ငှက်ကလေး (အပိုင်း-၆)
#ငှက်ကလေး
အပိုင်း (၆)
ဒီနေ့ ကိုယ် ကျောင်းစောစော ရောက်သွားသည်။ ကျောင်းနားရောက်ခါနီးတွင် နောက်မှ “ကလင်၊ ကလင်" ဆိုပြီး ကြားရသည်။ တင်အောင်ခိုင် ဖြစ်ပါသည်။ သူ့အစ်ကိုက စက်ဘီးဖြင့် လိုက်ပို့ခြင်း ဖြစ်သည်။ ကိုယ့်နားရောက်သောအခါ စက်ဘီးကို ရပ်ခိုင်းပြီး သူဆင်းလိုက်သည်။ သူ့အစ်ကိုကို သူက ပြောသည်။
“ကိုကို.... အောင် ညီညီနဲ့ပဲ သွားတော့မယ်နော်” ဆိုပြီး စက်ဘီးဟန်ဒယ်ကို ကိုင်ထားသော သူ့အစ်ကို၏လက်အောက်မှ ငုံ့ပြီး ထွက်လာသည်။
သူ့အစ်ကိုကလည်း "လမ်းဘေးက ကပ်သွားကြနော်"ဟု ပြောပြီး ထွက်သွားသည်။
တင်အောင်ခိုင်က “အလကားကွ၊ ကိုကိုကလည်း ငါ့ကို သိပ်လိုက်ပို့ချင်တာ မဟုတ်ဘူး၊ အိမ်က လိုက်ပို့ခိုင်းလို့သာ၊ ငါကလည်း သူလိုက်ပို့တာ မကြိုက်ပါဘူးကွာ၊ ကိုကိုက စက်ဘီးကို နောက်က တင်ပြီး မနင်းတတ်ဘူးတဲ့။
ရှေ့ဘားတန်းမှာပဲ ထိုင်ရတာ။ ချိုင့်တွေ ဘာတွေ ဆောင့်ပြီဆိုရင် သိပ်ဖင်ညောင့်ရိုးနာတာ”
“ဘာဖြစ်လဲကွ၊ လိုက်ပို့တာ ကောင်းတာပေါ့၊ ခြေညောင်းတောင် သက်သာသေးတယ်"
ကိုယ်က ပြန်ပြောသည်။ သူက ခေါင်းကို ခါ၍... “ဟာ... သိပ်အောက်တာပဲ၊ ကိုယ့်ဘာသာကိုယ် လမ်းလျှောက်သွားရတာပဲ ပျော်တယ်ကွာ၊ ပြီးတော့ အိမ်မှာဆိုလည်း လွတ်လွတ်လပ်လပ် မကစားရဘူး၊ မေမေတို့ ဖေဖေတို့က ငါ့ကိုပဲ လိုက်ကြည့်နေတာပဲ၊ ငါမကြိုက်ဆုံးကတော့ အချိန်နဲ့ လုပ်ရတာကို မကြိုက်ဘူးကွ၊ စာကျက်ချိန်ဆိုရင် စားပွဲမှာ ဝင်ထိုင်ရရော၊ မထရဘူး။ ထမင်းစားချိန်ဆိုလည်း ဆာဆာ မဆာဆာ စားရတာပဲ။ အိပ်ချိန်ဆိုလည်း မအိပ်ချင်ဘဲ ဝင်ရတာ၊ သိပ်ဖီလင်အောက်တာပဲ"
ကိုယ်သည် တင်အောင်ခိုင်ပြောသည်ကို ငေးကြည့်နေမိသည်။ သူနှင့် ကိုယ်နှင့်က ပြောင်းပြန်။ ကိုယ့်ကျတော့ ဒီလို ပြောမယ့် ဆိုမယ့်သူ မရှိ။ ဒါကိုပင် သူက အားကျနေပြန်သေးသည်။
“ငါသာ မင်းလိုဆို သိပ်ကောင်းမှာပဲ၊ မင်းဆိုရင် ကြည့်၊ မင်းပြောဖူးတယ် မဟုတ်လား၊ အိမ်ပြန်ရောက်ရင် ဘယ်သူမှ မရှိဘူးဆို၊ ဘယ်လောက် ကောင်းသလဲ၊ ကိုယ်ကြိုက်သလို နေလို့ရတယ်။ သိပ်မိမှာပဲ”
“ကိုယ်ကတော့ ပျင်းတယ်ကွာ၊ တစ်ယောက်တည်း၊ မင်းလို အစ်ကိုတစ်ယောက်ရှိရင် သိပ်ကောင်းမှာပဲ”
“ဖွတ်.. ကိုကိုက အလကား ပေါစိန်ကွ၊ သူက ငါ့ကို အလိုလိုက်ဖို့ နေနေသာသာ မေမေတို့ ဘက်တော်သားလူ။ ငါ ဘာလုပ်တယ်ဆိုတာ လိုက်ချက်ပြီး မေမေတို့ကို ပြန်တိုင်တာပဲ၊ ခုတောင် သူ ငါ့ကို စက်ဘီးနဲ့ နင်းပို့ရတာ ညောင်းလို့ပြန်သွားတာ။ နို့မို့ဆိုရင် ငါဆင်းနေခဲ့တဲ့အကြောင်း ပြန်တိုင်မှာ ကြိမ်းသေတယ်”
သူက "ငါသာ မင်းလို တစ်ယောက်တည်းသာဆိုရင် သိပ်ကောင်းမှာကွ၊ အေးအေးဆေးဆေး ကစားလို့ရတယ်” ဟု ဆက်ပြောသည်။
