ရန်ရှင်း

ကမာတာ ကွင်းကြီးကား မျက်စိတစ်ဆုံး ကျယ်ပြန့်လှပေ၏။ လယ်တဲ ကြီးငယ်တို့ကို မိုးကုပ်ကုပ်သို့တိုင်အောင် မြူကြားတွင် ပြတ်တောင်း ပြတ်တောင်း တွေ့မြင်ရသော်လည်း နံနက်ချိန် စောလွန်းလှသေးသည်ဖြစ်သောကြောင့် အသက်ရှိ သတ္တဝါတို့ကိုကား ရိုးရိုးရွရွ များစွာ မတွေ့မြင်ရသေးချေ။ ကောင်းကင်စာဟူ၍လည်း ခေါ်သော မိုးငှက်ကလေးတို့သည် အရှေ့လောကဓာတ်မှ ထွက်ပေါ်အံ့သော နေမင်းကြီးကို ခရီးဦး ကြိုဆိုနေသည့်ပမာ တကျည်ကျည် တကျောကျောနှင့် အာကာပြင်တွင် ပဉ္စင် တီးမှုတ်လျက် သီဆို ကြွေးကြော်နေကြကုန်၏။

ထိုသို့သော နံနက်အချိန်များဝယ် ကောက်တိကောက်ကွေး မြွေဖြူကြီးနှစ်ကောင် ယှဉ်၍ ပြေးသည်နှင့်တူသော လှည်းလမ်းကြောင်းတစ်လျှောက်တွင် မောင်ရွှေကြူသည် ရွာသားငယ် ရန်ရှင်းနှင့်အတူ လမ်းလျှောက်နေသည်ကို မကြာခဏ တွေ့ရ၏။ မောင်ရွှေကြူမှာ မြို့သား၊ ကျောင်းအားရက်တွင် အညောင်းအညာဖြေရန် ဤတောရွာကလေးသို့ လာရောက်လျက် အိမ်ငှားနေထိုင်သူ ဖြစ်၏။ ရွာသူကြီးပြောသည့်အတိုင်း ရန်ရှင်းသည် အိမ်မှုရေးရာတွင် သေတ္တာမှောက် လုပ်ကိုင်တတ်၍ ရိုးသား ဖျတ်လတ် အသိဉာဏ် မနည်းကြောင်းကို တွေ့မြင်ရသောကြောင့် တောတွင်နေစဉ်အတွင်းဝယ် လခဖြင့် ခိုင်းစေထား၏။

နံနက်လင်းကြက် အတွန်တွင် လမ်းလျှောက်ထွက်ရန် အိပ်ရာမှ ထသည်နှင့်တစ်ပြိုင်နက် ကော်ဖီပူပူနွေးနွေးကို အခန့်သင့်ပြင်ပြီး တွေ့ရ၏။ လမ်းလျှောက်ရာတွင် ရန်ရှင်းသည် သခင် (ဝါ) ဆရာ၏နောက်မှ တကောက်ကောက် လိုက်၍ ဤအပင်ကို ကညင်ပင် ခေါ်သည်။ ထိုငှက်ကား ကောင်းကင်စာ ဖြစ်၏။ ဤအရာကား မိုးအခါတွင် လယ်တွင်းမှ ရေလွှတ်သော ကတွတ်ပေါက်တည်း စသည်ဖြင့် တောသုံး တောနှုန်း၊ တောမူ တောရာတို့ကို စီကာစဉ်ကာ ခရေစေ့တွင်းချ ပြောပြလေ့ ရှိ၏။ ပြောလည်း ပြောတတ်၏ ။ မောင်ရွှေကြူသည် ရန်ရှင်းထံမှ ဒေသန္တရ ဗဟုသုတများစွာရ၏။

