အများနှင့် မသက်ဆိုင်​သောသူ၊ အပိုင်း (၂)

ရွှေစင်ဦး မှ

အများနှင့် မသက်ဆိုင်သောသူ (မင်းလူ)
____________________________

အပိုင်း(၂)

၄။

ချစ်ဦးကျေးဇူးကြောင့် ထိုကိစ္စ လူသိရှင်ကြား ဖြစ်သွားပြီးနောက် ဆိုင်ရှင်မိန်းမကြီးက ချစ်မှူးကိုခေါ်၍ မေးမြန်းစုံစမ်းလေတော့သည်။ ချစ်မှူးကလည်း ခေါင်းညိတ်၀န်ခံလိုက်သည်။ မြလွင်ကို မေးတော့လည်း …"အမေ့ကို မေးပါ။ အမေသဘောတူရင် လက်ခံပါမယ်" လို့ ဆိုသည်။

မြလွင်၏အမေ ဒေါ်ငွေဇံကို မေးကြည့်သည်။ ဘာသဘောမတူစရာ ရှိသလဲ။ သူတို့သားအမိမှာ ဒီထမင်းဆိုင်ကိုသာ အားကိုးနေရသည်။ စားရေး၊ သောက်ရေး၊ အဆင်ပြေတာကလွဲပြီး ဖြစ်ဖြစ်မြောက်မြောက် ရတာမဟုတ်။ ရှေ့ရေးကလည်း ဘာမှမရေရာ။ ချစ်မှူးက ကုန်ကားဒရိုင်ဘာဖြစ်သောကြောင့် ၀င်ငွေမဆိုးလှ။ လူကလည်း ရိုးသားသည်။ ရန်ကုန်ဆင်ခြေဖုံးရှိ မြို့နယ်လေးတစ်ခုမှာ အိုးပိုင်အိမ်ပိုင်လည်း ရှိသည်။ မိဘတွေကတော့ မရှိတော့ဘူး။ ညီအစ်ကိုနှစ်ယောက်တည်း နေသတဲ့။ ဒါဆိုလျှင် ဒီအိမ်ထောင်ကို သူက စီမံကြီးကြပ်ပြီး မြလွင်က အိမ်ရှင်မ လုပ်ရုံပေါ့။ အားလုံး ကိုယ့်လက်ကိုယ့်ခြေ၊ ဒီထက်သင့်တော်တာ ဘာရှိဦးမလဲ၊ သူတို့သားအမိ ကံဇာတာ တက်လာတာလို့တောင် ဆိုနိုင်သေးဟု တွက်ပြီး ၀မ်းမြောက်၀မ်းသာ သဘောတူလိုက်၏။

သူတို့သားအမိက ဒီမြို့ခံလည်း မဟုတ်။ ဆွေမျိုးအသိုင်းအဝိုင်းလည်း မရှိသဖြင့် ဒီမှာတော့ မင်္ဂလာအခမ်းအနားတွေ ဘာတွေ မလုပ်ဖြစ်။ ဘုန်းကြီးကျောင်းမှာ မင်္ဂလာဆွမ်းကပ်ပြီး လူကြီးတချို့ကို ကျွေးမွေးတာလောက်ပဲ လုပ်ဖြစ်၏။ ချစ်မှူးတို့အိမ်မှာတော့ မင်္ဂလာဆောင်အခမ်းအနား လုပ်ဖြစ်သည်။ ကြီးကြီးကျယ်ကျယ် မဟုတ်သော်လည်း သူတို့ရပ်ကွက်အနေနဲ့ဆိုလျှင် စံချိန်မီသည်ဟု ဆိုရမည်။ တစ်ရပ်ကွက်လုံးကို ဖိတ်ကြားပြီး ရေခဲမုန့်၊ အဆော့တစ်ကိတ်တို့ဖြင့် ကျွေးမွေးဧည့်ခံသည်။ ဒီမင်္ဂလာပွဲမှာပင် မြလွင်၏အမေ ဒေါ်ငွေဇံက သူ၏စရိုက်လက္ခဏာကို စတင်ပြသသည်။ သူ၏အနေအထားကိုလည်း တစ်ရပ်ကွက်လုံးကို ကြေညာသကဲ့သို့ ရှိ၏။ သူသည် နယ်မြို့ကလေးတစ်မြို့က လာသော ရိုးရိုးအအ တောသူမကြီးတစ်ယောက် မဟုတ်ကြောင်း၊ သမက်တစ်မျက်နှာ တစ်ရွာထင်ပြီး အားကိုးနေမည့်သူမျိုး မဟုတ်ကြောင်း၊ ဒီအိမ်မှာ သူသာလျှင် သြဇာအကြီးဆုံးဖြစ်ရမယ် ဆိုသည့်အကြောင်းတို့ကို သိစေလိုတာလည်း ဖြစ်၏။

တကယ်တော့ ဒေါ်ငွေဇံသည်လည်း ခေသူမဟုတ်။ တစ်ချိန်တစ်ခါက သူ့အဆင့်အတန်းနှုန်း သူအခြေအနေတစ်ခု ရှိခဲ့သူဖြစ်၏။ သူ့ယောက်ျားက သစ်လုပ်ငန်းမှာ စာရေးကြီး ဖြစ်၏။ စားနိုင်သောက်နိုင်တဲ့ထဲကပေါ့။ ထိုစဉ်က တစ်အိမ်ထောင်လုံးကို သူပဲ နိုင်နိုင်နင်းနင်း ကွပ်ကဲလာခဲ့တာလေ။ မြလွင် ၆တန်းအရောက်မှာမူ ယောက်ျားဆုံသွားခဲ့တာ။ ဒီနောက် စီးပွားရေးအခြေအနေမကောင်းလို့ မြလွင်ကို ထမင်းဆိုင်မှာ ၀င်လုပ်ခိုင်းခဲ့ရတာ။ ခုတော့ ကံဇာတာ ပြန်တက်လာပြီ။ အိုးပိုင်အိမ်ပိုင်ရှိပြီး ၀င်ငွေကောင်းသော လူရိုးလူကောင်းတစ်ယောက်ကို သမက်တော်ခွင့်ရပြီ။ ထမင်းဆိုင်မှာတုန်းကလို သူများမျက်နှာရိပ် မျက်နှာကဲကြည့်ပြီး နေဖို့မလိုတော့။ ဒီအိမ်မှာ သူက အသက်ရော၊ ဝါရော၊ ဂုဏ်ဒြပ်ရော အကြီးဆုံး။ အားလုံး သူ့သြဇာကို နာခံကြရမည်။ ဒီဆန္ဒကို မင်္ဂလာဆောင်မှာ စတင်အကောင်အထည်ဖော်ခြင်း ဖြစ်၏။

မင်္ဂလာဆောင်မှာ သတို့သား သတို့သမီး ဘာအ၀တ်အစားတွေ ၀တ်ရမလဲ။ ဧည့်သည်တွေကို ဘာကျွေးမလဲ ဆိုတာကအစ သူပဲ စီမံခန့်ခွဲသည်။ သတို့သား သတို့သမီးအနေဖြင့် မင်္ဂလာဆောင်မှာ ဖြစ်သလို ၀တ်စားလို့မဖြစ်။ သူတို့သားအမိ ဂုဏ်ငယ်ရ မည်။ သိပ်အကောင်းအစား၀တ်ပြန်တော့ ငွေကုန်သည်။ သားသားနားနားလည်း ဖြစ်အောင် နောက်ပိုင်း အလှူအတန်းသွားလျှင်လည်း ၀တ်လို့ရအောင် ချိန်ဆတွက်ချက်ပြီး ၀ယ်ရမည်ဟု ဆို၏။ ချစ်မှူးက ချစ်ဦးကိုလည်း သူနှင့် ဆင်တူတစ်စုံ ၀ယ်ပေးချင်သည်။ ဒေါ်ငွေဇံက ကန့်ကွက်သည်။ ချစ်ဦးက မင်္ဂလာဆောင်မယ့်သူမဟုတ်။ ဘယ်သူကမှလည်း ဂရုမစိုက်ကြည့်ကြမှာ မဟုတ်။ ၀တ်ကောင်းစားလှ ၀တ်လို့လည်း ဘာမှထူးလာမှာ မဟုတ်ဟု ဆိုသည်။

ထိုအခါ ချစ်ဦးက …
"အဒေါ်ကြီးကလည်း မင်္ဂလာဆောင်မှာမှ မဟုတ်တာ။ ပြီးတော့ အဒေါ်ကြီးကို ဘယ်သူကမှလည်း အရေးလုပ်ပြီး ကြည့်မှာ မဟုတ်ပါဘူး။ ပြီးတော့ အဒေါ်ကြီးက ဘာ၀တ်၀တ် ရုပ်ထွက်မှာ မဟုတ်ပါဘူး" ဟု ပြန်တွယ်သဖြင့် ချစ်ဦးကို မျက်စောင်းခဲလိုက်သည်။ သူ့စိတ်ထဲကလည်း ဒီကောင်လေးကိုတော့ ဦးကျိုးအောင် အတော်လုပ်ယူရဦးမှာပဲဟု တေးထားလိုက်သည်။ မြလွင်ကပဲ ကြားက၀င်၍ မင်္ဂလာဆောင်မှာ  အားလုံးပဲ သပ်သပ်ရပ်ရပ် ၀တ်သင့်ပါတယ်ဆိုပြီး သူ့အမေကိုရော ချစ်ဦးကိုပါ အ၀တ်အစားတွေ ၀ယ်ပေးလိုက်သည်။

