မုန်း၍မဟူ၊ အခန်း(၄)

နံနက်နေခြည် ဖြစ်၍ ဝင်းပ နေပေသည်။

ဝေဝေသည် ပြတင်းတံခါးများကို လျှောက်ဖွင့်ကာ အပြင်ဘက်သို့ မျှော်ကြည့်သည်။ အိမ်ခေါင်းရင်း သရက်ပင်ခွ၌ ဆွဲချိတ်ထားသော အောက်သို့ တွဲလောင်းကျ နေသည့် ဖယောင်းပန်း လက်တံရှည်တို့သည် လေတွင် ညွတ်လျက် ယိမ်းနေပေသည်။

လှပသော နံနက် ဖြစ်သည်။ သရက်ပင် ပေါ်၌ ခိုတွေ နားနေကြကာ အချင်းချင်း တွတ်တွတ်ထိုးလျက် တစ်ကောင့်ခေါင်း တစ်ကောင် ဆိတ်နေကြသည်။ ပြွတ်နေအောင် သီးသော သရက်သီးများမှာ အလုံး တော်တော်ကြီး နေပေပြီ။

ပြတင်းမှ ဝင်လာသော နေရောင်ခြည်ကို ပြန်လှည့်ကြည့် လိုက်သည်။ ငွေရောင်ရွှန်းသော နေခြည်ကို လည်းကောင်း၊ ပေါလစ်ရောင် ပြေးလျက် သစ်လွင် တောက်ပသော စားပွဲ ကုလားထိုင်များကို လည်းကောင်း နှစ်သက် ကျေနပ်ဟန်ဖြင့် ရွှင်လန်း သွားလေသည်။

အစ်ကိုကြီး ရန်ကုန် သွားခါနီး လိုချင်တာ မှာလိုက်ဟု လာပြောသည်။ ဝေဝေသည် မြို့ပိုင်အိမ်တွင် မြင်ခဲ့ရသော ဧည့်ခန်း ကုလားထိုင် ပုပုကလေးတွေကို မျက်စိကျခဲ့၍ ကုလားထိုင် တစ်စုံ ဝယ်ခဲ့ရန် ပူဆာလိုက်သည်။

ညက မယ်အေးနှင့် နှစ်ယောက် အိမ်ရှေ့ခန်းကို ညဉ့်နက်သည် အထိ ကြမ်းတိုက်ကြသည်။ ကြမ်းကို လက်ပြောင်နေအောင် ရေနံဆီ၊ ဖယောင်း ထည့်လျက် လက်မောင်း ပြုတ်မတတ် တိုက်ရလေသည်။ မနက်စောစော အစ်ကိုကြီး ရောက်လျှင် စားပွဲ ကုလားထိုင်များ ပါလာမည်မို့ အဆင်သင့် ခင်းနိုင်လေအောင် ကြိုးစားပမ်းစား တိုက်ထားသည်။

ကျောက်စားပွဲနှင့် ကုလားထိုင်များကို လိုက်ကာ ကွယ်ထားသော အလယ်ခန်းသို့ ပို့လျက် ထမင်းစားပွဲ လုပ်လိုက်သည်။ စားပွဲ ကုလားထိုင်နှင့် ထမင်းစားတော့မည်။ တစ်ဖက်အိမ်ပေါ်က ဆီးကြည့်လျှင် စားပွဲဝိုင်းတွင် သင်ဖြူးခင်း စားနေကြတာ အတိုင်းသား မြင်နိုင်၍ ဦးစောဟန် ပြောင်းလာပြီးမှ ထမင်းစားရတာ မလုံသလို ဖြစ်ခဲ့သည်။ ခုမှပဲ ရဲရဲ စားရတော့မည်။

ဒေါ်သက်မှာ နှစ်ရက်လုံးလုံး ဆက်၍ စက်ပေါ်၌ ထိုင်ကာ ပေါ်ပလင် ခန်းဆီးများ အပြီးချုပ် ပေးရသည်။ ဦးစောဟန် အိမ်၌ တပ်ထားသော ပြတင်းခန်းဆီးပုံ အတိုင်း ပြတင်းပေါက် တစ်ဝက် ခန်းဆီးအတို ချုပ်ကြသည်။

ဝေဝေသည် ကြမ်းတိုက်ပြီး ခန်းဆီးများကို အောက်ထပ် ပြတင်းပေါက်စေ့ တပ်ဆင်ထား လိုက်သည်။ နံနက် ကုလားထိုင်များ ရောက်လျှင် အရန်သင့် ဖြစ်နေအောင် အပြီး လုပ်ထားပြီးနောက်၊ နံနက် စောစောကြီး ထရန် နှိုးစက်ပေး အိပ်လေသည်။

နှိုးစက် မမြည်မီ အိပ်ရာမှ ထခဲ့သည်။ အိမ်အောက်သို့ မယ်အေးနှင့် နှစ်ယောက် ဆင်းခဲ့ကြသည်။ ကြမ်းကို ပြောင်မှ ပြောင်ရဲ့လားဟု မီးဖွင့်ကြည့် လိုက်လေသည်။

ဦးဘိုးသိန်း ထိုင်သော ကြိမ်ပက်လက် ကုလားထိုင်ကြီးကို နှစ်ယောက် မလျက် ခေါင်းရင်းဘက်၌ ချကြည့်လိုက်သည်။ အနေအထား သဘောမကျပြန်၍ ခေါင်းရင်းထောင့်သို့ ပို့လိုက်ပြန်သည်။ စိတ်တိုင်း မကျပြန်၍ အလျင် နေရာအတိုင်း အလယ်ခန်းကို ကာခြားထားသော ခန်းဆီးရှေ့သို့ ပြန်မ၊ ရွှေ့ချ ထားရလေသည်။ စာရေးစားပွဲခုံမှာ ကုလားထိုင်ကြီးကဲ့သို့ပင် ချာလည် လည်နေပြီးမှ ခြေရင်းဘက် ထောင့်နားသို့ ရောက်သွားလေသည်။ ခုံတန်းလျားကြီးကို ကြည့်မရပေ။ မိုးလင်း တံခါးဖွင့်လျှင် အပြင်ဘက် ထုတ်ထား လိုက်မည်ဟု ပိုင်းဖြတ်လိုက်သည်။

အိမ်ရှေ့ခန်းမှ အလယ်ခန်းသို့ ရောက်သွားပြန်သည်။ ကျောက်စားပွဲကို ခုံခင်းအသစ် အဖြူ ခင်းသည်။ မနက် လက်ဖက်ရည်ခုံ ပေါ်၌ သောက်ကြရန် ပန်းကန်လုံးများ မှောက်လျက် ဝိုင်းချကြည့် လိုက်သည်။

မိုးလင်း၍ သင်္ဘောမှုတ်သံ ကြားမှ မျက်နှာ ပြေးသစ်ရသည်။ ဝေဝေ့မှာ အပေါ်တက်လိုက် အောက်ဆင်းလိုက်ဖြင့် သင်္ဘော မဆိုက်မချင်း အလုပ်ရှုပ် နေလေသည်။

ကုလားထိုင်များ သယ်လာတာ မြင်လိုက်ရမှပင် ရင်ထဲ၌ အလုံးကြီး ကျသွားလေသည်။ အစ်ကိုကြီးမှာ သူ့အိမ်တွင် ဝင်နေရစ်ကာ၊ ကူလီကုလားများဖြင့် အပို့လွှတ် လိုက်၏။

ဝေဝေသည် ပတ်ချည်ထားသော စက္ကူများကို ကဗျာကယာ ဖြေလျက်၊ ညက မျက်စိထဲတွင် စီစဉ် ခင်းကျင်းထားသည့် ပုံစံအတိုင်း ဝိုင်းချ ခင်းလိုက်သည်။

နေရောင်ခြည်ဖြင့် အိမ်ရှေ့ခန်းသည် သစ်လွင် ခံ့ညားလျက် ကျက်သရေ ရှိနေ၏။ ခုလို ဆိုတော့လည်း ဘိုဆန် သွားပါပြီဟု စိတ်ထဲက အောက်မေ့လိုက်သည်။ ကုလားထိုင်တွေ အောက်က ကော်ဇော ခင်းလိုက်ရရင် သိပ်စတိုင် ကျမှာပဲဟု တွေးမိသည်။

ဝေဝေသည် စားပွဲနိမ့်ကလေး ပေါ်တွင် ပန်းအိုးထားရန် မယ်အေးကို ဖယောင်းပန်းခက်များ ချိုးခိုင်းလိုက်သည်။

အပြင်အဆင် အသစ်များဖြင့် ပြောင်းလဲသွားသော အိမ်ရှေ့ခန်းများကို အရိပ် တကြည့်ကြည့် ကြည့်ရင်း ဦးစောဟန်ကို သတိရ လိုက်သည်။ ဦးစောဟန် နောက်တစ်ခေါက် လာလျှင် ခေတ်မီ ကုလားထိုင် အသစ်များနှင့် ကျကျနန ဧည့်ခံနိုင်ပြီမို့ ကျေနပ်သွားသည်။

ဦးဘိးသိန်းသည် အိမ်ပေါ်မှ ဆင်းလာလျက် ဝေဝေ ပြင်ဆင်ထားသော အိမ်ရှေ့ခန်းကို ကြည့်၍ ခေတ်သားသမီးတွေဟာ တယ်ခေတ်ဆန်ချင်တာပဲဟု တွေးနေလေသည်။

မျက်စိထဲ၌ တစ်မျိုးပြောင်း နေသော အိမ်ရှေ့ခန်းကို လှည့်ပတ်ကြည့်ကာ၊ သန့်သန့်ရှင်းရှင်းနဲ့ ကြည့်ကောင်းသားပဲဟု ထင်သည်။

“ဖေဖေ ... အစ်ကိုကြီးက သူ တော်တော်ကြာမှ လာခဲ့မယ်တဲ့၊ ဖေဖေ့ဖို့ သမီး ကော်ဖီပြင် ပြီးပြီ၊ ကျောက်စားပွဲကို ထမင်းစားစားပွဲ လုပ်လိုက်တယ် ဖေဖေ ...”

