လျှို့ဝှက်ချက်ဆိုသည်မှာ

စစ်ကြိုခေတ်က ဖြစ်လေသည်။ရွာတစ်ရွာတွင်
            
"ဟဲ့ ရွှေကွန့်"
             
"မှန်ပါ သူကြီး"

"ထမင်းစားပြီး လှည်း က,ထားစမ်းကွယ်၊ ငါ တောင်ရွာဘက် သွားစရာရှိသဟဲ့"

"မှန်ပါ"

‌"အေး ...အေး၊ ဖြည်းဖြည်းသာလုပ်ပါကွယ်၊ ငါ့ ပို့ချေရုံပါပဲ"

သူကြီးမင်း ဦးဘထွားသည် ထိုသို့ မိန့်ကြားလျက် အိမ်ပေါ် ပြန်တက်သွားလေသည်။
                
* * *
     
ညသည်   ကြယ်ရောင်နှင့် ပြောက်ကျားလင်းသလို ရှိ၏။ နွားပြောက်နှစ်ကောင် က,သော လှည်းသည် ခွာမြုပ်ရုံ ဖုန်လမ်းဝယ်  အိပဲ့ပဲ့ရွေ့လျက် ရှိလေသည်။ ပတ်ဝန်းကျင်တွင် ပိုးပုရစ် စီသံ ရံဖန်ကြားနေရ၏။ လှည်းပေါ်ဝယ် သူကြီးသည် သိက္ခာတော်ရ နှစ်လုံးပြူးကို ပိုက်လျက် ငိုက်၍ ပါလာလေသည်။ ကိုရင်ရွှေကွန့်သည် နဖားသင် အူကြိုးကို အသာ လျှော့ထားကာ နွားတအိအိ ယူရာသို့ ငူတူတူ ရောက်ရာတွေးကာ နှင်လာလေ၏။
      
လူနှစ်ယောက်၊ နွားနှစ်ကောင်၊ နှစ်လုံးပြူးတစ်လက်နှင့် လှည်းတစ်စီးသည် ကြယ်ရောင်အောက်မှ မည်းကုပ်ကုပ် ဇီးချုံပုတ်များကို ကျော်၍ကျော်၍ လာကာ ဆီမီးရောင် မှိတ်တုတ်တုတ်နှင့် ဇနပုဒ်တစ်ခုနားကို ချဉ်းကပ်သွားလေ၏။ရွာနီးချုပ်စပ်မှ တစ်အိမ်ဝိုင်းစ နှစ်ဝိုင်းစကို ထင်သာ မြင်ရ ရှိလေပြီ။
               
"သူကြီးမင်း"
 
ငိုက်၍ပါ‌လာသော သူကြီးသည် ရွှေကွန့် ခေါ်သံကြောင့် ဆတ်ခနဲလန့်နိုး၍              
"ဟဲ့ သောက်ခွေး၊ ဟေလကွယ်"
              
"တောင်ရွာ ဝင်ပြီဗျ၊ ဘယ်ဝိုင်း ဝင်ရမတုန်း"

သူကြီးသည် ပတ်ဝန်းကျင်ကို ယောင်တောင်တောင် လှည့်ပတ်ကြည့်၍
"ဟိုက် ကျော်လာပဟ၊ ရပ် ... ရပ်၊ငါ ဒီနား ဆင်းမဟဲ့"

လှည်း အရှိန်လျှော့ရုံတွင်ပင် ခုန်ချ၍ လွန်လာရုံ အိမ်ဝိုင်းတစ်ခုမှ တဲတစ်လုံးဆီသို့ သုတ်သုတ်လှမ်းသွားကာ နှုတ်မှလည်း ခပ်အုပ်အုပ် မှာရစ်၏။
   
"ရွှေကွန့် ပြန်နှင့်ဟဲ့၊ ငါ့ကို သူရို့ အပို့ခိုင်းချေမယ်၊ ပြန်... ပြန်၊ အိမ်သာ တန်းပြန်နှင့်ချေ"
   
သူကြီးအသံ ဝေးသွား၍ လူလည်း မှောင်ထဲ ဝင်သွားလေ၏။ ကိုရင်ရွှေကွန့်သည် လှည်းကို လာရာလမ်းဘက် ပြန်လှည့်စဉ် လှည်းပေါ်ဝယ် သူကြီး နှစ်လုံးပြူး ကျန်နေရစ်ခဲ့သည်ကို မြင်၏။ သို့နှင့် လှည်းကို စုတ်သပ် ရပ်ကာ နှစ်လုံးပြူးဆွဲ၍ သူကြီးဝင်သွားရာ တဲဘက်သို့ လိုက်လေသည်။
  
