လင်္ကာဒီပချစ်သူ၊ အပိုင်း (၁၀)
အခန်း (၇)
အချစ်နှင့် အမုန်း
သည်ချစ်ကြိုးသွယ် ဘယ့်နှယ်ဘန်
ဥာဏ်စေလို့ ဖြေပမယ်လဲ စောပြန်မိယောင်
မယ့်မောင်ကြင်တဲ့ သွင်မညို့ငယ်မှာ
သည်ကိုယ့်ဖြစ်နဲ့
(ညင်းလေကသွေး ပတ်ပျိုး)
လင်္ကာဒီပနန်းတော်သို့ ရောက်သည်အထိ သီတာဒေဝီသည် သတိပြန်မရလာပေ။ နန်းမြို့ရိုးမုခ်ဝတွင် ကြိုဆိုနေသည့် ဘိဘိသနကို အကျိုးအကြောင်းမပြောနိုင်သေးဘဲ ကျွန်ုပ်သည် စက်ရာဆောင်လှေကားရင်းအထိ တစ်ဟုန်ထိုးမောင်းနှင်လာခဲ့သည်။ သီတာဒေဝီကို စက်ရာဆောင်သို့ပွေ့ချီခဲ့ပြီး ကျွန်ုပ်၏သမားတော်ကြီးကို ချက်ချင်းခေါ်ယူကာ သီတာဒေဝီကို သတိပြန်ရအောင်ကုသရန် အမိန့်ပေးလိုက်သည်။
“ဟိမဝန္တာက ခံယူထားတဲ့ နှင်းရည်တွေအားလုံး ကုန်ချင်ကုန်ပစေ၊ သူ့ကို သတိအမြန်ရအောင် ကုစမ်း မုလိန္ဒ၊ ငါမျှော်လင့်ထားတဲ့အချိန်ထက် ကြာသွားရင် မင်းကို ဂမ္ဘီရဲ့ သားရဲတွင်းထဲ ပစ်ချမယ်၊ သွားစမ်း မြန်မြန်”
သမားတော် မုလိန္ဒသည် စက်ရာဆောင်အတွင်းသို့ ဝင်သွားသည်။
“ဟေ့ သားတော် မေဃနာဒရဲ့ ကိုယ်လုပ်တော်အဖြစ်ရွေးချယ်ထားတဲ့ ကညာစစ်စစ်တွေ လာကြစမ်း၊ ဆယ်ယောက် ... ဆယ်ယောက် လာစမ်း၊ သွား နင်တို့မလိုချင်ဘူး၊ ငါ ဂမ္ဘီရဲ့ ရံရွေတော်တွေကို ခေါ်တာမဟုတ်ဘူး၊ ဒီလောက်အရုပ်ဆိုးအကျည်းတန် အသွင်အပြင်တွေကို သတိပြန်လည်လာမယ့် သီတာဒေဝီရှေ့ ငါကထုတ်ပြရမှာလား....သွား၊ နင်တို့မြင်ရင် သီတာဒေဝီ ပြန်ပြီးမေ့မြောသွားလိမ့်မယ်”
ဂမ္ဘီ၏ရံရွေတော်များသည် စစ်စစ် လင်္ကာဒီပတွင် အလှဆုံးဒြာဝိဒိယန်သူများဖြစ်ကြသည်။ သို့သော် ဂမ္ဘီ၏အဆောင်မှလာလျှင် သူတို့၌ သမင်သွေးနံ့များ ကပ်ပါလာကြလိမ့်မည်။
“အေး . . ဟုတ်ပြီ၊ ဆယ်ယောက်၊ လေးယောက်က သီတာဒေဝီအနားမှာနေ၊ သတိပြန်ရလာရင် သူခိုင်းတာ အလိုရှိတာ အကုန်လုပ်ပေး၊ ဟေ့ သူကမခိုင်းစေနဲ့။ နင်တို့ဘာသာ အားလုံးအဆင်သင့်ပြုစု၊ သုံးယောက်က
