ကို​ဒေါင်း(ထားဝယ်လုံချည်)

#ထားဝယ်လုံချည်

မိုးကလေးက တစိမ့်စိမ့်၊ အနောက်​လေ ​ယမ်း​ဝှေ့သဖြင့် မိုးပေါက်သည် တခါတခါ ကြီးမားလာပြီးလျှင် ဓနိမိုးဓနိကာအိမ်များကို တဖြန်းဖြန်းနှင့် ရိုက်၏။ မြင်းပန်းထိမ်လင်မယားအိမ်ရှေ့ရှိ ပိတောက်ပင်အိုကြီးမှာ တချက်တချက် သိမ့်သိမ့်ခါသွားသည်။

မြင်းပန်းထိမ်ဟု ခေါ်တွင်ရခြင်းအကြောင်းရင်းကား ပန်းထိမ်လုပ်ရင်း မြင်းမွေးသောကြောင့်တည်း။ ပိန်ချုံးချည့်နဲ့သောမြင်းကို ညနေတိုင်း ကွင်းတန်းနှင့်ကမ်းနားလမ်းတစ်လျှောက် ပတ်၍ တက်စီးမောင်းနှင်တတ်သော အလေ့အထကြောင့်လည်းကောင်း၊ နေ့ကျွတ်စီ ညကျွတ်စီ လင်မယားရန်ဖြစ်တမ်း အချစ်စမ်းကြသောအမူအကျင့်ကြောင့်လည်းကောင်း မြင်းပန်းထိမ်ဟုဆိုလျှင် နှံ့စပ်အောင်မလုပ်တတ်သေးသော ငခွေးကအစ သိသည်။

ထိုနေ့တစ်နေ့လုံး မိုးတဖွဲဖွဲနှင့် မစဲနိုင်ရှိချေသည်။ မြင်းပန်းထိမ်မိန်းမလည်း ဈေးပိတ်ပြီဖြစ်၍ ရောင်းပြီးလက်ကျန် ဥယျာဉ်ကွမ်းများနှင့် အလေးတောင်းတို့ကို ရွက်ကာ ဦးခေါင်းမော့မော့၊ ရင်ကော့ကော့နှင့် အိမ်သို့ပြန်လာလေသည်။ လင်သည်မောင်ကား မျက်မှန်နက်ကြီးကို နဖူးပေါ်တင်၍ မယားသည်၏လာလမ်းကို မျှော်ကာ စောင့်စားလင့်၏။ ဇနီးသည်လည်း ကြော့ကြော့ကြော့ကြော့နှင့် ပေါက်လာပြီးလျှင် အိမ်ပေါ်သို့ တက်လေသည်။

ထိုမြင်းပန်းထိမ်လည်း “ဘယ်လင်ငယ့်အိမ်ဝင်နေလို့ သည်လောက်ကြာရတာလဲဟင် ဗိုင်းဒါမ” ဟုဆီးကြို၍ ပဋိသန္ဓာရပြု၏။

“တော် ကျုပ်ကို သည်လိုမပြောနဲ့ သိရဲ့လား၊ တစ်နေ့လုံး ရှာရတာ ဖတ်ဖတ်မောလို့။ ရှင့်ပန်းထိမ်ကို ဘယ်သူလာအပ်သလဲလို့၊ ကဲ ပြောစမ်း။ ရှင့်လုပ်စာ ဘာများစားရသလဲလို့၊ ကဲ ဆိုစမ်း။ ကျုပ်လိုဟာမျိုး ထမင်းထုပ်နဲ့ လည်ရှာစမ်းပါတော်၊ အကြောင်းသိရအောင်။ ဘယ်သူ အနွံအတာခံပြီး ရှာကျွေးမလဲဟင်။ ဒါနဲ့တောင်မှ တောင်ပြောမြောက်ပြောနဲ့ ကျုပ်ကို ဘယ်လိုအစားမှတ်သလဲ”

