ပုံနှိပ်သမား၊ အခန်း (၃)(ဇာတ်သိမ်းပိုင်း)

(တဖြည်းဖြည်း ပုံရိပ်ထင်လာ။ ။ မစ္စတာဟီလီ၏အိမ် အတွင်းခန်း။ ထိုညတွင် ဖြစ်သည်။ မစ္စတာဟီလီ၏ ဇနီး၊ သားနှင့် မြေးမလေးတို့သည် ထိုင်၍ ရေဒီယို နားထောင် နေကြသည်။ ချွေးမမှာမူ ကင်မရာ အပြင်ဘက် မီးဖိုထဲတွင် ဖြစ်သည်။ သို့သော် တစ်ခါတစ်ရံ၌ ကင်မရာ မြင်ကွင်းထဲသို့ ဖြတ်၍ ဝင်ဝင်လာသည်။ လူလတ်တန်းစား အလွှာ၏ တိုတောင်း၍ စံပြဖြစ်သော အိမ်တွင်း အပန်းဖြေ ညချမ်းကလေးပင် ဖြစ်သည်။ မစ္စတာ ဟီလီကိုမူ မတွေ့ရပေ။

တံခါးခေါင်းလောင်း မြည်လာသည်။ မစ္စတာဟီလီ၏ သားသည် ထိုင်နေရာမှ ထသွားကာ တံခါးဖွင့်လိုက်၏။ တံခါးဝတွင် ကောင်လေး ရပ်နေသည်။)

သား။ ။ ဘာကိစ္စများ ရှိလို့ပါလဲ....။
ကောင်လေး။ ။ မစ္စတာဟီလီ ရှိရင် တွေ့ချင်လို့ပါ။ ကျွန်တော်က သူ အလုပ်လုပ်တဲ့ ပုံနှိပ်တိုက်မှာ အလုပ်လုပ်တဲ့ ကောင်လေးပါ။
သား။ ။ ဘာရယ်....။
ကောင်လေး။ ။ သူ အလုပ်လုပ်တဲ့ တိုက်မှာ အလုပ်လုပ်တဲ့ ကောင်လေးလို့ ပြောတာပါ။
သား။ ။ အိုး.... ကောင်းပါပြီ၊ ကောင်းပါပြီ အထဲဝင်လေ။ တစ်မိနစ်လောက်နော်။

(သူသည် မစ္စတာဟီလီ၏ အိပ်ခန်းသို့ လှည့်ထွက်သွားသည်။)

မစ္စတာဟီလီ၏ဇနီး။ ။ ဘယ်သူလဲ ဂျော့။
သား။ ။ အဘိုးကြီး ပုံနှိပ်တိုက်က ချာတိတ်လေးပါ။

(သူသည် အဘိုးအို၏ အိပ်ခန်းတံခါးကို ညင်သာစွာ ခေါက်လိုက်ပြီး အနည်းငယ် ဖွင့်လိုက်သည်။ သူ၏ အမြင်အတိုင်း ကင်မရာလိုက်သွား။ အခန်းကလေးမှာ နှစ်ပေလေးပေ အိပ်ခန်းကလေး ဖြစ်ပြီး ခုတင်တစ်လုံး၊ စားပွဲခုံတစ်ခုံ၊ မီးအိမ်တစ်ခု၊ ကျောမှီမတ်မတ်နှင့် ကုလားထိုင် တစ်လုံးတို့ဖြင့် ပြည့်လုနီးပါး ဖြစ်နေပေပြီ။ သားဖြစ်သူ ဖွင့်လိုက်သော တံခါးမှ စီးကျလာသော အလင်းနှင့် ပရိဘောဂများကို ကောက်ကြောင်း ဖော်နေသော လရောင်ကလေးမှ လွဲ၍ အခန်းထဲတွင်အလင်းရောင်ဟူ၍ မရှိပေ။ အဘိုးအိုသည် ကုလားထိုင်ပေါ်တွင် တောင့်တင်းစွာ ထိုင်နေသည်။ သူ၏လက်များမှာ ပေါင်ပေါ်တွင် ယှက်တင်ထားကာ အုံ့မှိုင်း မည်းမှောင်သော အတွေးထဲတွင် နစ်မြုပ်နေသည်။ သားဖြစ်သူ ဝင်လာသော အခါမှ မော့ကြည့်လိုက်ပြီး အနည်းငယ် တုန်လှုပ်သွားသည်။)

မစ္စတာဟီလီ။ ။ ဘာလဲ.... ဂျော့။
သား။ ။ အဖေ့ ပုံနှိပ်တိုက်က ကောင်လေးက အဖေ့ကို တွေ့ချင်လို့တဲ့။
မစ္စတာဟီလီ။ ။ ဘယ်သူ....။
သား။ ။ အဖေ့ ပုံနှိပ်တိုက်က ကောင်လေး။
မစ္စတာဟီလီ။ ။ ငါ့ပုံနှိပ်တိုက်က၊ ဟေ.... အေး၊ အထဲ လွှတ်လိုက်ကွာ။
သား။ ။ အခန်းထဲကိုလား။

