မုန်း၍မဟူ၊ အခန်း(၁၈)
နှင်းပွင့်မြူမှုန်တို့သည် တဖွဲဖွဲ ကျနေလေသည်။ မြရွက်စိမ်းများမှာ ငွေပွင့်များ ကျဲပျောက်ကာ စွတ်စို လန်းလက်လျက် ရွှင်ပျစွာပင် လေယဉ်သက်တွင် ဝဲကာ ကျလာသော ပန်းပွင့်မှုန်မှုန်လေး များသည် တရီရီထလျက်၊ မှောင်ပိတ်ကာ ဖွဲ့ဆိုင်းလျက် ရှိသော နှင်းမြူထုပြင် ထဲတွင် မြုပ်ကွယ် သွားကြ၏။
ဝေသည် ဆွယ်တာပေါ်၌ ကုတ်အင်္ကျီ ထပ်ဝတ်ထားလျက် စိမ့်တုန် အေးမြနေသည်။ အိမ်၏ ခြေရင်းဘက် ခြံစည်းရိုးဝင်း အတွင်းရှိ မြေကွက်လပ်ကလေး ပေါ်၌ နံနက်စောစော လမ်းဆင်းလျှောက်သည်။ ကလေးပျက်ပြီး ကတည်းက ဝေ့မှာ အားနည်းနေကာ အသား ပြန်မဖြစ်ဘဲ ပိန်ချုံးလာသည်။
ဦးစောဟန်မှာ ရှေးကထက် ဆထက်ထမ်းပိုး တိုး၍ ဂရုစိုက် နေသည်။ အသားအရေ စိုပြည်ဝဖြိုး လာစေသချင် လွန်း၍၊ ဝေ့ကို ကြပ်ကြပ်မတ်မတ် ဂရုစိုက်လျက် အစားအသောက်၊ အအိပ်အနေ အစခပ်သိမ်း တင်းကျပ်လာကာ နေ့စဉ် ပေါင်ချိန် ကြည့်ရသည်။
ဝေ သောက်ရသော ကြက်ဥများမှာ ဝေ့ ကိုယ်အလေးချိန်နှင့် စက်လျှင် ကြက်ဥပေါင်ချိန်က ပိုများ နေလိမ့်မလားဟု တွေးထင်မိသည်။ အားရှိသည် ဆိုသော အစားအစာများမှ လွဲ၍ ဘာမှမစားရ။ အချိန်နှင့် အိပ်ရသည်၊ အချိန်နှင့် ထရသည်၊ အချိန်နှင့် ဆေးသောက်ရသည်၊ အချိန်နှင့် စားရသည်၊ အချိန်နှင့် ရေချိုးရသည်၊ အချိန်နှင့် လမ်းလျှောက်ရသည်။
နံနက်ဘက် ဆေးသောက်၊ ထို့နောက် ကြက်ဥ နွားနို့များ သောက်ပြီးလျှင် ခုနစ်နာရီမှ ရှစ်နာရီအထိ ခြံထဲဆင်းကာ တစ်နာရီလောက် လျှောက်ရသည်။ ဝေ့မှာ ပေ ၈၀ လောက် ရှည်လျားသော ခြံဖျားခြံဆုံး ရှိသောမြေကို ခေါက်တုံ့ခေါက်ပြန် လျှောက်နေလေသည်။
နေရထိုင်ရ မလွတ်လပ်၍ မြန်မြန် အသားအရေ ဝဖြိုးလာအောင် ပြောသည့်အတိုင်း တစ်သဝေမတိမ်း လုပ်နေ၏။ သောက်လိုက်ရ၊ ထိုးလိုက်ရသည့် ဆေးများမှာလည်း ပြောဖွယ်ရာပင် မရှိတော့။ လခထဲမှ ဆရာဝန်က တစ်ဝက်နုတ်သည်။ နေ့လယ်ဘက် ဝေ အိပ်ချိန်တွင် အိမ်သို့ မည်သူမှ လာခွင့် မပေးတော့ချေ။ ဒရဝမ်မှာ အိမ်ရှေ့တွင် နေ့လယ်ဘက် လူမဝင်အောင် တားလွှတ်ရသည်။ ညဘက် ခြောက်နာရီ၌ ဝေ အိပ်ခန်းထဲ ဝင်သွားလျှင် ဘယ်ဧည့်သည် လာလာ စကားကျယ်ကျယ် မပြောနိုင်။ အသံကျယ်လျှင် အားမနာ ပါးမနာပင် အိမ်ပေါ်သို့ လက်ညှိုးထိုးလျက် လက်ကာပြကာ လေသံလေးဖြင့် “ဝေ အိပ်ရာထဲ ဝင်ပါပြီ” ဟု ပြောလိုက်၏။
ဝေ့မှာ ကြာလေကြာလေ စက်ရုပ်လိုပင် ဖြစ်နေလေသည်။ သံပတ် ပေးထားသည့် အတိုင်း လှုပ်ရှား နေရ၏။ တစ်နေ့လုံး အချိန်များမှာ ဝေ့စိတ် ဝေ့ကိုယ်ဖြင့် နေထိုင် စားသောက်ရသော အချိန်များ မဟုတ်ရသဖြင့် “ဘဝက ဝဋ်ပဲ” ဟု တွေးတော ထင်မြင်လာသည်။
မိခင်နှင့် ထားထားထံသို့ တစ်ပတ် တစ်ခါသာလျှင် စားရေးရလေ၏။ စာရွက်များများ ရေးလျှင် အညောင်းမိမည်၊ ဇက်လေးမည် စိုး၍ စာရှည်ရှည် မရေးရန် ပိတ်ပင်ထားသည်။ ဝေ့မှာ စာအိတ် ပိတ်ပြီးလျှင် စာအိတ်ကို လက်ပေါ်တင် ဆကြည့်တတ်မှန်း သိ၍ လက်ရေး သေးသေးစိပ်စိပ် ကလေးဖြင့် တစ်မျက်နှာလုံး ပြွတ်သိပ်ပြည့် နေအောင် ရေးပို့နေရာ၊ ထားထားမှာ ဝေ့ထံမှ စာလာတိုင်း ဘယ်လိုပါလိမ့်ဟု မစဉ်းစား တတ်သလောက် ဖြစ်လာသည်။ ဝေ့ လက်ရေးများမှာ ဝိုင်းဝိုင်းစက်စက် စာလုံးကြီးကြီး ခပ်ကျဲကျဲ ရေးတတ်သဖြင့်၊ စာဖတ်ရတိုင်း စိတ်ထဲ ထူးဆန်းသော်လည်း သူ့အကြောင်းနှင့် သူပဲဟု မမေးဘဲ နေ၏။
ဝေဝေသည် လမ်းလျှောက်နေရင်း မိခင်နှင့် ထားထားထံသို့ ယနေ့ စာရေးရန် သတိရကာ ရေးမည့် အကြောင်းအရာများကို စိတ်ထဲ၌ တွေးတောစိတ်ကူး နေမိသည်။
ဝေသည် သူ၏ ကျဉ်းမြောင်းသော ဘဝကို စိတ်ပြေစရာ စာရေးခြင်းသာ ဖြစ်သည်ဟု မှတ်ထင်သည်။ စာထဲတွင် တွေ့ကရာ ရှစ်သောင်း ပျော်စရာ၊ ရွှင်စရာတွေ တွေးရေး နေတတ်လေ၏။ တနင်္ဂနွေ တစ်ပတ်အတွင်း မြို့ထဲရပ်ထဲ ဖြစ်ပျက်သည့် သတင်းများလည်း ပါ၏။ ရာသီဥတု အခြေအနေလည်း တွေ့ရ၏။ မယ်အေး၏ နုံတုံတုံ အတတ အဖြစ်များနှင့် မယ်အေးအား ဝယ်ခြမ်း ချုပ်ပေးသော အဝတ်အထည် အဆင်းအရောင်၊ အဖိုးသားနားပါ စုံအောင် ထည့်ရေးသည်။
