ပန်းများကို ပွင့်စေသူ (အပိုင်း-၁၂)
ပန်းများကို ပွင့်စေသူ (ခင်နှင်းယု)
________________________
အပိုင်း (၁၂)
ကျွန်မတို့ငယ်စဉ်က ကျောင်းအုပ်ဆရာမကြီး ဒေါ်ပိုက်မိ ပြောခဲ့သောစကားများကို ချက်ချင်း သတိရ၏။
" ကိုယ်ယူလို့မဖြစ်နိုင်တဲ့ ယောက်ျားနဲများ ဘယ်တော့မှမတွဲနဲ့၊ တွဲချင်ရင် ယူလို့တော်မယ့်လူနဲ့ တွဲ၊ ဘာဖြစ်လို့လဲ ဆိုတော့ တွဲလို့နီးစပ်ရင် ယောက်ျားနဲ့မိန်းမဟာ ညားဖို့ သေချာနေတာပဲ။ မဟုတ်တဲ့ မိန်းမလက်ရှိ လူပွေတွေ တွဲမိရင် သိပ်ဒုက္ခကြီးတာပဲ "
ကဲ ယခုတော့ ဆရာမကြီးပြောသလိုပင် ကျွန်မတွဲမိသောသူမှာ ကျွန်မ မယူနိုင်သောသူ ဖြစ်၍နေပေပြီ။
ကျောင်းနေစဉ်ကတည်းက ကျွန်မ၏အိပ်မက်ခန်းများဝယ် လူစွမ်းကောင်းမင်းသားတို့ကို အများကြီး တွေ့ခဲ့ရသည်။ ထိုသူတွေကို ကျွန်မက ကျောခိုင်းခဲ့၏။ သူတို့၏ချစ်ခွင့်တောင်းဆိုချက်များကို ငြင်းဆန်ခဲ့၏။ ဆရာမကြီးအဖြစ်သာ ခပ်အေးအေး နေခဲ့သည်။ သုံးဆယ်ကျော်ကာမှ တွေ့မယ့်တွေ့တော့ ကိုထင်ပေါ်လိုလူ။
ကျွန်မသည် ကျွန်မ၏လက်ဖမိုးလေးကို ယခုမှ ပြင်းစွာ နှမြောတသနေမိပေသည်။ နောက်ဆုံး ကိုယ့်ကိုယ်ကိုသာ အပြစ်တင်မိသည်။ ကျွန်မသည် ဟိုစဉ်က ဘာကြောင့်များ လိုက်လျောစွာ နေထိုင်မိပါသလဲ။
ကျွန်မ၏ဒီဂရီများ၊ ဂုဏ်သိက္ခာများသည် ကျွန်မ၏စိတ်အကြောင်းကို တစ်ခါတစ်ရံ မရိပ်မိ မသိရှိနိုင်ကြပါတကား။
ထိုညတစ်ညလုံး အိပ်မပျော်တိုင်း သူနှင့်ဝေးရာသို့ ပြေးရန် အစီအစဉ်များ အများကြီးလုပ်၍နေမိပေသည်။
နောက်တစ်နေ့နံနက်တွင် ကျောင်းသို့ ခပ်စောစောပင် ထွက်ခဲ့သည်။ ကျောင်းတွင် စီမံစရာရှိသမျှကို စီမံကာ ပညာမင်းကြီးရုံးသို့ ခွင့်အတွက် ထွက်လာခဲ့သည်။
ကျွန်မ၏ကိုယ်ဟန်မှာလည်း ကျန်းမာရေးချွတ်ယွင်းဟန် ပေါက်နေ၍တစ်ကြောင်း၊ တစ်ခါမျှ ခွင့်မယူဖူး၍ အနားယူရန် ခွင့်နှစ်လအတွက် ချောမောစွာ စီစဉ်၍ ပြီးခဲ့လေသည်။
ကျောင်းသို့ ပြန်သွားချိန်တွင် ဒုတိယကျောင်းအုပ်ဆရာမကြီး ဒေါ်စောအေးက ကျွန်မအတွက် ခရီးစဉ်ကို စီစဉ်၍ နေလေသည်။ သူနှင့်ကျွန်မသည် ကျောင်းနေဘက်များဖြစ်၍ အားနာရန်အကြောင်းမရှိပေ။
