ပုံတူပန်းချီကား
#နေမျိုး
#ပုံတူပန်းချီကား
သစ်တောထဲမှာ သစ်စေ့တွေရှိတယ်
သစ်စေ့တွေထဲမှာ သစ်တောရှိတယ်
ရှဥ့်တစ်ကောင်
သစ်ပင်ပေါ်မှာ သစ်စေ့ကိုကိုက်ပြီး
လွှတ်ချလိုက်တယ်။
ပုလင်းထိပ်မှာ ဘူးဆို့ရှိတယ်
ဘူးဆို့တစ်ဖက်မှာ ပုလင်းရှိတယ်
လူငယ်လေးတစ်ယောက်
ပုလင်းဖုံးကို ကိုက်ဖွင့်ပြီး
အကုန်လုံး မော့သောက်ပစ်လိုက်တယ်။
စာတိုက်ပုံးထဲမှာ စာတစ်စောင်ရှိတယ်
စာတစ်စောင်ထဲမှာ မီးရထားတစ်စင်းခုတ်မောင်းနေတယ်
မြို့ကြီးဟာ မီးရထားတွဲပေါ်တက်ပြီး
အိပ်စက်ရင်း လိုက်ပါသွားတယ်။
အေးစက်တဲ့ နံရိုးထဲမှာ
ငိုနေတဲ့ မိန်းမတစ်ယောက်ရှိတယ်
သူပြုံးရယ်အောင် လုပ်နိုင်ဖို့
တစ်စုံတစ်ယောက်ဟာ စွမ်းနိုင်မယ်
ဒါပေမဲ့ သိဖို့ခက်လှတယ်။
Comments
Post a Comment