ဘဝအိပ်မက် ပန်းအိပ်မက် (အပိုင်း -၇)
#ဘဝအိပ်မက် ပန်းအိပ်မက်
အပိုင်း (၇)
“ဟောတော့... ဘယ်လိုဖြစ်တာလဲ”
မခင်လှက တအံ့တသြ ရေရွတ်မိသည်။ ကြားရသောစကားကို မယုံ။
“ဟုတ်တယ် မေမေရဲ့၊ ဦးကောင်းက ကလေးလေး တစ်ယောက်ကို ခေါ်လာလို့ ဘဖိုးထင်က ဆူနေတယ်”
“ဘယ်က ကလေးလေးတုန်း”
“ဘတ်(စ်)ကားပေါ်က ရခဲ့တာတဲ့”
“ဘယ်တုန်းကလဲ”
“ခု.. ညနေ ရုံးက ပြန်လာတုန်းကတဲ့”
“နေစမ်းပါဦးဟယ် ကိုတူးရဲ့ ၊ နင်ပြောနေတာတွေ မဟုတ်သေးပါဘူး”
မခင်လှက ဆေးလက်စပန်းကန်များကို ကမန်းကတန်း ဆက်ဆေးသည်။ ကိုတူး သယ်ဆောင်လာသော သတင်းက ထူးသော်လည်း မှန်ချင်မှ မှန်မည်။
“လာပါ မေမေရဲ့၊ သွားကြည့်ရအောင်”
ကိုတူးက ဆေးပြီးသား ပန်းကန်များကို ပန်းကန်စင်ပေါ်တင်ပေးရင်း လောဆော်နေသည်။
“ကိုဦးနဲ့ မိကဲတောင် အဲဒီမှာ ရောက်နေကြပြီ”
မခင်လှသည် ရေစိုနေသော လက်နှစ်ဖက် တင်ပါးတွင် သုတ်လိုက်ပြီး ထဘီကို ပြင်ဝတ်သည်။
“ဘယ်လိုပါလိမ့်၊ လူပျိုကြီး ကားပေါ်ကနေ ကလေးတစ်ယောက်ရလာတယ်လို့၊ ဘယ်လို ဖြစ်တလဲ” ဟု တွေးရင်း ပြေကျနေသော ဆံပင်ကို စုသိမ်းကာ ဘီးနှင့် ပြန်ပတ်သည်။
“လာပါ မေမေကလေဲ”
“အေးပါဟယ်... အေးပါ”
မခင်လှ မီးဖိုထဲမှ ခပ်သွက်သွက် ထွက်လာတော့ ဒရောသောပါးဝင်လာသော ကိုရန်ဝေးနှင့် အပေါက်ဝတွင် တိုက်မိသည်။ မခင်လှ နဖူးနှင့် ဆောင့်မိ၍ မေးစေ့နာသွားသော်လဲ ကိုရန်ဝေးက လက်နှင့်ပင် မပွတ်အားသေးဘဲ “ဟိုဘက်ခန်းမှာ ကလေးလေး တစ်ကောင်ရောက်နေတယ်ဟ”ဟု အလောတကြီး ပြောသည်။
“အဲဒါ တကယ်လား”
“သား ပြောနေတာ မေမေက မယုံဘူး ဖေဖေရ”
ကိုတူးက မခံချင်ဟန်နှင့် ပြောသည်။ အရေးအခင်းကာလတုန်းက လူတကာ သယ်ဆောင်လာသော ကောလဟလများကို ခဏခဏ ယုံခဲ့ရလွန်းသဖြင့် ခုတော့ မခင်လှသည် ကိုယ့်မျက်စိနှင့် ကိုယ်မမြင်ရလျှင် ဘာကိုမျှ သိပ်ပြီးမယုံချင်တော့ပေ။
“ကလေးလေးကို ဘာလို့ ခေါ်လာတာတဲ့လဲ”
“အဲဒါတော့ မသိဘူး၊ ကိုယ့်ဟာကိုယ် မေးကြည့်”