ချစ်မှူးက ဧည့်သည်တွေကို အုန်းနို့ခေါက်ဆွဲ ကျွေးချင်သည်။ အားလုံး ၀၀လင်လင် စားစေလိုသော စေတနာကြောင့် ဖြစ်၏။ ဒေါ်ငွေဇံက တစ်မျိုးတွက်သည်။ အုန်းနို့ခေါက်ဆွဲဆိုတာက  အကန့်အသတ်နှင့် (သူ့အခေါ် ကိုယ်တာနှင့်) ကျွေးလို့ရတာ မဟုတ်။ စားပွဲအလယ်မှာ လိုက်ပွဲပန်းကန် ချပေးထားရပြီး စားနိုင်သလောက် တစ်ဝြကီး ကျွေးရခြင်းဖြစ်၏။ ထို့ကြောင့် အကုန်အကျ ပိုများသည်။ လက်ဖွဲ့တာနဲ့ စားတာနဲ့ မကာမီအောင် ဖြစ်တတ်သဖြင့် တွက်ခြေမကိုက်ဘူး။

"ဒါဆိုရင် တွက်ခြေကိုက်အောင် ကန်စွန်းဥပြုတ်ကျွေးပါလား၊ ဘယ်သူမှ အများကြီး မစားနိုင်တော့ဘူး" ဟု ချစ်ဦးက ၀င်၍ အကြံပေးးသည်။ သူကတော့ ထုံးစံအတိုင်း စိတ်ကူးရှိရာ ပြောလိုက်ခြင်းသည်။ ဒါကို ဒေါ်ငွေဇံ က သူ့ကို ငေါ့တာပါဆိုပြီး မကျေနပ် ဖြစ်သေးသည်။

သူတို့အကြံအစည်က ရေခဲမုန့်နှင့်ကိတ်မုန့် ကျွေးမည်။ ဒါဆိုလျှင် လူတစ်ယောက် ရေခဲမုန့်တစ်ခွက်၊ ကိတ်မုန့်တစ်ချပ်နှင့် ပြီးသည်။ ဒီအစီအစဉ်ကိုတော့ ချစ်ဦးက ထောက်ခံသည်။ ဒေါ်ငွေဇံလို အသာအနာ တွက်ချက်တတ်သောကြောင့်  မဟုတ်။ သူကိုယ်တိုင်က ရေခဲမုန့်ကြိုက်သောကြောင့်ပင် ဖြစ်၏။

ဒေါ်ငွေဇံ၏တွက်ကိန်းသည် မှန်သင့်သလောက်တော့ မှန်သည်။ ရေခဲမုန့်နှင့် ကိတ်မုန့်ဆိုတော့ လိုက်ပွဲချပေးစရာ မလိုတော့။ တစ်ခုရှိတာကတော့ မင်္ဂလာဆောင်သည် ရပ်ကွက်တွင်းမှာပင် ပြုလုပ်ခြင်း ဖြစ်၏။ ဧည့်သည်တွေအနေဖြင့် အ၀တ်အစားလေး ကောက်စွပ်ပြီး ထွက်လာလျှင် မိနစ်ပိုင်းအတွင်း ရောက်နိုင်သည်။ ခရီးစရိတ်တွေ ဘာတွေလည်း ကုန်ကျစရာမလို။ ထို့ကြောင့် များသောအားဖြင့် တစ်မိသားစုလုံး လာကြသည်။ တစ်ချို့က လက်ဖွဲ့ငွေ ၂၀၀ လောက်ထည့်ပြီး တစ်မိသားစုလုံး လာစားသည်။ ကလေးတွေလည်း ပါသည်။ ကလေးဆိုတာက ဟန်ဆောင်ပန်ဆောင် လုပ်နေတတ်တာမျိုးမဟုတ်။ ရေခဲမုန့် တစ်ခွက်စားပြီး မဝသေးဘူး၊ ယူဦးမယ်ဆိုတာမျိုး လုပ်တတ်သည်။ ဒီအခါကျတော့ …"ဟေ့ … ဟေ့၊ ဒီမှာ ကလေးတွေအတွက် ထပ်ပေးပါဦး၊ အဲ … အဲတစ်လက်စတည်း ငါ့အတွက်ပါ တစ်ခွက် ယူခဲ့ပါကွယ်"ဆိုပြီး ရောကြိတ်တတ်သည်။ နေ့တိုင်း မြင်နေတွေ့နေကျဆိုတော့ အားနာနေရမယ့်လူတွေမှ မဟုတ်တာ။ သူ့အလှူတုန်းကလည်း ကိုယ်က သွားဖြဲနားဖြဲ သွားစားထားတာလေ။ ထိုကြောင့် ရေခဲမုန့် တစ်စည်ပြီးတစ်စည် ဖွင့်နေရသည်။ ဒေါ်ငွေဇံသည် ရေခဲမုန့် ခပ်ထည့်ပေးနေသူဆီ သွားပြီး.... "ရေခဲမုန့်ကို ပုံမှန်ထက် ခွက်ရေပိုထွက်အောင် လုပ်လို့မရဘူးလား" ဟု မေးသည်။

" ရတာပေါ့ အန်တီရဲ့၊ အနည်းဆုံးတော့ ၁၀ခွက်လောက် ပိုထွက်အောင် လုပ်လို့ရတယ်"

" ဒါဆိုလည်း ကြည့်လုပ်ပေးပါကွာ၊ အဒေါ် လက်ဖက်ရည်ဖိုး ပေးပါ့မယ်"ဆိုသဖြင့် ရေခဲမုန့်ထည့်သူက သူ့ပညာကို ထုတ်ပြသည်။ ရေခဲမုန့်ခပ်ရာမှာ အသာကလေး ရှပ်ပြီး ခပ်ခြင်းဖြစ်၏။ ခွက်ထဲ ထည့်လိုက်ရင်တော့ ပုံစံမပျက် ခုံးခုံးလေးပဲ။ အောက်ဘက်မှာမှ ခေါင်းပွဖြစ်နေ၏။ ရင်းနှီးသူတွေက ချစ်ဦးကို ခေါ်ပြီး ဇွန်းနှင့် ထိုးခွဲပြသည်။ ချစ်ဦးက ဘာမှမပူနဲ့ဆိုပြီး သူအပေါင်းအသင်းတွေအတွက်ဆိုလျှင် ရေခဲမုန့်ကို ကိုယ်တိုင် သွားခပ်ထည့်ပေးသည်။ သူက ခွပ်ခွက်ထဲ အပြည့်ထည့်ရုံသာမက စည်နံရံနဲ့ပါဆောင့်ပြီး သိပ်ထည့်လိုက်သေးသည်။

ကလေးတွေက...." ကိုကြီးချစ်ရူး၊ မဝသေးဘူးဗျ"ဆိုလျှင် "အေး.... အေး... ရမယ် ဟေ့..."ဆိုပြီး ထပ်ယူပေးတတ်သည်။ သူကိုယ်တိုင်လည်း တစ်ဝိုင်းပြီးတစ်ဝိုင်း လှည့်ထိုင်ပြီး"ကျွန်တော့်လည်း တစ်ခွက်ဗျို့" လုပ်တတ်သည်။ သူတစ်ယောက်တည်းစားတာကိုက ၁၅ ခွက်လောက် ရှိသည်။

ဒေါ်ငွေဇံကတော့ ဒါကိုကြည့်ပြီး မျက်စောင်းတခဲခဲပေါ့။ သူ့ခမျာလည်း ပင်ပန်းရှာပါသည်။ သူသည် အရေးပါသူတစ်ဦးဖြစ်ကြောင်း ပြဖို့ ဧည့်သည်တွေကိုလည်း စုံအောင်စေ့အောင် မျက်နှာပြ နှုတ်ဆက်ရသည်။ ရေခဲမုန့်စည်နားကိုလည်း သွားပြီး ကြီးကြပ်ရသည်။ လက်ဖွဲ့လက်ခံတဲ့နေရာမှာလည်း သွားပြီး စစ်ဆေးရသေးသည်။ မင်္ဂလာဆောင်တွေမှာ ဖြစ်တတ်တာတစ်ခုရှိ၏။ သတို့သားဘက်နှင့်သတို့သမီးဘက်တို့ ငွေရေးကြေးရေးနှင့်ပတ်သက်ပြီး အပြန်အလှန် သံသယပွားကြခြင်းဖြစ်၏။ ဒီလိုအခါမျိုးကျလျှင် လက်ဖွဲ့လက်ခံတဲ့နေရာမှာ နှစ်ဖက်စလုံးက ယုံကြည်စိတ်ချရသူတွေကို ပူးတွဲတာဝန်ပေးလေ့ရှိ၏။ တစ်ဖက်ဖက်က မရိုးမသား လုပ်လို့မရအောင် အပြန်အလှန် စောင့်ကြည့်ထိန်းသိမ်းကြသည့်သဘော။

ခုကိစ္စမှာကျတော့ တစ်မျိုးဖြစ်၏။ ဒေါ်ငွေဇံတို့ဘက်က အားလုံးပေါင်းမှ သားအမိနှစ်ယောက်တည်းသာ ရှိ၏။ မြလွင်က သတို့သမီးဆိုတော့ ဘာမှ တခြားတာဝန် မယူနိုင်။ သူကလည်း လက်ဖွဲ့နေရာမှာ တစ်ချိန်လုံး ထိုင်စောင့်ကြည့်နေလို့ မရဘူုး။ ချစ်မှူးတို့ဘက်ကို မယုံကြည့်လို့မဟုတ်။ ရပ်ကွက်ထဲက ကောင်လေးတွေ ကောင်မလေးတွေက တာဝန်ယူပြီး ဝင်ရောက်ကူညီနေခြင်းဖြစ်၏။ ဒါကိုပဲ သူက စိတ်မချတာ၊ မတော်လို့ လက်ဖွဲ့အထုပ်သေးသေးတစ်ထုပ် အသာလေး ဝှက်ထားရင် ဘယ်လို လုပ်မလဲ။ ဒါမှမဟုတ် လက်ဖွဲ့ငွေထဲက တချို့တစ်ဝက်ကို စာရင်းမသွင်းဘဲထားရင် ဘယ်လိုလုပ်ရမလဲ။ ထို့ကြောင့် လက်ဖွဲ့လက်ခံတဲ့နေရာဆီ မကြာခဏ သွားပြီး လက်ဖွဲ့က ဘယ်နှဘူး၊ ဘယ်နှထုပ် ရပြီလဲ၊ ငွေက စုစုပေါင်း ဘယ်လောက်ရှိပြီလဲဆိုတာ စစ်ဆေးနေလေ၏။

