ငှက်က​လေး (အပိုင်း-၁)

#ငှက်ကလေး

အပိုင်း(၁)

မေမေသည် ပြတင်းဘောင်ပေါ်တွင် ယှက်တင်ထားသည့် လက်နှစ်ဖက်ပေါ်တွင် မေးတင်လျက် သီချင်းဆိုသည်။ ကိုယ်နှင့် မေမေအိပ်သော ခုတင်ခေါင်းရင်းတွင် ပြတင်းပေါက်ရှိသည်။ ညတိုင်ကျပြီဆိုလျှင် မေမေသည် ခုလိုပဲ သီချင်းဆိုတတ်သည်။ မေမေ သီချင်းဆိုသည်ကို ကိုယ်သည် အိပ်ရာပေါ်တွင် လှဲရင်းဖြစ်ဖြစ်၊ မေမေ့ဘေးမှာ ထိုင်၍ဖြစ်ဖြစ် နားထောင်နေတတ်၏။ ထိုအခါမျိုးတွင် မေမေ့မျက်နှာသည် ရွှင်ရွှင်ပျပျ မရှိ၊ ပြတင်းပေါက်မှ အပြင်သို့ ငေးကြည့်နေတတ်သော မေမေ့မျက်နှာကို ကြည့်ပြီးလျှင် ဘာကြောင့်မှန်း မသိဘဲ မေမေ့ကို ကိုယ်သနားနေမိပါသည်။ အမှန်တော့လည်း မေမေသည် ဘယ်သောအခါမှာမှ ဟက်ဟက်ပက်ပက် ရယ်မောပျော်ရွှင်ခဲ့သည်မှ မရှိဘဲ။

"ကိုယ်ကာယစိတ်ထဲ၊ ဆွဲဆောင်တဲ့ နတ်တွေ လာစေရန် စိတ်ကို နှိုးလိုက်ပ၊ ရှိခိုးလို့တောင်းပန်"

မေမေဆိုသော သီချင်းများ၏အဓိပ္ပာယ်ကို ကိုယ် တိတိကျကျ နားမလည်ပါ၊ ရှေးသီးချင်းများပင် ဖြစ်လိမ့်မည် ထင်ပါသည်။ ကြားနေကျဖြစ်သောကြောင့် သီချင်းစာသားတချို့ ကို မှတ်မိနေသည်။

"ညဉ့်သုံးယံအခါ... လေပြေလာ... လေပြေလာ... လို့... ရွှေရင်မှာ...။ မြစပယ်ငုံ လလယ်ယုန် .... ဆဆယ်ပုံပျက်ပါပေါ့ဘုရား..."

မေမေ့အသံသည် လွမ်းစရာကောင်းကြောင်းကို ကိုယ်သိသည်။ မေမေသည် ဖေဖေ့ကို လွမ်းနေခြင်း ဖြစ်လေသလားဟု တစ်ခါတစ်ခါ ကိုယ်တွေးမိသည်။ သို့သော်လည်း မေမေ ဘာကြောင့်လွမ်းမှန်း ကိုယ်နားမလည်နိုင်ပါ။ ဖေဖေသည် အဝေးတစ်နေရာသို့လည်း သွား၍မနေပါ။ ညဉ့်နက်မှ ပြန်လာသည်ကလွဲ၍ အိမ်ကို နေ့စဉ်ပြန်လာတတ်ပါသည်။

ဘာပဲဖြစ်ဖြစ် ..
မေမေက "ကိုယ်တော်ရေ... တွေးရခက်ကြီး"ဟု ဆွဲဆွဲငင်ငင် ဆိုလိုက်သောအခါ ကိုယ် လှိုက်ခနဲ ဝမ်းနည်းသွားမိတတ်လေသည်။ ဘာကို ဝမ်းနည်းသွားမှန်းတော့ ကိုယ်မသိ။