(အဘိုးအိုသည် တစ်ဖက်သို့ ပြန်လှည့်သွားသည်။ သူသည် အနည်းငယ် တုန်လှုပ်နေ၏။ သားသည် နောက်သို့ ပြန်လှည့်လိုက်ပြီး ကောင်လေးကို ခေါင်းညိတ်ပြ၍ ခေါ်လိုက်သည်။ ကောင်လေးသည် အခန်းထဲသို့ ဆုတ်ဆိုင်းဆိုင်းဖြင့် ခြေတစ်လှမ်း နှစ်လှမ်း စမ်းဝင်ကြည့်သည်။ အဘိုးအိုက သူ့ကို လှည့်ကြည့်လိုက်သည်။)

မစ္စတာဟီလီ။ ။ ဟယ်လို.... ကောင်လေး၊ တစ်ခုခုများ ဖြစ်လို့လား။
ကောင်လေး။ ။ ဘာမှမဖြစ်ပါဘူး။ ကျွန်တော်တို့ နှစ်ယောက်အကြားမှာ အခြေအတင် ဖြစ်သွားခဲ့တာနဲ့ ပတ်သက်လို့ ကျွန်တော် စိတ်မကောင်းပါဘူး။ တကယ့်ကို ပြောတာပါ။ အဲဒါနဲ့ သူဌေးဆီက လိပ်စာတောင်းပြီး ကျွန်တော် လာခဲ့တာပါ။ တကယ်လို့ မစ္စတာဟီလီ ထိခိုက်သွားအောင်လို့ တစ်ခုခု ပြောခဲ့မိတယ်ဆိုရင် ကျွန်တော် တောင်းပန်ပါတယ်။

(အဘိုးအိုသည် တံခါးဝတွင် ရပ်တန့်နေဆဲ ဖြစ်သော သူ၏သားကို လှမ်းကြည့်လိုက်သည်။)

မစ္စတာဟီလီ။ ။ တံခါးပိတ်လိုက် ဂျော့။

(သားဖြစ်သူသည် ခေါင်းညိတ်လိုက်ပြီး ထွက်သွားကာ တံခါးကို ပိတ်ခဲ့လေသည်။ ရုတ်ချည်းပင် မှောင်ကျသွားသော အခန်းလေးထဲတွင် အဘိုးအိုနှင့် ကောင်လေး နှစ်ဦးသာ ကျန်ရစ်ခဲ့သည်။)

မစ္စတာဟီလီ (ခုတင်ကို ညွှန်ပြလိုက်ပြီး)။ ။ ထိုင်လေကွာ ကောင်လေး။

(ကောင်လေးသည် ခုတင်ရှိရာသို့ ကြမ်းပြင်ကို လျှပ်တိုက် လျှောက်သွားပြီး ထိုင်ချလိုက်သည်။ မွေ့ရာအတွင်းမှ စပရင်များသည် မနှစ်မြို့ဖွယ် တကျွီကျွီ မြည်သွား၏။)

