မုန်း၍မဟူ၊ အခန်း(ရ)
ဘယ်အချိန်က အိပ်ပျော် သွားကြသည်လည်း မသိ၊ ဘယ်အချိန် ရှိနေပြီလည်း မသိ၊ ဘယ်အချိန်က ဝေဝေ ထသွားသည်လည်း မသိ။ ခြင်ထောင်လည်း မချကြ၊ ပြတင်းတံခါးလည်း မပိတ်ကြ၊ မီးလင်းနေသည်။ ထားထားသည် တစ်ရေးနိုး အိပ်မှုန်စုံမွှားဖြင့် ဟိုကြည့် သည်ကြည့် ကြည့်မိလေသည်။
အပြင်ဘက်မှ လရောင်ကို မှုန်တိမှုန်မွှား မြင်ရသည်။ တစ်ဖက်ခန်းက ကြီးတော်သက် ဟောက်သံမှာ မောကြီးပန်းကြီး ရှိုက်နေသလို ထင်ရသည်။ သည်အသံမှ တစ်ပါး တစ်အိမ်လုံး တိတ်နေသည်။ ဝေးဝေးမှ ခွေးဟောင်သံကို သဲ့သဲ့ကြား နေရသည်။ တစ်ကောင်တည်း ဟောင်နေသံလား၊ သို့မဟုတ် တစ်ကောင်ပြီးမှ တစ်ကောင် ဟောင်သံလား ခွဲခြား၍ မရအောင် ပြတ်တောင်း ပြတ်တောင် ကြားနေရ၏။
ထားထားသည် မျက်လုံးကို ပိတ်လိုက်ကာ ပြန်မှိန်းနေသည်။ မှိန်းသော်လည်း အိပ်မပျော်အောင် သတိထား မှိန်းနေသည်။ ဝေဝေ အခန်းထဲသို့ ဝင်လာလျှင် ခုတင်ခြေရင်းက ပြတင်းတံခါးကို ပိတ်ရန် သတိပေးရမည်။ အိပ်ပျော်နေတုန်း မိုးပက်က အဝတ်တွေ စိုရွှဲကုန်မည်။
ထားထားသည် အိပ်ငိုက်ငိုက်နှင့် ဝေဝေ့ အလာကို သတိပြုနေစဉ် မလာနိုင်၍ “နောက်ဖေး ထတာကလည်း ကြာလိုက်တာ” ဟု စိတ်ထဲက ညည်းညူလျက် ကိုယ်တိုင် ထပိတ်လိုက်ရန် အိပ်ရာက ထလိုက်ရသည်။ မထချင်ဘဲနှင့် မနည်းခဲ ထလိုက်ကာ ယိုင်တိယိုင်တိုင်ဖြင့် တံခါးနားသို့ လျှောက်သွားလေသည်။
ထားထား၏ မနိုးတနိုး အဖြစ်ကို ဆွဲလှုပ် လိုက်သလို တစ်ကိုယ်လုံး သွက်သွက်ခါ သွားလေသည်။ မျက်လုံးများမှာ အဆမတန် ပြူးကျယ်ကျယ် ကြက်သေကြီး သေနေလေ၏။
တစ်ကိုယ်လုံး သွေးများခဲ သွားသလို မလှုပ်မရှားနိုင်အောင် ဖြစ်နေသေးလျက် တံခါးရွက် ကိုင်ထားသော လက်သာလျှင် တဆတ်ဆတ် တုန်နေလေသည်။
ဦးစောဟန်သည် ဝေဝေ၏ လည်ပင်းကို သိုင်းဖက်ထား လေသည်။ သရက်ပင်ကြီးသည် နှစ်ယောက်စလုံးကို လမ်းမက မမြင်နိုင်အောင် လုံလုံ ကွယ်ပေးထားသည်။ သစ်ပင်လုံး ကွယ်ကာ မျက်နှာချင်းဆိုင် ရပ်လျက် လရောင်မှာ သူတို့အပေါ်သို့ ထိုးဖြာ မလင်းနိုင်ဘဲ၊ သစ်ကိုင်းသစ်ခက် အကြားက ပြောက်တိပြောက်ကျား တိုးဝင်လျက် မှုန်တိမှုန်မွှားလေး လင်းနေလေ၏။
ဗြုန်းခနဲ ကြည့်လျှင် ခပ်မှောင်မှောင် ထဲ၌ ဘယ်သူ ဘယ်ဝါမှန်း မသိနိုင်။ မည်းမည်း သဏ္ဌာန်များသာ မြင်ရကာ အားယူ၍ သေသေချာချာ ကြည့်တော့မှ ဦးစောဟန်နှင့် ဝေဝေမှန်း ပုံဖမ်း မြင်ရလာသည်။