ကိုယ့်ကိုယ်ကို 'ကိုယ်'ဟုသာ သုံးနှုန်းတတ်ပါသည်။ ထိုအကျင့်ကို ပေးခဲ့သူမှာ ဦးလေးမောင်မောင်ကြီး ဖြစ်ပါသည်။ ဦးလေးမောင်မောင်ကြီးသည် ဖေဖေ့သူငယ်ချင်းဖြစ်သည်။ ရန်ကုန်မှာ နေသည်။ အရောင်းအဝယ်လုပ်သည်ဟု ကိုယ် သိထားသည်။ ဘာတွေရောင်းသည် ဝယ်သည်ကိုဖြင့် ကိုယ် တိတိကျကျ မသိပါ။ ဖေဖေ့လုပ်ငန်းနှင့်ဆိုင်သော စက်ကိရိယာပစ္စည်းတွေလည်း ပါမည်ထင်သည်။ သူသည် ကိုယ်တို့မြို့ကို ရောက်ရောက်လာတတ်ပြီး ဖေဖေနှင့် စက်ပစ္စည်းတွေအကြောင်း ပြောလေ့ရှိသည်။ ဖေဖေကလည်း တစ်ခါတလေ ဦးလေးမောင်မောင်ကြီးရှိရာ ရန်ကုန်သို့ ဆင်းသွားတတ်ပါသည်။

ဦးလေးမောင်မောင်ကြီးသည် လူပိန်သလောက် အသံကျယ်ပါသည်။ စကားပြောလည်း အလွန်ကောင်းပါသည်။ ဖေဖေကမူ “မောင်မောင်ကြီးဟာ စကားသိပ်များလွန်းတယ်၊ ဒါကြောင့် ဒီကောင် မိန်းမ မရတာ”ဟု ပြောလေသည်။ သို့သော်လည်း ဦးလေးမောင်မောင်ကြီးကို ကိုယ် သဘောကျပါသည်။ သူ စကားပြောလျှင် ဘေးကနေ ငေးကြည့်နေရပါသည်။

သူပြောသောအကြောင်းတို့သည် နားထောင်၍ အလွန်ကောင်းပါသည်။ ကြယ်တွေ၊ လတွေ၊ ဂြိုဟ်တွေအကြောင်း၊ ပန်းကန်ပြားပျံအကြောင်းမှစ၍ ပုံပြင်များအထိ။ သူပြောသော ပုံပြင်များသည်ပင် ကိုယ်ငယ်စဉ်က မေမေပြောတတ်သော ရွှေကျီးကန်းကြီးတို့၊ မြွေမင်းသားတို့လို မဟုတ်ချေ။ ရောမ ခေါမတိုင်းပြည်မှ မြင်းပြိုင်ပွဲများ၊ အနော်ရထာမင်းကြီးနှင့် သူရဲကောင်း လေးယောက်၊ ကမ္ဘာကြီးကို အခြားဂြိုဟ်သားများက လာရောက်တိုက်ခိုက်ကြပုံ စသည်တို့ ဖြစ်သည်။

ဦးလေးမောင်မောင်ကြီးသည် သူ့ကိုယ်သူ 'ကိုယ်'ဟု သုံးနှုန်းတတ်ပါသည်။ ကိုယ် အလွန်သဘောကျသည်။ ထို့ကြောင့် ကိုယ့်ကိုယ်ကိုလည်း 'ကိုယ်'ဟု ပြောတတ်လာခဲ့ခြင်း ဖြစ်လေသည်။

ဦးလေးမောင်မောင်ကြီးလာလျှင် ဖေဖေနှင့်သာ စကားပြောပါသည်။ ဖေဖေမရှိသောအခါကျမှ မေမေနှင့် စကားပြောသည်။ ဧည့်သည်တစ်ယောက်ကို ဖေဖေရော မေမေပါ အတူထိုင်၍ စကားပြောလေ့မရှိပါ။ ဖေဖေ့ဧည့်သည်ဆိုလျှင် ဖေဖေနှင့်သာ စကားပြော၍ မေမေက အခန်းထဲ ဝင်နေတတ်သည်။ မေမေ့ဧည့်သည်လာလျှင်လည်း ဖေဖေက သူ့စာဖတ်ခန်းထဲ ဝင်၍ နေတတ်ပါသည်။ စာဖတ်ခန်းဆိုသည်မှာ ဖေဖေအိပ်ခန်းပင် ဖြစ်ပါသည်။ ကိုယ်က ဘယ်သူ့ဧည့်သည်လာသည်ပဲဖြစ်ဖြစ် ခပ်လှမ်းလှမ်းမှနေ၍ သူတို့ပြောကြသောစကားများကို နားထောင်လေ့ရှိပါသည်။

