မုန်း၍မဟူ၊ အခန်း (၁၉)
မြစ်ကမ်းစပ်ရှိ အမှောင်ရိပ်များသည် ပါးစ ပြုလေပြီ။ မြစ်ရေပြင်မှာ မှုန်မှုန်မွှားမွှား ဝိုးတဝါး တွေ့ရ၏။ လေသည် အသားထဲ စူးအောင် အေးမြနေသည်။
ထားထားမှာ ဓာတ်မီးရောင်များဖြင့် လင်းထိန်နေသော သင်္ဘောဦးခန်းထဲ၌ မှန်ပြတင်းပေါက်တွင် မသဲမကွဲဖြင့် တရိပ်ရိပ် တွေ့ရသော ကမ်းကို စိုက်ငေးကြည့် နေ၏။ ဓနိပင်အုပ်အုပ် မှောင်မှောင် မည်းမည်းများကို စိုက်ကြည့်လျက် စိတ်မှာ အဝေးသို့ လွင့်ပါး နေလေသည်။
ဝေ့ထံမှ သွေးပါလာသည်ဟု စာရကတည်းက ထားထားမှာ တစ်နေ့မှ စိတ်လက် မချမ်းသာခဲ့။ ဝေ့ကို သနားနေသည်။ ဦးစောဟန် ဘယ်လောက်များ ကြောက်လိုက်မလဲ ဟုလည်း တွေးမိ၏။ သည်ရောဂါ ဖြစ်မှာစိုး၍ ဆေးတွေ ကြိုတင်သောက်၊ ကြိုတင်ထိုး နေရသည့် ကြားထဲက ဖြစ်မိအောင် လာဖြစ်ရခြင်းမှာ ဝေ့ကံကိုက ဆိုးပါတယ်ဟု အောက်မေ့မိသည်။
တစ်ပတ်တစ်ခါ ရောက်လာတတ်သော စာများကိုသာ မျှော်လျက် ရောဂါ အခြေအနေကို အဝေးက အကဲခတ် ကြည့် နေရသည်။ ရန်ကုန်သို့ လာ၍ ဆေးကုရန် မှာသော်လည်း စစ်ရိပ်စစ်ငွေ့များ သမ်းနေသဖြင့် ရန်ကုန်လွှတ်ရန် ဦးစောဟန်က စိတ်မချ ဖြစ်နေသည်။ ဆရာဝန်နှင့် နေ့စဉ် ဆေးထိုးနေကြောင်း သိရ၏။
ထားထားမှာ မကြာမီ ရခိုင်ပြည်နယ်သို့ ပြောင်းရွှေ့ရမည်။ ရခိုင်ပြည်နယ် ပြောင်းသွားလျှင် ဝေနှင့် ဝေးရမည်ကြောင့် မပြောင်းခင် ဝေ့ကို တွေ့ချင်လွန်း၍ ဖြုန်းခနဲ ထွက်လာခဲ့ရာ အကြောင်းပင် မကြားမိချေ။
မော်လမြိုင်ကျွန်း ရောက်လျှင် ဝေ့အိမ် သွားရ ကောင်းမလား၊ အစ်ကိုကြီးအိမ် တက်ရ ကောင်းမလား ဝေခွဲမရ။ တစ်ညသာလျှင် အိပ်နိုင်ပြီး ပြန်ရမည့်ခရီး ဖြစ်၍ ခဏလာတုန်း ဝေနှင့်သာ အတူ နေချင်တော့သည်။
ဝေ့အိမ် တည်းရမှာ အစ်ကိုကြီးအိမ်နှင့် တူမှာမဟုတ်။ ဦးစောဟန် ရှေ့တွင် ဧည့်သည် တစ်ယောက်လို တကျုံ့ကျုံ့နှင့် လွတ်လပ်မှာ မဟုတ်၍ မတည်းချင်လှ။ ဦးစောဟန် မဖိတ်ခေါ်ဘဲနှင့် သွားတည်းရန်လည်း ဝန်လေးနေသည်။
ဝေ၏ သွေးပါပုံ ပါနည်းများမှာ ပျောက်လိုက် ပေါ်လိုက်ဖြင့် ဖခင်နှင့် ဆင်လှ၍ စိတ်ပူ ရင်လေး နေမိသည်။ စာတိုင်းပင် သွေးပါသည့် အကြောင်းကို အကျယ်ချဲ့ မရေးချေ။ “ဒီနေ့ သွေးနည်းနည်း ပါတယ်၊ လူတော့ နေကောင်းပါတယ်” ဟု သည်မျှလောက်သာ ဖတ်ရလျက်၊ သည့်ပြင် အကြောင်းအရာတွေသာ အရှည်ကြီး ဖတ်ရလေသည်။ တောဘက်တွင် နေကြသော အဖျားအနား တော်စပ်သည့် ဆွေမျိုးများကိုပင် သတိတရ ထည့်ရေးတတ်ရာ၊ ထားထားမှာ စာဖတ်ပြီး မေ့နေသော ဆွေမျိုး အဖျားအနားတွေကို တွေးပြီး ကြည့်ရသည်။ အဖေ့ဘက်မှ၊ အမေ့ဘက်မှ ဆွေမျိုးစာရင်းကို ထားထား အကုန်မသိ၊ ဝေဝေသာ စုံစုံသိသည်။ ငယ်ကတည်းက ဆွေမျိုးဆိုလျှင် ချစ်တတ် ခင်တတ်သောစိတ် ရှိသည်။
သူ့အိမ်သို့ အဝင်ရ အထွက်ရ ခက်သဖြင့် ဘယ်ဆွေမျိုးမှ အဝင်အထွက် မလုပ်ရဲကြ၍ ဆွေမျိုးများကို သတိရဟန်၊ အောက်မေ့ဟန် တူရဲ့ဟု စာဖတ်ပြီး စိတ်မကောင်း ဖြစ်ရသေးသည်။ အိမ်ထဲတွင် ဘယ်မှ မသွားရဘဲ လူမမာကြီး အဖြစ်နှင့် ခြောက်ကပ်နေမည့် ဘဝကို အကဲခတ်မိလျက်၊ မိမိ လာသည့်အတွက် ဝေ ဘယ်လောက်များ ဝမ်းသာလိမ့်မလဲဟု တွေးကြည့်၍ ရင်ထဲ၌ လှိုက်ဖိုလာသည်။
ဘိုကလေးသို့ သင်္ဘော ဆိုက်ကပ်သည့် အခါ မိုးပင် မလင်းသေးချေ။ ထားထားမှာ မော်လမြိုင်ကျွန်း ရောက်ခါနီးပြီဟု ဝမ်းသာအားရ ဖြစ်နေပေသည်။
မြစ်ပြင်ကို ရစ်ဝိုက်ထားသည့် မှိုင်းမှုန်သော မြူတို့မှာ တစ်စစ ပျက်ပြယ်စ ပြုလေပြီ။ အဝေး၌သာ မြူရိပ်မင်းလွင်များကို တွေ့မြင်ရသည်။ ကောင်းကင်မှ ပတ်ကြားအက်ရာများတွင် ပတ္တမြားရည် ထွက်နေသည်။
မြစ်ရေမှာ ရဲခနဲ နီလာသည်။ ပတ္တမြားလုံးကြီးမှာ မြစ်လယ်တွင် တွဲလွဲချိတ် နေလေသည်။ တစ်ဖက်ကမ်းရှိ တောတန်းဝယ် ကျီးကန်းတစ်အုပ် ပျံသန်းလျက် နံနက်ဦး၌ ပျော်မြူး နေကြလေ၏။
ထားထားသည် အိပ်ရာလိပ်ကို ကြိုးချည်လျက် နေစဉ်၊ အသက် ၄၀ ကျော်ခန့် ရှိမည့် အသားညိုညို မိန်းမ ဝဝဖိုင့်ဖိုင့် တစ်ဦးသည် အခန်းတံခါးချက်ကို ဖွင့်လိုက်ကာ “ထားထားရေ ထပြီလား” ဟု ပြောပြောဆိုဆို ဝင်လာသည်။