ကရားမှ ရေယိုကျဘိသကဲ့သို့ တဖွဖွနှင့် ချက်ကျအောင် ပြောလိုက်သော မယား၏စကားရပ်တို့ကို စိတ်ရှည်လက်ရှည်နားထောင်ပြီးသည်၏ အန္တိမအဆုံး၌ လင်သည်မောင်သည် ကောင်းချီးသြဘာ ထောမနာပေးသောအားဖြင့် ဖိနပ်ချွတ်သို့ လှမ်းရန်အားယူနေသော ဇနီးသည်ကို ကန်ချလိုက်လေ၏။

မိန်းမသည် လှေကားရင်းတွင် အခွေသား ပုံလျက်လဲ၏။ ခေါင်းခုမှာလည်း ထိုနည်းလည်းကောင်း။ အလေးတောင်းမှာလည်း ထို့အတူ။ ချိန်ခွင်ကြီးမှာလည်း ထိုကဲ့သို့။ ကွမ်းရွက်တို့ကား ပြန့်ကြဲလျက်။

အနောက်​လေရမ်းသည် ကသောကမျောနှင့် ရွာရိုးကို စွတ်၍ ဝင်လာပြန်လေသည်။ ပိတောက်ပင်ကြီးမှာကား ယိုယွင်းသောခန္ဓာကိုယ်ကြီးကို မနိုင့်အနိုင် ဟန်ထားရရှာသည်။ မိုးလည်း ပို၍သည်းလာ၏။ မြင်းပန်းထိမ်မိန်းမသည် ကြောက်အားလန့်အားနှင့် အလူးအလဲ ထသည်။ ခေါင်းခုမှာမူ လေယူရာသို့ ထွန့်ထွန့်လူးကာ ပါသွားလေသည်။ အလေးတောင်းကြီးမှာလည်း အလေးတို့ကိုထားခဲ့၍ လေနောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားသည်။ ချိန်ခွင်ကြီးကား တစ်လှမ်း နှစ်လှမ်းခန့် မိမိကိုယ်ကို အနိုင်နိုင်သယ်ပြီးမှ မဟန်နိုင်သောကြောင့် ကုက္ကိုပင်ပေါက်ကလေးကိုမှီရင်း ငြိမ်သက်စွာ နားနေလိုက်သည်။ စဉ့်အိုးကွဲအလေးတိုက်ထားသော နှစ်ကျပ်ခွဲလေး၊ ဆယ်လေးစသည်တို့နှင့် သံလေး ငါးဆယ်လေး၊ ပိဿာလေးတို့မှာ ရာဇဣန္ဒြေမပျက် “ပပထူမှ ထမယ်လေး"ဟူသော သန္နိဌာန် ဖြင့် ဖြုံမှပင်မဖြုံ။

ပပနှင့်မတူလှစွာသော မြင်းပန်းထိမ်မိန်းမလည်း အလေးရှိရာသို့ချဉ်း၍ ထူအံ့သောငှာ အားထုတ်၏။ ဒေါသပုံခင်း၍လာသော အမ္ဗုန်မောင်ကို ဖက်ပြိုင်အန်တုလိုသောမြင်းပန်းထိမ်ဆရာကြီးကား ဖိနပ်ချွတ်မှ လွှားခနဲခုန်ဆင်း၍ အကြင်သို့သော မယ်ပပ၏ ဆီချေးတစ်ဆယ့်လေးသစ်တက်နေသော ကုပ်တိုကို နှိပ်ခွစီးပြီးလျှင် ပါးကိုရိုက်လတ္တံ့ဟု ရွယ်၏။ ဆရာကြီး၏နဖူးပေါ်တွင် အတင့်အတယ် စံပယ်လျက်ရှိသော မျက်မှန်နက်ကြီးသည်လည်း မိမိ၏ဇာတိချက်မြှုပ်ဖြစ်သော နှာရိုးပေါ်သို့ ဆင်းသက်လိုက်၏။ ထိုအခါမှ ဆရာကြီးသည် သတိရ၍ မိန်းမ၏ဇက်ကို ဒူးနှစ်လုံးဖြင့် ခေတ္တညှပ်ပြီးလျှင် လက်တစ်ဖက်ဖြင့် မျက်မှန်ကိုချွတ်၊ တစ်ဖက်ဖြင့် အင်္ကျီအိတ်မှမျက်မှန်အိမ်ကို နှိုက်၊ ကျနသေသပ်စွာ မျက်မှန်ကို အိမ်သွင်းပြီးလတ်သော် အင်္ကျီအိတ်ထဲသို့ ပြန်ထည့်၏။ ထိုမျှလောက်သော အတောအတွင်းကလေးတွင် ပြားပြားပိနေသောမိန်းမသည် အောက်မှနေ၍ တအားကုန် ဆောင့်လိုက်လေရာ ယောက်ျားဖြစ်သူသည် ပက်လက်လန်လဲလေသတည်း။