ဖေဖေနှင့် မေမေတို့သည် ဧည့်သည်လာသောအချိန်မှာမှမဟုတ်၊ သားအမိ သားအဖသုံးယောက်ထဲ ရှိနေသောအချိန်များတွင်လည်း စကားမပြောကြပါ။ ကိုယ်နှင့်မေမေ စကားပြောသည်။ ကိုယ်နှင့်ဖေဖေ စကားပြောသည်။ ဖေဖေနှင့်မေမေ စကားမပြောကြပါ။ တစ်အိမ်ထဲမှာနေသော လူနှစ်ယောက်တို့ စကားမပြောကြခြင်းသည် ထူးဆန်းသည်ဟု ကိုယ်ထင်သည်။ ဖေဖေနှင့်မေမေတို့သည် ကိုယ်ကို ဧည့်သည်လိုပင် တစ်ယောက်တစ်လှည့်စီ ဧည့်ခံသလိုဖြစ်နေသည်။ သို့သော်လည်း ကိုယ်သည် ဧည့်သည်တစ်ယောက် မဟုတ်ပြန်ပါ။ စဉ်းစားရ ခက်ပဲခက်လိုက်လှပါသည်။

ဖေဖေသည် ကိုယ်ပိုင်စက်မှုလုပ်ငန်း လုပ်ပါသည်။ တွင်ခုံဟု ခေါ်ကြသော အလုပ်ဖြစ်သည်။ မော်တာတို့၊ ရေစုပ်စက်တို့၊ ဓာတ်မီးစက်တို့လည်း ပြင်သည်။ တစ်ခါတစ်ရံ ရန်ကုန်သို့ ဆင်းပြီး စက်ကိရိယာတွေ ဘာတွေ လေလံဆွဲသည်။ ပြင်ဆင်ပြီး ပြန်ရောင်းရာ တော်တော်ပိုက်ဆံရသည်ဟု ပြောသံ ကြားဖူးပါသည်။

မေမေသည် ကိုယ်တို့မြို့က ဆက်သွယ်ရေးစခန်းမှာ အလုပ်လုပ်ပါသည်။ လခလေးရာလောက် ရသည်ဟု ကိုယ်သိ၏။ ဘာရာထူးလဲတော့ တိတိကျကျ မသိပါ။ အိမ်မှာ ထမင်းချက်၊ အဝတ်လျှော်၊ အမှိုက်တွေ ဘာတွေ လှဲခြင်းတို့ကို ဆော်လီမားဆိုသော ကုလားမကြီးက လုပ်ပါသည်။ ဒါကလည်း ကိုယ့်အတွက် ပြဿနာတစ်ခုပဲ။ ကိုယ်သည် ဝက်သားတို့၊ အမဲသားတို့ကို အလွန်ကြိုက်သည်။ ဆော်လီမားကလည်း ဒီအသားတွေကို စေ့စေ့ပင် ကြည့်သူမဟုတ်ပါ။ ကိုယ့်မှာ ကျောင်းရှေ့က တရုတ်ကြီးရောင်းသော အူမကြီးတို့၊ သွေးခဲတို့ကို တုတ်ဖြင့် ထိုး၍ ရောင်းသော `ဝက်သားတုတ်ထိုး'ကိုပင် ငါးပြားဖိုး၊ ဆယ်ပြားဖိုး ဝယ်၍ အချဉ်ရည်ဖြင့် တို့စားရင်း ကျေနပ်ခဲ့ရသည်။