ဝေဝေ့မှာ ရွှင်ပျသွက်လက် နေသည်။ ဖခင်မျက်နှာ လန်းနေသဖြင့် အပြောင်းအလဲကြောင့် စိတ်ကြည် သွားတယ်ဟု အားရကျေနပ် နေလေသည်။

ဦးဘိုးသိန်းသည် ကျောက်စားပွဲတွင် ထိုင်လိုက်ကာ ဧည့်သည်လာလျှင် တည်ရန် သိမ်းဆည်းထားသော လက်ဖက်ရည် ပန်းကန် အသစ်တွေ ချသုံး နေပါကလားဟု အံ့ဩနေသည်။

စားပွဲခင်းမှာ ကော်တောင့်လျက် ဖွေးဖြူနေသည်။ စားပွဲပေါ်၌ ခင်းကျင်းထားသော ပန်းကန် အသစ်တွေနှင့် ဧည့်သည် ဧည့်ခံမည့်ပုံ အတိုင်း ထည်ဝါ နေကြသည်။ ပေါင်မုန့် ထောပတ်သုတ်၊ သင်္ဘောသီးမှည့်၊ ငှက်ပျောသီးကို တွေ့ရှိ၍ ဘယ့်နှယ် ဒါတွေ စောစောစီးစီး ချပြင်ထားပါလိမ့်ဟု ဆန်းနေပေသည်။

ဦးဘိုးသိန်းမှာ နံနက်တိုင်း ကြိမ်ပက်လက် ကုလားထိုင်ကြီး ပေါ်၌ တင်ပျဉ်ခွေ ထိုင်လျက်၊ သစ်သားလက်ရန်း ပေါ်တွင် လာတင်သော ကော်ဖီခွက်၊ မုန့်ပန်းကန်ကို ယူသောက်စားမြဲ ဖြစ်သည်။ ဟန်ကျပန်ကျ စားပွဲနှင့် ထိုင်သောက်ခဲ့ခြင်း မရှိ၍ သောက်ရ စားရမှာပင် စားပွဲခုံခင်းနှင့် ပန်းကန်သစ်တွေကို အားနာ နေလေသည်။

ငှက်ပျောသီး၊ သင်္ဘောသီးများကို ထမင်းစားပြီးမှသာ စားတတ်သဖြင့် မကြုံစဖူး ကြုံနေရသည်။ ငါ့သမီး တစ်မျိုးဖြစ် နေပါတယ်ဟု တွေးနေလေသည်။

“သမီးရယ် ... ပန်းကန်သစ်တွေ နေ့တိုင်းသုံးတော့ ဟောင်းမကုန်ဘူးလား”

ဝေဝေသည် ကော်ဖီကို ထည့်ပေးကာ “နောက်ဖေးက ပန်းကန်တွေနဲ့ ဒီစားပွဲနဲ့ လူမြင်လို့ ဘယ်ကောင်းပါ့မလဲ ဖေဖေရဲ့“ ဟု ပြန်ပြောလိုက်သည်။

ဦးဘိုးသိန်းမှာ “လူမြင်လို့ ဘယ်ကောင်းပါ့မလဲ” ဟူသော စကား၏ ထူးခြားချက်ကို အကဲခတ် တွေးရင်း သောက်စားနေသည်။

ဝေဝေသည် ဦးဘိုးသိန်းနှင့် မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။ ကော်ဖီပန်းကန် လှန်လျက် ကော်ဖီငှဲ့ထည့် နေစဉ် ဦးဘိုးသိန်းကို မော့်ကြည့်ကာ “ဖေဖေ ... ညက အိပ်ရရဲ့လား” ဟု မေးကြည့်သည်။ မိမိကို စူးစူးစိုက်စိုက် ကြည့်နေသဖြင့် စတိုင်ထုတ် သောက်ရတာ ရှက်ကိုးရှက်ကန်း ဖြစ်နေလေသည်။

“ညက တော်တော် အိပ်ပျော်တယ်၊ ချောင်းလည်း တစ်ခါမှ မဆိုးဘူး၊ အိပ်ရာက နိုးမှ တစ်ခါ နှစ်ခါ ဆိုးတယ်၊ သွေး မတွေ့ဘူး”

“ဒါဖြင့် သက်သာတာပေါ့ ဖေဖေ” ဟု ဝမ်းသာအားရ ရှိုက်ပြောလေသည်။

“ကြီးတော်ကို ဈေးက သခွါးသီး မှာလိုက်တယ် ဖေဖေ၊ သခွါးသီးနဲ့ သကြား စားရင် ပျောက်တယ်ဆိုလို့ ... ဖေဖေ စားနော်”

ဦးဘိုးသိန်းသည် ပြုံးလျက် ခေါင်းညိတ်လိုက်ကာ “ချောင်းဆိုးသွေးပါ မဟုတ်ဘူး ထင်ပါရဲ့” ဆိုလျက် ခေါင်းညိတ်နေသည်။

“ဥပါဒါန်ကြောင့် ဥပဒ် ရောက်တာပါ ဖေဖေရာ၊ မဟုတ်ပါဘူး၊ အထက် တက်လှန်တာပါပဲ။ ဦးလေး ဘိုးမြိုင်ကြီး ကလည်း ဒီလိုပဲ တစ်ခါတုန်းက ဖြစ်ဖူးသတဲ့၊ ပျောက်သွားပြီ ခုထက်ထိတော့ တစ်ခါမှ မဖြစ်ဘူးလို့ ပြောပါတယ်။ ဖေဖေ့စိတ်က မစွဲပါနဲ့”

ဝေဝေသည် ဖခင်ရှေ့၌ အိုးတိုးအမ်းတမ်းနှင့် သောက်ရစားရ မလုံသည့် အတွက် မလုံသည့်စိတ်ကို စကားများများ ပြောဖာနေပေသည်။

အိမ်ရှေ့က “ဝေဝေရေ” ဟု လှမ်းခေါ်လိုက်သော အသံနှင့် အိမ်ထဲသို့ တန်းဝင်လာသော ခြေသံကို ကြားရ၍ ဝေဝေမှာ မျက်နှာကလေး မဲ့သွားသည်။

“အောင်မယ် ... စတိုင်ပဲပါလား”

ကိုနေဦးသည် ခါးထောက်လျက် လက်ဖက်ရည် စားပွဲကို မျက်လုံးပြူး ကြည့်ကာ ခပ်ကျယ်ကျယ် ပြောလိုက်ပြီးနောက် “ဘိုအိမ်ကျနေပြီဟေ့” ဆိုလျက် ရယ်မောလိုက်သည်။

ကိုနေဦး၏ ရယ်သံမှာ ခပ်အစ်အစ် လှောင်ရယ်သောအသံမျိုးနှင့် တူ၍၊ ဝေဝေသည် မျက်နှာကလေး အိုရာက မျက်စောင်း လှမ်းထိုးလျက် “အစ်ကိုကြီးကလဲ ပြောရော့မယ်” ဟု နှုတ်ခမ်းကလေး စူပြောလိုက်သည်။

ကိုနေဦးမှာ ခပ်ဝဝ၊ ပုပု၊ အသားဖြူဖြူ ဖြစ်သည်။ ပြူးနေသော မျက်လုံးသည် အစဉ်သဖြင့် ရယ်နေကာ မျက်နှာ အမြဲတမ်း ချိုနေသည်။ ကွမ်းကြိုက်သဖြင့် သွားတွေ နီနေလျက် ကွမ်းငုံထားသော ပါးစောင် တစ်ဖက်မှာ ဖောင်းနေလေသည်။

ခေါင်းတုံးဆံတောက်၊ ရှပ်လက်တို အဖြူနှင့် ပလေကတ်လုံချည် အကွက်ကြီး ဝတ်လျက် ခါးပတ်ကြီး ပတ်ထားလေသည်။

“မင်းကွယ် ... ၁၀ ရက်ဆိုပြီး ကြာလိုက်တာ” ဟု ဦးဘိုးသိန်းက တည့်နေသော ကိုယ်ကို ဘေးရွှေ့ လှည့်ပြောလိုက်သည်။

