မုန်း၍မဟူ၊ အခန်း(၅)

မိုးပေါက်တို့သည် မှုန်မှုန်ဖွဲဖွဲ ကျနေလေသည်။

မိုးသက်လေဖြင့် လွင့်ပါလာသော မိုးစက်မိုးဖွားကလေးများ မျက်နှာသို့ လွင့်စင်လာမှ ပြတင်းတံခါး ပိတ်ရန် ထလိုက်လေသည်။

အပြင်ဘက်တွင် အုံ့မှိုင်းလျက် ရှိကာ သဲသဲမဲမဲ ရွာရန် ဆင်နေသော မိုးသားကို မော့ကြည့်လျက် “ရွာဦးတော့မှာပဲ” ဟု ညည်းညူ နေလေသည်။

ဝေဝေသည် မိုးရွာမှာကို ကြောက်ရွံ့စိုးပူ နေရသည်။ မိုးသည်းသည်း ရွာသည့်နေ့၌ ဦးဘိုးသိန်းမှာ အိပ်ရာက မထသလောက် ခွေနေတတ်လေသည်။ နွေဘက်တွင် သက်သာ သလိုလိုနှင့် ပျောက်နေသော ရောဂါမှာ မိုးဦးကျစက ပြန်ပေါ်လာသည်။ ချောင်းဆိုးတိုင်း သလိပ်ထဲတွင် သွေးခဲများ ပါလာလေသည်။ တစ်မိုးတွင်းလုံးပင် သက်သာလှသည် မရှိ။ မိုးအားကောင်းသည့် နေ့တွင် ချောင်းက ပိုဆိုးလေရာ ချွေးပြန်ကာ မောဟိုက် နေလေသည်။

ဦးဘိုးသိန်းသည် နေသာတတ်သည့် မနက်ဘက်၌သာ အောက်ထပ်သို့ ဆင်းဝံ့လာကာ၊ တစ်နေ့လုံး အိမ်ပေါ်၌ အခန်းအောင်း နေလေသည်။

မိုးတွင်းဘက်၌ လယ်ကိစ္စ အတွက် အလုပ်များ နေလေသည်။ ဝေဝေ့မှာ လယ်သီးစားသမား လာလျှင် သူနှင့်ပြီးအောင် ဆက်ဆံကာ၊ မလွှဲသာမှသာ အိမ်ပေါ်တက်၍ ဖခင်အား မေးမြန်း လုပ်ကိုင်တော့သည်။

“ဖေဖေ အနားယူပါဦး၊ အလုပ်အတွက် ဘာမှ မကြောင့်ကြပါနှင့်၊ သမီးတာဝန် ထားပါ၊ ကျန်းမာအောင်သာ နေပါ ...”

ဖခင်ကို တတွတ်တွတ် အားပေးပြုစု နေရသည်။ ဦးဘိုးသိန်းမှာ သမီးလေး စိတ်မကောင်း မဖြစ်အောင် စိတ်ဆောင်နေကာ၊ လုပ်ငန်း အရပ်ရပ် မျက်နှာ လွှဲနိုင်သမျှ လွှဲလျက် ဒီရောဂါနဲ့ သေရမှာပဲဟု စိတ်လျှော့ ထားလေသည်။

ဝေဝေသည် သံတိုင်ကို လက်နှင့် ဆုပ်ကိုင်လျက် အပြင်ဘက်သို့ ငေးစိုက်ကာ၊ မိုးရေ အကြားမှ မိခင်၏ မျက်နှာကို တစိမ့်စိမ့် မြင်ယောင် နေလေသည်။ ဦးဘိုးသိန်း အပါး၌ မိခင် ရှိစေချင်သည်။ မိခင် ရှိသင့်လျက် မိခင်အနား မရှိခြင်းကို ရင်နာစရာ ကောင်းမှန်း တွေးနေလေသည်။

မိခင်၏ အကြောင်းကို စဉ်းစားလိုက်တိုင်း ဝေဝေ့မှာ ဖခင်အတွက် စိတ်မချမ်းမြေ့ လွန်းသဖြင့် ဘယ်လို အသည်းနှလုံးမို့ ကိုယ့်အိမ်ထောင်ကြီး ပစ်ပြီး လျစ်လျူရှု လိုက်နိုင်တာလဲဟု တွေးတော ကြည့်မိသည်။

