လည်ပင်းဝန်
လွတ်လပ်သော လူပျိုဘဝတုန်းက အိမ်ထောင်ကျလျှင် ဘယ်လိုနေမလဲဆိုသော အတွေးကို လူပျိုတိုင်း တွေးကာ စိတ်ကူးမိကြမည်ဟု
ကျွန်တော်ထင်သည်။
ထို အိမ်ထောင်ကျလျှင် ဘယ်လိုနေမလဲ ဆိုသောစိတ်ကူးမှာ အတော် ထူးဆန်းရှုပ်ထွေးသော စိတ်ကူးတစ်မျိုးဖြစ်ပြီး ထိုစိတ်ကူးကို မိမိပတ်ဝန်းကျင်ရှိ မိမိနှင့် အိမ်ထောင်ကျနိုင်ခြေရှိသော မိန်းကလေးပေါင်းစုံ၊ ယောကျာ်းလေးပေါင်းစုံတို့နှင့် စိတ်ကူးကြည့်သည့်အခါ များစွာရှုပ်ထွေးစွာ ထွက်လာနိုင်လေသည်။
ထိုသို့စိတ်ကူးရင်း စိတ်ရှုပ်သွားသည်လည်း ရှိ၏။ ပျော်တော်တော် ဖြစ်လာသည်လည်း ရှိသည်။ ဟ... ဘာကြီးလဲဟ ဖြစ်သွားတာလည်း ရှိ၏။
ပီတိကလေး တဝေဝေနှင့် တွေးမဝနိုင်တာမျိုးလည်း ရှိ၏။ သို့သော် ဘယ်လိုပဲဖြစ်ဖြစ် စိတ်ကူးသည် စိတ်ကူးသာဖြစ်၍ ပြီးတော့ ပြီးသွားတာပဲ ဖြစ်သည်။
ထကယ်အိမ်ထောင်ကျသောအခါ ထိုစိတ်ကူးယဉ်ထားတာတွေနှင့် ဘာမှမဆိုင်။ တစ်ခါမှ စိတ်မကူးဖူးတာတွေကိုသာ လျှောက်လုပ်လိုက်ရ၏။ မူလက စိတ်ကူးထားတယ်ဆို၍ ခိုးပြေးမည် (မည်သူမဆို) ဆိုတာပဲ တူ၏။ အိမ်ထောင်ကျခြင်းသည် မူလစိတ်ကူးထားစဉ်က အပြောင်းလဲကြီးတစ်ရပ်ဟု ထင်ထားခဲ့သော်လည်း တကယ်တမ်းကြုံရတော့ ထိုသို့ မဟုတ်လှပါ။ ရေမချိုးခင်နှင့် ရေချိုးပြီးချိန်လောက်ပင် ဖြုန်းခနဲ မပြောင်းလဲပါ။ လုပ်နေကျ အရာများကို လုပ်ရင်း တစ်စစပြောင်းလဲသွားရသော အခြေအနေမျိုးဖြစ်သဖြင့် ကိုယ့်ပြောင်းလဲမှုကို ကိုယ် အသေအချာ သတိမထားမိတာမျိုး ဖြစ်လိမ့်မည် ထင်ပါသည်။
ဘာပဲဖြစ်ဖြစ် ကျွန်တော် အိမ်ထောင်ကျကံကောင်းသည်ဟုတော့ ပြောနိုင်ပါ၏။ ကျွန်တော့်ဇနီးက ကျွန်တော့်ထက် ဆယ့်သုံးနှစ်ငယ်သည်။ ကျွန်တော် လုပ်နေသည့် စာပေလောက၊ ရုပ်ရှင်လောကအကြောင်း ဘာမှမသိ။ သူ သဘောကျနေသော မင်းသားတစ်ယောက်ကို ကြည့်ချင် မြင်ချင်တာလောက်ပဲ ရှိသည်။ သူ့ကိုကြည့်လိုက်လျှင် ပျော့စိပျော့ဖတ်၊ ကြောင်တိကြောင်တောင်၊ ယောင်တောင်တောင်နှင့်သာ တွေ့ရမည်။ သူက ကျွန်တော့်အိမ်လိုက်နေသဖြင့် ကျွန်တော့်အတွက် အပြောင်းအလဲကို မသိဟု ခံစားရခြင်းလည်း ဖြစ်မည်။ ကျွန်တော်သွားနေကျနေရာတွေကို သွားကာ အရင်နေသလိုပင် နေနေခဲ့သည်။
