ခေါင်းလောင်းထိုးသော လူတစ်ယောက်
အပိုင်း (၁)
ကျောင်းဆရာ ဆိုတာက နောက်စေ့မှာ မျက်လုံးအပို ပါရသည်။ ကျောက်သင်ပုန်းဘက် လှည့်ပြီး စာရေးနေပေမဲ့ နောက်မှာ ကျောင်းသားတွေ ဘာဖြစ်နေတယ် ဆိုတာ ရိပ်မိဖို့ လိုသည်။ သည်အတွက် အကြားအာရုံကို အားကိုးရ၏။ တခြားနေရာတွေမှာ ထူချင်ထူ ထိုင်းချင်ထိုင်းမည်။ ကျောင်းခန်းထဲ ရောက်ပြီ ဆိုတာနဲ့ နားရွက်တွေက အလိုလို ပါးရည်နပ်ရည် ရှိပြီးသား ဖြစ်နေအောင် လေ့ကျင့်ထားပြီးသား။
ကလေးတွေ ဆိုတာကလည်း တစ်ချိန်လုံး ဗီဒီယိုကင်မရာနှင့် ရိုက်နေသလို စောင့်ကြည့်နေသော ဆရာ၏မျက်လုံးများ ရှေ့မှာ နေနေရတော့ စိတ်ကျဉ်းကျပ်မှာပဲ။ သည်တော့ ဆရာ တစ်ဖက်ကို လှည့်လိုက်တာနဲ့ လွတ်လပ်ခွင့်လေး ရသခိုက် စိတ်ကူးတည့်ရာလေးတွေ လုပ်ချင်တတ်သည်။
ဝူးဝူးဝါးဝါး ဗလုံးဗထွေး ပြောလိုက်သော အသံသဲ့သဲ့ ကြားလျှင် ယောက်ျားလေးတွေ တစ်ယောက်နှင့်တစ်ယောက် အလစ်မှာ လက်မောင်းကို လက်သီးနှင့် ထိုးနေကြတာမှန်း သိသည်။ ဖြောက်ခနဲ ဖြောက်ခနဲ မြည်သံကတော့ ရှေ့တန်းက မိန်းကလေးတွေ နေကြာစေ့ ခိုးစားနေကြတာ။ ကြမ်းပေါ်ကို တစ်စုံတစ်ခု တောက်ခနဲ ကျသွားတဲ့အသံ ကြားရလျှင် လူနောက်တစ်ကောင်ကောင်က ကောင်မလေးတွေကို ဆီးစေ့နဲ့ လှမ်းပေါက်လိုက်ပြီ စသည်ဖြင့် မှန်းလို့ရသည်။
များသောအားဖြင့်တော့ ဒါမျိုးကို မသိချင်ယောင်ဆောင်နေရသည်။ သူတို့လေးတွေရဲ့ အပျင်းဖြေသည့် အချိန်ကလေးကို မနှောင့်ယှက်သင့်။ သိပ်ကျပ်လွန်းလျှင် စာသင်ရတာကို ကြောက်လန့်သွားတတ်သည်။ ကျောင်းကို မုန်းသွားတတ်သည်။
ခင်မောင်ဦးသည် ရယ်ချင်စိတ်ကို မအောင့်နိုင်တော့ဘဲ ပါးစပ်ထဲမှာ ငုံထားသော လေတွေ ခွီးခနဲ ထွက်သွားသည်။ တစ်ခု သတိရပြီး ဟိုဘက်အတန်းကို ကြည့်လိုက်မိ၏။ သူတို့ ကျောင်းကလေးမှာ တစ်တန်းနှင့် တစ်တန်း ကြားထဲမှာ ထရံနှင့် ကန့်ပြီး ကာရံထားခြင်း မရှိသဖြင့် တစ်ဖက်ကို မြင်နေရသည်။ ဟိုဘက်ခန်းက ဆရာမလေးက နားစွင့် အကဲခတ်နေရာမှ သူ လှမ်းအကြည့်တွင် ဖျတ်ခနဲ ပြန်လှည့်သွားသည်။ ပြုံးယောင်ယောင် ဖြစ်သွားတာကိုတော့ မြင်ဖြစ်အောင် မြင်လိုက်သည်။
သူ ရှိန်းခနဲ ဖိန်းခနဲ ဖြစ်သွားရ၏။ မနေ့က ကျောင်းကအပြန် အိမ်ရောက်တော့ မောမောနှင့် အဝတ်အစား မလဲနိုင်သေးဘဲ ပက်လက်ကုလားထိုင်မှာ ထိုင်ပြီး ဆေးပေါ့လိပ် ဖွာနေမိသည်။ ဆေးလိပ် မီးခဲ တစ်ခဲက ဘယ်အချိန်က ဘယ်လို ပုဆိုးပေါ် ကျသွားမှန်း မသိ။ အဝတ် မီးလောင်စော် ညှော်တော့မှ ကပျာကယာ ခါထုတ်လိုက်သော်လည်း ပက်စီပုလင်းအဖုံး တစ်ဖုံးစာနီးနီး ပေါက်သွားခဲ့သည်။ ထိုအပေါက်က နောက်တည့်တည့်မှာ ရောက်နေသည်။ ကျောင်းမတက်ခင်တုန်းက ဆရာမတွေလည်း တွေ့မှာပဲ၊ ကွယ်ရာမှာ ပြောပြောပြီး ရယ်နေကြမလားဟု တွေးပြီး ချွေးပြန်ချင်လာသည်။
ခုချိန်ကျမှ ပုဆိုးကို လှည့်ဝတ်လို့လည်း မဖြစ်။ ကလေးတွေက ရယ်ကြဦးမည်။ သည်အတိုင်း ထားပြီး စာပြန်လှည့်ရေးဖို့ကျတော့လည်း တစ်ခက် ဖြစ်နေပြန်၏။ ကလေးတွေမှာ နှစ်တန်းကျောင်းသား ကျောင်းသူလေးများ ဖြစ်၍ အသက် ခုနစ်နှစ် ရှစ်နှစ်ထက် မပိုကြသေး။ သို့ရာတွင် ကလေးပေါင်း လေးဆယ်၏ မျက်လုံးပေါင်း ရှစ်ဆယ် ဖြစ်လာသောအခါ အင်အားက မသေးလှတော့ချေ။ ပြီးတော့ ဟိုဘက်အတန်းက ဆရာမလေးက အပျို။ ဆရာမလေး၏မြင်ကွင်းထဲမှာ ပုဆိုး လှည့်မဝတ်ရဲ။
ကျောက်သင်ပုန်းပေါ်က စာကြောင်းကလည်း အဆုံးထိ မရေးရသေး။ သူ ဘာလုပ်ရမှန်းမသိ ဖြစ်နေရာမှ ထိုင်ခုံပေါ် ထိုင်ချလိုက်သည်။ ဆရာမလေးကို လှမ်းကြည့်တော့ သူ့ဘာသာ စိတ်ပါလက်ပါ စာသင်နေသည်ကို တွေ့ရ၏။ ကလေးတွေလည်း မျက်နှာပိုး သေကုန်ကြပြီ။ တစ်နည်းနည်းနဲ့တော့ စာဆက်သင်ရမည်။ သည်အတိုင်းကြီး ထိုင်နေလို့ မကောင်းသဖြင့် ဖတ်စာအုပ်ကို လှန်လှောကြည့်နေတုန်း ကျောင်းဆင်းခေါင်းလောင်းထိုးသံ ကြားရသည်။ ထိုအသံကြောင့် သူသည် ကလေးတွေထက်တောင် ပိုဝမ်းသာမိလိမ့်မည် ထင်၏။
“ကဲ ... အားလုံး မင်္ဂလာပါ” ဟု အလျင်အမြန် ပြောလိုက်၏။
ကလေးတွေ ဝုန်းခနဲ ထရပ်ပြီး ... “မင်္ဂလာပါ ဆရာကြီး၊ ကျေးဇူးတင်ပါတယ်”
သူ့အတန်းက အပေါက်ဝနှင့် ပိုနီးသဖြင့် အရင်ထွက်ရသည်။
“နှစ်ယောက်တစ်တွဲ တန်းစီပြီး ထွက်ကြနော်၊ မတိုးကြနဲ့”
ထိုင်လျက်ကပင် လှမ်းအော်ရသည်။ သူတို့အတန်းပြီးတော့ ဟိုဘက်အတန်းက ကျောင်းသား ကျောင်းသူတွေ ထွက်ကြသည်။ သူကတော့ စာအုပ်တွေ သိမ်းသလို လုပ်ရင်း အချိန်ဆွဲနေသည်။ ဆရာမလေးပါ ထွက်သွားပြီး သူတစ်ယောက်တည်း ကျန်တော့မှ ပုဆိုးကို လှည့်ဝတ်လိုက်ရသည်။
လက်မှတ်ထိုးဖို့ ဆရာမကြီး ရုံးခန်းသို့ အသွားတွင် လက်မှတ်ထိုးပြီး ပြန်ထွက်လာသော ဆရာမလေးနှင့် သွားဆုံသည်။ ဆရာမလေးက ရိုးရိုးသားသားပင် နှုတ်ဆက် ပြုံးပြသည်။ သူကတော့ သူ့ဘာသာ စိတ်မလုံသူမို့ မဲ့သလိုလို ပြန်လုပ်ပြလိုက်မိ၏။
* * *
အိမ်ပြန်ရောက်ရောက်ချင်း ရေတစ်ခွက် သောက်ပြီး လုပ်ငန်းစသည်။ လစဉ် စာမေးပွဲ အမှတ်စာရင်းလုပ်ဖို့ ကိစ္စမှာ ဦးစားပေးအဆင့်တွင် နောက်သို့ ရောက်သွားသည်။
သူ့မှာ အပ်ချည် အစိမ်းရောင် မရှိ။ ရှိသည့် အဖြူရောင်နှင့် ဖာလို့ကတော့ ပေါက်နေတာထက်တောင် ပိုဆိုးဦးမည်။ အင်္ကျီတွေ ဘာတွေမှာ အမှတ်အသားလုပ်ချင်လျှင် ကွမ်းရွက်ကို တုတ်နှင့် ခြစ်ပြီး မှတ်ရသည်။ ကွမ်းရွက် ဆိုတာ အကောင်းဆုံး အစိမ်းရောင်ဆိုးဆေးပဲ မဟုတ်လား။
သူ ငှါးနေသော အခန်းပိုင်ရှင်မှာ ကွမ်းရွက်သုံးလေးရွက် သွားတောင်းသည်။ အကြမ်းပန်းကန်လုံးထဲမှာ အရည်ညှစ်ချသည်။ အပ်ချည်ကို လိုတာထက် ပိုပိုသာသာ ဖြတ်ပြီး စိမ်လိုက်သည်။ ကျောင်းစိမ်းလုံချည်နှင့် အရောင်ချင်း သိပ်မတူသော်လည်း မဖာဘဲ ထားတာထက် စာလျှင် အဖြူနှင့် ဖာတာထက်စာလျှင် အများကြီး တော်သေးသည်။ စိတ်ကူး ကောင်းသွားသည့်အတွက် သူ့ကိုယ်သူ သောမတ်အက်ဒီဆင်လောက်ကို ထင်မိသေးသည်။