မိသားတစ်စု ကွေကွင်း ဖယ်ကြဉ်လျက် တကွဲတပြားစီ ဖြစ်နေကြသော အဆင်မပြေသည့် ဘဝကို တွေးနေကာ မိမိသာ ဖခင်အနား မရှိက ပြုစုယုယမည့်သူ မရှိဘဲ ခက်နေမည်ဟု တွေးမြင်ကြည့်သည်။

ထားထားကို တွေးလိုက်မိသည်။ မမထားတို့ပဲ အေးသည်။ အိမ်နှင့် ဝေးနေရ၍ အိမ့်အတွက် အပူအပင် သက်သာသည်။ ထားထားမှာ ကုသိုလ် ကောင်းလေသည်။ မှတ်မိသလောက် အိမ်နေကတည်းက အိမ့်အတွက် ပူပင် ကြောင့်ကြဖွယ်ရာ မရှိခဲ့။ မိခင်ရှိ၍ အဖက်ဖက်က လိုလေသေး မရှိ အဆင်ပြေသည်။ စာအေးအေး သင်သွားနိုင်လျက် ကျောင်းထွက်တာနှင့် လင်ရ သွားလေသည်။

ထားထားထံမှ ဖခင်အတွက် စိတ်ပူကြောင်း၊ အနားမှာ လာရောက်ပြုစု လိုလျက် မလာနိုင်သည့် အိမ်ထောင်သည် ဘဝမို့ ဝမ်းနည်းရကြောင်း ရေးလိုက်သော စာများ အခုတလော မကြာခဏ ဖတ်နေရသည်။

အိမ်ထောင်သည် ဘဝ မလွတ်လပ်မှန်း ထားထားအစား တွေးတွေးပြီး စိတ်ပျက် သွားလေသည်။ အိမ်ထောင် ကျရမှာပင် ကြောက်ရွံ့လာသည်။ အိမ်ထောင်ပြုလျှင် ဖခင်နှင့် မခွဲဘဲ အတူတကွ နေနိုင်မည့်သူမျိုးမှ ဖြစ်မည်။ သူ့နောက်သို့ လိုက်ရမည့် အိမ်ထောင်မျိုး ဆိုလျှင် မဖြစ်။ အမေတို့၊ အစ်မတို့၊ အစ်ကိုတို့ကို ခွဲနိုင်ကြပေသည့် ကိုယ့်အဖို့၌ ဖခင် ရှိသမျှ ကာလပတ်လုံး ခွဲနေဖို့ရာ မဖြစ်နိုင်သော အခြေသို့ ဆိုက်နေသည့် ဘဝမှန်း ကောင်းကောင်း ရိပ်စားမိထား လေသည်။

မိခင်ထံမှ ဖခင်ဝေဒနာ အတွက် သင့်မြတ်မည့် ဆေးနည်း တစ်ဖုံနှင့် ဖခင်ကို ဂရုစိုက် ပြုစုကုသရန်သာ စာပြန်လာလျက်၊ ပူပင်သောက ဖြစ်ပုံ မဖော်ပြသဖြင့် စိမ်းလိုက်လေဟု စိတ်ထဲ ခုသွားလေသည်။

ဝေဝေ့မှာ ဖခင်အတွက် သူတစ်ဦးတည်းဒိုင်ခံ၍သာ ပူပင် နေရတော့သည်။ အလုပ်အကိုင် အတွက်ကလည်း အစစ အရာရာ ကိုယ့်တာဝန်ကြီး ဖြစ်နေသည်။ ကိုနေဦးမှာ ယောက္ခမအလုပ်နှင့် မအားနိုင်အောင် ရှိ၍ ကိုယ်ဖိရင်ဖိ လာမလုပ်ပေးနိုင်။ တစ်နေ့တစ်ခေါက် သတင်းမေး လာသည့် အချိန်ကလေးပင် ကြာကြာ မနေနိုင်အောင် သူရောက်ပြီး အလုပ်က သူ့နောက်က လိုက်လာတတ်သည်။

ကြီးတော်သက်ပဲ မခွဲဘဲ နေဖော်ရသည်။ ဖခင်နှင့် မောင်နှမအရင်း မဟုတ်သော်လည်း သွေးရင်းသားရင်းတွေထက် သားအဖ နှစ်ဦးကို သံယောဇဉ်ကြီး နေရှာသည်။