ဆော်လီမားသည် အသက်ကြီးပါပြီ။ ကိုယ့်ကိုလည်း ဂရူစိုက်ရှာပါသည်။ သို့သော်လည်း သူသည် တစ်နေကုန် မီးဖိုချောင်ထဲက ထွက်ရသည် မရှိပါ။ ထွက်ရသောအချိန်တွင်လည်း အဝတ်လျှော်၊ တံမြက်စည်းလှဲ စသည်ဖြင့် အားရသည်ပင် မရှိပါ။ ထို့ကြောင့် ကိုယ့်နှင့်ပတ်သက်လျှင် မနက် ထမင်းဘူးထည့်ပေးဖို့နှင့် ညနေကျောင်းက ပြန်လာလျှင် ထမင်းထည့်ကျွေးဖို့လောက်သာ ဂရုစိုက်နိုင်ရှာပါတော့သည်။

ကိုယ်တို့ကျောင်းသည် မနက်ရှစ်နာရီမှ ညနေသုံးနာရီထိ ကျောင်းတက်ရသည်။ မနက်ခုနှစ်နာရီဆိုလျှင် ကိုယ်ကျောင်းသွားသည်။ ထိုအချိန်တွင် မေမေသည် အလုပ်သွားဖို့ ပြင်ဆင်နေတုန်း။ ဆော်လီမားက မီးဖိုချောင်ထဲမှာ၊ ဖေဖေကတော့ အိပ်ရာမှပင် မနိုးသေးချေ။ ကိုယ် ကျောင်းက ပြန်လာသောအချိန်တွင် ဖေဖေရော မေမေပါ အိမ်ပြန်မရောက်တတ်ကြပါ။ ဆော်လီမား ထည့်ကျွေးသော ထမင်းဟင်းကို စားပြီးလျှင် ကိုယ်တို့ခြံဝင်းကလေး၏အပေါက်ဝမှ ခုံတန်းလျားမှာ ထိုင်၍ မေမေ့ကို စောင့်သည်။ မေမေသည် ငါးနာရီထိုးကာနီးမှ အိမ်ပြန်ရောက်တတ်သည်။ ရောက်ရောက်ချင်း မေမေ့နားသို့ မကပ်နိုင်သေးပါ။ မေမေ ရေမိုးချိုး၊ ထမင်းစားပြီးသောအခါကျမှ ကပ်ခွင့်ရတော့သည်။ ထိုအချိန်မှာ မှောင်စပင် ပျိုးနေပါပြီ။ ကိုယ့်အဖို့ တစ်နေ့တာ၏ အပျော်ရွှင်ဆုံးအချိန်များပင် ဖြစ်ပါသည်။

ညရှစ်နာရီလောက်ဆိုလျှင် မေမေသည် ပြတင်းဘောင်ပေါ်သို့ မေးတင်ပြီးလျှင် အရင်သီချင်းများကို ဆိုပြန်သည်။ ကိုယ်သည်လည်း သီချင်းကို နားထောင်ရင်းက မေမေ့ကို သနားနေပြန်သည်။ သနားရင်းကပင် ကိုယ် အိပ်ပျော်လေသည်။ မေမေဆိုသော သီချင်းများသည် ကိုယ်ကို ချော့သိပ်သော သီချင်းများ မဟုတ်နိုင်ပါ။ ကိုယ့်ကို ချော့သိပ်တာဆိုလျှင် မေမေသည် ကိုယ့်တင်ပါးကိုပုတ်၍၊ ပုတ်၍ သီချင်းဆိုရမည် မဟုတ်လား။ ငယ်ငယ်တုန်းက ထိုကဲ့သို့ ချော့သိပ်ခံခဲ့ရဖူးသည်ဟု ရေးတေးတေး မှတ်မိသည်။ ညဘက်ဆိုလျှင် ကိုယ်အိပ်ပျော်သွားသည်ထိ ဖေဖေသည် ပြန်ရောက်မလာတတ်ချေ။