“လာပါ ဒေါ်ဒေါ်တင် ... ကျွန်မတော့ ဝန်စည်စလယ်တွေတောင် သိမ်းနေပြီ”
ဒေါ်ဒေါ်တင်မှာ မော်လမြိုင်ကျွန်း ဈေးထဲမှာ အထည်သည် အပျိုကြီး ဖြစ်လျက် လူချစ်လူခင် ပေါများ၏။
ဆံပင်ကောင်းလှ၍ ဆင်စွယ်ဘီးနှင့် ပတ်ထားသော နောက်ပတ် ဘီးဆံပင် ပတ်ကြီးမှာ ခေါင်းနှင့်မဆံ့ ဘေးကားနေသည်။
မို့ဝိုင်းနေသော မျက်နှာ၌ မျက်နှာချေများ လူးထားကာ မျက်ခုံးမွှေး ထင်းထင်းနက်နက်ကြီး ဆွဲထားသည်။ မယ်ညို ပဒုမ္မာ ဒိုဘီကျတွင် တပ်ထားသော တစ်လုံးတည်း ဥဿဖရား ကြယ်စေ့မှာ လူနှင့်လိုက်အောင် ပြူးနေလေ၏။ လက်ထဲ၌ ကြံဆစ်လက်ကောက် နှစ်ရန်နှင့် လက်တစ်ဖက်တွင် ဆင်စွယ် စိပ်ပုတီးကို စွပ်ထားသည်။ အထက်ဆင်ပေါ်ပေါ် ဇင်းမယ်လုံချည် နီညို ဝတ်ကာ မော်လမြိုင် ရှေ့ထိုးဖိနပ်ကလေး စီးထားသည်။
လေလာလာ၌ ထိုင်လိုက်ရာ ဒေါ်ဒေါ်တင့် ကိုယ်မှ နံ့သာဖြူနံ့များမှာ တထောင်းထောင်း ထသွားလေသည်။
“ထားထားကို တွေ့ရင်တော့ ဝေဝေက ဝမ်းသာရှာမှာပဲ၊ အိမ်ထောင်ကျ သွားပြီး ကတည်းက ဒေါ်ဒေါ်ဖြင့် တစ်ခါမှ မတွေ့ရပါဘူး။ ဈေးထဲလည်း မလာဘူး။ တစ်ခါတစ်လေ သူတို့အိမ်ရှေ့ ရောက်ပေမယ့် အပေါက်က ဒရဝမ်ကြီး စောင့်နေတော့ ဝင်ရခက်သား၊ တချို့ပြောတော့ ဝင်ချင်ရင် ဘယ်သူဘယ်ဝါ စာရေးပေးရတယ် ဆိုလားပဲ”
ထားထားမှာ ပြုံးလျက် နားထောင်နေသည်။ မျက်မှောင်ကုတ်လျက် မေးထိုးပြော လိုက်သော မျက်နှာမှာ မနှစ်သက်သည့် ဟန်အမူအရာ ပေါ်နေ၏။
“သန်းသန်းတို့၊ ရင်ရင်တို့နဲ့ တစ်ခါတွေ့တယ် ပြောတယ်။ သူတို့ လမ်းလျှောက် သွားကြရင်း လမ်းမှာ တွေ့ကြတာ၊ ကြာကြာတောင် ရပ်စကား မပြောရဘူးတဲ့။ ကလေးပျက်ပြီးမှ သိပ်ပိန်တာပဲတဲ့။ သူ့ကြည့်ရတာ ပျော်ပျော်ရွှင်ရွှင်လည်း မဟုတ်ဘူးတဲ့။ ကျဉ်းကျပ်နေ ထင်ပါရဲ့ ထားထားရယ်”
“သူကြိုက်လို့သူ ယူတာပဲ ဒေါ်ဒေါ်” ဟု ထားထားက ညည်းပြောလိုက်သည်။
“ကြီးတော်သက်တော့ ဆိုင် ခဏခဏ လာပါတယ်။ ဝေဝေ့အကြောင်း ခဏခဏ ပြောတယ်။ ဝေဝေ့ဆီ ခဏခဏ မရောက်ဘူးတဲ့။ နေထိုင်မကောင်း ဖြစ်မှ ရောက်သတဲ့၊ အခုလည်း ဦးဖြစ်သလို ဖြစ်နေတာလား၊ စိတ်မကောင်းပါဘူး ထားထားရယ်”
ထားထားမှာ သူ့စိတ်ကူးနှင့်သူ စိုက်မိစိုက်ရာ ကြည့်နေလေသည်။ ဒေါ်ဒေါ်တင်သည် ဝေဝေ့အကြောင်းမှ ဆရာဝန် ကိုသက်နှံကို အာရုံပြောင်း သွား၍ ထားထားမှာ အတွေးကို ရပ်လျက် မျက်နှာလေး လန်းကြည်လာလေသည်။
“ကျေးဇူးတင်ပါတယ် ထားထားရယ်၊ ဆရာဝန် ကျေးဇူးတော့ ဒေါ်ဒေါ် ဘယ်တော့မှ မမေ့ပါဘူး။ ဒေါ်ဒေါ့်မှာ သူ့အသက်ပဲ ရှိတော့တာ။ သူ ဒီမြို့က ပြောင်းသွား ပြီးတဲ့နောက် သူ့ကို လူတိုင်းက တသသနဲ့ပါပဲ။ ထားထားက လင်ရ ကံကောင်းပါတယ်။ ဒီလိုလူမျိုးမှ စိတ်ချမ်းသာရတာ”
“ဒီလူမျိုးမို့ စိတ်ချမ်းသာတယ်တော့ မထင်နဲ့ ဒေါ်ဒေါ်၊ ကျွန်မလည်း ကျွန်မ စိတ်မချမ်းသာနဲ့ ကျွန်မ ရှိတာပဲ၊ သိပ်သဘောကောင်းတယ် မဟုတ်လား ဒေါ်ဒေါ်ရဲ့။ သူ့ကိုယ်သူ ဘယ်တော့မှ သတိမရဘူး။ သူများကိုပဲ သိပ်ငဲ့ညှာတာ လွန်လွန်းအား ကြီးတယ်၊ တစ်ခါတစ်လေ ကျွန်မ သူ့ကိုကြည့်ပြီး သိပ်စိတ်ဆင်းရဲရတာပဲ”
ဒေါ်ဒေါ်တင်မှာ ထားထား ပြောသမျှ နားစိုက်လျက် “ကောင်းပြန်တော့လည်း တစ်မျိုးပဲ” ဟု အောက်မေ့ကာ အိမ်ထောင်ရေး သဘောတရားကို တွေးနေစဉ် “အကောင်းဆုံးကတော့ ဒေါ်ဒေါ့်ဘဝပါပဲ” ဟု ထားထားက ပြောလိုက်သည်။
ဒေါ်ဒေါ်တင်သည် တဟဲဟဲ ရယ်နေလေသည်။
“ဒေါ်ဒေါ်ဘဝလည်း ကောင်းတာ မဟုတ်ဘူး ထားထားရဲ့။ သူများ အပျိုကြီးတွေ ကတော့ ပြောကြပါလိမ့်မယ်၊ လင်မရှိတာ အအေးဆုံး၊ အပူလည်း မရှိဘူး၊ သခင်လည်း မရှိဘူးလို့ ဒီလို ပြောကြတာပဲ။ ဒေါ်ဒေါ်က အမှန်ပြောချင်တာ၊ မိန်းမ လင်မရှိတာ ဘယ်တော့မှ မကောင်းဘူးမှတ်၊ လင်နဲ့မှ တင့်တယ်တာ။ ဒါဖြင့် ဘာဖြစ်လို့ ဒေါ်ဒေါ် ဒီလိုနေသလဲ မေးရင် အိမ်ထောင်ကျဖို့ အကြောင်းကိုက ပါမလာဘူး ထင်ပါရဲ့ ထားထားရယ်။ ငယ်ငယ်က ကိုယ်ကြိုက်ခဲ့တဲ့ လူလည်း ရှိတာပဲ။ အကြောင်းကြောင်းနဲ့ လွဲရတာပဲ။ ကိုယ်က ဆုတ်လိုက်တာ။ ဟော နောက်တစ်ယောက် တွေ့ပြန်ရော ...”
