ငှက်က​လေး (အပိုင်း-၄)

#ငှက်ကလေး

အပိုင်း (၄)

ကျောင်းစိမ်းလုံချည် အသစ်ကလေးကို ဝတ်လာခဲ့သည်။ အသစ်စက်စက်ဖြစ်သောကြောင့် ကော်တွေနှင့် တောင့်နေသည်။ တိတိကျကျ မဖြစ်ဘဲ ထိုးထိုးထောင်ထောင် ဖြစ်နေသည်။ လမ်းလျှောက်ရသည်မှာလည်း အရင်လို မဟုတ်ချေ။ ရှိုးတိုးရှန့်တန့် ဖြစ်နေပါသည်။ နောက်တော့လည်း အသားကျသွားလေ၏။

လုံချည်ကလေးတွေကို မေမေက ကိုယ်တို့အိမ်နားက စက်ဆိုင်မှာ သွားချုပ်ပေးသည်။ ပြီးတော့ ကော်တွေကုန်သွားအောင် ရေစိမ်ထားပေးမည်ဟု ပြောသည်။ ကိုယ်က မနက်ကျောင်းသွားချိန်အမီ မခြောက်မည်စိုး၍ တစ်ထည်ကို မစိမ်ဘဲထားဖို့ ပြောထားရသည်။ ဟုတ်လည်း ဟုတ်ပါသည်။ ညဘက်ကျတော့ မိုးတွေရွာသည်။ ရေစိမ်ပြီး လှမ်းထားသော လုံချည်နှစ်ထည်သည် မနက်ကျတော့ မခြောက်သေးချေ။ ညကဆိုလျှင် ကိုယ်သည် အိပ်ရာဝင်တာ နောက်ကျခဲ့သည်။ လုံချည်အသစ်ကလေးကို ဝတ်ကြည့်ပြီး မေမေ့မှန်တင်ခုံထဲမှာ ကြည့်လိုက်၊ ပြန်ချွတ်လိုက်၊ ခဏကြာတော့ ပြန်ဝတ်ပြီး ကြည့်လိုက် လုပ်နေခဲ့၏။ ကျောင်းစာတွေတောင် ကောင်းကောင်းမကြည့်လိုက်ရပါ။

ကျောင်းကို ရောက်သောအခါ ကျောင်းတက်ခါနီးနေပြီ။ အတန်းထဲသို့ ဝင်လိုက်သောအခါ အတန်းသား အတန်းသူတွေက ကိုယ့်ကို ဝိုင်းကြည့်ကြသည်။ ကိုယ် လုံချည်ဝတ်လာသောကြောင့် ကြည့်ကြတာလား။ ဟိုတစ်နေ့က အရိုက်ခံရသောကြောင့် ကြည့်ကြတာလား။ အုန်းသီးကို ဆွဲထိုးသောကြောင့် ကြည့်ကြတာလား မသိ။ ဘာပဲဖြစ်ဖြစ် ကိုယ် နည်းနည်းတော့ ရှက်သွားသည်။

အုန်းသီးထိုင်နေကျနေရာသို့ လှမ်းကြည့်သည်။ အုန်းသီးသည် ကိုယ့်ကို တစ်ချက်ပြန်ကြည့်ပြီး မျက်နှာလွှဲသွားလေသည်။ ကိုယ်လည်း ကိုယ့်နေရာမှာ ဝင်ထိုင်လိုက်၏။ ခဏနေသောအခါ တင်အောင်ခိုင်နှင့် ဂျွန်ဆင် ရောက်လာသည်။ တင်အောင်ခိုင်က ကိုယ့်ကို ပြောသည်။

“ဟိုနေ့က ငါသာရှိရင် မင်းဘက်က ငါ ဝင်ကူမှာပဲကွ”

ဂျွန်ဆင်က...
“မင်းမကူလည်း ညီညီပဲ နိုင်တာပဲ မဟုတ်လား၊ တကယ်ကျတော့ အုန်းသီးက စကြောက်ကွ”

ကိုယ်က...
“နောက်ဆိုရင် ဒီကောင် ဗိုလ်မကျရဲတော့ပါဘူးကွာ၊ လာဗိုလ်ကျရင်လည်း ငါတော့ပြန်ချမှာပဲ”

“အေးကွ.. ငါတို့ ပေါင်းပြီးချမယ်၊ အုပ်စုတောင့်ရင် ဒီကောင် လာမကျယ်ရဲပါဘူး”ဟု တင်အောင်ခိုင်က ပြောသည်။ ဂျွန်ဆင်ကလည်း ကိုယ်တို့နှင့် ပေါင်းမည်ဟု ပြောပါသည်။