" အိမ်က ဒေါ်ရှင်ကို မခင်သိုက်နဲ့အတူ ထည့်လိုက်မယ်၊ ဒါမှ အောင်ပန်းအထိ သွားရတာ အဆင်ပြေမယ်။ ကျွန်မအစ်ကို စောခွန်ရီက ဒေါက်တာသာဖြစ်တယ်၊ အောင်ပန်းမြို့ပေါ်မှာ မနေဘူး၊ တစ်မိုင်လောက်ဝေးတဲ့ခြံမှာ သူတစ်ယောက်တည်း နေတယ်။ ဒီတော့ အနားယူဖို့အတော်ပဲ။ ဟိုမှာ အိမ်နှစ်လုံးရှိတယ်။ မခင်သိုက် လွတ်လွတ်လပ်လပ် တစ်ယောက်တည်း နေနိုင်ပါတယ် "ဟု သူက ဆီးကြို၍ ပြောပြပေသည်။
ကြီးကြီးကိုမူ ကျန်းမာရေးအတွက် ဆရာဝန်တိုက်တွန်းချက်အရ ခရီးထွက်မည်ဟု ပြောပြလိုက်လေသည်။ သူသည် အိမ်နှင့် ဝယ်စ ခြံမြေအတွက် နေရစ်ခဲ့ရမည်ဖြစ်သောကြောင့် မချိန်အား ကျွန်မနှင့် ထည့်လိုက်ရန် အစီစဉ်လုပ်၍နေပေသည်။
စီစဉ်မှုများအားလုံး ချောမောသည်ဆိုသော်လည်း တစ်ပတ်ကြာမှပင် ရန်ကုန်မှ ရှမ်းပြည်တောင်ပိုင်းသို့ ကျွန်မ ထွက်ဖြစ်တော့သည်။ ထိုတစ်ပတ်အတွင်းတွင် သူနှင့် မတွေ့ဖြစ်အောင် ရှောင်ခဲ့သည်။ သူ မလာစေရန်လည်း ဆုတောင်းမိပေသည်။
မီးရထားနှင့် ထွက်ခွာလာခဲ့ချိန်တွင် ကျွန်မသည် သူနှင့် ကမ္ဘာတစ်ခု ဝေးသွားသလို အောက်မေ့မိပေသည်။
လယ်တစ်ကွက်ကို ဖြတ်ကျော်လာလျှင် သူနှင့် လယ်တစ်ကွက်စာ ခြားရပြီမို့ စိတ်ပေါ့၍လာသည်။ မီးရထားသည် မြစ်တစ်ခုကို ဖြတ်ကျော်လိုက်လျှင်လည်း သူနှင့် မြစ်တစ်တန်ဝေးခဲ့ပြီမို့ စိတ်အေး၍လာလေသည်။
မီးရထားသည် တောင်တန်းတစ်ခုကို ကျော်လွန်ခဲ့ပြန်လျှင်လည်း တောင်တစ်စဉ် ဝေးခဲ့ပြီမို့ ကြောက်စိတ်ပြေလျော့ခဲ့ရလေသည်။
အမှန်တော့ ကလေးငယ်တွေးသလိုပေ။ ထိုမြစ် တောတောင်များကို သူ ဖြတ်ကျော်၍ မနိုင်စွမ်းသလိုပင် ထင်မြင်နေခဲ့လေသည်။
မီးရထားသည် ပျဉ်းမနားတွင် တစ်ညအိပ်၍ နောက်တစ်နေ့ နေ့လည်တွင် သာစည်ကို ရောက်ခဲ့လေသည်။
စောခွန်ရီမှာ မစောအေး ကြိုတင်အကြောင်းကြားချက်အရ သာစည်မှ လာ၍စောင့်နေပေသည်။ ဒေါ်ရှင် ပါလာသောကြောင့် ကျွန်မတို့ကို ရှာဖွေရန် သူ့မှာ အခက်အခဲမရှိပေ။
သူသည် မစောအေးလိုပင် ကျွန်မကို ရင်းရင်းနှီးနှီး ဆက်ဆံပေသည်။ သာစည်တွင် ကလောသို့သွားသောရထားကို ပြောင်း၍ စီးခဲ့ကြသည်။
