကယ်အရေးကြီးသောဇာတ်ရုပ်ဖြစ်သည်။ သူ့မှာ စရိုက်နှစ်မျိုး ပြောင်းသွားသည်။

ပထမပိုင်းမှာ လွစ္ဆဝီသူရဲကောင်းလုလင်၊ ကျွမ်းကျင်သောဓားသမား၊ လွစ္ဆဝီသေနာပတိကြီး အဘယနှင့် ရင်ဆိုင်၊ ဒိုင်ယာလော့ခ်တွေကို တောက်တောက်ခါးခါး အပီပြောရမည်။ တောလမ်းခရီးမှာ ဓားခုတ်ရမည်။ ဒါတွင်မကသေး။ နှမလေးအမ္ဗပါလီကို အချစ်ကြီးချစ်ရှာသူ အမ္ဗပါလီကို နိုင်ငံတော် ကချေသည်အဖြစ် ဝေသာလီပြည်၏ တန်ဆာဆင် ဂုဏ်ဆောင် ပြည့်တန်ဆာဖြစ်စေရမည်ဟု ဂဏလွှတ်တော်က ဆုံးဖြတ်လိုက်သောအခါ မချိတင်ကဲ ကြေကွဲစွာဖြင့် နှမဆီပြန်လာပြော ......

" ပါလီ .. အခု နင့်ကို ဝေသာလီရဲ့နိုင်ငံတော်ကချေသည်အဖြစ် တင်မြှောက်လိုက်ကြပြီ။ နင်ဟာ နိုင်ငံတော် ကချေသည်၊ နင့်ကို ဝေသာလီက ပိုင်တယ်။ နင် ဘယ်သူ့ကိုမှ ချစ်ခွင့်မရှိဘူး။ ဘယ်ယောက်ျားကိုမှ လက်ထပ်ခွင့်မရှိဘူး။ ကမ္ဘာလောကမှာ ဘယ်ယောက်ျားတစ်ဦးတစ်လေကိုမှ ချစ်ခွင့်မရှိတော့ဘူး။ နင့်ဘဝ၊ နင့်အလှ၊ နင့်အနုပညာမှန်သမျှကို နိုင်ငံတော်အတွက် ပေးအပ်ရမယ်၊ နင် .... နင်  ... ဟာ နိုင်ငံတော် ပြည့် .. ပြည့် တန်ဆာ ... ဖြစ်သွားပြီ ... "

ဒုတိယပိုင်းမှာတော့ အာနန္ဒာသည် ဗုဒ္ဓ၏သာသနာ့အာဝါသတွင် ခိုလှုံသွားသော ရဟန်းတစ်ပါးအဖြစ် တည်ငြိမ်လေးနက်စွာ သရုပ်ဆောင်ရမည်ဖြစ်၏။ အင်မတန်ကို အရေးကြီးသောဇာတ်ရုပ်ဖြစ်၏။ အမ္ဗပါလီဇာတ်ထုပ်ထဲမှ အဓိကဇာတ်ဆောင် ဗိမ္မိသာရနှင့် မင်းသမီးအမ္ဗပါလီတို့ကို ပို့ပေးနိုင်သောဇာတ်ကောင်၊ ဒါကို ဟိုကောင်လှသင်း သရုပ်ဆောင် ကပြသွားတာတွေက ထိထိမိမိ မရှိ၊ လျော့ရဲရဲနိုင်လှသည်။ အာနန္ဒာဝိဥာဉ်ကို ပြည့်ပြည့်ဝဝ မဖမ်းဆုပ်နိုင်သဖြင့် လမိုင်းမကပ်။ သင်းကို အထပ်ထပ်အခါခါ ပြောပေးသော်လည်း လှသင်း၏သရုပ်ဆောင်မှုမှာ အားရစရာမဖြစ်လာချေ။ ထို့ကြောင့်  'ငါကိုယ်တိုင် ဝင်ကမယ်။ မင်း .. ဘေးက ထိုင်ကြည့်'ဟု စီစဉ်ပစ်လိုက်ခြင်းဖြစ်လေသည်။