ကျောင်းတက်ခေါင်းလောင်း ထိုးပြီးတော့ တီချာမေ ဝင်လာသည်။ ဟိုနေ့က ကျောင်းတစ်ရက် ပျက်ထားသောကြောင့် ဒီနေ့ ခွင့်စာတင်ရမည် ဖြစ်ပါသည်။ ကိုယ့်မှာ ခွင့်စာမပါခဲ့။ ကိုယ်ကျောင်းမတက်သည့်အကြောင်း မေမေ့ကို မပြောပြခဲ့သောကြောင့် ခွင့်စာရေးခိုင်းလို့ မဖြစ်ဘူး မဟုတ်လား။ ထိုအကြောင်းကို တီချာမေကများ မေးမလားလို့ စိုးရိမ်မိသေးသည်။ ကြားထဲမှာ တနင်္ဂနွေတစ်ရက် ခံသွားသောကြောင့် တီချာမေ မေ့သွားတာ ဖြစ်မည်။ ကိုယ့်ကို ဘာမျှမမေးပါ။

မုန့်စားလွှတ်ချိန်ကျမှ ကိုယ့်ကို ဆရာခန်းထဲ ခေါ်သွားသည်။ အဲဒီကျမှ ကိုယ့်ကို မေးလေသည်။

“ညီညီ စနေနေ့က ဘာဖြစ်လို့ ကျောင်းမတက်တာလဲ၊ ခွင့်စာလည်း မတင်ဘူး”

တီချာမေ့ကို ကိုယ်မညာချင်ပါ။ ထို့ကြောင့် အမှန်အတိုင်း ပြောပြလိုက်သည်။ ကျောင်းစိမ်းမဝတ်ခဲ့မိသည့်အကြောင်း၊ ကျောင်းဝမှာ သင်္ချာဆရာကို တွေ့သည့်အကြောင်း။

“အဲဒါနဲ့ ကိုယ်လည်း မဝင်ရဲဘူး တီချာ၊ ကိုယ်ဝင်ရင် ဆရာက ကိုယ့်ကို ရိုက်မှာ။ ပြီးတော့လဲ ...”

ကိုယ် စကားဆက်မပြောဘဲ နေသည်။ ကိုယ်ပြောသင့် မပြောသင့် စဉ်းစားနေသည်ကို တီချာမေသိသွား၏။

“ပြောလေ ညီညီ ဘာဖြစ်လဲ၊ ပြောသာ ပြောပါ"

“မဟုတ်ဘူး တီချာ၊ ကိုယ်ထင်တာပြောတာ၊ သင်္ချာဆရာက ကိုယ့်ကို ဆိုရင် အမြဲတမ်း အပြစ်ပြောတယ်၊ ဆရာ မကြိုက်တာလည်း ကိုယ် ဘာလုပ်လို့လဲ၊ ကိုယ့်ကို ဆရာက တီချာမေလို မဟုတ်ဘူး၊ သူ ကိုယ့်ကို မုန်းနေတယ်”

ကိုယ့်အသံတွေ တုန်သွားသည်။ ဝမ်းလည်း နည်းသွားသည်။ တီချာမေက ...

“အို... မဟုတ်တာကွယ်၊ ဆရာဆိုတာ ကျောင်းသားကို မုန်းတယ်လို့ ဘယ်ရှိပါ့မလဲ၊ ရိုက်တယ်ဆိုတာကလည်း လိမ္မာစေချင်လို့ စာတတ်စေချင်လို့ပေါ့"

“တီချာကကျတော့ ဘာလို့ မရိုက်တာလဲ”

တီချာမေက အသံထွက်အောင်ပင် ရယ်လေသည်။

“ဒီလိုလေကွယ်၊ ဆရာတစ်ယောက်နဲ့တစ်ယောက် မတူကြဘူးပေါ့၊ တချို့ကတော့ ကျောင်းသား ကျောင်းသူတွေအပေါ်မှာ ပန်းပင်ကလေးတွေ၊ ပန်းပွင့်ကလေးတွေလို သဘောထားတယ်။ ပန်းပင်ကလေးတွေကို ကြည့်လေ၊ အကြမ်းပတမ်း လုပ်လို့ရမလား။ ယုယုယယထားမှ ရှင်သန်မယ် မဟုတ်လား။ အဲ... အချို့ဆရာကတော့ ကျောင်းသား ကျောင်းသူတွေကို အိုးကလေးတွေလို သဘောထားတယ်။ အိုးလုပ်တဲ့အခါကျရင် မဖုတ်ခင်မှာ
နာနာရိုက်ပုတ်ပေးရတယ်။ ဒါမှ အဲဒီအိုးက ခိုင်တယ်တဲ့။ ညီညီ သဘောပေါက်ရဲ့လား”