“အစ်ကိုကြီး ကော်ဖီသောက်ဦး” ဟု ဆိုကာ ကြီးတော် ဈေးပြန်လျှင် သောက်ရန် ချထားသော ပန်းကန်ကို လှန်ငှဲ့ထည့် လိုက်သည်။

“ကြာဆို ဖေဖေရယ်၊ မျက်လုံးကို ဆေးထိုးရတယ်၊ မျက်မှန်တပ်ရမယ် ပြောလို့ ကျွန်တော်လည်း မျက်မှန် မတပ်ချင်ဘူး၊ ဆေးပဲ ယူခဲ့တယ်၊ ဖေဖေ နေမကောင်းဘူးဆို”

“ဘယ်သူပြောလဲ” ဟု ဝေဝေက လှမ်းမေးလိုက်သည်။

“ကြီးတော်ပေါ့၊ မနက်က ဈေးသွားရင်း အိမ်ဝင်ပြောတယ်၊ အခု ဘယ့်နှယ် နေသေးလဲ၊ ကျွန်တော်ဖြင့် စိတ်ပူသွားတယ်”

ကိုနေဦးသည် ကုလားထိုင်တွင် ဝင်ထိုင်လိုက်၍ ဦးဘိုးသိန်းမှာ သူ၏ကိုယ်ကို စားပွဲနှင့် ပြန်တည့်ကာ “ခုပဲ ပြောနေရသေးတယ်၊ သက်သာ သွားပါပြီ၊ သွေး မပါတော့ဘူး၊ ရင်ခုန်လည်း ခါတိုင်းလိုပဲ မမြန်ဘူး၊ သွေး အထက် တက်လှန်တာနဲ့ တူပါရဲ့ကွယ်”

“ဒီလိုဆို ကောင်းပါရဲ့ ဖေဖေရယ်၊ ဒီရောဂါမျိုး မဟုတ်ရင် ဝမ်းသာရတာပဲ၊ သိပ်ဆိုးတဲ့ ရောဂါ။ အိမ်က ယောက္ခမကြီးကတောင် ရန်ကုန် သွားကုဖို့ ပြောလိုက်သေးတယ်”

“သောက်လေ အစ်ကိုကြီး”

ဝေဝေသည် ပန်းကန်ထဲ ငှဲ့ပြီး ရှေ့တိုး ပေးလိုက်သည်။ ကိုနေဦးသည် စားပွဲအောက်သို့ ဟိုငုံ့ဒီငုံ့ ကြည့်ကာ “ထွေးခံ ဘယ်မတုန်းဟ” ဟု ကွမ်းတံတွေး ထွေးရန် ရှာနေလေသည်။

ဝေဝေသည် ထွေးခံက မျက်စိရှုပ်လွန်း၍ နောက်ဖေးသို့ ပို့ထားရာ ထပြေး ယူပေးရသည်။

“မင်းအမေဆီ ဆန်အိတ်ပို့တော့ စာရေးထည့် လိုက်ကဲ့လား”

“ရထားတန်ဆာနဲ့ အတူတူ စာရေးပြီး ရေစစ္စရီ လုပ်ပို့လိုက်တယ်၊ ရောက်ကရောပေါ့”

ဦးဘိုးသိန်း ဘွားသီလရှင် အတွက် သံယောဇဉ် အတော်ကြီးမှန်း သားသမီးများ ရိပ်စားမိကုန်မှာကို ရှက်တက်တက် ဖြစ်နေတုန်းပင်။ သီလရှင်အကြောင်း ပြောတိုင်း ဣန္ဒြေတစ်မျိုး ပြောသော အလေ့အထမှာ အကျင့်ဖြစ် နေလေပြီ။

“အစ်ကိုကြီး ရန်ကုန်က ဘာတွေ ဝယ်လာသေးလဲ၊ ကုလားထိုင်တွေက သိပ်လှတာပဲ”

ကိုနေဦးသည် ကော်ဖီ ပန်းကန်ပြားထဲမှ ကော်ဖီ ငှဲ့လောင်းချ နေသဖြင့် ပန်းကန်လုံးတွေ ခုံပေါ်ချရင် ပေကွက် သွားမှာစိုး၍ ပန်းကန်ပြား တစ်ချပ် ချပေးလိုက်ရသည်။

“ငါက အေးအေးသောက်ချင်တာ” ဟု ရယ်ပြောလျက် တစ်ရှိန်တည်း ကျိုက်ချလေသည်။

“ကုလားထိုင်က ယူဟာဂျီ အာမက်က ဈေးများတာနဲ့ ဘုံဘေဘားမားက ဝယ်လာတယ်၊ အရောင်ကော ကြိုက်ရဲ့လား၊ ငါတော့ အဝါတွေ မကြိုက်တာနဲ့ သပြေမှည့်ရောင် ဝယ်လာတယ်၊ ဒီပြင် ဘာမှမဝယ်ဘူး။ စာကြည့်တိုက် ဖွင့်ဖို့အတွက် စာအုပ် အဟောင်းတွေ လည်ဝယ်ရတာ တော်တော် အချိန်ကုန်တယ်”

ကိုနေဦးမှာ မြို့ပေါ်၌ စာကြည့်တိုက် ဖွင့်ရန် စိုင်းပြင်းကြိုးစား နေလေသည်။ ကျောင်းနေကတည်းက စာမဖတ်ဘဲ မနေနိုင်၊ မျက်နှာနှင့်မခွါ စာဖတ် ဝါသနာ ပါသည်။ သတင်းစာ၊ မဂ္ဂဇင်း၊ ဝတ္ထု ထွက်သမျှ မှန်မှန်ကြီး ဝယ်ဖတ်လေသည်။ မိန်းမရပြီး ယောက္ခမ ဆန်စက်ကို ဦးစီးလုပ်ကိုင် နေလျက် ဆန်စက် အလုပ်ထဲ စိတ်မဝင်စားချေ။ ရန်ကုန်သွားပြီး ဝတ္ထုမဂ္ဂဇင်းတိုက် ထောင်ချင်စိတ်သာ ရှိနေသည်။

ဝေဝေသည် ဦးစောဟန်၏ ဘွတ်ဖိနပ်သံကို ကြားလိုက်၍ ရင်ထဲ၌ ဖိုလှိုက် သွားလေသည်။ အိမ်ရှေ့၌ ဆင်ပြင်ထားသော စားပွဲ၊ ကုလားထိုင်များသည် ဦးစောဟန်ကို ဆီးကြိုကြပေမည်။ ဝေဝေသည် တောမြို့၌ နေသော်လည်း မခေမှန်းကို ပြချင်တာနဲ့ ရောက်လာတာ အတော်ကျ သွားသည်။ ဦးစောဟန် အိမ်ကဲ့သို့ ဆိုဖာ ကုလားထိုင်ကြီးများနှင့် သားမွေး ကော်ဇောများ မဟုတ်ကြသည့်တိုင် တောတွင် ဒါလောက်ဖြင့် ဂုဏ်မငယ်မှန်း စိတ်အေးသွားသည်။

“ဦးစောဟန် မှတ်တယ်”

ဦးဘိုးသိန်းသည် စားပွဲမှ ထလိုက်ကာ လည်ပင်းတွင် ပတ်ထားသော တဘက်ကို ကုလားထိုင် ပေါ်၌ တင်ခဲ့လျက် အိမ်ရှေ့သို့ ထွက်သွားသည်။

ကိုနေဦးသည် ဖင်ကိုကြွလျက် ခေါင်းကို ရှေ့သို့ ဆန့်ထုတ်ကာ ဝေဝေ ကြားနိုင်လောက်သည့် လေသံဖြင့် နောက်ပြောသည်။

“ဘိုကြက်ချေး ... ဘိုကြက်ချေး”

ဝေဝေသည် အပြင်ဘက်က ကြားသွားမှာ စိုး၍ မျက်မှောင်ကလေး ကုတ်လျက် မနောက်ရန် ပခုံး လှမ်းပုတ်လိုက်သည်။

ကိုနေဦးသည် သွားတွေဖော်လျက် အသံမထွက် ကျိတ်ရယ် နေလေသည်။

“ဦး နေမကောင်းဘူး ဆို၊ အခု ဘယ့်နှယ် နေပါသေးလဲ”

“အပုံကြီး သက်သာ သွားပါပြီ၊ ဦးက သွေးပါတော့ လန့်သွားတယ်၊ သွေးလျှံတယ်လို့ ဆရာဝန် ပြောတာ ဟုတ်ပါလိမ့်မယ်၊ မောင်နေဦးရေ”

ဝေဝေသည် ကိုနေဦးအား ပုတ်လျက် “သွားလေ သွား၊ ခေါ်နေတယ် ...” ဟု ပြောသည်။

ကိုနေဦးသည် မျက်နှာပိုး သတ်လျက် အိမ်ရှေ့သို့ ထွက်သွားသည်။ ဝေဝေလည်း ကိုနေဦး နောက်မှ လိုက်ထွက်လာသည်။

“ဒါ ဦးသား အကြီးပဲ၊ သုခဓန ဆန်စက် မန်နေဂျာ လုပ်နေတယ်”

ဦးစောဟန်သည် ရှပ်ဖြူလက်ရှည်၊ ဘောင်းဘီအရှည် အဖြူ ဝတ်လျက်၊ လက်တစ်ဖက်တွင် ကိုင်ထားသော ဦးထုပ်အဖြူကို စီးကရက်သံဘူး ကိုင်သည့် လက်မောင်းအောက်သို့ ထိုးသွင်းကာ ကိုနေဦးအား လက်လှမ်းပေး လိုက်သည်။

ကိုနေဦးသည် လက်ကို ညင်ညင်သာသာပင် လှမ်းဆွဲလှုပ်ကာ “တွေ့ရတာ ဝမ်းသာပါတယ်ဗျာ” ဟု ဆိုလျက် ထိုင်ရန် ကုလားထိုင်များကို ညွှန်ပြလေသည်။

“ထိုင်ပါဗျာ ...”

