ငှက်ကလေး(အပိုင်း-၂)
#ငှက်ကလေး
အပိုင်း (၂)
ကျောင်းတက်ရသည်ကို ကိုယ် မပျော်ချေ။ ဒါဆိုလျှင် အိမ်မှာပဲ နေတော့ကော ပျော်မှာလားဆိုလျှင် အိမ်မှာလည်း မပျော်ပါ။ ဘာလို့ဆို ကျောင်းမတက်ဘဲ အိမ်မှာနေလျှင်လည်း ကိုယ်တစ်ယောက်တည်းပဲ နေရမည်။ ဖေဖေနှင့် မေမေတို့က နေ့ခင်းဆို အိမ်မှာမှ မရှိဘဲ။
တီချာမေကတော့ ကိုယ့်ကို ချစ်ပါသည်။ တီချာမေသည် ကိုယ်တို့ ခြောက်တန်းအေက အတန်းပိုင်ဆရာမ ဖြစ်သည်။ မြန်မာစာသင်သည်။ စာအသင်အပြလည်း အလွန်ကောင်းသည်။ သဘောလည်း ကောင်းသည်။ ပြီးတော့ မြန်မာစာသင်ရသည်ကို ကိုယ်ပျော်ပါသည်။ သို့သော်လည်း တီချာမေသည် အတန်းပိုင်ဖြစ်သောကြောင့် ပထမဦးဆုံးတစ်ချိန် သင်ပြီးလျှင် တစ်နေ့လုံး ပြန်ရောက်မလာတော့ပါ။ ပြောစရာအကြောင်းထူးရှိမှပင် ခဏ ပြန်လာတတ်လေသည်။ တခြားဆရာ၊ ဆရာမများသည် အတန်းပိုင် မဟုတ်သောကြောင့် အတန်းထဲက လူများအကြောင်းကို မသိချေ။
သင်္ချာဆရာသည် ကိုယ့်အကြောင်းကို မသိဆုံးဟု ထင်၏။ သင်္ချာကို ကိုယ် စိတ်မဝင်စားပါ။ သင်္ချာတစ်ရော၊ သင်္ချာနှစ်ရော တကယ်တော့ ကိုယ်သည် သင်္ချာညံ့သူ မဟုတ်ပါ။ ကိုယ်က ဉာဏ်ကောင်းသည်ဟု တီချာမေက ပြောဖူးပါသည်။ သင်္ချာတစ်ပုဒ်ကို တစ်ခါတွက်ပြလျှင် ကိုယ် နားလည်ပါပြီ။ ဆရာကမူ နောက်ထပ် သုံးခါလောက် ထပ်၍ တွက်ပြတတ်ပြန်သည်။ ကိုယ် နားလည်ပြီးသား ဖြစ်သောကြောင့် နောက်ထပ် ရှင်းပြသောအခါများတွင် ဆရာကို ကြည့်မနေတော့ပါ။ ကိုယ့်ဘာသာ မြန်မာဖတ်စာအုပ် ထုတ်၍ ဖတ်ချင်ဖတ်သည်။ ဒါမှမဟုတ် အတန်းပြင်သို့ ငေးကြည့်ချင် ကြည့်နေလိုက်သည်။ ဒါကို ဆရာက မကျေနပ်ချေ။ သူပြနေတာကို မကြည့်ရကောင်းလား ဆိုပြီး ကိုယ့်ကို ခဏခဏဆူသည်။ ဆရာသည် ထိုအကြောင်းများကြောင့် ကိုယ့်ကို မုန်းနေသလား မသိပါ။ ကိုယ့်ကိုဆိုလျှင် အမြဲလိုလို အပြစ်ရှာနေတတ်သည်ဟု ထင်၏။
သင်္ချာကို ကိုယ် စိတ်မဝင်စားဘဲ ဖြစ်လာရသည့်အကြောင်းကို ပြောပြချင်သည်။ အရင်ကဆိုလျှင် သင်္ချာတွက်ရသည်ကို ကိုယ် တကယ်ပျော်ပါသည်။ ကျောင်းမှ အိမ်သို့ပြန်ရောက်ပြီဆိုလျှင် လွယ်အိတ်ကို စားပွဲပေါ် ပစ်တင်ပြီး ရေမြန်မြန်ချိုးသည်။ ထမင်းမြန်မြန်စားသည်။ ပြီးသည်နှင့် သင်္ချာတွက်လေတော့သည်။ အိမ်တွက်တွေ အကုန်ပြီးပြီဆိုမှ ကိုယ် ကစားသည်။ ငါးတန်းမှ ခြောက်တန်းတက်ပြီး နှစ်စလောက်တွင် ကိုယ် အရမ်းဖျားလေသည်။ တစ်လနီးပါးလောက် ကျောင်းမတက်နိုင်ဘဲ ဖြစ်ရသည်။ ကျောင်းပြန်တက်နိုင်သောအခါ တခြားဘာသာတွေကို ပြန်မီအောင် လိုက်နိုင်သော်လည်း သင်္ချာတွင် မလိုက်နိုင်တော့ပါ။ သင်္ချာဆိုတာ အမြဲတွက်နေနိုင်မှ တိုးတက်မှုရှိတယ်ဟု ဆရာက ပြောဖူးသည်။ ကိုယ်သည် ကျောင်းပျက်ခဲ့သော ရက်တွေတုန်းက သင်ခန်းစာတွေကို နားမလည်တော့။ ခုကျောင်းပြန်တက်မှသင်သော ပုစ္ဆာတွေ ဆိုလျှင် ပို၍နားမလည်ဘဲ ဖြစ်ရသည်။ ရှေ့ကဟာတွေကို တတ်ထားမှ ခုဟာတွေကို တွက်လို့ရမည် ထင်သည်။
အတန်းထဲက သူငယ်ချင်းတွေကို မေးကြည့်ဖို့ကလည်း မလွယ်ချေ။ ကိုယ်တို့အတန်းသည် စာအတော်ဆုံးလူတွေ စုထားသော အေတန်း ဖြစ်သည်။ အတန်းထဲကကောင်တွေသည် တစ်ယောက်နှင့်တစ်ယောက် စာအတော်ချင်း အမြဲပြိုင်နေကြသူများ ဖြစ်သည်။ တစ်ယောက်ယောက်က သာသွားလျှင် အမြဲမနာလိုဖြစ်နေတတ်ကြလေသည်။ သူတို့ကို ကျော်တက်၍ အဆင့်တစ်နေရာကို ခဏခဏ ရတတ်သော ကိုယ့်ကို သူတို့ ရှင်းမပြချင်ကြချေ။ တင်အောင်ခိုင် တစ်ယောက်သာ ကိုယ့်ကို ကူညီဖော်ရလေသည်။ သူကလည်း စာသာတော်သည်။ ရှင်းမပြတတ်ချေ။ သူ့ဘာသာသူ တတ်သော်လည်း ကိုယ်နားလည်အောင် ပြောမပြတတ်။ “ငါသိတော့ သိတယ်ကွ၊ မင်းသိအောင် ဘယ်လိုပြောပြရမှန်းတော့ မသိဘူး” ဟု ခေါင်းကုတ်ရင်း ပြောလေ၏။