ထားထားမှာ အားရပါးရ ပြုံးလျက် စိတ်ဝင်စားစွာ နားထောင်နေ၏။ ဦးခန်းထဲတွင် အခြား ခရီးသည် မရှိ၊ နှစ်ဦးတည်း ရှိကြ၍ လွတ်လပ် ပွင့်လင်းစွာ ပြောနေသော အပျိုကြီးကို ခပ်ဆန်းဆန်း အကြည့်ဖြင့် မျက်တောင်ပင် မခတ်မိ ...။
“နောက်တစ်ယောက် ကျတော့လည်းလေ၊ မဟာဒုတ် မဲကျပြီး ပဉ္စင်းတက် လိုက်တာ တစ်ခါတည်း လူမထွက်တော့ပါဘူး၊ အခုထက်ထိ ရှိတယ်၊ ပခုက္ကူမှာ စာဝါ တက်နေတယ် ...”
ထားထားမှာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ ဒေါ်ဒေါ်တင်သည် ပြုံးမဲ့မဲ့ မျက်နှာဖြင့် ခေါင်းကို တဆတ်ဆတ် ညိတ်နေပြီးနောက်၊ “ရတာမလို၊ လိုတာမရ ဆိုတာ ဒေါ်ဒေါ်ပေါ့” ဟု ဆိုလိုက်ရာ ထားထား၏ ရယ်သံမှာ ထပ်မံ ကျယ်လောင်သွား လေ၏။
“နောက်တစ်ယောက် တွေ့ဦးမှာပေါ့ ဒေါ်ဒေါ်ရယ် ...” အပျိုကြီးတွေ အရွှတ်ပြောတတ်မှန်း သိ၍ ထားထားက စလိုက်သည်။ ဒေါ်ဒေါ်တင်မှာ သူ့အား ကလိထိုး လိုက်သလိုပင် ပြောင်ချော်ချော် မျက်နှာကြီးဖြင့် ကိုယ်ကြီးလှုပ်ကာ လှုပ်ကာ တဟီးဟီး ရယ်နေလေ၏။
“အရွယ်က လွန်ပါပြီ ထားထားရယ်၊ ငယ်ငယ်တုန်းကမှ မစွံတာ၊ အခုတော့ စွံစရာလည်း မရှိတော့ပါဘူး။ ကိုယ့်အတွက် ဘေးချိတ်ပြီး တူမလေးတွေ အတွက် နေရာချပေးဖို့ ကောင်းတဲ့လူ ရှာနေရတာပါပဲ။ သန်းသန်းတို့၊ ရင်ရင်တို့ အတွက် ရာထူးရာခံလေး ရှိပြီး ရိုးရိုးသားသားများ တွေ့ရင် ပြောပါ ထားထားရယ်၊ သူတို့တစ်တွေ အတွက် ရင်မအေးလို့ ရင်အေးချင်တယ်”
ထားထားသည် ရယ်နေရာမှ မျက်နှာပိုးသတ် လိုက်ကာ သူ့မျက်လုံးမှာ ဝေးရာသို့ ရောက်သွားလေသည်။ မိန်းမ ဘဝ၊ မိန်းမ ပြဿနာများကို လေးလေးနက်နက် တွေးတော ကြည့်သည်။ မိန်းမ ဘဝ၊ မိန်းမ ကိစ္စများမှာ ဘယ်ဘက်ကမှ ကောင်းကွက် တစ်ကွက်မှ ရှာမရဘဲ ရှိကာ စိတ်ထဲ အနှစ်သာရ ကင်းမဲ့သွားလျက် ဘဝကို မုန်းတီးသွားမိသည်။
“ဟော စက်တွေတောင် မြင်ရပြီ” ဟု ဒေါ်ဒေါ်တင်က သင်္ဘောဦးသို့ လှမ်းကြည့်ပြီး ပြောလိုက်ကာ ထလိုက်လေသည်။
မြို့တစ်ဖက်ကမ်းမှ သွပ်မိုးဂိုဒေါင်၊ စပါးစည်၊ ခေါင်းတိုင်နှင့် ဆန်စက်များကို မြင်ရလေသည်။ ထားထားသည် ထ၍ မှန်တံခါး၌ ရပ်လိုက်ရာ ပူနွေးသော နေရောင်သည် ထားထား၏ မျက်နှာကို လာရိုက်လေသည်။
မြစ်ပြင်ကြီးမှာ တဖိတ်ဖိတ် တောက်လျက်ရှိ၏။ သင်္ဘောဥဩသံကား နားကို အူသွားလေ၏။
သင်္ဘောဆိုက်ပြီး ကုန်းပေါ်ကို တက်ခဲ့မှ “အိမ်ပဲ သွားပါမယ်” ဟု စိတ်ပိုင်းဖြတ်လို့ ရလေ၏။ ထားထားသည် လံချားတစ်စီး ပေါ်တွင် သားရေသေတ္တာနှင့် အိပ်ရာလိပ် တင်လျက် အိမ်သို့ တန်းသွားလေသည်။ လံချားမှာ နှေးနေလေသည်။ အချို့ နေရာများ၌ ချိုင့်ထဲတွင် ဘီးကို ရုန်းနေရ၍ ကြာလိုက်တာ ဟု အောက်မေ့မိသည်။
လမ်းထဲသို့ ချိုးဝင်လျှင် ဝေးဝေးမှ အိမ်ကြီးကို လှမ်းမြင်ရ လေသည်။ အိမ်ကြီးနှင့် ယှဉ်လျက်အိမ်ကို လည်ဆန့်လျက် မျှော်ကြည့်လာသည်။ ဝေဝေတို့အိမ်ရှေ့ ရောက်ခါနီး လံချား ခဏရပ်ပြီး ဝင်လိုက်ချင်စိတ် ပေါက်သွားလေသည်။ အိမ်အပေါ်ထပ် ပြတင်းပေါက်များ ဖွင့်လှစ်ထားလျက် လိုက်ကာများ ချထားလေသည်။ အိမ်အောက်တွင် တံခါးရှေ့၌ ဒရဝမ်သာ တွေ့ရလျက် လူရိပ်လူယောင်ကို မမြင်ရချေ။
ထားထားသည် ရင်ထဲ၌ တဒိတ်ဒိတ် ခုန်လျက် ဝေဝေ့အိမ်ကို ကျော်ကာ အိမ်ကြီးရှေ့၌ လံချား ဆိုက်ခိုင်းသည်။ “ထားထားရေ” ဟု အော်ကာ လမ်းမသို့ ပြေးထွက်လာသော သန်းသန်းကို တွေ့ရ၍ ရင်ထဲ ဆို့သွားလေသည်။
“ကိုနေဦး တောသွားနေတယ်၊ ကြီးတော်တောင် လယ်ထဲ လိုက်သွားတယ်။ စာမပေး ဘာမပေး ထားထားရယ်၊ ဝေဝေတော့ ဘယ်လောက် ဝမ်းသာ လိုက်မလဲဟယ်”
ထားထားသည် အိမ်ထဲရောက်လျှင် မထိုင်ခင် “ဝေဝေ ဘယ်လိုနေလဲ သန်းသန်းရယ် ...” ဟု သိချင်ဇောဖြင့် မေးပြီးမှ ထိုင်သည်။
“သူ့ကြည့်ရတာ လန်းပါတယ်၊ အိပ်ရာထဲ လဲမနေပါဘူး။ တစ်ခါတစ်လေတော့ သွေးပါတာပဲ။ သန်းသန်းလည်း ဦးစောဟန် ရုံးသွားတဲ့အခိုက် မနက်ဘက် ရောက်ပါတယ်။ နေ့လယ်တော့ ဝေ အိပ်ချိန်မို့ ဘယ်သူမှ သွားလို့ မရဘူး။ မယ်အေးလာရင် မေးရတာပဲ ...”
“ကိုင်း သန်းသန်းရယ် ကူးလိုက်ဦးမယ်၊ ဦးစောဟန်တော့ အလုပ်သွားဦးမှာ မဟုတ်ဘူး ထင်တယ်။ ညမှပဲ သန်းသန်းနဲ့ အေးအေးဆေးဆေး စကားပြောရမှာပဲ၊ ကိုကိုတို့က ဘယ်တော့ ပြန်လာမှာလဲ ...”
ထားထားက ထိုင်ရာမှ ထလိုက်သည်။ ခြေလှမ်းမှာ သွားရန် ပြင်နေလေ၏။
“သွားတော့မလား ထားထားရဲ့။ ကိုနေဦးတို့တော့ သုံးလေးရက် ကြာလိမ့်မယ်။ ထားထားလာမှာ မသိလို့ သွားကြရတာ။ သိရင် မသွားဘူး။ ဒါနဲ့ ထားထား ရခိုင်ပြည်နယ်ဘက် ပြောင်းရမယ်ဆို ...”