ကိုယ် ခေါင်းညိတ်ပြလိုက်သည်။ ကိုယ့်စိတ်ထဲတွင် ဘွားမေသိန်း ပြောဖူးသော စကားကို သွားသတိရမိ၏။ "မင်းအဖေ ငယ်ငယ်က အရိုက်ခံရရင် ဘယ်တော့မှ မငိုဘူး၊ ထွက်လည်း မပြေးဘူး၊ အံကြိတ်ပြီး ခံတယ်။ မင်းအဖေက ထုလေမာလေ ငါးဖယ်လိုပဲ”တဲ့။

တီချာမေက ကိုယ့်မျက်နှာကို စေ့စေ့ကြည့်ပြီး ပြောပြန်သည်။

“အေး ... ဆရာတွေက သဘောထားပုံချင်း မတူပေမယ့် ကျောင်းသား ကျောင်းသူတွေ စာတတ်စေချင်တဲ့ စေတနာ၊ လိမ္မာစေချင်တဲ့ စေတနာမှာတော့ အတူတူချည်းပဲကွယ့်၊ အဲ...ပြီးတော့ တချို့ ဆရာ၊ ဆရာမကျပြန်တော့လည်း လိမ္မာတဲ့လူကို မရိုက်ဘူး၊ ဆိုးတဲ့လူကိုမှ”

“ဟင်.. ဒါဖြင့် ကိုယ်က ဆိုးလို့”

“မဟုတ်ဘူး .. မဟုတ်ဘူး”

တီချာမေသည် ကိုယ့်မေးစေ့ကို ကိုင်လိုက်ပြီး....
“အဲဒါ ပြောမလို့ပါ၊ သင်္ချာဆရာက ညီညီကို ဆိုးတယ်လို့ ထင်သွားတာ၊ ညီညီကလည်း အုန်းသီးကို သွားဆွဲထိုးတယ် မဟုတ်လား”

“သူက ကိုယ့်ကို..."

“အေးပါ၊ တီချာ သိပါတယ်။ ဘာပဲဖြစ်ဖြစ် သင်္ချာဆရာက ဆိုးတယ်လို့ ထင်သွားတာပေါ့၊ အဲဒါ ညီညီက လူဆိုးမဟုတ်ဘူး။ လိမ္မာတယ်လို့ တီချာမေက ပြောပြလိုက်ပြီ။ အဲဒါ နောက်ကို ဆရာက ရိုက်မှာ မဟုတ်တော့ဘူး။ ညီညီကလည်း ရန်မဖြစ်နဲ့တော့ သိလား။ ဆရာ့စကားလည်း နားထောင်နော်”

ကိုယ် ခေါင်းညိတ်ပြလိုက်၏။ နောက် တီချာမေက "စနေနေ့တုန်းက ကျောင်းမတက်ဘဲ ဘယ်တွေ လျှောက်သွားနေသလဲ"ဟု မေးသည်။ ကိုယ်ကလည်း အမှန်အတိုင်း ဖြေသည်။

“ဟင် မင်းဖေဖေဆီလည်း ရောက်သေးတယ် ဟုတ်လား၊ မင်းဖေဖေက ကျောင်းမတက်တဲ့အတွက် မဆူဘူးလား”

“ကိုယ်က အစည်းအဝေးရှိလို့ ကျောင်းပိတ်လိုက်တယ်လို့ ပြောမိတယ် တီချာ”

“အို ဘာဖြစ်လို့ လိမ်ပြောရတာလဲ၊ မိဘကို ဘယ်တော့မှ လိမ်မပြောရဘူးလို့ တီချာ မှာထားတယ် မဟုတ်လား”

ကိုယ် ဘာမျှပြန်မပြောဘဲ ခေါင်းငုံ့နေလိုက်သည်။

"ကဲ.. ကဲ ဒီတစ်ခါ ခွင့်လွှတ်မယ် ဟုတ်လား၊ နောက်ကို ကျောင်းပြေးတာတို့၊ လိမ်ပြောတာတို့၊ ရန်ဖြစ်တာတို့ လုပ်ရင် ...."

