မုန်း၍မဟူ၊ အခန်း(၂၀)

ဝေသည် လမ်းထဲမှာ မောင်းထုသံ ကြားလိုက်၍ ရင်ထဲ ဖိုသွားကာ၊ လမ်းဘက်သို့ နားစွင့်လိုက်သည်။ ဦးစောဟန်မှာ ခါးထောက်လျက် ပြတင်းပေါက်နား သွားရပ် နားထောင်လေသည်။

“လူအများ ကြားသိစေ လိုက်သည်။ မည်သူမဆို လက်ရှိ သုံးစွဲ နေကြသော ငွေစက္ကူများ ထောင်တန်၊ ရာတန်မှ ကျပ်တန်အထိ တို့ဗမာအစိုးရ ရုံးတော်သို့ ယူလာကြရမည်။ တို့ဗမာအစိုးရ တံဆိပ် ခပ်နှိပ်ကြရမည်။ တံဆိပ်တော် မနှိပ်ဘဲ သုံးစွဲခြင်းကို ဖမ်းဆီးမိက ကြီးလေးသည့် အပြစ်ဒဏ် ပေးမည် ...”

ဦးစောဟန်သည် မျက်နှာ ပျက်ပျက်ဖြင့် ဝေ့နားသို့ လျှောက်လာကာ ဟူးခနဲ သက်ပြင်းကြီး မှုတ်ထုတ်လိုက်၏။ ထို့နောက် ဝေ့အား သရော်သော မျက်နှာဖြင့် “သခင်နေဦး အမိန့် မှတ်တယ်” ဟု ရယ်ပြောလိုက်သည်။

“အစ်ကိုကြီး ပုသိမ်က ခုထက်ထိ ပြန်မလာသေးဘူးတဲ့။ တစ်နေ့က သန်းသန်း ပြောသွားတော့ ပုသိမ်ရောက်မယ့် ဗမာ့လွတ်လပ်ရေး တပ်မတော်ကို သွားကြိုနေတယ် ဆိုလား ...”

သခင်နေဦးမှာ မြို့ပေါ်ရှိ အစိုးရ အရာရှိများ မဆုတ်ခွါခင်ပင် ပုသိမ်သို့ ထွက်သွားလေသည်။ ပုသိမ်၌ ဘီအိုင်အေ တပ်များနှင့် တွေ့ရန် တိတ်တဆိတ် အစီအစဉ် ရှိလေသည်။

အစိုးရများ ဆုတ်ခွါ သွားသွားချင်း မြို့ကို သခင်အဖွဲ့က သိမ်းလိုက်သည်။ မြို့ကို သိမ်းထားသည့် မြို့အုပ်ချုပ်ရေး အဖွဲ့မှ သခင်များသည် အာဏာ လက်ကိုင်ဖြင့် မိုးမမြင် လေမမြင် ဖြစ်ကုန်ကာ အမိန့် အမျိုးမျိုး ထုတ်နေကြ၏။

ဦးစောဟန်မှာ ဖြုန်းခနဲ ကစဉ့်ကရဲ ဖြစ်သွားသော တိုင်းပြည် အခြေအနေ အရ အလုပ်တိုက်ကို ဖျက်သိမ်း လိုက်ရကာ မော်လမြိုင်ကျွန်းတွင် သောင်တင် နေတော့သည်။

အစိုးရများ ဆုတ်ဆုတ်ချင်း သခင်များက ဦးစောဟန် လက်ထဲမှ မျက်နှာဖြူပိုင် ငွေများကို လာသိမ်းကြရာ၊ လက်ကျန် ရှိသမျှ အားလုံး အပ်လိုက်လေ၏။

ဦးစောဟန်မှာ သခင်များ မြို့သိမ်း ပြီးသည့်နောက် အိမ်ပြင်သို့ပင် မထွက်တော့ချေ။ အိမ်ထဲ၌သာ နေလေ၏။ အားလုံး အဆက်ပြတ် ကုန်သည့်အတွက် ဝေ့ရောဂါ အတွက် ရှေ့ရေး ပူပန် နေလေသည်။ သောက်ဆေး၊ ထိုးဆေးများ လုံလောက်ပါ့ မလားဟု ကြောင့်ကြစိုးရိမ် နေရသည်။

ဆရာဝန်မှာ အစိုးရများ ဆုတ်ခွါသွားသည့် အထဲတွင် လိုက်မသွား ကျန်ရစ်ခဲ့၍၊ ဝေ့အတွက် တော်သေးရဲ့ ဟု အောက်မေ့ရသည်။ ဆရာဝန်နှင့်သာ အပေါင်းအသင်း လုပ်လျက် အိမ်ထဲတွင် ခပ်ကုပ်ကုပ် နေလေ၏။

ဝေ့မှာ ရန်ကုန်တွင် ဂျပန်ဗုံးချပြီဟု သိသိချင်း ထားထားတို့ ရန်ကုန်က ပြောင်းသွားသည့် အတွက် စိတ်သက်သာရာ ရသည်။ ရန်ကုန်၌ လူပေါင်း မြောက်မြားစွာ သေကျေ ပျက်စီးသည့် သတင်းမှာ နှလုံးကို ထိခိုက်ကာ သွေးပြန်ပါ နေလေသည်။ အိမ်၌ ထမင်းချက် ကုလားကြီး ပြန်သွားသည်။ မောင်မြနှင့်ပင် စခန်းသွား ကြရသည်။ မီးဖိုချောင်ကိစ္စ ချက်ရေး ပြုတ်ရေးများကို ဝင်ပါ စီမံပေးရသည်။