ပုဆိုး ဖာနေရင်းက မျက်နှာလေးတစ်ခုကို ဖျတ်ခနဲ မြင်ယောင်မိပြန်၏။ သူ့အတန်းနှင့် ကပ်လျက် အတန်းက ဆရာမလေး ဒေါ်ခင်စိုးမြင့်။ “ဒေါ်” တပ်ပြီး ခေါ်သည့်တိုင် အသက်က နှစ်ဆယ့်ငါး နှစ်ဆယ့်ခြောက်လောက်ပဲ ရှိဦးမည်။ မိမိထက် နှစ်နှစ်လောက် ငယ်လိမ့်မည်။ တစ်ကျောင်းလုံးမှာ ယောက်ျားဆရာ ဆိုလို့ မိမိတစ်ယောက်တည်း ရှိ၏။ အပျိုဆရာမ ဆိုလို့လည်း ဒေါ်ခင်စိုးမြင့်တစ်ယောက်ပဲ ရှိ၏။ သည်တော့ ထုံးစံအတိုင်း တခြား ဆရာမတွေက သူတို့နှစ်ယောက်ကို ဖြစ်သွားစေချင်ကြတာ သူ သိ၏။ သူ့ကို ဘာမှမပြောကြသည့်တိုင် ဒေါ်ခင်စိုးမြင့်ကို သူနှင့် စစနေတာ ရိပ်မိသည်။ ဆရာမတွေ စုပြီး ထိုင်နေတုန်း သူရှေ့က ဖြတ်လျှောက်လျှင် ဒေါ်ခင်စိုးမြင့်ကို အဓိပ္ပါယ်ပါပါ ပြုံးပြီး ဝိုင်းကြည့်ကြတာ။ ဒေါ်ခင်စိုးမြင့်က ရှက်ပြုံး ပြုံးပြီး ခေါင်းငုံ့သွားတာ လှမ်းမကြည့်သော်လည်း မြင်ကွင်းထောင့်မှာ တစ်စွန်းတစ်စ မြင်ရတတ်၏။
တကယ်တော့ ဆရာမလေး ဒေါ်ခင်စိုးမြင့်မှာ သဘောကျမည်ဆိုလျှင် ကျနိုင်လောက်စရာ အရည်အသွေး ရှိနေသည်။ ရုပ်က လှသည် ဆိုတာထက် ကျက်သရေရှိသည် ဆိုလျှင် ပိုမှန်မည်။ သဘောကောင်းပုံရသော ချိုသာသည့် အပြုံးက သူ၏ထူးခြားမှုပင် ဖြစ်၏။ အနည်းငယ် ပိန်သည်ဟု ထင်ရသော်လည်း သူ့ အရပ်အမောင်းနှင့်သူ ပါးပါးလျားလျားနှင့် ကြည့်ကောင်းသောကိုယ်ခန္ဓာ ရှိသည်။ လှုပ်ရှားသွားလာပုံမှာ အေးဆေး ငြိမ်သက်သည်။ စာသင်နေသောအခါမှာတော့ သွက်လက် ဖျတ်လတ်နေတတ်ပြန်၏။ ကလေးတွေအပေါ် စေတနာထားတတ်တာလည်း တွေ့ရသည်။ ထို့ကြောင့် ဒေါ်ခင်စိုးမြင့်ကို စိတ်ဝင်စားမည်ဆိုလျှင် ဝင်စားလောက်ပေသည်။ သို့တိုင်အောင် မိမိ ကိုယ်တိုင်က မပြတ်မသား တွေဝေနေမိတာတော့ ဘာမှမတတ်နိုင်။
သူသည် ကျောင်းမှာတုန်းကလည်း နှလုံးသားရေးရာကို စိတ်မဝင်စားခဲ့။ စိတ်ဝင်စားဖို့အခြေအနေ မပေးခဲ့ဆိုလျှင် ပိုမှန်မည်။ ဆရာတော်သာ ရန်ကုန်မှာ ရှိမနေဘူးဆိုလျှင် သူ တက္ကသိုလ်တက်ဖြစ်လိမ့်မည် မထင်။
သူ့မှာ မိဘ မရှိတော့။ ညီအစ်ကိုမောင်နှမ ငါးယောက်မှာ သူက စတုတ္ထမြောက် ဖြစ်၏။ သူ့အောက်က ညီမက ကလေးသာသာအရွယ်မှာ ဆုံးသွားသည်။ အစ်ကိုနှစ်ယောက်က စောစောစီးစီး အိမ်ထောင်ကျပြီး တစ်နယ်တစ်ကျေးမှာ သွားအခြေချနေကြသည်။ အစ်မအကြီးဆုံးနှင့် ယောက်ဖတို့က သူ့ကို ဆယ်တန်းအထိ ကျောင်းထားပေးခဲ့ခြင်း ဖြစ်၏။
ဆယ်တန်းအောင်လာသည့် အခါကျတော့ တက္ကသိုလ်ဆက်တက်ဖို့ အခက်အခဲ ဖြစ်နေ၏။ အစ်မကြီးတို့အနေနှင့် သည်လောက်ထိတော့ မတတ်နိုင်တာ သူ သိ၏။ ဘာလုပ်ရမှန်းမသိ ဖြစ်နေတုန်း ဆရာတော် ရွာကို ရောက်လာသည်။
ဆရာတော်က သူတို့ရွာသား ဖြစ်၏။ ရွာကျောင်းမှာ ပဉ္စင်းလေးအဖြစ် သီတင်းသုံး နေခဲ့ဖူးသည်။ နောက်တော့ ရန်ကုန်ရောက် ဒကာတစ်ယောက်၏ပင့်ဖိတ်မှုကြောင့် ရန်ကုန်ဆင်ခြေဖုံး တစ်နေရာရှိ ကျောင်းကလေး တစ်ကျောင်းကို ရောက်သွားသည်။ ကြည်ညို သဒ္ဓါသူ ပွါးများလာသဖြင့် အခြေတကျ သီတင်းသုံး ဖြစ်သွားသည်။
သူ့ကိစ္စကို ဆရာတော် ကြားသိသောအခါ ... “တို့ရွာက ပညာတတ် ရှားလှဘိခြင်းကွဲ့၊ ထူးထူးခြားခြား ဆယ်တန်း အောင်လာတဲ့ လူငယ်တစ်ယောက်ကို အလဟဿတော့ ဆုံးရှုံးမခံသင့်ဘူး၊ ကျုပ် ဒီကောင်ကို ရန်ကုန် ခေါ်သွားပြီး ကျောင်းဆက်တက်ခိုင်းမယ်၊ စာရေး နေရေးကတော့ ပူစရာ မရှိပါဘူး၊ ဒကာမကြီးတို့လည်း နိုင်သလောက် ထောက်ကြပေါ့” ဟု မိန့်တော်မူသဖြင့် တက္ကသိုလ် ဆက်တက် ဖြစ်သွားသည်။
တက္ကသိုလ်ကျောင်းသား ဆိုသော်လည်း သူများလို ကြော့ကြော့လေး မနေနိုင်။ တစ်ပြိုင်နက်တည်းတွင် ဘုန်းကြီးကျောင်းသားလည်း ဖြစ်နေရသေးသည်။ ဆရာတော် ဝေယျာဝစ္စ၊ ကျောင်းဝေယျာဝစ္စတွေ နိုင်သလောက် ကူလုပ်ရသေးသည်။ အဝတ်အစား နှစ်စုံလောက်ကို အလဲအလှယ်လုပ် ဝတ်ပြီး ကျောင်းတက်ရသည်။ သည်လိုအခြေအနေမျိုးနှင့် ကျောင်းတက်နေရသူ တစ်ယောက်အဖို့ မိန်းကလေးတွေကို စိတ်ဝင်စားဖို့ မဖြစ်နိုင်။ သူကိုယ်တိုင်ဘကလည်း သည်လိုဘက်မှာ အလိုလို ထက်သန်မှုမရှိဘဲ ဖြစ်နေသည်။
ကျောင်းမှာ ဆုံရသည့် သူငယ်ချင်းတွေထဲမှာ မိန်းကလေးတွေလည်း ပါသည်။ သို့ရာတွင် သူက မိန်းကလေးတွေကို စိတ်ဝင်စားစရာဟု မထင်ခဲ့။ မိန်းကလေးတွေကလည်း သူ့ကို စိတ်ဝင်စားစရာဟု မသတ်မှတ်ခဲ့။ လက်လုပ်လက်စားတစ်ယောက်က ရွှေတောင်ကြားက တိုက်တွေကို ကိုယ်နှင့် မဆိုင်သလို သဘောထားသကဲ့သို့ သူကလည်း မိန်းကလေးတွေကို သူစိတ်ဝင်စားအပ်သည့် အရာမဟုတ်သလို သဘောထားခဲ့ခြင်းပင် ဖြစ်နိုင်လေသည်။
နှလုံးသားက ငယ်ရွယ် လတ်ဆတ်သည့်အချိန်မှာ အသုံးမချခဲ့ရသဖြင့် တစ်ခါမှ မလှီးဖြတ်ရဘဲ သံချေးတက်သွားသော ဓားတစ်လက်လို ဖြစ်ခဲ့ပြီ ထင်၏။ ခုချိန်မှာတော့ သူ့ နှလုံးသားက ထုံထုံထိုင်းထိုင်း ဖြစ်နေပြီ။ အထနှေး နေပြီ။
ခုနေအခါမှာ အချစ် အကြောင်းကို စဉ်းစားကြည့်သည့်အခါ ဘဝဆိုသောအရာက အမြဲကပ်ပါလာသည်။ ဆယ်ခြောက်ပဲရည်အပြည့် ရွှေစင်လို အချစ်သက်သက်ဖြစ်ဖို့ ခဲယဉ်းသည်။ တစ်ခါတလေ ကုန်ဈေးနှုန်းနှင့် ထိပ်တိုက်တိုးသည့်အခါများ အချစ်မှာ ဂျပန်ရွှေအဆင့်လောက်ကိုတောင် ထိုးကျသွားချင်သေးသည်။
ဒေါ်ခင်စိုးမြင့်ကို စိတ်ဝင်စား နေမိသလားဟု သူ့ကိုယ်သူ မေးကြည့်သည်။ ဟုတ်သလိုလိုတော့ ရှိသား။ သို့ရာတွင် အချစ်ဆိုလျှင် ရင်တွေ တလှပ်လှပ် ခုန်ရမည်။ ခြေဖျား လက်ဖျားတွေ အေးစက်ရမည်။ သွေးလှည့်ပတ်မှုတွေ ကပြောင်းကပြန် ဖြစ်ရမည်ဟု ကြားဖူးနားဝ ရှိသည်။ ခုဟာက သည်လောက်တော့ မဖြစ်။ ဒါဆို တကယ်ချစ်မိတာမှ ဟုတ်ရဲ့လားဟု သူ့ကိုယ်သူ သံသယဖြစ်မိသည်။ ချစ်ချင်လို့ ချစ်တာမဟုတ်ဘဲ ချစ်သင့်လို့ ချစ်တာမျိုးများ ဖြစ်နေမလား။ အဲဒါမျိုး ဆိုရင်တော့ သန့်စင်သောအချစ် ဖြစ်ပါ့မလား။ တွက်ချက်ပြီးမှ ချစ်တာမျိုးများ ဖြစ်နေမှာလား။ ဒါဆိုရင် အချစ်လို့ ခေါ်နိုင်ပါ့မလား။
စဉ်းစားရင်းက ခေါင်းရှုပ်လာသည်။ ပုဆိုး ချုပ်နေသော အပ်ချည်ကလည်း သူ အတွေးတွေလို ရှုပ်ထွေးကုန်သဖြင့် ပြန်ဖြေ၊ ပြန်ရှင်းရသည်။