မိန်းမလည်း လွတ်သည်နှင့်တစ်ပြိုင်နက် အင်္ကျီလက်ကို ပင့်၏။

“ကြည့်စမ်း ကြည့်စမ်း ရှင် ဘာအငြိုးနဲ့ သည်လိုလုပ်တာလဲဟင်”ဟု တစ်ခွန်းပြော၏။ ထဘီတိုတိုပြင်ဝတ်၏။

“ကျုပ်ကိုစမ်းတာလား”ဟု တစ်ခွန်း​ပြောလိုက်ပြန်၏။ ပြေကျသောဆံပင်တို့ကို ကပျာကသီ ရစ်ပတ်လိုက်၏။

“ဘယ်လိုအစားမှတ်သလဲ”ဟု တတိယမ္ပိ သုံးကြိမ်မမြောက်တမြောက် ထ၍အတွန့်တွင် မြင်းပန်းထိမ်ဆရာကြီးသည် အစင်းသားလဲနေသော ဣရိယာပုတ်မှ မတ်မတ်နေသောဣရိယာပုတ်သို့ ရုတ်ခြည်းပြောင်းလဲလိုက်ပြီးလျှင် ချစ်လှစွာသောဇနီးသည်၏ပါးပြင်ကို ဖြောင်းဖြောင်းမြည်အောင် တီးလိုက်လေသည်။

“အမယ်လေးတော် လုပ်ကြပါဦး”ဟူသော စူးရှသောအသံကြီးသည် အနောက်​လေရမ်း ပင့်ရာသို့ အလံလေးဆယ် လယ်တစ်ကွက်ခန့် ပါသွားပြီးမှ မိုးသက်လေသက်တို့နှင့် ရောနှောကာ ပျောက်ပျက်သွားလေ၏။

အိမ်နီးပါးချင်းတို့သည် ထိုအသံကို ကြားကြကုန်၏။ သို့သော် မည်သူမျှ ဆင်းမလာကြ။ ခြေရင်းခေါင်းရင်းနှင့် အိမ်ရှေ့အိမ်များမှ အိမ်သားတို့ကား လင်မယားရန်ဖြစ်သည်ကို ဣန္ဒြေရရနှင့် ရှုစားလျက်ရှိကြကုန်၏။ ကူညီဖျန်ဖြေရန်ကား မည်သူမျှ စိတ်မကူး။

မြင်းပန်းထိမ်လည်း ပါးကိုအရိုက် ချစ်ဇနီးအဝိုက်တွင် မလဲအောင် မှီရာလှမ်းဆွဲလိုက်ရာ ပြေကျနေသောဆံပင်များ တစ်ပုံတစ်ခေါင်းကြီး ၎င်း၏လက်ထဲတွင် ပါလာလေ၏။ ပါလာသမျှဆံပင်တို့ကို တင်းကျပ်နိုင်သမျှ တင်းကျပ်စွာ လက်တွင် အထပ်ထပ်ရစ်ပတ်၍ ခိုင်မခိုင် နှစ်ချက်သုံးချက်ခန့် တုပ်ဆွဲစမ်းသပ်ပြီးမှ အိမ်ပေါ်သို့ ဇနီးချစ်အား ဆွဲတင်၏။ အိမ်ပေါ်ရောက်သော် ထရံတွင်ညှပ်ထားသော လိပ်ကျောက်မြီးကို အားသောလက်တစ်ဖက်ဖြင့် လှမ်းဆွဲပြီးလျှင် အဘယ်မယားအား ကျောတစ်ရာ ရင်တစ်ရာ ခတ်၏။ ပြီးလတ်သော် မြိုင်ရပ်နှင်ရန် ကျန်ပေသေးရကား ဇနီးသည်၏ဆံပင်ကို ဆွဲလျက်နှင့်ပင် လှေကားကို သုံးထစ်လျှင် တစ်လှမ်းကျလှမ်း၍ ဆင်းပြန်သော် လမ်းမတစ်လျှောက် တရွတ်ပါအောင် ဆွဲငင်သွားလေ၏။