ကျွန်တော်တို့မိသားစုသည် ညီအစ်ကိုနှစ်ယောက်သာရှိပြီး ညီက နယ်မှာ အမှုထမ်းရသောကြောင့် ကျွန်တော်နှင့် မိဘနှစ်ပါးရှိရာမှ အိမ်သို့ သူရောက်လာခြင်းသာ ဖြစ်သည်။ ကျွန်တော်က အသက် (၃၃) နှစ်တွင် အိမ်ထောင်ကျ၍ ကျွန်တော့်ညီက ကျွန်တော့်ထက် တစ်လသာ နောက်ကျကာ အိမ်ထောင်ကျသည်။
ကျွန်တော် အိမ်ထောင်ကျပြီးသည်နှင့်တစ်ပြိုင်နက် အမေက ကလေးယူရန် တိုက်တွန်း၏။ အင်း... ယူဆိုတော့လည်း ယူပေါ့လေဟု ကျွန်တော် ပေါ့ပေါ့သာ သဘောထားခဲ့လေသည်။
“ရဲဝင်း ... နင်က အသက်ကြီးပြီဆိုတော့ အခု ကလေးယူထား၊ နင့်မိန်းမက ငယ်တုန်းဆိုတော့ ကလေးယူရတာ ပိုအဆင်ပြေတယ် သား။ ပြီးတော့ အမေတို့ကလည်း မြေးကလေး ဘာကလေးချီပြီး နေချင်ပြီ၊ ဟိုအငယ်ကောင်က အဝေးကြီးမှာနေပြီး နယ်က မိန်းကလေးနဲ့ အိမ်ထောင်ကျတာဆိုတော့ နင်ရတဲ့ကလေးမှ ငါတို့နဲ့ နီးမှာ၊ နင့်မိန်းမကို ကလေးယူဖို့ ပြောထား”
သို့သော် ကျွန်တော် နည်းနည်းကံဆိုးသည်က ကျွန်တော့်ဇနီးက ကျန်းမာရေး သိပ်မကောင်းလှ။ အချူချာကြီး ချူချာတာမျိုးတော့ မဟုတ်။ ကိုယ်လက်ကိုက်ခြင်း၊ ခေါင်းမူးရင်တုန်၊ ချောင်းဆိုး ကျောအောင့် စသည်တို့နှင့် လုံးလည်လိုက်တုန်း ဖြုန်းကနဲ အစာအိမ်မှာ အနာပေါက်သောရောဂါ ဖြစ်၏။ နဂိုက ဝါးလုံးလောက် ခန္ဓာကိုယ်က ဘောပင်လောက် ဖြစ်သွား၏။ နဂိုပါးပါးက လှပ်လှပ်ဖြစ်သွားသည်။ နဂိုဖြူဖြူဖျော့ဖျော့မှ ဖြူဖြဲဖြဲ ဖြစ်သွား၏။ ဆေးခန်း၊ ဆေးရုံ၊ အထူးကုတွေ ဘာတွေ ကျွန်တော် ရောက်သွား၏။
ကျွန်တော်လည်း ကျန်းမာရေးကောင်းသူ မဟုတ်ပါ။ သို့သော် အသက် ဆယ့်ရှစ်နှစ်လောက်မှ စ၍ ဘယ်ဆေးရုံ ဆေးခန်းမှ မသွားရ။ နှစ်နှစ်တစ်ခါ ဖျားတာနာတာလောက်သာ ရှိသည်။ ဒါလည်း ငါးခါမှာ သုံးခါ ဆေးသောက်ရုံနှင့် ပျောက်တတ်သူ ဖြစ်၏။ မိန်းမရမှ အတွေ့အကြုံသစ်ဟုပင် သဘောထားရလေသည်။
အစားရှောင်ရသော အစာအိမ်ရောဂါသည် ပျောက်သွားလိုက်၊ အစားမရှောင်လျှင် ပြန်ဖြစ်လိုက်နှင့် သူ့ထံမှာ အမြစ်မပြတ်ဘဲ တွယ်ကပ်၍နေသည်။ ကျွန်တော်ကလည်း သူစားတာတွေကို လိုက်မကြပ်မတ်နိုင်အား။
