ခေါင်းလောင်းထိုးသော လူတစ်ယောက်
အပိုင်း (၂)
သီတင်းကျွတ် ကျောင်းပိတ်ရက်မှာ ရွာကို ပြန်သည်။ မန္တလေး အမြန်ရထားနှင့် သာစည်ထိ လိုက်သည်။ ထို့နောက် ကားဆက်စီးရသည်။ မြို့မရောက်ခင် လမ်းမှာ ဆင်းသည်။ ရွာရောက်အောင် ခြောက်မိုင်လောက် ခရီးဆက်ရမည်။ ကြိုတင် မှာထားလျှင် လှည်း လာကြိုနိုင်သည်။ သူက ရောက်မည့်ရက် မသေချာသဖြင့် ဘာမှ မှာမထားခဲ့။ လှည်းကြုံလည်း မရှိ။ အညာသားပဲကွာ သည်ခရီး လောက်ကတော့ဟု တွေးပြီး ခြေကျင် လျှောက်လာခဲ့၏။
တကယ်တမ်းကျတော့ ခြေထောက်တွေက အညာသား မပီသတော့ချေ။ ကိုယ့်ကိုယ်ကို အဟုတ်ကြီး မှတ်ပြီး လျှောက်လာခဲ့ရာ ခရီးတစ်ဝက် မကျိုးခင် ခြေလှမ်းတွေ နှေးလာသည်။ ခုချိန်မှာ သူသည် ရန်ကုန်သား တစ်ပိုင်း ဖြစ်နေပြီ။ မိုင်ဝက်လောက် ခရီးကို ဘတ်စကားလေးပေါ် ပြေးတက်ပြီး လိုက်ပါသွားသည့်အကျင့်က သတ္တိပြလာပြီ။ ငယ်ငယ်က ရွာမှာနေတုန်းက ဆိုရင် သည်ခရီးလောက်ကို အသွားအပြန်တောင် အသာလေး လျှောက်နိုင်သည်။
ရာသီဥတုက ရန်ကုန်မှာ နေလို့ ထိုင်လို့ကောင်းရုံ ရှိသော်လည်း သည်မှာက ပူတုန်း ရှိသေးသည်။ ခိုစရာအရိပ်လည်း မရှိ။ ယာခင်းကွင်းပြင်ကြီးကို ဖြတ်လျှောက်ရခြင်း ဖြစ်၏။
အစကတော့ ရွာကို ထမင်းစားအမီ ရောက်လိမ့်မည် ထင်ခဲ့သည်။ ထိုကြောင့် သာစည်မှာတုန်းက ပဲပလာတာတစ်ချပ်နှင့် လက်ဖက်ရည်တစ်ခွက်သာ စားသောက်ခဲ့သည်။ ကားတစ်စင်း လွတ်သွားတာ၊ နောက်ကားက လူစောင့်နေတာ၊ လမ်းမှာရပ်ပြီး လူတင်တာ၊ ကုန်ချနေတာကြောင့် နောက်ကျသွားသည်။ သို့နှင့် လမ်းလျှောက်ရင်း ဗိုက်ထဲက ဟာလာသည်။ ယာတဲတစ်ခုခုမှာ ဝင်နားဖို့ ကြည့်ပြန်တော့ လမ်းကြောင်းကနေ မြောက်ဘက်ကို အတော်ဝေးဝေး ဖဲ့ထွက်သွားရမည့် နေရာမှာ သွားတွေ့သည်။ ယာတဲကို ရောက်အောင် သွားရမှာနှင့် လမ်းကြောင်းပေါ် ရောက်အောင် ပြန်လာရမှာနှင့် ဆိုလျှင် ခရီးတာ ပိုရှည်တာကြောင့် ဘာမှမထူး။
ရပ်နေလို့လည်း မဖြစ်သဖြင့် ခပ်ဖြည်းဖြည်းပင် ဆက်လျှောက်လာခဲ့ရသည်။ ခဏကြာမှ နောက်ဘက်က စက်သံလိုလို ကြားသဖြင့် လှည်ကြည့်သည်။ လက်တွန်း ထွန်စက်ငယ်တစ်စီး လာနေသည်။ ခပ်လှမ်းလှမ်း အရောက်တွင် နောက်တွဲလည်း ပါလာကြောင်း တွေ့လိုက်ရ၏။ လက်တားပြီး ခရီးကြုံလိုက်လို့ ရမရ မေးသည်။ ရပါတယ်ဟု ကြည်ကြည်ဖြူဖြူ ခေါ်သဖြင့် တက်လိုက်လာခဲ့၏။
ထွန်စက်မောင်းလာသူမှာ ဆယ့်ခုနစ်နှစ် ဆယ့်ရှစ်နှစ်အရွယ် လူငယ်လေး ဖြစ်၏။ သူ့ကို သိပုံမရ။ မေးကြည့်တော့ သူတို့ရွာက မဟုတ်။ အရှေ့ ရွာကြီးက ဖြစ်၏။ ထွန်စက်တွေ ဘာတွေတောင် ဝယ်နိုင်ပြီ ဆိုတော့ သူတို့ဘက်တွေမှာ စီးပွားရေးအခြေအနေ အထိုက်အလျောက် တိုးတက်လာပုံ ရသည်ဟု ခန့်မှန်းလိုက်သည်။ ရွာထိပ်မှာ ဆင်းသည်။ ကျေးဇူးတင်စကား ပြောပြီး ရွာထဲသို့ ဝင်ခဲ့၏။ ပြီးခဲ့သည့် နွေကျောင်းပိတ်ရက် ရောက်ခဲ့တုန်းကနှင့် စာလျှင် အိမ်တွေက နည်းနည်း ပိုသပ်ရပ်လာသည်ဟု ထင်မိ၏။
သည်ရက်ပိုင်းအတွင်း သူ ရောက်လာနိုင်တာကို အစ်မတို့က မျှော်လင့်ထားပြီး ဖြစ်သည်။ ဘယ်နေ့ ရောက်မယ် ဆိုတာသာ မသိခြင်း ဖြစ်၏။ သူတို့ အညာသူ အညာသားတို့ ထုံးစံအတိုင်း ဘယ်လောက် အနေဝေးဝေး စိမ်းသွားသည်ဟူ၍ မရှိ။ မောင်နှမနှစ်ယောက် ငယ်ငယ်တုန်းကလိုပင် ချစ်ခင် ရင်းနှီးမြဲ ဖြစ်၏။ ယောက်ဖဖြစ်သူ ကိုချစ်ကလည်း အသက်ချင်း ကွာသည့်တိုင် ငယ်စဉ်ကတည်းက သူငယ်ချင်းပေါင်း ပေါင်းလာသူ ဖြစ်၍ ပြဿနာမရှိ။
အစ်မက သူ ရောက်လာနိုင်မည့် ရက်ကို မှန်းပြီး ဝက်သားဟင်းလေးချက် ချက်ထားသည်။ ဟင်းလေးချက်က ထားတတ်လျှင် လေးငါးရက်လောက် ခံသောကြောင့် သူ ရောက်သွားချိန်မှာ အဆင်သင့် ရှိနေ၏။ ဆာဆာနှင့် စားလိုက်ရာ ထမင်း တော်တော်ဝင်သွားသည်ဟု သူက ထင်သည်။ အစ်မကတော့ အစားနည်းသည်ဟု ထင်သည်။ ရန်ကုန်မှာ ထမင်းတစ်လုံးချက်ကို ညမနက်စားတာ တစ်ခါတစ်ခါ ကုန်တောင် မကုန်ဘူး ပြောလျှင် အစ်မ အံ့ဩလိမ့်မည်။
ညနေစောင်းတော့ ကိုချစ်က ထန်းရည် သွားသောက်ရအောင်ဟု စကား စသည်။ သူသည် အရက်သေစာကို လုံးဝ ရှောင်ကြဉ်သူတစ်ယောက်တော့ မဟုတ်။ ရွာမှာ နေခဲ့တုန်းက ကိုချစ် သင်ပေးသဖြင့် သောက်လက်စ ရှိခဲ့ဖူးသည်။ နောက်ပိုင်းမှာ အခြေအနေအရ မသောက်ဘဲ နေခဲ့ခြင်းသာဖြစ်၏။ ထို့ကြောင့် ရွာရောက်တုန်း ငယ်ဘဝ အမှတ်တရပေါ့ ဆိုပြီး ထန်းတောထဲ လိုက်သွားခဲ့၏။ သမီးယောက်ဖ နှစ်ယောက် စကားတပြောပြောနှင့် သောက်လိုက်ကြတာ မှောင်ရီသန်းမှပင် အိမ်ကို ပြန်ဖြစ်ကြ၏။ သူက နှစ်ပုလင်းစာလောက်သာ သောက်ဖြစ်၏။ ကိုချစ်ကတော့ ငါ့ညီရောက်တုန်း ပျော်သကွာ ဆိုပြီး တစ်ခွက်ပြီး တစ်ခွက် ဆင့်သောက်ရာ လေးငါးမြူ လောက်တောင် ရှိမလား မသိ။
အစ်မက ညနေစာ အဆင့်သင့် လုပ်ထားသည်။ ရန်ကုန်မှာ စားရဖို့ မလွယ်သော မြူရွက်သုပ်နှင့် ထမင်းမြိန်သွားပြန်၏။
ညကျတော့ မြေပဲကြော်၊ အမဲခြောက်ဖုတ် တို့ကို ရေနွေးကြမ်းနှင့် မြည်းရင်း စကားဝိုင်းဖွဲ့ ဖြစ်ကြသည်။ သည်လို အရသာမျိုး မကြုံရတာ ကြာပြီ။ ရွာအကြောင်း၊ စီးပွားရေးအကြောင်း၊ ရန်ကုန်ကအကြောင်းတွေ ပြောရင်း ...