ကောင်လေးတွေ၊ ကောင်မလေးတွေက
" အားလုံးပြီးမှ စုပြီးတွက်မှာပေါ့ အဒေါ်ရဲ့။ တစ်ခုချင်းလိုက်ပေါင်းနေရင် အလုပ်ရှုပ်တာပေါ့"

"ဒီလို ဘယ်ဟုတ်မလဲ၊ မကြာခဏ ပြန်စစ်ကြည့်မှ စနစ်တကျဖြစ်မှာပေါ့၊ နို့မို့ဆို စာရင်းတွေ မှားနိုင်တယ်"

ကောင်လေး ကောင်မလေးများမှာ တမင်တကာ စေတနာနဲ့ လာလုပ်ပေးကြခြင်းဖြစ်၏။ သူများတွေလို ဟိုသွား ဒီသွား မလုပ်နိုင်ဘဲ ခြေချုပ်မိ အညောင်းခံပြီး လုပ်ပေးကြရတာ၊ ဒါကိုပဲ ဒေါ်ငွေဇံက မသင်္ကာသလိုမျိုး စစ်ဆေးရေး မကြာခဏဝင်နေသဖြင့် နည်းနည်းအောင့်သက်သက် ဖြစ်လာကြ၏။ ထို့ကြောင့် ဒေါ်ငွေဇံကို နည်းနည်းပညာပေးဖို့ စိတ်ကူးမိကြ၏။ နောက်တစ်ခါလာပြီး စစ်ဆေးသောအခါ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက် ခေါင်းကုတ်လိုက် လုပ်နေကြ၏။

"ဟဲ့.... ဘာဖြစ်နေကြတာလဲ"

မေးတော့မှ ပြောရမှာ ခက်နေသော ပုံစံမျိုးဖြင့် "ငွေစာရင်း မကိုက်လို့"ဟုပြောလိုက်သည်။

ဒေါ်ငွေဇံ ထိတ်ထိတ်ပျာပျာ ဖြစ်သွားပြီး "ဘယ်လို ဖြစ်ကြတာလဲ၊ ပြောစမ်းပါဦး"

"ကျွန်တော်တို့လည်း သတိတော့ထားတာပဲ၊ ဧည့်သည်လေးငါးယောက် ပြုံဝင်လာလို့ အလုပ်ရှုပ်သွားတာနဲ့"

"ဒါကြောင့် ငါပြောတာပေါ့။ သေသေချာချာ သတိထားလုပ်ပါလို့၊ ဒီလိုကိစ္စမျိုးက ပေါ့ပေါ့ဆဆ လုပ်လို့ရတာ မဟုတ်ဘူး။ ငါကလည်း တစ်ကိုယ်တည်းနဲ့ ထောင့်စေ့အောင် လိုက်ကြည့်နေရတာ၊ နည်းနည်းလေး လစ်တာနဲ့ ပြဿနာပေါ်တော့တာပဲ၊ ခက်လိုက်တာ" ဆိုပြီး မြည်တွန်နေ၏။

ကောင်လေးတွေ၊ ကောင်မလေးတွေက အသာငြိမ်ကုပ်ပြီး ပြောသမျှ နားထောင်နေသည်။ ဒေါ်ငွေဇံက အတော်ကြာအောင် အပြစ်တင်ပြီးမှ
"ကဲ.... ဆိုစမ်း၊ ငွေက ဘယ်လောက်ကွာတာလဲ"

"ငါးရာ"

"ဟင်.... ငါးရာဆိုတာ နည်းသလား၊ ဘာပဲဖြစ်ဖြစ် နင်တို့ တာဝန်ယူထားတာ၊ နင်တို့ပဲ စိုက်လျော်ပေတော့"

ဒီတော့မှ ခေါင်းဆောင်လုပ်သောကောင်လေးက...
"စိုက်စရာ မလိုပါဘူး အဒေါ်ရဲ့"

"ဘာ.... ဘာကြောင့်လဲ"

"ဒီလိုလေ ငွေကွာတယ်ဆိုတာ လိုနေတာမဟုတ်ဘူး၊ ပိုနေတာ။ စာရင်းထဲမှာရှိတာထက် တကယ်ရတဲ့ငွေက ငါးရာ ပိုနေတာကို ပြောတာ၊ လက်ဖွဲ့တဲ့ငွေကို စာရင်းထဲ ထည့်မမှတ်လိုက်မိလို့"

ဒေါ်ငွေဇံ ရှက်အမ်းအမ်းဖြစ်သွား၏။ သူက စာရင်းကွာတယ်ဆိုတာနဲ့ အဆိုးဘက်က လှည့်တွေးပြီး ထင်ရာ စွတ်ပြောချလိုက်မိခြင်း ဖြစ်၏။

"အဲ... အဲဒါတော့... အင်း... ပြီးတာလည်း ပြီးပါစေတော့၊ ပြန်စစ်မနေပါနဲ့ ... ပင်ပန်းပါတယ်"ဟု လျှောချလိုက်သည်။ ခပ်လှမ်းလှမ်းက နားစွင့်နေခဲ့သော ချစ်ဦးက အနားကို လျှောက်လာပြီး"ဒီလို ဘယ်ရမလဲ၊ စောစောတုန်းက ငွေလိုရင် သူတို့စိုက်လျော်ရမယ်လို့ အဒေါ်ကြီးပြောတယ် မဟုတ်လား၊ အခု ငွေက ပိုနေတာဆိုတော့ ပိုတဲ့ငွေ သူတို့ကို ပေးလိုက်မှ တရားမှာပေါ့"ဟု ဝင်ပြောသည်။

ဒေါ်ငွေဇံက..."ဒီလိုတော့ ဘယ်ရမလဲ"ပြောရင်း ချစ်ဦးကို မျက်စောင်းတစ်ချက်ခဲပြီး ထွက်သွားသည်။ တကယ်တော့ ကောင်လေးတွေ ကောင်မလေးတွေ တိုင်ပင်ပြီး စာရင်းကွာတယ်ဟု ညာပြောလိုက်ခြင်း ဖြစ်၏။

ဒီလိုနဲ့ မင်္ဂလာဧည့်ခံပွဲ အောင်မြင်စွာ ပြီးဆုံးသွားသည်။ ဒေါ်ငွေဇံ မှန်းထားတာထက် ရေခဲမုန့်သုံးစည် ပိုကုန်သွားသည်။ သို့ရာတွင် လက်ဖွဲ့ငွေကလည်း သူမှန်းတာထက် ပိုရသောကြောင့် ကျေနပ်သွားသည်။ ထို့အတူ ကြိုတင်တွက်ချက်မထားသော ကုန်ကျစရိတ်တွေလည်း ရှိလာသည်။ ပထမတစ်ခုကတော့ ရပ်ကွက်ထဲက လူငယ်တွေက ရွှေကြိုးတားပြီး ခဲဖိုးတောင်းကြခြင်းဖြစ်၏။ ဒီလိုကိစ္စမျိုးက ထုံးစံဖြစ်သည်။ ဒေါ်ငွေဇံက သူရဖို့သာ ဦးစားပေး စဉ်းစားခဲ့သဖြင့် သတိမေ့နေခြင်းပါပဲ။

နောက်တစ်ခုကတော့ ညမှောင်ရီပျိုးချိန်တွင် မြလွင် ပျောက်သွာခြင်းပင်ဖြစ်သည်။ ကြားကြားချင်းမှာတော့ ဒေါ်ငွေဇံ အတော်လန့်ဖျပ်သွား၏။ မြလွင်သည် ချစ်မှူးကို မချစ်ဘဲ အမေပေးစားလို့သာ ယူလိုက်ရပြီး ခုတော့ စိတ်ပြောင်းပြီး ထွက်ပြေးသွားတာလား၊ ဒါဆိုရင် ငါတစ်ယောက်တည်း ကျန်ခဲ့ပြီပေါ့။ တကယ်လို့များ ချစ်မှူးက မထူးတော့ပါဘူးဆိုပြီ... စသည်ဖြင့် ကယောင်ကတမ်းတွေ လျှောက်တွေးသည်။ မင်္ဂလာဆောင်ကိစ္စ ဗျာများခဲရသဖြင့် ခေါင်းတွေ ပူပြီး ယုတ္တိရှိရှိ မတွေးနိုင်ခြင်းဖြစ်၏။ တကယ်တော့ မြလွင်ကို ချစ်ဦးတို့လူသိုက်က ခေါ်သွားတာ၊ သတို့သမီး ဝှက်ခြင်း ဖြစ်သည်ဟု သူတို့က ဆို၏။

ဒေါ်ငွေဇံ ဒေါပွပြီး
"ဘယ်နှယ်တော်၊ ရှင်လောင်း ဝှက်တယ်လို့သာ ကြားဖူးပါတယ်၊ သူတို့နဲ့ကျမှ သတို့သမီးဝှက်သတဲ့"