ကိုယ့်အလုပ်နှင့်ကိုယ် ရှုပ်နေသဖြင့် သူ့သူငယ်ချင်း အပေါင်းအသင်းစုံပြီးလျှင် ဗိုက်က ပြန်အောင့်တတ်၏။
ဤသို့နှင့်ပင် အိမ်ထောင်သက် တစ်နှစ်စေ့ကာသွား၏။
တစ်နေ့ ဖုန်းလှမ်းဆက်ရင်း တာရာမင်းဝေ၏ “ခင်ဗျား သိပြီးပြီလား” ဆိုသော စကားကို ဖုန်းခွက်ထဲမှ ကြားရ၏။
“ဘာကိုတုန်း... ဘာသိရမှာတုန်း”
“ကျုပ် ကလေးအဖေဖြစ်တော့မှာဗျ၊ ကျိန်းသေသွားပြီ”
သူက ဝမ်းခေါင်းကြိတ်သံကြီးဖြင့် တစ်ဟစ်ဟစ် ရယ်နေသံကို ဖုန်းခွက်ထဲမှာ ကျွန်တော် ငြိမ်ပြီး နားထောင်ကာနေမိ၏။ ဘာစကား ပြန်ပြောရမှန်း မသိ။ အသားလွတ်ကြီး ကြွားမှန်းလည်း သိ၏။ သို့သော် ဘာပြန်ပြောရမှန်းလည်း မသိ။
“ကောင်းတာပေါ့၊ ခင်ဗျား ဝဋ်လည်မယ့်ကောင် လာပြီလို့ သဘောထား”
“အောင်မာ ... ဒါမျိုးက လည်ချင်တိုင်း လည်လို့ရတယ် မှတ်လား။ ကြုံမှ သိမှာ၊ ကြားလိုက်ခါစကတော့ တစ်မျိုးကြီးပဲဗျ။ အခုဆို အိမ်ကထွက်လို့ မရတော့ဘူး၊ မနော်ကလည်း သေချာပြီဆိုကတည်းက စည်းကမ်းတွေ ထုတ်တာပဲ၊ ကျွန်တော်တို့နှစ်ယောက်စလုံး တော်တော်ကြီး ပြောင်းလဲသွားကြတာ၊ ဟေ့လူ ခင်ဗျားလည်း တစ်နှစ်ကျော်ပြီ၊ လုပ်ဦးလေ ကြိုးစား ကြိုးစား”
ကြိုးစားတာပဲဗျ.. ဟု ပြန်ပြော၍လည်း မရသဖြင့် ခပ်တည်တည်သာ နေလိုက်ရ၏။ အိမ်ပြန်လာတော့ စိတ်ထဲမှာ တစ်မျိုးဖြစ်ကာနေ၏။
မိန်းမက ဘယ်သူ့ဆီကဖုန်းလဲဟု မေး၏။
“တာရာ့ဆီကပါကြာ”
မိန်းမက ဘာမှဆက်မမေးပဲနေသဖြင့် ပြောလိုက်ရ ကောင်းမလား စိတ်ကူးသည်။
“မနော် ကိုယ်ဝန်ရှိနေပြီတဲ့”
“ဟုတ်လား၊ ကောင်းတာပေါ့”
နောက်နေ့ကျတော့ ကျွန်တော်လည်း ထိုကိစ္စကို မေ့ကာသွား၏။ သို့သော် စာပေလောက (၃၃- လမ်း) ရောက်တော့ တာရာ ကလေးရတော့မည့်သတင်းက ပျံ့ကာနေ၏။ ဘယ်သူပြောသလဲ ဆိုတော့ သူပဲ ဖုန်းဆက်ကာ လိုက်ပြောကြောင်း သိရသည်။ အင်း ကြွားစရာကြီးကို ဖြစ်နေပါလား။
“ဒါနဲ့ မင်းရောကွ၊ မယူသေးဘူးလား”
“ယူထားနော်၊ ကိုယ် ငွေကြေးရှာလို့ လွယ်ကူတုန်းမှာ”
“ယူထားနော်၊ စောစောယူတော့ စောစောကိစ္စအေးတာပဲ”
“မင်းက သုံးဆယ်လေး ဟုတ်လား၊ ယူတော့ ယူတော့။ ကလေး ဆယ့်ရှစ်နှစ်မှာ မင်းက ငါးဆယ်နှစ်၊ လွန်တောင်နေပြီ၊ ယူတော့''