သူ တစ်ခု စဉ်းစားမိပြီး ပြုံးလိုက်၏။ သူကသာ ဟိုတွေး သည်တွေး တွေးနေသည်။ ဒေါ်ခင်စိုးမြင့်ကတော့ သူ့ကို ရှိတယ်လို့တောင် သဘောထားရဲ့လား မသိ။ ဆရာတစ်ယောက်အဖြစ် လုပ်ဖော်ကိုင်ဖက်တစ်ယောက် အဖြစ်တော့ အသိအမှတ်ပြုလိမ့်မည်။ စိတ်ဝင်စားစရာ ဆန့်ကျင်ဘက်ယောက်ျားတစ်ယောက်အဖြစ်တော့ စိတ်ကူးထဲတောင် ထည့်ချင်မှထည့်မည်။ ကိုယ့်ဘာသာ တွေးချင်ရာတွေ လျှောက်တွေးပြီး မနက်ဖြန် ကျောင်းမှာ ဒေါ်ခင်စိုးမြင့်နှင့် ဆုံလျှင် အလကားသက်သက် ကျိတ်ပြီး မျက်နှာပူနေရတော့မှာပဲဟု စိုးရိမ်လိုက်မိပြန်သည်။
* * *
ဖာထားသည့် ပုဆိုးပေါက် အတွင်းထဲ ထည့်ဝတ်လာတာ သေချာပါလျက် ကျောင်းဝင်းထဲ အဝင်မှာ ခြေလှမ်း တုံ့ချင်မိသေးသည်။ ဒေါ်ခင်စိုးမြင့်နှင့် တခြား တခြား ဆရာမတွေက “ဒီနေ့တော့ ပုဆိုးကို ဖာပြီး ဝတ်လာတာ ဖြစ်မှာပဲ”ဟု အချင်းချင်း ပြောရင်း ကျိတ်ရယ်နေကြမလားဟု တွေးမိသောကြောင့် ဖြစ်၏။
တကယ်တော့ သူ့ဘာသာ လျှောက်တွေးနေခြင်းသာ ဖြစ်သည်။ တခြားသူတွေက သူတို့လူမှုကိစ္စနှင့် သူတို့ ရှုပ်နေကြတာ။ သူ့ကို သတိတောင် မရအားကြ။ သူတစ်ယောက်တည်းကို ဝိုင်းပြီး ဂရုစိုက်ရအောင် သူက ရုပ်ရှင်မင်းသားလည်း မဟုတ်။
ဘာပဲဖြစ်ဖြစ် ပုဆိုးအကြောင်း စဉ်းစားမိလျှင် အလစ်သမားတွေကို တော်တော် စိတ်နာမိသည်။ ကျောင်းစိမ်းလုံချည်လေး နှစ်ထည်ရှိတာ တစ်ထည် အခိုးခံလိုက်ရသည်။ လျှော်ဖွပ်ပြီး အိမ်ရှေ့မှာ လှန်းထားတုန်း အလစ်သုတ် သွားခြင်း ဖြစ်၏။ အခိုးခံရသည့်ပုဆိုးက ပိုတောင် လတ်သေးသည်။ အသစ်တစ်ထည်ဝယ်ဖို့လည်း မတတ်နိုင်သေး။ သီတင်းကျွတ်ကျောင်းပိတ်ရက်ကလည်း နီးနေပြီဖြစ်၍ ကျန်တဲ့တစ်ထည်ကိုသာ ဒုံးချဝတ်နေလိုက်၏။
ကျောင်းထဲ ဝင်လာပြီး ရုံးခန်းမှာ လက်မှတ်ထိုးဖို့ သွားသည်။ သူဝင်လာတာ မြင်တော့ ကျောင်းအုပ်ဆရာမကြီးက ဆီးကြို၏။
“အတော်ပဲ ဆရာရေ့၊ စာမေးပွဲ မေးခွန်းစာရွက်အတွက်၊ စက္ကူထုပ်တွေကိစ္စအတွက် ပညာရေးမှူးရုံးကို သွားပေးပါဦး၊ စက္ကူထုပ်က ရခဲဘိခြင်းနော်”
“ရပါတယ် ဆရာမကြီး၊ ကျွန်တော့်အတန်းကို ကူကြည့်ပေးဖို့ သွားပြောလိုက်ဦးမယ်”
“ဆရာ့အတန်းကို ကျွန်မ ကြည့်ပေးထားပါ့မယ်”
ဆရာမကြီးက ခရီးစရိတ် နှစ်ဆယ် ထုတ်ပေးသည်။ ခရီးစရိတ် ဆိုသော်လည်း လက်ဖက်ရည်သောက်ဖို့ပါ ပါကြောင်း သူ သိ၏။
“ဟိုတစ်ခါလိုလည်း လမ်းစရိတ် နှစ်ကျပ်တည်း သုံးလာတာမျိုး မလုပ်နဲ့ဦးနော်၊ သွားရလာရ ပင်ပန်းတယ်၊ လက်ဖက်ရည် ဝင်သောက်ခဲ့ဦး”
“ဟုတ်ကဲ့ပါ ဆရာမကြီး”
ကျောင်းမှာ တစ်ဦးတည်းသော ယောက်ျားဆရာ ဖြစ်ရတာ မစားသာလှချေ။ ကျောင်း၏ ဗာဟီရကိစ္စ မှန်သမျှ ကိုယ့်ခေါင်းပေါ် ပုံကျလာတတ်သည်။ ပြီးတော့ ကိုယ်က လူပျိုလူလွတ်ဖြစ်ပြီး ကျောင်းနှင့် နီးနီးနားနား နေသူဖြစ်၍ ပိုပြီးတာဝန်ပိသည်။
ပညာရေးမှူးရုံး သွားရသည့်ကိစ္စ၊ ကျောင်းအတွက် လိုအပ်သောပစ္စည်း အတိုအထွာ ဝယ်သည့်ကိစ္စ၊ ဝန်ထမ်းဆန် ထုတ်ရသည့်ကိစ္စ၊ ဘဏ်သွားရသည့်ကိစ္စ၊ နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲအတွက် ပြင်ဆင်ရသည့်ကိစ္စ၊ ကျောင်းပိတ်ရက်များမှာ ပြုလုပ်ရသည့် အထူးသန့်ရှင်းရေးတို့၊ ဆိုင်းဘုတ်ဖွင့်ပွဲတို့မှာ ကျောင်းက ကလေးတွေ ပါလျှင်လည်း သူပဲ လိုက်ကြီးကြပ်ရသည်။ တခြားဆရာမတွေက အိမ်ထောင်သည်တွေ ဖြစ်သောကြောင့် တစ်ကြောင်း၊ ကျောင်းနှင့်အိမ် ဝေးသောကြောင့်တစ်ကြောင်း၊ ကျောင်းပိတ်ရက်တွေမှာ လာဖို့ အခက်အခဲရှိသည်။ ဒေါ်ခင်စိုးမြင့်ကတော့ အိမ်ထောင်မရှိသောကြောင့် အခါအားလျော်စွာ သူနှင့်အတူ လိုက်ပေးလေ့ရှိသည်။
သူ့အနေဖြင့် သည်လို ဗာဟီရကိစ္စတွေ သိပ်မလုပ်ချင်။ အတန်းကိုထားခဲ့ပြီး အပြင်ထွက်ရတာကို သိပ်မလိုလား။ သူ့အတန်းက ကလေးတွေ စာသင်ချိန် လျော့မှာစိုးရိမ်သည်။ သို့ရာတွင် သည်ကိစ္စတွေ သူ မလုပ်လျှင် ဆရာမကြီးပဲ ဖတ်သီဖတ်သီ သွားရမည်။ ဒါကို ငဲ့ညှာ၍ သူပဲ တာဝန်ယူလိုက်ရတော့သည်။
လုပ်တတ် ကိုင်တတ်လျှင်တော့ မဆိုးလှ။ အလုပ်ကိစ္စ အကြောင်းပြပြီး အပြင်လစ်ထွက်လို့ ရသည်။ အသွားအပြန် တစ်နာရီလောက်သာ ကြာမည့်ကိစ္စကို ပညာရေးမှူး အပြင်သွားလို့ စောင့်နေရလို့ ဆိုပြီး တစ်နေကုန်အောင် နေလို့ရသည်။ နောက်နေ့မှ လာပါလို့ ချိန်းလိုက်တယ် ဆိုပြီး နောက်တစ်ရက် ထပ်လစ်လို့တောင် ရသေးသည်။ ခရီးစရိတ်ကို ပိုပိုသာသာလေး ပြလို့ရသည်။ လျှောက်လွှာအရွယ် စက္ကူ ငါးထုပ်လောက်ကို ဘတ်စကားနှင့် သယ်ပြီး တက္ကစီခ ထုတ်လို့ရသည်။ မေးခွန်းစာရွက်တွေကို အထက်တန်းကျောင်းကြီးမှာ ဖြစ်ဖြစ်၊ ပညာရေးမှူးရုံးမှာဖြစ်ဖြစ် စာကူးစက် သွားလှည့်ပြီး အပြင်ဆိုင်မှာ လှည့်သယောင် ပြော၍ ငွေထုတ်လို့ ရသည်။ ကျောင်းအတွက် လိုအပ်သည့်ပစ္စည်းတွေ ဝယ်ရာမှာ ကုန်ကျစရိတ် ပိုပြလို့ ရသည်။
သို့ရာတွင် သူက ဒါမျိုးတွေ မလုပ်တတ်။ ထို့ကြောင့် ဆရာမကြီးက သူ့ကို စိတ်ချလက်ချ မျက်နှာလွှဲထားခြင်း ဖြစ်၏။ သူ အပိုမသုံးတတ်မှန်း သိသောကြောင့်လည်း လက်ဖက်ရည် သောက်ခဲ့ဖို့ တကူးတကန့် မှာလိုက်ခြင်း ဖြစ်၏။ ဒါတောင် သူက လက်ဖက်ရည်ကို 'ရှယ်' မသောက်ဘဲ ရိုးရိုးသာ သောက်ခဲ့သည်။ 'လပ်ကီး'လေး ခဲလိုက်ချင်သော်လည်း တစ်လိပ်လေးကျပ်မို့ ဂျိုးသိန်းတစ်လိပ်သာ သောက်ဖြစ်သည်။
ကျောင်းကို ပြန်ရောက်တော့ မုန့်စားတောင် မဆင်းသေး။ သူ့အတန်းဆီသို့ တန်းကာ လာခဲ့သည်။ အတန်းက မငြိမ်သက်ဘဲ ဆူဆူညံညံဖြစ်နေတာ ခပ်လှမ်းလှမ်းကပင် ကြားရသည်။ ဆရာမကြီး ကိစ္စရှိလို့ ရုံးခန်း ပြန်နေတုန်း ကျောင်းသားတွေ ဆော့နေပြီ ထင်တယ်။ ဒေါ်ခင်စိုးမြင့်ကတော့ ကူထိန်းမှာပါ၊ နှစ်တန်းခွထိန်း နေရလို့ မနိုင်ဘူး ထင်တယ်ဟု တွေးသည်။
တကယ်တမ်းကျတော့ သည်လိုမဟုတ်။ အတန်းထဲမှာ ဆရာမကြီးတစ်ယောက်လုံး ရှိနေသည်။ သည်ကြားထဲ ဆူနေကြခြင်း ဖြစ်၏။ ဆရာမကြီးတောင် မနိုင်ဘူးဆိုတော့ သူ့ကောင်တွေ တော်တော်ဆိုးနေပြီဟု တွက်လိုက်သည်။ ဆရာမကြီးကတော့ ပြုံးပြုံး ပြုံးပြုံးနှင့် အတန်းသားတွေကြားထဲ လျှောက်သွားနေသည်။
“ဆူလှချည်လား ဟေ့”
သူက အော်လိုက်သည်။ သူ့အသံ ကြားမှ အားလုံး တိတ်သွားကြ၏။ ဆရာမကြီးက သူ့ဆီ လျှောက်လာသည်။
“အဆင်ပြေခဲ့လား ဆရာ”
“ဟုတ်ကဲ့ ဆရာမကြီး၊ ဒါနဲ့ အတန်းက တော်တော်ဆူနေတာပဲ။ ဒီကောင်တွေ တော်တော်ဆိုးနေပြီ၊ ဆရာမကြီး ရှိတာတောင်”
ဆရာမကြီးက ရယ်ပြီး ...
