ကို​ဒေါင်း(နဖူးစာ)

#နဖူးစာ
        
“ယောင်ရွှေရစ်ကဲ့၊ ရစ်ရွှေယောင်          
မာမလောင်တဲ့ ၊ မောင်မလာ                     
ပျို့ရွှေနဖာစူး၊ မောင့်ရွှေနဖူးစာ”
(ယက်ကန်းသည် သီချင်းဟောင်း)

အချစ်ဦးကို မမေ့စကောင်း။ ငယ်ကချစ် အနှစ်တစ်ရာ မမေ့သာ။ မည်မျှပင် အရုပ်ဆိုးဆိုး၊ မည်မျှပင် သဘောပုပ်ပုပ်၊ မည်မျှပင် အကျင့်တန်တန် အချစ်ဦးမှန်လာလျှင် နောင်မှအကြောင်းမသင့်၍ ခွဲခွာတန်က ခွဲခွာကြရမည်။ မေ့ဖို့မူကား မဖြစ်နိုင်။ ဇရာထောင်း၍ ဖွတ်ဖွတ်ကြေလျက် ရှိစေကာမူ ငယ်ချစ်၏ အရိပ်အရောင်တို့မှာ ကာလတည်းဟူသော မြုမှုန်တွေအကြားမှ ဝိုးတိုးဝါးတား ပေါ်ထွက်လာတတ်ချေသေးသည်။

ကိုဒေါင်းမှာ အသက် ၄ဝ ကျော်လုပြီ။ အဘိုကြီးသူငယ်ပြန်တို့ပင် အချစ်ဦးကို မမေ့တန်ကောင်းလျှင် စိတ်ပျိုကိုယ်ငယ်နုသော ကိုဒေါင်းမှာ အဘယ်လျှင် ဆိုဖွယ်ရာရှိတော့အံ့နည်း။ စကားအလျဉ်းသင့်တိုင်း “ငါ-ဆယ့်လေး ငါး ခြောက်နှစ်လောက်တုန်းက”ဟူသော စကားဖြင့် ပဏာမ ခံပြီးလျှင် ငယ်ချစ်၏အတိတ်ကို ဆောင်လေ့ရှိသည်။ တစ်ကြိမ်နှင့်တစ်ကြိမ် ပြောဆိုသုံးနှုန်းသော စကားအသွားအလာတို့မှာ  ကွဲပြားခြားနားခြင်းမရှိ။ မဲပြာပုဆိုးပမာသာလျှင်ဖြစ်သည်။ သို့နှင့်မူ အရင်တစ်ကြိမ်က ပြောခဲ့သော ကရုဏာသံနှင့် နောက်တစ်ကြိမ် စမြုံပြန်သော ကရုဏာသံတို့မှာ အဘိဓမ္မာနည်း ပရမတ်သဘောအရ အတူတူဟူ၍ပင် ဆိုရငြားသော်လည်း ကျွန်တော့သဘေအရ အသစ်အသစ်ဟူ၍သာ အောက်မေ့ရပါသည်။ ထို့ကြောင့် ပြောပြီးသားပေပဲဟု နားထောင်မကောင်း မရှိလှပါ။

ဤညကား လကွယ်ညတည်း။ ပြာနှမ်းသော ကောင်းကင်တွင် ဖြူစင်သော ကြယ်ပြောက်တို့မှာ မြ၏အလယ်တွင် စိန်ခြယ်သည့်နှယ် လဲ့လဲ့ဝင်းသော မိုးကုတ်စက်ဝိုင်း၏အောက်တွင် လက်လက်ဖြာနေသော ရွေးမြစ်၏ရေမျက်နာပြင်တို့မှာ ကြယ်ရောင်ဟပ်သဖြင့် တလျှပ်လျှပ်နေသည်။ မှောင်မိုက်သောညဟု ဆိုရစေကာမူ မြစ်ကြောတစ်လျှောက်မှာ ထင်ထင်လင်းလင်း သင်ဖြူးခင်းလျက်ရှိသည်။ ဖွေးဖွေးရိုက်သောလှိုင်းဂယက်ငယ်တို့မှာ ဆားငန်ရည်သတ္တိဖြင့် မီးပန်းထနေလေရကား လွမ်းစရှိသူတို့၏စိတ်ဓာတ်ကို ဖိုးရွှေလမင်းကြီး၏ကိုယ်စား ဖော်ဆွကာ ပေးသကဲ့သို့ ရှိလှ၏။

စပါးသုံးရာပါ သမ္ဗန်ကြီးသည် ကမ်းနံပါး တံတားရင်းတွင် လေးဖက်လေးတန် ချည်လျက်ရှိသည်။ သမ္ဗန်ဦးအဖုံးပေါ်တွင် ကျွန်ုပ်တို့ နှစ်ဦးသား ဆေးပေါ့လိပ်၏အရသာကို ခံစားရင်း စကားမပြောနိုင်ကြဘဲ တစ်ကိုယ်လျှင် အတွေးတစ်ခုစီနှင့် လောကတည်းဟူသော မဟာသမုဒ္ဒရာကြီးကို လက်ပစ်ကွန်မျှမရှိသော ဥာဏ်ကွန်ရက်ငယ်ဖြင့် ဖြန့်၍ အုပ်ကြ၏။ လောက၏သဘောကို မည်သူမျှ မပေါက်မိကြ။ လောက၏အလို ဆွဲငင်ရာကိုသာလျှင် လိုက်ကြရပါသည်။ အဘယ်သို့ ဆွဲငင်ပါသနည်း။ အလွမ်းဖက်သို့ဟု ဝန်ခံပါသည်။ သမ္ဗန်ကြီးသည် လှိုင်းဂယက်ကလေးတွေကို အငြိမ့်စီးရင်း တအိအိရှိ၏။  အဆုံးမရှိသော စကြဝဠာတွင် အစမထင်သောစိတ်တို့သည်လည်း ထိုသမ္ဗန်ကြီးကဲ့သို့ပင် လှိုင်းကလေးတွေကို အငြိမ့်စီးကာ တအိအိနှင့် လွင့်ပါးလျက်ရှိစဉ် တဟူးဟူး တိုက်ခတ်သော တောင်လေသည် ထိုလွင့်ပါးသောစိတ်တို့ကို ဆောက်တည်ရာမရနိုင်လောက်အောင် ပင့်ဆောင်၍ သွားပြန်လေသည်။

ထိုအတွင်း အသံကွဲတစ်ခုသည် ဆိတ်ငြိမ်ခြင်းကို တုန်လှုပ်ချောက်ချားလိုက်လေသတည်း။ ထိုအသံကား “အစိမ်းသက်သက်တော့ အင်မတန်ခက်တယ်ကွ”ဟူသော မဆီမဆိုင် လက်ပံသားကို ဓားနှင့်ချိုင်လိုက်သော ကိုဒေါင်း၏အသံတည်း။

လွင့်ပါးနေသောစိတ်များ၏ ရေယဉ်စီးခြင်းအရသာထူးကို ခံစားနေသော အကျွန်ုပ်မှာ စည်းစိမ်အတော်ပျက်သွားလေရကား “ဘယ့်နှယ်..”ဟူ၍ လွှတ်ခနဲ ထွက်သွားပြီးမှ အလိုက်သိစွာ မြုံ၍နေလိုက်၏။

လောကကြီးသည် ဆိတ်ငြိမ်၍သွားပြန်၏။ သမ္ဗန်ဦးဆီမှ ကိုဒေါင်း၏ဆေးလိပ်မီးသည် ဝင်းပြီးလျှင် မှိန်၍ သွားပြန်၏။ မှိန်သည်နှင့် တပြိုင်နက် “ငါ-ဆယ့်လေး ငါးခြောက်နှစ်လောက်တုန်းက” ဟူသော နိဒါန်းပျိုးသံသည် တောင်လေဝှေ့ယမ်းခြင်းကို ခံပြီးသကာလ ကျွန်ုပ်၏ နားဝသို့ ဝင်လေ၏။

မိမိအဖို့၌ ထိုစကားပလ္လင်သည် မည်သည့်နေရာတွင် နိဂုံးချုပ်မည်ကို သိပြီးဖြစ်၏။ တစ်ဆယ့်လေးငါးခြောက်နှစ်လောက်တုန်ုးက မောင်ဒေါင်းသည် တရှုပ်ရှုပ်နှပ်သုတ်သော ကလေးကျင့် ပျောက်ခါစ လုံချည်ကွင်းသိုင်းပြုတ်၍ လုံချည်မြဲခါစမျှသာ။ ဆရာမ ဒေါ်ရွှေငုတ်၏ကျောင်းတွင် ‘ကောင်ကလေး’ဟူသော ဘွဲ့ထူးသညာဖြင့် အချစ်တော်အရာ၌ ခစားမြဲမြံရလေသည်။ မင်္ဂလသုတ်၊ ပရိတ်ကြီး၊ အပြင်အောင်ခြင်း၊ အတွင်းအောင်ခြင်း၊ နမက္ကာရပါဌ်အနက်တို့ကို ထုံးလိုချေ ရေလိုမနှောက်နိုင်သော်လည်း  ဆရာ့ရှေ့တွင် ကြက်တူရွေး စကားပြောသလို အလွတ်ဆို၍ ပြနိုင်ကောင်းရုံ စာသင်နေသော ကျောင်းသားတစ်ယောက်ပင်။

မောင်ဒေါင်းစာသင်လျှက်ရှိသော အချိန်တွင် ကျောင်း၏ခေါင်းရင်း၌ ကိုစူးဝါး တရုတ်ဆိုင်တစ်ဆိုင်ရှိသည်။ ထိုကိုစူးဝါး၏မယား၌ကား သွေးမစပ်သူ မချောဟုခေါ်သော သူငယ်မတစ်ယောက်ရှိ၏။ ထို မချောကား ကျုံးမငေးမှ ကိုစူးဝါးနှင့် မျက်နှာနာသူတစ်ဦး၏သမီးတည်း။ အသက်နှစ်ဆယ် သီသီကလေးရှိ၏။ ထိုသူငယ်မသည်ကား ကိုဒေါင်းအား လူတို့ကြုံတွေ့ရအံ့သော လောက၏အကြောင်းကို သင်ကြားပေးသော လက်ဦးဆရာပင်လျှင် ဖြစ်လတ္တံ့သတည်း။