“နီကိုရဲရေ ... လူများတွေကတော့ ကြွားကုန်ပြီနော်''
ကျွန်တော် နားတွေအူကာ ပြန်ခဲ့ရ၏။ ငါ့ကျရင် မိန်းမကိုယ်ဝန်ရတာနဲ့ သတင်းစာထဲက ကျေးဇူးတင်ကြောင်း ငါ့ကိုယ်ငါ ထည့်ပစ်မယ်ဟု စိတ်ပေါက်ပေါက်နှင့် တွေးရ၏။ အိမ်ရောက်တော့ မိန်းမကိုတော့ မပြောတော့၊ ပြောလျှင်လည်း ဟုတ်လား ကောင်းတာပေါ့ဟုပဲ ပြောမှာ သေချာ၏။
ဖြစ်ချင်တော့ နောက်အပတ်မှာပင် ညီဖြစ်သူထံမှ စာလာ၏။ သူ့ဇနီး ကိုယ်ဝန်ရှိနေပြီဆိုသည့်အကြောင်း ဖြစ်သည်။ အမေနှင့် အဖေ ဝမ်းသာကြ၏။
“ငါ့သား ... မင်းက အရင်မွေးရအောင် ငါတို့က မင်းအိမ်ထောင်ကျပြီးမှ မင်းညီကို အိမ်ထောင်ပြုရမယ်လို့ ပြောထားတာ၊ အခုတော့... ငါတို့က မင်းမွေးတဲ့ကလေးက သူမွေးတဲ့ကလေးကို အစ်ကို အစ်မ ခေါ်ရမှာစိုးလို့''
“အမေရာ... ဒါမျိုးဆိုတာက သူ့ထိုက်နဲ့ သူ့ကံပါ၊ ကြံစည်တိုင်း ဖြစ်တာမှ မဟုတ်တာ”
“ဒါတော့ ဒါပေါ့။ ဒါပေမယ့် သားက အရင်ယူတာပဲ၊ ဘာပဲဖြစ်ဖြစ် သားကလည်း ကလေးယူဖို့တော့ စိတ်ကူးသင့်ပြီ၊ အခုတောင် နောက်ကျနေပြီ”
နောက်နေ့တွေမှာ အမေက ဇနီးကို တိုးတိုးကပ်ကာ စည်းရုံးနေသံ ကြားရ၏။ မိန်းကလေးဆိုတာ အသက်ငယ်တုန်း မွေးမှတို့၊ ငါတို့ရှိနေတုန်းဆိုတော့ လိုအပ်တာတွေ မပူရဘူးတို့ ဟိုဆေးဒီဆေးတွေစားတာ မကောင်းဘူးနော်တို့ ဖြစ်၏။ ကျွန်တော်ကြားအောင်လည်း ပြောတန်ပြောလေ၏။ တကယ်တော့ ကျွန်တော့်ဇနီးက ဘာဆေးမှ မစားပါ။ သူကိုယ်တိုင် ကျန်းမာရေးမကောင်းသဖြင့် သန္ဓေတည်ရန် အခွင့်အရေးမရတာပဲ ဖြစ်လိမ့်မည်။
အမေပြော၍ ညီဖြစ်သူ ကလေးရတော့မည်ဆိုတော့ အိမ်နီးချင်းတွေနဲ့ ဆွေမျိုးတွေက လာပြန်၏။
“ဘယ်လိုတုန်း ရဲဝင်းကြီး၊ ညီက ကျော်တက်သွားပါပကော”
“နင့်အဖေနဲ့ အမေက နင့်ကို ရစေချင်တာ၊ သိလား”
“ကိုရဲဝင်းကရော မယူသေးဘူးလား၊ အမေနဲ့ အဖေက ဟိုးဘက် ပါသွားမှာနော်”
ကြာတော့ ကျွန်တော် စိတ်ရှုပ်လာ၏။ နေရင်းထိုင်ရင်း မိန်းမကို စိတ်ထဲ ဒေါသဖြစ်ရ၏။ သူ ကျန်းမာရေးမကောင်းတာကိုပဲ အပြစ်တင်ရမလိုလိုတွေ ဖြစ်လာသည်။ တစ်နေ့တော့ စိတ်ပေါက်ပေါက်နှင့် သူ့ကို မေးသည်။
“နေပါဦး၊ မင်းဗိုက်က ဘယ်တော့...”
