ငှက်က​လေး (အပိုင်း-၃)

#ငှက်ကလေး

အပိုင်း (၃)

မုန့်စားဆင်း ခေါင်းလောင်းထိုးသည်။

အပြင်မထွက်တော့ဘဲ အတန်းထဲမှာပင် ထမင်းစားတော့မည်ဟု စဉ်းစားပြီး ထမင်းဘူးကို ဖွင့်လိုက်သည်။ ဆော်လီမား၏လက်ရာ ငါး​မွှေထိုးဟင်း။ ငါးမွှေထိုးကို ကိုယ်သိပ်မကြိုက်ပါ။ အကောင်ကြီးလျှင် နည်းနည်း တော်သေးသည်။ အခုဟာက အကောင်သေးသေးလေးတွေ၊ အရိုးပေါ်မှာ ကပ်နေသော အသားမာမာတွေကို ဖဲ့ယူရတာကိုက စိတ်မရှည်စရာ။ ထမင်းကို နည်းနည်းပဲ စားတော့သည်။

မနေ့ကစ၍ ကျောင်းပြန်တက်ခြင်း ဖြစ်သော်လည်း လက်က နည်းနည်း နာနေသောကြောင့် ဘောလုံးကွင်းဘက် မသွားမိပါ။ ဒီနေ့တော့ လက်မနာတော့။ ကျောင်းရှေ့ကွက်လပ်သို့ ထွက်လာခဲ့သည်။ သူတို့ လူခွဲဖို့ စီစဉ်နေတုန်း ကိုယ်ရောက်သွားသည်။

"ကိုယ် ဘယ်ဘက်က ပါရမလဲ”

အုန်းသီးက ဘောလုံးကို ကိုင်ထားရာမှ လှည့်ကြည့်သည်။

“ဘယ်ဘက်ကမှ မပါနဲ့”

သူ နောက်ပြောတာမှတ်လို့ ကိုယ် ပြုံးပြလိုက်သည်။ သို့သော်လည်း သူ့မျက်နှာက ဒီအတိုင်း။

“ကိုယ်လည်း ပါမယ်ကွာ”

ကိုယ်ထပ်ပြောသည်။ သူတို့သည် ကိုယ့်ကို ဘာမျှပြန်မပြောကြဘဲ သူတို့ဘာသာ လူစုခွဲနေကြသည်။ ကိုယ် နည်းနည်းရှက်သွားသည်။ ထွက်မသွားသေးဘဲ ဆက်၍ ရပ်နေသည်။ ဖရက်ဒီသည် ဂိုးဖမ်းရန် ဂိုးတိုင်နားသို့ လျှောက်လာရင်း ရပ်နေသော ကိုယ့်ကို တွေ့သွားသည်။ သူက မေးသည်။

"မင်း ပါချင်လို့လား”

ကိုယ်က ခေါင်းညိတ်ပြလိုက်သည်။

“ပါချင်ရင် အိမ်သာထဲ သွားပါပါလားကွ”

အားလုံး ဝိုင်းရယ်ကြသည်။ ကိုယ့်မျက်နှာသည် ရှက်စိတ်ကြောင့် ပူရှိန်းသွားသည်။ အုန်းသီးက လှမ်းအော်ပြောသည်။

“ဒီကောင်ပါရင် စာရင်းရှုပ်တယ်၊ လက်နာရတာနဲ့ ဖင်နာရတာနဲ့ ဘောလုံးမှန်တာလေးတောင် မခံနိုင်ဘူး၊ အလကားကောင် အခြောက်"

"ဘာကွ”

ကိုယ့်အသံကို ကိုယ် အံ့သြသွားသည်။ ဒီလောက်ကျယ်ကျယ် ပြောလို့ရမှန်း ခုမှသိ၏။ ကိုယ် သူတို့ကို မကြောက်တော့ဘဲ ဖြစ်သွားသည်။ ကိုယ် အော်ပြောပြန်၏။

"အခြောက်ဟုတ်လား မဟုတ်လား သိရအောင် စမ်းကြည့်ပါလား”

ကိုယ့်ထက် အသက်လည်း ကြီး၊ အကောင်လည်းကြီးသော အုန်းသီးကို ပြန်ဟောက်လိုက်သောကြောင့် အံ့သြကုန်ကြသည်။ ကိုယ့်ကို မပြောနှင့်၊ တစ်တန်းလုံးကိုပင် အနိုင်ကျင့်ချင်သော အုန်းသီးသည် သူ့ကို အာခံသောကြောင့် ရှက်သွားသည်။ ဘောလုံးကို ပစ်ပေါက်ချလိုက်ပြီး ကိုယ့်နားသို့ လျှောက်လာသည်။

“မင်းက ဘာပြောတာလဲ”

ကိုယ့်အင်္ကျီရင်ဘတ်စကို သူ ဆွဲကိုင်လိုက်သည်။ သူ ကိုယ့်ကို စိုက်ကြည့်နေသည်။ ကိုယ်ကလည်း ကိုယ့်ထက်မြင့်နေသော သူ့မျက်လုံးများကို ပြန်စိုက်ကြည့်လိုက်သည်။

“မင်းက ဘာလဲ"

"မင်းကကော ဘာလဲ”

အင်္ကျီစကို လာဆွဲထားသော သူ့လက်ကို ကိုယ်ပုတ်ချလိုက်သည်။ သူသည် အံ့သြလွန်းသဖြင့် ကိုယ့်ကို ပြူးကြောင်ကြည့်နေဆဲ။ သူ့ ဗိုက်ကို လက်သီးနှင့် တအားထိုးချလိုက်သည်။ "အင့်”ခနဲ အော်ပြီး သူ့ကိုယ်ကြီးသည် ရှေ့သို့ ငိုက်ကျလာသည်။ သူ့မျက်ခွက်တည့်တည့်ကို တအားကြုံးထိုးပစ်လိုက်သည်။ သူဖင်ထိုင်ရက်လဲသွားသည်။ ပြန်မထနိုင်ခင်မှာ သူ့ရင်ပတ်ပေါ်သို့ တက်ခွပြီး လည်ပင်းကို ညှစ်သည်။ သူရုန်းသော်လည်း ကိုယ်မလွှတ်။ တခြားကောင်တွေကလည်း ဝင်မဆွဲရဲဘဲ ဒီအတိုင်းနေကြသည်။ အုန်းသီး၏မျက်လုံးများသည် ပြူးကျယ်၍လာသည်။ ကြောက်နေသော သူ့မျက်နှာကို မြင်ရ၏။ သူသည် "ကြောက်ပြီကွ၊ အေ့.. အစ်၊ ကြောက်ပြီ ညီညီ” ဟု ရုန်းရင်းကန်ရင်း အော်သည်။ သူ့အသံတွေ မပီသချေ။ သို့သော်လည်း ကိုယ်လွှတ်ပေးဖို့ စိတ်မကူးမိဘဲ ပို၍ပင် ဒေါသဖြစ်လာသည်။ တစ်ယောက်ယောက်က ကိုယ့်ကျောကို တုတ်နှင့် ရိုက်လိုက်သောအခါကျမှ သူ့ကို လွှတ်၍ လှည့်ကြည့်သည်။ ကြိမ်လုံးကို ကိုင်၍ ရပ်နေသော သင်္ချာဆရာကို တွေ့ရလေသည်။

"နှစ်ယောက်စလုံး လိုက်ခဲ့"

ဆရာ/ဆရာမများ အပန်းဖြေခန်းထဲသို့ ခေါ်သွားသည်။ အခန်းထဲတွင် ဆရာမနှစ်ယောက်သာ ရှိသည်။ တခြားဘယ်သူမှ မရှိ။ တီချာမေများလားဟု လှမ်းကြည့်မိသေးသည်။ မဟုတ်။ တခြား ကိုယ်မသိသော ဆရာမတွေ။ သူတို့ကလည်း ဟိုဘက်လှည့်၍ ပိတ်စတွေကို ကိုင်ကြည့်နေကြသည်။

“ဘာဖြစ်ကြတာလဲ”

ဆရာမေးတာကို ကိုယ် မဖြေ။ အုန်းသီးက ဖြေသည်။

"သူ ကျွန်တော့်ကို ဆွဲထိုးတယ်၊ ပြီးတော့... ပြီးတော့ လည်ပင်းကိုလဲ"

အုန်းသီးသည် စကားမဆက်နိုင်ဘဲ တရှုံ့ရှုံ့ငိုသည်။ သွေးတွေ စီးကျနေသော နှာခေါင်းကို လက်ဖြင့် သုတ်သည်။ လက်ရာတွေ ထင်နေတုန်းရှိသော လည်ပင်းကိုလည်း ကိုင်စမ်းနေသည်။

“မင်းက လူမိုက်လား”

ဆရာသည် ကိုယ့်ကို မျက်လုံးကြီး ပြူးကြည့်ရင်း မေးသည်။ ကိုယ် ဘာမျှပြန်မဖြေ။

“ဟေ့ကောင်... ငါ မေးနေတယ်”

ဆရာ့အသံက ကျယ်လာသည်။ လေသံလည်း မာလာသည်။ ကိုယ် ပြန်မဖြေဘဲ ကြမ်းပြင်ကိုသာ စိုက်ကြည့်နေလိုက်သည်။ ကိုယ့်ရင်ဘတ်သည် နိမ့်လိုက်မြင့်လိုက် ဖြစ်နေတုန်း။ ကိုယ် ခုထိ ဒေါသမပြေသေး။

'ရွှီ'ခနဲ မြည်သံကြားရပြီး ကြိမ်လုံးသည် ကိုယ့်ခြေသလုံးကို လာထိသည်။ ပူခနဲ ဖြစ်သွား၏။

"ဟင် ... မင်း... မင်းက ဘာကောင်လဲ”

'ဖြန်းခနဲ၊ ဖြန်းခနဲ' မြည်သံတွေ ကြားရသည်။ တင်ပါး၊ ပေါင်၊ ခြေသလုံး။ ကိုယ် ငိုလည်း မငို၊ ခါးကော့၍ ကော့၍လည်း မသွား၊ ရှောင်လည်း မရှောင်။ ကိုယ်ကို တောင့်၍ခံသည်။ ဘယ်နှစ်ချက်လဲ ကိုယ်မှတ်မထား။ နာရမည်လည်း ကိုယ် မသိတော့။

“အို... ဆရာ.. ဆရာ...”