"အဲဒါဆို ကိုယ့်ကို သေအောင်ရိုက်ပါ တီချာ”

“အေး ... ဟုတ်ပြီ၊ ရိုက်ဖို့ မလိုဘူးဆိုတာ တီချာ သိတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ညီညီကလည်း နောက်ကို ဘယ်တော့မှ ဆိုးမှာမဟုတ်ဘူး၊ ညီညီက လိမ္မာပါတယ်နော်”

တီချာမေ့ဆီက ထွက်လာပြီး ကျောင်းရှေ့ ကွက်လပ်ကို ဖြတ်လျှောက်လာခဲ့သည်။ ကွက်လပ်တွင် အုန်းသီးတို့ ဘောလုံးကန်နေကြလေသည်။ ဖရက်ဒီက ဂိုးဖမ်းနေသည်။ သူ့နားက ကိုယ်ဖြတ်သွားသောအခါ ဖရက်ဒီက ကိုယ့်ကို ပြုံးကြည့်လိုက်သည်။ ကိုယ်က ပြန်မပြုံးပြချေ။ သူမေးသည်။

“ညီညီ.. မင်း ပါမလို့လားကွ”

ကိုယ် ဆတ်ခနဲ ရပ်ပြီး သူ့ကို စိုက်ကြည့်လိုက်သည်။ ဖရက်ဒီသည် မျက်နှာပျက်သွားပြီး ပျာပျာသလဲပြောသည်။

“မဟုတ်ပါဘူးကွာ၊ ငါက အကောင်းပြောတာပါ၊ မင်းကစားမယ် ဆိုရင် ..."

ကိုယ် ခေါင်းခါလိုက်ပြီး ဆက်လျှောက်ခဲ့သည်။ ကျောင်းထောင့်က ဗာဒံပင်ကြီးအောက်မှာ ထိုင်သည်။ ထမင်းဘူးကို ဖွင့်၍ စားသည်။ ​ဘောလုံးကန်နေသော နေရာမှ “ဂိုး"́ဟု အော်လိုက်သံများ ကြားသောကြောင့် လှည့်ကြည့်မိသည်။ ထုံးစံအတိုင်း အုန်းသီးသည် အသံကျယ်လောင် ကျယ်လောင်လုပ်၍ ငြင်းနေသည်။

ခါတိုင်းနေ့များလို ကိုယ့်မှာ ဘောလုံးကန်ချင်စိတ် မရှိပါ။ အုန်းသီးနှင့် ရင်ဆိုင်တွေ့ရမည်ကို ကြောက်သောကြောင့်လည်း မဟုတ်နိုင်ချေ။ သူ့ကို ကိုယ်မကြောက်တော့။ သို့သော်လည်း ဘယ်လိုမှန်း မသိ။ ကိုယ် တစ်ယောက်တည်းပဲ နေချင်တော့သည်။ တင်အောင်ခိုင်သာ အိမ်ပြန် ထမင်းမစားဘူးဆိုလျှင် သူနှင့်အတူတူ နေချင်နေမိပါလိမ့်မည်။

"ဟိတ်"

နောက်မှ ခေါ်သံကြား၍ လှည့်ကြည့်သည်။ ကိုယ် အံ့သြသွားမိပါ သည်။ ကိုယ်အရိုက်ခံရသောနေ့က ဓားလှီးရေခဲမုန့်ကိုင်ရင်း အခန်းအပြင်က ရပ်ကြည့်နေသော ကောင်မလေး။ ခုလည်း သူ့လက်ထဲမှာ ဓားလှီးရေခဲမုန့်  ကိုင်ထားသည်။

“စားမလား"

သူ မေးသည်။ ကိုယ် ခေါင်းခါပြသည်။ သူသည် အင်္ကျီအဖြူ လက်တို၊ စကတ်အစိမ်းလေးနှင့်။ အရည်ပျော်ပြီး စီးကျခါနီးဖြစ်သော ဓားလှီးရေခဲမုန့်ကို လျှာနှင့်လျက်လိုက်ပြီး ...

“နင် ဟိုတစ်နေ့က ဘာဖြစ်လို့ အရိုက်ခံရတာလဲဟ”

နင်နဲ့ ဘာဆိုင်လို့လဲ”ဟု ပြောမည် ပြုပြီးမှ မပြောဖြစ်လိုက်ချေ။ ဘာကြောင့်မှန်း မသိ၊ သူမေးတာကို ဖြေချင်သွားလေသည်။

"ရန်ဖြစ်လို့၊ အုန်းသီးကို ထိုးလို့”

“ဘာဖြစ်လို့ ထိုးတာလဲ”

“ကိုယ့်ကို မခံချင်အောင် ပြောလို့”

သူသည် ဇက်ကို ပုပြီး လျှာကလေးကို ထုတ်လိုက်သည်။

"ဟာ.. ဟာ သူ့ကိုယ်သူများ ကိုယ် တဲ့”

"အို... ကိုယ် ဒီလိုပဲ ပြောတတ်တာပဲ”

“ထားပါတော့ ဘာပြောလို့လဲ"

"ကိုယ့်ကို အခြောက်လို့ ပြောတယ်”

"အမယ် သူကပဲ ပြောရတယ်ရှိသေး၊ အဲဒီကောင်ကမှ အခြောက်၊ နင်ဆွဲထိုးတော့ ငိုတယ် မဟုတ်လား"

