လင်္ကာဒီပချစ်သူ၊ အပိုင်း (၁၂)
အခန်း (၇)
အချစ်နှင့်အမုန်း
အခြေအနေများသည် တမဟုတ်ချင်း ပြောင်းလဲသွားကြပြီဖြစ်သည်။ ကျွန်ုပ်ထံသို့ လက်အောက်ခံ မဟာမိတ်အဖြစ် ခိုဝင်ခဲ့သော ဘာလီဘုရင်သည် သေဆုံးသွားပေပြီ။ ကျွန်ုပ်ပေးလိုက်သည့် ရွှေပခုံးကာကိုယ်ကျပ်ကို အနီစ
အပြင်ထုတ်၍ ကျွန်ုပ်ထံသို့ ပို့ခွင့်မရလိုက်တော့ချေ။ ကျွန်ုပ်၏အကူအညီကို မရလိုက်သောကြောင့် သင်းရှုံးနိမ့်သွားရခြင်း ဖြစ်ပေသည်။ ကျွန်ုပ်သာကြိုတင်သိခဲ့ရလျှင် .......။
“ဟေ့ ဘာလီဘုရင်မရှိတော့လဲ ငါဟာ သူတို့ရဲ့မဟာမိတ်အဖြစ် မက္ကဋမျိုးနွယ်စုကို အကူအညီပေးရမယ်၊ လင်္ကာဒီပဘုရင်ထံ လက်အောက်ခံခိုဝင်လာသူတစ်ဦးကို သတ်ဖြတ်ပြီး ထီးနန်းကို ပြန်သိမ်းတဲ့ကိစ္စမှာ တို့က ဒီအတိုင်းကြည့်နေယင်တော့ တို့ဒြာဝိဒိယန်မျိုးနွယ်စုရဲ့ ဂုဏ်သိက္ခာကျဆင်းလိမ့်မယ်”
“နောင်တော်ဘုရင်မင်းမြတ်”
“မင်းအသာနေစမ်းပါ ဘိဘိသန၊ ပြီးတော့ ဒီကိစ္စမှာ ငါ့ကို မလေးမခန့်ပြုခဲ့တဲ့ ဒသရဌဘုရင်ရဲ့သားတွေက အဓိက အကူအညီပေးနေကြတယ်၊ ရာမဟာ ငါ့ရဲ့ရန်သူဖြစ်တယ်၊ ငါ့ရဲ့မဟာမိတ်ကို သင်းက ဦးစီးပြီးလုပ်ကြံတယ်၊ ဒါကြောင့် သင်းဟာ ငါ့ရဲ့ရန်သူအဖြစ်မှ ပိုပြီးလေးနက်လာခဲ့ပြီ၊ဒါကြောင့် တို့ ကိသကိန္ဒာကို ချီတက်ရမယ်”
“ကိသကိန္ဒာကို ချီတက်ပါ”
“ကိသကိန္ဒာကို ချီတက်တိုက်ခိုက်ပါ”
သေနာပတိအားလုံး၏တောင်းဆိုသံများ နန်းဆောင်အတွင်း ဟိန်းသွားသည်။
“နေကြပါဦး ....နေကြပါဦး၊ ရှင်းရှင်းလင်းလင်း တွေးကြပါ၊ ဘာလီဘုရင်ဟာ လင်္ကာဒီပကို မဟာမိတ်ဖွဲ့လာသူဖြစ်တယ်၊ သို့သော် လင်္ကာဒီပနဲ့ ကိသကိန္ဒာအကြား ဘယ်လိုဆက်သွယ်မှုမှ မရှိသေးပါဘူး၊ ပြီးတော့ မက္ကဋမျိူးနွယ်စုဟာ သူတို့ရဲ့ဘုရင်ဟောင်း သုခရိတ်ကိုပြန်ပြီး နန်းတင်လိုက်ကြပြီ၊ သူတို့မလိုလားတဲ့ ဘာလီဘုရင်ကို သုတ်သင်လိုက်ပြီးပြီ။ သူတို့အရေးကို သူတို့ဘာသာ ဖြေရှင်းပြီးသွားပြီ၊ ဒီအရေးမှာ ဒြာဝိဒိယန်တို့ဟာ ကိသကိန္ဒာကို တိုက်ခိုက်စရာ ဘာမှမလိုတော့ဘူး”
ဘိဘိသနသည် နေရာမှ မတ်တပ်ရပ်လိုက်ပြီး အော်ဟစ်ပြောဆိုလေသည်။
“ဘိဘိသန ...ကိုယ့်ရဲ့မဟာမိတ်ကို ထိပါးလာသူဟာ ကိုယ့်ရဲ့ရန်သူပဲ၊ ဒါဟာ အင်မတန်ရှင်းလင်းလွယ်ကူတဲ့ သေနင်္ဂဗျူဟာပဲ၊ ဒါကိုမသိဘူးလား”
“ဒါဟာ အင်မတန်ရိုးတဲ့ သေနင်္ဂဗျူဟာပါ နောင်တော်ဘုရင်မင်းမြတ်၊ သို့သော် ကိသကိန္ဒာကို တိုက်ခိုက်ဖို့အရေးဟာ ဒီသေနင်္ဂဗျူဟာနဲ့ မဆိုင်ပါဘူး၊ အဓိကကျတဲ့လုပ်ငန်းက ကိသကိန္ဒာကို ချီတက်ဖို့မဟုတ်ဘူး၊ လင်္ကာဒီပကို ပိုမိုလုံခြုံအောင် စီမံဖို့ဖြစ်တယ်”
“ဘာဖြစ်လို့ လင်္ကာဒီပကို ပိုမိုလုံခြုံအောင်လုပ်ရမှာလဲ ဘထွေးတော်”
သားတော်မေဃနာဒက ဘိဘိသနကို စိတ်အားထက်သန်စွာ မေးလိုက်သည်။
ဘိဘိသနသည် နေရာမှ မတ်တပ်ရပ်လိုက်ပြီး သူ၏ဝတ်ရုံကြီးကို လက်ဖြင့် ဖယ်ရှားလိုက်သည်။ သူ၏အမူအယာမှာ ပို၍လေးနက်သွားလေသည်။ ခန်းမဆောင်အတွင်း သူ့အသံသည် ရှင်းလင်းပြတ်သားစွာ ပေါ်ထွက်လာလေသည်။
“နောင်တော်ဘုရင်မင်းမြတ်နဲ့တကွ သေနာပတိအားလုံး နားထောင်ပါ။ ကျွန်ုပ်ဟာ လင်္ကာဒီပအိမ်ရှေ့စံအဖြစ် ဟောဒီအိန္ဒုမြစ်တောင်ပိုင်းဒေသကိုသာမက ကမ္ဘာမြေပြင်ပေါ်မှာဖြစ်နေတဲ့ အကြောင်းအရာများကိုပါ တတ်နိုင်သလောက် လေ့လာထားပါတယ်၊ ကျွန်ုပ်တို့ဒြာဝိဒိယန်တွေဟာ ဟောဒီအိန္ဒုမြစ်တောင်ပိုင်းမှာ မျိုးနွယ်စုပေါင်းများစွာကို စည်းရုံးအုပ်ချုပ်နေချိန်မှာ မြောက်ပိုင်းက အသားဝါအာရိယန်တွေကလဲ တဖြည်းဖြည်း အင်အားကြီးမားတဲ့
နိုင်ငံကြီး ထူထောင်ဖို့ ကြိုးစားနေကြတယ်၊ ဒီနေ့ ကျွန်ုပ် အဓိကထားပြီး လေးလေးနက်နက် တိုင်ပင်ဆွေးနွေးရမှာက ကိသကိန္ဒာကိစ္စ၊ မက္ကဋမျိုးနွယ်စုကိစ္စမဟုတ်ဘူး၊ ကြီးထွားတိုးတက်လာတဲ့ အာရိယန်ကိစ္စသာဖြစ်တယ်၊ ယနေ့ ဒြာဝိဒိယန်မျိုးနွယ်စုနဲ့ အာရိယန်မျိုးနွယ်စုတို့ဟာ အင်အားအကြီးဆုံးဖြစ်တယ်၊ ဒါကို ကျွန်ုပ်တို့ စစ်ရေးအရ၊ နိုင်ငံရေးအရ လေးနက်ကျယ်ပြန့်စွာ စဉ်းစားကြရမယ်၊ အလွန်အရေးကြီးတဲ့ အခုလိုအချိန်မျိုးမှာ ကိသကိန္ဒာကို ချီတက်တိုက်ခိုက်ခြင်းဆိုတဲ့ အသေးအဖွဲကိစ္စတစ်ခုကြောင့် လင်္ကာဒီပရဲ့အင်အားကို မကုန်ခမ်းစေသင့်ဘူး”