ပြင်ထားသည့် ခြေလှမ်းကို မရုပ်ဘဲဖြင့်ပင် “ဟုတ်တယ်၊ ပြောင်းရခါနီးမို့ ဝေဝေ မမာနေတာ တွေ့ချင်တာနဲ့ လိုက်လာရတာ။ သွားဦးမယ် သန်းသန်းရယ် ... ပြီးမှ ပြီးမှ ပြောစရာတွေ ပြောကြစို့”
သန်းသန်းမှာ အိမ်ဝသို့ သုတ်သုတ် ထွက်သွားသော ထားထားကို ကြည့်လျက် မျက်နှာ မကောင်းစွာဖြင့် သက်ပြင်းချ လိုက်လေသည်။ သူတော့ စိတ်မကောင်း ဖြစ်မှာပဲဟု စိတ်ထဲ၌ ညည်းတွားနေသည်။
ထားထားသည် အိမ်ရှေ့ လိုက်ကာကြီးကို ဖယ်ကာ အတွင်းသို့ ဝင်ဝင်ချင်း “ဝေဝေရေ” ဟု အသံပေး လိုက်သည်။ ဧည့်ခန်းထဲတွင် မည်သူမျှ မရှိချေ။ ဝေဝေမှာ ဧည့်ခန်းနောက် ထမင်းစားခန်း ထဲတွင် ရှိလျက် “မမထား” ဟု စားပွဲက ထ၍ အော်လိုက်ကာ ဝမ်းသာအားရ ပြေးထွက်လာ လေ၏။
ဆွဲချလိုက်သလိုပင် ယခင်ကနှင့် ယခု ကိုယ်တစ်ခြမ်းစာမျှသာ ရှိမည့် ပိန်ချုံးလှသော ဝေ့ကိုယ်လေးကို မကြည့်ဝံ့ ကြည့်ဝံ့ဖြင့် ရင်ထဲ အသည်းထဲ တလျလျ တလှပ်လှပ် ဖြစ်ကာ အားအင် ဆုတ်လျော့ သွားလေသည်။
ဝေဝေ၏ နှုတ်ခမ်းမှာ လှိုက်လှိုက်လှဲလှဲ ပြုံးရယ်နေလျက် မျက်လုံးများမှာ ရင်ထဲ၌ မမျိုသိပ်နိုင်ရှာဘဲ လှုပ်ရှားနေသည့် ဝေဒနာကို ဖော်ထုတ်ကာ၊ မျက်ရည်ဝဲဝဲ မျက်တောင်စင်းစင်း ဖြစ်နေပေ၏။
ဝေသည် ပြေးလာပြီး လက်ကို လှမ်း၍ ဆုပ်လိုက်သည်။ ထားထားက ပြန်၍ ဆုပ်ရာတွင် လက်ချောင်း ကလေးတွေ၏ အရိုးကိုသာ ဆုပ်မိလျက် အသားကို ပွတ်သပ် ရှာစမ်းယူရသည်။ လက်မှာ အငွေ့မရှိ အေးနေ၏။
ဝေ၏ မျက်လုံး၌ ဖိတ်လက်သော အရောင်များ ပြည့်လျှမ်းနေကာ မျက်လုံးအိမ်မှာ မသိမသာ အတွင်းသို့ ချိုင့်ဝင် နေလေသည်။ မျက်နှာလေး တစ်ခုပဲ ပုံပန်း သိပ်မဆိုးဘဲ ကြည့်ရှု ကောင်းနေကာ၊ အားရှိပါးရှိ ပြုံးထား၍ ဝင်းပ နေလေသည်။
“မမထားရယ်၊ ဝမ်းသာလိုက်တာ။ လာမယ်ဆိုတာ စာရေးရောပေါ့။ ဝေ ညက အိပ်မက်တောင် မက်တယ်။ မမထားနဲ့ ဈေးထဲ ဈေးလျှောက်ဝယ် နေလိုက်ကြတာ၊ ဈေးက ရန်ကုန်ဈေးလိုလို ...”
“မောပါ့မယ်ဟာ၊ ဖြည်းဖြည်းပြောပါ” ဟု ထားထားက တားကာ၊ ဆိုဖာဆီသို့ လက်ကလေး ဆွဲခေါ်သွားလျက် အတူကပ်ထိုင် လိုက်ကြသည်။
ဝေ့အသံလေး ၌သာ မောသံလေး ရှိလျက် ဝေ့အသိ၌ မောသည်မထင်။ မောပန်းမှန်း မသိ ရင်ထဲ၌ လှိုက်ဖို လှုပ်ရှား နေခြင်းသာ သိလေ၏။
“အေးဟာ ရခိုင်ပြည်နယ် မသွားခင်၊ နင်နဲ့ တွေ့ချင်တာနဲ့ ဗြုန်းဗြုန်းဒိုင်းဒိုင်း ထလာတာ၊ အကြောင်းမကြား နိုင်တော့ဘူး၊ ဦးစောဟန်ကော”
ဝေသည် ထားထား၏ မျက်နှာကို ဝအောင် ကြည့်နေရင်းမှ အားအင်ပြည့်တင်း လာသကဲ့သို့ ဖြစ်လာကာ ရင်ထဲဝယ် ထိုအင်အားများမှာ ကျပ်သိပ်နေ၏။
“ကို အပေါ်မှာ အဝတ်လဲ နေတယ်၊ လာပါလိမ့်မယ်။ မယ်အေးလည်းလေ ဝဖြိုးလို့ အလျင်လို မဟုတ်ဘူး။ မမထား အသားတွေလည်း လတ်လာတယ်။ အစ်ကိုကြီးနဲ့ကော တွေ့ခဲ့သေးသလား၊ အကြီးလည်း နေမကောင်း ဖြစ်သေးတယ်၊ သန်းသန်းတော့ ကလေး ရှိနေပြီလေ”
ဝေသည် ကြက်တူရွေးကလေး စကားပြော သင်နေသလိုပင်။ တွတ်တွတ် တွတ်တွတ်နေအောင် မရပ်မနား စကားပြော၏။ “စကားပြောလို့ မြိန်လိုက်တာ”
ထားထားမှာ ဝေ စကားပြောနေသည့် အတွင်း ဆွယ်တာအင်္ကျီ လက်ရှည် နီညိုရောင် အပြင်ဘက်မှ ဖြူဖပ်ဖြူရော် ဖြစ်နေသော ဝေ့အသွေးအရောင်များကို သေသေချာချာ ကြည့်မိ၏။ လည်ပင်းမှာ သေး၍ လည်ချောင်းကလေး ရှည်နေလျက် စကားပြောလိုက်တိုင်း ပွပွလာလေသည်။
“အစ်ကိုကြီးနဲ့ ကြီးတော် မရှိဘူးဟ။ လယ်ထဲ သွားကြတယ်တဲ့၊ တစ်ရက် နှစ်ရက် ကြာမယ် ပြောတယ်။ သန်းသန်းပဲ တွေ့ခဲ့တယ်။ ငါလည်း ပစ္စည်းတွေ ချပြီး စကားတောင် မပြောနိုင်ပါဘူး ပြေးလာတာ၊ နင်ကော အခု ဘယ်လို နေသလဲ။ နေလို့ ကောင်းရဲ့လားဟယ်”