ရထားတွဲမှာ တို၍တောဆန်ပေသည်။ သာစည်ကို လွန်လျှင် မြေပြန့်အပူပိုင်းဇုံ၏ရှုခင်းသည် တဖြည်းဖြည်း ပြောင်းလဲ၍လာလေသည်။ တောင်ခြေသို့ မတက်ခင် လယ်ကွက်များကလည်း အောက်မြန်မာပြည်ကဲ့သို့ ပြန့်မကျယ်တော့ပေ။ ဆူးရစ်ပင်များ၊ ထနောင်းပင်များသည် တောဘူတာလမ်းတလျှောက်တွင် အပွင့်ဝါလေးများ တဝေဝေနှင့် ကျန်ရစ်ခဲ့ပေသည်။
အဝေးတွင် ပြာမှိုင်းသော တောင်စဉ်သည် ဆီးကြို၍နှုတ်ဆက်နေပေသည်။ တစ်ခါတစ်ရံတွင် ရေခန်းစပြုနေသော သဲချောင်းများကို ဖြတ်ကျော်၍လာခဲ့ပေသည်။
စောခွန်ရီမှာ ဆိုက်ရောက်လာသော ဘူတာငယ်လေးများနှင့် ပတ်ဝန်းကျင် လုပ်ခင်းကိုင်ခင်းများကို ကျွန်မအား ပြောပြနေပေသည်။ သူ့ရုပ်ရည်သည် လှပသော်လည်း ပြုံးချိုခြင်းမရှိပေ။ မစောအေးလောက် မသွက်သော်လည်း ခမ်းနားကြီးကျယ်ဟန် မရှိပေ။ နှာတံပေါ်၍ မျက်လုံးမှာ မို့မို့ဝိုင်းဝိုင်းရှိပေသည်။ နှုတ်ခမ်းပေါ်၌ စိမ်းရေးရေးပေါ်နေသော သူ့မျက်နှာ၏ကျက်သရေလိုပင် ဖြစ်၍နေပေသည်။
ဘုရားငါးဆူဘူတာကို ကျော်လျှင် လယ်ခင်းထက် ယာခင်း ကြိုးကျဲလေးများကို တွေ့ရသည်။ တောင်ခြေက စတက်လာလျှင်မူ တောသာ၍ ထူထပ်လာကာ တဖြည်းဖြည်း အေးစိမ့်၍ လာတော့သည်။
နေစောင်း၍လာလေလေ အအေးဓာတ်သည် ပို၍လာလေသည်။ နေခြည်များသည် တောင်စွယ်တို့တွင် မြုပ်လိုက်၊ နောက်ကြားများမှ ဘွားခနဲပေါ်လိုက်နှင့် ချစ်စဖွယ် ပြေးလွှားနေပုံရလေသည်။
မီးရထားတွဲလေးမှာ ကလောတောင်ကို တွန့်ကာ ကွေ့ကာနှင့် သနားစဖွယ် တက်နေပုံ ရပေသည်။
တိတ်ဆိတ်သော တောအုပ်အောက်တွင် တစ်သွယ်တည်း စီးလာသော စမ်းချောင်းလေးများကိုလည်း အေးမြမြ တွေ့ရပေသည်။
အဝေးတောင်စောင်းတွင် ပလောင်တို့၏ယာခင်းကွက်များ နီကြန်ကြန်ကို လှမ်း၍မြင်နေရသည်။ တစ်ခါတစ်ရံ ချင်းနှင့် ပြောင်းဖူးခင်းများကိုလည်း နီးကပ်စွာ ဖြတ်ကျော်၍ လာခဲ့ကြသည်။ နေခြည်သည် ပါးလွှာလွန်းသော ရွှေဇာပဝါလို အရောင်သာ လှနေတော့သည်။ အအေးဓာတ်ကို မကာကွယ်နိုင်တော့ပေ။ တောင်ကြားမှလေသည် စူးရှတိုက်ခတ်လာကာ မြူနှင့် တောင်ခိုးများပင် ဆိုင်း၍လာကြလေသည်။