ဦးစောဟန်သည် ကုတ်အင်္ကျီ အနက်၊ ဘောင်းဘီအရှည် အနက် ဝတ်ထားသည်။ ဝေဝေ့မှာ အိပ်ရာက ထသွားသည့် အဝတ်အစားနှင့် တွေ့ရသည်။
အောက်က ထားထားကို မမြင်ကြ။ ထားထားမှာ သူတို့ကိုမြင်၍ သူတို့မှန်း သိသည်နှင့် တစ်ပြိုင်နက် ဆက်လက် ကြည့်လိုစိတ် ကုန်ခန်းကာ ခုတင်နားသို့ ပြေးလာလျက် ခုတင်ပေါ်သို့ ပစ်လှဲလိုက်သည်။
တစ်သက်တွင် သည်လောက် ရင်တုန်တာလည်း မကြုံဖူးပေ။ သည်လောက် မောတာမျိုးလည်း မကြုံဖူးပေ။ မျက်စိကို ကြပ်ကြပ် စုံမှိတ်လျက် ရင်တုန်သက်သာ လာလေအောင် မှန်မှန် မျှဉ်းရှူ နေရသည်။
နားနားကပ် ခေါက်သည် ထင်ရသော မနီးမဝေးက သံချောင်းသံဖြင့် တစ်နာရီထိုးသည့် အချိန်ကို သိရသည်။ ထားထားသည် ဘယ်အကြောင်းက စ စဉ်းစားရမှန်းပင် မစွမ်းနိုင်လောက်အောင် ခေါင်းနောက် ခေါင်းကြီးလျက် နေတုန်းပင်။ ဦးစောဟန် သိုင်းဖက် ထားသည်ကို ဝေဝေက မော့နေပုံကလေး မြင်နေတုန်းပင်။ မြင်ကွင်းကို ဖယ်ရှား၍ မရနိုင်သည့် ကြားထဲမှ “သူတို့တော့ ဖြစ်ကြပြီ” ဟူ၍ အစချီ စဉ်းစားလိုက်သည်။
အစချီ စဉ်းစားရသည်နှင့် ဦးစောဟန် ဘိုစိတ် ပေါက်နေပုံ၊ မြန်မာနှင့် မတူပုံ၊ အနေအထိုင် အဆောင်အယောင်ချင်း တစ်မျိုးစီ တစ်ပုံစီ ကွဲလွဲပုံ စသည်တို့သည် ခေါင်းထဲတွင် သူပြီးသူ အလျှိုလျှို ဝင်ရောက်လာကာ၊ တစ်ပြိုင်နက်တည်းလည်း လုံးဝင် နေကြသဖြင့် ထားထား၏ အာရုံမှာ ဟိုအကြောင်းကို ခုန်၊ သည်အကြောင်းကို ကူးနေကာ ဟိုခုန်သည်ခုန် ဟိုတွေး သည်တွေးဖြင့် မနားမနေ ဖြစ်လျက် အတွေးထဲတွင် ဝေဝေ့ အကြောင်းလည်း တစ်ပါတည်း ရောပေါင်းနေသည်။ ဝေဝေမှာ ရိုးရိုး အစိမ်းသက်သက်၊ သည်ဘက်တွင် နားမလည် ပါးမလည်နှင့် အရိုင်း။ စိတ်ပျော့၊ စိတ်အေး စသည်တို့ကို စုံနေအောင် နှစ်ဖက် ယှဉ်ပြိုင် တွေးခြင်းဖြင့် ဦးနှောက်မှာ ပင်ပန်းချင်တိုင်း ပင်ပန်းကာ စိတ်ရော၊ ကိုယ်ရော ရှုပ်ထွေး အိုက်မွန်း နေလေသည်။
ဖြေးညင်းစွာ လျှောက်လာနေသော ဝေဝေ့ ခြေသံကို ကြားရသည့် အချိန်တွင် ထားထားမှာ စောစောကလို မဟုတ်တော့ဘဲ ခေါင်းအေးအေး၊ သွေးအေးအေးနှင့် စဉ်းစား နေနိုင်သော အချိန်သို့ ရောက်နေလေသည်။
အတွေးကို ရပ်ကာ ခြေသံကို နားစွင့် နေလိုက်သည်။ အပါးသို့ ရောက်လာမှန်း သိသောအခါကျမှ ဆတ်ခနဲ မျက်လုံးကို ဖွင့်လျက် မျက်နှာပျက်ပျက်ဖြင့် အဓိပ္ပါယ် လေးနက်စွာ ကြည့်သော အကြည့်မျိုး ကြည့်လေသည်။