ဝေဝေသည် မျက်နှာကို မိုးစက် စဉ်ပက်နေ၍ စိုစွတ်သော အသိထဲတွင် အကြောင်းကြောင်းတွေ စဉ်းစားမိ၍ အောင့်သက်သက် ရှိသော အသိပါ ရောပြွမ်း ခံစားနေလျက် အဖျား တက်ချင်သည့် သူလို ဖျဉ်းဖျဉ်း ဖျဉ်းဖျဉ်း ဖြစ်နေလေသည်။

မြစ်ဘက်မှ ပြင်းထန်စွာ မြည်ဟည်းလာသော ဦးစောဟန် မော်တော်အမြန် အယ်လ်တို ပဲ့ချိတ်စက်သံသည် ကောင်းကင် တစ်ခွင်လုံး ပျံ့နှံ့ပြည့် လာလေသည်။

ဝေဝေသည် နားအူလောက်အောင် ဆူညံလာသော စက်သံဖြင့် အာရုံချက်ချင်း ပြောင်းသွားကာ တံခါးပိတ်၍ ပြတင်းက ခွါလာခဲ့သည်။

ကျိုက်ပိဘက်မှ ရောင်းလိုက်သော စပါးများအတွက် ဦးစောဟန်နှင့် စပါးဖိုး ရှင်းရန် ရှိသဖြင့် စာရင်းပြန်တွက် ကြည့်နေသည်။

မိုးမှာ သည်းထန်စွာ ရွာချနေသည်။ မော်တော် ဆိုက်ကပ်သံ ကြားပြီးမှာ မိုးသည်းသည်း ရွာချနေ၍ လှိုင်းထဲလေထဲ ဆိုက်ပြီးမှ ရွာတာ တော်ပါသေးရဲ့ဟု စာရင်းတွက်ရင်း လှမ်းသတိရ လိုက်သည်။

ဝေဝေသည် အိမ်ဝသို့ မျှော်ကြည့်လေသည်။ မိုးရေထဲ၌ မိုးခံအင်္ကျီ ဖိုးရိုးဖားရားနှင့် ခေါင်းငိုက်စိုက်ချ လျှောက်လာသော ဦးစောဟန်ကို လှမ်းမြင်နေရသည်။ ဦးစောဟန် နောက်မှ ထီးမိုး လိုက်လာသော ဒရဝမ်ကုလားမှာ ခြေလှမ်းမီအောင် နောက်က အပြေးလိုက် မိုးပေး နေရသည်။

ဦးစောဟန် အိမ်နား ရောက်ခါနီးမှ မျက်နှာအောက်သို့ ငုံ့လိုက်ကာ စာရင်းများကို စိုက်ကြည့်နေသည်။

ဦးစောဟန်သည် အိမ်ထဲသို့ မဝင်ခင် အပေါက်ဝ၌ ရပ်လျက်၊ ဒရဝမ် နောက်က ချွတ်ယူသော မိုးခံအင်္ကျီကို အလိုက်သင့် လုပ်ပေးရင်း ဝေဝေ့ကို လှမ်း၍ ပြုံးကြည့်နေသည်။

ဝေဝေသည် ဖောင်တိန်ခေါင်းကို နှုတ်ခမ်းနှင့် တေ့ထားကာ ပြန်ပြုံး နှုတ်ဆက်လိုက်သည်။

“ဟေ့ ချာတိတ်၊ ဦး ဘယ့်နှယ် နေသလဲ”

လက်ကိုင် သားရေအိတ်ကြီးကို ခုံပေါ်သို့ တင်လိုက်ကာ ခုံရှေ့က ကုလားထိုင်ကို ဆွဲမထိုင်ခင် ဟူးခနဲ သက်ပြင်းမှုတ်ထုတ် လိုက်သဖြင့် ပင်ပန်းလာသော အသွင်သဏ္ဌာန် ပေါ်သွားလေသည်။

“ဖေဖေ မနေ့ကထက် စာရင်တော့ ဒီနေ့ သက်သာပါတယ်၊ မနက်က အောက်မှာပဲ ဆင်းနေတယ်၊ မိုးအုံ့မှ တက်သွားတယ်”