ဦးစောဟန်သည် ပြုံးရွှင်စွာဖြင့် ခေါင်းညိတ်လျက်၊ မည်သူမျှ မထိုင်ရသေးသော အသစ်ကျပ်ချွတ် ကုလားထိုင်တွင် ထိုင်လိုက်သည်။

“သူက ကျွန်တော့်နှမ အငယ်ဆုံးပါပဲ ...”

ဦးစောဟန်သည် ထိုင်ရာမှ ထပြန်လျက် “ကျွန်တော် မနေ့က တွေ့ပြီးပါပြီ၊ လာလေ ဝေဝေ ထိုင်ပါ” ဟု ပြုံးခေါ်လိုက်ကာ ပြန်ထိုင်သည်။

ဝေဝေသည် ပြုံးလျက် ကိုနေဦး ကုလားထိုင် ဘေးတွင် ဝင်ထိုင်ကာ၊ ဦးဘိုးသိန်းက ဝေဝေ့ ကုလားထိုင် ဘေးတွင် ထိုင်လိုက်သည်။

“ဝေဝေက တယ်အဖော်ရ ပါကလား ဦး ... မနေ့က ကျွန်တော့်ကို တုန်ကင်း မြန်မြန်လိုချင်တယ် ပြောလို့ ရန်ကုန် သံကြိုး ထပ်ပို့ လိုက်ရတယ်”

ဦးဘိုးသိန်းသည် ပြုံးလျက် ... “ဦးမှာ သူရှိလို့ပဲ သက်သာပါတယ်၊ အားလုံး မျက်နှာလွှဲရတယ်” ဟု ပြောနေလေသည်။

ဝေဝေသည် မျက်နှာ မထားတတ်သလို ပန်းအိုးကိုသာ မဲကြည့်နေလျက် နှုတ်ခမ်းလေး ကော့တင်ထားသည်။

“ခင်ဗျား ကောလိပ်နေတဲ့ နှစ်က ဘယ်နှစ်လဲ”

ကိုနေဦးသည် ကိုယ်ကို အနည်းငယ် လျှောလျက် ခြေချင်းလိမ် လိုက်ကာ “၁၉၃၅” ဟု ဖြေလိုက်သည်။

“ကျွန်တော်လည်း သာတီသရီးမှာ ဘီအေအောင်ပြီး ထွက်လိုက်တာပဲ၊ ဘယ်ကျောင်းဆောင်လဲ”

“တကောင်း ကျောင်းဆောင်မှာပါ၊ သပိတ်မှောက်တာ မမီလိုက်ဘူးပေါ့၊ ကျွန်တော် သပိတ်မှောက်ပြီး ကျောင်းပြန် မရောက်တော့ပါဘူး၊ မိန်းမရလို့ ကျောင်းက ထွက်လိုက်တယ်” ဟု ကိုနေဦးက ဆက်ပြောပြ နေသည်။

ဦးစောဟန်သည် ဝေဝေ့ကို လှမ်းကြည့်ကာ “ဝေဝေ ကောလိပ် မသွားချင်ဘူးလားကွယ့်” ဟု မေးလိုက်သည်။

ဦးစောဟန် ဆက်ဆံပုံမှာ မိမိကို ကလေးကလေး တစ်ယောက်ကဲ့သို့ ဆက်ဆံနေသဖြင့် ကလေးတစ်ယောက် ကဲ့သို့ပင် ခေါင်းယမ်းပြကာ “မသွားချင်တော့ဘူး” ဟု ပြောလိုက်ပြီးနောက် ပြုံးချင်တိုင်း ပြုံးနေလေ၏။

ဦးစောဟန်သည် လက်ပတ်နာရီကို ငုံ့ကြည့်ကာ ... “ကျွန်တော် အော့ဖစ် သွားဦးမယ်၊ ပွဲစားတွေ ၈ နာရီ ချိန်းထားတာ၊ စောင့်နေရော့မယ် ...” ပြောပြီး ထရပ်လိုက်သည်။

“ကောင်းပါပြီ ...”

ဦးစောဟန်မှာ ကိုနေဦးအား ပြန်ရန် နှုတ်မဆက်ခင် တစ်စုံတစ်ခုကို စဉ်းစားရဟန်ဖြင့် ကိုနေဦးကို ကြည့်လျက် “ဒီနေ့ည ကျွန်တော့်အိမ်မှာ ထမင်းစားပါ၊ ဦးရော ဝေဝေရော အတူတူ ဖိတ်ပါတယ်” ဟု ပြောလိုက်သည်။

“နေပါစေဗျာ၊ ကျွန်တော်တို့ အိမ်ရှင်က မကျွေးရခင် ဧည့်သည်ဖိတ်တာ မစားပါရစေနဲ့၊ နေပါစေ”

ကိုနေဦးသည် ပြုံးပြုံးရယ်ရယ်ဖြင့် ပြန်ပြောလိုက်သည်။

“ဧည့်သည် အိမ်သည် မဟုတ်ပါဘူး၊ ကျွန်တော်က အလျင် ဖိတ်ပါရစေ၊ ည တခြားကိစ္စ မရှိဘူး မဟုတ်လား”

ဦးဘိုးသိန်းမှာ ထမင်းစား ဖိတ်တာ စားရမှာ အားနာနေပုံ ရှိသည်။ ငြင်းရမှာလည်း ခက်နေဟန် ပေါ်သည်။ ဝေဝေသည် မျက်တောင်ကလေး စင်းလျက် အားနာစွာ “နေပါစေ” ဟု ဝင်ပြောလေသည်။

“အားနာစရာ မရှိပါဘူး၊ ဆက်ဆက် လာကြပါ၊ ကျွန်တော် စီစဉ်ထားပါ့မယ်”

ဦးစောဟန်မှာ သုံးယောက်စလုံး၏ မျက်နှာကို စေ့အောင်ကြည့်ရင်း ပြောကာ “ကိုင်း ... သွားပါဦးမယ်” ဟု ဦးဘိုးသိန်းကို နှုတ်ဆက်ပြီး၊ ကိုနေဦးနှင့် ဝေဝေ့ဘက်သို့ လှည့်၍ “ချယ်ရီယို” ဟု ဆိုထွက်သွားလေသည်။ ယောကျ်ားအိမ်သို့ မိန်းမပျို သွားလျှင် မြို့က ကဲ့ရဲ့မည်ကို လန့်လျက် ဝေဝေမှာ ထမင်းစား သွားရန် ဝန်လေး နေမိသည်။

“ဘာဖြစ်သလဲတော်၊ ကိုယ့်အဖေနဲ့ အစ်ကို ပါသားပဲ၊ လူကြီးလူကောင်း တစ်ယောက် ဖိတ်တာကို လိုက်သွားမှပေါ့၊ မသွားရင် ရိုင်းမှာပေါ့“

ဒေါ်သက်က တိုက်တွန်း နေသည့်တိုင် ရွံတွံတွံနှင့် တစ်နေ့လုံး ချီတုံချတုံ ဖြစ်နေသည်။

ညနေစောင်းလျှင် ဝေဝေ့မှာ ရင်တခုန်ခုန် ဖြစ်နေသည်။ အပေါ်ထပ်က ချောင်းကြည့်၍ မြင်ရသော ထမင်းစားပွဲခုံကြီးကို ကြောက်လန့်နေသည်။ မမြင်စဖူးတာတွေ မြင်နေရသည်။ လူတစ်ယောက် အတွက် မှောက်ထားသော ပန်းကန်ပြား တစ်ဖက်စီတွင် ခက်ရင်းနှင့် ဓားလေးစုံ ချထား၍ ဘယ်လိုစားနည်း ပါလိမ့်ဟု တထိတ်ထိတ် ဖြစ်နေလေသည်။

