ကျွန်မသာလျှင် မယားအစစ်ဖြစ်ပါကြောင်း
" ဒါက ဘယ်သွားမလို့လဲ မောင် "
" သြော် ထုံးစံအတိုင်း သူငယ်ချင်းတွေနဲ့ အာလာပ သလ္လာပ သတင်းချင်းဖလှယ်ရအောင် အာလူးပေးရအောင်ပေါ့ကွာ။ ထွက်လိုက်ဦးမယ်လေ "
" သူငယ်ချင်းတွေနဲ့ ဘယ်မှာချိန်းထားလို့လဲ "
" အုန်းမောင်တို့ အိမ်မှာလေကွာ "
" မိလဲ လိုက်မယ်လေ "
" အင် မိက ဘာလို့လိုက်မှာလဲ "
" အို မောင်က ရုံးအားရက်ကလေး တစ်ရက်တစ်လေ အိမ်မှာမနေတော့ မိလဲလိုက်ချင်တာပေါ့။ မောင်ရုံးသွားလဲ အိမ်မှာ မိတစ်ယောက်တည်း၊ မောင်ရုံးပိတ်တော့လဲ အိမ်မှာ မိတစ်ယောက်တည်း၊ ကြာတော့ အိမ်မှာနေရတာ ငြီးငွေ့တာပေါ့လို့ "
" ကဲကဲ လိုက်ချင်လဲ လိုက်ခဲ့ပါဗျာ။ မသိပါဘူး၊ ခါတိုင်းတော့ မိက ဘယ်ခေါ်ခေါ် မရတော့ ဒီကနေ့မှ ထူးထူးဆန်းဆန်း ဘာဖြစ်တာလဲလို့ "
" အို နောက်ဆို မောင်ဘယ်သွားသွား လိုက်ခဲ့မယ်မောင်ရဲ့၊ ခေါ်သာခေါ် "
အ၀တ်အစားအပြေးအလွှားသွားလဲနေတဲ့ ကျွန်မကို မောင်က နားမလည်စွာ ပြန်ကြည့်နေပါသည်။ မောင်နှင့်ကျွန်မ အိမ်ထောင်ကျခဲ့သည့် လေးနှစ်တာကာလပတ်လုံး ကျွန်မသည် မောင်နှင့်အတူ အပြင်ထွက်ခဲလှပါသည်။ တစ်ခါတစ်ရံ ရုပ်ရှင်နှင့် လဟာပြင်စျေးလောက်တွင်သာ အတူသွားလေ့ရှိပါသည်။ မောင့်မှာမူ ခြေထောက်တွင် ဗွေပါသလားဆိုရအောင် ခဏလေးမှ အနားမနေ၊ အပြင်သွားနေရမှ ကျေနပ်သူဖြစ်ပါသည်။
ကျွန်မကလဲ အပြင်ထွက်ရမှာ ကရိကထများလွန်းလို့ မောင်ခေါ်တိုင်း ရှောရှောရှူရှူ ဘယ်တော့မှမလိုက်။ အိမ်အလုပ်တွေ ရှိသေးသည်။ ဘတ်စ်ကားစီးရမှာ စိတ်ပျက်သည်။ အ၀တ်အစားကောင်းကောင်း မရှိပဲ စသည်ဖြင့် အမျိုးမျိုး ငြင်းပယ်တတ်သည်။ ယခုတော့ ကျွန်မအကြောင်းနှင့်ကျွန်မမို့ လိုက်မှ ... လိုက်မှ။
" ကဲ မိရွှေမိ အဲ့ဒါကိုအုန်းမောင်တို့အမေပဲ။ စကားပြောနေချေ။ ပျင်းရင်လဲ စာအုပ်တွေကြည့်။ မောင်တို့ လက်ဖက်ရည်ဆိုင်သွားလိုက်ဦးမယ် "
အပေါင်းအသင်းနှင့်တွေ့လျှင် မယားပါမေ့တတ်သော မောင်က အပြင်ထွက်ရန် ဟန်ပြင်ပါသည်။ ကိုအုန်းမောင်တို့အမေကလဲ ကျွန်မကို ဖော်ရွေစွာ ဖိတ်ခေါ်ပါသည်။
