လင်္ကာဒီပချစ်သူ၊ အပိုင်း (၁၃)
အခန်း (၈)
အာရိယန်နှင့် ဒြာဝိဒိယန်
လာချေပြီ ... မြင်းများခေါင်းဘွယ်မှာလေ ...
ဖြိုးမျှကဲလွန်း .... နိမ့်သူဆုတ်ကြသွားလေစေငယ်လေ .....
တိမ်းလို့လမ်းရှား .... ကြွားကြွားရွား ......
ဝေဝေပြောင်ပြောင် ..... ဝေဝေပြောင်ပြောင်
ရွှေကတောင်နှင့်သာ ...... ဝိုးဝိုးဝင်းဝင်း .....
မြင်းတွင်းမြင်းများမင်း .....
(မြင်းစီးကြိုး)
အိန္ဒုသောင်ပြင်တွင် ဒြာဝိဒိယန်တို့ဖြင့် ပြည့်နှက်နေသည်၊ ဤနေရာတွင် စုရုံးနေသည့် မျိုးနွယ်စုမှာ ဆယ်စုဖြစ်သည်။ သူတို့အားလုံးသည် အိန္ဒုမြစ်ဝှမ်းဒေသ၏ကျွဲနွားမွေးသူများ၊ ဂျုံနှင့်ဆန်ပြောင်းစိုက်သူများဖြစ်သည်။ သူတို့ အစဉ်အမြဲကိုင်ဆောင်ခဲ့သည့်လက်နက်မှာ ကျွဲနွားအုပ်ကိုလာ၍ဆွဲတတ်သည့် ဝံပုလွေ၊ ကျားများနှင့် စိုက်ခင်းများကို ဝင်ရောက်ဖျက်ဆီးတတ်သည့် တောဝက်၊ ဆင်ရိုင်းများကို ခုခံသတ်ဖြတ်သည့် လက်နက်များသာဖြစ်သည်။ သူတို့သည် ကြေးနီဒိုင်းကိုသော်လည်းကောင်း၊ သံဓားကိုသော်လည်းကောင်း၊ လောဟာဖြင့်ပြီးသော လေးမြားကိုသော်လည်းကောင်း အကျွမ်းတဝင် ကိုင်ဆောင်ခဲ့ကြသူများမဟုတ်၊ သူတို့ကျွမ်းကျင်သည်မှာ သံသွားတပ်လှံတံရှည်များသာဖြစ်သည်။
အချို့သောမုဆိုးများသာ ကျွဲချိုလေးနှင့် အဆိပ်လူးမြားကို ကိုင်ဆောင်ဖူးကြသည်။ သို့သော် သူတို့အားလုံးသည် ယခုအခါ ဒြာဝိဒိယန်စစ်သည်ရဲမက်များဖြစ်နေကြပေပြီ။ သူတို့သည် ကောင်းစွာလေ့ကျင့်ထားသည့် လင်္ကာဒီပရဲမက်များနှင့်မခြား အိန္ဒုလွင်ပြင်တွင် စုရုံးနေကြပေသည်။ မျိုးနွယ်စုခေါင်းဆောင်များသည် ဝက်ဝံရေကိုယ်ကျပ်များကို ဝတ်ဆင်ထားပြီး ခါးတွင် ကျွဲချိုတံပိုးများ ချိတ်ဆွဲထားကြလေသည်။ တံပိုးသံများသည် မျိုးနွယ်စုဘာသာအလိုက် လွင်ပြင်တွင် လွင့်ဝဲနေကြသည်။ အချို့သောဒြာဝိဒိယန်တို့သည် သုံးချောင်းခွခက်ရင်းများကို ကိုင်ဆောင်ထားကြသည်။ မည်းနက်သော၊ ညိုပြာသော၊ နီမောင်းသော အသားအရောင်အမျိုးမျိုးရှိကြသည့် ဒြာဝိဒိယန်မျိုးနွယ်စုများသည် လွန်ခဲ့သည့်ရက်အနည်းငယ်က ကျွဲနွားမွေးမြူသူများ၊ သီးနှံစိုက်သူများဖြစ်ကြသည်။ ယနေ့ သူတို့သည် စစ်သည်ရဲမက်များဖြစ်နေကြပေပြီ။ သူတို့ကား လင်္ကာဒီပဘုရင်၏ စစ်သည်ရဲမက်များဖြစ်ကြသည်။ သူတို့ကား အိန္ဒုမြစ်ဝှမ်းဒေသသို့ ဝင်ရောက်လာမည့်ရန်သူများကို ခုခံတိုက်ခိုက်ကြမည့် လင်္ကာဒီပရဲမက်များဖြစ်သည်။
ဖွေးဖွေးလှုပ်နေသည့် ဒြာဝိဒိယန်တို့ကို တောင်ကုန်းထက်မှကြည့်ရင်း ကျွန်ုပ်၏စိတ်၌ ဆွတ်ပျံ့ခြင်းများဖြစ်လာမိသည်။ သူတို့စုရုံးရာလွင်ပြင်၏ဘေးဘက်၌ မိန်းမနှင့်ကလေးမျာသည် ဟိုမှသည်မှ သွားလာလှုပ်ရှားနေကြသည်။
