ကောင်လေးရေ

ဒီရက်ပိုင်းအတွင်းမှာမှ ဆောင်းက ပီပြင်လာတယ်။ ဒီနေ့ဆိုလျှင် ပိုပြီးတော့တောင် အေးသေးတယ်။ အအေး ပိုလာသလား၊ အချမ်းပေါ့သွားသလားဆိုတာ သာမိုမီတာတောင် ကြည့်နေစရာ မလိုပါဘူး။ ခါတိုင်း အင်္ကျီထူထူကလေးဝတ်ထားရုံနဲ့ လုံလောက်ပေမဲ့ ဒီနေ့ ဖလန်နယ်အင်္ကျီပါ ထပ်ဝတ်ရတာကို ကြည့်ခြင်းအားဖြင့် သိသာပါတယ်။

အိပ်ရာထဲကို အစောကြီး ဝင်ခဲ့ပေမဲ့ အိပ်လို့မပျော်သေးဘူး။ ချမ်းလွန်းလို့တော့မဟုတ်။ ခြုံထားတဲ့ အညာစောင်က နွေးနွေးထွေးထွေး ရှိပါတယ်။ တစ်ခါတစ်ခါ ဒီလိုပဲလေ၊ အကြောင်းမဲ့သက်သက် အိပ်မပျော်တာမျိုး ရှိတတ်တာပေါ့။

အပြင်ဘက်မှာတော့ တော်တော်အေးမှာပဲ။ လမ်းပေါ်မှာ လူသံသူသံဝေးလို့ ကားသံတောင်မှ တစ်ခါတစ်ခါမှ ကြားရတယ်။ ဒါပေါ့လေ၊ ဒီလောက်တောင် ချမ်းအေးနေတဲ့ကာလကြီးမှာ အကြောင်းကိစ္စ အထူးအထွေမရှိဘဲ ဘယ်သူက လမ်းသလားနေချင်ပါ့မလဲ။ ပိုးကောင်မွှားကောင်လေးတွေတောင် ချမ်းရှာလွန်းလို့ သစ်ခေါင်းထဲမှာပဲ ငြိမ်ကုပ်နေကြပြီထင်တယ်။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်လို့နေလေရဲ့။မဟုတ်သေးပါဘူး။ ဟိုး .. အဝေးကြီးဆီက သီချင်းသံသဲ့သဲ့ ကြားလိုက်ရပြန်တယ်။ ခဏကြာတော့ သီချင်းသံက ပိုပြီး ပီသလာတယ်။

“မှုန်ပြာရီ ××× ရာသီတွေပြောင်း ××××× တစ်ဆောင်းသစ်ပြန်ပြီ ××××××ငွေနှင်းမှုန်မှုန် ×××××× သုန်သုန်မြူးတော့ ××××× ဟေမာန်ဦး ××× ကူးခဲ့ပြီ”

ရင်ထဲက ထိတ်ခနဲ ဖြစ်သွားတယ်။ ဒီသီချင်းက ကောင်လေး ဆိုနေကျသီချင်း။ ဟိုး...လွန်ခဲ့တဲ့ နှစ်အတော်ကြာက ခုလို ဆောင်းချမ်းကာလကြီးမှာပဲလေ။

* * *

ရတနာဆောင် တစ်ဆောင်လုံး တိတ်ဆိတ်ငြိမ်သက်နေတယ်။ ခါတိုင်း ဒီအချိန်ဆို အဆောင်က စည်ကားတုန်း။ သီချင်းအော်ဆိုတဲ့ အသံတွေ၊ တစ်ယောက်နဲ့ တစ်ယောက် လှမ်းအော်နောက်ပြောင်တဲ့ အသံတွေ ဆူညံနေတယ်လေ။

ဒီနေ့တော့ ထူးထူးခြားခြား ချမ်းတဲ့ဒဏ်ကြောင့် ကိုယ့်အခန်းတွေထဲမှာပဲ စောင်ကလေးတွေခြုံပြီး ကွေးနေကြတယ်ထင်ပါရဲ့။ တချို့တွေလည်း အခန်းတစ်ခန်းမှာစုပြီး လက်ဖက်သုပ်ကလေး တစ်ပန်းကန်နဲ့ စကားပြောနေကြမှာပေါ့။ ဝရန်တာမှာ လမ်းသလားတဲ့လူတော့ မရှိသလောက်ပဲ။

မမလည်း အခန်းဖော် ထွေးထွေးနဲ့အတူ အိမ်ကပါလာတဲ့ မြေပဲကြော်ပန်းကန်လေး အလယ်မှာချ၊ ဓာတ်ဗူးထဲက ရေနွေးကြမ်း ငှဲ့သောက်ရင်း အခန်းထဲမှာ စကားပြောနေကြတယ်။ ဒီလောက်ချမ်းတဲ့ အချိန်ကြီးမှာ အဆောင်ရှေ့ သီချင်းလာဆိုကြတဲ့ ထံတျာသမားတွေကိုတော့ ချီးကျူးမိပါရဲ့။ တချို့ က မီးပုံကလေးဘေးမှာ ဝိုင်းထိုင်လို့၊ တချို့ကျတော့လည်း ကတ္တရာလမ်းပေါ်မှာ တန်းစီထိုင်လို့၊ များသောအားဖြင့်တော့ တစ်ဖွဲ့မှာ ဂစ်တာတစ်လက်စီလောက် ပါလာတယ်။ အဲဒီအချိန်မှာ ခေတ်စားတဲ့ စိုင်းထီးဆိုင် သီချင်းတွေ ဆိုကြတာပေါ့။ တချို့ကျတော့လည်း ဟေးလားဝါးလား ပေါက်ကရ လျှောက်အော်ကြတာပါပဲ။

သီချင်းဆိုတဲ့လူတွေက စည်းကမ်းတော့ ရှိကြတယ်။ ဒါက ကျောင်းမှာ ထုံးစံပဲ။ တစ်ဖွဲ့က ဆိုနေတဲ့အချိန်မှာ တခြားတစ်ဖွဲ့က ဝင်မနှောင့်ယှက်ကြဘူး။ ဆိုနေတဲ့အဖွဲ့ကလည်း သီချင်းတစ်ပုဒ်ပြီးရင် တခြားအဖွဲ့တွေဆိုဖို့ အလှည့်ပေးရတယ်။

ဒီလိုနဲ့ ဆိုနေကြရင်းက မယ်ဒလင် လက်ကွက်စမ်းတဲ့အသံ ထွက်ပေါ်လာတယ်။ တခြားလူတွေလို မဟုတ်ဘဲ ကံ့ကော်ပင်ရဲ့ အမှောင်ရိပ်ကိုခိုပြီး တီးခတ်နေတဲ့သူဟာ ဘယ်သူလဲဆိုတာ ဒီက သိပြီးသားပါ။

“ဟော.. သူလာပြီ မမထား”လို့ ထွေးထွေးက ပြောတယ်။ သူ မပြောခင်ကတည်းက စေ့ထားတဲ့တံခါးကို နည်းနည်း ဟလိုက်မိပြီးပြီ။ ခဏကြာတော့ “တစ်ဆောင်းသစ်ပြန်ပြီ”သီချင်းသံ ထွက်ပေါ် လာတယ်။ အသံက ချိုချိုအေးအေးလေး။

“ဒီခေတ်ထဲမှာ မယ်ဒလင်နဲ့ အနှစ်နှစ်ဆယ်သီချင်း လာဆိုနေတာ အံ့ပါရဲ့”လို့ ထွေးထွေးက လှမ်းပြောတယ်။ မမက သူ့ကို လက်ပြလိုက်တယ်။ နားထောင်နေတယ်၊ မနှောင့်ယှက်နဲ့ ဆိုတဲ့သဘော။ ထွေးထွေးက မဲ့ပြုံးပြုံးတယ်။ ဂရုမစိုက်နိုင်ဘူး၊ နံရံမှာ ကျောမှီထိုင်နေရာကနေ ခေါင်းအုံးပေါ်ကို ခေါင်းမှေးတင်ပြီး နားထောင်နေလိုက်တယ်။ နည်းနည်း ညဉ့်နက်လာပြီ။ သီချင်းဆိုတဲ့ လူတွေကလည်း တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပြန်ကုန်ကြပြီ။ ထွေးထွေးတောင် စောင်ကလေး ခြုံပြီး ကွေးကွေးလေး အိပ်ပျော်နေပြီ။ ကံ့ကော်ပင်အမှောင်ရိပ်ထဲက မယ်ဒလင်သံနဲ့ သီချင်းသံအေးအေးကတော့ ထွက်ပေါ်လာနေဆဲ။ ညစဉ်ရက်ဆက် အခုလိုပဲ သီချင်းလာဆိုနေတာ ဆယ်ရက်မကတော့ဘူး။ စပြီး သတိထားမိတာတောင် ဆယ်ရက်လောက် ရှိပြီ။ ဒီအရင် ဘယ်တုန်းကတည်းက လာပြီးဆိုနေတယ်တော့မသိ။

ဟထားတဲ့ တံခါးကြားက လေအေး စိမ့်ဝင်လာတယ်။ ရေခဲရေနဲ့ လှမ်းပက်လိုက်သလို ခိုက်ခနဲ တုန်သွားတယ်။ ​ေဪ .... အခန်းထဲမှာ နေနေရတဲ့လူတောင် ဒီလောက်အေးရင် နှင်းတောထဲမှာ နေနေရတဲ့ လူတစ်ယောက်တော့ ဘယ်လိုများ နေရှာလေမလဲ။ ကရုဏာစိတ်ကလေး ဝင်လာတာဟာ ကောင်လေးအပေါ် လိုက်လျောမှုတစ်ခုကို ပြုလုပ်မိစေတယ်။

ဓာတ်ဗူးထဲက ရေနွေးကြမ်းပူပူကို မတ်ခွက်ထဲ ထည့်လိုက်တယ်။ စာတိုလေးတစ်စောင် ရေးတယ်။

“ကောင်လေးရေ
ရေနွေးကြမ်းကြမ်းပူပူလေး သောက်လိုက်ဦး၊ သောက်ပြီးရင် ပြန်တော့နော်၊ အအေးမိပြီး ဖျားနာနေမှာ စိုးလို့ပါ”

ရေနွေးခွက်နဲ့စာကို အဆောင်စောင့်ကြီးကတစ်ဆင့် ပေးခိုင်းလိုက်တယ်။ ခဏကြာတော့ အဆောင်စောင့်ကြီးက မတ်ခွက်ကို ပြန်လာပေးရင်း...“ဘယ်လိုကောင်လေးမှန်းလည်း မသိပါဘူး ကလေးမရယ်”လို့ ပြောတယ်။

“ဟင်... ဘာဖြစ်လို့လဲ၊ သူက ဘာပြောလို့လဲ”

“ဘာမှမပြောဘူး၊ စာကို ဖတ်ကြည့်တယ်၊ ပြီးတော့ ရေနွေးပူပူလောင်လောင်ကြီးကို တကျိုက်ကျိုက် သောက်ချပြီးတော့ ချာခနဲ လှည့်ထွက်သွားတာပဲ”

အဲဒီစာတိုလေးနဲ့ ရေနွေးတစ်ခွက်ဟာ ကောင်လေးရဲ့ အချစ်ကို လက်ခံလိုက်သလို ဖြစ်သွားတော့တာပေါ့။

* * *

ကောင်လေးကို စပြီးသိခဲ့ရတာက ကောင်လေးကိုယ်တိုင် လာပြီး မိတ်ဆက်လို့ပဲ။တစ်ညနေမှာ ဧည့်သည်ရောက်နေတယ်ဆိုလို့ အဆောင်အောက်ထပ် ဧည့်ခန်းထဲ ဆင်းခဲ့တယ်။ ဧည့်ခန်းထဲမှာ ထိုင်နေတဲ့ ကောင်လေးတစ်ယောက် တွေ့တယ်။ တစ်ခါမှ မမြင်ဖူးဘူး။ သူငယ်ချင်းတစ်ယောက်ရဲ့ မောင်လေးဖြစ်မှာပဲလို့ ထင်လိုက်မိတယ်။ ကောင်လေးရဲ့ ရှေ့မှာ ဝင်ထိုင်ပြီး ... “ဘာကိစ္စရှိလို့လဲ”လို့ မေးတော့... “ကျွန်တော် မိတ်ဆက်ချင်လို့ပါ”တဲ့။ ရယ်ချင်သွားမိတယ်။

“မိတ်ဆက်ချင်ရအောင် မမက ရုပ်ရှင်မင်းသမီးလည်း မဟုတ်၊ အဆိုတော်လည်း မဟုတ်”

“ကျွန်တော်နာမည် ညီမောင်ပါ”

သူ့ ကိုယ်သူ မိတ်ဆက်ပြန်တယ်။ ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ်လို့ ပြောရမှာလား၊ တော်တော်ကြောင်တဲ့ ကိစ္စပဲ။ မမက ဘာမှ ပြန်မပြောဘဲနေတော့...“မမကတော့ ကျွန်တော့်ကို သိမှာမဟုတ်ဘူး၊ ကျွန်တော်ကတော့ မမကို သိနေတယ်လေ၊ ကျွန်တော်တို့က ပထမနှစ် ကျောင်းသားလေးတွေ မဟုတ်လား၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲတုန်းကတည်းက မြင်ဖူးနေတာပါ”

“ဪ.. ဟုတ်လား”

“မေဂျာတူတူဆိုတော့ သိကျွမ်းထားသင့်တယ်ထင်လို့၊ စာလေး ဘာလေး မေးလို့ရတာပေါ့”

စာမေးချင်ရင် ယောက်ျားလေးအချင်းချင်း မေးပါလားလို့ ပြန်မပြောဖြစ်လိုက်ပါဘူး။ ကိုယ့်ဆီကို ယောက်ျားလေးဧည့်သည်လာဖူးတာမဟုတ်တော့ ဘာတွေဘယ်လို ပြန်ပြောရမယ်ဆိုတာ မသိဘူးလေ။ ဒီအတိုင်းပဲ ထိုင်နေရတာပေါ့။

ခဏကြာတော့...“ကျွန်တော် ပြန်ဦးမယ်”လို့ ပြောတယ်။

“ဟုတ်ကဲ့”

ဒါပဲ ပြန်ပြောတတ်တယ်။ ထိုင်နေရာက ထရပ်လိုက်ပြီးတော့မှ “ကျွန်တော် အဆောင်ကို လာလည်ရမလား”တဲ့။

ကဲ ဘယ်လိုကောင်လေးလဲ၊ မဖိတ်ခေါ်ဘဲနဲ့ အတင်းလာလည်ပြီးတော့မှ ခွင့်တောင်းနေပြန်တယ်။ သက်သက် လာနောက်နေတာလားလို့ ထင်မိသေးတယ်။ ဟောက်လွှတ်လိုက်ရ ကောင်းမလား။ သို့ပေမဲ့ သူ့ မျက်နှာထားက တည်တည်ငြိမ်ငြိမ်ပဲ။ မလာနဲ့လို့ ပြောလွှတ်ရမှာလား၊ လာခဲ့လေလို့ ဖိတ်ခေါ် ရမှာလား။ ဒီလိုကိစ္စမျိုးတွေ မမ သိပ်မကျွမ်းကျင်ဘူး။

“ခဏခဏတော့ မလာနဲ့”လို့ လွှတ်ခနဲ ပြောလိုက်မိတယ်။

ကောင်လေးက တခြားကျောင်းသားတွေနဲ့ မတူဘဲ ထူးခြားနေတယ်။ အဲဒီအချိန်က တက္ကသိုလ်ကျောင်းသားတွေဟာ လွယ်အိတ် မလွယ်တတ်ကြသေးဘူး။ ကင်းနုတ်လို့ခေါ်တဲ့ သားရေဖုံးမှတ်စုစာအုပ်လေးတွေ တကိုင်ကိုင်နဲ့ ဟန်ရေးပြနေကြတဲ့ အချိန်။ ကောင်လေးကတော့ ကဝလွယ်အိတ်အကြီးကြီး လွယ်လို့။ ပြီးတော့ တခြားကျောင်းသားတွေလို ဝတ်ကောင်းစားလှတွေလည်း မဝတ်ဘူး။ ပြည်တွင်းဖြစ် တက်ထရွန်အင်္ကျီလေးနဲ့ ချည်လုံချည်လေးနဲ့။ ကောင်လေးဟာ နွမ်းပါးပုံရတယ်ဆိုပြီး ကရုဏာ သက်မိခဲ့တာပေါ့။