" ဒီက သမီးကို တစ်ခါမှ မမြင်ဖူးသေးဘူး "
" ဟုတ်ကဲ့။ ကျွန်မက ကိုမြင့်နိုင်မိန်းမပါ ဒေါ်လေး ဟင်းဟင်း "
အပြင်ထွက်ရန် ဟန်ပြင်နေသော မောင်က ကျွန်မကို မျက်လုံးတစ်ချက် ၀င့်ကြည့်သည်။ သူနှင့်အတူလိုက်လာမှတော့ သူ့မိန်းမမှန်း ပြောပြနေစရာမလိုပါပဲ ကျွန်မက မောင့်မိန်းမပါဟု ပြောနေသည်ကို အံ့သြသွားပုံရသည်။ ကျွန်မကတော့ ကျွန်မရည်ရွယ်ချက်နှင့် ကျွန်မ။
* * *
" တနင်္ဂနွေလေး တစ်နေ့တစ်လေများ အိမ်မှာနေပါဦးလားမောင်ရယ်။ ခု ဘယ်သွားဦးမလို့လဲ "
" ကိုစံ၀င်းတို့အိမ်က ထမင်းစားဖိတ်ထားလို့ကွ။ ထမင်းတော့ မဟုတ်ပါဘူး။ မုန့်ဟင်းခါး အပျော်ချက်စားကြမှာပါ "
" အိမ်မှာချက်တဲ့မုန့်ဟင်းခါးဆိုတော့ စားလို့ကောင်းမှာပဲ။ သူတို့ကလဲပဲ မောင်တစ်ယောက်တည်း ဖိတ်ရသလားလို့ "
" နှစ်ယောက်စလုံးကို ဖိတ်ပါတယ်ကွာ။ မောင်က မိလိုက်မှာမဟုတ်ဘူး။ တစ်ယောက်ထဲပဲ လာခဲ့မယ်လို့ ပြောခဲ့တာပါ "
" အိုမောင်ကလဲ မိကိုပါဖိတ်ရင် မိလိုက်မှာပေါ့လို့။ သူတို့အိမ်လဲ မရောက်တာကြာပြီ။ သူ မိန်းမရပြီးမှ တစ်ခါမှ မရောက်လို့ သူ့မိန်းမတောင် မိကို ကောင်းကောင်းမှတ်မိမှာ မဟုတ်ဘူး။ မင်္ဂလာဆောင်တုန်းကပဲ ခဏမြင်လိုက်ရတာ "
" မိက မိကိုယ်မိ မောင့်မိန်းမမှန်း သိပ်သိစေချင်တယ်ပေါ့ "
" အမယ် မဟုတ်ပါဘူး။ သူ့ကို မိမမြင်သေးဖူးတာကို ပြောတာပါ "
" ကဲ လိုက်ချင်ရင်လဲ မြန်မြန်လုပ်ချေကွာ "
" ခဏလေးပါ မောင်ရဲ့၊ ခဏလေး "
သည်တစ်ခါတော့ တနင်္ဂနွေနေ့ မောင်အပြင်ထွက်လျှင် အသင့်လိုက်နိုင်ရန် ကြိုတင်ရွေးချယ်ထားသော အ၀တ်အစားများကို အမြန်ဆုံး၀တ်ပြီး ထွက်လာနိုင်သည်။ သားနှင့်သမီးတို့မှာ အဘွားဖြစ်သူနှင့် ဆော့ကစားနေကြသည်။ သမီးငယ်ကို စောစောကပင် ကွယ်ရာသို့ခေါ်ထားရန် အမေ့ကို မှာထားရသည်။ ခါတိုင်းဆိုလျှင် သည်ကလေးတွေသံယောဇဉ်ကြောင့် ကျွန်မ ဘယ်မှမသွားဖြစ်၊ ခုတော့ သားရေးသမီးရေးထက် အရေးကြီးတာကြောင့် ကျွန်မ မောင့်နောက်သို့ လိုက်ခဲ့ပါပြီ။