တိရိစ္ဆာန်န်များ၏အရေတို့နှင့် ပြုလုပ်ထားသည့် တဲများရှေ့တွင် မီးဖိုများရှိသည်။ မီးခိုးများသည် လင်္ကာဒီပကောင်းကင်သို့ တလူလူလွင့်နေကြသည်။ တံစို့ထိုး၍ကင်ထားသော သမင်ကိုယ်လုံးကို အရွယ်ရောက်သည့်ကလေးများက လက်ကိုင်ဖြင့် လှည့်ပတ်မီးကင်နေကြသည်။ တစ်နေရာတွင်မူ နီမောင်းသောအသားအရောင်ရှိသည့် ဒြာဝိဒိယန်အဘိုးကြီးတစ်ဦးသည် ဗျပ်စောင်းကို တီးခတ်ရင်း တေးတစ်ပုဒ်ကိုသီဆိုနေသည်။ သမင်ကောင်ကို ကင်နေသည့် မီးဖိုမှ မီးတောက်သည် အဘိုးကြီး၏မျက်နှာသို့ အနီရောင်များ ပက်ဖျန်းလျက်ရှိသည်။
“ပထဝီကိုအစိုးရတဲ့ နတ်ဒေဝတာက .......မြေသြဇာကောင်းတဲ့ လွင်ပြင်ကြီးတစ်ခုကို .......ဒြာဝိဒိယန်များအား ပေးသနားခဲ့တယ် ....အတုမရှိတဲ့ အဲဒီလွင်ပြင်ကို ...အိန္ဒုမြစ်ဝှမ်းလို့ခေါ်ကြတယ်”
အဘိုးကြီးသီဆိုသောတေးမှာ ကျွန်ုပ်ငယ်စဉ်ကတည်းက ကြားဖူးနေသည့် “ဒြာဝိဒိယန်တို့၏ အိန္ဒုဒေသ”အမည်ရှိတေးဖြစ်သည်။ ဒသဂီရိဘွဲ့ခံ ရာဝဏသည် ထိုတေးဖြင့်ပင် အရွယ်ရောက် လူလားမြောက်၍ လင်္ကာဒီပဘုရင်အဖြစ် ခံယူခဲ့ရပေသည်။ အဘိုးကြီး၏တေးသည် ကျွန်ုပ်အတွက် ပြန်လည်အသစ်ဖြစ်နေလေသည်။
“တောဆင်ရိုင်းနဲ့ ခြင်္သေ့များကလည်း .... ဒြာဝိဒိယန်တို့ရဲ့အောင်ပွဲကို ...သက်သေခံကြတယ် ....အိန္ဒုမြစ်ရဲ့ သဲပွင့်များဟာ .........မည်းနက်တဲ့ရာဇဝင်ရဲ့ တေးလင်္ကာများဖြစ်ကြတယ် ........အဘိုးအိုများရဲ့ ဖြူဖွေးတဲ့ မုတ်ဆိတ်တွေကိုလုလင်ပျိုများရဲ့ သန်မာတဲ့ လက်ရုံးတွေနဲ့ ပွတ်သပ်ကြမယ်....ထင်းရှူးပင်ကို အစိုးရတဲ့ နတ်ဒေဝတာက ..လင်္ကာဒီပတေးသီချင်းကို ဖွဲ့နွဲ့တယ် .............”
အဘိုးအို၏တေးကို ကလေးသူငယ်များက အနီးရှိသစ်ခေါင်းတုံးကြီးအား လှံတံများဖြင့် ရိုက်နှက်၍ စည်းချက်လိုက်နေသည်။ တဒုန်းဒုန်းမြည်သံသည် စစ်သည်များ ခြေချသံနှင့် တူနေပေသည်။ အချို့ကလေးများသည် သစ်သားဓားများနှင့် စစ်တိုက်တမ်းကစားနေကြသည်။ ကလေးတစ်ယောက်သည် မျက်နှာကို မြေဝါများလိမ်းကျံထားပြီး သူ့အား အခြားကလေးများက ဝိုင်းဝန်းတိုက်ခိုက်နေကြသည်။
“အသားဝါ အာရိယန်ဆိုတာ မင်းလားကွ၊ သေပေတော့”
“အား .... ငါ့ကို လှံတံကြီး ထုတ်ချင်းပေါက်သွားပြီ”
မြေဝါလိမ်းကျံထားသော ကလေးသည် မြက်ခင်းပေါ်သို့ လှိမ့်ချလိုက်သည်။ “ငါ .... ရှုံးသွားပြီ” ဟုအော်ဟစ်နေသည်။
အခြားကလေးများက သူ့ကို ဝိုင်းရံ၍ ခုန်ပေါက်လှည့်ပတ်နေကြလေသည်။ အခြားတစ်နေရာတွင်မူ မိန်းမများသည် သူတို့၏လင်သားများအတွက် ကျားသစ်ရေနှင့် ဝက်ဝံရေများကို ပခုံးကာလက်စည်းများဖြစ်အောင် ချုပ်လုပ်နေကြသည်။ ပြုံရွှင်သောမျက်နှာများဖြင့် ရယ်မောပြောဆိုနေကြသည်။ တစ်နေရာမှမူ အလွန်စိတ်ဝင်စားဖွယ်ကောင်းသောကြောင့် ကျွန်ုပ်အနီးအနားရှိ ကျောက်ဂူပေါ်သို့ တက်၍ကြည့်မိသည်။