“ဘာတွေ လျှောက်ပြောနေတာလဲ”
“သိဘူးကွာ၊ ငါ စိတ်ရှုပ်လာပြီ။ ရလည်း မြန်မြန်ရတော့”
“ဒါတော့ ဘယ်သိမလဲ၊ ကိုယ်လုပ်တိုင်း ဖြစ်တာမှ မဟုတ်တာ”
“အေးလေ... ငါလည်း ... တော်ပြီကွာ ... စိတ်ရှုပ်တယ်”
ပတ်ဝန်းကျင်မှ ချီးမွမ်းခုနစ်ရက်၊ ကဲ့ရဲ့ ခုနစ်ရက် ဆိုသော်လည်း ပထမ သတင်းသိသူတွေ ခုနစ်ရက်၊ ပြီးနောက် နောက်မှ ညီ၏သတင်း ကြားသူတွေက ခုနစ်ရက် စပြန်သဖြင့် ထိုစကားသံများကို ကျွန်တော် တစ်လလောက် ဒဏ်ခံရသည်။
ကျွန်တော့်မှာ ရွာဦးဘိုးဘိုးကြီးထံပြေး၍ သားဆုပန်ရမလိုလို၊ နီးစပ်ရာဆရာဝန်ထံ ပြေး၍ပဲ ဆေးစစ်ရမလိုလို ဖြစ်လာ၏။ သို့သော် ဘာမှတော့ မလုပ်ဖြစ်ခဲ့။ ဒီလိုနှင့်ပင် တစ်မနက် ကျွန်တော်အိပ်နေတုန်း အမေက လာနှိုး၏။
“ဟဲ့ ရဲဝင်း... ထ... ထ... "
“ဘာဖြစ်လို့လဲ အမေ”
“နင့်မိန်းမ…. နင့်မိန်းမ”
ကျွန်တော် ကမန်းကတမ်း ထ,ကြည့်တော့ မိန်းမက နောက်ဖေး ရေကပြင်မှာ ကုန်းကုန်းကလေးဖြစ်နေ၏။ ကိုင်လက်စ ပုစွန်တွေက တန်းလန်း၊ ကြောင်က ဝင်ဆွဲနေသဖြင့် ခြေထောက်ဖြင့် ပြေးခတ်ကာ မိန်းမနား ပြန်ပြေးပြီး မေးရသည်။
“ဘာဖြစ်လို့လဲ”
“မူးလို့ ... ရင်တွေတုန်ပြီး မူးလို့”
ကျွန်တော် ကျောကုန်းကိုဖိနှိပ်ရင်း စဉ်းစားရ၏။ အမေနှင့်ကျွန်တော် မျက်ဝန်းချင်း ဆုံကြသည်။ မိန်းမက ကျောကုန်းကလေးကော့ကာ အော့ပြန်သဖြင့် ပြန်ဖိပေးရ၏။ သုံးလေးခါအော့ပြီး အမေက တွဲကာ အခန်းထဲသို့ လိုက်ပို့ရင်း စကားတွတ်ထိုးသည်။ ပြီးတော့ အခန်းထဲက ထွက်လာသောအမေက ခပ်ပြုံးပြုံး ခပ်ကျယ်ကျယ်ဖြင့် ...“ဟဲ့... ရဲဝင်း နှင့်မိန်းမကို ည ဆေးခန်းပို့လိုက်” တဲ့။
ဒီလောက်ဆိုရင်ဖြင့် ရဲဝင်းတို့က ကလောင်ခနဲ အသံကြားသည်နှင့် ဇစ်ပိုမီးခြစ်က တောက်ပြီးသားဖြစ်ပေသည်။ ရင်ထဲမှာလည်း တစ်မျိုးကြီးဖြစ်ကာသွား၏။ အခန်းထဲ ပြန်ဝင်လာတော့ မိန်းမက ကွေးကွေးကလေး မှိန်းကာ နေ၏။ မာလကာရွက်ယူချင်သည်ဟု ဆိုသဖြင့် မာလကာရွက် ခူးပေးရသေးသည်။ ကျွန်တော် စဉ်းစားနေသည်။ အရှေ့ကိုထွက်ကာ ဆေးလိပ်သောက်သည်။ ပြီးတော့ ပြန်ဝင်လာကာ သက်သာရဲ့ လား မေးရ၏။ မိန်းမက ခေါင်းကလေးငဲ့ပြကာ မျက်စိမဖွင့်ပဲ မှိန်းနေသည်။