ကောင်လေး။ ။ ခင်ဗျား စိတ်မထိန်းနိုင် ဖြစ်သွားအောင် တစ်ခုခု ပြောခဲ့မိတယ် ဆိုရင် ကျွန်တော် တောင်းပန်ပါတယ် မစ္စတာဟီလီ။
မစ္စတာဟီလီ။ ။ အေးလေ.... ဘာပဲဖြစ်ြဖစ် မင်းကိုငါ မရိုက်သင့်ပါဘူး။ ငါက မင်းအဖေမှ မဟုတ်တာ။
ကောင်လေး။ ။ မစ္စတာဟီလီ လိုင်နိုစက်နဲ့ ပတ်သက်ပြီး ဘယ်လိုခံစားရတယ် ဆိုတာ ကျွန်တော် သိပါတယ်။ အဲဒါကြောင့် အခုလို ဖြစ်သွားရတယ် ဆိုတာလည်း နားလည်ပါတယ်။
မစ္စတာဟီလီ။ ။ အင်း.... ငါဘယ်လိုပဲ ခံစားရ ခံစားရပေါ့။ ကမ္ဘာကြီး တစ်ခုလုံးကို ငါ့လက်နဲ့ ကိုင်လှုပ်ပစ်နိုင် လိမ့်မယ်လို့တော့ ငါမတွေးပါဘူးကွာ။
ကောင်လေး။ ။ ကျွန်တော် သဘောကျတဲ့ လူတွေနဲ့ ဘယ်တော့မှ ကျွန်တော် အခင်အမင် အပျက်မခံနိုင်ဘူး။ ကျွန်တော်တို့ နှစ်ယောက်ကြားမှာ ဆိုးဆိုးဝါးဝါး ဘာမှ မဖြစ်စေချင်ဘူး။
မစ္စတာဟီလီ။ ။ကျေးဇူးတင်ပါတယ် ကောင်လေးရာ။ (သူတို့နှစ်ယောက် အကြားတွင် အတန်ြကာအောင် တိတ်ဆိတ်ခြင်းသည် ကြီးစိုးသွား၏။) မင်း အဲဒီကျောင်းကို တက်မှာလား။
ကောင်လေး။ ။ တက်မယ်။
မစ္စတာဟီလီ။ ။ ကျောင်းဝင်ခွင့် ရပြီလား။
ကောင်လေး။ ။ ကျွန်တော် စာရွက်စာတမ်းတွေ အားလုံး ဖြည့်ပြီးပြီ။ ကျောင်းလခနဲ့ ပတ်သက်ပြီး အမေနဲ့ ထပ်ပြောရဦးမယ်။ ဦးလေးချာလီဆီက ချေးရမှာပဲ။ ဒါပေမယ့် ကျောင်းကတော့ လက်မှတ်ရတာနဲ့ အလုပ်ရရမယ်လို့ အာမခံထားတာပဲ။ စာစီတံကိုတော့ စွန့်ရမှာပေါ့လေ။ ဒါပေမယ့် တန်ပါတယ်လေ။
မစ္စတာဟီလီ။ ။ အေးလေ မင်းတာဝန်တွေက သေးတာမှ မဟုတ်တာ။ ဒီလိုပဲ လုပ်ရမှာပေါ့။
ကောင်လေး။ ။ ဟုတ်တယ်။ (နောက်တစ်ကြိမ် တိတ်ဆိတ် သွားပြန်သည်။) မစ္စတာဟီလီ တကယ်လို့ ကျွန်တော် စာစီတံကို ရွေးခဲ့မယ်ဆိုရင် တစ်ပတ်ကို လိုင်နိုစက်က ရမယ့်ငွေရဲ့ သုံးပုံနှစ်ပုံလောက် ရမယ်။ ပြီးတော့ ပုံနှိပ်တိုက်တွေ တစ်တိုက်ြပီး တစ်တိုက် လျှောက်လုပ်ရင်းနဲ့ အလုပ်သင်ရမယ်။ ကျွန်တော့် အသက် လေးဆယ်လောက် ရောက်မှ ကိုယ့်ကိုယ်ကိုယ် စာစီဆရာ တစ်ယောက် ဖြစ်ပြီလို့ ပြောနိုင်မယ်။ စာစီဆရာ ဖြစ်ပြီးတော့ရော ဘာဖြစ်လာမလဲ။ တကယ်လို့ ကျွန်တော် အလုပ်ကို စွဲစွဲမြဲမြဲ လုပ်မယ်။ ငွေလေး စုမိမယ်ဆိုရင် အသက် ငါးဆယ်လောက်မှာ အကြွေးနဲ့ ပုံနှိပ်တိုက်လေး တစ်တိုက် ဖွင့်နိုင်မယ်။ တစ်ရာကို ငါးဒေါ်လာရမယ့် မင်္ဂလာဆောင်ဖိတ်စာတွေ ရိုက်ရမယ။် တစ်ပတ်ကို တစ်ရာ၊ ဒါမှမဟုတ် တစ်ရာ့အစိတ်လောက် ရမယ်။ ဆိုင်ပေါ်တင်ပြီး စာရေးကိရိယာတို့၊  ခရစ္စမတ်ကတ်တို့ ရောင်းမယ်။ နောက်တစ်လမ်းကို ရွေးခဲ့ရင်ရော၊ တစ်နှစ် ကျောင်းတက်ြပီး သင်တန်းဆင်းတာနဲ့ နယူးဂျာဆီမှာ ငွေငါးဆယ်၊ ခြောက်ဆယ်လောက် ရမယ်။ ကျွန်တော် ပြောနေတဲ့ စကားထဲမှာ 'ငွေ.... ငွေ၊ ငွေ.... ငွေ' နဲ့ ဖြစ်နေတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ဘာဖြစ်လို့ အဲဒီလို ဖြစ်နေရသလဲ ဆိုတဲ့ အကြောင်းရင်းကို မစ္စတာဟီလီ သိပါတယ်။
မစ္စတာဟီလီ။ ။ ငါသိပါတယ် ကောင်လေး။