စက်ရာဆောင်ရဲ့တံခါးဝမှာ စောင့်၊ ကျန်တဲ့သုံးယောက်က အကောင်းဆုံးဝတ်စားတန်ဆာဝတ်ဆင်ပြီး အနားမှာနေကြ၊ နင်တို့ကြောင့် သီတာဒေဝီ အထိတ်တလန့်ဖြစ်ရရင် နင်တို့ကို သားတော်မေဃနာဒဆီ ပြန်မပို့ဘူး၊ ရဲမက်ရင်ပြင်က လှံတံလေ့ကျင့်တဲ့စက်ဝိုင်းတွေမှာ ချိတ်ဆွဲပစ်မယ်၊ နားလည်လား”
“ဟေ့ အဆောင်တော်ဝန် လာစမ်း၊ ဟောဒီလေသာဆောင်မှာ ရွှေခြည်ဖောက်ပဝါတွေနဲ့ ကာလိုက်စမ်း၊ သလွန်ရဲ့နောက်ဘက်မှာ အကောင်းဆုံးဥဒေါင်းတောင်တွေကို ဖြန့်ကြက်ထားလိုက်၊ ပြီးတော့ လေသာဆောင်ရဲ့ မျက်နှာဝမှာ
ပုလဲကြိုးတွေ သွယ်တန်းကျနေပေစေ၊ ပြီးတော့ ဂန္ဓမာလာဥယျာဉ်က သစ်ခွပန်းမှန်သမျှ ဒီကိုယူလာခဲ့၊ ဒါတွေအားလုံး သီတာဒေဝီ သတိပြန်မရမီမှာ ပြီးအောင်လုပ်ထား၊ ကြားရဲ့လား”
သီတာဒေဝီနှင့် ကျွန်ုပ် နှစ်ကြိမ်သာဆုံရပေသည်။ မိထိလာလေးတင်ပွဲနှင့် မှော်ရုံဟေဝန် ကျောက်ဂူစခန်း၊ ဤနှစ်ကြိမ်၏နေရာနှစ်ခုမှ သီတာဒေဝီ နှစ်ခြိုက်သောမြင်ကွင်းများကို ကျွန်ုပ် စုံလင်အောင် ဖန်တီးရပေမည်။
“ငါအမိန့်ပေးထားတဲ့ လူတွေကလွဲပြီး ကျန်တဲ့သူတွေအားလုံး ဒီနေရာက ထွက်သွားကြစမ်း၊ မသက်ဆိုင်တဲ့သူတွေထဲက တစ်စုံတစ်ယောက်ကြောင့် သီတာဒေဝီ အနှောက်အယှက်ဖြစ်သွားရင် အဲဒီလူကို စစ်မြင်းဆယ်ကောင်ကရထားနဲ့ သံချွန်ဘီးတွေနဲ့ ...”
“နောင်တော်ဘုရင်မင်းမြတ်”
ဘိဘိသနသည် စက်ရာဆောင်ဝသို့ ရောက်လာသည်။ ညီတော်၏မျက်နှာမှာ သွေးဆုပ်ဖြူရော်နေသည်။ သူသည် နှုတ်ခမ်းများကို အားယူ၍လှုပ်ရင်း ခြောက်သွေ့သောအသံဖြင့် ဆက်ပြောလေသည်။
“ဦးရီးတော်နဲ့ ဂမ္ဘီတို့ ရောက်လာကြပြီ“
“သြော် ....ဟုတ်ပေသားပဲ”
သတိမရသေးသည့်ချစ်သူကြောင့် ကျွန်ုပ်သည် လင်္ကာဒီပနန်းတော်၌ ပြန်ဆုံကြရမည့် ဦးရီးတော်နှင့်နှမတော်တို့ကို မေ့လျော့သွားမိပေသည်။ ဂမ္ဘီသည် သူ၏အကျဉ်းသားများကို ဖမ်းဆီးလျက် သီတာဒေဝီနှင့်တကွသော ကျွန်ုပ်ကို
တွေ့ဆုံကောင်းချီးပေးရန် ရောက်ရှိလာပေပြီ။
“ဟိုအာရိယန်အကျဉ်းသားတွေကို ထားခဲ့ပြီး ဦးရီးတော်နဲ့ဂမ္ဘီကို လာခဲ့ဖို့ပြောလိုက် ဘိဘိသန”