ကလောသို့နီးလျှင် ခရမ်းရောင်ပန်းပွင့်များသည် ကျောက်ကပြင်လေးများပေါ်မှ ဆီး၍ကြိုကြပေသည်။ ဆောင်းလေအောက်တွင် ခိုက်ခိုက်တုန်နေဟန် လူးလွန့်လှုပ်ရှား၍နေကြပေပြီ။ ထင်းရှူးတောတန်းတစ်ခုကို ဖြတ်ကျော်လိုက်လျှင်မူ ကျွန်မတို့သည် ကလောကို ရောက်ခဲ့ကြလေသည်။ ကလောရောက်လျှင် နေရောင်ကို မတွေ့ကြရတော့ပေ။
ညဦးတွင် ကလောကိုဖြတ်ခဲ့ကြကာ ညတွင်းချင်းပင် အောင်ပန်းသို့ ကားနှင့် ထွက်လာခဲ့ကြသည်။
* * * * *
ကျွန်မတို့အတွက် စောခွန်ရီပေးထားသော အိမ်လေးမှာ မဆိုးပေ။ ပျဉ်ထောင် အုတ်ကြွပ်မိုးထား၍ မီးဖို သုံးခု ပါသောကြောင့် ပူနွေးလျက်ရှိပေသည်။ မြို့နှင့် အလှမ်းကွာသောကြောင့် တိတ်ဆိတ်လျက်ရှိ၏။
သူနေသော အိမ်လေးမှာလည်း ကျွန်မတို့အိမ်ထက် မြင့်သည်ကလွဲ၍ ရွယ်တူလောက်ပင်ရှိလေသည်။ အိမ်နှစ်ခုကြားတွင် ပေအစိတ်ခန့် ပန်းခင်းတစ်ခု ခြား၍ နေပေသည်။
မနက်စောစောတွင် သူသည် နို့များယူလာကာ ဒေါ်ရှင်ကို ပေး၏။
" ကျွန်တော့်ဆီမှာ နေတဲ့အခါ နို့ကောင်းကောင်း၊ အသီးအရွက် လတ်လတ်ဆတ်ဆတ် စားရမှာပဲ၊ မခင်သိုက် ကျန်းမာရေးဟာ ချက်ချင်းလို ကောင်းလာမှာပဲ၊ အားတဲ့အခါ ကျွန်တော့်နွားခြံ ကြက်ခြံနဲ့ ယာခင်းတွေကို လျှောက်ကြည့်ပေါ့၊ ကျွန်တော် လူနာတွေဆီ မသွားတဲ့အခါ မခင်သိုက်နဲ့တူတူ လမ်းလျှောက်ပါ့မယ် "
သူသည် အိမ်သည်ဝတ္တရားကျေပွန်စွာ ပြောရှာ၏။ ကျွန်မကလည်း တစ်ရပ်တစ်မြေတွင် ယခုလို စောင့်ရှောက်သည့်အတွက် ကျေးဇူးတင်ကြောင်း ပြန်၍ပြောပြရပေသည်။
သူသည် ချယ်ရီပင်များ စီကာ စိုက်ထားသော လမ်းလေးမှ ဖြတ်ကာ သူ့အိမ်ဘက်သို့ ကူးသွားတော့သည်။ ချယ်ရီများကာ ဖူးစပြု၍နေပေသည်။
ကိုထင်ပေါ်ကို မေ့၍ရကာ အချိန်များကုန်လာခဲ့သည်ကို ကျွန်မစိတ်ထဲမှ ချမ်းမြေ့မိလေသည်။ အစာကို မှန်မှန်စားကာ လမ်းမှန်မှန်လျှောက် စာကြည့် ဒါလောက်ပဲ ကျွန်မလုပ်၍နေပေသည်။ နံနက်တွင်မူ နှင်းများသည် ထူထပ်စွာ ကျလာကြ၏။ ချယ်ရီပွင့် ပန်းရောင်လေးများသည် နှင်းဖြူများကြားတွင် ပွင့်နေကြပေသည်။ ခြံစည်းရိုး နှင်းဆီများသည်လည်း အခိုင်လိုက် အခိုင်လိုက် ဆုပ်ခဲ၍ ပွင့်နေကြသည်မှာ မျှော်မဆုံးတော့ပေ။