ကောင်လေး။ ။ ကျွန်တော် (လက်စီ)ပုံနှိပ်လုပ်ငန်းကို ဝါသနာပါတယ်။ ပုံနှိပ်နေရတာကို ပျော်တယ်။ ပုံနှိပ်စက်ထဲကို စက္ကူတွေ ထိုးထည့် ပေးနေရင်းနဲ့ ဒါဟာ အသက်မဲ့ စက်အိုကြီးတစ်လုံးက လွဲလို့ ဘာမှမဟုတ်ဘူး ဆိုတာကို မကြာခဏ မေ့သွားတတ်တယ်။ ဒီအနက်ရောင် မကောင်းဆိုးဝါး သတ္တဝါကြီးကို ငါငြိမ်ဝပ်သွားအောင် မထိန်းနိုင်လို့ကတော့ ငါ့လက်ချောင်းတွေကို သူဝါးပစ်လိုက်မှာပဲလို့ ထင်မိတယ်။
မစ္စတာဟီလီ။ ။ ငါလည်း အဲဒီလို ခဏ ခဏ ထင်မိတာ ပါပဲကွာ။
ကောင်လေး။ ။ အလုပ်အားလို့ အပြင်ထွက်တဲ့ အခါမျိုးတောင်မှ ကျွန်တော် အလုပ်သမားဝတ်စုံကို မချွတ်ဘူး။ ကျွန်တော် ပုံနှိပ်သမား ဆိုတာကို တစ်လမ်းလုံးက သိစေချင်တယ်လေ။
မစ္စတာဟီလီ။ ။ ကိုယ့်အလုပ်ကို အဲဒီလိုမျိုး သဘောကျတဲ့ လိုင်နို စက်ဆရာမျိုးတော့ ငါတစ်ယောက်မှ မတွေ့ဖူးပါဘူးကွာ ကောင်လေးရ။
ကောင်လေး။ ။ လခထုတ်တဲ့ ရက်မှာတော့ သူတို့ သဘောကျကြ ပါတယ်ဗျာ။ ကျွန်တော် လောင်းတောင် လောင်းလိုက်ချင်သေးတယ်။
မစ္စတာဟီလီ။ ။ သူတို့က တစ်နေ့လုံး ထိုင်ပြီး ခလုတ်တွေ နှိပ်နေတာကွ။ ဘာ လက်မှုပညာမှ မပါဘူး။ ဘာဂုဏ်သိက္ခာမှလဲ မရှိဘူး။
ကောင်လေး။ ။ စက်နဲ့ စာစီတာ ဘာဖြစ်လို့လဲ မစ္စတာဟီလီ။ တကယ်လို့ လိုင်နိုစက်တွေသာ မရှိဘူးဆိုရင် စာအုပ်တွေကို ထောင်နဲ့ သောင်းနဲ့ ချီပြီး ဘယ်လိုလုပ် ပုံနှိပ်ကြမလဲ။
မစ္စတာဟီလီ။ ။ အခုရော စာအုပ်ကောင်းတွေ အများကြီး ရှိမနေသေးလို့လား။ အခု ရှိနေတဲ့ စာရေးဆရာတွေရဲ့ အသိပညာကရောမလုံလောက် သေးဘူးလား။
ကောင်လေး။ ။ နေ့စဉ်ထုတ် သတင်းစာတွေကျတော့ ခင်ဗျား ဘယ်လို ရိုက်မလဲ။ လူထုရဲ့ တောင်းဆိုချက်ကို ခင်ဗျား လက်နဲ့ ပုံနှိပ်ပြီး ဖြည့်ဆည်း မပေးနိုင်ဘူးဗျ။
မစ္စတာဟီလီ။ ။ အခု လူတွေက အရင်နှစ်တစ်ရာက လူတွေထက် ပိုပြီးတော့များ ဉာဏ်ပညာ ကြွယ်ဝလာလို့လား။ ပိုပြီးတော့များ ပျော်ရွှင်နိုင်ကြလို့လား။ အဲဒါဟာ မဟာအမေရိကန် ရောဂါကြီးပဲ ကောင်လေး။ စက်တွေကို ငမ်းငမ်းတက် မက်မောနေကြတာ။ လူတိုင်း လူတိုင်းက 'အလုပ်သမား မလိုအပ်မယ့်' တီထွင်မှုတွေကို တီထွင်နေကြတယ်။ အလုပ်သမားတွေနဲ့ လုပ်တာဟာ ဘာများဖြစ်လို့လဲ။ လူတစ်ယောက်ရဲ့ အလုပ်ဆိုတာဟာ သူပိုင်ဆိုင်သမျှတွေထဲက တန်ဖိုးအရှိဆုံး အရာပါ။ တကယ်တော့ ငါတို့ဟာ 'အလုပ်သမား အသုံးပြုရမယ့်' တီထွင်မှုတွေကိုသာ ပိုပြီး အမြောက်အမြား တီထွင်သင့်တယ်။ အခုတော့ ငါတို့ဟာ ရူးနေကြပြီ။ သက်သောင့်သက်သာ ဖြစ်ဖို့၊ ရေသာခိုဖို့ကို အရူးအမူး ရှာဖွေရင်းနဲ့ ရူးနေကြပြီ။ ရှင်သန်နေတဲ့ ဘဝရဲ့ လေးနက်တဲ့ အဓိပ္ပါယ်ကို ဆုံးရှုံးနေကြရပြီ။ လူတွေက လမ်းပေါ်က ငေးကြည့်နေရပြီး အတန်းလိုက်ချထားတဲ့ စက်တွေက တချုန်းချုန်း လည်နေ၊ ကြမ်းခင်း ကော်ဇောတွေ တဖျတ်ဖျတ်လွင့်နေတဲ့ လုပ်ငန်းဆိုတာ ဝမ်းနည်းကြေကွဲစရာ လုပ်ငန်းပဲ။ အလကားပဲ။ အဲဒီလို ဘဝမျိုးမှာ ပျော်ရွှင်မှုဆိုတာ ဘာမှမရှိဘူး ကောင်လေး။ ဘာမှမရှိဘူး။ တစ်ပတ်ကို ဒေါ်လာတစ်ရာ ရစေဦးတော့ ဘာပျော်ရွှင်မှုမှ မရှိဘူး။