ဖြူဖွေးနေသည့် မုတ်ဆိတ်ရှည်ကြီးများရှိသည့် အဘိုးအိုကြီးတစ်ဦးကို သန်မာသည့်လူငယ်များက ဝန်းရံလျက်ထိုင်နေကြသည်။ အဘိုးကြီးသည် အသွားကျိုးပဲ့နေသည့် သူ၏ပုဆိန်ကို ကိုင်လျက် လူအုပ်အလယ်တွင် ခုန်ပေါက်လှုပ်ရှားနေသည်။ သူ့နှုတ်မှလည်း တစ်စုံတစ်ရာကို ရေရွတ်ပြောဆိုနေလေသည်။
“အဲဒါ နာဂါလူမျိုးနွယ်စုတွေရဲ့ စားကျက်လုရတဲ့စစ်ပွဲပေါ့၊ အမှန်တော့ သင်းတို့က တို့နေတဲ့စားကျက်ကို လာလုတာပါ၊ ငါ့ရဲ့ပုဆိန် တစ်ချက်ဝှေ့ယမ်းလိုက်ရင် ဝဲယာက ရန်သူတစ်ယောက်ဟာ တုန်းခနဲပဲ၊ ဆွေမျိုးစုခေါင်းဆောင်ဖြစ်တဲ့ ငါ့အဘိုးက စစ်သူကြီးပေါ့၊ ငါဆိုတာ အဲဒီတုန်းက ဆွေမျိုးစုထဲမှာ အသန်မာဆုံး၊ အနုပျိုဆုံးစစ်သားပဲ။ အသက်ကလည်း နှစ်ဆယ်ပဲရှိသေးတာကိုး”
“အခု အဘိုးရဲ့အသက်က ဘယ်လောက်ရှိပြီမို့လဲ”
“တစ်ရာနဲ့ လေးနှစ်၊ ဒါပေမယ့် မင်းတို့နဲ့ ပုဆိန်ချင်း ခုတ်ရဲသေးတယ်”
အဘိုးအို၏အသံမှာမူ မောဟိုက်နေပေသည်။ ဝိုင်းထိုင်နေကြသောလူငယ်တို့သည် အဘိုးအိုကို စိတ်အားထက်သန်စွာ ငေးမောနေကြသည်။
“ဒီလိုဆိုရင် ကျွန်တော်နဲ့ တစ်ပွဲတစ်လမ်းလောက် စမ်းကြည့်ရအောင်လား အဘိုး”
လူရွယ်တစ်ယောက်က ထိုင်ရာမှထ၍ ပြောလိုက်သည်။ ကျွန်ုပ်သည် ကျောက်တုံးနောက်သို့ ခုန်ဆင်းလိုက်ပြီး သူတို့မမြင်သာအောင် ပုန်းကွယ်လိုက်သည်။
“လာလေကွယ်၊ ဒိုင်းကို အသုံးမပြုစတမ်း”
အဘိုးအိုနှင့် လူငယ်တို့၏တိုက်ပွဲ စလေသည်။ ပုဆိန်များသည် လေထဲတွင် မြွေဟောက်တွန်သံများသို့သော အသံများကို ဖြစ်စေသည်။ အဘိုးအိုသည် လူရွယ်၏ပုဆိန်ချက်များကို ခုခံနေသည်။ သူ၏တိုက်ကွက်များမှာ သေသပ်
လှပပေသည်။ သို့သော် အတန်ကြာမျှ တိုက်ခိုက်ကြပြီးနောက်တွင် အဘိုးအိုထံမှ မောဟိုက်သံများ ထွက်လာသည်။
“အဘိုး ...မောနေပြီ၊ အရှုံးပေးတော့လေ”
“မင်း... ငါ့ပုဆိန်ရိုးကိုပဲ ထိအောင်ခုတ်ပါဦး”
သံသွားနှစ်ခု ဆုံမိသည့်အခါများတွင် မီးပွင့်များလွင့်စဉ်လာသည်။ နှစ်ပေါင်းများစွာ အသုံးပြုခဲ့သော အဘိုးအို၏ပုဆိန်ရိုးသည် လူရွယ်၏ခုတ်ချက်များတွင် ကျိုးပဲ့သွားပြီး ပုဆိန်လွင့်ကျသွားသည်။
“ဟေ့ ... တော်တော့”
လူရွယ်၏ပုဆိန်ရိုးဆီသို့ ကျွန်ုပ် ဓားမြောင်တစ်ချောင်းပစ်စိုက်လိုက်သည်။ လက်ကိုင်ရိုးတွင်လှုပ်ခါနေသော ဓားမြှောင်ကိုကြည့်ရင်း လူရွယ်သည် ကျွန်ုပ်ပုန်းကွယ်နေရာသို့ လှမ်းကြည့်လိုက်သည်။
“ဘုရင်မင်းမြတ်ပါလား”
သူတို့အားလုံး ကျွန်ုပ်ရှေ့သို့ ဒူးထောက်ချလိုက်သည်။
“ဒီအဘိုးကြီး ပုဆိန်ရိုးကျိုးသွားပြီ၊ ဒါဟာ သစ်သားဆွေးမြည့်နေလို့ပဲ၊ သူရဲ့ သတ္တိနဲ့ စွမ်းရည်ကတော့ ဘယ်တော့မှမဆွေးမြည့်ဘူး၊ ဟုတ်တယ်မဟုတ်လား အဘိုးကြီး”