အချုပ်ကို ပြောရလျှင် ဗဟုသုတနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ရန်ရှင်းသည် တိုင်ပင်ဖော် တိုင်ပင်ဖက် မိတ်ဆွေဖြစ်၏။ စားရေး အိပ်မှုနှင့် ပတ်သက်ရာတွင် အမိလည်း ဖြစ်၏။ အစ်မလည်း ဖြစ်၏။ ခိုင်းစေစရာ ရှိသောအခါ ယုံကြည် စိတ်ချရသော တပည့်ကောင်း ဖြစ်ပေ၏။ ယင်းသို့သော ဂုဏ်ရည်တို့ကြောင့် ရန်ရှင်းအား ကျေးဇူးတင်၏။ သနား၏။ ခင်မင်၏။ တစ်ခါတွင်ကား မိမိ ကျောင်းထွက်၍ အလုပ်လုပ်သောအခါ ရန်ရှင်းအား မိမိနှင့်အတူ ခေါ်မည် ဟူ၍ပင် ပြောဖူး၏။

ရန်ရှင်းဘက်သို့ ကြည့်ပြန်ဦးစို့။ အင်္ဂလိပ်စာတတ်သူ ဟူသမျှသည် ရန်ရှင်းအတွက် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်ဆန်းများ ဖြစ်၏။ ခြေထောက်လေးချောင်း၊ ခေါင်းနှစ်လုံး ပေါက်လာသော ဦးရွှေထူး၏ ကြက်ကလေးထက် ထူးဆန်း၏။ စက်ဘီးစီးတတ်၍ စီးကရက်ကို လက်ကြားညှပ်နိုင်သော မြို့သားများသည် မိမိသို့သော တောသူ တောင်နား အရိုင်းအစိုင်းများကို အဖက်လုပ် စကားပြောလိမ့်မည်ဟူ၍ အိပ်မက်တွင်မှ မတွေးမိဖူးချေ။ ယခု မောင်ရွှေကြူနှင့် တွေ့ရသောအခါ များစွာ အံ့ဩမိ၏။ ယခု မောင်ရွှေကြူမှာ တကယ့်မြို့သား။ အမျိုးအနွယ်မှာလည်း စိတ်ကြီးဝင်တတ်သော မင်းမျိုး စိုးမျိုး။ ပညာအရာတွင်လည်း မိမိ မတွေးထင်တတ်လောက်အောင် တတ်မြောက်၏။ သို့ပါလျက်နှင့်လည်း မိမိအား များစွာ ခင်မင်၍ အရေးပေး၏။ မသိသောအရာများကို မိမိအား မေးမြန်းလေ့ရှိ၏။ လသာသောညများတွင် ခြံတွင်း၌ အတူထိုင်လျက် အိမ်နားနီးချင်းများ၏ အဆဲအဆို၊ အငြိုအငြင်၊ အပြောင်အလှောင်ကို ခံ၍ မှုတ်ရသော မိမိ၏ပလွေကိုပင် သွားရည်ယိုမတတ် ဟင်းလင်းသော ပါးစပ်ဖြင့် နားစိုက်၍ ထောင်တတ်၏။ ကောင်းပါပေသည်၊ တော်ပါပေသည်ဟု မကြာခဏ ချီးမွမ်း၏။ ရွာကလေးတွင် မည်သူ၏အမုန်းကိုမျှ မခံရသော်လည်း ထိုမျှလောက် ချစ်ခင်ကြင်နာစွာ ဆက်ဆံ ပေါင်းသင်းသည်ကိုကား တစ်ခါမျှ မတွေ့ခဲ့ရဖူးချေ။ သိတတ်သော အရွယ်တိုင်အောင် မိဘနှစ်ပါး အသက်ရှင်ခဲ့ပါမူ ဤသို့သော ချစ်ခင် ကြင်နာခြင်းကို တွေ့ရှိ မှတ်မိဖူးမည်လား မသိရ။ ထိုသို့သော အကြောင်းများကြောင့် မောင်ရွှေကြူနှင့် ရန်ရှင်း တည်းဟူသော နှစ်ပြည်ထောင် စပ်ကြားတွင် ရွှေလမ်းငွေလမ်း မေတ္တာလမ်းကြီးများသည် ဖြူးဖြူးကြီး သွယ်တန်း ဆက်ဖွဲ့ လာလေတော့၏။