ဝေသည် အံ့ဩသွားသည့် မျက်နှာကလေး ချက်ချင်းပြောင်း သွားကာ “ဟင် အစ်ကိုကြီးတို့ မရှိကြဘူးလား၊ သွားတာ သိတောင် မသိဘူး” ဟု ပြောကာ ခဏငေးနေလျက် ပြီးမှ သတိရသလို ပြုံးလိုက်ပြီး “နေလို့ ကောင်းပါတယ်၊ သွေးမပါတာ တစ်လလောက်တောင် ရှိပြီ” ဟု ပြောလေသည်။
အိမ်ပေါ်မှ ဖိနပ်သံ ပေါ်လာ၍ နှစ်ယောက်စလုံး ပြိုင်တူ လှေကားဆီသို့ လှမ်းကြည့် လိုက်ကြသည်။
“ဟေး- ထားထားပါလား” ဟု ဦးစောဟန်က ဝမ်းသာ ရွှင်လန်းသည့် အမူအရာဖြင့် ပြောရင်း ခပ်သွက်သွက် လှမ်းလာလေသည်။
“ဝေနဲ့ စကားပြောနေတဲ့ အသံ ဘယ်သူပါလိမ့်လို့ အောက်မေ့တယ် ထားထားကိုး၊ ဘယ့်နှယ် နေကောင်းရဲ့လား၊ သံတွဲ ပြောင်းမယ်ဆို”
ဦးစောဟန်သည် ထားထားတို့ ရှေ့တွင် ရပ်လျက် ပြုံးပြုံး ပြုံးပြုံးနှင့် ပြောပြီးလျှင် ထားထားအား စူးစူးစမ်းစမ်း ကြည့်ရှုသည်။ ထားထားသည် ဦးစောဟန်၏ သွယ်ကျနေသော မျက်နှာကို ကြည့်လျက် စိတ်လက် မချမ်းသာမှန်း အကဲခတ်မိ လေသည်။
“ရှေ့လမှာ ပြောင်းရပါလိမ့်မယ်၊ မပြောင်းခင် ဝေနဲ့ တွေ့ချင်တာနဲ့ တစ်ညအိပ် လိုက်လာတာပါ၊ ထားထားက နက်ဖြန်ည ပြန်မယ်”
“အိုး- မြန်လှချည့်လား ထားထားရယ်၊ ရောက်တဲ့အခါ နေဦးမှပေါ့၊ သခင်နေဦးနဲ့ကော တွေ့ပြီးပြီလား”
ဦးစောဟန်မှာ ပြုံးရယ် နေလေသည်။ ထားထားက ပြုံးလျက် “သခင်နေဦး မရှိဘူး၊ တောက လယ်ထဲ သွားနေတယ်။ သန်းသန်းပဲ ရှိတယ်” ဟု ပြောလိုက်သည်။
“ဝေ နို့သောက် ပြီးပြီလား၊ ကဲ ... ထားထားလည်း လက်ဖက်ရည် သောက်ရအောင်” ဟု ဦးစောဟန်က ဆိုကာ ထရန် လက်ပြ နေလေသည်။ ဝေက “ဝေ ပြီးပြီ” ဟု ပြောကာ ထ၍ ထားထားလက်ကို ဆွဲခေါ်ခဲ့သည်။ ဝေ၏ ချိုမြနေသော မျက်နှာကလေးမှာ သိသာရွှင်လန်း လွန်း၍ ဦးစောဟန်မှာ ထားထား ရောက်လာခြင်း အတွက် နှစ်သက် သဘောကျ နေသည်။ စားစရာများ ခင်းပြင်ထားသော စားပွဲကြီးပေါ်တွင် ဝေ သောက်စားထားသော ပန်းကန်တို့မှာ စားလက်စ သောက်လက်စပင် တွေ့ရ၍ “ဝေ မပြီးသေးပါလား ဟင်” ဟု ဦးစောဟန်က ပြောသည်။
“နို့ သောက်ပြီးပြီ ကိုရဲ့၊ မုန့်လည်း စားပြီးပြီ၊ ကော်ဖီသာ အကုန် မသောက်ရသေးတာ” ပြောပြောဆိုဆို ဝေသည် သူ၏ သောက်လက်စ ပန်းကန်လုံးကို ယူကိုင်လျက် “ကဲ ...မမထား ထိုင်” ဟု ဆိုလေသည်။
ထားထားသည် ဦးစောဟန်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ကာ၊ မောင်မြက ထားထားအတွက် လက်ဖက်ရည် ပန်းကန်စုံ လာချပေးသည်။
ထားထား၏ မျက်လုံးထဲ၌ ထူးခြားသော အချင်းအရာ တစ်ခုကို တွေ့မိလျက်သား ဖြစ်နေသည်။ ထားထားသည် မျက်နှာ မပျက်စေရန် သတိထား လိုက်ကာ ဝေ့ကို “ထိုင်လေ” ဟု ပြောလိုက်သည်။
ဝေသည် သူ့လက်ထဲက ပန်းကန်ကို မော့သောက်ချ လိုက်ပြီး မောင်မြအား ကမ်းပေးလိုက်ကာ ထားထား ဘေးနားတွင် ကုလားထိုင်ဆွဲ ထိုင်သည်။
ဦးစောဟန်မှာ ဝေ့ရှေ့တွင် ဝေ့ကျန်းမာရေး အခြေအနေကို မပြောချင်၊ မဝေဖန်ချင် သကဲ့သို့ အခြားစကားများ ဟိုရောက် သည်ရောက်နှင့် လှည့်ကာပတ်ကာ ပြောဆိုစားသောက် နေပြီးနောက်၊ ပြီးလျှင် နေရာမှ ထကာ “ကဲ ... ထားထား၊ အလုပ် သွားဦးမယ်။ စကားပြော နေကြဦးနော်၊ မနက်စာ ဒီမှာစားပါ၊ ဝေက ၁၂ နာရီ စားပြီးရင် တစ်ရေးအိပ်ရလို့ ၁၂ နာရီ စားကြမယ်နော်” ဟု ဆိုလျက် အပြင်သို့ ထွက်သွားသည်။
ဝေသည် နေရာမှ ထလိုက်သွားကာ ဦးစောဟန်ကို အိမ်ဝအထိ လိုက်ပို့လေသည်။ ထားထားမှာ အပြင်ဘက်မှ အလုပ်တိုက် မသွားခင် ဆေးသောက်ရန်၊ အညောင်း မထိုင်ရန် မှာကြားပြောဆို နေသံကို နားစွင့်နေစဉ်၊ မယ်အေးသည် ထားထားနားသို့ ရောက်လာကာ “အစ်မ အလည်လာတာလား” ဟု လာမေးသည်။
“အေး-အေး ခဏလာတာ၊ နင်က ဝလို့၊ ဝေကတော့ ပိန်လိုက်တာဟယ် ...”