ဘိဘိသနသည် ပြန်မထိုင်သေးဘဲ သေနာပတိများကို တလှည့်စီ လိုက်ကြည့်နေလေသည်။ သေနာပတိများသည် ဘိဘိသနစကားကြောင့် တွေဝေရှုပ်ထွေးသွားဟန်ဖြင့် တီးတိုးပြောဆိုနေကြသည်။ သားတော်မေဃနာဒက လေးနက်စွာ အတွေးဝင်နေဟန်ရှိသည်။
“သေးဖွဲတဲကိစ္စ၊ ဟုတ်လားဘိဘိသန၊ ရာမတို့ရှိရာကို တိုက်ခိုက်ဖို့အရေးဟာ သေးဖွဲ့တဲ့ကိစ္စတဲ့လား၊ ဒီဒသရဌဘုရင်ရဲ့သားနှစ်ယောက်ဟာ ငါရဲ့ရန်သူဆိုတာ မင်းမေ့နေပြီလား၊ သီတာဒေဝီကို ငါ့ထံက ဆောင်ကျဉ်းသွားခဲ့လို့ ငါက
ပြန်လည်ဆောင်ကျဉ်းယူခဲ့ရတဲ့အဖြစ်ဟာ သေးဖွဲတဲ့ကိစ္စလား ဟင်”
ဘိဘိသနသည် ခေါင်းကို ခါယမ်းနေသည်။ “ငါပြောတာကို နားလည်ကြပါ၊ နားလည်ကြပါ” ဟုလည်း ထူးဆန်းစွာ ရေရွတ်ညည်းတွားနေလေသည်။
တပ်မင်းများ ခန်းမဆောင်အတွင်း၌ ဆွေးနွေးတိုင်ပင်နေကြသံများ ပို၍ဆူညံလာသည်။ ဘိဘိသနက တစုံတခုကို ရေရွတ်ရင်း ခေါင်းကို ခါယမ်းနေလေသည်။
ထိုအခိုက် ဣဇ္ဇေနကို ပြန်၍သတိပြုမိကြတော့သည်။ သူကား ဒဏ်ရာရထားသူဖြစ်သည်။ ဣဇ္ဇေန၏ယိမ်းယိုင်သောလှုပ်ရှားမှုကြောင့် သေနာပတိတယောက်က သူ့ကို ဖေးမလိုက်ရသည်။ ထိုအခါမှပင် အသံများ ပြန်လည်ငြိမ်သက်သွားကြသည်။
“နားထောင်ကြပါ၊ ကျွန်ုပ် ဒဏ်ရာသည်းလာပြီ။ ကျွန်ုပ်မနေရတော့ဘူး၊ ကိသကိန္ဒာကို ချီတက်စရာမလိုဘူး၊ ဘာကြောင့်လဲဆိုတော့ ရာမ၊ လက္ခဏနဲ့ သုခရိတ်ဘုရင်ခေါင်းဆောင်တဲ့ မက္ကဋမျိုးနွယ်စုဟာ လင်္ကာဒီပကို ချီတက်လာကြလိမ့်မယ်၊ ဒီက သွားစရာမလိုဘူး၊ သူတို့လာကြလိမ့်မယ်”
ဆူညံနေသည့် ခန်းမဆောင်သည် ပကတိ တိတ်ဆိတ်သွားပြန်သည်။ သားတော်မေဃနာဒ၏အသံ ပေါ်လာသည်။
“ဒီသတင်းသေချာလား ဣဇ္ဇေန”
“သေချာပါတယ် သေနာပတိချုပ်၊ ကျွန်ုပ်ရရှိခဲ့တဲ့ဒဏ်ရာဟာ ကိသကိန္ဒာနယ်စပ်က သုခရိတ်ဘုရင်ရဲ့ မက္ကဋနယ်စောင့်တပ်အနီးသွားပြီး စုံစမ်းထောက်လှမ်းရာက သူတို့ပစ်လိုက်တဲ့ ဒဏ်ရာဖြစ်ပါတယ်၊ သေးငယ်ချွန်ထက်ပြီး
ထူးဆန်းတဲ့လက်နက်နဲ့ ပစ်လိုက်လို့ ရတဲ့ဒဏ်ရာ”
ဣဇ္ဇေန၏အသံသည် တဖြည်းဖြည်း တိမ်ဝင်သွားသည်။ ဤအခြင်းအရာသည် သူသေဆုံးတော့မည်ကို ပြသည့်လက္ခဏာဖြစ်ကြောင်း ကျွန်ုပ်တို့ သိလိုက်ကြသည်။ ဘိဘိသနသည် ဣဇ္ဇေနရှိရာသို့ ပြေးသွားပြီး စားပွဲပေါ်သို့တဖြည်းဖြည်း ကိုင်းညွတ်နေသည့်သူ့ကို ဖေးမထားလိုက်သည်။ မေဃနာကကမူ ဒဏ်ရာကိုလျစ်လျူရှုလျက် မေးခွနးတစ်ခုကို စိတ်အားထက်သန်စွာ မေးလိုက်သည်။
“သူတို့ ဘယ်တော့လာမလဲ”
ဣဇ္ဇေနသည် ခေါင်းကို ကြိုးစား၍ခါပြသည်။
“အဲ ဒါ ... မသိဘူး၊ ဒါပေမယ့် အစွမ်းထက်တဲ့ မက္ကဋစစ်သူကြီးတစ်ဦးကိုယ်တိုင် ပါဝင်ခေါင်းဆောင် မယ်တဲ့။ သူ့နံမည်က ..... ”
ဣဇ္ဇေန၏ခေါင်းသည် စားပွဲပေါ်သို့ ကျသွားသည်။ ဘိဘိသနသည် သူ၏ပါးစပ်နားသို့ နားကိုကပ်လျက် နားထောင်လေသည်။ ဣဇ္ဇေန၏ပါးစပ်သည် တစ်ချက်မျှပွင့်ဟသွားပြီး သွေးများထွက်ကျလာသည်။
“သူ ...ကျဆုံးသွားပြီဲ”
ဘိဘိသနထံမှ ကြေကွဲသောအသံများ ထွက်ပေါ်လာသည်။ မေဃနာဒသည် မိမိနေရာမှ တိုးတက်ကာ ဣဇ္ဇေနလဲကျနေရာသို့သွားပြီး မေးခွန်းတစ်ခု မေးလိုက်သည်။
“အဲဒီ မက္ကဋစစ်သူကြီးရဲ့အမည်ကို သူပြောသွားသေးလား ဘထွေးတော်၊ အစွမ်းထက်တဲ့ အဲဒီစစ်သူကြီးဆိုတာ ဘယ်သူတဲ့လဲ”
ဘိဘိသနသည် သားတော်မေဃနာဒကို စိုက်ကြည့်ရင်း အဖြေပေးသည်။
“ဟန်နုမာန် တဲ့”
တပ်မင်းခန်းမဆောင် ဆွေးနွေးပွဲနောက်ပိုင်းတွင် သားတော်မေဃနာဒနှင့်တကွသော လင်္ကာဒီပသေနာပတိများသည် စစ်ရေးပြင်ဆင်မှုများကို စတင်ဆောင်ရွက်ကြလေသည်။ ဤနေရာတွင်လည်း ညီတော်ဘိဘိသန၏အယူအဆသည် မှန်ခဲ့ပေသည်။ ဘိဘိသနအနေနှင့် သူ၏လေးနက်ကျယ်ပြန်ရှုပ်ထွေးသော အကြောင်းပြချက်ဖြင့် ကိသကိန္ဒာသို့ စစ်ချီမတက်ရန်၊ လင်္ကာဒီပကိုသာ လုံခြုံအောင် ထပ်မံစီစဉ်ရန် အကြံပေးခဲ့သည်။ သူ့အကြောင်းပြချက်အရ မဟုတ်သော်လည်း ကျွန်ုပ်တို့သည် ကိသကိန္ဒာသို့ ချီတက်ရန်မလိုတော့ပေ။ ဣဇ္ဇေန၏သတင်းပေးချက်အရ မဣဋများကိုယ်တိုင်က လင်္ကာဒီပသို့ ချီတက်လာကြမည်ဖြစ်ခြင်းကြောင့်ပင်။