“ဟင်.. နင်က သိလို့လား"

“သိတာပေါ့၊ အဲဒီတုန်းက ငါက ခပ်လှမ်းလှမ်းက ကြည့်နေတာပဲ၊ နင် လက်သီးထိုးတာ ကျော်ဟိန်းနဲ့ သိပ်တူတာပဲ”

သူနှင့် စကားပြောရသည်ကို ကိုယ်ပျော်သွားမိသည်။ သူသည် ကိုယ့်ဘေးနားမှာ ဝင်ထိုင်သည်။ သူ့ကို ကိုယ်စိုက်ကြည့်နေလိုက်မိ၏။ သူသည် အသားဖြူသည်။ သူ့ဆံပင်သည် ပျော့ပျော့ကလေးတွေ၊ လည်ကုတ်ပေါ်မှာ ဝဲနေသည်။ သူ့ပါးပေါ်တွင် သွေးကြောကလေးတွေ မြင်နေရသည်။

ကိုယ်သည် ဇွန်းကို ကိုင်ရင်း သူ့ကို ကြည့်နေမိကြောင်း သိရသည်။ ထမင်းတစ်ဝက်လောက် ကျန်သေးသည်။

"ထမင်းစားမလား"

"ဟေ့အေး ... ငါ စားပြီးပြီ”

“အိမ်က စားလာတာလား၊ ဒါဆို နင် အခု မဆာနေဘူးလား”

“ဘယ်ကလာ ဟုတ်ကမှာလဲ၊ မုန့်စားဆင်းချိန်ဆို မေမေက ထမင်းလာကျွေးတယ်၊ ငါ ထမင်းစားပြီးမှ မေမေက ပြန်တာ”

"နင့်မေမေက ထမင်းလာကျွေးတယ်”

သူ ခေါင်းညိတ်ပြသည်။ ကိုယ်သည် ဆော်လီမားကို ဖျတ်ခနဲ မြင်ယောင်မိလေသည်။

"နင်က ဘယ်အတန်းကလဲ”

ကိုယ်မေးသည်။

"ငါ ခြောက်တန်းဘီက၊ နင်ကော”

“ကိုယ်က အေတန်းက”

သူသည် အင်္ကျီကြယ်သီးတစ်လုံးကို ဖြုတ်၍ အင်္ကျီထဲသို့ လက်ကို နှိုက်ပြီး ပြန်ထုတ်လိုက်သောအခါ ဆီးသီးထုပ်တစ်ထုပ် ပါလာသည်။

“ဟင်.. နင် ခုနပဲ ဓါးလှီးရေခဲမုန့်စားတယ် မဟုတ်လား၊ အချဉ်နဲ့ ဘယ်တည့်မလဲ”

“အို ... ငါစားနေကျပဲ၊ ဘာမှမဖြစ်ပါဘူး"

သူသည် ဆီးသီးထုပ်ကို ပါးစပ်ဖြင့် ကိုက်၍ဖောက်သည်။ ဆီးသီးကို လက်ဖြင့် မနှိုက်ဘဲ ပလတ်စတစ်အပေါ်မှ ပါးစပ်ဖြင့် စုပ်ယူသည်။ ပြီးတော့ "အင့်" ဆိုပြီး ဆီးသီးထုပ်ကို ကိုယ့်ကို လှမ်းပေးသည်။ ကိုယ်လှမ်း ယူလိုက်သောအခါ ပလတ်စတစ်အိတ်မှာ သူ့တံတွေးတွေ စိုနေကြောင်း သိရသည်။ ဘာကြောင့်လဲ မသိ။ သူ့တံတွေးများကို ကိုယ် မရွံမိချေ။ သူ့လိုပင် ဆီးသီးထုပ်ကို ပါးစပ်ဖြင့်စုပ်၍ စားသည်။ သူက ကိုယ့်ကိုကြည့်ရင်း ရယ်သည်။ ကိုယ်လည်း ပြန်ရယ်လိုက်လေသည်။

ထိုအချိန်တွင် ကျောင်းတက်ခေါင်းလောင်းထိုးသံ ကြားရသည်။ ကိုယ်တို့နှစ်ယောက် စာသင်ခန်းများဆီသို့ အတူတူ လျှောက်လာကြရင်းက သူသည် တစ်ခုခုကို သတိရဟန်ဖြင့် ...

"ဟယ်.. မေ့နေလိုက်တာ၊ နင့်နာမည် ဘယ်သူလဲ”

ကိုယ်သည် တဟားဟား ရယ်လိုက်ပြီးမှ မျက်နှာကို တည်လိုက်ပြီး ....