“သူတို့ ဒီကိုလာတာထက် နောင်တော်ဘုရင်မင်းမြတ်က နန်းတော်ခန်းမဆီ လာရောက်ရင် ပိုကောင်းပါလိမ့်မယ် နောင်တော်”
ညီတော်ဘိဘိသနသည် ထိမျှလောက်သောစကားကို ပြောပြီးနောက် အားအင်ကုန်ခမ်းသွားသကဲ့သို့ နန်းတိုင်ကို လက်ဖြင့် ဖမ်းယူဆုပ်ကိုင်လိုက်သည်။ ဘိဘိသနက အစဉ်အမြဲ နွမ်းနယ်နေသူပင်တည်း။
“အေး ဒါ ပိုကောင်းတာပေ့ါ၊ ဒီမှာ သီတာဒေဝီမေ့မြောနေတယ်လေ၊ တိုက်ပွဲကြောင့် မောပန်းလာပြီး မှော်ရုံဟေဝန်ရဲ့အငွေ့အသက်တွေ ပါလာမယ့် သူတို့ကို ဒီနေရာခေါ်ခဲ့တာ မကောင်းပေဘူး၊ ငါလာမယ်”
ကျွန်ုပ်သည် စက်ရာဆောင်ထဲမှ ထွက်၍ နန်းဆောင်ခန်းမဆီသို့ လာခဲ့သည်။ ယခုထိ စက်ရာဆောင်တံခါးတွင် မှီရပ်နေသည့် ဘိဘိသနရှေ့မှ ဖြတ်ခဲ့သည်။ ဦးရီးတော်မာရဇ္ဇ၏ကြီးမားသော ရင်အုပ်ကြီးကို တဝုန်းဝုန်း ထုနှက်လျက် သူ့ကို ကောင်းချီးပေးရပေမည်။ နှမတော် ဂမ္ဘီအတွက်မူကား ...။
* * *
နှမတော်ဂမ္ဘီနှင့် ရွှေသမင်မူကား တစ်စင်းတည်းသောမြားတံ၏ ဖောက်ထွင်းစွဲဝင်မှုတွင် တံစို့ကင်ထားသကဲ့သို့ပင်။
ဒုသနှင့် ခရတို့ သွေးမြေကျခဲ့သောနေရာမှာပင် သမင်ငယ်နှင့်ဂမ္ဘီတို့၏သွေးများလည်း ယိုစီးအိုင်ထွန်းနေကြပြီ။ သမင်ငယ်၏သွေးနှင့် ဂမ္ဘီ၏သွေးတို့သည် ရောထွေးနေပြီ။
“တ ....ရိ.....ဂမ္ဘီ နင်ဘယ်လိုဖြစ်ရတာလဲ”
ကျွန်ုပ်သည် သူတို့လဲကျနေရာသို့ တစ်ဟုန်ထိုး ပြေးသွားပြီး ဂမ္ဘီကို ပွေ့လိုက်သည်။ သမင်ငယ်သည် အသက်ကုန်နေချေပြီ။
“ဂမ္ဘီ ....ဂမ္ဘီ .... နှမလေး”
ဂမ္ဘီ၏ မှိတ်နေသောမျက်လုံးအစုံတို့ ဖြည်းညင်းစွာ ပွင့်လာသည်။
“သီတာဒေဝီ ရောက်နေပြီမဟုတ်လား အကိုတော်”
“........”
“နှမတော်ကျေနပ်တယ်၊ အကိုတော်အတွက် သူ့ကိုခေါ်လာနိုင်ခဲ့တယ်၊ ဒါပေမယ့် ရန်သူတွေပါမလာဘူး”
“သင်းတို့ ဘယ်မှာလဲ ဂမ္ဘီ”
“ကိသကိန္ဒာပြည်ဘက် သွားကြပြီ၊ ရာမနဲ့လက္ခဏ”
“နင်တို့ ဘယ်လိုဖြစ်ရတာလဲ ဂမ္ဘီ၊ နင်ဘယ်လိုဖြစ်ရတာလဲ ... နင် ဘယ်လိုဖြစ်ရတာလဲ ...”