ကိုယ်ကတော့ သူ့စကားတွေကို နားထောင်ရင်း အံ့သြနေမိသည်။ သူက ကိုယ့်လို နေချင်လို့တဲ့။ ကိုယ်ကကျတော့ သူ့လိုနေချင်သည်။ တော်တော်လည်း ရယ်စရာကောင်းတဲ့အဖြစ်ပဲဟု ထင်မိသည်။ ရယ်တော့ မရယ်မိပါ။
ကိုယ် သူ့ကို တစ်ခုခု မေးမည်ပြင်တုန်းမှာ သူက..“ဟာ... ဟိုမှာ ဂျွန်ဆင်တောင် ရောက်နေပြီကွ”
သူ လက်ညှိုးထိုးပြရာသို့ ကြည့်လိုက်သည်။ ဂျွန်ဆင်သည် ကျောင်းရှေ့အုတ်ခုံမှာ ထိုင်နေရာမှ ကိုယ်တို့ကို မြင်သောအခါ ထရပ်လိုက်သည်။ ကိုယ်တို့ သူ့အနားရောက်သောအခါ...“ငါရောက်နေတာ ကြာလှပြီကွ"
“ကိုယ်တို့က စောလှပြီ ထင်တာ၊ မင်းက ပိုစောနေတာကိုး”
ကိုယ်က ပြန်ပြောသည်။
ဂျွန်ဆင်က...“ဟေ့ကောင်တွေ ကစ်တီတို့လည်း ရောက်နေပြီကွ”
“မိခိုင်ရောလား”
“အေးပေါ့၊ မီးမီးရောပဲ၊ ဒါနဲ့ ဟေ့ကောင်တွေ ဝါးကြောရှိတယ်ကွ”
“ဘယ်မှာလဲဟေ့”
တင်အောင်ခိုင်က ဝင်မေးသည်။
“ခုန ပြောသွားတာကွ၊ စောင့်နေတယ်တဲ့”
"ဟင်... မင်းစကားက ဘာလဲကွ၊ ဘာပြောနေတာမှန်းလဲ မသိဘူး၊ ဘယ်သူက စောင့်တာလဲ၊ ဘာဝါးကြောလဲ”
ကိုယ်က ဝင်ပြောသည်။ တင်အောင်ခိုင်က ရယ်သည်။ ဂျွန်ဆင်သည် ဒီလိုပဲ စကားပြောလျှင် ဗလုံးဗထွေးနှင့်။ သူ ခေါင်းကုတ်လိုက်ပြီး"ငါ့ဟာငါ ပြောနေတာ ကောင်းသားနဲ့၊ မင်းတို့ ဝင်ရှုပ်နေတာနဲ့ ဘာပြောရမှန်းတောင် မသိတော့ဘူး၊ ဒီလိုကွ ခုန ကစ်တီတို့ မှာသွားတာ၊ စောင့်နေမယ်တဲ့ ဟိုမှာ”
“ဘယ်မှာလဲ”
“ငါတို့ ထိုင်နေကျကွာ၊ စိန်ပန်းပင်ကြီးအောက်မှာ”
"အဲဒါနဲ့ ဝါးကြောနဲ့ ဘာဆိုင်လို့လဲ”
"ဆိုင်တာပေါ့ကွ၊ ကစ်တီက သူတို့ခြံထဲက မာလကာသီးတွေ ခူးလာတယ်တဲ့။ ငါတို့ကို တစ်ယောက်တစ်လုံး ကျွေးမယ်ပြောတယ်”
“ဟာ... ပိုင်တာပဲ၊ သွားကြစို့”
တင်အောင်ခိုင်က ရှေ့ဆုံးက ပြေးလေသည်။ ကိုယ်နှင့် ဂျွန်ဆင်ကတော့ မပြေးပါ။ မြန်မြန်တော့ လျှောက်လာသည်။ ထိုအချိန်မှာ နောက်ကနေ“ဟေ့ကောင်တွေ နေဦးကွ” ဆိုပြီး ဇော်ဝင်း ပြေးလိုက်လာသည်။
ကိုယ်တို့ စိန်ပန်းပင်ကြီးအောက် ရောက်သောအခါ သူတို့တစ်တွေသည် မာလကာသီး တစ်ယောက်တစ်လုံးစီ ကိုက်စားနေကြ၏။
“နင်တို့ကလည်း ကြာလိုက်တာ”
မီးမီးက အနားမရောက်ခင်က လှမ်းအော်သည်။
ဇော်ဝင်းက...“ငါတို့တောင် မစောင့်ဘူး၊ နင်တို့က စားနေကြပြီ”
မိခိုင်သည် ကိုယ့်ကို လှမ်းကြည့်ပြီး ပြောသည်။
"ငါပြောပါသေးတယ်၊ နင်တို့လာမှ စားရအောင်လို့၊ ဟို မီးမီးက စပြီး စားတာ”
“အို.. ဘာဖြစ်လဲ စားတာ၊ သူတို့ကိုစောင့်လည်း ဒီအရသာပဲ။ မစောင့်လည်း ဒီအရသာပဲ၊ နင်သာ စောင့်ချင်နေတာ”
မီးမီးက မိခိုင်ကို လှမ်းပြောပြီး "အဟိ”ဟု ရယ်သည်။ မိခိုင်က မီးမီး၏ပေါင်ကို ဆွဲဆိတ်လိုက်သည်။
“နာတယ် ဆိတ်မရဲ့”
“ဟင် ... ဘာပြောတယ်၊ ဆိတ်မ ဟုတ်လား”