"သူကြီးမင်းနှယ်၊ ကိုယ့်နှစ်လုံးပြူးကြီးတစ်ပြူးလုံးတောင် မေ့ခဲ့ရန်ကော"
 
သူကြီးဝင်သွားပုံရသော တဲဘက်မှ မီးရောင်ပျပျ ပေါ်လျက်ရှိ၏။ ရွှေကွန့်မှာ နှစ်လုံးပြူးကိုင်၍ တဲနား ကပ်သွားရင်း ဖွင့်ထားသော ကဲလားမှ အမှတ်မထင် အတွင်းသို့ ကြည့်မိ၏။ ထိုအခါ မီးခွက်ရောင်မှိန်မှိန်တွင် သူကြီး နှစ်လုံးပြူး မေ့ကျန်ရခြင်းအကြောင်းကို မြင်လေသည်။ သူကြီးသည် မိန်းမရွယ်ရွယ်တစ်ယောက်ကို စပ်ဖြည်းဖြည်း ပွေ့လျက်ရှိ၏။
  
"စောင့်လိုက်ရတာရှင်၊ မှောင်ရန်ကော"
 
"ကိုကိုထွားလည်း ကိုယ့်မယားဆီ နေဝင်အမီ လာချင်သားပေါ့ကွယ်၊ သူကြီးဆိုတော့လည်း ဗာဟီရက အများသားကလားကွယ့်"
    
ကိုရင်ရွှေကွန့် အမြင် အကြားကား ထင်မှားစရာ မရှိချေ။ သူ၏ကျေးဇူးရှင် သိက္ခာတော်ရ သူကြီးမင်း ဦးဘထွားသည် မိမိတို့ရွာတွင် မယားတစ်ယောက်၊ ဤတောင်ရွာတွင် မယားတစ်ယောက်။ သူ့ နှစ်လုံးပြူးပြောင်းကဲ့သို့ မယားလည်း နှစ်ယောက်ပြူး တိတ်တိတ် ပေါင်းနေသည်မှာ လယ်ပြင် ဆင်သွားသလို ထင်ရှားချေပြီ။ ရွှေကွန့်မှာ သူကြီးကို မခေါ်ဖြစ်တော့ဘဲ နှစ်လုံးပြူးကို တဲဝ ထောင်ထားရစ်ခဲ့ကာ အသံမကြားအောင်သာ လှည်းဘက် ပြန်လှည့်၍ အိမ်ပြန်နှင့်ခဲ့လေသည်။   
                     
* * *

သီတင်း နှစ်ပတ်မျှ ကြာခဲ့ပြီ ဖြစ်သည်။ နံနက် ဝေလီဝေလင်းအချိန်တွင် ကိုရင်ရွှေကွန့်သည် ထွန်သွားများ ခါးထိုး၍ နွားနှစ်ကောင်ဆွဲကာ ယာထဲဆင်းရန် ထွက်လာလေ၏။ သူ့စိတ်သည် မကြည်။ လိပ်ခဲတည်းလည်း ရှိနေလေသည်။ ကုန်ခဲ့သော အဖိတ်နေ့ ညက သူကြီးနှင့် တောင်ရွာ သွားသောကိစ္စသည် စိတ်ထဲက မထွက်။ သူကြီးသည် သူ့ ခေါ်ကာ တိုးတိုးတိတ်တိတ် ကြိတ်၍ နှုတ်ပိတ်၏။ ထို့ကြောင့် ထိုကိစ္စ ဘယ်သူ့မှမပြောရန် သူ ကတိခံခဲ့ရ၏။သို့သော် အသည်းယားနေလေသည်။ ရွှေကွန့်သည် လူထဲက လူတစ်ယောက်သာ ဖြစ်သည်။
         
သူကြီး မယားအမြှောင်ထားသောကိစ္စ တစ်ယောက်ယောက်အား ဖောက်သည်ချချင်နေ၏။ သို့သော် ကျေးဇူးရှင် သူကြီးထံ ခံထားသောကတိက ရှိနေလေသည်။ ကတိပေးခဲ့စဉ်က သိပ်မစဉ်းစားမိ။ ထိုကိစ္စ ခဏနှင့်မေ့သွားလောက်သည်ဟု သူ ထင်၏။ သို့သော် လွဲ‌လေစွ။ ထိုကိစ္စသည် တရွရွနှင့် သူ့စိတ်ကို ရင်းနာလို လှိုက်စားကာ သူ့လျှာသည် တယားယားဖြစ်လာလေသည်။ တစ်နေ့ထက် တစ်နေ့ ပိုပိုဆိုးလာ၏။
        