ချစ်မှူးကတော့ သူ့ညီအကြောင်းသိသဖြင့် စားဖို့သောက်ဖို့ မုန့်ဖိုးပေးပြီး ပြန်ရွေးယူလိုက်သည်။ မြလွင်ကလည်း ချစ်ဦးတို့ကျေနပ်အောင် သူကိုယ်တိုင် လိုလိုလားလား လိုက်သွားခဲ့ခြင်းဖြစ်။

ဒေါ်ငွေဇံက.....
"ညည်းကပါ အရူးနဲ့ပေါင်းပြီး နှမ်းတမ်းတမ်းဖြစ်နေပြီလား"ဟု မြလွင်ကို ဆူသည်လေ။

၅။

ချစ်ဦးသည် သူ့အစ်ကို မိန်းမရသွားခြင်းကို အလွန်ဝမ်းသာအားရဖြစ်နေ၏။ အရင်ကဆိုလျှင် သူတို့အိမ်သည် ခြောက်ကပ်ကပ်နှင့် ပျင်းစရာကောင်းလှသည်။ ညီအစ်ကိုနှစ်ယောက်နှင့် ဆွေမ်ျိုးနီးစပ် အဒေါ်တစ်ယောက်သာ ရှိ၏။ အဒေါ်ဖြစ်သူသည် တစ်ချိန်က ချစ်ဦးတို့အဖေ၏ကျေးဇူးရှိခဲ့ဖူးခြင်း၊ သူ့ရွာတစ်ခေါက်ပြန်တိုင်း ချစ်မှူးက ငွေကြေးအထိုက်အလျောက် ပေးကမ်းခြင်း စသောအချက်အလက်များကြောင့်သာ ဒီအိမ်မှာ နေနေခြင်း ဖြစ်၏။ ရွာမှာ ကျန်ခဲ့သော သူ့သားသမီးတွေနှင့် အတူသွားနေချင်လှပြီ။ သူက ချက်ပြုတ်ကျွေးမွေးခြင်း၊ အိမ်ကို စောင့်ရှောက်ပေးခြင်းတို့လောက်သာ ဆောင်ရွက်ပေးနိုင်သည်။ ချစ်ဦး အပျင်းပြေအောင်တော့ လုပ်မပေးနိုင်။ စကားကလည်း နည်းသေးသည်။ တစ်ခါတလေ ချစ်ဦးက ပေါက်တက်ကရတွေ မေးလျှင် မဖြေတတ်ဘဲ " ငါ့ဟာငါ နားအေး၊ ပါးအေး နေပါရစေဟယ်" ဟု ဆိုတတ်သည်။

ထို့ကြောင့် ချစ်မှူးကား ထွက်ပြီဆိုလျှင် ချစ်ဦးသည် စကားပြောဖော်မရှိတော့၊ ရပ်ကွက်ထဲ ဟိုလျှောက်သွား ဒီလျှောက်သွားရင် အပျင်းဖြေရသည်။ ခုတော့ အိမ်မှာ စိုစိုပြည်ပြည်ဖြစ်လာပြီ၊ အိမ်မှာ လူများများရှိမှ ပျော်စရာကောင်းသည်ဟု သူက ထင်သည်။ အထူးသဖြင့် မြလွင်ရောက်ရှိလာခြင်းမှာ သူ့အတွက် ကံကောင်းခြင်းပင်ဖြစ်၏။ မြလွင်က ထမင်းဆိုင်မှာ လုပ်ခဲ့သူဖြစ်သောကြောင့် ဟင်းချက်ကောင်းသည်။ ဖွယ်ဖွယ်ရာရာ ချက်တတ်သည်။ ချစ်ဦးကြိုက်တတ်သော ဟင်းတွေ ချက်ကျွေးသည်။ အစားမက်သော ချစ်ဦး အကြိုက်တွေ့နေသည်။ တစ်ခါတစ်လေ ဆိုင်မှာတုန်းကလို ထမင်းသုပ်ခိုင်းတတ်သည်။ သူ့တစ်သက်မှာ မြလွင်သုပ်သော ထမင်းသုပ်လောက် ကောင်းတာ မစားဖူးသေးဘူးဟု ဆို၏။ မြလွင်က သဘောလည်းကောင်းသည်။ စိတ်လည်းရှည်သည်။ ချစ်ဦး ပေါက်တတ်ကရ ပြောသမျှကိုလည်း ဗွေမယူဘဲ အလိုက်သင့်  ပြန်ပြောတတ်သည်။ သူ့ကို ခုလို နားလည်ခွင့်လွှတ်တတ်သူတစ်ယောက်တိုးခြင်းအတွက် ချစ်ဦး ကျေနပ်နေသည်။

ချစ်ဦးသည် မြလွင်ကို အစ်မရင်းတစ်ယောက်လို ချစ်သည်။ မြလွင်ကလည်း မောင်အရင်းလို သဘောထားသည်။ မောင်လေးဟု ခေါ်လေ့ရှိ၏။ နောက်တစ်ချက်ကတော့ ချစ်ဦးကြောင့် လူရိုးလိူကောင်းဖြစ်သော ချစ်မှူးနှင့် ဖူးစာဆုံရခြင်း ဖြစ်သည်ဟု မြလွင် မှတ်ယူထားခြင်းပင်ဖြစ်၏။ ချစ်ဦးကလည်း ဒီအချက်ကို မကြာခဏ ဂုဏ်ဖော်၍ ပြောတတ်သည်။

"ကျွန်တော်ပြောပေးလို့သာ ကိုကြီး မမမြလွင်ကို ရတာဗျ၊ ကိုကြီးဘာသာဆိုရင် နောက်သုံးနှစ်လောက်နဲ့တောင် ယူဖြစ်မှာမဟုတ်ဘူး"

ထိုအခါ မြလွင်က ကျေနပ်စွာ ပြုံးနေသည်။ ချစ်မှူးကတော့
"ဟုတ်ပါတယ်ဗျာ၊ ငါ့ညီလေးဟာ ကိုကြီးတို့လင်မယားရဲ့ ဖူးစာရေးနတ် ကျေးဇူးရှင်လေးပါပဲ"ဟု ချီးကျူးစကား ပြောရ၏။

တစ်ခါတစ်ခါတော့လည်း ထုံးစံအတိုင်း ခွကျကျ ဖြစ်ရသည်။ ချစ်ဦးက ကလေးမရသေးဘူးလားဟု ခဏ ခဏ မေးနေသောကြောင့်ပင် ဖြစ်၏။ မရသေးဘူး ပြောတော့ …"မြန်မြန်ရအောင် လုပ်ဗျာ"ဟု ဆိုသဖြင့် လင်မယားနှစ်ယောက် မျက်နှာပူပူဖြင့် ပြုံးကြရသည်။

ဒါတွင်မက ချစ်ဦးက ကြားဖူးနားဝြဖင့် ပြောတာ ရှိသေးသည်။ မိန်းမတွေ ကိုယ်၀န်ရှိလျှင် အော့အန်တယ် အန်တတ်တယ်ဆိုတာကို မှတ်ထားသည်။ ထို့ကြောင့် …"မမမြလွင် မအန်ချင်ဘူးလား"ဟု မေးသည်။ မြလွင်က ရုတ်တရက် မတွေးမိဘဲ …
"မအန်ချင်ပါဘူး"

"ဒါဆိုလည်း အာခေါင်ထဲ လက်ထိုးပြီးတော့ အန်လိုက်ဗျာ"

"ဟဲ့ … ဘာဖြစ်လို့ အန်ရမှာလဲ"

"ဒါမှ ကလေးရှိလာမှာပေါ့ဗျ"

ဒီတော့မှ မြလွင် သဘောပေါက်ပြီး"အန်တိုင်းလည်း ရှိတာ မဟုတ်ဘူးကွယ့်" ဟု ပြီးပြီးရော ပြောလိုက်ကာမှ "ဒါဆို ဘယ်လိုလုပ်မှ ရှိမှာလဲ"

မြလွင် ဘာပြောရမှန်းမသိ ဖြစ်သွား၏။ တခြားယောက်ျားလေးတစ်ယောက်သာဆိုလျှင် အတော်ရှက်စရာကောင်းတဲ့ မေးခွန်းပဲ။ ချစ်ဦးကိုကျတော့ ဗွေယူလို့ မဖြစ်။

"ဒီလိုရှိတယ် မောင်လေးရဲ့၊ သားသမီးဆိုတာ ကိုယ်လိုချင်တိုင်းလည်း ရတာမဟုတ်ဘူး၊ ကိုယ်နဲ့ ထိုက်တန်တဲ့အခါကျရင်တော့ အလိုလိုရလာတာပဲ"

"ရှုပ်လိုက်တာဗျာ၊ ဘာတွေမှန်းလည်း မသိဘူး၊ ကလေးဆိုတာ ပိုက်ဆံပေးပြီး ၀ယ်လို့ရရင် ကိုကြီးမှာ ရှိသမျှအကုန်ထုတ်ပြီး ၀ယ်ခိုင်းပါမယ် "ဟု အားမလို အားမရလေသံဖြင့် ပြော၏။

ချစ်ဦးကို စောင့်ရှောက်ဖို့ စိတ်ချရပြီဆိုတော့ ချစ်မှူးလည်း သူ့အလုပ်ကို စိတ်ချလက်ချ လုပ်နိုင်ပြီ။ မြလွင်က ချစ်ဦးကို တော်တော်ဂရုစိုက်သည်။ ချစ်ဦးမှာ လူပျိုကြီးဖားဖား ဖြစ်နေသော်လည်း မြလွင်က ကလေးလိုပင် သဘောထားသည်။ ချစ်ဦးကလည်း မြလွင်ကို ချွဲချင်သည်။ သူတို့နှစ်ယောက်သည် ဘယ်လိုရှေးရေစက်ကြောင့်မှန်း မသိ။ တစ်ယောက်ကိုတစ်ယောက် အတော် သံယောဇဉ်ရှိကြသည်။ မောင်တစ်ယောက်လိုချင်နေသူနှင့် အစ်မတစ်ယောက် တောင့်တနေသူတို့ တွေ့ဆုံကြတာပဲလား မသိ။