အသံတစ်သံ ကြားသည်။ တီချာမေ့အသံ ဖြစ်မည်။ ဆရာသည် အရိုက်ရပ်လိုက်ရ၏။ သို့သော်လည်း ဒေါသမပြေသေးကြောင်း သိသာသည်။ ကြိမ်လုံးကို လေထဲတွင် ယမ်းနေတုန်း၊ 'တဝီဝီ' မြည်နေသည်။ ကိုယ်သည်လည်း ခုမှ နာရမှန်း သိလာသည်။ ခြေထောက်တွေ တဆတ်ဆတ်တုန်နေသည်။

“ဘယ်လိုဖြစ်တာလဲ ဆရာ”

"အုန်းသီးကို ထိုးတယ် ဆရာမ”

ဆရာက ပြောသည်။ ဆရာ့လေသံသည် စောစောတုန်းကလို မာမနေတော့။ တီချာမေက အုန်းသီးကို မေးသည်။

“ဘယ်လိုဖြစ်သလဲ အုန်းသီး”

"လည်ပင်းကိုလည်း ညှစ်တယ် တီချာ"

အုန်းသီးသည် ငိုပြန်သည်။ ခါတိုင်းက သူ အနိုင်ကျင့်ပြီး ထိုးလိုက်လို့ ကျောင်းသားငယ်တွေ ငိုကြသည်ကို ကြည့်ရင်း တဟားဟား ရယ်တတ်သော အုန်းသီးကို ကိုယ်မသနားချေ။ နောက်တစ်ချက်လောက် ထပ်ထိုးလိုက်ချင်သေးသည်။ တီချာမေကလည်း ဒါကို သိလိမ့်မည်။

"ကဲ မောင်အုန်းသီး၊ သွားတော့” ဟု ပြောလိုက်သည်။ ပြီးတော့ ကိုယ့်ဘက်လှည့်၍ “ဘာဖြစ်လို့ ထိုးတာလဲ ညီညီ”

“ကိုယ့်ကို ... ကိုယ့်ကို အခြောက်လို့ ပြောလို့ပါ” “

တီချာမေ ဆရာ့ကို ကြည့်လိုက်ပြန်သည်။ သူ အရိုက်လွန်သွားကြောင်း ဆရာသိသွားဟန်တူသည်။ တီချာမေ စိတ်ဆိုးနေကြောင်းကိုလည်း သူ ရိပ်မိသည်။

“ဒီကောင် သိပ်ဆိုးတယ် ဆရာမ၊ ပြီးတော့ မေးတာကိုလည်း မဖြေဘူး၊ ပေကပ်ကပ် လုပ်နေတယ်၊ ဒါကြောင့် ကျွန်တော်...”

"ဒီမှာ ဆရာ”

တီချာမေ့အသံ နည်းနည်းမာသွားသည်။ ကိုယ်သည် ဘောင်းဘီတို ဝတ်ထားသောကြောင့် ခြေသလုံးက အရှိုးရာများကို မြင်နိုင်မည်ထင်သည်။ တီချာမေသည် ကိုယ့်ခြေသလုံးကို တစ်ချက်ကြည့်ပြီး မျက်နှာပျက်သွားသည်။ ဆရာ့ကို ပြောသည်။

“ဒီမှာ ဆရာ၊ ကျွန်မအတန်းက ကျောင်းသားတစ်ယောက်ဟာ ခုလောက် ပြင်းပြင်းထန်ထန် ရိုက်နှက်ပြီး ဆုံးမရလောက်အောင် ဆိုးသွမ်းနေတယ်ဆိုရင် ကျွန်မထိန်းသိမ်းမှု ညံ့လို့ပဲ ဖြစ်လိမ့်မယ် ထင်တယ်”

ဆရာသည် ဘာမျှပြန်မပြောချေ။ တီချာမေသည် ကိုယ့်ကို ကြည့်ပြီးနောက် လေသံကို နည်းနည်းလျှော့လိုက်သည်။

“တကယ်တော့ ညီညီဟာ ကျောင်းသားဆိုးတစ်ယောက် မဟုတ်ပါဘူး ဆရာ၊ ညီညီကို ဆရာ နားမလည်သေးလို့ ဖြစ်ပါလိမ့်မယ်၊ အင်းလေ .. အေးအေးဆေးဆေးကျမှ ကျွန်မ ရှင်းပြပါမယ်။ ခုဟာကတော့ သူ့အပြစ်နဲ့ အရိုက်ခံရတာနဲ့ မမျှဘူးလို့ ထင်ပါတယ်”

“ဆောရီးပဲ ဆရာမ၊ ကျွန်တော် နည်းနည်း ဒေါသဖြစ်သွားမိလို့”

တီချာမေသည် အခန်းထဲက ထွက်သွားသော ဆရာ့နောက်ကျောကို ငေးကြည့်နေသည်။ ဆရာ့ကို ကြည့်နေရာမှ ကိုယ့်ဘက်ကို လှည့်လိုက်သော တီချာမေ၏မျက်နှာသည် ချက်ချင်းပြောင်းသွားသည်။ ဆရာနှင့် စကားပြောနေတုန်းကလို မဟုတ်တော့ပါ။

“ညီညီရယ် ... ဖြစ်မှဖြစ်ရလေကွယ်”

ခုမှပင် ကိုယ်ဝမ်းနည်းလာသည်။ ဝဲလာသောမျက်ရည်ကို ကျမလာအောင် မျက်နှာမော့ထားလိုက်သည်။ အရိုက်ခံခဲ့ရသော နေရာများမှ နာလာပြန်သောအခါ မျက်ရည်တို့ တိတ်သွားကြပြန်သည်။

ခြေသလုံးမှာ အရှိုးရာတွေ ထင်နေသည်။ ဒီအရှိုးရာတွေနှင့် အတန်းထဲသို့ ပြန်မဝင်လိုပါ။ ဘာကြောင့်ပဲဖြစ်ဖြစ် အရိုက်ခံရပြီးလျှင် အတန်းထဲကို ဝင်ရမှာရှက်သည်။ ကိုယ့်စိတ်များကို တီချာမေက မပြောဘဲနှင့် သိသိနေသည်။

"ကဲ ညီညီ အတန်းထဲကို ပြန်မသွားနဲ့တော့၊ ဒီမှာပဲ စာဖတ်ရင်း ကျောင်းဆင်းတဲ့ထိနေပေါ့၊ ဟုတ်လား"

ကိုယ် ခေါင်းမြန်မြန်ညိတ်ပြသည်။ တီချာမေက... “ညီညီလွယ်အိတ်ကို တစ်ယောက်ယောက် ပို့ခိုင်းလိုက်မယ်” ဟု ပြောပြီး ထွက်သွားသည်။ ကိုယ့်အကြောင်းတွေ ကိုယ့်စိတ်တွေကို ဂရုစိုက်တဲ့၊ နားလည်တဲ့ တီချာမေ။ တီချာမေ ထွက်သွားသည်ကို ငေးကြည့်ရင်း အခန်းအပြင်မှာ ရပ်နေသော ကောင်မလေးတစ်ယောက်ကို မြင်လိုက်ရသည်။ ကိုယ်နှင့် ရွယ်တူလောက်ပင် ရှိမည်။ သူသည် ဓားလှီး ရေခဲမုန့်ကို စုပ်နေရင်းက ကိုယ့်ကို ကြည့်နေ၏။ သူက ကိုယ့်ကို သနားနေပါသလား မသိ။ ကိုယ်ကလည်း သူ့ကို ပြန်ကြည့်နေကြောင်း သိသွားသောအခါ “စားမလား” ဆိုသော သဘောဖြင့် သူ့လက်ထဲက ဓားလှီးရေခဲမုန့်ကို မြှောက်ပြသည်။

ကိုယ် ခေါင်းခါလိုက်၏။

* * *

ကိုယ့်ခြေသလုံးက အရှိုးရာတွေကို မြင်သောအခါ ဆော်လီမားက...“အာယိုယို ဘရာရေ၊ ဘာဖိတာလဲ နီနီ"ဟု အော်လေသည်။ "အာရိုရို ဘုရားရေ၊ ဘာဖြစ်တာလဲ ညီညီ” ဟု ပြောခြင်း ဖြစ်ပါသည်။

"ဘာမှမဖြစ်ပါဘူး”

“ဆနွန်းနော် ထည့်ရမယ်"ဟု ပြောပြီး မီးဖိုထဲ ဝင်သွားသည်။ နနွင်းပုလင်းကြီး ကိုင်ပြီး ထွက်လာသည်။

“ဟာ... နနွင်းထည့်လို့ မဖြစ်ဘူး၊ မေးခိုင်ပိုး ဝင်လိမ့်မယ်”

“ဘာမေးခိုင်းတာလဲ”

မေးခိုင်ပိုးတွေ ဘာတွေ သူသိမှာ မဟုတ်ပါဘူးဟု စဉ်းစားမိသဖြင့် "ဘာမှ မဟုတ်ဘူး၊ အင်္ဂလိပ်ဆေး ထည့်မယ်”

ကိုယ်ထွက်လာသည်။ ပြီးမှ ပြန်လှည့်၍ “မေမေ့ကို ဘာမှပြန်မပြောနဲ့နော် သိလား”

​ဆော်လီမားကလည်း ထိုကိစ္စလောက်ကို အရေးတကြီး လုပ်မနေတော့ပါ။ လျှော်စရာ အဝတ်ဟောင်းတွေကိုသာ လိုက်စုနေသည်။ ကိုယ်လည်း အင်္ကျီချွတ်၊ ရေတစ်ခွက်သောက်ပြီး ရေချိုးခန်းထဲ ဝင်ခဲ့သည်။