“ဗိုလ်အောင်ဒင်"

"ဟား ...ဟား .. လာဖိန့်မနေနဲ့၊ ဗိုလ်အောင်ဒင်ဟာ စတီရီယိုဇာတ်လမ်း နာမည်ကြီး"

ကိုယ် ရယ်လိုက်ရသည်။

"အလကားပြောတာပါ။ ကိုယ့်နာမည်က ညီညီတဲ့”

"ညီညီ"

"အေး.... ဟုတ်တယ်၊ နင့်နာမည်ကော”

“စနေမ “

"ဟား .. လုပ်မနေနဲ့ အပိုတွေ"

"အလကားပြောတာ ခိုင်မာလာတဲ့”

"နင့်နာမည်က ကောင်းသားပဲ၊ နင့်နဲ့လည်း လိုက်တယ်”

"လိုက်တယ်၊ ဘယ်လို လိုက်တာလဲ”

“ဟိုလေ၊ ဘယ်လို လိုက်တာလဲလို့တော့ ကိုယ်လည်း မသိဘူး”

“နင့်ဟာကလဲ”ဆိုပြီး သူ ပြုံးသည်။ သူတို့အတန်းနားသို့ ရောက်သောအခါ သူက .."နင် သွားတော့လေ”ဟုပြောသည်။ ပြီးတော့ အခန်းထဲ ဝင်သွားသည်။ သူတို့အတန်း နောက်ဆုံးခုံတန်းမှာ ထိုင်နေသော ကောင်လေးတစ်ယောက်က ကိုယ့်ကို လက်သီးထောင်ပြ၏။ ကိုယ်က နှုတ်ခမ်းတစ်ဖက်ကို တွန့်၍ မခန့်လေးစား ပြုံးပြလိုက်သည်။

ညနေပိုင်း စာသင်ချိန်များတွင် ကိုယ့်စိတ်သည် ကြည်ကြည်လင်လင် ဖြစ်နေသည်။ သင်္ချာအချိန်၌ပင် ခါတိုင်းလို စိတ်မညစ်တော့ပါ။ သင်္ချာဆရာသည် အရင်ကလို ကိုယ့်ကို မျက်မှောင်ကြီးကုတ်၍ ကြည့်သည်ဟု မထင်တော့ချေ။ စိတ်တွက်ပုစ္ဆာသုံးပုဒ် အတွက်ခိုင်းရာ ကိုယ်က အရင်ဆုံး ပြီးသဖြင့် သင်္ချာဆရာ၏ ပြုံးကြည့်ခြင်းကိုပင် ခံရသည်။

ကျောင်းဆင်းချိန်ရောက်သည်ထိ ဘာမျှ မကြာလိုက်ဟု ထင်ရသည်။ ကျောင်းဆင်းသောအခါ မိန်းကလေးတွေက အတန်းထဲမှ အရင်ထွက်ရသည်။ ပထဝီဆရာမက “ကဲ ယောက်ျားလေးတွေ ထွက်နိုင်ပြီ” ဟု ပြောသောအခါ ရှေ့ဆုံးမှ တိုးဝှေ့ထွက်လာသူမှာ ကိုယ်ပင် ဖြစ်ပါသည်။

ဘီတန်းဘေးမှ ဖြတ်လျှောက်ရင်း ကြည့်သေးသည်။ အတန်းထဲမှာ ဘယ်သူမှ မရှိတော့။ ကျောင်းဝင်းအတွင်းမှာလည်း ဟိုဟိုဒီဒီ ကြည့်ပြီးမှ အိမ်ပြန်လာခဲ့သည်။

ကျောင်းဆင်းခါနီးတုန်းက မိုးသည်းထန်စွာ ရွာခဲ့သည်။ ခုတော့ မိုးတိတ်သွားပြီ။ နေသည် တိမ်တွေကြားထဲက ပြူထွက်နေသည်။ အရှေ့ဘက်ကောင်းကင်တွင် သက်တန့်ကြီးကိုပင် မြင်ရသည်။ လမ်းဘေးရှိ ရေအိုင်ကလေးများကို ခုန်ကျော်၍ လာခဲ့သည်။ အရာအားလုံးတို့သည် လှပနေကြ၏။ တံတားကြီးပေါ်မှ ဖြတ်ကျော်လာသောအခါ အေးကြည်နှင့် မောင်ပါတို့ကို သတိရမိသေးသည်။ မနက်တုန်းက နောက်ကျိနေသော ချောင်းရေသည်ပင် ခုအခါ ကြည်လင်၍နေသည်ဟု ထင်မိပြန်သည်။