ဘတ်စ်ကားကို မညည်းမညူ မောင်နှင့်ရင်ဘောင်တန်းပြီး တိုးဝှေ့ တက်သည်။ နေပူသော ကုန်းကြောင်းလမ်းတွင် ခါတိုင်းလို မောင့်ကိုရန်မထောင်ပဲ အားတင်းပြီး လျှောက်သည်။
" မောင့်မိန်းမကတော့ တော်တော်တိုးတက်လာပြီ။ ခံနိုင်ရည်ရှိလာပြီပဲ။ အလျင်ကလို မညည်းညူတော့ပါလား " ဟုမောင်က ကျွန်မကို ကြည့်ပြီးပြောသည်။
" တိုးတက်ရမယ် မောင်ရဲ့။ တိုးတက်ရမယ်၊ တိုးမတက်ရင် ကျန်ခဲ့မယ် မဟုတ်လား "
မောင်က သဘောကျစွာ ရယ်သည်။
" ခုတလော မိအမူအရာတွေ သိပ်ထူးခြားတာပဲ " ဟုလည်း ဆိုသည်။
ကျွန်မကတော့ ကျွန်မစိတ်ကူးနှင့် ကျွန်မ။
* * *
" မောင် ရေမချိုးသေးဘူးလား "
အိပ်ရာမှထပြီး မျက်နှာမသစ်သေးပဲ သတင်းစာဖတ်နေသော မောင့်ကို ကျွန်မက ပြောလိုက်သည်။ မောင်က ကျွန်မကို လှည့်ကြည့်ပြီး မျက်လုံးပြူးသွားသည်။
" ဘယ်နှယ့် မိက အိမ်နေရင်း ပြင်ဆင်ထားလိုက်တာ ကြော့လို့၊ မိ စိတ်မှကောင်းသေးရဲ့လား အခုတလော "
" ကြည့် .. ပြောရော့မယ်။ ဒီနေ့ တနင်္ဂနွေလေ "
" အဲ့ဒါ ဘာဖြစ်လဲ။ တနင်္ဂနွေနေ့မှာ ယောက်ျားအိမ်ပြင်မထွက်ရအောင် ပြုပြုပြင်ပြင်နေရမယ်လို့ မိရဲ့စာအုပ်ကြီးကများ ဆိုထားသလား "
မောင်က ကျွန်မဖတ်နေသော " သင့်ယောက်ျားကို အိမ်ခင်အောင် ထားနည်း " ဟူသောစာအုပ်ကို ရည်ရွယ်ပြောလိုက်ခြင်းဖြစ်ပါသည်။
" မောင်ကိုတော့ အိမ်ပြင်မထွက်အောင် ဘယ်ဒေ၀စ္ဆရာကမှ တားနိုင်မှာမဟုတ်ဘူး။ မောင်ထွက်တဲ့ဆီ မိလိုက်နိုင်အောင်သာ အသင့်လုပ်ထားတာ၊ သိပလား "
" ရော် ခက်ပဲခက်လှချည့်။ နေပါဦး။ မောင်က ဘယ်ကိုသွားမှာမို့ မိက ဘယ်ကိုလိုက်မှာလဲ "
" ဘယ်ပဲဖြစ်ဖြစ်ပေါ့။ မောင်က သွားမှာအမှန်ပဲမဟုတ်လား။ အဲ့တော့ မောင်သွားတဲ့နေရာကို မိလိုက်မှာပေါ့လို့။ ဘာလဲ မလိုက်စေချင်ဘူးလား "
ကျွန်မက စိတ်ဆိုးစပြုလာပြီမို့ ရန်တွေ့လိုက်ပါသည်။
" ဒီမှာ မရွှေမိ ခုသွားတဲ့နေရာက မင်းလိုက်လို့ ဘယ်လိုမှ မဖြစ်ဘူး။ သိရဲ့လား "