သားတော် မေဃနာဒသည် ယခုအခါ လင်္ကာဒီပ၏ အကောင်းဆုံးမြို့စောင့်တပ်မကို အပြင်းအထန် စစ်ရေးလေ့ကျင့်ပေးနေသည်။ ရဲမက်ရင်ပြင်သည် နေ့ရောညပါ ဓားလှံလက်နက်သံများ ဆူညံနေသည်။ မေဃနာဒကိုယ်တိုင် စစ်ရေးလေ့ကျင့်မှုကို ကွပ်ကဲသည်။ မက္ကဋရဲမက်များ၏အစွမ်းကို ဘာလီဘုရင် လာရောက်စဉ်က တွေ့ရှိခဲ့ပြီးဖြစ်သည့်အတွက် သားတော်သည် ထိုသေနင်္ဂဗျူဟာကို တန်ပြန်ဖြိုဖျက်မည့် စစ်ရေးအစီအစဉ်များကိုလည်းကောင်း၊ ကြိုးများဖြင့်ခုန်လွှားဆွဲခို၍ လျင်မြန်စွာလှုပ်ရှားတတ်ကြသည်ကိုလည်းကောင်း တွေ့မြင်ရပြီးဖြစ်သည်။
ထို့ကြောင့် လျင်မြန်စွာလှုပ်ရှားနေသည့် ရန်သူကို လေးဖြင့် မလွတ်တမ်းပစ်စိုက်နိုင်မည့် တိုက်ကွက်ကို အဓိကထား၍ လေ့ကျင့်စေသည်။ ယခင် မိမိကိုယ်တိုင် မြင်းပေါ်မှ သို့မဟုတ် ရထားပေါ်မှ လျင်မြန်စွာ လှုပ်ရှားနေရင်း ငြိမ်သက်နေသောပစ်မှတ်သို့ ပစ်စိုက်သည့်လေ့ကျင့်မှုကို လေ့ကျင့်ခဲ့သည်။ ယခုမူ ပစ်မှတ်ကို ကြိုးဖြင့်ချည်နှောင်၍ မြင့်မားသောအထက်ဆီ၌ စောင့်ကြည့်ရင်း တည့်မတ်စွာစိုက်ဝင်အောင် လေးဖြင့်ပစ်ကြရသည်။ သားတော်၏သေနင်္ဂဗျူဟာအသစ်များကို ကြည့်ရှုရင်း ကျွန်ုပ်သည် တရိဂမ္ဘီကို သတိရမိပေသည်။ ဂမ္ဘီသာရှိသေးလျှင် သူ၏သားနှစ်ယောက် ဒုသနှင်ခရတို့နှင့် ရဲ့မက်ရင်ပြင်၌ တက်ကြွစွာ စစ်ရေးလေ့ကျင့်နေပေလိမ့်မည်။ ဤသို့တွေးမိတိုင်း ကျွန်ုပ်သည် ရာမကို ပြင်းစွာမုန်းတီးမိပြီး ကျွန်ုပ်တစ်ဦးတည်း ကိသကိန္ဒာသို့သွား၍ တိုက်ခိုက်လိုသည့်ဆန္ဒများ ပေါ်ပေါက်လာသည်။
ညီတော်ဘိဘိသနမူကား နဝမနှင့် ဒသမပဗ္ဗတအကြားမှ ခံတပ်ကို ထပ်မံ၍ လုံခြုံခိုင်ခံ့အောင် စီမံနေသည်။ ထိုလျှို့ဝှက်ဥမင်လမ်းကို ပြသ၍ နောက်ဆုံးဥမင်လှိုဏ်ထွက်ပေါက်ဖြစ်သော အိန္ဒုမြစ်ကမ်းအထိ ဘိဘိသနက လမ်းပြသည်။ အိန္ဒုမြစ်ကမ်း ထိုနေရာသည် လင်္ကာဒီပနှင့်ဝေးကွာသော နေရာဖြစ်သည်။ ထိုနေရာမှနေ၍ အိန္ဒုမြစ်အတိုင်း တောင်ဘက်သို့ စုန်ဆင်းသွားပါက သမုဒ်္ဒရာခေါ် အလွန်ကျယ်ပြန့်သော ပင်လယ်ကြီးတစ်ခုသို့ ရောက်ရှိမည်ဟု ဘိဘိသနက ပြောပြသည်။ ထိုလိုဏ်ခေါင်းနှင့် အိန္ဒုမြစ်ကြောင်းကို ဘယ်လိုအသုံးချရမည်လဲဟု ကျွန်ုပ်က မေးသောအခါ ဘိဘိသနက တိကျသောအဖြေကို မပေးချေ။ သို့သော် ထိုခံတပ်ဥမင်သည် လင်္ကာဒီပ၏အချက်အချာ အကျဆုံးဖြစ်သည်ဟု အဖြေပေးတတ်သည်။
“ဒီခံတပ်နဲ့ ဥမင်ကို မသုံးဖြစ်ရင်တော့ အကောင်းဆုံးပဲ” ဟုလည်းပြောတတ်သည်။
ဘိဘိသန၏အချို့လုပ်ငန်းများမှာ ကျွန်ုပ်၏စိတ်ကို ရှုပ်ထွေးစေသည်။ ကျွန်ုပ်နားမလည်နိုင်သည့်ကိစ္စများအတွက် အချင်းမများလိုသောကြောင့် ထို့ထက်ပို၍ကျွန်ုပ်မမေးတော့ချေ။
ဂုမ္ဘဒီပ၊ ဂုမ္ဘီကဏ္ဏ၊ သူရာဂုမ္ဘာန် ... စသည့် သေနာပတိများလည်း မိမိတို့တာဝန်ကျရာ နယ်နိမိတ်ဒေသများတွင် တက်ကြွစွာ လှုပ်ရှားနေကြသည်။ ကျဆုံးသွားသည့် ဣဇ္ဇေနနေရာတွင် တပ်မင်းတစ်ယောက်ခန့်အပ်ရန် ဘိဘိသနက သတိပေးသဖြင့် ကျွန်ုပ်သည် ဦးရီးတော်မာရဇ္ဇအား ထိုနေရာ၌ထားရှိရန် စိတ်ကူးထားသည်။ သို့သော် ဦးရီးတော်သည် တရိဂမ္ဘီကျဆုံးပြီးချိန်မှစ၍ စိတ်နှလုံးထိခိုက်ခဲ့ပြီး သမားတော်များ၏ကုသမှုကို ခံယူနေရပေသည်။ ကျန်းမာလာလျှင် ထိုတပ်မင်းနေရာကိုလက်ခံပါရန် ဦးရီးတော်အား ကျွန်ုပ်တိုက်တွန်းရပေမည်။
ကျွန်ုပ်ကိုယ်တိုင်မှာမူ သီတာဒေဝီ၏စက်ရာဆောင်အတွင်း၌ ဝင်ခွင့်မရသောကြောင့် ဆူဝေသောသွေးများကို မေ့ပျောက်နိုင်ရန် လင်္ကာဒီပ၏စစ်ရေးပြင်ဆင်မှုဒေသများသို့ ပြန်ရောက်သောအခါ ကျွန်ုပ်ဦးရီးတော်အား သွားရောက် တွေ့ဆုံခဲ့သည်။ ဦးရီးတော်သည် ဂန္ဓမာလာသားရဲတွင်းအနီးရှိ ပန်းဥယျာဉ်တွင် အနားယူနေပေသည်။