ရေတစ်ခွက် လောင်းချလိုက်သောအခါ ခြေထောက်မှ အရှိုးရာတွေက အရမ်းစပ်သွားသည်။ ဆပ်ပြာမတိုက်ရဲတော့ဘဲ ရေမြန်မြန်ချိုးရသည်။ ရေချိုးပြီးတော့ ကိုယ့်မှာ တစ်ထည်တည်းရှိသော လုံချည်အပြာကလေးကို ထုတ်ဝတ်လိုက်သည်။ ဒီလုံချည်ကလေးကို မဝတ်တာကြာပြီ။ လွန်ခဲ့သော သုံးနှစ်ခန့်က ဖွားမေသိန်း ဒီကိုလာတော့ ကိုယ့်အတွက် ဝယ်လာခြင်း ဖြစ်သည်။ သီတင်းကျွတ်၊ တန်ဆောင်တိုင်တို့မှာသာ နှစ်ခါ သုံးခါဝတ်ပြီး သိမ်းထားခဲ့ခြင်း ဖြစ်ပါသည်။ ဒီနေ့တော့ ဒီလုံချည်ကို မဝတ်လို့ မဖြစ်ပါ၊ ဘောင်းဘီနှင့်ဆိုလျှင် ခြေထောက်အရှိုးရာတွေကို မေမေ မြင်သွားနိုင်သည်။

ထမင်းစားပြီးတော့ ခြံဝက ခုံတန်းမှာ မေမေ့ကို သွားစောင့်မည် စိတ်ကူးပြီးမှ မစောင့်ဘဲ စာကြည့်စားပွဲမှာ ထိုင်လိုက်သည်။ စာမကြည့်ဖြစ်သေးပါ။ နေ့လယ်က အကြောင်းကို ပြန်စဉ်းစားကြည့်သည်။

အုန်းသီးကို ကိုယ်ခံထိုးခဲ့သည့်အတွက် အံ့သြမိသည်။ ခါတိုင်းကဆိုလျှင် သူသည် ကိုယ်တို့ကို အနိုင်ကျင့်နေကျ။ ကိုယ်တို့လို ကျောင်းသားငယ်လေးတွေကို တွေ့ပြီဆိုလျှင် ခြေသလုံးကို ပိတ်ပိတ်ကန်တတ်သည်။ သတိထားပြီး မရှောင်မိလျှင် သိပ်နာသည်။ ပြီးတော့ "မင်း ငါနဲ့ ချမလား” ဟု ကိုယ့်ကို ခဏခဏ မေးသည်။ ကိုယ်က ခေါင်းခါပြလျှင် “အေး .. မင်း ငါ့ကို အာမခံနဲ့ သိလား” ဟု ပြောတတ်သည်။ ဟိုတစ်ခါတုန်းကလည်း တင်အောင်ခိုင့် ကွန်ပါဘူးထဲက နှစ်ဘက်ချွန်ကို သူယူ၍ တံခါးကို ပစ်တမ်း ကစားသည်။ တစ်ချက်ကျတော့ တံခါးကို မထိဘဲ ဘေးက အုတ်နံရံကို သွားထိရာ ဆူးချွန်ကြီး ကောက်သွားလေသည်။ တင်အောင်ခိုင်က ငိုပြီး တီချာမေကို သွားတိုင်သည်။ အုန်းသီး အရိုက်ခံရသည်။ အုန်းသီးသည် သွားတိုင်ရကောင်းလား ဆိုပြီး တင်အောင်ခိုင့်ကို ဆွဲထိုး၏။ တင်အောင်ခိုင် နှာခေါင်းထဲက သွေးတွေပင် ကျလာသည်။ သို့သော်လည်း နောက်ထပ် အထိုးခံရမည် စိုးသောကြောင့် မတိုင်ရဲတော့ချေ။

နေ့လယ်ကမူ ကိုယ့်စိတ်ထဲက ဘယ်လိုတွေ ဘာတွေ ဖြစ်သွားမှန်း မသိ။ သူတို့ကို မကြောက်မိချေ။ အုန်းသီးကို ပြန်ထိုးသည့်အတွက် ကိုယ့်ကို သတ္တိရှိတယ်ဟု ပြောနေကြမလား မသိ။

မေမေပြန်လာသောအခါ ကိုယ် အရိုက်ခံရသည့်အကြောင်း သိသွားမည်စိုးသဖြင့် မေမေ့နားမကပ်ဘဲ နေသည်။ သို့သော်လည်း မေမေက ကိုယ့်လုံချည်ကို ဂရုစိုက်မိသွား၏။

“အမယ်... သားက လုံချည်တွေ ဘာတွေနဲ့ပါလား”

“ဟုတ်တယ် မေမေ၊ ကိုယ် နောက်ကို လုံချည်ပဲ ဝတ်တော့မယ်နော်”

"အေးလေ၊ ဝတ်ပေါ့။ သားက လူပျိုကြီး ဖြစ်နေပြီပဲဟာ”

ကိုယ်ရှက်သွားသလိုလည်း ဖြစ်မိသည်။ ရုတ်တရက်လည်း ပျော်သွားသောကြောင့် သတိမေ့ပြီး မေမေ့ကို ပြေးဖက်လိုက်မိသည်။ မေမေကလည်း ကိုယ့်ကို ပြန်ဖက်ထား၏။ မေမေ့ထံမှ ကြားရခဲသော အသံကို ကြားရသည်။ ရယ်သံပင် ဖြစ်ပါသည်။

“သားက တော်တော်ထွားလာတယ် သိလား၊ ကြီးလာရင် ဘာလုပ်မှာလဲ သား”

`ဆရာဝန်ပေါ့ မေမေရဲ့”

“ဖြစ်မှာပါ။ သားက စာတော်တာပဲ”

မေမေ့အသံသည် ကြည်ကြည်လင်လင် ရှိပါသည်။ ထိုကြောင့် မေမေလည်း ပျော်နေကြောင်း သိသာသည်။ မေမေက ရယ်လိုက်ပြီး .......

“ဒါပေမယ့် သားက မိန်းမယူမှာ မဟုတ်လား၊ အဲဒီအခါကျတော့ မေမေ့ကို လုပ်ကျွေးနိုင်ဦးမလား”

“အို... ကိုယ်က မိန်းမ မယူပါဘူး၊ မေမေ့ကိုပဲ လုပ်ကျွေးမှာပေါ့လို့”

မေမေသည် ပြုံးနေရာမှ မျက်နှာကို တည်လိုက်သည်။ ပြီးတော့မှ ပြန်ပြုံးလိုက်ပြီး ..."အင်း .. မေမေတော့ ဒီသားကြီးကိုပဲ အားကိုးရမှာပဲ”

မေမေသည် ကိုယ့်ကို ဖက်ထားသော လက်ကို လျှော့လိုက်ပြီး ရယ်ပြန်သည်။ ကိုယ့်တင်ပါးကို ချော့သိပ်သလို ပုတ်နေသည်။ အရိုက်ခံထားရသော နေရာမှ ဆစ်ခနဲ နာသွား၏။ သို့သော်လည်း မေမေသိသွားမည် စိုးသောကြောင့် ဘာမှမဖြစ်သလို အောင့်ခံနေလိုက်သည်။ မေမေသိသွားလျှင် ခုလို ပျော်နေသော အရှိန်ကလေး ပျက်သွားမည် စိုးရပါသည်။

* * *

ကျောင်းတက်ဖို့ ထွက်လာခဲ့သည်။ ခါတိုင်းလို ဘောင်းဘီတို မဝတ်တော့ဘဲ တစ်ထည်တည်းသာရှိသည့် လုံချည်ပြာကလေးကိုပင် ဝတ်လာခဲ့သည်။ ကိုယ့်ခြေလှမ်းများ နှေးပါသည်။ လမ်းလျှောက်နေရသည်ကို စိတ်မပါသလို ဖြစ်နေသည်။ အတန်းထဲက လူများသည် ကိုယ်အရိုက်ခံရသည်ကို သိပြီးသား ဖြစ်နေပါလိမ့်မည်။ ကိုယ့်ကို ဘယ်လိုပြောကြမည်နည်း။ အရိုက်ခံရသောကြောင့် သနားနေကြမလား။ လူဆိုးဟု ပြောကြမှာလား။ သတ္တိကောင်းသည် ဆိုကြမှာလား။ အုန်းသီး၊ ဖရက်ဒီ၊ ပြီးတော့ သင်္ချာဆရာ။

ကိုယ် လျှောက်နေရာမှ ရပ်လိုက်၏။ “ညီညီရယ် “ ဆိုသော အသံကို ကြားမိသည်။ တီချာမေ၏မျက်နှာကို မြင်ယောင်လာသောအခါ ရပ်နေရာမှ ပြန်လျှောက်မိပြန်သည်။ ဟိုးရှေ့မှာ ကိုယ့်လိုပင် ကျောင်းသို့ သွားနေကြသော ကျောင်းသားနှစ်ယောက်ကို တွေ့ရသည်။ သူတို့ကို မြင်သောအခါမှပင် ကိုယ်တို့ကျောင်းစည်းကမ်းကို သတိရတော့သည်။

လုံချည်ဖြစ်ဖြစ်၊ ဘောင်းဘီဖြစ်ဖြစ် အစိမ်းရောင်ကိုသာ ဝတ်ရသည်။ အင်္ကျီကျတော့ အဖြူ။ အစိမ်းနှင့် အဖြူမဟုတ်လျှင် ကျောင်းထဲ မဝင်ရ၊ ကိုယ်ဝတ်ထားသည်မှာ အင်္ကျီကတော့ အဖြူမှန်သည်။ လုံချည်က အပြာ ဖြစ်နေသည်။ သည်အတိုင်းသွားလို့လည်း မဖြစ်သေးပါ။ အိမ်ကို ပြန်ပြီး ဘောင်းဘီတိုလည်း မလဲချင်။ ကိုယ့်ခြေသလုံးသည် မနာတော့သော်လည်း အရှိုးရာတွေ ထင်နေတုန်းပါ။ ကိုယ့်ခြေထောက်များသည် တဖြည်းဖြည်း နှေးလာရာမှ ရပ်သွားလေသည်။