ရှိသည့် ခွန်အားလေးနှင့်ပင် အိမ်ထဲ၌ လှုပ်ရှားသွားလာ စီမံပေးနေလျက်၊ ဦးစောဟန်၏ အနောက်နိုင်ငံ စနစ်များ ဖရိုဖရဲ မဖြစ်ရစေအောင် ထိန်းသိမ်းထား လေသည်။ “ကို့” အတွက် “ကို” ကြိုက်တတ်သည့် ဝီစကီ အရက် ပုလင်းများနှင့် ငါးသုံးလုံး စီးကရက်ဘူးများကို စုဆောင်း ဝယ်လှောင်ထား လိုက်သည်။ နောင် ဝယ်မရမှာကို စိုးရိမ်ကာ ဆပ်ပြာမွှေး၊ သွားတိုက်ဆေး၊ မုန့်သေတ္တာ၊ ထောပတ် စသော အိမ်သုံးပစ္စည်း များကို သေတ္တာနှင့် ရိုက်လှောင်ထား လေသည်။ “ကို” နှင့် ဆေးပေါ့လိပ် မဖြစ်။ “ကို” နှင့် ကောက်ညှင်းပေါင်းနှင့် မဖြစ်။ “ကို့” အတွက်က အရေးကြီးသည်။ နိုင်ငံခြား ပစ္စည်းများ ပြတ်မှာ၊ ငတ်မှာ “ကို့” အတွက် သနား နေလေသည်။

ဆရာဝန် ညနေပိုင်း ရောက်လာမှ မြို့ရေးရွာရေး သတင်းများ ပြောပြ၍ ကြားသိ ကြရသည်။ သခင်များသည် ခြောက်လုံးပြူး ခါးထိုးကာ ရုံးထိုင် နေကြ၏။ မြို့မှာ မငြိမ်မသက်ဖြင့် ကျီးလန့်စာစား ဖြစ်နေလေသည်။

ဆရာဝန်မှာ ဝေ့ကို ဆေးထိုးပြီး အရက်ခွက်ကို ကိုင်လိုက်ကာ၊ ဦးစောဟန်နှင့် ခေါင်းချင်းဆိုင်လျက် တိုးတိုး တိုးတိုး ပြောကာ အရက်သောက် ကြသည်။ မြို့ထဲတွင် ဝီစကီပုလင်း ဝယ်မရတော့ချေ။ ဦးစောဟန်ဆီ လာမှ သောက်ရလေသည်။

ဗမာ့လွတ်လပ်ရေး တပ်မတော် ဆိုက်ရောက်လာသည်။ ကိုနေဦး ပါမလာ၍ ဝေ့မှာ ကိုနေဦးအတွက် စိတ်ပူနေသည်။ ကိုနေဦးမှာ ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီးနှင့် အထက်သို့ လိုက်သွားကြောင်းကို လူကြုံနှင့်တစ်ဆင့် သိကြရသည်။ ဗမာ့လွတ်လပ်ရေး တပ်မတော်နှင့်အတူ ဂျပန်စစ်တပ်မှ ဂျပန်စစ်ဗိုလ်များ ပါလာရာ၊ တို့ဗမာအစိုးရ ရုံးတွင် ဂျပန်အလံကြီး လွှင့်ထူကြလျက် ဂျပန်ကို မာစတာ ခေါ်ကြ၏။

ဝေ့မှာ ဂျပန်တွေ လာသည်ဟုသာ သိလိုက်ရကာ မမြင်ဖူးချေ။ မကြာမီ ရန်ကုန်၌ ဂျပန်က ပါးရိုက်နေသော သတင်းဆိုးကြီး ပျံ့နှံ့လာလေသည်။ ဦးစောဟန်မှာ ရေဒီယိုကို ဝှက်ထား လိုက်သည်။ ဂျပန်ဆိုလျှင် ကျောထဲက စိမ့်လာသည်။

ကိုနေဦး ပြန်မရောက်မီ သန်းသန်းမှာ မျက်နှာမြင်နေရာ၊ ဝေသည် သန်းသန်းထံသို့ သတင်းမေး သွားချင်နေသည်။ သန်းသန်းထံသို့ သွားနိုင်ရန် သူ့ကိုယ်သူ နေကောင်းသလို လုပ်ပြနေရ၏။ နေကောင်းသလို ဆိုသည်မှာ လန်းနေရသည်။ ရွှင်ရွှင်ပျပျဖြင့် ဖျတ်ဖျတ်လတ်လတ် အမူအရာလေး ရှိနေရ၏။ စိတ်ကိုဆောင်ကာ ရွှင်ပျ ဖျတ်လတ် ရသည်မှာ သိပ်မသက်သာလှ။ လှုပ်ရှားခြင်းများလျှင် မောလာ၍ လူမသိအောင် တိတ်တခိုး မောရလေသည်။

မသွားမီ တစ်ရက်နှစ်ရက် ကြိုတင်လျက် မမောမပန်း လန်းပြနေပြီးမှ တစ်ညနေတွင် “ကိုရယ် သန်းသန်း မျက်နှာမြင်နေလို့ သွားကြည့်ပါရစေ” ဟု ခွင့်တောင်း လိုက်လေသည်။

ဦးစောဟန်မှာ မျက်မှောင်ကြုတ် သွားလျက် “လမ်းလျှောက်နိုင်ရဲ့လား ဝေရယ်၊ မောနေပါဦးမယ်” ဟု ဆိုကာ ဝေ့ကျန်းမာရေး အခြေအနေကို စူးစမ်း စစ်ဆေးသော မျက်လုံးကြီးများဖြင့် တစ်ကိုယ်လုံး သိမ်းကျုံးကြည့် လိုက်သည်။ ဝေက ပြုံးလိုက်ကာ “နီးနီးလေးပဲဟာ၊ ဝေ လျှောက်နိုင်ပါတယ်၊ မမောပါဘူး” ဟု ပြောလိုက်သည်။