“ပိန်ဆို အစ်မရယ်၊ မမ စားချင်တာမှ မစားရဘဲ၊ ငတ်နေတော့ ပိန်တာပေါ့”
မယ်အေးမှာ သူထင်ရာသူ ပြောနေ၏။ ဝေ ကြားသွားမှာ စိုးရိမ်ဟန်ဖြင့် နောက်သို့ လှည့်ကြည့်ပြီးမှ တိုးတိုးလှမ်း ပြောသည်။
ဝေသည် အတွင်းသို့ ပြန်ရောက်လာသည်။ မယ်အေးမှာ မျက်နှာပိုးသတ် လိုက်ကာ ထားထားအား ပြုံးကြည့် နေလေသည်။
“မယ်အေးတို့တော့ ဝပါ့အေ” ဟု ထားထားက ဆိုလိုက်ရာ ဝေသည် မယ်အေးအား တစ်ချက် ပြုံးကြည့်လျက် “ကဲ ... မမထား လာ၊ အပေါ်မှာ အခန်းထဲသွားပြီး အေးအေးဆေးဆေး စကားပြော ကြရအောင်၊ တော်တော်ကြာမှ ရေချိုးတာပေါ့နော်” ဟု ဆိုကာ ထားထားကို အပေါ်ထပ်သို့ ခေါ်တင်လာသည်။
ထားထားမှာ ဝေ လက်ထပ်ပြီးမှ သည်အိမ်ပေါ်သို့ ပထမဆုံး တက်ခဲ့ခြင်းဖြစ်ရာ၊ ဟိုဒီ ကြည့်လျက် ဝေ့နောက်မှ လိုက်လာသည်။
အပြင်ခန်း၌ ရှင်းနေကာ ဘုရားစင်သာလျှင် ရှိသည်။ ကော်ဇောကြီး တစ်ချပ်မှာ အပြင်ခန်း၌ ခင်းထားလျက် ပက်လက် ကုလားထိုင် တစ်လုံးသာ တွေ့ရသည်။ အပြင် တစ်ဆောင်လုံးရှိ ကြမ်းခင်းမှာ ပြောင်လက်သန့်ရှင်း နေ၏။
အတွင်းတွင် အိပ်ခန်းနှစ်ခန်း ရှိသည်။ ဝေသည် ခြေရင်းခန်းက လိုက်ကာကို ဖယ်လျက် “လာ မမ” ဟု လှည့်ခေါ်လိုက်သည်။
ထားထားမှာ အခန်းဝတွင် ရပ်ကာ အထဲသို့ မဝင်ဘဲ မျက်နှာပျက် သွားလေ၏။ ဝေသည် အခန်းတွင်းသို့ ဝင်သွားသည်။
“နင်က ဒီမှာ အိပ်သလား”
အခန်းထဲ၌ တစ်ယောက်အိပ် ခုတင်တစ်လုံးနှင့် စားပွဲတစ်လုံး၊ မှန်တင်ခုံနှင့် သေတ္တာများ တွေ့ရသည်။ ထားထားသည် ကျောနောက်ရှိ ခေါင်းရင်းခန်းမှ လိုက်ကာကို သွားဖယ်လိုက်ကာ အတွင်းသို့ ခေါင်းဝင်ကြည့် လိုက်ရာ၊ အခန်းထဲတွင် ဝေ လက်ထပ်တုန်းက ဝယ်သည့် နှစ်ယောက်အိပ် ခုတင်ကြီးနှင့် မှန်တင်ခုံတစ်ခု၊ အဝတ်ဗီရို စသည့် အိမ်ထောင် ပစ္စည်းများ ခန်းလုံးပြည့် သပ်ရပ် ခမ်းနားစွာ တွေ့မြင်ရသည်။
ထားထားသည် ခန်းဆီးကို လွှတ်လိုက်ကာ စိတ်မချမ်းမြေ့သော မျက်နှာကို မဖော်ပြဘဲ ခြေရင်းခန်းထဲ ဝင်လာခဲ့သည်။ ခုတင်ပေါ်၌ ဝေ ထိုင်နေလေသည်။ ဝေ၏ မျက်နှာလေးမှာ အေးချမ်း ငြိမ်သက်လျက် သိမ်မွေ့နေ၏။ ဖြူစင် နူးညံ့ နေလေသည်။
“ဝေ နေမကောင်းတော့ ဝေ ဒီဘက်ခန်းမှာ လာအိပ်တယ်၊ ဒီအခန်းက ဧည့်သည် ပါလာရင် သိပ်ဖို့ အခန်း၊ ဝေ ဒီဘက် ပြောင်းပြီး မယ်အေးနဲ့ အိပ်ကြတယ်”
ထားထားသည် ဝေ့ကို မကြည့်ဘဲ မျက်နှာကို လွှဲထားကာ ခုတင်နားမှ ပက်လက် ကုလားထိုင်၌ လှဲထိုင်လိုက်သည်။ နံနက်က လက်ဖက်ရည် စားပွဲတွင် ဝေ စားသောက်သော ပန်းကန်များမှာ ဦးစောဟန်နှင့် မိမိတို့ သောက်သော ရွှေရေးပန်းနား ပန်းကန်ပုံစံမျိုး မဟုတ်ဘဲ၊ ဆေးရုံများတွင် သုံးလေ့သုံးထ ရှိသော ခပ်ထူထူ ဗြောင်အဖြူ ပန်းကန်လုံး၊ ပန်းကန်ပြားများ ဖြစ်၍ စိတ်ထဲ တစ်မျိုးတစ်မည်ကြီး ဖြစ်သွားခဲ့သည်။ ယခုလည်း ဝေ့ဟာဝေ တစ်ခန်းခွဲ နေခြင်းကို မြင်ရပြန်ရာ စိတ်ထိခိုက် လာလေ၏။ ထားထားသည် မမေးဘဲ မနေနိုင်တော့၍ မေးကြည့်သည်။
“ပန်းကန်တွေ ဘာတွေ ခွဲစား နေတာလားဟယ်”
ဝေသည် ပြုံးလိုက်လေသည်။ ထားထားကို အပြုံးဖြင့်ပင် စိုက်ကြည့်လျက် ခေါင်းညိတ်ပြ လိုက်သည်။ ထို့နောက် မျက်နှာလေးမှာ နဂိုပကတိ နူးညံ့စွာ အေးစက်စက်ဖြင့်ပင် ...
“ဝေ စားတဲ့ ပန်းကန်တွေ စားပြီးရင် ရေနွေးနဲ့ ပြုတ်တော့ တမင်ပဲ ပန်းကန် ထူထူကြီးတွေ သုံးရတယ်။ ပန်းကန်က ပါးတော့ ကွဲသွားမှာ စိုးလို့”
ထားထားမှာ စိတ်ကို အတော်ထိန်းလျက် မတုန်မလှုပ် နားထောင် နေရသည်။ ဝေက အနည်းငယ်မျှ အမူအရာ မပျက်သဖြင့် ကိုယ်က အမူအရာ ပျက်လို့လည်း မဖြစ်။ မပျက်သော အမူအရာ ဆည်ထားရာက ချော်လဲရောထိုင်ပင် လိုက်ပြောရတော့သည်။
“ကောင်းတယ်၊ ပိုးမွှား သေတာပေါ့ဟာ။ ဒါမှ သန့်ရှင်းတယ်”
ထားထား၏ ရင်မှာ နာလာသည်။ ရောဂါ မကူးစက်အောင် ကာကွယ်ခြင်း မှန်ကန်သော်လည်း တစ်အိမ်တည်း ခွဲခြားနေရသော ဝေ့အဖြစ်၊ ဝေ့ဘဝကို အသည်းနာ သွားမိသည့် ထားထားမှာ ပြုံးလိုက်ကာ ဟန်အမူအရာ ကောင်းကောင်းဖြင့် “ဆရာဝန်က ပြုတ်ခိုင်းတာလား” ဟု ခပ်ပေါ့ပေါ့ပင် ဆက်ပြောသည်။
“မဟုတ်ပါဘူး၊ ဝေ့ဟာဝေ လုပ်တာ၊ ကိုကတောင် မလုပ်ဖို့ ပြောသေးတယ်၊ ဒါပေမယ့် ဝေ့စိတ်ထဲမှာ လုပ်ချင်တာနဲ့ လုပ်လိုက်တာပဲ၊ ဒီလိုလုပ်တာ ကောင်းတယ် မဟုတ်လား”
သူကပင် ပြန်မေးနေ၍ ထားထားမှာ လိုက်လိုက်လျောလျောဖြင့် “ကောင်းတာပေါ့” ဟု ထပ်ပြောရသည်။
“ခွဲအိပ်တာလည်းလေ ဝေပဲ ခွဲအိပ်တာပဲ၊ ကိုယ့်ရောဂါကြီးနဲ့ ဘယ်သူနဲ့မှ မအိပ်ချင်ပါဘူး၊ အားနာပါတယ်။ ရောဂါ မပျောက်ခင် ကိုယ့်ဟာကိုယ် တစ်ယောက်တည်း အိပ်ဖို့ ကောင်းတာနဲ့ ဒီအခန်းထဲ လာအိပ်တာ”