“နေကောင်းထိုင်သာရှိသွားပြီလား ဦးရီးတော်”
“သြော် ရာဝဏပါလား။ အေး ... ငါနေကောင်းသွားပြီ”
ထိုခြင်္သေ့ကြီးသည် မကျန်းမမာဖြစ်ခဲ့သည်ဟုဆိုခြင်းကို ယုံကြည်ရန်ခက်ခဲလှသည်။ သူ့အသံမှာ ခါတိုင်းကဲ့သို့ပင် နက်ရှိုင်းမြည်ဟည်းနေပြီး ကိုယ်ခန္ဓာမှာလည်း ထွားကျိုင်းခိုင်မာလှသည်။
“လင်္ကာဒီပဘုရင်က ဦးရီးတော်ကို တာဝန်တစ်ခုပေးရင် ဦးရီးတော်လက်ခံနိုင်ပါ့မလား”
“လင်္ကာဒီပဘုရင်က ဟုတ်လား၊ အေး ဘုရင်ပဲဖြစ်ဖြစ် ရာဝဏပဲဖြစ်ဖြစ် ဒြာဝိယန်မျိုးနွယ်စုအတွက်ဆိုရင်၊ ပြီးတော့ သင့်မြတ်လျော်ကန်တဲ့တာဝန်ဆိုရင် ငါလက်ခံမှာပေါ့၊ မသင့်မြတ်လို့ ငါမကြိုက်ရင်တော့ မင်းရဲ့သက်ဦးဆံပိုင်
ဘုရင့်အာဏာမကလို့ အာကာသနတ်ဒေဝတာရဲ့ အမိန့်ပဲဖြစ်နေနေ ငါလက်မခံဘူး”
ဦးရီးတော်၏တင်းမာပြတ်သားသော အဖြေကို ကျွန်ုပ် နှစ်ခြိုက်စွာ ရယ်မောလိုက်မိသည်။
“သင့်မြတ်လိမ့်မယ်လို့ ထင်ပါတယ် ဦးရီးတော်၊ အဲဒါကတော့ ကျဆုံးသွားတဲ့ ကိသကိန္ဒာနယ်စပ်တပ်မှုးနေရာမှာ ဦးရီးတော် တာဝန်ယူစေချင်တာပါပဲ”
“ဘယ်လို ......... ကိသကိန္ဒာ နယ်စပ်တပ်မှုး၊ ဟုတ်လား ရာဝဏ"
“ဟုတ်ပါတယ်၊ ဦးရီးတော်၊ သေနာပတိပါ”
“အဓိပ္ပါယ်မရှိတာ ပြောမနေစမ်းပါနဲ့။ ငါက မင်းရဲ့သားသေနာပတိချုပ် မေဃနာဒအမိန့်ကို နာခံရမှာလား”
ဦးရီးတော် တစ်စုံတစ်ခုကို အလိုမကျလျှင် ပြုမူလေ့ရှိသည့်အတိုင်း ကျားလျှာထက်ကြမ်းသော ညာလက်ဖဝါးကြီးနှင့် အနီးမှ ထင်းရှုးပင်စည်တစ်ခုကို ရိုက်ပစ်လိုက်သည်။ ပေါင်လုံးခန့်ရှိ ထင်းရှုးပင်ငယ်သည် ဖြောင်းခနဲ ကျိုးကျသွားလေသည်။
“မြေးက သေနာပတိချုပ်ဖြစ်နေပြီး သူ့အဘိုး သေနာပတိကို အမိန့်ပေးမယ်၊ ဒီအမိန့်ဟာ တူဖြစ်ဆီကလာတဲ့အမိန့်၊ တော်စမ်းပါ ရာဝဏ”
“ဒါဖြင့် ဦးရီးတော် သေနာပတိချုပ်တာဝန်ကိုယူလေ”
“မေဃနာဒရဲ့ စည်းစိမ်ကို ငါမမက်ပါဘူး၊ ဒါတွေလုပ်မယ့်အစား ငါ့ဘယ်ဘက်လက်နဲ့ ဂန္ဓမာလာပန်းတွေကို ကမ္ဘာပေါ်မှာ အဆန်းကြယ်ဆုံးဖြစ်အောင် ဖန်တီးတီထွင်နေလိုက်မယ် ရာဝဏ”
စကားပြောရင်း ဦးရီးတော်မာရဇ္ဇသည် ဘယ်ဘက်လက်ဖဝါးဖြင့် အနက်ရောင်နှင်းဆီအခိုင်တစ်ခိုင်ကို အုပ်မိုးသုံးသပ်လိုက်သည်။ ထိုအခိုင်မှာ အဖူးအငုံများချည်းရှိသောအခိုင်ဖြစ်သည်။ ဦးရီးတော်သည်
အနီးရှိကျောက်ခွက်ထဲရှိ ဆီးနှင်းရည်ကို လက်ဖြင့်ဆွတ်ယူလိုက်ပြီး နှင်းဆီဖူးများကို အသာအယာ ရေစက်ဖြင့်တောက်ပေးရင်း အဖူးများကို ဖြည်းညင်းစွာ လိမ်းသုတ်လိုက်လေသည်။ နှင်းဆီဖူးများသည် ညကပွင့်ခဲ့သည့် အပွင့်များအတိုင်း လှပစွာ ပွင့်အာသွားကြသည်။ ဦးရီးတော်၏ ထိုထူးဆန်းလှပသောလှုပ်ရှားမှုများကို ကြည့်ရင်း ကျွန်ုပ်ခေါင်းထဲသို့ အတွေးတစ်ခု ဝင်ရောက်လာလေသည်။ ဤအတွေးကြောင့် ကျွန်ုပ်ပျော်ရွှင်သွားမိသည်။
“ဦးရီးတော်သဘောအတိုင်းပဲ ရှိပါစေ၊ ဒါပေမယ့် ကျုပ်ကို ဦးရီးတော်ရဲ့ပဋိပက္ခသေနင်္ဂဗျူဟာတစ်ရပ် သင်ကြားပေးပါလား ဦးရီးတော်”
“ဘာလဲရာဝဏ”
“ဖူးငုံနေတဲ့နှင်းဆီကို ပွင့်သွားစေတဲ့ ပညာ”
“ဟေ မင်းတကယ်ပြောတာလား ရာဝဏ၊ မင်းလိုလူမျိုးက ဒါကိုသင်ယူမလို့လား”
ဦးရီးတော်၏ ခြင်္သေ့နှင့်တူသောမျက်နှာမှ မျက်လုံးများသည် တောက်ပြောင်သွားကြသည်။
“ဟုတ်တယ် ဦးရီးတော်”
“အင်မတန်သင့်မြတ်တဲ့လုပ်ငန်းပေါ့ ရာဝဏရယ်၊ ကဲ လာ”
“ဒါပေမယ့် ဒါကိုပြောတာမဟုတ်ဘူး ဦးရီးတော်”
“ဘယ်လို ရာဝဏ၊ ဖူးငုံနေတဲ့ပန်းပွင့်များကို ပွင့်အာသွားစေတဲ့ ပညာဆို ”
“ဟုတ်တယ်လေ၊ ဒါပေမယ့် ပန်းပွင့်မဟုတ်ဘူး၊ ဦးရီးတော်၊ မိန်းမတစ်ဦးရဲ့အချစ်”
“ဘာ”
“ပိတ်ဆို့နေတဲ့နှလုံးအိမ်အတွင်းက မိန်းမတစ်ဦးရဲ့ အချစ်ကို ဖူးငုံပွင့်အာလာအောင်လုပ်တဲ့ပညာ၊ ဒါကိုလဲ ဦးရီးတော်တတ်ကျွမ်းမှာပေါ့”
“မင်း ဘာတွေပြောနေတာလဲရာဝဏ”
“သီတာဒေဝီလေ ဦးရီးတော်၊ သီတာဒေဝီရဲ့အချစ်၊ ယခုထိ သူဟာ ကျုပ်ကို မုန်းတီးစက်ဆုပ်နေတယ်၊ သူ့နှလုံးထဲမှာ အချစ်ကို ပိတ်ဆို့ကာကွယ်ထားတယ်၊ ဒါကို ဖူးပွင့်လာအောင်လုပ်ဖို့......”