ဦးစောဟန်မှာ ဖြစ်ပါ့မလားဟု တွေးတော ပူပန်သော အမူအရာများဖြင့် ဝေ့အား ကြည့်နေ၏။ ဝေ့မှာ ရင်ထဲက ဖိုလျက် ပြုံးနေလေသည်။ ဦးစောဟန်သည် ခေါင်းကို ခါလိုက်ကာ “ဟိုကျ အိမ်ပေါ် တက်ရမှာ၊ မဖြစ်ပါဘူး ဝေရယ်၊ မသွားပါနဲ့” ဟု ဆိုလေသည်။

“အိမ်ပေါ်မှာ မဟုတ်ဘူး ကိုရဲ့။ မျက်နှာမြင်တာ အောက်မှာပါ၊ ဝေ သွားကြည့်ပြီး ပြန်လာခဲ့မှာပဲ၊ တစ်အောင့်ပါ”

ဝေသည် စိတ်အား ထက်သန်သော အမူအရာလေးဖြင့် ပြောဆို နေလေသည်။ ဝေ့မျက်လုံးမှာ မျှော်လင့်ခြင်း အပြည့်ဖြင့်။ ဝေ့နှလုံးမှာ တဆတ်ဆတ် ခုန်နေလေသည်။

ဦးစောဟန်မှာ တွေ၍ နေပြီးလျှင်၊ စိတ်ထဲ၌ သဘောမတူဘဲ မကောင်းတတ် လွန်း၍သာ ခွင့်ပြု လိုက်ရတော့သည်။

“သွားလေ၊ သိပ်ကြာကြာတော့ မနေနဲ့၊ ဘာကျွေးကျွေး မစားနဲ့နော်။ မယ်အေး ခေါ်သွား၊ စကားလည်း သိပ်မပြောနဲ့ဦးနော်၊ နနွင်းနံ့တွေလည်း မခံနဲ့၊ ချောင်းဆိုး လာဦးမယ်၊ ဇဝက်သာ ပုလင်းလေး ယူသွား”

ဝေ့မျက်နှာလေးမှာ ကြည်လင်တောက်ပ သွားကာ ဝမ်းသာလွန်း၍ လက်ကလေးများ တုန်နေလေသည်။ ဦးစောဟန်မှာ ဝေ့ကို အိမ်ဝအထိ လိုက်ပို့သည်။ ဝေက ရှေ့က တဖြည်းဖြည်း လျှောက်သွားလျက်၊ မယ်အေးက နောက်မှ သွားကြပုံကို မျှော်ကြည့်နေသည်။ ဝါးခြမ်းပြားလေး ထောင်ထားသလို ဝေ၏လူစဉ်မမီသော ကိုယ်လုံးကလေးကို နောက်ကနေ ကြည့်လျက် သက်ပြင်းကြီး ချကာ အိမ်ထဲသို့ ဝင်သွားလေ၏။

“ဟယ်- ဝေတို့ လာတယ်ဟဲ့” ဟု ကြီးတော်သက်က ဝမ်းသာအားရ ဆီးကြိုသည်။ ဝေ့မှာ အိမ်ထဲတွင် နေစဉ်က သည်လောက် အားကုန်ခန်းနေမှန်း မသိခဲ့။ လမ်းထွက်လာမှ တလှပ်လှပ်ဖြင့် မောနေရင်း အားအင် မရှိတော့မှန်း သိလာလေသည်။

ထမင်းစားခန်း ထဲ၌ ကွပ်ပျစ်ပေါ်တွင် သန်းသန်းကို တွေ့ရသည်။ သန်းသန်းမှာ အိပ်ရာပေါ် လှဲလျက် တစ်ကိုယ်လုံး ဝင်းထိန်နေကာ ခေါင်းပေါင်း ပေါင်းထားသည်။ သန်းသန်း ဘေးနားရှိ ဖာထဲတွင် အဝတ် အုပ်ထည့်ထားသော ကလေးကို အဝတ်သွားလှပ် ကြည့်လိုက်သည်။ နီထွေးသော ကလေး မျက်နှာလေးကို တွေ့ရ၍ “သန်းသန်းရယ်၊ အစ်ကိုကြီးနဲ့ တူတယ်နော်” ဟု ဝမ်းသာအားရ ပြောလိုက်လေသည်။

သန်းသန်းသည် သွားများ ဖွေးနေအောင် ဖော်ပြုံးနေ၏။

“သူက သမီးလေး လိုချင်တာ မဟုတ်ဘူး ဝေရဲ့၊ သားလေး လိုချင်တာ” ဟု ပြောလိုက်သည်။

ဝေသည် ကွပ်ပျစ်ပေါ်တွင် ထိုင်လိုက်၏။

“နေမကောင်းဘဲနဲ့ ဘာလုပ်လာရလဲ ဝေဝေရယ်၊ သန်းသန်း နေကောင်းပါတယ်” ဟု သန်းသန်းက ပြောနေသည်။ မီးနေသည် ကိုယ်မှ နနွင်းနံ့များဖြင့် ဝေ့မှာ ချက်ချင်း ခေါင်းထဲက အုံလာသည်။ ကြီးတော်သက်မှာ ကိုနေဦးအတွက် စိတ်မအေးဘဲ၊ ပူပန်စကားများ ပြောနေ၏။