အမိအဘ ညီအစ်ကို မောင်နှမတို့နှင့် ပြည့်စုံသော သမ္ပတ္တိ အရသာကို တစ်ခါမျှ မခံစားရဖူးသော ရန်ရှင်းသည် ယခုမှပင် ထိုအရသာမျိုးတို့ကို စုပေါင်း ခံစားရလေသောကြောင့် ဝမ်းသာ ပျော်ရွှင်ခြင်းကြီးမက ဝမ်းသာ ပျော်ရွှင်လေ၏။ စေခိုင်းသမျှကို သီချင်း တအေးအေးနှင့် လုပ်ကိုင်ပေး၏။ ကလေးငယ်သည် ကစားစရာကို တောင့်တသကဲ့သို့ ရန်ရှင်းသည် မောင်ရွှေအတွက် ဆောင်ရွက်ဖွယ်သော ကိစ္စကို တောင့်တ၏။ မောင်ရွှေဖြူအဖို့ ဖြစ်လျှင် သူကြီးအိမ်တွင် ဆွဲထားသော ကြေးမောင်းကြီးကိုပင် ရအောင် ဆောင်ကြဉ်းပေးမည်ဟု စိတ်ထဲတွင် ဆုံးဖြတ်ဖူး၏။ ဤသည်တို့ကား မောင်ရွှေကြူတို့၏ ဇာတ်လမ်း တစ်ပိုင်းတစ်စ ပေတည်း။

တပေါင်း တန်ခူး မိုးသားကြူး ဆိုသည့်အတိုင်း တစ်ခုသော နံနက်တွင် အာကာပြင် ကိုးရပ်တိုင်းသည် မိုးသားတို့ဖြင့် ဝိုင်းလျက်ရှိ၏။ အခါတိုင်းတွင် မိုးစွေငှက်သံဖြင့် ညိုညိုညံလျက်ရှိသော ကွင်းပြင်ကြီးမှာ မှောင်အတိ ကျသော
သန်းခေါင်ပမာ ဆိတ်ငြိမ်လျက် ရှိ၏။ လောကဓာတ်၏ ညှိုးမှိန်ခြင်းသည် လမ်းလျှောက်နေကြသော မောင်ရွှေကြူတို့၏ စိတ်တွင်းသို့ ကူးစက် ပြန့်ပွားသွားလေ၏။ ထိုကြောင့် လမ်းလျှောက်ရာမှ ခပ်စောစော ပြန်လာကြရာ ရွာဝနားတွင် ကျောင်းနေဖက် တစ်ယောက်နှင့် တွေ့၍ ရန်ရှင်းသည် အခွင့်တောင်းပြီးလျှင် ဆရာ့ထံမှ ခွဲခွာသွားလေ၏။

မောင်ရွှေကြူသည် နေအိမ်သို့ ရောက်သောအခါ အချိန်သိလို၍ ရွှေလက်ပတ်နာရီကလေးကို ရှာ၏။ ထားနေကျ ခေါင်းအုံးအောက်တွင် မတွေ့ရ။ အခြားတစ်ပါးတွင် ရှာပြန်ပါလည်း အရိပ်အယောင်ကိုမျှမမြင်ရ။ ရန်ရှင်း ပြန်လာမှ
မေးတော့အံ့ဟု ရေမိုးချိုး၏။ ဆွမ်းခံဝင်၊ ဆွမ်းခံပြန်၊ အချိန် တရွေ့ရွေ့ ကုန်သွားသော်လည်း ရန်ရှင်းပြန်မလာ။ ပြတင်းတွင် ရပ်လျက် မျှော်၏။ မပေါ်လာ။ မွန်းတည့်လုခါနီးမှပင် ခပ်ဝေးဝေးတွင် ရန်ရှင်းကို မြင်ရ၏။