" ဇာတ်ညွှန်းဆရာ မည်ကာမတ္တမဟုတ်ဘူးဟေ့။ အများသူငါလို ဒါရိုက်တာမဟုတ်ဘူးကွ၊ စာရွက်ပေါ်မှာတင် စာလုံးရေးတတ်တဲ့ ဇာတ်ညွှန်းဆရာမဟုတ်ဘူး။ လက်ညှိုးတစ်ငေါက်ငေါက်နဲ့ မင်းက ဘာလုပ်၊ မင်းက ဘာပြောလို့ ညွှန်ကြားရုံတင် ညွှန်ကြားတတ်တဲ့ ဒါရိုက်တာမျိုးမဟုတ်ဘူး။ ကိုယ်တိုင်ကပြ သရုပ်ဆောင်တတ်တဲ့ ဇာတ်ညွှန်းဆရာ ဒါရိုက်တာကွ ... "

တစ်ခုလေးပဲ အခက်အခဲရှိသည်။ ဇာတ်ဝင်ခန်းတစ်ခန်းမှာ အာနန္ဒာ ဓားခုတ်ရမည်။ တောလမ်းခရီးတစ်နေရာမှာ တောပုန်းလေးငါးယောက်နှင့် ယှဉ်၍ ဓားစွမ်းပြရမည်။ ဓားကွက် သိုင်းကွက်တွေကိုတော့ ကိုယ်က သိပ်မကျွမ်းကျင်လှ။ ဟိုကောင်လှသင်း အမူအရာ၊ လေယူလေသိမ်းစကားပြောမှာ သိပ်အားရစရာမရှိပေမယ့် ဓားခုတ်တာတော့ အတော်လေးကြည့်ကောင်းသည်။ ကိစ္စမရှိ။ ဓားကွက်သုံးလေးကွက်ကို သိုင်းတတ်သူ တင်ဆောင်ဆီမှာ တစ်ပွဲတိုးသင်လိုက်ရုံပါပဲ။ အရေးကြီးတာက ဟို တောပုန်းလုပ်တဲ့ကောင်တွေ အား ... အီး .. အူး .... အော်ပြီး ဘိုင်းခနဲဘိုင်းခနဲ အကွက်လှလှဖြင့် ပစ်လဲကျတတ်ဖို့ပဲ။ သူတို့ဖောလ် အကျကောင်းရင် အာနန္ဒာဓားကွက် ပိုအသက်ပါမှာပဲ။ အင်း .. ဒီကောင်တွေနဲ့ နည်းနည်းတော့ ဓားကွက် သိုင်းကွက် တိုက်လိုက်ဦးမှ။
တစ်ပွဲတိုး အသားကျဓားကွက်ရလျှင် ပြီးပြီ။

လာပြီဟေ့။ ဇာတ်ညွှန်းဆရာ ဒါရိုက်တာကိုယ်တိုင် အထူးပါဝင်သရုပ်ဆောင်တဲ့ အာနန္ဒာ၊ လာပြီဟေ့။

* * *

" ဒီမှာ သေနာပတိကြီး အဘယရဲ့၊ ဂဏလွှတ်တော်တက် သေနာပတိဆိုပြီး ဒီလို တစ်ဖက်စောင်းနင်း မပြောပါနဲ့လေ။ ကျုပ်ဟာ အမ္ဗပါလီရဲ့အစ်ကိုပါ။ ကျုပ်ရဲ့ခမည်းတော်ဟာ သန္တရလွှတ်တော်ရဲ့ သဘာပတိပါ။ ကျုပ်ကိုယ်တိုင်ကလည်း လွစ္ဆဝီသွေး စွေးစွေးနီနေတဲ့ ဝေသာလီသူရဲကောင်းတစ်ယောက်ဆိုတာ အသင်အဘယ မေ့ထားပြီနဲ့တူတယ်၊ ဟင်း ... ဟင်း .. "

ဒီလို မထီမထင် မာန်မာနတွေနဲ့ ရဲရဲတောက်စကား ဆိုရမည်။

" ပါလီ ..  ပါလီ... နှမကလေး ... နင် ဘာကြောင့် ဒီလောက်လှနေရတာလဲဟင်၊ နင့်ရဲ့မျက်လုံး၊ နင့်ရဲ့မျက်ခုံး၊ နင့်နှုတ်ခမ်း ... အို ... ဘာ့ကြောင့် နင် ဒီလောက်လှနေရတာလဲ။ ဒီအလှတွေကြောင့် နင် ဒုက္ခရောက်ရပြီ ပါလီရဲ့။ အခု နင့်ကိုလေ .. ရွှေခြည်ဖောက်ပုဝါလွှမ်းတဲ့ ပဝေဏီပေါတ္တကကျမ်းမြတ်အရ ဂဏလွှတ်တော်ကြီးကနေ ဆုံးဖြတ်လိုက်ပြီ သိရဲ့လား။ နင် .. နင်ဟာ တိုင်းပြည်ရဲ့ဂုဏ်ကို တန်ဆာဆင်တဲ့ နိုင်ငံတော် ပြည့် ... ပြည့် တန်ဆာ ... ဖြစ် ... "

