ငှက်က​လေး (အပိုင်း-၉)

#ငှက်ကလေး

အပိုင်း (၉)

ကျောင်းမှာပဲ အေးသည်။ ကျောင်းတက်နေသောအချိန်တွင် စာထဲမှာပဲ စိတ်ဝင်စားပြီး နေလို့ရသည်။ ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းတွေအကြောင်း သင်ရသောအခါ ဟိုးရှေးခေတ်က အကြောင်းတွေမှာ ပုံပြင်လိုပင် နားထောင်လို့ ကောင်းသည်။ ပထဝီမှာ မြေပုံတွေ ဆွဲရသည်။ ရာသီဥတုအကြောင်းတွေ သင်ရသည်။ သိပ္ပံဆိုလျှင်လည်း သိပ်စိတ်ဝင်စားဖို့ ကောင်းသည်။ သင်္ချာတစ်နှင့်နှစ် အချိန်များတွင် ပုစ္ဆာတွေကို ဘယ်သူအရင်ပြီးမလဲလို့ ပြိုင်တွက်ရတာ ပျော်စရာပဲ။ မြန်မာစာအချိန်မှာတော့ ကိုယ်အပျော်ဆုံးပင်။ ကိုယ်တို့တီချာမေက မြန်မာစာသင်တာ မဟုတ်လား။ ပြီးတော့ အင်္ဂလိပ်စာကို ကိုယ်အစကတည်းက ကြိုးစားပြီးသား။ ခုအခါကျတော့ ပိုပြီးကြိုးစားသည်။ အင်္ဂလိပ်စာတတ်မှ ကိုယ် သိချင်တာတွေကို ပိုပြီး သိခွင့်ရမည် ထင်သည်။ ဦးလေးမောင်မောင်ကြီးတို့၊ အန်တီလူးတို့သည် ကိုယ် မသိစေချင်သော စကားမျိုးတွေကို အင်္ဂလိပ်လို ပြောတတ်ကြပါသည် မဟုတ်လား။

ကျောင်းမတက်ခင်အချိန်နှင့် မုန့်စားကျောင်းဆင်းချိန်ဆိုလျှင် သူငယ်ချင်းတွေနှင့် တွေ့ရသည်။ စကားဝိုင်းပြောချင်ပြော၊ ကစားချင် ကစား။ ခု နောက်ပိုင်းတွေမှာတော့ သိပ်မကစားကြတော့။ တစ်ခါတလေ ချိန်းပွဲရှိမှပင် ဘောလုံးကန်ကြသည်။ ကိုယ်တို့အဖွဲ့ထဲမှာ မိန်းကလေးတွေပါ ပါနေသောကြောင့် သိပ်မကစားဖြစ်ကြခြင်း ဖြစ်မည်။ အမြဲလိုလိုမှာ စိန်ပန်းပင်ကြီးအောက်မှာ စု၍ စကားပြောကြခြင်း ဖြစ်သည်။

ကိုယ်တို့အဖွဲ့ကလည်း သိပ်ညီညွတ်သည်။ အုပ်စုတောင့်သောကြောင့် တခြားကောင်တွေက လာမစရဲချေ။ အုန်းသီးတို့၊ ဖရက်ဒီတို့ပင် ကိုယ်တို့ကို ဖြုံနေကြသည်။ ကိုယ်တို့ကလည်း သူများကို အလကားသက်သက် သွားမကြောပါ။

ကိုယ်တို့ထဲမှာ တစ်ယောက်ကို ပုံစံတစ်မျိုးစီ ရှိကြသည်။ ဇော်ဝင်းသည် ပျော့စိစိကလေး။ စကားပြောလျှင်လည်း ညောင်နာနာနှင့်။ ဂျွန်ဆင်က စကားပြောလျှင် ဗလုံးဗထွေးနှင့် ရိုးလည်း သိပ်ရိုးသည်။ အ,လည်း အ သည်။ တင်အောင်ခိုင်ကတော့ ကိုယ်တို့ထဲမှာ “ငလောင်”ပဲ။ ကိုယ်ကတော့ ဘယ်လိုနေလဲ ကိုယ့်ဘာသာ မသိ။ တစ်မျိုးပဲ။ တစ်ခါတလေ တစ်ယောက်တည်း အေးအေးဆေးဆေး နေချင်သည်။ တစ်ခါတလေ သူငယ်ချင်းတွေနှင့် ပျော်ပျော်ပါးပါး နေချင်သည်။