စနေနေ့များတွင် မေမေ ရုံးမှ အစောကြီးပြန်ရောက်သည်။ ကိုယ်တို့ကျောင်းကမူ စနေနေ့ မပိတ်သောကြောင့် ကိုယ် ကျောင်းက ပြန်လာမှပင် မေမေ ပြန်ရောက်နေသည်ကို တွေ့ရသည်။ ဖေဖေကတော့ စနေနေ့တွင်လည်း အိမ်ပြန်နောက်ကျမြဲ။ တနင်္ဂနွေနေ့များသည် ကိုယ့်အတွက် အပျော်ဆုံးနေ့များပင် ဖြစ်ပါ သည်။ ဖေဖေအိပ်ရာမှ နိုးသည်ထိ ကိုယ်စောင့်နေနိုင်သည်။ ဖေဖေနှင့် ထမင်းတူတူ စားခွင့်ရသည်။ ထမင်းစားရင်း ဖေဖေနှင့်ကိုယ် စကားအနည်းငယ်လောက် ပြောဖြစ်လေ့ရှိသည်။ တစ်ခါတလေလည်း ဖေဖေက သူ့ဘာသာ ဘာတွေစဉ်းစားနေမှန်း မသိသောကြောင့် မပြောဖြစ်။ ထိုအချိန်တွင် မေမေသည် ထမင်းစားခန်းထဲ၌ မရှိ။ သူ့အခန်းထဲမှာပင် ဝင်နေတတ်ပါသည်။

ထမင်းစားပြီးလျှင် ဖေဖေသည် သူ့အလုပ်ရှိရာသို့ သွားလေတော့သည်။ ဖေဖေ့အလုပ်သည် ကိုယ်ပိုင်အလုပ် ဖြစ်သောကြောင့် တနင်္ဂနွေနေ့တွင်လည်း နားလို့မဖြစ်ဟု ဖေဖေက ပြောဖူးပါသည်။ ဖေဖေသွားသောအခါမှ မေမေ သူ့အခန်းထဲက ထွက်လာသည်။ ထိုအခါတွင် မေမေနှင့်ကိုယ် စကားတွေ ပြောကြပြန်သည်။ တစ်နေ့လုံး ညအိပ်ခါနီးထိ။ ဖေဖေကတော့မူ ထုံးစံအတိုင်း ကိုယ် အိပ်ပျော်သွားပြီးသောအချိန်ကျမှပင် ပြန်လာလိမ့်မည် ထင်ပါသည်။

ကိုယ့်မှာ နားမလည်နိုင်သော ကိစ္စတွေနှင့်သာ ခဏ ခဏ ကြုံရသည်။ မေမေ့ပြောစကားအရဆိုလျှင် ကိုယ်သည် အလွန်တတ်သိ နားလည်ပေးသော ကလေးတဲ့။ ဆယ့်နှစ်နှစ်သား ဆိုပေမယ့် ဆယ့်လေးငါးနှစ်သားတွေ ပြောတတ်သော စကားမျိုးတွေ၊ အတွေးမျိုးတွေ ပြောတတ်၊ တွေးတတ်လို့ဟု ဆိုပါသည်။ မေမေ ပြန်ပြောပြတာ တစ်ခုရှိသည်။ ကိုယ် နှစ်နှစ်သားလောက်တုန်းက ထမင်းဆာသောကြောင့် အရမ်းငိုသည်။ ထမင်းကလည်း မကျက်သေး။ ထို့ကြောင့် မေမေက ကိုယ့်ကို ချီပြီး ပြတင်းပေါက်နားမှာ ရပ်၍ “ဖိုးလမင်းကြီးရေ ... ထမင်းဆီဆမ်း ရွှေလင်ပန်းနဲ့ ပေးပါ" လို့ ပြောသည်။ ထိုအခါ ကိုယ်က ချက်ချင်း အငိုရပ်လိုက်ပြီး..“ထမင်းက ဖိုးလမင်းဆီမှာ တောင်းလို့မရဘူး၊ မီးဖိုထဲမှာ သွားယူမှ ရမှာ”ဟု ပြန်ပြောသည်တဲ့။ "သားက သိပ်စကားတတ်တာ"ဟု မေမေ ပြောသည်။