ဒါက ချစ်လှစွာသော နှမကလေးအတွက် အစ်ကိုတစ်ယောက်၏ ကြေကွဲဆို့နင့်မှုနှင့် သည်ထန်းလှိုက်လှဲသောစကားများ။

" ရုပ်နာမ်ခန္ဓာကို ပိုင်ဆိုင်နေရခြင်းသည်ပင်လျှင် ဒုက္ခဖြစ်တယ် ပါလီ၊ လောကီလူ့ဘုံဟာ ဒုက္ခအပေါင်းနဲ့ ပြည့်နှက်နေတယ်။ ဒီဒုက္ခတွေက လွတ်မြောက်ရာလမ်းစမှာ ငါ ရောက်ရှိနေပြီ။ ငါသာမက နင့်ရဲ့သား ငါ့ရဲ့တူ ဝိမလကိုပါ အဲဒီလွတ်မြောက်ခြင်းလမ်းပေါ်  ဆွဲခေါ်ပို့ဆောင်ပေးဖို့ ငါလာခဲ့ခြင်းဖြစ်တယ်။ ဝိမလကို ငါ့လက်ထဲ အပ်ပါ။ ဗုဒ္ဓရဲ့ဝိဟာရဆီကို ငါ ခေါ်ဆောင်သွားတော့မှာမို့လို့ ... "

ဇာတ်ညွှန်း အစအဆုံး ဇာတ်ထုပ်တစ်ခုလုံးကို မွှေနှောက်ချောက်ချားနိုင်စွမ်းသော ဒါရိုက်တာ၊ ဟာ .... တို့ဆရာက ရေးသားညွှန်ကြားဦးစီးရုံသာ မဟုတ်ပါတကား၊ ကိုယ်တိုင်ပါဝင် လှုပ်ရှားကပြတော့လည်း အံ့မခန်းပါတကားဟု တစ်ဖွဲ့သားလုံး သိစေအံ့။ တကယ့်ပညာရှင်ပါတကားဟူ၍ အားလုံး လေးစားဦးညွတ်ကြစေအံ့ .... ပေါ့။

* * *

ထုံးစံအတိုင်း ညက အတွေ့အကြုံအပေါ်တွင် သုံးသပ်ဆွေးနွေးသောအစည်းအဝေး ထိုင်ကြသည်။

" ကိုင်း ... မနေ့ညက ငါကိုယ်တိုင် ဝင်ကခဲ့တဲ့ အမ္ဗပါလီနဲ့ပတ်သက်ပြီး ပြန်ဆွေးနွေးကြရအောင် ... ၊ ဟိုကောင်လှသင်း မင်း အစအဆုံး ထိုင်ကြည့်ခဲ့တယ်မဟုတ်လား၊ ဘာပြောစရာရှိသလဲ၊ ဘယ်လိုပညာတွေ ရယူနိုင်ခဲ့သလဲ၊ ကဲ ... မင်းက စပြော ... "

လှသင်း ဘာမှမပြောဘဲ မျက်နှာအောက်ချ မလှုပ်မယှက် ထိုင်နေ၏။

" ကဲ ... ဆွေးနွေးစရာရှိတာ ဆွေးနွေးကြနော် "

" ညက ဆရာ အာနန္ဒာ က ပြသွားတာ တကယ့်ကို ပြောင်မြောက်တာပဲ။ ဆရာ့ကို ဇာတ်ညွှန်းဆရာ ဒါရိုက်တာသက်သက်ပဲလို့ ထင်မိခဲ့တာ၊ အလွဲကြီးလွဲသွားပြီဆရာ၊ ဆရာဟာ တကယ့်ကို သရုပ်ဆောင်ကောင်းတစ်ယောက်လည်း ဖြစ်နေတာပါလား၊ ဆရာကိုယ်တိုင်ဝင်ကြဲလိုက်တော့မှ အမ္ဗပါလီဇာတ်ထုပ်ဟာ အပြည့်အဝကြီးကို လမိုင်းကပ်တော့တာပါပဲဆရာ " စသည် စသည် ကြားရလေမလား နားစွင့်နေလိုက်သည်။