တင်အောင်ခိုင်က ဝင်မေးသည်။ ကစ်တီက ဝင်၍ ရှင်းပြသည်။
“ဒီလိုဟ၊ မိခိုင်က သူရှက်သွားပြီဆိုရင် ဆွဲဆွဲဆိတ်တတ်တယ်။ ဒါကြောင့် ဆိတ်မလို့ခေါ်တာ”
မိခိုင်က “အမယ်၊ သူတို့မှာလည်း နာမည်ရှိတယ်နော်၊ ကစ်တီက ဇီးကွက်၊ မီးမီးက အဘွားကြီး”
ကိုယ်တို့ ပိုင်းရယ်ကြသည်။ ကစ်တီက မျက်လုံးပြူးပြူးကလေးနှင့် ဖြစ်သောကြောင့် ဇီးကွက်ဟု ခေါ်ခြင်း ဖြစ်မည်။ မီးမီးကတော့ သိပ်သိသာသည်။ ဆံပင်ကောက်ကောက်ကလေးနှင့် သွားတစ်ချောင်းကလည်း ကျိုးနေသည်။ ကိုယ့်စိတ်ထဲမှာတော့ သူတို့ထဲမှာ မိခိုင်က ကြည့်လို့အကောင်းဆုံးဟု ထင်ပါသည်။
“ကဲ .. သိပ်မအာကြနဲ့ဟာ၊ မာလကာသီးပေးဖို့တော့ မေ့နေကြတယ်"
ဂျွန်ဆင်ပြောတော့မှ ကစ်တီက “အေး... ဟုတ်သားပဲ”ဟု ဆိုပြီး သူ့စကတ်ကြီးထဲက မာလကာသီးလေးလုံးကို နှိုက်ယူလိုက်သည်။ ဇော်ဝင်းက "ဟင့်”ဆို နှာခေါင်းရှုံ့သွားသည်။
ကစ်တီက “ဘာဖြစ်လို့လဲ၊ မစားချင်နေ” ဟု ပြောပြီး ရယ်လိုက်သည်။
“မဟုတ်ပါဘူးဟ၊ မာလကာသီးကလည်း အစိမ်းကြီးတွေ”
"အို.. နင်တို့က နောက်ကျတာကိုး၊ ဒါပဲရမယ်”
ကစ်တီက တစ်ယောက်တစ်လုံးစီ ပေးသည်။ ဟိုကောင်တွေက ယူသော်လည်း ကိုယ်က မယူ။
“ကိုယ်တော့ မစားဘူး၊ အစိမ်းပေမယ့် ပွပြီဆို စားလို့ကောင်းသေးတယ်၊ ခုဟာက ကိုက်လို့တောင်ရမှာ မဟုတ်ဘူး”
“ကြီးကျယ်မနေနဲ့ဟေ့၊ မစားချင်နေ”
“မစားဘူးဟေ့၊ မာလကာသီးတစ်လုံးလောက်နဲ့တော့ အကြောမခံဘူး”
"နင် အဲလိုမပြောနဲ့ သိလား၊ ငါအမြဲတမ်း ကျွေးတာပဲ မဟုတ်လား"
ဟုတ်တော့လည်း ဟုတ်ပါသည်။ ကစ်တီသည် သူတို့ခြံထဲက အသီးတွေကို ခဏခဏ ယူလာပြီး ကျွေးတတ်သည်။ တစ်ခါတလေ မာလကာသီး၊ တစ်ခါတလေ မရမ်းသီးမှည့်တွေ၊ တစ်ခါတလေကျတော့ သရက်သီးစိမ်းတွေကို ခြမ်း၍ သကြားရည်စိမ်ပြီး ငရုတ်သီးမှုန့်နှင့် နယ်၍ ယူလာတတ်သည်။
ကိုယ်ကလည်း သူ့ကို တမင်သက်သက် လျှောက်စနေခြင်း ဖြစ်ပါသည်။ မိခိုင်က ဝင်၍ ဖြန်ဖြေသည်။
“တော်ကြပါတော့ဟယ်၊ ညီညီက အစိမ်းကြီး မစားချင်ဘူးဆိုရင်"ဟု ပြောပြီး သူ့လွယ်အိတ်ထဲက မာလကာသီး အမှည့်တစ်လုံး ထုတ်လိုက်သည်။
“ရော့... နင်စားချင် စားလေ”
“ကြည့်စမ်း ဆိတ်မ တိုထားတယ်”
မီးမီးက ပြောသည်ကို မိခိုင် ဂရုမစိုက်၊ "အင့်လေ”ဆိုပြီး ကိုယ့်ကို လှမ်းပေးနေသည်။ ကိုယ်က မယူ။
“နင့်ဟာနင် စားပါဟာ”
“ငါ စားပြီးပါပြီဟ၊ ဒါက နင့်ဖို့ တမင်ချန်ထားတာ”
ကစ်တီနှင့် မီးမီးက မိခိုင်ကို မျက်စောင်းဝိုင်းထိုးကြ၏။ တင်အောင်ခိုင်က ဇော်ဝင်းကို လက်ကုတ်လိုက်သည်ကို ကိုယ် မြင်လိုက်ရသည်။
“ကဲ.. ကဲ.. ညီညီက မစားဘူးတဲ့၊ ငါ့ပေး"
တင်အောင်ခိုင်က မိခိုင်လက်ထဲမှ မာလကာသီးကို ဝင်လုသည်။ မိခိုင်က "အင့်"ဆို လုပ်၍ လက်ကို နောက်မှာ ဝှက်လိုက်၏။