“မင်းလည်း တစ်ယောက်တည်း မနေသင့်တော့ဘူးကွ၊ အိမ်ထောင်ပြုဖို့လေး ဘာလေး စိတ်ကူးဦး၊ ရန်ကုန်မှာ တွေ့ထားတာ မရှိဘူးလား” ဟု ကိုချစ်က စကားစသည်။ မျက်နှာတစ်ခုကို ဖျတ်ခနဲ မြင်ယောင်မိ၏။ သူ ဘာမှ ပြန်မပြောနိုင်ခင် အစ်မက အရင်ဦးအောင် ဖြတ်ပြောသည်။
“အမယ် ရန်ကုန်သူတော့ ယူဖို့ စိတ်မကူးနဲ့နော်”
“ရန်ကုန်သူ မဟုတ်ပါဘူး အစ်မရဲ့” ဟု လွှတ်ခနဲ ပြောထွက်သွားသည်။
“ဘာ ... ဘာတဲ့”
အစ်မက မေးသည်။
“မဟုတ်ပါဘူး၊ အစ်မက ရန်ကုန်သူ စိတ်မကူးနဲ့ ဆိုလို့” ဟု စကားကို လွှဲလည်းလွှဲ ပိတ်လည်းပိတ် လုပ်လိုက်ရသည်။ အစ်မက ကိုချစ်ကို တစ်ချက်ကြည့်ပြီး ဘယ်လိုလဲ ဆိုသော သဘော မေးငေါ့ပြသည်။ ကိုချစ်က အမဲခြောက် တစ်ဖတ်ကို ပါးစပ်ထဲထည့် မြုံ့လိုက်ပြီးနောက် မင်း ပြောလိုက်ပေါ့ ဆိုသည့် အမူအရာ ပြန်လုပ်ပြသည်။
အစ်မက ... “ဒီမှာ မင်းအတွက် သင့်တော်မယ့်သူ ငါ ရှာထားတယ်”
“ဟင် ... ဘယ်သူလဲ”
“ရင်ရင်ရွှေကို သိတယ် မဟုတ်လား”
“ဘယ်က ရင်ရင်ရွှေလဲ”
“ဒေါ်ထွေး သမီးလေကွယ်”
“ဟာ ... အရီးထွေး သမီးက ငယ်ငယ်လေး ရှိပါသေးတယ်ဗျာ”
“မငယ်တော့ဘူး ဟဲ့၊ ဆယ့်ခုနစ်နှစ် ရှိပြီ”
“ဗျာ”
ဆယ့်ခုနစ်နှစ် ဆိုတာ ဆယ်တန်းကျောင်းသူအရွယ်ပဲ၊ သူ့အဖို့တော့ တပည့်အရွယ်မျှသာ ရှိသေးသည်။
“မဗျာနဲ့၊ ငါက သင့်တော်မယ် ထင်လို့ စီစဉ်တာ”
“ဘာ ... စီစဉ်တာ”
“ဟုတ်တယ်၊ ဒေါ်ထွေးကိုတောင် ငါ တီးခေါက် ကြည့်ပြီးပြီ။ မင်းနဲ့သာဆို ဟိုက က,တောင် ပေးစားဦးမယ်”
“ဟာ ပြဿနာပဲ၊ အစ်မက ကျွန်တော့်ကို မတိုင်ပင်ဘဲ လျှောက်လုပ်လို့ ရမလား”
“အမယ် ဘာတိုင်ပင်စရာ လိုသလဲ၊ မင်းကို ငါ တစ်သက်လုံး ကျွေးမွေး စောင့်ရှောက်ခဲ့တာပဲ၊ ကောင်းမယ်ထင်တာ လုပ်ပေးဖို့ ငါ့မှာ တာဝန်ရှိတာပေါ့”
“ဟာဗျာ ... ခက်တော့တာပဲ၊ ကျွန်တော့် အိမ်ထောင်ရေးကိစ္စ ကျွန်တော့်ဘာသာ ဆုံးဖြတ်မှာပေါ့၊ အစ်မက ဘာကြောင့် မပြောမဆို လျှောက်ပြီး လုပ်ရတာလဲ”
“ဘာပြောစရာ လိုသလဲ၊ နင်က ငါ့မောင်ပဲ၊ ငါ့စကား နားထောင်ရမှာပေါ့၊ ငါ့တုန်းကကော နင်တို့ ဝိုင်းတိုက်တွန်းလို့ သူ့ကို ငါယူခဲ့တာပဲ၊ ဘာများ အတွန့်တက်ခဲ့လို့လဲ” ဆိုပြီး ကိုချစ်ဘက်ကို ကြည့်သည်။
ကိုချစ်က “ဒါလည်း ဟုတ်တာပဲ၊ ကဲပါကွာ၊ မင်းအစ်မက ကောင်းမယ်ထင်လို့ စိတ်ကူးတာ၊ ဒီတော့ ကောင်မလေးကိုလည်း မင်း ကြည့်လိုက်ဦးပေါ့၊ သဘောမကျဘူး ဆိုလည်း တစ်မျိုးပေါ့”
“ဘာပဲဖြစ်ဖြစ် စကားတွေ သွားကျွံထားတာတော့ ဘယ်ကောင်းမလဲ”
“ကျွံလည်း ဘာဖြစ်သလဲကွာ၊ ကိုယ်ယူမှ ဖြစ်တာပဲ၊ အဲ ... ကောင်မလေးက ချောတော့ အတော်ချောသားမောင်”
ဆက်ငြင်းနေလျှင်လည်း ပြီးမှာ မဟုတ်သဖြင့် “ကြည့်လုပ်တာပေါ့” ဟု စကားလှအောင် ပြောပြီး ယာယီ ရှောင်တိမ်းလိုက်ရသည်။
* * *
သို့ရာတွင် ကိစ္စက မပြတ်သေး။ နောက်တစ်နေ့ကျတော့ ဒေါ်ထွေးနှင့် သူ့ သမီး ရင်ရင်ရွှေတို့ အိမ်ကို ရောက်လာကြသည်။
“မောင်မြင့်ကြည် ရောက်နေတယ် ကြားလို့ လာခဲ့တာတော့” ဟု ဒေါ်ထွေးက ပြောသည်။ ဒေါ်ထွေးမှာ သမက် ဖမ်းတတ်သော လည်လည်ဝယ်ဝယ် မိန်းမကြီးတစ်ယောက်၏ ပုံစံမျိုး မဟုတ်။ ရိုးရိုးအေးအေးကြီးသာ ဖြစ်၏။ ခုကိစ္စမှာလည်း အစ်မကြီးက ဦးဆောင် ပြောဆိုထားလို့ လာကြရရှာခြင်းသာ ဖြစ်နိုင်၏။
ရင်ရင်ရွှေကလည်း ကိုချစ် ပြောသလို တကယ်လှပါသည်။ ဝတ်စားဆင်ယင်ပုံ ခေတ်မမီဘဲ ရိုးစင်းလွန်းနေတာသာ ရှိသည်။ ရုပ်ရည်ကတော့ မွေးထူးရေခြားသလို အတော်ကြည့်ကောင်းလေသည်။ တစ်ခုပဲ ရှိသည်။ ဆယ့်ခုနစ်နှစ် ဆိုသော်လည်း မြို့က ကျောင်းသူလေးတွေနှင့် စာလျှင် ရုပ်နည်းနည်း ရင့်သည်ဟု ဆိုရမည်။
သူသည် ဒေါ်ထွေးတို့ကို နေကောင်းလား ဘာညာ နှုတ်ဆက်စကား ပြောရင်းက မျက်နှာပူလာသည်။ ဒါဟာ ငါနဲ့ ပေးစားချင်နေတဲ့ ကောင်မလေးကို လာပြနေပါလားဟု တွေးမိသောကြောင့် ဖြစ်၏။ ကောင်မလေးကတော့ ခပ်အေးအေးပင်။ ရှက်ရွံ့ နေဟန်လည်း မရှိ။ သူ့ကို စိတ်ဝင်စားပုံလည်း မပြ။ ဘာမှ မထူးခြားသလိုပင်။
ဒေါ်ထွေးတို့သားအမိ ပြန်သွားတော့ အစ်မက “ဘယ်လိုလဲဟေ့” ဟု မေးသည်။
“ကောင်မလေးက ငယ်ပါသေးတယ်”
“ကောင်မလေးက ငယ်ပေမဲ့ မင်းက မငယ်တော့ဘူး၊ သုံးဆယ်နား နီးနေပြီ”
“ဟာ ... ရန်ကုန်မှာဆို ဒီအရွယ်က အလုပ်လုပ်လို့ ကောင်းတုန်းပေါ့ အစ်မရယ်၊ သိပ်မလောပါနဲ့ဦးလေ၊ စဉ်းစဉ်းစားစားလုပ်ရအောင် ဖြည်းဖြည်းပေါ့” ဟု အချိန်ဆွဲ နည်းဗျူဟာနှင့် အကာအကွယ် ယူလိုက်ရပြန်သည်။
ခုကိစ္စမှာ အစ်မကြီးကိုလည်း အဆိုးမဆိုသာ။ အစ်မကြီးအနေဖြင့် နေထိုင်ကြီးပြင်းလာခဲ့ရသည့် ဘဝတစ်လျှောက် လုပ်သင့်လုပ်ထိုက်တာတွေကိုချည်း လုပ်ခဲ့ရသည်။ စိတ်ခံစားမှု ဆိုတာတွေအတွက် အချိန်မပေးနိုင်ခဲ့။ အဖေ အမေ ဆုံးသွားတော့ ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ဦးစီး တာဝန်ကို ယူရသည်။ နောက်တော့ အားကိုးအားထား ပြုလောက်စရာ ယောက်ျားတစ်ယောက်အဖြစ် ကိုချစ်ကို ယူခဲ့သည်။ ပြီးတော့ မောင်တွေအတွက် ရုန်းကန်လှုပ်ရှားရသည်။ သည်တော့ သူများကိုလည်း သူ့လိုပဲ ထင်နေလိမ့်မည်။ ခုကိစ္စမှာလည်း အစ်မကြီးက သင့်တော်မယ်ထင်လို့ ကိုယ့်စိတ်ကူးနဲ့ကိုယ် စီစဉ်တာကို မောင်ဖြစ်သူက အသာတကြည် လက်ခံမှာပဲဟု တွက်ထားပုံရသည်။ “အချစ်ဆိုတာ ဖန်တီးယူလို့ မရကြောင်း” ဘာညာ ရှင်းပြလို့လည်း နားလည် လက်ခံမှာ မဟုတ်။ သည်တော့ အစ်မကြီးနှင့် ထိပ်တိုက်မတွေ့ဘဲ အလိမ္မာသုံး၍ ရုန်းထွက်သည့်နည်းကိုပဲ သုံးရတော့မည်။
စေ့စေ့တွေး ကြည့်တော့ ကိုယ့်ကိုယ်ကို အထင်တောင်ကြီးမိ၏။ ရန်ကုန်မှာ ဆိုလျှင် ဘွဲ့ရသူတွေ များလွန်းလို့ တစ်နေ့တစ်နေ့ လမ်းသွားရင်း ဘွဲ့ချင်း တိုက်မိမှာတောင် စိုးရသည်။ ဘွဲ့နှင်းသဘင် ခန်းမရှေ့မှာသာ သွားထိုင်ကြည့်နေလျှင် တစ်သုတ်ပြီး တစ်သုတ် ဘွဲ့ယူနေကြသူတွေမှာ လှတောသားစကားနှင့် ပြောရလျှင် ကျွဲအုပ်ကြီး မောင်းသွင်းထားသလို ထင်ရလိမ့်မည်။
ပြီးတော့ ရန်ကုန်မှာ ကျောင်းဆရာဆိုတာ ကိုယ့်ကျောင်းထဲမှာသာ ဩဇာရှိသည်။ တခြားနေရာမှာကျတော့ ဘတ်စ်ကား စပယ်ယာကတောင် “ဟို ပုဆိုးစိမ်းနဲ့ ပုဂ္ဂိုလ် ရှေ့တိုးပါဗျ၊ ရှေ့မှာ ပုလိပ်ရောဂါ မရှိပါဘူး” ဟု ဟောက်တာ ခံရနိုင်သည်။
ရွာမှာကျတော့ ဘွဲ့ရဆိုတာ ရှားပါးပစ္စည်းတစ်မျိုးလို ဖြစ်နေ၏။ သုံးလေးနှစ် နေမှ ဆယ်တန်းအောင်သူ တစ်ယောက်စ နှစ်ယောက်စ ထွက်သည်။ များသောအားဖြင့် ကျောင်းဆက်မနေနိုင်ကြ။ အဝေးသင်တက္ကသိုလ်တောင် အနိုင်နိုင်။ သည်တော့ ရွာမှာ ဘွဲ့ရပညာတတ် ဆိုလျှင် ဆရာကြီးပဲ။ သူ တက္ကသိုလ်ပထမနှစ် တက်ပြီး ကျောင်းပိတ်လို့ ရွာခဏ ပြန်လာတုန်းကအဖြစ်ကို ကောင်းကောင်း မှတ်မိနေသည်။