ရာသီအလိုက် ပေါ်သည့် သစ်သီး သစ်ရွက်များကို “မမထားတို့ဆီ မုန်လာဥတွေ ပေါ်ရောပေါ့နော်၊ ငါးဖယ်ရေချိုကလေးနဲ့၊ ငါးပိရည်ဖျော် ကောင်းကောင်း မုန်လာချဉ် တို့ပြီး မြိန်မြိန်ကြီး စားကြတာ မှတ်မိသေးလားဟင်” ဒါမျိုးလည်း ရေးတတ်သေး၏။
ထားထားမှာ ဝေ့ထံမှ စာဖတ်ရမှ တမာချဉ်၊ ဖားဖောင်၊ ကညွတ်၊ ကင်းပုံသီး စသည့် အသီးအရွက်များ ပေါ်နေမှန်း ဝေ သတိပေးမှသာ သတိရသွားသည်။
အိမ်ဝင်းထဲတွင် ပေါက်နေသော သစ်ပင်ပန်းပင် အကြောင်းများ သူပဲ မပျင်းမရိ ထည့်ရေး နိုင်သည်ဟု အဝေးက ထင်မိသည်။ နှင်းဆီပွင့်ကလေး တစ်ပွင့် ပွင့်နေသည်ကို တွေ့ရ၍ ရွှင်မြူးလိုက်ပုံ ရေးသည်မှာ မျက်စိထဲတွင် ပေါ်နေပေသည်။
“ကို” ဂရုစိုက်ပုံ၊ ဆေးတိုက်ပုံ၊ အစာကျွေးပုံများမှာ ထပ်နေသဖြင့် စောစောပိုင်းလောက် မဖတ်ရတော့ပေ။ ထားထားမှာ ကလေးပျက်သွားသည် သိကတည်းက ဝေ့အတွက် စိတ်မကောင်း ဖြစ်မိသည်။ ဝေ့၌ အဖော် ရှိစေချင်သည်။ ဝေ့ဘဝကို စိုပြည်လာ နိုင်စရာ ရှာလျှင် ထားထားမှာ ကလေးသာလျှင် စဉ်းစားမိသည်။
ဝေ၏ စာများကို အဝေးက ဖတ်လျက် ဝေ၏ ဘဝကို အကဲလှမ်းခတ် ကြည့်ရတော့သည်။ ကောင်းကောင်း နေမကောင်းဘူး မမထားရယ် ဆို၍ နေကောင်းအောင် ဂရုစိုက်ဖို့ ရေးလိုက်လျှင် “မမထားရေ ဂရုစိုက်လွန်းလို့များ ချူချာနေသလား မသိပါဘူး။ ဝေ့ဆီကို နေကောင်းအောင် ဂရုစိုက်ပါ ဆိုတာမျိုးတွေ ရေးမနေစမ်းပါနဲ့၊ ပိုနေပါတယ်” ဟု ပြန်ရေးလိုက်သည်။
မိခင်ထံမှ တရားနှင့် ယှဉ်သော စာများကို အမှုမဲ့ အမှတ်မဲ့ မဖတ်တော့။ စာဖတ်ပြီး အလုပ်တစ်ခု ရသလို တရားသဘောကို ခေါင်းထဲထည့်ကာ နက်နက်နဲနဲ တွေးတော နေမိသည်။ မိခင် တိုက်တွန်းချက် အရ ဇာတ်ကြီးဆယ်ဘွဲ့စာအုပ်များကို တစ်ဖက်အိမ် မိခင်စာအုပ်ဗီရိုထဲမှ ယူခိုင်းကာ ဖတ်နေလေသည်။ ဝေမှာ စာကို တန်ရုံသင့်ရုံပင် ဖတ်ရသည်။ စာအုပ်နှင့် မျက်နှာ မခွါဘဲ ဖတ်နေလျှင် စာအုပ်ကို ဆွဲယူကာ “မျက်စိညောင်းပြီး ခေါင်းအုံပါ့မယ် ဝေလေးရယ်၊ အကြာကြီး ဖတ်မနေပါနဲ့” ဟု ပြောတတ်၍ ဖတ်ချင်လျှင် “ကို” အလုပ်သွားမှ ခိုးဖတ်ရသည်။
ကို့မှာ အလုပ်သွားသည့် အချိန်၌သာ မျက်စိ အလစ်ပေးလျက် မျက်စိအောက်က အပျောက်မခံ အလစ်မပေးဘဲ နေ၏။ ဝေ့အတွက် အမြဲတမ်း ပူပန်သောက ဖြစ်လျက် ကြောင့်ကြ၍သာ နေလေ၏။
မိုးလင်း၍ ထလိုက်တာနှင့် ဝေ့မျက်နှာလေး၊ ဝေ့ကိုယ်လေးကို ခြေဆုံးခေါင်းဖျားတိုင် မှန်ကြည့်သလို ကြည့်ရှုကာ၊ အသားအရေ ပြည့်သည်၊ ကျသည်၊ စိုသည်၊ ခြောက်သည် အမျိုးမျိုး ဝေဖန်၍ နေတတ်၏။ မအိပ်နိုင်သည့် ညများ ကြုံ၍ အိပ်ပျက်ခဲ့လျှင် “ဝေရယ် မျက်ကွင်းလေး ကျနေပါပြီ၊ ရင်ထဲက ကတုန်ကယင် မဖြစ်ဘူးလားဟင်၊ နေကောင်းရဲ့လား” ဟု တဖွဖွ ပြောတတ် မေးတတ်၍ ဝေ့မှာ မေးတိုင်း မေးတိုင်း ရင်ထဲ၌ ကတုန်ကယင်ပင် ဖြစ်လာလေသည်။
“ကို” စိတ်ပူပင်မှန်း၊ ကြောင့်ကြာတတ်မှန်း သိ၍ စားဝင်ပါစေ၊ အိပ်ပျော်ပါစေဟု တစ်နေ့တစ်နေ့ ကိုယ့်ကိုယ်ကိုယ် ဆုတောင်းမေတ္တာ ပို့ရတာလည်း မပြတ်မလတ်ပင်။
ဝေ့မှာ နေမကောင်းဘူးဟု အိပ်ရာထဲ ခွေလျောင်းကာ မနေဖူးချေ။ နေမကောင်း ဖြစ်လျှင်ပင် အဖြီးအလိမ်း မပျက် ဖြီးလိမ်း ဝတ်စားကာ၊ စိတ်ဆောင်ပြီး နေကောင်းသည့် လူလို လုပ်နေလိုက်၏။
အိမ်တွင် လူမမာ တစ်ယောက်လို ဆေးသောက် နေရတာ စိတ်ပျက်လွန်း၍၊ “ကို” ပူပင်သောက ရောက်နေ တတ်တာတွေ စိတ်ညစ်လွန်း၍ အိပ်ရာထဲ မမာပြီး ခွေနေရမှာများတော့ အကြောက်ဆုံး ဖြစ်သည်။
ဝေသည် ခြံဆုံး ရောက်သွား၍ ကိုယ်ကိုလှည့်လျက် လက်က နာရီကို ငုံ့ကြည့်လိုက်သည်။ မိနစ် ၂၀ ခန့် ရှိသေးသည်။ ဆင်းလာစကသာ တုန်တုန်ချမ်းချမ်းနှင့် မြန်မြန်လျှောက်နိုင်လျက်၊ ယခုမူ အနည်းငယ် မောသလို ဖြစ်လာ၍ ခပ်ဖြည်းဖြည်း ပြန်လျှောက်သည်။
လမ်းထဲတွင် မုန့်သည်များ လျှောက်အော် သွားကြသည်။ စောစောစီးစီး မုန့်ချိုသွင်းကို ထန်းလျက်ရည် ခပ်ရွှဲရွှဲနှင့် စားချင်စိတ် ပြင်းပြမိသည်။ အကြော်မုန့်သည် များမှာ ဗန်းထဲ ပါသမျှ မုန့်များကို တစ်မျိုးစီ အော်ဟစ်ရင်း လျှောက်သွားကြ လေ၏။