ကိုနေဦးမှာ တပ်မတော်နှင့် အထက်သို့ ပါသွားကြောင်းသာ သိကြရကာ၊ ဘယ်ရောက်နေမှန်း မသိရပေ။ အိမ်ရှေ့ခန်း၌ လူဝင်လာသံ ကြား၍ ကြီးတော်သက် ထွက်ကြည့်ပြီး “ဘိုးမြိုင်၊ မင်းနှယ်ကွယ် ပျောက်ချက်သား ကောင်းလိုက်တာ၊ ပြန်လာသေးသကိုး” ဟု အံ့ဩစွာ အော်ပြော လိုက်လေသည်။

ဝေသည် နေရာမှ ရုတ်တရက် ထလိုက်ကာ “ဦးလေးဘိုးမြိုင်” ဟု တလျက် အပြင်ခန်းသို့ ထွက်လာလေသည်။ ဝေ့ကိုမြင်သော ဦးလေးဘိုးမြိုင်မှာ မျက်လုံးကြီး ပြူးသွားလျက် မျက်စိမျက်နှာ ပျက်ပျက်ဖြင့် “ဟင် ... ဝေဝေ ... ကလေး ဘာဖြစ်နေသလဲ” ဟု တုန်တုန်ယင်ယင် လှမ်းမေးနေသည်။ ဝေသည် ဦးလေးဘိုးမြိုင် နားသို့ ကပ်သွားသည်။ ဝေ့ပခုံးလေးကို ဆီး၍ ကိုင်လိုက်ရာ ဝေ့မှာ မချုပ်တည်းနိုင်ဘဲ မျက်ရည်များ ဝဲလာလေသည်။

“ထိုင်စမ်းဟယ် ... ထိုင်စမ်း၊ ကလေး အိမ်ထောင်ကျတယ် ဆိုတာ ဦးလေး ပြန်ရောက်မှ သိရတယ်၊ အစ်ကိုဆုံးပြီးမှ တောင်တွင်းကြီး လာတဲ့ မိတ်ဆွေ တစ်ယောက်က အစ်ကိုဆုံးတာ ပြောလို့ ပုပ္ပါး သွားခါနီး သိရတယ်။ ဦးလေးလည်း သွားချင်ရာသွား နေလိုက်တာ နှံ့နေတာပဲ၊ တိုင်းပြည် ပျက်ခါနီးမှ ပြန်လာရတယ်။ ဦးလေး ကျိုက်ပိရောက်တာ အင်္ဂလိပ် မပြေးခင်ကလေးပဲ”

ဝေ့ကို ကုလားထိုင်၌ အထိုင်ခိုင်းကာ စကားဆုံးမှ ဝေနှင့် မျက်နှာချင်းဆိုင် ကုလားထိုင်တွင် သွားထိုင်သည်။

ဦးလေး ဘိုးမြိုင်မှာ ဝေ၏ အချစ်ဆုံး ဦးလေးဝမ်းကွဲ ဖြစ်သည်။ ဦးစောဟန်နှင့် အသက်ချင်း မတိမ်းမယိမ်းပင် ရှိမည်။ ဝေ အိမ်ထောင် မကျမီက တောင်တွင်းကြီးက ဆေးဆရာ တစ်ယောက်နှင့် အထက်သို့ လိုက်သွားရာ သတင်း မကြားရဘဲ မြုပ်နေလေ၏။ သားမယားမရှိ တစ်ကိုယ်တည်း အစ်မနှင့်နေကာ အထက်မသွားခင် ကျိုက်ပိတွင် ဆေးဆရာ လုပ်နေလေသည်။

“ဦးလေးတို့များ နေနိုင်လိုက်တာ ...” ဟု ဝေက ငိုသံလေးဖြင့် အပြစ်တင် နေလေသည်။

“ဆရာ သွားရာလိုက်ပြီး ဆေးပညာ သင်နေလို့ ကြာနေတာပါ။ ကဲ ကလေးအဖြစ်ကို ဦးလေး ပြောစမ်းပါဦး၊ ကတဲ လူရုပ်တောင် မပေါ်တော့ပါကလား၊ ဘာရောဂါတုံး ကလေးရယ်”

“ဘာရောဂါရမလဲ၊ မောင်ဘိုးသိန်း ရောဂါမျိုးပေါ့ကွယ်။ ချောင်းဆိုး သွေးပါလေ၊ ခုတော့ ဆေးထိုး နေရတယ်”

ကြီးတော်သက်က ပြောပြီး စကားဖြတ်ချင်၍ ”သန်းသန်းလည်း မျက်နှာမြင် နေတယ်။ မောင်နေဦးလည်း မရှိဘူး။ တပ်မတော်နဲ့ ပါသွားတာ ပြန်မလာသေးဘူး။ မိန်းကလေးကွယ့်၊ ချစ်စရာလေး” ဟု ဆက်ပြောလိုက်သည်။

“ဪ ... ဪ” ဟု ဆိုကာ ဝေ့ကို “ဆေးထိုးတော့ သက်သာရဲ့လား” ဟု မေးပြန်သည်။ ဦးဘိုးမြိုင်မှာ ဝေ့ဝေဒနာကို ဆေးဆရာ မျက်စိဖြင့် ဝေဖန်ကာ စစ်ဆေးလိုပေသည်။ ဝေ့မှာ မည်သူက မေးမေး၊ သက်သာပါတယ် ဟုချည်း ပြောခဲ့သူ ဖြစ်သည်။ သည်မေးခွန်းမျိုးကို ဖြေနေကျအတိုင်း မဖြေ။