တကယ်တော့ မမတို့ကလည်း နွမ်းပါးတာပါပဲ။ မြစ်ဝကျွန်းပေါ်ဒေသ မြို့ငယ်လေးတစ်မြို့ က သာမန်လက်လုပ်လက်စား မိသားစုက မွေးဖွားလာခဲ့တာ။ ပညာသင်ထောက်ပံ့ကြေးရယ်၊ မြို့နယ်က စေတနာရှင်များရဲ့ ကူညီမှုရယ်ကြောင့် တက္ကသိုလ်ပညာကို လာသင်နေနိုင်တာပါ။

ကောင်လေးဟာလည်း မမတို့လိုပဲ ချိုချိုတဲ့တဲ့ ပညာသင်နေရတဲ့ သူရယ်လို့ ထင်မိတယ်။ ဘယ်ကလာ ဟုတ်ရမှာလဲ။ကောင်လေးရဲ့ မိဘတွေက အတန်အသင့် ကြွယ်ဝတဲ့သူတွေပဲ။ အိမ်ပိုင်ရာပိုင်နဲ့ ဝင်ငွေမဆိုးလှတဲ့ စီးပွားရေး လုပ်ငန်းနဲ့။ အဲဒီအကြောင်းကို မမက မေးတော့... “ကျွန်တော့်မိဘတွေ ပိုက်ဆံရှိတာ ကျွန်တော်ရှိတာမှ မဟုတ်ဘဲ၊ ကျွန်တော် ဘာမှ မမက်မောဘူး၊ ကျွန်တော်က ကိုယ့်ခြေထောက်ပေါ်ပဲ ကိုယ်ရပ်ချင်တာ”

ကိုယ့်ကိုယ်ကိုပဲ အားကိုးတယ်ဆိုတဲ့ စိတ်ဓာတ်ကိုတော့ ချီးကျူးမိပါရဲ့။ သို့ပေမဲ့ ကျောင်းလခ ပေးနိုင်လျက်သားနဲ့ မပေးဘဲနေတာ၊ ကျောင်းလခကြွေးတွေကျန်လို့ အိမ်ကို တိုင်စာပို့ခံရတာ၊ကြွေးမကျေလို့ အောင်စာရင်း ထုတ်မပေးတာတို့ကို ဂုဏ်ယူချင်တာကိုတော့ မမ သဘောမကျလှဘူး။ နောက်ပြီးတော့ ကောင်လေးက ကျောင်းမှန်မှန် မတက်ဘူးနော်။

မမက ပြောတော့ ကောင်လေးက..“ကျောင်းပညာနဲ့ချည်းပဲ မလုံလောက်ဘူး မမရဲ့ ၊ လူတွေရဲ့ ဘဝအကြောင်းကိုလည်း လေ့လာရဦးမယ်”တဲ့။

အမယ်လေးကွယ် လေ့လာစရာအချိန် ဒီလောက်ပဲ ရှားရသလား။ ကျောင်းအားတဲ့အချိန်တွေမှာ လေ့လာစမ်းပါ။ တကယ်တော့ မမ သိပါတယ်လေ၊ ကောင်လေးက လေ့လာနေတာ မဟုတ်ဘူး။ “လေ”နေတာပါ။

လက်စသတ်တော့ ကောင်လေးဟာ ဆင်းရဲချင်ယောင် ဆောင်နေတာပါလား။ ဆင်းရဲချင်ယောင်ဆောင်တာနဲ့ တကယ်ဆင်းရဲတာနဲ့ ဘယ်မှာ တူနိုင်ပါ့မလဲ။ ဆင်းရဲချင်ယောင်ဆောင်ရတာ ပျော်စရာကောင်းချင်ကောင်းမယ်။ တကယ် ဆင်းရဲရတာကတော့ စိတ်ညစ်စရာကြီးပါကွယ်။ တကယ်ဆင်းရဲဖူးမှ ဆင်းရဲရတဲ့အရသာကို သိတာပါ။

မမတို့ ငယ်ငယ်က တကယ်ဆင်းရဲခဲ့ဖူးတယ်။ အဖေရယ်၊ အမေရယ်၊ မောင်နှမငါးယောက်ရယ် တစ်နေ့လုပ်မှ တစ်နေ့စားရတာတောင် မဟုတ်ဘူး။ တစ်နေ့လုပ်ပြီး တစ်နပ်စားဖို့ တော်တော် ကြိုးစားခဲ့ရတာ။ မနက်စာ စားပြီးတာနဲ့ ညစာအတွက် ဆက်ပြီး ပူနေရတဲ့ အခြေအနေ။ အဖေရော၊ အမေရော၊ အစ်ကိုတွေ၊ အစ်မတွေရော အလုပ်လုပ်ကြရတယ်။ မမသာ အဲဒီတုန်းက ငယ်သေးလို့ မလုပ်ရတာ။အလုပ်မလုပ်ရသလို ကျောင်းလည်း မနေဘူး။ မမအသက် ခုနစ်နှစ်ရောက်မှ နည်းနည်း အသက်ရှူချောင်လာလို့ ကျောင်းစ နေရတာ။ ကံတရားဟာ တစ်သက်မှာ တစ်ခါတော့ တံခါးခေါက်တတ်တယ်တဲ့။ လူတစ်ယောက်ဟာ တစ်သက်မှာ တစ်ခါတော့ ကံကောင်း တတ်စမြဲလို့ ဆိုလိုတာပေါ့။ မမအဖို့တော့ အဲဒီတစ်ခါသာ ကံကောင်းခြင်းဟာ တက္ကသိုလ်တက်ခွင့်ရခြင်းပါပဲ။ ဒါကြောင့် မမ ဘယ်တော့မှ ကျောင်းမပြေးဘူး၊ အတန်းတစ်ချိန် လစ်တာဟာ မိဘကို တစ်ကြိမ်စော်ကားတာပဲလို့ မမထင်တယ်။ကောင်လေးက ရုပ်ရှင်ကြည်ဖို့ ခေါ်တာကို မမက ကျောင်းချိန်ပျက်မှာစိုးလို့ မလိုက်ခဲ့ဘူးလေ။

“ကျောင်းပိတ်ရက်ဆိုရင် မမ လိုက်ပါတယ်၊ ခုဟာက ကျောင်းချိန် ဖျက်ရမှာဆိုတော့ မဖြစ်နိုင်ဘူး”

“လက်မှတ်က ဝယ်ပြီးနေပြီ၊ ကြိုတင်လက်မှတ် ဝယ်ထားတာ”

“မမကို ဘာလို့ ကြိုမပြောတာလဲ”

“မြို့ ထဲရောက်တုန်း လက်မှတ်ဝင်ဝယ်ခဲ့တာ မမကို ကြိုပြောဖို့ အချိန်မရဘူး၊ ကျွန်တော်က ကြည့်ချင်တယ်ဆိုရင် မမလိုက်ကြည့်မှာပဲလို့ ယုံကြည်လို့”

“ကျောင်းဖျက်လို့တော့ မဖြစ်ဘူးကွယ်”

“ဘာလဲ မမ၊ ကိုယ့်ချစ်သူနဲ့တူတူ ရုပ်ရှင်ကြည်ရဖို့ထက် ကျောင်းနေ့ဝက် မပျက်ဖို့က ပိုအရေးကြီးသလားဟင်”

“နှစ်ခုစလုံး အရေးကြီးတာပါပဲ။ ဒါပေမဲ့ ရုပ်ရှင်က ကျောင်းပိတ်ရက်တွေမှာ ကြည့်လို့ရတယ်။ ကျောင်းဆိုတာက ပျက်သွားတဲ့အချိန်အတွက် အစားပြန်တက်လို့ မရဘူး မဟုတ်လား”

“ဒါဆိုလည်း ပြီးရော”

ကောင်လေးက ကြိုတင်လက်မှတ်စာရွက်ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိုက်သည်။