(ကောင်လေးသည် သူ့ခြေထောက်ကိုသူ စိုက်ကြည့်နေသည်။)

ကောင်လေး။ ။ ကျွန်တော်ကတော့ ခင်ဗျားနဲ့ သဘောမတူနိုင်ဘူး မစ္စတာဟီလီ။
မစ္စတာဟီလီ။ ။ အေး.... မင်းလို ဆယ့်ခုနစ်နှစ်အရွယ် လူငယ်လေး တစ်ယောက် အတွက်တော့ အဆင်းရဲခံရမှာ သိပ်ခက်မှာပေါ့ကွာ။
ကောင်လေး။ ။ ကမ္ဘာကြီးဟာ ပြောင်းလဲနေပြီ မစ္စတာဟီလီ။ အဟောင်းတွေဟာ သွားပြီ။ လူတိုင်း လူတိုင်းဟာ အသစ်တွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း လက်တွဲရမယ်။ ကျွန်တော်ကတော့ အဲဒီလို သဘောရတယ်။ ကျွန်တော်တို့ ဂုဏ်သိက္ခာရှိရှိ သဘောထား ကွဲလွဲနိုင်ကြတယ် မဟုတ်လား။
မစ္စတာဟီလီ။ ။ အေး။
ကောင်လေး။ ။ ကျွန်တော်တို့ မိတ်ဆွေတွေ ဖြစ်နေကြတုန်းပဲ ဆိုတာ သိစေချင်ပါတယ်။
မစ္စတာဟီလီ။ ။ မင်းဟာ လူကောင်းလေးပါကွာ။

(ကောင်လေးသည် ခုတင်ပေါ်တွင် ထိုင်နေရာမှ ထရပ်လိုက်သည်။ မွေ့ရာ အတွင်းရှိ စပရင်များက တကျွီကျွီ မြည်သွားပြန်သည်။)

ကောင်လေး။ ။ ကျွန်တော် ပြန်ဦးမှပဲ။ ဒီရက်တွေ အတွင်းမှာ အမေ့ကို တစ်ယောက်တည်း မနေစေချင်ဘူး။
မစ္စတာဟီလီ။ ။ မင်း ကံကောင်းပါစေကွာ။
ကောင်လေး။ ။ မနက်ဖြန် တိုက်မှာ တွေ့ကြတာပေါ့။
မစ္စတာဟီလီ။ ။ မနက်ဖြန် တွေ့ကြတာပေါ့။

(ကောင်လေးသည် တံခါးဝသို့ လျှောက်သွားသည်။ တံခါးကို ဖွင့်လိုက်ပြီး မှောင်မည်းနေသော အခန်းလေးထဲသို့ ဖိတ်အန်ကျလာသော အလင်းတန်းထဲတွင် ခေတ္တရပ်နေသည်။)

ကောင်လေး။ ။ ကျွန်တော် ခင်ဗျားကို မနက်ဖြန် အလုပ်ဆင်းရင် ဘီယာ တစ်ပုလင်း ဝယ်တိုက်မယ်။

(အဘိုးအိုထံမှ ရှိုက်သံတစ်ချက်သည် လွတ်ထွက်လုနီးပါး ဖြစ်သွားသည်။ သူသည် အလျင်အမြန် ထိန်းချုပ်လိုက်ပြီး တစ်ဖက်သို့ လှည့်သွားသည်။)

ကောင်လေး။ ။ မနက်ဖြန် တွေ့ကြတာပေါ့ဗျာ။

(ကောင်လေး ထွက်သွားပြီး တံခါးကို ပြန်ပိတ်ပေးခဲ့သည်။ မှောင်မည်းနေသော အခန်းလေးထဲတွင် အဘိုးအိုမှာ ထိုင်၍နေမြဲ။ သူ၏ ခွန်အားကင်းမဲ့ကာ ပျော့ခွေနေသော ခန္ဓာကိုယ်သည် မလှုပ်မယှက်၊ မျက်လုံးအစုံကို မှိတ်ရင်း ထိုင်နေသည်။ ကင်မရာက ဖြည်းညင်းစွာ အနီးကပ်ရိုက်၊ အဘိုးအိုသည် ရုတ်တရက် ကုလားထိုင်မှ ထလိုက်သည်။ နံရံကပ် ဗီရိုလေးသို့ လျှောက်သွားသည်။ ဗီရိုတံခါးကို ဖွင့်လိုက်သည်။ သူ၏ ကုတ်အင်္ကျီနှင့် ဦးထုပ်တို့ကို ထုတ်ယူပြီး ဝတ်ဆင်နေသည်။)