ရန်ကုန် ရောက်သည့်အခါ ဒန်ပေါက်ဆိုင်များတွင် ဇွန်းခက်ရင်းနှင့် တစ်ခါတစ်ရံ ထမင်း ဝင်စားသည်။ ခက်ရင်းတွေ၊ ဓားတွေ ဒါလောက် များများဖြင့် မစားဖူး၍ ထမင်းစားပွဲခုံကြီး ရဲရဲပင် မကြည့်ဝံ့သလောက် ရွံ့နေလေသည်။

ထမင်းစားပွဲ ရှေ့၌ ယှက်ချထားသော ဇွန်းနှစ်ချောင်းကို ဒါက ဘာအတွက် ပါလိမ့်ဟု မစဉ်းစားတတ်ပေ။ စားပွဲပေါ်မှ သစ္စာပန်းများကား လန်းဆန်းလျက် ရှိကြသည်။

ဝေဝေသည် နေဝင်မှပင် ရေချိုးကာ မီးရောင်ဖြင့် အလှပြင်နေသည်။

ပဒုမ္မာ ပုံတော်အင်္ကျီနှင့် စကားဝါရောင် မန္တလေး ချိတ်ထဘီကို ဝတ်လေသည်။ ကြီးတော်က ဝတ်သွားစမ်းဟု အတင်းနားချ နေသဖြင့် လည်တွင် ဆွဲထားသော သမှည့်သီးရွှေကြိုးကို ဖြုတ်ကာ စိန်ကြိုး ပြောင်းဆွဲလိုက်သည်။ စိန်တစ်လုံးတည်း နားကပ် လဲပန်ခိုင်း နေသဖြင့် မျက်နှာရင့်တယ်၊ မပန်ချင်ဘူးဟု ဇွတ်ငြင်းလိုက်သည်။ စိန်လက်ကောက် တစ်တန်းသွားကို ညာဘက်တွင် ဝတ်လျက် ဘယ်ဘက်၌ လက်ပတ်နာရီ ပတ်လိုက်သည်။

ဝေဝေသည် ဖြီးလိမ်း ဝတ်စားထားသော ရုပ်ကို ကိုယ်လုံးပေါ် မှန်ဗီရိုရှေ့၌ ရပ်ကြည့်ကာ နောက်ပြန် ပတ်ထားသော ဆံပင်တွင် စံပယ်ကုံးကို ရစ်ခွေနေသည်။

ဒေါ်သက်သည် ဝေဝေ၏ မင်းထိုက်စိုးတန် ရုပ်ရည်ကလေးကို အရိပ် တကြည့်ကြည့်နှင့် ဘေးကရပ်ကြည့်ရင်း လိုတာတွေ စောင့်ကြည့် ပြောဆိုနေသည်။

“နားထင်နောက်က သနပ်ခါးတွေ ဖျက်ပါဦးအေ၊ ကုပ်မှာလည်း ပေါင်ဒါ မရှိဘူး”

ကြီးတော်သက် ပြောသမျှ ပြင်နေရ၍ အလှပြင်ခြင်းကိစ္စ တော်တော်နှင့် မပြီးနိုင်အောင် ဖြစ်နေလေသည်။

ဦးဘိုးသိန်းမှာ ပန်းရောင် ခေါင်းပေါင်းစကို ပခုံးပေါ်သို့ ကျအောင် ချလျက် မန္တလေး ပိုးအင်္ကျီရင်ဖုံး၊ ကြေးနီရောင် ဗန်ကောက်လုံချည် အသစ် ဝတ်ထားသည်။

ကိုနေဦး အလာကို ထိုင်စောင့်ရင်း “ဝေဝေ မပြီးသေးဘူးလား” ဟု အောက်က လှမ်းပြောနေသည်။

ဝေဝေသည် လက်ကိုင်ပဝါကို ရေမွှေးဆွတ်ကာ ဆုပ်ကိုင်လျက် မှန်ကို နောက်ဆုံး ကြည့်ခြင်းဖြင့် ကြည့်လိုက်ပြီးနောက် “ဟုတ်ကဲ့၊ လာပါပြီ ... ဖေဖေ” ဟု ပြန်ပြောကာ ပြေးဆင်း သွားလေသည်။

နံနက်က အစ်ကိုကြီးကို ကောင်းကောင်းမွန်မွန် ဝတ်ခဲ့ရန် မှာလိုက်သော်လည်း ကောင်းကောင်းမွန်မွန်မှ ဝတ်ခဲ့ပါ့မလားဟု စိတ်ပူနေသည်။

ခုနစ်နာရီ ထိုးမှ ကိုနေဦး ရောက်လာလေသည်။ ပင်နီအင်္ကျီ၊ ဗန်ကောက်အနက် ဝတ်လျက် သားရေညှပ်ဖိနပ် စီးလာ၍ ဘာဖြစ်လို့များ ရှူးဖိနပ် မစီးပါလိမ့်ဟု စိတ်ထဲက အပြစ်တင် လိုက်မိသည်။

“ကိုင်း ... သွားကြစို့”

ဦးဘိုးသိန်းက ရှေ့က ထွက်သွားရာ ဝေဝေနှင့် ကိုနေဦးမှာ ယှဉ်လျက် နောက်က လိုက်သွားကြသည်။

ဝေဝေသည် အိမ်ရှေ့သို့ လှမ်းကြည့်လိုက်သည်။

လမ်းမက မမြင်နိုင်အောင် အိမ်ပေါက်ကို ခန်းဆီး အထူကြီးဖြင့် အပြည့် တပ်ထားသော ရှေ့၌ ဒရဝမ်ကုလား ရပ်စောင့်နေသည်။

ဖြူဖွေးနေသော ခေါင်းအုပ်ပေါင်းကြီးနှင့် ရင်ဘတ်၌ ကြေးကြယ်စေ့ အလုံးကြီတွေ တစ်တန်းကြီး တပ်ထားသော အင်္ကျီအဖြူ အရှည်ကြီးမှာ ဒူးဆစ်အထိ ဖုံးနေလေသည်။

ဦးဘိုးသိန်းတို့ ခြံထဲဝင်လာလျှင် စုံရပ်လျက် ကိုယ်ကို မတ်မတ်ထားကာ ဆလံ အရင်ပေးပြီး ခန်းဆီးကို လက်နှင့် ဖွင့်ပေးလိုက်သည်။

အတွင်း၌ မီးစိမ်းရောင် သမ်းနေသဖြင့် တစ်ခန်းလုံး စိမ်းလဲ့လဲ့ ဖြစ်နေသည်။

ဦးစောဟန်သည် ရှပ်ဖြူလက်ရှည်၊ နက်ပြာရောင် သက္ကလတ် ဘောင်းဘီအရှည် ဝတ်ထားလျက်၊ ဆိုဖာကုလားထိုင်မှ မတ်တတ်ရပ်ကာ ဆီးကြိုလေသည်။

“ဖိနပ် မချွတ်ပါနဲ့၊ စီးပါ ဦး ... စီးခဲ့ပါ၊ မချွတ်ပါနဲ့ ဝေဝေ”

ဦးဘိုးသိန်းမှာ ပိန်းတန်းဖိနပ်ကို ချွတ်ပြီးမှ အတင်း စီးခိုင်း၍ အားနာနာနှင့် ပြန်စွပ်ပြီး စီးသွားရသည်။ ဝေဝေတို့လည်း ဖိနပ်မချွတ်ဘဲ စီးဝင်ခဲ့ကြသည်။

ဝေဝေသည် ကိုနေဦးနှင့်အတူ နှစ်ယောက်ထိုင် ဆိုဖာ ကုလားထိုင်ကြီး၌ ဝင်ထိုင်သည်။ ဆိုဖာ တစ်ယောက်ထိုင် နှစ်လုံးနှင့် နှစ်ယောက်ထိုင် တစ်လုံးမှာ ကော်ဇောကြီး ပေါ်၌ ခပ်ကျဲကျဲ ခင်းထား၍ လူချင်း အနည်းငယ် လှမ်းနေကြသည်။

ဝေဝေသည် စားပွဲနက်ပေါ်မှ ကြွေပန်းအိုးနီကလေး ထဲ၌ တိုက်ပန်း အဖြူပွင့်များကို စိုက်ငေးကြည့် နေသည်။

ကိုနေဦးမှာ ခပ်ပြုံးပြုံးပင် ထိုင်ကာ “ကျွန်တော့်အိမ် ကြိုက်ရဲ့လား” ဟု စကား စပြောလိုက်သည်။

“ကြိုက်ပါတယ်၊ အပေါ်က သွပ်မိုးလို့ ပူတယ်၊ နေ့ခင်းနေ့လယ် ကျွန်တော် မနေနိုင်ဘူး၊ အောက်မှာပဲ လှဲပြီး စာဖတ်ရတယ်“

ဝေဝေသည် မန္တလေးရွှေတောင် အပြာရင့်ရင့် ဖုံအုံးများ ခင်းတင်ထားသော ထိုင်ခုံကို လှမ်းကြည့်လျက် သည်ပေါ်မှာလှဲပြီး စာဖတ်မှာပဲဟု တွေးနေလေသည်။

အိမ်ပေါ်က စီးကြည့်ရသည်ထက် အိမ်ထဲရောက်မှ အိမ်၏ အလှကို စုံစုံစေ့စေ့ မြင်တွေ့ နေရသည်။