* * *

ကောင်လေးဟာ စကတည်းက မမကို အနိုင်ယူဖို့ ကြိုးစားခဲ့တာပါပဲ။ကြည့်လေ ကိုယ့်ကိုယ်ကို အတင်းမိတ်ဆက်ပြီး အဆောင်ကို လာလည်တယ်။ ခဏခဏဆိုတော့ မမလည်း ရှက်လာတယ်။ တစ်ခါတလေ ဆင်းမတွေ့ဘဲ နေလိုက်မိတယ်။ ကောင်လေးကတော့ ဆင်းမတွေလည်း ဧည့်ခန်းထဲမှာ အချိန်ကုန်တဲ့အထိ တစ်ယောက်တည်း ထိုင်နေတတ်တယ်။ မမကို ဆန္ဒပြတာပေါ့။

သူငယ်ချင်းတွေက...“ဘယ်လိုလုပ်တာလဲ ထားရယ်၊ ကောင်လေး သနားပါတယ်။ ဒီလောက်တော့ ပညာမပြသင့်ပါဘူး”လို့ ပြောကြတယ်။

“ဆင်းတွေလိုက်ပါကွယ်”လို့ တိုက်တွန်းကြတယ်။

“မတွေချင်ပါဘူး”ဆိုတော့...“ဘာလဲ ရင်မဆိုင်ရဲဘူးပေါ့။ အဲဒါကိုက ထားရဲ့စိတ်တွေ မရိုးမသား ဖြစ်နေတာပဲ”လို့ စကြပြန်တယ်။

အမှန်ပြောရရင် အဲဒီအချိန်ထိ ကောင်လေးအပေါ်မှာ မမ ဘယ်လိုမှ သဘောမထားမိသေးပါဘူး။ ထွေးထွေးကတော့ ပြောတယ်။

“ကိုညီမောင်က ပေကပ်ကပ်ကလေးနဲ့ တူတယ်၊ ကိုင်ရတွယ်ရ ခက်မယ်နော်”

ထွေးထွေးသတိပေးတာ သိပ်မှန်တာပဲ။ သို့ပေမဲ့ ဟိုတစ်ချိန်တုန်းကတော့ အဲဒါတွေ မတွေးမိဘူး။ ကောင်လေးအပေါ်မှာ ကရုဏာသက်မိတာပဲ သိတယ်။

ကောင်လေးက မမကို ချစ်ခွင့်ပန်ပုံကိုလည်း ကြည်ဦးလေ။ တစ်ရက်မှာ အတန်းပြီးလို့ ထွေးထွေးနဲ့အတူ အဆောင်ကို ပြန်အလာ လမ်းမှာရပ်စောင့်နေတဲ့ ကောင်လေးနဲ့ ဆုံတယ်။ မမက ပြုံးပြီး နှုတ်ဆက်ပေမဲ့ ကောင်လေးက မပြုံးမရယ်၊ ခပ်တည်တည်နဲ့ ... “မထွေးထွေး အဆောင်ကို ပြန်နှင့်ပါ၊ ကျွန်တော် မမထားနဲ့ နှစ်ယောက်တည်း စကားပြောစရာရှိလို့”တဲ့။

ထွေးထွေးလည်း ယောင်တောင်တောင်နဲ့ ထွက်သွားရှာတယ်။

“ဘယ်လို ပြောလိုက်တာလဲ၊ ထွေးထွေးကို အားနာစရာကြီး”လို့ မမကပြောတော့... “ကျွန်တော် ပြောချင်တဲ့အချိန်မှာ ပြောလိုက်ရမှ ဖြစ်မယ်။ နို့မို့ဆိုရင် ပြောဖြစ်မှာ မဟုတ်ဘူး”ဆိုပြီး မမကို ချစ်တဲ့အကြောင်း မသွယ်မဝိုက်ဘဲ ပြောတယ်။

* * *

နောက်ရက်တွေကျတော့ အဆောင်ကို နေ့တိုင်းလာပြီး အဖြေတောင်းတယ်။ တစ်ခါတလေ လမ်းမှာ စောင့်နေတတ်တယ်။ ထွေးထွေးကလည်း ကောင်လေးကို တွေ့တာနဲ့ တစ်ချိုးတည်း လစ်တော့တာပဲ။အဆောင်က လူတွေက မမကို စကြတယ်။ တချို့ကတော့ မမနဲ့ကောင်လေး တွဲနေကြပြီလို့ပဲ ထင်နေကြပြီ။ ကြာတော့ မမရှက်လာတယ်။ ဒါကြောင့် အဆောင်ကို မလာနဲ့တော့လို့ ပြောလိုက်မိတယ်။ ကောင်လေးကတော့ ထုံးစံအတိုင်းပဲ။ ဘာမှ ပြန်မပြောဘဲ မမကို အတော်ကြာအောင် စိုက်ကြည့်တယ်။ ပြီးတော့ ချာခနဲ လှည့်ထွက်သွားတယ်။

ရက်အတော်ကြာအောင် ကောင်လေးကို မတွေ့ရတော့ဘူး။မတွေ့ရတာကြာတော့လည်း စိတ်ထဲက မနေတတ် မထိုင်တတ်သလို ဖြစ်လာပြန်ရော။ နောက်တော့ ကောင်လေး ပြန်ပေါ်လာတယ်။ညည အဆောင်ရှေ့မှာ သီချင်းလာဆိုတာလေ။ ဒီလိုနဲ့ ရေနွေးတစ်ခွက်နဲ့ စာတိုလေးတစ်စောင် ပေးလိုက်မိတာ။ နောက်တစ်နေ့ကျတော့ အဆောင်ကို ကောင်လေး ရောက်လာတယ်။

“ကျွန်တော် အအေးမိပြီး ဖျားမှာကို တကယ်ပဲ စိုးရိမ်သလား”

မမ ခေါင်းညိတ်ပြတော့... “ဘာဖြစ်လို့ စိုးရိမ်ရတာလဲ”

“နေမကောင်းဖြစ်ရင် ကျောင်းမတက်နိုင်မှာ စိုးလို့ပါ”

ကောင်လေးက မခိုးမခန့် ပြုံးတယ်။ ပြီးတော့... “ကျွန်တော် ကျောင်းထွက်တော့မယ်”လို့ ခပ်လေးလေး ပြောတယ်။

“ဟင်... ဘာဖြစ်လို့ ထွက်ရမှာလဲ”

ကောင်လေးရဲ့ မျက်နှာဟာ ချက်ချင်း ဆွေ ဆွေးမြည့်မြည့် ဖြစ်သွားတယ်။ ကောင်လေးမှာ ဘာပြဿနာရှိနေပြီလဲလို့လည်း စိုးရိမ်သွားတယ်။

ကောင်လေးက အဆောင်ပြင်ဘက်ကို ငေးကြည့်နေရင်း“တက္ကသိုလ်နယ်မြေဆိုတာ ကျဉ်းကျဉ်းကလေးပါ၊ တစ်ယောက်နဲ့ တစ်ယောက် မတွေချင် မမြင်ချင်ပါဘူးဆိုပြီး ရှောင်တိမ်းလို့ရနိုင်တဲ့ နေရာမျိုး မဟုတ်ပါဘူး၊ ဒီတော့ မမနဲ့ ကျွန်တော်ဟာလည်း တစ်နေရာမှာမဟုတ် တစ်နေရာမှာ ဆုံမိကြမှာပဲ၊ အဲဒီလို ဆုံတဲ့အခါတိုင်း ကျွန်တော် ဝေဒနာခံစားနေရလိမ့်မယ်၊ ဒါကြောင့် ဒီနယ်မြေမှာ မမရင်လည်း မရှိမှ၊ ကျွန်တော်ရင်လည်း မရှိမှ ကောင်းမှာပဲ၊ မမကတော့ ဒီနယ်မြေကို ဖက်တွယ်ထားမယ့်လူပါလေ၊ ငါးမိနစ်လောက်ကျောင်းနောက်ကျတာကိုတောင် အသက်တစ်ရက်လောက် တိုသွားတယ်လို့ ထင်တာမဟုတ်လား၊ ဒါကြောင့် ကျွန်တော်ကပဲ ရှောင်ပေးဖို့ ဆုံးဖြတ်လိုက်ရတာပါ”