“သူတို့ကို ကျွန်မ စကားပြောခိုင်းထားတာပါ”
“ဗျာ”
“ဟုတ်တယ် ဆရာ၊ ဒီနေ့ မိဘ ကူညီလို့ ရွှေငွေတွေ ရတဲ့အကြောင်း ပုံပြင်တစ်ပုဒ် ပြောပြပြီး ကိုယ့်မိဘကို ဘာတွေ ကူညီခဲ့ဖူးတယ် ဆိုတာ အချင်းချင်း ပြောပြရမယ်လို့ ပြောထားလို့ တစ်ယောက်နဲ့တစ်ယောက် အားပါးတရ ပြောနေကြတာလေ၊ တစ်ယောက် တစ်လှည့်စီ ပြောရာက စိတ်မရှည်ဘဲ လုပြောကြလို့ ဆူနေတာပေါ့ ဆရာရဲ့”
“ဪ ... မသိပါဘူး၊ ကျွန်တော်က ဆရာမကြီး ရှိတာတောင် ဆူနေကြတယ် ဆိုပြီး၊ ကျွန်တော် အထိန်းအသိမ်းညံ့လို့ များလားလို့”
“ဘယ်ဟုတ်မလဲ ဆရာ၊ အတန်းတစ်တန်းဟာ အပ်ကျသံတောင် ကြားရမလောက် တိတ်ဆိတ်နေမှသာ အဲဒီဆရာ အထိန်းအသိမ်းညံ့တယ်လို့ ပြောရမှာပါ”
“ဘယ်လို ခင်ဗျ၊ ဆရာမကြီး စကားက အဆန်းပဲ”
ဆရာမကြီးက ပြုံးသည်။
“ဒီလို ဆရာရဲ့၊ အထက်တန်း ကျောင်းကြီးတစ်ကျောင်း ဆိုရင်တော့ ကျောင်းသားတွေ တိတ်ဆိတ် ငြိမ်သက်နေတာ သဘာဝကျတယ်၊ ဒါပေမဲ့ ကျွန်မတို့လို မူလတန်းကျောင်းလေး တစ်ကျောင်း အဖို့တော့ သိပ်တိတ်ဆိတ် နေရင် အဓိပ္ပါယ်မရှိဘူး၊ ဆရာ စဉ်းစားကြည့်လေ၊ မူလတန်းအဆင့် ဆိုတာ တကယ် ကလေးငယ်လေးတွေပဲ ရှိသေးတာ၊ သူတို့ကို ကဗျာတွေ ရွတ်ခိုင်းရမယ်။ စာတွေ အော်ဆိုခိုင်းရမယ် မဟုတ်လား၊ ဒါကြောင့် မူလတန်းကျောင်း မှန်ရင် ဆူညံလှုပ်ရှား တက်ကြွနေရမယ်၊ ဒါမှမဟုတ်ဘဲ တိတ်ဆိတ် ငြိမ်သက်နေရင် ဆရာ ဆရာမတွေက ရေသာခိုချင်လို့ ကလေးတွေကို စာတွေချည်း လှိမ့်ရေးခိုင်းထားတာ ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် ဟိန်းဟောက် ရိုက်နှက်ပြီး တုတ်တုတ်မှ မလှုပ်ရဲအောင် လုပ်ထားတာ ဖြစ်ချင်လည်း ဖြစ်မယ်၊ ဒီအရွယ်လေးတွေ ဆိုတာက အငြိမ်နေချင်တတ်ကြတာ မဟုတ်ဘူး၊ သိပ်အဆော့သန်တဲ့ အရွယ်ပေါ့။ အဲဒီလို ပင်ကိုစရိုက် သဘာဝကို အတင်း သွားချုပ်ချယ်ရင် စိတ်ညစ်ပြီး ကျောင်းကို မုန်းသွားလိမ့်မယ်၊ နောက်ပြီး သူတို့အရွယ်လေးတွေက မိဘနဲ့ ရင်အုပ်မကွာ နေနေကြတဲ့အရွယ်လေ၊ မိဘရင်ခွင်ကနေ ဆရာ ဆရာမ ရင်ခွင်ကို အချိန် အပိုင်းအခြားနဲ့ လာပြီး ခိုလှုံနေကြတာ မဟုတ်လား။ ဒီတော့ ချော့သင့် ချော့၊ ခြောက်သင့် ခြောက်၊ မြှောက်သင့် မြှောက်ပြီး ကျောင်းမှာ ပျော်အောင် လုပ်ရတယ်၊ တစ်ခါတလေလည်း ဆူပါစေ၊ ဆော့ပါစေ ဆိုပြီး ခဏတစ်ဖြုတ် လွှတ်ပေးထားရတယ်။ ပြီးမှ ကိုယ်သင်ချင်တဲ့ စာကို အသာလေး ထည့်ပေးလိုက်ကြည့်။ ဟိန်းဟောက်ပြီး သင်တာထက် ပိုတတ်လွယ်တယ် ဆရာရဲ့၊ ကျွန်မ လုပ်သက် တစ်လျှောက်လုံး ဒီနည်းနဲ့ သင်လာတာပဲ”
သူ ကျေနပ်စွာ ပြုံးလိုက်သည်။ ဆရာမကြီး၏သမ္ဘာကိုလည်း လေးစားသွားမိသည်။
“ကဲ ... ကျွန်မ လေရှည်နေတာနဲ့ ဆရာတောင် မနားရသေးဘူး။ ဪ ... ဒါနဲ့ ဒီနေ့ မုန့်စားဆင်းချိန် တာဝန်မှူးက ဆရာပဲ မဟုတ်လား”
“ဟုတ်ကဲ့”
“ဆရာ ပင်ပန်းရင် နာချင် နားပါလား၊ တခြားတစ်ယောက် အစားထိုးလိုက်မယ်”
“ရပါတယ် ဆရာမကြီး၊ ကျွန်တော်ပဲ တာဝန်ယူပါ့မယ်”
မုန့်စားဆင်းဖို့ အချိန်နီးနေပြီ ဖြစ်၍ စာမသင်တော့ဘဲ ထားလိုက်သည်။ ကလေးတွေကတော့ စောစောက သူ အော်ထားသဖြင့် သိပ်မဆူတော့။ တစ်ခု သတိရသဖြင့် ...