" မိလိုက်လို့မဖြစ်ရအောင် မောင်က ဘယ်ကိုသွားမှာမို့လဲ။ မိန်းမကို ခေါ်လို့မဖြစ်တဲ့နေရာ မောင့်မှာ ရှိနေပြီလား "
ပြောရင်းမှ ကျွန်မ ၀မ်းနည်းလာပါသည်။
မောင်က သတင်းစာကို စားပွဲပေါ်ပစ်တင်ရင်း ပြောပြောဆိုဆို ထသွားပါတော့သည်။
" ရှိတယ်ဟေ့၊ ရှိတယ်။ တို့သူငယ်ချင်းတွေစုပြီး ဘီယာသွားသောက်ကြမလို့ကွ၊ မင်းလိုက်ချင်ရင် ဖန်ခွက်တစ်လုံးပါ ဆွဲခဲ့ပေတော့ ... ကဲ "
တစ်ကယ်တော့ ကျွန်မအမူအရာများက မောင့်အတွက် အထူးအဆန်းဖြစ်မည်ဆိုလျှင် ဖြစ်စရာပါ။ အဖြစ်ကတော့ ဒီလိုပါ။ ကျွန်မတို့အိမ်တွင် မောင့်အပေါင်းအသင်းများ အ၀င်အထွက်များလှသည်။ မောင်မသွားလျှင် သူတို့လာသည်။ သူတို့မလာလျှင် မောင်က သွားသည်။ ရုံးဆင်းချိန်လည်း မနေရ၊ ညဦးပိုင်းလည်း မအားရ။ မောင်သည် အပေါင်းအသင်းအလွန်ခင်သည်။ မောင့်အပေါင်းအသင်းအားလုံးလိုလို ကျွန်မသိသည်။ သူတို့မိန်းမများကိုတော့ သိပ်မမြင်ဖူးပေ။။ ကျွန်မလိုပဲ အိမ်တွင်းပုန်းများ ဖြစ်ဟန်တူသည်။ ကျွန်မကလည်း အထူးမရှိလျှင် မည်သည့်အိမ်မှ လိုက်သွားပြီး မိတ်မဖွဲ့တတ်ပါ။ သို့သော် ကျွန်မထံလာလည်လျှင်မူ ကျွန်မအလွန်ပျော်ပါသည်။
တစ်နေ့တွင် မောင့်သူငယ်ချင်း ကိုချမ်းမြတစ်ယောက် လာလည်သည်။ သူ့မိန်းမပါခေါ်လာသဖြင့် ကျွန်မက ပျာပျာသလဲ ဆီးကြိုမိသည်။ ခါတိုင်းဆိုလျှင်တော့ သူတို့ယောက်ျားနှင့် စကားပြောနေလျှင် ကျွေးစရာရှိက ချကျွေးပြီး ကျွန်မလုပ်စရာရှိတာသာ လုပ်တတ်နေပါသည်။ စကားဝိုင်းဖွဲ့ပြောခြင်းမရှိပါ။ သည်တစ်ခါတော့ အမျိုးသမီးပါ ပါလာသဖြင့် ကျွန်မပါ ၀င်ထိုင်လိုက်ရပါသည်။ ကျွန်မက ဖော်ရွေသောအပြုံးနှင့် အမျိုးသမီးကို စတင်ပြောပါသည်။ သို့သော် သူမပြုံးပုံက မဝံ့မရဲ။
" သြော် ကလေးတွေ အိမ်မှာ ထားခဲ့ရတာပေါ့နော်။ ဟင်းဟင်း "
ကျွန်မက စကားမရှိစကားရှာ ပြောရသည်။
" ဟုတ်ကဲ့ ခင်ဗျ "