“မုန့်စိမ်းပေါင်း ပူပူနွေးနွေး” ဟု အော်သွားသော အသံတစ်သံမှာ ရင်ထဲတွင် နွေးသွားလေသည်။ အငွေ့တွေ တထောင်းထောင်း ထလျက်ရှိသော မုန့်စိမ်းပေါင်း တုံးကြီးကို လှီးကာ အုန်းသီးမှုန့်၊ နှမ်းထောင်းများ ဖြူးလျက် ငယ်ငယ်က စားပုံများ ပြန်အမှတ်ရမိသည်။ ခပ်ဝေးဝေးမှ ကောက်ညှင်းပေါင်း အော်သံကို ကြားလိုက်ရသည်။ ကောက်ညှင်းပေါင်းများ “ကို” နှင့်ရမှ မစားရတော့ချေ။ ဆောင်းတွင်းဘက် ကောင်းညှင်း စောစော ထပေါင်းကြကာ ဇလုံကြီးထဲ၌ အငွေ့ တထောင်းထောင်းနှင့် ထည့်လျက်၊ ဖခင်နှင့် အတူတကွ တစ်အိမ်သားလုံး အားရပါးရ နှိုက်ယူ ဆုပ်စားကြပုံများ ပြန်မြင်ယောင် လိုက်မိသည်။
ဝေသည် မုန့်သည်များ အသံကို နားစွင့်ကာ သွားရည် တများများ ဖြစ်လာသည်။ လမ်းလျှောက်ပြီး အိမ်ပေါ်တက်လျှင် စားပွဲပေါ်၌ မြင်ရမည့် ပေါင်မုန့်၊ ထောပတ်များကို နှလုံးနာ သွားလေသည်။
ဂန္ဓမာပန်းအိုး နားတွင် သွားရပ်ကာ ပန်းပွင့်လေးများကို ငေးကြည့်လျက် တွေဝေ နေလေသည်။ ဂန္ဓမာပွင့်ကလေး ဖူးပွင့်ချိန်မှာ မကြာလှသေးချေ။ နှင်းရည်စက်ဖြင့် ဖူးပွင့် လန်းနေကြသည်။ တစ်နေ့ခရီးအတွင်း နေရှိန်ဖြင့် နွမ်းလျ ခြောက်သွေ့ကာ ကြွေရတော့မည့် ဟန်ပြင်ရမှာကို ဆင်ခြင်မိကာ “ဪ ... မမြဲကြပါကလား” ဟု တရားကျ နေလေသည်။
ဝေသည် ပန်းပွင့် ပန်းခိုင် ကလေးများကို ကိုင်ကြည့်ကာ ငေးစိုက်နေစဉ် “ဘာလုပ်နေသတုံးဟ” ဟု ကိုနေဦး၏ အသံကို ကြားရ၍ ဖျတ်ခနဲ လှည့်ကြည့်လိုက်၏။ ကိုနေဦးမှာ ဝါးပတ်ဦးထုပ်ကြီး ဆောင်းထားကာ ခြံစည်းရိုး အပြင်ဘက် လမ်းကြားကလေးထဲမှ လမ်းမကြီးသို့ ထွက်လာရင်း လှမ်းပြောလိုက်သည်။
ဝေသည် ခြံစည်းရိုးနား ပြေးသွားကာ ကိုနေဦးအား ချိုရွှင်သော မျက်နှာကလေးဖြင့် “အစ်ကိုကြီး စောစောစီးစီး ဘယ်က လာတာတုံး” ဟု မေးလိုက်သည်။
ကိုနေဦးသည် ဝေ ရပ်နေသော ခြံစည်းရိုးနားတွင် ကပ်ရပ်ကာ ဝေ့အား ခြေဆုံးခေါင်းဖျား ကြည့်လျက် “နင် နေမကောင်းဘူးဆို” ဟု အရင် မေးနေသည်။
မောင်နှမ နှစ်ယောက် မတွေ့ရသည်မှာ လေးငါးလပင် မကရှိတော့၍ တစ်ယောက်ကို တစ်ယောက် မြင်လျှင် တစ်ယောက်နှင့် တစ်ယောက် မတွေ့တာ ကြာနေခြင်းကို သတိမရှိသည့် အနေမျိုး မျိုသိပ်ဟန်ဆောင် ထားလိုက်ကြသည်။
“အလကားပါ အစ်ကိုကြီးရာ၊ ဝေ ဘာမှမဖြစ်ပါဘူး။ နေကောင်းပါတယ်” ဝေသည် ချစ်စဖွယ် နှုတ်ခမ်းလေးကို စူကာ ပြောလိုက်၍ ကိုနေဦးမှာ ရင်ထဲက ဝမ်းနည်းစွာဖြင့် ပါးစပ်၌ ပြုံးနေလေသည်။
“အစ်ကိုကြီး၊ အင်္ဂလိပ်နဲ့ ဂျပန် စစ်ဖြစ်မှာ တကယ်ပဲလား” ဟု တိုးတိုး မြန်မြန် မေးလိုက်သည်။
အိမ်ပေါ်ထပ်ရှိ ဦးစောဟန် နိုးနေလျှင် နိုင်ငံရေးစကား ပြောကြတာ မတော်တဆ ကြားသွားမှာကို စိုးပူမိသည်။
“စစ်ကတော့ ဖြစ်မှာပဲဟ၊ ငါတော့ ဂျပန်တွေ မြန်မြန်လာပါစေ ဆုတောင်းတာပဲ၊ ဒါမှ တို့ လွတ်လပ်ရေး မြန်မြန်ရမှာ”
ဝေသည် မျက်လုံးကလေး ပြူးသွားကာ စိုးရိမ်ကြီးစွာဖြင့် “အစ်ကိုကြီး ဒီစကားတွေ ဟိုလျှောက် ဒီလျှောက် မပြောနေနဲ့ အဖမ်းခံရမယ်၊ တော် ... တော်” ဟု ဆိုလိုက်သည်။
ကိုနေဦးမှာ အသံ ခပ်အုပ်အုပ် ရယ်လိုက်ကာ “ဘယ့်နှယ် ဘိုကော အိပ်ရာက မထသေးဘူးလား” ဟု မေးသည်။
“ထပြီလား မသိဘူး၊ ဒါထက် မေမေ့ဆီကို ဆန်ပို့ ပြီးပြီလား”
“ပို့လိုက်ပြီ၊ ဆန်တစ်အိတ်၊ ဆီတစ်ပုံး၊ နင် မယ်အေးနဲ့ ပေးခိုင်းလိုက်တဲ့ ငွေ ၃၀ နဲ့ ပေါင်း ငွေက ၈၀ ကျပ် တင်ပို့လိုက်တယ်”
ဝေသည် ပြုံး၍ နေလေ၏။ အစ်ကိုကြီးနှင့် ခြံစည်းရိုး ခြားလျက် ရပ်ပြီး စကားပြော ရတာလောက် ဝမ်းနည်းတာလည်း မရှိ။ ဝမ်းနည်းတာကို အစ်ကိုကြီး မသိအောင် ပြုံးစရာမရှိ ပြုံးနေခြင်း ဖြစ်သည်။
“ထားထားလည်း အလုပ်များနေတယ် မှတ်တယ်။ ငါ့ဆီ စာတောင် မလာဘူး ... နင့်ဆီကော”
“လာတယ် အစ်ကိုကြီးရဲ့ နေကောင်းပါတယ်။ ဝေဝေတော့ တစ်ပတ်တစ်ခါ ရေးတာပဲ၊ အစ်ကိုလည်း အနာပေါက်တာ အခုတော့ ပျောက်သွားပါပြီတဲ့”