တစ်ဘက်ခန်းကို မရောက်မီ ကလေးသံကို အလျင်ကြားလိုက်ဘော့ အမေးအမြန်း ထူနေသော မခင်လှ နည်းနည်း ယုံချင်သွားသည်။ အခန်းကျဉ်းကလေးထဲတွင် လူတွေ ပြည့်နေတာကို မြင်ရတော့ ပိုပြီးယုံချင်သွားလေသည်။
ကိုကောင်းထက်တို့ဧည့်ခန်းထဲတွင် လူတွေ ပြည့်နေသည်။ အောက်ထပ်က ဒေါ်ရွှေနုတို့သားအမိ နှစ်ယောက်လုံး ရောက်နေသည်။ လက်ပံလမ်းထဲမှ မောင်သူရတို့သားအမိကိုလည်း တွေ့ရသည်။ ဖိုးမူ၊ ဖိုးခွားတို့ မောင်နှမနှင့် သူတို့ ဖခင် ကိုနေဝင်း၊ နောက်ပြီး ကိုနေဝင်းတို့အိမ်နားမှ ကိုခင်မောင်ဆွေနှင့် ကိုညီညီဝင်း၊ တက္ကသိုလ်မှ ဆရာမ ဒေါ်တင်တင်အေးတို့ကိုလည်း တွေ့ရသည်။
တအံ့တသြဖြစ်နေဟန်ရှိသော သူတို့မျက်နှာတွေကို လှမ်းမြင်လိုက်တော့ ရရှိသောသတင်းသည် သတင်းဦး မဟုတ်သော်လည်း သတင်းထူး၊ သတင်းမှန်ဖြစ်ကြောင်း သေချာသွားသည်။
သူတို့ကိုကျော်ပြီး ကဲကြည့်လိုက်သောအခါမှ ငိုနေသော ကလေးလေးတစ်ယောက်ကို မောင်သူရ၏ညီမလေး ခိုင်ရွှေဝါက ချီပြီးချော့နေသည်ကို တွေ့ရသည်။
“နို့ဆာနေတာ ထင်တယ်”
မမွှေးကြူက ပြောသည်။
“ကြောက်နေတာလား မသိဘူး”
ကိုခင်မောင်ဆွေက ဆိုသည်။
“နို့မှုန့်ရှိရင်တော့ ကောင်းသား”
“ဟဲ့ ဒီအရွယ်ဆိုရင် ထမင်းစားတတ်ပါပြီဟဲ့၊ လာစမ်း... ထမင်းလေး ဝါးခွံ့ရအောင်”
“ထမင်းတစ်ပန်းကန်လောက် ပေးစမ်းပါ”
ဒေါ်ရွှေနုက တဟဲ့ဟဲ့အော်ကာ တောင်းနေသော်လည်း အိမ်ရှင်ဖြစ်သော ဦးထင်နှင့် ကိုကောင်းထက်တို့က မကြားချေ။ ကြည့်ရသည်မှာလည်း ခါတိုင်းနှင့်မတူ ပြောင်းပြန်ဖြစ်နေသည်။ အရက်သောက်ထားသော ဦးထင်က မမူးဘဲ ကိုကောင်းထက်က မသောက်ဘဲ မူးနေဟန်ရှိသဖြင့် ကိုရန်ဝေး ရယ်ချင်သွားသည်။
“သင်္ကြန်နှစ်ဦး၊ ထူးပို့ ထူးပို့ တူးသံ မြူးသာသာ"
“သင်္ကြန်မယ်များ ထူးပို့ ထူးပို့၊ တူးမာရဲ့ နော်ဗျာ"
ဖိုးခွားနှင့် ကိုတူးက ကလေးငယ်၏လက်ကလေးကို တစ်ယောက် တစ်ဖက်စီကိုင်ကာ သီချင်းဆိုပြီး ချော့နေကြသည်။
“မောင်လေးရေ... မောင်လေး”