“မနက်က ဆရာဝန် လာသလား”

“ဟုတ်ကဲ့ ... ဆေးထိုး သွားပါတယ်”

ဦးစောဟန်သည် မိမိထက် အသက် နှစ်ဆယ်လောက် ငယ်သော အထိမ်းအမှတ်ဖြင့် ဝေဝေ့ကို ချာတိတ်ဟူ၍ ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံ နေသည့်တိုင်၊ ဝေဝေ့မှာ ရင်းရင်းနှီးနှီး ပြောရဲဆိုရဲ မရှိ။ အသက်ငယ်လည်း ဆက်သွယ် နေရသော အလုပ်အကိုင်မှာ ကလေးလို ဆက်ဆံ၍ မရနိုင်သဖြင့် လူကြီးလို ဆက်ဆံ နေရသည်။

ဝေဝေသည် ကနဦးက ဦးစောဟန်အား မိမိထက် အသက်ကြီး၍ ယဉ်ကျေးစွာ “အစ်ကိုကြီး” ဟု ခေါ်လိုငြားလည်း၊ အစ်ကိုကြီး ကိုနေဦး ရှိနေပြီး ဖြစ်သဖြင့် နှုတ်က အစ်ကိုကြီးလို့လည်း ခေါ်မဖြစ်။ ဦးစောဟန်မှာ ဦးဘိုးသိန်း ညီဝမ်းကွဲ၊ ဦးလေး ဦးဘိုးမြိုင်ထက် အပုံကြီး နုပျိုသဖြင့် ဦးလေးနှင့် တရွယ်တည်း ထား၍ ဦးလေးလည်း မခေါ်ချင်။

စောစောပိုင်းက တော်တော် အခေါ်ရ ခက်နေသည်။ အခေါ်ရ ခက်၍ ဦးစောဟန် ဟုပင် ခေါ်လိုက် ပြောလိုက်တော့သည်။

“ဦးစောဟန်” ဟု ခေါ်ပြောဆက်ဆံ နေသော ဝေဝေ၏ ဣန္ဒြေမှာ ဦးစောဟန်နှင့် သက်တူရွယ်တူ အပျိုကြီးဂိုက်မျိုး ဣန္ဒြေကြီးနေလျက် ချာတိတ်ဟု ခေါ်နေသည့် ဦးစောဟန်မှာ ဝေဝေနှင့် ရွယ်တူတန်းတူ လူရွယ်အသွင် ပေါက်နေကာ၊ ဝေဝေ့ရှေ့ကျရင် ပို၍နုပျို နေသလိုပင် ထင်မှတ်နိုင်လေသည်။

ဦးစောဟန်သည် စီးကရက်ကို ဖွာရှိုက်လျက် မှုတ်ထုတ်လိုက်ကာ ဝေဝေ့ကို စိုက်ကြည့် နေလိုက်သည်။

“ဝေဝေ့ကို ကိုယ် တစ်ခု သတိပေးမလို့ပဲ၊ မပြောဖြစ်ဘူးကွယ်။ ဦး စားတဲ့ သောက်တဲ့ ပန်းကန်တွေကို တခြား ခွဲထားနော်၊ ဝေဝေနဲ့ မရောစေနဲ့၊ ခွဲထား။ ကြိုတင် ကာကွယ်ခြင်းဟာ အကောင်းဆုံးပဲ၊ ဟို ... ဟို ... မဖြစ်ခင်က တားတယ်ဆိုတဲ့ စကားလိုပေါ့ ... မဟုတ်ဘူးလား”

ဝေဝေ၏ မျက်နှာကလေးမှာ ညှိုးဖျော့ သွားလေ၏။ မျက်လုံးမှာ ခပ်စင်းစင်းဖြင့် မျက်တောင် မခတ်မိဘဲ ရှိသည်။ စိုက်မိစိုက်ရာ စိုက်ထားလေသည်။ ဦးစောဟန်သည် ဝေဝေ့ကို တွေ၍ ကြည့်နေလေသည်။

သည်ရောဂါမျိုး ကူးစက်တတ်သည် ဟူ၍ ကြောက်ရမှန်းကို တစ်ကြိမ်တစ်ခါမျှ မတွေးတောခဲ့ဖူးပေ။ မကြောက် သဖြင့်လည်း ဖခင်နား၌ ကပ်ကာ ကိုယ်တိုင် ထူမပေးလျက် နီးနီးကပ်ကပ် ပြုစု နေလေသည်။