ကိုနေဦးသည် အိမ်ပေါ်သို့ မျက်လုံးတစ်ချက် ပင့်ကြည့်လိုက်ကာ “သွားမယ်ဟာ၊ အိမ်က လက်ဖြူ ဘယ်သွားမှန်း မသိဘူး။ ဒီကောင် မနေ့ကတည်းက ပြန်မလာဘူး။ ဒါကြောင့် လိုက်ရှာတာ၊ ငါ့မလည်း ခွေးသံယောဇဉ်က တစ်ဖက်”
ကိုနေဦးမှာ ခွေးမွေး ဝါသနာကြီးကာ အိမ်တွင် ခွေး၊ ကြောင် ရှိမှ နေတတ် ထိုင်တတ်လေ၏။
ကိုနေဦးသည် တဟဲဟဲ ရယ်လျက် လမ်းဘက်သို့ ထွက်သွားလေသည်။ ဝေသည် ကိုနေဦး ကွယ်သည်အထိ အသံမထွက် သွားများ ဖွေးနေအောင် ဖော်ရယ်နေလျက်၊ ကျောခိုင်းသွားမှပင် ရယ်ခြင်းကို ရပ်ကာ မျက်စိတစ်ဆုံး ကြည့်နေလေသည်။
ဝေသည် မျက်ရည်များ ဝဲလာလေသည်။ ရင်ထဲတွင် မလင်းတလင်း ဖြစ်ကျန်ရစ်လျက် ရင်ညွန့်သို့ တက်လာသော အလုံးကြီးကို မချနိုင်အောင် ဖြစ်လာသည်။
ဝေသည် ခြံစည်းရိုးမှ လှည့်လျှောက်လာရင်း သက်ပြင်းချလိုက်ရာ ချောင်းသံလေးပါ ထွက်လာသည်။
အာခေါင်ထဲက ချွဲချွဲကျိကျိ သလိပ်ကို ဟပ်ကာ အမှတ်တမဲ့ ပျစ်ခနဲ ထွေးလိုက်သည်။ ဝေ၏ မျက်လုံးထဲတွင် နီနီရဲရဲ အရောင်များ ယိမ်းလှုပ်၍ သွားလေသည်။
ဝေသည် ဆတ်ခနဲ ရပ်လိုက်သည်။ နှလုံးမှာ လျင်မြန်စွာ ခုန်လာ၏။ ရင်ထဲတွင် အင်မတန် ထူးဆန်းသည့် ဝေဒနာ တစ်ခုကို ခံစားနေရသည် ကိုသာ သိတော့သည်။ မျက်စိရှေ့တွင် မြင်မြင်သမျှ အစိတ်စိတ် အမြွာမြွာ ဖြစ်ကုန်တော့သလို မျက်လုံးများ ပြာဝေသွားသည်။
ဝေ့ခေါင်းမှာ လှုပ်ရှားနေကာ ဟိုကြည့် သည်ကြည့် ကြည့်လျက် မျက်နှာမှာ တင်းကျပ်လာသည်။ ဝေသည် ကုတ်အင်္ကျီ အိတ်ထဲမှ လက်ကိုင်ပဝါဖြူ ကလေးကို ဆွဲထုတ်၍ ဖြန့်ကာ ပါးစပ်နှင့် ကပ်လျက် အာခေါင်ထဲမှ တံတွေးထွက်အောင် အတင်း ဟပ်ထုတ်လိုက်သည်။ လက်ထဲတွင် စုဆုပ်လိုက်သော လက်ကိုင်ပဝါကို ကြည့်လည်း မကြည့်ဝံ့၊ ကြည့်လည်း ကြည့်ချင်နှင့် ဗျာများနေကာ ခဲယဉ်းစွာ စိတ်ကို ဝေခွဲပိုင်းဖြတ် လိုက်ရသည်။
ဝေသည် ရပ်နေရာမှ အိမ်ဘက်သို့ တစ်ချက် လှည့်ကြည့်ပြီး လမ်းဆက်လျှောက်ရင်း လက်ထဲက လက်ကိုင်ပဝါဖြူကို ဖြန့်လိုက်ရာ သွေးစွန်းနေသော ပဝါကို ထင်းခနဲ မြင်လိုက်ရ လေ၏။ ဝေသည် ကပျာကယာ လက်ကိုင်ပဝါကို လုံးလျက် အိတ်ထဲသို့ ထိုးသွင်းလိုက်သည်။ လျှောက်နေသော ဒူးများမှာ တဆတ်ဆတ် တုန်လာ၍ ရပ်တန့်ရကာ၊ ပန်းအိုးဘေး၌ ဆောင့်ကြောင့်ကလေး ထိုင်ချလိုက်သည်။
ဝေသည် ဖြစ်နိုင်လျှင် အသံကုန် အော်ဟစ်၍သာ ငိုလိုက်ချင် တော့သည်။ မငိုဝံ့။ မျက်နှာမှာ ပျက်ရုံသာ မဟုတ်၊ ပါးပြင်ပေါ်တွင် မျက်ရည် နှစ်ပေါက်နှင့် မဲ့နေလေ၏။
“ကိုများ သိရင် ...”
ဝေသည် ရှေ့ဆက်၍လည်း မတွေးဝံ့။ ကိုယ့်အဖြစ်ကိုကိုယ် ပြန်ပြီး ဖုံးကွယ်၍လည်း မရ။ ချောင်းဆိုးရင်း သွေးပါလာတာ “ကို” သိမှာ စိုးသည့်၊ ကြောက်သည့်စိတ်မှာ တစ်ကိုယ်လုံး ကိုင်ချုပ် ဖျစ်ညှစ်ထားသည့် အတိုင်း ပြင်းပြ နာကျင်လာကာ နှုတ်ခမ်းကို ပြတ်မတတ် ကိုက်ထားလျက် ခေါင်းထဲ သွေးရောက် နေလေ၏။
ကို့အသံမှ ကို့အသံ ... အိမ်ပေါ်မှ ဆင်းလာနေသော ကို၏ ဖိနပ်သံမှာ နားထဲတွင် တဒိန်းဒိန်း တဒိုင်းဒိုင်း ဆောင့်နေလျက် ရင်ထဲ၌လည်း တဒိတ်ဒိတ် ဖြစ်နေ၏။
“ဝေရေ ...”
ဝေဝေသည် ဆတ်ခနဲ ထရပ်ကာ မျက်ရည် ကပျာကယာ သုတ်လျက် ပန်းအိုးထဲမှ ပန်းကို ငုံ့ကြည့်နေဟန် လုပ်နေလေသည်။
“ကို” အနားသို့ ရောက်လာလေသည်။ ကို့ကိုယ်မှ အမွှေးနံ့မှာ စူးရှလှ၍ လည်ချောင်းယား သွားကာ ချောင်းဆိုးချင် သလိုလို ဖြစ်လာသဖြင့် မနည်း ချုပ်တည်း ထားရသည်။
“လှတယ် ဝေရယ် ပွင့်နေ လိုက်ကြတာ ... ဝေကော ဘယ်နှခေါက် လျှောက်သလဲဟင်”
ဝေသည် အခြေအနေ ပျက်နေသော အမူအရာကို ကြိုးစား၍ ဖျောက်ကာ၊ ချိုအေးစွာ ပြုံး၍ ပြလေသည်။ ဝေ၏ ပြုံးတောင့်ပြုံးခဲ ပြုံးသည့် အပြုံးကို မြင်ရသော် ဦးစောဟန်သည် ရင်ထဲ ကြည်နူးသွားလျက် စိတ်ချမ်းသာ သွားကာ၊ ဝေ ဒီနေ့မနက် နေ့တိုင်းထက် လန်းနေသလို စိတ်ထဲ ထင်မိသည်။
“ဝေလေ နာရီဝက်လောက် ရှိရော့မယ်၊ ခေါက်တုံ့ခေါက်ပြန် လျှောက်တာ။ ပန်းကလေးတွေ လှတာနဲ့ ကြည့်နေတာ ... သိပ်လှတာပဲ ကိုရယ်နော် ... နော်”
အဲသလိုမှ ဦးစောဟန်က ကြိုက်သည်။ သည်အမူအရာ ကလေးနဲ့ သည်အသံ ကလေးကို ကြားရတာလောက် ရင်ထဲ ချမ်းမြေ့တာမျိုး ဘာရှိသေးသလဲ ...