[ ပုံရိပ်များ တဖြည်းဖြည်း မှိန်၍ပျောက်သွား။ ]

(တဖြည်းဖြည်း ပုံရိပ်ထင်လာ။ ။ ပုံနှိပ်တိုက်လေး၏ အတွင်းခန်း၊ နောက်တစ်နာရီအကြာ ညဆယ်နာရီ ဝန်းကျင်ခန့် ဖြစ်သည်။ ဆိုင်ခန်းလေးမှာ ပိန်းပိတ်မှောင်နေသည်။ အရှေ့တံခါး ကန့်လန့်ပြုတ်ပြီး ပွင့်သွားသည်ကို မြင်သာရုံ လမ်းမီးတိုင်မှ အလင်းရောင်သည် အရှေ့ ပြတင်းပေါက်မှ အခန်းတွင်းသို့ ယိုစီးကျနေသည်။ ဦးထုပ်နှင့် ကုတ်အင်္ကျီကို ဝတ်ဆင်ထားသော မစ္စတာဟီလီ ဝင်လာသည်။ ဦးခေါင်းထက်ရှိ လုပ်ငန်းသုံး မီးလုံးလေးကို ဖွင့်လိုက်သည်။ ရုတ်ချည်းပင် ကန်တော့ပုံသဏ္ဌာန် အလင်းရောင်တန်းလေး ဖြာကျလာသည်။ ကျန်အခန်းတစ်ခုလုံးမှာမူ မှောင်မည်းနေဆဲ။

အမှောင်ထဲတွင် စက်များသည် ငြိမ်သက် အထီးကျန်စွာ ရပ်တန့်နေကြသည်။ အဘိုးအိုသည် မသဲမကွဲ ညည်းညူရင်း တိုက်အတွင်းဘက်သို့ ဝင်သွားသည်။ ကလု(ခ်ျ)စက်ကို ကျော်သွားသည်။ လိုင်နိုစက်ကို ကျော်သွားသည်။ ဒုတိယ အကာအရံတန်းကို ကျော်ဖြတ်ပြီး ဆိုင်အနောက်ဘက် အမှောင်ထုထဲတွင် ပျောက်ကွယ်လုနီးပါး ဖြစ်သွားသည်။ သူ၏ အပြုအမူများကို မသဲမကွဲသာ မြင်ရတော့သည်။ သူသည် လက်ဆေးကြွေခွက် နံဘေး ထောင့်တစ်ထောင့်တွင် ခါးကို ကိုင်းလိုက်သည်။ သံထည် သတ္ထုပစ္စည်းများ ရိုက်ခတ်သံကဲ့သို့သော အသံမျိုး ခပ်တိုးတိုး ထွက်လာသည်။ ခါးကို ပြန်ဆန့်လိုက်ြပီး ပြန်လျှောက်လာသည်။ ယခုထက်တိုင် သူ၏ပုံရိပ်သည် အမှောင်ထဲတွင် မသဲမကွဲ ဖြစ်နေဆဲပင်။ လိုင်နိုစက် ရှေ့တွင် ရပ်လိုက်သည်။ သစ်ခုတ်သမား တစ်ဦး ပုဆိန်ကို မလိုက်သကဲ့သို့ လက်နှစ်ဖက်ကို ဦးခေါင်းထက်သို့ မြှောက်လိုက်သည်။ ထို့နောက် လက်များ ပြန်ကျလာသည်။ သတ္တုရောင်တစ်ချက် လက်ခနဲ ဖြစ်သွားပြီး ကြောက်မက်ဖွယ် အသံကြီး မြည်ဟည်းသွားသည်။ သူသည်တစ်ချက်ပြီး တစ်ချက် လိုင်နိုစက်ကို ဆက်ကာဆက်ကာ ထုနေ၏။ အမှောင်ထဲတွင် ဖြစ်သော်လည်း သူ၏ လှုပ်ရှားမှုများကို ကောင်းစွာ မြင်နိုင်သည်။ နောက်ဆုံးတွင် သူသည် အားအင် ကုန်ခမ်း သွားတော့သည်။ ရှည်လျား၊ နက်ရှိုင်း၊ ပြင်းထန်စွာ အသက်တစ်ချက် ရှူလိုက်သည်။ လဲပြိုမသွားစေရန် နံရံကို လက်ဖြင့် ထောက်၍ သံစားပွဲ ရှိရာသို့ ခြေတရွတ်ဆွဲ လျှောက်သွားသည်။