“ဦးလေးရယ် ... မသက်သာပါဘူး။ ဒီရောဂါက မသေမချင်း ထိုးနေရမှာပါ” ဟု တုန်ယင်သော အသံလေးဖြင့် ရင်ထဲရှိတာ ဖွင့်အန် ညည်းပြော လိုက်သည်။

ဒေါ်သက်မှာ မျက်နှာကြီး ပျက်သွားကာ ဝေ့အား လှမ်းကြည့်လျက် ရင်ထဲ နောက်သွား၏။

“မဟုတ်တာကွယ်၊ မသက်သာရင် မထိုးနဲ့လေ။ ကလေးတို့က တယ်ခေတ်ဆန် ကြတာကိုး၊ တစ်ဆိတ်ရှိ ဆေးထိုးချင်တာပဲ။ ဦးလေးသာ ကုရင် ဒီရောဂါ ဆေးတောင် မတိုက်ဘူး။ ဓာတ်စာကျွေး ကုတာနဲ့ ပျောက်တယ်။ ဘယ့်နှယ်လဲ ... ဦးလေး ကုပေးမယ်၊ ဦးလေးက အပ်နဲ့ မကုဘူး။ ဓာတ်နဲ့ ကုမှာ”

ဝေ့မှာ မိမိအသက်ကို ဦးလေးဘိုးမြိုင် လက်ထဲသာ ပုံအပ် လိုက်ချင်သည်။ နေ့စဉ်နှင့်အမျှ ဆေးချည်း ထိုးနေရကာ လူမှာ တစ်နေ့ထက် တစ်နေ့ ပိန်ချုံးလျက် တစ်နေ့ထက် တစ်နေ့ အားနည်း လာခြင်းကို ကိုယ့်ဟာကို အသိဆုံးဖြစ်၍၊ အပြောင်းအလွှဲ ကုကြည့်ချင်သည့် စိတ်ကလေး ဖြစ်ပေါ်လာမိသည်။ ဖခင်ရှိစဉ်က ဦးလေးဘိုးမြိုင် သွေးပါဖူးရာ ဆေးမထိုးဘဲ ဓာတ်စာ များများစားပြီး ပျောက်သွားခြင်းကို ကိုယ်တွေ့မျက်မြင် ဖြစ်ခဲ့၏။

ဦးလေးဘိုးမြိုင်မှာ ဓာတ်ဆရာ ဖြစ်သည်။ တောင်တွင်းကြီးက ပြန်လာမှ လေးလုံး ခြောက်ဖက်ကြီး ဖြစ်လာသော ကိုယ်ခန္ဓာကြီးမှာ ကျန်းမာရေး ပြည့်စုံလျက် အားရစရာ ကောင်းနေ၏။ အသက်သာ အသေခံလျှင် ခံရမည်။ ဦးလေးဖိုးမြိုင်နှင့် ကုဖို့ရာ မဖြစ်နိုင်သော အခြေအနေကို တွေးကာ စိတ်ထဲ နာကျင်ပြင်းပြ သွားလေ၏။

“ဘယ့်နှယ်လဲ ... ကုမလား၊ ကုပါ ကလေးရယ်၊ ဦးလေး တာဝန်ယူ ပါတယ်”

ဒေါ်သက်မှာ မျက်မှောင်ကြုတ်လျက် မျက်လုံးမှာ ငိုင်နေသည်။ ဦးလေးဘိုးမြိုင်မှာ စိတ်ပျက် လက်ပျက်ဖြင့် တွေမှိုင်နေသော ဝေ့ကို အားမလို အားမရဖြင့် “ကလေး ... ဆေးထိုးတာ ဖြတ်လိုက်တော့၊ ဦးလေးလည်း ရွာမပြန်ဘူး၊ ကလေး မပျောက်မချင်း မပြန်ဘူးလေ၊ ကလေးကို ကုပြီးမှ ရွာပြန်မယ်၊ ဘယ့်နှယ်လဲ” ဟု တွင်တွင်သာ ပြောနေ၏။

ဝေသည် ဦးလေးဘိုးမြိုင်ကို မကြည့်ဘဲ ခေါင်းကိုယမ်းကာ “မဖြစ်ပါဘူး ဦးလေးရယ်၊ ဝေ့ကံနဲ့ဝေ ရှိပါစေတော့” ဟု ဆိုလျက် နေရာမှ ထသွားလေသည်။ ဦးလေးဘိုးမြိုင်၏ မျက်ဝန်းမှာ အဆမတန် ကျယ်သွားလျက် နားမလည်သည့် အတိုင်း ဝေ ထသွားခြင်းကို တမ်းတမ်းစွဲ လိုက်ကြည့်နေစဉ်၊ ဒေါ်သက်မှာ ဦးဘိုးမြိုင်အနား ကပ်သွားကာ လက်တို့လျက် လေသံဖြင့် တိုးတိုးတိုးတိုး ပြောနေလေသည်။

“သန်းသန်း၊ ဝေ ပြန်မယ်နော်၊ အစ်ကိုကြီး ရောက်ရင် မယ်အေးကို ပြောလိုက်နော်၊ မေမေ့ဆီက စာလည်း မရဘူး၊ မေမေ နေကောင်းရဲ့လား မသိဘူး၊ မမထားတို့ သတင်းလည်း ဘာမှ မကြားရဘူး”

ဝေသည် သန်းသန်းအား နှုတ်ဆက်ပြီး စကားရပ် ပြောနေ၏။ သန်းသန်းမှာ ဝေ၏ အားနည်းနေသော အသံကလေးကို ဂရုထားမိလျက် စိတ်ထဲ လေးလံကာ ဝေ့ကို စိုက်ကြည့် နေလေသည်။