သူ ပြန်ရောက်တော့ မိုးချုပ်လုလု ဖြစ်နေပြီ။ သူ ပြန်ရောက်ကြောင်း သတင်းကြားတော့ ရွာကလူတွေက တက္ကသိုလ်သွားတက်တာ ဘာများ ထူးခြားပြောင်းလဲလာမလဲ သိချင်မြင်ချင်ကြသဖြင့် မီးအိမ်ကလေးတွေ မီးခွက်ကလေးတွေ ကိုင်ပြီး သူ့အိမ်ကို ဝိုင်းအုံ ရောက်ရှိလာကြသည်။
ခုထိလည်း သူ ရွာကို ပြန်လာလျှင် တွေ့ကြ၊ စကားပြောကြ၊ ရန်ကုန်ကအကြောင်း မေးကြမြန်ကြ ရှိနေတုန်းပင်။ ဒါတင်မကသေး။ ရွာမှာ အငယ်ဆုံး အချောဆုံး ဆိုသည့် မိန်းကလေးပင်လျှင် အိမ်တိုင်ရာရောက် ကြိုက်မကြိုက် လာပြရသည်။ သည်အကြောင်းတွေ ဒေါ်ခင်စိုးမြင့်ကို ပြန်ပြောပြလျှင် သူ့ကို အထင်ပဲ ကြီးမလား၊ ဟားပဲ ဟားချင်မလား မသိ။
ရွာမှာ နေရတာ ဇိမ်ကျတာတော့ အမှန်ပဲ။ အစ်မက အညာစာတွေ တစ်နေ့တစ်မျိုး လုပ်ကျွေးသည်။ ရွာက လူတွေကလည်း စားစရာတွေ လာပို့သူကပို့၊ “ငါတို့အိမ်လည်း ထမင်း လာစားပါဦး” ဟု ဖိတ်သူကဖိတ် တကယ့် ဗီအိုင်ပီပဲ။ တစ်ခါ တစ်ခါကျတော့ ရွာကို ပြန်ပြန်လာတာက အစ်မနဲ့ ရွာကို သတိရလို့မှ ဟုတ်ရဲ့လား၊ ဇိမ်ကျကျ နေချင်လို့များလားဟု တွေးပြီး စိတ်မလှချင်သလို ဖြစ်မိသေးသည်။
စိတ်မလုံစရာ နောက်တစ်ခု ရှိသေးသည်။ ရွာကို ပြန်လာသည့်အခါ မြို့ပြန်လက်ဆောင်လေး အနည်းအကျဉ်းသာ ပါတတ်သည်။ သည်တစ်ခေါက်မှာ ပိုက်ဆံပြတ်နေသဖြင့် အစ်မ ကြိုက်တတ်သည့် ဒူးရင်းယိုတောင် ဈေးကြီးလို့ ဝယ်မလာနိုင်။ ကလေးတွေ ကန်တော့ထားသည့်အထဲက ကိတ်ခြောက် တစ်ထုပ်၊ နံကထိုင် တစ်ထုပ်နှင့် သကြားကပ် ပေါင်မုန့်ခြောက် တစ်ထုပ်သာ ယူလာခဲ့ရသည်။
ရွာမှာ တစ်ပတ်ကျော်ကျော် စရိတ်ငြိမ်း စားရ သောက်ရသဖြင့် အကုန်အကျ သက်သာတာ ရှိသေးသည်။ သူပြန်သည့်အခါ အစ်မတို့က ငွေတစ်ထောင်၊ ထောင့်ငါးရာ ထည့်ပေးလိုက်တတ်သေးသည်။ ခုနောက်ပိုင်း ပဲဈေး နှမ်းဈေး ကောင်းလာသဖြင့် အစ်မတို့မှာ နည်းနည်း ချောင်လည်လာသည်။ သားသမီးလည်း မရှိသဖြင့် သူ့ကိုသာ တတ်နိုင်သလောက် ပေးကမ်းခြင်း ဖြစ်၏။ ရန်ကုန် ပြန်ရောက်လို့ လခနှင့် မလောက်မင ဖြစ်သောအခါ အစ်မတို့ ပေးသည့် ငွေထဲကပင် စိုက်သုံးရသည်။ ထိုငွေကလေးပါ ကုန်သွားသောအခါ ဖြစ်သလို စားသောက် နေထိုင်ရင်း နောက်တစ်ခါ ကျောင်းပိတ်ရက်မှ ရွာကိုပြန်၊ ကောင်းကောင်စား၊ ပြန်တော့ အစ်မ ပေးလိုက်သည့် ငွေကလေး ပါလာ၊ ရန်ကုန်မှာ လုံးလည်ချာလည် ပြန်ဖြစ်ဆိုသော ဖြစ်စဉ်အတိုင်း နေခဲ့ရသည်။
သည်တစ်ခေါက် သူပြန်တော့လည်း အစ်မက ငွေထောင့်နှစ်ရာ ပေးလိုက်သည်။ “ရင်ရင်ရွှေ ကိစ္စကိုလည်း ခေါင်းထဲ ထည့်ထာဦး” ဟု မှာလိုက်သေးသည်။ ရွာက လူတွေကလည် ပဲခြမ်းကြော်၊ မြေပဲဆန်၊ အမဲခြောက် စသည်ဖြင့် လက်ဆောင်တွေ ပေးလိုက်ကြသေးသည်။
အရင်တုန်းက ရွာကနေ ပြန်ထွက်ရပြီ ဆိုလျှင် စိတ်မကောင်းသလိုလို၊ မပြန်ချင်သလိုလို ဖြစ်ရတတ်သည်။ ဇာတိမြေကို ခုံမင်တတ်သော အညာသားစိတ်ကြောင့်လည်း ဖြစ်နိုင်သည်။ ရန်ကုန် ပြန်ရောက်လျှင် ဖြစ်သလိုနေ ဖြစ်သလို စားရမည့်အရေး တွေးပူမိသောကြောင့်လည်း ဖြစ်ချင်ဖြစ်မည်။
သည်တစ်ခေါက်ကတော့ တော်တော် ထူးဆန်းသည်။ ရန်ကုန်ကို ပြန်ချင်သည့်စိတ်က ရွာကို ခုံမင်သည့်စိတ်ထက် ပိုချင်သလိုလို ဖြစ်နေ၏။ ရွာမှထွက်ပြီး သာစည်ဘက်သို့ ကားစီးလာသောအခါ သူ့စိတ်သည် ရွှင်လန်း တက်ကြွနေသည်။ ရန်ကုန်ကို အမြန်ဆုံး ပြန်ရောက်ချင်သောဆန္ဒသည် ပြင်းပြစွာ ဖြစ်ပေါ်လာ၏။
ကျောင်းကို လည်းကောင်း၊ ကျောင်းသား ကျောင်းသူလေးများကို လည်းကောင်း၊ သတိရသောကြောင့် မဟုတ်တာတော့ သေချာသည်။ ကျောင်းအုပ် ဆရာမကြီးကိုလည်း မဟုတ်၊ ဆရာမ ဒေါ်အေးအေးချစ်တို့ကိုလည်း မဟုတ်၊ ဒါဆို တစ်ယောက်ပဲ ကျန်သည်။ ဒေါ်ခင်စိုးမြင့်။
ကိုယ့်ကိုယ်ကို ညာနေလို့လည်း မထူးတော့သဖြင့် ဝန်ခံလိုက်ရသည်။ သူ ဒေါ်ခင်စိုးမြင့်ကို သတိရနေသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် လွမ်းသည်။ ဒေါ်ခင်စိုးမြင့်နှင့် ပြန်တွေ့ ရတော့မည့် အကြောင်းကို စဉ်းစားလိုက်သော အခါ ကြည်လင်လှပသော မျက်နှာလေးတစ်ခုကို အရင်ဆုံး မြင်ယောင်သည်။ ထိုအခါ ခြေဖျား လက်ဖျားတွေက အေးခနဲ ဖြစ်သွားသည်။ ဒါဆို အချက်တစ်ချက်တော့ မှန်သွားပြီ။ ထို့နောက် ခပ်ကြမ်းကြမ်း လှုပ်ကာ မြည်ဟိန်းနေသော ရထားသံကိုတောင် ဖောက်ထွက်၍ ကြားရသော အသံ။ သံပတ်ပေးရသော စားပွဲတင်နာရီတစ်လုံး၏ စက်သံလိုလို၊ သစ်ရွက်ဖားဖားပေါ် ကျသော မိုးစက်မိုးပေါက်သံလိုလို။ တကယ်ကတော့ သူ့ရင်ထဲက ပုံမှန်ထက် စည်းချက် ပိုမြန်နေသော နှလုံးသားလှုပ်သံသာ ဖြစ်၏။
ဒါဆိုလျှင် ကျိန်းသေပြီ။ ဒေါ်ခင်စိုးမြင့်ကို သူ ချစ်နေမိပြီ။ သူ တော်တော် ဝမ်းသာသွား၏။ ဒေါ်ခင်စိုးမြင့်ကို သူ တကယ့်မေတ္တာစစ်နှင့် ချစ်နေမိကြောင်း သိရသောကြောင့် ဖြစ်လေသည်။
ဒေါ်ခင်စိုးမြင့်ကို သူ ဖွင့်ပြောမည်။ ဆရာမ ဆရာမဟု ခေါ်ရတာ သိပ်ခံတွင်းတွေ့စရာ မကောင်းလှ။ ဘယ်လိုခေါ်လျှင် ကောင်းမလဲ။ ဟုတ်ပြီ။ စိုးလေးလို့ ခေါ်ရမည်။ စိုးလေး ... စိုးလေး။ စိုးလေးကို ကိုယ်ချစ်တယ်။
တကယ်တမ်းကျတော့ စိတ်ကူးထဲမှာသာ လွယ်သည်။ လက်တွေ့ ဖွင့်ပြောဖို့ ဆိုတာက ... “ကဲ အားလုံး မတ်တတ်ထ၊ ဆရာကြီးကို ချစ်သလား မချစ်ဘူးလား” ဟု ကလေးတွေကို မေးသလို လွယ်တာမဟုတ်။ ဒေါ်ခင်စိုးမြင့် ကလည်း လက်ပိုက်ပြီး ... “ချစ်ပါတယ် ဆရာကြီး၊ ကျေးဇူးတင်ပါတယ် ဆရာကြီး” ဟု ပြန်အော်ပြောလိမ့်မည် မဟုတ်။
ပြီးတော့ သူသည် တစ်သက်လုံး ဘယ်သူ့ကိုမှ တစ်ခါမှ ရည်းစားစကား ပြောခဲ့ဖူးသူ မဟုတ်။
သည်လိုနှင့် ရထားက ရန်ကုန်နှင့် နီးလာလေ၊ ရောက်ရောက်ချင်း ဖွင့်ပြောလိုက်မဟဲ့ ဆိုသော ဆုံးဖြတ်ချက်က အားလျော့လာလေ၊ နောက်ဆုံး ရန်ကုန်ဘူတာကြီးသို့ ရထားဆိုက်ပြီး ကျွီခနဲ ရပ်လိုက်သည့်အချိန်မတော့ ယဲ့ယဲ့သာ ကျန်လေတော့သည်။
* * *
ဒေါ်ခင်စိုးမြင့်ကို ပေးဖို့ လက်ဆောင်တွေ ပါလာသည်။ သို့ရာတွင် တစ်ယောက်တည်းကို ကွက်ပြီးပေးလျှင် ပြောစရာ ဖြစ်မည်ဟု သတိရသည်။ အားလုံးကို ခွဲပေးလို့လည်း မဖြစ်။ ကိုယ့်အတွက်လည်း အရန်ရိက္ခာ အဖြစ် ဖယ်ထားရဦးမည်။ သည်ရက်ပိုင်းမှာ ပဲကြမ်းကြော်သုပ် တစ်လှည့်၊ ပဲရေပွ တစ်လှည့်၊ အမဲခြောက်ဖုတ် တစ်လှည့် ခုခုပြီး စားမှ လခနှင့် လောက်မည်။ အစ်မ ပေးလိုက်သည့် ငွေက နောက်ပိုင်း ရိက္ခာရော ငွေရော ပြတ်သွားသောအခါ ထုတ်သုံးဖို့ ဖယ်ထားရမည်။
ဆရာမကြီးကိုတော့ တစ်ခုခု ပေးသင့်သည်။ ထို့ကြောင့် ပဲကြမ်းကြော် နည်းနည်း၊ မြေပဲဆန် နည်းနည်းနှင့် အမဲခြောက် သုံးလေးမြှောင်း ထည့်ပြီး ပေးလိုက်သည်။