“ရာမကို မြောက်ဘက်တောအုပ်ဆီ ခေါ်လာခဲ့တယ်၊ ဦးရီးတော်ရဲ့အစွမ်းဟာ အံ့မခန်းပဲ၊ ဒါပေမယ့် သင်းသိသွားတယ်၊ လေးနဲ့မြားထုတ်ပြီး ......”
ဂမ္ဘီ၏မြားဒဏ်ရာမှ သွေးများ နောက်ထပ်မထွက်လာတော့ချေ။ သူ့မျက်နှာသည် ကျောက်သလင်းစားပွဲကဲ့သို့ ဖြူဖွေးလာသည်။ နှုတ်ခမ်းများက ပဗ္ဗတခံတပ်ပံစံငယ်ရွှံစေးများလို မည်းပြာလာကြသည်။
“ရန်သူများကို ခေါ်မလာနိုင်လို့ နှမတော်ကိုခွင့်လွတ်ပါ။ ဒါပေမယ့် ...”
ထိုခဏ၌ မယုံကြည်နိုင်စရာကောင်းလောက်အောင် ထူးခြားသောအဖြစ်အပျက်များ ဖြစ်ပျက်သွားခဲ့ပေသည်။ ဂမ္ဘီသည် စူးဝင်နေသောမြားတံကို အလုံးစုံကျွတ်ထွက်သွားအောင် ဆွဲနုတ်လိုက်သည်။ ဒဏ်ရာမှ နောက်ဆုံးသွေးများအန်ကျလာသည်။ သွေးတို့ကုန်ခန်းနေပြီဖြစ်သော သူ၏ခန္ဓာသည် လဲကျနေရာမှ ယိမ်းယိုင်၍ထလာသည်။ အရောင်အသွေးဆုတ်နေပြီဖြစ်သည့် မျက်လုံးများသည် အံ့သြဖွယ်ရာ စူးရှတောက်ပြောင်လာပြီး ကျွန်ုပ်ကို ဖောက်ထွင်းမတတ် စူးစူးဝါးဝါး ကြည့်လိုက်သည်။
ဤမျက်လုံးများကား ဒသမပဗ္ဗတမှ ကျွန်ုပ်ဆင်းသက်လာစဉ်၊ အသုရာမင်း၏စစ်ရထားကို မောင်းနှင်ပြီး ပြန်ဆိုက်ရောက်စဉ်၊ အသုရာ မဃစစ်ပွဲအပြီး ကျွန်ုပ် လင်္ကာဒီပသို့ ပြန်ရောက်စဉ်အခါများ သူ၏အကို ကျွန်ုပ်အား လေးမြတ်ကြည်ညိုစွာ စူးစိုက်ကြည့်ခဲ့သော တရိဂမ္ဘီ၏မျက်လုံးများပင်တည်း။
“လင်္ကာဒီပဘုရင်မင်းမြတ် ဒြာဝိဒိယန်သွေးထဲမှာ နှမတော်ရဲ့ဝိဥာဉ် လှည့်ပတ်ခိုအောင်းနေမယ်၊ ရန်သူကိုလက်စားချေပါ၊ အာရိယန်တွေကို တိုက်ခိုက်မောင်းနှင်ပါ၊ လင်္ကာဒီပ အ ...ဓွန့် ....ရှည် ပါစေ”
တရိဂမ္ဘီသည် ပဗ္ဗတပုံစံငယ် ကျောက်သလင်းစားပွဲပေါ်သို့ လဲကျသွားလေသည်။ သွေးခြင်းခြင်းနီနေသော သူ၏လက်သည် ညီတော်ဘိဘိသနဆောက်လုပ်သည့် နဝမပဗ္ဗတတောင်နှင့် ဒသမပဗ္ဗတတောင်ကြား ခံတပ်ပုံစံငယ်အား
တင်းကျပ်စွာ ဆုပ်ကိုင်ထားပေသည်တကား......။
“ဂမ္ဘီ ...”
“ဂမ္ဘီ ...”