ထိုအတွင်း လျှပ်သည် ပြက်၏။ တောင်အရပ်ဆီမှ မိုးသည် ချုန်း၏။

“သိကြားမင်းကြီးရဲ့ ကြည့်နေရက်တော့မလား”ဟု နှာသံပါပါနှင့် တအားကုန်ညှစ်ထုတ်လိုက်သော မြင်းပန်းထိမ်မိန်းမ၏အသံသည် မိုးခြိမ်းသံကို အဖော်ပြုကာ စကြဝဠာတံတိုင်းသို့ လိုက်ပါသွားဘိ၏။ ဤအခြင်းအရာတို့ကို သိကြားမင်းကြီးသည် မိမိ၏ဣဒ္ဓပါဒ်တန်ခိုးဖြင့် မြင်နိုင်ပေမည်။ မြင်လျက်နှင့် ရှုစိမ့်နိုင်ပါဦးမည်လော။ သိကြားသာသနာရောက်ခါနီး သိကြားစွမ်းပြချင်သည်မှာ တရွရွဖြစ်နေသည့်အထဲ ဤမလျော်သောအမှုကို လျစ်လျူပြုနိုင်အံ့လော။

ပန်းထိမ်လင်မယားတို့ ထွေးလုံးရစ်ပတ်နှင့် လေးထပ်ကျောင်းလမ်းထိပ်သို့ ရောက်လုနီးသည်နှင့်တစ်ပြိုင်နက် လက်တစ်ဖက်ကား လောက်လေး၊ ခါးပိုက်ထောင်တွင် လောက်စာလုံးအပြည့်နှင့် ကိုယ်ရောင်ကိုယ်ဝါ မည်းမှောင်စွာ ထွက်ပေါ်လာသည်ကား သိကြားမင်းထင့်။ ဟုတ်ပေလိမ့်မည်။ သိကြားမင်း လူယောင်ဖန်ဆင်း၍ လူ့ပြည်သို့ သက်ဆင်းခြင်းဖြစ်ရမည်။ သို့သော် အသေအချာ ရှုစမ်းပါရစေဦး။ သိကြားမင်းက ဘယ်သူနှင့်တူသလိုလို ရှိလိုက်ပါဘိ။ အလို... လက်စသတ်တော့ ကိုဒေါင်းပါလား ကရို့။ မဟုတ်လျှင် မခံတတ်၊ မတော်သည်ကိုတွေ့လျှင် မနေတတ်သောကိုဒေါင်းမှာ မိန်မသားတအားနွဲ့ အား ထိုသို့စော်ကားနှိပ်စက်သည်ကိုမြင်လျှင်ပင် အူရောအသည်းပါ ဂျွမ်းသဒ္ဓါလန်ကာ လှိုက်လှိုက်လှဲလှဲဖြစ်အောင် စိတ်ဆာသွားလေသည်။ အူထဲမှ လိမ့်၍တက်လာသော မခံချင်စိတ်သည် အထက်သို့လျှံပြီးသကာလ လက်ဖျားသို့ရောက်အောင် ဝေကျလာလေရကား လက်ယားလာလေသည်။ ထိုယားလာသောလက်တစ်ဖက်သည် လောက်လေးကို အဆင်သင့်ကိုင်ပြီးဖြစ်လေရာ ကိုဒေါင်းသည် သိကြားမင်းတို့၏အဆောင်အယောင်ဖြစ်သော မကိုဋ်အစား ခမောက်ကို ခေါင်းပေါ်တွင် မာန်ပါပါနှင့် အသာတင်၊ မိုးကြိုးသွားတည်းဟူသောလောက်စာလုံးကိုနှိုက်၊ ဝရဇိန်လက်နက်တည်းဟူသောလေးကိုငင်၊ ဘယ်ခြေကိုရှေ့ထား၊ ညာခြေဖြင့် ကိုယ်ကို မတ်ပြီးလျှင် မိုးကြိုးသွားကို အားကုန်လွှတ်၏။