ဦးရီးတော်သည် ကျွန်ုပ်ကို အံ့သြထိတ်လန့်စွာ စိုက်ကြည့်နေသည်။ ဂန္ဓမာလာဥယျာဉ်အတွင်းမှ ပန်းရနံ့များသည် သင်းပျံ့နေကြလေသည်။ ထိုသင်းပျံ့သောလေထဲတွင် သားရဲတွင်းမှ ခြင်္သေ့ဟိန်းသံများသည် တစ်ချက်တစ်ချက်
စွက်ဖက်နေသည်။
“ရာဝဏ ပဋိပက္ခသေနင်္ဂဗျူဟာရဲ့ လျှို့ဝှက်နက်နဲ့မှုကို ငါ အနှစ်နှစ်ဆယ်လုံးလုံး အရှေ့ဘက်တောတောင်တွေထဲမှာ ဆည်းပူးလေ့ကျင့်ခဲ့တယ်၊ သဘာဝရဲ့ခက်ထန်မှု၊ သဘာဝရဲ့နူးညံ့မှုတွေနောက်ကွယ်က
အဓိကအင်အားတွေကို ငါရှာဖွေတွေ့ရှိခဲ့တယ်၊ ဟောဒီဥယျာဉ်ထဲက ပန်းပွင့်တွေ၊ ဟောဒီသားရဲတွင်းက သားရိုင်းတွေအားလုံးကို ငါအလိုရှိသလို စီမံနိုင်တယ်၊ ဒါပေမယ့် ...”
ဦးရီးတော်သည် မျက်လုံးအစုံကို ဖြည်းညင်းစွာ မှိတ်လိုက်သည်။
“မိန်းမတစ်ဦးရဲ့ နှလုံးအိမ်အတွင်းက ခက်ထန်မှုနဲ့ နူးညံ့မှုကို ငါမသိဘူး၊ ငါသိတာ တစ်ခုပဲရှိတယ်၊ အဲဒါကတော့ မိန်းမတစ်ဦးရဲ့ ပဋိပက္ခသေနင်္ဂဗျူစာထက် အဆပေါင်းများစွာ နက်နဲ့ရှုပ်ထွေးတယ်။ ပိတ်ဆို့နေတဲ့နှလုံးအိမ်ကို
ဖူးပွင့်လာအောင်လုပ်ဖို့၊ အဲဒီက အချစ်ဆိုတာကို ပွင့်အာလာစေဖို့၊ ဒါကိုတော့ ငါလဲနားမလည်ဘူး ရာဝဏ။ ငါမတတ်ဘူး၊ ဒါကြောင့် မင်းကို သင်ကြားမပေးနိုင်ဘူး”
စကားဆုံးသောအခါ ဦးရီးတော်သည် လှပစွာပွင့်နေသည့် သူ့လက်ထဲမှ နှင်းဆီနက်ကို အောက်သို့ပစ်ချလိုက်ပြီး ခြေနှင့်နင်းချေလိုက်သည်။ ထို့နောက် ကျွန်ုပ်ရှေ့မှထွက်ခွာသွားသည်။ ဥယျာဉ်မုခ်ဝတွင် သော်ကပန်းရုံရှိရာသို့ ရောက်သောအခါ ကျွန်ုပ်ဆီသို့ နောက်လှည့်ကြည့်လိုက်သည်။
“ရာဝဏ .....မင်းဟာ မျက်စိတမှိတ်အတွင်း မြားအစင်းပေါင်းများစွာကို ပစ်လွှတ်နိုင်သူဖြစ်တယ်၊ သို့သော် တစ်ခါပစ်လွတ်ရင် မင်းရဲ့လေးညို့မှာ မြားတစ်စင်းသာတင်နိုင်မယ်၊ မြားအစင်းပေါင်းများစွာကို ပစ်လွှတ်ဖို့
လေးညို့ကို အကြိမ်ပေါင်းများစွာ ဆွဲငင်ရမယ်၊ ဒါပေမယ့် သူတို့မိန်းမဆိုတာမျိုးက ညို့ကို တခါငင်လိုက်ရင်ပဲ မြားငါးစင်းကို တစ်ပြိုင်တည်းလွှတ်နိုင်တယ်။ လှပတဲ့ရုပ်အဆင်း၊ သာယာတဲ့အသံ၊ နူးညံ့တဲ့အထိအတွေ့၊ သင်းပျံ့တဲ့ရနံ၊ ချိုမြတဲ့အရသာဆိုတဲ့ အဆိပ်လူးမြားငါးစင်း ...”
ဆန်းပြားသောစကားများကို အသံနက်ကြီးဖြင့် ရေရွတ်ရင်း ဦးရီးတော်သည် သော်ကပန်းရုံနောက်ကို ဝင်ရောက်ပျောက်ကွယ်သွားလေသည်။ ဦးရီးတော်၏တိုးဝှေ့ပွတ်သပ်မှုကြောင့် သော်ကပန်းရုံသည် လှုပ်ခါသွားပြီး
လိပ်ပြာငယ်များ ပန်းရုံအပြင်သို့ လန့်ဖျပ်ပျံထွက်လာကြသည်။ အတန်ကြာမျှ ရစ်ဝဲပျံသန်းနေကြပြီးနောက် လိပ်ပြာတို့သည် ပန်းပွင့်များထက်သို့ နားလိုက်ကြပြန်သည်။ ဦးရီးတော် နင်းခြေသွားသော နှင်းဆီနက်၏ပွင့်ဖတ်များသည် ကျောက်ပြားပေါ်တွင် ပြန့်ကျဲနေသည်။ ဂန္ဓမာလာဥယျာဉ်တခွင်၌ သင်းပျံ့နေသောပန်းရနံ့ များသည် ကျွန်ုပ်ကို လွှမ်းခြုံနေကြသည်။ ပန်းပေါင်းစုံတို့ လှပစွာဖူးပွင့်နေကြသည်။ လိပ်ပြာနှင့် ပျားပိတုန်းတို့ ကူးသန်းမြူးတူးနေကြသည်။
ကျွန်ုပ်၏ အတွေးများထဲတွင် ဦးရီးတော် မာရဇ္ဇပြောသွားသည့်စကားများ လှည့်လည်နေလေသည်။ ပန်းတို့၏အဖူးအငုံများကို မိမိလက်ဖြင့် ပွင့်အာစေသူ ဤပုဂ္ဂိုလ်သည် ပိတ်ဆို့နေသော မိန်းမတစ်ဦး၏နှလုံးအိမ်ကို
ဖူးပွင့်စေဖို့ မတတ်နိုင်ဘူးတဲ့လား။ သီတာဒေဝီရဲ့ နှလုံးအိမ်ကို ဖွင့်ဖို့ ဒီကမ္ဘာမှာ ဘယ်အရာမှ မရှိဘူးလား။
မေးခွန်းများစွာကို မေးနေမိစဉ်တွင် သားရဲတွင်းဆီမှ ခြင်္သေ့ဟိန်းသံတစ်သံထွက်ပေါ်လာသည်။ ဂန္ဓမာလာ၏ သစ်ပင်များဆီမှ ကျေးငှက်များ လန့်၍ပြေးကုန်ကြသည်။ ခြင်္သေ့၏အဆက်မပြတ် ဟိန်းဟောက်သံများကို နားထောင်ရင်း ကျွန်ုပ်၏ခေါင်းထဲသို့ အဖြေတစ်ခု ဝင်ရောက်လာလေသည်။
“ခွန်အားလက်ရုံး”
“ပိတ်ဆို့နေတဲ့ မိန်းမတစ်ဦးရဲ့ နှလုံးအိမ်ထဲက အချစ်ကို ဖွင့်ယူဖို့အရေးဟာ ဘာများခက်ခဲနေရမှာလဲ၊ အင်အားဟာ အမှန်တရားပဲ မဟုတ်လား၊ အင်အားရဲ့ရှေ့မှောက်မှာ ပိတ်ဆို့နေတဲ့အရာမှန်သမျှ ပွင့်ဟလာရမှာပဲ”