တခြားဆရာမတွေအတွက်တော့ မြေပဲကြော်နှင့် အမဲခြောက် ဆီဆမ်း ယူသွားသည်။ မုန့်စားဆင်းချိန် ဆရာမတွေ စုပြီး စားသောက်နေကြတုန်း “ဆရာမတို့ အတွက်” ဆိုပြီး အလယ်မှာ ချပေးလိုက်သည်။ ဆရာမတွေ ဝိုင်းထဲမှာ ဒေါ်ခင်စိုးမြင့်ကို မတွေ့ရ။ ဆရာမ တစ်ယောက်က ... “ခင်စိုးမြင့်တော့ စားရမှာ မဟုတ်တော့ဘူး၊ ဒီနေ့ မုန့်စားဆင်းချိန် ဂျူတီလေ” ဟု ပြောသည်။ သူက “ရှိတဲ့လူပဲပေါ့”ဟု ပြောပြီး ပြန်လှည့် ထွက်လာခဲ့သည်။ တစ်ယောက်ယောက်က တစ်စုံတစ်ခု ပြောလိုက်သံ မသဲမကွဲ ကြားရသည်။ ခပ်အုပ်အုပ် ရယ်သံကိုလည်း ကြားလိုက်၏။
* * *
မနက်က ကျောင်း နောက်ကျသဖြင့် အတန်းထဲ ခပ်သုတ်သုတ် အဝင်မှာ ဒေါ်ခင်စိုးမြင့်ကို ပြုံးရုံသာ ပြုံးပြီး နှုတ်ဆက်ခဲ့ရသည်။ မုန့်စားဆင်းချိန်မှာလည်း ကလေးတွေ စောင့်ဖို့ တာဝန်ကျနေသဖြင့် အေးအေးဆေးဆေး မဆုံရ။ စာသင်နေချိန်အတွင်းမှာ ဒေါ်ခင်စိုးမြင့်တို့ အခန်းဘက်သို့ တစ်ချက် တစ်ချက် လှမ်းကြည့်မိသည်။ သူ့စိတ်ထဲမှာ မတွေ့ရတာ အတော်ကြာပြီ ထင်နေ၏။ တကယ်တော့ ဆယ်ရက်သာ ရှိသေးသည်။ သည်ရက် အတွင်းမှာလည်း နည်းနည်း ပြည့်လာသည်။ ပိုကြည့်ကောင်းလာသည်ဟုလည်း ထင်မိ၏။
ကျောင်းဆင်းခေါင်းလောင်းထိုးတော့ ကလေးတွေအားလုံး ထွက်အောင် စောင့်သည်။ ဒေါ်ခင်စိုးမြင့်က ပစ္စည်းတွေသိမ်းနေတုန်း သူ ရောက်သွားသည်။ သူ့ကိုမြင်တော့ “ဪ” ဆိုပြီး ပြုံးပြသည်။
“ဆရာ နည်းနည်း ဝလာသလိုပဲ” ဟု ထီးနှင့် စာအုပ်များကို ခြင်းတောင်းထဲ ထည့်ရင်း ပြောသည်။
“ဟုတ်မှာပေါ့ ဆရာမ၊ ဟိုမှာ ကောင်းကောင်းအိပ်၊ ကောင်းကောင်းစားခဲ့ရတာကိုး”
“ကိုယ့်အရပ်ကိုယ် ပြန်ရတာ ဆိုတော့ တော်တော်ပျော်မှာပေါ့”
“ပျော်တယ်ရယ်တော့ မဟုတ်ပါဘူး၊ တာဝန်ဝတ္တရားတွေ မေ့ထားလို့ရတဲ့ အချိန်ဆိုတော့ အနားယူတဲ့သဘော ဖြစ်နေတာပေါ့လေ”
ဆရာမကိုတော့ မမေ့ပါဘူး၊ အမြဲ သတိရနေပါတယ်ဟု စိတ်ထဲကသာ ဆက်ပြောဖြစ်သည်။
“ဪ ... ဒီမှာ ဆရာမအတွက် အညာပြန် လက်ဆောင်”
“ဘာတွေလဲ ဆရာရဲ့”
“သနပ်ခါးတွေပါ” ဟုပြောပြီး ကြွပ်ကြွပ်အိတ်ကို စားပွဲပေါ် တင်ပေးလိုက်သည်။
“အားနာစရာကြီး ဆရာရယ်၊ သယ်လာရတာ အလေးကြီး နေမှာ”
“သိပ်မလေးပါဘူး၊ တခြားပစ္စည်းလည်း များများ ပါတာမှ မဟုတ်ဘဲ၊ မုန့်စားဆင်းချိန်ကတောင် ဆရာမတွေကို မြေပဲကြော်နဲ့ အမဲခြောက်ဖုတ် ကျွေးလိုက်သေးတယ်”
“ဟုတ်တယ်၊ ကျွန်မက ဂျူတီ ရှိနေလို့”
“ဆရာမ မစားလိုက်ရဘူးပေါ့”
"(?) " ဟုပြောပြီး သနပ်ခါးတုံး ထည့်သည့်အိတ်ကို ခြင်းတောင်းထဲ ထည့်ပြီး ... “ကျေးဇူးတင်ပါတယ်” ဟု ပြောသည်။
“ဆရာမ”
ဒေါ်ခင်စိုးမြင့်က မော့ကြည့်သည်။
“ဟိုလေ သနပ်ခါးတုံး လက်ဆောင်ပေးတာကို တခြားဆရာမတွေကို ပြောမပြပါနဲ့နော်၊ ကျွန်တော်က ဆရာမတစ်ယောက်တည်းအတွက်ပဲ ယူလာခဲ့မိလို့ပါ” ဟုပြောပြီး ထွက်လာခဲ့သည်။ ဒေါ်ခင်စိုးမြင့် ကတော့ အမျိုးမျိုး စဉ်းစားရင်း ကျန်ခဲ့လိမ့်မည်။ တကယ်တော့ သိပ်ထွေထွေထူးထူး စဉ်းစားစရာမလို။ ဘယ်လိုလမ်းမျိုး ခင်းနေပြီဆိုတာ အသိသာကြီး။ တရားဝင် နှုတ်က ဖွင့်ပြောဖို့သာ လိုတော့သည်။ ဘာလဲ ဆိုတာထက် ဘယ်တော့လဲ ဆိုတာသာ ပဓာနအချက် ဖြစ်နေပြီ။
* * *
ကျောင်းကို စောစောရောက်အောင် သွားသည်။ လက်မှတ်ထိုးပြီး သူ့အတန်းရှိရာကို သွားတော့ တစ်ဖက် အတန်းရှေ့က စားပွဲမှာ ဒေါ်ခင်စိုးမြင့် ရောက်နှင့်နေတာ တွေ့ရသည်။ သူက ဒေါ်ခင်စိုးမြင့်ဆီ တန်းလျှောက် သွားသည်။
“ဆရာ ဒီနေ့ လာတာ စောတယ်နော်” ဟု ဒေါ်ခင်စိုးမြင့်က နှုတ်ဆက်စကား ပြောသည်။
“ဟုတ်တယ် ဆရာမ၊ ဪ ... ဒါနဲ့ သနပ်ခါးတုံးတွေက ကောင်းရဲ့လား”
“သိပ်ကောင်းတယ် ဆရာ၊ အမေက သနပ်ခါးအကြောင်း ကောင်းကောင်း သိတယ်လေ၊ ဆရာပေးတဲ့ သနပ်ခါးတုံးတွေက ရင်လည်း ရင့်တယ်၊ အပွေးလည်း ထူတယ်တဲ့၊ ဒီမှာ သနပ်ခါး ဝယ်ရတာ မကောင်းဘူးလေ၊ အတု ခဏခဏ မိလာတယ်၊ ကျွန်မက ကိုယ်တိုင် သွေးလိမ်းရမှ ကျေနပ်တာ ဆိုတော့ သနပ်ခါးခဲတွေလည်း ဝယ်မသုံးချင်ဘူး”
“ဒီသနပ်ခါးတုံးတွေကတော့ ကျွန်တော့်သူငယ်ချင်း သနပ်ခါးခင်းက သူကိုယ်တိုင် ဖြတ်ပေးလိုက်တာလေ”
“ဒါကြောင့် ထင်ပါရဲ့ ၊သိပ်မွှေးတာပဲ” ဟုပြောပြီးမှ သနပ်ခါး ဆိုတာ အမွှေးအကြိုင် အလှအပပစ္စည်းဖြစ်ကြောင်း သတိရသွားဟန် တူသည်။ မျက်လွှာချသွား၏။ သိပ်မွှေးတာပဲ ဆိုပြီး နမူနာ မွှေးကြည့်ခိုင်းလို့ ဖြစ်တာလည်း မဟုတ်။ သည်နေ့တောင် ထိုသနပ်ခါးတုံးကို သွေးလိမ်းလာတာလား မသိဟု တွေးမိပြီး ဒေါ်ခင်စိုးမြင့်မျက်နှာကို ဖျတ်ခနဲ ကြည့်မိ၏။ မျက်နှာမှာတော့ သနပ်ခါးအခံလိမ်းပြီး ခရင်ပတ် တို့လာသလား မသိ။ ခပ်ဖုန်ဖုန်ပဲ။ အင်္ကျီလက်ရှည် ဝတ်ထားသောကြောင့် လက်အဖျားများကိုသာ မြင်ရသည်။ ခပ်ပါးပါးလိမ်းထားသော သနပ်ခါးစများကို မြင်ရသည်။ ပြီးတော့ ခြေထောက်တွေ၊ ခြေဖမိုးပေါ်မှာ သနပ်ခါးဖွေးဖွေးကို မြင်ရ၏။
မျက်နှာကိုတော့ နောက်တစ်ကြိမ် ပြန်မကြည့်ရဲတော့။ ထို့ကြောင့် “ကျောင်းတက်တော့မယ် ထင်တယ်” ဟု ပြောပြီး လှည့်ထွက်လာခဲ့သည်။
ထိုအခိုက်မှာပင် လေပြည်တစ်ချက် ဝှေ့ဝင်လာဟန် တူသည်။ သနပ်ခါးနံ့က ဝှေ့ခနဲ လှိုက်လာ၏။ သည်သနပ်ခါးတုံးတွေ မကုန်ခင် မြန်မြန် ဖွင့်ပြောရင် ကောင်းမယ် ထင်တယ်ဟု စိတ်ကူးပေါက်လိုက်မိပြန်၏။
ထိုစိတ်ကူးလေးမှာ ကြာကြာယဉ်ခွင့် မရလိုက်။ အတန်းထဲမှာ ပြဿနာတစ်ခု ပေါ်လာပြန်သောကြောင့်ပင် ဖြစ်၏။
ကျောင်းတက် ခေါင်းလောင်းထိုးပြီး ကျောင်းသားတွေ စုပြီးသောအချိန်တွင် ဒေဝီနိုင် အတန်းရှေ့ကို ထွက်လာပြီး သူ့ရှေ့မှာ ရပ်သည်။
“ဘာလဲ ဒေဝီနိုင်”
ဒေဝီနိုင်က ဘာမှ မပြောသေးဘဲ သူ့ကို ငေးကြည့်ရင်းက မျက်ရည်ဝဲလာသည်။
“ကဲ ... ဘာဖြစ်တာလဲ ပြောလေ၊ ဆရာကြီးကို ပြော”
“သမီး ... သမီးရဲ့ ဆွဲကြိုး ပျောက်သွားလို့”
“ဘာ ... ဆွဲကြိုး ... ဘာဖြစ်လို့ ဆွဲကြိုး ဆွဲလာရသလဲ”
ဒေဝီနိုင် မျက်ရည် ပေါက်ခနဲ ကျလာသည်။ ကျောင်းကို ရွှေငွေလက်ဝတ်ရတနာ ဝတ်မလာရ။ ဝတ်လာ၍ ပျောက်ဆုံးလျှင် တာဝန်မယူနိုင်ကြောင်း ကြေညာထားပြီး ဖြစ်၏။ မိဘတွေကို အသိပေးထားပြီးလည်း ဖြစ်၏။ သည်ကြားထဲက ဝတ်ဖြစ်အောင် ဝတ်လာသေးသည်။ သို့ရာတွင် လောလောဆယ် သည်အတွက် အပြစ်တင်နေလို့ မဖြစ်တော့။ ကလေးက ငိုနေပြီ။
“နေပါဦး ဆွဲကြိုးက ဆွဲထားရက်နဲ့ ဘယ်လို ပျောက်ရတာလဲ”
ဒေဝီနိုင်က ရှိုက်နေရသဖြင့် ရုတ်တရက် စကား မပြန်နိုင်။ ပြီးမှ ...“ကျောင်း မတက်ခင်တုန်းက သမီးတို့ ဆင်ဝင်အောက်မှာ ရေလား ကုန်းလား ကစားကြတယ်၊ ကျောင်းတက် ခေါင်းလောင်းထိုးသံကြားလို့ အတန်းထဲ ဝင်မယ်လုပ်တော့ ဆွဲကြိုး မရှိတော့ဘူး”
“အင်း ... ကစားရင်းနဲ့ ဆွဲရင်းလွဲရင်း ပြတ်ကျတာ ဖြစ်မယ်။ အဲဒီနားမှာ ရှာကြည့်သေးလား”
“ရှာတယ် ဆရာကြီး၊ အားလုံး ဝိုင်းရှာတာပဲ မတွေ့ဘူး”
“ကြွက်တွင်းတွေ ဘာတွေထဲမှာ ကျသလား”
“ကြွက်တွင်းလည်း မရှိပါဘူး”