တစ်ဆယ့်ခြောက်နှစ်မျှ တင်းတင်းမပြည့်သေးသော မောင်ဒေါင်းသည် တစ်နေ့သော် ထိုသူငယ်မနှင့် တွေ့၏။ တွေ့ပုံကား ပြန်ပြောသူကို ကိုဒေါင်းအဖို့ သူလိုငါလိုပင်တည်း။ ထို့ကြောင့် ကျွန်ုပ်တို့သည် သူငယ် သူငယ်မတို့ ဆုံတွေ့ကြိုက်ချစ်ကြပုံကို ကရွတ်ကင်းလျှောက် စေ့ငရန် လိုတော့မည် မထင်။ အချစ်၏အရသာ ချိုသည် ခါးသည်မျှ မသိရသေးသော လူပျိုပေါက်စကလေးမှာ အစိမ်းသက်သက်မို့ ငိုချင်ရာ လက်တို့ဆိုဘိသို့ ဖြစ်ရှာပေမည်။ တစ်ရွာတကျေးမှ ပြောင်းလာခါစ နေရာသစ်တွင် မပျော်ပိုက်နိုင်သေးသော သူငယ်မမှာလည်း ကျွန်းပင်ကြီးကို မမှီရငြားသော်လည်း ကိုင်းပင်မျှကိုပင် မတတ်သာ တတ်သာ မှီရချေတော့မည်ဟု နှလုံးပိုက်မိဟန်တူသည်။

မောင်ဒေါင်းမှာ ငယ်ကလည်းငယ်သေး၊ ရိုးလည်းရိုးလွန်း၊ ကာလ၏အလိုအသည်ဟုလည်း ဆိုစလောက်ပင်။ မချောမှာ အသက်မငယ်တော့ပြီ။ အတွေ့မရှိသေးသော်လည်း အကြားနှင့်အမြင် ရှိချေပြီ။ ကာလဥာဏ်လည်း မှီချေပြီ။ သို့ပါ၍ ၎င်းတို့နှစ်ဦး  ဆုံကြပြီး ကာလမကြာမြင့်မီ ‘မောင်ဒေါင်း မိန်းမခိုးပြီ’ဟူသောသတင်း ပေါ်ပေါက်လာလေသော် မည်သူ၏အစွမ်းကြောင့်လဲဟု ဝေခွဲရန်ခဲယဉ်းတော့မည် မဟုတ်ပေ။

“မိန်မခိုးတော့ နံနက်စောစော မှုန်တိမှုန်မွှား ဝေလီဝေလင်းကလေးပေါ့ကွာ။ သူမှာသလို လုပ်ရတာကိုး။ သူက အထုပ်အပိုးပိုက်ပြီး မယောင်မလည်နှင့် ကွင်းတန်းကစောင့်၊ ငါက ကျောင်းစောစောကြီး တက်သလို ဘာလိုနှင့် ကွင်းတန်းဘက်ကိုလှည့်သွား၊ သူနဲ့ တွေ့၊ နှစ်ယောက်သား သုသာန်ဘက်ကို သုတ်ကြတာပေါ့။ ချိန်တုန်းကတော့ ညောင်လိမ်ဘက် ပြေးမလို့ ချိန်တာပါပဲ။ သင်္ချိုင်းရောက်တော့ မလင်းတလင်းကလေးမို့ သာလာယံဇရပ် မြင်လိုက်တယ်ဆိုပဲ ကြောက်လာတာပဲ။ ငါကြောက်မှန်းသိတော့ သူက စိမ့်လာတာပေါ့။ ဒါနဲ့ပဲ သူက ‘ဟင့်အင်း ဟိုကိုမသွားတော့ဘူး၊ ရှင့်ဦးလေးအိမ်လိုက်မယ်’ “ဖြစ်ပြန်တာကိုး…”ဟူသော စကားစဉ်တို့ကား ကိုဒေါင်း၏ပါးစပ်မှ လေးလေးတွဲ့တွဲ့ ဖင့်ဖင့်နွဲ့နွဲ့ ဆိုင်းဆိုင်းတွတွ တစ်လုံးစီ တစ်ပါဒစီ ထွက်၍လာသော စကားသံများပင်တည်း။

ထိုစကားသံများမှာ လေရှိန်ယူရန်ပေလားမသိ၊ ခဏတာမျှ ရပ်စဲသွားလေသည်။ ထိုခဏတာကလေးကို မိမိစိတ်၌ အကြာကြီးပဲဟု ထင်လိုက်မိ၏။ ထိုအကြာကြီးဟူသော အတောအတွင်းတွင် နံနက်မှုန်ရီရီဝယ် မောင်ဒေါင်းတို့ မောင်နှံစုံ သာလာယံဇရပ်နားမှာ ကြောက်ဆုတ် ကြောက်ဆုတ်နှင့် ကြည့်တိကြောင်တောင်ဖြစ်၍ အားနွဲ့နေကြရှာပုံကို အာရုံစောမိပါသည်။

ရှဲခနဲမြည်၍ ဝင်းကနဲ အရောင်ဖြာပြီးလျှင် ကိုဒေါင်း၏ပါးစောင်တွင် ခဲထားသော ဣစ္ဆိတံမြမြ ဆေးလိပ်သည် မီးညှိသွားပြီးနောက် “ဒါနဲ့ ငါ သူ့ကို ဦးလေးအိမ်ခေါ်သွားရတာပေါ့”ဟု ကိုဒေါင်းသည် မီးအရှိန်ရအောင် ဆေးလိပ်ကို ခပ်ဆတ်ဆတ်ဖွာရင်း ဆက်လက်ပြောပြန်လေ၏။

မောင်ဒေါင်းတို့နှစ်ဦးသား အိမ်ရောက်ကြသော် အံ့သြသော ဦးလေးမှာ “မင်းကလားကွယ်- ငယ်ငယ်ရွယ်ရွယ်နဲ့ မိန်းမခိုးရတာ”ဟု ရင်တီးကာ ဆီး၍မြည်၏။ အပြစ်တော်တင်၏။ ကြင်နာမိသော အဒေါ်မှာ တူမလောင်းကို “မိန်းကလေး လာ…. လာ”ဟု ယုယစွာ ခေါ်၏။ တူမလောင်းအပေါ်တွင် အချစ်တော်ဝင်လိုက်၏။

မိန်းမခိုးသူတို့၏ ထုံးတမ်းစဉ်လာ နည်းနာနိဿယ နယုပဒေသတို့ကို နားမလည်ရှာသော မောင်ဒေါင်းကား ခြေမကိုင်မိ လက်မကိုင်မိ မျက်နာမထားတတ် ရှိုးတိုးရှန့်တန့်နှင့် ပျာလောင်ခတ်၍   ဂဏှာမငြိမ်ဖြစ်ရရှာသည်။ အတန်ကြာသော် ဟာနေသော ဝမ်းကို လက်ဖြင့်ထွေး၍ “ဆာတယ်၊ မုန့်သွားဝယ်ချေအုံးမယ်”ဟု မယားလောင်းအား ပန်ကြားပြီးသော် အိမ်မှ ထွက်ခဲ့လေသတည်း။

“အဲဒိတုန်းကကွာ … ကျောင်းနားကို ဘာဖြစ်လို့ ရောက်သွားလဲမသိဘူး။ ကျောင်းနားမှာ ရစ်ရစ်နေတာကို ဆရာမ မြင်လိုက်တယ်ဆိုရင်ဘဲ ‘ဟဲ့ ကောင်လေး ကျောင်းတက်ပြီ။ နင်စာမအံတော့ဘူးလား’လို့ ငေါက်လည်းငေါက်လိုက်ကရော ငါလည်း ကျောင်းပေါ်ကို ဘယ့်နှယ့် ဘယ့်နှယ့် ရောက်သွားသလဲ မဆိုနိုင်ပါဘူးကွာ”ဟု ပုစ္ဆာတစ်ခုလုံး လုပ်ခဲ့ပြီးမှ ဂဏာန်းပေါင်းမှားသည်ကို သိရသော ကျောင်းသားငယ်၏ မကျေမချမ်းဖြင့် ပြောပြကာ တောက်ခေါက်လေ၏။

မောင်ဒေါင်းသည် ဤသို့ စာအံနေစဉ် ကိုစူဝါး ကျောင်းရှေ့၌ ခေါက်တုံ့ခေါက်ပြန် ပျာလောင်ရိုက်နေသည်ကို မြင်၏။ အကြောင်းကို သိ၍ ဣနြေ္ဓမပျက်နေ၏။ ကိုစူးဝါးမှာ သူငယ် သူငယ်မတို့၏အကြောင်းကို ရှေးမဆွကပင်လျှင် ရိပ်မိပြီးဖြစ်ရကား ‘ဧကန ္တ မောင်ဒေါင်းကလေးပဲ’ဟု တပ်အပ်စွဲလို၏။ သို့သော် ‘ဘယ့်နှာပါလိမ့်၊ ကောင်ကလေးလည်း စာအံလျက်ပင်၊ သူခိုးမိသော်လည်း ခိုးရာပါပစ္စည်းကိုမတွေ့၊ အတွေးရကျပ်ပါဘိ၊ စိတ်အိုက်ပါဘိ’ ဤသို့စဉ်းစားရင်း ခေါင်းကုတ်ကာ အိမ်သို့ ပြန်၏။ မောင်ဒေါင်းကား စာအံလျက်ပင်။

ကိုစူးဝါး ဆိုင်သို့ ရောက်ပြန်လျှင် မောင်ဒေါင်း၏ဦးလေး ရောက်နေသည်ကို တွေ့ရ၏။ ဦးလေးလုပ်သူကား ကိုစူးဝါးတို့နှင့် မျက်နှာအလွန်နာသူတစ်ဦးပင်။ နောက်ဆုံး၌ ဖြစ်သော်ရှိ၊ မဖြစ်သော်ရှိ။ ကိုယ်အရင်သိလျက်နှင့် မပြောဘဲထားလျှင် မျက်နာပူစရာ။ ထို့ကြောင့် အကြောင်းကို မထိမ်ဝှက်ဘဲ လာရောက်တိုင်ကြားရခြင်း ဖြစ်လေသည်။ နှစ်ဦးသား တီးတိုးနှင့် ခေါင်းချင်းရိုက်ပြီးသော် ဦးလေးဖြစ်သူ ခပ်သုတ်သုတ်ပြန်၏။ တစ်အောင့်ကလေးမျှမရှိခင် ကိုစူးဝါး ခပ်သုတ်သုတ်လိုက်၏။ မောင်ဒေါင်း မမြင်မိလိုက်။ စာအံ၍ ကောင်းတုန်းပင်။