ဒီလို ပျို့အန်တာတွေကို ဗီဒီယိုကား တော်တော်များများမှာ ကျွန်တော် ရေးခဲ့ရဖူးသည်။ ထိုမင်းသမီးသည် မင်းသားနှင့် သမီးရည်းစားဘဝဆိုလျှင် ထိတ်လန့်ကာ ကြောက်ရွံ့ တုန်လှုပ်သွားမည်။ ပြီးတော့ မျက်ရည်ဝဲကာ အားကိုးရာမဲ့ ဖြစ်သွားမည်။ ပြီးတော့ မင်းသမီးအမေတွေ အဒေါ်တွေက မျက်နှာကြောတင်းတင်းနှင့် ဒါဘယ်သူနဲ့လဲ၊ ပြောစမ်း.... ပြောစမ်း...ဟု စစ်မေးမည်။
ထိုမင်းသမီးသည် ယောက်ျားနှင့်ဆိုလျှင်တော့ ရုံးက အလုပ်ပြန်လာသော ယောကျာ်းအနား ကပ်၍ ရှက်စနိုး တိုးတိုးပြောမည်။ ယောကျာ်းဖြစ်သူ မင်းသားက ဝမ်းသာအားရ ထ,ကာ အော်နေမည်။ ကျွန်တော်တို့ မြန်မာရုပ်ရှင်ပရိသတ်ကြီးသည် မင်းသမီး အော့အန်ပြရုံနှင့် ထိုကိစ္စကြီးကို သဘောပေါက်ကြပါ၏။ အခု ကျွန်တော်လည်း သဘောပေါက်ပြီ။ လာထားစမ်း။
ထမင်းစားပြီးတော့ မိန်းမက ထပ်အော့ပြန်သည်။ နောက်ဖေးသို့ တန်းကာပြေးသော မိန်းမကို ကျွန်တော်က အောင်မြင်ခန့်ညားသောအသံနှင့် လှမ်းကာ သတိပေးရသည်။
“ဟေ့ ... ဒါ ရုပ်ရှင်ထဲကလို မဟုတ်ဘူး၊ ဘယ်နေရာမှ ပြေးမနေနဲ့၊ အန်ချင်ရင် အန်ချလိုက်၊ ဟောဒီ ငါ့အိမ်တစ်အိမ်လုံး ကြိုက်တဲ့နေရာ မင်းအန်လို့ရတယ်ကွ သိလား”
ကျွန်တော့်စကားသံကြားတော့ အမေက ပြုံးလေသည်။ ပြီးတော့ နေရာတကာ မနောက်နဲ့ဟု တား၏။
ညဘက် ဆေးခန်းသွားတော့ ဆရာမကို သေသေချာချာ ကိုယ်ဖြစ်တာပြောပြဖို့ သတိပေးရသည်။ မိန်းမက ခေါင်းညိတ်ကာ “ဝင်လိုက်မလာနဲ့” ဟု တား၏။
ဆေးခန်းရောက်တော့ ကန့်လန့်ကာကလေး အပြင်ဘက်မှာသာ ကျွန်တော်နေခဲ့ရပါသည်။ တီးတိုးသံသဲ့သဲ့ကို မသဲမကွဲ ကြားရ၏။ ဆယ့်ငါးမိနစ်ခန့်ကြာတော့ မိန်းမ တင်ပါးကလေး ပွတ်ကာ ထွက်လာ၏။ ပိုက်ဆံရှင်း၊ ဆေးယူပြီး အပြင်ရောက်တော့ ကျွန်တော် အငမ်းမရ မေးရ၏။
“ဆရာမက ဘာတဲ့လဲ”
“နောက်နေ့လာခဲ့ဦးတဲ့”
“မဟုတ်ဘူးလေ။ မင်း ဟို အန်တာ မပြောဘူးလား၊ ဘာတဲ့လဲ”
“ပြောပါတယ်ဆို၊ နောက်နေ့ပဲ လာခိုင်းတယ်”