တစ်ယောက်ယောက် ကောက်ရသွားတာ ဖြစ်နိုင်သည်ဟု တွေးမိ၏။ ဘာပဲဖြစ်ဖြစ် ရှာရတော့မည်။
“ကဲ ... အားလုံး ခုံပေါ်တက် မတ်တတ်ရပ်၊ လက်ပိုက်ထားကြ”
ပြောပြီး တစ်ဖက်အတန်းကို လှည့်ကြည့်သည်။ ဒေါ်ခင်စိုးမြင့်က အခြေအနေကို အကဲခတ်နေတာ တွေ့၏။ သူက ဒေါ်ခင်စိုးမြင့်ဘက် လျှောက်သွားပြီး အခြေအနေကို ပြောပြသည်။
“အဲဒါ တခြားအတန်းက ဆရာမတွေလည်း ပြောပေးပါ။ ဆရာမကြီးဆီလည်း သတင်းပို့ပေးပါ၊ ကျွန်တော့်အတန်းကို ရှာလိုက်ဦးမယ်”
ဒေါ်ခင်စိုးမြင့်က ခေါင်းညိတ်သည်။ သူ့ အတန်းဘက် ပြန်လှည့်လိုက်၏။ ကောက်ရထားသူ ရှိခဲ့လျှင် မရှာခင် ပြန်ပေးနိုင်ဖို့ အခွင့်အရေး ပေးရမည်။ ကလေးဆိုတော့ ကောက်ရပစ္စည်း ပြန်ပေးဖို့ မှာထား သင်ထားသော်လည်း ပစ္စည်းက လှနေလျှင် လိုချင်စိတ်ကလေး ဖြစ်လာနိုင်သည်။ ပြန်ပေးရ ကောင်းမလား၊ ယူလိုက်ရ ကောင်းမလား၊ ဝေခွဲမရ ဖြစ်ချင် ဖြစ်နေမည်။ ထို့ကြောင့် ... “ကဲ ... သားတို့ သမီးတို့ထဲက ဒီနေ့ ကျောင်းမတက်ခင် ပစ္စည်းတွေ ဘာတွေ ကောက်ရတဲ့လူ ရှိလား”
ဘာမှ ပြန်မပြောကြ။ သူက ခဏ စောင့်ကြည့်နေလိုက်ပြီးမှ ထပ်မေးသည်။
“ရှိသလား”
“မရှိပါဘူး”
သူ့ မျက်လုံးများသည် ဂေါ်လစ်ဆီသို့ အမှတ်မထင် ရောက်သွားသည်။ မရှိပါဘူးဟု အော်ကြရာတွင် ဂေါ်လစ်သည် မဆိုစလောက်ကလေး နောက်ကျနေသည်ဟု သူ ထင်သည်။ ခဏအကြာတွင် တစ်ဖက်အတန်းမှလည်း ဒေါ်ခင်စိုးမြင့်၏ မေးသံနှင့် မရှိပါဘူးဟု ဖြေသံများ ကြားရသည်။ တခြားအတန်းတွေက အသံတွေပါ ရှေ့ဆင့် နောက်ဆင့် ကြားရသည်။ နောက်တော့ ဆရာမကြီး ရောက်လာသည်။ ဒေဝီနိုင်ကို ဖြစ်ပုံ အရင်မေးသည်။ ကျောင်းသားတွေကို စောစောကအတိုင်း မေးသည်။ မထူးခြား။
“ကဲ ... ဆရာရေ၊ တစ်ယောက်ချင်း လွယ်အိတ်တွေ ရှာဖို့ပဲ ရှိတော့တယ်”
“နောက်ဆုံးတန်းက စရှာရင် ကောင်းမယ် ဆရာမကြီး”
သူက ပြောပြောဆိုဆို နောက်ဆုံးတန်းကို လျှောက်သွားသည်။ အတန်း၏နောက်ဆုံး လက်ဝဲခြမ်းမှာ ဂေါ်လစ်တို့ထိုင်သော နေရာ။ အစွန်ဆုံး ကျောင်းသား၏လွယ်အိတ်ကို စရှာသည်။ ဘာမှမတွေ့။ ဂေါ်လစ်၏လွယ်အိတ်ကို ရှာသည်။ အနားတွေ တွန့်လိပ်နေသော ဖတ်စာအုပ်များ၊ အညံ့စား ဗလာစာအုပ်များ၊ လက်နှစ်ဆစ်ခန့်ရှိ ခဲတံတစ်ချောင်း၊ ဂျင်နှင့် ဂျင်ကြိုး၊ ဘလိပ်ဓား အကျိုးတစ်ခု၊ ဒါပဲ တွေ့သည်။
တခြား ကျောင်းသား ကျောင်းသူများ၏လွယ်အိတ်ထဲမှာလည်း ကလေးတွေ ထည့်လာလေ့ရှိသည့် ပလတ်စတစ်ရုပ် အသေးအဖွဲကလေးတွေ၊ သားရေကွင်း၊ ပိုစကတ်အဟောင်း၊ ပင်ပေါင်ဘောလုံး စသည်တို့သာ တွေ့ရ၏။ တခြားအတန်းတွေကလည်း မတွေ့ကြောင်း သတင်းလာပို့ကြသည်။
ဒေဝီနိုင်ကတော့ ငိုနေပြီ။ ဆရာမကြီးက ကလေး ကျေနပ်အောင် ပျောက်သွားသည် ဆိုသော နေရာကို ခေါ်သွားပြီး ထပ်ရှာသည်။ မတွေ့။ သည်လိုကိစ္စမျိုးမှာ စည်းကမ်းကို မလိုက်နာရကောင်းလားဟု ကလေးကို ဖိပြီး ဆူနေလို့ ဘာမျှ မထူးနိုင်။ ထို့ကြောင့် ဒေဝီနိုင်ကို ချော့မော့ပြီး အတန်းထဲ ပြန်ပို့ရသည်။
ရွှေငွေပစ္စည်း ယူမလာဖို့ ကြိုတင် သတိပေးထားပြီး ဖြစ်၍ ခုကိစ္စမှာ ကျောင်းအနေနှင့် ဘာမှ တာဝန်မရှိ။ သို့တိုင်အောင် ဒေဝီနိုင်၏မိဘတွေက ရဲစခန်း တိုင်တာတို့ ဘာတို့ လုပ်ချင်လုပ်မည်။ ထိုအခါ ရဲစခန်းကလည်း တာဝန်အရ စစ်ဆေးမေးမြန်းမှုတွေ လုပ်ရမည်။ ကိုယ်နှင့်မဆိုင်သော်လည်း အလုပ်တွေ ရှုပ်ဦးမည်။ ကျောင်းအတွက်လည်း မကောင်း။ အရပ်ထဲက လူတွေက အမျိုးမျိုး မှတ်ချက်ချကြဦးမည်။
သူ့စိတ်ထဲမှာ ကသိကအောက် ဖြစ်နေသည်။ သည်ကိစ္စနှင့် ပတ်သက်ပြီး တစ်ခုခု သိထားသလိုလို ထင်နေ၏။ ဘာလဲဆိုတာ စဉ်းစားလို့ မရ။ ဝတ္တရားအတိုင်း စာသင်နေရသော်လည်း စိတ်က မရှင်းဘဲ ဖြစ်နေ၏။
မုန့်စားဆင်း ခေါင်းလောင်းထိုးပြီး ကျောင်းသားတွေ ပြေးထွက်သွားကြသော အချိန်ကျမှ တစ်စုံတစ်ခုကို ဖျတ်ခနဲ သတိရလိုက်သည်။ မနက်က ကျောင်းဝင်းထဲ ဝင်အလာတွင် တစ်ဖက်မှလာသော ကျောင်းသား တစ်ယောက်က သူ့ကို ဝင်တိုးမိမလို ဖြစ်သွားသည်။ ဂေါ်လစ် ဖြစ်၏။
“ဟကောင် ဘယ်လို ဖြစ်လာတာတုံး”
“ကန်တော့ ဆရာကြီး” ဟု ပြောပြောဆိုဆို လှစ်ခနဲ ပြေးထွက်သွားသည်။ ထိုအချက်သည် စဉ်းစားစရာ ဖြစ်၏။ ဂေါ်လစ်သည် ဆရာတစ်ယောက်လုံး လာနေသည်ကို မမြင်ဘဲ ဝင်တိုးလုလု ဖြစ်ရအောင် ဘာကြောင့် ရေးကြီးသုတ်ပျာ ပြေးလာရသနည်း။ ကျောင်းဝင်းထဲ ရောက်ပြီးမှ ဘာကြောင့် ကျောင်းပြင်သို့ ပြန်ပြေးထွက်ရသနည်း။ ပြီးတော့ ဂေါ်လစ်သည် ခပ်ရှုပ်ရှုပ်လုပ်တတ်ခဲ့သော သာဓကတွေလည်း ရှိသေးသည်။
သူ မုန့်စားတန်းဘက်သို့ ထွက်ခဲ့၏။ မုန့်ဆိုင်တွေဆီ ခပ်လှမ်းလှမ်းမှ ကြည့်သည်။ ဝိုင်းအုံဝယ်ယူ စားသောက်နေကြသော ကလေးတွေကြားမှာ ရှာသည်။ ကြာဆံသုပ်သည်ကြီးဆိုင်ရှေ့မှာ ဂေါ်လစ်ကို တွေရသည်။ သူက ကျောဘက်မှ ပတ်ပြီး မနီးမဝေးမှ အကဲခတ်သည်။ ဂေါ်လစ်သည် ကြာဆံသုပ်ပန်းကန်ကို လှမ်းယူပြီး ဆယ့်ငါးကျပ်တန်တစ်ရွက် ပေးလိုက်သည်။ ပြန်အမ်းငွေကို ယူပြီး အိတ်ထဲ ထည့်သည်။ ကြာဆံသုပ်ကို ပလုတ်ပလောင်း စားသည်။ ခဏချင်း ကုန်သွားသည်။ ကြာဆံသုပ်ဆိုင်မှ ထွက်ပြီးနောက် မုန့်မျိုးစုံဆိုင် ဝင်သည်။ ဆီးထုပ်တစ်ထုပ်နှင့် နေကြာစေ့တစ်ထုပ် ဝယ်သည်။ ဂေါ်လစ်၏ပုံစံမှာ ပုံမှန်ဝယ်စားနေကျ ဟန်ပန်နှင့် မတူ။ ရုတ်တရက် ငွေအစုအပုံလိုက် ရသော လူတစ်ယောက် ဟိုဟာ ဝယ်ရကောင်းနိုး၊ သည်ဟာလည်း ဝယ်ချင် ဆိုသည့်ပုံမျိုး ဖြစ်နေ၏။
ဖြစ်နိုင်ချေတော့ တော်တော်များနေပြီ။ ထို့ကြောင့် လာရာလမ်းကနေ ဆီးပြီး စောင့်နေလိုက်၏။ ဂေါ်လစ်သည် ဆီးထုပ်ကို ပါးစပ်နှင့် ကိုက်ဖောက်၍ မြိန်ရေရှက်ရေ စားရင်း လျှောက်လာနေသည်။ သူ့ကိုမြင်တော့ ခြေလှမ်းတစ်ချက် တုံ့သွားပြီးမှ ... “ဆရာကြီး စားပါဦး” ဟု ပြောသည်။
သူက ... “ဂေါ်လစ်၊ မုန့်တွေက များလှချည်လားကွ၊ မင်းအိမ်က မုန့်ဖိုး ဘယ်လောက်တောင် ပေးလိုက်လို့လဲ”
ဂေါ်လစ် ခဏ စဉ်းစားပြီး ... “ဟိုဒင်း ... ငါးကျပ် ဆရာကြီး”
ဂေါ်လစ် ညာနေပြီ။ ထို့ကြောင့် ... “ကဲ ... ဂေါ်လစ် မှန်မှန်ပြောစမ်း၊ မင်မှာ ပိုက်ဆံ ငါးကျပ်ထက်မက ရှိတယ်၊ အဲဒါ ဘယ်က ရသလဲ”
ဂေါ်လစ် ဖြုံသွားသည်။
“ကျွန်တော် ... ကျွန်တော် ကောက်ရတာပါ”
“ကောက်ရတာ၊ ဘာ ကောက်ရတာလဲ ပိုက်ဆံလား၊ တခြားပစ္စည်း တစ်ခုခုလား”
ချောင်ပိတ်မိနေပြီ ဖြစ်ကြောင်း ဂေါ်လစ် သိသွား၏။ ထို့ကြောင့် ဝန်ခံသည်။
“ဆွဲကြိုးပါ ဆရာကြီး”
“အခု အဲဒီဆွဲကြိုး ဘယ်မှာလဲ”
“ကျွန်တော် ... ကျွန်တော် ရောင်းလိုက်ပြီ”
“ဘာ .... ရောင်းလိုက်ပြီ”
ကျောင်းမတက်ခင် ဂေါ်လစ် ရေးကြီးသုတ်ပျာ ပြေးထွက်သွားတာကို ဖြုတ်ခနဲ သတိရသည်။
“မင်း ဘယ်မှာ ရောင်းလိုက်သလဲ”
ဂေါ်လစ် ခဏ ဆုတ်ဆိုင်းဆိုင်း လုပ်နေပြီး “ဟင်” ဟု ထပ်မေးမှ ...
