အများနှင့် မသက်ဆိုင်သောသူ၊ အပိုင်း (၁)
ရွှေစင်ဦး မှ
အများနှင့် မသက်ဆိုင်သောသူ (မင်းလူ)
____________________________
အပိုင်း(၁)
၁။
"နာမည်"
"ချစ်ဦး"
"ငယ်နာမည်"
"မောင်ချစ်ဦး"
"အတူတူပဲလေ"
"ငယ်နာမည်ဆို၊ ကျွန်တော်ငယ်ငယ်က အမေက မောင်ချစ်ဦးလို့ပဲ ခေါ်တာပဲ"
"ငယ်နာမည်ဆိုတာက ငယ်ငယ်က ချစ်စနိုးနဲ့ ခေါ်တဲ့နာမည်မျိုးကို ပြောတာလေ၊ ကြွက်နီတို့ ဖိုးခွေးတို့ ဆိုတာမျိုးကို ပြောတာ"
"တစ်ခါတလေတော့လည်း အမေက အငယ်ကောင်လို့ခေါ်တာပဲ"
"ဒါကလည်း မဟုတ်သေးဘူး၊ ကဲပါ ငယ်နာမည် မရှိဘူးပေါ့၊ အဲ့ … ပြီးတော့ တခြားနာမည်ရှိသေးလား"
"ဗျာ … ဟာ ဘာတွေမှန်းလည်း မသိဘူး"
"ဒီလိုလေ … တချို့က နာမည်သုံးလေးခု ရှိတယ် မဟုတ်လား"
"သူများတွေကတော့ ကျွန်တော့ကို ချစ်ရူးလို့ ခေါ်ကြတာပဲ"
"ဘယ်လိုရယ် … အချစ်ရူး ဟုတ်လား"
"ချစ်ရူးပေါ့"
"ချစ်ရူး"
"ဟုတ်တယ်"
သက်ဆိုင်ရာမှ ရပ်ကွက်ထဲအထိ ကွင်းဆင်းပြီး နိုင်ငံသားစီစစ်ရေးကတ်ပြား ပြုလုပ်ပေးနေခြင်း ဖြစ်၏။ ကိုယ်ရေးရာဇ၀င်အသေးစိတ် မေးမြန်းရာမှ တတ်နိုင်သမျှ တိကျဖို့ လိုသည်။ လ.၀.က ၀န်ထမ်းအမျိုးသမီးသည် အတွေ့အကြုံများနေပြီ ဖြစ်သောကြောင့် သိပ်အခက်အခဲ မရှိသော်လည်း ချစ်ဦး ခေါ် ချစ်ရူးနဲ့ ကျတော့ နည်းနည်း လည်ချင်သည်။
"မွေးနေ့"
"တနင်္လာ"
"အဲဒါပြောတာ မဟုတ်ဘူး၊ ဘယ်နှစ်၊ ဘယ်လ၊ ဘယ်ရက်မှာ မွေးတာလဲ မေးတာ"
"သြော် … ဒါလား" ဟု ဆိုပြီး အင်္ကျီနှင့် ရင်ဘတ်ကြားထိုးထည့်လာသော ဇာတာကို ထုတ်ပေးသည်။ ဇာတာထဲမှာ မြန်မာကောဇာနှစ်သာပါသည်။ မြန်မာလဆန်း၊ လဆုတ်ဘယ်ရက်ဆိုတာသာ ပါသည်။ အလုပ်ရှုပ်ရပြန်၏။
အရပ် ဘယ်လောက် လဲဆိုတော့ "ကျွန်တော့အကိုထက် တစ်လက်မ နိမ့်တယ်"တဲ့။ အကိုကကော ဘယ်လောက် ရှိသလဲဆိုပြန်တော့ "ကျွန်တော့ထက် တစ်လက်မမြင့်တယ်"တဲ့။