အိမ်ရောက်တော့ ညမအိပ်မီ အော့ပြန်၏။ အမေက အခန်းထဲရောက်ကာ မေးသည်။ မစားသင့်၊ မနေသင့်တာတွေကို တား၏။ မှာ၏။ ကျွန်တော် သက်ပြင်းချကာ ဘာကြီးမှန်းမသိ ဖြစ်နေသည်။ သူ့အမူအယာတွေနဲ့ နိမိတ်တွေက ကျိန်းသေနေပြီ။ ငါ ကလေးရတော့မည်။ တွေးရတာ တစ်မျိုးကြီးပါလား။ သိချင်စိတ်ရှိသည်။ သို့သော် ဘာကိုသိချင်မှန်း မသိ။ ကိုယ့်ပုံ ကိုယ်ရိုက်ထားသည့်ဓာတ်ပုံကို ကြည့်ချင်သလိုမျိုး ဖြစ်သည်။ သို့သော် ထိုသို့အတိအကျလည်း မဟုတ်။ ကိုယ့်ပုံဆိုတာ ကိုယ်သိနေတာပဲ။
ကိုယ်ဝန်ရှိနေပြီဆိုသော စိတ်လှုပ်ရှားမှုနှင့် သိချင်စိတ်၊ စိတ်ကူးသည် အိမ်ထောင်ကျလျှင် ဘယ်လိုနေမလဲ ဆိုသည့် စိတ်ကူးထက် အဆပေါင်းများစွာ သာလေသည်။ အခုကိစ္စက စိတ်မကူးဘဲလည်း မနေနိုင်။ စိတ်ကူးတော့လည်း စိတ်ကူးထဲမှာ ဘာမှ ဖမ်းဆုပ်၍ မရှိ၊ မမိ။ ကျေနပ်၏။ ဘာကို ကျေနပ်မှန်းလည်း မသိ။ သဘောကျနေ၏။ ဘာကိုမှန်းလည်း မသိ။ အံ့သြနေ၏။ မိမိကိုယ် မိမိလည်း မဟုတ်၊ မိန်းမကိုလည်း မဟုတ်။ တစ်ခုခုတော့ ဖြစ်နေ၏။ ထိုတစ်ခုအတွက် အဖြေသည် ဘာမှမရှိ။
ဒီလိုနှင့် မိုးလင်းကာ မိုးပြန်ချုပ်သွား၏။ ဆေးခန်းသွားသည့်လမ်းမှာ သေသေချာချာ မေးဖို့ သေသေချာချာ တိုက်တွန်းရလေသည်။ မိန်းမက ကတိပေး၏။
ထုံးစံအတိုင်း ကန့်လန့်ကာကလေးနောက်မှာ ကျန်ခဲ့ကာ မိန်းမက အထဲဝင်သွားသည်။ ထို့နောက် တင်ပါးကလေးပွတ်ကာ ထွက်လာ၏။
“ဘာတဲ့လဲ”
“စာရေးပေးလိုက်တယ်၊ မြို့ထဲက အထူးကုဆေးခန်းကို သွားပါတဲ့”
“ပြစမ်း၊ သေချာတယ်တဲ့လား”
“မသိဘူး၊ အဲဒီကိုပဲ သွားဖို့ ပြောတယ်”
အိမ်ရောက်တော့ အခြေအနေကို ပြောပြရင်း ဆရာဝန်ဆေးစာကို ယူကာ ကြည့်ကြ၏။ ထုံးစံအတိုင်း ဆရာဝန်လက်ရေးနှင့် ဆေးဝေါဟာရတွေမို့ ဘာသဲလွန်စမှ မရ။ ဘာမှ မတတ်နိုင်။ သွား ဆိုရင်တော့ သွားရတော့မှာပေါ့။
ညအိပ်ရာဝင်တော့ မှိန်းနေသော မိန်းမကို ကြည့်ကာ သနားနေမိသည်။ အန်ဆဲ အော့ဆဲ။ ကိုယ်ဝန်ရဲ့ ဒဏ်ကို ဒီပါးပါးလှပ်လှပ်ကလေးက ခံနိုင်ပါ့မလား။ ရှေ့ကိုတွေးကာ ဆင်ခြင်စရာရှိသည်တို့ကို ဆင်ခြင်မည်ဟု စိတ်ကူးရသည်။ ငွေရှာဖို့အရေးလည်း တွေးရသေး၏။
အင်း... ဆေးခန်းသာ နှစ်ရက်လွှတ်သည်။ ဘာမှ ရေရေရာရာ မသိရ။ ဒီတစ်ခါတော့ ကိုယ်တိုင်ဝင်လိုက်မှပဲ။ အထူးကုဆရာဝန်နဲ့ ပြခိုင်းတယ်ဆိုတာ ဘာဆိုတာ သိမှ ဖြစ်မယ်။ ဒါ ရှက်စရာကိစ္စမဟုတ်ပါဘူး။ သမားဆို မရှက်နဲ့တဲ့။