“လမ်းထိပ်နားက ပုလင်းဆိုင်မှာ”
“ကဲ ... လာ ... မင်း ငါ့ကို လိုက်ပြ”
ဂေါ်လစ် လက်ကိုဆွဲပြီး ခေါ်သည်။ ဂေါ်လစ်က တစ်ချက် တွန့်ခနဲ ဖြစ်ပြီးမှ ငြင်းလို့မရမှန်း သိပြီး လိုက်လာသည်။ လမ်းမှာ ထပ်မေးကြည့်၏။
“ဆွဲကြိုးကို မင်း ဘယ်လောက်နဲ့ ရောင်းလိုက်တာလဲ”
“နှစ်ဆယ်”
“ဘာ ... နှစ်ဆယ်”
ကလေးမို့ နှပ်ချပြီး ဝယ်လိုက်ဟန် တူသည်။ ပြဿနာကတော့ သိပ်မလွယ်လှဟု ခန့်မှန်းရသည်။ ဂေါ်လစ်က ဆက်ပြောသည်။
“သူ့ ဆွဲကြိုးက အစစ်မှ မဟုတ်ဘဲ၊ အင်ကြီးပါ”
“ဘယ်လိုကွ”
“ဟုတ်တယ် ဆရာကြီး၊ ဈေးထဲမှာ ငါးဆယ်နဲ့ ရောင်းတဲ့ ရွှေအတု ဆွဲကြိုးကြီးပါ။ ဒါကြောင့် နှစ်ဆယ်ပဲ ရတာပေါ့”
ဂေါ်လစ် လိုက်ပြသည့် ဆိုင်သို့ ရောက်လာသည်။ သတင်းစာ စက္ကူတို့၊ ပုလင်းတို့ တစ်ဆင့် ပြန်ဝယ်သည့်ဆိုင်။ ရှေ့မှာ ဂေါ်လစ်တို့လို လူမျိုး ကုလားမတစ်ယောက် ထိုင်ပြီး ပုလင်းအမျိုးအစားတွေ ခွဲခြားရွေးချယ်နေသည်။ သူတို့ကို မြင်တော့ အလုပ်ကိစ္စ ထင်၍ မေးမည် ပြုပြီးမှ ဂေါ်လစ်ကို တွေ့သွားသည်။ ကျောင်းဆရာ အဝတ်အစား ဝတ်ဆင်ထားသော သူ့ကို တစ်ချက်ကြည့်သည်။
“အစ်မကြီး ကျွန်တော် တစ်ခုမေးချင်လို့၊ ဒီကလေးက အစ်မကြီးဆီမှာ ဆွဲကြိုးတစ်ကုံး လာရောင်းတယ်ဆို”
“ဟာ ... မဟုတ်ပါဘူး၊ ဒီကောင်လေး ရှုပ်ရှုပ်ယှက်ယှက် လုပ်တာ” ဟု ငြင်းသည်။
ထိုစဉ်တွင် ကလေးမလေး တစ်ယောက် ထွက်လာသည်။ သူ့လည်ပင်းမှာ ဆွဲကြိုတစ်ကုံး။
“ဒီ မသာမလေးက” ဟု ရေရွတ်ပြီးမှ စကားမဆက်ဘဲ နေလိုက်၏။
“ဂေါ်လစ် မင်း ရောင်းခဲ့တာ အဲဒီ ဆွဲကြိုးလား”
ဂေါ်လစ်က ခေါင်းညိတ်ပြသည်။
“ကဲ ... အစ်မကြီး ဒီဆွဲကြိုးက ကျောင်းသူလေးတစ်ယောက်ရဲ့ ဆွဲကြိုးပါ၊ သူက ကောက်ရပြီး အစ်မကြီးဆီ လာရောင်းတာ”
“အဲ ... ဟုတ် ... ကျွန်မ သမီးလေးက အတင်းလိုချင်တယ် ပူဆာလို့ပါ”
“ကဲပါလေ ... အဲဒီ ဆွဲကြိုးကို နှစ်ဆယ်နဲ့ ရောင်းခဲ့တယ်လို့ ပြောတယ်။ အခု ကျွန်တော် နှစ်ဆယ်နဲ့ပဲ ပြန်ဝယ်ပါ့မယ်၊ ကဲ ... ဂေါ်လစ် မင်းအိတ်ထဲက ပိုက်ဆံတွေ ထုတ်”
“ကျွန်တော့်မှာ ဆယ့်လေးကျပ်ပဲ ကျန်တော့တယ် ဆရာကြီး”
“အေးပါ၊ အဲဒါပဲ ထုတ်”
ဂေါ်လစ်က ဆယ်တန် တစ်ရွက်နှင့် ကျပ်တန် လေးရွက် ထုတ်ပေးသည်။ သူက ခြောက်ကျပ် စိုက်ပြီး မိန်းမကြီးကို ပေးလိုက်၏။ မိန်းမကြီးက သူ့သမီး လည်ပင်းမှ ဆွဲကြိုးကို ဖြုတ်သည်။ ကလေးက အဖြုတ်မခံဘဲ အော်ငိုသည်။
မိန်းမကြီးက “တောက် ... ငါ လုပ်လိုက်မှ၊ ဟိုမှာ နင့်အမေလင်က လာတောင်းနေတာ မတွေ့ဘူးလား”
သူ့မျက်နှာ ရှိန်းခနဲ ဖြစ်သွား၏။ မိန်းမကြီးက ရှက်ရမ်းရမ်းပြီး ကလေးကို ရိုက်မောင်းပုတ်မောင်း လုပ်ချင်သေးသည်။
သူက “ကလေးနဲ့ မဆိုင်ပါဘူးဗျ၊ မလုပ်ပါနဲ့” ဟု မျက်နှာထား တည်တည်နှင့် ဟန့်လိုက်သောကြောင့် မရိုက်ဖြစ်လိုက်။ ထိုအခါ ဂေါ်လစ်ဘက် လှည့်လာပြန်သည်။ ဆွဲကြိုးကို ပြန်ပေးရင်း ... “ဒီကောင်လေးကလည်း မလည်ရှုပ် လုပ်ချင်တယ်၊ ပြောတော့ တစ်မျိုး”
“ကျေးဇူပဲ အစ်မကြီး၊ သွားပါဦးမယ်” ဟု စကား ဖြတ်ပြီး ထွက်လာခဲ့၏။
“ကဲ ... ဂေါ်လစ် ဘယ်လို လုပ်ကြမလဲ” ဟု လမ်းမှာ သူက မေးသည်။
ဂေါ်လစ်က ... “ကျွန်တော် ခိုးတာ မဟုတ်ပါဘူး၊ ကောက်ရလို့”
“အေး ... ဘာပစ္စည်းပဲ ကောက်ရ ကောက်ရ၊ ဆရာကြီးဆီ လာအပ်ရမယ်၊ ပိုင်ရှင်ကို ပြန်ပေးရမယ်လို့ ဆရာကြီး ခဏခဏ မှာထားတယ် မဟုတ်လား”
“ဟုတ်ပါတယ်”
“ကဲ ... ဒီတော့ မင်းမှာ အပြစ်ရှိတယ်”
ဂေါ်လစ် စိုးရိမ်သည့်မျက်နှာ ဖြစ်သွားသည်။ ခုကိစ္စကို အခွင့်ကောင်းယူ၍ ဂေါ်လစ်၏စာရိတ္တကို ပြုပြင်ဖို့ ကြိုးစားရမည်။
“မင်းကို ငါပြောမယ် ဂေါ်လစ်၊ အခုအကြောင်းကို သူများတွေ သိသွားရင် သိပ်ရှက်စရာကောင်းမှာပဲ” ဆိုပြီး ဂေါ်လစ်ကို အကဲခတ်ကြည့်သည်။ ဂေါ်လစ် မျက်နှာငယ်နေကြောင်း တွေ့ရသဖြင့် နည်းနည်း ထပ်ခြောက်လိုက်သည်။
“အခုဥစ္စာက ဆွဲကြိုးအတု ဖြစ်နေလို့နော်၊ ရွှေအစစ်သာ ဆိုရင် မင်းကို ဖမ်းလို့တောင် ရတယ်၊ အေး ... ဒါပေမဲ့ မင်းကို အခွင့်အရေး တစ်ခုပေးမယ်၊ အခုကိစ္စကို ဆရာကြီး ဘယ်သူ့ကိုမှ မပြောဘူး၊ ဆွဲကြိုးကို တစ်နေရာက ပြန်ရှာတွေ့တယ်လို့ ပြောလိုက်မယ်”
ဂေါ်လစ်မျက်နှာ ဝင်းခနဲ ဖြစ်သွားသည်။
“အေး ... ဒါပေမဲ့ မင်း ငါ့ကို ကတိတစ်ခုတော့ ပေးရမယ်။ နောက်ကို ဘာပစ္စည်းပဲ ကောက်ရ ကောက်ရ ယူမထားရဘူး၊ ဆရာကြီးဆီ အပ်ရမယ်၊ နောက်ပြီး သူများပစ္စည်းကို သူများ မသိအောင် မယူရဘူး၊ အဲဒါမျိုးတွေ နောက်တစ်ခါ လုပ်တယ် ဆိုရင်တော့ မင်းကို ငါ မညှာနိုင်ဘူး၊ ဟုတ်ပြီလား”
ဂေါ်လစ် ခေါင်းညိတ်သည်။ သူတို့ ကျောင်းဝင်းထဲ ပြန်ဝင်လာတော့ ကျောင်းတောင် ပြန်တက်နေပြီ။ သူက ဂေါ်လစ်ကို အတန်းထဲ သွားခိုင်းလိုက်ပြီး ဆရာမကြီးရုံးခန်းဆီသို့ လာခဲ့သည်။
ဂေါ်လစ်၏ကိစ္စကို ဆရာမကြီးအား ပြောပြလိုက်သည်။ ဆရာမကြီးကလည်း ဆရာဆောင်ရွက်ပုံ သင့်လျော်ပါတယ်ဟု ပြောသည်။ ခုနောက်ပိုင်းမှာ ကိစ္စအတော်များများကို အသိပေး တိုင်ပင်လေ့ရှိသော သူတစ်ယောက် ကိုလည်း ပြောပြဖြစ်၏။ ဒေါ်ခင်စိုးမြင့်ပင် ဖြစ်သည်။
* * *
ဂေါ်လစ်သည် ကျောင်းဖွင့်ကာစတုန်းက ခြောက်ဆယ် ခုနစ်ဆယ် တန်သော လက်ပတ်နာရီ ပတ်လာနိုင်သည်။ နောက်ပိုင်း လက်ပတ်နာရီ မပတ်နိုင်တော့သည့်အပြင် အဝတ်အစားကလည်း ခပ်စုတ်ချာချာ ဖြစ်လာ၏။ မုန့်ဖိုးကလည်း ပုံမှန်ရပုံ မပေါ်တော့။ သူ့မိဘတွေက စီးပွားရေးအခြေအနေ ကျဆင်းလာခြင်း ဖြစ်မည်။ သို့နှင့် သူ့မိဘတွေအကြောင်း တတ်နိုင်သမျှ စုံစမ်းကြည့်သည်။ စိတ်မကောင်းစရာ အကြောင်းအချက်တွေကို သိရ၏။ ဂေါ်လစ်၏အဖေက အမှုတစ်ခုဖြင့် ထောင်ကျနေသည်။ အမှု ဆိုတာကလည်း ခိုးမှုလိုလို၊ ခါးပိုက်နှိုက်လိုလို မသေချာ၊ မရေရာ။ သူ့အဖေ ရှိစဉ်က ချောင်ချောင်လည်လည် နေနိုင်သည်။ အဖေ ထောင်ကျသွားတော့ သူ့အမေက ကြုံရာကျရာ အလုပ်လုပ်ပြီး ကျွေးမွေးနေရသည်။ ဂေါ်လစ်၏အောက်မှာ ညီမနှစ်ယောက် ရှိသေးသည်ဟု သိရ၏။