“ဒီမှာကြည့်၊ ချိုမိုင်မိုင် ချိုချို... ချိုမိုင်မိုင်...ချိုချို ချိုမိုင်မိုင်"
ကဲကဲကတော့ ကလေး၏ရှေ့တွင် အစွမ်းကုန် ချိုသာသော မျက်နှာလေးနှင့် ချိုမိုင်မိုင် ကပြနေသည်။ ကလေးကို အငိုတိတ်အောင် ချော့နေကြခြင်းဖြစ်သော်လည်း သူတို့လုပ်ပုံက ချော့သည်နှင့်မတူ ခြောက်နေသည်နှင့် တူသည်ဟု ကိုရန်ဝေးက တွေးရင်း ရယ်မိပြန်သည်။
မျက်စိနောက်ပြီး ထိတ်လန့်နေဟန်ရှိသော ကလေးက ကိုကောင်းထက်ဘက်သို့ ကိုယ်ကလေး ယိမ်းထိုးကာ ငိုသည်။ အဆူခံနေရသာ ကိုကောင်းထက်ကလည်း သူ့ကို လှည့်၍ပင် မကြည့်အားရှာချေ။
“တွေ့ကရာ ကလေးကို တွေ့ရာ မိန်းမက မင်းပေါင်ပေါ် တင်သွားတာနဲ့ အိမ်ကိုခေါ်ယူရရောလား ဟကောင်ရ၊ အခု ဒီကလေး နို့ဆာနေပြီ၊ ငိုနေပြီ၊ ဘယ်လိုလုပ်မလဲ၊ မင်းနို့က လှန်တိုက်လို့ ရလို့လားကွာ... ဟေ”
ဦးထင်က အော်သည်။ လက်ထဲတွင် ငွေနည်းနေ၍ ခြစ်ခြစ်ခြုတ်ခြုတ် ခံစားခဲ့ရသော ဆက်ရက်မင်းစည်းစိမ်လေးလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်သွားပြီမို့ တော်တော်လေး စိတ်တိုနေပုံရသည်။
“ခေါ်မလာလို့ ဘယ်နှယ့်လုပ်ရမလဲ အဖေရ၊ ကားပေါ် မှာ ချထားခဲ့လို့လဲမရ၊ လမ်းပေါ်မှာ ထားခဲ့ရအောင်ကလဲ သနားစရာ”
“ဟကောင် ... သူတို့ကတောင် မသနားတာ၊ မင်းက ဆွေမတော် မျိုးမစပ် ဘာကိစ္စ သနားနေရတာတုန်း”
“လူမို့လို့ သနားတာ အဖေရ...၊ လူမို့လို့ သနားတာ”
ကိုကောင်းထက်က စိတ်ညစ်ညစ်နှင့် အော်သည်။ ပြဿနာထုပ်ကို အိမ်သယ်လာရသော်လည်း သည်ပြဿနာက သူ့အလိုလို ခေါင်းပေါ်ရောက်လာသော ပြဿနာဖြစ်သည်။ သည်ကလေးကို အိမ်ပေါ် ခေါ်မလာဘဲ လမ်းဘေးချပစ်ခဲ့ရလျှင် ကောင်းမလား၊ လက်ဖက်ရည်ဆိုင်ထဲ အသာထားခဲ့ရလျှင် ကောင်းမလား၊ သူ စဉ်းစားမိသေးသည်။ သို့ပါသော်လည်း ကလေးငယ်၏ မျက်နှာနုနုလေးကို ငုံ့ကြည့်မိတော့ သူဘယ်လိုမှ မလုပ်ရက်။ သည်ကလေးသည်သာ သူ၏သားကလေးဖြစ်လျှင် သူဘယ်လိုခံစားရမလဲ၊ သူ၏ဘဝထဲမှ ထွက်ခွာသွားသော ကလေးငယ်သည် နောက်နောင်ဘဝများ သည်လိုအဖြစ်မျိုး ကြုံနေရလျှင် သူဘယ်လိုလုပ်ရပါ့မလဲ၊ ခိုကိုးရာမဲ့သော ကလေးငယ်၊ ဆွေမရှိ မျိုးမရှိသော တွယ်ရာမဲ့ ကလေးငယ်၊ ထိုကလေးငယ်ကို သူကလည်း မျက်နှာလွှဲလိုက်၍ မသမာသူလက်ထဲ ရောက်သွားသည် ဆိုပါစို့၊ သူတောင်းစားကလေး ဖြစ်သွားသည် ဆိုပါစို့...၊ အသက် ဆုံးရှုံးသွားသည် ဆိုပါစို့ .... ။
သူ ဆက်၍ မတွေးရဲ၊ ထိုသို့သာဆိုလျှင် သူ၏ ကျန်ရှိနေသေးသည့် ဘဝသက်တမ်းတစ်လျှောက်လုံးတွင် ထိုအဖြစ်ကို အမြဲသတိရပြီး စိတ်ဆင်းရဲနေရတော့မည် ဖြစ်သည်။
"ထမင်း ရပြီဗျို့ ... ထမင်း... ထမင်း”
အိမ်ပြန်ပြီး ထမင်းယူလာသော ကိုဦးက ထမင်းဇလုံကြီးကို ပိုက်ကာ ပြန်ပြီးပြေးဝင်လာသည်။ သူ့လက်ထဲမှ ထမင်းဇလုံကြီးကို ကြည့်ရင်း မခင်လှက စိတ်ထဲမှနေပြီး “ကုန်ပါပြီတော်” ဟု ရေရွတ်လိုက်မိသည်။ သူ မနက်စောစော ထမင်းကြော် ကြော်ရန် ရည်ရွယ်ပြီး ကြောင်အိမ်ထဲ ထည့်သိမ်းခဲ့သော ထမင်းဇလုံကို ကိုဦး အကုန်ယူချလာချေပြီ။
“ပေး... ပေး”
ဖွားရွှေက ကိုဦး၏လက်ထဲမှ ထမင်းဇလုံကို အလောတကြီး လှမ်းယူသည်။ ထို့နောက် သူ့ပါးစပ်ထဲ တစ်လုပ်ကောက်ထည့်လိုက်ကာ တပြက်ပြက်နှင့် ဝါးသည်။
“ဟာ... သူ့ပါးစပ်ကြီးက သန့်မှသန့်ရဲ့ လား မသိပါဘူး”
ကိုရန်ဝေးက အတန်ငယ် စိတ်ညစ်သွားသည်။
“လက်မဆေး ဘာမဆေးနဲ့ သူ့လက်ကြီးနဲ့ နှိုက်လိုက်တာ၊ ကျန်တဲ့ထမင်းတွေတော့ သိုးကုန်တော့မှာပဲ ထင်ပါရဲ့ တော်”
မခင်လှက ပိုပြီး စိတ်ညစ်သွားသည်။ သို့သော် ခိုင်ရွှေဝါဆီမှတစ်ဆင့် နော်ဒိုင်ယာနာ၏လက်ထဲ ရောက်နေသော ကလေးလေးကတော့ တော်တော်ပျော်သွားပုံရသည်။ သူ့ပါးစပ်ထဲသို့ ထမင်းဝါးဖတ်ကလေး ခွံ့ပေးလိုက်တော့ ချက်ချင်း အငိုတိတ်သွားသည်။ စုံစုံမက်မက်နှင့် တမြုံ့မြုံဝါးကာ အလောတကြီး မျိုချသည်။
“ဟုတ်တယ်ဟဲ့... ဆာနေရှာတာ”