ယခုအခါ၌ မောင်ဒေါင်း၏ဦးလေးအိမ်တွင် ကိုစူးဝါးရောက်နေချေပြီ။ မချောကို အတွင်သား ခေါ်လျက်ရှိချေပြီ။ တစ်ခါဖြင့် ခက်ကြပြီ။ ငါ့မျက်နာကို အိုးမည်းမသုတ်ပါနဲ့ ဆိုပါကလား။ အားနာနာနှင့် ကောင်မလေး ပြန်လိုက်သွားလိမ့်ထင့်။ အို မဟုတ်သေးဘူး… မဟုတ်သေးဘူး…။ ကျွန်မကို ဘယ်သူခေါ်ခေါ် မလိုက်ဘူးတဲ့။ ကျွန်မကို ကျွန်မယောကျာ်း ကိုဒေါင်းခေါ်လာတယ်ဆိုပဲ။ သူ့ကိုကြိုက်လို့ ကျွန်မလိုက်လာတယ်လည်းဆိုရဲ့။ အင်း ....အင်း တော်တော်သွက်တဲ့ ဟာမကလေးပဲ။ သည်အတိုင်းသာဖြင့် မောင်ဒေါင်းမှာ ပူစရာမရှိ။ သင်းကလေး မလိုက်လျှင် သူတို့ ဘာမျှမတတ်နိုင်။

သို့ရာတွင် ဆိုစရာတစ်ခုရှိပါသေးသည်။ ကံဆိုသည်မှာ ဆန်းလည်းဆန်း၊ ကြယ်လည်းကြယ်၊ လူကံ-လူကံ-လူကံ ဟု သုံးခွန်းတိတိမြည်လိုက်လျှင်ပင် တရုတ်စကားဖြစ်တတ်သည်။ သြော် ဆန်းကြယ်လှလေစွ။ အိပ်ရာထ မုန့်ဆာတုန်း မုန့်သည်လာသည်လည်း ကံ၊ မုန့်စားတုန်း ပါးစပ်အဟ ကျီးထိုးခံရသည်လည်း ကံ၊ ဤသို့လျှင် ကံဆိုသည်မှာ ‘မတော်တဆ’ဟူသော ကာလသုံးစကားကို ပိုမိုလေးနက်စေရန် လောကကြီးကို ပြုပြင်ဖန်တီးနေသော အရာဖြစ်သည်။ ဒိဌိအယူ၌ ကံဆိုသည်မှာ ဘုရားပင် လက်မတင်ကလေးအလိုမှာ တစ်စုံတစ်ခု ‘မတော်တဆ’ဖြစ်လိုက်သည်ပင်လျှင် ဘုရား၏အလိုပဲဟု ယူဆလိုက်ရသည်။ ထိုမတော်တဆဖြစ်လိုက်ခြင်းကို ‘ကံအားလျော်စွာ’ဖြစ်သည်ဟု ခေါ်ဆိုရလေသည်။ ထို့ကြောင့် ‘မတော်တဆ ဟူသည် လည်းကောင်း၊ ‘ကံ’ဟူသည် လည်းကောင်း၊ ‘ကမ္ဘာကိုဖန်ဆင်းသော ဘုရား’ဟူသည်လည်းကောင်း အကြမ်းအားဖြင့် ပြောရလျှင် ကုလားနှင့် အရာကြီး အတူတူပင် ဖြစ်သကဲ့သို့ ရှိချေသည်။

မောင်ဒေါင်း၏နဖူးစာမှာလည်း ထို ‘မတော်တဆ’များ၏ ဖန်တီးချက်နှင့် မကင်းနိုင်။ ကံပြုပြင်ရာ ခံရပေမည်။ သို့ဖြစ်၍ ၎င်း၏နဖူးစာမင်ရည် ကျဲသည် ပျစ်သည် ဤနှစ်လီကို အတည်တကျ မဆိုနိုင်သေး။ စောင့်၍ ကြည့်ရှုကြစမ်းပါဦး။ အချက်ထဲကျမှ မချောကို ကိုစူးဝါးက ဖျောင်းဖျခေါ်ငင်နေဆဲမှာပင် မချော၏အစ်မတော်နှင့် ခဲအိုတော်များ ရောက်လာကြပါသည်။ ရောက်ရောက်ခြင်းပင် ကိုစူးဝါး၏မိန်းမက ဖြစ်သမျှအကြောင်းကို နာရီမဆိုင်း မိနစ်မဆိုင်း ဇာတ်ရင်းလှန်ရလေသည်။ ရောက်ခါစ ဧည့်သည်တို့မှာ ထိပ်မြွေကိုက်ဖြစ်၍နေစဉ် ဖဲရှုံးသောယောကျာ်း၏ မသာယာသောမျက်နာဖြင့် ကိုစူးဝါးပြန်လာသည်နှင့် အဆင်သင့်၍ ကိုစူးဝါးအား လာရင်းလမ်းသို့ ပြန်လှည့်စေပြီးသော်  မချောရှိရာသို့ ဇောင့်ဇောင့်နှင့် အားသွန်၍ လိုက်ကြလေသတည်း။

မချောကား ငြင်းဆန်လျက်ပင်။

“အစ်မကြီးရယ်၊ အစ်မကြီးတို့လည်း ပျိုရာကအိုခဲ့ကြပါပြီ၊ ကိုယ်ချင်းစာပါဦး၊ သူ့ကို ကြိုက်လွန်းလို့ လိုက်ခဲ့ရတာပါ။ ကျုံးမငေးကို ကျွန်မ ပြန်မလိုက်ပါရစေနဲ့”ဟု တောင်းပန်ရိုကျိုးသော ရူပါရုံ၊ သနားစဖွယ်သော သဒ္ဒါရုံတို့ဖြင့် လက်စုံမိုး၍ ရှစ်ခိုးကာ အသနားခံလေ၏။ ထိုအခါ အစ်မတော်က “နင်ကလားဟယ် ငါတို့ကို ကိုယ်ချင်းစာပါလေ့ ဘာလေ့နဲ့”ဟု အံကြိတ်ပြီးလျှင် “ဟင်-ဖိနပ်စာမ”ဟု ဆို၍ ခြေဖြင့်ကန်၏။ “သေခြင်းဆိုးမ”ဟုပြော၍ ဖနောင့်နှင့်ပေါက်၏။ “ကမြင်းမ”ဟု ပေါင်တွင်းကြောလိမ်၏။ “မှတ်ကရောဟဲ့”ဟု နှုတ်ခွန်းတော်ချွေပြီးလျှင် ပါးကို ဖိနပ်စာကျွေး၏။ “လာ… လိုက်ခဲ့”ဟု ဒလကြမ်း ဆွဲခေါ်လေ၏။ မောင်ဒေါင်း၏ ဦးလေးနှင့် အဒေါ်တို့မှာ မချောကို ဒရွတ်ဆွဲသဖြင့် ကျန်ရစ်သောလမ်းကြောင်းကလေးကို ပါးစပ်အဟောင်းသားနှင့် ဝမ်းနည်းပက်လက် ကြည့်လျက်သာနေကြရကုန်၏။ ဘာကိုမျှမတတ်နိုင်၊ မချော၏အစ်မနှင့် ခဲအိုတို့ကား မချောကို အပါခေါ်၍ နေရပ်သို့ ချက်ချင်းပင် သုတ်ခြေတင်ကြလေသတည်း။

မောင်ဒေါင်းကား စာကိုကုန်း၍အံဆဲပင်။ စာထဲသို့ကား စိတ်မ​​ရောက်။ မချောကိုသတိရခြင်းနှင့် ဆရာကိုကြောက်ရခြင်းတို့မှာ မောင်ဒေါင်း၏နှလုံးသားထဲတွင် နပန်းသတ်၍ နေကြကုန်၏။ လက်ဝှေ့ထိုး၍ နေကြကုန်၏။ ချစ်စိတ်မှာ ကြောက်စိတ်အောက်တွင် ပိ၍ပြား၍နေ၏။ တစ်ခါတစ်ခါ မောင်ဒေါင်းသည် ချစ်စိတ်၏လှုံဆော်အားပေးခြင်းဖြင့် ဇွတ်နှစ်မည်ကြံ၏။  ဤသို့ ကြံမိတိုင်းကြံမိတိုင်း ကျက်သရေရှိငြားသော်လည်း တင်းမာခက်တရော်လှသော ဆရာမ၏မျက်နာနှင့် ငါးတောင်ခန့် ရှည်သော ထားဝယ်ကြိမ်တို့ကို ပြေး၍မြင်၏။ မြင်တိုင်းမြင်တိုင်း လန့်၍၊ ဖျပ်၍၊ ကြောက်၍၊ စိမ့်၍သွား၏။ ကြောက်ရင်း၊ လန့်ရင်း၊ ဖျပ်ရင်း၊ စိမ့်ရင်းနှင့်ပင် ကျောင်းဆင်းခေါင်းလောင်းထိုးလေသည်။ ထိုးသည်နှင့် တစ်ပြိုင်နက်တည်း အိမ်ဂေဟာသို့ ဝဠာဝေဟင်တွင် သိန္ဓောမြင်း နှင်သည့်နှယ် အတွင်သား ဒုန်းစိုင်းလေ၏။

ဒုန်းစိုင်းရသော်လည်း အလဟဿပင်။ အိမ်ရောက်သော် ရွှင်ပြုံးစွာ ဆီးကြိုနှုတ်ဆက်အံ့သော မချောကို မတွေ့ရ။ တရှုပ်ရှုပ်နှင့် ငိုနေသော အဒေါ်၊ ငါမှားပြီဟု ညည်းနေသော ဦးလေးတို့ကို သာလျှင် တွေ့ရတော့၏။ အဝေးမှပြေးလာ၍ အမောဆို့နေသည့်အတွင်း အကြောင်းစုံကို ကြားရသောအခါ တက်တော့မလာက်ဖြစ်သွား၏။ ပင့်သက်ကြီး ရှူမိ၏။ သက်ပြင်းကြီးချမိ၏။ တောက်ခေါက်မိ၏။

ယခုလိုဆိုလျှင် ဦးလေးကို ထောင်းရတော့မလိုလို၊ ကံကို ရိုးမယ်ဖွဲ့ရတော့မယောင်ယောင်၊ တောင်မကိုင်မိ မြောက်မကိုင်မိ၊ မကြံတတ် မစည်တတ်၊ ဟစ်၍ ငိုရကောင်းနိုးနိုး၊ လှိမ့်၍ လူးရဟန်နိုးနိုး၊ အကလေးသဖွယ် ခြေကိုထိုး၍ ငါ့ဟာပေးဟု တောင်းရမည်လည်း အခက်၊ လူကြီးသဏ္ဍာန် မိုးစွန်တမွတ် ကြယ်ကိုဆွတ်မည်ဟု အားမာန်တင်းရမည်လည်း လူကြီးက မပီသေး။