၀င်ပြောသူက ကိုချမ်းမြ။ အမျိုးသမီးက မတုန်မလှုပ်။ ဘယ်နှယ့်အမျိုးသမီးပါလိမ့်။ သူလည်း ငါ့လိုပဲ စကားနည်းလို့ထင်ပါရဲ့။ သူ့ကြည့်ရတာ အထက်တန်းလွှာကနဲ့ တူပါရဲ့။ ရုပ်ကလည်း ကလေးနှစ်ယောက်အမေသာဆိုတယ်။ မကျသေးဘူး။ လှတုံး။ မာနတော့ ကြီးပုံပဲ။ ဒါကြောင့်သာ စကားမပြောတာပေါ့။
ကျွန်မတို့အိမ်ထောင်ရှင်မိန်းမချင်း တွေ့လျှင် စကားမရှိစကားရှာ ပြောမကုန်အောင်ရှိရတတ်သည်။ ကုန်စျေးနှုန်းကြီးကြောင်း၊ ကလေးတွေ ဆိုးကြောင်း၊ လင်တော်မောင်တွေအကြောင်း၊ ယောက္ခမ မကောင်းကြောင်း သောင်းပြောင်းထွေလာ စုံလှသည်။ သို့သော် သည်အမျိုးသမီးကတော့ ဒါတွေကို အောက်တန်းစားအလုပ်တွေလို့ ထင်နေသလားမသိ။ လဲ့လဲ့သာပြုံးပြီး ပုံ့ပုံ့လေးသာ ထိုင်နေသည်။
နောက်တစ်လခန့်အကြာတွင် သူတို့စုံတွဲ ရောက်လာပြန်သည်။ အချိန်က ညနေစောင်းနေပြီ။ သူတို့မှာလဲ အထုပ်အပိုးတွေနှင့်ဖြစ်သည်။
" နက်ဖြန် တောင်ကြီးသွားမလို့ဗျာ။ မနက်စောစော ဘူတာဆင်းရမှာမို့ လာအိပ်တာပဲဗျို့။ ဘူတာမှာလဲ အိပ်လို့မရဘူးလေ "
ကိုချမ်းမြက အားတောင့်အားနာဟန်ဖြင့် ပြောသည်။ ကျွန်မတို့အိမ်က ဘူတာနှင့်နီးသည်မို့ ကျွန်မ ကြည်ကြည်ဖြူဖြူ လက်ခံလိုက်ရသည်။
" အို အားမနာပါနဲ့။ ဒီမှာအိပ်လို့ဖြစ်ပါတယ် "
ပြောသာပြောရသည်။ သူစိမ်းအတွက် အိပ်ရာ၊ ခြင်ထောင်အပိုမရှိသော ကျွန်မတို့မှာ အတော် အကျပ်ရိုက်သွားခဲ့ရသည်။ နောက်ဆုံးတော့ ကျွန်မတို့ကုတင်ပေါ်မှာ သူတို့အိပ်၊ ကလေးတွေကို သူ့အဘွားခြင်ထောင်ထဲ သွင်းပြီး ခေါင်းအုန်းတစ်လုံး၊ ဖျာတစ်ချပ်နှင့် ကျွန်မတို့နှစ်ယောက် ဖြစ်သလို အိပ်လိုက်ရသည်။
ကိုချမ်းမြတို့ လင်မယားကဖြင့် ညားခါစ ဇနီးမောင်နှံအလား စကားတတွတ်တွတ်နှင့် ရွှင်ရွှင်မြူးမြူး ဖြစ်နေကြပုံရသည်။ တို့လည်း ကလေးတွေထားခဲ့ပြီး တစ်ခါလောက် ခရီးထွက်ရရင် ကောင်းမှာပဲဟု သူတို့ကို အားကျကာ တွေးမိသေးသည်။ သည်တစ်ခါတော့ ကိုချမ်းမြဇနီးက ဖော်ဖော်ရွေရွေ စကားပြောဖော်ရလာသည်။ အိပ်ရာမ၀င်မီ ဆီချက် ထွက်၀ယ်ကာ ကျွန်မတို့တစ်အိမ်သားလုံးကို ကျွေးသည်။ နံနက်စောစော အလင်းရောင်မထွက်မီ သူတို့ ထသွားကြရာ သူတို့အိပ်ရာကို ကျွန်မကပင် သိမ်းလိုက်ရသည်။