တိုင်တစ်တိုင်တွင် ကပ်ထားသော ခုံကလေးပေါ်က ပန်းပုရုပ်ကို ဂရုစိုက် ကြည့်သည်။ ခေါင်းပေါင်းစ ချလျက်၊ အင်္ကျီမရှိ၊ ခါးတောင်းကျိုက် ထားသော ယောကျ်ားရုပ် ဖြစ်သည်။ 'ခြင်းလုံးခတ်နေဟန်' ထုထားလေသည်။

ကိုနေဦးမှာ ထိုင်ကတည်း ထိုအရုပ်ကို မျက်စိကျပြီး ကြည့်နေမှန်း ဝေဝေ သတိထားမိသည်။

ကိုနေဦးသည် ခြင်းလုံးခတ်နေသော ပန်းပုရုပ်ကို ငေးကြည့်နေရင်း မြန်မာ့ယဉ်ကျေးမှု အနုပညာ အပေါ်တွင် အခြေတည်လျက် စိတ်ဓာတ်တစ်မျိုး ဖြစ်ပေါ်နေလေသည်။

ကမ္ဘာပေါ်ရှိ အခြားနိုင်ငံက အနုပညာရပ်များနှင့် မြန်မာ့အနုပညာကို နှိုင်းယှဉ်ကြည့်လျှင် အောက်ကျနောက်ကျ မရှိပါဘဲလျက် လက်အောက်ခံ နိုင်ငံ ဖြစ်နေ၍ မြန်မာ့အနုပညာရပ်များ လောင်းရိပ်မိ နေသည်ဟု ဖိနှိပ်ထားခြင်းကို တွန်းလှန်လိုသော စိတ်ဓာတ်မျိုး ပေါ်နေခြင်း ဖြစ်သည်။

ဦးဘိုးသိန်းသည် ဆိုဖာပေါ်တွင် နောက်မှီလျှောထိုင်ကာ ဧည့်ခန်း၏ အဆောင်အယောင် အပြင်အဆင်များကို အမှတ်မထင် ကြည့်ရှုသုံးသပ် နေလေသည်။

“ကိုင်း ... ဘာသောက်ကြမလဲ၊ ဦးကတော့ ဝီစကီ မသောက်ဘူး ထင်တယ်၊ ဘာသောက်မလဲ၊ လိမ္မော်ရည်နော်။ ကိုနေဦးကော ဝီစကီလား ဘရန်ဒီလား” ဟု မေးလိုက်ပြီးနောက်၊ ဝေဝေ့ကို လှမ်း၍ “ဝေဝေကော ဘာသောက်ချင်သလဲ” ဟု တစ်ယောက်စီ လိုက်မေးလေသည်။

ဦးဘိုးသိန်းသည် မဖြေခင် ကိုနေဦးကို လှမ်းကြည့်လိုက်သည်။ “အရက်နဲ့ ဧည့်ခံသလား” ဟု နားထဲ ရိုင်းနေကာ နေရထိုင်ရ အတော်ကျပ် သွားလေသည်။

“ကျွန်တော် အရက် မသောက်တတ်ပါဘူး၊ လိမ္မော်ရည် ကောင်းပါတယ်၊ အားလုံးပဲ လိမ္မော်ရည် သောက်ကြတာပေါ့”

ကိုနေဦး ကြည့်ပြောလိုက်၍ ဝေဝေမှာ စိတ်သက်သာရာရ သွားလေသည်။ အရက်စကား ကြားရသည်နှင့် ခေါင်းထဲက အုံလာသည်။

“မောင်မြ”

ပဝါအနီ ပတ်ပေါင်းလျက် ပဒုမ္မာအင်္ကျီ အဖြူ ကြယ်စေ့တပ် ဝတ်ထားကာ၊ မန္တလေး ပိုးလုံချည် ကြက်သွေးရောင် ဝတ်ထားသော မောင်မြသည် လိုက်ကာ အတွင်း၌ ပေါ်လာကာ လက်နှစ်ဖက်ကို နောက်ပစ်လျက် ကိုယ်ကို ကိုင်းထားသည်။

“လိမ္မော်ရည် ... ဝီစကီ”

မောင်မြ ကွယ်သွားသည် အထိ ကိုနေဦးသည် မောင်မြကို စိန်းစိန်း စိုက်ကြည့်လိုက်သည်။

ဦးစောဟန်သည် ငွေစီးကရက်ဘူးကို ဖွင့်လျက် ဦးဘိုးသိန်း ရှေ့သို့ သွားကမ်းပေးသည်။ ဦးဘိုးသိန်းသည် ဆိုဖာအမှီနှင့် ခွါလျက် ဦးစောဟန်ကို မော့ကြည့်ပြီး “ဦး မသောက်ပါဘူး” ဟု ပြောလိုက်သည်။

ဦးဘိုးသိန်း ငြင်းလိုက်၍ ကိုနေဦးရှေ့သို့ ရောက်လာကာ စီးကရက်ဘူးကို ထိုးပေးနေသည်။ ကိုနေဦးသည် စီးကရက်တစ်လိပ် ယူလိုက်မှ သူ့အတွက်လည်း နှိုက်ယူကာ ပါးစပ်တွင် တပ်လျက် ဆေးလိပ်ဘူးကို ဘေးက ခုံနိမ့်ကလေး ပေါ်သို့ ချလိုက်သည်။

ဘောင်းဘီအိတ်ထဲမှ ဓာတ်မီးခြစ်ကို ထုတ်၍ခြစ်ကာ ကိုနေဦးထံသို့ ထိုးကမ်းလိုက်ရာ ကိုနေဦးသည် စီးကရက်ကို ငုံ့ညှိလိုက်သည်။ ကိုနေဦး ညှိပြီးမှ ပါးစပ်တွင် တပ်ထားသော စီးကရက်ကို ညှိလျက် သူ့နေရာသူ သွားထိုင်သည်။

မီးညှိ ဖွာနေပုံ၊ ဓာတ်မီးခြစ် လက်ခါပြီး မီးသတ် လိုက်ပုံတို့နှင့် လျှောက်သွားသော ကိုယ်ဟန်ကို ကြည့်လျက် ကိုနေဦး မျက်စိထဲတွင် ဦးစောဟန်မှာ ပကတိ မျက်နှာဖြူဂိုက် ပေါက်နေလေသည်။

“အမှန်တော့ ကျွန်တော် ဒီလာဖို့ မဟုတ်ဘူး၊ မစ္စတာ ဖရူး လာဖို့ ဦးရဲ့။ ကျွန်တော်က အထက်ကို သွားရမှာ၊ အထက်ကပူတော့ 'ဖရူး'ကို ဟိုသွားနေဖို့ တိုက်တွန်းပြီး ကျွန်တော်က ဒီလာတာပဲ။ ဘိုးစောတော့ ဟိုမှာ ဘယ်လောက် ပူလိုက်မယ် မသိဘူး”

အားလုံး ငြိမ်သက်လျက် ဦးစောဟန် စကားကို နားထောင် နေကြသည်။ ဦးစောဟန်နှင့် မိမိတို့မှာ အလွန် ပါးလွှာသော ပိုးကန့်လန့်ကာ တစ်ထပ်တည်းနှင့် တစ်ဖက်စီ ခြားနေသယောင် ကိုနေဦး စိတ်၌ တွေးထင် နေလေသည်။

မောင်မြသည် ဖန်ခွက်ဗန်း ထုတ်ယူလာသည်။ ဗန်းကို အဝတ်ဖြူ ခင်းထားသော ပုတီးစေ့ အနားတပ် ဇာဝတ်ကလေးများဖြင့် ဖန်ခွက်ပေါ်၌ ဖုံးထားသည်။

ဝေဝေသည် သူ့ရှေ့၌ ရှေးဦးစွာ လာချသဖြင့် ဗန်းထဲက ဖန်ခွက်ကို လှမ်းယူလိုက်သည်။

လိမ္မော်ရည် ဖန်ခွက်များ ပေးပြီး အထဲသို့ ပြန်ဝင်သွားကာ ချက်ချင်း ပြန်ထွက်လာသည်။ ဗန်းပေါ်၌ ဝီစကီ အရက်ပုလင်း၊ ဖန်ခွက်အလွတ်၊ ဆိုဒါပုလင်း တင်လာသည်။

ဦးစောဟန်သည် ဖန်ခွက်ထဲ၌ ဝီစကီ လက်တစ်လုံးလောက် ရှိနေစဉ်၊ မောင်မြက ဆိုဒါဖောက် လောင်းစပ် ထည့်ပေးလိုက်သည်။

ဝေဝေသည် ဦးစောဟန်၏ လက်ထဲက ပယင်းရောင် ထနေသော ဖန်ခွက်ကို ငေးကြည့်လျက် ရင်ထဲ၌ လှိုင်းခွပ် နေလေသည်။