ကျွန်ုပ်သည် ဂန္ဓမာလာဥယျာဉ်ထဲမှ ထွက်ခဲ့ပြီး သီတာဒေဝီရှိရာ စက်ရာဆောင်သို့ လာခဲ့သည်။ လင်္ကာဒီပသို့ရောက်သည့်နေမှစ၍ သီတာဒေဝီကို ကျွန်ုပ် အတတ်နိုင်ဆုံး သူ့သဘောကျ လိုက်လျောခဲ့ပေသည်။ ဒသဂီရိဘုရင်၏ တစ်သက်တာဝယ် မိမိအလိုဆန္ဒကို မေ့ဖျောက်လျက် သူတစ်ပါး၏အလိုအတိုင်း လိုက်လျောခွင့်ပြုမှု တစ်ကြိမ်တစ်ခါ ဖြစ်ပေါ်ခဲ့သည်ဆိုလျှင် ထိုတစ်ကြိမ်တစ်ခါသည် သီတာဒေဝီကို လိုက်လျောခွင့်ပြုခြင်းသာဖြစ်ပေမည်။ သီတာဒေဝီကို သွားရောက်တွေ့ဆုံတိုင်း ကျွန်ုပ်သည် လင်္ကာဒီပသက်ဦးဆံပိုင်အာဏာကို သူ၏စက်ရာဆောင်တံခါးအပြင်ဘက်တွင် ထားခဲ့သည်ချည်းဖြစ်သည်။
ယခု ကျွန်ုပ်၏အမှားများကို ကျွန်ုပ်ပြန်မြင်လာသည်။ ဒသဂီရိသည် ဘုန်းလက်ရုံးအင်အား အာဏာနှင့် ခွဲခြား၍ မရစကောင်း။ ဒသဂီရိ၏အပြုအမူ အကျင့်အကြံမှန်သမျှ ခွန်အားနှင့် တွဲဖက်နေရမည်။ ထိုအခါ အောင်မြင်မှုတို့ဖြစ်ပေါ်လာသည်။ သီတာဒေဝီအတွက်မူ ကျွန်ုပ်သည် အဘယ်ကြောင့် ကျွန်ုပ်နှင့် ခွဲခွာမရအောင် တွဲဖက်နေသည့်အင်အားကို တသီးတခြား ပယ်ခွာခဲ့ရသနည်း။ အင်အားမှကင်းကွာသော ဒသဂီရိ၏အလုပ်သည် အောင်မြင်မည်မဟုတ်ချေ။ ကျွန်ုပ်သည် မိမိပိုင်ဆိုင်သောအရာကို မိုက်မဲစွာ လျစ်လျူရှုနေမိခဲ့ခြင်းဖြစ်ပေမည်။
စက်ရာဆောင်၏ ရွှေခြည်ဖောက်ပဝါခန်းဆီးစကို ဖယ်ရှားလိုက်သည်နှင့် တံခါးအထက်တွင် တွဲခိုကျနေသည့် ပုလဲကြိုးများမှာ အသံမြည်သွားလေသည်။ သီတာဒေဝီသည် ညောင်စောင်းပေါ်တွင် လဲလျောင်းနေရာမှ ကျွန်ုပ်ကို
မြင်သောအခါ ကိုယ်ကို ထူမလိုက်သည်။ ဒြာဝိဒိယန်လုံမငယ်၏ဗျပ်စောင်းသံလည်း ရုတ်ခြည်း တိတ်သွားသည်။ ကျွန်ုပ်သည် လေသာပြတင်းရှိရာသို့ တစ်ဟုန်ထိုး ချည်းကပ်လိုက်ပြီး သီတာဒေဝီကို မျက်နှာချင်းဆိုင်လိုက်သည်။ ဤလေသာပြတင်း၏အောက်တွင် သားရဲတွင်းရှိပေသည်။ သီတာဒေဝီသည် ညောင်စောင်း၏ခေါင်းရင်းဆီမှ ရှည်လျားသောပဝါတစ်ခုကို ကောက်ယူပြီး လက်တွင် တင်းတင်းဆုပ်လိုက်သည်။ ဤပုဝါသည် ဟိမဝန္တာမှ ပိုးချည်မျှင်များနှင့် ရက်လုပ်ပြီး အပေါ်တွင် ရွှေစများ ကြဲပက်ခတ်နှိပ်ထားသည့် ပဝါဖြစ်သည်။
စက်ရာဆောင်အတွင်းရှိ ကျွန်ုပ်အမိန့်ပေးထားသည့် လုံမငယ်တို့သည် အလျှိုလျှို ပျောက်ကွယ်သွားကြလေသည်။
“ဘယ့်နှယ့်လဲ သီတာဒေဝီ၊ ဒြာဝိဒိယန်တေးဂီတကို မင်းနားယဉ်သွားပြီမဟုတ်လား၊ လင်္ကာဒီပနန်းတော်ထဲက အသုံးအဆောင်တွေနဲ့လဲ ရင်းနှီးသွားပြီမဟုတ်လား”
သီတာသည် ရွှေပဝါကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း မျက်နှာကို ငုံ့ထားလေသည်။
“လေသာပြတင်းက ခုန်ချဖို့ပြင်ဆင်ပြီး ကျုပ်ကို နှင်ထုတ်ဖို့အကြံကိုတော့ လက်လွှတ်လိုက်ပါတော့ သီတာဒေဝီ၊ ဒီလိုမှမဟုတ်ဘူးဆိုရင်လဲ လေသာပြတင်းရှိရာကို မင်းလာခဲ့လေ၊ ကျုပ် ဒီမှာရှိနေတယ်”
အောက်ဘက်မှ ခြင်္သေ့ဟိန်းသံတစ်ချက် ပေါ်လာသည်။
“အဲဒါ ... သားရဲတွင်းဆီကပဲ သီတာဒေဝီ၊ အဲဒီမှာရှိနေတဲ့ ခြင်္သေ့တွေဟာ အင်မတန်ကြီးမား ရိုင်းစိုင်းကြတယ်၊ သူ့ကိုအစာကျွေးတဲ့ လူတော်တော်များများကိုလည်း သူဟာ သတ်ဖြတ်ပစ်ခဲ့ပေါင်းများလှပြီ၊ သူ့မှာ ချစ်ခင်တတ်တဲ့
နှလုံးသားဆိုတာလဲ မရှိဘူး၊ ရက်စက်ကြမ်းကြုတ်မှုပဲရှိတယ်၊ ဒါပေမယ့် အဲဒီရက်စက်ကြမ်းကြုတ်တဲ့တိရစ္ဆာန်တွေရဲ့အရှင်သခင်ဖြစ်တဲ့ ကျုပ်မှာတော့ ချစ်ခင်တတ်တဲ့နှလုံးသားရှိနေတယ်”
သီတာဒေဝီသည် မျက်နှာကိုပြန်မဖော်၊ စကားပြန်လှန်မဆိုဘဲ ပဝါကိုသာ ဆုပ်နယ်နေလေသည်။ လုံးဝန်းသောပခုံးများနှင့် လှပသည့်လက်ချောင်းများကို ကြည့်ရင်း ကျွန်ုပ်ရင်တို့ လှုပ်ခတ်လာကြသည်။
“ဒါကို မင်းမသိဘူးလား သီတာဒေဝီ၊ ကျုပ်ရဲ့ချစ်ခင်တတ်တဲ့ နှလုံးသားကို မင်းမသိဘူးလား၊ သိဖို့မကြိုးစားတော့ဘူးလား၊ ရက်ပေါင်းများစွာ လင်္ကာဒီပနန်းတော်ထဲမှာ မင်းဒီလိုပဲ နေတော့မှာလား၊ ကျုပ် ..”