ရန်ရှင်းမှာ သူငယ်ချင်းများက အတင်းအဓမ္မ ဆွဲခေါ်ထား၍ ထိုမျှ ကြန့်ကြာခဲ့၏။ နံနက်ထမင်းလည်း မချက်ရသေး။ သခင်ကြိမ်းမောင်းမည်ကြောင့် တထိတ်ထိတ်နှင့် ပြန်လာရာ လမ်းတွင် အပြစ်မှ ချမ်းသာရကြောင်း တောင်းပန် လျှောက်လဲဖို့ စကားတို့ကို ဉာဏ်မီသမျှ အမျိုးမျိုး တွေးတောခဲ့၏။ အိမ်ပေါက်ဝသို့ ရောက်လျှင် ရောက်ချင်း ပျောက်နေသော ရွှေနာရီအကြောင်းကို ကောက်၍မေးလိုက်ရာ စိတ်တွင် ဗလုံးဗထွေး ရှုပ်ပွေသွားလျက် မျက်နှာများ ပျက်သွားလေ၏။ ကြံစည် တွေးတောခဲ့သော လျှောက်လဲချက်များက တစ်မျိုး၊ မေးခွန်းက တလွဲ၊ အခက်အခဲနှင့် တွေ့ရတော့၏။ စိုးရိမ် ကြောက်လန့်ခြင်းဖြင့် မွန်နေသောကြောင့် စကားကို လိပ်ပတ်လည်အောင် မပြောတတ်။
အမှားမှား အယွင်းယွင်း ပြောမိလေတော့၏။ ဟိုဟိုသည်သည် ရှာဖွေပါသော်လည်း အမွေအစမျှ မတွေ့ရ။ မောင်ရွှေကြူ ရောက်စဉ်က အိမ်တွင် ခြေရာလက်ရာများ ပျက်နေသလားဟု မေးရာလည်း မပျက်ဟု ပြော၏။ တာဝန်ကား
မိမိခေါင်းပေါ်တွင် လုံးဝ ပုံ၍ ကျရောက်လေပြီ။

မောင်ရွှေကြူ၏မျက်နှာတွင် မသင်္ကာခြင်း အရိပ်အယောင်ကို မြင်ရလေပြီ။ ခက်လေစွ၊ မိမိ မယူကြောင်းကို ပြောရမှာလည်း နာရီပျောက်နေသည်မှာ အထင်အရှား။ ကျပ်လေစွ၊ စိတ်ထဲတွင် တအုံနွေး၊ ရင်ထဲတွင် တလေးလေးနှင့် ပြုဖွယ်ကိစ္စတို့ကိုသာလျှင် ခေါင်းငုံ့ လုပ်ဆောင်ရလေတော့၏။

မောင်ရွှေကြူသည် ခါတိုင်းကဲ့သို့ မကြည်သာ၊ စကားမပြော။ ဆိတ်ဆိတ်နေသည်က များ၏။ နောက်တစ်နေ့နံနက် ကြက်ဦးတွန်သော်လည်း လမ်းလျှောက်မထွက်။ ရန်ရှင်းမှာ များစွာ အနေရ ကျဉ်းလေတော့၏။ ဤမျှ ကျယ်ဝန်းသောလောကကြီးတွင် နေစရာနေရာ မရှိသကဲ့သို့ ထင်မိ၏။ မပြုံးသော သခင်နှင့် မျက်နှာချင်း ဆုံရမည်ကို တွေး၍ ကျောချမ်း၏။ ရင်တခုန်ခုန် လက်တတုန်တုန်နှင့်ဖြစ်လေသောကြောင့် ပန်းကန်တစ်ချပ် လက်မှ လွတ်ကျ၍ ကွဲခဲ့၏။ ထမင်းအိုးတည်ထားသည်ကို သတိမေ့နေ၍ ကော်ဖြစ်သွားသောကြောင့် သွန်ပစ်ရ၏။ ဆိုးလေစွတကား။