ကိုယ်သည် ကျောင်းမပြေးဖူးပါ။ ကျောင်းပြေးရမည်ကို ရှက်လည်း ရှက်ပါသည်။ ကြောက်လည်း ကြောက်ပါသည်။ သို့သော်လည်း ကိုယ့်ကို လက်သီးထောင်ပြနေသော အုန်းသီးကို မြင်ယောင်နေသည်။ ကိုယ့်နားထဲတွင် ကြိမ်လုံးသံ တရွှီရွှီကိုလည်း ကြားလာ၏။ မျက်မှန်တပ်ထားသော်လည်း ကြင်နာစွာ ကြည့်တတ်သော တီချာမေ၏မျက်လုံးများကို သတိရသောအခါ အားတက်မိပြန်သည်။

လမ်းလျှောက်လိုက် ရပ်လိုက် လုပ်ရင်းက တံတားကြီးနားကို ရောက်လာသည်။ တံတားကြီးထိပ်မှနေ၍ ကိုယ် ရပ်ကြည့်နေမိသည်။ ချောင်းထဲတွင် ဝါးဖောင်တွေ တွေ့ရသည်။ ဝါးဖောင်ပေါ်တွင် ကိုယ်တို့အရွယ် ကောင်ကလေးတွေ ငါးမျှားနေကြသည်။ ကောင်လေးတစ်ယောက်သည် ရေပေါ်တွင် ပေါ်နေသော တုတ်ချောင်းကလေး တစ်ချက် နှစ်ချက် မြုပ်သွားသည်နှင့် ငါးမျှားတံကို ဆွဲတင်လိုက်သည်။ ငါးမျှားကြိုးတွင် ငါးတစ်ကောင် တန်းလန်းပါလာသည်။ ငါးဆီမှ 'ဇီဇီ' ဆိုသော အသံကို ကြားရသည်။ ထိုအော်သံကို ကိုယ် မကြားဘူးသောကြောင့် အံ့သြသွား၏။ ထိုငါးမျိုးကို ကိုယ်မှတ်မိသည်။ အိမ်မှာ ဆော်လီမား ခဏခဏ ချက်တတ်ပြီး ကိုယ်မကြိုက်သော ငါး၊ ငါးဇင်ရိုင်းဖြစ်သည်။ တချို့ ကောင်လေးတွေသည် ချောင်းစပ်လတာပြင်ပေါ်၌ ဖောင်စီးကဏန်းများကို လိုက်ဖမ်းနေသည်။ တချို့ ချောင်းထဲမှာ ရေကူးနေကြလေသည်။

ကျောင်းတက်ချင်စိတ် ဖြစ်ပေါ်လာပြန်သည်။ ထိုအချိန်မှာပင် ဘယ်ဆီက လွင့်လာမှန်းမသိသော သံချောင်းခေါက်သံကို ကြားရသည်။ ရှစ်နာရီထိုးပြီ။ ကျောင်းတက်ပြီ ဖြစ်ပါသည်။ သည်ကနေ ကျောင်းကို ငါးမိနစ်လောက်တောင် လျှောက်ရဦးမည်။ ကျောင်းနောက်ကျတာ တပြစ်၊ လုံချည်ပြာဝတ်ထားတာက တပြစ်၊ တီချာမေရှိရာ ကိုယ်တို့အတန်းထဲကို ရောက်ဖို့ ဆရာတစ်ယောက်စီ အလှည့်ကျစောင့်ရသော ကျောင်းဝင်းတံခါးကို ပထမဆုံးဖြတ်ရမည်။ နောက် ကျောင်းအလယ်ပေါက်မှာ လက်နောက်ပစ်၍ ရပ်နေသော စည်းကမ်းကြီးလှသည့် ကျောင်းအုပ်ဆရာကြီးကို တွေ့ရမည်။ ဖြစ်လိုရာ ဖြစ်စေတော့ ဆိုပြီး ကိုယ်လျှောက်လာခဲ့သည်။ ခြေလှမ်းက မြန်သော်လည်း စိတ်လေးနေပါသည်။

ကျောင်းဝင်းတံခါးဝနှင့် ခပ်လှမ်းလှမ်းသို့ ရောက်သောအခါ ကိုယ့်ခြေလှမ်းသည် တုန့်ခနဲ ရပ်သွား၏။ တာဝန်ကျဆရာသည် ကြိမ်လုံးကို ကိုင်၍ အပေါက်ဝတွင် ခေါက်တုန့်ခေါက်ပြန် လျှောက်နေသည်။ ကိုယ့်ကို သူမမြင်။ သင်္ချာဆရာပင် ဖြစ်လေသည်။ ကိုယ် ချာခနဲ လှည့်ထွက်လာခဲ့သည်။

ဘယ်ကိုသွားရမှန်းလဲ မသိ။ သူများတွေ ကျောင်းပြေးကြသောအခါ ရုပ်ရှင်ကြည့်သည်။ မဟာစေတီဘက်မှာ ငှက်လျှောက်ပစ်သည်။ ကိုးသိန်းကိုးသန်း၊ ရွှေဂူလေးဘက်မှာ ရေသွားကူးသည်ဟု ကြားဖူးပါသည်။ အဲဒါတွေလည်း ကိုယ်မလုပ်လိုပါ။

တံတားကြီးဘက်သို့ ပြန်လျှောက်လာခဲ့သည်။ ဝါးဖောင်ပေါ်မှာ ငါးမျှားနေသော ကောင်လေးတွေ၊ လတာပြင်မှာ ကဏန်းကောက်နေသော ကောင်လေးတွေ၊ ရေကူးနေသော ကောင်လေးတွေ ရှိနေတုန်း။ ကိုယ် သူတို့ကို ရပ်ကြည့်၍ နေလိုက်သည်။ ချောင်းရေသည် နောက်ကျိနေလေသည်။

ငါးမျှားနေသော ကောင်လေးနှစ်ယောက် တံတားထိပ်သို့ တက်လာသည်။ တစ်ယောက်က ပလိုင်းကလေးကို လွယ်ထားသည်။ နောက်တစ်ယောက်က လွယ်အိတ်စုတ်ကလေးနှင့်။ ကိုယ်သည် လွယ်ထားသော 'က၀'လွယ်အိတ်ကလေးကို ယောင်ရမ်း၍ ဆုပ်ကိုင်မိသည်။

သူတို့နှစ်ယောက်သည် ကိုယ့်နားသို့ရောက်လျှင် ရပ်လိုက်၏။ ကိုယ့်ကို ခြေဆုံးခေါင်းဆုံး ကြည့်နေကြသည်။ ကိုယ်ကလည်း သူတို့နှစ်ယောက်ကို ပြန်စိုက်ကြည့်လိုက်သည်။ သူတို့မှာ အင်္ကျီမပါ။ လုံချည်မှာလည်း ရွှံ့ ရေတွေ ပေကျံလျက်။

“မင်းက ကျောင်းသားလား"

တစ်ယောက်က မေးသည်။

“အေး ... ဟုတ်တယ်”

ကိုယ်ဖြေသည်။

“ကျောင်းမတက်ဘူးလား”

ကိုယ် ခေါင်းခါပြသည်။

"မင်း ကျောင်းပြေးတာလား"

ကိုယ် ဘာမျှပြန်မဖြေပါ။

“ကျောင်းပြေးတယ်ဆိုရင် မင်းအဖေက ဆူမှာပေါ့ကွ၊ ပြီးတော့ ဆရာမတွေ”

နောက်တစ်ယောက်က ဝင်ပြောပြန်သည်။ သူတို့သည် ကိုယ့်ကို လာရန်စနေတာလား၊ သူတို့က စထိုးလျှင် ကိုယ်ပြန်ထိုးမည်ဟု စဉ်းစားထားသည်။ သူတို့ကို ကိုယ်မကြောက်။ တကယ့် တကယ်တော့လည်း သူတို့ ကိုယ့်ကို ကြည့်နေပုံမှာ ကြောက်စရာမကောင်းချေ။ သူတို့နှင့် ကိုယ် စကားပြောချင်လာသည်။

“မင်းတို့ကော ကျောင်းမနေချင်ဘူးလား”

လွယ်အိတ်လွယ်ထားသော ကောင်လေးသည် သူ့လွယ်အိတ်စုတ်ကလေးကို ဆုပ်ကိုင်လိုက်ပြီး ...

“အစကတော့ နေသေးတယ်၊ တစ်တန်းလည်း ရောက်ရော ကျောင်းထွက်လိုက်တာပဲ”

"ငါလည်း သူနဲ့ တူတူပဲ”

ပလိုင်းလွယ်ထားသော ကောင်လေးက ဝင်ပြောသည်။

“ဘာလို့ ကျောင်းထွက်လိုက်တာလဲကွ”

“အဖေတို့ အမေတို့က ဆက်မထားလို့ပေါ့ကွ”

“ငါတို့က ဆင်းရဲတယ်ကွ”

ကိုယ် သူတို့ကို သနားသွားသည်။ ကျောင်းက ရေခဲချောင်းရောင်းသော ကောင်လေးကိုလည်း သွားသတိရလိုက်မိ၏။

“မင်းတို့ ဒီငါးတွေ ရောင်းဖို့လား”

“အေးကွ၊ များများရရင်တော့ ရောင်းတာပေါ့၊ နည်းနည်းပဲ ရရင်တော့ အိမ်မှာပဲ ချက်စားတာပဲ၊ တစ်ခါတလေ ပိုက်ဆံမရှိရင်တော့ ဘယ်လောက်ပဲရရ ရောင်းတာပဲ”

တစ်ယောက်သည် ပလိုင်းကို စလွယ်သိုင်း ပြင်လွယ်လိုက်ပြီး.......“ကဲ.. ငါတို့ သွားဦးမယ်၊ ဒီနေ့တော့ ဟင်းစားလေးလောက်ပဲ ရတာကွ၊ ဟင်းချက်ဖို့ အမီပြန်ရဦးမယ်”

သူတို့သည် ထွက်သွားမည် ပြုပြီးမှ“ဒါနဲ့ မင်းနာမည်က ဘယ်သူလဲ”

ကိုယ် မဖြေ။ ကိုယ့်နာမည်ကို အမှန်အတိုင်း ပြောမပြလိုပါ။ ဘယ်လိုပြောရင် ကောင်းမလဲလို့ စဉ်းစားနေရင်းက ပြန်မေးလိုက်သည်။