ဦးစောဟန် သတိပေးချက်ကို ဦးနှောက်ထဲ၌ ထည့်သွင်း စဉ်းစားဖို့ရန် ခဲယဉ်းနေသည်။ ဖခင်နှင့် တစ်အိမ်တည်း အတူနေကြလျက် အသုံးအဆောင်ချင်း ခွဲခြားထားဖို့ရာ တွေးကြည့် ရသည်နှင့်ပင် ဝမ်းနည်းပက်လက် ဖြစ်လာမိသည်။ ဝေဝေ့အား ကောင်းစေချင်၍ သတိပေးသည်ကား မှန်၏။ သို့ရာတွင် ဝေဝေမှာ ခွဲစကားကို နားမှ လေသံ မကြားနိုင်လျက် ဖခင်အတွက် ကရုဏာ တသက်သက်ဖြင့် ညှိုးငိုင် နေလေသည်။

“ဝေဝေ ကိုယ်ပြောတာ သတိရနော်၊ ဝေဝေ့အတွက် စိုးရိမ်လို့ ပြောရတာ”

ဝေဝေသည် လေးလံစွာ မျက်လွှာကို ပင့်လှန်ယူလျက် လျော့ရဲရဲ ပြုံး၍ မိမိအတွက် စိုးရိမ်မှုကို အသိအမှတ် ပြုကာ တုံ့ပြန် လေးစားသည့် ဟန်ဖြင့် ခေါင်းညိတ်ပြ လိုက်ရသော်လည်း စိတ်ထဲက တစ်စက်မှ မပါပေ။

ဦးစောဟန်၌ ပေါ့ပါးသွားသည့် အမူအရာဟန်မျိုး ပြောင်းလဲဖြစ်ပေါ် သွားပုံကို သတိပြု လိုက်မိသည်။ အပြောကို မကြိုက်သဖြင့် လက်မခံနိုင်သော်လည်း မိမိအတွက် စိတ်အေးသွားပုံ ရှိသည့် အမူအရာမှ တစ်ဆင့် စိတ်စေတနာကို နှစ်နှစ်သက်သက် လက်ခံထား လိုက်သည်။

“ကျိုက်ပိ ရောက်တုန်းကလည်း မိုးတွေ သည်းနေတာပဲ၊ တုန်ကင်းထဲက စပါးတွေလည်း တချို့ စိုကုန်တယ်၊ မိုးတိတ်အောင် စောင့်နေရတာ စိတ်ပျက်စရာ ကောင်းလိုက်တာ။ ဝေဝေ ကျိုက်ပိ ရောက်ဖူးသလား”

“ဝေဝေ အဲဒီဘက်တွေကို တစ်ခါမှ မရောက်ဖူးပါဘူး၊ သွားလည်ဖို့ အားလည်း မအားပါဘူး”

ဝေဝေသည် ခပ်အေးအေး ဖြည်းဖြည်းသာသာ ပြန်ဖြေသည်။

ဦးစောဟန်သည် ဝေဝေ ပြောပုံကို စိတ်ရှိလက်ရှိ ငေးကြည့်နေသည်။ မျက်လုံးထဲတွင် ဝေဝေ၏ သိက္ခာကလေးနှင့် စူးငြိဆုံတွေ့ နေလေသည်။ သိက္ခာရှိသောမျက်နှာလေးမှ ရိုးဖြောင့်သော အရောင်ကိုလည်း မြင်မိသည်။ ငယ်သော အသွင်လည်း မပျောက်၊ မျက်နှာကလေးကို ခြယ်ထားသော အလှကျက်သရေ ထဲတွင် တည်ငြိမ်သည့်မှင် ကိုလည်း သဘာဝအတိုင်း တွေ့ရသည်။