" သူတို့က တောင်ကြီးကို ဘာသွားလုပ်ကြတာလဲမောင် "
" ကိုချမ်းမြက မှောင်ခိုကူးနေတယ် "
" သြော် ဒီလူနှယ်၊ မှောင်ခိုကုန်ကူးတာများ မယားငယ်ငယ်ချောချောလေးကို ခေါ်သွားရက်တယ်နော် "
မောင်ကတော့ သူ့သူငယ်ချင်းအတွက် ခပ်မဆိတ်သာ နေပါလေသည်။
* * *
" သမီးရေ ဒီမှာ ဧည့်သည်လာနေတယ် "
အမေ့အသံကြားသဖြင့် အိမ်ရှေ့လှမ်းကြည့်လိုက်ရာ အမျိုးသမီးဖြစ်နေလို့ အပြေးထွက်သွားမိသည်။ မောင်ရုံးသွားနေခိုက်ဖြစ်လို့ အိမ်တွင် မရှိပေ။
" ဒီအိမ်က ကိုမြင့်နိုင်တို့အိမ် ဟုတ်ပါလားရှင် "
" ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ ထိုင်ပါဦးရှင် "
အမျိုးသမီးပုံက နွမ်းလျလှသည်။ ညှိုးငယ်ပြီး ငိုတော့မလိုဖြစ်နေသည်။ အရွယ်ကလည်း ကျွန်မထက်ကြီးပုံရသည်။ သူမက ကျွန်မဖိတ်ခေါ်ချက်ကို အသာအယာ ခေါင်းယမ်းပြသည်။
" နေပါစေရှင်၊ မထိုင်တော့ပါဘူး။ ကိုမြင့်နိုင်သူငယ်ချင်း ကိုချမ်းမြတစ်ယောက် ဒီကို လာသလားလို့ပါ "
" ကိုချမ်းမြ ဟုတ်လား။ ဟိုတလောကတော့ လာတယ်ရှင့်။ နောက်ထပ်မလာပါဘူး။ ဘာဖြစ်လို့လဲ "
" သြော် သူ အိမ်ပြန်မလာတာ လေး ငါး ဆယ်ရက်ရှိနေပြီမို့ပါ "
" ရှင်.... ဒီက ကိုချမ်းမြနဲ့ ဘာတော်ပါသလဲ "
" ကျွန်မက သူ့မိန်းမပါ "
မြတ်စွာဘုရား။ ကျွန်မခေါင်းသည် ချာလပတ်လည်သွားပါသည်။ တံခါးကိုလဲ လက်ဖြင့် တင်းတင်းဆုပ်လိုက်မိသည်။
" သြော် အင်း ... အင်း ဟုတ်ကဲ့ ဟုတ်ကဲ့ "
" သူ တောင်ကြီးသွားတာ ကြာလို့ လာမေးကြည့်တာပါ၊ ခါတိုင်း ဒီလောက်မကြာဘူး။ ပြန်ပါဦးမယ် "
" ကောင်းပါပြီ။ ကောင်းပါပြီ။ သူလာရင် ပြောပြလိုက်ပါ့မယ်။ အိမ်က စိတ်ပူနေတယ်လို့ "