ထားထားမျက်လုံး ဆတ်ကနဲ ဖွင့်လိုက်၍ ဝေဝေ့မှာ သရဲခြောက် ခံရသူပမာ ဘယ်လိုမှန်း မသိ အကြီးအကျယ် လန့်သွားလေသည်။ နောက်တွင် ထားထား၏ စူးရှသော အကြည့်၊ ထူးခြားသော မျက်လုံးဒဏ်ကို မခံနိုင်ရှာလေဘဲ အညှို့ခံ နေရသလို တစ်ကိုယ်လုံး တဖြည်းဖြည်း သေးငယ်သွားသယောင် မှတ်ထင်ရကာ၊ ကိုယ့်ကိုယ်ကိုယ် ရှိမှန်းပင် အမှတ်မရှိနိုင်သည့် အထိ သတိလစ်လုလု ဖြစ်နေလေသည်။ ထားထားသည် အိပ်ရာမှ ထလိုက်ကာ ခြေတွဲလောင်း ချလိုက်လျက် “ဝေဝေ” ဟု နှုတ်က ခပ်တိုးတိုး ခေါ်လိုက်သည်။
ထားထား အသံဖြင့် ကိုင်လှုပ် လိုက်သလိုပင် အသိဝင်လာပြီး ရှက်ရှက်နှင့် ခေါင်းကို ငုံ့လိုက်ကာ ငိုမဲ့မဲ့ ဖြစ်နေလေသည်။ ထားထားသည် သူသိတယ်ဟု မပြောရဘဲနှင့် အမူအရာကို ကြည့်ပြီး သိသိချင်း ဝေဝေ သွေးဆုတ်လုမတတ် ရှက်ကြောက် ချောက်ချား သွားပုံကို ကရုဏာစိတ်လည်း ဖြစ်၏။ အချိန်မတော်ကြီး တံခါးဖွင့်ဆင်းပြီး ခိုးကြောင်ခိုးဝှက် သွားအတွေ့ခံပုံကို မကြိုက်သဖြင့် မကြိုက်တာကို အပြစ်လည်း မတင်ရက်။ အပျိုဖြစ်မှ မိမိကဲ့သို့ အမေနှင့် မနေရရှာခဲ့ဘဲ သူ့ကိုယ်သူ ထိန်းသိမ်းလျက် မောင်နှမဖော် မရှိ၊ သူ့တစ်ယောက်တည်း နေကာ အိမ်၏ တာဝန်တွေကို သယ်ပိုး ထမ်းရွက်လျက်၊ အိမ်နှင့် အချိန်ကုန်နေသည့် သူ့ဘဝကို လေးစားစွာဖြင့် သူလည်း လူသားပဲ၊ အချစ်ရှိရမှာပဲဟု သည်အတွေးအမြင်နှင့် အကြီးက အငယ်ကို ခွင့်လွှတ်နည်း သနားခွင့်လွှတ် လိုက်ရသည်။
ထားထားသည် မျက်နှာ မကောင်းစွာဖြင့် ဝေဝေ့ လက်ကလေးကို လှမ်းကိုင်ကာ “ညီမရယ် မရှက်ပါနဲ့ ... လာပါကွယ်၊ ထိုင်ပါ” ဟု ပြောပြီး ဆွဲခေါ်လေသည်။
ကြင်နာစွာ သာသာညင်းညင်း ပြောနေသော ထားထား၏ အသံဖြင့် ဝေဝေ့မှာ ရင်ထဲ အတန်ငယ် ချမ်းသာရာ၊ သက်သာရာ ရသွားရှာကာ အစ်မဘေးနား ကပ်ထိုင်လျက် အရှက်မပြေသလို ခေါင်းမဖော်ရဲသေးပေ။
“ဦးစောဟန်နဲ့ ချစ်နေတာ ကြာပြီလား”
ဝေဝေသည် ခေါင်းမထောင်ဘဲ ခေါင်းကို ယမ်းပြနေသည်။
“ဒါဖြင့် မကြာကြသေးဘူးပေါ့”
ဝေဝေက ခေါင်းညိတ်ပြီးနောက် မျက်နှာကလေးကို မရဲတရဲ ပင့်လျက် ထားထားအား အချစ်များစွာဖြင့် ကြည့်လိုက်ကာ မျက်လုံးတွင် မျက်ရည်များ ဝဲနေလေသည်။
ထားထားမှာ ဝေဝေ၏ မျက်နှာကလေးကို ကြည့်ကာ ဘာမျှ ထပ်၍ မမေးနိုင်သလောက် ရင်ထဲ၌ ဆို့နေပေသည်။
“မမရယ် ... အစကတော့ ဘာမှ မဖြစ်ပါဘူး ရိုးရိုးပဲ၊ မမ မလာခင် တစ်နေ့ကမှ သူနဲ့ ...”