ဦးဘိုးသိန်းမှာ လိမ္မော်ရည် သောက်ရင်း ဣန္ဒြေမပျက် လှမ်းကြည့်လိုက်ကာ “ဘိုသောက် သောက်တာပဲ” ဟု တွေးနေသည်။

ဦးစောဟန်မှာ အရက်ကလေး ဝင်မှ စောစောကထက် စကားများလာသလို ထင်မှတ်ရသည်။

တစ်နှစ်တစ်နှစ် အလုပ်တိုက်မှာ ဆန်စပါး အဝယ်တန်ချိန်၊ ဘိလပ်တင်ပုံ၊ ဆန်ခွဲသည့် အခြေအနေ၊ မြန်မာပြည် ဆန်စပါး ရောင်းဝယ်ရေး မျက်နှာဖြူ ကုမ္ပဏီကို အမွှမ်းတင်ကာ နိုင်ငံခြားတင်ရန် အနုတ်အသိမ်း အားကောင်း၍သာ မြန်မာ့ဆန်စပါး ဈေးရှိလျက် မြန်မာ့စီးပွါးရေး ချောင်လည်နိုင်ကြောင်း ပြောဆိုနေသဖြင့် ကိုနေဦးမှာ စိတ်ပျက်စွာ နားထောင် နေလေသည်။

ကိုနေဦးမှာ ကျောင်းထွက်ပြီး ဆန်စက်ထဲ အလုပ်ဝင်လုပ်မှ ဆန်အရောင်းဝယ် အမြင်ကျယ်လာကာ ဦးစောဟန် မရောက်မီ ပဝေသဏီကပင် မျက်နှာဖြူ ကုမ္ပဏီများ ဆန်ဈေး စပါးဈေး ခြယ်လှယ်ချင်တိုင်း ခြယ်လှယ် နေကြပုံကို မကျေမနပ် ဖြစ်လျက် မျက်စိမွေး စူးနေခဲ့သည်။

ကိုနေဦးသည် ဝမ်းထဲက မကျေမနပ် ဖြစ်ခြင်းကို အရိပ်အယောင် မပေါ်စေဘဲ တည်တည်ငြိမ်ငြိမ် ဣန္ဒြေနှင့် စိုက်နားထောင် နေလေသည်။

ဦးဘိုးသိန်းသာ ဦးစောဟန်နှင့် အပြန်အလှန် ဆန်အကြောင်း၊ စပါးအကြောင်း စကားလက်ဆုံကျ နေလေသည်။ ဝေဝေသည် ဝီစကီ ဖန်ခွက်ကို ငေးရင်း စိတ်က တောင်မြောက် ကရွတ်ကင်းလျှောက် ဖြစ်နေစဉ် အသံသာသာ ထုလိုက်သော မောင်းသံသည် ဝေဝေ့အာရုံကို ဖမ်းစားလိုက်သည်။

မောင်းသံဖြင့် စကားပြော ရပ်သွားကြသည်။

ဦးစောဟန်သည် ဆိုဖာမှ ထကာ ဖော်ရွေ ပျူငှါသော အမူအရာကို အစွမ်းကုန် ပြလျက် ...

“စားစရာ အဆင်သင့် ရှိပါပြီ ဦး၊ အထဲ ကြွပါ၊ ကဲ ... ကိုနေဦး ထဗျာ ... ဝေဝေ”

ဝေဝေသည် မိမိအား ထရန် အချက်ပေးသော မျက်လုံးကို ဖမ်းကြည့်လျက်၊ ထိုအကြည့်ကို မလွန်နိုင်သလိုပင် အလျင် ထလိုက်သည်။

စားပွဲကို ဦးစောဟန် စီစဉ်ပေးသည့် အတိုင်း ကိုယ့်နေရာကိုယ် ဝင်ထိုင်ကြရသည်။

စားပွဲ အလယ်၌ မီးထွန်းထားသည်။ ဝေဝေနှင့် ဦးဘိုးသိန်းမှာ အိမ်ခေါင်းရင်းဘက်က ထိုင်ရသည်။ ဝေဝေမှာ ဦးစောဟန်နှင့် မျက်နှာချင်းဆိုင် ဖြစ်နေသည်။

ဦးဘိုးသိန်းမှာ အင်္ဂလိပ်စားပွဲ မစားဖူးပေ။ ကိုယ့်ထုံးစံ မဟုတ်သဖြင့် မစားခင် ပြင်ဆင်ထားတာတွေ မြင်တာနှင့် စိတ်အိုက် နေလေသည်။

ဝေဝေသည် တဖိတ်ဖိတ် လက်နေသော ဓားနှင့် ခက်ရင်းများကို ကြည့်ကာ ဘယ်ဟာ ဘယ်လို ကိုင်စားရပါ့မလဲဟု အခက်ကြုံတွေ့ နေလေသည်။

အမှားမှား အယွင်းယွင်း ဖြစ်မှာလည်း စိုးရိမ်နေသည်။ ရင်ထဲ၌ ထိတ်လန့်လျက် စိုးရိမ်နေပုံကို ဦးစောဟန် မရိပ်မိအောင် တတ်နိုင်သမျှ ဟန်လုပ် နေရသည်။

ကိုနေဦး တစ်ယောက်ပင် ဘာမှ မမှုသည့်အသွင် ရှိနေသည်။ နံရံ၌ ချိတ်ထားသော 'အညာလှေ' ပန်းချီကားကြီးကို ကြည့်ကာ “ဘယ်သူ့ လက်ရာလဲဗျ” ဟု မေးလိုက်၏။

ဦးစောဟန်သည် လက်သုတ်ပဝါကို ပေါင်ပေါ်တွင် ဖြန့်တင်ရင်း ပန်းချီကားကို လှမ်းကြည့်လျက် “ဦးဘဉာဏ် ဆွဲတာ” ဟု ပြောလိုက်သည်။

ဖခင်နှင့် အစ်ကိုကြီးတို့က ဖန်ခွက်ထဲက လက်သုတ်ပဝါကို လှမ်းမယူကြ၍ ဝေဝေမှာ ဦးစောဟန် လုပ်သလို လုပ်ရန် လှမ်းယူဖို့ရာ ကျပ်နေသည်။

မောင်မြသည် ဧည့်သည်များ၏ အကဲကို ခတ်လျက် ဖန်ခွက်ထဲက လက်သုတ်ပဝါများကို ပေါင်ပေါ်အရောက် လိုက်ဖြန့်ပေးရသည်။

ဝေဝေသည် စားပွဲပြင်နည်းကို မှတ်ထားရန် အတုခိုးသော မျက်လုံးဖြင့် ကြည့်ရှုနေသည်။ မောင်မြသည် ပန်းကန်များ လိုက်ချကာ ဝေဝေ့ရှေ့က ဇောက်ပန်းကန်ပြားကြီး ထဲသို့ စွပ်ပြုတ် ဟင်းရည်ကြည်ကြည် အလျင်လောင်းထည့် လိုက်ပြီးမှ ကျန်သုံးယောက်ကို လိုက်ထည့်ပေး နေသည်။

ဝေဝေနှင့် ဦးဘိုးသိန်းသည် ဦးစောဟန် ကိုင်မည့်ဇွန်းကို စောင့်ကြည့်နေစဉ်၊ ကိုနေဦးသည် စွပ်ပြုတ်သောက်မည့် ဇွန်းဝိုင်းဝိုင်းကို ကောက်မယူဘဲ ထမင်းစားဇွန်းရိုးရိုးကို ကောက်ယူလိုက်သည်။

ဝေဝေသည် ဦးစောဟန်ကဲ့သို့ ဇွန်းဝိုင်းဝိုင်းကို ကောက်ယူလိုက်ကာ “အစ်ကိုကြီး မှားနေပြီ” ဟု မျက်နှာ အမ်းအမ်းဖြင့် လှမ်းကြည့်လိုက်သည်။

ကိုနေဦးက သူ့အမှားကို သူ သတိပြု မပြုတော့ မသိ။ မှားမှားမှန်မှန် အရေးမစိုက်ဟန်နှင့် ခပ်သောက် နေခြင်းကို တွေ့မြင်ရလေသည်။

နောက်ဆုံးမှ ဦးဘိုးသိန်းသည် ဇွန်းဝိုင်းကို ကောက်ယူလိုက်ကာ “... ဦးတို့က အင်္ဂလိပ်လို စားတတ်တာ မဟုတ်ဘူး၊ မြန်မာလို စားတော့ အင်္ဂလိပ်ထုံးစံ နားမလည်ဘူး” ခပ်ရိုးရိုး ပြောလျက် ရယ်နေလေသည်။

“ကိစ္စမရှိပါဘူး ဦး၊ အားမနာပါနဲ့”

ဝေဝေ့ကို အရေးတယူ ကြည့်လျက် “ပေါင်မုန့် ထောပတ် သုတ်မလား ဝေဝေ” ဟု လှမ်းမေးလိုက်သည်။