ယောက်ျားလေးတွေဟာ ဒီလိုပဲနော်။ ပြန်မချစ်ရင် စာမေးပွဲကိုမဖြေတော့ဘူး၊ ကျောင်းမတက်တော့ဘူးဆိုတာ အဲဒီအချိန်က ယောက်ျားလေးတွေ အများဆုံးသုံးတဲ့ လက်နက်တစ်ခုပါ။ မိန်းကလေးတွေရဲ့ သနားကြင်နာတတ်တဲ့ ပျော့ကွက်ကိုနင်းပြီး ဒီလိုအကျပ်ကိုင်တတ်တာကို မမလည်း သိနေပြီးသားပါ။ ဒါမျိုးတွေက ရှိနေပြီဖြစ်တဲ့ နည်းလမ်းဟောင်းကြီးပါ။ သို့ပေမဲ့ များသောအားဖြင့်တော့ အောင်မြင်သွားတတ်ကြတာပါပဲလေ။

* * *

ဇွတ်တရွတ် ပေကပ်ကပ် လုပ်တတ်တာက ကောင်လေးရဲ့ အကျင့်ပဲ။ အင်းလျားကန်စပ်မှာ ထိုင်နေတုန်း မမကို အတင်းဖက်နမ်းတယ်။ မမက အဲဒါမျိုးတွေကို မကြိုက်ဘူး။ နောက် ဒါမျိုး မလုပ်နဲ့လို့ ပြောတော့...“မမရဲ့ ၊ ဒါ ရည်းစားထားနေတာလေ၊ မြေဝိုင်းခေတ် နှစ်ပါးသွား ကနေတာ မဟုတ်ဘူး”လို့ပြောပြီး မမ မကြိုက်မှန်းသိလျက်နဲ့ ထပ်ကာထပ်ကာ နမ်းနေပြန်တယ်။

မမက စိတ်ဆိုးပြီး“နောက်ကို မင်းနဲ့ ဘယ်တော့မှ တူတူမလိုက်တော့ဘူး”ပြောတော့မှ...“မမ မကြိုက်ရင်လည်း နောက်ကို ဒါမျိုး မလုပ်တော့ပါဘူး”လို့ပြောတယ်။ ဒီလိုတော့လည်း လိမ္မာသားပဲလို့ ထင်လိုက်မိတယ်။

ဘယ်ဟုတ်ပါ့မလဲ၊ တစ်ညနေ အင်းလျားကန်ဘက် လျှောက်ကြရင်း ကန်စပ်က မြက်ခင်းမှာ ခဏထိုင်ရအောင်လို့ ပြောတယ်။ ပြီး လွယ်အိတ်ထဲက စာအုပ်တစ်အုပ်ထုတ်ပြီး .... “ရော့ မမက ဒီစာအုပ် ဖတ်နေ”တဲ့။ စာအုပ်က ဘုရားရှိခိုးအမျိုးမျိုး ဆိုတဲ့ စာအုပ်။ ကောင်လေးကတော့ စိပ်ပုတီးတစ်လုံးကို ထုတ်ပြီး အကျအန စိပ်နေလေရဲ့ ။ သက်သက် ​ငေါ့တာလေ။

အဲဒါမျိုးတွေက အများကြီးပဲ။ ဆေးပေါ့လိပ်ကြီး တဖွားဖွားလုပ်နေလို့ ဆေးလိပ်မသောက်ပါနဲ့ ပြောရင် နောက်တစ်နေ့ကျတော့ ဆေးတံကြီး ခဲလာတာမျိုး။

တစ်ရက်ကျတော့ ကောင်လေးရဲ့ မွေးနေ့မို့ ဘုရားကို သွားကြတယ်။ ဒါက မမရဲ့ အစီအစဉ်။ ကောင်လေးရဲ့ အလိုဆိုရင်တော့ ရုပ်ရှင်ကြည့်မယ်၊ တစ်နေရာသွားထိုင်မယ်ပေါ့။ မမက ဘုရားကိုပဲ အတင်းခေါ်ခဲ့လို့ လိုက်လာရတာ။

ညနေစောင်းတော့ အာဇာနည်ကုန်းဘက်က လှည့်ပြီး ဆင်းလာကြတယ်။ လမ်းခုလတ်က ကုန်းလေးတစ်ခုပေါ်မှာ ခုံတန်းလျာကလေး တစ်ခုကိုတွေ့ တော့ ကောင်လေးက... “ခဏထိုင်ရအောင်နော် မမ”လို့ ပြောတယ်။

“ဟင့်အင်း မထိုင်နဲ့တော့လေ၊ နောက်ကျနေမယ်”

“မကျပါဘူး၊ အစောကြီး ရှိသေးတယ်”

“အဆောင်ပိတ်သွားရင် မကောင်းဘူး၊ ပြောစရာ ဖြစ်နေမယ်”

“အဆောင်ပိတ်သွားတော့လည်း မပြန်နဲ့တော့ပေါ့”

“အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းနဲ့ကွာ”

မရဘူး။ ကောင်လေးက ခုံတန်းလျားမှာ ဝင်ထိုင်တယ်။ မမက မထိုင်ဘူး၊ ရပ်နေတယ်။

“ကဲ... ထလေ”

ကောင်လေးက ပေပြီးထိုင်နေတုန်း ဆယ်မိနစ်လောက် ကြာတဲ့အထိ ပြန်ဖို့ပြောလို့ မရဘူး။ ကားစီးရမယ့်အချိန်နဲ့ဆိုရင် ခုချိန်ပြန်မှ အဆောင်ပိတ်ချိန် မီရုံပဲ ရှိမယ်။ မတတ်နိုင်ဘူး။

“ကဲ.. မင်းမလိုက်ချင်နေ၊ မမဘာသာ ပြန်တော့မယ်”

“ပြန်လေ... ပြန်လို့ရရင် ပြန်ပေါ့”ဆိုပြီး မမလက်ထဲက ပိုက်ဆံအိတ်ကို ဆွဲလုယူထားလိုက်တယ်။

မမစိတ်ဆိုးသွားတယ်၊ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အဆောင်ကို ရောက်အောင်ပြန်မယ်ဆိုပြီး ထွက်လာခဲ့တယ်။ စိတ်ထဲကလည်း ကောင်လေးဟာ မမတကယ်စိတ်ဆိုးမှန်းသိရင် လိုက်လာမှာပဲလို့ ထင်မိတယ်။ သို့ပေမဲ့ လိုက်မလာပါဘူး။

ကားမှတ်တိုင်နား ရောက်ကာနီးမှာ မိုးဖွဲကလေးတွေ ကျလာတယ်။ မမမှာ ထီးပါပါတယ်။ ကောင်လေးမှာ ထီးမပါဘူး။ ကောင်လေးတော့ မိုးမိတော့မှာပဲလို့ စိုးရိမ်သွားမိတယ်။ ဒါကြောင့် နောက်ကြောင်း ပြန်လှည့်လာခဲ့တယ်။

ကောင်လေးကတော့ ခုံတန်းလျားပေါ်မှာ ထိုင်လျက်ပဲ။ မမက ထီးမိုးပေးလိုက်တဲ့အခါ...“ပိုက်ဆံအိတ် လာပြန်ယူတာလား မမ”လို့ ပြောတယ်။

မမစိတ်ထဲ ထောင်းခနဲ ဖြစ်သွားတယ်။ ။ “မင်း မမကို တကယ်မချစ်ပါဘူး”လို့ ပြောလိုက်မိတယ်။

ကောင်လေးက ဆတ်ခနဲ ထရပ်ပြီး...“ဘာဖြစ်လို့ ဒီလို ပြောနိုင်ရတာလဲ၊ ဘာအကြောင်းကြောင့် ပြောတာလဲ”လို့ ဒေါသတကြီး အော်ဟစ်ခဲ့တယ်။

နောက်နေ့ကျတော့လည်း ကောင်လေးဟာ ဘာမှမဖြစ်ခဲ့သလို ခါတိုင်းလို ပြုံးပြုံးရယ်ရယ် ဖြစ်နေပြန်တယ်။

* * *

စာကြိုးစားဖို့၊ ကျောင်းမှန်မှန်တက်ဖို့၊ ကိုယ့်ဘဝကိုယ် တိုးတက်အောင် လုပ်ဖို့ မမက ပြောတဲ့အခါ... “ငွေရေးကြေးရေး စီးပွားရေး တိုးတက်ဖို့၊ ရာထူးဂုဏ်ထူး တိုးတက်ဖို့ထက် အသိပညာတိုးတက်ဖို့က ပိုအရေးကြီးပါတယ်”လို့
ကောင်လေးက ပြောတယ်။