ဒီနေ့ ညနေခင်း အိမ်ပြန်လာရာ လမ်းတလျှောက်ရှိ မြင်မြင်သမျှအရာတို့သည် ဝါဝါထိန်ထိန် တောက်တောက်ပပ ရှိနေကြလေသည်။ တိမ်တောက်နေသောကြောင့်ပင် ဖြစ်ပါသည်။

မေမေ ရုံးက ပြန်လာသောအခါ အန်တီလူးပါ လိုက်လာသည်။ သူ့ကို ကိုယ်သဘောမကျသည့် အချက်တွေထဲတွင် အဲဒါလည်း တစ်ခုပါသည်။ သူလိုက်လာသည့်နေ့ ဆိုလျှင် မေမေနှင့်ကိုယ် အေးအေးဆေးဆေး မနေရတော့ပါ။ သူနှင့် မေမေတို့သည် ဧည့်ခန်းထဲမှာ ထိုင်၍ စကားတွေပြောကြသည်။ ညမိုးချုပ်ထိ။ တစ်ခါတလေ ကိုယ် အိပ်ရာထဲဝင်၍ အိပ်ပျော်သွားသည်ထိ သူတို့ စကားပြောလို့ မပြီးသေးချေ။

တစ်ခုတော့ ကောင်းသည်။ မေမေနှင့် အန်တီလူးတို့ စကားပြောနေကြပြန်ပြီ ဆိုလျှင် ကိုယ်သည် စာရေးစားပွဲတွင် ထိုင်၍ စာကျက်ချင်ယောင်ဆောင်ရင်း သူတို့ပြောသည်ကို နားထောင်လို့ ရနိုင်သည်။ ကိုယ်သိချင်နေသော အကြောင်းတွေ သူတို့ ပြောချင်ပြောကြလိမ့်မည်။

ခုလည်း ကိုယ်သည် မြန်မာဖတ်စာအုပ်ကို ဖွင့်၍ ဖတ်ချင်ယောင်ဆောင်ရင်း နားထောင်နေသည်။ ကိုယ့်စာရေးစားပွဲနှင့် မေမေတို့ ထိုင်နေကြသော ဆက်တီကုလားထိုင်သည် နည်းနည်းဝေးသည်။ ထို့ကြောင့် သူတို့ပြောသော စကားတွေကို အားလုံးတော့ မကြားရပါ။ နည်းနည်းကျယ်ကျယ် ပြောသောစကားတွေသာ ကြားရသည်။ တစ်ခါတစ်ခါကျတော့လည်း သူတို့က တိုးတိုးကလေးတွေ ပြောကြသည်။ တချို့စကားတွေကျတော့ အင်္ဂလိပ်လို ညှပ်ပြောကြသည်။

“...အဲဒါကြောင့် ပြောတာပေါ့၊ အခြေအနေက ဘာမှပြောလို့ရတာ မဟုတ်ဘူး၊ ကိုယ် ငွေစုနေတယ် ဆိုတာကလဲ”

မေမေ့အသံ ဖြစ်ပါသည်။ ပြောရင်းက တိုးသွားသောကြောင့် မကြားရပြန်ပါ။ အန်တီလူး ဝင်ပြောသည်။

"အေးလေ... ယော်ဟပ်စဘင်းက”

ဟော... ဖေဖေ့အကြောင်း၊ ကိုယ် သေသေချာချာ နားစိုက်ထောင်သည်။

“အင်း... ယက်စ် ယက်စ် မယုံရဘူး”

“ဟုတ်တယ် လုစ်၊ သံယောဇဉ်တစ်ခုတည်းပဲ”

အန်တီလူးက ဘာထပ်ပြောသည်ကို မကြားလိုက်ရ။ အိမ်ရှေ့လမ်းပေါ်က ကုန်တင်ကားကြီး ဖြတ်မောင်းသွားသောအသံကြောင့် ဖြစ်သည်။ “တစ်လ ခုနှစ်ရာ” ဆိုသော မေမေ့အသံကို ကြားလိုက်ရ၏။ `ညီညီ'ဆိုသော ကိုယ့်နာမည်ကို ပြောသေးသလား မသိ။ သဲသဲကွဲကွဲ မကြားလိုက်ရပါ။ ကားသံ မရှိတော့သောအခါကျမှ စကားတွေကို ပြန်ကြားရသည်။ သို့သော်လည်း ကိုယ် ဘာမှနားမလည်တော့ပါ။ အင်္ဂလိပ်လို ပြောနေကြခြင်း ဖြစ်သည်။

ကိုယ်သည် စာလည်း ဖတ်လို့မရ။ နားထောင်လို့လည်း ဘာမှနားမလည်။ ကြာတော့ ပျင်းလာသည်။ ညောင်းလည်း ​ညောင်းလာသည်။ အိပ်လည်း အိပ်ချင်ပြီ။ ကိုယ် ထရပ်လိုက်သည်။ ထိုအခါကျမှ ကိုယ့်ကို သတိရသွားကြပုံ ရလေသည်။ မေမေက