ဦးစောဟန်၏ ရင်ခွင်မှာ ဟုပ်ခနဲ ပူနွေးသွားလေသည်။ သူသည် ဝေ့ပခုံးကလေးကို ညင်သာစွာ ပွေ့ဖက်လိုက်ကာ “ဝေက ဒီနေ့မနက် သိပ်ချစ်စရာ ကောင်းတာပဲ” ဟု ပြောလိုက်သည်။
ကို၏ ပွေ့ဖက်ထားသော အငွေ့မှာ ဘယ်လောက် ယုယသည့် အငွေ့လည်း မသိ၊ အားရှိလာ လေသည်။ ကို့အနားသို့ တိုးကပ်လျက် ကို့ရင်ခွင်ကို မှီနေချင်စိတ် ပေါက်လာလေသည်။
ဝေသည် ငိုချင်လျက် ရယ်နေလေ၏။ သူ့စိတ်ထဲ၌ “ကို” ၏ ရွှင်ပျ အားရနေသော မျက်နှာကို မဲ့ရွဲ့ ရှုံ့တွနေဟန် ပြောင်းလဲ မြင်ကြည့်မိ၍ ခြေဖျား လက်ဖျားများ အေးစက်လာ လေသည်။
ဝေသည် အသံထွက်အောင် ရယ်လေ၏။ ကို၏ အချစ်ရောင် လျှမ်းနေသော မျက်လုံးများကို ရွှင်လန်းစွာ ရယ်ပြုံးကြည့်ရင်း “ကိုရေ မနက်စာ စားကြစို့တော့နော်” ဟု ဆိုလိုက်သည်။
“ကို” သည် ဝေ့ကို ဖက်လျက် အိမ်ထဲသို့ ခေါ်သွင်းလာသည်။ ဝေ့ရင်မှာ ခုန်နေလိုက်၊ ရပ်သွားလိုက်၊ မြန်ချည်တစ်လှည့်၊ လေးလေးတစ်လှည့် ခုန်ချင်သလို ခုန်နေလေသည်။
လက်ဖက်ရည် စားပွဲတွင် သူ ထိုင်နေကျ နေရာကိုပင် ယောင်မှားလျက် တလွဲ ထိုင်မိသည်။ “ကို” က မှားထိုင်တာ မြင်ဟန် သိဟန်မရှိ။ ဝေ ရွှင်ပျနေတာ ရင်ထဲ ချမ်းသာလှသဖြင့် စည်းတွေ ကမ်းတွေကို မေ့နေဟန် ရှိသည်။
ဝေသည် မှားထိုင်ပြီးမှ ဒိတ်ခနဲ သတိရကာ “ကို” နှင့် မျက်နှာချင်းဆိုင် ပြောင်းထိုင်ရ ပြန်သည်။ သူ့မျက်နှာမှာ ပြုံးတော့မလို ရယ်တော့မလို ဖြစ်နေလျက်၊ မျက်နှာ မပျက်အောင် ကြောက်အား လန့်အားဖြင့် ဖုံးကွယ် နေလေသည်။ ဦးစောဟန်မှာ သတိမထားမိ။
“ညက ဝေလေး အိပ်ပျော်တယ် မှတ်တယ်” ဟု ပြုံးချိုသော မျက်နှာကလေးကို ကြည့်ရင်း ပြောလိုက်ကာ ကော်ဖီဖျော်ပေး နေသည်။
ဝေ့မှာ အသံထွက်လို့ မရသဖြင့် ခေါင်းကို ညိတ်ပြလိုက်သည်။
“ဒါကြောင့် ... ဒါကြောင့် ... ဒီနေ့ ဝေ သိပ်လန်းလာတယ်။ လီဗာ အားတိုးဆေးကို ဆေးပတ်ကုန်အောင် ထိုးပါ ဝေရယ်၊ ဒီတော့မှ ပါးလေးတွေ နှုတ်ခမ်းလေးတွေ နီလာပြီး ဟိုရင်တုန်းကလို ဖြစ်လာမှာ ... နော်”
ခါတိုင်းဆိုလျှင် ငြိမ်သက် တည်ကြည်လျက် အေးချမ်းသော မျက်နှာလေးဖြင့် စကားမပြော သောက်စားနေ၏။ ယနေ့တွင် မျက်လုံးလည်း ငြိမ်သက်ခြင်း မရှိ။ မျက်နှာမှာ ငယ်သွားလိုက်၊ ပြုံးမလို ရယ်မလို ငိုမလို ပုံဖမ်း၍ မရနိုင်သော မျက်နှာမျိုးနှင့် ငိုသံလား၊ ချွဲပြောသံလားဟု မခွဲခြားနိုင်သော မသဲမကွဲ အသံကလေးဖြင့် မငြိမ်မသက် ဖြစ်နေသော ဝေ့ကို ကောင်းကောင်းကြီး သတိထားမိသူမှာ မောင်မြပင် ဖြစ်သည်။
မောင်မြမှာ စားပွဲဘေး၌ တစ်ချိန်လုံး ရပ်ကာ ဦးစောဟန် အကြည့်တွင် ဝေ့မျက်နှာက တစ်မျိုး၊ ဦးစောဟန် အကြည့်တွင် တစ်မျိုးမျက်နှာ ဖြစ်နေသော ဝေ့အား “မမ တစ်မျိုးပဲ” ဟု စိတ်ထဲ အောက်မေ့ကာ ထူးဆန်းနေသည်။
ဝေသည် ဟန်လုပ် ဟန်ဆောင် နေရသည့် အတွင်း ဝေ့ရင်ထဲ၌ ဒေါင်ချာစိုင်း နေလေသည်။
ချောင်းဆိုးရင်း သွေးပါကြောင်းကို ဖွင့်မပြောဘဲ မြုံလည်း မနေရဲပေ။ ဖွင့်ပြော လိုက်ဖို့ရာလည်း ကြောက်လန့်နေ၏။
ဖွင့်ပြောလိုက်ရင် “ကို” ဘယ်လောက်များ စိတ်မကောင်းဖြစ် လိုက်မလဲ၊ “ကို” ဘယ်လောက်များ စိတ်ညစ် လိုက်မလဲ၊ ဘယ်လောက်များ စိတ်ရှုပ် သွားမလဲဟု စဉ်းစားရင်း ... စဉ်းစားရင်း ပြောရမှာ မပြောရက်အောင် ဖြစ်လာသည်။
“ကို” က ကြောက်တတ်သည်။ ကြောက်လန့်ပြီး သွေးပျက် သွားမှာလားဟု အတွေးခေါင် နေသည်။ ဝေမှာ သူ့အတွက် ဒီလောက် အရေးမကြီးနိုင်။ “ကို့” အတွက်သာလျှင် အရေးကြီးနေကာ ပြောသင့် မပြောသင့် ချိန်ဆ၍မရ။ မစဉ်းစား တတ်သလောက် ဦးနှောက်ခြောက် လာသည်။
“ကော်ဖီသောက် နေတုန်း မပြောဘူးလေ” ဟု တစ်ဖက်က စဉ်းစားရင်း ဖြစ်ဖြစ်ချင်း မပြောရင် အပြစ်တင်မှာလည်း တစ်ဖက်က စိုးနေပြန်၏။
ဝေမှာ သောက်ရိုးသောက်စဉ် အတိုင်း၊ စားရိုးစားစဉ် အတိုင်း သောက်စား နေမိကာ ဘယ်လို ဝင်၍ ဘယ်လို မျိုလိုက်မှန်းပင် သတိမရှိ၊ ရင်ထဲ ဗျာများလျက် ဒေါင်ချာစိုင်း နေရသည့် အထဲ မူမပျက်အောင်လည်း သတိမြဲမြဲ ထားကာ ဂရုစိုက် နေရသည်။
“ဝေက ဆေးထိုးရမယ် ဆိုရင် စကားကို မပြန်တော့ဘူး။ နာလို့လား ဝေရယ်၊ ဆေးထိုးလို့သာ ခုလို လန်းလာတာ မဟုတ်ဘူးလား၊ ဆေးပတ်ကုန်အောင် မထိုးချင်လို့လား”