ဂေါ်လစ်မှာ သူ့အဖေ၏ ဗီဇသွေး ပါလာသလား။ ဒါမှမဟုတ်၊ အတုမြင် အတတ်သင်ခြင်းပဲလား။ သူများပစ္စည်းကို ခိုးတာ ဝှက်တာ မကောင်းကြောင်း ဂေါ်လစ်ကို ဆုံးမရခြင်းသည် သူတို့မိသားစုကို ချောင်ချောင်လည်လည် ထားနိုင်သော သူ့အဖေ၏အလုပ်အကိုင်ကို စော်ကားသလို ဖြစ်နေသလား။ ဂေါ်လစ်ကကော ဒါမျိုးတွေကို မကောင်းသောအပြုအမူဟု နားဝင် လက်ခံနိုင်ပါ့မလား။
ဘာပဲဖြစ်ဖြစ် ကျောင်းထားဖြစ်အောင် ဆက်ထားနေသေးသော ဂေါ်လစ်အမေ၏ အမြော်အမြင်ရှိမှုကိုတော့ ချီးကျူးရလိမ့်မည်။ သည်လိုဆိုတော့ ဂေါ်လစ်ကို ဝိုင်းဝန်းထိန်းသိမ်း တည့်မတ်ပေးနိုင်ဖို့ အခွင့်အလမ်း ရှိသည်ဟု ဆိုရမည်။
ဂေါ်လစ်မှာ သူ ခြိမ်းခြောက်ထားသောကြောင့်လား၊ ဘာသာပဲ အရှက်တရားလေးနှင့် ထိန်းနေလား မသိ။ ပြဿနာ သိပ်မတွေ့ လာတော့။ သူကလည်း တစ်ပတ် တစ်ခါလောက် မုန့်ဝယ်ကျွေးသည်။ ဆရာမကြီးက အခါအားလျော်စွာ ခဲတံ၊ ပေတံ၊ ဗလာစာအုပ် စသည်ဖြင့် ပေးသည်။ ဒေါ်ခင်စိုးမြင့်က မကြာခဏ ဆိုသလို ... “ဂေါ်လစ်ရေ ... ဆရာမကို နေကြာစေ့တစ်ထုပ် ဝယ်ပေးစမ်းပါ။ မင်းလည်း တစ်ကျပ်ဖိုး ဝယ်စား” ဆိုပြီး နိုင်သလောက် ဝင်ကူသည်။
သည်လိုနှင့် ဂေါ်လစ် အခြေအနေမှာ တိုးတက်လာခဲ့သည်။ ဘာပစ္စည်းပဲ ကောက်ရ ကောက်ရ လာပေးရမည်ဟု သူက ဆိုထားခဲ့သည်။ ဂေါ်လစ်မှာ မျက်စိလည်းလျင် နေရာတကာလည်း ရောက်တတ်သူမို့ မကြာခဏ ပစ္စည်း ကောက်ရတတ်သည်။ ကောက်ရတိုင်းလည်း လာလာအပ်တတ်သည်။ လက်တစ်ဆစ်လောက်သာရှိ၍ သူများ လွှင့်ပစ်ထားသော ခဲတံ၊ လက်သည်းခွံလောက် ရှိသည့် ခဲဖျက် အပိုင်းအစကလေးတွေ၊ နောက်ဆုံး တွယ်ချိတ်တို့ ကလစ်တို့က အစ လာအပ်သဖြင့် ပြုံးရသည့်အကြိမ်ပေါင်း မနည်းတော့။
သို့တိုင်အောင် သူ၏ အကောင်းဘက် ရောက်လာသော စိတ်ဓာတ်ကလေးကို အားပေးချင်သဖြင့် အပ်သမျှပစ္စည်းကို လက်ခံရသည်။ သူ့ကို ချီးကျူးစကား ပြောရသည်။ ဂေါ်လစ်ကလည်း ဒါကို ကြည်နူး သာယာတတ်လေသည်။
အိမ်ပြန်ရောက်တော့ အိမ်ရှင်အဒေါ်ကြီးက စာတစ်စောင်ရောက်သည်ဟု ပြောပြီး ပေးသည်။ စာအိတ်ပေါ်က လက်ရေးကို ကြည်ပြီး ယောက်ဖ ကိုချစ်ဆီကမှန်း သိလိုက်၏။ စာကို ဖောက်ဖတ်သည်။ အိတ်ပေါ်မှာ ကိုချစ်က လိပ်စာရေးပေးခြင်းသာ ဖြစ်၏။ အထဲမှ စာက အစ်မရေးလိုက်ခြင်း ဖြစ်၏။ စာကိုကြည့်ပြီး မျက်လုံးပြူးချင်သွားသည်။
“ရင်ရင်ရွှေနဲ့ ကိစ္စကိုလည်း အစ်မကတော့ မြန်မြန်စီစဉ်လိုက်ချင်တယ်၊ လက်ထပ်ပြီးရင် ရန်ကုန်ကို ရင်ရင်ရွှေကို ခေါ်ချင်လည်း ခေါ်သွား၊ သို့တည်းမဟုတ် မင်းအလုပ်က ထွက်ပြီး မိတ္ထီလာက ကိုချစ် သူငယ်ချင်း ပွဲရုံမှာ အလုပ်ဝင်လုပ်လည်း ရတယ်၊ သူတို့မှာ ယုံကြည်ရမယ့် လူရင်းတစ်ယောက် လိုတယ် ပြောတယ်၊ စရိတ်ငြိမ်း တစ်လ သုံးထောင်လောက် ပေးမတဲ့၊ နောက်ပိုင်း ကိုယ်ကျွမ်းကျင်သွားတော့ ပွဲရုံ ခွဲထောင်ဖို့ အရင်းအနှီးလည်း ထုတ်ပေးပါ့မယ် ဆိုတယ်၊ အေးလေ ... ဒါကတော့ သင့်သလို ကြည့်စီစဉ်ကြတာပေါ့”
သည်အတိုင်းဆိုလျှင် အခြေအနေကတော့ သိပ်မလွယ်လှချေ။ အစ်မကို သူက စကားနည်းရန်စဲသဘောဖြင့် “ရင်ရင်ရွှေက ငယ်ပါသေးတယ်၊ နောက်တော့ ကြည့်လုပ်တာပေါ့” ဆိုပြီး ချော့သိပ်ခဲ့သည်။ အစ်မက တကယ်မှတ်ပြီး သူ့စိတ်ကူးနှင့်သူ လျှောက်လုပ်နေသည်။ ခုကိစ္စကို မျှောထားလို့ မဖြစ်တော့။ ခုတောင် တော်တော် စကားကျွံသွားပြီလား မသိ။ ကျွံလည်း မတတ်နိုင်။ စောစောစီးစီး ဇာတ်လမ်းကို ဖြတ်ပစ်မှ ဖြစ်မည်။ မျက်နှာပူစရာရှိလည်း အစ်မဘာသာ ကြည့်လုပ်ပေတော့။
ရင်ရင်ရွှေကို မယူနိုင်ဘူးဆိုတာလောက်နှင့် အစ်မက လက်ခံမည် မဟုတ်။ ငါ့မောင် ငါဖျောင်းဖျရင် ရမှာပဲဆိုပြီး ဆက်လုပ်ချင် လုပ်မည်။ သည်တော့ တစ်နည်းပဲ ရှိသည်။ ရန်ကုန်မှာ မိန်းမ ရနေပြီလို့ ပြောမလား။ သည်လောက်တော့ ပြောလို့ မဖြစ်သေး။ အစ်မက ယုံရတာ မဟုတ်။ ရန်ကုန် ဆင်းချလာလျှင် ခက်မည်။ ရန်ကုန် ရောက်လာလို့ ပြစရာ မိန်းမ မရှိလျှင် ဟာသ ဇာတ်ကားတွေထဲကလို တစ်ယောက်ယောက်ကို မိန်းမအတု အဖြစ် ငှါးရမလို ဖြစ်နေလိမ့်မည်။ အကောင်းဆုံးကတော့ “ရွာကို ပြန်ရောက်တုန်းက အစ်မ ဆူမှာစိုးလို့ မပြောဖြစ်ခဲ့တာ။ ရန်ကုန်မှာ ကျွန်တော် လက်ထပ်ဖို့ ကတိပေးထားပြီးတဲ့ မိန်းကလေး တစ်ယောက် ရှိတယ်၊ သူက ကျောင်းဆရာမပဲ၊ ရန်ကုန်သူ မဟုတ်ပါဘူး၊ ပဲခူးဘက်ကပါ၊ သိပ်ရိုးသားတယ်၊ ချောလည်း ချောပါတယ်၊ အစ်မမြင်ရင် သဘောကျမှာပါ”
စသည်ဖြင့် စာတစ်စောင် ရေးပြီး အစ်မဆီ ထည့်လိုက်၏။ စာဖတ်ပြီးလျှင် အစ်မတော့ အံ့ပဲ အံ့ဩမလား၊ စိတ်ပဲ ဆိုးနေမလား မသိ။ ခုလို အစ်မကို အသိပေးလိုက်သည့်အတွက် တစ်ဖက်မှ ကိစ္စအေးသွားသလို တစ်ဖက်ကလည်း ပြဿနာတစ်ခု ရှိလာသည်။ စာထဲမှာ ရေးထားသည့် အတိုင်း တကယ်ဖြစ်အောင် လုပ်ဖို့ တာဝန်ရှိလာခြင်းပင် ဖြစ်၏။ ဘာပဲဖြစ်ဖြစ် ဒေါ်ခင်စိုးမြင့်ကို အနှေးနှင့်အမြန် ဖွင့်ပြောရတော့မည်။ သည်လို မပြောမဖြစ်အောင် လုပ်ချင်လို့ပဲ အစ်မဆီကို စာရေးလိုက်မိလေသလား မသိ။ ကိုယ့်ကိုယ်ကို သတ္တိမွေး တွန်းအားပေးချင်နေမှန်း သိသာနေတာတော့ အမှန်ပဲ။
* * *