မပြောဘဲ နေရလေ ပြောချင်လေ ဖြစ်နေ၏။ စိတ်သည် ဆန်းကြယ်လေစွ။ ဖုံးထားရလေ ပြချင်လာလေ ရှိ၏။ ဝှက်ထားရလေ ဖော်ချင်လေ ဖြစ်သည်။ သို့သော် ကတိက ကတိဖြစ်သည်။
   
ရွှေကွန့်သည် သူ့ကိုယ်သူ ကတိတည်သူဟု ဂုဏ်ယူနေသည်ဖြစ်ရာ ဘယ်လောက်ပင် အူယားယား ဘယ် 'လူ' နားမှ ကြားအောင်မပြော။ ယမန်နေ့ကမူ သူ စိတ်ဖောက်၏။ သူကြီး၏နွားအား အနားဆွဲ၍ "နင့်သခင် သူကြီး မယားကြီး မယားငယ်ရှိသဟဲ့" ဟု တိုးတိုး ပြောမိ၏။ ထိုအခါ အတန်ငယ်စိတ်ပေါ့သွား၏။ နွားကား နားမလည်။ ကလယ် ကလယ်နှင့် သူ့ကို ပြန်ကြည့်နေ၍ ရှက်ရှက်နှင့် တွန်းထိုး လွှတ်လိုက်၏။ ယခု မနက်တွင်မူ အူယားလာပြန်ပြီ။ ဒုက္ခပါလား ဟရို့။
         
တတွေးတွေး တမှုန်မှုန်နှင့် လျှောက်လာခဲ့ရာ ရွာကို လွန်၍ သူ ယာထဲ ရောက်လာ၏။ စိတ်သည် ခက်လှလေသည်။ တိုးတိုး တစ်ခါ ပြောမိ၍ ပေါ့သွားမလား အောက်မေ့သည်။ မပေါ့သွားဘဲ ပိုဆိုးကာ အော်ဟစ် ပြောပြချင်စိတ် တိုးလာ၏။ ယာလုပ်ချင်စိတ်လည်း မရှိ။ ရွှေကွန့်သည် နွားများအား လှန်ထားလိုက်၍ လူသူမရှိသော ယာခင်းထဲဝယ် တစ်ပင်တည်းပေါက်နေသော ညောင်ပင်အောက် သွားထိုင်နေလေသည်။
     
ကိုရင်ရွှေကွန့်သည် သူကြီး ဦးဘထွား၏ သူရင်းငှား အတူနေ ခစား လက်ကျွန်ဖြစ်သည်။ အိမ်ထောင် မရှိ၊ မဟုတ်တာ တစ်ခါမှ မလုပ်ဖူး။ အထူးသဖြင့် သူ့တွင် လျှို့ဝှက်ထားစကား ဘာကိစ္စမှ တစ်သက်လုံးမရှိခဲ့။ ဘွင်းဘွင်းနေသူ လူရိုး ဖြစ်၏။ ယခု သူ့သူကြီးကိစ္စကား သူ့အတွက် ပြဿနာတက်လေပြီ။ တစ်စုံတစ်ရာကိစ္စအား လျှို့ဝှက်ထားရသည်မှာ မကောင်းတာဟု သူ ယူဆသည်။ မဟုတ်တာတစ်ခုအား သူပါ ရော၍ လျှို့ဝှက်ထားရသည်မှာ အလိုတူ အလိုပါ ကျသည်ဟု သူ ထင်သည်။ ထို့ကြောင့် ဤသူကြီးကိစ္စအား တစ်ယောက်ယောက်ထံတွင် ဝန်ခံလိုက်ရသော် ကောင်းစွ။ လုပ်မှ တော်ပေမည်။
        