ဟင်း ..... ဟင်း ... ဟိုအကောင်လှသင်းတော့ ဘာကိုမှ မပြောနိုင်တော့ဘူး။ ကြက်ကြီး လည်လိမ်ထားသလို ခေါင်းငိုက်စိုက်ကျနေပြီ။ ဟင်း ... ဟင်း .... ။ သို့သော် ဝိုင်းထိုင်နေကြသော မီး၊ ဆက်တင်၊ တီးဝိုင်း၊ သရုပ်ဆောင် ဇာတ်သမားများအားလုံး ဘာသံမှ ထွက်မလာဘဲ ရှိနေကြသည်။ သူတို့မျက်နှာတွေ ကြည့်လိုက်တော့ အိုးတိုးအမ်းတမ်းလိုလို၊ ရွံ့သလိုလို၊ ချိန်ဆနေသလိုလို ထူးဆန်းသောအငွေ့တွေ ဖုံးနေသည့် မျက်လုံးအစုံကိုသာ တွေ့နေရသည်။

" ကိုင်း ... ပြောစရာရှိတာ ပြောကြလေကွာ။ ဘာမှမရှိဘူးလား "

ဦးစွာလှုပ်ရှားလာသူက မင်းသမီးငြိမ်း၊ အမ္ဗပါလီအဖြစ် သရုပ်ဆောင်သူ။

" ဆရာ ကျွန်မ စကားမှားရင် ခွင့်လွှတ်ပါနော် "

" အေးပါ၊ ပြောပါဟ "

" ဟိုဒင်းလေ၊ ညက ဆရာ အာနန္ဒာလုပ်သွားတာ သိပ်ကောင်းပါတယ်။ ဒါပေမဲ့လေ... ဟို .. ကျွန်မနဲ့ ရင်ဆိုင်စကားပြောခန်းတွေမှာ ဆရာကချည်း ဦးဆောင်ပြီး  ဒိုင်ယာလော့ခ်တွေ ပြောသွားတော့ ဟို.... ဟို .. ကိုလှသင်းနဲ့တုန်းကလို အပေးအယူ အဝင်အထွက်တွေ လွတ်သွားတော့လေ ... ကျွန်မမှာ ကိုယ်ပြောရမယ့်ဒိုင်ယာလော့ခ်တွေကို ... ဟို .. ပြောခွင့်မရဘူး ဖြစ်သွားတယ်၊ ဟို ....ကျွန်မပြောရမယ့်စကားတွေကိုလည်း ဆရာက ယူပြီး ပြောပြောသွားတော့ အဲဒါလေ .. ကျွန်မ ဘာလုပ်လို့ ဘာလုပ်ရမှန်းမသိ ဖြစ်ဖြစ်သွားတယ်ဆရာ "

မင်းသမီးငြိမ်း ပြောပြီး ခေါင်းငုံ့သွားချိန်၌ နောက်တစ်သံ ထွက်လာ၏။

" ကျွန်တော် နည်းနည်းပြောပါရစေ ဆရာ "

လူကြမ်းခေါင်းဆောင် အောင်ပိုင်။

" ဘာပြောချင်လဲ၊ ပြော "

" ဟိုဟာပါ ဆရာ၊ ညက ဓားခုတ်ခန်းမှာ ခါတိုင်း ကိုလှသင်းနဲ့ကျွန်တော် ခုတ်ခဲ့တဲ့ဓားကွက်တွေအတိုင်းမဟုတ်တော့ လုပ်ရတာ ... အဲ ... ဘာခေါ်မလဲဆရာ၊ အားမပါဘူးပေါ့ဆရာ၊ ဓားကွက်တွေ လွဲနေတော့.... "

" နောက် ဘယ်သူပြောဦးမလဲဟေ့ "

အောင်ပိုင်စကားကို ဖြတ်ချလိုက်သည်တွင် သေနာပတိအဘယ ကိုသန်းထိုက် ပါးစပ်တပြင်ပြင်ဖြစ်လာသည်။

" ကိုသန်းထိုက် ခင်ဗျားကရော "