ကျွန်ုပ်နှင့် ညီတော်ဘိဘိသန၏အော်သံနှစ်ခု ကျယ်လောင်စွာ ထွက်ကျလာသည်။ လင်္ကာဒီပဘုရင် ဒသဂီရိနှမတော်၊ သမင်ရိုင်းများ၏သခင်မ မိဂါဒေဝီဘွဲ့ရ တရိဂမ္ဘီသည် သွေးအလိမ်းလိမ်းကပ်သောကိုယ်ဖြင့် သူရဲကောင်းပီသစွာ ကျဆုံးသွားခဲ့ချေပြီတကား .....။
သွေး၏အနီရောင်တို့ ပြည့်လျှံနေသောမြင်ကွင်း၌ ကျွန်ုပ်သည် အနီမှတပါး ခပ်သိမ်းသောအရာတို့ကို ပျောက်ဆုံးနေသည်။ နား၏အာရုံတွင်လည်း ပကတိ တိတ်ဆိတ်သွားသည်။ ကျွန်ုပ် သတိပြန်လည်ဝင်ရောက်လာသောအခါ ပထမဆုံးကြားလိုက်ရသည်မှာ ဘိဘိသန၏ငိုကြွေးနေသောအသံဖြစ်သည်။ ဆက်၍မြင်လိုက်ရသည်မှာ ဂမ္ဘီ၏ဦးခေါင်းကို ပွေ့ဖက်နေသောဘိဘိသန ဖြစ်သည်။ သူရဲကောင်းတစ်ဦး၏ကျဆုံးခြင်းနှင့် အခြားတစ်ဦး၏ငိုကြွေးခြင်းတွင် ကျွန်ုပ်၏သွေးများ ပွက်ပွက်ဆူလာသည်။
အဘယ်ကြောင့် ငိုကြွေးရမည်နည်း။ ဂမ္ဘီအတွက် အဘယ်ကြောင့် ငိုကြွေးရမည်နည်း။ အဘယ်ကြောင့် ... ။
နန်းရင်ပြင်မှ သွေးအိုင်ထက်သို့ တစ်စုံတစ်ခု တပေါက်ပေါက် ကျနေသနည်း။ ကျွန်ုပ်၏မျက်လုံးအိမ်မှ မျက်ရည်တွေ ...
“အဲဒီမျက်ရည်တွေကို တိတ်လိုက်စမ်း၊ ဒါဟာ ဒြာဝိဒိယန်သူရဲကောင်းတဲ့လား၊ ဘိဘိသန မင်းတိတ်လိုက်စမ်း”
ကျွန်ုပ်သည် ဓားမြောင်ကို ထုတ်ယူ၍ နံရံဆီသို့ ပစ်စိုက်လိုက်သည်။ တစ်ဖက်တွင် ချိတ်ဆွဲထားသည့် လှံတံများ၊ ဓားများကိုလည်း တစ်ခုပြီးတစ်ခု ဖြုတ်ယူပြီး ခြင်္သေ့ဦးခေါင်းပုံဖော်ထားသည့် ရွှေရောင်နံရံသို့ အဆက်မပြတ် ပစ်စိုက်လိုက်သည်။ ခြင်္သေ့ဦးခေါင်းရုပ်ပုံကို မမြင်ရတော့ချေ။ ညီတော်ဘိဘိသနလည်း ငိုကြွေးခြင်းကို ရပ်စဲလိုက်သည်။ ရွံရှာစက်ဆုပ်ဖွယ် ယိုစီးနေသော ကျွန်ုပ်၏မျက်ရည်များလည်း ခန်းခြောက်ရပ်တန့်သွားသည်။ ကျွန်ုပ် အသက်ပြင်းပြင်း ရှူလိုက်သည်။
“နောင်တော်ဘုရင်မင်းမြတ်၊ ဦးရီးတော်မာရဇ္ဇ ...”