သင်္ချာဆရာကိုကား ကိုယ် လုံးဝမမေးရဲချေ။ ဆရာသည် ကိုယ့်ကို ကြည့်လို့မရသူဖြစ်သည်။ ကိုယ့်ကို ပြမပေးဘဲ ဟောက်လိမ့်မည်ဟု ထင်သည်။ တင်အောင်ခိုင်ကတော့ ပြောသည်။ ဆရာဆိုတာ ဘယ်ကျောင်းသားကိုမှ မမုန်းဘူး။ တပည့်တွေအားလုံးကို ချစ်တာပဲလို့ တီချာမေပြောဖူးတယ် မဟုတ်လားတဲ့။ တီချာမေကတော့ ဟုတ်ချင်ဟုတ်မည်။ သင်္ချာဆရာကတော့ ဟုတ်ချင်မှ ဟုတ်မည်ဟု ကိုယ့်စိတ်ထဲ စွဲနေပါသည်။ ပြီးတော့ ကိုယ်သည် သင်္ချာဆရာနှင့် မျက်နှာချင်းဆိုင်စကားပြောရမည်ကိုပင် လန့်နေလေသည်။ ထို့ကြောင့် ကျောင်းပြန်တက်ပြီး တစ်ပတ်၊ နှစ်ပတ်လောက်အကြာတွင် ကိုယ့်အခြေအနေသည် ပိုဆိုးလာ၏။
အိမ်မှ မေမေ့ကို ပြခိုင်းမည်ဟု စိတ်ကူးကြည့်သည်။ မေမေသည် ရုံးက ပြန်လာသောအခါ “မောလိုက်တာကွယ်”ဟု ညည်းတတ်သည်ကို ကိုယ် ကြားဖူးသည်။ ထို့ကြောင့် မေမေ့ကို သနားသဖြင့် မမေးဖြစ်ခဲ့။ နောက်ဆုံး မသိတာတွေ များလာတော့မှ တနင်္ဂနွေနေ့တစ်နေ့တွင် မေးရလေတော့သည်။ မေမေသည် ငယ်ငယ်တုန်းက စာတွေ မေ့ကုန်သောကြောင့် သင်္ချာတစ်ပုဒ် တစ်ပုဒ်ကို တော်တော်ကြာအောင် ရှင်းပြရသည်။ မေမေ ရှင်းပြပုံကလည်း တင်အောင်ခိုင်နှင့် သိပ်မထူးလှပါ။ ဖေဖေ့ကိုမူ မေးဖို့အချိန်ပင် မရ။ ပြီးတော့ မေးလည်း မမေးရဲ။ အန်တီလူးကိုတော့ စိတ်ကူးထဲပင် မထည့်မိ။ ခုနေခါ ဦးလေးဦးမောင်မောင်ကြီးလာလျှင် ကောင်းမည်။ သူကလည်း ခုရက်ပိုင်း ကိုယ်တို့မြို့ကို ရောက်မလာခဲ့ချေ။
မေမေက စာရှင်းပြရင်းက ပြောပါသည်။
“သား.. စာတွေ မလိုက်နိုင်ဘူးလား၊ ဒီလိုဆို ကျူရှင်ယူမှ ထင်တယ်”
ကိုယ် လန့်သွား၏။ ကျူရှင်ကို လုံးဝ မတက်ချင်ပါ။ ကိုယ့်မှာ မနက်ရှစ်နာရီမှ ညနေသုံးနာရီထိလည်း ကျောင်းတက်ရသေးသည်။ သည်ကြားထဲက ကျူရှင်ကို ထပ်တက်ရဦးမည် ဆိုလျှင်တော့ ကိုယ့်မှာ အချိန်ဆိုလို့ ဘာများ ကျန်တော့မှာပါလဲ။ အရေးကြီးဆုံးကတော့ မေမေ့နားမှာ နေရမည့်အချိန်နှင့် တနင်္ဂနွေမနက်ပိုင်း ဖေဖေနှင့် စကားပြောခွင့်ရမည့်အချိန်တို့ မရနိုင်တော့မှာကို စိုးရိမ်ခြင်းဖြစ်သည်။ ထို့ကြောင့် ...
“အို... ကိုယ် စာလိုက်နိုင်ပါတယ်၊ ခုဟာက ဒီနေ့ သင်တာကလေးပဲ”
"သားက ဆရာ စာသင်တာ ကြည့်မနေလို့လား”
"ဟုတ်ပါဘူး၊ ဒီနေ့ သင်္ချာအချိန်မှာ ကိုယ်က ဟိုဥစ္စာ ဗိုက်နာလို့ ဟုတ်တယ်၊ အဲဒါ အိမ်သာသွားတာနဲ့ လွတ်သွားလို့”
နောက်တစ်နေ့ကစပြီး မေမေ့ကို မမေးတော့။ တီချာမေတစ်ယောက်ပဲ ကျန်တော့သည်။ တီချာမေကို မေးလို့ လုံးဝမဖြစ်နိုင်ပါ။ မေးလျှင် သင်္ချာဆရာကို ဘာလို့မမေးလဲလို့ မေးလျှင် ကိုယ် ဘယ်လိုဖြေရမည်မသိ။ ဗုဒ္ဓဟူးနေ့တွင် သင်္ချာနှစ်ချိန်ဆက် ရှိသည်။ ဆရာက ပုစ္ဆာတွေကို အတန်းထဲမှာပင် တွက်ပြီး ချက်ချင်းလာပြစေသည်။ ခါတိုင်းနေ့တွေက အိမ်စာတွက်ခိုင်းသော ပုစ္ဆာများကို တင်အောင်ခိုင်စာအုပ်ထဲက ကူးရေးပြီး စာအုပ်ထပ်ခဲ့သောကြောင့် ဆရာမသိ။ သည်နေ့ကျတော့လည်း အဲဒီလို လုပ်လို့မရတော့။ ဆရာက ပုံနှိပ်စာအုပ်ထဲမှ ပုစ္ဆာငါးပုဒ်ကို ရွေးပြီး တွက်ခိုင်းသည်။ ကိုယ်တို့အတန်းမှာ ကိုယ့်စားပွဲနှင့်ကိုယ် ကိုယ့်ကုလားထိုင်နှင့်ကိုယ် တစ်ယောက်စီ ထိုင်ရခြင်း ဖြစ်သည်။ တင်အောင်ခိုင်ဆီက စာအုပ်ကို လှမ်းယူ၍ ကူးဖို့ မလွယ်ချေ။ သူပင် တွက်လို့မပြီးသေး။ ကိုယ်တို့တွက်နေကြတုန်းတွင် ဆရာသည် ခုံတွေကြားထဲ လျှောက်သွားပြီး လိုက်ကြည့်နေသည်။