သူတို့အိမ်မှာ အားလုံး စင်းလုံးချော အဆင်ပြေနေတာတော့ မဟုတ်။ အသေးအဖွဲ့ ပြဿနာလေးတွေတော့ ရှိ၏။ ဒါကလည်း ဒေါ်ငွေဇံကြောင့်ပါ။ ဒေါ်ငွေဇံက ဒီအိမ်မှာ သူ့လက်၊ သူ့ခြေ၊ သူ့သြဇာဖြစ်အောင် တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်နေသည်။
ချစ်မှူးတို့ ချစ်ဦးတို့၏အဒေါ်သည် သူနှင့် အသက်ချင်း မတိမ်းမယိမ်းဖြစ်၏။ ဒီအိမ်မှာ လူကြီးနှစ်ယောက်ဖြစ်နေခြင်းကို မလိုလား။ ချစ်မှူးတို့အဒေါ်အပေါ် စရောက်ကတည်းက အပေါ်စီးက ဆက်ဆံသည်။ အိမ်မှုကိစ္စတွေမှာ ဟိုဟာလုပ်လိုက်ပါဦး။ ဒီဟာ လုပ်လိုက်စမ်းပါဆိုပြီး အခိုင်းအစေတစ်ယောက်ကို ခိုင်းသလို လေသံမျိုး လုပ်တတ်သည်။ တစ်ခါတလေ ခပ်ငေါက်ငေါက်ကလေး ပြောတာမျိုး ရှိ၏။

ချစ်မှူးတို့အဒေါ်သည် ဒေါ်ငွေဇံက သူ့ကိုပြိုင်ဘက်လို သဘောထားပြီး မလိုလားကြောင်း ရိပ်မိသည်။ သူကလည်း နဂိုကပင် သူ့သားသမီးတွေရှိရာ ရွာသို့ ပြန်ချင်နေသူဖြစ်သဖြင့် အတော်ပဲ ဖြစ်သွား၏။ ထို့ကြောင့်"မင်းလည်း အိမ်ထောင်ရက်သား ကျပြီပဲ၊ အိမ်ကို ထိန်းသိမ်းကြပ်မတ်မယ့်လူလည်း ရှိပြီး၊ ငါရွာကို ပြန်ပါရစေတော့"ဟု ချစ်မှူးဆီ ခွင့်တောင်းပြီး ပြန်သွားသည်။

ဒီနောက်မှာတော့ ဒေါ်ငွေဇံသည် ဒီအိမ်ရဲ့ တစ်ဦးတည်းသော လူကြီးသူကြီး ဖြစ်သွားပြီ။ ချစ်မှူးက လူလေးဖြစ်သောကြောင့် သူ့သြဇာကို နာခံသည်။ ချစ်မှူးသည် ရှာလို့ရသမျှငွေကို မြလွင်လက်ထဲ အပ်သည်။ လင်ရှာတဲ့ငွေ မယားကကိုင်တာ သဘာ၀ကျသည်။ ဒီအတွက် ပြဿနာမရှိ။ မြလွင်ဆိုတာကလည်း သူ့ကို လွန်ဆန်နိုင်သူ မဟုတ်သဖြင့် နောက်ကွယ်က ထိန်းချုပ်လို့ရသည်။ ဒေါ်ငွေဇံက တော်တော်လေးတော့ စေ့စပ်သည်။ ချစ်မှူးတို့ မင်္ဂလာဆောင်မှာ ရရှိခဲ့သော လက်ဖွဲ့ပစ္စည်းတွေကို သူကပဲ စနစ်တကျ စီမံထိန်းသိမ်းသည်။ တချို့ကတော့ နောင်တစ်ချိန်လိုရင်သုံးဖို့၊ တချို့က သူများမင်္ဂလာဆောင်မှာ ပြန်လက်ဖွဲ့၊ ကြာရှည်သိမ်းထားဖို့လည်းမကောင်း လောလောဆယ်လည်း အသုံးမလိုသော ပစ္စည်းတွေကိုတော့ ဆိုင်မှာ ပြန်သွင်းလိုက်သည်။

လက်ဖွဲ့ထဲမှာ ပုဆိုးခြောက်ထည်ပါသည်။ ချည်ပုဆိုးလေးထည်ထဲက နှစ်ထည်ကို ၀တ်ဖို့ ထုတ်ထားသည်။ နှစ်ထည်ကိုတော့ သိမ်းထားပြီး နောက်ပိုင်းလိုမှ  ထုတ်ပေးမည်။ ဒါဆို ဒီတစ်နှစ်အတွင်း ချစ်မှူးအတွက် ပုဆိုးထပ်၀ယ်စရာ မလိုတော့။ ပိုးတွဲနှစ်ထည်ထဲက တစ်ထည်ကို ပွဲနေပွဲထိုင်အတွက် ထားမည်။ တစ်ထည်ကိုတော့ …

ချစ်ဦးသည် ပိုးတွဲလုံချည်တစ်ထည်ကို ဆတ်ခနဲ ဆွဲယူပြီး "ဟာ … လှလိုက်တာ၊ ကျွန်တော့်ပေးနော် ကိုကြီး"ဆိုပြီး ရင်မှာ ပိုက်ထားလိုက်သည်။

ချစ်မှူးက …"အေး … အေး … ယူလိုက်"ဟု ပြောသည်။

မြလွင်ကလည်း"ဟုတ်တယ်၊ ဒီအဆင်လေးက မောင်လေးနဲ့ လိုက်တယ်"ဟု ထောက်ခံသည်။

ဒေါ်ငွေဇံသည် ချစ်မှူးရှေ့မှာမို့ ဟန့်တားဖို့ အခွင့်မသာ။ ဆိုင်မှာ ပြန်သွင်းရင် ထောင့်ငါးရာလောက်တော့ ရနိုင်တယ်ဆိုတာ အတွေးသာ တိုးလိုးတန်းလန်း ကျန်ခဲ့၏။၊နောက်တစ်ချက်ကတော့ ချစ်ဦး ဟင်းစားကြီးသောကိစ္စ ဖြစ်၏။ နဂိုကမှ အစားမက်ရတဲ့ကြားထဲ မြလွင်က ဟင်းချက်ကောင်းတော့ အတိုင်းထက်အလွန်ပေါ့။ သူကြိုက်တတ်တဲ့ဟင်းမျိုးဆိုလျှင် အိုးတစ်၀က်လောက်ကို သူတစ်ယောက်တည်း စားပစ်တတ်သည်။ သူကြိုက်တဲ့ဟင်းဆိုတာကလည်း တစ်ပတ်မှာ လေးရက်လောက် ချက်နေဖြစ်တာလေ။

ဒါကို ဒေါ်ငွေဇံက သိပ်သဘောမကျ။

"ဒီလို အတိုင်းအဆမရှိ စားလို့ ဘယ်ဖြစ်မလဲ၊ စည်းနဲ့ကမ်းနဲ့ စားမှပေါ့" ဆိုတော့ ချစ်ဦးက "ဟာဗျာ၊ ဒါ ထမင်းဆိုင်မှ မဟုတ်ဘဲ"ဟု ပြန်ပြောသည်။ သူ့ကို ထမင်းဆိုင်က အကျင့်တွေ မပျောက်သေးဘူးဟု ဆိုလိုရာရောက်သဖြင့် ဒေါ်ငွေဇံ အောင့်သွားသည်။

တစ်ခါတစ်လေ ချစ်မှူးအတွက် ချန်ထားတဲ့ဟင်းတွေ ယူစားချင် စားသည်။ ဒေါ်ငွေဇံက"ပင်ပင်ပန်းပန်း  အလုပ်လုပ်ပြီး ရှာကျွေးနေရတဲ့လူအပေါ် သိတတ်ဖို့တော့ ကောင်းတာပေါ့"ဟု ချစ်ဦးကို ဆုံးမစေချင်သော စကားမျိုးပြောတော့ အစ်ကိုလုပ်သူက
"စားပါစေ ဒေါ်ဒေါ်ရယ်၊ ကျွန်တော်ရှာဖွေနိုင်တုန်း ကျွေးရတာ၊ ပြီးတော့ ကျွန်တော်က ခရီးသွားရင် ဆိုင်တွေမှာ ဟင်းကောင်းစားရပါတယ်"ဟု ပြေရာပြေကြောင်း ပြောသည်။

ပြဿနာအဖြစ်ရဆုံးကတော့ ၀က်သားဟင်းချက်သောနေ့ပင် ဖြစ်၏။ ချစ်ဦးက ၀က်သားကို သိပ်ကြိုက်သည်။ မြလွင်ကလည်း ၀က်သားချက်တာ အလွန်ကောင်းသည်။ ၀က်သားကို မရမ်းပြားနှင့် ဆီပြန်ချက်တော့ အအီပြေပြီး အလွန်စားလို့ကောင်းသည်။ ဒီလိုရက်မျိုးဆိုလျှင် ချစ်ဦးက ထမင်းငါးထပ်လောက် စားသည်။ ဒေါ်ငွေဇံ ညနေစာ စားမယ်လုပ်တော့ ဟင်းက ပြောင်နေပြီ။ သူကလည်း ၀က်သားကို အလွန်ကြိုက်သူပဲ။ တိုက်တိုက်ဆိုင်ဆိုင် ချစ်ဦးလိုပဲ သုံးထပ်သားကိုမှ ပိုကြိုက်တာကိုး။ ကောင်းကောင်းလေး စားလိုက်မဟဲ့ ဆိုပြီး ဟင်းအိုး လှန်လိုက်တော့ ဟိုကောင် လက်ဦးသွားပြီ။