“မင်းတို့နာမည်တွေကကော”

“ငါက မောင်ပါ၊ သူက အေးကြည်”

လွယ်အိတ်နှင့်ကောင်လေးက ဖြေသည်။ တစ်ယောက်က "မင်းနာမည်လည်း ပြောဦးလေ”

ကိုယ်သည် ပါးစပ်ထဲ တွေ့ရာကို ပြောမိ၏။

“ဗိုလ်အောင်ဒင်"

"ဘာ... ဗိုလ်အောင်ဒင် ဟုတ်လား၊ သိပ်ကောင်းတဲ့ နာမည်ပဲကွ၊ ဟိုအလှူမှာ ဖွင့်တဲ့ ဇာတ်လမ်းထဲက နာမည်မျိုး”

ကိုယ်သည် ဗိုလ်အောင်ဒင်လိုပင် ရယ်လိုက်ချင်သည်။ အေးကြည်နှင့် မောင်ပါတို့ ထွက်သွားပြီးနောက် ကိုယ်တစ်ယောက်တည်း ကျန်ခဲ့သည်။ ထမင်းဆာလာသည်။ ဝါးဖောင်ပေါ်တက်ပြီး ထမင်းစားရင် ကောင်းမလားဟု စဉ်းစားသည်။ မသွားတော့ဘဲ ချောင်းထဲသို့ဆင်းသည့် ကုန်းလျှောကလေးမှာပင် ထိုင်ချလိုက်သည်။ ထမင်းဘူးကို ဖွင့်ကြည့်သောအခါ ဆိတ်ကလီဇာဟင်းဖြစ်ကြောင်း တွေ့ရသည်။ ကိုယ့်အကြိုက်ဟင်း ဖြစ်သောကြောင့် ထမင်းကုန်အောင် စားနိုင်သည်။ ခါတိုင်းတုန်းကလို ထမင်းတွေ သွန်မပစ်ရတော့။ ကပ်သတ်ကျန်နေသော ထမင်းစေ့ကလေးများကို ချောင်းထဲသို့ လှမ်းပစ်ချရင်း ကိုယ်စဉ်းစားသည်။ ဘယ်ကို သွားမလဲ။

ရဲတံခွန်ရုံမှာ 'ကိုကိုမောင် တော်တော်ဆိုး' ပြနေသည်။ ကျော်ဟိန်းကားဖြစ်သောကြောင့် ကြည့်ချင်သော်လည်း ကိုယ်မသွားရဲပါ။ ​​ကျောင်းလွယ်အိတ်ကြီးနှင့် ရုပ်ရှင်ရုံကို သွားလို့မဖြစ်။ ဘယ်ကို သွားရမည်မှန်း ကိုယ်စဉ်းစားလို့ မရပါ။ ဒီနေရာမှာလည်း အကြာကြီးထိုင်၍ မနေချင်။ နေရာတစ်ခုကို စဉ်းစားလို့ရသည်။ သွားလို့ဖြစ်မဖြစ်ကိုလည်း စဉ်းစားရပြန်သည်။ မေးလျှင် ဘယ်လိုဖြေမလဲဆိုတာ။ သို့သော်လည်း သွားဖို့ ဆုံးဖြတ်လိုက်သည်။

ပန်းလှိုင်ထဲမှာ ဖေဖေ့အလုပ်ရုံရှိသည်။ ကိုယ်ငယ်ငယ်က ရောက်ဖူးသည်။ ကိုယ့်ကို သူ့အလုပ်ရုံသို့ ခေါ်ခေါ်သွားတတ်သည်။ ခုနောက်ပိုင်း ခေါ်မသွားတော့။ လေးငါးနှစ်လောက်ကြာပြီ ထင်သည်။ နေရာကို ကိုယ် မှတ်မိနေသည် ထင်သည်။ .

ပန်းလှိုင်ထဲသို့ လျှောက်လာသည်။ ရှေ့မှာ ကိုယ်ငယ်ငယ်ကတည်းက မှတ်မိနေသော အုန်းပင်ကြီးကို တွေ့ရသည်။ အုန်းပင်နှင့် တည့်တည့်သည် ဖေဖေ့အလုပ်ရုံ။

“ရတနာ စက်မှုလုပ်ငန်း”

ဆိုင်းဘုတ်ကို တွေ့သည်။ ချက်ချင်းကြီး မဝင်ရဲသောကြောင့် အပြင်ကနေ ရပ်ကြည့်သည်။ အထဲမှာ လူတွေရှုပ်နေ၏။ အလုပ်ရုံ၏အပြင်ဘက်မှာ လူနှစ်ယောက်သည် သံဘောင်ကြီးတစ်ခုကို ဝရိန်ဆော်နေကြသည်။ ကိုယ့်ကို လုံးဝ မကြည့်ဘဲ သူတို့အလုပ်ကိုသာ ငုံ့၍လုပ်နေကြသည်။ အထဲကို လှမ်းကြည့်သော်လည်း ဖေဖေ့ကို မတွေ့ရပါ။ ဝရိန်ဆော်နေသူများနားသို့ ကိုယ် မရဲတရဲ ကပ်သွားသည်။

“ဦးလေး ဖေဖေရှိလား”

သူတို့သည် မော့မကြည့်ဘဲ ... “ဘယ်သူလဲကွ”

“ကိုယ့်ဖေဖေလေ”

တစ်ယောက်က ကိုယ့်ကို မော့ကြည့်၍.. “မင်း ဖေဖေနာမည်က ဘယ်သူလဲ”

ကိုယ်စိတ်ဆိုးသလို ဖြစ်သွား၏။ ကိုယ့်ဖေဖေနာမည်ကိုတောင် သူတို့က မသိကြတော့ဘူးလား။ အမှန်မှာ သူတို့က ကိုယ့်ကို မသိကြခြင်းသာ ဖြစ်သည်။

`ကိုယ့်ဖေဖေနာမည်က ဦးဖေအောင်”

“ဟေ”

"ဟုတ်တယ်၊ ကိုယ့်မေမေက ဒေါ်ခင်စောမြင့်”

သူတို့သည် ဝရိန်ဆော်သည့် သံကောက်ကလေးမှ ထွက်နေသော မီးတန်းကို ငြိမ်းလိုက်သည်။ ပြီးတော့ ပျာပျာသလဲ ထရပ်လိုက်ကြ၏။

“အို... မင်းက ဆရာ့သားကိုး၊ ဦးဦးတို့က မမှတ်မိလို့ပါကွာနော်”

ကိုယ့်ကို မမှတ်မိသည့်အတွက် သူတို့ အပြစ်ဖြစ်မှာစိုးနေကြသလား မသိ။ သူတို့ ဖေဖေ့ကို သိပ်ကြောက်ရမည် ထင်သည်။ သူတို့နှစ်ယောက်သည် တစ်ယောက်က ကိုယ့်ပခုံးကိုဖက်၊ တစ်ယောက်က လက်ကို ဆွဲ၍ အလုပ်ရုံထဲသို့ ခေါ်လာသည်။

"ဆရာ... အဲ မင်းဖေဖေ ဟိုမှာ”

ဖေဖေ့နေရာသည် အလုပ်ရုံထောင့်က စားပွဲရှည်တစ်လုံးမှာ ဖြစ်သည်။ ဖေဖေသည် သူ့အလုပ်မှာ စိတ်ဝင်စားနေသောကြောင့် ကိုယ်လျှောက်လာသည်ကို မမြင်ပါ။ စားပွဲနားမှာ ရပ်လိုက်သည်ထိ မော့မကြည့်သေးချေ။ သံကွင်းတစ်ခုကို ဂွလို ကိရိယာဖြင့် တိုင်းထွာနေသည်။ ပြီးတော့မှ ကိုယ့်ကို မော့ကြည့်ပြီး "ဟာ... သားပါလား၊ ထိုင်လေ... သား”

ကိုယ် ဝင်ထိုင်လိုက်သည်။

“သား ကျောင်းမတက်ဘူးလား"

"အစည်းအဝေးရှိလို့ ဒီနေ့ ကျောင်းပိတ်လိုက်တယ် ဖေဖေ”

စဉ်းစားလာခဲ့သည့်အတိုင်း ကိုယ်ပြောလိုက်သည်။ ဖေဖေသည် ကျောင်း တကယ်ပိတ် မပိတ်ကို လိုက်စုံစမ်းမည်မဟုတ်ကြောင်း ကိုယ်သိသည်။ စုံစမ်းဖို့နေနေသာသာ ကိုယ်ပြန်ပြောသော စကားကိုတောင်မှ သေသေချာချာ နားထောင်ပါရဲ့လား။ ကိုယ့်ကို ဘာမျှပြန်မပြောတော့ဘဲ သူ့တပည့်တစ်ယောက်ကို လှမ်းခေါ်လိုက်သည်။

“ဟုတ်ကဲ့ ဆရာ”

လူကြီးတစ်ယောက်သည် ဖေဖေရှေ့မှာ တောင့်တောင့်ကြီး လာရပ်သည်။

“ဒီဘယ်ရင်ကို ကြက်ခြေခတ်ပြထားတဲ့ ဘက်က အဝ တစ်ပဲချဲ့၊ အနက် တစ်မတ် ကြားလား၊ သေသေချာချာလုပ်နော်၊ အဝနဲ့ အနက်နဲ့ မှားဦးမယ်၊ နေဦး”

ဆိုပြီး စာရွက်တစ်ခုပေါ်တွင် ရေးပေးလိုက်သည်။

“ဒီမှာ စာနဲ့လည်း ရေးပေးထားတယ်”

“ဟုတ်ကဲ့ ဆရာ”

“အေး ... သွားတော့၊ နေဦး နေဦး၊ ရင်မျိုးကို ပြောလိုက်၊ ရေခဲသုပ်တစ်ခွက် သွားယူခဲ့လို့”

"ဟုတ်ကဲ့ ဆရာ” ဟု ပြောပြီး ထွက်သွားသည်။

ကိုယ်သည် ကျောင်းစိမ်းလုံချည်ကိစ္စ ပြောချင်စိတ် ဖြစ်လာသည်။ ဖေဖေသည် သူ့စားပွဲပေါ်တွင် တင်ထားသော မော်တာတစ်လုံးမှ ဝိုင်ယာကြိုးများကို ကိုင်ကြည့်နေပြန်သည်။