အင်း .. ကိုချမ်းမြ၊ ကိုချမ်းမြ။ လူကတော့ မချမ်းမြပါကလား။ လက်စသတ်တော့ ဟိုအမျိုးသမီးက သူ့မိန်းမမှ မဟုတ်တာ။ အ လိုက်တဲ့ငါ့နှယ့်။ ဒီလောက်ပဲ လူကဲခတ်ညံ့ရသလား။ ကလေးအမေနဲ့ အပျိုကိုမှ ခွဲခြားလို့မသိဘူးလား။ အ ဦးဟဲ့၊ ထုံဦးဟဲ့၊ အမူအရာကိုကြည့်တာနဲ့မှ အဖြစ်မှန်ကို မရိပ်မိဘူးလား၊ မသိဘူးလား။ နင် ဒီလို အ ပုံမျိုးနဲ့ နင့်ယောက်ျားတော့ နင့်ကို ပစ်သွားတော့မှာပဲ။ အပြင်လောက ဘာဖြစ်လို့ဖြစ်မှန်းမသိ။ အိမ်တွင်းပုန်းနေတဲ့မိန်းမ။ သည်တစ်ခါ ခံရပေါ့။ ဟင်း ကိုချမ်းမြတော့လား လာပေစေဦး။
" မောင် ဒီနေ့ ကိုတင်မောင်ဦးတို့အိမ်က ဘုရားကိုးဆူဖိတ်ထားတယ်မဟုတ်လား "
" အေး ဟုတ်သားပဲ။ မေ့နေလိုက်တာ "
" မိက အ၀တ်အစားတောင် ရွေးထားပြီးပြီ "
" ဘာလဲ မိပါလိုက်ဦးမလို့လား"
" ဒါပေါ့။ ဘာလဲ မိကို မခေါ်ချင်ပြန်ဘူးလား "
" ခေါ်ချင်ပါသဗျာ၊ မိသဘောပါ၊ မိလိုက်မယ်ဆိုရင် သုံးဘီးငှားရဦးမှာပေါ့၊ ဒီအ၀တ်စားတွေနဲ့ "
" ငှားချင်လဲငှား၊ မငှားချင် ဒီအတိုင်းသွား မောင်၊ မိကတော့ လိုက်မှာပဲ "
" သြော် လိုက်ပါ ပြောနေမှပဲ၊ လိုက်လိုက်၊ တကတဲ သူ့မှာ ဘာဖြစ်နေတယ်မသိဘူး၊ သွားလေရာ တကောက်ကောက်လိုက်နေတော့တာပဲ "
" လိုက်ရမယ် မောင်ရေ၊ လိုက်ရမယ်၊ မောင်တို့ယောက်ျားတွေက လိုက်နိုင်မှ တန်ကာကျတာ၊ အိမ်တွင်းမှုအလုပ် သိမ်းထုပ်သေချာနေရုံနဲ့ မပြီးသေးဘူး၊ မောင်တို့ရဲ့အလိမ်အညာအလှည့်အပတ် မခံရအောင်၊ နှံ့စပ်အောင် သိထားမှ၊ နားလည်ထားမှ "
ကျွန်မက အ၀တ်အစားလဲရင်း ပါးစပ်မှ တတွတ်တွတ်ပြောနေမိသည်။
" ကဲ မရွှေမိ၊ စကားမရှည်နဲ့။ ပြီးရင် သွားမယ် "
ကျွန်မပြင်ဆင်လို့မှ စိတ်တိုင်းမကျသေးခင် မောင်က ပြောပြောဆိုဆို ရှေ့မှဆင်းသွားနှင့်သဖြင့် မနေ့ကမှရွေးထားသော ဒေါက်ဖိနပ် ဖြူဖြူဖွေးဖွေး အသစ်စက်စက်လေးကို ကိုင်တဲ့ကာ အပြေးအလွှား ဆင်းလိုက်လာခဲ့ရပါသည်။
ကိုင်း ... ဒီတစ်ခါ ကျွန်မသာလျှင် မယားအစစ်ဖြစ်ပါကြောင်း ပြည်ပေါ်မှာ ရွှေကြော်ငြာထုတ်နိုင်ဖို့ နောက်တော်ပါးမှ တစ်ဖဝါးမခွာ လိုက်ပါတော်မူရော့မယ်၊ ဗိန်းဗောင်းနဲ့ပို့စမ်းပါ ရွာစားရေ့။
---------------------------
မိုးမိုး (အင်းလျား)
တိုင်းရင်းမေ။ ၁၉၇၄။
crd 👉 ဝတ္ထုတိုလေးများ
Comments
Post a Comment