မော်လမြိုင်ကျွန်း ရောက်၍ ဝေဝေနှင့် တွေ့တွေ့ချင်း ဝေဝေ၏ ရုပ်ဆင်းသဏ္ဌာန်ကို စိုက်ပြီး ကြည့်ခဲ့ဖူးသည်။ ထိုစဉ်က စိုက်ကြည့် သကဲ့သို့ နောက်တွင်လည်း စိုက်ပြီး ကြည့်ခဲ့ပေါင်း များခဲ့ပြီဖြစ်ရာ၊ တွေ့ဖူးသမျှ ဘယ်မိန်းကလေး မျက်နှာမှ မတွေ့ခဲ့ရသော ထူးခြားသည့် အင်္ဂါရုပ်ကို ယခုမှ တစ်ခုစီ စုပေါင်းရှာဖွေ တွေ့နည်းမျိုး စုံစုံလင်လင် စေ့စေ့စပ်စပ် တွေ့နေလေ၏။ ဝေဝေသည် ပြောပြီး ကြာရှည်ကြီး ကြည့်နေခြင်းကို အနေရ ခက်သကဲ့သို့ မျက်လွှာချကာ စာရင်းစာရွက်များ လှန်ကြည့်နေသည်။

“ပူးဝါး ချာတိတ်ပဲ၊ အိမ်ထဲ ခြေချုပ်မိ နေတာပေါ့ ... ဟုတ်လား၊ အမေကလည်း အဝေးမှာ၊ အစ်မကလည်း တစ်နေရာ၊ တစ်ယောက်တည်း အပျိုကြီး ... ဗျာများ နေတာပေါ့”

ဦးစောဟန်သည် ရယ်သွမ်းသွေး လိုက်ကာ ကရုဏာ အရောင်အရှိန် တောက်ပသော မျက်လုံးဖြင့် ကြည့်လျက် တဟဲဟဲ ရယ်နေလေသည်။

ဝေဝေသည် ခေါင်းမဖော်ဘဲ ငုံ့လျက်ပင် ပြုံးနေလေသည်။

မိုးသည် သည်းရာမှ စဲသွားလေ၏။ အိမ်တံစက်မြိတ် အောက်၌ အုတ်တိုက်နှင့် မှီရပ်နေသော ဒရဝမ်ကုလားမှာ မိုးအေးအေးဖြင့် ငိုက်မျည်း နေလေသည်။

ဝေဝေသည် စပါးရှင်းတမ်း စာရင်းရေးလျက် စပါးဖိုးငွေများ ရှင်းတွက် ယူပြီးနောက် လက်ပတ်နာရီကလေးကို ငုံ့ကြည့်ကာ ဦးစောဟန်ကို ပြန်ကြည့်လိုက်သည်။

“ကိုယ် ထိုင်နေတာ ကြာသွားတယ် ထင်တယ်၊ ဆောရီး ... ဝေဝေ”

ဝေဝေမှာ ရုတ်တရက် စကား မပြောတတ်သလောက် အခက်အခဲ ဖြစ်လျက် မျက်လုံးကလေး ပြူးလည်သွားသည်။

“မဟုတ်ပါဘူး၊ ဝေဝေ ဦးစောဟန်ကို ပြောချင်တာလေး တစ်ခုရှိလို့ အချိန်ကြည့်တာပါ”

“ဘယ့်နှယ် ... ဘာပြောချင်လို့လဲ ဝေဝေ၊ ပြောချင်တာ ပြောလေ”

ဝေဝေ၏ မျက်နှာ အမ်းနေပုံသည် ထူးခြားလျက်၊ ဦးစောဟန်မှာ ဘာမှန်းမသိ များစွာမှ စိတ်လှုပ်ရှား သွားလေသည်။

“ဝေဝေ ရောက်ကတည်းက ပြောချင်တာပါပဲ၊ အချိန်က စောတာလည်း တစ်ကြောင်း၊ ငြင်းများ နေမလားလို့ စိုးတာလည်း တစ်ကြောင်း”

ဦးစောဟန်သည် ရင်ကိုမတ်လျက် ဝေဝေ၏ မျက်နှာကို စေ့စေ့ကြည့်ကာ ကိုယ်ကို မလှုပ်မိအောင်ပင် ကြိုးစားပြီး နားစွင့်နေသည်။

“အခု လေးနာရီလည်း ထိုးပါပြီ၊ ဝေဝေ ကော်ဖီ တစ်ခွက်လောက် တိုက်ပါရစေ၊ မိုးလည်း အေးပါတယ်၊ မသောက်နိုင်ပါဘူးလား”