သံစားပွဲသို့ အရောက်တွင် သူသည် ကိုယ်ကို ကိုင်းလိုက်ပြီး မောပန်းစွာ အသက်ရှူနေသည်။ ဦးခေါင်းပေါ်ရှိ လုပ်ငန်းသုံး မီးလုံးလေးမှ အလင်းရောင်သည် သူ၏ ချွေးများဖြင့် စိုရွှဲနေသော မျက်နှာထက်သို့ အညှာအတာ ကင်းမဲ့စွာ ထိုးကျနေသည်။ ယခုအခါတွင် သူ၏ လက်ထဲတွင် တွဲလောင်း ကျနေသော တူကြီးကို ကောင်းစွာ မြင်ရပြီဖြစ်သည်။ သူ၏ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည်ဖြင့် လှိုင်းထနေသည်။ ရုတ်တရက် သူသည် စတင်၍ ငိုတော့သည်။ ပထမတွင် တိတ်ဆိတ်စွာ၊ ထိုနောက် အသံထွက်၍ ရှိုက်ရင်းရှိုက်ရင်း ငိုတော့သည်။

သူ၏ ခွန်အားမဲ့နေသော လက်များအတွင်းမှ တူကြီးသည် ကြမ်းပြင်ထက်သို့ ဝုန်းခနှဲ လွတ်ကျသွားသည်။ သူသည် သံစားပွဲကို တံတောင်တစ်ဖက်ဖြင့် ထောက်၍ ခါးကို ရှေ့သို့ကိုင်းကာ တစ်ကိုယ်လုံး သိမ့်သိမ့်ခါနေအောင် မရှက်တမ်း ရှိုက်ငိုနေတော့သည်။)

(တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွားသော ပုံရိပ်များလုံးလုံး ပျောက်ကွယ်မသွားသေးမီ ရောနှော၍ နောက်ပုံရိပ်များ တဖြည်းဖြည်း ထင်လာ။ တူဖြင့် ထုခြေထားသော လိုင်နိုစက်ပျက်ကြီး။ နောက်တစ်နေ့ နံနက်တွင် ဖြစ်သည်။ လိုင်နိုစက်ပြင်ဆရာသည် စက်ပေါ်တွင် ကိုယ်ကိုကိုင်း၍ အပျက်အစီးများကို စစ်ဆေးနေသည်။ သူ့ကို ခံစားချက် ကင်းမဲ့စွာ ကြည့်နေသည့် အလုပ်ရှင်ကို မြင်ရသည်အထိ ကင်မရာ နောက်သို့ရွှေ့လာ။)

စက်ပြင်ဆရာ။ ။ ကဲ.... ကိုယ့်ဆရာရေ။
အလုပ်ရှင်။ ။ ဘယ်လောက်ကျမလဲ။
စက်ပြင်ဆရာ။ ။ အနည်းဆုံးတော့ ငွေလေးရာပဲ။ နဂိုအတိုင်း ပြန်ကောင်းလာအောင် တစ်ပတ်လောက် အချိန်ယူရမယ်။
အလုပ်ရှင်။ ။ ကောင်းပြီ.... ခင်ဗျားတို့ မြန်နိုင်သမျှ အမြန်ဆုံး သယ်သွားပြီး ပြင်ပါ။ ပြန်ကောင်းလာမှ ပြန်ယူလာခဲ့ပါ။ (အလုပ်ရှင်သည် မစ္စတာဟီလီ ရပ်နေသော ပုံနှိပ်တိုက် အနောက်ဖက်သို့ လှည့်လိုက်ပြီး) ကဲ.... ကျုပ်တို့ ဘယ်လို လုပ်ကြမလဲ.... ဂျွန်။
မစ္စတာဟီလီ။ ။ ငါ့ဆီကို ဘီ(လ်) ပို့လိုက်ပါ။
အလုပ်ရှင်။ ။ ခင်ဗျားမှာ ဒေါ်လာလေးရာ ရှိလို့လား။
မစ္စတာဟီလီ။ ။ ငါ့ဆီကို ဘီ(လ်) ပို့လိုက်ပါ။ ငါချက်လက်မှတ် ရေးပေးပါ့မယ်။ (လိုင်နိုစက်ဆရာသို့) ကျုပ်ဝမ်းနည်းပါတယ် မစ္စတာ။ ကျုပ် ရူးနှမ်းနှမ်း လုပ်မိတာပါ။ အဲဒီစက်ဟာ စာကြောင်းတွေကိုတောင် ကောင်းကောင်း ပုံနှိပ်နိုင်တယ်ဆိုတာ ကျုပ် ဝန်ခံပါတယ်။ တူနဲ့ ထုခြေ ပစ်မိတာကို ကျုပ် ဝမ်းနည်းပါတယ်။
စက်ဆရာ။ ။ ဟာ.... ကိစ္စမရှိပါဘူးဗျ။ အဲဒါက စက်ပဲ၊ ကျုပ်မှ မဟုတ်တာ။
မစ္စတာဟီလီ (အလုပ်ရှင်သို့)။ ။ ငါ သွားတော့မယ်။ ငါ့မှာ ဘဏ်မှာ စုထား ဆောင်းထားတာလေး ရှိပါတယ်။ ငါ့အဘွားကြီးကို ဖလိုရီဒါကို ပို့ပေးမယ်လို့ စိတ်ကူးထားတာပဲ။ နေပူစာလေး ဘာလေး လှုံရတာပေါ့ကွာ။ ငါ့ဘဝရဲ့ ဆောင်းနှစ်တွေမှာ အနည်းနဲ့အများ ဆိုသလို ပျော်ရွှင်မှုလေးတော့ ရကောင်းပါရဲ့။ ငါ့လက်သည်းတွေ အောက်က မင်တွေကိုလည်း ချွတ်ကောင်း ချွတ်နိုင်မှာပေါ့လေ။ ငါ့ဆီကို ဘီ(လ်)သာ ပို့လိုက်ပါ။ ငါ မင်းကို စာတိုက်ကနေ ချက်လက်မှတ် ပို့လိုက်ပါ့မယ်။
အလုပ်ရှင်။ ။ ခင်ဗျား ဘယ်သွားမလို့လဲ။
မစ္စတာဟီလီ။ ။ ငါ အလုပ်ထွက်တော့မယ်။
အလုပ်ရှင်။ ။ တကယ်လား.... လာစမ်းပါဗျာ။ အလုပ် လာလုပ်စမ်းပါ။