“ဖေဖေ"

ဖေဖေသည် ဝါယာကြိုးများကို ကိုင်ကြည့်နေရာမှ ဘာလဲဆိုသော သဘောဖြင့် မေးငေါ့ပြသည်။

“ကိုယ့်ကို ကျောင်းစိမ်းလုံချည် ဝယ်ပေးပါနော်”

ကိုယ် မရဲတရဲ ပြောသည်။

“အေး ... အေး ဝယ်ပေးမယ်”

“ကိုယ် နောက်ကို လုံချည်ပဲ ဝတ်တော့မယ်”

ခေါင်းညိတ်ပြသည်။

“ဒီနေ့ ဝယ်ခဲ့နော် ဖေဖေ”

“အေးပါကွာ”

ပြောပြောဆိုဆို ထသွားသည်။ သူ့တပည့်တွေ အလုပ်လုပ်နေပုံကို လိုက်ကြည့်နေလေသည်။ ဖေဖေမှာလိုက်သော ရေခဲသုပ်ဖန်ခွက် ရောက်လာသည်။ ကိုယ့်ဖို့မှာတာ ဖြစ်မည် ထင်သော်လည်း ဖေဖေက ဘာမျှမပြောသေးသောကြောင့် ကိုယ်မစားဘဲ နေသည်။ ခဏကြာတော့ ဖေဖေရောက်လာသည်။

“သား စားလေကွာ”ဟု ပြောပြီး ပြန်ထွက်သွားသည်။

စက်တွေ လည်နေသံကို ကြားရသည်။ သံစကလေးတွေသည် အလိန်အလိန်ကလေးတွေ ဖြစ်ပြီး ကျလာသည်။ တစ်ယောက်က သံချောင်းတစ်ခုကို လွှဖြင့် ဖြတ်နေသည်။ တချို့ကလည်း သံပြားကြီးကို “တဒုန်းဒုန်း” ထုနေကြသည်။ ဖေဖေ့အလုပ်ရုံတစ်ခုလုံးမှာ လှုပ်လှုပ်ရွရွ ဆူဆူညံညံ ဖြစ်နေကြသည်။

ရေခဲသုပ်ကုန်သွားသည်ထိ ဖေဖေသည် စားပွဲရှိရာသို့ ပြန်ရောက်မလာချေ။ ခုမှ ကိုယ်သတိရသည်။ လုံချည်ဝယ်လျှင် နှစ်ထည်လောက် ဝယ်ခဲ့ဖို့ ပြောရဦးမည်။ ဒါမှ တစ်ထည်လျှော်နေတုန်း တစ်ထည်ဝတ်လို့ ရသည်။ ပြီးတော့လည်း တခြားအချိန်တွေမှာ ဝတ်လို့ရအောင် လုံချည်အကွက်ကလေး တစ်ထည်လည်း လိုချင်ပါသေးသည်။

ထိုင်နေရာမှကြည့်လျှင် ဖေဖေ့ကို မမြင်ရပါ။ မတ်တပ်ရပ်လိုက်မှ စက်ကြီးတစ်ခုဘေးမှာ ရပ်နေသည်ကို မြင်ရသည်။ ဖေဖေ့ဆီသို့ ကိုယ်လျှောက်သွား၏။ ဖေဖေသည် စောစောကပေးလိုက်သော သံကွင်းကို ကိုင်ရင်း သူ့တပည့်ကို တစ်ခုခုပြောနေသည်။ စက်သံတွေ ဆူညံနေသောကြောင့် ဘာမျှမကြားရ။ ဖေဖေ့နားမှာ ကိုယ် သွားရပ်သည်။ ဖေဖေသည် ကိုယ့်ကို တစ်ချက်လှည့်ကြည့်ပြီး စကားဆက်ပြောသည်။

"ငါ ဘယ်နှစ်ခါပြောရမလဲဟင်၊ တစ်ပဲစားရမယ်ဆိုရင် တစ်ပဲ အတိ ဘယ်တော့မှမစားနဲ့ နည်းနည်းချန်ပြီးတော့စား၊ ပြီးတော့မှ တစ်ပဲ ရအောင် ဖြည်းဖြည်းချင်းညှိယူပါလို့၊ ခုလို တစ်ပဲအတိ စားချလိုက်တော့ အချောညှိစရာအသား ဘယ်ရှိတော့မလဲ၊ လုပ်လိုက်ရင် အဲဒီလိုချည်းပဲ။ သောက်သုံးကို မကျဘူး"

ဖေဖေသည် သူ့တပည့်ကို ဆူပူကြိမ်းမောင်းနေခြင်း ဖြစ်ပါသည်။ ထိုလူကြီးသည် အလွန်ကြောက်နေဟန် တူပါသည်။ ဖေဖေက သူ့ကို အလုပ်ထုတ်ပစ်မည် စိုးသောကြောင့်လား မသိပါ။ စက်သံတွေ ဆူညံနေသောကြောင့် ဖေဖေသည် အော်၍ အော်၍ ပြောရ၏။ ဖေဖေအိမ်မှာ စကားပြောလျှင် အသံကျယ်တတ်သည်မှာ ဒီက အကျင့်ပါနေတာ ဖြစ်မည်။

"ဖယ်စမ်း၊ ငါ လုပ်မယ်”

သူ့တပည့်၏ လက်မောင်းကို တွန်း၍ဖယ်ခိုင်းပြီး ဖေဖေကိုယ်တိုင် ဝင်လုပ်သည်။ သံကွင်းကို စက်မှာတပ်၍ ညှပ်လိုက်သည်။ ပြီးတော့ ဘာတွေမှန်းမသိ ချိန်ကိုက်နေသည်။ ဖေဖေသည် ကိုယ်အနားရောက်နေကြောင်းကို သတိရတော့မည် မထင်ပါ။ အံကိုကြိတ်ရင်းက ရှေ့တိုးလိုက်၊ နောက်ဆုတ်လိုက်၊ ဘီးကို ဟိုဘက်လှည့်လိုက် သည်ဘက်လှည့်လိုက်၊ တိုင်းလိုက်၊ ထွာလိုက် လုပ်နေသည်။ ကျောင်းစိမ်းလုံချည်နှစ်ထည်နှင့် အကွက်ကလေး အကြောင်း မပြောရဲတော့ပါ။ စားပွဲဆီ ပြန်လာပြီး ထိုင်နေလိုက်သည်။

စောစောတုန်းက တစ်ခါတည်း ပြောလိုက်ရကောင်းသားဟု စိတ်ထဲက မကျေမနပ် ဖြစ်နေရသည်။ တော်တော်လေးကြာမှ ဖေဖေရောက်လာသည်။ ဟိုကိစ္စပြောရင် ကောင်းမလား။ ဖေဖေ့မျက်နှာကို မသိမသာကြည့်သောအခါ သုန်သုန်မှုန်မှုန်ကြီး ဖြစ်နေတုန်း။ ထို့ကြောင့် မပြောဖြစ်တော့ပါ။

“ကိုယ်သွားတော့မယ် ဖေဖေ”

“အေး”

ဖေဖေ ဘာများပြောဦးမလဲလို့ ကိုယ် ခဏ ရပ်စောင့်သေးသည်။ ဖေဖေက ဘာမျှမပြောတော့ဘဲ ခုနက ဝိုင်ယာကြိုးများကို လှမ်းကိုင်လိုက်သောအခါကျမှ ကိုယ်လည်း ထွက်လာခဲ့သည်။

ဦးလေးမောင်မောင်ကြီးကို မေမေ တစ်ခါက ပြောဖူးသည်။

“ရှင်တို့သူငယ်ချင်းက ဘာကိုမှ စိတ်တိုင်းကျတာ မဟုတ်ဘူး”

* * *

"ကြာချည်ရန်.... နာရီပြန် ဗဟိုငြိမ့်ပါပေါ့
မှေးမှိတ်လို့ စက်ပါသော်...
ရေး မှ မပျော်။
အို.... ညချမ်း သီတဂူ တိမ်ယံက ပြုထွက်လာဆဲ
ခဝဲသင်းပင်း ရံရွှေတော်ကျင်းတယ်
ကြယ်မင်းများ အလယ် တင့်တယ်ပေစွ... သာယာလှချိန်ဝယ်။
ရွှေဘောတော် တဉာဏ်ပွေ့လို့မလာပေ
တာရှည်နေတဲ့ ပျို့ ဘုန်းမော် ကိုလူလှကိုကွယ်
ဘယ်မူရေးခြယ် တွေးခက်ရတယ်"

မေမေသည် ပြတင်းဘောင်ပေါ်တွင် လက်ထောက် မေးတင်ရင်း သီချင်းဆိုသည်။ ကိုယ်သည် ခါတိုင်းညများလိုပင် လှိုက်ခနဲ ဝမ်းနည်းသွားမိပြန်သည်။ သို့သော်လည်း ခါတိုင်းညတွေမှာလို သီချင်းတွေ မဆုံးခင် အိပ်ပျော်သွားခြင်းမျိုး မဖြစ်ချေ။ သီချင်းတွေဆုံး၍ ဟင်းခနဲ သက်ပြင်းချလိုက်သော မေမေ့အသံကိုပင် ကောင်းကောင်းကြားရသည်။

ဒီနေ့ည ကိုယ် အိပ်မပျော်ချေ။ မျက်စိကြောင်နေသောကြောင့် မဟုတ်ပါ။ ဖေဖေ့ပြန်အလာကို စောင့်နေခြင်းသာ ဖြစ်ပါသည်။ နေ့လယ်က ဖေဖေ့ကို ကျောင်းစိမ်းလုံချည်ဝယ်ခဲ့ဖို့ မှာခဲ့သည်။ ထို့ကြောင့် မအိပ်ဘဲ စောင့်နေခြင်း ဖြစ်လေသည်။