“အီစီကလီ လုပ်မနေနဲ့ကွာ၊ ယူချင်လည်း ယူလိုက်”
တင်အောင်ခိုင်က ပြောသည်။
“နင် စားမလား၊ မစားဘူးလား ”
မိခိုင်က မာလကာသီးအမှည့်ကို လှမ်းပေးရင်းက ပြောပြန်သည်။ သူ့မျက်လုံးတွေကို ကိုယ်ကြည့်လိုက်သည်။ ကိုယ်က မစားဘူးဟု ပြောလျှင် သူ ငိုချင်ငိုလိမ့်မည်ဟု စိတ်ထင်မိ၏။ ထို့ကြောင့် သူ့လက်ထဲက မာလကာသီးကို ယူလိုက်သည်။ တစ်ကိုက် ကိုက်လိုက်၏။ ကစ်တီနှင့် မီးမီးတို့ဆီက ပြိုင်တူအသံထွက်လာကြသည်။
“ဟယ်.. အူနီသီးကြီး"
* * *
နောက်ဆုံးအချိန်ကတည်းက မိုးတွေ စရွာသည်။ ကျောင်းဆင်းသည်အထိ မစဲသေးချေ။
ကိုယ်သည် ခပ်ဖြည်းဖြည်းပင် လျှောက်လာခဲ့သည်။ တင်အောင်ခိုင်သည် သူ့အစ်ကို အတန်းရှေ့မှ လာစောင့်နေသောကြောင့် ပါသွားပြီ။ ခုလို အတန်းရှေ့ကနေ ပိတ်စောင့်မနေလို့လည်း မဖြစ်။ တင်အောင်ခိုင်သည်
ကျောင်းဆင်းချိန်တွေမှာ ခုလို မိုးရွာပြီဆိုလျှင် ကိုယ်တို့အတန်းကနေ ကျောင်းရှေ့ ဆင်ဝင်ကြီးအထိ အမိုးရှိသော လမ်းအတိုင်းမသွားဘဲ မိုးရွာထဲက ဖြတ်ပြေးတတ်သည်။ ဒါကို သိလို့ သူ့အစ်ကိုက လာစောင့်ရခြင်း ဖြစ်သည်။ ဂျွန်ဆင်နှင့် ဇော်ဝင်းတို့ကတော့ မိုးကာအင်္ကျီတစ်ထည်ထဲကို နှစ်ယောက် ပူးခြုံ၍ ထွက်သွားကြပြီ။
ကိုယ့်မှာ ထီးပါသည်။ အမှန်မှာ ကိုယ်ထီးယူလာဖို့ မဟုတ်။ မေမေက ကိုယ့်ကို မိုးကာအင်္ကျီ ဝယ်ပေးထားသည်။ သို့သော်လည်း မိုးကာအင်္ကျီကို ကိုယ်မကြိုက်ပါ။ ခုနောက်ပိုင်း မိုးကာအင်္ကျီတွေမှာဆိုလျှင် ခေါင်းစွပ်ပါ တစ်ခါတည်းပါသည်။ ကိုယ်သူငယ်တန်းလောက်တုန်းက မိုးကာအင်္ကျီကလေးကျတော့ ခေါင်းစွပ်မပါ။ ကက်ဦးထုပ်ကလေး သပ်သပ် ပါသည်။ ထိုကက်ဦးထုတ်ကလေးနှင့်က သားနားသေးသည်။ ခေါင်းစွပ်ကြီးနှင့်က သိပ်အောက်သည်။ ခေါင်းမြီးခြုံထားရသလိုပဲ။ ပြီးတော့ မိုးကာအင်္ကျီက လုံခြုံလွန်းလှသည်။ ကိုယ်ပေါ်ကို မိုးရေတစ်စက်မျှပင် မစင်။ အထဲကို လေလည်း မဝင်သောကြောင့် အပြင်မှာ မိုးတွေ သည်းကြီးမည်းကြီးရွာနေလျက်သားနှင့် အထဲမှာ ကိုယ် အိုက်စပ်ချွေးပျံနေတော့သည်။ ဒါကို ကိုယ် မကြိုက်။
ထို့ကြောင့် ကိုယ် မိုးကာအင်္ကျီကို မယူပါ။ ကိုယ့်အဝတ်အစားဗီရိုကလေးထဲမှာ ဝှက်ထားလိုက်သည်။ ကျောင်းကိုတော့ ထီးပဲယူလာသည်။ အဲဒီထီးကလည်း ကိုယ့်ထီးမဟုတ်။ မေမေ ဟိုးအရင်က ဆောင်းသောထီး၊ ခုတော့ ခေါက်ထီးတွေ ပေါ်လာသဖြင့် သည်ထီးကို မေမေ မဆောင်းတော့။ အခန်းထောင့်မှာ သည်အတိုင်းချိတ်ထားခဲ့တာ ကြာလှပြီ။ ကိုယ် ထီးမှာကပ်နေသော ပင့်ကူအိမ်တွေ၊ အမှိုက်တွေ၊ ဖုန်တွေကို ရှင်းပြီး ကိုင်ခြင်းဖြစ်ပါသည်။ အိမ်ကအထွက် မိုးရွာသောနေ့တွင် ဖြစ်ဖြစ်၊ မိုးတွေအုံ့ပြီး တစ်နေ့လုံး မိုးရွာမည်ဟု ထင်သောအခါမှာဖြစ်ဖြစ် ထီးယူသွားတတ်သည်။ နေသာသောနေ့၊ မိုးမရွာဘူး ထင်လျှင် မယူချေ။