အငြိုးကြီးစွာဆုပ်ခြေခံနေရသော သူ့လက်ထဲမှပဝါစသည် ကျွန်ုပ်ကိုယ်စားဖြစ်ကြောင်း ရုတ်တရက် နားလည်လိုက်သည်။ ထိုအခါတွင် ကျွန်ုပ်သည် ဆောက်တည်နေခြင်းငှာ မစွမ်းနိုင်တော့ဘဲ သူ့လက်ထဲမှ ပဝါစကို ဆွဲယူလိုက်မိလေသည်။ လက်တွင်း၌ ရစ်ပတ်ထားသောကြောင့် ပဝါစသည် သီတာဒေဝီလက်အတွင်းမှ လွတ်ကျမလာချေ။ ထိုအခါ ရှည်လျားသောပဝါစ၏ အစွန်းတစ်ဖက်သည် သီတာဒေဝီ၏လက်၌၊ အခြားအစွန်းတစ်ဖက်သည်
ကျွန်ုပ်၏လက်၌ ရောက်ရှိနေလေသည်။ ရွှေစများကြဲပက်ထားသည့် ပိုးပဝါသည် မိုးတိမ်စတစ်ခုကဲ့သို့ ကျွန်ုပ်တို့နှစ်ဦးအကြားတွင် သွယ်တန်းနေသည်။ မမျှော်လင့်ဘဲ ဤသို့ဖြစ်ပေါ်သွားခြင်း၌ ကျွန်ုပ်ပျော်ရွှင်သွားမိသည်။
ပဝါ၏ဤမှာဘက်အမြိတ်စွန်းသည် ကျွန်ုပ်၏လက်ထဲ၌ ဟိုမှာဘက်အမြိတ်စွန်းသည် သီတာဒေဝီ၏လက်ထဲ၌။ သီတာဒေဝီသည် မျက်ရည်စများ မခြောက်သေးသော မျက်လုံးအစုံဖြင့် ကျွန်ုပ်ကို စိမ်းစိမ်းကြည့်နေလေသည်။
ကျွန်ုပ်၏စကားများ၌ သို့မဟုတ် ကျွန်ုပ်၏အသံ၌ သက်ဝင်ညွတ်နူးခြင်းရှိလာရန် ကျွန်ုပ် အားထုတ်ရပေမည်။
“ဒါတွေဟာ အခုအခိုက်အတန့် ကျုပ်ရဲ့အစီအစဉ်တွေပဲ သီတာဒေဝီ၊ မင်းအနေနဲ့ ဒါ့ထက်ပိုပြီး ခမ်းနားလှပတဲ့အရာတွေကို လိုအပ်သေးတယ်ဆိုရင်လဲ အခု ကျုပ်ကို ပြောပြပါလား”
သူ၏ပထမဦးဆုံးစကားလုံးများ ထွက်ပေါ်လာသည်။
“လင်္ကာဒီပဘုရင်၊ ကျွန်မရဲ့မေးခွန်းတွေကို ခွင့်ပြုမလား”
သီတာဒေဝီ၏နှုတ်မှ ပြေပြစ်သောစကားအသုံးကို ပထမဆုံးအကြိမ် ကျွန်ုပ်ကြားရခြင်းပေတည်း။ ဤမျှသောအလှအပသည် ဤမျှသောချိုမြသည့်အသံနှင့်သာ လိုက်ဖက်လေသည်။ အဘယ့်ကြောင့် သီတာဒေဝီသည် သူ၏ချိုမြသောမူလအသံကို ရက်ပေါင်းများစွာ သိမ်းဆည်းထားရသနည်း။
“ပြောပါ သီတာဒေဝီ၊ ပြောပါ၊ ကျုပ် အများကြီးဝမ်းမြောက်မိပါတယ်၊ သီတာဒေဝီကို ဒသဂီရိခွင့်မပြုတဲ့အရာဆိုတာ မရှိနိုင်ပါဘူး”
“ကျွန်မကို ဒီနန်းတော်ထဲခေါ်လာပြီး ဒီလိုထားတာဟာ အာရိယန်တွေအပေါ်မှာ ဒြာဝိဒိယန်တွေက လွှမ်းမိုးချုပ်ကိုင်နိုင်ဖို့အရေးအတွက် အသုံးချတာလား လင်္ကာဒီပဘုရင်”
နှလုံးသည်းပွတ်၏ဝန်းကျင်၌ လှည့်လည်နေသော ကျွန်ုပ်၏အတွေးတို့သည် မာကျောသောမေးခွန်းများကြောင့် ချောက်ချားသွားရပေသည်။ ထိုအမေးကိုဖြေရန် ကျွန်ုပ် စကားလုံးရှာမတွေ့ဖြစ်သွားရသည်။
“ဘယ်လိုမေးလိုက်သလဲ သီတာဒေဝီ”
“အာရိယန်မျိုးနွယ်စု ဘုရင့်သမီးတော်တစ်ယောက်က ဒြာဝိဒိယန်ဘုရင်ကို မေးလိုက်တာပါ၊ ကျွန်မကို ဖမ်းဆီးချုပ်နှောင်ထားခြင်းအတွက် လင်္ကာဒီပဘုရင်လို စစ်ဘုရင်တစ်ဦးအဖို့ ဒါကလွဲပြီး တခြားရည်ရွယ်ချက်များ
ရှိသေးသလား”
“တော်...တော်စမ်းပါ သီတာဒေဝီ၊ အဲဒီကြမ်းတမ်းတဲ့အတွေးကို ဖယ်ထုတ်လိုက်စမ်းပါ၊ မင်းကို ဖမ်းဆီးချုပ်နှောင်ထားတာလဲ မဟုတ်ဘူး၊ မျိုးနွယ်စုတစ်ခုကို လွှမ်းမိုးအုပ်ချုပ်ဖို့အရေးလဲ မဟုတ်ဘူး၊ ကျုပ် မင်းရုပ်ပုံကို
ဓမ္မကတောင်ခြေရင်းက စမ်းချောင်းငယ်တစ်ခုမှာ တွေ့ရှိရပြီး မိထိလာလေးတင်ပွဲကို လာရောက်ခဲ့စဉ်တုန်းက မင်းကို ကျုပ် ...”
ထူးဆန်းသောအင်အားကြီး??? စကားတစ်ခွန်းသည် ကျွန်ုပ်၏နှုတ်ဖျားသို့ ရောက်ရှိလာပြီးနောက် ရုတ်တရက် ရပ်တန့်သွားသည်။ ထိုအရာကို ကျွန်ုပ်လေထဲသို့ ဖွင့်ဟထုတ်ရန်အတွက် ထူးဆန်းသောထိတ်လန့်မှုတစ်ခုကို ကြုံတွေ့နေသည်။
“ချစ်မြတ်နိုး .... လို့”
စစ်ဘုရင်ဟု အခေါ်ခံရသော ကျွန်ုပ်က ထိတ်လန့်နေစဉ် လှပသောမိန်းမသည် စစ်ဘုရင်၏ရှေ့မှောက်၌ ဟက်ဟက်ပက်ပက် ရယ်မောလိုက်လေသည်။
“ချစ်မြတ်နိုးခြင်းတဲ့လား...၊ ရှိပါစေတော့ လင်္ကာဒီပဘုရင်၊ ဒါပေမယ့် ကမ္ဘာလောကမှာ ချစ်မြတ်နိုးမှုကို ပိုင်ဆိုင်တဲ့သူတွေဟာ မိမိချစ်မြတ်နိုးသူတွေရဲ့ ဆင်းရဲဒုက္ခကို မဖန်တီးရဘူး၊ မိမိချစ်မြတ်နိုးသူရဲ့ လိုအင်ဆန္ဒကို ဖြည်ဆည်းဖို့ကို အမြဲရည်ရွယ်ရမယ်၊ အဲဒါဟာ ချစ်မြတ်နိုးခြင်းဆိုတာရဲ့ ဂုဏ်လက္ခဏာပေါင်းများစွာထဲက တစ်ခုသာရှိသေးတယ် လင်္ကာဒီပဘုရင်”
ပင်ပန်းခက်ခဲစွာ ကျွန်ုပ်အားထုတ်ပြောဆိုရသည့် စကားလုံးများကို သီတာဒေဝီသည် လွယ်ကူစွာဖြင့် ထပ်တလဲလဲ သုံးစွဲပြောဆိုနေနိုင်ပေသည်။
“လင်္ကာဒီပဘုရင် သင့်ရဲ့အပြုအမူတွေဟာ ချစ်မြတ်နိုးခြင်းရဲ့ ဆန့်ကျင်ဘက်တွေဖြစ်တယ်၊ ဒါကိုကော သင်သိရဲ့လား”
သီတာဒေဝီကို ချစ်မြတ်နိုးမိသောကြောင့် ကျွန်ုပ်ပြုမူခဲ့သည်များသည် ထိုအရာ၏ဆန့်ကျင်ဘက်တဲ့လား။ ကျွန်ုပ်မသိချေ၊ သို့သော် ကျွန်ုပ် မသိဟုဖြေလိုက်လျှင် ကျွန်ုပ်၏နှလုံးအိမ်အတွင်းမှ တကယ်ရှိနေသောအရာကို အတုအယောင်ဟု သီတာဒေဝီ ယူဆပေလိမ့်မည်။ ထို့ကြောင့် ကျွန်ုပ်သည် သူ့မေးခွန်းကိုမဖြေဘဲ နေလိုက်မိသည်။
“မိမိချစ်မြတ်နိုးတဲ့သူရဲ့ ဆန္ဒကို လိုက်လျောရမယ်၊ ဒါကိုကော သိရဲ့လား လင်္ကာဒီပဘုရင်”
“ဒါ ...မှန်ပါတယ် သီတာဒေဝီ၊ မင်းရဲ့လိုအင်ဆန္ဒကို ကျုပ်လိုက်လျောရမှာပေါ့”
သီတာဒေဝီ၏မျက်နှာသည် ချက်ချင်း တင်းမာသွားပြန်သည်။
“ဒါဖြင့် ကျွန်မကို အခုချက်ချင်း လွှတ်ပြီး မောင်တော်ရာမဆီ ပြန်ပို့ပါ“
“ဘာ .....”