ရွှေကွန့်သည် ရုတ်တရက် ထိုင်ရာမှ ထ၍ အနီးအပါး ရှာသော် သူ မှီထိုင်နေရာ ညောင်ပင်ကို မြင်လေသည်။ ပတ်ဝန်းကျင်ကား ယာခင်းများ တစ်မျှော်တစ်ခေါ် ဖြစ်ရာ လူသူ ရှင်းလှလေ၏။ ဤညောင်ပင်နှင့် ညောင်စောင့်ရုက္ခစိုးအား သူကြီးကိစ္စ ဖွင့်ဟရ‌သော် သူ့အတွက် တော်ပေမည်။ ရွှေကွန့်သည် ညောင်ပင်ကို စေ့စေ့ပါအောင် စိုက်ကြည့်၍....
"ဟဲ့ကောင်၊ သူကြီးဘထွား မယား နှစ်ယောက် ရှိသဟ"

ဆယ့်လေးငါးခွန်းမျှ အကျယ်ကြီး အော်ချလိုက်သော် အတော်ပေါ့သွား၏။ ကိုရင်ရွှေကွန့်အတွက် စိတ်ဖြေစရာ နည်းလမ်းကို တန်းတန်းကြီး တွေ့ရှိ​လေပြီတကား။ စိတ်လက် ပေါ့ပါးစွာ ထွန်သွားများ ကောက်၍ ယာထဲ
ဆင်းသွားလေ၏။ နောက်နေ့ နောက်နေ့များတွင်လည်း ရွှေကွန့် ယာထဲ ဆင်းလာတိုင်း ညောင်ပင်ကို အထက်ပါအတိုင်း ဆယ့်လေးငါးခါ ရေရွတ် တိုင်တည်ပြီးမှ ပျော်ရွှင်စွာ ယာလုပ်နေလေတော့သည်။
     
သူသည် ဟန်မပျက် ယခင်အတိုင်း ပေါ့ပါးစွာ ဆက်လက် နေထိုင်နေလေ၏။ သို့သော် . . .ညောင်ပင်ပေါ်ရှိ အခေါင်းထဲတွင် ကျေးသိုက်တစ်ခု ရှိ၏။ တစ်နည်းအားဖြင့်ဆိုသော် ကြက်တူရွေးသိုက် မည်လေသည်။ အနှီ ငှက်သတ္တဝါမျိုးသည် တစ်စုံတစ်ရာ စကားကို အခါခါ ကြားနေရလျှင် တုပ လိုက်စား ပြောဆိုတတ်သော သဘာဝ ရှိလေသည်။
    
ကြက်တူရွေးသိုက်ထဲမှ ကျေးသားပေါက် တစ်ကောင်သည် အိပ်တန်းထစ ဝေလီဝေလင်း သမယတိုင်း  ရွှေကွန့်အော်သံကို အိပ်မှုန်စုံမွှား နေ့တိုင်း နာကြားနေရလေသည်။ ဤသို့အားဖြင့် သုံးနှစ် ကြာသွား၏။

* * *
    
သူကြီး ဘထွား၏ တောင်ရွာမယားသည် ဆုံးပါးသွားရှာပြီဖြစ်သည်။ သူကြီးသည် ခြေငြိမ်လာ၍ ဘာသာတရား လိုက်စားပျော်မွေ့လျက် ကျောင်းကန်တက်ကာ ဥပုသ်မပျက် ဖြစ်နေလေပြီ။
       
ယခင်ကကဲ့သို့  အမျိုးမျိုး  အကြောင်းရှာ၍ တောင်ရွာဘက် ထွက် ထွက် သွားတတ်ခြင်းမျိုး မရှိတော့။ ကိုရင်ရွှေကွန့်မှာ သူကြီးထံတွင် သူရင်းငှားလုပ်လျက်သာ နေထိုင်လျက်ရှိ၏။
        
တစ်နေ့သော ညနေဘက်တွင် သူကြီး ယာခင်းစပ် ညောင်ပင်ထက်သို့ ကလေးတစ်သိုက် ကျေးသိုက် တက်နှိုက်ကြလေသော် အိပ်တန်းတက်စ ကျေးသားအား မိသွားကြလေသည်။ ကလေးတို့သည် သူကြီး
ယာစပ်မှရသော ကျေးသားကို သူကြီးကတော်အား မျက်နှာလိုအားရ သွား၍ ပြကြ၏။
     
နှုတ်သီးကောက် နီနီ၊ အတောင် စိမ်းစိမ်းနှင့် ကျေးသားသည် ချစ်ခင်စရာ ကောင်းလှလေသည်။ သူကြီးကတော်ကလည်း ဝမ်းမြောက်ဝမ်းသာ လာပြသော ကလေးများကို မုန့်ဖိုး ကိုယ်စီ ပေး၍ နှစ်သိမ့်ပြီး ကျေးသားကို ခေါ်ထားလိုက်၏။
          