“မဟုတ်ဘူး ကို ... မဟုတ်ဘူး။ ဝေက စဉ်းစားနေတာ“ ဝေသည် ပြုံးမဲ့မဲ့လေးဖြင့် ပြောမိပြောရာ ပြောလိုက်လေသည်။
“ဘာကို စဉ်းစား နေတာလဲ ဝေရယ်၊ 'ကို့' ကို ပြောပါဦး”
ဦးစောဟန်သည် ဝေ့ကို စိုက်လျက် ကြည့်နေသည်။ ဦးစောဟန်၏ ချိုမြသော မျက်နှာကို မကြည့်ရဲသလို၊ မလုံသလိုပင် ခေါင်းကလေး ငုံ့လိုက်ကာ ဘာစဉ်းစား နေကြောင်း အကြောင်းပြရန် အလျင်အမြန် စဉ်းစားလိုက်ရ၏။
“ဝေကလေ ... ဆေးပတ်ကုန်အောင် ဘယ်နှကြိမ် လိုသေးတယ် ဆိုတာ စဉ်းစား နေတာပါ၊ ဆေးပတ်ကုန်အောင် ဝေ ထိုးမှာပေါ့ ကိုရဲ့”
ဝေသည် ပြောပြီးပြီးချင်း ချောင်းဆိုးချင် လာလေသည်။ မျက်နှာကို တတ်နိုင်သမျှ ပြုံးထားလျက် မဆိုးအောင် အောင့်ထား လိုက်ရ၏။ အောင့်၍ မရနိုင်။ မအောင့်နိုင်သဖြင့် ခေါင်းနားပန်း ကြီးလာကာ ခေါင်းက ဆံပင်များမှာ တစ်ချောင်းမကျန် မတ်မတ်ထောင် လာသလို ထင်ရကာ၊ ကျောချမ်းချမ်းဖြင့် လည်ချောင်းယား နေ၏။
ကြံရာမရ လက်ဖက်ရည် ပန်းကန်ကို ကပျာကယာ ကောက်ယူလျက် နှုတ်ခမ်းနှင့် တေ့ပြီး ချောင်းဆိုး နေလေသည်။
ဦးစောဟန်မှာ ကိုယ်ကို နောက်တွန်း၍ ဆတ်ခနဲ ဝေ့မျက်နှာကို မျက်လုံးလှန်ကြည့် လိုက်သည်။ ဝေသည် အာခေါင်ထဲ ရောက်လာသော တံတွေးကို သွေးပဲဟူသော အသိဖြင့် မြန်မြန်ကြီး မျိုချလိုက်ရ လေ၏။
“သီးသွားတယ် ကိုရယ်” ဟု ဝေက ဆိုမှ ဦးစောဟန် မျက်နှာမှာ လင်းလာကာ ဝေ့နားသို့ ပြေးထလာလျက် ကျောကလေးကို ပွတ်သပ်ပေးနေခိုက် ဝေ့မှာ ကိုယ်မျိုချသော ကိုယ့်သွေးကို နှလုံးနာလာကာ ရင်ထဲ နောက်ကျိသွား လေ၏။ ဝေသည် ဆက်လက် ဟန်ဆောင်နိုင်သေး၏။ ပြုံးနိုင် ရယ်နိုင်သေး၏။ “ကို” အလုပ်မသွားခင် မျက်နှာမပျက်အောင် ထားကာ ရွှင်ပျနေသည်။ ဦးစောဟန်မှာ အိမ်ကအထွက် မြေနှင့် ခြေနှင့်ပင် မထိမိသကဲ့သို့ ပေါ့ပါးသွားသည်။
ဝေသည် လေးလံသော ခြေလှမ်းများဖြင့် လှေကားထစ်များကို တစ်ထစ်ပြီး တစ်ထစ် တက်လာသည်။ ခြေလှမ်းများမှာ ခန္ဓာကိုယ်ကို သယ်ရန် ငြင်းဆန်ကြသည်။ အိမ်ပေါ်ရောက်မှ ပင်ပန်းလှသည့် စိတ်ကို သက်ပြင်းကြီးဖြင့် မှုတ်ထုတ်လိုက်သည်။ သက်သာလို သက်သာငြား သက်ပြင်းမှုတ်ထုတ် လိုက်သော်လည်း၊ အသည်းနှလုံးမှာ ပင်ပန်းနွမ်းနယ် သွားသောဒဏ်ဖြင့် တဒိတ်ဒိတ် ခုန်နေတုန်းပင်။ ကိုယ်တွင်းရှိ သွေးများသည် ကုန်ခမ်းသွားသလို မှတ်ထင်ရသည်။ အကြောအချင် များလည်း ထုံထိုင်းလာသလို အောက်မေ့ရသည်။
ဝေမှာ အိပ်ရာပေါ်တွင် ခွေပျော့သွားကာ ဖြစ်မှ ဖြစ်ရလေခြင်းဟု ယူကျုံးမရ ဝမ်းနည်းလာသည်။ မျက်ရည် တစ်ပေါက်တစ်ပေါက် ကျရသည်မှာ ဘယ်လိုများ ရင်နာမှန်း မသိ၍ မျက်လုံးထဲက မျက်ရည်မျိုးမှ ဟုတ်ပါလေစ၊ နှလုံးထဲက ရုန်းကန် ထွက်ရသည့် မျက်ရည်များလား ...။
ဝေ၏ မှိတ်ထားသော မျက်လုံးထဲ၌ သွေးရောင်မှာ နီရဲနေ၏။ ဝေသည် ဖခင်၏ ပါးစပ်ထဲမှ ထွေးခံထဲသို့ ထွေးချလိုက်သည့် သွေးများနှင့် သူ့သွေးကို ယှဉ်မြင်ကြည့် လိုက်ခြင်းဖြင့် တဆတ်ဆတ် ခုန်နေသော နှလုံးမှာ တစ်ခဏတာမျှ အခုန်ရပ် သွားကာ ရင်တွင်းဝယ် ကျပ်ဆို့လာသည့် ဝေဒနာကိုပင် ပင်ပန်းစွာ ခံစားရသည်။
ခဏမျှ အခုန်ရပ်သွားသော နှလုံးမှာ လျင်မြန်စွာ ခုန်လာပြန်သည်။ ချွေးသီး ချွေးပေါက်ကြီး စီးကျလာသည်။ မျက်ရည်များလည်း တပေါက်ပေါက် စီးကျနေ၏။ စိတ်ချောက်ချား၍ ရွံ့ထိတ် တုန်လှုပ်ခြင်းကြောင့် ထွက်လာသော ချွေးသည် ရောဂါနှင့် “ကို” နှင့် အတူနေရမည့် အဖြစ်က မတွေးဝံ့အောင် ဆိုးရွားလှ၍၊ ယူကျုံးမရ မျက်ရည်တို့မှာ မျက်နှာပေါ်၌ ပေါင်းမိကြသည်။
ဝေ၏ စိတ်ကူးထဲတွင် “ကို့” ကို ဘယ်ပုံဘယ်နည်း ပြောရမည်ကို အနည်းနည်း အဖုံဖုံ ပြောင်းကာ ပြောင်းကာ ပြောကြည့် ပြောပြနေ၏။ ပြောလိုက်၍ “ကို” ခံသာရာ ရမည့် နည်းလမ်းကို ရှာမရနိုင်ကာ သေလိုက်ချင် လောက်အောင် စိတ်ညစ်ညူးမိသည်။
ဝေ့မှာ ရောဂါတွေးလိုက်၊ “ကို့” တွေးလိုက်ဖြင့် ဘယ်ဘက်ကမှ မချမ်းသာပေ။ ကုသလို့ ပျောက်ပါ့မလား ဟူသော အတွေးကို ကြာရှည်စွာ တွေးမနေရတော့ပေ။ ဖြစ်ချင်ရာဖြစ် စိတ်လျှော့ခြင်းဖြင့် အတွေးရပ် လိုက်သည်။