မိန်းကလေးတွေထဲမှာဆိုလျှင် မီးမီးက သိပ်စွာသည်။ ကစ်တီက ခပ်တုံးတုံး၊ ခပ်အအ၊ သဘောလည်း ကောင်းသည်။ မိခိုင်ကိုတော့ ကိုယ် ဘယ်လိုပြောရမှန်း မသိ။ တစ်ခါတလေ စိတ်ကောက်တတ်သည်။ တစ်ခါတလေတော့လည်း သဘောကောင်းသည်။ သူလည်း ကိုယ့်လိုပဲလားမသိ။ ဘာပဲဖြစ်ဖြစ် သူနှင့်ကိုယ် ပေါင်းလို့ရတာတော့ အမှန်ပင်။ ကိုယ်သည် ယောက်ျားလေးတွေထဲမှာ တင်အောင်ခိုင်ကို အခင်ဆုံးဖြစ်၍ မိန်းကလေးတွေထဲမှာ မိခိုင်ကို အခင်ဆုံး ဖြစ်ပါသည်။ သူငယ်ချင်းတွေအားလုံးနှင့်ဆုံ၍ စကားပြောကြရသောအခါတွင် ပျော်ရွှင်ရသည်တော့ အမှန်ပါ။

သည်နေ့လည်း စိန်ပန်းပင်ကြီးအောက်မှာ ကိုယ်တို့ စုထိုင်နေကြသည်။ ခုပြနေသော အင်္ဂလိပ်စစ်ကားအကြောင်း ပြောကြသည်။ ပြောနေတုန်းမှာပင် မီးမီးက ဖြတ်၍ ဖောက်လာသည်။ သူက မိခိုင်ကို မေးခြင်း ဖြစ်သည်။

“သူတို့ လယ်တေး ယယ်တောက်ထဲမှာ ဘယ်သူအချယ်တောဆုံး လဲဟေ့”

"ဘယ်သိမလဲဟ”

"နင့် စယ်တိတ်ထဲမှာတော့ ညယ်တီ မဟုတ်လား”

မိခိုင်က မီးမီး ပေါင်ကို ဆွဲဆိတ်သည်။ သူတို့သည် စကားလိမ်ဖြင့်ပြောနေကြခြင်း ဖြစ်သည်။ သူတို့ ဘာပြောကြသည်ကို ကိုယ် သိသလိုလို ရှိပါသည်။ ဘာလို့ဆို အန်တီလူးသည် မေမေ့ကို ခုလိုပင် စကားလိမ်ဖြင့် ခဏခဏ ပြောတတ်သောကြောင့် နည်းနည်းပါးပါးတော့ ကိုယ်လည်း နားလည်နေပြီ။ ကိုယ်တို့ယောက်ျားလေးတွေထဲမှာ ဘယ်သူ အချောဆုံးလဲဟု မီးမီးက မေးခြင်း ဖြစ်သည်။ မိခိုင်က မသိဘူးဆိုတော့ မီးမီးက ညီညီက အချောဆုံးလို့ နင် ထင်တယ်မဟုတ်လားဟု မေးတာ ဖြစ်နိုင်သည်။ ဟိုကောင်တွေက နားလည်သလား၊ မလည်သလား မသိ။ တင်အောင်ခိုင်က ဝင်ပြောသည်။

"နင်တို့က စကားလိမ်တွေ ဘာတွေနဲ့ ပြောတာပေါ့လေ၊ ဒါဆို ငါလည်း ပြောမယ်၊ အန်တရိတ်စီး၊ မန်ကိုပျိုး၊ နူသံတေတေး၊ အမေ့ပါးတဲ့ အဲဒါ ဘာလဲ"

"ဘယ်သိမလဲဟ”