ထို့နောက် သူကြီးအား ပြလေရာ မင်္ဂလာရှိသည်ဟု ဝမ်းမြောက်၍ ရွှေကွန့်အား ဝါးလှောင်အိမ်လေးတစ်ခု လုပ်စေ၍ ဧည့်ခန်းတွင် အစာခွက်၊ ရေခွက်နှင့်တကွ အလှပြ မွေးမြူထားကြလေသည်။
      
ကျေးသား အိမ်ပေါ် ရောက်၍ သီတင်းတစ်ပတ် ပေါက်သော် သူကြီးနှင့် သူကြီးကတော်တို့သည် အိမ်တွင် အလှူတစ်ခွင် ဆင်ယင်ရန် အကြံ ဖြစ်လေသည်။
   
သို့နှင့် ရွာကျောင်း ကိုယ်တော်များအား ဆွမ်းစားကပ်လျက် အရပ်လူကြီးများနှင့် သူကြီးလင်မယား အန္တရာယ်ကင်းပရိတ်တရား အိမ်ပေါ်တွင် နာကြားကြကုန်၏။
        
ရွာရှိ လူများအားလည်း မီးခိုးတိတ် ဖိတ်ထား၍ စည်ကားလျက်ရှိသော သူကြီးအိမ်တွင်  ရေစက်ချ တရားနာရန် အချိန်တန်သော် ကိုရင် ရွှေကွန့်သည်  အိမ်ပေါ် တက်လာကာ သူကြီး ချရန် ရေစက်ခွက်ကို သူကြီးလက် အပ်လေ၏။
         
သူကြီးသည် လူပုံအလယ် အတန်ငယ် ဩဇာပေးချင်သည် ဖြစ်၍ တိတ်နေသော ပရိသတ်ကြားဝယ် အသံကျယ်နှင့်
"ဟဲ့  ရွှေကွန့်၊ နင့်  ရေစက်ခွက်နှယ် ငယ်လှချည်ကွယ့်၊ ကြီးတာနဲ့ သွား‌လဲချေစမ်း  ဟဲ့ကောင်"
     
"မှန်ပါ့ ၊ ကျွန်တော်မျိုး ပြန်လဲလိုက်ပါ့မယ် သူကြီးမင်း ဦးဘထွား ခင်ဗျား "
        
ရွှေကွန့်လည်း ကျယ်စွာ ပြန်လျှောက်၏။
       
ထိုအခါ အနားရှိ  ခြင်းထဲမှ "လူတွေ ဘာလုပ်နေကြပါလိမ့်" ဟု စပ်စုနေသော အချစ်တော် ကိုရွှေကျေးသား၏နားတွင်းသို့ အသံကျယ်များ စူးစွာ ဝင်သွားလေ၏။
         
ထိုအခါ အတောင် တဖြန်းဖြန်းထခပ်၍ ကြက်တူရွေး အားရလေပြီ။ အနှစ်နှစ်အလလ ညောင်ခေါင်းထဲမှ မနက်တိုင်း နားပင်းမတတ် ကြားခဲ့ရဖူးသော ရွှေကွန့်အသံသည်လည်းကောင်း၊ အချီအချ လူနှစ်ယောက်စကားထဲမှ"ဟဲ့ကောင်" "သူကြီး" "ဘထွား"စကားလုံးများသည်လည်းကောင်း ကြက်တူရွေးကို ငယ်မူငယ်သွေး ပြန်‌သွင်းပေးလိုက်သလို ရှိသဖြင့် "ဟဲ့ကောင်၊ သူကြီးဘထွား မယားနှစ်ယောက် ရှိသဟ "
  
"ဟဲ့ကောင်၊ သူကြီး ဘထွား မယား နှစ်ယောက် ရှိသဟ "
    
"ဟဲ့ကောင် ၊ . . . . . . . . . . . . . . . . . . . . . . . . . . . . . "  
      
ခေါင်း တဆတ်ဆတ်ပြုလျက် တိတ်နေသော ပရိသတ်ဗိုလ်ပုံ အလယ်ကြား အားပါးတရ အော်ဟစ် အစွမ်းပြလေတော့၏။
              