ကိုယ်သည် သိပ်နားမလည်သော်လည်း ကြိုးစားပြီး တွက်ကြည့်သည်။ တွက်လို့မရ။ အက္ခရာသင်္ချာဖြစ်နေသောကြောင့် ပိုဆိုးသည်။ ကိုယ် မသိမသာ လှည့်ကြည့်သောအခါ ဆရာသည် ကိုယ်တို့ဘက်သို့ ကွေ့ဝင်လာသည်ကို မြင်ရ၏။ ကိုယ့်ရင်သည် တဒိတ်ဒိတ်ခုန်လာသည်။ ဆရာ့ခြေသံသည် တရှပ်ရှပ်မြည်နေရာမှ ရပ်သွားသည်။ ကိုယ် လှည့်မကြည့်ရဲသော်လည်း ဆရာသည် ကိုယ့်နားမှာ လာရပ်နေကြောင်း သိလိုက်သည်။ ဆရာ့လက်သည် ကိုယ့်စာအုပ်ပေါ်သို့ တင်လိုက်သောအခါ ကိုယ် ဆတ်ခနဲ တုန်သွားသည်။ ဆရာ့လက်ထဲတွင် ဘောလ်ပင်တစ်ချောင်း၊ ကိုယ်တွက်ထားသော သင်္ချာပုစ္ဆာပေါ်တွင် မင်အနီဖြင့် ကြက်ခြေခတ်ကြီး ခြစ်လိုက်သည်။ စာရွက်တစ်ခုလုံး အပြည့်လောက်နီးပါး ခြစ်ချပစ်လိုက်ခြင်း ဖြစ်သည်။
"ထစမ်း"
ကိုယ် မတ်တတ်ရပ်သည်။ ဆရာ့ကို မကြည့်ရဲ။
“သိပ်ဟုတ်တဲ့ကောင်ပဲကွ၊ ဟေ့... အားလုံးကြားဖူးကြရဲ့လားကွ၊ သုံးကကြီးထဲက နှစ်ကကြီးနုတ်တာ တစ်ကကြီး ကျန်တယ်တဲ့"
ရယ်သံများ ခပ်တိုးတိုး ထွက်လာသည်။ ကိုယ် ဆရာ့ကို ဖျတ်ခနဲ မော့ကြည့်မိသည်။ ဆရာမျက်လုံးများသည် ဒေါသဖြစ်နေကြသည်။
“တစ်ကကြီးဆိုတာ ရှိလို့လားကွ ဟင်၊ ပြီးတော့ မင်း တွက်ထားတာ အမှားတွေချည်းပဲ၊ ငါပြနေတုန်းက မင်း ဘယ်လျှောက်ငေးနေသလဲ”
ဆရာအသံသည် ပို၍ကျယ်လာသည်။
“ပြောစမ်း”
ကိုယ် ဘာမျှ ပြန်မဖြေမိ။
"ပြောလေကွာ"
ဆရာသည် ကိုယ့်ပါးပြင်ပေါ်တွင်လည်း ဘောလ်ပင်နှင့် ကြက်ခြေခတ်တစ်ခု ခြစ်ပစ်လိုက်သည် ထင်သည်။ ပြီးတော့ ရအောင်တွက်ဟု ပြောပြီး ထွက်သွားသည်။ ကိုယ့်ပါးကို လက်ဖြင့် စမ်းသည်။ ပြန်ကြည့်သောအခါ လက်ချောင်းကလေးများတွင် မင်နီတွေ စွန်းပေလာသည်။ စိတ်ကို တင်းထားသော်လည်း ကိုယ် မျက်ရည်ဝဲလာလေသည်။
ကိုယ့်မှာ အားငယ်တတ်သောစိတ်လည်း ရှိသည် ထင်၏။ တခြားသူတွေနှင့် ယှဉ်လိုက်လျှင် ကိုယ်က အလျှော့ပေးလိုက်ရတတ်သည်။ ကိုယ်က သူတို့ထက် အသက်လည်းငယ်သည် မဟုတ်လား။ သူတို့က ကိုယ့်ကို အနိုင်ကျင့်ချင်တတ်ကြသည်။ ကိုယ့်အပေါ် ကောင်းတတ်သော တင်အောင်ခိုင်ကျတော့လည်း မုန့်စားလွှတ်ပြီဆိုလျှင် သူ့အစ်ကိုက အိမ်မှာ ထမင်းပြန်စားဖို့ စက်ဘီးနှင့် လာခေါ်သွားတတ်သည်။ ထို့ကြောင့်ပင် ကိုယ်သည် တစ်ယောက်တည်းနေချင်တတ်သောအကျင့်ကို စွဲလာခဲ့သလား မသိ။ တစ်ခါတလေတော့ သူတို့နှင့် ဝင်ကစားကြည့်သည်။ ဒီအခါကျပြန်တော့လည်း ဘယ်သူမှ မလုပ်ချင်၊ မနေချင်သောနေရာမှာ ကိုယ့်ကို ထားတတ်ကြသည်။ စစ်တိုက်တမ်း ကစားကြသောအခါ “မင်းက ကင်းစောင့်" ဆိုပြီး ကိုယ့်ကို တစ်နေရာမှာ တစ်ယောက်တည်း ထားပစ်ခဲ့တတ်သည်။ ကိုယ့်မှာ တုတ်ချောင်းတစ်ချောင်းကို ထမ်း၍ ဟိုလျှောက် သည်လျှောက်လုပ်ရင်း နေခဲ့ရလေသည်။
ပြီးတော့လည်း တစ်ခါတုန်းက ဘောလုံးကန်ကြသည်ကိုပင် ကြည့်၊ မုန့်စားလွှတ်ချိန်တွင် ဖြစ်သည်။ ကိုယ်သည် ထမင်းစားပြီးကာစ ဖြစ်သော်လည်း ကစားချင်နေသောကြောင့် ဗိုက်အောင့်မှာတို့ ဘာတို့ စဉ်းစားမနေတော့။ ကျောင်းရှေ့ကွက်လပ်ကြီးတွင်ဖြစ်သည်။ အားလုံး ၁၂ ယောက်ရှိသောကြောင့် တစ်ဖက် ၆ ယောက်စီ ခွဲကန်ကြသည်။ သူတို့က ကိုယ့်ကို ဂိုးဖမ်းခိုင်းသည်။ သူတို့သည် ကိုယ့်အပေါ် ညှာညှာတာတာ မကစားကြ။ နှစ်ယောက်ချင်းဆိုင်တွေ့ကြပြီ ဆိုလျှင်လည်း အသာကလေး ဘေးကို ထိုးကန်လိုက်ရုံဖြင့် ဂိုးဝင်မှန်းသိပါလျက် တအားကြုံး၍ ကန်သည်။ အနီးကပ်၍ကန်သောကြောင့် တစ်ခါတလေ ဘောလုံးကို ဖမ်းဖို့ပင် အချိန်မရလိုက်။ ဘောလုံးသည် ကိုယ့်ခေါင်း၊ ရင်ဘတ်တို့ကို အရှိန်နှင့် ထိမှန်တတ်သည်။