“သား ... အိပ်တော့မလို့လား၊ အိပ်ချင်လည်း သွားအိပ်တော့လေ”

ကိုယ်က ခေါင်းကိုသာ ညိတ်ပြ၍ ရေချိုးခန်းဘက် ထွက်လာခဲ့သည်။ ခြေထောက်ဆေးသည်။ ပြီးတော့ ဧည့်ခန်းကို တစ်ခါဖြတ်၍ လာရပြန်သည်။ ထိုအခါကျမှ အန်တီလူးက ကိုယ့်ကို လှမ်းခေါ်ပြန်သည်။ ကိုယ်မကြားသလို လုပ်၍ အိပ်ခန်းထဲ ဝင်မည်ပြုသည်။ သို့သော်လည်း မေမေက “သား ... အန်တီ ခေါ်နေတယ်လေ” ဟု လှမ်းပြောသောကြောင့် ကိုယ်သွားရသည်။ အန်တီလူးသည် ထုံးစံအတိုင်း ကိုယ့်ကို သူ့ပေါင်ပေါ်မှာ အထိုင်ခိုင်းသည်။ စိတ်မပါသော်လည်း ကိုယ် ထိုင်နေလိုက်ရသည်။ ပြီးတော့ သူမေးသည်။

“ညီညီ့ကို အန်တီ တစ်ခုမေးမယ်၊ မှန်မှန်ဖြေနော်”

ကိုယ် ဘာမှလည်း ပြန်မပြော၊ ခေါင်းလည်း မညိတ်မိ။

"ညီညီက ဖေဖေနဲ့ မေမေ ဘယ်သူ့ပိုချစ်သလဲ”

ကိုယ် မေမေ့ကို ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်။ မေမေသည် ကိုယ့်ကို ပြုံးကြည့်နေသည်။ သို့သော်လည်း ကိုယ်သိသည်။ တစ်ခါက မေမေ ကိုယ့်ကို ပြောခဲ့ဖူးသည်ကို သွားသတိရမိပြန်၏။ အဲဒီတုန်းက အိပ်ရာပေါ်မှာ ကိုယ်က မေမေ့ရင်ခွင်ထဲ ဝင်ပြီး ကျောင်းမှာလျှောက်အော်ခဲ့သည်များကို ပြန်ဆိုနေသည်။ သူငယ်ချင်းတွေနှင့် ပြိုင်တူအော်ခဲ့သော "တနင်္ဂနွေ တနင်္လာ မင်းအဖေ ထမင်းဆာ၊ အင်္ဂါ ဗုဒ္ဓဟူး ဖင်မှာ တုတ်စူး၊ ကြာသပတေး သောကြာ စာပေးလို့ရောက်လာ" ဟု အော်ရင်း ကိုယ် မေမေ့ကို မေးသည်။

"မေမေ စနေကျတော့ ဘယ်လို ပြောမလဲ"

မေမေက

“ဘယ်သိမလဲကွယ်”

ကိုယ်စဉ်းစားလိုက်ပြီး

"စနေဆိုတော့ ဖေဖေပေါ့"

ထိုအခါ မေမေသည် ချက်ချင်း ဘာမျှပြန်မပြောဘဲ နည်းနည်းကြာမှ

“သားက မင်းအဖေကို သိပ်ချစ်တာပဲလားဟင်"

"ချစ်တာပေါ့ မေမေရဲ့"

"မေမေ့ထက်တောင် ပိုချစ်သလားဟင် "

"အို... အတူတူပဲပေါ့"

အဲဒီတုန်းက မေမေ့မျက်နှာသည် ပျော်ပျော်ရွှင်ရွှင် မရှိခဲ့ပါ။

“ဖြေလေကွာ”

အန်တီလူးက အတင်းပင် မေးနေသည်။ ကိုယ် ခေါင်းခါလိုက်သည်။

“ဟင့်အင်း ... ကိုယ်က ကလေးမှ မဟုတ်ဘဲ၊ အဲဒါတွေ မေးဖို့မှ မလိုဘဲ”ဟု ပြောပြီး သူ့ပေါင်ပေါ်မှ ကိုယ် အတင်းရုန်း၍ ပြေးထွက်လာခဲ့သည်။

မေမေက “လုစ်ကလည်းဟာ၊ ဆင်ခြင်မှပေါ့" ဟု ပြောလိုက်သံ ကြားရသည်။

ဆက်ရန်
----------------------------
#မင်းလူ

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)