ကမ်းသစ်သို့

မိုးကြီးချုပ်မှ
ထုပ်ပိုးပိုက်ငင်၊ လှေကိုပြင်သော်
ငါလျှင် နောက်ကျခဲ့လေပြီ။

မိုးလုံးမှောင်မည်း
မုန်တိုင်းသည်းထန်၊ ရေဆန်စူးစူး
လှိုင်းလူးလူးဖြင့်၊ ကူးခတ်မလွယ်
ဇောချွေးသွယ်လျက်၊ ပင်လယ်နက်ကျော
လူမောလက်ပန်း ကျချေပြီ။

အားမငယ်ပါ....
ရှေ့မှာကြယ်ဝါ၊ မြင်ရလာပြီ
တံငါကွန်တိုင်၊ တောင်ယွန်းယိုင်မှ
လမ်းညွှန်ပြနေ၊ တောက်ရွှန်းဝေလျက်
သေမင်းလက်မှ၊ လုံးဝလွတ်မြောက်
တံခါးပေါက်ကို ငါတွေ့ပြီ။

အို...ပင်လယ်မာန်မောက်၊ လှိုင်းအိမ်ဆောက်လည်း
လှေအောက်ဝမ်းဗိုက်၊ ဦးညွတ်ခိုက်မြဲ
ဇွဲသည်လက်နက်၊ ယုံကြည်ချက်ဖြင့်
လှော်တက်မြဲမြံ၊ ကြံ့ကြံ့ခံ၍
လှိုင်းသံကြီးမား၊ ငါ့အင်အားနှယ်
စည်းဝါးသို့ပြောင်း၊ လက်မောင်းလက်ပြင်
သွေးကြောမျှင်တို့၊ ဆင်ပြောင်အဟုန်
သိမ့်သိမ့်တုန်မျှ၊ လှော်ရုန်းကြသော်
ညသည်တေးဆို၊ ကမ်းညိုညိုသည်
ငါ့ကိုပွေ့ပိုက် ကြိုဆိုတော့မည်တည်း။ ။

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)