ထိုင်ချည် ထချည်၊ လှဲချည် လျောင်းချည်နှင့်ပင် နံနက်စာ စားရမှန်းမသိ၊ ညစာကိုလည်း သတိမရ။ တစ်အိမ်လုံး ရပ်တည်ရာ ကိုးကွယ်ရာ ခိုလှုံရာ မရှိတော့ပြီ။ ဆေးပေါ့လိပ်ကိုအတွင်ဖွာ၍  အတွင်သာ မှိုင်နေရတော့၏။ နေဝင်ရီတရော အချိန်၌ ငေးနေသော မောင်ဒေါင်း၊ လူငယ်ခေါင်းချချိန်၌ တွေဝေနေသော မောင်ဒေါင်း၊ လူကြီးခေါင်းချချိန်၌ တွေဝေနေသော မောင်ဒေါင်း၊ သန်းခေါင်ယံ၌ သုန်နေသော မောင်ဒေါင်း၊ ကြက်ဦးတွန်၌ မှုန်နေသော မောင်ဒေါင်း၊ အချိန်သာပြောင်းရမည် မောင်ဒေါင်းမှာ ဤအနေဖြင့် ဆွေးပင်လယ်ဝေရလေသည်။  တစ်ညလုံးလုံး သစ်သားအုံးကိုမှီ၍ မြူတိမ်ကင်းစင်သောမိုးကောင်းကင်ကို မရှုစိမ့်သောမျက်လုံးတို့ဖြင့် အကြောင်သား ကြည့်လျက် မချောကို ဘလိုရှာရပါ့မလဲဟု တွေးတောနေ၏။ ဘယ်လိုကြံရပါ့မလဲဟု စဉ်းစားနေ၏။ ဤသို့ ဥာဏ်ထုတ်သော်လည်း ဘာတစ်ခုမျှမကြံတတ်ကြောင်းကို သိရလေ၏။ အပူတကာ့ အပူတွင် သည်လိုအပူမျိုးဖြင့် လောကကြီးမှာ ရှိမည်မထင်။ ဆွေမျိုးသားချင်း သေဆုံးသောအပူမျိုးနှင့်လည်းမတူ၊ တစ်အူထုံ့ဆင်း မောင်ရင်းနှမ ဆုံးရှုံးရသော အပူမျိူးနှင့်လည်း မဆင်၊ မွေးသမိခင် မွေးသဖခင်တို့နှင့် သေကွဲရှင်ကွဲ ကွဲရသောအပူမျိုးကဲ့သို့လည်း မဟုတ်၊ ဝမ်းတွင်းမီး ဟုန်းဟုန်းတောက်၍နေ၏။ ကမ္ဘာမီးလောင်သည့်နှယ်။

ရက်တို့သည် လွန်၍လွန်၍သာသွားချေပြီ။ ဘယ်နှစ်ရက်လွန်ခဲ့ပြီကို မောင်ဒေါင်းမမှတ်မိ။ မချောတစ်ယောက် လက်သို့ရောက်ကာမှ ကြက်ဥအစပျောက် ပျောက်၍သွားသည်ကိုသာလျှင် အစဉ်သတိရလျက်ရှိ၏။ တစ်နေဝင်မြင်နိုးနိုး၊ တစ်မိုးသောက်ရောက်နိုးနိုးနှင့်ပင် တစ်နိုးတည်း နိုးရရှာ၏။ မချောကား မပေါ်လာတော့ချေ။ အစဉ်သဖြင့် ရွှင်ပျခဲ့သော မျက်နာမှာ ညှိုးငယ်နွမ်းရိရချေပြီ။ အစဉ်သဖြင့် ကြည်လင်ခဲ့သော မျက်လုံးတို့မှာ အရောင်အဆင်း ကင်းမဲ့ရချေပြီ။ အစဉ်သဖြင့် ဖျက်လတ်ပေါ့ပါးခဲ့သော ခြေလက်တို့မှာ လေးကန်ဖင့်နွဲ့ရချေပြီ။ မောင်ဒေါင်းသည်သာလျှင် ဖြူဖြူဖွေးဖွေး မင်းသားကလေးဖြစ်ခဲ့ပါမူ ဤနေရာ၌ မောင်ဒေါင်းအား နေလောင်သော ကြာပဒုံ၏ ဥပမာဖြင့် ခိုင်းနှိုင်းလိုကြပေမည်။ သို့ရာတွင် ကျွန်ုပ်တို့၏ မောင်ဒေါင်းမှာ ပြောင်တင်းသောဦးပြည်းနှင့် မည်းကြူတ်သော အသားအရေတို့ကို ဆောင်နှင်းလျက်ရှိလေရကား ထိုဥပမာ လှလှချောချောကလေးနှင့် ဆက်သွယ်ခိုင်းနှိုင်းခြင်းမပြုနိုင်။ သို့ရာတွင် မောင်ဒေါင်း၏ဖြစ်ပုံကို မြင်ရသူအပေါင်းတို့မှာ မောင်ဒေါင်းအား မင်းသားဖြူဖြူဖွေးဖွေးကလေးမို့ သနားရသည်ထက်ပို၍ သနားကြမိပေလိမ့်မည်။ မဆိုင်သူအပေါင်းတို့ပင် သနားမိမည် ဧကန်ဖြစ်လျှင် သွေးသားစပ်သူ ဦးလေးနှင့် အဒေါ်တို့မှာ ဆိုဖွယ်ရာမရှိပြီ။ နေမြင့်လေ အရူးရင့်လာသော မောင်ဒေါင်း၏ ဖြစ်ထွေကို မျက်စိအောက်တွင် မကြည့်နိုင်ရှာတော့ပြီ။ သို့သော် သက်သာဖွယ်နည်းလမ်းကိုလည်း မတွေးတတ်အောင် ရှိတော့သည်။ ရေပြောင်းမြေပြောင်းဆိုလျှင် မေ့ကောင်းမေ့ပေလိမ့်မည်။ သို့ဖြစ်၍ လွမ်းရဆွေးရသော ဒုက္ခအပေါင်းတို့မှ ခဏတာမျှဖြစ်ဖြစ် လွတ်ငြိမ်းစိမ့်ငှာ မောင်ဒေါင်း၏ဖခင်ရှိရာ ကညင်ကုန်းသို့ စာနှင့် အကျိုးအကြောင်း ရေး၍ မောင်ဒေါင်းကို လွှတ်လိုက်ရလေသတည်း။

ပရံပရချဖူးသော ရေစက်အဟုန် မကုန်သေးသည်ဖြစ်ရကား ကညင်းကုန်းသို့ ရောက်လျှင်ပင် မောင်ဒေါင်းသည် တစ်ခါဖူးမျှ မမျှော်လင့်ခဲ့မိသော သဲလွန်စကို ဤသို့ရရှိလေ၏။ မချောတို့ ကျုံးမငေးသို့ သွားရသည်မှာ သင်္ဘောနှင့်မဟုတ်ကလား။ သမ္ဗန်နှင့်ဖြစ်သဖြင့် ကညင်ကုန်းသို့ရောက်လျှင်ပင် အချိန်အတော်လင့်သွားလေသည်။ သို့ဖြစ်၍ ကညင်ကုန်းမှာ ဝင်၍ နားရသည်။ မောင်ဒေါင်း၏ဖခင် ကညင်ကုန်းတွင်ရှိကြောင်း အစင်းသိသူ မချောမှာ ကညင်သို့ ဝင်သည်နှင့်တစ်ပြိုင်နက် ကုန်းပေါ်သို့တက်၍ မောင်ဒေါင်း၏ဖခင်အိမ်တွင် အတင်းဝင်ခိုလေသည်။ နောက်သော် အစ်မကြီးဖြစ်သူက ရွာကိုနင်း၍ရှာသောကြောင့် မိရလေရကား မတတ်သာ၍ မာနကိုလျော့ပြီးလျှင် ခေါ်ရာသို့ လိုက်ရပြန်လေသည်။ သို့သော် မောင်ဒေါင်း၏ဖခင်ကိုမူကား အကြောင်းမျိုးစုံ စုံလင်အောင်ပြောကြားပြီးလျှင် မောင်ဒေါင်းရောက်လာပါက ၎င်းထံသို့ ဆက်ဆက်လိုက်ခဲ့စေရန် နေရပ်အပြည့်အစုံတို့ဖြင့် တတွတ်တွတ်မှာကြားခဲ့လေသည်။

မောင်ဒေါင်း၏ဖခင်မှာကား မပိုင်ရသေးသော ချွေးမကို ဤနည်းဖြင့် လက်လွှတ်ရရှာသည်။ မောင်ဒေါင်း မိမိအိမ်သို့ရောက်သော် အကြောင်းကုန်ပြောပြီးနောက် “မင်းငယ်ပါသေးတယ်ကွာ၊ မိန်းမ စိတ်မကူးပါနဲ့ဦး”ဟူ၍သာ အချိုနှင့်သတ်ထားလိုက်ရလေတော့သတည်း။

အချိုနှင့်သတ်သတ်၊ အခါးနှင့်သတ်သတ်၊ သဲလွန်စကို ရပေမင့်ကပဲ။ သင်းကလေးကိုမတွေ့လျှင် လောကကြီးမှာ မနေတော့ပြီ။ သူ့အတွက် ဘာပဲဖြစ်ဖြစ် တစ်ချက်တော့စွန့်ဦးမည်ဟူသောမာန်ကို နှလုံးသွင်း၍ မောင်ဒေါင်းသည် အလစ်ကိုချောင်းနေလေ၏။ တစ်နေ့သော် ချက်ကောင်းတွေ့၏။ တွေ့သည်နှင့်တစ်ပြိုင်နက် ဖခင်၏ကျွန်းသေတ္တာကို ဓားနှင့်ကပ်၍ ပတ္တာခွာပြီးသော် အလိုရှိသလောက်ငွေကိုယူ၍ နေရာတကျ ပြန်ပိတ်ထားလိုက်၏။ နောက်တစ်ညသော် မောင်ဒေါင်းတစ်ယောက် ပျောက်သွားလေတော့သတည်း။

* * *   
 
ကျုံးမငေးစျေး သံဖြူတန်းတွင် ခေါင်းပြောင်ပြောင် အသားမည်းမည်းနှင့် လူခပ်ပါးပါးတစ်ယောက် နေပူကျဲကျဲတွင် ယောင်လည်လည်နှင့် ရှိနေသည်။ ထိုသူသည် တစ်ခုသော သံဖြူဆိုင်အနီး ခုံတန်းလျားကလေးပေါ်သို့ လေးလံသောဝန်ထုပ်ကြီးကို မနိုင့်တနိုင် ပစ်ချလိုက်ရသည့်ပမာ မိမိ၏သေးငယ်သောခန္ဓာကိုယ်ကလေးကိုပစ်ချလိုက်လေသည်။  ထိုအခါ တဒေါက်ဒေါက်နှင့် သံဖြူပြားတစ်ခုကိုခတ်နေသော သံဖြူဆရာက အမှတ်မဲ့ မော်၍ကြည့်လိုက်သည်။ သို့သော် အားမရသဖြင့် ဒန်းကိုင်းမျက်မှန်ကို နဖူးပေါ်သို့မ,တင်ပြီးလျှင် တစ်ဖန်ကြည့်ပြန်သည်။ အကြည့်ခံရသူပုံပန်းကား နွမ်းရိစိတ်အိုက်သောပုံပန်းတည်း။ သံဖြူဆရာ့စိတ်ထဲ၌ ဧကန ္တ တစ်ခုခုပဲဟု ထင်လိုက်၏။