“ကဲ ... မင်းတို့ကို ဆရာမကြီးက မိဘ ကူညီတဲ့အကြောင်း ပြောသွားတယ် မဟုတ်လား၊ မနက်ဖြန်ကျရင် တစ်နေ့တာအတွင်း မိဘကို ဘာတွေ ကူညီခဲ့တယ်ဆိုတာ တစ်ယောက်ချင်း ပြောပြရမယ် ကြားလား”
“ကြားပါတယ် ဆရာကြီး”
တစ်ဖက် အတန်းကို လှမ်းကြည့်လိုက်သည်။ ဒေါ်ခင်စိုးမြင့်က အေဘီစီဒီ စာလုံးတွေကို ရေးထားသော ကတ်ပြားများကို ကလေးများအား တစ်ရွက်စီ ဝေပေးနေသည်။
“ကဲ ... ကိုယ့်ကတ်ပြားပေါ်က စာလုံးကို ကိုယ် သေသေချာချာ ကြည့်ထားနော်၊ ဆရာမက စကားလုံး တစ်လုံး ပြောမယ်၊ အဲဒီ စကားလုံးထဲက စာလုံးပေါင်း အတိုင်း ကတ်ပြားရှိတဲ့လူတွေက ထွက်လာရမယ်၊ ကဲ ပုရွက်ဆိတ်ကို အင်္ဂလိပ်လို ဘယ်လို ခေါ်သလဲ”
ရှေ့တန်းက မိန်းကလေးတစ်ယောက်ကို မေးသည်။
“အေ ... အင် ... တီ ... အန့် ပါ ဆရာမ”
“ကဲ ... ကတ်ပြား အေရယ် အင်ရယ် တီရယ် ရှိတဲ့လူ အတန်းရှေ့ကို ထွက်ခဲ့ကြ”
ကလေးသုံးယောက် ထွက်သွားသည်။
“တန်းစီ၊ ကတ်ပြားတွေကို မြှောက်ပြီး ကိုင်ပြ၊ အေး ဟုတ်ပြီ။ အားလုံး ဆိုကြည့်စမ်း”
“အေ ... အင် ... တီ ... အန့် ပုရွက်ဆိတ်”
“မှတ်မိတယ်နော်၊ ပုရွက်ဆိတ်ကို မြင်ဖူးကြတယ် မဟုတ်လား”
“မြင်ဖူးပါတယ် ဆရာမ”
“ပုရွက်ဆိတ်မှာ အရောင် ဘယ်နှမျိုး ရှိသလဲ”
“နှစ်မျိုး”
“ဘာလဲ”
“အနီနဲ့ အနက်”
“လူကို ကိုက်တတ်တာ ဘာအရောင်လဲ”
“အနီရောင်”
“အေး ... ဟုတ်ပြီ”
ထိုနောက် ပုရွက်ဆိတ်နှင့် ပတ်သက်၍ ဗဟုသုတ ဖြစ်ဖွယ်များကို ပြောပြီး ပုရွက်ဆိတ်နှင့်နှံကောင် ပုံပြင်ကို ဆက်ပြောပြသည်။
အင်း .. တကယ်တော်တဲ့ ဆရာမလေးပဲ၊ ကလေးတွေ အပေါ်မှာလည်း တော်တော် စေတနာထားတယ်၊ စိတ်သဘောထားလည်း ပြည့်ဝ ကောင်းမွန်မယ့်ပုံပဲဟု စိတ်ထဲကျိတ်၍ ချီးကျူးနေတုန်း ကျောင်းဆင်း ခေါင်းလောင်းထိုးသံ ကြားရသည်။
* * *
သူတို့ကျောင်းလေးမှာ အစီအစဉ်တစ်ခု လုပ်ထားတာ ရှိသည်။ ကျောင်းဆင်းချိန်နှင့် မုန့်စားဆင်းချိန်တို့တွင် ဆရာ ဆရာမ တစ်ယောက်စီ အလှည့်ကျ တာဝန်ယူပြီး ကလေးတွေကို စောင့်ရှောက်ပေးရန်ပင် ဖြစ်၏။
ကျောင်းရှေ့မှာ ကားလမ်း ရှိသည်။ ပင်မ လမ်းမကြီး မဟုတ်သော်လည်း ဖြတ်လမ်းလို ဖြစ်နေသဖြင့် ကားအသွားအလာ များသည်။ သူတို့ကျောင်းကလေးမှာ ဆင်ခြေဖုံးမြို့နယ် အစွန်အဖျားရှိ သာမန်ရပ်ကွက်တစ်ခု အတွင်းမှာ တည်ရှိသဖြင့် မြို့ထဲက ကျောင်းကြီးတွေမှာလို ကျောင်းဆင်းချိန်တွင် ယာဉ်ထိန်းရဲတွေက လမ်းရှင်းပေးတာမျိုး မရှိ။ မျဉ်းကြားတွေ ဘာတွေလည်း မရှိ။ “ကျောင်း ရှိသည်။ ဖြည်းဖြည်းမောင်း” ဆိုသော လမ်းညွှန် ဆိုင်းဘုတ်လည်း မရှိ။ ကားတွေကလည်း များသောအားဖြင့် ကျောင်းဆင်းလာပါလား ဆိုသော အသိစိတ်ဓာတ်ဖြင့် ဖြည်းဖြည်းမောင်းပေးတာမျိုး မရှိ။
သည်တော့ ကိုယ့်အားကိုယ်ကိုး စိတ်ဓာတ်နှင့်ပင် ကြည့်ရှု စောင့်ရှောက်ပေးရသည်။ နိုင်ငံခြားမှာလို “စတော့ပ်” ဆိုသော ဆိုင်းဘုတ်ကတ်ပြားကြီးကို ကိုင်ပြီး ကားတွေကို ရပ်ခိုင်းလို့တော့ မဖြစ်။ ဒါမျိုး လုပ်ပိုင်ခွင့်လည်း မရှိ။ ကြက်ခြေနီတို့ အရန်မီးသတ်တို့က လုပ်ပေးလျှင်တော့ ရသည်။ သို့ရာတွင် နေ့စဉ်နေ့တိုင်းကိစ္စကျတော့ အကူအညီတောင်းဖို့ မလွယ်။
လမ်းကူးမည့် ကလေးတွေကို စုပြီး ရပ်ခိုင်းထားရသည်။ ကားတွေ ရှင်းပြီဆိုမှ တစ်သုတ်ပြီးတစ်သုတ် ကူးခိုင်းရသည်။ လမ်းကူးရာမှာ မပြေးဖို့၊ သွက်သွက်မှန်မှန် ကူးဖို့ သတိပေးရသည်။ အလုပ်ပိုသော်လည်း ကလေးတွေ အတွက် တကယ်လိုအပ်သဖြင့် ဆရာ ဆရာမအားလုံး ကျေကျေနပ်နပ်ပင် အလှည့်ကျ တာဝန်ယူပေးကြသည်။
မုန့်စားဆင်းချိန်မှာတော့ ကလေးအချင်းချင်း ရန်မဖြစ်အောင်၊ အနိုင်မကျင့်အောင်၊ ကစားရာမှာ အန္တရာယ်မဖြစ်အောင် ထိန်းသိမ်းပေးရသည်။ ကျောင်းမုန့်ဈေးတန်းက ဈေးသည်တွေ ကျန်းမာရေးနဲ့ ညီညွတ်အောင် ပြင်ဆင် ရောင်းချရဲ့လား၊ စည်းကမ်း လိုက်နာရဲ့လား၊ ဆက်ဆံရေး ကောင်းရဲ့လား လိုက်စစ်ဆေးပေးရသည်။
ဈေးဆိုင်တွေဘက် လျှောက်ရင်း ကလေးတွေ စားကြ သောက်ကြတာကို ကြည့်သည်။ ကလေးတွေမှာ အလယ်အလတ်မှ အောက်ဆုံးအလွှာထိ ရှိသည်။ မုန့်ဖိုး ငါးကျပ်ရသူ၊ လေးကျပ်၊ သုံးကျပ်၊ နှစ်ကျပ်၊ တစ်ကျပ် ရသူထိ ရှိသည်။ တချို့ကျတော့ ငါးမူးသာ ရသည်။ ငါးမူးသမားက ဘာသွားစားမလဲ။ ဆီးထုပ်တောင် အနိမ့်ဆုံး တစ်ကျပ် ဖြစ်နေပြီ။
သူဟာနဲ့ သူတော့လည်း ဟုတ်နေတာပဲ။ တစ်ကျပ်တန် ချင်းဆီးပြားကို နှစ်ထုပ် ခွဲထုပ်ပြီး ရောင်းတာရှိသည်။ ဈေးသည်တွေ သူတို့ဘာသာ အိမ်မှာထိုးသော ဆီးယို၊ မရန်းပြား၊ သရက်ပြားတွေကို အာသာပြေရုံ ဝယ်စားရသည်။ ထူးထူးခြားခြား တစ်နေ့မှ တစ်မတ် ရသူတောင် ရှိသည်။ အကြွေ တစ်မတ်စေ့က ရှားပါးနေပြီ ဖြစ်၍ နှစ်ရက်တွက် ပြားငါးဆယ်တန် ငွေစက္ကူ တစ်ရွက် ရသည်။ သူများကလေးတွေလို ကျောင်းမုန့်ဖိုး ပေးတယ် ဆိုတာမျိုးလည်း ဖြစ်စေချင်၊ တတ်လည်း မတတ်နိုင်သဖြင့် စတိသဘော ပေးခြင်းမျိုး ဖြစ်လိမ့်မည်။ မုန့်ဖိုးဟု နာမည်ခံရုံ သက်သက်။
သည်လို ကလေးမျိုးကျတော့ ရွေးစရာလမ်း သိပ်မရှိ၊ နှစ်ရက် တစ်ခါ ငါးမူးဖိုး ဝယ်စားချင်စား၊ နေ့တိုင်း ဝယ်စားချင်လျှင် တစ်ခုပဲ ရှိသည်။ သခွားသီးကို လက်ညှိုးလောက် အစိတ်ကလေးတွေ စိတ်ပြီး တုတ်နှင့် ထိုးထားတာကို အချဉ်ရည်နဲ့ တို့စား။ တစ်ခုတစ်မတ် ဖြစ်သော်လည်း အမ်းစရာ တစ်မတ်စေ့အတွက် အလွယ်တကူ မရှိသဖြင့် ပြားငါးဆယ်တန် ငွေစက္ကူကို ပေး၊ တစ်ခု ယူစားပြီး “အဒေါ်ကြီး တစ်ခုပဲ ယူတာနော်၊ တစ်မတ်ကျန်တာ မနက်ဖြန်မှ တစ်ခုစားမယ်” ဟု ပြောရသည်။ ကလေး ဆိုတော့လည်း သူများစားလျှင် ကိုယ်လည်း စားချင်သဖြင့် နေ့တိုင်း စားလို့ရအောင် ကိုယ့်နည်း ကိုယ့်ဟန်နှင့် ကြံဖန်ရခြင်း ဖြစ်၏။
“ဆရာကြီး”
ခေါ်သံ ကြားသဖြင့် လှည့်ကြည့်သည်။ သူ့အတန်းက ကျောင်းသူ သက်ထားမော် လက်ပိုက်ပြီး ရပ်နေသည်။
“ဘာလဲ သက်ထားမော်”
“သမီး ပိုက်ဆံ ပျောက်သွားလို့”
“ပိုက်ဆံ ပျောက်တယ်၊ ဘယ်လို ပျောက်တာလဲ၊ သမီးက ဘယ်မှာ ထားလို့လဲ”
“သမီး ကွန်ပါဘူးထဲမှာ ထည့်ထားတာ မုန်စားလွှတ်လို့ ကြည့်တော့ မရှိတော့ဘူး”
“အထားများ မှားသလား၊ လွယ်အိတ်ထဲမှာ ကြည့်ပြီးပြီလား။ ခုံအောက်တွေ ဘာတွေကော”