ဝေဝေသည် ရှေ့သို့ မဆက်ဘဲ နေ၏။။ ထားထားမှာ ငြိမ်သက်လျက် ရှိနေကာ ဝေဝေ့ကို ငေးကြည့် နေလေသည်။
ဝေဝေသည် ရှေ့ဆက် မပြောဘဲ နေသော်လည်း ရှေ့ဆက်ပြီး တစ်ခုပြီးတစ်ခု မြင်နေဟန် ရှိသည်။
စပါးဂိုဒေါင်တွင် စပါးများ အောက်နေကြောင်း သိရသဖြင့် နောက်ထပ် ဆိုက်လာမည့် စပါးသမ္ဗန်ထဲမှ စပါးများ ဂိုဒေါင်ထဲ၌ တစ်ခန်းတည်း ရောမသွင်းရန် အချိန်မီ ပြေးပြောရမည်။
အချိန်မီ ပြေးပြောမှ ဖြစ်မည်ကြောင့် ကြီးတော်သက်ကို လွှတ်ရန် ကြံစည်သော်လည်း ကြီးတော်သက်မှာ ဘုန်းကြီးကျောင်းမှ ပြန်မလာနိုင်သဖြင့်၊ ဖခင်နားတွင် မယ်အေးကို အစောင့် ထားခဲ့ကာ ဂိုဒေါင်ဘက်သို့ သုတ်သီးသုတ်ပျာ ထွက်လာခဲ့သည်။
အချိန်မှာ ညနေ သုံးနာရီခန့် ရှိမည်။ ဝေဝေ အိမ်က ထွက်လာ၍ လမ်းကွေ့သို့ ချိုးလျှင် အလုပ်က အိမ်သို့ ပြန်လာသော ဦးစောဟန်နှင့် လမ်းကွေ့တွင် သွားတွေ့ကြ လေသည်။
ဦးစောဟန်မှာ လမ်းပေါ်တွင် မမျှော်လင့်ဘဲ ဝေဝေနှင့် ပက်ပင်း သွားတွေ့၍ အံ့ဩသွားကာ ... “ဝေဝေ ဦး ဘာဖြစ်လို့လဲဟင်၊ ဆေးရုံက ဆရာဝန်ဆီ သွားမလို့လား” ဟု ထိတ်ထိတ်ပျာပျာ ရပ်မေးလိုက်သည်။
ဝေဝေက ဂိုဒေါင်တွင် ကိစ္စရှိ၍ ထွက်လာကြောင်း ရှင်းပြောပြမှ “ဒါဖြင့် လာလေ သွားရအောင်” ဟု ဆိုကာ အိမ်သို့မပြန်ဘဲ ဝေဝေနှင့်အတူ ဂိုဒေါင်ထဲသို့ လိုက်လာသည်။
ဝေဝေ့မှာ လူမြင်သူမြင် ယှဉ်တွဲလျက် သွားရမည်ကို ရွံ့ရွံ့ဖြင့် “နေပါစေ မလိုက်ပါနဲ့၊ ဝေဝေ သွားပါ့မယ်” ဟု ပြောမိသေးသည်။ ဦးစောဟန်မှာ ဘာကြောင့် မလိုက်ခိုင်းသည်ကို ရိပ်မိပုံ မရှိဘဲ လိုက်လာလေသည်။
ဂိုဒေါင်သို့ သွားရာ တစ်လမ်းလုံး ဦးစောဟန်သာ စကားပြော လာသည်။ ဝေဝေသည် အတူယှဉ်သွား နေရသည်ကို ရှက်ရှက်ဖြင့် သုတ်ချီတင်ကာ လျှောက်လာနေကာ စကားမပြောနိုင်ပေ။
“ဝေဝေ့ကို ကိုယ့်မျက်စိထဲမှာ ကလေးလိုပဲ မြင်တယ်၊ ဝေဝေ လုပ်နေတဲ့ အလုပ်တွေက ဝေဝေနဲ့ လိုက်ကို မလိုက်ဘူး၊ ဝေဝေ့ ဘဝကို ကိုယ်သနားတယ် သိလား၊ ဘာမဆို အကူအညီလိုရင် ပြောနော်၊ တတ်နိုင်သမျှ ကူညီမယ်”
ဝေဝေသည် ဂိုဒေါင် ရောက်လာသည် အထိ စကား ပြန်မပြောမိဘဲ လူမြင်မှာ စိုးသည့်စိတ်ပဲ မွှန်နေလေသည်။
စပါးဂိုဒေါင် ရောက်သွားမှပဲ လူသူပါး၍ စိတ်သက်သာရာ ရသွားမိသည်။ ဂိုဒေါင်စောင့် ကိုညိုတို့ လင်မယား နေသော တဲကလေးထဲသို့ ဝင်သွားကာ အကျိုးအကြောင်း သွားပြောခိုက်၊ ဦးစောဟန်မှာ စပါးကျီကို ပတ်ချာလှည့်၍ ကြည့်ရှုနေသည်။