ဖွားရွှေက ဝမ်းသာအားရနှင့် အော်သည်။ ထမင်းတွေကို အပြက်ပြက်နှင့် ဆက်ဝါးသည်။ နေ့ခင်းတုန်းက ခေါင်းကိုက်နေသဖြင့် တစ်ညလုံးထိုင်ကာ...“အင်း.. ခေါင်းတွေကလဲ တစစ်စစ် ကိုက်လိုက်တာ၊ ငါ့ဦးနှောက်ထဲမှာ ကျူမာဆိုတာများ ဖြစ်နေသလား မသိဘူး”ဟု တွေးနေမိသော အတွေးများလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်သွားသည်။
“ဒီတစ်ညတော့...ဒီမှာပဲ ထားလိုက်ပါ အဖေရာ၊ နက်ဖြန် မနက်ကျတော့မှ အဖေကြိုက်တာလုပ် ဟုတ်လား”
ကိုကောင်းထက်က သူ့အဖေကို ချော့နေသည်။
“အိုဗျာ... ကိုယ်နဲ့ ကံစပ်လို့ ကိုယ့်လက်ထဲ ရောက်လာတာ သားတစ်ယောက် ကောက်ရတာပေါ့။ ပထမအနေနဲ့ သားတစ်ယောက်ရပြီးတော့ ဒုတိယအနေနဲ့ အမေလုပ်မယ့်သူကို ရှာ...”
ကိုနေဝင်းက ကိုကောင်းထက်၏ပခုံးကို ပုတ်ကာ ရယ်ရယ်မောမောပြောသည်။ ထိုနောက် မမွှေးကြူဘက်သို့ လှည့်ကာ... . “နော်ဗျာ... ဟုတ်ဘူးလား”ဟု ထောက်ခံမဲ တောင်းသည်။ သူက သဘောရိုးနှင့် အမှတ်တမဲ့ ပြောလိုက်ခြင်းဖြစ်သော်လည်း အတန်ငယ် ရှက်သွားသော မမွှေးကြူက မကြားချင်ဟန်ဆောင်နေလေသည်။
“အဝတ်အစား နွမ်းပေမယ့် ကလေးလေးက ရုပ်ရည်သန့်သန့် လေးပါဟယ်”
“နေပါဦး... ကလေးက ဘာလေးတဲ့တုန်း”
“ဟုတ်ပါရဲ့ .. ဘာလေးပါလိမ့်”
“ယောကျာ်းလေး... ယောက်ျားလေး”
“ဆီဆုံလမ်းထဲက မဝင်းကို သွားခေါ်ရအောင် သူက နို့သိပ်ရွှင်တာ”
“ခြောက်လသားလောက်ဆိုရင် နို့ဖြတ်လို့ရပါပြီ။ ကြည့်ပါဦး.. သွားကလေးတွေတောင် ငုတ်တုတ်ကလေး ထွက်နေပြီပဲ"
“အံမယ်.. သူ့ခေါင်းမှာ ဗွေနှစ်လုံးနဲ့”
“ကြည့်စမ်း၊ ထီးရိုးကြီးမှ ထင်းလို့၊ ဒီကလေး ကောင်းစားမယ့်ကလေး သေချာတယ်”
ကလေးက အငိုတိတ်သွားတော့ လူကြီးများက တစခန်း ထလာသည်။ ကလေးကို ဘောင်းဘီလှန်ကြည့်သူကကြည့်၊ ဆံပင်ဖြဲကြည့်သူက ကြည့်၊ လက်ဝါးဖြန့်ပြီး ကြည့်သူက ကြည့် ဆူညံနေသည်။
“အင်း... ခုနတုန်းက ကလေးငိုနေတဲ့အသံကမှ နည်းနည်း နားခံသာသေးတယ်”