မိခိုင်က ပြောသည်။ ကစ်တီကလည်း မသိ။ မီးမီးက ခဏ စဉ်းစားပြီးမှ "နင့်ဟာက အဓိပ္ပာယ် မရှိဘူး”ဟု ဆို၏။

"ဟား ရှိတာပေါ့ဟ၊ ဒီမှာ အီးတိရစ္ဆာန်၊ မိုးကိုပျံ၊ နံသူ တေတေး၊ အစ်မပေးတဲ့၊ ဂျွန်ဆင် မင်း နံလား”

“အီးပေါက်ရင်တော့ နံမှာပေါ့ကွ”

“အေး .. နံရင် အစ်မပေး၊ ဟား ဟား”

ဂျွန်ဆင်က "ငါ့မှာ အစ်မ မရှိဘူး”ဟု ပြောသည်။ ပြီးတော့ သူ စဉ်းစားနေသည်။

"နေဦးဟ၊ ငါ နင့်ကို တစ်ခုမေးမယ်၊ ဟိုဥစ္စာဟာ၊ ဒီမှာ မီးမီး၊ နင် ဖြေနော်၊ မြွေနဲ့ဖားနဲ့ ဘယ်ဟာက ..."

"ဟေ့ကောင် ... အဲဒါ မဟုတ်ဘူးကွ” ဟု တင်အောင်ခိုင်က မြန်မြန် ဝင်ပြောလိုက်ရသည်။ ဂျွန်ဆင်က “အေးကွာ.. ငါမှားသွားလို့”

“နေဦး နေဦး၊ ငါ မေးမယ် ကစ်တီ ဖြေဟာ”

ကစ်တီက “ခက်တာတွေတော့ မမေးနဲ့”ဟု ပြောသည်။ တင်အောင်ခိုင်က "အေးပါ"ဆိုပြီး..."လွယ်လွယ်လေးရယ်၊ ရှဉ့်နဲ့ မြွေနဲ့ ဘယ်သူ့ကို ချစ်သလဲ၊ အဲဒါ ​ဖြေ"

မီးမီးက ဝင်တားမည် ကြံသော်လည်း မရလိုက်။ ကစ်တီက ဖြေလိုက်မိသည်။

“ရှဉ့်ကို ချစ်တာပေါ့ဟ”

"ဘာပြောတယ်၊ ရှင့်ကို ချစ်တယ် ဟုတ်လား၊ ငါ့ကို ဟုတ်လား၊ ဟား ... ဟား ... ဟား.. ဟား .."

ခုမှ ကစ်တီက သဘောပေါက်သွားပြီ "တင်အောင်ခိုင် နင် ယုတ်တယ်၊ နင် ယုတ်တယ်”ဆိုပြီး တင်အောင်ခိုင့်ကျောကုန်းကို ထုနေသည်။ ကိုယ်တို့အားလုံး ဝိုင်းရယ်ကြသည်။ ကစ်တီသည် ရှက်လည်း ရှက်၊ ဒေါသလည်း ဖြစ်လာသောကြောင့် ငိုမဲ့မဲ့ ဖြစ်နေသည်။ ထိုအခါကျမှ ကိုယ်တို့ အရယ်ရပ်လိုက်ကြသည်။

“ကစ်တီကလည်းဟာ စတာပဲဟာ” ဟု ဇော်ဝင်းက ဝင်ပြော၏။

“ဟုတ်ပါဘူးဟာ၊ အဲဒီ တင်အောင်ခိုင်က ဘာမှန်းလဲ မသိဘူး၊ မျက်နှာရူး၊ ရုပ်ကိုက ကာတွန်းထဲက မျောက်ညိုကျနေတာပဲ၊ စပ်ဖြဲဖြဲနဲ့”

“အေး ဟုတ်တယ်ဟေ့၊ ခုမှ သေသေချာချာ ကြည့်မိတယ်။ တင်အောင်ခိုင်က မျောက်ညိုနဲ့ တူတယ်”

“မျောက်ညို၊ ​​မျောက်စုတ်၊ မျောက်နာ”