ခေတ္တမျှ တစေ့တစောင်း အရိပ်အဆင်ကြည့်ပြီးလျှင် နှုတ်ယားလာသည်နှင့် “မောင်က ဘယ်ကတုံး၊ မောင့်ကို အရင်က မမြင်ဖူးပါကလား၊ ဘာကိစ္စနဲ့ ဘယ်ကိုသွားမလို့လဲ”ဟု အဖြေမစောင့်ဘဲ မေးခွန်းတို့ကို လောကာ ဆင့်မေးလိုက်၏။

အမေးခံရသူကား ‘သည်လူကြီးဟာ ဘာကြောင့် သည်လောက်တောင်မေးရပါလိမ့်’ဟူသောမျက်နာထားဖြင့် တစ်အောင့်လောက် တွေဝေနေဘိ၏။ ပြီးမှ သံဖြူဆရာ၏မျက်နာတွင် အားကိုးခင်မင်လောက်သော အရိပ်နိမိတ်တို့ကို မြင်မိလေရာ ‘ငါ့အကြောင်းတွေ အကုန်ပြောလိုက်ရကောင်းမလား’ဟု စဉ်းစားလိုက်ပြန်၏။ စဉ်းစား၍မဆုံးခင် “နတ်ထိပ်က မချောကိုတွေ့ချင်လို့ လာခဲ့တာပဲ ခင်ဗျာ။ ကျွန်တော့်မှာ သည်ကို တစ်ခါမှလဲ မရောက်ဖူးဘူး။ အသိအကျွမ်းလဲမရှိလို့ ဘယ်ကိုသွားလို့ ဘယ်မှာရှာရမှန်းလဲ မသိပါဘူးခင်ဗျာ”ဟုလေးလေးဆေးဆေး ပြော၏။

သံဖြူဆရာကြီးက လူပါးပေပဲ။ ‘မချောတွေ့ချင်လို့ ဆိုလျှင်ဖြင့် ဧကန ္တ ရှာပုံတော်စခန်းသွားနေတဲ့သူနဲ့တူလေရဲ့'ဟု တွေးမိ၍ ကိုယ်ချင်းစာမိ၏။ သနားမိ၏။ “မောင်ရယ် ...ဘကြီးကိုတွေ့ရတာ နတ်မတာပဲ အောက့်မေ့ပေတော့၊ သိလား။ သူများတကာနဲ့ဆိုရင် မောင့်ကို မဟားတရားလုပ်မှာပဲ။ ကျုံးမငေးက အရှုပ်သား။ ဟော-နတ်ထိပ်ဆိုတာ ဟောသည်ကနေပြီး ဟောသည်လို သွားရတယ်ကွဲ့။ မချောတော့ ငါမသိဘူး။ ဟိုကျမှ မေးစမ်းကြည့်ပေတော့” ဟု ဒန်ရည်သုတ်မျက်မှန်ကြီးကို ဝင့်ကာဝင့်ကာ လမ်းညွှန်လိုက်လေ၏။

ယခုအခါ မောင်ဒေါင်းသည် သတ္တဘာဂသံဖြူဆရာ၏ နတ်လမ်းညွှန်ချက်ဖြင့် နတ်ထိပ်တွင် ယောင်ပေပေဖြစ်၍နေသည်ကို တွေ့နိုင်ပါသည်။ ပျဉ်ထောင်ပျဉ်ခင်းနှင့် အိမ်တစ်အိမ်၏ရှေ့တွင် ဆုတ်ဆုတ်ဆိုင်းဆိုင်းနှင့်နေပါသည်။ ၎င်းနောက် တစ်အောင့်မျှတွေနေပြီးလျှင် ၎င်းအိမ်သို့ စိုက်စိုက်နှင့်ဝင်သွားသည်ကိုလည်း တွေ့နိုင်ပါသေးသည်။ ရောက်ပြီးသည်နှင့်တပြိုင်နက် “ဘာကိစ္စပါလဲရှင်” ဟုဆီးမေးလိုက်သော မိန်းမသံတစ်ခု ထွက်ပေါ်လာပြီးနောက် “မချောဆိုတာ ကျွန်မပါပဲ” ဟူသော ထိုမိန်းမသံကပင် ထပ်ဆင့်လိုက်သည်ကိုကြားရပါသည်။ အသံရှင်မှာ ဝဝတုတ်တုတ်၊ မျက်နှာပြည့်ပြည့်၊ အသက်လေးဆယ်နီးပါးခန့်။ လိုအပ်သောအသံပိုင်ရှင်ကား ပိန်ပိန်ပါးပါး၊ အသားလတ်လတ်၊ မျက်နှာသွယ်သွယ်။ လွဲချေပြီ။ ထို့နောက်တစ်ဖန် “မချောတော့ မချောပဲ။ နို့ပေမယ့် ကျွန်တော်တွေ့လိုတဲ့မချော မဟုတ်သေးဘူးခင်ဗျာ့”ဟု မောင်ဒေါင်း၏ တုံးတိတိအသံကို ကြားရပြန်လေသည်။

ထိုအခါ ဝဝတုတ်တုတ်မချောက ခစ်ခစ်မြည်အောင် ရယ်လိုက်ပြီးမှ “သြော်.. ကိုရွှေဖိုးရဲ့ ၊ သူတွေ့ချင်တဲ့မချောက ဟိုဘက်အိမ်ကမချော ထင်ပါရဲ့”ဟု လင့်ဘက်သို့စောင်းငဲ့ကာ ပြောပြီးလျှင် “သူတို့ ကျိုက်လတ်ပြောင်းသွားပြီ”ဟု မောင်ဒေါင်းဘက်သို့လှည့်၍ နတ်လမ်းညွှန်ပြန်သတည်း။

ဤသို့ကြားလိုက်သည်နှင့်တပြိုင်နက် မောင်ဒေါင်းသည် ကျိုက်လတ်သို့ ကုလားသမ္ဗန်ဖြင့် နေ့ချင်းပင် (၎င်းပြန်ပြောသလို ပြောရမယ်ဆိုလျှင်) ဆောင့်လေသတည်း။

ကျိုက်လတ်သို့ မအေမွေးတည်းက တစ်ခါမျှမရောက်ဖူး။ ‘နေဧ’ များပေါကြောင်းကိုကား မအေမိဖများ ခဏခဏ ပြောသံကြားဖူးသည်။ ကျိုက်လတ်တွင် အသိမိတ်ဆွေလည်းမရှိ။ ဆွေမျိုးဥာတိဆိုသည်မှာ နတ္ထိ။ ဟယ်… သို့သော်လည်း နတ်တို့ဖန် ရေကန်အသင့်ကြာအသင့်ပေါ့။ ဝေးလံလှတဲ့ကိုယ့်မြို့ကိုယ့်ရွာက သည်ကိုတောင် ဘယ်သူ့အကူအညီမျှမရဘဲ ရောက်ရသေးတာ။ ဘာကြောက်စရာတုံး။ စျေးနားလျှောက်လျှင်ဖြင့် အသိတစ်ယောက်ကောင်း နှစ်ယောက်ကောင်းတော့ တွေ့လေဦးမပေါ့။

ကဲ . . . လျှောက်ပါပြီတဲ့။ အသိရှာလေ မတွေ့လေ။ မတွေ့လေရှာလေ။ ရှာလေမတွေ့လေ။ ​ရော် . . . သည်တခါခက်တော့တာပဲ။ ဝမ်းကလည်းဟာလာပြီ။ ထမင်းပါ စားသောက်ပြီးမှ မြို့ထဲကိုတစ်ပတ်ကျော့ပြီး ရှာလိုက်ရဦးမည်။ ဟိုရှေ့က ထမင်းဆိုင်ဖြင့် လူခပ်စည်စည်ပဲ၊ ဝင်လိုက်ဦးမှ။

ဤသို့တွေးတောရင်း ထမင်းဆိုင်ဖက်သို့ ခြေဦးအလှည့်တွင် လူတစ်ယောက်နှင့် ပခုံးချင်းယှဉ်၍ တိုက်မိရာ အောင့်သက်သက်ကလေးဖြစ်သွားသဖြင့် လှည့်၍အကြည့် “ဟဲ့ သည်ကောင်ကလေး၊ နင် ဘာကိစ္စနဲ့ ဒီကိုရောက်လာတာလဲဟင်…” ဟုအံ့သြ၍မဆုံးသောမျက်နာထားဖြင့် မေးလိုက်သောမောင်ဖိုးဝကို ပက်ပင်းပါတွေ့လေရာ “အောင်မယ်လေးကိုဖိုးဝရယ်၊ ခင်ဗျားကိုတွေ့ရတာ နတ်မသလိုပါပဲ”ဟု ပြောပြောဆိုဆိုနှင့် ခါးကိုအတင်းဖက်၍ မောင်ဖိုးဝနှင့် ထမင်းဆိုင်တွင်းသို့ ဝင်သွားလေ၏။

မျှော်လင့်ချက်များ ကုန်လုကုန်လုတွင် ဤသို့ အသစ်သစ်သော မျှော်လင့်ချက်များ အသက်ဆက်၍ဆက်၍ပေးသူကား အသူနည်း။ ကိုဒေါင်း၏အလိုမှာမူ နတ်မသည်ဟုဆို၏။ သို့သော် ၎င်း၏စကား ယုတ္တိမတန်ကြောင်းကို ဤအကြောင်းအရာများနိဂုံးချုပ်လျှင် သိသာနိုင်သည်။ ထို့ကြောင့် မည်သူ့ပယောဂနည်းဟူသော ပြဿနာကို ပရမတ်ဆရာတို့လက်တွင် စုံစမ်းရှာဖွေစေ့ငစေရန် ထားလိုက်ကြဦးစို့။ မည်သူမည်သို့ဆိုဆို မောင်ဒေါင်းမှာ လက်ငင်း နတ်မခြင်းကို ခံရပြီဖြစ်ရကား ဝမ်းသာ၍ မဆုံးပြီ။