ဝေဝေသည် တဲထဲတွင် ကိုညိုကို မတွေ့ဘဲ ကိုညို၏မယား မညွန့်ကိုသာ တွေ့ရသည်။ နေ့လယ်က ကိုညိုလာ၍ ရေနံဆီ ကုန်နေကြောင်း ပြောသဖြင့် ငွေထုတ်ပေး လိုက်ရာ ယခုထက်တိုင် ဈေးက မလာသေးသည်ကို တွေ့ရှိရသည်။ ဝေဝေက မညွန့်အား ညနေ စပါးသမ္ဗန် ဆိုက်လျှင် အောက်သည့် အခန်းထဲမှ စပါးများကို တစ်ဖက်ခန်းသို့ ပြောင်းလိုက်ပြီးမှ ထည့်ရန် မှာကြားခဲ့ကာ တဲအတွင်းမှ ထွက်လာခဲ့သည်။ အပြင်တွင် ဦးစောဟန်ကို မမြင်၍ ဘယ်များ သွားပါလိမ့်ဟု လိုက်ကြည့်မှ စပါးကျီကြီး၏ မြောက်ဘက်ရှိ ကုက္ကိုပင်ကြီး အောက်၌ ရပ်ကာ မြစ်ဘက်သို့ မျှော်ငေးနေသော ဦးစောဟန်ကို တွေ့ရသည်။
ဝေဝေသည် အနားသို့ ရောက်သွားလေသည်။ ဦးစောဟန်နှင့် မနီးမဝေးတွင် ရပ်ကာ မြစ်ဘက်သို့ မျှော်ကြည့် လိုက်လေသည်။
“သိပ် လေတိုက်တာပဲ”
လေထဲတွင် လွင့်နေသော ထဘီစကို ဆွဲလျက် အသားနှင့် ပြန်ကပ်ရင်း ပြောလိုက်မိသည်။ လေမှာ အရမ်းတိုက် နေ၏။ ဦးစောဟန်မှာ လေထဲတွင် တလွင့်လွင့် ရှိသော ဝေဝေ့နဖူးပေါ်က ဆံယဉ်ကလေးတွေကို စိုက်ငေးလျက် “ဒီက လေကောင်းလေသန့် ရတယ် ဝေဝေ၊ ခဏ နေကြဦးစို့” ဟု ဆို၏။
ခဏ နေကြသည့်အခိုက် ဦးစောဟန်သည် ရီဝေသော မျက်လုံးများဖြင့် ဝေဝေ့ကိုသာ ကြည့်နေလေသည်။ ဝေဝေသည် မမြင်သဟန် ပြုလျက် မြစ်ရေပြင်ကို ငေးနေသည်။ ရပ်နေကြသည့် နေရာသည် တိတ်ဆိတ်၍ နေသည်။ ဘယ်သူမျှ စကားမပြောကြ။ ဦးစောဟန်မှာ ဝေဝေ့ကို တစိမ့်စိမ့် ကြည့်လျက် စိတ်ထဲတွင် ဘယ်လိုဖြစ် နေသည်ကို အပြင်သို့ မရောက်အောင် မျိုသိပ်ထားရ လေသည်။
“ပြန်မယ်နော်” ဟု ဝေဝေက ဆိုရာ ဦးစောဟန်သည် ခေါင်းကိုညိတ်လျက် မျိုသိပ်ရ၍ အခြေအနေ ပျက်နေသည့် မျက်နှာဖြင့် ဝေဝေနှင့်အတူ ယှဉ်၍ လျှောက်လိုက် လာလေသည်။
လာလမ်းအတိုင်း မပြန်ကြပေ။ လမ်းတို ဖြတ်လမ်းလိုက်ကာ စပါးကျီ တောင်ဘက်က ကွေ့ပြန်ကြသည်။ ခဏလေးနှင့် လမ်းမပေါ်သို့ ရောက်နိုင်သော်လည်း ရှေ့တွင် မြောင်းက ခြားနေသည်။
ဦးစောဟန်သည် မြောင်းကို ခုန်ကူးလိုက်ကာ လက်ကို ကမ်းပေး နေလေသည်။ ဦးစောဟန်၏ လက်ကို လှမ်းဆွဲကူးရန် ဝေဝေ့အဖို့ အင်မတန် ခဲယဉ်းသော အဖြစ်သို့ ရောက်နေလေသည်။ မျက်နှာတွင် ရှက်သွေးရောင် ဖြန်းလျက် နီမြန်းလာ လေသည်။ ဦးစောဟန်အား မကြည့်ရဲအောင် ဖြစ်နေသော အမူအရာကလေးသည် ဦးစောဟန်အား မျိုသိပ်၍ မရနိုင်အောင် ဖြစ်လာစဉ်၊ ဝေဝေက သူ့ဟာသူ ခုန်ကူးလိုက်၍ လက်ကို တအားဖမ်းယူ ဆွဲခေါ်လိုက်သည်။
ဦးစောဟန်မှာ ဝေဝေ၏ လက်ကလေးကို တော်တော်နှင့် မလွှတ်တော့ပေ။ ဆုပ်၍သာပင် ထားကာ မျက်နှာကို ခပ်ညုညုကြည့် နေ၏။