မီးမီးနှင့်မိခိုင်တို့က တင်အောင်ခိုင်ကို ပြန်လောင်သည်။ တင်အောင်ခိုင်ကတော့ တော်တော့်ကို အရှက်မရှိတဲ့ကောင်။ သူက အနောက်ခံရလို့ မရှက်တဲ့အပြင် တကယ့်မျောက်နဲ့ တူအောင်လုပ်ပြီး တခွီးခွီး အော်ပြ​နေသေးသည်။ ကိုယ်ကလည်း သူတို့ကို အကြောင်ရိုက်ဖို့တစ်ခု သွားသတိရမိသဖြင့် ပြောပြလိုက်သည်။

“ကိုယ် တစ်ခု ပြောပြမယ်ကွ၊ တစ်ခါတုန်းကကွာ၊ ဝေါကိုသွားတဲ့ ကားတစ်စင်းပေါ့၊ ညဘက်ကြီးကွ၊ မိုးတွေကလည်း အရမ်းရွာနေတာတဲ့၊ ကားမီးထိုးထားတာတောင် လမ်းကို ကောင်းကောင်း မမြင်ရဘူး၊ အရေးလည်းကြီးတော့ ကားကို မြန်မြန်မောင်းရတာပေါ့၊ အဲဒါ တစ်နေရာလည်း ရောက်ရော လမ်းပေါ်မှာ အဘိုးကြီးတစ်ယောက် ကုန်းကုန်းကုန်းကုန်းနဲ့ ဖြတ်ကူးနေတာကို ဘွားခနဲ တွေ့လိုက်ရတယ်တဲ့၊ ရုတ်တရက်ဆိုတော့ ဘရိတ်အုပ်လို့လည်း မရတော့ဘူးပေါ့”

"ဟယ် ... တိုက်မိရောလား”

"ဘာပြောကောင်းမလဲဟာ၊ အရှိန်နဲ့ဆိုတော့ ဒိုင်းခနဲ တိုက်မိတာ အဘိုးကြီးလည်း မြောက်တက်သွားပြီးမှ ဖုန်းခနဲ ပြန်ကျတယ်တဲ့၊ အဲဒါနဲ့ ဒရိုင်ဘာကလည်း ကားကို ချက်ချင်းရပ်၊ မြန်မြန်ကားပေါ်ကဆင်းပြီး သွားကြည့်တော့ မရှိတော့ဘူးတဲ့”

“ဟင် ... ဘယ်ရောက်သွားတာလဲ”

“သရဲခြောက်တာ ထင်တယ်”

“မဖြစ်နိုင်ပါဘူးကွာ”

“ဖြစ်နိုင်တာပေါ့ကွ၊ စဉ်းစားကြပါလား၊ သွားကြည့်တော့ မရှိတော့ပါဘူးဆိုမှ”

“ဟာ မဟုတ်နိုင်ပါဘူးကွာ”

"ဟုတ်နိုင်တာပေါ့ဟ၊ သေသေချာချာ ပြန်တွေးကြည့်လေ၊ အဘိုးကြီးပါဆိုမှ သွားတွေ ကျိုးကုန်ပြီပေါ့ကွ၊ ဘယ်ရှိတော့မလဲ၊ ဒါကြောင့် 'သွား' ကြည့်တော့ မရှိတော့ဘူးလို့ ပြောတာ”

“အေးဟ၊ ဟုတ်သားပဲ”

ကိုယ်တို့အားလုံး ရယ်နေကြလေသည်။

ကျောင်းဆင်းသောအခါ ဗိုက်နာလာသောကြောင့် အိမ်သာသို့ ပြေးရသည်။ အိမ်သာမှပြန်လာပြီး ကျောင်းရှေ့ပေါက်သို့ သွားမည်ဟု ထွက်လာသည်။ ဘီတန်းရှေ့ရောက်သောအခါ မိခိုင်တစ်ယောက်တည်း ရပ်နေသည်ကို တွေ့ရသည်။ အတန်းနားမှာ လူတောင်မှ ရှင်းနေပြီ။

“မိခိုင် နင်တစ်ယောက်တည်း ဘာလုပ်နေတာလဲ”

“အိမ်ပြန်ဖို့ အဖော်မရှိလို့ဟ”

မိခိုင် မျက်နှာက ငိုမဲ့မဲ့ ဖြစ်နေသည်။ ကိုယ် မေးသည်။

“ကစ်တီတို့၊ မီးမီးတို့ရော”