ကျွန်ုပ်၏မျက်စိထဲ၌ လျှပ်ပြက်သကဲ့သို့ ဝင်းခနဲဖြစ်သွားသည်။
“ ကျွန်မကို အခုချက်ချင်း လွှတ်ပြီး မောင်တော်ရာမဆီ ပြန်ပို့ပါ”
“တိတ်စမ်း”
ကျွန်ုပ်သည် ယောင်ယမ်း၍ ခါးကြားမှ ဓားမြှောင်ကို ဆွဲထုတ်လိုက်သည်။ သီတာဒေဝီသည် ကျွန်ုပ်အနီးမှ ရုတ်ခြည်း နောက်သို့ဆုတ်သွားလေသည်။
“မင်းကို ကျုပ်က လွှတ်ပြီးပြန်ပို့ရမယ် ဟုတ်လား၊ ကျုပ်ရဲ့နှလုံးသည်းပွတ်ကို ထုတ်ယူပြီး ရန်သူရဲ့ခြေရင်းမှာ သွားထားရမယ် ဟုတ်လား၊ အိန္ဒုမြစ်က ရေတွေအားလုံးနဲ့ ဆေးကြောတောင်မှ မပျောက်ပျက်နိုင်မယ့် မိုက်မဲတဲ့အပြစ်ကို
ကျုပ်က ကျူးလွန်ရမယ်တဲ့လား၊ ဒီမှာ လင်္ကာဒီပဘုရင်ကို ကြည့်စမ်းပါ၊ မင်းကိုတော့ သူဆီ ဘယ်တော့မှပြန်မပို့ဘူး၊ လင်္ကာဒီပကို မက္ကဋမျိုးနွယ်စုတွေနဲ့အတူရောက်လာမယ့် သူ့အလောင်းကိုပဲ မင်းရှေ့မှောက်အရောက် လာပို့မယ်၊ နားလည်လား”
“ဟင် ... ဘာပြောတယ်၊ မက္ကဋမျိုးနွယ်စုတွေနဲ့အတူ မောင်တော်ရာမ ဒီကိုလာမယ် ဟုတ်လား”
“ဟုတ်တယ်၊ ဒါပေမယ့် မင်းကို အသက်ရှင်ရက်နဲ့ ဘယ်တော့မှမတွေ့ရဘူး၊ မင်းကတော့ ကျုပ်အတွက် အသက်ရှင်နေရမယ်၊ အဲဒီအသားဝါဘုရင်ရဲ့သားကိုတော့ အသက်ဝိဥာဉ်ကင်းမဲတဲ့အဖြစ်နဲ့ မင်းတွေ့စေရမယ်”
“ရက်စက်ကြမ်းကြုတ်တဲ့ လင်္ကာဒီပဘုရင် ကျွန်မကို အခုလွှတ် ... လွှတ်”
“ဘယ်တော့မှ မလွှတ်နိုင်ဘူး သီတာဒေဝီ၊ ဘယ်တော့မှ မလွှတ်နိုင်ဘူး၊ မလွှတ်တဲ့အပြင် မင်းဟာ နူးညံ့တဲ့ကျုပ်နှလုံးအိမ်ကို အချိန်မရွေး ထွင်းဖောက်ထွက်ပြေးလိမ့်မယ်၊ ချစ်မြတ်နိုးမှုနဲ့ မင်းကို ချည်နှောင်လို့တော့ မရဘူး၊ အကျဉ်းထောင်နဲ့သာလျှင် မင်းကို ချည်နှောင်ရတော့မယ်။ ဟေ့ အဆောင်တော်ဝန် ဒီကိုလာစမ်း၊ ဟိုရွှေသမင်အတွက် တရိဂမ္ဘီအထူးစီမံထားခဲ့တဲ့ ရွှေလှောင်အိမ်ကို အခုချက်ချင်း ဒီကိုယူခဲ့။ သွား ..သီတာဒေဝီ... အဲဒီရွှေလှောင်အိမ်ဟာ မှော်ရုံဟေဝန်ကျောက်ဂူစခန်းမှာတုန်းက မင်းလိုချင်တပ်မက်ခဲ့တဲ့ ရွှေသမင်ငယ်နေထိုင်သွားတဲ့ လှောင်အိမ်ပဲ၊ မင်း အခု အဲဒီလှောင်အိမ်ထဲမှာ နေရမယ်၊ လှောင်အိမ်ထဲမှာ နေရခြင်းကလွဲပြီး အားလုံးချမ်းသာစွာနေရအောင် ကျုပ်စီစဉ်ပေးခဲ့မယ်၊ ရွှေလှောင်အိမ်ဟာ ဟောဒီစက်ရာဆောင်အခန်းနဲ့ ထပ်တူကျယ်ဝန်းတာမို့ မင်းအတွက် အကျဉ်းထောင်ဆိုရင်လဲ ဒါဟာ ရက်စက်တဲ့အကျဉ်းထောင်မဟုတ်ဘူး သီတာဒေဝီ၊ ချစ်မြတ်နိုးမှု နှလုံးအိမ်ကို ဖောက်ထွင်းထွက်ပြေးမှာစိုးလို့ ထပ်မံတားဆီးရတဲ့အရာတစ်ခုလို့သာ သဘောထားပါ။ ရွှေလှောင်အိမ်ထဲမှာ မင်းဟာ အရင်ကထက် နှစ်ဆရှိတဲ့စည်းစိမ်ချမ်းသာနဲ့ ဖျော်ဖြေမှုကို ရရှိစေမယ်၊ ကျုပ်ပြောခဲ့တဲ့စကားတွေထဲမှာ အရာနှစ်ခုကို မင်းမှတ်သားရစ်ခဲ့ပါ၊ တစ်ခုက ကျုပ် မင်းကိုချစ်မြတ်နိုးပါတယ်ဆိုတာရယ်၊ တစ်ခုက မင်းကို ကျုပ် ဘယ်တော့မှမလွှတ်ဘူးဆိုတာရယ် ...”
သီတာဒေဝီသည် မေ့မြောလဲကျသွားလေသည်။
အမျိုးအမည်မသိနိုင်တော့သော ပူလောင်ပြင်းပြမှုများကို ရင်၌ပွေ့ပိုက်လျက် ကျွန်ုပ်လည်း ချစ်သူရှေ့မှ ပြေးထွက်ခဲ့မိလေတော့သည်။
ဆက်ရန်
--------------------------
ချစ်ဦးညို
crd 👉 https://www.facebook.com/108529964142302/posts/124717955856836/
Comments
Post a Comment