မနက်လင်းတော့ ရွှေဘုံသာလမ်း ဆေးခန်းများရှိရာသို့ ကားငှားကာ ထွက်ရသည်။ စာအုပ်ဝယ်... ထပ်... နာရီဝက်ခန့် စောင့်ပြီး နာမည်ခေါ်တော့ ကျွန်တော်ပါ ဝင်လိုက်သွားရ၏။ ဆရာဝန်က အမျိုးသမီး။ အသက်(၅၀) ခန့်ရှိမည် ထင်၏။ စိတ်ထဲ ပေါ့ကာသွား၏။ သိပ်ရှက်စရာ မရှိတော့။
“ဘာဖြစ်တာလဲ”
“ဆရာမက စာရေးပေးလိုက်ပါတယ်၊ အန်တယ် ဆရာမကြီး၊ အစာမပါဘူး၊ လေချည်းပဲအန်တာ”
“ဟုတ်လား ... ကဲ... တက်... အိပ်”
ဆရာမက ဗိုက်ကိုစမ်းသည်။ လက်မှောက်ကာ ခေါက်၏။ လျှာထုတ်ခိုင်းသည်။
“အရင် ဘာဖြစ်ဖူးသလဲ”
“အစာအိမ်မှာ အနာသေးသေးကလေး ဖြစ်ဖူးပါတယ်၊ ပျောက်စပြုပါပြီ၊ ဆေးစာအုပ်ပါလာပါတယ် ဆရာမကြီး"
အစာအိမ်ကုစဉ် ဆေးစာအုပ်ကိုပေးတော့ ကြည့်သည်။
“အိပ်ရာထ ထမင်းစားပြီးစ ညနေ .. ည... အန်ပါတယ်။ ဟိုလေ ကျွန်တော့်ဇနီးပါ၊ ကိုယ်ဝန်များရှိ”
ဆရာမကြီးက ဗိုက်ထပ်စစ်သည်။ မျက်စိကိုစစ်သည်။ အသက်ရှူခိုင်းပြီး နားထောင်သည်။
“အန်တာ ဘယ်နှစ်ရက်ရှိပြီလဲ”
“လေးရက်လောက်ရှိပြီ ဆရာမ၊ ကိုယ်ဝန်များ...”
ဆရာမကြီးက ပြုံးကာ လှည့်ကြည့်ရင်း ဖြေသည်။
“မင်းမိန်းမက ဗိုက်ကြီးတာ မဟုတ်ဘူး၊ လည်ပင်းကြီးချင်တာ”
“ခင်ဗျာ”
“ဟုတ်တယ် အစာအိမ်လေပြွန်ပေါက်တာလား၊ လည်ပင်းကြီးချင်တာလား တစ်ခုခုပဲ၊ အဲဒီရောဂါကလည်း အန်တတ်တယ်။ ဗိုက်ကတော့ သေချာတယ်မရှိဘူး”
ကျွန်တော် အလွဲပေါင်းများစွာ လွဲခဲ့ဖူးပါသည်။ ဗိုက်နှင့် လည်ပင်းလွဲတာတော့ တော်တော်ခံရဆိုးပါ၏။ အနည်းငယ် စောင်းပါးရိပ်ခြေ ပြောထားသူတွေကို ကျွန်တော် ဘာပြန်ပြောရမည်နည်း။ ဆရာမကြီးက ဆက်ပြောသောစကားတွေကို ကျွန်တော် မကြားတော့။ စိတ်ထဲမှာ ဘာကိုမှန်းမသိ အူလည်လည်ဖြစ်နေခဲ့သည်။ မိန်းမကို ကြည့်တော့ မိန်းမမျက်နှာကလည်း အူကြောင်ကြောင်ဖြစ်နေဟန် တူ၏။ သူ့လည်ပင်းသူ ကိုင်ကြည့်နေသည်။
အိမ်ပြန်ရောက်တော့ အမေက အမောတကော လှမ်းအော်မေး၏။
“ရဲဝင်း ဘာတဲ့လဲ... ဘာတဲ့လဲ”
ကျွန်တော့်အသံတွေ လည်ပင်းမှာ တစ်ကာ နေ၏။ တော်တော်နှင့် ပြောမရ။
“လည်... လည်ပင်းကြီးတာတဲ့ အမေ”
-----------------------------------------------
နီကိုရဲ
crd 👉 https://m.facebook.com/story.php?story_fbid=781790358976484&id=100014365818991
Comments
Post a Comment