“လမ်းတွေက အဆက်ပြတ် သွားတော့ ဘယ်လာဦးမလဲ ဝေဝေ၊ နောက်တော့ လာမှာပေါ့၊ ပူမနေပါနဲ့။ ကိုနေဦးလည်း ပြန်လာမှာပဲ၊ လာတော့ ပြောလိုက်မယ်၊ ပြန် ... ပြန်”

ဝေသည် သန်းသန်းနားမှ လှည့်ထွက် လာခဲ့သည်။ ဧည့်ခန်းတွင် ခေါင်းချင်းဆိုင်လျက် တီးတိုး ပြောနေကြသော ဦးလေးဘိုးမြိုင်နှင့် ဒေါ်သက်တို့သည် စကားပြောရပ် လိုက်ကြကာ ကိုယ်ရှိန်သတ်လျက် ဝေ့ကို လှမ်းကြည့် လိုက်ကြသည်။

“ဦးလေး၊ ဝေဝေ ပြန်တော့မယ်”

ဦးလေးဘိုးမြိုင်မှာ ဒေါ်သက်ထံမှ ကြားရသိရ၍ အဓိပ္ပါယ် နားလည် ရှင်းလင်းသွားသည့် မျက်စိမျက်နှာဖြင့် “ကလေး ပြန်တော့မယ်လား၊ အေးအေး ... ပြန်” ဟု သူ့အသံကိုသူ ထိန်း၍ ပြောနေသည်။

ဦးလေးဘိုးမြိုင်၏ ထိန်းပြီး ပြောလိုက်သော အသံမှာ အသည်းထဲ အေးစက်သွား၏။ တစ်ထိုင်ချင်း ပြောင်းလဲ သွားပုံများမှာ ရင်ထဲကို ဟာသွားလေ၏။ “ငါ့အကြောင်း ဦးလေးဘိုးမြိုင် သိသွားပြီ” ဟု ရင်ခေါင်းထဲ ဆို့တို့တို့ဖြင့် မျက်နှာ မထားတတ် သလောက် တင်းကျပ် သွားလေ၏။

ဝေသည် ခြေလှမ်း မှားမတတ်ဖြင့်ပင် အိမ်ဝသို့ ရောက်လာခဲ့သည်။ ဒေါ်သက်သည် ဝေ့ကို အိမ်အဝအထိ လိုက်ပို့ကာ “နေကောင်းအောင် နေဟယ်” ဟု မှာလိုက်လေ၏။

ဦးစောဟန်သည် ဝေ၏ ညှိုးလာသော မျက်နှာကလေးကို ဒက်ခနဲ မြင်မိသည်။ ဝေ့မျက်နှာ မကောင်းလျှင် ရင်ထဲ အနှောင့်အယှက် ဖြစ်တတ်သည့် အတိုင်း စိတ်ညစ်သွားသည်။ ဝေ့စိတ်ကို အနှောင့်အယှက် ဖြစ်အောင် ဘာများဖြစ်လာ ပြန်သလဲဟု ရင်ထဲ၌ ထိတ်သွားသည်။

“သန်းသန်း နေကောင်းရဲ့လား ဝေ”

ဝေသည် ဆိုဖာပေါ်တွင် ထိုင်ကာ ရုတ်တရက် မဖြေနိုင်။ နားပြီးမှ “နေကောင်းပါတယ်” ဟု ပြောသည်။

“ဘယ်သူနဲ့ တွေ့ခဲ့သေးသလဲ”

ဦးစောဟန်၏ မျက်နှာကို လှမ်းကြည့်လိုက်ကာ ဦးလေးဘိုးမြိုင်နှင့် တွေ့ခဲ့ကြောင်းကို ဖွင့်ပြောချင် လာသည်။ ဝေသည် မရဲတရဲဖြင့် ရှေ့တိုးရန် ဟန်ပြင်လျက် နေ၏။

“ဦးလေးဘိုးမြိုင်နဲ့ တွေ့ခဲ့တယ်”

“ဘယ်သူလဲ၊ ဝေပြောတဲ့ ဆေးဆရာ ဆိုတာလား”

ဝေသည် ခေါင်းညိတ်ပြ၏။ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်ကြသည်။ ဦးစောဟန်သည် ဝေ တစ်ခုခု ပြောစရာ ရှိမှန်းကို ရိပ်မိလာသည်။ ဘာများလဲဟု တွေးထင်လိုက်၏။

“ပြောပါဦး၊ ဆေးဆရာက ဘာပြောလိုက်သလဲ”

ဦးစောဟန်မှာ ဝေနှင့် မျက်လုံးလွှဲ လိုက်သည်။ ဝေသည် စိုက်လျက် ကြည့်လျက် တွေနေပြီးနောက် ပြုံးလိုက်၍ အပြုံးတွင် မဲ့ယောင်ယောင် ကလေးများ ဖက်နေလေသည်။

“ဆေးဆရာက ဝေ့ကို ဆေးကုပေးမယ် ပြောတာပေါ့”

ဦးစောဟန်သည် “ဟဲ ... ဟဲ” ဟု ရယ်လိုက်၏။ ထင်ချက်နှင့် ကိုက်နေသဖြင့် ပြက်ရယ်ပြုသော ရယ်သံမှာ ဝေ့ရင်ထဲ အောင့်သွားလေသည်။

“ဒီတော့ ဝေက ဘာပြောခဲ့ သလဲကွယ်”