ဘာပဲဖြစ်ဖြစ် ကိုယ် နားမလည်တာတွေ ရှိနေသည်တော့ အမှန်ပါ။ ကိုယ်သည် ကိုယ့်အရွယ်နှင့်မဆိုင်သော ကိစ္စတွေကို သိချင်နေသောကြောင့် နားမလည်ခြင်း ဖြစ်နိုင်သည်။ ဒီလိုသိချင်နေသောကြောင့်ပင် ကိုယ်သည်
အရွယ်နှင့်မလိုက်အောင် သိတတ်ခြင်း ဖြစ်ချင်ဖြစ်ပါလိမ့်မည်။ အို.. စဉ်းစားရင်းကပင် ရှုပ်ကုန်ပြန်ပါပြီ။

အိမ်ကို လာလည်တတ်သော ဧည့်သည်များအကြောင်းကို ပြောပြချင်ပါသည်။ ဦးလေးမောင်မောင်ကြီးကတော့ ကိုယ့်အကြိုက်ဖြစ်သောကြောင့် ထွေထွေထူးထူး ပြောစရာမရှိပါ။ သူလာလျှင် ကိုယ် ပျော်ပါသည်။ ဖေဖေနှင့် ကိုယ် ပြောချင်သော စကားမျိုးကို သူနှင့် ပြောခွင့်ရသောကြောင့် ဖြစ်ပါသည်။

တချို့ ဧည့်သည်တွေကိုကျတော့ ကိုယ် မကျေနပ်ပါ။ အထူးသဖြင့် မေမေ့ဆီလာသော မိန်းမကြီးတွေ၊ သူတို့သည် အလွန်အကြွားသန်ကြသည်ဟု ကိုယ်ထင်သည်။ အိမ်ကို လာပြီဆိုလျှင် သူတို့ဝယ်ထားသော ပစ္စည်းအသစ်တွေ ယူလာပြသည်။ သူတို့၏သားသမီးတွေ အလွန်စာတော်ကြောင်း ပြောပြကြသည်။ အမှန်တော့ သူတို့ပြောတာ မဟုတ်ကြောင်း ကိုယ်သိတာပေါ့။ တချို့ကောင်တွေဆိုလျှင် ကိုယ်တို့အတန်းထဲမှာ ဘိတ်ချီးက နေတဲ့ကောင်တွေပဲ။
ပြီးတော့လည်း သူတို့ယောက်ျားကြီးတွေက သူတို့ကို ကြောက်ရကြောင်း ပြောတတ်သည်။ ဒီလိုစကားမျိုးတွေ ပြောပြီဆိုလျှင် မေမေ့မျက်နှာကို ကိုယ်သတိထား၍ ကြည့်မိသည်။ မေမေသည် သူတို့ ပြောနေသည်ကို ခေါင်းတညိတ်ညိတ် နားထောင်နေသော်လည်း သေသေချာချာမှ ကြားပါရဲ့လား မသိ။ သူတို့ကို ကြည့်နေသော်လည်း တကယ်မှ သူတို့ကို မြင်ပါရဲ့လား မသိ။ ကိုယ့်စိတ်အထင် ပြောရခြင်း ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် တစ်ခါတလေ သူတို့က ပြောနေရင်းက မေမေ့ကို တစ်ခုခုမေးသောအခါ မေမေက “ဟင်... ဘာလဲ၊ ဘာကိုလဲ"ဟု ပြန်ပြန်မေးရတတ်သည်ကို ခဏခဏ တွေ့ဖူးသည်။