ဝေသည် ပြောပြီး လုံးလုံးလျားလျားပင် ချိုမြိန်စွာ ပြုံးပြလေသည်။ ထားထားမှာ တစ်ဆို့ဆို့ကြီး ဖြစ်သွား၏။ ဝေ့အပြုံး နောက်တွင် အသည်း နာတာလည်း မရှိ၊ စိတ်မကောင်း ဖြစ်တာလည်း မရှိ။ စိတ်နှလုံး ကောင်းသည့် သူကလေး တစ်ယောက်၏ အပြုံးဆိုမှ အပြုံးသက်သက်ပင် ...။
ထားထားမှာ ကြိုးစားပြီး ပြုံးနားထောင် နေသည်။ စိတ်ထဲ၌မူ ဝေ့ကို အကဲခတ် ဝေဖန်လျက်ပင်။ စစ်ကိုင်းက ပြန်သွားမှ ယခုတွေ့ရသော ဝေ၏ အထူးမြတ်ဆုံး ဖြစ်နေသည့် ငြိမ်သက်ခြင်းကို လေ့လာကြည့်သည်။ ခန္ဓာကိုယ်က ဘဝကို အရှုံးချည်း ပေးရလွန်း၍ ဝေ့နှလုံးသားမှာ ခိုင်မာလာပြီး သည်လောက် ချုပ်တည်းနိုင်စိတ် ရှိတာပဲဟု ကျိတ်ချီးကျူးမိသည်။
ရောဂါကြောင့် ပူပန် ထိတ်လန့်ပုံလည်း မတွေ့ရ၊ မျက်နှာတစ်ပတ်မှ မညှိုးခြင်းကို အံ့ဩမိသည်။
“ဆရာဝန်က ရောဂါ အခြေအနေ ဘယ်လို ထင်မြင်သတဲ့လဲ၊ နင့်စိတ်ထဲမှာကော ဆရာဝန်နဲ့ ကုနေရတာ သက်သာတယ်လို့ ယူဆရဲ့လား၊ ရန်ကုန်လာပြီး ဓာတ်မှန်ရိုက်ရင် ကောင်းမှာပဲဟာ၊ မောင်ကတောင် ဆေးရုံကြီးတက်ဖို့ အကြံပေးပါနဲ့ တဖွဖွ မှာလိုက်တယ်၊ တက်မလား”
ဝေသည် စဉ်စားနေသည်။ စဉ်းစားနေပုံမှာ လေးလေးနက်နက် မဟုတ်လှ။ ဖျတ်ခနဲ စဉ်းစားသည့် အမူအရာသာလျှင် ရှိကာ ခပ်သွက်သွက် ပြန်ပြောသည်။
“ဆရာဝန်က ရန်ကုန်လည်း ဒီရောဂါ ဒီဆေးမျိုးပဲ ကုတာပဲ၊ မထူးပါဘူးတဲ့။ ဒီမှာ သူရှိတော့ အချိန်မရွေး၊ နေ့ညမပြတ် လာကြည့်နိုင်တယ်၊ ဂရုစိုက် ကုပေးနိုင်တယ်လို့ ပြောတယ်။ အခု သွေးမပါတော့ သက်သာတယ်လို့ ယူဆရမှာပေါ့။ ဆေးရုံတော့ မတက်ချင်ပါဘူး။ ဒီမှာပဲ ကုမယ်လေ”
“ဆရာဝန်တော့ နင်တို့အိမ် လာရလွန်းလို့ မြောင်းပေါက်မှာပဲ” ဟု ထားထားက ပြောပြီး ရယ်သည်။
“မြောင်းပေါက် နေတာကတော့ မပြောနဲ့တော့ မမထားရယ်၊ ကိုနဲ့ လက်ထပ်ပြီးမှ ဆရာဝန်နဲ့ ဝေနဲ့ဟာ မတွေ့ဘူးဆိုရင် တစ်ပတ်လောက်ပဲ ခြားမယ်၊ ခုများတော့ နေ့တိုင်းပဲ။ ထိုးလိုက်ရတဲ့ ဆေး၊ ဝေ့တစ်ကိုယ်လုံးဟာ အပ်ရာချင်းကို ထပ်နေတာပဲ။ ဝေဖြင့် အပ်ဆိုရင် အဝတ်ချုပ်တဲ့ အပ်တောင် မကိုင်ချင်တော့ဘူး”
ဝေသည် ပြောပြီး ရယ်လိုက်သည်။ ထားထားမှာတော့ ဝေ့အား သနားသွားသော မျက်လုံးဖြင့် မျက်တောင်ကလေး စင်းကြည့်နေ၏။ ဝေက ရယ်ပြီး တစ်ဖန် ဣန္ဒြေလေး ဆည်လိုက်ကာ “ဖေဖေပြောတာ သွားအမှတ်ရတယ် မမထားရယ်” ဟု ပြောပြီး ဖြတ်ထား၏။
ထားထားက “ဘာပြောတာလဲ” ဟု ထောက်ပေးလိုက်သည်။
“ဒီရောဂါဟာ သူဌေးနာတဲ့၊ ပိုက်ဆံကို တင်းနဲ့ခြင် ကုမှလို့ ပြောသွားဖူးတယ်။ ပိုက်ဆံတော့ သိပ်ကုန်တာပဲ မမထားရယ်”
“ဪ ... ကုန်တာပေါ့ဟ၊ ကုန်မှလည်း ပျောက်မှာ။ အမောအပန်းကော ဘယ်လို နေသလဲ၊ မောသလား”
“မောချင်လည်း မောတာပဲ၊ မမောချင်လည်း မမောဘူး၊ မမှန်ပါဘူး။ ဝေတော့ တစ်နေ့တစ်နေ့ ဘယ်လို ဖြစ်သလဲ ဆိုတာ မှတ်မထားဘူး။ ဖြစ်လည်း ဖြစ်တဲ့ အတိုင်းပဲ၊ မဖြစ်လည်း မဖြစ်တဲ့ အတိုင်းပဲ”
“နင်ကသာ မမောပါဘူး ဆိုတယ်။ နင့်အသံကလေးက မောသံလေးလိုပဲ။ လာပါဟာ၊ နင်က ပက်လက် ကုလားထိုင် ပေါ်မှာ ထိုင်ပါ၊ ငါက ခုတင်ပေါ်မှာ ထိုင်ပါ့မယ်”
“ဒီကုလားထိုင် ပေါ်မှာ မထိုင်ချင်ပါဘူး မမထားရယ်၊ လူမမာနဲ့ သိပ်တူတာပဲ၊ ထိုင်ပါ ... မမထား ထိုင်ပါ ...”
ထားထားသည် ဝေ့မျက်နှာကို စိုက်ကြည့်ကာ မျက်မှောင်ကြုတ်လျက် “ဘယ့်နှယ်ဟာ သက်သက်သာသာ ဖြစ်အောင် ထိုင်တာပဲ၊ လူမမာနဲ့ တူရဦးမလား” ဟု ပြောလိုက်၏။
ဝေသည် အသံထွက်အောင် ရယ်လိုက်လေသည်။ ထို့နောက် စကားပြောရန် လုပ်ပြီးမှ ထပ်၍ ရယ်နေပြန်သည်။ ထားထားမှာ မျက်မှောင် ကုတ်ကုတ်ဖြင့် ဝေ့အား မျက်တောင်မခတ် ကြည့်နေသည်။
“ပက်လက် ကုလားထိုင်ပေါ်များ ဝေ ထိုင်နေမှဖြင့်ရင် သူရော မယ်အေးရောပဲ၊ မောသလား၊ နေမကောင်းဘူးလားနဲ့ လာမေးကြပါပြီ။ ဒီပြင် ကုလားထိုင်မှာ ထိုင်နေရင် မမေးဘူး။ ဒီကုလားထိုင် ဆိုရင် မေးတတ်လို့ ဒီကုလားထိုင်ပေါ် လှဲနေတဲ့ ဝေဟာ လူမမာကြီးနဲ့များ တူနေသလားလို့”
ထားထားမှာ သက်ပြင်းချလျက် ပန်းလျသွားလေကာ မပြောချင် ပြောချင်ဖြင့် ပြောရသည်။
“လူမမာနဲ့တူကော ဘာဖြစ်ရမတုန်းဟ၊ သက်သက်သာသာ နေမှပေါ့”
ဝေသည် တစ်ခွန်းမှ မတုံ့ပြန်ဘဲ ထားထားအား ကြည့်နေ၏။ ဝေ့မျက်နှာမှာ တစ်ခုခု ပြောလိုမှန်း ပေါ်လျက် အပြောရခက် နေဟန်ပင်။ ဝေသည် ဘာမှ မပြောတော့ဘဲ ခုတင်ပေါ်မှ ထလိုက်ကာ “ကဲ- မမထား၊ လန်းသွားအောင် ရေဆင်းချိုး လိုက်ပါဦး” ဟု ပြောပြီး မယ်အေး တက်လာရန် လှမ်းခေါ်လိုက်သည်။
ထားထားမှာ မယ်အေးနှင့်အတူ အောက်သို့ ဆင်းလျက် ရေချိုးသည်။ ရေချိုးခဲ့ပြီး မယ်အေးအား တစ်ဖက်အိမ်၌ သေတ္တာထဲတွင် အင်္ကျီ လုံချည် ယူခိုင်းလိုက်ပြီး အပေါ် ပြန်တက်ခဲ့ရာ၊ အခန်းထဲ၌ ဝေ့ကို သနပ်ခါး သွေးနေတာ တွေ့၍ “မသွေးပါနဲ့ဟာ၊ နေပါစေ” ဟု လှမ်းပြောလိုက်သည်။