ဦးစောဟန်သည် အသက်ကို ပင့်၍ရှူလျက် ပြုံးလိုက်ပြီး လက်ကိုင်ပဝါနှင့် သူ့နဖူးကို ပုတ်လိုက်လေသည်။

“အို ... သောက်တာပေါ့ ဝေဝေရယ်၊ ဘာများလဲလို့ ထင့်သွားတာပဲ”

ဝေဝေ၏ မျက်နှာကလေးမှာ လငပုပ် ဖမ်းရာက လွတ်သွားသော လ၏ မျက်နှာကဲ့သို့ ကြည်လင် တောက်လင်း သွားလေသည်။ ဝေဝေသည် သွားကလေးတွေ ပေါ်နေအောင် ပြုံးလျက် “ဒါဖြင့် ခဏ စောင့်ပါဦးနော်” ဟုဆိုကာ စားပွဲမှ ထသွားလေသည်။

ဒေါ်သက်မှာ မီးဖိုထဲတွင် ညစာအတွက် ချက်ပြုတ် နေရ၍ ဧည့်သည် ရောက်မှန်းပင် မသိလိုက်ပေ။ ဝေဝေ ဝင်လာပြီး ပြောမှ “ဟေ ... သောက်မတဲ့လား” ဟု အလန့်တကြား ပြန်ပြော နေလေသည်။

ဦးစောဟန် ပြောင်းလာသည်မှာ ၁၀ လလောက် ရှိတော့မည်။ ဘာကျွေးကျွေး ငြင်းဆန်တတ်သဖြင့် အိမ်လာရင် အကျွေးအမွေးနှင့် ဧည့်ခံခြင်း မပြုကြဘဲ၊ လူမျိုးကွဲ တစ်ယောက်ကဲ့သို့ သဘောထားကာ ကြောင်တောင်ကြည့် နေလိုက်ကြသည်။

ဦးစောဟန်မှာ သူ့အချိန်နှင့်မှသူ စားသည်။ အိမ်လာတတ်သည့် အချိန်များမှာ ဘာကျွေးကျွေး မစားနိုင်သော အချိန်မျိုး ဖြစ်နေလေ၏။

ဦးစောဟန် ကော်ဖီ သောက်မည်ဟု သိရခြင်းမှာ ဒေါ်သက်အဖို့ ကုလားက ငါးပိ စားတာမျိုးလို အံ့စရာ ကောင်းနေလေ၏။

ဝေဝေသည် ကော်ဖီတစ်ခွက် တိုက်ရန် အလုပ်ရှုပ် သွားလေသည်။ ဗန်းပေါ်တွင် ခင်းရန် အဝတ်လှလှ ရှာရွေးသည်။ လက်ဖက်ရည် ပန်းကန်လုံးကို ထုတ်လာကာ မကြိုက်ပြန်၍ အသစ်ပြန်လဲ ပြန်လေသည်။ မီးဖိုနှင့် ထမင်းစားခန်းကို ကူးချည်သန်းချည် လုပ်ပြီးမှ ကော်ဖီတစ်ခွက် ဖျော်ထည့် ပြီးသွားသည်။

ပြင်ဆင်ပြီး ကော်ဖီဗန်းကို ယူမလိုက်ပြီးမှ တစ်စုံတစ်ရာ သတိရဟန်ဖြင့် “မဖြစ်သေးဘူး ကြီးတော်” ဟု ဆိုလိုက်ကာ ဗန်းပြန်ချ လိုက်သည်။

ဒေါ်သက်မှာ မီးဖိုထဲ၌ ခပ်သုတ်သုတ် ထွက်သွားသော ဝေဝေ၏ နောက်ပိုင်းကို လှမ်းကြည့်လိုက်ရင်း “ဘာ မဖြစ်ပြန်တာ ပါလိမ့်တော်” ဟု ဆိုနေလေသည်။

ဝေဝေသည် ထမင်းစားခန်း ကြောင်အိမ်ထဲမှ ပန်းကန်များ ထုတ်ယူလာပြန်သည်။ လက်ဖက်ရည် ပန်းကန်စုံ ဝယ်စဉ်က နို့ခွက် သကြားခွက်များ ပါသည်ကို အမှတ်ရလိုက်၍ ပြေးယူရသည်။