သိပ်မှန်တဲ့ စကားပေါ့၊ မမ လက်ခံပါတယ်။ သို့ပေမဲ့ ကောင်လေးရဲ့ ထုံးစံအတိုင်း စကားဟာ စကားပါပဲ။

ကောင်လေးက မမကို ပြောဖူးတယ်။ “မမဟာ ထမင်းအကြောင်းကို ခဏခဏ ပြောတယ်နော်”

“ဟုတ်တယ်လေ ထမင်းက သိပ်အရေးကြီးတယ် မဟုတ်လား။ မမက ထမင်းဆာရတဲ့ ဒုက္ခကို ခံစားဖူးတော့ ထမင်းငတ်မှာကို သိပ်ကြောက်တာပေါ့”

“ထမင်းမစားဘဲ နေလို့ရပါတယ် မမရဲ့”

“ထမင်းမစားရင် အသက် ဘယ်ရှင်နိုင်မလဲ”

“ဆာရင် အချစ်ကိုစားမယ်၊ အချစ်ကို သောက်မယ်၊ ချမ်းရင် အချစ်ကိုခြုံမယ်၊ အို ... လေမရှိရင်တောင် ကိစ္စမရှိဘူး၊ အချစ်ကို ရှူရှိုက်ပြီး အသက်ရှင်နေမယ်”

ကျွန်တော်က တစ်နေ့လုံး ထမင်းတစ်နပ်မှ မစားဘဲ နေဖူးတယ်၊ နေနိုင်တယ်လို့ ကောင်လေး ပြောဖူးတယ်။ ပိုက်ဆံမရှိလို့ ဝယ်မစားနိုင်လို့မှ မဟုတ်ဘဲ၊ တမင် မစားပဲ နေတာ။ ထမင်းမစားပေမဲ့ လက်ဖက်ရည်တော့ တစ်ခွက်ပြီးတစ်ခွက် သောက်တယ်နော်။

* * *

မမ ဘွဲ့ရပြီးတော့ အလုပ်ရှာတယ်။ လွယ်လွယ်နဲ့ မရဘူး။ အဖေတို့ အမေတို့ရှိတဲ့ မြို့ ကိုပဲ ပြန်တော့မလို့တောင် ဆုံးဖြတ်မိသေးတယ်။ ဒီမှာ ကောင်လေးသံယောဇဉ် ရှိနေတာကတစ်ကြောင်း၊ အလုပ်အကိုင်ကလည်း ဒီမှာဆို ပိုပြီး အဆင်ပြေမယ်ထင်တာက တစ်ကြောင်းကြောင့် ရန်ကုန်မှာပဲ ဆက်နေတယ်။ ။ နောက် မမ အလုပ်ရတယ်။ အစတော့ လုပ်အားပေးပေါ့။ တစ်နှစ်လောက်ကြာမှ အမြဲတမ်းဝန်ထမ်း ဖြစ်လာတယ်။ အောက်တန်းစာရေးပေါ့လေ။

ကောင်လေးကတော့ ဘာမှ မပြောင်းလဲဘူး။ အရင်အတိုင်းပဲ။ ကျောင်းမှာ မမ မရှိတော့လို့ ပိုပြီးတော့တောင် နေချင်သလို နေသေးတယ်။ မမလည်း တတ်နိုင်သလောက်တော့ ပြောခဲ့ပါတယ်။

ကောင်လေးဟာ တီးလုံးဆန်းတစ်ခုကို ထွင်လာခဲ့ပြန်တယ်။ စာရေးဆရာလုပ်ဖို့ ကြိုးစားနေတယ်တဲ့။ ဒါကိုတော့ မမ ထောက်ခံတယ်။ ဝမ်းလည်း သာမိတယ်။ ကောင်လေးရဲ့ ပြောပုံဆိုပုံ၊ နေပုံထိုင်ပုံက စာရေးဆရာတွေနဲ့ တူတယ်လို့ ထင်မိတာကိုး။ ကောင်လေးနဲ့ လိုက်ဖက်မယ့် အလုပ်တစ်ခုပဲလို့ ယူဆမိတယ်။

ဘယ်မှာ ဟုတ်လို့လဲ၊ ကောင်လေးဟာ ဖြစ်သလိုနေ၊ ဖြစ်သလိုစား၊ ခပ်စုတ်စုတ်နေတာတစ်ခုပဲ စာရေးဆရာနဲ့ တူတယ်။ အပြင်ပန်းအားဖြင့် တူတယ်ဆိုပါတော့။ စိတ်ဓာတ်ကတော့ တခြားစီပါပဲ။ စာရေးဆရာတွေဟာ အနေစုတ်ပေမဲ့ ရိုးသားသန့်ရှင်းတဲ့ စာပေတွေကို ရေးသားပြုစုနေကြတယ်။ ကောင်လေးကတော့ ပေပေတေတေ နေတာကလွဲလို့ ဘာမှ ကြိုးစားအားထုတ်မှု မရှိဘူး။

ဒီကြားထဲမှာပဲ ကောင်လေး နောက်ဆုံးနှစ်စာမေးပွဲ ကျတယ်။ အရက်လည်း သောက်တတ်လာတယ်။ မမ မနေသာတော့ဘူး။ မမရဲ့ လိုလားချက်တွေကို တောင်းဆိုရတော့တယ်။

အရက် မသောက်ရဘူး။ စာမေးပွဲ အောင်အောင် ဖြေရမယ်။ ဘဝရှေ့ရေးအတွက် ခုကတည်းက အစီအစဉ်ချပြီး စဉ်းစားထားရမယ်။

မမပြောတာတွေ ငြိမ်နားထောင်နေပြီးတော့မှ ... “အဲဒါတွေ မလိုက်နာရင် ဘာလုပ်မှာလဲ” လို့ မေးတယ်။

“ဘာလုပ်မယ်လို့တော့ မစဉ်းစားရသေးဘူး၊ မင်း လိုက်နာမှာပဲဆိုတာ သိလို့လေ”

မမဟာ ကောင်လေးကို စည်းရုံးဖို့ ကြိုးစားတယ်။ အလကားပါပဲလေ။ အဲဒီနေ့ကစပြီး မမပြောတာတွေကို အကုန်လုံး ဆန့်ကျင်ပြီး လျှောက်လုပ်ခဲ့တာပဲ မဟုတ်လား။

စာမေးပွဲ တစ်နှစ် ထပ်ကျတယ်။ အောင်စာရင်းထွက်တဲ့နေ့က မမ သွားကြည့်သေးတယ်။ ကောင်လေးရဲ့ နာမည် မပါပေမဲ့ အရင်လိုပဲ ကျောင်းလခကြွေးကျန်လို့ ဖြစ်မှာပါလို့ အကောင်းဖက်က လှည့်တွေးပါသေးတယ်။
ညနေကျတော့ မမငှားနေတဲ့ အဆောင်ဧည့်ခန်းကို ကောင်လေး ရောက်လာတယ်။ အရက်တွေ တအားမူးလို့ပဲ။

“ကျွန်တော် စာမေးပွဲကျတယ်၊ အရက်လည်း သောက်လာတယ်၊ ဘဝရှေ့ရေးကလည်း ဘာမှ အာမခံချက် မရှိဘူး၊ ကျွန်တော်က လူဆိုးပေါ့ဗျာ၊ အဲဒီ ဆိုးတဲ့အချက်တွေအားလုံးကို အချစ်တစ်ခုတည်းနဲ့ မမ ချေဖျက်ပစ်နိုင်မလား”

မမ ခေါင်းခါပြလိုက်တယ်။ အဲဒါ လမ်းခွဲမှုရဲ့ အစပဲ။

* * *

မမက ပညာလည်းစုံပြီ၊ အလုပ်နဲ့အကိုင်နဲ့လည်း ဖြစ်ပြီ။ ပြီးတော့ ရန်ကုန်မှာ တစ်ယောက်တည်း နေရတာ စိတ်မချဘူးဆိုပြီး မိဘတွေက အိမ်ထောင်ပြုဖို့ တိုက်တွန်းကြတယ်။ မမက ရတဲ့လခလေးနဲ့ ကျစ်ကျစ်လျစ်လျစ်နေ၊ ငွေကလေးစုပြီး မိဘတွေဆီ တတ်နိုင်သလောက် ပို့နေရတာကိုတောင် မကျေနပ် မတင်းတိမ်နိုင်သေးဘူး။

တကယ်တော့ အဖေတို့ အမေတို့ဟာ အဲဒီအချိန်မှာ မမရဲ့ အထောက်အပံ့ကို မလိုပါဘူး။ ပုံမှန်လေး စားသောက်နေထိုင်သွားနိုင်တဲ့ အခြေအနေမှာ ရှိနေပါပြီ။

အဲဒီတုန်းမှာပဲ မမတိုနဲ့ တစ်မြို့ တည်းနေခဲ့တဲ့ ကိုစိန်မျိုးနဲ့ တွေ့တယ်။ သူက မမကို လက်ထပ်ချင်တယ်လို့ ကမ်းလှမ်းတယ်။ ကောင်လေးနဲ့ မမဖြစ်ခဲ့တဲ့ ကိစ္စကိုလည်း သူသိတယ်။ သို့ပေမဲ့ မသိသလိုပဲ နေတယ်။ မမက မနေနိုင်ဘူး။ ဖွင့်ပြောလိုက်တယ်။

သူက “ထား အရင်က ဖြစ်ခဲ့တာတွေ ကိုယ်နဲ့ မဆိုင်ပါဘူး၊ မေ့ပစ်လိုက်ပါ၊ ကိုယ်လည်း မေ့ပစ်ပါ့မယ်၊ ရည်းစားကွဲခဲ့ဖူးတဲ့လူတိုင်းသာ အပြစ်ရှိမယ်ဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ လူတွေရဲ့ ကိုးဆယ်ရာခိုင်နှုန်း
လောက်ဟာ အပြစ်ရှိတဲ့လူတွေ ဖြစ်နေမှာပေါ့။ တစ်ခုတော့ ပြောချင်တယ်၊ အဲဒီ ကိုးဆယ်ရာခိုင်နှုန်းထဲမှာ ကိုယ်မပါဘူး၊ ကိုယ့်ရဲ့ အချစ်ဦးဟာ ထားပါ”

ကိုစိန်မျိုးကို လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မမဟာ ရာထူးဂုဏ်ထူးကို မက်မောတယ်လို့ ကောင်လေးဆီက အသံထွက်လာသေးတယ်။ မမ မက်မောမိတဲ့ ရာထူးကိုလည်း ကြည့်ပါဦး။ လခလေးရာလောက်သာရတဲ့ ဒုလက်ထောက် အင်ဂျင်နီယာဆိုတဲ့ ရာထူးကလေးပါ။ ကိုစိန်မျိုးဟာ စက်မှုသိပ္ပံမှာ သုံးနှစ်လောက် တက်ခွင့်ရဖို့၊ ဒုလက်ထောက် အင်ဂျင်နီယာဆိုတဲ့ ရာထူးဂုဏ်ပုဒ်ကလေးရဖို့ ဘယ်လောက် ရုန်းကန်ကြိုးစားခဲ့ရတယ် မှတ်သလဲ။ သူနဲ့ မမဟာ ဘဝတူပါ။

* * *

မမ လက်ထပ်တာနဲ့ ပတ်သက်ပြီး ကောင်လေးရဲ့ တုံ့ပြန်မှုက ရက်စက်လွန်းလှတယ်။

မမတို့ရဲ့ မင်္ဂလာဆောင်ကို မမတို့ ငှားနေမယ့် အိမ်ခန်းကလေးမှာပဲ အကျဉ်းရုံး လုပ်လိုက်တယ်။ ကောင်လေးကိုတော့ မဖိတ်မိခဲ့ဘူး။

မဖိတ်ပေမဲ့ ကောင်လေး ရောက်လာတယ်။ သူငယ်ချင်းတွေ တစ်အုပ်ကြီးနဲ့။ ပြဿနာဖြစ်မှာစိုးလို့ ကောင်လေးတို့ဝိုင်းနား မလာချင်ပေမဲ့ မကောင်းတတ်လို့ လာပြီး နှုတ်ဆက်ရတယ်။

ကောင်လေးက ကိုစိန်မျိုးကို လက်ဆွဲနှုတ်ဆက်ပြီး “ဦးစိန်မျိုးက သိပ်ကံကောင်းပါတယ်၊ မမထားက သိပ်လိမ္မာတယ်ဗျ၊ အမြော်အမြင်လည်း ကြီးတယ်”

မမမျက်နှာ ကွက်ခနဲ ပျက်သွားမိမှာ သေချာပါတယ်။ ကိုစိန်မျိုးကတော့...“ကျေးဇူးတင်ပါတယ် ခင်ဗျာ”လို့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ပြုံးပြီး ပြန်ပြောတယ်။

* * *

ဒီလောက်နဲ့ မပြီးသေးဘူး။ အရက်မူးလာတဲ့အခါ မမတို့အိမ်ရှေ့မှာ သီချင်းတွေ လာအော်ဆိုတယ်။ ပေါက်ကရတွေ လျှောက်အော်သွားတယ်။

ဒါတင် မကသေးဘူး။ ကောင်လေး စာမေးပွဲ ထပ်ကျတယ်။ တကယ်က သွားတောင်ဖြေရဲ့လား မသိ။ သုံးခါကျလို့ ကျောင်းထွက်လိုက်ရတယ်။ အလုပ်လည်း မလုပ်ဘူး၊ အရက်ကို အဖော်ပြုပြီး သွားချင်ရာသွား၊ လုပ်ချင်ရာလုပ်၊ နေချင်သလို နေနေတယ်။ ကောင်လေးရဲ့ မိဘတွေလည်း လက်မြှောက်ထားလိုက်ရပြီတဲ့။

အဆိုးဆုံးက ခုလို ဖြစ်ရတာဟာ မမက ရက်ရက်စက်စက် အသည်းကို ခွဲလိုက်လို့ပဲ ဆိုပြီး လူတကာကို လျှောက်ပြောတာ။ လူတွေက မမကိုမြင်ရင် မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီးလို့ ထင်အောင် လုပ်လိုက်တာပဲ။ အဲဒီလို လုပ်လိုက်လို့ ကောင်လေးအတွက် ဘာအကျိုးရှိသွားသလဲ။ မမအတွက်သာ အကျိုးမဲ့ရာမဲ့ကြောင်း ဖြစ်သွားစေနိုင်တယ် မဟုတ်လား။ အဲဒီလိုဖြစ်ရအောင်ပဲ တမင်တကာ လုပ်နေလေသလား မသိ။

မမနဲ့ ကိုစိန်မျိုးတို့ စိတ်ထဲမှာ အနှောင့်အယှက်ဖြစ်အောင်၊ မမတို့အိမ်ထောင်ရေးမှာ အဖုအထစ်၊ အထုံးအဖွဲ့ဖြစ်အောင် မလုပ်သင့်ဘူးလို့ ထင်တယ်လေ။ ကောင်လေးဟာ သဘောထား မကြီးတတ်သေးပါလား၊ အသက် အစိတ်ဝန်းကျင်ကို ရောက်လာတဲ့ လူတစ်ယောက်ဟာ ရင့်ကျက်သင့်ပါပြီ။ ကိုယ့်ဘဝနဲ့ကိုယ် ကြိုက်သလို နေနိုင်ပါတယ်။ သို့ပေမဲ့ နေသားကျပြီး သာယာနေတဲ့ သူများဘဝကိုတော့ မထိခိုက်သင့်ပါဘူး။

ကောင်လေးက မမတို့ကို သဲကြီးမဲကြီး တိုက်ခိုက်နေပေမဲ့ မအောင်မြင်တာတော့ အမှန်ပါပဲ။ ကိုစိန်မျိုးဟာ သိပ်သဘောထားကြီးတယ်။ ကောင်လေးနဲ့ မမတို့ရဲ့ အကြောင်းကို သူမေ့ပစ်မယ်ဆိုတဲ့ စကားအတိုင်း တကယ် မေ့ပစ်တာပါ။

တစ်ခါတလေ ကောင်လေး အရက်တွေမူးပြီး အိမ်ရှေ့က လာအော်တဲ့အချိန်မှာ သူ မအိပ်သေးဘူး။ သို့ပေမဲ့ သူနဲ့မဆိုင်သလိုပဲ မသိချင်ယောင်ဆောင်နေတယ်။