"ဘယ်မှာ မွေးသလဲ" ဟု ဇာတိကို မေးတော့ "အမေက ဘကြီးတို့အိမ်သွားလည်ရင်း ဗိုက်နာလာတာနဲ့ အိမ်ကိုတောင် မပြန်နိုင်တော့ဘူး။ အဲဒီမှာပဲ ညကြီး မွေးတာ" ဟု ဆိုပြန်သည်။
ထင်ရှားတဲ့ အမှတ်အသားကတော့ နှာခေါင်းနည်းနည်းကြီးပါသတဲ့။
အဖေနာမည်ကို ရုတ်တရက် အစမဖော်နိုင်ဘဲ ဖြစ်နေသေးသည်။
"ကိုယ့်အဖေနာမည်တောင် မမှတ်မိဘူးလား" ဆိုတော့"အဖေက ကျွန်တော်ငယ်ငယ်လေးထဲက ဆုံးသွားတာကိုးဗျ၊ ရုတ်တရက် ဘယ်မှတ်မိမလဲ၊ အဲ … နေဦး၊ အမေ တစ်ခါ ပြောဖူးတာတော့ ရှိတယ်။ နင့်တို့အဖေ ကိုအောင်ဘဟာ င့ါကို တစ်သက်လုံး နှိပ်စက်လာခဲ့တာ တဲ့"
ဒီလိုနဲ့ အဖေနာမည် အဆင်ပြေသွားသည်။ ဒါတောင်မှ သူကပြန်ပြီး ဆရာလုပ်လိုက်တာတစ်ခု ရှိသေးသည်။ ပုံစံစာရွက်ထဲမှာ အဖေနာမည်ကို ထုံးစံအတိုင်း အဘအမည်ဟု ရေးထားသည်။ ဒါကို ကြည့်ပြီး သူက ဘကြီးနာမည်ပြောတာ ဟု ထင်သောကြောင့်"ဦးအောင်ဘ ဆိုတာ အဖေလေ၊ အဘ မဟုတ်ဘူး" ဟု ပြောလိုက်၏။ အဘိုးအဘွားနာမည်ကျတော့ မပြောတတ်။ ထို့ကြောင့် …"အဆင်ပြေသလို ကြည့်ထည့်လိုက်ပေါ့ဗျာ၊ ဘယ်သူက လိုက်စစ်နေမှာလိုက်လို့" ဟု လုပ်လိုက်သေးသည်။
"အဖေရဲ့ ညီအစ်ကိုမောင်နှမများ"
"ဟာ … ရှုပ်တယ်ဗျာ၊ အဲဒါတွေ မထည့်နဲ့"
"မထည့်လို့ ဘယ်ရမလဲ"
"သူတို့ကစပြီး အဖေ့ကို သေခန်းဖြတ်ထားတာလို့ အကိုက ပြန်ပြောတာဗျ"
၀န်ထမ်းအမျိုးသမီးသည် စိတ်ရှည်ပြီး သဘောကောင်းသူမို့လို့သာ တော်တော့သည်။ ဒါတောင်မှ ပုံစံစာရွက်နှင့် စီစစ်ရေးကတ်ပြားပေါ်မှာ ကပ်ဖို့ ဓာတ်ပုံကို ရိုက်ရာမှာ နေကာမျက်မှန်တပ်ပြီး ပြုံးပြုံးကြီး ရိုက်လာခဲ့သကိုး။
၂။
သူ၏ အမည်ရင်းသည် ချစ်ဦး ဖြစ်၏။ သူ့ကို အမည်ရင်းအတိုင်း မှန်မှန်ကန်ကန်ခေါ်တဲ့လူဆိုလို့ သိပ်မရှိဘူး။ သူ့မိဘတွေရယ်၊ သူ့အကိုရယ်၊ သူ့မရီးရယ်၊ ဘုန်းကြီးကျောင်းက ဆရာတော်ရယ်၊ ကျောင်းကဆရာ၊ ဆရာမတွေရယ်လောက်သာ ရှိခဲ့၏။ အများစုကတော့ သူ့ကို ချစ်ရိုးဟူ၍သာ ခေါ်ကြသည်။ ဒီလိုခေါ်တာကို သူကလည်း စိတ်မဆိုး၊ လိုလိုလားလား လက်ခံသည်။ သူကိုယ်တိုင်က ကိုယ့်ဘာသာညွန်းတဲ့အခါမှာ "ချစ်ရူးကို ပေါ့သေးသေးလို့တော့ မထင်လိုက်ကြနဲ့" ဆိုတာမျိုးတောင် ပြောတတ်သေးသည်။