“ဟုတ် ...... ဟုတ်ပါတယ် ဘုရင်မင်းမြတ်၊ လင်္ကာဒီပဘုရင်အတွက် ကျုပ်ရဲ့ဒြာဝိဒိယန်သွေးများဟာ ဘယ်တော့မှ ဟောင်းနွမ်းဆွေးမြည့်မသွားပါဘူး”
အဘိုးကြီးသည် တောက်ပြောင်စူးရှသောမျက်လုံးများကို မော့ကြည့်ရင်း မောဟိုက်သံနှင့် ဖြေနေလေသည်။ ကျွန်ုပ်ရောက်ရှိကြောင်း သိသွားသည့်အတွက် အခြားဒြာဝိဒိယန်များ စုဝေးလာကြသည်။ စစ်ရထားပေါ်တွင်သာ
အစဉ်အမြဲတွေ့မြင်ခဲ့ရသော သူတို့၏ဘုရင်မင်းမြတ်ကို သူတို့ ဤသို့အနီးကပ် တွေ့မြင်လိုကြပေမည်။ လူအုပ်ကြီးသည် ကျွန်ုပ်အနီးသို့ တိုးဝှေ့လာကြရင်း ခေါ်သံအော်သံများဖြင့် ဆူညံသွားကြလေသည်။
“ဘုရင်မင်းမြတ် ရောက်လာတယ်ဟေ့”
“ဒသဂီရိဘုရင် ရောက်လာတယ်ဟေ့”
နီမြန်းသည့် ဆံပင်ရှိသည့် အဘွားကြီးတစ်ဦးသည် ကျားသစ်ရေခင်းထားသည့် သစ်သားထိုင်ခုံတစ်ခုကို လူအုပ်ကြားမှ တိုးဝှေ့ဆွဲယူလာပြီး ကျွန်ုပ်အား ထိုင်ရန်ခင်းပေးသည်။ ထိုင်ခုံပေါ်သို့ ကျွန်ုပ်ထိုင်လိုက်သောအခါ အဘွားကြီးသည် ပြုံးရယ်လျက် လက်များကို ကောင်းကင်သို့မြှောက်လိုက်လေသည်။ ထို့နောက် ကျွန်ုပ်ကို လက်ညိုးထိုး၍ လေထဲတွင် လက်ကို ဝှေ့ယမ်းနေသည်။
“သူ ... စကားမပြောနိုင်ဘူး ဘုရင်မင်းမြတ်၊ ဂရုဋ္ဌမျိုးနွယ်စုနဲ့ တိုက်ခိုက်တဲ့စစ်ပွဲတုန်းက ရန်သူတွေက သူ့ကို ကျွန်အဖြစ်ဖမ်းဆီးသွားတယ်။ ပြီးတော့ သူ့လျှာကို ဖြတ်လိုက်ကြတယ်။ လင်္ကာဒီပနိုင်ငံပြန်ဖြစ်တော့မှ ရန်သူ့လက်ထဲက
လွတ်ခဲ့တယ်။ ဒါပေမယ့် စကားတော့ မပြောနိုင်တော့ဘူး”
ပုဆိန်ကိုင် အဘိုးကြီးက အဘွားကြီးကို ညွှန်ပြလျက် ကျွန်ုပ်အားရှင်းပြနေသည်။ အနီးရှိကျောက်တုံးတစ်ခုပေါ်သို့ ကျွန်ုပ်ခုန်တက်လိုက်သည်တွင် ဒြာဝိဒိယန်အားလုံး သောင်ပြင်ပေါ်သို့ ဒူးထောက်ဝပ်တွားလိုက်ကြလေသည်။
“နားထောင်ကြစမ်း ဒြာဝိဒိယန်တို့၊ ကျွန်ုပ် လင်္ကာဒီပဘုရင်အဖြစ်နဲ့မဟုတ်ဘဲ ရာဝဏဆိုတဲ့ ဒြာဝိဒိယန်အနေနဲ့ စကားပြောလိုတယ်၊ အခု အိန္ဒုမြစ်ဝှမ်းလွင်ပြင်မှာ စုရုံးနေကြတဲ့ သင်တို့အားလုံးဟာ မနေ့ကအထိ ကျွဲနွားမွေးမြူသူများ၊ ဂျုံပြောင်းကို စိုက်ပျိုးသူများဖြစ်ခဲ့တယ်။ ယနေ့ သင်တို့ဟာ စစ်သည်များဖြစ်နေကြပြီ။ လင်္ကာဒီပစစ်သည်များ ဖြစ်နေကြပြီ။ သင်တို့အထဲမှာ တစ်ချိန်က စစ်မက်တိုက်ခိုက်ခဲ့ကြတဲ့ စစ်သားဟောင်းကြီးများရှိပေမယ့် သူတို့ရဲ့စစ်လက်နက်တွေကို သိမ်းဆည်းထားခဲ့ကြတာ ကြာမြင့်ခဲ့ပြီ။ ကျွန်ုပ်ရာဝဏ ဒသဂီရိဘွဲ့ကို ခံယူပြီးကတည်းက ဒြာဝိဒိယန်တို့ရဲ့ စစ်ပွဲကို လင်္ကာဒီပနန်းတော်က စစ်သည်များနဲ့သာ အသုံးပြုခဲ့တယ်။ သင်တို့ကိုတော့ စိုက်ခင်းများနဲ့ မွေးမြူတဲ့ကွင်းပြင်များထဲမှာ အလုပ်လုပ်စေခဲ့တယ်။ ဒါပေမယ့် အခုအချိန်မှာတော့ သင်တို့ဟာ လင်္ကာဒီပနန်းတော်က စစ်သည်များနဲ့မခြား ဖြစ်နေကြပြီ။ အိန္ဒုတောင်ပိုင်းရဲ့ သဲတစ်ပွင့်ကိုမှ ရန်သူ့လက်ထဲမပါအောင် သင်တို့ ကာကွယ်ကြမယ်ဆိုတာလည်း ကျွန်ုပ်နားလည်ခဲ့ပြီ။ ဒါ့အတွက် ကျွန်ုပ် များစွာနှစ်ထောင်းအာရဖြစ်မိတယ်။ ဒါကြောင့် ရာဝဏဟာ သင်တို့ကို ဆုလာဘ်များချီးမြင့်လိုတယ်။ အဝတ်အထည်၊ စားစရာ၊ ဒါမှမဟုတ် ရွှေငွေရတနာ”
အတန်ကြာမျှ တိတ်ဆိတ်နေသည်။ သူတို့အချင်းချင်း တစ်ဦးကိုတစ်ဦး ကြည့်ကြသည်။ မိန်းမများသည် သူတို့၏လင်သားများ၏လက်ကို ဆုပ်ကိုင်ကြသည်။ တိုးတိတ်သော ဆွေးနွေးရေရွတ်သံများ ပေါ်လာသည်။ တချို့က
ဦးခေါင်းကိုယမ်းကြ၍ တစ်ချို့က လက်ဖဝါးများကို ဖြန့်၍ကြည့်ကြလေသည်။ တိတ်ဆိတ်ညင်သာမှု၏အဆုံးဝယ် သူတို့အားလုံးထံမှ ကျယ်လောင်သောအသံများ မြည်ဟည်းသွားပေသည်။
“လက်နက်ပေးပါ ဘုရင်မင်းမြတ်”
“လှံတံကောင်းကောင်းနှင့် ဒိုင်းများပေးပါ”
“လက်ကိုင်ရိုးခိုင်မာတဲ့ ပုဆိန်များ လိုချင်ပါတယ်”
“ညို့ကြိုးသန်မာတဲ့လေးများပေးပါ ဘုရင်မင်းမြတ်”
အရိုးကျိုးနေသည့် အသွားမဲ့ပုဆိန်ရိုးများကို ကိုင်ထားသောအဘိုးအိုကြီးသည် ရှေ့သို့တိုးလာပြီး ကျွန်ုပ်၏မျက်လုံးများကို ရဲဝံ့စွာ စိုက်ကြည့်လေသည်။
“ဘုရင်မင်းမြတ်၊ ကျုပ်တို့မှာ စစ်လက်နက်ကောင်းကောင်းမရှိဘူး၊ ကျုပ်တို့ စစ်လက်နက် ကောင်းကောင်းလိုချင်တယ်၊ာအာရိယန်တွေကို တိုက်ခိုက်ဖို့လက်နက်လိုတယ်၊ အခြားဘာမှ မလိုချင်ကြပါဘူး”
ကျွန်ုပ်က လက်ကိုမြောက်ပြလိုက်သဖြင့် အသံများငြိမ်သက်သွားသည်။
“ကောင်းပြီ၊ သက်ဆိုင်ရာမျိုးနွယ်စုခေါင်းဆောင်တွေဆီကတစ်ဆင့် သင်တို့ကို လက်နက်များပေးမယ်။ ဒီလက်နက်တွေကို ဒြာဝိဒိယန်လက်နဲ့ စွဲကိုင်ပြီး အာရိယန်သွေးနဲ့ သုတ်လိမ်းပေးရမယ်၊ နားလည်ကြရဲ့လား”
“လင်္ကာဒီပဘုရင်မင်းမြတ် သက်တော်ရှည်ပါစေ၊ လင်္ကာဒီပ အဓွန့်ရှည်ပါစေ”
ဟစ်ကြွေးသံများသည် အိန္ဒုမြစ်ကမ်းတစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။ ဝမ်းသာအားရဖြင့် ခုန်ပေါက်ပြေးလွှား၍ တဲများဆီသို့ ပြန်သွားကြသောသူတို့ကို ကျောခိုင်းလျက် ကျွန်ုပ်သည် နန်းတော်သို့ပြန်ရန် ပြင်ဆင်လိုက်သည်။
“နောင်တော်ဘုရင်မင်းမြတ်”
“ဘိဘိသနပါလား၊ ဘာဖြစ်လို့လိုက်လာတာလဲ”
ဘိဘိသနနှင့်အတူ သူ၏နောက်တွင် သေနာပတိချုပ်သားတော် မေဃနာဒနှင့်တကွ မျိုးနွယ်စု သေနာပတိများ စုရုံးလျက်တွေ့လိုက်ရသည်။
“ကိသကိန္ဒာနယ်စပ်က မြင်းသည်တော်ရောက်ရှိလာပါတယ်၊ ဟာရပ္ပဒေသနန်းဆောင်မှာ သေနာပတိများအားလုံးနဲ့ တွေ့ဆုံဆွေးနွေးကြဖို့ပါ နောင်တော်”