ညပိုင်းတွင် မီးဖိုလေးနားတွင် ကျွန်မသည် စာအုပ်များကို တစ်အုပ်ပြီး တစ်အုပ် ကုန်အောင် ဖတ်ပစ်လိုက်လေသည်။
စောခွန်ရီက လမ်းလျှောက်ဖို့ခေါ်သော်လည်း ကျွန်မသည် တစ်ခါတစ်ရံမှ လိုက်ပါသွား၏။ လိုက်လျှင်လည်း မချိန်ကို အမြဲခေါ်၍သွားပေသည်။
ခွင့်ရက်ကုန်ဆုံးလျှင်တောင်မှ ကျွန်မသည် ရှမ်းပြည်တွင်ပဲ ဆက်၍နေချင်သည်။ အောင်ပန်းတွင် ဆရာမလုပ်မည်ဟု စိတ်ကရည်ရွယ်ထား၏။ ရန်ကုန်မှ ခြံများ၊ အိမ်များကို သံယောဇဉ် မတွယ်ချင်တော့ပေ။ သူနဲ့ဝေးရာတွင် ယခုလိုနေရသည်က စိတ်ချမ်းသာသလိုဖြစ်ပေသည်။
* * * * *
ဒီဇင်ဘာလတွင် အအေးဓာတ်သည် ပို၍ပြင်းထန်လာ၏။ အောင်ပန်းမြို့ထဲမှာ ကျွန်မတို့နေရာလောက် မအေးပေ။ ကျွန်မသည် နေ့လည်မှာပင် မီးဖိုလေးနား၌ မောင်လေးအတွက် ဆွယ်တာကို လက်စသတ်နေ၏။ ဒေါ်ရှင်က ဆတ်သားခြောက်နှင့် ရေနွေးကြမ်း လုပ်၍ပေးပေသည်။ ထမင်းစားပြီးချိန်လောက်တွင် ဒေါ်ရှင်သည် ဧည့်သည်တစ်ယောက် ရောက်လာကြောင်း ကျွန်မကို လာ၍ပြောသည်။ ဧည့်ခန်းကို မထွက်ခင်ကတည်း ကျွန်မစိတ်မှာ လှုပ်ရှား၍နေပေသည်။
ဧည့်ခန်းဝသို့ ခြေလှမ်းရောက်သည်နှင့်တပြိုင်နက် ကျွန်မသည် တုံ့၍သွားပေသည်။
"ရှင် ....ရှင် ကျွန်မနောက်ကို လိုက်လာပြန်ပြီ"
ကျွန်မသည် သေခါနီး လူမမာလို ကယောင်ကတန်း အော်လိုက်သည်။ ကိုထင်ပေါ်သည် ကုလားထိုင်တစ်ခုနားတွင် မတ်တတ်ရပ်ကာ ကျွန်မကို စိမ်းစိမ်းကြည့်နေပေသည်။
" ထိုင်ပါဦး မခင်သိုက်ရယ်၊ ဘာဖြစ်တာလဲ "
ကျွန်မသည် ခြေထောက်ကို မနည်းသယ်ကာ ကုလားထိုင်ပေါ်တွင် ထိုင်ချလိုက်ရ၏။
" ကျွန်တော့်ကို သိပ်မုန်းလို့ ဝေးရာကို ပြေးတာလား၊ တိမ်ကြားထဲမှာပဲ မခင်သိုက် ပုန်းနေနေ ကျွန်တော်တော့ တွေ့အောင် ရှာမှာပဲ၊ ဘာဖြစ်လို့ ဒုက္ခခံပြီး ဒီမှာလာနေရသလဲ မခင်သိုက်ရယ်၊ ပြန်လိုက်ခဲ့ပါ၊ ကြီးကြီးတို့လည်း လိုက်လာကြလိမ့်မယ် "
သူသည် ထိုင်၍ ဣနြေ္ဒရရ ပြောနေပြန်သည်။
" ဘာလို့ ကြီးကြီးက လိုက်လာရမှာလဲ "
" ကျွန်တော် ပြောလို့ "