“မီးမီး ကောင်မစုတ်က ငါ့ကို မစောင့်ဘဲ ထွက်သွားတယ်”

“နင်က ဘာလုပ်နေလို့လဲ”

“စာနည်းနည်းကူးချင်လို့ ခဏလေး စောင့်ပါဆိုတာ ထမင်းဆာတယ်ဆိုပြီး ထွက်သွားတာ”

“ကစ်တီကရော"

“သူလည်း ပါသွားတာပေါ့”

"ဟာ... ဒါဆိုလည်း တစ်ယောက်တည်း ပြန်ပေါ့"

“ငါမှ မပြန်ရဲတာ”

“ကိုယ်တောင်မှ တစ်ယောက်တည်း ပြန်တာပဲ”

“နင်က ယောက်ျားလေးပဲ”

“ဘာဆိုင်လို့လဲ၊ နင့်ကို ဘယ်သူမှ မဆွဲပါဘူးဟ၊ သူ့ကိုယ်သူများ အပျိုကြီးကျနေတာပဲ”

မိခိုင်သည် ကိုယ့်ကို ဖျတ်ခနဲ ကြည့်လိုက်သည်။ သူ့မျက်လုံးများ တလက်လက်တောက်နေ၏။ မျက်ရည်ဝဲလာသလား မသိ။

"နင်.. နင်... ငါ့ကို အဲလို ပြောလားဟင်”

သူ့အသံက ငိုသံပါလာလေသည်။

“ဘာပြောလို့လဲဟ”

“နင် စဉ်းစားကြည့်ပေါ့၊ တကယ်ဆိုရင် ငါတစ်ယောက်တည်း အဖော်မရှိဘူးဆိုရင် နင်က ငါလိုက်ပို့မယ်လို့ ပြောရမှာပေါ့”

“အေးဟာ.. ဟုတ်သားပဲ၊ ကိုယ် မေ့သွားတယ်၊ ကဲ ...လာ သွားရအောင် ကိုယ်လိုက်ပို့ပါမယ်”

သူသည် နှုတ်ခမ်းကို စူပြီးတော့ မဲ့လိုက်သည်။

"သွားပါ... ခုမှလာပြီးတော့၊ နေပစေ နင့်ပို့စရာလည်း မလိုဘူး။ ငါ့ဘာသာ သွားမယ်”

ကိုယ်ရယ်လိုက်သည်။

“ကဲ ... ဒီလိုဆိုလည်း သွားလေ၊ ကိုယ်လည်း သွားတော့မယ်၊ ထမင်းဆာလှပြီ”

ကိုယ်လှည့်ထွက်မည်ပြုသည်။ သူက သမံတလင်းပေါ်သို့ ခြေဆောင့်လိုက်တာ ဖတ်ခနဲတောင် မြည်သွား၏။ ကိုယ်လှည့်ကြည့်လိုက်သည်။

“ညီညီနော်၊ နင်နော်၊ ဘယ်လိုဖြစ်နေတာလဲ”

ခြေဆောင့်ရင်း သူပြောသည်။ အသံတွေလည်း တုန်နေသည်။ သူ ငိုခါနီးပြီ။

"ကဲ ... ဘာဖြစ်လို့လဲ၊ နင်ပဲ လိုက်မပို့နဲ့ဆို၊ တစ်ယောက်တည်း သွားမယ်ဆို”

"အဲဒါက စိတ်ကောက်လို့ပြောတာ၊ ငါက လိုက်မပို့နဲ့ ဆိုပေမယ့် နင်က အတင်းလိုက်ပို့ရမှာပေါ့လို့”

ကိုယ်ရယ်ရင်းက... "နင် တော်တော်ဆိုးတယ်ဟာ မိခိုင်”

“ဆိုးတာ ဘာဖြစ်လဲ”ဟု ပြောပြီး သူ ခစ်ခနဲ ရယ်သည်။ ရယ်လိုက်တော့မှပင် စောစောက ဝဲရုံသာ ဝဲနေသော မျက်ရည်တွေ ထွက်ကျလာလေတော့သည်။