အမြန်ဆုံး ဖွင့်ပြောမှ ဖြစ်မည်ဆိုသော ဆုံးဖြတ်ချက်သည် စိတ်ကူးအဆင့်မှာပဲ ရှိနေသေးသည်။ သည်ထက် တက်မလာသေး။ မနက်ဖြန် ပြောဖြစ်အောင် ပြောမည်ဟု သိန္နိဋ္ဌာန် ချခဲ့ပြီးမှ နောက်တစ်နေ့လည်း ရောက်ရော ညသိပ်ထားသည့် မိုးပျံပူဖောင်းတစ်လုံးလို အားလျော့နေတတ်တာ အကြိမ်ကြိမ်။ သည်နေ့တော့ ကျိန်းသေပဲဆို အားခဲပြီးမှ ကျောင်းလည်း ရောက်ရော ဆရာမကြီးက အလုပ်ကိစ္စတစ်ခုနှင့် အပြင်ကိုခိုင်းလို့ သွားရတာတို့၊ လူမလစ်လို့ မပြောဖြစ်လိုက်တာတို့နှင့် ကြုံရသည်။ စာနဲ့ရေးပြီး ပြောဖို့ ဆိုတာကလည်း သည်အသက်အရွယ်ရောက်နေသော ကျောင်းဆရာတစ်ယောက်အတွက် မတင့်တယ်ပြန်ချေ။
သည်လိုနှင့် ဒီဇင်ဘာကျောင်းပိတ်ရက်ကို တိုင်ခဲ့သည်။ အစ်မနှင့် လောလောဆယ် ရင်မဆိုင်ချင်သေးသဖြင့် ရွာကို မပြန်ဘဲ နေလိုက်သည်။ အစ်မကလည်း သူရေးလိုက်သော စာကြောင့် စိတ်ဆိုး သွားသလား မသိ။ စာပြန် မရေးဘဲ နေသည်။
ကျောင်းပိတ်ရက်အတွင်းမှာ စာဖတ်လိုက်၊ လက်ဖက်ရည်ဆိုင် ထိုင်လိုက်နှင့်သာ အချိန်ကုန်သည်။ ဒေါ်ခင်စိုးမြင့်တို့အိမ် သွားလည်ရကောင်းမလားဟု စဉ်းစားမိသေးသည်။ သူ့မှာ သည်လောက်သတ္တိမရှိ။
ယောင်ချာချာ လုပ်နေရင်း ကျောင်းဖွင့်ရက် ပြန်ရောက်လာသည်။ ဟိုတစ်ခါတုန်းက ရွာကို ပြန်နေရင်း အဝေးက သတိရတာ။ ခုဟာက ရန်ကုန်မှာ တူတူရှိနေပါလျက် ကိုယ့်သတ္တိနှင့်ကိုယ် မတွေ့ရတာ။ သတိရမိတာချင်းတော့ တူတူပဲဟု ထင်သည်။ ကျောင်းစဖွင့်သည့်နေ့မှာ စိတ်လှုပ်ရှားတက်ကြွစွာ ကျောင်းပြန်တက်ခဲ့ရပြန်သည်။
“ဘယ်လိုလဲ ဆရာ၊ သိပ်အချိန်ဆွဲမနေနဲ့နော်၊ ခင်စိုးမြင့်က ချောတော့ သဘောကျတဲ့လူတွေ များမှာပဲ၊ တော်ကြာ မောပြီး ကျန်ခဲ့မယ်နော်”
ဆရာမ ဒေါ်အေးအေးချစ်က စကားစပ်ပြီး တိုက်တွန်းလာပြန်သည်။ သည်တစ်ခါတော့ အရင်လို အကြောက်အကန် မငြင်းမိဘဲ ပြုံးရုံသာ ပြုံးနေလိုက်မိ၏။
“ဆရာ မပြောရဲရင် ကျွန်မ ပြောပေးရမလား” ဟု ဒေါ်အေးအေးချစ်က နောက်သလိုလို ပြောင်သလိုလို လုပ်ပြီး သွေးတိုးစမ်းသည်။ ဒေါ်အေးအေးချစ်ကိုပဲ အောင်သွယ်ခိုင်းရ ကောင်းမလားဟု တွေးမိသေးသည်။ ဒါကျတော့လည်း သတ္တိနည်းရာ ကျလွန်းသည်ဟု ထင်၏။
ဒေါ်အေးအေးချစ်တို့အနေဖြင့် အတွေ့အကြုံ ရင့်ကျက်သူများပီပီ သူ့မျက်နှာအမူအရာကို အကဲခတ်ကြည့်ပြီး အတွင်းစိတ်ကို ခန့်မှန်းသိရှိသွားနိုင်သည်။ ဒေါ်ခင်စိုးမြင့်ကိုလည်း “ဆရာဦးမြင့်ကြည်က စိုးကို စိတ်ဝင်စားနေပုံ ရတယ်” ဟု ပြောမှာ သေချာသည်။
သည်တော့ ပြောစရာရှိတာ မြန်မြန်ထက်ထက် ဖွင့်ပြောလိုက်ဖို့သာ ရှိတော့သည်။ တစ်ခုပဲ ရှိသည်။ ဒေါ်ခင်စိုးမြင့်ကကော သူ့အပေါ် ဘယ်လိုသဘောထားသလဲ ဆိုတာ ယေဘုယျသဘောပြောရလျှင်တော့ မဖြစ်နိုင်စရာ အကြောင်းမရှိ။ သို့တိုင်အောင် သည်လိုကိစ္စမျိုး ဆိုတာ မသေချာသေးဘဲ အဆုံးစွန် တွေးလျှင် ကိုယ့်ကိုယ်ကို အထင်ကြီးရာ ကျမည်။
သည်လို အခြေအနေမျိုးမှာ အစ်မဆီက စာတစ်စောင် ရောက်လာခဲ့သည်။
မောင်မြင့်ကြည်
အစ်မ စာရေးလိုက်ပါတယ်။ ခရစ္စမတ် ကျောင်းပိတ်ရက်တုန်းက ဘာကြောင့် ရွာကို ပြန်မလာရသတုံး။ အစ်မကတော့ မင်း လာလိမ့်မယ် ကျိန်းသေပဲ ဆိုပြီး မင်းလာမယ့်ရက်ကို မှန်းပြီး ဟင်းတွေ ချက်ထားသေးတယ်။ မင်းအစ်ကိုကလည်း မင်းကို မျှော်နေတာပဲကောကွယ်။ အေးလေ ... မင်း မလာတာပဲ ခပ်ကောင်းကောင်းရယ်။ ဘာကြောင့်ဆိုတော့ ရင်ရင်ရွှေတို့သားအမိကို မျက်နှာပူစရာဖြစ်နေတာကိုး။ အခုတော့ ရင်ရင်ရွှေလည်း အိမ်ထောင်ပြုသွားပါပြီ။ မလှိုင်က ကိုသိန်းဝင်းဆိုတဲ့ လူနဲ့ပဲ။ အဲသည်လူက အသက်တော့ ကြီးပါပြီ။ ဒါပေမဲ့ ကုန်ကား သုံးစင်းလောက် ပိုင်တယ် ဆိုတော့ ကောင်မလေးတို့သားအမိ ချောင်ချောင်လည်လည် ဖြစ်သွားတာပေါ့။
ရန်ကုန်မှာ မင်း လက်ထပ်ဖို့ ရည်စူးထားတဲ့ မိန်းကလေး ရှိနေတယ် ကြားတော့ အစ ပထမတော့ အစ်မလည်း စိတ်ပူမိတယ်။ အစ်မကို ကြိုပြီး အသိပေးဖော် မရရကောင်းလားလို့ စိတ်ဆိုးမိပါသေးတယ်။ နောက်ပြီးကျတော့မှ ရန်ကုန်သူ မဟုတ်ဘူး ဆိုလို့ စိတ်သက်သာရာရသွားတယ်။ မင်းအစ်ကိုကလည်း ကျောင်းဆရာမဆိုရင် တည်တည်ငြိမ်ငြိမ် ဖြစ်မှာပါလို့ ပြောတယ်။
အစ်မတို့သဘောကတော့ လူငယ်ချင်း သဘောမျှပြီး နေကြပြီပဲဟာ၊ သိပ်အချိန်ဆွဲမနေစေချင်ဘူး။ သည်နွေ ကျောင်းပိတ်ရက်ဆိုရင် ဘယ့်နှယ်နေမလဲ စဉ်းစားပါ။ အစ်မတို့ ရန်ကုန်လာပြီး တစ်ဖက် မိဘတွေကို ပြောဆိုပေးဖို့ ကိုလည်း ကြိုကြိုတင်တင် ပြောပါ။ ဒါမှ သည်ကလည်း စီစဉ်စရာရှိတာ စီစဉ်နိုင်အောင်ပေါ့။ မင်းအစ်ကိုကလည်း ကိုယ့်ဘက်က ဂုဏ်မငယ်ရအောင် လက်ထပ်ပွဲကို အတော်အသင့် ခမ်းခမ်းနားနားလေး ဖြစ်အောင် ကြိုးစားပြီး လုပ်ပေးဖို့ ပြောတယ်။
မိန်းကလေးကို အစ်မတို့လည်း မြင်ဖူးထားရအောင် ဓာတ်ပုံတစ်ပုံလောက် ပို့ပေးပါလားကွယ်။
အစ်မတို့က လုပ်ချလိုက်ပြန်ပြီ။ ထုံးစံအတိုင်း အကြောင်းအချက်ကလေး တစ်ခုရတာနဲ့ တစ်ခါတည်း အဆုံးစွန်ထိ စွတ်တင် ချလိုက်တာပဲ။ ဘာပဲဖြစ်ဖြစ် တစ်ခုတော့ ကောင်းသည်။ တစ်ဖက် ပြဿနာတစ်ခု ရှင်းသွားတော့ တစ်ဖက်မှာ အပြတ်ပုံအောလိုက်ဖို့သာ ရှိတော့သည်။
မအောလို့လည်း မဖြစ်တော့။ သည်နွေ ကျောင်းမပိတ်ခင်မှာ ဒေါ်ခင်စိုးမြင့်ကို ဖွင့်ပြောဖြစ်အောင် ပြောရမည်။ အဖြေကိုပါ ရဖို့လိုသည်။ ဒါမှ ကျောင်းပိတ်ရက် ရွာပြန်သည့်အခါ မင်္ဂလာသတင်းကောင်းကို သယ်ဆောင်သွားနိုင်မည်။
သည်တော့ မနက်ဖြန်မှာ ဖွင့်ပြောဖြစ်အောင် ပြောရမည်။ ပစ်ပစ်ခါခါ ငြင်းဆန်ခံရတာမျိုး မဖြစ်ပါစေနှင့်လို့သာ ဆုတောင်းရပေသည်။
ဆက်ရန်
----------------------------------
#မင်းလူ
crd 👉 Open Read
Comments
Post a Comment