နံရံကိုမှီကာ ငူငူကြီး ထိုင်နေသော ဦးထင်က တွေးသည်။ သူ့သား ကိုကောင်းထက်ကိုလည်းကောင်း၊ ကလေးလေးကိုလည်းကောင်း၊ တစ်ယောက်တစ်ပေါက် ဆူညံနေသောလူများကိုလည်းကောင်း၊ အကုန်လုံးကို မြင်ပြင်းကတ်ပြီး စိတ်တိုနေသည်။
“သူ့ကို“ကောက်ရ”လို့ နာမည်ပေးရအောင်လေ”
ကလေးဝိုင်းမှ အသံများက သူ့နားထဲ ဝင်လာပြန်သည်။
“ဟာ... ကောက်ရတာမှမဟုတ်ဘဲ၊ ဦးကောင်းက လှမ်းခေါ်တာတဲ့”
“ဒီလိုဆိုရင် “လှမ်းခေါ်”လို့ ခေါ်ရမလား”
“ဟ... ဘယ်လို နာမည်ကြီးလဲ”
“ရန်အောင်လို့ ခေါ်ဟာ”
“ငါက ရန်အောင်ကြိုက်တယ်”
“လွင်မိုးကွာ”
“ကျော်သက်ဟာ”
“ကျော်ဟိန်းလို့ ခေါ်”
“အဲဒါ အကောင်းဆုံးပဲ၊ ကိုကံချွန်လေ... ကိုကံချွန် နောက်မဆုတ်နဲ့”
“ဟင့်အင်း... ငါကတော့ နေအောင်ပဲ”
“အံ့ကျော်ကွာ... ကဲ”
“ကွမ်းသီးကွာ... မိုမိုကွမ်း”
“ဒီလိုဆို ဦးဝမ်ချူးကွာ... ကိုင်း"
“အို အကောင်းဆုံးကတော့ မော့စ်”
“ဟုတ်တယ်၊ မော့စ်လေ.. မော့စ်... ဖာတစ်လုံး ၊ ရွှေရိုး”
“ဟ... နေကြပါဦးဟ၊ နေကြပါဦး”
မောင်သူရက အော်သည်။ သူက စက်မှုတက္ကသိုလ်မှ ဘွဲ့ရသော အင်ဂျင်နီယာတစ်ဦးဖြစ်သော်လည်း ကလေးများနှင့်ခင်ခင်မင်မင် ရောရောနှောနှောနေတတ်၍ သူ့ကို အားလုံးက ချစ်ကြသည်။
“မင်းတို့ စဉ်းစားကြည့်ကြစမ်း၊ သူက ကံကောင်းလို့ ဦးကောင်းနဲ့ တွေ့လာတာ မဟုတ်လား”
မောင်သူရက မေးတော့...ကလေးများက ခေါင်းညိတ်သည်။
“ဒီတော့ သူ့ကို ကံကောင်းလို့ ခေါ်ကြရအောင်၊ မကောင်းဘူးလား”
“ဟေ့.. ကံကောင်း”
ကလေးများက ဝမ်းသာအားရ အော်လိုက်ကြသည်။
“အဲဒီနာမည် ကောင်းတယ်ဟေ့”
လူကြီးတွေကလည်း ထောက်ခံကြသည်။
ဦးထင်ကတော့ ထမင်းတွေကို အငမ်းမရ စားနေရှာသော ကလေးငယ်အား ကြည့်ရင်း သည်နေ့ညနေအတွက် ပထမဦးဆုံးအကြိမ်အဖြစ် ရယ်မောမိလေသည်။
“မင်းက ကံကောင်းလို့ ငကောင်းနဲ့ တွေ့တာပဲ အဟေး.... ဟေး... အေး၊ ငါ့သား ငကောင်းကတော့ ကံမကောင်းလို့ မင်း တွေ့တာထင်ပါရဲ့ မောင်ကံကောင်းရယ်”
ဆက်ရန်
--------------------------------
#မစန္ဒာ
crd 👉 ရသလွင်ပြင်
Comments
Post a Comment