ပန်းအိုးဘေး၌ ငွေရောင် ကိုင်းထောက်ဖြင့် ပေါင်မုန့်မီးကင်ချပ်များ ထောင်စိုက်ပြီး တင်ထားရာ၊ ပေါင်မုန့်တစ်ချပ်ကို ယူလျက် ထောပတ်သုတ်ပြီး ဝေဝေ့ ပန်းကန်ဘေးက ပန်းကန်ပြား အသေးလေး ပေါ်သို့ လှမ်းတင်ပေးကာ “စားပါ ဝေဝေ” ဟု ဆိုသည်။

ဝေဝေသည် စားပွဲ ထိုင်ကတည်းက မိမိကို အရေးတယူ ဂရုတစိုက်ကြည့် လုပ်ပေးနေသဖြင့် အဖေ့ရှေ့၊ အစ်ကိုရှေ့တွင် မျက်နှာပူအမ်း သွားသလိုလို ကျောစိမ့် သွားသလိုလို ဖြစ်မိလေသည်။

မျက်နှာဖြူဓလေ့ မိန်းမကို ဦးထားကာ အရေးပေး ဆက်ဆံသော ထုံးစံအတိုင်း လုပ်နေမှန်း ရိပ်မိသော ကိုနေဦးမှာ မျက်စိထဲ အကြည့်ရ မခက်ဘဲ၊ “ဘိလပ် မရောက်သေးလို့၊ ဘိလပ်များ ရောက်ရင် ခက်မယ်” ဟု ကျိတ်ဝေဖန်မိလေသည်။

မောင်မြသည် ပထမ ပန်းကန်ဇောက်များကို သိမ်းသွားပြီးနောက်၊ ဒုတိယ ပန်းကန်ပြားများ လာချ ပေးပြန်လေသည်။ ဝေဝေသည် ပန်းကန်အားလုံး အစိမ်းရစ် ရွှေနားကွပ်ဖြင့် ဆင်တူဖြစ်ခြင်းကို ကြည့်ထားသည်။ ဘဲဥပုံ ပန်းကန်ကြီး ထဲတွင် ငါးကြော် ထည့်ထားသည့် လေးထောင့် အတုံးများနှင့် အာလူးကြော်များ တစ်ပိုင်းစီ ထည့်ကာ ဝေဝေဆီသို့ အရင် လာပေးပြန်သည်။

ဝေဝေသည် ပန်းကန်ကြီးထဲ၌ ပါလာသော ခက်ရင်းနှင့် ဓားဖြင့် ငါးကြော်တုံးနှင့် အာလူးကြော်ကို ပါအောင် ယူရမှာ မလွယ်ကူဘဲ ခက်နေပုံ ရှိသဖြင့် ဦးစောဟန်သည် ကိုယ်တိုင် ထယူထည့်ပေး လိုက်သည်။

ဦးစောဟန် ယူပေးနည်းကို ကောင်းကောင်းမှတ်ထား လိုက်သဖြင့် ခက်ရင်းနှင့် ဓား ကိုင်တတ်သွားကာ၊ နောက်တစ်ကြိမ် ထုတ်လာသော ကြက်ပေါင်နှင့် အာလူး၊ ပဲသီးတို့ကို ကိုယ်တိုင် ယူထည့်နိုင်သည်။

ထမင်းစားပွဲ၌ ဦးစောဟန်နှင့် ကိုနေဦးတို့ စကားလက်ဆုံကျ နေကြသည်။ ကိုနေဦးက ဇွန်း၊ ခက်ရင်းနှင့် စားရတာ မဝင်ဘဲ လက်နှင့်စားရမှ အားရကြောင်း၊ ငါးပိပါမှ မြိန်ကြောင်း စသည်ဖြင့် ပြောင်ပြောင် ဖွင့်လှစ်ပြောကာ တဟဲဟဲ ရယ်နေသည်။

“ကျောင်းမှာ နေကတည်းက ခင်ဗျား ပင်နီ ဝတ်တာလား”

“မဟုတ်ဘူးဗျ၊ သပိတ်မှောက်ခါနီးမှ ဝတ်တာ။ ကျောင်းရောက်စက ပိုးလုံချည်နဲ့ ပေးတင့်ရှူးနဲ့ ဘိုဆံတောက်ကို ပြောင်နေအောင် ဖြီးတတ်တာပဲ။ နောက်ပိုင်းမှ ခေါင်းတုံးဆံတောက် ညှပ်၊ ပင်နီဝတ်၊ ခုံဖိနပ် စီးတတ်တာ”

ဦးစောဟန်သည် အလိုက်အထိုက် ခေါင်းညိတ်ရယ်ပြုံး နေသော်လည်း စိတ်ထဲ၌ ဝေဝေတို့ သားအဖမှာ ရိုးသည်။ ကိုနေဦးမှာ ဘုကျသည့် တောသားဟု ယူဆလိုက်သည်။

မောင်မြသည် စားပွဲခုံကို အခေါက်ပေါင်း များစွာ ပတ်လှည့်ကာ စားပွဲထိုး နေသည်။ ဇွန်းနှင့်ဓား မကုန်မချင်း တစ်ပွဲပြီး တစ်ပွဲ ထုတ်ယူလာသည်။ ဝေဝေသည် စောစောကလောက် ကျဉ်းကျပ်ခြင်း မဖြစ်တော့ဘဲ လည်ပတ်လာကာ စားပြီးတိုင်း ဓားနှင့် ဇွန်းကို ပန်းကန်ပေါ်၌ အသာ စုပူးလျက် တည့်တည့် ယှဉ်ချထား လိုက်သည်။

ဦးစောဟန်သည် ဝေဝေ၏ အမူအရာကို တစ်ချက်မှ အလစ် မပေးပေ။ ဂရုတစိုက် ကြည့်လျက် ကြိုက်မကြိုက် စားမစား အကဲခတ် နေရသဖြင့် မျက်စိမအား စိတ်မအား ဖြစ်နေလေ၏။

ဦးဘိုးသိန်းမှာ အေးအေးသက်သာ စားနေလေသည်။ အင်္ဂလိပ်ဟင်းရံ အရသာကို စားရင်း စဉ်းစားကြည့်သည်။ ပေါ့ရွှတ်ရွှတ် ချိုတိုတိုနှင့် ဟင်းမမည်ဘဲ သရေစာ စားရသလိုပဲဟု တွေးသည်။

ကိုနေဦးနှင့် စကား ပြောပြီးနောက် ဦးစောဟန်သည် ဝေဝေ့ဘက်သို့ လှည့်လာပြန်သည်။

အရက်ရှိန်ဖြင့် ခေါင်းထဲ၌ ရီတီတီ ဖြစ်သော်လည်း အရက်မူးသမားများလို တစ်ချက်မျှ ဣန္ဒြေမပျက်သဖြင့် ဝေဝေ့မှာ အံ့ဩနေသည်။

“ဝေဝေက သိပ်မစားဘူး၊ ဘာဖြစ်လို့လဲ၊ မျက်စိထဲ စာရင်းစာအုပ်ကြီး ထဲက ဂဏန်းတွေပဲ မြင်နေလို့ မှတ်တယ်။ တုန်ကင်းတွေ လာမှာပါ ဝေဝေရဲ့ ... စိတ်အေးအေး စားပါ”

ဦးစောဟန်သည် မချိုမချဉ် ပြုံးလျက် စနေလေသည်။ မီးနီရောင်သည် ဝေဝေ့ မျက်နှာပေါ်၌ ကျဆင်း အရောင်ဟပ် နေလေရာ မီးရောင်ထဲက တွေ့ရသော အလှကို နှစ်သက်မက်မောစွာ ရွှန်းရွှန်းစားစား ရှုစားရလျက်၊ အင်္ဂလိပ်ဝတ္ထု ထဲတွင် မီးနီအောက်တွင် တွေ့ရသော ဘိုမလေး၏ ပုံသဏ္ဌာန်ကို အမှတ်ရနေသည်။

ညစာ အပြီးတွင် ကော်ဖီ လာချပေးသည်။ ဝေဝေသည် တစ်ငုံစာ ရှိမည့် ကော်ဖီပန်းကန် အသေးစားကလေး ထဲသို့ နို့နှင့် သကြား ထည့်မွှေရင်း ကလေး ကစားစရာ ပန်းကန်နှင့် တူလိုက်တာဟု အောက်မေ့မိသည်။

ထမင်းစားပွဲခန်းမှ အိမ်ရှေ့ခန်းသို့ ကူးပြောင်း ထိုင်ကြကာ ခဏ နေကြပြီးနောက် ထပြန် လာကြသည်။ အိမ်ဝက အထွက် “ဝေဝေ တုန်ကင်း လာပါလိမ့်မယ်၊ ပျော်အောင် အိပ်နော်” ဟု စ လိုက်ကာ ဂွတ်နိုက်ဟု နှုတ်ဆက်လိုက်သော အသံသည် နားထဲတွင် စွဲပါလာကာ အညှို့ခံရသူပမာ မြေကြီးနှင့် ခြေနှင့် နင်းမှန်းမသိ နင်းပြန်လာခဲ့လေသည်။
----------------------------------------
ဂျာနယ်​ကျော်မမ​လေး

crd 👉 http://openread.atspace.cc/works/21052020_nv.html

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)