ဝေသည် ဗြောင်းဆန်အောင် စိတ်လှုပ်ရှား နေပြီးနောက် သိပ်ကို စိတ်ထိခိုက် လာသည်။ စိတ်ထိခိုက် လွန်း၍ စိတ်ကို မထိန်းနိုင်အောင် လွတ်နေသည့် အဆုံးတွင် သက်သာမှု မှီတွယ်စရာလေး တစ်ခု ရှာရသွားလေ၏။
ရင်ဆိုင်လာသည့် ပြဿနာရပ်များကို သူ၏ မှီတွယ်ရာ သက်သာရာနှင့်သူ စီရင် ဖြေရှင်းတော့ကာ ပြဿနာ အားလုံး ကမ္မသကာ သဘောထား လိုက်တော့၏။
ဝေ၏ လှုပ်ရှားနေသော စိတ်မှာ တဖြည်းဖြည်း ငြိမ်စပြုလာကာ ရပ်တည်လာသည်။ မဖြစ်ချင်တာကြီး လာဖြစ်ရသည့် ဒုက္ခတရားကို အကြီးအကျယ် စက်ဆုပ် သွားလေသည်။
ထိုဒုက္ခမှ အကြောင်းပြု၍ သံဝေဂ စိတ်ကလေးသည် တဒင်္ဂပဟာန် ဖြစ်ပေါ်လာသည်။ လူ့ဘောင်ကြီးထဲမှ ဒုက္ခအပေါင်းတို့ကို ပေါ်လောက် ပေါက်လောက်အောင် ကူးဆက် ထင်မြင်သွား လေသည်။ ဒုက္ခမှ လွတ်မြောက်ချင်လှသည့် ပြင်းပြသော စိတ်ဇောဖြင့် ဒုက္ခမှ လွတ်မြောက်နိုင်သော အသိအမြင်သစ်များကို ရှာဖွေ တွေးတော နေမိသည်။
ဝေသည် ဘဝတစ်ခုမှ ဘဝတစ်ခုသို့ ကူးခုန်သွား လေသည်။ ဝေရောက်သွားသော ဘဝသစ်မှာ မရှုမလှ ဒဏ်ရာ ဒဏ်ချက်များဖြင့် ပြည့်နှက် နေစေကာမူ ဝေသည် မညည်းညူဘဲ ကြံ့ကြံ့ခံနိုင်သမျှ တင်းခံရန် ဖြစ်လေ၏။
“မမ ဆေးသောက်ပါ”
မယ်အေး အသံဖြင့် ဝေသည် လှုပ်ရှားလာ သော်လည်း မျက်လုံးကို တော်တော်နှင့် မဖွင့်ပေ။ ခါတိုင်း ဆေးတွေ ဘယ်လို သောက်နေနေ၊ သူ့ကိုယ်သူ လူမမာဟု ဘယ်တုန်းကမှ မထင်မှတ်ခဲ့ချေ။ ယခုမှ လူမမာ အသိကို လက်ခံဝင်စားလို့ ရလာတော့သည်။ လူမမာမှန်သမျှ ဆေးသောက်ရသည်။
ဝေသည် စောင်းရာမှ ပက်လက်လှန် လိုက်ကာ မျက်လုံးကို တဖြည်းဖြည်း ဖွင့်လိုက်သည်။ မယ်အေးမှာ လူမမာနှင့်တူသော ဝေ၏ ဖြူဖျော့ဖျော့ဖြင့် ပန်းနွမ်းနေသည့် မျက်နှာကလေးကို မျက်လုံးပြူး ကြည့်ကာ “ဟင် မမ နေမကောင်းဘူးလား” ဟု လွှတ်ခနဲ မေးလိုက်သည်။
“အေး-အေး ... ငါ နေမကောင်းဘူး”
ဝေသည် ထထိုင်ကာ ဗန်းပေါ်က ဆေးဖန်ခွက် ကလေးကို စိုက်ကြည့်ပြီး လှမ်းယူလျက် မော့ချလိုက်သည်။ လူမမာဖြစ်ဖို့ စောင့်လိုက်ရတာ ယနေ့မှပဲ လူမမာ ဖြစ်တော့သလို စိတ်ထဲက ထင်မြင်သွား လေသည်။
ဤဆေးသည် ထမင်းမစားခင် တစ်နာရီခွါ၍ သောက်ရသောဆေး ဖြစ်သဖြင့် “ကို” ပြန်လာဖို့ရာ တစ်နာရီလောက်ပင် လိုတော့သည်။ ဝေသည် အိပ်ရာမှ ချည့်နဲ့စွာ ထလာကာ ရေချိုးဆင်း လာသည်။ ယနေ့နံနက် ရေချိုးရန် အချိန် နောက်ကျသွားသည်။
ရေချိုးခန်းထဲ၌ သွေးစွန်းသော လက်ကိုင်ပဝါလေးကို တုန်တုန်ယင်ယင်နှင့် ဆပ်ပြာတိုက်လျက် ရေနှင့်ဖွပ် ညှစ်လျှော်လိုက်သည်။ ရေချိုးပြီး အဝတ်အစား လဲရင်း “ကို” ထမင်းမြိန်မြိန် စားပါစေတော့၊ မိုးချုပ်မှပဲ ပြောတော့မည်ဟု သန္နိဌာန် ချလိုက်လေသည်။
ဝေ့မှာ နေ့လယ်မှ မိုးချုပ်အထိ အချိန်ကိုသာ စောင့်နေလေ၏။ ပြောရန် အချိန်ကို စောင့်စား နေရသည့် အတွင်း ကို့မျက်နှာကို စိတ်အား ထက်သန်စွာ စိုက်စိုက်ကြည့်ကာ ရင်ထဲ လှိုင်းထနေသည်။ “ကို” ကတော့ ဘာမှမသိ။ ဝေ၏ ဖြည်းနှေးသွားသော အမူအရာလေးများကို အကဲခတ်ကာ မနက်က လန်းတယ်၊ နေ့လယ်ဘက် ပူလွန်းလို့ မလန်းတာပဲဟု သူ့အတွေးနှင့်သူ။
နေ့မှ တဖြည်းဖြည်း ညဘက်သို့ ကူးခဲ့ကာ ညမှာ နက်မှောင်၍ လာလေပြီ။ ကောင်းကင်၌ ကြယ်ပွင့်တွေ တစ်ပြင်လုံး မြူးလက် နေကြသည်။ ဝေသည် ဆိုဖာတွင် မှီထိုင်ကာ ပြတင်းပေါက်မှ ကြယ်ပွင့်တွေကို မျှော်ကြည့် နေသည်။ ကြယ်ပွင့်များ တဖျတ်ဖျတ် ခုန်နေသလို ဝေ့ရင်ထဲ၌လည်း တဖျတ်ဖျတ် ခုန်နေလေ၏။
ဦးစောဟန်သည် စားသောက်ပြီး ဆိုဖာပေါ်တွင် လှဲလိုက်ကာ ရေဒီယို နားထောင် နေလေသည်။ ဝေသည် ကိုးနာရီ ထိုးမှ အပေါ်တက်ရမည် ဖြစ်၍ လက်က နာရီကို မကြာမကြာ ကြည့်နေမိသည်။
ဦးစောဟန်မှာ ထ၍ ရေဒီယို ရှေ့တွင် ကုန်းကာ တိုင်းပြည် ပေါင်းစုံက သတင်းများကို ဖမ်းကြည့် နေရာမှ “ဝေရေ ကိုးနာရီထိုးပြီ၊ တက်ကြစို့” ဟု လှမ်းပြောလိုက်သည်။
ဝေ့မှာ စိတ်ကူး အိပ်မက်ထဲမှ လန့်နိုးသွားကာ နေရာမှထ၍ ဖြည်းဆေးစွာပင် အပေါ်သို့ တက်သွားလေသည်။ မယ်အေးမှာ ရေချိုင့်နှင့် ဝေ့နောက်က ထပ်ကြပ် လိုက်တက်လာသည်။