ကိုယ် သိပ်သဘောမကျသူတစ်ယောက် ရှိသေးသည်။ မေမေက လုစ်ဟု ခေါ်၍ ကိုယ်က အန်တီလူးဟု ခေါ်သော မိန်းမကြီးဖြစ်သည်။ သူ့နာမည်ရင်းကိုတော့ ကိုယ် မသိချေ။ သူကျတော့ တစ်မျိုးဖြစ်သည်။ တခြားသူတွေလို အကြွား​တော့ မသန်ပါ။ အရယ်သန်လွန်းသည်။ အမှန်မှာ နေရာတကာတွင် သူ့အမူအရာ ပိုလွန်းသည်ဟု ထင်သည်။ သူ့ကို ကြည့်ရသည်မှာ တခြားရိုးရိုးလူတွေနှင့် မတူဘဲ ရုပ်ရှင်မင်းသမီးနှင့် တူသည်ဟု ကိုယ်ထင်သည်။
အန်တီလူးမှာ ယောက်ျားရှိပုံမရချေ။ ဘာလို့ဆို ဖေဖေက သူ့ကို တစ်ခါတလေ ဦးလေးဦးမောင်မောင်ကြီးနှင့် စလေ့ရှိသောကြောင့် ဖြစ်ပါသည်။ သို့သော်လည်း သူသည် အပျိုမဟုတ်ဘူးတဲ့။ တစ်ခုလပ်ဟု ပြောသံ ကြားဖူးသည်။ တစ်ခုလပ် ဆိုသည်မှာ ယောက်ျားနှင့် ကွဲနေတာဖြစ်ဖြစ်၊ ယောကျ်ားသေသွားတာဖြစ်ဖြစ် တစ်ခုခု ဖြစ်လိမ့်မည်ဟု ထင်သည်။ သူရယ်၊ ဦးလေးဦးမောင်မောင်ကြီးရယ်၊ ဖေဖေရယ်က သူငယ်ချင်းတွေ။ ပြီးတော့ သူက မေမေနှင့်လည်း သူငယ်ချင်းဖြစ်ဖူးသည်။ သူအောင်သွယ်ပေးသောကြောင့် ဖေဖေနှင့်မေမေ ရကြတာဟု တခါက သူ ကိုယ့်ရှေ့မှာ ပြောဖူးပါသည်။

အန်တီလူးသည် အင်္ဂလိပ်လို သိပ်ပြောချင်တတ်လေသည်။ အဲဒါကိုလည်း ကိုယ် သိပ်သဘောမကျပါ။ ကိုယ့်မှာက သိချင်နေတာတွေ များလှသည်။ သိချင်သမျှ အားလုံးကိုလည်း သူတို့ကို မမေးရဲ။ တချို့ကိစ္စများကို မေးသောအခါ သူတို့က “မသိချင်ပါနဲ့ကွာ” “မင်းနားလည်မှာ မဟုတ်ပါဘူး" ''ကိုယ်နဲ့ မဆိုင်တာတွေ မမေးရဘူးလေ သား” စသည်ဖြင့် ပြောတတ်ကြပါသည်။ ဒီတော့ သူတို့ စကားပြောနေလျှင် ခပ်လှမ်းလှမ်းမှ နေ၍ ကိုယ်သိချင်သော ကိစ္စပါမပါ နားထောင်ကြည့်ရသည်။ ဒီလိုနှင့် ကိုယ် သိခဲ့ရတာတွေလည်း ရှိသည်။

အန်တီလူးကျတော့ နားထောင်လို့ ကောင်းနေတုန်းကျမှ အင်္ဂလိပ်လို ပြောင်းပြောင်း၍ ပြောတတ်သည်။ သူပြောသော အင်္ဂလိပ်စကားများထဲတွင် ခဏခဏ ပါတတ်သော 'ယော်ဟပ်စဘင်း' ဆိုသော စကားတစ်ခွန်းကို ကိုယ် နားလည်၏။ 'မင်းယောက်ျား ́ဟု မေမေ့ကိုပြောခြင်း ဖြစ်သောကြောင့် ဖေဖေ့အတင်းပြောတာဟု ကိုယ်သိသည်။ ကိုယ် နားမလည်အောင် အင်္ဂလိပ်လို ပြောခြင်းသည် ဖေဖေမကောင်းကြောင်းပြောခြင်း ဖြစ်ရမည်။