ထီးပါလာခဲ့သောကြောင့် အမိုးရှိသော လမ်းအတိုင်းမသွားဘဲ ဖြတ်လမ်းမှ သွားသည်။ ကျောင်းရှေ့ဆင်ဝင်ကြီးအောက်သို့ ရောက်သောအခါ မိခိုင်တို့အုပ်စုကို မြင်ရသည်။ သူတို့သည် တစ်ခုခုကို ငြင်းခုန်နေကြတာ ဖြစ်မည်။ အသံစာစာတွေကို ကြားနေရ၏။ ကိုယ်အနားရောက်သွားသည်ကိုပင် သူတို့ ချက်ချင်းမမြင်ချေ။
“ဟ.. ဘယ်လိုဖြစ်ကြတာလဲ၊ နင်တို့အသံတွေကလည်း မိုးသံထက်တောင် ဆူသေးတယ်”
ကိုယ့်အသံကြားမှ သူတို့ လှည့်ကြည့်ကြတော့သည်။ ကစ်တီနှင့် မီးမီးတို့က ပြုံးစေ့စေ့ဖြစ်နေပြီး မိခိုင်က နှုတ်ခမ်းစူနေသောကြောင့် သူတို့ မိခိုင်ကို ဝိုင်းစနေခြင်း ဖြစ်ကြောင်း သိလိုက်သည်။ ကိုယ့်ကို မြင်သောအခါ ကစ်တီက..
“ဟော... အတော်ပဲ၊ ညီညီ လာပြီ"
“ဘာလဲဟ၊ ကိုယ်လာတော့ ဘာဖြစ်လို့လဲ”
ကိုယ်က မေးသည်။ မီးမီးက ရှင်းပြသည်။
"ဒီလိုဟ မိခိုင်က ထီးပါမလာလို့”
“ကစ်တီလည်း ပါတာ မဟုတ်ပါဘူး” ဟု မိခိုင်က ဆောင့်ဆောင့်အောင့်အောင် ပြန်ပြောသည်။
“ကစ်တီနဲ့ ငါနဲ့က တစ်လမ်းထဲ ပြန်မှာဟ၊ နင်က ...”
"လုပ်မနေနဲ့ဟေ့၊ ခါတိုင်းလည်း ငါတို့ဘက်က လှည့်ပြန်တာ မဟုတ်လား၊ ဒီနေ့လည်း အဲလိုပြန်ပေါ့”
“ဟယ်... တစ်ကွေ့တစ်ပတ်ကြီး၊ မိုးမရွာဘူးဆိုရင် တော်သေးတယ်”
"နင်တို့ ယုတ်တာပါဟယ်၊ လမ်းထဲ ခဏလေး ကွေ့ဝင်လိုက်ရင် ရသားနဲ့"
“အို... ထီးတစ်လက်ထဲ သုံးယောက်ပေါင်းရင် အကုန်စိုမှာ"ဟု မီးမီးက ပြောပြီး ကိုယ့်ဘက် လှည့်ပြောပြန်သည်။
“ ဒီတော့ ညီညီ၊ နင် မိခိုင်ကို လိုက်ပို့လိုက်”
“ဟာ... ဘယ်ဖြစ်မလဲ၊ ကိုယ့်အိမ်နဲ့ သူ့အိမ်က တခြားစီပဲ။ ပြီးတော့ ”
ကိုယ်ပြောနေတုန်းတွင် မိခိုင်က ကိုယ့်ကို ဖျတ်ခနဲ လှည့်ကြည့်လိုက်သည်။ သူကြည့်ပုံမှာ ကိုယ့်ကို မကျေမနပ်ဖြစ်နေပုံမျိုး။ ကိုယ် စကားဆက်မပြောဘဲ နေသည်။ မိခိုင်က အသံတုန်တုန်ကလေးနှင့် ... "ငါ့ကို ဘယ်သူမှ စေတနာမရှိဘူး၊ ငါကသာ စေတနာထားတာ”
ကိုယ့်အတွက် မာလကာသီး ချန်ထားခဲ့သည်ကို စောင်းပြောခြင်း ဖြစ်မည်ဟု ကိုယ်တွေးမိ၏။ မျက်ရည်ဝဲလာပြီး ငိုသံလည်း ပါလာသည်။
“နေပါစေ၊ ငါ့ဘာသာ မိုးရွာထဲ ပြန်မယ်၊ မိုးမိပြီး ဖျားလည်း သေပစေ"
သူ လှည့်ထွက်သွားမည်ပြုသည်။ ကိုယ်က "ဟေ့ .. နေဦး”ဟု အော်လိုက်ရာ သူ ပြန်ရပ်သွားသည်။
"နင်ကလည်း ကိုယ်ပြောတာကို သေသေချာချာတော့ နားမထောင်ဘူး၊ ကိုယ့်ထီးကို နင်ယူသွား”
"နင်ကရော”
“ကိုယ်က မိုးရွာထဲ ဒီအတိုင်းပြန်မှာပေါ့"
"နင် မိုးမိပြီး ဖျားနေပါဦးမယ်ဟာ”
“မဖျားပါဘူး၊ မိုးရွာထဲ လမ်းလျှောက်ပြန်ရတာ ပိုတောင်ပျော်စရာ ကောင်းသေး"
"နင့်လွယ်အိတ်ထဲက စာအုပ်တွေ စိုကုန်မှာပေါ့”