ထိုအခါ …"ဇူဇကာ ၀င်စားတဲ့ကောင်၊ စားပိုးနင့်သေမယ့်ကောင်"ဟု တစ်ယောက်တည်း ရေရွတ်ကျိန်ဆဲနေတတ်သည်။

နောက်ပိုင်းကျတော့ ချစ်ဦးကြောင့်တော့ မဟုတ်။ ချစ်ဦးက ဟိုအရင်ကအတိုင်း နေထိုင်ပြုမူ စားသောက်နေခြင်းသာ ဖြစ်၏။ တခြားသူတွေနှင့် တစ်အိမ်တည်းမှာ အတူပေါင်းနေရလျှင် ဘယ်လိုဘယ်ပုံ အဆင်ပြေအောင် လိုက်လျောညီထွေစွာ ပြုမူရမလဲဆိုတာ သူ မသိ။ သူ့စိတ်ထဲမှာ အစ်ကို့မိန်းမဆိုတာ သူ့အစ်မပဲ။ အစ်ကို့ယောက္ခမဆိုတာလည်း အမျိုးတော်တာပဲဟု သဘောထားသည်။ ဒေါ်ငွေဇံဘက်မှ အမြင်က တစ်မျိုး။ ချစ်မှူးသည် သူ့သမက်မို့ အမျိုးတော်သည်။ ချစ်ဦးက ဘာမှမဆိုင်။ ပြီးတော့ သူ့သမက်က ပင်ပင်ပန်းပန်း အလုပ်လုပ်ရပြီး ချစ်ဦးကတော့ ဘယ်မှ မလုပ်ဘဲ သွားဖြဲနားဖြဲ ထိုင်စားနေသည်ဟု ယူဆသည်။ ထို့ကြောင့် ချစ်ဦးအပေါ် မကြည်မလင် ဖြစ်နေသည်။

ချစ်ဦးတို့လင်မယားမှာ အတော်ကြာသည်ထိ ကလေးမရဘဲ ဖြစ်နေခြင်းအတွက် ချစ်ဦး အတော်မချင့်မရဲ ဖြစ်နေရ၏။ ရပ်ကွက်ထဲက လူတွေကို ကလေးရအောင် ဘယ်လိုလုပ်ရသလဲ လိုက်မေးနေသဖြင့် ရယ်ကြရသေးသည်။

"မင်းနဲ့ ဘာဆိုင်လို့လဲကွ"ဆိုတော့ … "အစ်ကို့ကို နည်းလမ်းပြန်ပြောပြမှာပေါ့ဗျ"

ထို့ကြောင့် တချို့က ပေါက်တတ်ကရတွေ လျှောက်ပြောလိုက်သည်။ သူကလည်း ချစ်မှူးကို ပြန်ပြောပြသည်။ ဒါတွင်မက ဘယ်ကရှာလာမှန်းမသိသော တောကြက်ဥကလေးတွေ ယူလာပြီး …"ပျားရည် နဲ့ ခေါက်ပြီး သောက်ရတယ်တဲ့ ကိုကြီးရဲ့"
ဟုဆိုသဖြင့် ချစ်မှူးက"သူများတွေ ပေါက်ကရပြောတိုင်း မယုံစမ်းပါနဲ့ကွာ"

"ဒါဆိုလည်း ကလေးရအောင် မြန်မြန်လုပ်လေ၊ သူများတွေက ကိုကြီးကို ပြောနေကြပြီးဗျ … ဟိုဟာဖြစ်"

"ဟေ့ကောင်၊ တော်တော့ကွာ၊ နေဦး ကိုကြီး ပြောဦးမယ်၊ သူများတွေ ပြောတာတွေ မင်းအစ်မကို ပြန်မပြောနဲ့နော်။ ရှက်စရာကြီး ကြားလား"ဟု ဟန့်တားရသည်။

ဒါတောင်မှ …တစ်ရက်မှာ မြလွင် ချဉ်ပေါင်ရွက်သင်နေတုန်း ချစ်ဦးက ရှေ့မှာလာထိုင်ပြီး စေ့စေ့ကြည့်နေသည်။ အစတော့ အမှတ်တမဲ့ပင်။ နောက်မှ မြလွင် သတိပြုမိပြီး …"ဟဲ့ … ဘာလာပြီး စိုက်ကြည့်နေတာလဲ"

"မမ ပိန်သွားတယ်"

"အေး … ဟုတ်မှာပေါ့၊ ခုတစ်လော အစားအသောက် ပျက်ချင်တယ်"

"မမကို ကြည့်ရတာ တစ်မျိုးပဲ"

"ဘာဖြစ်လို့လဲ"

"ဆံပင်တွေက ခြောက်ကပ်ကပ်နဲ့။ နားထင်တွေလဲ ကျတယ်။ မဟုတ်မှလွဲရော … မမ ဗိုက်ကြီးနေပြီ ထင်တယ်"

"ဟယ် … ငါ့ဘာသာတောင် မသေချာသေးဘဲနဲ့ ဟင်"

မြလွင်သည် ရုတ်တရက် လွှတ်ခနဲ ပြောလိုက်မိပြီးမှ မျက်နှာ ရဲခနဲ ဖြစ်သွား၏။ ပြီးတော့ ထပြေးသည်။ ထိုနေ့ တစ်ညနေလုံး အခန်းထဲက မထွက်တော့။ ချစ်မှူး ခရီးထွက်ရာက ပြန်ရောက်သောအခါ ဆရာ၀န်ဆီ သွားပြသည်။ ထိုအခါ ချစ်ဦးခန့်မှန်းလိုက်သလိုပင် မြလွင်မှာ တကယ်ကလေး ရှိနေကြောင်း သိရလေ၏။ ချစ်မှူးက အံ့သြ၀မ်းသာဟန် ပြုံးပြုံးကြီးသာ လုပ်နေသော်လည်း ချစ်ဦးကတော့ …"ဟား … ဟား … ချစ်ရူးကွ၊ ဟား … ဟား ဘာမှတ်နေသလဲ။ ချစ်ရူးတဲ့ကွ … ဟေ့"
ဟု ခုန်ပေါက်အော်ဟစ်ပြီး ရပ်ကွက်ထဲ လျှောက်ပြေးလေသည်။ တွေ့သမျှ လူကိုလည်း …"ချစ်ရူး ဦးလေး ဖြစ်တော့မယ်ဗျ၊ သိရဲ့လား။ ဟား … ဟား …"

၆။

မြလွင် ကိုယ်၀န်ရှိလာခြင်းအတွက် သူတို့အိမ်အခြေအနေကို တစ်မျိုးတစ်စုံ အထောက်အကူပြုသလို ဖြစ်သွားသည်။ အားလုံး ပျော်ရွှင်နေကြ၏။ ချစ်မှူးက အလုပ်ကို ပို၍ ကြိုးစားလုပ်ရမည်ဟု ဆိုသည်။ ဒေါ်ငွေဇံသည်လည်း မြေးဦးရတော့မှာမို့ ပျော်နေသည်။ ကလေးရလာလျှင် ချစ်မှူးသည် မြလွင်ကို ပိုပြီး သံယောဇဉ်တွယ်လာတော့မှာကို မြင်ယောင်ပြီး အားတက်မိခြင်း ဖြစ်၏။ ဒီဘက်ကို အာရုံရောက်နေသဖြင့် ချစ်ဦးကို အပြစ်ရှာဖို့တောင် မေ့နေသည်။ ချစ်ဦးဆိုတာကတော့ ပြောမနေနဲ့တော့။ ကာယကံရှင်ဖြစ်သော ချစ်မှူးထက်တောင် သူက ပိုကဲသေးသည်။ သူလျှောက်ပြီး မေးမြန်းစုံစမ်းထားချက်များအရ ကိုယ်၀န်ဆောင်မိခင်သည် အထိုင်အထ အသွားအလာ ပေါ့ပါးသွက်လက်လျှင် ယောက်ျားလေး မွေးတတ်သည်။ လေးကန်နှေးကွေးနေလျှင် မိန်းကလေးဖြစ်တတ်သည်ဟု သိထား၏။

ထို့ကြောင့် မြလွင်က ထိုင်နေရာမှ ဆိုးခနဲ ဆတ်ခနဲ ထလိုက်လျှင်"ဟာ … ဖြည်းဖြည်းလေး ထပါ မမရဲ့၊ တော်ကြာ ယောက်ျားလေး မွေးနေပါဦးမယ်"ဟု ဆိုတတ်သည်။

ဒါတွင်မက ဗိုက်ချွန်လျှင် ယောက်ျားလေး၊ ဗိုက်ပြားလျှင် မိန်းကလေးဟု ဆိုကြသဖြင့် …"မမ၊ ညအိပ်ရင် မှောက်အိပ်ဗျ၊ ဒါမှ ဗိုက်ပြားမှာ"ဟု ပြောတတ်သေးသည်။

မြလွင်မှာ ရှင်းပြမနေတော့ဘဲ "အေးပါ မောင်လေးရယ်"ဟု သူကျေနပ်အောင် ပြောရသည်။

"ယောက်ျားလေးသာ မွေးလာလို့ကတော့ သူ့စကား နားမထောင်ရကောင်းလားလို့ ဆူမှာ ကြိမ်းမှာ မြင်ယောင်သေးတယ်" ဟု ချစ်မှူးနှင့် ပြောပြီး ရယ်ကြရ၏။