မေမေသည် အန်တီလူးနှင့်ဆိုလျှင် ပို၍ စကားများများ ပြောလေ့ရှိသည်။ မေမေကိုယ်တိုင်ကပင် ဖေဖေ့အတင်းကို ပြောသောစကားများကို ဘာကြောင့် ကောင်းကောင်းမွန်မွန် နားထောင်ရတာလဲ၊ ဘာဖြစ်လို့ကော ပြန်ပြန်ပြီး ပြောရတာလဲ၊ မေမေသည် ဖေဖေ့ကို မချစ်ဘူးလား။ ဖေဖေသည်လည်း ဦးလေးမောင်မောင်ကြီးနှင့် တွေ့လျှင် မေမေ့အတင်းကို ပြောမည်လား မသိပါ။ ဒီလိုဆိုလျှင် ဖေဖေကကော မေမေ့ကို မချစ်ဘူးလား။ ကိုယ်ကမူ ဖေဖေ့ကိုရော မေမေ့ကိုရော ချစ်ပါသည်။ ဖေဖေနှင့် မေမေတို့သည်လည်း တစ်ယောက်ကိုတစ်ယောက် ချစ်စေချင်ပါသည်။

အန်တီလူးကို ကိုယ်မကြိုက်တာ တစ်ခုရှိသေးသည်။ တစ်ခါတလေကျလျှင် သူသည် ကိုယ့်ကို သူ့ပေါင်ပေါ်ဆွဲတင်ပြီး `အိုး... ဗဲရီးပူးဝါး' ဟု ညည်းသလို ပြောတတ်ပါသည်။ စဉ်းပဲစဉ်းစားကြည့်ပါဦး။ ဗဲရီးပူးဝါး ဆိုတာ သိပ်ဆင်းရဲတယ်လို့ ပြောတာမဟုတ်လား။ ကိုယ့်ဖေဖေသည် ကားမရှိသော်လည်း ဆင်းရဲသားမဟုတ်ဟု ကိုယ်ထင်သည်။ ပြီးတော့ မေမေကလည်း အလုပ်က ပိုက်ဆံရသေးသည်။

ကိုယ် တီချာမေကို ပြန်မေးကြည့်သည်။ အန်တီလူးက ဒီလိုပြောကြောင်း မေးခြင်းမဟုတ်ပါ။ အင်္ဂလိပ်ကားထဲမှာ ကြည့်ရသလိုလို လုပ်ပြီး မေးကြည့်ခြင်းဖြစ်သည်။ တီချာမေက "ဗဲရီးပူးဝါးဆိုတာ သိပ်ဆင်းရဲတယ် ဆိုတဲ့ အဓိပ္ပာယ်တစ်ခုတည်း မဟုတ်ဘူး၊ သိပ်သနားစရာကောင်းတယ် ဆိုတဲ့ အဓိပ္ပာယ်လည်း ရတယ်”ဟု ပြောပါသည်။ ဒီလိုဆိုလျှင် ကိုယ်က သိပ်သနားစရာကောင်းနေတာပေါ့။ အန်တီလူးသည် မကြာခဏဆိုသလို သနားသောအမူအရာမျိုးဖြင့် ကြည့်တတ်ကြောင်း သတိရမိသည်။ သူက ကိုယ့်ကို ဘာကြောင့် သနားရကြောင်း ကိုယ်နားမလည်နိုင်ပြန်ပါ။ ကိုယ်သည် သူများတကာတွေ သနားတာကို မခံလို။ ကိုယ့်ကို ကျောင်းက ရေခဲချောင်းရောင်းသော ကောင်လေးလို သဘောမထားစေလိုပါ။ ကိုယ့်မှာ အဝတ်အစားတွေလည်း ရှိသည်။ ကစားစရာတွေလည်း ရှိသည်။ မုန့်ဖိုးလည်း မှန်မှန်ရသည်။ ကိုယ့်မှာ ဘာများလိုအပ်နေပါသလဲ ...။

ဆက်ရန်
--------------------------------
#မင်းလူ

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)