(သူသည် အလုပ်သမား ဝတ်စုံကို မစ္စတာဟီလီထံသို့ ပစ်ပေးလိုက်သည်။)

မစ္စတာဟီလီ။ ။ ဒီမှာ မစ္စတာ၊ ကျုပ်အပေါ် သိပ်ပြီး မကောင်းစမ်းပါနဲ့၊ ကျုပ် ခင်ဗျားကို တူနဲ့ ထုမိပါလိမ့်မယ်။ ဟေ့.... ငါ့အသက် ခြောက်ဆယ့် ခြောက်နှစ် ရှိပြီကွ။ ငါ အလုပ်က ထွက်ချင်ရင် အချိန်မရွေး ထွက်လို့ရတယ်။ ငါက အလုပ်လုပ်ရမယ့် အရွယ် မဟုတ်တော့ဘူး။ ဒီအလုပ်ကို ငါ စိတ်ကုန် လာပြီကွ။ တကယ်ပြောတာ။ လူတစ်ယောက်ကို အသက်ရှူ ရပ်သွားစေလောက်တဲ့ ရေနံဆီနံ့တွေ၊ စိုထိုင်းပြီး မှောင်မည်းနေတဲ့ အခန်းကျဉ်းလေး.... ဟာ စိတ်ပျက်စရာကြီး ပါကွာ။ ဘာဖြစ်လို့ တစ်ခါတစ်လေလောက်များ အခန်းရှင်းဖို့ကို စိတ်မကူး ရတာလဲကွ။ အဲဒီလိုသာ ရှင်းလိုက်ရင် ခြောက်လမ်းက တကယ့်ပုံနှိပ်တိုက် တစ်တိုက်နဲ့ တူလာမှာပဲ။

(မစ္စတာဟီလီသည် သံစားပွဲသို့ လျှောက်သွားပြီး စတင်၍ အလုပ်လုပ်တော့သည်။ ကောင်လေးသည် သူ၏ နံဘေးတွင် ရပ်နေပြီး ပြုံး၍ အလုပ်လုပ်နေသည်။ ပုံနှိပ်တိုက် အပြင်ဘက်သို့ ရောက်သည့်တိုင်အောင် ကင်မရာ နောက်သို့ ဆုတ်လာပြီး ပလက်ဖောင်းပေါ်တွင် ရပ်တန့် လိုက်သည်။ 'ဧကရာဇ်ပုံနှိပ်တိုက်' ဟူသော စာလုံးများကို မထင်မရှား မြင်ရသော ပုံနှိပ်တိုက်လေး၏ အရှေ့မျက်နှာစာ ပြတင်းပေါက်။ ပြတင်းပေါက်မှ အထက်သို့ ဖြည်းညင်းစွာ ရွေ့လာပြီး ဆိုင်းဘုတ်ကလေးသို့ ရောက်ရှိလာ။ 'ဧကရာဇ်ပုံနှိပ်တိုက်' ဟူသော စာလုံးများကို မထင်မရှား မြင်ရသေးသော ဆိုင်းဘုတ်ကလေးမှာ အိုမင်း၍ နေဒဏ်၊ လေဒဏ်တို့ တိုက်စားပွန်းပဲ့ ....)

[ ပုံရိပ်များ တဖြည်းဖြည်း မှိန်၍ပျောက်သွား။ ]

(အမေရိကန် ဇာတ်ညွှန်းဆရာ Paddy Chayefsky ၏ Printer's Measure (Teleplay) ကို မြန်မာပြန်ပါသည်။)

--------
မင်းယု
ဧပြီ ၂၄၊ ၁၉၉၈။
(ပုံနှိပ်သမား (Momentum Book Publishing)) ဒီဇင်ဘာ၊ ၂၀၁၆။

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)