“မမထား မျက်နှာလေး လူးဖို့ ဝေ သွေးပေးတာပါ၊ ကိုယ်လူးဖို့တော့ ရှိသားပဲ”
အားနည်း ပိန်ချုံးပြီး နေမကောင်း ဖြစ်နေလျက် ထားထား မျက်နှာလူးရန် မယ်အေးကို မခိုင်းဘဲ၊ သူ့ဆီလာခိုက် သူကိုယ်တိုင် သနပ်ခါးသွေး ပေးရမှသာ ကျေနပ်လေ၏။ ထားထားမှာ သည်လို ရောဂါမျိုးမှာ အပင်ပန်းခံဖို့ မသင့်၊ အိပ်ရာပေါ်သာ လှဲနေထိုက်သဖြင့် လှုပ်လှုပ်ရှားရှား သွားလာ နေသည်ကို မကြိုက်ချေ။ ထားထား ဖြီးလိမ်းပြီး ဝေမှာ အောက်သို့ ရေဆင်းချိုးသည်။ ထားထားသည် ဝေမျက်နှာလူးရန် သနပ်ခါးကို သူက ပြန်သွေးထား လိုက်သည်။
ဝေသည် “မမထားကလည်း ဘာလုပ် သွေးရသလဲ” ဟု နှုတ်ခမ်း စူရောင်ရောင်ဖြင့် ချစ်စဖွယ် ပြောကာ၊ သနပ်ခါး ယူလူးရင်း စကား တတွတ်တွတ် ပြောနေသည်။
အကြောင်းအရာများမှာ စုံနေလေသည်။ မိခင်၏ ဘဝကို ဒုက္ခ ကင်းငြိမ်းကြောင်း၊ မိခင်ကျင့်သော တရားသာလျှင် သုခ အစစ်အမှန် ဖြစ်ကြောင်း သတိတရား ရရှိမိပုံအတိုင်း ပြောနေလေ၏။ မြို့ထဲရပ်ထဲက အသိမိတ်ဆွေများ သတင်းကို သန်းသန်းထံမှ သိသမျှ ကြားသမျှ တစ်ဆင့် ဖောက်သည်ချသည်။ ထားထားမှာ ဝေ၏ နံရိုးပြိုင်းပြိုင်း ထနေသော ခန္ဓာကိုယ်လေးကို စိတ်မသက်မသာဖြင့် မျက်နှာလွှဲကာ မကြည့်မိအောင် ရှောင်တိမ်း နေရသည်။ ဝေသည် ထားထားအတွက် စိတ်ပူနေသည်။ ရခိုင်ပြည်နယ် သွားလျှင် အစားအသောက် ဆင်းရဲမှာကို တွေးတော ပူပန်ကာ ငါးပိငါးခြောက် သယ်သွားရန် တဖွဖွ မှာနေသည်။
“လူမမာလည်း စကားပြော လိုက်တာဟယ်၊ နားပါဦးတော့” ဟု ငေါက်လိုက်ရသည်။ ဝေ့မှာ စကားပြောလို့ မဝနိုင်။ ကိုက စကားများများ မပြောရန် တားမြစ်ထား၍ ကို့နောက်ကွယ်တွင် အတိုးချပြီး ပြောနေလေ၏။
ထားထားမှာ ဦးစောဟန် ပြန်လာပြီး နံနက်စာ စားကြပြီးမှ သည်ဘက်အိမ်သို့ ပြန်ကူးလာခဲ့သည်။ ညနေဘက် တစ်ဖန် ကူးသွားပြန်ကာ ညစာစားပြီးမှ ပြန်ကူးလာခဲ့သည်။
ဝေ စားပုံ သောက်ပုံများ ကိုလည်း မျက်စိထဲ မြင်နေလေသည်။ ဝေ နေပုံ ထိုင်ပုံများကို မျက်စိထဲ မြင်နေလေသည်။ စားပွဲခုံ အစွန်းတွင် သူ့ပန်းကန်၊ သူ့ဇွန်းနှင့် သူ့အစားအစာက သတ်သတ်၊ ဆေးသောက်ခြင်းလည်း ခဏခဏ၊ ဒါတွေကို ဝေက မမှု။ ဦးစောဟန်၏ ဇယားအတိုင်း နံနက်တစ်မျိုး ညနေတစ်မျိုး ဝတ်စား ဖြီးလိမ်းခြင်း မပျက်၊ ညည်းညူခြင်း မရှိဘဲ စိတ်လက်ရှည်ရှည် ကြံ့ကြံ့ခံနိုင်နေသည်။
ဦးစောဟန်၏ ယုယ ဂရုစိုက်ခြင်းမှာ ကမ်းကုန် နေသဖြင့် ထားထားမှာ ဘေးကနေ စိတ်အိုက်အိုက်ဖြင့် ပင့်သက်ချမိသည်။
“သက်ဆိုးရှည်မှာ မဟုတ်ဘူး သန်းသန်းရယ်” ဟုဆိုကာ မျက်ရည်များ စီးကျလာလျက် ထိုနေ့ည တစ်ညလုံး မအိပ်နိုင်တော့ချေ။ ဝေ့အတွက် အားမရသဖြင့် တွေးလိုက်တိုင်း ရင်ထဲတွင် ကျပ်သိပ်ပြီး အသက်ရှူရ ကျပ်လာလေသည်။
နောက်တစ်နေ့ ဝေ့မှာ မလန်းလှဘဲ ချောင်းဆိုးနေရာ ဦးစောဟန်က “ဝေ မနေ့က စကား သိပ်ပြောတယ် ထင်တယ်၊ ဝေ့ရောဂါက စကား သိပ်ပြောဖို့ မကောင်းဘူး ထားထားရဲ့၊ ချောင်းဆိုးလာတယ်” ဟု ပြောပြီးမှ အလုပ် ထွက်သွားလေသည်။
ထားထားသည် ဝေ့ကို စကား မပြောရန် တားရသည်။ ဝေ စိတ်ပြေလက်ပျောက် ဖြစ်စေရန် ဟိုအကြောင်းပြော၊ သည်အကြောင်းပြောနှင့် အချိန်ကုန်စေလျက်၊ ဝေဒနာအတွက် အားမငယ်ရန်လည်း သွယ်ဝိုက်ကာ အားပေးစကား ပြောနေသည်။ ဝေ့ကို ခုတင်ပေါ်တွင် လှဲခိုင်းကာ သူလည်း ဘေးက ကပ်လှဲလျက် အိပ်ပြီး စကားပြောကြသည်။
ညနေဘက် သင်္ဘောဆိပ်သို့ မဆင်းခင် ဝေ့မျက်နှာလေးမှာ မသိမသာ ညှိုးနေလျက်၊ ဦးစောဟန်နှင့် ထားထားတို့ စကားကောင်း နေကြခိုက် ဘေး၌ထိုင်ကာ တစ်ချက်တစ်ချက် ငိုင်နေလေ၏။
“ဟေး ချာတိတ် ... ဆေးသောက် ပြီးပြီလား” ဟု ဦးစောဟန်က လှမ်းပြောလိုက်လျှင် ချက်ချင်းပြုံးကာ ခေါင်းကိုညိတ်ပြ လေသည်။ ထားထားသည် မမှောင်ခင် ထပြန် လာခဲ့သည်။ ဝေနှင့် မျက်နှာချင်းဆိုင်ကာ “ငါ သွားမယ်နော်” ဟု နှုတ်ဆက်လိုက်ရာ၊ ဝေသည် ပြုံးလိုက်ကာ ခေါင်းညိတ်ပြီး ထားထား၏ မျက်နှာကို ဝဝကြီး စိုက်ကြည့် နေလေ၏။
“ဆင်းလိုက် တက်လိုက် လှုပ်လှုပ်ရှားရှား မနေနဲ့၊ အိပ်ရာထဲမှာ ငြိမ်ငြိမ်လေး လှဲပြီး အနားယူနေပါ”
ဝေ့မှာ ထားထား မှာကြား နေခြင်းကို ခေါင်းညိတ်ဖော်လေးပင် မရဘဲ ထားထား၏ မျက်နှာကို ပြုံးယောင်ယောင် မျက်နှာလေးဖြင့် ဝဝကြီးသာ စိုက်ကြည့် နေမိလေ၏။
------------------------------------------
ဂျာနယ်ကျော်မမလေး
crd 👉 http://openread.atspace.cc/works/05062020_nv.html
Comments
Post a Comment