ထိုအခါမှပင် ကျွန်ုပ်သည် မလှမ်းမကမ်းတွင် လဲကျနေသည့် ဦးရီးတော်ကို သတိရမိသည်။
ဦးရီးတော်ကော ကျဆုံးဦးမည်လား။ ကျွန်ုပ်သည် ထိုခြင်္သေ့ကြီး၏နောက်ဆုံးအချိန်များကို ကြည့်နေရင်း ကျွန်ုပ်၏ဒြာဝိဒိယန်သွေးများကို ပိုမိုနီရဲအောင် သုတ်ခြယ်ခံရန် ဦးရီးတော်ထံ လာခဲ့သည်။ ဦးရီးတော်ကိုယ်၌ ဒဏ်ရာမတွေ့ရချေ။ သူသည် မတန်တဆ မောဟိုက်လွန်း၍ မေ့မြောသွားခြင်းဖြစ်သည်။ ကျွန်ုပ်နှင့် ဘိဘိသနသည် ဦးရီးတော်ကို သတိရအောင်လုပ်ကြသည်။ ခြင်္သေ့ကြီး လူးလွန့်လာပေသည်။ သတိရရခြင်း သူ
ပထမဆုံး မေးလိုက်သည်။
“တရိဂမ္ဘီကော .......”
“ဟိုမှာ ”
ကျွန်ုပ် တင်းမာသောအသံဖြင့် ညွှန်ပြလိုက်သည်။
“အို ... သူ.... သူ”
“ဟုတ်တယ်၊ သူရဲကောင်းပီသစွာ ကျဆုံးသွားပြီ၊ သူရဲ့တိုက်ပွဲအကြောင်း ဦးရီးတော်သိသမျှ ပြောစမ်းပါ၊ သူရဲကောင်းတစ်ဦးရဲ့ကျဆုံးခန်းကို ကြေကွဲမှုနဲ့ မပြောပါနဲ့”
“ရာဝဏ ....... အဲဒီသူရဲကောင်းဟာ ငါ့ရဲ့တူမတော်ပါ၊ ပြီးတော့ လွန်ခဲ့တဲ့နေ့ကပဲ ငါဟာ လူသားနှစ်ဦးရဲ့အလောင်းကို ဒီနေရာကို ယူလာခဲ့ရသူပါ၊ ဂမ္ဘီနဲ့ သူ့သားနှစ်ယောက်အလောင်းကို မှော်ရုံဟေဝန်ကနေ လင်္ကာဒီပကိုယူဆောင်ဖို့
ငါ မင်းဆီလာခဲ့တာမဟုတ်ဘူး၊ ဒါပေမယ့် အဲဒီဟာတွေဖြစ်ခဲ့ရပြီ၊ မင်း ငါ့ကို ဒီလိုမပြောပါနဲ့ ရာဝဏ၊ မင်းရဲ့ ဦးရီးတော်ကို ဒီလိုမပြောပါနဲ့ ”
ကြေကွဲဆို့နင့်နေသော ဦးရီးတော်အသံကို ကျော်လွန်၍ ကျွန်ုပ်အမိန့်မပေးနိုင်တော့ချေ။
“ခွင့်လွှတ်ပါဦးရီးတော်၊ ကျုပ်မှားသွားတယ်၊ ကဲ ရာဝဏကို ဖြစ်ခဲ့သမျှအားလုံး ပြောပြပါ၊ ရန်သူအကြောင်း သိသမျှ ပြောပြပါ၊ ကျုပ်တို့ အခုချက်ချင်း ကိသကိန္ဒကို လိုက်ချင်လိုက်မယ်”
“ကိသကိန္ဒကို....။ သြော် ...ဂမ္ဘီဟာ သူ့အသက်ကို လင်္ကာဒီပအထိအရောက် သယ်ယူလာခဲ့ပြီး သူပြောနိုင်သလောက် ပြောသွားသေးသကိုး၊ တူမတော်ရယ် ...မင်းကို ဦးရီးတော် နှမြောလိုက်ပါဘိကွယ်”
“ဦးရီးတော်... ကျုပ်တို့ ဂမ္ဘီအတွက် လပေါင်းများစွာ ဝမ်းနည်းပူဆွေးဖို့အချိန်တွေ ရှိပါသေးတယ်၊ အခုတော့ တိုက်ပွဲအကြောင်းပြောပါဦး ဦးရီးတော်”