ကိုယ်တို့နှစ်ယောက် ပြောနေကြတုန်း မီးမီးနှင့် ကစ်တီတို့က "နင်တို့ဘာသာ ကြည့်ရှင်းကြတော့၊ ငါတို့တော့ သွားတော့မယ်၊ အိမ်ပြန်နောက်ကျနေဦးမယ်" ဆိုပြီး ထွက်သွားကြသည်။ သွားခါနီး ကစ်တီက စပ်ဖြဲဖြဲ လုပ်သွားသေးသည်။ မီးမီးက လျှာထုတ်ပြသွားသည်။ မိခိုင်က “ကောင်မစုတ်တွေ” ဟု လှမ်းအော်လိုက်သည်။
“ကဲ.. ဘယ်လိုလုပ်မှာလဲ”
“သိဘူးဟာ”
ကျောင်းဆင်ဝင်ကြီးအောက်မှာ လူနည်းနည်းပဲ ကျန်တော့သည်။ မိခိုင်လိုပင် ထီးမပါသူတွေနှင့် အိမ်က လာအကြိုစောင့်နေကြသူတွေ။
“ကိုယ့်ထီးသာ ယူသွားစမ်းပါဟာ”
“မဖြစ်ပါဘူး"
“ကိုယ် နင့်ကို အိမ်အထိ လိုက်ပို့မယ်ဟာ၊ မထူးပါဘူး”
“နင်အဝေးကြီး ပြန်လျှောက်ရမှာပေါ့”
"အို.. လျှောက်ရတာ အရေးမကြီးပါဘူး၊ ဒီလိုမှ မသွားရင် နင်အိမ်ပြန်ရောက်မှာ မဟုတ်ဘူး၊ မိုးကလည်း တော်တော်နဲ့ တိတ်မှာ မဟုတ်ဘူး”
“ဒါဆိုလည်း သွားမယ်ဟာ”
“နေဦး”
“ဘာဖြစ်ရပြန်တာလဲ”
“မဟုတ်ဘူးလေ၊ နင့်ကို ကိုယ်က လိုက်ပို့ရင်..."
ကိုယ်ဆက်မပြောဘဲ နေလိုက်သည်။ သူ့အိမ်ကများ ဆူနေမလား ဟု ကိုယ်စဉ်းစားမိသည်။ ဘာဖြစ်လို့ ဆူမှာလဲဆိုတာတော့ ကိုယ်လည်း မသိ။ သူက ကိုယ့်ကိုကြည့်ပြီး "ဘာလဲ”ဟု မေးသည်။
“ဘာမှ မဟုတ်ပါဘူး၊ လာ.. သွားကြစို့”
ကိုယ်တို့နှစ်ယောက် ထီးအတူတူ ဆောင်းပြီး ထွက်လာခဲ့ကြသည်။ မိုးကတော့ မစဲသေး။ တော်တော်လေး သွားပြီးသည်ထိ ကိုယ်တို့ ဘာမျှ မပြောကြ။ ဒီအတိုင်းပဲ လျှောက်လာခဲ့ကြသည်။ လမ်းမှာတွေ့သော လူတချို့က ကိုယ်တို့နှစ်ယောက်ကို ကြည့်သွားကြသည်။ ကိုယ်သည် ရှက်သလိုလို ဖြစ်လာ၏။ သူကတော့ ရှက်သလား ဘာလား မသိ။ မိုးပက်သောကြောင့် ထင်သည်။ ကိုယ့်ဘက်သို့ တိုး၍ ကပ်လာ၏။ သူ့လက်မောင်းနှင့် ကိုယ့်တံတောင်ဆစ် ထိထိသွားသည်။ သူ့လက်မောင်းသည် နွေးနွေးကလေး ဖြစ်နေသည်။ သို့သော်လည်း ကိုယ်အချမ်းမပြေပါ။ ကြက်သီးပင် ထလာသေးသည်။
“နင့်ဘက်က လုံရဲ့လား”
ကိုယ်ပြောပြီး ထီးကို သူ့ဘက်သို့ ပို၍ ကာပေးလိုက်သည်။ ထိုအခါကျပြန်တော့ ကိုယ့်ဘက်မှာ မိုးမလုံချေ။ ကိစ္စမရှိ။ သူ့ဘက်က လုံဖို့ အရေးကြီးသည်။ သူက “ထီးကို နင့်ဘက်လည်း ကာဦးလေ” ဟု ပြောပြီး ထီးရိုးကို ဒီဘက်သို့ တွန်းသည်။
“ကိစ္စမရှိပါဘူး”
ကိုယ် သူ့ဘက်ကိုသာ ကာသည်။ မိုးစက်များသည် ကိုယ့်ပခုံးပေါ် သို့ ကျသည်။ ကိုယ်တစ်ခြမ်း စိုရွှဲနေသည်။ ဘာကြောင့်မှန်း မသိ။ စောစောကလို ကြက်သီးမထတော့ဘဲ နွေးထွေးလာပြန်သည်။ လေတစ်ချက်ဝှေ့ ပြီး တိုက်သောအခါ မိုးမှုန်ကလေးများသည် ကိုယ်တို့၏မျက်နှာများကိုပင် လာထိသည်။ သို့သော် မချမ်းပါ။ ကိုယ်ကတော့ နဖူးမှာ ချွေးကလေးပင် စို့လာသေးသည်။ သူ့ကို အသာကလေး စောင်းကြည့်မိသည်။ သူသည် ခေါင်းငုံ့ရင်းက လျှောက်နေသည်။ သူ့ဆံပင်တွေမှာ မိုးမှုန်ကလေးတွေ ကပ်နေသည်။