တခါကျတော့ ကိုယ်တို့ဘက်မှ နောက်တန်း ကစားသော ဖရက်ဒီက ကိုယ့်ဆီသို့ ဘောလုံးကို ပြန်လှိမ့်ကန်ပေးသည်။ ဘက်ပတ်စ်ပေးခြင်း ဖြစ်သည်။ ကိုယ်က ဘောလုံးကို ထွက်ကောက်သည်။ ဟိုဘက်က အုန်းသီးဆိုသောကောင် ပြေးဝင်လာ၏။ ကိုယ်က အရင်ဦးနေသည်။ အမှန်မှာ ဘောလုံးစည်းကမ်းအရ ဂိုးသမားက ဘောလုံးကို ကောက်ယူလိုက်လျှင် ဝင်မကန်ရတော့။ သို့သော်လည်း ဘောလုံးကို ကောက်ယူလိုက်စဉ်မှာပင် အုန်းသီးသည် ကိုယ့်လက်ထဲက ဘောလုံးကို တအားဝင်ကန်သည်။ ဘောလုံးသည် ကိုယ့်လက်ထဲက လွတ်၍ ဂိုးဝင်သွားသည်။ လက်အဆစ်က ဖြောင်းခနဲ မြည်သွားသလားဟု အောက်မေ့ရသည်။ တစစ်စစ်နာလာ၏။
“ဂိုး"ဆိုသော အသံ။ “ဘယ်ရမလဲ၊ ဂိုးသမားလက်ထဲက လုကန်တာ၊ ဖောင်းဘော” “မရဘူး” ဆိုသောအသံတွေကိုတော့ ကြားနေရသည်။ ညဘက်လက်အဆစ်ကို ဘယ်ဘက်လက်ဖြင့် ဆုပ်ကိုင်ရင်း ဆွဲဆန့်ထားရသည်။ ကြိတ်မှိတ်ခံ
သော်လည်း မရ။ ပို၍ပို၍ နာလာသည်။ မျက်ရည်ဝိုင်းလာသည်။ သူတို့ကတော့ ကိုယ့်ကို ဂရုမစိုက်။
မုန့်စားလွှတ်ပြီး၍ ကျောင်းပြန်တက်သောအချိန်သည် သမိုင်းချိန် ဖြစ်သည်။ သမိုင်းဆရာမ မလာသောကြောင့် အချိန်အားရနေသော ကိုယ်တို့တီချာမေ ဝင်လာသည်။ တီချာမေသည် စာစီစာကုံးတစ်ပုဒ်ကို ပေးထားပြီး ကျောင်းခေါ်ချိန် စာရင်းများ လုပ်နေသည်။ ကိုယ့်လက်ဆစ်သည် ယောင်ကိုင်းလာ၏။ ကိုယ်သည် ပိန်သောကြောင့် လက်အဆစ်တွင် အရိုးဖုကလေး ပေါ်နေတတ်သည်။ ခုအခါ ထိုအဖုကလေးကိုပင် မမြင်ရတော့ပါ။ သိပ်နာလာသောကြောင့် လက်ကိုင်ပဝါဖြင့် တင်းနေအောင် စည်းထားလိုက်သည်။ စာစီစာကုံးကို မရေးနိုင်တော့။
တီချာမေသည် စာရင်းတွေ လုပ်နေရာမှ မျက်လုံးကို ဝေ့ရင်း အတန်းကို ကြည့်သည်။ ကိုယ်မှလွဲ၍ တစ်တန်းလုံး စာစီစာကုံးကို ငုံ့၍ ရေးနေကြသည်။ တချို့လည်း စဉ်းစားသလို ခေါင်းကုတ်နေကြသည်။ တီချာမေသည် ကိုယ့်ကို ဂရုစိုက် ကြည့်လာပြန်သည်။ မျက်နှာပျက်နေသော ကိုယ့်ကို တီချာမေ ရိပ်မိသွားသည်။ ခါတိုင်း စာစီစာကုံးရေးရန် တစ်ခုခုပေးပြီဆိုလျှင် ခုချိန်လောက်ဆို ကိုယ် ခေါင်းမဖော်ဘဲ တကုန်းကုန်း ရေးနေလိမ့်မည်ကို တီချာမေ သိသည်။ တီချာမေသည် ကိုယ့်ကို နားလည်သည်ဟု ထင်ခြင်းမှာ မမှားချေ။ ကိုယ် စာစီစာကုံးမရေးသည့်အတွက် သင်္ချာဆရာတို့လို ဆူပူကြိမ်းမောင်းဖို့ကို အရင်မစဉ်းစား။
“ညီညီ ... ဘာဖြစ်လို့ စာမရေးတာလဲ”
ကိုယ် မတ်တတ်ရပ်လိုက်သည်။
“လက်နာနေလို့ပါ တီချာ”
နာနေသောလက်ကို ဘယ်လက်ဖြင့် မြှောက်ပြလိုက်သည်။ တီချာမေ မေးသည်။
`ဘယ်လိုဖြစ်တာလဲကွယ်”
"ဘောလုံးကန်ရင်း"
“ဘယ်သူနဲ့ ဖြစ်တာလဲ”
ကိုယ့်ကိုမညှာတတ်ကြကြောင်း တီချာမေ သိနေပြီလားဟု စဉ်းစားမိသည်။ အုန်းသီးသည် ကိုယ့်ကို အံကြိတ်ပြီး ကြည့်နေပါမည်လား။
“ဘယ်သူနဲ့မှ မဟုတ်ပါဘူး၊ ကိုယ့်ဘာသာဖြစ်တာပါ၊ လဲကျလို့"
တီချာမေသည် ခြင်းတောင်းထဲက ပုလင်းပုပုလေးတစ်လုံးကို ထုတ်ယူလိုက်သည်။ ပရုတ်ဆီပုလင်း ဖြစ်လိမ့်မည်ဟု ထင်ပါသည်။ ကိုယ့်ဆီသို့ လျှောက်လာသည်။ ကိုယ့်ညာဘက်လက်ကို ကိုင်ကြည့်သည်။ ကိုယ် တွန့်ခနဲ ဖြစ်သွားသောကြောင့် "သိပ်နာနေသလား” ဟု မေးသည်။ ဘာမျှပြန်မပြောဘဲ ငြိမ်နေလိုက်၏။ တီချာမေသည် စည်းထားသော လက်ကိုင်ပဝါကို ဖြေသည်။
“အို ... ယောင်နေပါလား"