ဦးစွာ ပထမအဆွေတော် မောင်ဖိုးဝနှင့် ပဋိသန္ဓာရစကား အာလာပသလ္လာပစကားတို့ကို အာသွက်လျှာသွက် မြွက်ကြားပြောဆိုပြီးလျှင် နှစ်ဦးသား ဟာ၍နေသောဝမ်းကို ဖြည့်တင်းကြလေ၏။ ဖြည့်၍ပြီးသော် မိမိ၏လိုအပ်သောဆန္ဒ တစ်လုံးတစ်ဝတည်း ပြည့်စုံစိမ့်ငှာရည်မှန်း၍ မောင်ဖိုးဝတည်းဟူသော ဘိုးဘိုးကြီးအား ပန်းဆီမီးတည်းဟူသော အရက်သေစာတို့ဖြင့် သဒ္ဒါကြည်ဖြူ ကပ်လှူပူဇော်လေ၏။ ထိုပြုဖွယ်ကိစ္စအဝဝတို့ ဆုံးခန်းတိုင်ရောက်လေသော်ဇာတ်ရင်းကိုလှန်၏။ ကိစ္စကိုပန်ကြား၏။ မချောအား သိမသိမေး၏။ အဘယ်မှာရှိသည်ကို ညွှန်ပြရန် တောင်းပန်၏။ ဆောင်ကြဉ်းပေးတော်မူပါရန် ခယ၏။ အကြံအောင်ပါစေဟု ဆုမွန်တောင်း၏။

ဖိုးဝ၏အဖြေများကား အားတက်ဖွယ်ချည်းပင်။ တစ်မြို့လုံး သူမသိသည်မရှိ။ ဘယ်နေရာမှာအပ်ကျသလဲ၊ ငါရှာပေးမည်ဟူသောလူစားဖြစ်ရကား “အချိန်တန်တော့ နွားပိန်ကန်အောင်လုပ်ပေးမယ်ကွာ”ဟုအားပေး၏။ မောင်ဒေါင်းကား သဘောတော် အထူးတွေ့လေသောကြောင့် ဥာဏ်ပူဇော်ခအသပြာငွေ မိတ်ထုံးဒင်္ဂါးပြားရေ သုံးပြားတိတိကို လျှင်စွာထုတ်ပေးလေသတည်း။ ပြီးလျှင် ဤသို့တိုင်ပင်၏။

‘ငါတို့သည် ကောင်မကလေးအိမ်နားသို့ ချဉ်းကပ်ကြကုန်အံ့။ ကောင်မကလေးနှင့်တစေ့တစောင်းတွေ့လျှင် ကောင်မကလေးသည် ရောက်ကြောင်းသိလတ္တံ။ ထိုသို့ သိရလျှင် ငါတို့သည် နောက်ထပ်ဥာဏ်တစ်မျိုး ထုတ်ကြကုန်အံ့’ဟူသတည်း။ မောင်ဖိုးဝက ခေါင်းညိတ်၏။

ညနေရောက်သော် မချောတို့အိမ်အနီး ကာကာလက်ဖက်ရည်ဆိုင်တွင် မောင်ဒေါင်းနှင့်မောင်ဖိုးဝတို့နှစ်ယောက် လက်ဖက်ရည်လာသောက်ကြသည်။ လက်ဖက်ရည်ကုန်၍ ပိုက်ဆံပေးပြီးသော်လည်း မချောတို့အိမ်ဆီမှ လူစလူနမျှမမြင်။ အကြမ်းအိုးမှာပြီးလျှင် ဗိုက်နဲ့မတန်အောင် သောက်ကြရပြန်သည်။ အကြမ်းအိုးသုံးအိုးကုန်သည်။ မချောတို့အိမ်ဆီမှ လှုပ်ပင်မလှုပ်။ ဖြုံပင်မဖြုံ။ မောင်ဒေါင်းသည် စိတ်ပျက်ပျက်နှင့် နောက်ထပ်ရေနွေးထည့်ရန်လက်ဖက်ရည်ကရားဖုံးကို ဒေါနှင့်ဆောင့်၍ အချက်ပေးလိုက်၏။ ကာကာကုလားလာလျှင် လက်ဖက်ရည်အိုးကိုလှမ်းပေးရင်း မချောတို့အိမ်ဖက်သို့ လှည့်၍ ကြည့်လိုက်ပြန်၏။ ခြံစည်းရိုးအတွင်းမှာ လူတစ်ယောက်ပန်းခူးနေသလိုလို ရိပ်ခနဲမြင်လိုက်၏။ အသူနည်းဟု ကြည့်၏။ မချောပဲဟုသိ၏။ စူးရှသောမျက်လုံးတို့သည် မချော၏မျက်နာပေါ်တွင် ကျက်စား၍နေဘိ၏။ ထိုမျက်လုံးတို့သည် တန်ခိုးကြီးမားသော မျက်လုံးများမဟုတ်။ ညှို့ဓာတ်ဟူ၍လည်း တစ်ရွေးမျှမရှိ။ အချစ်တည်းဟူသော ဟင်းလျာကို ဆာလောင်မွတ်သိပ်လျက်ရှိသော မျက်လုံးများမျှသာ။ သို့သော် ထိုမျက်လုံးများ၌ မည်သည့်ဓာတုဗေဒပါရဂူတို့မျှ ဓာတ်ခန်းရုံးတွင် ဖန်ပြွန်ငယ်ဖြင့် ဓာတ်ခွဲကြည့်၍မရကောင်းသောသံလိုက်ဓာတ်တစ်မျိုးရှိ၏။ ထိုသံလိုက်ဓာတ်သည် မချောရှိရာသို့ ပျံ့နှံ့ကုန်လျက် မချော၏သူငယ်အိမ်ကို မိမိရှိရာသို့ အပါဆွဲငင်လေရာ မချောသည် ဖျတ်ခနဲ လှည့်ကြည့်မိ၏။ မောင်ဒေါင်း၏မျက်လုံးတို့နှင့် ဆုံမိ၏။ နှစ်ဦးသား ဝမ်းသာလုံးဓာတ် ပွင့်သွားပြီးလျှင် ကြက်သေသေနေကြသည်မှာ တစ်အောင့်လောက်ကြာသည်။

ကွမ်းတစ်ယာညက်ခန့်ကြာသော် မချောသည် စျေးခြင်းကလေးကိုကိုင်လျက် လက်ဖက်ရည်ဆိုင်ရှေ့သို့ ပေါက်လာလေ၏။ မောင်ဒေါင်းသို့ မျက်ရိပ်ပြလိုက်၏။ မောင်ဒေါင်း အနီးသို့ချဉ်း၏။ နှစ်ဦးသား တိုးတိုးတိုးတိုးနှင့် တိုင်ပင်ကြ၏။ ပြီးသော် လူချင်းခွဲကြလေသည်။ ညရှစ်နာရီခန့်တွင် မချောတို့အိမ်သို့ ကျုံးမငေးမှဆို၍ တစ်ယောက်ရောက်လာသည်။ မချောနှင့်အသိဟု ဆိုသည်။ ထိုဧည့်သည်ကို မချောသည် ထုံးစံအတိုင်း နှုတ်ဆက်၊ ထုံးစံအတိုင်းမေး၏။ ဧည့်သည်က နံနက် ၆ နာရီတွင် သင်္ဘောစီးရန်ဖြစ်သောကြောင့် အခြားအသိမိတ်ဆွေဟူ၍မရှိသဖြင့် တစ်ညတာမျှတည်းခိုရပါမည့်အကြောင်း၊ ကျုံးမငေးမှအလာတွင် မည်သူမည်ဝါနှင့်တွေ့၍ မချောတို့အိမ်သို့ ရောက်လျှင် မာကြောင်းချာကြောင်းပြောလိုက်ပါဟု စကားလက်ဆောင်ပါးလိုက်ကြောင်း၊ စျေးအတွင်းက မည်သူတို ကျန်းကျန်းမာမာရှိကြောင်း၊ မချောတို့ကျုံးမငေးကို ဘယ်တော့ပြန်မလဲဟု မေးလိုက်ကြောင်း စသည်ဖြင့် နှုတ်ဆက်၍ တစ်ညတာမျှ တည်းခိုရန်အခွင့်အရေးကို မချော၏အမေက ဝင်ရောက်စွက်ဖက်ကန့်ကွက်ခြင်း စိုးစဉ်မျှမရှိဘဲ အလွယ်တကူ ခံယူသိမ်းပိုက်ရလေသည်။

မချောတို့အိမ်ရှေ့တည့်တည့်တွင် ခုနှစ်စဉ်ကြယ်သည် ကင်းမြီးကောက်ထောင်၍ ပြနေသည်။ မချောတို့အိမ်ပေါ်တွင် ညဉ့်ဦးယံကရောက်လာသော ဧည့်သည်နှင့် မချောတို့မှာ အိမ်ရှေ့ခန်းတွင်ခင်းထားသော ဧည့်သည်၏အိပ်ရာနှင့် မလှမ်းမကမ်း၌ ခုနှစ်စဉ်ကြယ်အမြီးထောင်သည်ကိုကြည့်ရင်း လေသံမျှဖြင့် စကားပြောဆိုနေကြလေသည်။ အနှစ် ၇ဝဝ လွန်မှပြန်တွေ့ရသော ကိန္နရီမောင်နှံတို့၏ထုံးကို နှလုံးပိုက်၍ နေကြဟန်တူသည်။ အချစ်ဖြင့်ပြည့်လျှမ်းသော မျက်နာပန်းနှစ်ခုမှာ ထင်လင်းသောနေရောင်ခြည်ဖြင့် ပွင့်ပွင့်လင်းလင်း မပွင့်ရသောကြောင့် အေးမြကြည်လင်သောကြယ်ရောင်လရောင်တို့ဖြင့်သာ တင်းတိမ်ရပြီးလျှင် အုံ့ပုံးပွင့် ပွင့်ကြရဟန်တူပါသည်။ ထင်ထင်ရှားရှား အတည့်အလင်းမပွင့်ရသဖြင့် ပွင့်အားမရှိဟု ဆိုရငြားသော်လည်း အေးမြသောဓာတ်ကြောင့် သန်းခေါင်သို့ကျော်လေလေ အချစ်ပန်းလန်းလေလေဖြစ်ရပါသည်။ သို့နှင့်ပင်လျှင် တိုင်ကပ်နာရီမှ တစ်နာရီတိတိ တီးသံကြားလိုက်ရပါသည်။