ဝေဝေသည် တစ်ကိုယ်လုံး ဆတ်ဆတ်သာ တုန်နေလျက် လက်ချင်း လက်ချင်း ဆုပ်ထားခြင်းကို သူ့တစ်ကိုယ်လုံး ဆုပ်ထားသကဲ့သို့ မလှုပ်နိုင်ကာ လက်ကို ပြန်မရုတ်နိုင်ဘဲ ရှိသည်။
“ဝေဝေ ချစ်တယ်နော်”
ထိုစဉ်က ရင်ထဲ၌ မောတောကြီး ဖြစ်ခဲ့သလို ယခုလည်း ပြန်တွေးမိ၍ ရင်ထဲ၌ မောလာသည်။
ထားထားမှာ ဝေဝေ့ကို မမေးပါဘူးဟု စိတ်ချုပ်လျက် မနေနိုင်သဖြင့် “ဒီလိုပဲ ညတိုင်း ဆင်းတွေ့ကြသလား” ဟု မေးလိုက်မိသည်။
“ညတိုင်း မဟုတ်ပါဘူး၊ ဒီညပဲ တွေ့တာ။ ည စောင့်နေမယ်၊ ဆင်းလာပါ ဆိုလို့ ညနေက အတင်းပဲ ပြောလိုက်တာနဲ့”
နောက်ထပ် ဘာမှမမေးချင်ဘဲ ဆက်လက်၍လည်း မကြားလိုဘဲ ဝေဝေ့အနားမှ ထလိုက်သည်။ ထားထား ထသွား၍ “ဝေဝေ့ကို သူနဲ့ သဘောမတူဘူးလား ... မမ ...” ဟု ဝေဝေက စိုးရိမ်ပူပန်စွာ မေးလိုက်လေသည်။
ထားထားသည် သွားမည့်ဟန်ကို ရုပ်ကာ ကိုယ်ကို စောင်းလှည့်လျက် “နင် နှစ်သက်ရင် ပြီးတာပါပဲ၊ စိတ်အနှောင့်အယှက် မဖြစ်ပါနဲ့ ဝေဝေ” ဟု ဆိုပြီး ပြတင်းတံခါး သွားပိတ်သည်။
ဝေဝေထက် အသက် နှစ်ဆယ်လောက် ကြီးနေသော ဦးစောဟန်ကို အသက် ဆယ့်ခုနစ်နှစ် အရွယ် ဝေဝေနှင့် သဘောတူဖို့ရာ အသက်ချင်း ကွာခြားလွန်းသည်။ အရွယ်ချင်း မလိုက်လွန်းသည်။ သူတို့ချင်း ကြိုက်၍ သဘောတူရရင် တူရမည်သာ။ လူကြီးကြိုက် ရွေးပေးရက ဦးစောဟန်ကို အသက်ကြီးတာနှင့် ပယ်လိုက်မှာ အမှန်ဖြစ်သည်။
ထားထားသည် အိပ်ရာထဲတွင် ဝေဝေ၏ ရှေ့ရေးကို အပူတပြင်း စဉ်းစား နေလေသည်။
ဝေဝေ့အလို လိုက်၍ မိမိက သဘောတူသည်ထား၊ ဖခင်နှင့် အစ်ကိုတို့ သဘောတူပါ့မလားဟု တွေးမိပြန်သည်။ အထူးသဖြင့် ကိုနေဦးမှာ မျက်နှာဖြူ ဓနရှင်များကို ဆန့်ကျင်ကာ မျိုးချစ်စိတ် ကိန်းအောင်းသူ ဖြစ်၍ သဘောတူမှာ မဟုတ်မှန်း အတပ်သိသည်။ မိန်းမတစ်ယောက် မှီအားထားလောက်ဖို့ ယောကျ်ား၌ ရှိရမည့် ပညာအရည်အချင်း၊ ဂုဏ်ဒြပ်၊ အဆင့်အတန်းကို ကြည့်ရင် ဦးစောဟန်မှာ စိတ်ကြိုက် မျှော်မှန်းထားတာထက် လွန်ကဲ၍ပင် နေသေးသည်။
မြို့အုပ်၊ ဝန်ထောက်၊ ဘုရားထူးခံ ရာထူးခံနှင့် လူမျိုးက ပေါချင်ပေါမည်။ ဘိုစိတ်ဝင်၍ သခင် အခေါ်ခံပြီး မြန်မာ့ အမူအရာ လုံးလုံးဖျောက်လျက် မျက်နှာဖြူစနစ် အတိုင်း နေထိုင်သူမျိုးကား တွေ့ရခဲဘိခြင်း။
ထားထားသည် ဝေဝေ့ နေရာတွင် ဝင်၍ ဦးစောဟန်၏ ဂုဏ်ဒြပ်နှင့် အဆောင်ယောင်များကို စုံမက်ကြည့်သည်။ လှပခမ်းနား ထည်ဝါသည့် အဆောင်အယောင်တွေကို နှစ်သက်စုံမက် စေကာမူလည်း မြန်မာစစ်စစ်က အင်္ဂလိပ်စနစ် အတိုင်း ထပ်ကြပ်လိုက်တု နေခြင်းကို အသေအလဲ မုန်း၏။