“ဒေါင်”ဟူ၍ ကုလားတက်ခေါက်သံထက် ပြင်းအောင်မြည်သော အသံ၏အဆုံးတွင် ပန်းထိမ်ဆရာမှာ မယားကိုလွှတ်၍ နားထင်ကို လက်ဖြင့်အုပ်ကာ အိမ်ပေါ်သို့ ကသုတ်ကရုတ် တက်ပြေးလေ၏။ ကိုဒေါင်းလည်း ကျောင်းလမ်းထိပ်ကို ခပ်သုတ်သုတ် ချိုးပြီးသော် ပန်းထိမ်ဆရာ၏အိမ်ရှေ့တည့်တည့်မှနေ၍ အိမ်တွင်းထရံကို ဖုန်းဖုန်းမြည်အောင် လေးနှင့်ပစ်၏။ ထို့နောက် နောက်ဆုံးတစ်ချက်ပဲဟု စိတ်တွင်ရည်မှတ်၍ လောက်စာလုံးတစ်လုံးကို အနှိုက်နောက်မှနေ၍ လူတစ်ယောက်သည် နှိုက်သောလက်ကို တုပ်ဆွဲလိုက်သောကြောင့် လှည့်ကြည့်မိရာ မြင်းပန်းထိမ်ဆရာကတော်သည် အကြည့်ခံရသူတိုင်း လောင်ကျွမ်းပြာကျသွားရလောက်အောင် မီးလျှံကဲ့သို့ တောက်ပပူပြင်း
သော မျက်လုံးများဖြင့် မိမိကို ကြည့်ကာ “ရှင် ကျွန်မလင်ကို ဘယ်လိုလုပ်လိုက်တာလဲဟင်။ မခံဘူးတော့ မခံဘူး၊ လာ... ရဲသွားတိုင်မယ်”ဟုပြောဆိုကာ လက်ကို အတွင်သား ဆွဲခေါ်နေသည်ကို တွေ့ရလေ၏။

ကိုဒေါင်းသည် မင်သက်မိသွား၏။ လက်ဖျစ်တစ်တွက်၊ လျှပ်တစ်ပြက်အတွင်းတွင် ကိုဒေါင်း၏ရုပ်နှင့်နာမ်ဓာတ်တို့မှာ အကြင်လင်မယားအဖြစ်မှ ယာယီပြတ်စဲသွားလေသည်။ ထိုရုပ်နှင့် နာမ်တို့ ယတြာကျေ၍ပြန်ပေါင်းအထုပ်တွင်ကိုဒေါင်း၏သုံးဆယ့်နှစ်ကောဋ္ဌာသတို့မှာ ဖွဲ့စည်းခြင်းအာပေါ၏အရှိန်ကို မခံမရပ်နိုင်သောကြောင့် တသိမ့်သိမ့်တုန်လှုပ်သွား၏။ သတိကိုဖြစ်စေလတ်သော် ကိုဒေါင်းတည်းဟူသော သိကြားယောင်မှာ လေးကန့်ကန့်နှင့် မြင်းပန်းထိမ်ဆရာကတော်ဆွဲခေါ်ရာသို့ လိုက်ပါနေရသည့်အဖြစ်ကို ဝမ်းနည်းစွာ တွေ့မြင်ရလေသတည်း။

ကိုဒေါင်းကား ရုန်းရန်သတိမရ။ လွှတ်ပါဟု ပြောရန်လည်း မတွေးမိ။ ဘာကြောင့်ဆွဲရသလဲဟု မေးရန်မျှပင် စိတ်မကူး။ ဆုတ်ကန် ဆုတ်ကန်နှင့်သာ ပါသွားတော့သည်။