လောကဓမ္မတာ တွေ့ကြုံလျှင် ဆုံကွဲရဦးမည်။ အချစ်ရွက်ကိုဖွင့်၍ ပဲ့ဖြင့် မမတ်သော အချစ်လှေကိုလွှင့်ကာ အချစ်ပင်လယ်ကြောဝယ် ပေါလောမျောနေကြသော အချစ်မောင်နှံတို့မှာ သင်္ခ ါရနွယ်အပါအဝင်ဖြစ်ရကား ထိုလောကဓံကြီးနှင့် လွတ်ကင်းနိုင်မည်မဟုတ်ပါ။ စောစောက လက်ဖက်ရည်ဆိုင်မှ လူချင်းခွဲကြပြီးနောက် မောင်ဒေါင်းသည် မောင်ဖိုးဝအား နှုတ်ပိတ်ခအရက်ဖိုး ထပ်လောင်းပသလိုက်ပါသေးသည်။ မိမိတို့ရွာသားတစ်ဦး တစ်ရွာတစ်ကျေးသို့ ကျူးကျူးကျော်ကျော် မိန်းမခိုးလာခြင်းအပေါ်၌ အသားယူလိုသောမောင်ဖိုးဝမှာ နေမဝင်ခင်လျှင် လူစုံသောလက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် လက်ဖက်ရည်သောက်ရင်း လျှို့ဝှက်အပ်သော စကားမှန်သမျှကို သိန်း၊ ဒေဝိန်း၊ ကာမိန်း၊ ပကုတ် ဟုဆိုအပ်သော ရှေးပညာရှိကြီးတို့ကျင့်စဉ် သမားရိုးကျအတိုင်း တစ်ဆင့်ပွဲစားမထား၊ အကြွေးမဆိုင်းဘဲ ဖောက်သည်ချလိုက်မိသည်။ ထိုဖောက်သည်ချသမျှကိုလည်း မချော၏မောင်များက ယှဉ်ပြိုင်စျေးပိုပေးခြင်းအမှုမှ မပြုလိုက်ရဘဲ လက်မွန်မဆွ အစပကတူး ရှေးဦးပထမလျှင် လက်ကားဝယ်ယူလိုက်လေသည်။

ဤသို့နှင့်နှင်ဖြစ်ရလေကား ‘ဒင်’ဟူသော နာရီတစ်ချက်တီးလိုက်သည်နှင့်တပြိုင်နက် ‘ဒိုင်း”ဟူသော ခဲသံသည် အိမ်ရှေ့မှ တုံ့ပြန်လိုက်ပါသည်။ အင်္ဂလိပ်မင်းလက်ထက်မှာမှ မဖွယ်မရာ ပဟိုရ်စည်တစ်ချက်တည်းသည်မဟုတ်ပါ။ မချော၏မောင်များ နှမမင်္ဂလာဆောင်တွင် သဘောမတူ ကန့်ကွက်လိုက်သော ခဲသံဖြစ်ပါသည်။ ထို ‘ဒိုင်း’ ၏နောက်မှ ဆဲရေးသံတို့ ဆူညံစွာ ထက်ကြပ်မကွာ လိုက်ပါလာပေးသည်။ “ညနေက ဟိုဧည့်သည်ခွေးမသားကို ခုထုတ်ပေး”ဟု ကျယ်လောင်စူးရှသော အရက်မူးသံများလည်း ကြားရသည်။ သို့ကြားသည်နှင့် တစ်မုဟုတ်ချင်း မချောမှာ မိမိပိုင်ဆိုင်ရာညောင်စောင်းတွင် လှဲလျောင်းပြီးလျက်သားရှိ၏။ သို့သော် မချော၏အစ်မမှာ အိပ်မှုန်စုံမွှားကမူးရှူးတိုးဖြင့် ကျွတ်လျက်ရှိသောထဘီကို ထောင့်တန်းဆွဲလျက် အိမ်ရှေ့သို့ထွက်လာပြီးလျှင် ဧည့်သည်၏ဇာတိပဝတ္တိ၊ ဧည့်သည်၏အခြေအနေ၊ ဧည့်သည်၏အရိပ်နိမိတ် အလုံးစုံတို့ကို လျင်မြန်သောပဋိဘာန်ဖြင့် ပိုင်းခြားဝေဖန်လိုက်ပြီးသော် မိမိ၏စိတ်၌ ထင်မြင်လိုက်သည်ကား မိမိ၏မောင်များက ဆိုးပါဘိသနှင့်။ ယခုဧည့်သည်ကို ထုတ်ပေးလိုက်လျှင် ရာဇဝတ်မှုနှင့်မကင်းရာ။ သင်းတို့ကို တစ်ပတ်ကျော့လှည့်ပြီး ဧည်သည်ကိုနှင်မှပဲ ဟူသတည်း။

ဤသို့ မိန်းမညဏ်တစ်ကိန်းဆင်ပြီးလျှင် မိမိမောင်များရှိရာသို့ “ဟေ့-ဖိုးမြတို့လားဟေ့၊ မင်းတို့အသိနောက်ကျပါတယ်ကွယ်။ ငါ ညနေကတည်းက အကြောင်းသိလို့ ဧည်သည်ကို နှင်လိုက်ပါပြီ။ သူများတကာအိပ်ချိန် ဆူဆူညံညံနဲ့၊ မင်းတို့လုပ်ပုံ လူသိရင် ရှက်စရာကြီးပါကွယ်။ ကဲ… ပြန်ကြ.. ပြန်ကြ”ဟု အိပ်မှုန်စုံမွှားနှင့် လက်တစ်လုံးကြား ကြက်ဥတစ်လုံးကွာ လှိမ့်လိုက်လေရာ မောင်တော်သူတစ်စုတို့မှာ ငါ့နှမဖြင့် စိတ်ချလောက်ပါပြီဟု အကြိမ်ကြိမ်သုံးသပ်ဆင်ခြင်ပြီးလျှင် ဖဲကြဉ်ကြလေသတည်း။

မချော၏အစ်မကား ဧည့်သည်ရှိရာသို့လာ၍ “မောင်- ကဲ… မင်း ဘယ့်နှယ်လုပ်တာလဲကွယ်။ အကြံက ရက်စက်ပါပေ့။ နို့ပေမဲ့ ငါ့မောင်တွေက ဆိုးပါဘိသနဲ့။ တွေ့များသွားရင် မင့်အသက်တော့ ရှိပြီမအောင့်မေ့နဲ့တော့။ ကဲ ...နံနက်မိုးအလင်း မစောင့်နဲ့။ ကြက်ဦးတွန်လေးနာရီမှာ သင်္ဘောတစ်စင်းရှိတယ်။ အဲဒီသင်္ဘောနဲ့သာ လိုက်သွားပေရော့”ဟု ချော့လည်းချော့ရင်း ခြောက်လည်းခြောက်ရင်း ဒူးတုန်လျက်ရှိသော မောင်ဒေါင်းကို အတွင်သာနှင်လေ၏။ မောင်ဒေါင်းကား- “ကောင်းပါပြီခင်ဗျာ”ဟူ၍ ပြန်ပြောပြီးလျှင် အိပ်ကျွန်ပြုနေရလေ၏။

မောင်ဒေါင်းမှာ တမင်ပင် အိပ်ကျွန်ပြုနေသည်မဟုတ်။ အကြံအိုက်သည်ကတစ်မျိုး၊ မောင်ဆိုးတွေကြောက်ရသည်ကတစ်ဖုံ၊ ခိုလှုံစရာမရှိသည်ကတစ်ဝ၊ ချစ်လှသောဇနီးသည်ကို ရယူလိုသည်ကလည်း တစ်ဌာန၊ ဝေခွဲ၍လည်းမရ၊ ခွဲဝေ၍လည်းမရ။

‘မိန်းမဖျက် ပြည်ပျက်’ဟူသော စကားပုံသည် အလကားစကားပုံ၊ သာမညောင်ညစကားပုံ၊ စာရေးဆရာလက်တဲ့စမ်းသော စကားပုံမျိုး မဟုတ်ပါ။ သွေးထွက်အောင်မှန်သော စကားပုံဖြစ်ပါသည်။ ‘မိန်းမဆောင် အောင်သည်’ဟူသောစကားပုံသည်လည်း အနိယတစကားမဟုတ်ပါ။ အကယ်စင်စစ် ဖြစ်ပျက်ဖူးသော ထုံးဟောင်းသာဓက သက်သေတို့ကိုမှီငြမ်းပြု၍ ပေါ်ပေါက်လာသောစကားပုံ ဖြစ်ပါသည်။

ယခု မောင်ဒေါင်းသည်လည်း ဤအခြေအနေသို့ ရောက်သည်မှာ ၎င်းကိုယ်ပိုင်ဥာဏ်စွမ်းကြောင့်မဟုတ်ပါ။ မချော၏ဥာဏ်ကို အငှားတပ်ခြင်းသာလျှင်ဖြစ်ပါသည်။ ယခုလည်း ပက်ပင်းပါတွေ့နေရသည့်ဒုက္ခမှ လွတ်မြောက်ရာလွတ်မြောက်ကြောင်းအတွက် မချောသာလျှင် အခရာဖြစ်ပါတော့သည်။

မချောသည် အိမ်ရှေ့မှဆူညံသံကြားသည်နှင့်တစ်ပြိုင်နက် မိမိအိပ်ရာတွင် မသိကျိုးကျွန်ပြု၍ နေလေသည်။ အသံစဲပြီးနောက် အခန်းထဲသို့ဝင်၍ “ညည်းဥာဏ်ပဲ”ဟု အံကြိတ်ပြောပြီး ပေါင်တွင်းကြောကို အားရပါးရလိမ်ဆွဲသွားသော အစ်မတော်၏အပြုအမူတို့ကို ခနီ ္တပါရမီ ဖြည့်စွမ်း၍ ချိုသွေးသပ တမြမြနှင့် ရှိနေလေ၏။ လေးနာရီသင်္ဘောထွက်လျှင် သုံးနာရီလောက်မှာ ၎င်း၏အစ်မတော်နိုးမည်ဧကန်။ သန်းခေါင်ကျော်အချိန်ဟူသည် အိပ်ကောင်းသောအချိန်ဖြစ်လေရကား မည်မျှပင်သတိထား၍အိပ်အိပ်၊ သင်းတို့ သုံးနာရီထက်စောမနိုးနိုင်။ သင်းတို့မနိုးခင် ပြေးမှကောင်းမည်ဟု စိတ်တွင်ချ၍ တစ်ရေးမျှမအိပ်ဘဲ မိမိအစ်မတော်အိပ်မောကျ၍ ဟောက်သံကို နာခံလေ၏။ ‘ချက်ချက်’မြည်သော နာရီ၏အသံသည် သုသာန်တတစပြင်ကဲ့သို့သော တိတ်ဆိတ်ခြင်းကို ပြက်ရယ်ပြုဘိသကဲ့သို့ရှိ၏။ မချောမူကား ထို ‘ချက်ချက်’သံကို တစ်၊ နှစ်၊ သုံးဟု စိတ်ထဲ၌ရေမှတ်ကာ မိမိ၏အစ်မဟောက်သံကိုနားစွင့်၏။ ဤသို့ နာရီကို ရေတွက်၍ လာခဲ့ရာ တစ်ရာ၊ နှစ်ရာ၊ သုံးရာ စသည်သို့ရောက်သော် အစ်မကြီးမှာ မဟောက်သေး။ စိတ်မချ၍ တစ်ညလုံးများစောင့်နေရော့သလား။ စောင့်နေလျှင် တစ်သက်လွဲတော့မှာပဲ။ ‘ဘုရားသိကြားမလို့ အိပ်ပျော်ပါစေတော်’ဟု ဆုမွန်တောင်းမိလေ၏။