“နင် ချမ်းနေသလား မိခိုင်”
သူက ခေါင်းခါသည်။ "နင်ကော "ဟု တိုးတိုးလေး ပြန်မေးသည်။
“ကိုယ်ကတော့ မချမ်းဘူး၊ နွေးတောင် နွေးသေးတယ်”
သူ ကိုယ့်ကို တစ်ချက်မော့ကြည့်သည်။ စိန်ပန်းပင်ကြီး တစ်ပင်အောက်က ဖြတ်လျှောက်လာကြသည်။ မြေပေါ်မှာ ကြွေကျနေသော စိန်ပန်းပွင့်တွေ နီရဲနေလေသည်။ ဒီအပင်ကြီးသည် အပွင့်နောက်ကျသောကြောင့် ခုချိန်ထိ အပွင့်တွေ ရှိနေတုန်း ဖြစ်လိမ့်မည်။
ကိုယ်သည် စိတ်ထဲတွင် တစ်မျိုးကြီး ဖြစ်သွားသည်။ စိန်ပန်းပွင့်တို့ကို မြင်လျှင် ခုလိုမျိုး ဖြစ်သွားတတ်သည်မှာ ကိုယ့်အကျင့်ပင်။ ငုပန်းဝါဝါတွေကို မြင်ရလျှင်တော့ ကိုယ်ပျော်ပျော်သွားလေ့ရှိသည်။ ကိုယ်တော့ ဒီလို ထင်ပါသည်။ ငုပန်းပွင့်ချိန်မှာ နွေကျောင်းပိတ်ခါနီးအချိန်၊ ကျောင်းပိတ်လျှင် ဘယ်လို ကစားလိုက်မည်ဟု တွေးရင်း ပျော်ခဲ့ရသည်။ နောက် မိုးဦးကျခါစ စိန်ပန်းနီနီတွေ ပွင့်သောအချိန်မှာ ကျောင်းပိတ်ရက် ကုန်ဆုံးကာနီး ဖြစ်သည်။ စိန်ပန်းနီနီတို့သည် ကျောင်းပြန်ဖွင့်တော့မည်ဟု သတိပေးသလို ဖြစ်နေသည်။ ထို့ကြောင့် စိန်ပန်းနီနီတို့ကို မြင်ရလျှင် ကိုယ့်စိတ်ထဲ တစ်မျိုး တစ်မျိုး ဖြစ်သွားတတ်ခြင်းဟု ထင်ပါသည်။
"နင် မနက်ဖြန် ကျောင်းစောစောလာဦးမှာလား”
သူ့ကို ကိုယ် မေးလိုက်သည်။
“ဟာ... နင်ကလည်း နက်ဖြန် ဗုဒ္ဓဖူးလေဟာ”
“ဘယ်ကလာ ဗုဒ္ဓဟူးရမှာလဲ၊ နက်ဖြန် သောကြာပါဟ”
“မဟုတ်ဘူးလေဟာ ဗုဒ္ဓဟူးလေ၊ ဝါတွင်းဆို ဗုဒ္ဓဖူး ကျောင်းပိတ်တယ် မဟုတ်လား”
“ဟား.. ဟား ... ဥပုသ်ပါဟ၊ နင်ကလဲ"
“အေး ... အေး ... ဟုတ်တယ်၊ ငါက ဥပုသ်နဲ့ ဗုဒ္ဓဖူးကို ခဏ ခဏ မှားတယ်”
“နင်ကလည်း ဒီလောက် တခြားစီပဲဟာကို၊ တင်အောင်ခိုင်လည်း ဒီလိုပဲ၊ မနေ့တုန်းကလို့ မပြောဘူး၊ မနက်ဖြန်တုန်းကတဲ့၊ ကိုယ်တို့က ဝိုင်း ဝိုင်းဟားလို့ ခုမှ ဒီကောင် မှန်အောင် ပြောနိုင်တာ”
“အေးဟာ ငါလည်း သတိထားမှပဲ”
မိခိုင်သည် တချို့ စကားတွေလည်း ပီအောင် မပြောတတ်ချေ။ ခုပဲကြည့် ဗုဒ္ဓဟူးကို ဗုဒ္ဓဖူးတဲ့။ ပြီးတော့လည်း ရှိသေးတယ်။ ပြတင်းပေါက်ကို ကတင်းပေါက်။ ဝရန်တာကို ဘရန်တာတဲ့။
“ဒီဘက်ကို ချိုးရမှာလေဟာ"
ကြည်တော်ကုန်းထဲသို့ ချိုးဝင်လာခဲ့သည်။
"သတိထားလျှောက်နော်၊ ငါတို့လမ်းက မိုးရွာရင် သိပ်ချောတာ”
ဟုတ်လည်း ဟုတ်သည်။ သူတို့လမ်းသည် ကျောက်ခဲကြီးတွေ ခင်းထားသော်လည်း ညီညီညာညာ မဟုတ်။ အတုံးအကြီးကြီးတွေ ဖြစ်သည်။ ကိုယ့်ကို သတိထားလျှောက်ဟု ပြောပြီး တကယ်ကျတော့ သူက သတိထားလျှောက်နေရခြင်း ဖြစ်သည်။ လဲကျမည်စိုးသောကြောင့် ကိုယ့်အင်္ကျီစကို သူကိုင်ထားသည်။
“ညာဘက်ကို ချိုးရဦးမယ်”