သူသည် မရှင်းမလင်း ထိုမျှပင်ပြောကာ ကျွန်မကို ကြည့်ပြန်သည်။ သူ့မျက်နှာမှာ ပိန်ကျသွားပုံရကာ လန်းလန်းဆတ်ဆတ် မရှိပေ။
" ကျွန်တော် ဟိုတုန်းက ပြောခဲ့ပါပကော၊ မခင်သိုက်ကို မရ ရအောင် ယူမယ်လို့၊ ခုလဲ ကြီးကြီးတို့ ဒေါ်ဒေါ်တို့ကို ပြောပြလိုက်တယ်"
" ဘာ ပြောပြလိုက်တာလဲ "
"တီးတိုးဝါဒဖြန့်တယ်ဆိုတာ ယုံလား၊ နိုင်ငံရေးသမားတွေ သုံးတာလေ၊ ခုလဲ မခင်သိုက် ကျွန်တော့်မွေးနေ့မှာ ဧည့်ခံတာတွေ ရင်းနှီးတာတွေက စပြီး ကျွန်တော်လျှောက်လုပ်လိုက်တာ ကျွန်တော့်ပတ်ဝန်းကျင်မှာ မခင်သိုက်နဲ့ကျွန်တော် ယူမယ်ဆိုတာ သတင်းလွင့်သွားပြီ၊ ကြီးကြီးနားလည်း ပေါက်သွားလို့ ဒေါ်ဒေါ်ခင်ကိုယ်တိုင် နားဖောက်ပြီးပြီ၊ ကြီးကြီးကလဲ မခင်သိုက်ဟာ ဒုက္ခခံပြီး ဒီလိုထွက်သွားဖို့ မလိုပါဘူး တဲ့၊ စောစောက ဖွင့်ပြောရင် သူလဲ သဘောတူသတဲ့ "
"ဘာ ....ဘာ "
ကျွန်မသည် စုံမတ်တတ် ဗြုန်းခနဲ ရပ်လိုက်၏။
" ရှင်းရှင်း ဖွင့်ပြောပါရစေ၊ မခင်သိုက်ကို ရဖို့ ကျွန်တော် တရားတဲ့နည်းရော မတရားတဲ့နည်းရော အားလုံး သုံးရမှာပဲ၊ ခု ပတ်ဝန်းကျင်မှာ ထင်နေတာက မခင်သိုက် ကျွန်တော့်ကိုယူဖို့ ရှက်လို့ ထွက်လာတယ်၊ ခု ကျွန်တော်လိုက်လာတယ်လို့ လူတွေက ယူဆတယ် "
ကျွန်မတစ်သက်တွင် ထိုမျှအဖြစ်ဆိုးနှင့် တွေ့ကြုံဖူးသည် မထင်ပေ၊ ကျွန်မသည် စကားတစ်လုံးမျှ ပြန်မပြောနိုင်ဘဲ ငယ်သံပါအောင် ဟစ်၍ အော်လိုက်ရင်း သတိလစ်သွားတော့သည်။
သတိရလာသောအခါ ကျွန်မသည် အိပ်ရာပေါ်ရောက်၍ နေပေသည်။ စောခွန်ရီသည် ဆေးထိုးပြီးဟန်တူသော အပ်နှင့် ဖန်ပြွန်ကို ရေဆေး၍နေပေသည်။
မချိန်နှင့် ဒေါ်ရှင်မှာ အနားတွင် မတ်တတ်ရပ်နေသည်။
" မခင်သိုက် အိပ်ရာပေါ်မှာ ၇ ရက်လောက် နေနော်၊ သွေးအားနည်းတယ်၊ သွေးတိုးလည်း နှေးနေတယ်၊ ကဲ ...ကျွန်တော် ညကျ တစ်ခေါက်လာဦးမယ်"
သူ့ကို ခေါင်းညိတ်၍သာ ပြနိုင်တော့သည်။ စောခွန်ရီထွက်သွားမှ ကျွန်မသည် ကိုယ့်အဖြစ်ကို မချိန်အား မေးယူရတော့သည်။