ဦးစောဟန်သည် သူများ ဖျော်ပေးသော ကော်ဖီကို သောက်မှ သောက်ချင်မည်၊ မြန်မာအိမ်က တည်နည်းမျိုးနှင့် မဖြစ်ဟု စိုးရိမ်ကာ သူ့စိတ်တိုင်းကျ ဖျော်သောက်နိုင်ရန် နို့ခွက်၊ သကြားခွက်နှင့် အသစ် ပြန်ပြင်ရလေသည်။

ဝေဝေသည် ဗန်းကို ကိုယ်တိုင်ယူထုတ် ထွက်လာခဲ့သည်။

ဦးစောဟန်မှာ ဗန်းကို လှမ်းကြည့်လိုက်ကာ သဘောကျသည့် အမူအရာ ပေါ်နေသည်။

“ဝေဝေလည်း သောက်နော်”

“ဝေဝေတို့ နေ့လည်က သောက်ပါတယ်၊ ခုပဲ ထမင်းစားတော့မှာ၊ မသောက်ပါဘူး”

ဦးစောဟန်မှာ တောကအိမ်တွေ သည် အဆောင်အယောင်မျိုးနှင့် လက်ဖက်ရည် မတည်ကြမှန်း သိသည်။ အထူးတလည် မိမိအတွက် မိမိအကြိုက် အတိုင်း လုပ်လာမှန်း သိ၍ ပို၍ နှစ်ခြိုက်သွားကာ စိတ်တိုင်းကျ ဖျော်လိုက်၏။

စာဖတ်အသင်းတိုက် ထဲမှ ထွက်လာခဲ့သော ကိုနေဦးမှာ ဝေဝေတို့ အိမ်ဆီသို့ လျှောက်လာခဲ့ရာ လမ်းမကပင် ဦးစောဟန်ကို လှမ်းမြင်ရသည်။ စားသောက်နေပုံ တွေ့၍ မျက်လုံးတစ်မျိုးဖြင့် ခပ်ဆန်းဆန်းကြည့် ဝင်ခဲ့သည်။

“အစ်ကိုကြီး လာပြီ” ဟု ဝေဝေက ပြောလိုက်၍ ဦးစောဟန်သည် နောက်သို့ လှည့်ကြည့်ကာ နေရာမှ ထရပ် နှုတ်ဆက်လိုက်သည်။

“ဖေဖေ့ လာကြည့်တာပါ၊ သောက်ပါ၊ ကျွန်တော် အပေါ် တက်လိုက်ဦးမယ်”

ကိုနေဦးသည် လှေကားဆီသို့ တန်းသွားကာ တစ်ထစ် နှစ်ထစ် တက်သွားပြီးမှ သတိရသလို ရပ်တန့်လိုက်လျက် ဝေဝေ့ကို လှည့်ပြော လိုက်လေသည်။

“မအူပင်က ကိုစောတို့ လာတယ်၊ ထားထားက စာပေးလိုက်တယ်၊ ဒီလကုန်လောက် လာမယ်တဲ့”

ဝေဝေသည် နေရာမှ ထကာ ကိုနေဦး လှမ်းပေးနေသော စာအိတ်ကို သွားယူလိုက်သည်။

ဝေဝေ စာဖတ်နေခိုက် ဦးစောဟန်မှာ လက်ဖက်ရည်ကို နောက်ထပ်ထည့်၍ ဖျော်နေပြီး၊ စာအိတ်ထဲ စာပြန်သွင်းနေသော ဝေဝေ့ကို မကြည့်ဘဲ ပြောနေသည်။

“ဝေဝေတော့ အစ်မလာရင် နားဖို့ အချိန်ရပြီ၊ ကျန်းမာရေး ကြပ်ကြပ် သတိထားနေနော်”

ဝေဝေမှာ အစ်မနှင့် တွေ့ရတော့မည်ကို တွေးလျက် ဝမ်းသာအားရ မွှန်နေကာ ဦးစောဟန် ဘာဆိုလိုချင်မှန်း အဓိပ္ပါယ် မစဉ်းစားမိဘဲ အမှတ်တမဲ့ ကြားလိုက်လေသည်။
----------------------------------
ဂျာနယ်​ကျော်မမ​လေး

crd 👉 http://openread.atspace.cc/works/22052020_nv.html

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)