တိတ်နေသော ပရိသတ်သည် ပထမ အံဩ၏။ ဒုတိယ ကြက်တူရွေး၏ အဆက်မပြတ်စကား လူတို့နား အဓိပ္ပာယ်ထင်လေသည်။ တတိယအားဖြင့် ပတ်တုတ်မရ တဝါးဝါး ရယ်ကြကုန်‌‌လေသတည်း။
    
ရွာကျောင်းကိုယ်တော်များသည် ယပ်တောင်များကွယ်၍ ပြုံးစိစိ ဣန္ဒြေဆယ်တော်မူ၏။ နောက်နားမှ ပရိသတ်များ သူကြီးကို အားနာလှသဖြင့် တခွီးခွီးနှင့် ထသွားကြ၏။ ရပ်မိရပ်ဖ လူကြီးများကား တသောသော တဝါးဝါး နေရာတွင်ပင် ပွဲကျနေကြ၏။ ရွှေကွန့်မှာ အံ့ဩလွန်းလှ၍ ရေစက်ခွက်နှင့်အတူ ကြက်သေ သေလျက် ပါးစပ်ဟောင်းလောင်းဟ၏။
    
သူကြီးကတော်၏မျက်နှာသည် ညိုရာမှ နီ၊ နီရာမှ မည်း၊ မည်းရာမှ မှောင်၊ မှောင်ရာမှ ပုပ်သိုးရှုံ့မဲ့လာကာ သူကြီးအား မျက်ထောင့်နီနှစ်ကွင်းနှင့် တွင်တွင် ကြည့်၏။
          
သူကြီးသည် "ဟဲ့" " ဒီကောင်" "ဘယ့်နှယ် " " ဘာဖြစ် " "ဘယ်လို" အထိုထို​သောအာမေဍိတ်ကို ထိုင်ရမလို ထရမလိုနှင့် ကုန်းကုန်းကွကွ ဆို၏။

ထိုစဉ်အတွင်း လူအများ ဝရုန်းသုန်းကားဖြစ်လေ  ကြက်တူရွေး အားရလေဖြစ်ရကား ထိုစကားတစ်ခွန်းတည်းချည်း ကျယ်လောင်စွာ အထပ်ထပ် ရွတ်နေသဖြင့် သူကြီး စိတ်ထွက်လာလေသော် ကွမ်းတော်အစ် ဆွဲ၍ ပစ်လေတော့၏။

* * *
                       
အချုပ်အားဖြင့် ဆိုရလေသော် သူကြီးသည် သူကြီးကတော်နှင့် ရှင်းကြ၏။ ရွှေကွန့်သည် သူကြီးနှင့်ရှင်းရ၏။ ကလေးတစ်သိုက်သည် သူကြီးကတော်၊ သူကြီး၊ ရွှေကွန့်တို့နှင့် ရှင်းရ၏။ ညောင်ပင်သည် ကလေးများ အညှိုးထား၍  ခုတ်ထစ် စာရင်းရှင်းခြင်း ခံရ၏။
          
သူကြီး၊  သူကြီးကတော်၊ ရွှေကွန့် ၊ သက်သေလူအများတို့သည် ရွာကျောင်းကိုယ်တော်များထံ သွား၍ ရှင်းကြရပြန်ကုန်၏။
       
ကြက်တူရွေးမှာမူကား  သူကြီးစိတ်ထွက်၍ ကွမ်းအစ်နှင့် နှက်လိုက်စဉ်ကပင် လှောင်အိမ်ခြင်း ပွင့်သွားသဖြင့် လွတ်လပ်ရေး ရသွားပြီဖြစ်ရကား မည်သူနှင့်မျှ ရှင်းရန်မလို​တော့ဘဲ သူတတ်​သော လူစကားတခွန်းကို အထပ်ထပ် အဆက်မပြတ် ​ရေရွတ်မြူးထူးလျက် အရပ်တပါးသို့ ပြန်သွားပြီဖြစ်​လေသတည်း။

"သူကြီးဘထွား မယားနှစ်ယောက် ရှိသဟ "
           
"ဟဲ့ကောင်၊ သူကြီး ဘထွား မယားနှစ်ယောက် ရှိသဟ "
            
" ဟဲ့ကောင်၊ သူကြီးဘထွား မယားနှစ်ယောက် ရှိသဟ "
             
" ဟဲ့ကောင်၊ သူကြီး ဘထွား . . . . . . . . . . . . . . . . . . ."
-------------------------------------------
အရိုး

crd 👉 https://m.facebook.com/story.php?story_fbid=708838663282043&id=100024677467430

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)