ပရုတ်ဆီပုလင်းကို ဖွင့်၍ လက်နှင့် နှိုက်ယူသည်။ ယောင်နေသော နေရာကို အသာလိမ်းပေးသည်။ ပရုပ်ဆီနံ့နှင့်အတူ တီချာမေကိုယ်မှ ပေါင်ဒါနံ့၊ ရေမွှေးနံ့၊ သနပ်ခါးနံ့ ခွဲခြား၍မရသော အနံ့တစ်မျိုးရသည်။ မေမေ့ကိုယ်မှ ရနေကျ အနံ့မျိုး။ တီချာမေက ကိုယ့်ကို ဂရုစိုက်သောကြောင့် ဝမ်းသာမိသလား မသိ။ ဝမ်းနည်းသလိုလည်း ဖြစ်နေမိ၏။ ကျောက်သင်ပုန်းပေါ်မှာ ရေးထားသော စာစီစာကုံးခေါင်းစဉ်ကို ငေးကြည့်နေမိသည်။
“မိဘကျေးဇူး"
* * *
လက်နာနေသောကြောင့် ကျောင်းနှစ်ရက် ပျက်ရပြန်ပါသည်။ စာတွေ ထပ်ပြီးနောက်ကျရပြန်ဦးမည်။ ကိုယ်သည် ကျောင်းတွင် သိပ်မပျော်လှသော်လည်း စာမတတ်ဘဲနေမည်ကိုတော့ ကြောက်မိပါသည်။ ထို့ကြောင့် ကျောင်းမတက်ဘဲနေသောရက်တွင် စိတ်ထဲ၌ တစ်မျိုးကြီးဖြစ်နေရ၏။
သို့သော်လည်း ကိုယ့်အတွက် ပျော်စရာကောင်းသော အကြောင်းတစ်ခု ဖြစ်လာသည်။ ဦးလေးမောင်မောင်ကြီး ရောက်လာခြင်းပင် ဖြစ်ပါ သည်။ သူသည် ဖေဖေမှာထားသော စက်ပစ္စည်းတွေ လာပို့ခြင်းဖြစ်သည်။ သူရောက်လာသောကြောင့် ကိုယ် ပထမဆုံး သတိရလိုက်သောကိစ္စမှာ သင်္ချာပြခိုင်းဖို့ ဖြစ်သည်။ ထို့ကြောင့် ဦးလေးမောင်မောင်ကြီးကို သင်္ချာမလိုက်နိုင်ကြောင်း ပြောပြလိုက်သည်။ သူကလည်း မေမေပြောသလိုပင်
“ဒါဆိုရင် ညီညီ ကျူရှင်ယူပါလားကွ”
“ဟာ... ကျူရှင်တော့ မယူချင်ဘူး”
“ဘာဖြစ်လို့လဲကွ"
“ဘာဖြစ်လို့လဲ ဆိုတော့ ကျောင်းတက်ရတဲ့အချိန်တွေလည်း အများကြီး ဦးလေးရဲ့၊ ဒီကြားထဲ ကျူရှင်ထပ်တက်ရဦးမယ်ဆိုရင် ကိုယ့်အတွက် အချိန်ဘယ်ကျန်တော့မလဲ”
“ကိုယ့်အတွက် ဟုတ်လား၊ မင်းအတွက် ဘာအချိန်တွေများ လိုချင်သေးလို့လဲ”
” အို ... ကစားချိန်တို့ ဘာတို့ပေါ့၊ ပြီးတော့လည်း ဟို မေမေနဲ့ စကားတွေဘာတွေ ပြောဖို့ရှိသေးတာပဲ၊ ကိုယ်မရှိရင် မေမေလည်း ပျင်းနေမှာပေါ့”
ဦးလေးမောင်မောင်ကြီးက ရယ်သည်။
“နေပါဦးကွ၊ မင်းစာမလိုက်နိုင်တာ မေမေ့ကိုကော ပြောမပြဘူးလား"
“ဟင့်အင်း .. မေမေက ရုံးက ပြန်လာပြီဆိုရင် မောမောနေတတ်တယ်၊ ကိုယ့်ကို ထပ်ပြီး စာပြပေးရရင် ပိုမောမှာပေါ့၊ ပြီးတော့ ကိုယ်စာမရဘူးဆိုရင် မေမေ စိတ်မကောင်းဖြစ်သွားမှာပေါ့”
ဦးလေးမောင်မောင်ကြီးသည် ပြုံးလိုက်ပြီး ကိုယ့်ခေါင်းကို တစ်ချက်ပုတ်လိုက်သည်။ ပြီးတော့...
“ညီညီက သိပ်လိမ္မာတာပဲကိုးကွ၊ အေး ... ဒါပေမယ့် စာမလိုက်နိုင်ဘူး ဆိုတာကိုတော့ အသိပေးရမှာပေါ့”
"တစ်ခါတော့ မေမေကို စာပြခိုင်းဖူးသေးတယ်၊ မေမေက စာတွေ မေ့ကုန်လို့ ကောင်းကောင်းမပြနိုင်ဘူး၊ ပြီးတော့ ကျူရှင်တက်ခိုင်းသေးတယ်၊ အဲဒါ ကိုယ်မတက်ချင်ဘူး၊ ဦးလေးလည်း ကိုယ်စာမလိုက်နိုင်တာ မေမေ့ကို မပြောနဲ့နော်”
ဦးလေးမောင်မောင်ကြီးက စဉ်းစားသလို လုပ်နေသည်။ ကိုယ် ဆက်ပြောသည်။
“နောက်ပြီးတော့ ကိုယ်က ကျောင်းပျက်တုန်းက စာတွေ မသိလို့သာ နောက်ပိုင်းသင်တာတွေ မလိုက်နိုင်တာပါ၊ အဲဒါတွေသာ ဦးလေးပြန်သင်ပေးနော်၊ ဒါဆို ကိုယ် စာကောင်းကောင်းလိုက်နိုင်မှာပါ၊ ဦးလေးသင်ပေးမယ်ဆိုရင် ပထမအစမ်းမှာ တစ်ရာရအောင် ကိုယ် ဖြေပါ့မယ်”
“အေးပါကွာ၊ ဟုတ်ပါပြီ။ တကယ်တော့လည်း ကျူရှင်တက်စရာ မလိုပါဘူး၊ မင်းက တော်ပြီးသားပဲဟာ”
ဦးလေးမောင်မောင်ကြီးက ကိုယ့်ကို သင်္ချာပြပေးလေသည်။ တကယ့်တကယ်ကျတော့လည်း ဘာမှမဟုတ်။ ဦးလေးမောင်မောင်ကြီးက အသင်အပြကောင်းလို့ ထင်သည်။ ကိုယ်နားမလည်ခဲ့တာတွေ အကုန်လုံး သိသွားသည်။ ပထမနေ့ နေ့လယ်ပိုင်းနှင့် နောက်တစ်နေ့ ညနေပိုင်း နှစ်ခါပဲ သင်ရသည်။ ကိုယ် နောက်ကျသမျှ အကုန်မီသွားသည်။ ကျောင်းမှာမသင်ရသေးသော ပုစ္ဆာသုံးပုဒ်ကိုပင် ပိုတွက်လိုက်သေးသည်။ ကိုယ် သိပ်ဝမ်းသာသွားလေသည်။ လက်နာနေသည်ကိုပင် မေ့သွား၏။