ကိုယ်သည် စောစောအိပ်တတ်သူ ဖြစ်သည်။ ခုလည်း ကိုယ် အိပ်ချင်နေပါပြီ။ သို့သော်လည်း စိတ်ကို တင်းထားရ၏။ အိပ်မပျော်သွားအောင် ကြိုးစားနေရသည်။ တစ်ခါတစ်ခါ မှေးခနဲ မှေးခနဲ ဖြစ်ဖြစ်သွားသေးသည်။ မျက်လုံးကို အတင်းနင်းကန် ပြန်ဖွင့်ရလေသည်။ မေမေသည် အိပ်ရာပေါ်တွင် လှဲနေသော်လည်း အိပ်၍ မပျော်သေးကြောင်း ကိုယ်သိသည်။ မေမေ့ဘက်သို့ လှည့်မကြည့်သော်လည်း အိပ်ရာပေါ်မှာ လူးလိမ့်သံ၊ ခဏခဏ သက်ပြင်းချသံတို့ကို ကြားနေရသည်။

မှေးခနဲတစ်ချက် ငိုက်သွားစဉ်မှာပင် 'ကလင်' ဆိုသော ခေါင်းလောင်းသံ ကြားလိုက်ရသောကြောင့် လန့်နိုးသွားသည်။ ဟော... ဖေဖေပြန်လာပြီ။

ခုတင်လှုပ်သွားသည်။ ခြေသံ တရှပ်ရှပ် ကြားရသည်။ ထို့ကြောင့် မေမေ ထသွားကြောင်း သိလိုက်သည်။ ကိုယ့်မှာ သိချင်တာနှစ်ခု ဖြစ်လာလေသည်။

ဖေဖေ ကျောင်းစိမ်းလုံချည် ဝယ်လာလေမလား။

ဖေဖေနှင့် မေမေသည် ခုလို ကိုယ့်ကွယ်ရာကျမှ စကားပြောမလား။

ခုတင်ပေါ်မှ အသံမမြည်အောင် ဆင်းလိုက်သည်။ ကိုယ်တို့အခန်းတံခါးဝသို့ သွားသည်။ ခန်းဆီးကြားမှ အသာကလေး ချောင်းကြည့်သည်။ မေမေသည် အိမ်ရှေ့မီးကို ဖွင့်သည်။ တံခါးကန့်လန့်ကို ဖြုတ်သည်။

ကိုယ့်ရင်သည် တဒိတ်ဒတ် ခုန်နေ၏။ တံခါးဖွင့်လိုက်သောအခါ ကျွီခနဲ အသံမြည်သွားသည်။ မေမေနှင့် ကွယ်နေသောကြောင့် ဖေဖေ့ကို တစ်စွန်းတစ်စသာ မြင်ရသည်။ ကိုယ်သည် အားစိုက်၍ နားထောင်သည်။ စကား
ပြောသံ မကြားရ။ အားမလို အားမရဖြစ်လာသောကြောင့် ခန်းဆီးစကို ပိုဟ၍ ကိုယ်ကို ရှေ့သို့ ကိုင်းလိုက်သည်။ သို့သော်လည်း အားလုံးသည် တိတ်တိတ်ဆိတ်ဆိတ်။ မေမေသည် နောက်သို့ တစ်လှမ်းဆုတ်လိုက်၏။

ဖေဖေ အိမ်ထဲဝင်လာသည်။ ဖေဖေလက်ထဲ၌ စီးကရက်တစ်လိပ်မှ လွဲ၍ ဘာမှပါမလာချေ။ စကားတစ်ခွန်းမှ မပြောကြဘဲ ဖေဖေကလည်း သူ့အခန်းထဲ ဝင်သွားသည်။ မေမေလည်း တံခါးပြန်ပိတ်နေ၏။

ကိုယ်သည် အိပ်ရာပေါ်သို့ အသာပြန်တက်ပြီး ဟိုဘက်ကို လှည့်၍ အိပ်ချင်ယောင် ဆောင်နေလိုက်သည်။ မီးခလုတ်ပိတ်သံ ကြားရသည်။ ခြေသံကြားရသည်။ ခုတင်လှုပ်သွားသောကြောင့် မေမေ အိပ်ရာပေါ်သို့
လှဲချလိုက်မှန်း သိ၏။

ကိုယ့်စိတ်ထဲက ဝမ်းနည်းနေသည်။

ဖေဖေ ကျောင်းစိမ်းလုံချည် ဝယ်မလာသောကြောင့် ဝမ်းနည်းတာဖြစ်မည်။

* * *

ဟိုတစ်ခါ ကိုယ်နေမကောင်းတုန်းကအကြောင်းကို သတိရမိသည်။

အဲဒီတုန်းက ကိုယ်သည် စောင်ကိုခြုံ၍ အိပ်ရာထဲတွင် လှဲနေသည်။ မေမေသည် ကိုယ့်ဘေးက ခုတင်စွန်းမှာ ထိုင်ရင်း စာဖတ်နေသည်။ မျက်စိကို မှိတ်၍ မှိန်းနေတုန်း လက်တစ်ခုက ကိုယ့်နဖူးကို လာစမ်းသည်။
မေမေ့လက်လို ပျော့ပျော့အိအိ မနေဘဲ မာကြမ်းကြမ်း ဖြစ်သောကြောင့် ဖေဖေ့လက်ဖြစ်လိမ့်မည်ကို သိ၏။

"သား... နေကောင်းရဲ့လား”

ဖေဖေ့အသံကို ကြားရသည်။

"သက်သာသွားပါပြီ”

မေမေ့အသံ။ ကိုယ် ထိတ်ခနဲ ဝမ်းသာသွားသည်။ သို့သော်လည်း ခပ်မာမာပြောလိုက်သော ဖေဖေ့အသံကို .…

“သားကို မေးတာ”

ခြေသံပြင်းပြင်းနှင့် နင်းပြီး ထွက်သွားသည်။ မေမေ ဖတ်နေသောစာအုပ်ကလေး ကြမ်းပေါ်သို့ ကျသွားသံ ကြားရသည်။

ကျောင်းစိမ်းလုံချည်၊ ခြေသံတရှပ်ရှပ်၊ သက်ပြင်းချသံ၊ ကြမ်းပေါ် ကျသွားသော စာအုပ်၊ စားပွဲကို လက်သီးနှင့် ထုသည်။ ဟင်းပန်းကန်လုံးတွေကို နံရံသို့ ပစ်ပေါက်ခွဲသည်။ ထမင်းစား စားပွဲကြီးကို ဆွဲမှောက်ပစ်လိုက်သည်။ ပန်းကန်တွေ လျှောကျသွားသည်။ ထမင်းဟင်းတွေ ကြမ်းပေါ်မှာ ပြန့်ကြဲနေသည်။ ကျသံ ကွဲသံတွေ၊ ဝုန်းခနဲ မြည်သံတွေ၊ ဖေဖေ၏ဒေါသတကြီး အော်ဟစ်သံတွေ။

ကိုယ်သည် မေမေ့ရင်ခွင်မှာ မျက်နှာအပ်ပြီး ရှိုက်ကြီးတငင် ငိုလေသည်။

"သား... သား ဘာဖြစ်တာလဲ”

မျက်စိဖွင့်ကြည့်လိုက်သောအခါ မေမေသည် ကိုယ့်ကို ဖက်ထားသည်ကို တွေ့ရ၏။ ကိုယ့်တစ်ကိုယ်လုံးသည် ချွေးတွေ ရွှဲနစ်နေသည်။ မောလည်း မောနေသည်။ ကိုယ်သည် ရှိုက်နေဆဲ။

“သား ... အိပ်မက်တွေ မက်ပြီး လန့်ငိုနေတယ် ထင်တယ်၊ ရေသောက်လိုက်... ရေသောက်လိုက်၊ ခဏဖယ် မေမေ သွားခပ်ဦးမယ်”

ကိုယ် ခေါင်းခါပြီး မေမေ့ကိုသာ အတင်းဖက်ထားသည်။ အမှန်တော့ အိမ်မက်မက်တာမဖြစ်နိုင်။ ဟိုးအရင် ကိုယ်ငယ်ငယ်တုန်းက ဖေဖေနှင့် မေမေတို့ ရန်ဖြစ်ကြသည့်အကြောင်းကို ရေးတေးတေး ပြန်လည် မှတ်မိခြင်း ဖြစ်နိုင်ကြောင်း မေမေမသိဘူးလား။

* * *

ကိုယ် အိပ်ရာမှ နိုးသောအချိန်တွင် နေတောင် တော်တော်ပူနေပြီ။ ဒီနေ့ တနင်္ဂနွေနေ့ ဖြစ်သောကြောင့် ကျောင်းမတက်ရပါ။ မျက်နှာသစ်နေစဉ် ညကအကြောင်း စဉ်းစားမိသည်။ ဖေဖေနှင့် မေမေ ရန်ဖြစ်ကြသည့်
အကြောင်းကို ညက အိပ်မက်မက်ခဲ့တာများလား။ တကယ်ပဲ ငယ်ငယ်က ကြုံဖူးတာကို ပြန်သတိရတာလား။ ဘယ်ဟာအမှန်လဲ တွေးမရတော့ပြန်ပါ။

ကော်ဖီသောက်ရန် ထမင်းစားခန်းထဲသို့ ဝင်လိုက်သောအခါ ပေါင်မုန့်တစ်ချပ်ကို ဝါးရင်း သတင်းစာဖတ်နေသော ဖေဖေ့ကို တွေ့ရသည်။

ကျောင်းစိမ်းလုံချည်ကိစ္စ သတိရလာပြန်သည်။ ဖေဖေ မေ့သွားပြီလား။ ခုနေ သတိပေးလျှင် ကောင်းမလား။ သို့သော်လည်း ကိုယ် မပြောရဲပါ။