ထိုရက်များအတွင်း ချစ်ဦးနှင့်ဒေါ်ငွေဇံ၏ အဓိကပြဿနာမှာ ယောက်ျားလေး ဖြစ်မလား၊ မိန်းကလေး မွေးမလား၊ ငြင်းကြခုန်ကြခြင်းပင် ဖြစ်၏။ ချစ်ဦးက မိန်းကလေးမှ မိန်းကလေး။ ဒေါ်ငွေဇံကလည်း ယောက်ျားလေး ဖြစ်ရမယ်ဟု ဇွတ်ငြင်းသည်။

"ကဲ … ဒါဆို ဒေါ်ကြီးနဲ့ ကျွန်တော်တို့ လောင်းမလား၊ ရှုံးတဲ့လူက နင်းနှိပ်ပေးကြေး"

"အောင်မာ … ငါက ဘာလို့ နင့်ကို နင်းပေးရမှာလဲ၊ နင်နင်းပေးတာလည်း ငါ မခံနိုင်ဘူး၊ နင့်လို အစားပုပ်တဲ့ကောင်ရဲ့ ကိုယ်က အလေးကြီး"

သူတို့ နှစ်ယောက်မှာ ငြင်းတယ်ဆိုသော်လည်း ဟိုအရင်ကလို တင်းတင်းမာမာ မဟုတ်။ ဒေါ်ငွေဇံ၏မျက်နှာထားက ရွှင်ရွှင်ပျပျ။ နောက်ဆုံးတော့ ချစ်ဦးက "အရူးစကားဆိုတာ သုံးခွန်ပြောရင် တစ်ခွန်းမှန်တတ်တယ်နော်" ဆိုသော စကားဖြင့် အနိုင်ပိုင်းတတ်၏။

ချစ်မှူးက ခရီးထွက်ရာက ပြန်လာလျှင် မီးဖွားရာမှာ သုံးဖို့ ဆန်လွတ်နနွင်းအစစ်၊ တောင်နံကြီးတုံးများ၊ နှမ်းနက်စသည်တို့ ယူလာတတ်သည်။ သူတို့တစ်အိမ်လုံးမှာ ဒီကိစ္စကလွဲလျှင် တခြားလုပ်စရာ အလုပ်မရှိ၊ တခြားပြောစရာ စကားမရှိတော့သလို တောင် ဖြစ်နေ၏။ ချစ်မှူးသည် ခရီးထွက်ခါနီးလျှင် မြလွင်ကို အနေအထိုင် အစားအသောက် သတိပြုဆင်ခြင်ဖို့ တတွတ်တွတ် မှာသည်။

ထိုအခါ ချစ်ဦးက …"ဒီလောက်လည်း စိတ်ပူမနေစမ်းပါနဲ့ ကိုကြီးရာ၊ ကျွန်တော်တစ်ယောက်လုံး ရှိပါတယ်"ဟု အားကိုးလောက်ဖွယ် ယောက်ျားကြီးဟန်ပန်လေသံဖြင့် ပြောသည်။ ဒါတွင်မရ၊ ခုရက်ပိုင်းအတွင်းမှာ ဟိုအရင်လို တစ်ချက် တစ်ချက် ထထဖောက်တာမျိုးတောင် သိပ်မလုပ်ဖြစ်တော့။ သာမန်ကြောင်ရိုးကြောင်စဉ် အသေးအဖွဲ့လောက်သာ ရှိ၏။ မြလွင်၏ကိုယ်၀န်ဆီ အာရုံရောက်နေသောကြောင့် ဖြစ်နိုင်၏။ ထိုအချက်သည် ချစ်ဦး၏စိတ်အခြေအနေကိုပါ တိုးတက်တည်ငြိမ်အောင် ထိန်းသိမ်းပေးနိုင်ကောင်းသည်ဟု ဆိုရမလို ဖြစ်၏။

သူတို့အားလုံး ပျော်ရွှင်တက်ကြွနေကြသည်။ သူတို့အိမ်ကလေးမှာ သာယာကြည်နူးဖွယ် အနေအထားကိုသာ နေ့စဉ်ကြုံတွေ့နေရသည်။ သို့ရာတွင် ကံကြမ္မာဆိုသည်မှာ တစ်ခါတစ်လေကျတော့ သားကောင်ကို အလစ်ချောင်းနေတတ်သော ကျားဆိုးတစ်ကောင်နှင့် တူနေပြန်၏။ ချစ်မှူး ခရီးတစ်ခေါက် ထွက်သွားပြီး ရက်ပိုင်းလောက်အကြာမှာ သူ၏လုပ်ဖော်ကိုင်ဖက်တစ်ယောက် အိမ်ကို ရောက်လာပြီး သတင်းဆိုးတစ်ခုကို ပြောပြသည်။ ချစ်မှူး ကားမှောက်လို့ ဒဏ်ရာအပြင်းအထန်ရပြီး ဆေးရုံရောက်နေသည်။

မြလွင်သည် ချစ်ဦးကို အဖော်ပြုပြီး အမြန်လိုက်သွားသည်။ ချစ်မှူး၏အခြေအနေက မကောင်းလှ။ သူသည် မြလွင်နှင့်ချစ်ဦးတို့ကို တွေ့ဖို့အားတင်းပြီး စောင့်နေခဲ့ခြင်းသာ ဖြစ်၏။ သူတို့ကို မြင်တွေ့လိုက်ရပြီးနောက် မိနစ်ပိုင်းအကြာမှာ ချစ်မှူး ဆုံးသည်။ မြလွင်ကို သူနောက်ဆုံးမှာကြားသွားတော့ စကားကတော့ …"ညီလေးကို စောင့်ရှောက်ပါ"တဲ့။

၇။

ရပ်ကွက်ထဲမှလူတွေ ချစ်ဦးအတွက် စိုးရိမ်ကြသည်။ နဂိုကပင် ကြောင်တောင်တောင်ဖြစ်နေတာ။ ဒီကြားထဲ အစ်ကိုဖြစ်သူ ချစ်မှူး ဆုံးပါးသွားတော့ သွက်သွက်ခါအောင် ရူးသွားနိုင်သည်ဟု ခန့်မှန်းထားကြသည်။ တကယ်တမ်းကျတော့ ချစ်ဦးသည် သူ့အစ်ကို၏စျာပနာမှာ အံ့သြစရာကောင်းလောက်အောင် တည်ငြိမ်နေသည်။ လုပ်စရာရှိတာတွေကို ခပ်အေးအေးပင် လုပ်ကိုင်သွားသည်။ သူကတောင် မြလွင်ကို ပြန်ပြီး အားပေးနှစ်သိမ့်လိုက်သေးသည်။

"အားမငယ်ပါနဲ့မမရာ၊ ကျွန်တော်တစ်ယောက်လုံး ရှိပါသေးတယ်"

မြလွင်သည်လည်း ဖြစ်လာသောအခြေအနေကို ဣနြေ္ဒရရ ရင်ဆိုင်ခဲ့သည်။ ရက်လည်တဲ့နေ့မှာ အမျှဝေရင်း မူးမေ့လဲသွားတာကလွဲလျှင် ရုပ်ပျက်ဆင်းပျက် မဖြစ်ခဲ့။ မထင်တဲ့လူက ထဖောက်နေသည်။ ဒေါ်ငွေဇံ ဖြစ်၏။

"အမလေး … ကျုပ်သမက် လူရိုးလူကောင်းလေးကိုမှ ဘာဖြစ်လို့ ရွေးခေါ်ရတာလဲတော့ …၊ ဘယ်သူ့ကို ယုံလို့ ငါတို့သားအမိကို ထားရစ်ခဲ့ရတာလဲ မောင်ချစ်မှူးရဲ့ … အဲ့ … အဲ့"ဟု အော်ဟစ် ငိုကြွေးရင်း မြေပေါ်ကို ပစ်လှဲချလိုက်သည်။

ချစ်ဦးက …"တရားနဲ့သာဖြေပါ ဒေါ်ကြီးရာ"ဟု နှစ်သိမ့်ပြန်တော့လည်း …"အလိုလေး … တမူး အသာခံလိုက်ရပြန်ပြီတော့၊ တရားနဲ့ ဖြေပါတဲ့ … ဖြေနိုင်ဘူး၊ မဖြေနိုင်ဘူး၊ ဆန်ကုန်မြေလေးတွေကျတော့ ဘာဖြစ်လို့ မခေါ်တာလဲဟဲ့" ဆိုပြီး ချစ်ဦးကို တစ်ချက်စောင်းပြီး လှမ်းခွပ်သည်။ ဒီကြားထဲမှာ ကူငွေစာရင်းကိုလည်း မှန်ကန်တိကျအောင် စစ်ဆေးရရှာသေးသည်။ ရက်လည်တဲ့နေ့မှာတော့ ရေခဲမုန့်တစ်ယောက်တစ်ခွက်နှုန်းနဲ့ တွက်ပြီး ကျွေးလို့ မဖြစ်သောကြောင့် မုန့်ဟင်းခါးပဲ ကျွေးရလေသည်။