ဒုတိယနေ့က ကိုယ့်ကို စာပြပြီး ညနေစောင်းတွင် ဦးလေးမောင်မောင်ကြီး အပြင်ခဏ ထွက်သွားသည်။ ကိုယ်လည်း ရေချိုး၊ ထမင်းစားပြီးလျှင် ခြံဝက ခုံတန်းကလေးမှာ မေမေ့ကို ထွက်စောင့်နေသည်။ မေမေ ပြန်လာသောအခါ ပြေးဖက်၍ ကြိုလိုက်သည်။ ညပိုင်းတွင် မေမေရှိရာ အိမ်ခန်းထဲသို့ပင် ကိုယ်ခဏဝင်၍ မေမေနှင့် စကားပြောသည်။ ပြီးတော့ ဧည့်ခန်းသို့ ပြန်ထွက်လာပြီး စာရေးစားပွဲမှာ ထိုင်လိုက်သည်။ အက္ခရာသင်္ချာတွေ တစ်ပုဒ်ပြီးတစ်ပုဒ် တွက်သည်။ အားလုံးလိုလိုပင် လွယ်လွယ်လေး တွက်လို့ရသည်။ ကိုယ် အားတက်လာပြီး ဂျီသြမေတြီပုစ္ဆာတွေပါ ထပ်တွက်သည်။
ခုနှစ်နာရီခွဲလောက်တွင် ဖေဖေနှင့် ဦးလေးမောင်မောင်ကြီးတို့နှစ်ယောက် အတူပြန်လာသည်။ ဖေဖေသည် ဒီနေ့ အစောကြီးပြန်လာသောကြောင့် ကိုယ် အံ့ဩမိသေးသည်။ နောက်မှ ဦးလေးမောင်မောင်ကြီး ညနေကပြောသွားသော စကားကို သတိရသည်။ သူက ကိုယ့်ကို စာပြနေရင်းက မေးသည်။
“ညီညီရ နေပါဦးကွ၊ မင်း ဖေဖေကိုကော စာမပြခိုင်းဘူးလား”
"ဟင့်အင်း... ကိုယ် မမေးရဲဘူး”
"ဟ... ဘာဖြစ်လို့လဲကွ”
“ဟိုဥစ္စာလေ၊ ဘာမှမဟုတ်ပါဘူး၊ ဖေဖေက အလုပ်များတယ် မဟုတ်လား၊ ကိုယ် ကျောင်းသွားတဲ့အထိတောင် ဖေဖေက အိပ်ရာက နိုးသေးတာ မဟုတ်ဘူး၊ ညကျတော့လည်း ကိုယ်အိပ်တာတောင် ဖေဖေက
ပြန်မရောက်ဘူး မဟုတ်လား၊ အချိန်မှ မရှိဘဲ”
“ဒါနဲ့ ခုနက မမေးရဲဘူးဆိုတာ ဘာလဲကွ"
ခုန ကိုယ် လွှတ်ခနဲပြောမိသည်ကို သူက ပြန်မေးသည်။ ဖေဖေက အိမ်မှာ အမြဲတမ်း မျက်နှာထားတည်တည်ကြီးနှင့် နေတတ်သောကြောင့် မေးရမှာကြောက်သည်ဟု ကိုယ်မပြောချင်။ ဘာလို့ မပြောချင်တာလဲတော့ ကိုယ်မသိပါ။
“ဟိုဟာလေ၊ မမေးရဲတာ မဟုတ်ပါဘူး၊ ဖေဖေက အမြဲအလုပ်ရှုပ်နေတော့ မေးရမှာ အားနာလို့”
"အားနာလို့ ဟုတ်လား"
“မဟုတ်ဘူးလေ" ဟု ပြောပြီးမှ ကိုယ် ဘာဆက်ပြောရမှန်းမသိ။ ကိုယ့်အဖေကို အားနာတယ်ဆိုတာလည်း မဟုတ်သေးပါဘူး။
“ကိုယ် မပြောတတ်ဘူး ဦးလေးရာ၊ တစ်မျိုးပဲ”
ဦးလေးမောင်မောင်ကြီးသည် ကိုယ့်ပခုံးလို ဖက်၍ ဆွဲလှုပ်ပြီး အသံထွက်အောင်ပင် ရယ်သည်။
“မင်းက လူလည်လေးပဲကွ”
ကိုယ်က ဘာမှမပြောဘဲ ငြိမ်နေလိုက်၏။ ဦးလေးမောင်မောင်ကြီးက "ညကျရင် စောစောပြန်လာမယ်ကွာ၊ မင်းဖေဖေပါခေါ်ခဲ့မယ်၊ တို့ စကားပြောကြတာပေါ့"ဟု ပြောသွားခဲ့သည်။
တံခါးခေါင်းလောင်းသံ ကြားသောအခါ ကိုယ်ပြေးသွားပြီး ဖွင့်ပေးလိုက်သည်။ ထိုအချိန်တွင် စိတ်ထဲက တစ်ခုသွားစဉ်းစားမိသည်။ ညည ဖေဖေပြန်လာလျှင် ဘယ်သူတံခါးဖွင့်ပေးသလဲ။ ဆော်လီမားသည် မိုးချုပ်လျှင် ပြန်ပြန်သွားတတ်သည်။ ကိုယ်က အိပ်ပျော်နေသောကြောင့် တံခါးထဖွင့်ပေးမည့်သူ မေမေတစ်ယောက်တည်းသာ ရှိသည်။ ထိုအခါကျလျှင် ဖေဖေနှင့်မေမေ စကားပြောကြမလား မသိပါ။ တစ်ရက်ရက်တော့ မအိပ်ဘဲ စောင့်ကြည့်မည်ဟု စိတ်ကူးထားလိုက်သည်။
ဖေဖေက ကိုယ့်ကို မြင်မြင်ချင်း “သား လက်နာသေးလား"ဟု မေးသည်။ ကိုယ်က ခေါင်းခါပြလိုက်သည်။
ဦးလေးမောင်မောင်ကြီးက"ဒီကောင် လက်နာဖို့နေနေသာသာ သင်္ချာတွက်လို့တောင် အားရမှာမဟုတ်ဘူး၊ စာတော့ တကယ်ကြိုးစားတဲ့ကောင်”ဟု ပြောပြီး ဖေဖေမမြင်အောင် မျက်စိတစ်ဖက် မှိတ်ပြသည်။
ဖေဖေတို့သည် မြို့ထဲကနေ ထမင်းစားလာကြပုံရသည်။ ရောက်ရောက်ချင်း ရေချိုးကြလေသည်။ ကိုယ်လည်း ဦးလေးမောင်မောင်ကြီး ဝယ်လာပေးသော ရှောက်သီးဆေးပြားထုပ်ကို ဖောက်၍ တစ်ပြားချင်း ယူစားရင်း သင်္ချာဆက်တွက်နေသည်။ ခဏကြာတော့ ဦးလေးမောင်မောင်ကြီး ကိုယ့်နားရောက်လာသည်။ စားပွဲပေါ်ကို လက်ထောက်ပြီး...