ဦးစောဟန်သည် ဝေ့ကိုကြည့်လျက် ဝေ့သဘောထားကို အကဲခတ်နေသည်။ မြန်မာ့ဆေးများ စိတ်လည် လာသလားဟု အမူအရာတွင် ရှာကြည့်ရသည်။ စိတ်အား ထက်သန်နေသော အရိပ်အယောင် မတွေ့ရ၍ ရင်အေးရလေ၏။ ဝေသည် အသက်မဝင်သော မျက်နှာဖြင့် ဦးစောဟန်အား ခြောက်သွေ့သွေ့ အေးစက်စက် ကြည့်ရှု နေလေသည်။ ဦးစောဟန်မှာ ထိုအကြည့်မျိုးကို မကြိုက်၍ ကြာရှည်စွာ ရင်မဆိုင်ဘဲ တစ်နေရာသို့ မျက်နှာလွှဲ သွားသည်။

“ဝေက ပြောခဲ့ပါတယ်၊ ဝေ့ကံနဲ့ဝေ ရှိပါစေ၊ မကုဘူးလို့ ပြောခဲ့ပါတယ်”

ဝေသည် ပြောပြီး မျက်လွှာချလိုက်ကာ ငြိမ်သက်စွာပင် ရင်ထဲမှ ခုန်နေသံကို ပြန်နားစိုက် နေလေသည်။ ဝေ့အသံမှာ ဝမ်းနည်းသံလေး အဖျားခတ် သွားရာ ဦးစောဟန်မှာ မျက်နှာပျက် သွားလျက် ဝေ့ရှေ့၌ လာရပ်လိုက်သည်။

“ဝေ ဘယ်လို ပြောတာလဲ၊ ဆရာဝန်နဲ့ ကုနေတာ မကြိုက်လို့လား ဟင်”

ဝေသည် မျက်လွှာကလေး ပင့်ကြည့်လျက် “မကြိုက် မရှိပါဘူး ကိုရယ်” ဟု တောင်းပန်သံ ကလေးဖြင့် ပြန်ပြောလေသည်။ ဦးစောဟန်မှာ ဝေ့အတွက် စိတ်မချမ်းမသာ ဖြစ်သွားမိသည်။ ဝေ၏ စိတ်အား လျှော့ထားသော လက္ခဏာနှင့် ဆို့နစ်သော အသံကလေးမှာ ရင်ထဲ ဂယက်ရိုက်ထ သွားသည်။

ဦးစောဟန်မှာ အင်္ဂလိပ် မပြေးမီက ဝယ်ရသမျှ ထိုးဆေးများကို ဘယ်လောက်ဈေး ဆိုဆို သိုလှောင် စုဆောင်း ထားလိုက်ကာ၊ ဆရာဝန်အား အရက်ကလေး လှိုင်လှိုင်တိုက်လျက် အကြိုက်ပေး ပေါင်းနေရ၏။ ဆရာဝန် မရှိမှာ အကြောက်ဆုံး ဖြစ်သည်။ ဆရာဝန် မလာမှာ အလန့်ဆုံး ဖြစ်သည်။ ဆရာဝန်နှင့် ဝေးလျှင် ခုချက်ချင်း အသက်ပျောက် သွားတော့မလောက် ဝေ့အတွက် စိုးကြောက် ပူပန် နေရသည်။ သည်ရောဂါမျိုး ဆရာဝန်က လွဲ၍ ဘယ်မြန်မာဆရာမှ မကုတတ်ဟု တစ်ထစ်ချ တွက်ထားသည်။ ဝေ့ကို ဆရာဝန်လက်ထဲ အပ်ထားသော်လည်း သေမှာပဲဟုတော့ တွက်ထားလေသည်။ ဝေ့အခြေအနေမှာ တစ်နေ့ထက် တစ်နေ့ အားမရစရာ၊ မတိုးတက်တာလည်း သိ၏။ တစ်နေ့ထက် တစ်နေ့ ဆုတ်ယုတ် နေတာလည်း မြင်၏။ မတိုးတက်ဘဲ ဆုတ်ယုတ်နေသည့် အကြောင်းရင်းကို အဖြေရှာသည်မှာ

“ရောဂါ အဆောက်အအုံက ကြီးလို့ပဲ” ဟု ကိုယ့်အဖြေနှင့်ကိုယ်၊ ကိုယ့်အသိနှင့်ကိုယ် ဆေးတွေ ထိုးနိုင်လွန်းလို့ ဆရာဝန်ကြောင့် သည်လောက် ခံနေပါကလား ဟုသာ အတွေးအခေါ် ရှိလျက်၊ သည်လောက် ဆေးထိုးနေလျက် မသက်သာ ပါကလားဟု အတွေး မခေါင်တတ်ပေ။

အလုပ်မလုပ်ဘဲ အိမ်တွင် နားနေခိုက် ဝေ့ကို နေ့စဉ်နှင့်အမျှ အကဲခတ် နေရသည့် အလုပ်ကြီး တစ်လုပ်ဖြင့် စိတ်ပင်ပန်း နေလေသည်။ ဝေ့ကိုလည်း သနားလှသည်။ ဝေ့ကို ကြည့်ကြည့်ပြီး သက်ပြင်းချသည်။ လူမမာလို ဘယ်တော့မှ မနေဘဲ ထူထူထောင်ထောင် နေလျက်၊ ဘယ်အခါ ကြည့်ကြည့် သပ်သပ်ရပ်ရပ်ကလေး တွေ့ရကာ ငြိမ်ငြိမ်သက်သက်လေး၊ အေးအေးဆေးဆေး နေတတ်ပုံကြောင့် သနားစရာ၊ ချစ်စရာ ကောင်းနေလေသည်။