* * *

ခုတော့ သူအိပ်ပျော်နေတယ်။

ဪ.. ခင်ပွန်းသည်တစ်ယောက်ကို ဘေးမှာထားပြီး ကောင်လေးအကြောင်း တွေးနေတာ အပြစ်များ ရှိနေမလား။

မဟုတ်ဘူး၊ မမကိုယ်မမ သိတယ်၊ ချစ်သူဟောင်းကို လွမ်းဆွတ်တမ်းတနေတာ မဟုတ်ဘူး။ ဖြစ်စဉ်တစ်ခုကို ရိုးရိုးလေးတွေ ကြည့်နေတာပဲ။ သံဝေဂရတယ်လို့တော့ မဆိုလိုပါဘူး။

ဘာပဲဖြစ်ဖြစ် အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို ဇွတ်အတင်း ပြည်ဖုံးကားချပစ်လို့ ရတာမျိုးမှ မဟုတ်ဘဲ။ အတိတ်က အဖြစ်အပျက်တွေဟာ ပြက္ခဒိန်ဟောင်းတစ်ခုလို ဘယ်လွှင့်ပစ်လို့ ရပါ့မလဲ။ ကောင်လေးရဲ့ အကြောင်းကို တွေးနေမိတဲ့အတွက် မမကိုယ်မမ လိပ်ပြာလုံပါတယ်။ ခုချိန်မှာ ကောင်လေးအပေါ်မှာထားတဲ့ မမရဲ့ သဘောထားက အိမ်ကထွက်ပြေးပြီး တေပေလေလွင့်နေတဲ့ မောင်လေးအရင်း တစ်ယောက်အတွက် စိတ်မကောင်းတာမျိုးလောက်ပါပဲ။

ကောင်လေးဟာ မမကို တကယ်မချစ်ခဲ့ဘူးဆိုတာ မမသိပါတယ်။ ကောင်လေးဟာ မမကို ရည်းစားတစ်ယောက်အနေနဲ့ တွဲခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ ချစ်သူသက်တမ်း တစ်လျှောက်လုံးမှာ မမကို လက်ထပ်ဖို့ဆိုတဲ့ကိစ္စကို တစ်ခါမှ မပြောခဲ့ဖူးပဲ။

ခုချိန်မှာကော မမအပေါ်မှာ ဘယ်လို သဘောထားသလဲ။ ကိုယ့်ဘာသာ တေချင် ပေချင် လေချင်တာကို မမကြောင့်ပါလို့ လက်ညှိုးထိုးပြီး တရားခံရှာနိုင်ဖို့လောက်သာ သဘောထားနေတာ မဟုတ်လား။

ခုအခါမှာ မမရဲ့ ဘဝဟာ သာယာနေပါပြီ။ ကောင်လေး တစ်ခါက ပြောဖူးတဲ့ စကားတစ်ခွန်းကတော့ မှန်ပါတယ်။ အချစ်ကို ခြုံမယ်ဆိုတာလေ၊ ကိုစိန်မျိုးရဲ့ မေတ္တာဟာ ဆောင်းအခါ နွေးပြီး၊ နွေအခါ အေးမြတဲ့၊ မိုးအခါမှာ မိုးသီးမိုးပေါက်ဒဏ် မုန်တိုင်းဒဏ်ကို ကာကွယ်ပေးတဲ့ ခြုံလွှာပါပဲ။ သူ့ရဲ့ မေတ္တာခြုံလွှာအောက်မှာ မမ လုံခြုံစွာ ရှိနေပါပြီ။ ကိုစိန်မျိုးကို သမီးရည်းစားတစ်ယောက်လို မချစ်ခဲ့ဖူးပေမဲ့ ခင်ပွန်းသည်တစ်ယောက်လိုတော့ မမ သိပ်ချစ်နေရပါပြီ။ ပြီးတော့.....

* * *

“ဟေ့... သစ္စာဖောက်မကြီး ထွက်ခဲ့”

“အင်ဂျင်နီယာဆိုတာ တည်ဆောက်ရတဲ့လူကွ၊ သူများ တည်ဆောက်ထားတဲ့ အချစ်ကို ဖျက်ဆီးရတဲ့လူ မဟုတ်ဘူး၊ ဟေ့... သိပ်ပျော်နေကြလားဟေ့”

ကောင်လေးရဲ့ စကားတွေက ကြမ်းတမ်းရိုင်းပျလာပြီ၊ အရင်လို စောင်းမြောင်းပြောတာမျိုး မဟုတ်ဘဲ တိုက်ရိုက်စော်ကားလာခဲ့ပြီ။

အဲဒီအချိန်မှာ ကောင်လေးရဲ့ အသံအပြင် တခြားလူတွေရဲ့ အသံပါ ကြားလာရတယ်။

“ခင်ဗျား သိပ်မူးနေပြီထင်တယ်၊ ပြန်ပါတော့”

“ဘာလို့ ပြန်ရမှာလဲ၊ ကျုပ်ဘာသာ သီချင်းဆိုတာ”

“ခုလို လျှောက်အော်နေတာ မကောင်းပါဘူး”

“ဘာဖြစ်လဲ ခင်ဗျားတို့က ဘာဆိုင်လို့ ဝင်ပြောရတာလဲ”

“သီချင်းဆိုတယ်ဆိုပြီး ခင်ဗျားလက်ထဲက ခဲလုံးကြီးကကော”

“ဪ... ဒါလား၊ ဒါ... ခဲလုံးမဟုတ်ဘူးဗျ၊ ကျုပ်နှလုံးသား၊ ကျုပ်ရဲ့ နှလုံးသားကို စားသုံးချင်တဲ့လူတွေကို လက်ဆောင်ပေးမလို့”

ကင်းလှည့်လာတဲ့ ရဲတွေလား၊ ရပ်ကွက် ပြည်သူ့ကောင်စီအဖွဲ့ဝင်တွေလား၊ အရန်မီးသတ် ရဲဘော်လေးတွေလား၊ ပြောမရ ဆိုမရလို့ ရိုက်နှက်တာများ ဖြစ်ကုန်မှာလား။

“ဟေ့လူ ဘာလုပ်တာလဲ၊ မပစ်နဲ့လေ”

“ကျုပ်ကို မဆွဲနဲ့”

“ပြောနေတာ မရဘူးလား”

လှဲနေရာက ဆတ်ခနဲ ထထိုင်လိုက်မိတယ်။ အဲဒီအခိုက်အတန့်မှာပဲ “ဟင့်”ခနဲ အသံတစ်ခု ကြားလိုက်ရတယ်။

အို... တစ်ဖက်ဘေးမှာ အိပ်နေတဲ့ သားလေးရဲ့ အသံပါလား။ ခြောက်လအရွယ် သားငယ်လေးဟာ နို့ဆာလို့ ပါးစပ်ကလေးဟပြီး အမေကို လိုက်စမ်းနေရှာတယ်။

အိပ်ရာပေါ် ပြန်လှဲလိုက်တယ်။ သားကို နို့တိုက်တယ်။

သွားပေဦးတော့ ကောင်လေးရေ...။ ခုချိန်မှာ မင်းအတွက် မျက်ရည်ကျဖို့ထက် သားလေးအတွက် နို့ရည်ထွက်ဖို့က ပိုပြီး အရေးကြီးနေ ပါတယ်။

ကိုစိန်မျိုးရဲ့ လက်တစ်ဖက်က လက်မောင်းပေါ်  လာတင်တယ်။ သားလေးက နို့ကိုငုံရင်း နှစ်နှစ်ခြိုက်ခြိုက် ပြန်အိပ်ပျော်သွားပြီ။ ဒီအချိန်မှာ အပြင်ဘက်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ မသိချင်တော့ဘူး။ ဘာသံမှလဲ မကြားတော့ဘူး။ ကမ္ဘာကြီးတစ်ခုလုံးကို မေ့သွားပြီ။

နွေးထွေးတဲ့ အိပ်ရာကလေးထဲမှာ သာနေတဲ့ နေမင်းကြီးနဲ့ လမင်းငယ်လေးပဲ ရှိတော့တယ်။
-----------------------
#မင်းလူ
မိုးဝေမဂ္ဂဇင်း၊ ၁၉၈၆၊ ဖေဖော်ဝါရီ နှင့်
ကောင်လေးရေ ဝတ္ထုတို စုစည်းမှု၊ ၁၉၉၉ မှ

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)