“ဘယ်မှာမှ မရှိဘူး ဆရာကြီး”
“ကွန်ပါဘူးထဲက ပျောက်တယ် ဆိုတော့ ဪ ... ဆရာကြီး အပြင် သွားနေတုန်း သမီးတို့ အတန်းထဲမှာ ဟိုသွားဒီသွား လျှောက်သွားကြတယ် မဟုတ်လား”
“ခဏလေးပါ၊ သမီး အိမ်သာခဏ သွားတာပါ”
ဖြစ်နိုင်တာက သူ အပြင်သွားနေတုန်း ဆရာမကြီးက အတန်းကို ကြည့်ထားသည်။ ဆရာမကြီး ကိစ္စရှိ၍ ရုံးခန်း ခဏ သွားနေတုန်း ကလေးတွေ ဆော့ကြမည်။ သက်ထားမော်က သံလိုက် ကွန်ပါဘူးကို စားပွဲပေါ် တင်ပြီး တခြားခုံမှာ သွားဆော့မည်။ ထိုစဉ်မှာ တစ်ယောက်ယောက်က နောက်ပြောင်သည့် သဘောဖြင့် ပိုက်ဆံကို နှိုက်ထားမည်။ ပြီးတော့မှ လောဘလေး ဝင်လာပြီး ပြန်မပေးဘဲ ထားမည်။
“သမီး ခုံနားကို ဘယ်သူတွေ လာတာ တွေ့လဲ”
“ဂေါ်လစ်တို့တွေ ဓားခုတ်တမ်း လာကစားတာ တွေ့ရတယ်။ သူပဲ ဖြစ်မှာပဲ”
“ဂေါ်လစ် ယူတာကို သမီး တွေလို့လား”
“ယူတာတော့ မတွေ့ပါဘူး၊ ဒါပေမဲ့ သမီးတို့ အိမ်သာက ပြန်လာတော့ သမီးတို့ ခုံနားကနေ သူ ထွက်သွားတာ မြင်တယ်၊ သူပဲ ယူမှာပဲ ဆရာကြီး၊ ပြန်တောင်းပေးပါ”
“သူ ယူတာ တပ်အပ် မမြင်ဘဲ မစွပ်စွဲကောင်းဘူး သမီးရဲ့၊ တကယ်လို့ မဟုတ်ရင် သူ့ရဲ့ သိက္ခာ၊ အဲ ... သမီး ငရဲကြီး နေဦးမယ်”
“ဒါဆို သမီးပိုက်ဆံ ပြန်မရတော့ဘူးပေါ့”
ပြောရင်း ငိုမဲ့မဲ့ ဖြစ်လာသည်။
“သမီး ပိုက်ဆံက ဘယ်လောက်လဲ”
“နှစ်ကျပ်”
“ကဲ ... ဆရာကြီး နှစ်ကျပ် စိုက်ပေးမယ်၊ ဒါပေမဲ့ ဒီတစ်ခါပဲ စိုက်ပေးမှာနော်၊ နောက်တစ်ခါ မပျောက်အောင် ကိုယ့်ဟာကိုယ် ဂရုစိုက်ရမယ် ဟုတ်ပြီလား”
သက်ထားမော်က ခေါင်းညိတ်သည်။ သူက ကျပ်တန် နှစ်ရွက်ကို ထုတ်ပေးလိုက်သည်။ သက်ထားမော် ဝမ်းသာအားရ ဖြစ်သွားပြီး မုန့်ဆိုင်ဘက် ပြေးသွားသည်။
ကလေးတွေဆိုတာ တစ်ခါတစ်ခါ ထင်ရာမြင်ရာ ပြောတတ်သည်။ သူတို့ ပြောတိုင်းလည်း ယုံနေလို့ မဖြစ်။
အိမ်ကတည်းက ပါမလာတာ၊ လမ်းမှာ ကျပျောက်ခဲ့တာကို ကျောင်းရောက်မှ ပျောက်ပါတယ် ပြောချင် ပြောတတ်သည်။ ကျောင်း မတက်ခင် မုန့်ဝယ်စားခဲ့တာကို မေ့ပြီး ပိုက်ဆံသုံးကျပ် ပါတာ အခု နှစ်ကျပ်ပဲ ရှိတော့တယ်၊ လုပ်ချင် လုပ်သည်။ ခဲတံ ပျောက်သွားပြီး သူများဆီမှာ ကိုယ့်ဟာနှင့် တူတာတွေ့လျှင် ကျွန်တော့် ခဲတံပါ၊ သမီး ဥစ္စာပါ၊ ပြောချင် ပြောတတ်သည်။ ထို့ကြောင့် ပေါက်ကရတွေ ဆိုပြီး သူတို့စကားတိုင်းကို ပစ်ပယ်လို့လည်း မရပြန်။ တစ်ခါတလေ သူတို့ပြောတာ တကယ် ဟုတ်ချင်လည်း ဟုတ်နေတတ်သည်။
ထို့ကြောင့် နည်းနည်း စနည်းနာ ကြည့်ဦးမည်ဟု တွေးပြီး မုန့်ဆိုင်တန်းဘက် လျှောက်အလာတွင် အုန်းသီးညှပ် ဝေဖာတစ်ခု ကိုင်ပြီး မျက်နှာချင်းဆိုင်မှ လျှောက်လာသော ကုလား ကပြားလေး ဂေါ်လစ်ကို တွေ့ရသည်။
“ဟ... မင်းမုန့်က တယ်ကောင်းမယ့် ပုံပဲကွ ဟေ”
သူက နှုတ်ဆက်လိုက်ရာ ဂေါ်လစ် ကြောင်အအ ဖြစ်သွားသည်။
“ဘယ်လောက်ဖိုးလဲကွ”
“နှစ်ကျပ်ဖိုးပါ ဆရာကြီး”
နှစ်ကျပ် ဆိုတာကတော့ တူသည်။ သို့ရာတွင် ခိုင်လုံသော အထောက်အထား မဟုတ်။ သူက တစ်ချက် စိုက်ကြည့်လိုက်ပြီး ဂေါ်လစ် မနေတတ် မထိုင်တတ် ဖြစ်သွားမလားဟု အကဲခတ် ကြည့်သည်။
“ဆရာကြီး စားပါဦး”
ဂေါ်လစ်က သူ့ မုန့်ကို လှမ်းပေးသည်။
“စားပါကွာ မင်း မဝဘဲ နေပါဦးမယ်”
ဂေါ်လစ်၏ လက်တွင် ခြောက်ဆယ် ခုနစ်ဆယ် တန်သည့် ပလတ်စတစ် ကွာဇ် နာရီလေးကို တွေ့လိုက်ရသည်။ နာရီတောင် ဆင်နိုင်သည့် မိဘက မုန့်ဖိုးတော့ မပေးဘဲ နေမှာ မဟုတ်ဟု တွက်လိုက်၏။ သက်ထားမော်၏ ပိုက်ဆံ နှစ်ကျပ်ကို ဂေါ်လစ် ယူတာ မဟုတ်ဟု ဆုံးဖြတ်လိုက်သည်။
* * *
ကလေးတွေ ခြေထောက်ညောင်းစ ပြုလာကြပြီ။ ဆောင့်ကြောင့် ထိုင်သူက ထိုင်ချကြသည်။ တချို့တော့ ဇောင်းထဲမှာ ကြာလာသော မြင်းတွေလို ခြေလှုပ်လက်လှုပ် ဖြစ်လာကြ၏။ မနက် ခြောက်နာရီခွဲကတည်းက ကျောင်းရှေ့မှာ စုပြီး ခေါ်လာခဲ့ခြင်း ဖြစ်သည်။ ခုနစ်နာရီ ထိုးကာနီးပြီ ဆိုတော့ ညောင်းလောက်ပေပြီ။
မိုးမရွာလို့ တော်သေးသည်။ သို့တိုင်အောင် တော်သလင်း နေက မနက်ရှစ်နာရီ ဆိုသည့်တိုင် အတော်ပြင်းစ ပြုလာပြီ။ တချို့ ကလေးတွေမှာ ရေဘူး ပါလာသည်။ အချင်းချင်း မျှတ သောက်ကြရသည်။ မနက်စောစောစာ မစားလာရသည့် ကလေးတွေ ဆိုလျှင် တော်တော် ဆာနေကြရော့မည်။
သူကိုယ်တိုင်လည်း ဗိုက်ထဲက ဟာလာသည်။ မနက်က ကွမ်းယာဆိုင်မှာ ဆေးလိပ်ဝယ်ရင်း ငှက်ပျောသီး တစ်လုံးသာ စားလာခဲ့ရသည်။ ခပ်လှမ်းလှမ်းမှာ လက်ဖက်ရည်ဆိုင် တစ်ဆိုင် ရှိသည်။ သွား သောက်ချင်သော်လည်း ကလေးတွေကို ထားခဲ့ပြီး ကိုယ်ဝမ်းကိုယ်သာ ဖြည့်တာမျိုး မလုပ်ချင်။
“ဆရာ စားပါဦး”
ဆရာမ ဒေါ်ခင်စိုးမြင့်က လိမ္မော်သီးတစ်ခြမ်း လာပေးသည်။
“စားပါ ဆရာမ၊ မနက်စောစော ဆိုတော့ အချဉ် မစားချင်ဘူး”
“လက်ဖက်ရည် သောက်ချင်နေတာ မဟုတ်လား ဆရာ”
သူ ပြုံးလိုက်သည်။ ဒေါ်ခင်စိုးမြင့်က သူ ဘာသောက်ချင် နေကြောင်း သိနေသည်။ တစ်ယောက် အတွင်းစိတ်ကို တစ်ယောက်က သိနေခြင်းဟာ နားလည်မှုတစ်ခုလားဟု သူ တွေးသည်။ ဒါဆိုရင် ခုချိန်မှာ ဒေါ်ခင်စိုးမြင့် စိတ်ထဲမှာရော ဘာများ စားချင် သောက်ချင်နေသလဲဟု မှန်းဆ ကြည့်လိုက်၏။ သူ မသိချေ။ အင်း လိမ္မော်သီး စားချင်လို့ စားနေတာ ဖြစ်မှာပေါ့ ဟူ၍သာ သတ်မှတ်လိုက်၏။
“လာခါနီးပြီ ထင်တယ်နော်”
ဒေါ်ခင်စိုးမြင့်က ပြောသည်။
“ဟုတ်တယ် နည်းနည်းတောင် နောက်ကျနေပြီ၊ အထူး သန့်ရှင်းရေး လုပ်အားပေးပွဲတစ်ခု ဝင်စရာ ရှိနေလို့ ပြောနေတော့ ကြားတာပဲ”
ဆိုင်းဘုတ်ဖွင့်ပွဲအတွက် သူတို့ကျောင်းကလေးမှ ကျောင်းသား ကျောင်းသူ နှစ်ဆယ်လောက် အကူအညီ တောင်းသဖြင့် လေးတန်းကလေးတွေ ခေါ်လာခြင်း ဖြစ်၏။ သူကတော့ ထုံးစံအတိုင်း မပါမဖြစ်။ ဆရာမကြီးက ခရိုင် အစည်းအဝေး ရှိနေသဖြင့် မလိုက်နိုင်။ လေးတန်း ဆရာမကလည်း ကိုယ်ဝန်ကြီးနှင့်မို့ ဆရာမကြီးက ဒေါ်ခင်စိုးမြင့်ကို လူစားထည့်လိုက်သည်။ သူနှင့် ဒေါ်ခင်စိုးမြင့်တို့ နှစ်ယောက် တွဲမိအောင် ဆရာမကြီးက တမင်ဖန်တီး လိုက်တာလား၊ ဆရာမကြီးလည်း တခြား ဆရာမတွေနဲ့ အလိုတူ အလိုပါပဲလားဟု တွေးနေတုန်း
“ဆရာကြီး”