ဟာရပ္ပဒေသကို ကျွန်ုပ်က “ကျောက်တုံးမြို့တော်” ဟု အမည်ပေးထားသည်။ ဒေသတစ်ခုလုံး ကျောက်တုံးများဖြင့် အခိုင်အမာတည်ထားသည့် အဆောက်အအုံချည်းဖြစ်သည်။ မိုဟန်ဂျိုဒါရိုကဲ့သို့ တောင်ကုန်းများထူထပ်ခြင်းမရှိသည့်အတွက် ကျောက်နန်းဆောင်များတည်ဆောက်ရန် ညီတော်ဘိဘိသနက ဟာရပ္ပကို ရွေးချယ်ခဲ့ခြင်းဖြစ်ပေသည်။ ထို့ပြင် ဟာရပ္ပနန်းဆောင်သည် နဝမပဗ္ဗတတောင်နှင့် ဒသမပဗ္ဗတောင်ကြား ခံတပ်နေရာနှင့်လည်း နီးကပ်လေသည်။
ကျွန်ုပ်၏နယ်စပ်တပ်မင်းများသည် ဟာရပ္ပတွင် တွေ့ဆုံစည်းဝေးလေ့ရှိကြသည်။ နန်းဆောင်ခန်းမတွင် နေရာယူကြပြီးသည်နှင့် ဘိဘိသနသည် ကိသကိန္ဒာနယ်စပ်မှ မြင်းသည်တော်ကို ခေါ်ယူလိုက်လေသည်။ တုန်လှုပ်နေသော မြင်းသည်တော်သည် လက်ထဲမှ စာချွန်ကို သားတော်မေဃနာဒသို့ ပေးလိုက်သည်။ ကျွန်ုပ်က ခေါင်းညိတ်ပြလိုက်သဖြင့် သားတော်မေဃနာဒက စာချွန်ကို ဖွင့်၍ဖတ်သည်။
“လင်္ကာဒီပဘုရင်မင်းမြတ်ထံံသို့ ကျွန်ုပ်ကိသကိန္ဒာနယ်စပ် တပ်မခေါင်းဆောင် မာရိသ အစီရင်ခံပါသည်။ အာရိယန်မင်းသား ရာမ၏သေနာပတိချုပ်ဖြစ်သော မက္ကဋမျိုးနွယ်စုစစ်သူကြီး ဟာနုမာန်သည် မက္ကဋစစ်သည်ဆယ်ဦးဖြင့်
နယ်စပ်တပ်မသို့ ထိုးဖောက်တိုက်ခိုက်ခဲ့ပါသည်။ နယ်စပ်တပ်မ စစ်သည်ငါးဆယ်ကျဆုံးပြီး သုံးဆယ်ဒဏ်ရာရခဲ့ပါသည်။ မက္ကဋတို့ဘက်မှ နှစ်ယောက်ကျဆုံးပါသည်။ အလောင်းများကို သူတို့ပြန်ယူသွားကြပါသည်”
စာချွန်ကိုကိုင်ထားသည့် မေဃနာဒ၏လက်သည် တဆတ်ဆတ်တုန်လာသည်။ ထို့နောက် သားတော်သည် စာချွန်ကို မြင်းသည်တော်၏မျက်နှာသို့ ပစ်ပေါက်လိုက်သည်။
“အဲဒီတပ်မခေါင်းဆောင် မာရိသကော၊ ယုတ်ညံ့တဲ့ ဒီစာချွန်ကိုပေးပို့လိုက်တဲ့ ခေါင်းဆောင်ကော”
“သူ ... သူကျဆုံးသွားပါပြီ သေနာပတိချုပ်”
“ကောင်းတယ်၊ စစ်သည်ဆယ်ယောက်ပါတဲ့ ရန်သူကြောင့် ကိုယ့်ဘက်က စစ်သည် ငါးဆယ်ကျဆုံးသွားပြီး ရန်သူနှစ်ယောက်ကိုပဲ သတ်ဖြတ်နိုင်ခဲ့တဲ့ အသုံးမကျတဲ့တိရိစ္ဆာန်၊ သင်းတို့ ဘယ်တုန်းက ဝင်တိုက်သလဲ၊ မင်းသိသမျှ ပြောစမ်း”
“မနေ့ညကပါ သေနာပတိချုပ်၊ သန်းခေါင်အချိန်မှာ တပ်မရဲ့ ဘေးပတ်လည်က သစ်ပင်တွေပေါ်ကနေ ကြိုးနဲ့ခုန်ချဝင်လာပြီး အလစ်ဝင်ရောက်တိုက်ခိုက်တာပါ။ ခေါင်းဆောင်မာရိသလည်း ဒီ... ဒီစာချွန်ကိုရေးစေပြီး
အသက်ကုန်သွားပါတယ်”
မြင်းသည်တော်သည် နန်းဆောင်အတွင်းမှ အပြေးအလွှားထွက်ခွာသွားသည်။ ကျွန်ုပ်၏လက်မောင်းမှ သွေးကြောများ တဖျဉ်းဖျဉ်းဖြစ်လာသည်ဟု ထင်မိသည်။ သားတော်သည် ယုတ်ညံ့သောထိုသတင်းကို ယူဆောင်လာသည့်မြင်းသည်တော်ကို အဘယ်ကြောင့် နေရာတွင် မသတ်လိုက်လေသနည်း။ ကျွန်ုပ်သည် ဓားကို ဆွဲထုတ်လိုက်သော်လည်း မြင်းသည်တော်သည် ပျောက်ကွယ်သွားပြီဖြစ်သည်။
????????????