“ဆရာဝန်က လွဲပြီး ဘယ်သူကု နိုင်မှာလဲ ဝေရယ်၊ မြန်မာဆေး ဆိုတာ နှစ်ဆွေးနှစ်ချို့ ပိုးကိုက်လောက်ထိုး အမြစ်အရွက်တွေကို မဆလာလို သံဆုံထဲ စုထောင်းပြီး ညစ်ညစ်ပတ်ပတ် ဖော်သောက်တဲ့ တစ်ပဲခြောက်ပြား ဆေးတွေ ဝေရဲ့၊ ဘယ်လို အစွမ်းအာနိသင်များ ရှိဦးမှာလဲ။ အင်္ဂလိပ်ဆေးက ကမ္ဘာအရပ်ရပ်က သုံးရတာ၊ ဘယ်လောက် သန့်ရှင်းသလဲ၊ ဆေးဖော်တာ လက်နဲ့တောင် ထိတာ မဟုတ်ဘူး။ ဝေ မြင်တယ် မဟုတ်လား၊ ထိုးဆေး ဖန်ပုလင်းလေးတွေ လုပ်ထားတာများ ဘယ်လောက် စနစ်ကျသလဲ ဆိုတာ။ ပြီး ... တစ်ပဲခြောက်ပြား မဟုတ်ဘူး”

ဦးစောဟန်မှာ ဆေးတစ်ဖုံ ငါးမူးခြောက်မူးသာ ကုန်သည် ကြားဖူးသော မြန်မာဆေးကို များစွာမှ စိတ်ပျက်လေ၏။ မသက်သာချင် နေ၊ သက်သာချင် သက်သာ အင်္ဂလိပ်ဆေး ဖြစ်လျှင် ကျေနပ်သည်၊ စိတ်ချသည်။ ပိုက်ဆံကုန်လျှင် ကုန်ပေ့စေ၊ သူ့ယုံကြည်ချက်နှင့် သူ။

ဝေ့မှာ “ကို” ပြောသလိုလည်း ဟုတ်သလိုလိုပင် ဖြစ်၍ ငြိမ်နားထောင် နေသည်။

“ ဟုတ်တယ် မဟုတ်လား ဝေ”

ဝေက ခေါင်းညိတ်လိုက်ရာ၊ သည်တော့မှ စိတ်သက်သာရာ ရသွားလျက် ဝေ့ရှေ့က ဆိုဖာတွင် သွားထိုင်လေသည်။

မှောင်ရီစ ပြုလာလေပြီ။ ဝေသည် အနားမှ ခြေသံမကြား ထသွားလျက်၊ အိမ်ထဲတွင် ခြေသံမကြား တလှုပ်လှုပ် တရွေ့ရွေ့ သွားလာနေ၏။ အချိန်ကျ၍ စားပွဲခုံတွင် တစ်ယောက်တည်း သွားထိုင်ကာ သူ့ပန်းကန်နှင့်သူ ကြက်စွပ်ပြုတ်ကို တစ်ဇွန်း၊ နှစ်ဇွန်း သွားသောက်သည်။ ပေါင်မုန့်ကလေး တစ်ဖဲ့ နှစ်ဖဲ့ စားသည်။ ကြက်ဥဟပ်ဘွိုင်ကို တို့ကနန်း ဆိတ်ကနန်း မြည်းလျက် စားသောက်ပြီး ခြေသံမကြား အိမ်ပေါ်သို့ တက်သွားလေ၏။

ဦးစောဟန်မှာ အရက်သောက်ရင်း ဝေ့အကြောင်းကို တစ်မျှင် တစ်တန်းကြီး အတောမသတ် စဉ်းစား နေလေသည်။ ဝေနှင့် ရခါစက နေကြ ထိုင်ကြပုံများမှာ ခေါင်းထဲသို့ ဝင်ဝင်လာသည်။ မျက်စိထဲ ပေါ်ပေါ်လာသည်။ ယခု ဝေ့အခြေအနေမှာ အားရစရာ မရှိ၍ ရင်ထဲပူ လာလျက် ဦးနှောက်ရှုပ် လာ၏။ ဦးနှောက် ရှုပ်ရှုပ်ဖြင့် နောက်ဆုံး အတိတ်နှင့် ပစ္စုပ္ပန်ကို ဘယ်ဒင်းမှ မစဉ်းစားမိအောင် တစ်ခွက်ပြီး တစ်ခွက် မော့ကာ၊ လူခြေတိတ်လောက်မှ နေရာမှ ထလိုက်သည်။

ဦးစောဟန်သည် ထမင်းစားပွဲကြီးကို တစ်ချက်ကြည့်လျက် မောင်မြအား ခေါင်းခါပြ လိုက်ကာ အိမ်ပေါ်သို့ တက်လာခဲ့သည်။ ခြေသံ မကြားအောင် သတိနှင့် ထိန်းနင်းလျက် ယိုင်တိ ယိုင်တိုင်ဖြင့်ပင် သူ့အိပ်ခန်းထဲသို့ မဝင်ခင်၊ ဝေ့အခန်းမှ ခန်းဆီးကိုသာ အသာ လက်နှင့်ဖယ်၍ ကြည့်လိုက်လေ၏။

လရိပ်ဖြင့် ခွေလျောင်း လဲနေသော ဇာခြင်ထောင် အတွင်းမှ ဝေ့ ပုံသဏ္ဌာန်လေးကို ဝိုးတဝါး မြင်ရကာ နှလုံး တစ်လှပ်လှပ် ခုန်လျက် သူ့အိပ်ခန်းထဲသို့ ချာခနဲ လှည့်ဝင် သွားရလေ၏။
------------------------------------------
ဂျာနယ်​ကျော်မမ​လေး

crd 👉 http://openread.atspace.cc/works/06062020_nv.html

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)