“တွက်လှချည်လားကွ၊ အညောင်းပြေအောင် နည်းနည်းပါးပါး မကစားဘူးလား”
“ညနေ ရေချိုးခါနီးက ကိုယ်လမ်းလျှောက်သေးတယ်”
“အေးအေး ... ကောင်းတယ်၊ အမြဲတမ်း စာချည်းပဲ ကြည့်နေတာလည်း မကောင်းဘူးကွ၊ အညောင်းမိတတ်တယ်။ ကစားတာရော၊ အိပ်တာရော၊ စာကျက်တာရော မျှတအောင်လုပ်မှ၊ အေး ... အမြဲတမ်း လျှောက်ကစားပြီး စာတစ်လုံးမှ မကြည့်တာလည်း မကောင်းဘူး"
ကိုယ် ခေါင်းညိတ်ပြလိုက်သည်။ ပြီးတော့ တွက်လက်စ ဂျီသြမေတြီပုစ္ဆာကို ဆက်တွက်သည်။ ဦးလေးမောင်မောင်ကြီးသည် ဘေးက ရပ်ကြည့်နေသည်။ ကိုယ်က တြိဂံပုံဆွဲရန် အခြေမျဉ်းကို ဆွဲလိုက်သောအခါ
"ဟေး ဟေး အခြေမျဉ်းကို အဲဒီလောက် အရှည်ကြီး မဆွဲနဲ့လေကွာ၊ ဒါဆို တြိဂံအကြီးကြီး ဖြစ်သွားပြီး စာရွက်မဆန့်ဘဲ နေလိမ့်မယ်”
အနေတော်လောက် ပြင်ဆွဲ၏။ တစ်ပုဒ်တွက်ပြီးသွားသောအခါ ဦးလေးမောင်မောင်ကြီးသည် ကိုယ့်လက်ထဲက ဖောင်တိန်ကို ဆွဲယူ၍ အဖုံးပိတ်လိုက်သည်။
“ကိုင်း... ဒီလောက်တွက်ရင် တော်လောက်ပြီ၊ နောက်နေ့မှ ဆက်တွက်တော့။ ထကွာ၊ စကားလေး ဘာလေး ပြောရအောင်"
ဦးလေးမောင်မောင်ကြီးက ကိုယ့်လက်မောင်းကို ကိုင်၍ ဆွဲခေါ် သွားသည်။ ဖေဖေ့စာကြည့်ခန်းနားသို့ ရောက်လာ၏။
'ဘယ်သွားမှာလဲ ဦးလေး”
“ဒီထဲကိုလေကွာ၊ မင်းဖေဖေလည်း အထဲမှာရှိပါတယ်ကွ”
စာကြည့်ခန်းထဲကို မေးငေါ့ပြသည်။
“ဟင်... ကိုယ်မလိုက်ချင်ဘူး"
“ဘာဖြစ်လို့လဲကွ”
“ကိုယ်မလိုက်ရဲဘူး၊ ဖေဖေက ကိုယ့်ကို မှာထားတယ်၊ စာကြည့်ခန်းထဲကို မဝင်ရဘူးတဲ့”
“အိုကွာ... ဦးလေး ပြောထားပြီးပါပြီ။ လာ...လာ”
ကိုယ်သည် တွန့်ဆုတ် တွန့်ဆုတ်လုပ်ရင်း အခန်းထဲ ပါသွားသည်။ ဖေဖေသည် ကိုယ်တို့ ဝင်လာသည်ကို မြင်သောအခါ စားပွဲတွင် ထိုင်၍ စာရေးနေရာမှ မျက်လုံးကို လှန်ကြည့်သည်။ ကိုယ်တို့သည် ကြိမ်ထိုင်ခုံအဝိုင်းကလေးတွေမှာ ဝင်ထိုင်ကြသည်။ အလယ်ခေါင်က ကြိမ်စားပွဲဝိုင်းကြီးပေါ်မှာ ရေနွေးကြမ်းအိုးနှင့် ပန်းကန်လုံးတွေ ရှိ၏။ ဦးလေးမောင်မောင်ကြီးက ဖေဖေ့ကို လှမ်းပြောသည်။
“ဖေအောင် လာကွာ၊ မင်းစာရင်းတွေ နောက်မှလုပ်”
ဖေဖေက လှည့်မကြည့်ဘဲ ခေါင်းကိုသာ ညိတ်ပြပြီး .... “အေးပါ၊ ဒီမှာ ပြီးတော့မှာပါ”
ခဏကြာမှ ဖေဖေ ထလာသည်။ ကိုယ့်ကို တစ်ချက်လှမ်းကြည့်ပြီး ခုံမှာဝင်ထိုင်သည်။ ပြီးတော့ "သား မအိပ်သေးဘူးလား” မေးသည်။
“အိပ်မလို့ ဖေဖေ၊ ဟို .. သား ....”
ဦးလေးမောင်မောင်ကြီးကို လှည့်ကြည့်သည်။ သူကပင် ပြော၏။
“ဒီကောင်ကွာ၊ တစ်နေ့လုံး သင်္ချာတွက်နေရတာ၊ ဒါကြောင့် အပျင်းပြေ စကားလေးဘာလေး ပြောရအောင် ငါခေါ်လာတာ”
ဖေဖေက ဘာမှမပြောတော့ဘဲ နေလိုက်သည်။ ကိုယ်သည် ဖေဖေ့မျက်နှာကို သေသေချာချာ မကြည့်ရဲ။ ကိုယ့်စိတ်ထင် ဦးလေးမောင်မောင်ကြီး ရှိနေသောကြောင့်သာ ဖေဖေ ကိုယ့်ကို မဆူခြင်းဖြစ်ရမည်။ သူ့စာဖတ်ခန်းရော၊ တွဲလျက်ရှိသော သူ့အိပ်ခန်းထဲ ဝင်လာတာကိုရော ဖေဖေ လုံးဝမကြိုက်ချေ။
ဖေဖေ ရေနွေးကြမ်းတစ်ပန်းကန် သောက်သည်။ ဒူးယားကိုကောက်ယူပြီး ဦးလေးမောင်မောင်ကြီးကို လှမ်းပေးသည်။ ဦးလေးမောင်မောင်ကြီးက လက်ကာပြပြီး "ငါ ဒီကိုရောက်ရင် ပူစီပဲ သောက်တယ်ကွ” ဟု ပြော၍ သူ့လက်ထဲက ပူစီဆေးပေါ့လိပ်ကို မြှောက်ပြသည်။ ဖေဖေက ဒူးယားတစ်လိပ်ကို မီးညှိလိုက်ပြီး“တစ်ခုကို ငါးမူးလောက်သာ ကျန်ကွာ၊ ငါ လုပ်ရဲတယ်”
ဦးလေးမောင်မောင်ကြီးက ကျွတ်ဆိုလုပ်ပြီး ခေါင်းကို ဖြည်းဖြည်းရမ်း၏။
“ဖေအောင်ရာ မင်းမလဲ အလုပ်ကိစ္စပဲ စိတ်ကူးနေတော့တာပဲကိုးကွ"
"ငါ့မှာ အဲဒါပဲ ပျော်စရာရှိတာကိုးကွ”
“တော်ကွာ ဟေ့ကောင်၊ ခုလိုအချိန်မျိုးမှာ နားနားနေနေ နေစမ်းပါ။ အလုပ်ထဲမှာပဲ ပျော်စရာရှိတာ မဟုတ်ပါဘူး"
"ငါ့အတွက် ပြောတာပါ"
“အေးပါ၊ မင်းအတွက်ပါပဲ။ ဘာပဲဖြစ်ဖြစ်လေ အလုပ်ချိန်ရဲ့ အပမှာ ကိုယ့်မိသားစုနဲ့ ..."