တစ်နေ့ညနေ ထမင်းစားပွဲတွင် မောင်ရွှေကြူက မိမိသည် နောက်တစ်နေ့နံနက် မြို့သို့ပြန်မည်ဟု ပြောသောအခါ ဝမ်းသာရမလိုလို ဖြစ်မိ၏။ ထိုနေ့ည တစ်ညလုံးလုံးလိုပင် ထွက်ချည် ဝင်ချည်၊ ထိုင်ချည် ထချည်နှင့် ပစ္စည်းများကို
သိမ်းဆည်း ထုပ်ပိုးလေ၏။ ဖြစ်ပျက်သော အကြောင်းတို့ကို တွေးတောလျက် ယူကျုံးမရ ဖြစ်ရ၏။ မျက်ရည်ကြီးငယ် ကျမိ၏။ သို့သော်လည်း အပြစ်မှ လွတ်ကြောင်းကို မတွေးတောတတ်။ မရှာဖွေတတ်။

အရှေ့ကောင်းကင်တွင် ရောင်နီလာ၍ မိုးစွေငှက်ကလေးတို့၏ မြည်သံကို ကွင်းဘက်မှ ကြားရလျှင်ပင် မောင်ရွှေကြူသည် အိပ်ရာမှ ထလျက် မျက်နှာသစ်၏။ မွေ့ရာကို မိမိကိုယ်တိုင်ပင် သိမ်းတော့အံ့ဟု လိပ်လိုက်ရာ ခုတင်နှင့် ထရံအကြား ကြမ်းပြင်ပေါ်တွင် မှောက်လျက်သား ကျနေသော ရွှေနာရီကလေးကို မြင်၏။ ရောင်နီဖြင့် လွှမ်းအပ်သော အရှေ့ကောင်းကင် အဖို့ကဲ့သို့ မောင်ရွှေကြူ၏မျက်နှာသည် အံ့ဩခြင်း၊ ဝမ်းသာခြင်းတို့ဖြင့် တောက်လျှမ်း၍ လာ၏။ ကောက်ယူကြည့်ရှုလိုက်သောအခါ ဦးခေါင်းတွင် လောက်စာ မှန်၍ သေနေသော စာငယ်ကလေးပမာ နာရီကလေးမှာ အက်ကွဲသော မှန်နှင့်တကွ စက်ရပ်လျက် ရှိသည်ကို တွေ့ရ၏။

ဝမ်းသာအားရနှင့် နောက်ဖေးခန်းသို့ ပြေးဝင်သွားပြီးလျှင် ရန်ရှင်းကိုရှာ၏။ စားပွဲထက်တွင် ကော်ဖီပန်းကန်ကို အငွေ့တလူလူနှင့် တွေ့ရ၏။ ရန်ရှင်းကိုကား မတွေ့ရ။ အော်၍ ခေါ်၏။ ပြန်၍ မထူး။ နေထွက်သော်လည်း ရန်ရှင်း
ပေါ်မလာ၊ ရွာထဲတွင် လိုက်လံ မေးမြန်း၏။ သဲလွန်စကိုမျှမရ။ တစ်နေ့သော် ပေါ်လာနိုးနှင့် မျှော်ကိုး၍ ဆက်လက် စောင့်ဆိုင်းနေ၏။ ရန်ရှင်း၏ သတင်းကိုကား သန့်သန့်မျှ မကြားရတော့ချေ။

-------------------------------------------
မင်းသုဝဏ်
ဂန္တလောက၊ ၁၂၉၃၊ ကဆုန်လ။

crd 👉 https://m.facebook.com/story.php?story_fbid=2737144136394543&id=444950685613911

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)