သားတော်မေဃနာဒသည် လက်သီးကို တင်းတင်းဆုပ်လျက် ပြောလေသည်။
“မင်းနဲ့မတော်ဘူး တူတော် မေဃနာဒ၊ မင်းဟာ သေနာပတိချုပ်အဖြစ် လင်္ကာဒီပရဲ့ဗဟိုတပ်မဟာကနေပြီး စီမံအုပ်ချုပ်ပါ၊ ကိသကိန္ဒာနယ်စပ်အတွက် သေနာပတိ ဂုမ္ဘီကဏ္ဏကို လွှတ်သင့်တယ်၊ သူဟာ မက္ကဋတွေရဲ့ သေနင်္ဂဗျူဟာကိုလည်း လေ့လာထားသူဖြစ်တယ်”
ဘိဘိသနက တုန်လှုပ်ခြင်းကင်းသော လေသံဖြင့် ဝင်ပြောလေသည်။
“သားတော်မေဃနာဒ၊ ဘိဘိသန ပြောတာမှန်တယ်၊ ဂုမ္ဘီကဏ္ဏကိုပဲ သွားပါစေ၊ ကဲ ဒါနဲ့ တဆက်တည်းပဲ တို့အရေးကို ဆွေးနွေးကြမယ်။ ဘယ့်နှယ်လဲ ညီတော်ဘိဘိသန”
ကျွန်ုပ်က အဆုံးအဖြတ်ပေးလိုက်သဖြင့် သေနာပတိအားလုံး အနီးသို့စုရုံးလာကြသည်။ ကျောက်နန်းတော်၏
နံရံများသည် မီးတိုင်မှ အလင်းရောင်တွင် နီရဲပြိုးပျက်နေကြလေသည်။
“အခု ကိသကိန္ဒာနယ်စပ်ကို ဝင်ရောက်တိုက်ခိုက်ခြင်းဟာ သင်းတို့ရဲ့ စစ်ကြေငြာခြင်းပဲ။ ဣဇ္ဇေနပြောသလို သူတို့လာလိမ့်မယ်ဆိုတာ ဟုတ်ပြီပေါ့။ သူတို့မကြာခင်မှာပဲ ဒြာဝိဒိယန်နယ်မြေထဲကို ဝင်ရောက်တိုက်ခိုက်ကြတော့မယ်။
ဒီအသားဝါတွေနဲ့ သူတို့ရဲ့ကျွန် မက္ကဋမျိုးနွယ်ကို မောင်းထုတ်ဖို့ဟာ ဒြာဝိဒိယန်အားလုံးရဲ့ တာဝန်ဖြစ်တယ်၊ ဒါပေမယ့် ...”
“ဒါပေမယ့် .. ဒြာဝိဒိယန်အားလုံးထက် ငါက ပိုပြီးတာဝန်ရှိတယ်”
“ဒြာဝိဒိယန်ဘုရင်မင်းမြတ်အနေနဲ့ ဒါကိုပြောဖို့လိုသေးသလားနောင်တော်”
“ပြောဖို့လိုတယ် ညီတော်ဘိဘိသန၊ ဘာကြောင့်လဲဆိုတော့ ဒီစစ်ပွဲဟာ ဖြစ်နိုင်ရင် ငါတစ်ဦးတည်း ဆင်နွှဲသင့်တဲ့ စစ်ပွဲပဲ။ ရာမကိုဖြစ်စေ၊ ဟနုမာန်ကိုဖြစ်စေ၊ ငါတစ်ဦးတည်းရဲ့လက်နဲ့ပဲ သတ်ဖြတ်သုတ်သင်သင့်တယ်”
“ဘုရင်မင်းမြတ်ကိုယ်စား ကျွန်ုပ်တို့သေနာပတိများက တာဝန်ယူပါရစေ”
သေနာပတိသူရာဂုမ္ဘာနက ဝင်ပြောသည်။ ညီတော်ဘိဘိသနကမူ အံ့သြသောမျက်နှာဖြင့် ကျွန်ုပ်ကိုကြည့်နေလေသည်။
“မလိုဘူး သူရာဂုမ္ဘာန်၊ အမှန်တော့ ရာမဟာ မက္ကဋမျိုးနွယ်စုဘုရင်ဟောင်း သုခရိတ်ကို အကူအညီပေးပြီး မက္ကဋတွေဆီက အကူအညီပြန်ယူခဲ့တာဟာ တစ်ခုတည်းသောရည်ရွယ်ချက်ကြောင့်ဖြစ်တယ်၊ အဲဒါကတော့ သီတာဒေဝီပဲ။
သီတာဒေဝီကို သူပြန်ရလိုတဲ့အတွက် လင်္ကာဒီပကို စစ်ပြုလာခြင်းဖြစ်တယ်။ သီတာဒေဝီအတွက် ငါကိုယ်တိုင်ပဲ သူတို့ကိုရင်ဆိုင်ရလိမ့်မယ်”