ထားထားမှာ ပြဿနာ အရပ်ရပ်ကို အပူတပြင်း စဉ်းစားရင်း ဖြစ်ပါ့မလားဟု စိုးရိမ်မိသည်။
ပယင်းရောင် တောက်လဲ့သည့် အရက်ဖန်ခွက်ကို ဝေဝေ့ မျက်စိထဲများ ဘယ်လို မြင်မလဲဟု တွေးတွေးရင်း ကျောချမ်း လာမိသည်။
ဝေဝေသည် ထားထားကို ကျောခိုင်း အိပ်နေကာ တစ်ဖက်တွင် မျက်ရည်တွေတွေ ကျနေလေသည်။
သူ့ဘဝကိုသူ စဉ်းစားမိသည်။ သူသည် သည်အိမ်ကြီးကို ကြည့်ထိန်းရမည်။ သည်အဖေကို စောင့်ရှောက်ရမည်။ သည်အိမ်ကြီးနှင့် အဖေ့အရေးက လွဲ၍ သည့်ပြင် တခြားအရေး သူ့မှာ မရှိရ။ သူ့ဘဝနှင့် ရည်စားထားဖို့ မသင့်။ တစ်ပါးသူကို ချစ်ခြင်းသည် အဖေနှင့် အိမ်ကို သစ္စာဖောက်ခြင်းနှင့် အတူတူကဲ့သို့ တွက်ကာ ရင်ထဲ ပဲ့တင်ခတ် နေလေသည်။ အိမ်ထဲ အဖေ့နား၌ နေသော ဝေဝေသည် အိမ်အပြင် ထွက်ကာ ချစ်သူနားသို့ ရောက်နေလေသည်။
ချစ်သူဘက်သို့ ရွေ့လျားသွားသော ဝေဝေ့ကို အဖေ့ဘက်သို့ ဆွဲရွှေ့ပို့သည်။ အဖေ့ဘက်သို့ ဝေဝေ ပြန်ရောက်နေပြီး ချစ်သူဘက်၌လည်း ဝေဝေ မပျောက်ဘဲ ရှိနေသဖြင့် သည်အဖြစ်မျိုး မဖြစ်ဖူး၊ မကြုံဖူးသော ဝေဝေသည် တစ်ဖက်ဖက်တွင် ပျောက်သွားအောင် အားထုတ် ဖျောက်ကြည့်ရာတွင် ဘယ်ဘက်ကမှ ပျောက်အောင် ဖျောက်မရနိုင်ဘဲ ပူလောင် ပင်ပန်းလျက် ရင်ထဲတွင် တနုံ့နုံ့ ဖြစ်နေလေသည်။
ထားထားသည် ဗြုန်းခနဲ အိပ်ရာမှ ထကာ မီးဖွင့်လိုက်သည်။ ဝေဝေသည် မျက်ရည်စကို သုတ်ကာ မျက်စိကို အသာမှေးလျက် ငြိမ်နေ၏။
မီးရောင်ထဲတွင် ထားထား၏ နီမြန်းသော မျက်နှာကို တွေ့ရသည်။ လေးလံ ထိုင်းမှိုင်းစွာဖြင့် စားပွဲခုံနားသို့ လျှောက်သွားကာ ခုံပေါ်၌ တင်ထားသည့် ရေဖန်ခွက်ကို ယူမော့သောက် နေသည်။ ရေသောက်ပြီး အိပ်ရာဆီသို့ ပြန်မလာဘဲ ခုံနားတွင် အကြာကြီး ရပ်နေလေသည်။
အကြာကြီး ရပ်နေပုံကို ကြည့်နေရာမှ အိပ်ရာထဲ ပြန်လာအိပ်အောင် “မမ မအိပ်သေးဘူးလား” ဟု လှမ်းပြောလိုက်သည်။
ထားထားမှာ ဆတ်ခနဲ ကျောကုန်းလှုပ် သွားကာ၊ ဝေဝေ့ဘက်သို့ မလှည့်ဘဲ “ရေငတ်လို့ ရေထသောက်တာ၊ နင် မအိပ်သေးဘူးလား” ဟု မေးလိုက်သည်။
ဝေဝေသည် အိပ်ရာမှ ထလာကာ ထားထား မျက်နှာကို စုံစမ်းသလို ကြည့်လျက် “မမ ဘာဖြစ်လို့လဲ” ဟု မေးနေလေသည်။ ဘာဖြစ်လို့လဲ လာမေးသော ဝေဝေ၏ ငိုထားသော မျက်နှာကလေးကို စိုက်ကြည့်လိုက်သည်။
“ဘာမှ မဖြစ်ပါဘူးဟယ်၊ မအိပ်ချင်တာနဲ့ နင်တို့ လက်ထပ်ဖို့ ကိစ္စတွေ လျှောက်စဉ်းစား နေတာ”
“လက်ထပ်ဖို့...”