ရဲစခန်းသို့ရောက်၏။ ရဲများဝိုင်းလာ၏။ အသိလိုလို စာသင်တစ်ယောက်က“ဘာဖြစ်တာလဲ”ဟု မိမိကို မေးလိုက်သလား မပြောတတ်။ မိမိလည်းပြန်ပြောလိုက်၏။ ဘာပြောလိုက်သည်မသိ။ ရာဇဝတ်အုပ်မင်းလည်း အပါးသို့ရောက်လာ၏။ မြင်းပန်းထိမ်မိန်းမနှင့် အမေးအဖြေပြု၏။ မြင်းပန်းထိမ်မိန်းမအသံချည်းပင်။ ဘာများပြောကြသလဲ မဆိုနိုင်။ ရာဇဝတ်အုပ်မင်းကား ခေါင်းတညိတ်ညိတ်နှင့်။ ထိုအတွင်း လူစုလူဝေးလည်း ထုထည်ကြီးမားလာသည်။ ကြီးမားသော လူစုလူဝေးတည်းဟူသော အဏ္ဏဝါပြင်ကျယ်တွင် ကိုဒေါင်းသည် စုံးစုံးမြုပ်၍ နစ်နေသည်။ မွန်းလှချည့်ဟု အောက်မေ့နေရင်း ရာဇဝတ်အုပ်မင်း၏လက်သည် မိမိပခုံးအား ချစ်ကျွမ်းဝင်ယောင်ပြုသည်ကို သတိ ထားလိုက်မိ၏။

“ကဲ မင်း ဘယ့်နှယ်လုပ်လိုက်တာလဲကွဲ့ မောင်ဒေါင်းရဲ့ ။ စကားမများနဲ့ကွာ၊ ငွေငါးကျပ်ရှာယူခဲ့”ဟု ရာဇဝတ်အုပ်မင်းသည် အမိန့်ခတ်နှိပ်ပြီးလျှင် လူထုကြီးကို ခွဲလိုက်၏။

အနောက်ဘက်တစ်ခွင်တွင် မိုးသားမိုးရိပ်တို့မှာ လိပ်၍လိပ်၍ တက်နေသည်။ သင်္ချိုင်းကုန်းဘက်ရှိ သစ်ပင်ဝါးပင်တို့မှာ မည်းမည်း မည်းမည်းနှင့် တောင်နွဲ့ မြောက်ယိမ်း ကတိမ်းကပါး ဖြစ်နေကြသည်။ သစ်ရိပ်ဝါးရပ်၊ မိုးရိပ်လေရိပ်တို့မှာ ကိုဒေါင်း၏နှလုံးသားထဲသို့ ချင်းနင်းဝင်ရောက်ကာ ကလိချင်တိုင်း ကလိ၍နေကြကုန်၏။ ဤသို့ကလိခြင်းကို ခိုင်မာသောစိတ်ဓာတ်တို့ဖြင့် ကြံ့ကြံ့ခံပြီးလျှင် လေးကန်လှသောခြေတို့ကို ပင်ပန်းနွမ်းရိစွာ သယ်ယူ၍ ကိုဒေါင်းသည် ဦးခေါင်းငိုက်စိုက်ဖြင့် အိမ်သို့ပြန်လေ၏။

အနောက်ဘက်တစ်ခွင်မှ မိုးကလေးများ ညို၍ညို၍ လာတိုင်းလာတိုင်း ကိုဒေါင်းသည် သူ့မမ ဝယ်ပေးသော တစ်ခါဝတ်ပြီး ထားဝယ်လုံချည်ကလေးကို ငွေ ၆ ကျပ်ဖြင့် ထုံရိပ်အပေါင်ဆိုင်တွင် အဆုံးခံလိုက်ရသည်ကို ပြေးပြီးအမှတ်ရသဖြင့် ယခုကိုပင်လျှင် စုတ်တသပ်သပ် ဖြစ်မိသေးလေသတည်း။
-------------------------
#မောင်ထင်

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)