“ခမည်းတော် ဘုရင်မင်းမြတ်ပြောတာတွေက သားတော်အတွက် ရှုပ်ထွေးနေပါတယ်။ ဘယ်နည်းနဲ့ပဲ ရန်သူလာလာ ဒြာဝိဒိယန်အားလုံးဟာ ရန်သူကို တိုက်ခိုက်ရမှာပဲ မဟုတ်လား”
“ဒါဟာ မျိုးနွယ်စုကြီးနှစ်ရပ်ရဲ့စစ်ပွဲအသွင်အားဖြင့် မှန်တယ်။ ဒါပေမယ့် ဒီကိစ္စဟာ မျိုးနွယ်စုကြီးနှစ်ရပ်ရဲ့စစ်ပွဲမဟုတ်ဘူး၊ ငါ့ဆီက သီတာဒေဝီကို သင်းပြန်လုယူတဲ့ စစ်ပွဲဖြစ်တယ်။ ဒါကြောင့် ငါ ရာမနဲ့ စီးချင်းထိုးမယ်။
သို့မဟုတ် ဟာနုမာန်နဲ့ စီးချင်းထိုးရမယ်။ သင်းတို့ကို သတ်ဖြတ်ပြီး သီတာဒေဝီကို ငါပိုင်ဆိုင်ရမယ်။ ဒါကို မင်းတို့နားလည်ထားရမယ်။ အိန္ဒုမြစ်ကမ်းမှာ စုဝေးရောက်ရှိနေကြတဲ့ ဒြာဝိဒိယန်တွေကိုတော့ ငါရှင်းလင်းမပြခဲ့တော့ဘူး။
စစ်စိတ်စစ်သွေးတက်ကြွနေတဲ့ သူတို့ကို ငါလက်နက်များပေးမယ်လိုပဲ ပြောခဲ့တယ်”
ဘိဘိသနသည် အားလုံးရှေ့သို့ တိုးထွက်လာသည်။ မီးတိုင်၏အလင်းရောင်ကြောင့် သူ့မျက်လုံးများသည် ခါတိုင်းနှင့်မတူဘဲ ပို၍စူးရှတောက်ပြောင်နေသည်။
“မကြာခင်ဖြစ်တော့မယ့် စစ်ပွဲဟာ အာရိယန်နဲ့ ဒြာဝိဒိယန်တို့ရဲ့ စစ်ပွဲမဟုတ်ဘူးလို့ နောင်တော် ဘုရင်မင်းမြတ်ဆိုသလား”
“အာရိယန်နဲ့ ဒြာဝိဒိယန်စစ်ပွဲတော့ မှန်တယ် ဘိဘိသန၊ ဒါပေမယ့် မျိုးနွယ်စုစစ်ပွဲမဟုတ်ဘူး။ အာရိယန်ဖြစ်တဲ့ ရာမနဲ့ ဒြာဝိဒိယန်ဖြစ်တဲ့ လင်္ကာဒီပဘုရင်အကြားက စစ်ဖြစ်တယ်။ ဒါကြောင့် ငါ ရာမနဲ့ စီးချင်းထိုးရမယ်။ စီးချင်းထိုးပွဲမှာ ငါအနိုင်ရပြီးရင် ဒီပြသနာတစ်ခုဟာလည်း ပြီးဆုံးသွားလိမ့်မယ်။ ရာမအတွက် လက်စားချေမယ့်အာရိယန်တွေလည်း မရှိနိုင်ဘူး။ သူဟာ သူ့ရဲ့မျိုးနွယ်စုကနေ အယုဒ္ဓကနေ နှင်ထုတ်ခံထားရသူမဟုတ်လား။ သူဟာ အခုမှ မက္ကဋတွေဆီကနေ အင်အားပြုပြီး မျိုးနွယ်စုထူထောင်ဖို့ အစပြုနေသူမဟုတ်လား။ သူ့နောက်မှာ တောင့်တင်းခိုင်မာတဲ့ စစ်သည်ရဲမက်တွေ မရှိဘူး။ အကယ်၍ မက္ကဋတွေရဲ့ နောက်ဆက်အန္တရာယ် ရှိသည်ဆိုဦးတော့ တို့ဟာ ဒီမျောက်ဝံတွေကို နှိမ်နင်းနိုင်ပါတယ်”
“နောင်တော်ဘုရင်မင်းမြတ်လုံးဝမှားတယ်”
ဘိဘိသနသည် ကျွန်ုပ်၏မျက်နှာဆီသို့ လက်ညိုးတည့်တည့်ထိုးရင်း အော်ဟစ်လိုက်သည်။
ဆက်ရန်
--------------------------
ချစ်ဦးညို
crd 👉 https://www.facebook.com/108529964142302/posts/124846529177312/
Comments
Post a Comment