ဖေဖေသည် ကိုယ့်ကို တစ်ခါမျှ မရိုက်ခဲ့ဘူးချေ။ သို့သော်လည်း သူမကြိုက်တာတစ်ခုခု လုပ်မိပြီဆိုလျှင် စူးစူးစိုက်စိုက် ကြည့်တတ်သည်။ ထိုအခါမျိုးတွင် ဖေဖေ့မျက်လုံးများသည် အသည်းခိုက်လောက်အောင်
ကြောက်စရာကောင်းပြီး ကိုယ်သည် အလိုလို မျက်ရည်ဝဲလာတတ်၏။ ခုလည်း ဖေဖေသည် မျက်နှာတည်တည်ကြီးနှင့် ထိုင်နေသည်။ မနေ့က သူ့တပည့်တွေကို စိတ်ဆိုးလာသောအရှိန် ပြေချင်မှ ပြေမည်။ ထို့ကြောင့်
ကိုယ် ဘာမျှပြောဖို့ စိတ်မကူးတော့ဘဲ အသာဝင်ထိုင်လိုက်သည်။

ဖေဖေသည် မျက်လုံးတစ်ချက် လှန်ကြည့်ပြီး သတင်းစာ ဆက်ဖတ်နေသည်။ ကိုယ် စိတ်ကူးတစ်ခု ရလာပြန်သည်။ လုံချည်ဝယ်ပေးဖို့ ဖေဖေ မေ့နေလျှင် မေမေ့ကိုပင် ဝယ်ခိုင်းတော့မည်။ မေမေသည် သူ့လခထဲက
ကိုယ့်အတွက် လုံချည်တစ်ထည်လောက်တော့ ဝယ်ပေးနိုင်မည် ထင်သည်။ တစ်ခုတော့ ရှိသည်။ မေမေသည် သူ့လခထဲက ပိုက်ဆံတွေကို ခွဲပြီး စာတိုက်မှာ အပ်သေးသည်ဟု အန်တီလူးကို တစ်ခါက ပြောဖူးသည်။ ဘာပဲဖြစ်ဖြစ် မေမေ့ကို ပြောတော့ ပြောကြည့်မည်။

ကိုယ်သည် ကော်ဖီတစ်ခွက် ထည့်ပြီး ပေါင်မုန့်တစ်ချပ်ကို ယူ၍ ယိုသုတ်သည်။ သိပ်တော့ မစားချင်လှပါ။ ပေါင်မုန့် တစ်ကိုက်ကိုက်ပြီး ကော်ဖီတစ်ငုံသောက်သည်။ ဖေဖေသည် သတင်းစာကို ခေါက်၍ စားပွဲပေါ် တင်လိုက်သည်။ ကျန်နေသော ကော်ဖီကို အကုန်လုံး မော့သောက်လိုက်ပြီး

“သား .…. စားသောက်ပြီးရင် ရေမြန်မြန်ချိုး၊ အဝတ်အစား မြန်မြန်လဲကွာ၊ ဖေဖေနဲ့ ခဏလိုက်ခဲ့”

ကိုယ် ထိတ်ခနဲ ဝမ်းသာသွား၏။

“ဘယ်သွားမလို့လဲ ဖေဖေ" ဟု မေးမိသည်။

“ဟော... သားပဲ ကျောင်းစိမ်းလုံချည် ဝယ်ပေးပါဆို”

ကိုယ်သည် ထိုင်နေရာမှ ခုန်ထလိုက်သည်။ လှည့်ထွက်မည်အပြုတွင် ဖေဖေက...

“မုန့်ကို ကုန်အောင်စားဦး​လေကွာ၊ ကော်ဖီရော”

စားလက်စ ပေါင်မုန့်ကို ပြန်ကောက်ယူ၍ ပါးစပ်ထဲသို့ အကုန်လုံး သွတ်ထည့်လိုက်သည်။ ကော်ဖီကို တစ်ခါတည်း မော့ချလိုက်ပြီး ထမင်းစားခန်းထဲမှ ပြေးထွက်လာခဲ့၏။

ရေမြန်မြန်ချိုးသည်။ ဆပ်ပြာတောင်မှ သေသေချာချာ မတိုက်မိ။ အဝတ်အစား မြန်မြန်လဲပြီး ထွက်လာသည်။ အိပ်ခန်းထဲက အထွက်တွင် မေမေနှင့် အပေါက်ဝမှာ ဆုံသည်။

“ဖေဖေက ကျောင်းစိမ်းလုံချည် ဝယ်ပေးမလို့တဲ့”ဟူ၍သာ ပြောပြီး ပြေးထွက်လာသည်။

ကိုယ်သည် ပျော်သွားသောကြောင့် သတိလစ်ပြီး ဖေဖေ့အခန်းထဲသို့ စွတ်ခနဲ ဝင်သွားမိသည်။ ဖေဖေ့ကိုမြင်မှ သတိရပြီး ကိုယ်လန့်သွားသည်။ အခန်းပြင်သို့ ပြန်ထွက်ပြီး အပေါက်ဝမှာ ရပ်စောင့်နေလိုက်သည်။ ဖေဖေကတော့ ဘာမှမပြောပါ။ ချိတ်မှာချိတ်ထားသော အင်္ကျီတစ်ထည်ကို ဆွဲယူလိုက်ပြီး ထွက်လာသည်။ လမ်းလျှောက်နေရင်းကျမှ အင်္ကျီကြယ်သီးကို တပ်သည်။

ကိုယ်တို့သားအဖနှစ်ယောက်သည် ဈေးထဲက လုံချည်ဆိုင်တွေကို တစ်ဆိုင်ပြီးတစ်ဆိုင် လျှောက်ကြည့်ကြသည်။ ဆိုင်တွေမှာ လုံချည်အကွက်ကလေးတွေကိုလည်း တွေ့ရသည်။ ကိုယ့်စိတ်ထဲတွင် လုံချည်အကွက်ကလေးပါ ဝယ်ပေးဖို့ပြောလျှင် ကောင်းမလားဟု စဉ်းစားနေသည်။

ဖေဖေသည် လုံချည်ဆိုင်တစ်ဆိုင်ရှေ့မှာ ရပ်လိုက်သည်။ ကျောင်းစိမ်းလုံချည်များကို ယူကြည့်သည်။ ဈေးမေးသည်။ ဖေဖေနှင့် ဈေးရောင်းသော မိန်းမကြီးတို့ ဈေးဆစ်နေကြတုန်းတွင် ကိုယ်သည် လုံချည်အကွက်ကလေးတွေ တင်ထားသောဘက်ကို ကြည့်မိသည်။ အပြာနှင့်အနက် အကွက်သေးသေးလေးပါသော လုံချည်ကလေးတစ်ထည်လည်း ပါသည်။ ကိုယ် သိပ်ကြိုက်သွား၏။

“သား”

ဖေဖေက ခေါ်လိုက်သောကြောင့် ကိုယ် ဆတ်ခနဲ တုန်သွားမိသည်။ ဖေဖေက စက္ကူအိတ်နှင့်ထည့်ထားသော လုံချည်ကို ကိုယ့်ကိုလှမ်းပေးသည်။ နှစ်ထည်ဖြစ်မည် ထင်သည်။ ဖေဖေသည် ကိုယ့်ကို ခဏမျှစိုက်ကြည့်လိုက်ပြီး ......
“ဘာကြည့်နေတာလဲကွ”

“ဟိုဒင်း ဖေဖေ၊ ဘာမှ မဟုတ်ပါဘူး”

ဖေဖေက နည်းနည်းပြုံးလိုက်သည်။ ဆိုင်ရှင်မိန်းမကြီးဘက်သို့ လှည့်၍

“အဒေါ် ဟိုဘက်က အကွက်တွေကကော ဘယ်လောက်လဲ”

“အဲဒါက လူကြီးဝတ်တွေကွယ့်၊ ကလေးဝတ်က ဒီဘက်မှာ”

ကိုယ် ဖေဖေ့ကို လှမ်းကြည့်နေသည်။ ရင်ထဲကလည်း ဒိတ်ဒိတ် ဒိတ်ဒိတ် မြည်နေပါသည်။ ဈေးက နှစ်ဆယ့်ခုနှစ်ကျပ်တဲ့။ ဖေဖေက နှစ်ဆယ်ဆစ်သည်။ ဈေးသည်ကြီးနှင့် ဖေဖေတို့ တစ်ယောက်တစ်လှည့်စီ ပြောနေကြတုန်း ကိုယ်ကလည်း ဘယ်ဟာယူလျှင် ကောင်းမလဲဟု လိုက်ရွေးနေလေသည်။ စောစောကကြည့်ခဲ့သော အနက်နဲ့အပြာကွက်က လူကြီးဝတ်တဲ့။

“ကိုင်း ... နှစ်ဆယ့်သုံး ယူဗျာ၊ ခွဲတွေ ဘာတွေ လုပ်မနေနဲ့တော့”

ဈေးသည်ကြီးက ခေါင်းညိတ်လိုက်သည်။ ကိုယ်သည် အရဲစွန့်ပြီး ပြောလိုက်ပါသည်။

“ဖေဖေ... ဟိုဟာလေး”

ဈေးသည်ကြီးက "ဒါလေးလားကွယ့်"ဟု အနီကွက်ကြီးကို ကိုင်ပြသည်။ ကိုယ် ခေါင်းခါလိုက်ပြီး .....

“ဟိုဘက်ကဟာ ဘာရောင်လဲတော့ မသိဘူး”

ဈေးသည်ကြီးက ပြုံး၍ "ဪ... ချောကလက်ရောင်နှင့် မီးခိုးပြာ”ဟု ပြောပြီး လှမ်းပေးသည်။

“ငါ့တူလေးက အဆင်ရွေးတတ်သားပဲ”ဟု ပြောလိုက်သည်။

ထိုနေ့သည် ကိုယ့်အတွက် အပျော်ဆုံးနေ့တစ်နေ့ပါ။ လုံချည်တွေလည်း ရသည်။ ပြီးတော့လည်း ဖေဖေနှင့်အတူတူ ဈေးထဲလျှောက်သွားရသည်။ ပြန်ကာနီးတော့ ဖေဖေက ရေခဲမုန့်တစ်ခွက်ပင် ကျွေးလိုက်သေးသည်။
ကိုယ်သည် လုံချည်ထုပ်ကို ကိုင်ရင်း ဖေဖေ့ဘေးမှာ ရင်ဘတ်ကို ကော့၍ လျှောက်လိုက်လာခဲ့လေသည်။

ဆက်ရန်
--------------------
#မင်းလူ

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)