ဝေဝေသည် မျက်လုံးကလေး ပြူးလျက် ပါးစပ်ဟ နေသည်။
“ဝေဝေ ... နင့်ကို ဦးစောဟန်က ဘယ်တော့ လက်ထပ်မယ်လို့ ပြောသလဲ”
ဝေဝေသည် ကြောက်ကြောက် လန့်လန့်ဖြင့် ခေါင်းကိုယမ်းကာ “မပြောပါဘူး” ဟု ဖြေရှင်း နေလေသည်။
ဂိုဒေါင်တွင် ဦးစောဟန်နှင့် တွေ့ကြပြီးသည့်နောက် တစ်ယောက်နှင့် တစ်ယောက် အချစ်ကိစ္စသာ ပြောနေကြသည်။ လက်ထပ်ဖို့ ကိစ္စကို ထားထား ပြောလိုက်မှသာ ကြားရသည်။ ထားထား မပြောခင် စိတ်ကူးထဲတွင် မရှိသဖြင့် လက်ထပ်စကားမှာ ဝေဝေ့အဖို့ အချစ်နှင့် ဆွေမျိုးစပ် မကြည့်သေးဘဲ စိမ်းနေပေသည်။
“နင်ကကော ... ဘယ်တော့ လက်ထပ်မယ်လို့ အောက်မေ့သလဲ”
“မအောက်မေ့ဘူး၊ စဉ်းလည်း မစဉ်းစားဘူး၊ လက်လည်း မထပ်ချင်ပါဘူး”
“ဟင် ... လက်မထပ်လို့ ဖြစ်မလား၊ ဘယ်လို ပြောတာလဲ”
ထားထားသည် မျက်မှောင်ကုတ်၍ ကြည့်နေသည်။ ဝေဝေမှာ များစွာ စိတ်အိုက်သွားကာ ဘာကြောင့် လက်မထပ် ချင်သည်ကို ဘယ်လို ပြောရမှန်း မပြောတတ်သလောက် ခွကျနေ၏။
“ဒီအခြေ မရောက်သေးဘူးပေါ့လေ၊ ခုနေဆိုတော့လည်း ဒါကို ဘယ်စဉ်းစားလိမ့်ဦးမလဲ။ ဒါပေမဲ့ ငါ့သဘောကတော့ ရက်ရှည်လများ ဆွဲမနေစေချင်ဘူး၊ ဖြစ်နိုင်ကြမယ် ဆိုရင် ငါမပြန်ခင် ဖေဖေ့ကို ဖွင့်ပြောပြီး နှစ်ဖက် စေ့စပ် ထားလိုက်ရင် ကောင်းမယ်”
ဝေဝေမှာ ခေါင်းထဲတွင် နောက်သွားကာ လက်ထပ်ရမှာကို မကြားဝံ့သကဲ့သို့ တုန်တုန်ချည့်ချည့်ဖြင့် “ဝေဝေ လက်မထပ်ဘဲ နေဦးမယ်၊ လက်ထပ်လို့ မဖြစ်သေးဘူး” ဟု အတင်းငြင်းဆန် နေလေသည်။
“ဘာမဖြစ်တာတုံး၊ တစ်ယောက်နဲ့ တစ်ယောက် လပ်မထပ်ဘဲ ဒီလိုပဲ နေလို့ကော ဖြစ်မလား”
“ဖေဖေကကော ...”
ဝေဝေ့နှုတ်က ယောင်အော်မိသည်။
“ဖေဖေက ဘာဖြစ်သလဲ၊ နင် လက်ထပ်သွားရင် ဖေဖေ တစ်ယောက်တည်း ဖြစ်နေမှာကြောင့်လား၊ ဖြစ်ရမှာပဲဟ။ ဖေဖေ တစ်ယောက်တည်း ဖြစ်မှာမို့ နင့်ကို လက်ထပ်ပေးဖို့ မဟုတ်ဘူး၊ ဖေဖေ တစ်ယောက်တည်းရယ်လို့ နင်က လက်မထပ်ဘဲ နေရမှာ မဟုတ်ဘူး။ နင်တို့ လက်ထပ်ရင် ဖေဖေ့အတွက် အဆင်ပြေအောင် စီစဉ်ကြဖို့ပဲ ရှိတယ်”
ဝေဝေသည် ကြာလေ ကြာလေ အတွေးရ ကျပ်လေပါပင်။ ဦးစောဟန်နှင့် လက်ထပ်ခဲ့ရင် မိမိမှာ ဖခင်နှင့်မုချ ခွဲနေရမည်။ ဖခင်နှင့်လည်း ခွဲနေ၍ မဖြစ်။ စီးပွါးရေး လုပ်ငန်းများကလည်း တမှောင့်။ ခေါင်းပူလာအောင် စဉ်းစားပြီးနောက် ဖခင်နှင့် မခွဲရအောင် လက်ထပ်ရေး ကိစ္စကို ဆိုင်းနိုင်သမျှ ဆိုင်းမည်ဟု မအိပ်ခင် သန္နိဋ္ဌာန်ချ နေလေသည်။
------------------------------------
ဂျာနယ်ကျော်မမလေး
crd 👉 http://openread.atspace.cc/works/24052020_nv.html
Comments
Post a Comment