ဝေသည် အခန်းထဲတွင် အဝတ်အစားများ မလဲဖယ်ဘဲ ကုလားထိုင် ပေါ်တွင် ထိုင်နေလိုက်သည်။ မယ်အေးမှာ ရေချိုင့်ထားပြီး ပြန်ထွက်သွားသည်။
မကြာမီ “ကို” တက်လာသော ခြေသံကို ကြားမိ၍ စိတ်ကို ခိုင်ခိုင်တင်းထား လေသည်။
ဦးစောဟန်သည် ခန်းဆီးကိုဖယ်ကာ “ဟင်- ဝေ ထိုင်နေလား” ဟု ဆိုလိုက်ကာ အနားသို့ လျှောက်လာရာ၊ ဝေက မတ်တပ် ထလိုက်သည်။
“ကို ဒီမှာ ခဏထိုင်ပါဦး၊ ဝေ ပြောစရာ ရှိလို့ပါ” ဝေ့အသံလေးမှာ ဝေ့အသံ မဟုတ်သလို တုန်နေ၍ ဦးစောဟန်မှာ ဒိတ်ခနဲ ဖြစ်သွားကာ၊ ဝေ့ပခုံးကို ပွေ့၍ ဝေ့မျက်နှာကို သေသေချာချာ ကြည့်လိုက်သည်။ ဝေသည် မျက်နှာကို အကြည့်မခံ၊ တစ်ဖက်သို့ မြန်မြန်လွှဲ လိုက်သည်။
ဦးစောဟန်မှာ အံ့ဩသွားကာ ကုလားထိုင် ပေါ်တွင် ထိုင်မှန်းမသိ ထိုင်လိုက်ကာ၊ ဝေ့လက်ကလေးကို လှမ်းဆွဲ ကိုင်ထားလိုက်သည်။
ဝေသည် ဘေးတိုက်ပင် ဦးစောဟန်ကို မကြည့်ဘဲ ပြောလေ၏။
“ကို့ကို မပြောရက်လို့ တစ်နေ့လုံး မျိုသိပ် နေရတယ်။ ဝေလေ မနက်က ချောင်းဆိုးလိုက်တာ သွေး ပါလာတယ်”
“သွေးပါလာတယ် ... သွေးပါလာတယ် ...” ဦးစောဟန်၏ အသံမှာ အံ့ဩကြီးစွာဖြင့် ထိတ်လန့်စွာ တုန်သောအသံ ...။ ဝေသည် ထိုအသံထဲတွင် နစ်မြုပ်သွား လေ၏။ ထိုအသံထဲတွင် သူ့ကိုယ်ရော စိတ်ရော မြုပ်နှံပစ် လိုက်ရသလိုပင်။
ဦးစောဟန်သည် ရုတ်တရက် ထရပ်ကာ ဝေ၏ လက်နှစ်ဖက်ကို ဆွဲယူလျက် “ဖြစ်မှ ဖြစ်ရလေ ဝေရယ်၊ ဆရာဝန် ချက်ချင်း ခေါ်ရမှာ ဘာဖြစ်လို့ မပြောသလဲဟင် ... ဝေ ဘာဖြစ်လို့ မပြောသလဲကွယ်” ဟု လက်ကို အတန်တန် ခါ၍ ပြောနေလေသည်။
ဝေသည် မလှုပ်။ တစ်ကိုယ်လုံး တရှိန်ရှိန် ပူထူလာကာ လေးလံ ထိုင်းမှိုင်း နေတော့၏။
“ဒီလို ဖြစ်ရမှာများလေ ... ဦး ရှိကတည်းက ပူခဲ့ရတယ်။ ကို့ကို စိုးရိမ်လွန်းတယ်၊ ပူလွန်းတယ်လို့ ဝေကတော့ ထင်မယ် ...” ကို၏ တတွတ်တွတ် စကားသံများမှာ နားထဲတွင် ညင်းညင်းသသ ဖြစ်နေလေသည်။ ဝေ၏ရင်မှာ နိမ့်ချည် မြင့်ချည်နှင့်။
“ဝေရယ် ... ပြောစမ်း ... ကို့ကို ... သွေးတွေ အများကြီး ပါသလား၊ သွေးတွေ အန်တာလားဟင်”
ဦးစောဟန်၏ ချောက်ချားလျက် ရင်ထုမနာ အသံကြီးမှာ ဝေ့ကို ငိုချင်လာစေသည်။ ဝေသည် မျက်ရည် မကျအောင် ထိန်းသည်။
“အများကြီး မဟုတ်ဘူး ကို၊ မနက်က ချောင်းဆိုးတော့ နည်းနည်း ပါတယ်။ ညနေက တစ်ခါပါတယ်၊ နည်းနည်းလေးပဲ”
ဦးစောဟန်မှာ မိမိအား မကြည့်ဘဲ ခေါင်းငုံ့ခါပင် မတုန်မယင် ပြောနေသော ဝေ့ကို မမြင်စဖူးသလို ပြူးတူးတူး ကြည့်နေ၏။ မကြောက်ဘူးလား၊ သတ္တိ ကောင်းသလားဟု အံ့လည်း အံ့ဩလိုက်မိ လေ၏။
ဦးစောဟန်၏ ရင်တွင်း၌ လှိုင်းတံပိုး ထသွားလေသည်။ ထိတ်ထိတ်လန့်လန့် အမူအရာများဖြင့် “ပေါ့နေလို့ မဖြစ်ဘူး ဝေရယ်၊ ဆရာဝန် ခေါ်မှပဲ” ဟု ပြောပြောဆိုဆို ဝေ့လက်ကို လွှတ်လိုက်ကာ အခန်း အပြင်ဘက်သို့ ပြေးထွက်သွား လေ၏။
ဝေသည် ဦးစောဟန် လှေကားမှ ပြန်ပြေးတက် လာသည့်အထိ ထိုနေရာက မရွေ့။ ဦးစောဟန်က ဝေ့ပခုံးကလေးကို ညင်သာစွာ တွန်းလျက် “ထိုင်ဦး ဝေရယ်၊ ထိုင်” ဆိုလိုက်၍ ထိုင်လိုက်၏။
ဦးစောဟန်၏ ချက်ချင်း အိုဇာသွားသော မျက်နှာကို တစ်ချက်သာ လှမ်းကြည့်လိုက်ကာ၊ ပန်းလှစွာဖြင့် နောက်မှီတွင် ခေါင်းတင်ကာ မျက်လုံးကို ပိတ်ထားလိုက်သည်။
ဦးစောဟန်မှာ အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်လျက် ဆရာဝန် အမြန်ရောက်ရန် စောင့်မျှော်နေသည်။ ပြင်းထန်သော သက်ပြင်းချနေသံ ကိုလည်း ခဏခဏ ကြားရ၏။ ဝေ့နားတွင် လာရပ်လိုက်၊ တစ်ဖန် လျှောက်နေလိုက်ဖြင့် ယောက်ယက်ခတ် နေလေ၏။ ဆရာဝန်နှင့် မောင်မြတို့ ပြေးတက် လာကြသည်။ ဦးစောဟန်က အသက်မရှူဘဲ အဖြစ်အပျက်ကို အမြန် ပြောပြနေစဉ်၊ ဆရာဝန်မှာ ကုလားထိုင်ပေါ်၌ မှိန်းနေသော ဝေ့ကို ကြင်နာစွာ လှမ်းကြည့်လေသည်။
လက်မောင်းက အကြောထဲသို့ ထိုးသွင်းလိုက်သော ချွန်မြသည့် အပ်သွားမှာ အသည်းခိုက်အောင်ပင် စူးနာလွန်း၍ ဝေ၏ ပါးစပ်ကလေးမှာ ရွဲ့သွားကာ နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။
--------------------------------
ဂျာနယ်ကျော်မမလေး
crd 👉 http://openread.atspace.cc/works/04062020_nv.html
Comments
Post a Comment