သူပြောသည်။ ကိုယ်တို့နှစ်ယောက် ချိုးကွေ့လိုက်စဉ်မှာပင် ရှေ့နားက လူကြီးတစ်ယောက် လျှောက်လာနေတာ တွေ့ရသည်။
“ဟယ် .. ဟိုမှာ ဖေဖေ”
မိခိုင်တို့ဖေဖေသည် ကိုယ်တို့ကို မြင်သွားသည်။ ကိုယ့်စိတ်ထဲက ဆူများဆူနေမလားဟု စိုးရိမ်သွားမိသည်။ သူအနားရောက်လာသောအခါ မိခိုင်က ဦးအောင်ပြောလိုက်သည်။
“ဖေဖေကလဲ၊ ဒီလောက်တောင် မိုးရွာနေတာ မသိဘူးလား၊ လာတောင်မကြိုဘူး”
“သမီးမှာ ထီးပါမသွားဘူးဆိုတာ ဖေဖေ မသိလိုက်ဘူးကွယ်။ သမီးကလည်း မိုးတွင်းကြီးမှာ ထီးယူသွားမှပေါ့”
“အို... သမီးတော့ ယူချင်မှ ယူမှာပဲ၊ ထီးမပါရင် ဖေဖေလာကြိုရမှာပဲ”
“အေးပါကွယ်၊ ခုဟာကလည်း ဖေဖေ သမီး ထီးပါသွားတယ် အောက်မေ့လို့ပါ။ နောက်မှ သမီးကိုင်နေကျ ထီးကလေးကို တံခါးကြားထဲမှာ သွားတွေ့တာ၊ ဒါနဲ့ ဖေဖေလည်း လုပ်လက်စအလုပ်တွေကို ပစ်ထားခဲ့ပြီး....”
ကိုယ်သည် မိခိုင်နှင့် သူ့ဖေဖေ စကားပြောနေသည်ကို ကြည့်နေမိသည်။ မိခိုင်သည် ဘယ်အချိန်က သူ့ဖေဖေ၏ထီးအောက် ရောက်သွားမှန်းမသိ။ မိခိုင်က သူ့ဖေဖေ ထီးကိုင်ထားသောလက်ကို ခိုသလို လုပ်ထားသည်။ ကိုယ်သည် ခုမှ အိမ်ပြန်ဖို့ သတိရသည်။
"ကိုယ် သွားမယ်ဟေ့ မိခိုင်”
ကိုယ် လှည့်ထွက်မည် ပြုလိုက်သည်။ ထိုအခါကျမှ သူ့ဖေဖေက "နေပါဦးကွ၊ မင်းက မိခိုင် သူငယ်ချင်းလား”
ကိုယ်မပြောခင် မိခိုင်က...“ဟုတ်တယ် ဖေဖေ၊ ညီညီတဲ့၊ သူတို့အိမ်နဲ့က တစ်လမ်းစီပဲ၊ သူက သက်သက်မဲ့ လိုက်ပို့ရတာ”
သူတို့ဖေဖေက ခေါင်းတညိတ်ညိတ် လုပ်နေရာက ကိုယ့်ဘက် ပြန်လှည့်ပြီး .......“မပြန်ပါနဲ့ဦးကွ၊ မိခိုင်တို့အိမ်ကို လိုက်လည်ပါဦးလား၊ မင်း မိုးတွေလည်း စိုလို့၊ အိမ်မှာ ကော်ဖီပူပူလေး သောက်သွားပါလား”
“အေးလေ နင်လိုက်ခဲ့ပါလား"
မိခိုင်ကပါ ဝင်ပြောသည်။ ကိုယ် ခေါင်းခါလိုက်သည်။
"ဟင့်အင်း၊ အိမ်ပြန်နောက်ကျနေလိမ့်မယ်၊ သွားတော့မယ်နော်”
“အိမ်က ဒီနားလေးတင်ပါကွ “
"ကိုယ် မသောက်တော့ဘူး”
“အေး.. အေး ... မင်းသူငယ်ချင်းကို လိုက်ပို့တဲ့အတွက် ကျေးဇူးတင်တယ်ကွာ၊ နောက်ကို မိခိုင်တို့အိမ်ကိုလည်း လာလည်ပေါ့ကွ၊ ဟုတ်လား"ဟု ပြုံး၍ ပြောသည်။ ကိုယ်လည်း နှုတ်ဆက်ပြီး ထွက်လာခဲ့သည်။
မိုးသည် စောစောကလောက် မသည်းတော့သော်လည်း ရွာနေတုန်းပင်။ ခုမှ ကိုယ် တကယ်ချမ်းလာသည်။
လမ်းလျှောက်နေရင်းက မိခိုင်တို့ဖေဖေအကြောင်း စဉ်းစားမိသည်။ သူတို့ဖေဖေ ပြုံးပုံမှာ အားရပါးရ ရှိလှသည်။ မိခိုင်တို့ဖေဖေနှင့် မိခိုင်တို့ စကားပြောနေကြပုံကို ကြည့်ပြီး ကိုယ့်အတွက် ထူးဆန်းသလို အံ့ဩသလို ဖြစ်ခဲ့ရသည်။ မိခိုင်တို့ဖေဖေ၏အပြုံးသည် မျက်စိထဲက မထွက်ချေ။
ဆက်ရန်
-------------------------------
#မင်းလူ
Comments
Post a Comment