" မမလေး ငယ်သံပါအောင် အော်သံကြားတာနဲ့ ကျွန်မတိုနှစ်ယောက် ပြေးထွက်လာတော့ မမက ကုလားထိုင်ပေါ်မှာ ခွေကျနေတယ်၊ ကိုထင်ပေါ်ကြီးက ဟိုဘက်ကုလားထိုင်မှာ မတ်တတ်ရပ်လို့.....၊ သူက ကျွန်မကို မြင်မြင်ချင်း 'မချိန် ဒီမှာ ဆရာဝန် ဘယ်မှာရှိလဲ၊....ခင်ဗျားမမ စကားပြောရင်း ထအော်ပြီး ဘာဖြစ်လဲမသိဘူး' တဲ့။ အဲဒါနဲ့ ဒေါ်ရှင်က ဒေါက်တာစောခွန်ရီကို သွားခေါ်၊ ကျွန်မနဲ့သူနဲ့က မမလေးကို ပွေ့ပြီး ခုတင်ပေါ် သယ်လာကြတာပဲ။ ဒေါက်တာနဲ့ကျွန်မတို့ မမကို ပြုစုနေတုန်း သူလဲ ဘယ်ပျောက်သွားလဲ မသိဘူး "
ကျွန်မသည် မျက်လုံးကို ပြန်မှေးကာ ကျွန်မဇာတ်ထုပ်ကို ကျွန်မ ဘယ်လိုရှင်းရမှန်း မတွေးတတ်အောင် ဖြစ်၍နေပေသည်။
"နောက် သုံး လေးရက်အတွင်း ကြီးကြီး လိုက်လာလိမ့်မယ်"ဟု မချိန်အား ပြောပြကာ ကျွန်မသည် ဆက်၍မှိန်းနေတော့သည်။
* * * * *
ကြီးကြီး ရောက်လာချိန်အထိ ကိုထင်ပေါ်သည် နောက်ထပ်ပေါ်မလာတော့ပေ။ ကြီးကြီးသည် ရောက်ရောက်ချင်းပင် ကျွန်မနဖူးကို စမ်း၊ လက်များကို ဆုပ်နယ်ကာ မျက်ရည် လည်လည် လည်လည်နှင့် ဖြစ်နေတော့သည်။
" သမီးရဲ့၊ တကယ်ဆိုရင် ဖွင့်ပြောရောပေါ့၊ ဒီလောက်ဒုက္ခခံပြီး ထွက်လာဖို့မလိုပါဘူး၊ ခု သူများသိပြီးမှ ကြီးကြီး သိရတယ်၊ စိုးမြင့်အောင်ရော မစောအေးတို့ကလဲ လာမေးတယ်၊ ဗြောင်ဖွင့်ပြောရင် ကြီးကြီးက သဘောတူပါတယ်၊ တရားဥပဒေအရ သူ့မှာက ကွာရှင်းပြီးသားပဲဟာ "
ကျွန်မသည် ကြီးကြီးအား အော်မပစ်မိရန် မနည်း စိတ်ကို ချုပ်၍ ထားလိုက်ရ၏။
" ကြီးကြီးတို့ ပြောနေတာတွေ တစ်ခုမှ မဟုတ်ဘူး၊ အဲဒီအကြောင်းကိုလဲ ဆက်မပြောပါနဲ့တော့၊ ဆက်ပြောရင် ကျွန်မ ရောဂါတိုးမှာပဲ "
ကြီးကြီးသည် မျက်ခုံးပြူးလေးနှင့် ဖြစ်သွားကာ "ဟင် ....ဒီလိုဆို ဘာဖြစ်ကြတာလဲ"ဟု ဆိုပြန်၏။
ကျွန်မသည် အစအဆုံး ဖြည်းဖြည်းချင်း ပြောပြလိုက်၏။
" အို ...ဒီလိုဆိုလဲ မိန်းကလေးရယ်၊ သူလုပ်တိုင်း ဖြစ်ရောလား၊ ကိုယ်က ဟန်မပျက် နေပြလိုက်ပေါ့၊ ခုလို ထွက်လာတော့ သူ ဆင်ထားတဲ့အကွက်ထဲ ကိုယ် ဝင်နင်းသလိုဖြစ်သွားတယ်၊ ကဲ ...နေကောင်းရင် ပြန်စို့"
"မပြန်ချင်ဘူး၊ ဒီမှာပဲ နေမယ်၊ ရှမ်းပြည်မှာပဲ အခြေစိုက်တော့မယ် "