သူ့အစ်ကို ဆုံးပါးသွားခြင်းနှင့်ပတ်သက်ပြီး ချစ်ဦး၏တုံ့ပြန်မှုမှာ တည်တည်ငြိမ်ငြိမ် ရှိသည်ဆိုသောကိစ္စသည် သိပ်တော့ သဘာ၀မကျလှ။ ခုလို ထူးထူးခြားခြား တည်ငြိမ်နေတာကိုက ပုံမှန်မဟုတ်ဟု ဆိုရမည်။ ချစ်ဦးတို့လိုလူမျိုးတွေက တစ်ခါတစ်ခါ အများနှင့်မတူသော အပြုအမူမျိုးတွေ လုပ်တတ်သည်။ ခုကိစ္စမှာလည်း သူသည် အပေါ်ယံအားဖြင့် မတုန်မလှုပ် ရှိနေသော်လည်း မသိစိတ်ထဲမှာတော့ ၀မ်းနည်းပူဆွေးမှုက ကိန်းအောင်နေလိမ့်မည်။ ဒါမျိုးက ငုပ်လျှိုးနေရာမှ ရုတ်တရက် မထိန်းချုပ်နိုင်ဘဲ ပွင့်အန်ထွက်လာလျှင် ဟိုအရင်က အခြေအနေထက် ပိုဆိုးသွားနိုင်သည်။

ချစ်ဦးသည် ရက်လည်နေ့ ညနေပိုင်း အိမ်မှာ ဧည့်သည်တွေစဲသွားသောအချိန်ကစပြီး အိမ်အပြင်ဘက်မှာ ထိုင်ပြီး ကောင်းကင်ကို မော့ကြည့်နေသည်။ စကားလည်း တစ်ခွန်းမှ မပြော။ ဒီပုံစံအတိုင်း မလှုပ်မယှက် နေနေသည်။ မြလွင်ကလည်း သူ့အပူနှင့် သူမို့ ချစ်ဦးကို သတိမရနိုင်သေး။ ဒေါ်ငွေဇံမှာ တစ်ပတ်လုံး ပင်ပန်းခဲ့ရသည်။ ရပ်ကွက်ထဲက လူတွေက သူတို့အတွက် အကောက်အစားရအောင် ပိုကာဝိုင်း၊ ရှိုးဝိုင်းကလေးတွေ လာလုပ်ပေးကြသည်။ ထိုအခါ အကောက်ကောက်လို့ရတဲ့ ငွေတွေ အလေအလွင့် အဖိတ်အစင် မရှိရအောင် စောင့်ကြည့်ရသဖြင့်  အိပ်ရေးပျက်ခဲ့သည်။ ထို့ကြောင့် ရက်လည်တဲ့ ညနေကျတော့ ပန်းဖျား ဖျားချင်သလို ဖြစ်လာသဖြင့် မြလွင်က ပြန်ပြီး ပြုစုနေရသေးသည်။

မြလွင်မှာ စိတ်မထိခိုက်ဘဲ ဘယ်နေပါ့မလဲ။ သူချစ်လို့ လက်ထပ်ခဲ့တဲ့ လင်ယောက်ျားကို စွန့်လွှတ်လိုက်ရတာပဲ။ သို့တိုင်အောင် အမေဖြစ်သူ သူ့ထက်ပိုဆိုးနေသဖြင့် သူ့ကိုယ်သူ အလိုလို ထိန်းသိမ်းနိုင်သလို ဖြစ်သွားရ၏။ နဂိုကပင် အေးအေးတည်ငြိမ်သူဖြစ်သောကြောင့် စိတ်ကို ဖြေနိုင်ခြင်းလည်း ဖြစ်ကောင်း ဖြစ်မည်။ သူသည် ဒေါ်ငွေဇံကို ပြုစုနေရတာရော၊ စိတ်အာရုံများနေတာရောကြောင့် ညစာထမင်းစားဖို့တောင် သတိမရ။ ညအတော်ကြီးမှောင်မှ ထမင်းမစားရသေးကြောင်း သတိရသည်။ စားချင်စိတ် မရှိလှသော်လည်း ကိုယ့်ကျန်းမာရေးအတွက် အာဟာရတော့ ဖြည့်ရဦးမည်။ ရှေ့ဆက်ပြီး လုပ်စရာတွေ ရှိသေးသည်။ သူပါ အိပ်ရာထဲ ပုံလဲကျသွားလို့ မဖြစ်သေး။

ထမင်းလေးတော့ ၀င်သလောက်စားလိုက်မှဟု စိတ်ကူးမိသောအချိန်မှပင် ချစ်ဦးကို သတိရသည်။ ချစ်ဦးတစ်ယောက် ထမင်းမှ စားရသေးရဲ့လား။ ဘယ်များ ရောက်နေပါလိမ့်ဟု တွေးရင်း လိုက်ရှာသည်။ အသုဘအိမ်သို့ ထုံးစံအတိုင်း တစ်ပတ်လုံးလုံး လူတွေ၀င်ထွက် စည်ကားခဲ့ပြီး ရက်လည်နေ့ညကျတော့ အိမ်သူအိမ်သားမှလွဲ၍ ဘယ်သူမှ မရှိတော့။ ကျန်ရစ်သူများအဖို့ အားအငယ်ရဆုံးအချိန်ပင် ဖြစ်၏။ အိမ်ရှေ့မှာ လူတစ်ယောက်မှ မရှိဘဲ တိတ်ဆိတ်ခြောက်ကပ်နေသည်။

အိမ်၀င်းထောင့်ရှိ သစ်လုံးကို ထက်ခြမ်းခြမ်းပြီး ပြုလုပ်ထားသော ခုံတန်းလျားမှာ ချစ်ဦး ထိုင်နေသည်။ သူသည် ကောင်းကင်ကြီးကို မမှိတ်မသုန် မော့ကြည့်နေ၏။ ဒီခုံတန်းလျားသည် သူတို့ညီအစ်ကို နှစ်ယောက် စကားထိုင်ပြောနေကျ နေရာ ဖြစ်၏။
မြလွင်သည် ချစ်ဦးနားကို လျှောက်သွားသည်။ ချစ်ဦးက စွပ်ကျယ်အင်္ကျီလက်ပြတ်ကလေးသာ ၀တ်ထားသည်။

"ဟယ် … မောင်လေးရယ်၊ အပြင်မှာ ဒီလောက်အေးတာ၊ ဘာလို့ ထိုင်နေတာလဲ၊ အပေါ်အင်္ကျီလည်း မ၀တ်ဘူး၊ ထမင်းလည်း မစားရသေးဘူး မဟုတ်လား၊ ထ ထ"

ချစ်ဦးက လှည့်ကြည့်သည်။ ထို့နောက် …"အားမငယ်ပါနဲ့ မမရယ်၊ ကျွန်တော်တစ်ယောက်လုံး ရှိပါသေးတယ်"ဟု ပြောသည်။ မြလွင်က ချစ်ဦး၏လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။ ချစ်ဦး၏ကိုယ်သည် အေးစက်နေ၏။

နောက်တစ်နေ့တွင် ချစ်ဦး အပြင်းဖျားသည်။ သုံးရက်လောက် တုံးခနဲ လဲကျသွားသည်။ ဒီနောက်မှာတော့ ချစ်ဦးသည် ပုံမှန်ပြန်ဖြစ်သွားသည်။ ပုံမှန်ဆိုတာ ဟိုအရင်လိုပဲ စိတ်ကူးပေါက်ရာ ထထလုပ်တတ်ခြင်းပင် ဖြစ်၏။ ဒါကိုပဲ သူ့အဖို့ ပြန်ကောင်းသွားခြင်း ဖြစ်သည်ဟု ဆိုရလေမလားမသိ။ ခုလိုပြန်ဖြစ်သွားတာကို ဘယ်နေရာမှာ သိသာသွားသလဲဆိုတော့ တစ်ရက်မှာ မြလွင် ထမင်းချက်နေတုန်း ဒေါ်ငွေဇံ ရောက်လာပြီး "ညည်းရဲ့ မတ်တော်မောင် အရူး ဘာလုပ်နေသလဲလို့ သွားကြည့်စမ်းပါဦး"ဟု ပြောသည်။ မြလွင်လည်း ဘာတွေ လျှောက်လုပ်နေပါလိမ့်ဟု စိုးရိမ်သွားသည်။ ထွက်ကြည့်လိုက်တော့ အိမ်ဘေးက ရေစည်ထဲက ရေတွေ ခပ်ချိုးနေသော ချစ်ဦးကို တွေ့လိုက်ရသည်။ ရေချိုးတာကတော့ ဘာမှ မဆန်း၊ ထူးခြားတာကတော့ ချစ်ဦးသည် ဆွယ်တာအင်္ကျီကြီး ၀တ်လျက်နှင့် ကိုယ့်ပေါ်ကို ရေတွေ လောင်းချနေခြင်းပင် ဖြစ်၏။ မြလွင် မျက်လုံးပြူးသွား၏။

"ဟဲ့ … မောင်လေး … ဘယ်လိုဖြစ်တာလဲ၊ ရေချိုးတာ အင်္ကျီမချွတ်ဘဲနဲ့"

ချစ်ဦးက ပြုံးလိုက်ပြီး
"ရာသီဥတုက တော်တော်အေးလာပြီး မမရဲ့၊ ဒါကြောင့် အအေးမမိအောင် အနွေးထည်လေး၀တ်ပြီးမှ ရေချိုးရတာလေ၊ မမလည်း သတိထားဦး၊ ရေချိုးရင် မျက်နှာသုတ်ပဝါလေးဖြစ်ဖြစ် ခြုံပြီးမှ ချိုး သိလား။

မြလွင် သက်ပြင်းချလိုက်သည်။ ထို့အတူ နည်းနည်းလည်း စိတ်သက်သာရာရသွားသည်။ ချစ်ဦးအနေဖြင့် ခုလို ရူးကြောင်ကြောင် ပြန်ဖြစ်လာတာက စကားလုံး၀ မပြောတော့ဘဲ တစ်နေရာကို တွေတွေကြီး ငေးကြည့်နေတာထက်စာလျှင် အများကြီး တော်သေးတယ် မဟုတ်လား။

(ဆက်ရန်)
---------------------
မင်းလူ

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)