“အေး... ပြောမယ်ရာဝဏ၊ နားထောင်၊ မင်းတို့စီစဉ်ထားတဲ့အတိုင်း ငါ မှော်ရုံဟေဝန်ရဲ့ မြောက်ဘက်တောအုပ်အတွင်းက စောင့်နေခဲ့တယ်။ မကြာခင်မှာပဲ သမင်ငယ်နဲ့ရာမတို့ တောအုပ်ထဲကို ရောက်လာကြတယ်၊ သမင်ငယ်ဟာ မကောင်းဆိုးဝါး သို့မဟုတ်ရင်လဲ နတ်ဒေဝတာတစ်ပါးပါး ပူးကပ်နေသလား အောက်မေ့လောက်အောင် ရာမရဲ့ဖမ်းဆီးမှုက လွတ်မြောက်တိမ်းရှောင်နေတယ်၊ မှော်ရုံဟေဝန်မြောက်ဘက်တောဟာ ချုံနွယ်ပိတ်ပေါင်း အထူထပ်ဆုံးနေရာဖြစ်တယ်၊ သမင်ငယ်ရဲ့ပြေးလမ်းဟာ ကျဉ်းမြောင်းပြီး ချုံပုတ်နဲ့လည်း နီးကပ်လှတယ်၊ ဂမ္ဘီဟာ သူ့သမင်နဲ့ မလှမ်းမကမ်း ထပ်ကြပ်မကွာလိုက်လာတာမို့ သူပုန်းခိုရတဲ့ ချုံပုတ်နဲ့ သမင်တို့ဟာလည်း နီးကပ်နေတယ်၊ ဒီအခြေအနေကို သိရတာနဲ့ပဲ ငါလည်း ချက်ချင်းပဲ အခြေအနေမဟန်ဘူးဆိုတာ ရိပ်စားမိလို့ ငါ့မျက်စိအောက် သမင်နဲ့ရာမကို မြင်မြင်ချင်း ဆင်ရိုင်းကြီးတစ်ကောင် အော်သံတစ်သံ ပြုလုပ်လိုက်တယ်”
“အင်မတန်ဂုဏ်မြောက်တဲ့ ဆင်ရိုင်းအော်သံပေပဲ ဦးရီးတော်”
“အင်း.... ပြီးတော့ သူ့နောက်လိုက် တောဆင်ရိုင်းတွေရဲ့ ချိုးဖဲ့ပြီး ဆင်နင်းသံတွေဖြစ်အောင် လုပ်လိုက်တယ်။ ဒီအခါမှာ သမင်ငယ်ဟာ ရာမရှေ့က သွေးဆောင်လမ်းပြနေရာကနေ တကယ့်ဆင်ရိုင်းအုပ်လာပြီအထင်နဲ့ ကြောက်လန့်ပြီး ချုံပုတ်ထဲ ဝင်ပြေးသွားတယ်။ အဲဒီချုံပုတ်က ဂမ္ဘီရှိနေတဲ့နေရာပဲ”
ကျွန်ုပ်တို့ အသက်မရှူမိကြချေ။
“ရာမဟာ သမင် မျက်စိအောက်က ပျောက်သွားတာနဲ့ အသံကြားရာဆီကို လှမ်းကြည့်တယ်၊ မှော်ရုံဟေဝန်လိုဒေသမျိုးမှာ ရဲ့ရင့်စွာ အမဲလိုက်သူတစ်ဦးအနေနဲ့ သင်လဲ တောရဲ့အနံ့၊ တိရိစ္ဆာန်တွေရဲ့အနံ့ကို ကျွမ်းကျင်ရမှာပေါ့၊ ဒီအချိန်မှာ လေဟာ ငါရှိရာကနေ ရာမ,ရှိရာဘက်ကို တိုက်ခတ်နေတယ်၊ ဆင်အော်သံတွေကိုသာ အနီးကပ်ကြားရပြီး ဆင်အုပ်ကိုမတွေ့ရ၊ အနံ့ကိုလည်း မရတဲ့အတွက် ရာမဟာ သံသယဝင်သွားဟန်တူတယ်။ ဒီတော့ မူလအစီအစဉ်အတိုင်း ငါဟာ ကျောက်ဂူမှာကျန်ခဲ့တဲ့ လက္ခဏကို အမြန်လှည့်စားခေါ်ယူနိုင်အောင် ခြင်္သေ့ဟောက်သံကို ငါဖန်တီးလိုက်တယ်၊ လက္ခဏ မြောက်ဘက်ဆီထွက်လာတာကို ငါ သစ်ပင်ထိပ်က မြင်လိုက်ပါတယ်။ ဒါပေမယ့် .....”