ခေါ်သံ ကြားသဖြင့် လှည့်ကြည့်သည်။ ကျောင်းသားလေး တစ်ယောက် လက်ပိုက်ပြီး ရပ်နေ၏။
“ဘာလဲကွ”
“သေးပေါက်ချင်တယ် ဆရာကြီး”
ဟုတ်သားပဲ၊ မနက် အစောကြီးကတည်းက ထွက်လာခဲ့တာ ဆိုတော့ အပေါ့အပါး သွားချင်နေကြမှာပဲ၊ လမ်းဆုံ လမ်းခွကြီးမှာ။ ပြီးတော့ တခြား ဂုဏ်သရေရှိ လူကြီးမင်းတွေ ရှေ့မှာဖြစ်၍ အဆင်ပြေသလို ကော့ပန်း လိုက်ကွာဟု ပြောလို့မဖြစ်။
“ဒီအနီးအနားက အိမ်တွေ အကူအညီ တောင်းကြည့်ပါလား ဆရာ”
ဒေါ်ခင်စိုးမြင့်က အကြံဉာဏ်ပေးသည်။ တိုက်ခံအိမ်တစ်လုံး၏ ဝင်ပေါက်ဝမှာ လူတစ်ယောက် ထွက်ရပ်နေတာ တွေ့ရသဖြင့် လျှောက်သွားပြီး အကူအညီ တောင်းကြည့်သည်။
“ဟာ .. ရပါတယ် ဆရာ၊ အိမ်သာဝင်ချင်တဲ့ ကလေးတွေအားလုံးသာ ခေါ်ခဲ့ပါ” ဟု လိုလိုချင်ချင် ခွင့်ပြုသဖြင့် ယောက်ျားလေးအုပ်စုကို ခေါ်ပြီး အိမ်သာ လိုက်ပို့ရသည်။ အိမ်ရှင်က ကလေးတွေကို ရေပါတိုက်ပြီး သကြားလုံး တစ်လုံးစီ ပေးလိုက်သေးသည်။ သူတို့ ပြန်ထွက်လာတော့ ဒေါ်ခင်စိုးမြင့်နှင့် မိန်းကလေးအုပ်စု သွားကြသည်။
ဒေါ်ခင်စိုးမြင့်တို့ ပြန်ထွက်လာပြီး မကြာခင် လူစုံသဖြင့် ဖွင့်ပွဲအခမ်းအနား စတင်သည်။ မိန့်ခွန်းပြောခြင်း၊ ဖဲကြိုးဖြတ်ခြင်း၊ မိုးပျံပူဖောင်း လွှတ်တင်ခြင်း၊ အိုးစည် ဒိုးပတ်များဖြင့် ကခုန်ခြင်းတို့မှာ အချိန်သိပ်မကြာလိုက်။
အခမ်းအနား ပြီးတော့ ကလေးတွေကို စုရပ်ဖြစ်သော ကျောင်းရှေ့သို့ ပြန်ခေါ်လာသည်။ သူက ရှေ့မှ ဦးဆောင် လျှောက်ပြီး ဒေါ်ခင်စိုးမြင့်က ကလေးများ၏နောက်ဆုံးမှ လိုက်လာသည်။
ကျောင်းရှေ့ ပြန်ရောက်တော့ တချို့ ကလေးတွေက သူတို့ဘာသာ ပြန်သွားကြသည်။ တချို့ကိုတော့ မိဘတွေက လာကြိုကြ၏။ အားလုံး ထွက်သွားကြသောအခါ ကျောင်းရှေ့မှာ သူတို့နှစ်ယောက်တည်း ကျန်ခဲ့သည်။
“ဆရာမ ဆာနေပြီလား”
ဒေါ်ခင်စိုးမြင့်က ပြုံးသည်။ ဆာနေမှာ ကျိန်းသေသည်။
“တစ်ခုခု စားပါလား ဆရာမ”
ဒေါ်ခင်စိုးမြင့်က ခဏ စဉ်းစားနေပြီး ... “ကောင်းသားပဲ ဆရာ၊ လက်ဖက်ရည် သောက်တာပေါ့” ဟု ပြောသည်။
လက်ဖက်ရည်ဆိုင်ကို လျှောက်လာကြရင်းက ရင်ထဲမှာ တစ်ချက် ထိတ်ခနဲ ဖြစ်သွားရသေးသည်။ ပါးစပ်ဆော့ပြီး ခေါ်ခဲ့မိရာ အိတ်ထဲမှာ ပိုက်ဆံမှရှိရဲ့လားဟု တွေးမိသောကြောင့် ဖြစ်၏။ ဆိုင်မှာ သူက ပိုက်ဆံရှင်းမှ သင့်တော်မည် မဟုတ်လား။ အိတ်ထဲမှာ ငွေသုံးဆယ်လောက်တော့ ပါသည်။ ပဲပလာတာ နှစ်ချပ်နှင့် လက်ဖက်ရည် နှစ်ခွက်အတွက်တော့ လောက်သည်။ တကယ်လို့ ဒေါ်ခင်စိုးမြင့်က ပက်စီသောက်မယ် ဆိုလျှင်တော့ အရှက်ကွဲတော့မည်။
တကယ်တမ်းကျတော့ ဒေါ်ခင်စိုမြင်က အလိုက်သိတတ်သည်။
“ဆရာမ ဘာသောက်မလဲ” မေးတော့ “ဘာမှ မသောက်တော့ဘူး၊ လက်ဖက်ရည် ကော်ဖီ သောက်တဲ့အကျင့် မရှိလို့ပါ၊ စမူဆာပဲ စားမယ်” ဆိုပြီး စမူဆာတစ်ခု စားသည်။ သည်တော့မှ သူလည်း စေတနာပိုပြီး ... “စားပါဦး ဆရာမရဲ့ ၊ တစ်ခုနဲ့ ဘယ်ဝပါ့မလဲ” ဟု ပြောသဖြင့် တစ်ခု ထပ်စားသည်။ လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး ဘာစကားမှ မပြောဘဲ နေလို့ မဖြစ်သဖြင့် ပြောစရာတစ်ခုခု စဉ်းစားရသည်။
“ဆရာမ အိမ်က ကျောင်းနဲ့ နီးတယ် ထင်တယ်”
“သိပ်တော့ မနီးလှပါဘူး ၊ ဘတ်စကားနဲ့ ကျောင်းကို လာရင် ဆယ်မိနစ်လောက်တော့ စီးရတယ်၊ ဘာဖြစ်လို့လဲ”
“ဪ ... ဆရာမက ကျောင်းကို စောစောရောက်တတ်လို့ပါ”
“ကျွန်မက တခြားဆရာမတွေလို သားသမီးကိစ္စ၊ အိမ်ထောင်ကိစ္စ၊ ဗာဟီရတွေ မရှိလို့ စောစော ရောက်အောင် လာနိုင်တာပါ”
“ဆရာမက တစ်ယောက်တည်း နေတာလား”
မေးပြီးမှ စကားလွန်သွားပြီဟု သိလိုက်သည်။ ဒေါ်ခင်စိုးမြင့်ကတော့ ဘာမှ ထူးခြားဟန် မပြဘဲ ... “အမေနဲ့ နှစ်ယောက် နေကြတာ၊ သားအမိ နှစ်ယောက်တည်း ဆိုတော့ ဝန်ကျဉ်းတယ်လေ၊ သိပ်အလုပ်မရှုပ်ဘူးပေါ့”
“ဆရာမက အမေကြီးကို လုပ်ကျွေးနေတာပေါ့ နော်”
ဒေါ်ခင်စိုးမြင့်က ပြုံးသည်။
“အမေက ကျွန်မကို လုပ်ကျွေးနေတာ ပြောရင် ပိုမှန်မလား မသိဘူး၊ အမေ့ဝင်ငွေက ကျွန်မလခထက် ပိုများတာကိုး၊ အမေက ခြင်ထောင်ချုပ်တာ လက်ရာသိပ်ကောင်းတယ်၊ ကျွန်မတို့နားက အိပ်ရာခမ်းနားဆိုင်အတွက် မင်္ဂလာ ခြင်ထောင်တွေ ဆိုရင် အမေပဲ ချုပ်ပေးရတာ”
မင်္ဂလာခြင်ထောင် ဆိုသော စကားလုံးကြောင့် မျက်နှာပူသွားသလား မသိ။ ဒေါ်ခင်စိုးမြင့် ခေါင်းတစ်ချက် ငုံ့သွားသည်။ ပြီးမှ ... “ဆရာက နယ်ကနေ လာလုပ်နေတာဆို” ဟု မေးသည်။
“ဟုတ်တယ် ဆရာမ၊ အညာကပါ၊ မြို့ပေါ်ကတော့ မဟုတ်ဘူး၊ ကျွန်တော်တို့ရွာက နည်းနည်း ခေါင်တယ်၊ ကားလမ်းမကနေ ခြောက်မိုင်လောက် အတွင်းထဲကို ဝင်ရတယ်”
“မိဘတွေက အဲဒီမှာပဲပေါ့”
“ကျွန်တော်မှာ မိဘမရှိတော့ပါဘူး၊ ရွာမှာ အစ်မပဲ ရှိတော့တယ်၊ ကျန်တဲ့အစ်ကိုတွေက တခြားရပ်ရွာမှာ အခြေချနေကြပြီ”
ထို့နောက် ကံကောင်းထောက်မသဖြင့် ဆရာတော်၏အထောက်အပံ့ဖြင့် တက္ကသိုလ်တက်ခွင့် ရခဲ့ပုံကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောပြနေမိ၏။ ဒေါ်ခင်စိုးမြင့်က စိတ်ဝင်စားစွာ နားထောင်နေသည်။ ဘုန်းကြီးကျောင်းမှာ နေရင်း ကျောင်းတက်ခဲ့ရပုံများကို ပြောပြနေစဉ် ကရုဏာသက်သော မျက်နှာထားကို မြင်ရသည်။
ဘာကြောင့် တစ်ယောက်အကြောင်းတစ်ယောက် အပြန်အလှန် ပြောပြနေမိကြကြောင်းကိုတော့ စစ်စစ်ပေါက်ပေါက် မတွေးဖြစ်ကြ။ တစ်ယောက်ဘဝကို တစ်ယောက် စိတ်ဝင်စားမှု ရှိကြတာတော့ သေချာသည်။ ဘယ်တော့ကျလျှင် ထို့ထက် ပိုလာမလဲ ဆိုတာတော့ အချိန်တန်မှပင် သိရပေတော့မည်။
* * *
“ဆရာတို့က တော်တော် အခြေအနေ တိုးတက်နေမှပဲ။ ကျွန်မတို့က ဒီလောက်တောင် မထင်ဘူး”
ကျောင်းရောက်ချိန် လက်မှတ်ထိုးပြီး ပြန်အထွက်မှာ ဆရာမ ဒေါ်အေးအေးချစ်နှင့် ဆုံသည်။ မနေ့က ဒေါ်ခင်စိုးမြင့်နှင့် လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်ကြသည့် ကိစ္စကို ဘယ်လိုက ဘယ်လို သတင်းရသလဲ မသိ။ တကယ်တော့ ဆရာတစ်ယောက်နှင့် ဆရာမတစ်ယောက်တို့ အလုပ်ကိစ္စအတွက် အတူသွားကြခြင်း၊ စားကြ သောက်ကြခြင်းသည် ဘာမျှမဆန်း။ သူတို့နှစ်ယောက်ကျတော့ နဂိုကပင် ဝိုင်းပြီး တွန်းပို့နေကြတာ ဆိုတော့ တစ်ဆိတ်ကို တစ်အိတ်လုပ်ပြီး ထပ်ချွန်ကြခြင်း ဖြစ်၏။
