ပလပ်ခံရ​သော အမှုတွဲများ

#မင်းလူ
#ပလပ်ခံရသောအမှုတွဲများ    

တရားရုံးတော်သို့
ဦးတိုက်လျှောက်ထားအပ်ပါသည်။

သူသည် ကျွန်တော့်အား
အမှန်တကယ်မချစ်ပါဘဲလျက်
ချစ်ပါသည်ဟူ၍
အကြိမ်ကြိမ်အခါခါ
လှည့်ဖျားပြောဆိုခဲ့ပါသဖြင့်
ရာဇသတ်ကြီး ပုဒ်မ (၄၂၀)
လိမ်လည်မှု အရလည်းကောင်း ....

သူသည် ကျွန်တော့်အား
အနိုင်ရလိုသောကြောင့်
စိတ်ကောက်ခြင်း
အမိန့်ပေးခြင်း
ဆူပူ ကြိမ်းမောင်းခြင်းများ
ပြုလုပ်ခဲ့ပါသဖြင့်
ရာဇသတ်ကြီး ပုဒ်မ (၃၄၉)
အနိုင်အထက် ပြုမှုအရလည်းကောင်း ....

ကျွန်တော်က သူ့ကို
အသည်းအသန် ချစ်သည်ကို
အခွင့်ကောင်းယူလျက်
သူသည် ကျွန်တော့်အား
မကြာခဏ ခြိမ်းခြောက်လေ့ရှိသောကြောင့်
ကျွန်တော့်မှာ သူမုန်းသွားမည်ကို
အစဉ်စိုးရိမ်ပူပန်နေရပါသဖြင့်
ရာဇသတ်ကြီး ပုဒ်မ (၃၅၀)
စိတ်ငြိုငြင်စေမှုအရလည်းကောင်း  ....                         

သူ၏မျက်စောင်းများ
သူ၏အမဲ့များ
သူ၏အထေ့အငေါ့များ
သူ၏အမာန်အမဲများကြောင့်
ကျွန်တော်၏နှလုံးသားသည်
အတွင်းကြေ ကြေပြီး
ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါသဖြင့်
ရာဇသတ်ကြီးပုဒ်မ  (၃၀၉)
နာကျင်စေမှုအရသော်လည်းကောင်း....                                                        

နောက်ဆုံးတွင်
ကျွန်တော့်ကိုယ်စိတ်နှစ်ပါး၌
ဝေဒနာအလူးအလဲ ခံစားရပြီးနောက်
တရိရိ ပင်ပန်းခံရပြီး
တဖြည်းဖြည်းလုံးပါးပါးခဲ့ရသဖြင့်
အရေးယူပေးပါရန်
ဦးတိုက်လျှောက်ထားအပ်ပါသည် ခင်ဗျား။

---------------------------------                                        
မင်းလူ
ဦးမင်းလူကောင်းမှု ကဗျာစာစု၊ ၁၉၇၈။

crd 👉  https://m.facebook.com/story.php?story_fbid=2598786986825094&id=1049479468422528

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)