ဦးရီးတော်သည် ဂမ္ဘီရှိရာသို့ လှမ်းကြည့်လိုက်သည်။ သွေးအိုင်ထဲမှ သမင်ငယ်ကိုလည်း ကြည့်လိုက်သည်။
“တို့လူသားတွေရဲ့ ကြီးကျယ်လေးနက်တဲ့ သေနင်္ဂဗျူဟာကို သမင်ငယ်က နားမလည်ဘူးလေ ရာဝဏ၊ ခြင်္သေ့ဟောက်သံကြားလိုက်တော့ သမင်က ချုံပုတ်ထဲက ခုန်ထွက်တယ်၊ ဂမ္ဘီက သမင်ရဲ့နောက်က ကပ်လျက် လှုပ်ရှားလိုက်တယ်။ ဒီအခါမှာပဲ .....”
“ရာမဟာ လေးညှို့ကိုငင်ပြီး ရွှေသမင်ကိုရော သူ့နောက်ကွယ်က ဂမ္ဘီဆီကိုပါ မြားပစ်လွှတ်လိုက်တယ်။ မြားဟာ သမင်ရဲ့လည်ပင်း၊ ပြီးတော့ ....ဂမ္ဘီ၊ ထုတ်ချင်းခတ် စူးဝင်သွားတော့တယ်၊ ရာမလည်း မြောက်ဘက်တောအုပ်ကနေ
ရှေ့ဘက်ဆီကို ပြေးဝင်သွားတယ်၊ နောက်ကလိုက်လာတဲ့လက္ခဏနဲ့ သူ တနေရာမှာဆုံမှာပဲ၊ ငါ ဂမ္ဘီနဲ့ရွှေသမင်မှာ စူးဝင်နေတဲ့မြားကို မနုတ်ဘဲ ထမ်းပိုးပြီး လင်္ကာဒီပကိုအပြင်းနှင်ခဲ့တယ်၊ အရင်က ငါ့ရဲ့အဟုန်ဟာ မြွေလိုလျင်မြန် ခဲ့တယ်ဆိုရင် ငါ့တစ်သက်မှာ ဒီလိုအမြန်ဆုံး အပြင်းနှင်ခဲ့တဲ့အဟုန်ကို မြားရဲ့လျင်မြန်ခြင်းလို့ ခေါ်လိုက်တယ်၊ လင်္ကာဒီပနန်းတော်ကိုရောက်တော့ တောအုပ်ထဲမှာစိုက်ထုတ်ခဲ့တဲ့ အင်အား၊ တုန်လှုပ်ချောက်ချားခဲ့ရတဲ့ မောပန်းမှုတွေကြောင့် ငါ့တစ်သက်နဲ့တစ်ကိုယ် မဖြစ်စဖူး မေ့မြောသွားခဲ့တာပဲ၊ ငါ...ဟာ...ရာဝဏရယ် ငါဟာ မနေ့က ငါ့မြေးတွေ၊ ဒီနေ့ ငါ့တူမ ... သင်းတို့တွေရဲ့သွေးကို လင်္ကာဒီပနန်းတော်ထက် ပက်ဖျန်းဖို့ ငါပြန်လာခဲ့သလိုဖြစ်နေပြီကော ... ရာဝဏရယ် ... ငါ...”
ဦးရီးတော်သည် ကိုယ်စိတ်နွမ်းနယ်မှု၏ဒဏ်ကို သည်းထန်စွာ ခံစားရပြီး တစ်ဖန် ပြန်လည်မေ့မြော လဲကျသွားပြန်လေသည်။
ဆက်ရန်
------------------------------------------
ချစ်ဦးညို
crd 👉 https://m.facebook.com/story.php?story_fbid=123925899269375&id=108529964142302
Comments
Post a Comment