ဖေဖေက ဦးလေးမောင်မောင်ကြီးကို တစ်ချက်စိုက်ကြည့်လိုက်သည်။ ဦးလေးမောင်မောင်ကြီး စကားဆက်မပြောတော့ဘဲ ကိုယ့်ကို လှည့်ကြည့်သည်။
“ဟား .. ညီညီ ပျင်းနေပြီလားကွ ဟေ”
ကိုယ် ခေါင်းခါပြလိုက်သည်။ သို့သော်လည်း ကိုယ် ခုလိုကြီး မနေတတ်တာတော့ အမှန်ပါ။ ကိုယ် အိပ်တော့မယ်ဟု ပြောပြီး ထသွားဖို့ ခဏခဏ စဉ်းစားမိသေးသည်။ ဦးလေးမောင်မောင်ကြီးသည် ဆေးပေါ့လိပ်ကို ဖွာရင်း တစ်ခုခု စဉ်းစားနေပုံရသည်။ ဖေဖေကမူ သူ့လက်ထဲမှ စီးကရက်က ထွက်နေသော မီးခိုးတွေကို စိုက်ကြည့်နေသည်။ ခဏကြာမှ ဦးလေးမောင်မောင်ကြီးက ဖေဖေ့လက်မောင်းကို လှမ်းပုတ်လိုက်ပြီး ပြော၏။
"ဒါနဲ့ ဟေ့ကောင်၊ မင်း ရန်ကုန်ရောက်ရင် ဒေါ်ဒေါ်သိန်းဆီ ဝင်သေးလား”
ဖေဖေက ခေါင်းညိတ်ပြသည်။
“တစ်ခါတလေတော့ ရောက်တယ်၊ ငါ့မလဲကွာ အလုပ်ကိစ္စနဲ့ တက်သုတ်နှင် သွားရတာဆိုတော့”
"အေးကွာ၊ မင်းတစ်ခါလောက်တော့ ညီညီ့ကို ဒေါ်ဒေါ်သိန်းဆီ ခေါ်သွားပါဦးကွာ၊ ဒီကောင့်ကို သိပ်ချစ်တာကွ၊ ညီညီ... မင်း ဘွားမေသိန်းကို မှတ်မိသေးရဲ့လား”
ကိုယ် ခေါင်းညိတ်ပြလိုက်သည်။ ဘွားမေသိန်းမှာ ဖေဖေ့အဒေါ် ဖြစ်သည်။ ငယ်ငယ်က ကိုယ်တို့အိမ်မှာ နေသွားဖူးသည်။ ကိုယ့်ကို သိပ်ချစ်သည်။ ကိုယ် သုံးလေးနှစ်သားလောက်ထိ ဘွားမေသိန်းက ထိန်းပေးသေးသည်။ နောက်တော့ ရန်ကုန်က သူ့သားအိမ်မှာ ပြန်နေသည်။ ခုလောက်ဆို အသက်တော်တော်ကြီးပြီ။
“ဟား.. ဟား ပြောရင်းဆိုရင်း ဒေါ်ဒေါ်သိန်းအကြောင်း သွားသတိရသကွာ၊ ငယ်ငယ်က ညီညီ့ကို ထိန်းရင်း သီချင်းဆိုတဲ့အကြောင်း”
ဦးလေးမောင်မောင်ကြီးသည် ခုလိုပဲ ရယ်စရာတစ်ခုခု ပြောခါနီးပြီ ဆိုလျှင် မပြောခင် အရင်ရယ်တတ်သည်။ ထိုအခါမျိုးတွင် ကိုယ်သည် မရယ်ရခင်ကပင် ရယ်ချင်၍ နေတတ်ပါသည်။
"အဲဒီတုန်းက ညီညီက နှစ်နှစ်၊ သုံးနှစ်ပဲ ရှိဦးမယ်ထင်တယ်၊ ဒီကောင့်ကို ဆောင်ပန်းပုခက်ကြီးထဲ ထည့်ပြီး ချော့သိပ်တာလေကွာ၊ ဒေါ် ဒေါ်သိန်းတို့များ ကလေးချော့တဲ့ သီချင်းကိုလည်း ကြည့်ပါဦး”
ဦးလေးမောင်မောင်ကြီးက ကျကျနန ဆိုပြနေသည်။ သူ့ဆိုပုံမှာ သီလရှင်တွေ တရားသီချင်းဆိုပုံမျိုး။
“ညီညီတို့နဲ့ တွေ့ရ၊ ဒုက္ခမှန်စွာ ဒီမှောင်တွင်း၊ ရှောင်ကွင်းမလွတ်သာ "တဲ့။
သူ့ဟာသူ ဆိုပြီး ရယ်ပြန်သည်။
“ကိုင်းကွာ၊ စဉ်းစားကြည့်၊ ဒါ ...ကလေးချော့တဲ့ သီချင်းလားကွ၊ ဒေါ်ဒေါ်သိန်းတို့လုပ်ပုံ၊ အဲဒီအခါကျရင် ညီညီက ဘွားမေသိန်း အိုအိုး မဆိုနဲ့၊ မေမေ အိုအိုးဆိုလို့ ထအော်ရောကွ၊ အဲ ... ရှိသေးတယ်၊ သူဆိုတဲ့သီချင်းတစ်ခု၊ နိဗ္ဗန္ဓတေးထပ်လေကွာ၊ အရွတ်စုရုပ်တစ္ဆေကို၊ မဟုတ်လေ ကိုယ်ထဲ၊ အပုပ်ရည်စိုရွှဲလို့ ဆိုတော့ ညီညီက ကြောက်တယ်၊ ကြောက်တယ် ဆိုပြီး ထငိုပါလေရောဟေ့၊ ဟား.. ဟား.. ဟား”
ပြောလည်းပြော ရယ်လည်းရယ်ပြီး ကိုယ့်ခေါင်းကို အသာပုတ်၍ “မှတ်မိလားကွဟေ့” ဟု မေးသည်။ ကိုယ်လည်း ရယ်နေမိသည်။ အမြဲလိုလို တည်တည်ကြီးနေတတ်သော ဖေဖေပင် သွားပေါ်လောက်ထိ ပြုံးသည်။ ထိုအချိန်တွင် ကိုယ်တစ်ခု သတိရမိ၏။ဒီနေ့ မေမေ သီချင်းဆိုသံကို မကြားရ။
ဆက်ရန်
------------------------------
#မင်းလူ
Comments
Post a Comment