“ဘယ်လိုလဲ ဆရာ၊ ကျွန်မတို့ စားရဖို့ နီးပြီလား”
“ဟာဗျာ ... ဆရာမကလည်း တစ်ယောက်ကိုတစ်ယောက် မပြောရဲ မဆိုရဲတွေ ဖြစ်ကုန်တော့မှာပဲ၊ ကျွန်တော်တို့က ရိုးရိုးသားသားပါဗျာ”
ဒေါ်အေးအေးချစ်က ရယ်သည်။
“ကျွန်မတို့ကတော့ မရိုးစေချင်ဘူး ဆရာရဲ့”
“မလုပ်ပါနဲ့ဗျာ၊ အေးအေး နေပါရစေ”
“တကယ်ပြောတာ ဆရာ၊ ဆရာ့အနေနဲ့ အိမ်ထောင်ပြုမယ်လို့ စိတ်ကူးမယ် ဆိုရင်တော့ ခင်စိုးမြင့်ကိုပဲ ရွေးစေချင်တယ်”
သူ ခေါင်းကုတ်လိုက်သည်။ ဘာပြန်ပြောရ ကောင်းမလဲ စဉ်းစားနေတုန်း .... “သူများ ကိုယ်ရေးကိုယ်တာ ကိစ္စကို ဝင်စွက်ဖက်တယ် လို့တော့ မထင်ပါနဲ့နော်၊ ကျွန်မတို့ကျောင်းမှာက အားလုံး မိသားစုတွေလို နေနေကြတာမို့ မိတ်ဆွေတစ်ယောက်လို မောင်လေးတစ်ယောက်လို သဘောထားပြီး အကြံပေးတာပါ၊ ရှင်းရှင်းပြောရရင်တော့ ကျွန်မတို့က ခင်စိုးမြင့်အတွက် အဓိကထားပြီး စဉ်းစားကြတာပါ ဆရာ၊ ကောင်မလေးက သိပ်တော်တယ်၊ ရိုးလည်း ရိုးတယ်၊ ဒါကြောင့် သူ့အဖို့က ဆရာ့လိုလူမျိုးနဲ့မှ သင့်တော်မယ် ထင်လို့ပါ။ ဆရာ့အတွက်လည်း”
“အတန်းက ဆူနေပြီ ဆရာမ၊ တော်ကြာ ဘေးခန်းတွေ အနှောင့်အယှက် ဖြစ်နေဦးမယ်၊ ကျွန်တော့်ကို ခွင့်ပြုပါဦး”
စကားဖြတ်ပြီး ထွက်လာခဲ့ရသည်။ သည်ဆရာမတွေကြားထဲမှာ ကြာကြာမှ တောင့်ခံနိုင်ပါ့မလားဟု တွေးမိသည်။ ကိုယ်ကကော ခပ်ယိုင်ယိုင်များ ဖြစ်နေပြီလား။ သူတို့တွေကကော မိမိ၏အတွင်းစိတ်ကို မိမိထက်ပင် ပိုသိနေလို့များ ခုလို ပြောလိုက်တာလား။ သူကိုယ်တိုင်ကတော့ ခုထိ မပြတ်သား တွေဝေနေဆဲ။
* * *
ရှေ့မှာ လက်ပိုက် ရပ်နေသော ခင်မောင်ဦးကို တွေ့လိုက်ကတည်းက တစ်ခုခု တိုင်တော့မည်ဟု သိလိုက်၏။ ခင်မောင်ဦးသည် စကားလည်းများသည်။ အတိုင်အတောလည်း ထူသည်။ စပ်လည်း စပ်စုတတ်သည်။ တစ်ခါတစ်ခါ တော့လည်း သူ့ဆီက အတန်းသားတွေအကြောင်း သိရသဖြင့် အသုံးတည့်သည်။
“ကဲ ... ဘာလဲ ပြော”
သူက မေးလိုက်သည်။
“ကျွန်တော့်ခဲတံဘောလ်ပင်ကို ပြန်မပေးဘူးတဲ့ ဆရာကြီး”
“ဘယ်သူက ပြန်မပေးတာလဲ”
“ဂေါ်လစ်”
“ကဲ ... ဂေါ်လစ်ကို သွားခေါ်စမ်း”
ခင်မောင်ဦးက ဂေါ်လစ်ကို သွားခေါ်လေသည်။ ဂေါ်လစ်က ခပ်အေးအေးပင် လိုက်လာသည်။
“ဂေါ်လစ်၊ မင်း သူ့ ခဲတံဘောလ်ပင်ကို ပြန်မပေးဘူးဆို”
“သူက ခဲတံဘောလ်ပင်ကို ကျွန်တော့်ဆီမှာ သုံးကျပ်နဲ့ ပေါင်တယ်”
“ဘာ ... ပေါင်တယ် ဟုတ်လား”
“ကျွန်တော် သုံးကျပ် ပြန်ပေးတာကို ကျွန်တော့်ဟာ ပြန်မပေးဘူးတဲ့” ဟု ခင်မောင်ဦးက ဖြတ်ပြောသည်။
ဂေါ်လစ်က ခင်မောင်ဦးဘက် လှည့်၍ ... “သုံးကျပ်တည်း ပေးလို့ ရမလား၊ အတိုးတစ်ကျပ် ပေးမယ်လို့ မင်းပဲ ပြောခဲ့ပြီးတော့”
“ဟေ့ကောင်တွေ တိတ်စမ်း”
သူက ဟောက်လိုက်ပြီး ..... “ဒီမှာ နားထောင်၊ သူငယ်ချင်းချင်း ခင်လို့ မုန့်ဝယ်ကျွေးချင် ကျွေး၊ ပိုက်ဆံချေးချင် ချေး၊ ယူတဲ့လူကလည်း မှန်မှန်ကန်ကန် ပြန်ပေး၊ ပစ္စည်း ပေါင်တာတို့၊ အတိုးနဲ့ ချေးတာတို့ လုံးဝ မလုပ်ရဘူး၊ နောက်တစ်ခါ အဲဒါမျိုး ကြားရင် ရိုက်မယ်၊ မင်းတို့ ငယ်ငယ်လေး ရှိသေးတယ်၊ ဒါမျိုးတွေ မလုပ်ရဘူး၊ ကဲ ... မင်းက ပိုက်ဆံသုံးကျပ် ပြန်ပေး၊ မင်းက ခဲတံဘောလ်ပင် ပြန်ပေးလိုက်”
ဂေါ်လစ်က ခဲတံဘောလ်ပင်ကို မကျေမနပ်နှင့် ပြန်ပေးလိုက်သည်။ သူတို့အိမ်က လူကြီးတွေ ဟင်းချက်စရာ မရှိလို့၊ ဆန်ဝယ်ဖို့ ငွေလိုလို့၊ လုံချည်တို့ နာရီတို့ မီးပူတို့ ပေါင်ကြ နှံကြတာတွေ မြင်ပြီး အတုမြင် အတတ်သင် ကြခြင်းပင် ဖြစ်သည်။
ဂေါ်လစ်ကိုတော့ နည်းနည်း သတိထား စောင့်ကြည့်ရမည်။ သည်ကောင်က နည်းနည်း ရှုပ်ချင်သည်။ လည်လည်း လည်သည်။ ပြဿနာလေးတွေကလည်း သည်ကောင်နှင့် ပတ်သက်ပြီး နွယ်နွယ်နေတတ်သည်။ ပညာရည် တိုးတက်မှု မှတ်တမ်းကတ်ပြားကို အိမ်ကို မပြဘဲ သူ့ဘာသာ လက်မှတ်ထိုးလာတာမျိုး၊ ကျောင်းပြေးပြီး ခွင့်စာတောင်းတော့ ဟိုလိုလို သည်လိုလို လုပ်နေတာမျိုး၊ သူ့ထက်ငယ်သည့် ကလေးတွေဆီက နောက်သလို ပြောင်သလို လုပ်၍ မုန့်လုစားတာမျိုး၊ ကျောင်းမတက်ခင် လွယ်အိတ်တွေ ဘေးချပြီး ဆော့နေကြသည့် ကလေးတွေ ထမင်းဘူးထဲက ဟင်းခိုးစားတာမျိုး။
ဟိုတစ်ပတ်ကတော့ ကလေးတစ်ယောက်က လာတိုင်သည်။ ဂေါ်လစ်က သူ့ဆီက ခဲတံတစ်ချောင်း ငှါးသည်။ သူ့ ခဲတံအသစ်ကို ချွန်ကာစပဲ ရှိသေးသည်။ ဂေါ်လစ်က ရေးစရာ မရှိ၍ တစ်ရက်လောက် ငှါးပါ ဆိုသဖြင့် ငှါးလိုက်သည်။ ညနေ ပြန်ပေးတော့ ခဲတံက တော်တော်ကြီး တိုနေသည်။ ဂေါ်လစ်က “မင်းခဲတံကို စငှါးတုန်းက တိုင်းထားလို့လား” ဟု ခပ်တည်တည်နှင့် ပြန်မေးသေးသည်။ အမှန်တော့ ဂေါ်လစ် ခဲတံအသစ်ကို လက်နှစ်ဆစ်စာလောက် ဖြတ်ယူထားပြီး ကျန်တာကို ပြန်ချွန်ပေးလိုက်ခြင်း ဖြစ်၏။ နောက်တစ်နေ့မှာ ခဲတံတိုတိုလေးနှင့် ဂေါ်လစ် စာရေးနေတာ တွေ့မှ သဘောပေါက်ရခြင်း ဖြစ်သည်။
ဂေါ်လစ်၏မိဘများမှာ သိပ်ချို့ချို့တဲ့တဲ့ မဟုတ်နိုင်။ ကလေးကို လက်ပတ်နာရီတောင် ဆင်နိုင်တာ တွေ့ခဲ့ရသည်။ ခုနောက်ပိုင်းမှာတော့ ဂေါ်လစ် နာရီပတ်လာတာ မတွေ့တော့။ ပျက်သွားတာတို့ ဘာတို့ ဖြစ်နိုင်သည်။
ဂေါ်လစ်သည် ပင်ကိုစရိုက်ကပင် နည်းနည်း ပျက်ချင်ချင် ဖြစ်နေလို့လား၊ ရပ်ကွက်ထဲမှာပဲ အပေါင်းအသင်းမှားလေသလား၊ သတိထားပြီး စောင့်ကြည့်ရမည်။ အခြေအနေ ပိုပြီး ယိုယွင်းလာလျှင်တော့ နည်းလမ်းရှာပြီး ပြုပြင်ရပေလိမ့်မည်။
သည်အရွယ်ကလေးတွေကို ဆုံးမရာမှာ ဂရုစိုက်ရသည်။ တချို့ ကိစ္စတွေမှာ မသိမသာ သွယ်ဝိုက်၍ ဆုံးမရသည်။ တစ်ခါတလေကျတော့ သေသေချာချာ နားလည်အောင် ရှင်းပြရသည်။ တစ်ခါတစ်ရံကျတော့ ဘာမှ ရှင်းမပြဘဲ “ဒါ မလုပ်ရ” ဆိုပြီး ယတိပြတ် အမိန့်ပေးသလို လုပ်ရတာမျိုး ရှိသည်။ တစ်ခါတည်းနှင့် မှတ်သွားအောင် ခပ်စပ်စပ်ကလေး ရိုက်ပေးဖို့ လိုအပ်သောကိစ္စမျိုးလည်း ရှိသည်။ သူ့ အတိုင်းအတာအလျောက် သင့်လျော်သလို မဆုံးမတတ်လျှင် ကလေးကို အကောင်းဘက် ဆွဲခေါ်ရာ မရောက်ဘဲ အဆိုးကို ပိုစိတ်ဝင်စားသွားအောင် တွန်းပို့ရာ ရောက်တတ်သည်။
ဆက်ရန်
-----------------------------------
မင်းလူ
crd 👉 Open Read
Comments
Post a Comment