ရေရင်း ရေရင်း ငါးရာ၊ ခြောက်ရာသို့ ရောက်လာ၏။ ထိုအတွင်း ရှူးရှူးမြည်သံကြားရ၍ အားတက်လာ၏။ သို့အားတက်မိသော်လည်း အစ်မကြီးဟောက်သံပဲဟု စိတ်ချလက်ချ အတပ်စွဲရမည့်ဘဝသို့ရောက်အောင် စောင့်ရသည်မှာ ကမ္ဘာဆုံးအောင် စောင့်ရသကဲ့သို့ စိတ်တွင်ထင်မှတ်ရ၏။ နာရီသံကိုလည်း မမှတ်နိုင်တော့ပြီ။ နောက်ဆုံး၌ အာပေါင်အာရင်းအသံမြိုင်မြိုင်နှင့် ဟောက်သည်ကိုကြားရသည်နှင့်တစ်ပြိုင်နက် မချောသည် အိပ်ရာထဲမှထ၍ လုံချည်တစ်ထည်စနှစ်ထည်စနှင့် လက်ဝတ်လက်စားတို့ကို ကျစ်ကျစ်ပါအောင်ထုပ်ပြီးလျှင်  ကြမ်းပြင်ပေါ်သို့ ခြေမကျလောက်အောက်ပင် ဖြည်းညှင်းစွာနင်း၍ နင်း၍ မောင်ဒေါင်းရှိရာသို့ လာခဲ့လေ၏။

မောင်ဒေါင်းကား မှိန်းလျက် အိပ်ပျော်သလိုလို မပျော်သလိုလို၊ ဖြစ်ပျက်ခဲ့သောအခြင်းအရာတို့သည် အကယ်ပင်ဟုတ်သလိုလို၊ အိမ်မက်ပင်ဖြစ်သလိုလို။ သို့သော် အိမ်မက်မဟုတ်၊ တကယ့်အဖြစ်အပျက်မှန်းသိရလျှင် စိတ်ပျက်မိ၏။ အိမ်မက်ပဲဖြစ်ပါစေဟု ဆုတောင်းမိ၏။ ထိုအတွင်း ပုခုံးကို တစ်စုံတစ်ခုထိလိုက်သည်နှင့် ငေါက်ခနဲ ထထိုင်လိုက်၏။ ဦးခေါင်းပုတ်လောက်ကြီးသွားသည် ထင်မိ၏။ မျက်ချေးကပ်သော မျက်စိတို့ကို ပွတ်၍ကြည့်လိုက်သော်မှ မချော၏ခန္ဓာကိုယ်ကလေးကို အကွင်းသားမြင်ရလေရာ အားတက်သွား၏။ မချောက နားနားကပ်၍ တစ်ခုခုပြောလိုက်၏။ မောင်ဒေါင်းသည် သွက်လက်စွာ ထတည့်၍ အိပ်ယာကိုလိပ်၏။

ရေနံဆီမီးခွက်၏ မှုန်မွှားမွှားနီရောင်တွင် မောင်ဒေါင်းက အိပ်ရာလိပ်တစ်လိပ်၊ မချောက အထုပ်တစ်ခုကိုယ်စီပိုက်လျက် မည်းမည်းမည်းမည်းနှင့် အိမ်ရှေ့သို့ ဖြည်းညှင်းစွာ ရှေ့ဆင့်နောက်ဆင့် ထွက်လာကြသည်။ တံခါးဝသို့ရောက်လျှင် မချောက စမ်း၍ တံခါးရွက်မင်းတုံးကို ချွတ်၏။ အသံမမြည်။ မင်းတုံးကို တိုင်ဖုံးတွင် အသာထောင်၏။ ဘာသံမျှမကြားရ။ တံခါးရွက်တစ်ရွက်ကို သွားသာရုံ ဖွင့်၏။ ကျွိခနဲ မြည်သွား၏။ နှစ်ဉ်ီးစလုံး ခေါင်းနပန်းကြီးသွား၏။ မိုးကြိုးပစ်လိုက်သလို ထင်မှတ်လိုက်ကြ၏။ နောက်သို့လှည့်ပြီးလျှင် နှစ်ဦးသား အရိပ်အဆင်ကို ရှု၏။ ရေနံဆီမီးခွက်ကလေးမှာ မှိတ်တုတ်မှိတ်တုတ်နှင့်။ အစ်မကြီး၏အခန်းဝမှ အခန်းဆီးကလေးမှာ ငြိမ်သက်လျက်။ အိမ်ရှိပစ္စည်းအားလုံးတို့မှာ အသေရုပ်ပမာ မတုန်မလှုပ်ရှိကြသည်။ ထိုမတုန်မလှုပ် ဆိတ်ငြိမ်ခြင်းတို့သည်ပင်လျှင် မိမိတို့နှစ်ဦးအား ဖြဲခြောက်နေသည်ဟု ထင်မှတ်မိ၏။

လွတ်ပလား၊ ကျွတ်ပလား။ လွတ်ပြီ၊ ကျွတ်ပြီ။ ယခုမှ ဝန်ထုပ်ကြီးကျပေတော့သည်။ ရှေ့သို့ တစ်လှမ်းမျှလှမ်းလိုက်လျှင်ပင် ဟုမ္မရူး၊ အင်ဒီပင့်ဒင့်၊ ကိုယ်ပိုင်အုပ်ချုပ်ရေးစသည်တို့ထက် အဆပေါင်း အသိန်းအသန်းမကသာသော လွတ်လပ်ရေးခန်းသို့ ရောက်ရတော့မည်။ ယခုမှပဲ ငါတို့နှစ်ဦး ပေါင်းရပေတော့မည်။ ဤသို့ ခဲခဲယဉ်းယဉ်းခိုးရသော မိန်းမကို ရွာရောက်မှ ချစ်ချင်သလို ချစ်ပြလိုက်အုံးမည်။ ပျော်ရွှင်ချင်သလို ပျော်ရွှင်ရတော့မည်။ မွေ့လျော်ချင်သလို မွေ့လျော်ရတော့မည်။ အဓိပတိလွတ်လပ်ရေးကြီးပင်တကား။ ဤသို့ ခပ်ဆင်ဆင်တွေးမိသောမောင်ဒေါင်းမှာ နှောင်အိမ်ထဲမှ လွတ်လပ်ရေးစခန်းသို့ တစ်လှမ်းတည်းနှင့် သိဒ္ဓိပေါက်စိမ့်ငှာ မချော၏နူးညံ့သော လက်ကလေးကို ကပျာကသီဆွဲ၍ ခါးပန်းကိုလွှားလိုက်သည်တွင် ငလျင်တော်ဟည်းသည့်ပမာ ရိုက်ကြည်းထစ်ချုန်း၍ မင်းတုန်းလဲကျသံကို ကြားလိုက်ရပြီးနောက် မချော၏ နူးညံ့မွတ်ပျောင်း ဖောင်းအိသောပါးနှစ်ပြင်ကို ကြမ်းတမ်းသောလက်ဝါးစောင်းနှင့်အတူ အာပုပ်ရည်မစင်သေးသောပါးစပ်မှ ရုန့်ရင်းစွာ ရေရွတ်လိုက်သော မချော၏အစ်မကြီးအသံတို့ကို ဆူညံစွာ ကြားလိုက်ရသည်၏။ အခြားမဲ့၌ မောင်ဒေါင်းသည် သန်မြန်စွာသော ခြေနှစ်ချောင်းကို အားကုန်နှင်ကာ သင်္ဘောဆိပ်သို့ တရကြမ်းစိုင်းလေသတည်း။

ရှဲခနဲမြည်၍ ဝင်းခနဲဖြာလိုက်ပြီးလျှင် ကိုဒေါင်း၏၏ပါးစောင်တွင်ခဲထားသော ဣစိ ္ဆတံမြမြဆေးလိပ်သည် မီးစွဲသွားပြီးသည့်နောက် လေအဟုန်ဖြင့် မီးတောက်နေသည့်အတွင်း ကိုဒေါင်း၏မျက်နှာကို ထင်လင်းစွာ မြင်လိုက်ရပါသည်။ ကိုဒေါင်း၏မျက်လုံးများမှာ မီးရောင်တွင် အထူးသဖြင့် တောက်ပနေသည်ကို သတိထားလိုက်မိပါသည်။ ထိုတောက်ပလျက်ရှိသော မျက်လုံးတို့ကို ထောက်ခြင်းအားဖြင့် ၎င်းမှာ ၎င်းငယ်စဉ်က အဖြစ်အပျက်တို့ကို စားမြုံပြန်ရာ၌ အထူးသဖြင့် စိတ်အားထက်သန်မိရှာသည်၊ လူရည်မဝင်ခင် ခွကျကျဖြစ်ရပုံများကို ပြန်လည်ပြောပြရာ၌ ၎င်း၏အချိုးမကျပုံတို့ကို တွေးမိ၍ ရယ်ချင်မိရှာပေမည်ဟူ၍ တွေးတောလျက်ရှိစဉ် ကိုဒေါင်းသည် အသာငုံ့၍ ပုဆိုးစကို လက်ဖြင့်မကာ မျက်လုံးများကို ပွတ်လိုက်သည်ကို မြင်ပါသည်။ ထို့နောက် ၎င်းသည် လောင်နေသော ဆေးလိပ်မီးကို မှုတ်လေသည်။

ဤသည်တွင်မှ ကျွန်ုပ်မှာ ရယ်အားထက် ငိုအားသန်မိပြီးလျှင် ရွေးမြစ် ဤမှာဘက်ကမ်း၌ နေမင်း လမင်းတို့ကို ရင်ဝယ်ပိုက်လိုသဖြင့် မျှော်လင့်တမ်းတနေဘိသကဲ့သို့ စကြဝဠာတဆုံးကို မျှော်ငေး၍နေသော မောင်ဒေါင်းကို လည်းကောင်း၊ ရွေးမြစ် ဟိုမှာဘက်ကမ်းတွင် မထင်မရှားသော မိန်းမသဏ္ဌာန်တစ်ခုသည် မောင်ဒေါင်းရှိရာသို့ လက်လှမ်းလင့်၍ မျှော်စောင့်နေသည်ကိုလည်းကောင်း အကယ်ပင် မြင်လိုက်ယောင်ယောင်ရှိပါသည်။ သို့သော် ကျွန်ုပ်အထင်အရှား မြင်လျက်ရှိသည်ကား တသွင်သွင်စီးလျက်ရှိသော ရွေးမြစ်၏ရေအလျဉ်ပင်ဖြစ်ပါတော့သတည်း။
---------------------------
#မောင်ထင်

crd 👉 OpenRead

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)