"နင် ရူးနေပြီ ထင်တယ်၊ ငိုလည်း ငိုတယ်၊ ရယ်လည်း ရယ်တယ်”

"ညီညီနော် .. နင်မစနဲ့၊ ငါ ဆွဲဆိတ်လိုက်ရမလား”

သူက ကိုယ့်ဗိုက်ခေါက်ကို ဆွဲဆိတ်သည်။

“ဟ... ဆိတ်မ... နာတယ်ဟ”

"ဘာပြောတယ်၊ ငါ့ကို ဆိတ်မ ဟုတ်လား ကဲ”

"အလကားပြောတာ၊ အလကားပြောတာ”

သူ ဆွဲဆိတ်ရာမှ လွှတ်လိုက်သည်။

“ကဲ သွားကြရအောင် နောက်ကျနေပြီ"

ကိုယ်တို့နှစ်ယောက် ထွက်လာကြသည်။ ကျောင်းဝင်းထဲမှာ လူ တော်တော်ပင် ရှင်းနေပြီ။ ဆရာ၊ ဆရာမတချို့နှင့် အလုပ်သမားကြီးတွေသာ ရှိတော့သည်။ သူတို့အိမ်ဘက်သို့ သွားသောလမ်းအတိုင်း လျှောက်လာကြရင်းက သူပြောသည်။

“နေ့လယ်က နင်တို့ ဘောလုံးကန်ကြတယ် မဟုတ်လား။ အဲဒါ ငါတို့အတန်းထဲက ကောင်တွေရော၊ ကောင်မတွေရော ငါ့ကို မကြည်ဘူး သိလား”

"ဘာလို့လဲ”

“ငါက ကိုယ့်ဘီတန်းကိုတော့ အားမပေးဘဲနဲ့ နင်တို့ အေတန်းကို အားပေးလို့တဲ့"

ဒီနေ့ မုန့်စားဆင်းချိန်တုန်းက ကိုယ်တို့ အေတန်းနှင့် မိခိုင်တို့ ဘီတန်း ဘောလုံးချိန်းကန်ကြသည်။ မိခိုင်သည် အစကတော့ ဘောလုံးချိန်းကန်တာကို မကျေနပ်ချေ။ “ငါတို့အတန်းနဲ့ နင်တို့အတန်းနဲ့ ကန်တော့ ငါက ဘယ်ဘက်က အားပေးရမှာလဲ”ဟု ပြောသည်။ ခြေဆောင့်ပြီး ထွက်သွားသည်။ ကွင်းထောင့်မှာ သွားထိုင်ပြီး နှုတ်ခမ်းစူနေသည်။ သို့သော်လည်း ကိုယ်ကန်လိုက်သော ဘောလုံးသည် ဂိုးတိုင်ထဲသို့ တန်းတန်းမတ်မတ် ဝင်သွားသောအခါ လက်ခုပ်သံတွေကြားမှ "ဒါမှ ညီညီကွ"ဟု အော်လိုက်သော သူ့အသံစူးစူးကလေးကို ကြားရလေ၏။ ဒါကို သူတို့အတန်းဘက်က မကျေနပ်ခြင်း ဖြစ်မည်။

“ဒီတော့ နင်က ဘာပြောလိုက်လဲ”

“ငါကလား၊ ဒီလို ပြောလိုက်တယ်၊ နင်တို့က အီးယောင်ဝါးတွေမို့လို့ အားမပေးတာလို့၊ ညီညီက ..... ညီညီက ..”

သူသည် စကားကို မဆက်ဘဲ နေသည်။

“ဘာဖြစ်လဲ ပြောလေ”

“ညီညီက ငါ့ရဲ့ ဟိုဟာအဖြစ်ဆုံး သူငယ်ချင်းလို့”

“ဘယ်ဟာဖြစ်တာလဲ”

“ဟို .. အခင်ဆုံးလို့၊ အဲဒါ ဟုတ်တယ်၊ အခင်ဆုံးလို့”