" နောက်မှ အေးအေးဆေးဆေး ပြင်ဆင်ပါကွယ်၊ ခု တစ်ဆက်တည်းနေလိုက်ရင် ဘာလိုလို လူထင်ခံရဦးမယ်၊ ကြီးကြီးစကား နားထောင်ပါ၊ မရွှေခင်ကိုလည်း ဟိုရောက်ရင် ကြီးကြီး ပြောပြမှာပေါ့ "
ကျွန်မသည် ကြီးကြီးကို ဘာမျှ ပြန်မပြောဘဲ ဆိတ်ဆိတ်ပင် နေလိုက်လေသည်။
စောခွန်ရီနှင့် တစ်ပတ်လောက် ဆေးထိုးပြီး ကျွန်မသည် ထူထူထောင်ထောင် ဖြစ်၍လာလေသည်။
ကျွန်မတို့ပြန်ကြရန် ပြင်ဆင်ချိန်တွင် စောခွန်ရီသည် လာ၍နှုတ်ဆက်၏။ ခြင်းတောင်းတစ်ခုနှင့် သန့်စင်ပန်းများကို ထည့်၍ယူလာလေသည်။ သူ့ညီမ မစောအေးအတွက်မူ ဆတ်သားခြောက်တစ်ထုပ် ပေးလိုက်၏။
သန့်စင်ပန်းများကို ကျွန်မလက်ထဲသို့ ထည့်လိုက်ကာ " ကျွန်တော်တို့နှစ်ယောက် မိတ်ဆွေဖြစ်ခဲ့ကြတဲ့ အထိမ်းအမှတ်ပေါ့ "ဟု သူက ဆို၏။
ကျွန်မသည် ရုတ်တရက် ကိုထင်ပေါ် ပထမဆုံးပေးသော မြတ်လေးပန်းများကို သတိသွားရ၏။
" ဟုတ်ကဲ့၊ ရန်ကုန်အထိ ကျွန်မ ယူသွားပါ့မယ်၊ ဒေါက်တာ့ကျေးဇူးတွေလဲ ကျွန်မ မမေ့ပါဘူး။ တစ်နေ့နေ့ ကျွန်မ ဒီကို ပြန်လာဖြစ်လိမ့်မယ်လို့ ထင်ပါတယ် "
" အို ...အချိန်မရွေး လာနိုင်ပါတယ်၊ ကျွန်တော်တစ်ယောက်တည်းမို့ ဒီမှာ လွတ်လပ်ပါတယ်၊ ကျွန်တော်လည်း လာခဲ့ပါဦးမယ် "
ကျွန်မသည် သူ့ကို လက်ဆောင်တစ်ခုခု ပြန်ပေးရန် သတိရလာ၏။ သူ့ကို ခေတ္တအထိုင်ခိုင်းကာ အခန်းတွင်းသို့ ဝင်လာခဲ့၏။ မောင်လေးအတွက် ထိုးထားသော ဆွယ်တာကို သေတ္တာထဲမှ ထုတ်ယူလာခဲ့၏။
" ကဲ ...ရုတ်တရက်မို့ အထိမ်းအမှတ်သဘောပဲ ဆိုကြပါစို့၊ ကျွန်မလက်ဆောင်ကို လက်ခံပါ "
ကျွန်မသည် ဆွယ်တာကို သူပေါင်ပေါ်သို့ တင်လိုက်လျှင် သူ့မျက်နှာသည် ဝင်းထိန်၍သွားပေသည်။
" ကျေးဇူတင်ပါတယ်ဗျာ၊ ကျွန်တော်လည်း မခင်သိုက်နဲ့ ပြန်ပြီးတွေ့ချင်ပါသေးတယ်"
ကြီးကြီး ရောက်လာ၍ ကျွန်မတို့သည် စကားဆက်ပြောကြသည်။
ပြန်ကြသောနေ့တွင် သူသည် ကျွန်မပေးသော ဆွယ်တာကို ဝတ်၍လာလေသည်။ လာတုန်းကလိုပင် သာစည်အထိ လိုက်၍ ပို့လေသည်။
ရန်ကုန်သို့ ရောက်ခဲ့သော်လည်း သန့်စင်ရနံ့သည် မွှေးနေဆဲပင်ဖြစ်ပေသည်။
ဆက်ရန်
---------------------------------
ခင်နှင်းယု
Comments
Post a Comment