" ငြိမ်းပြောသလိုပါပဲ၊ အာစရိနဲ့ ...... ကျွန်တော်နဲ့ ရင်ဆိုင်တွေ့ခန်းတွေမှာ ဒိုင်ယာလော့ခ်တွေက ကျွန်တော်ပြောနေကျအတိုင်း ..... အင်း .... မှတ်ထားတဲ့ဘန်ဒစ်အတိုင်း ဖြစ်မလာတော့ဘူးလေ၊ အာစရိကချည်း ပြောသွားတော့ .... ကျွန်တော့်မှာ ပြောစရာမရှိတော့ဘူး ဖြစ်သွားတယ် ... ၊ အဲဒါလေးပါပဲ "

မီးသမား ကိုဘကြိုင်က
" အာစရိကို စပေါ့လိုက်ထိုးရတာ ခါတိုင်း ကျွန်တော်တို့လုပ်နေကျအတိုင်းမဟုတ်တော့ စပေါ့က လွဲလွဲထိုးမိတယ်ခင်ဗျ "

တီးဝိုင်းခေါင်းဆောင်ကိုမြင့်လွင်က
" အာနန္ဒာ ရဟန်းဝတ်သွားပြီးနောက်မှာလည်း  ဟို ... ဒိုင်ယာလော့ခ် အဖြတ်အတောက်နေရာတွေ ဖမ်းလို့မရတော့ ကျွန်တော်တို့ တီးလုံးပို့ပေးရတာ နည်းနည်း  .... ကသိကအောက်ဖြစ်သွားတာလေး ... "

စောစောက အားတုံ့အားနာမျက်နှာထားများမှာ ပြောရင်းပြောရင်း ပွင့်လင်းပြူးကျယ်လာကြ၏။ ဟိုထောင့် သည်ထောင့်များမှလည်း လှုပ်လှုပ်ရွရွ....။

" ကျွန်တော် အခါတိုင်းလို နောက်ဆုတ်ရှောင်တာပဲ၊ အာစရိက ရှေ့တစ်လှမ်းတိုးရမယ့်အစား နှစ်လှမ်းတိုး ခုတ်လိုက်တော့ ကျွန်တော့်လက်ကောက်ဝတ်နား ထိသွားတယ် "

" ခါတိုင်း က ရင် ကိုလှသန်းက မြင်းဇက်ကြိုးကို တစ်ခါတည်း ကိုင်လှုပ်တာ၊ ဒါ မှတ်ထားပြီး ကျွန်တော်တို့ကလည်း မြင်းရထားထရော်လီကို ဆွဲတာ၊ အခု အာစရိက နှစ်ခါလှုပ်တော့  .... "

" ကဲ .. ဟေ့ ... အစည်းအဝေးဖြုတ်မယ်၊ ထမင်းစားမယ်၊ ညနေ လေးနာရီ ပြန်စမယ် "

စကားဝိုင်းကိုဖြတ်ချရင်း မျက်နှာသုတ်ပုဝါပိုင်းဖြင့် နဖူးအစပ်၊ နားထင်စပ်မှ ချွေးများကို သုတ်ရလေသည်။ ငါက စီစဉ်သူပဲ၊ ညွှန်ကြားသူပဲ၊ ဇာတ်ညွှန်းဆရာပဲ၊ ဒါရိုက်တာပဲ၊ ဇာတ်တစ်ထုပ်လုံးကို နောကြေနေအောင် ငါ သိထားတာပဲ။ ဘယ်ဇာတ်ရုပ်ပဲ ဝင်ကက ငါ ...  ဖြစ်ရမှာပေါ့ ..... စသည့် စသည့် အတွေးများက ဘယ်လိုလုပ်ပြီး ခြေမအထိ လျှောကျသွားသည်မသိ။

အင်း .... ညနေအစည်းအဝေးမှာတော့ ကိုယ့်လူတွေကို လူကြီးရှက်ပြုံးဖြင့် ပြုံးရယ်ရင်း  တောင်းပန်စကား လေပြေထိုးရဦးမည်။ အာနန္ဒာနေရာလည်း လှသင်းပဲ ကောင်းပါတယ်လေ။ သူ့ကိုပဲ ပိုပြီးပြောင်မြောက်အောင် သင်ကြားပေးရတော့မှာပေါ့။
----------------------------------
ချစ်ဦးညို

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)