ပြောပြီး သူသည် ကိုယ့်ကို မကြည့်တော့။ မြေကြီးကိုပဲ ငုံ့ကြည့်ရင်း လျှောက်လာသည်။ ပြီးတော့မှ ကိုယ့်ကို တစ်ခါမော့ကြည့်၏။ ကိုယ်လည်း ဘာဖြစ်သွားမှန်းမသိ။ သူက ကိုယ့်ကို ကြည့်နေသောအခါ ပြန်မကြည့်ရဲဘဲ ဖြစ်သွားသည်။ ထိုအခါ ကိုယ်ခေါင်းငုံ့လိုက်မိသည်။ ကတ္တရာလမ်းကိုသာ ငုံ့ကြည့်ပြီး လျှောက်လာမိသည်။ ခဏကြာသောအခါ သူ့ရယ်သံ ကြားရသည်။ သူ ရပ်လိုက်သည်။ ကိုယ်လည်း ရပ်လိုက်ပြီး ..."ဘာဖြစ်လို့လဲ”

သူရယ်နေရာမှ ...."ငါတို့လမ်းကို ကျော်လာခဲ့ပြီဟ”

ကိုယ်တို့နှစ်ယောက်စလုံး ရယ်ပြီး ပြန်လှည့်လျှောက်သည်။ သူတို့လမ်းထဲသို့ ဝင်ကာနီးတွင် ကိုယ်ပြောသည်။

“ကိုယ်ပြန်တော့မယ်နော်၊ နင်သွားရဲပြီ မဟုတ်လား”

"အိမ်ကို လိုက်ခဲ့ပါဦးလားဟ"

“ဟင့်အင်း”

"နင် ဟိုတစ်ခါလည်း ဒီလိုပဲ၊ ငါတို့အိမ်ကို ဘယ်တော့မှ လိုက်မလာဘူး”

“နောက်တော့ ကိုယ် လာလည်ပါ့မယ့်ဟာ၊ ခု အိမ်ပြန်နောက်ကျမှာစိုးလို့”

"ဒါဆိုလည်း ပြီးရောလေ၊ ငါသွားတော့မယ်နော်”

“နေဦး မိခိုင်”

သူ ပြန်ရပ်နေသည်။ ကိုယ်သည် လွယ်အိတ်ထဲသို့ လက်နှိုက်၍ စမ်းသည်။ တနင်္ဂနွေနေ့က ဆော်လီမား ဈေးသွားတော့ ကိုယ်လိုက်သွားသည်။ ကိုယ်စုထားသော ပိုက်ဆံဖြင့် လက်ကိုင်ပဝါ သေးသေးလေးတစ်ထည် ဝယ်သည်။ အနားလေးဘက် အတွန့်အတွန့်ကလေးတွေနှင့်။ သုံးကျပ် ပေးရသည်။ ထိုလက်ကိုင်ပဝါကလေးကို စက္ကူအိတ်ကလေးဖြင့် ထည့်ပြီး ယူလာခဲ့ခြင်း ဖြစ်သည်။ အိတ်ကလေးကို ဆွဲထုတ်၍ မိခိုင်ကို ပေးလိုက်သည်။

သူက “ဘာလဲ” ဆိုပြီး ဖွင့်ကြည့်သည်။ လက်ကိုင်ပဝါကို ဆွဲထုတ်၍ ဖြန့်ကြည့်သည်။

"ဟယ် .. လက်ကိုင်ပဝါလေး”

သူ ကိုယ့်ကို လှမ်းကြည့်ပြီး ပြုံးသည်။ နောက်တော့ မျက်နှာက ပြန်တည်သွား၏။

"ငါ မလိုချင်ဘူးဟာ”

"ဟင် ... ဘာဖြစ်လို့လဲ”

ကိုယ်က စေတနာနဲ့ ပေးတာကို သူက မယူချင်ဘူးဆိုသော ကိုယ်ဝမ်းနည်းသွားမိသည်။ ဒါကို သူကလည်း သိမည် ထင်သည်။

"နင်ပေးတာကို မလိုချင်လို့ မဟုတ်ပါဘူးဟာ၊ လက်ကိုင်ပဝါ လက်ဆောင်ပေးမကောင်းဘူးတဲ့။ ပေးရင် ခွဲရတတ်တယ်တဲ့”

"အို... ကိုယ် ဒါတွေ မယုံပါဘူး"

"ဪ.. တစ်ခုတော့ ရှိတယ်၊ လက်ကိုင်ပဝါ လက်ဆောင်ပေးရင် ပိုက်ဆံဆယ်ပြား ပြန်ပေးရတယ်တဲ့။ အဲဒါဆို ကြိမ်းကြေရော၊ မခွဲရတော့ဘူး”

သူသည် လွယ်အိတ်ထဲသို့ လက်နှိုက်မည် ပြုပြီးမှ ..."ဟယ်... မေ့လို့၊ ငါ့မှာ ပိုက်ဆံမှ မကျန်တော့တာ၊ လက်ကိုင်ပဝါကို နင် ပြန်ယူထားပါဦးလား”

“ဟာ... နင်ပဲ ယူထားပါ၊ ခု ပိုက်ဆံမပါလည်း နောက်မှပေးပေါ့"

“အေးလေ၊ တစ်ရက်လောက်တော့ ကိစ္စမရှိပါဘူး၊ ငါ နက်ဖြန်မှ ပိုက်ဆံပေးမယ်နော်”

ကိုယ် ခေါင်းညိတ်ပြသည်။

“ငါလေ ဒီလက်ကိုင်ပဝါလေးကို သေသေချာချာ သိမ်းထားမယ် သိလား”ဟု ပြောပြီး သူပြေးထွက်သွားသည်။ ကိုယ်လည်း သူ့ကို နောက်ကနေ ငေးကြည့်နေပြီး သူလမ်းချိုးထဲ ကွေ့ဝင်သွားမှ ထွက်လာခဲ့သည်။

ဒီနေ့ ညနေတွင် မြင်မြင်သမျှတို့သည် ကြည်လင်၍နေသည်။ လမ်းလျှောက်ရင်းက ကားလမ်းပေါ်မှ ချိုင့်ခွက်တွေကို မြင်သောအခါ ကိုယ်တို့လမ်းအချိုးရှိ ရေမြောင်းကလေးကို မြင်သောအခါ အရင်ကလို လွှားခနဲ ခုန်ကျော်လိုက်ချင်သည်။ သို့သော်လည်း မခုန်ကျော်မိအောင် စိတ်ကို ထိန်းထားမိပြန်၏။ ဓာတ်ကြိုးတန်းပေါ်မှာ နားနေသော စာကလေးတစ်အုပ်ကို မြင်ရသောအခါ ကိုယ်မနေနိုင်တော့ဘဲ “ဟေး "ဟု အော်လိုက်သည်။ စာကလေးများက "ကျလိ ကျလိ” မြည်ပြီး ကိုယ့်ကို ပြန်နှုတ်ဆက်သဖြင့် ကိုယ်ရယ်မိသေးသည်။

အိမ်ဝင်းအဝ ရောက်သောအခါ ပြေးဝင်သွားသည်။ လွယ်အိတ်ကို စားပွဲပေါ်ပစ်တင်ပြီး မီးဖိုချောင်ဘက်သို့ ဝင်ခဲ့သည်။ မီးဖိုချောင်အဝင်ဝ​ပေါ်တွင် တန်းကြီးတစ်ခု ရှိသည်။ ကိုယ် ဆတ်ခနဲ လှမ်းခုန်လိုက်သောအခါ တန်းကြီးမှာ တွဲလောင်း ခိုမိသွား၏။

ကိုယ်အံ့သြသွားသည်။ အရင်ကဆိုလျှင် အရမ်းခုန်တာတောင် တန်းကြီးကို လက်နှင့်ထိရုံသာ ထိသည်။

ခုတော့ ထိရုံမက ခိုလို့တောင် မှီသွားပြီ။

ကိုယ်သည် ခုတလောမှာ အရပ်ပဲ အရမ်းရှည်လာလို့လား။ ပျော်နေလို့ အမြင့်ကြီး ခုန်နိုင်တာလား။

မိခိုင်နှင့် ခုလို တွေ့ရတိုင်း ကိုယ်ပျော်မိတာချည်းပါပဲ။

ဆက်ရန်
---------------------
#မင်းလူ

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)