တချို့က သူ့ကို ၀မ်းတွင်းရူး ဟု ပြောသည်။ ၀မ်းတွင်းရူးဆိုသည်မှာ မိခင်၏၀မ်းထဲမှာကလည်း (မမွေးခင်ကတည်းက) ဦးနှောက်ချို့ယွင်းလာခဲ့ခြင်းကို ပြောခြင်း ဖြစ်၏။ ဒီလိုပြောလျှင် သူက …
"ကျုပ်က ၀မ်းတွင်းရူးဆိုတော့ ခင်ဗျားတို့က သဲတောရူးတို့ ပျော်ဘွယ်ရူးတို့ပေါ့နော်" ဟု ပြန်နောက်တတ်၏။
တချို့ကတော့ သူ့ကို ကျပ်မပြည့်ရှာဘူးဟု သတ်မှတ်ကြသည်။ ဒီအခါကျတော့လည်း …
"ကျပ်မပြည့်ဘူး ဆိုတော ဆယ့်ငါးပဲရည်လောက်တော့ ရှိတာပေါ့နော်"ဟု တုန့်ပြန်လေသည်။
သူ့ကို ရူးနေတာဟု ပြောလို့ မဖြစ်ပါ။ သူသည် စိတ်ဝေဒနာသည်တစ်ယောက်လို ပရမ်းပတာ မဟုတ်။ ကြည့်လိုက်လျှင် သွားလာ၊ နေထိုင်၊ စားသောက်၊ ၀တ်စားမှုသည် ပုံမှန်အတိုင်းပင် ဖြစ်၏။ တစ်ချက် တစ်ချက် စိတ်မထင်တဲ့အချိန်မှာ ထဖောက်ခြင်းသာ ရှိသည်။ သူဖောက်ပုံကလည်း ကြမ်းကြမ်းတမ်း မဟုတ်။ အူကြောင်ကြောင်ကလေးတွေ လျှောက်လုပ်ခြင်းသာ ဖြစ်၏။ သာမာန်လူကောင်းဆိုသူတို့ လုပ်လေ့လုပ်ထ မရှိတာမျိုး ထူးထူးခြားခြားဖြစ်သောကြောင့်သာ ရူးသည်ဟု ယိုးစွပ်ရခြင်း ဖြစ်၏။ ထို့အတူ တစ်ချက်တစ်ချက် ကြောင်ကွက်တွေ ထထလုပ်ပုံကြောင့် လူကောင်းပကတိပါဟု ပြောဖို့ကလည်း ခက်နေပြန်သည်။
တကယ်တော့လည်း လူအားလုံးတို့သည် "ကောင်းခြင်း" နှင့် "ရူးခြင်း" တို့ကြားမှာ ဟန်မပျက် နေထိုင်နေခြင်းသာ ဖြစ်၏။ ဟိုဘက်ဒီဘက် တည်းတည်းကလေးပဲ။ လူတိုင်းလူတိုင်း တစ်ချိန်မဟုတ်တစ်ချိန် တစ်နည်းနည်းနဲ့တော့ ရူးခဲ့မိဖူးကြတာပါပဲ။
ကောင်းချင်ယောင်ဆောင်ရာမှ ပိပိရိရိရှိသူကို လူကောင်းဟု ခေါ်သည်။ ဟန်မဆောင်တတ်၊ မမျိုသိပ် မဆင်ခြင်တတ်ဘဲ စိတ်ထဲရှိတာ လျှောက်ပြော၊ စိတ်ကူးထဲမှာ ပေါ်သမျှ လျှောက်လုပ်တတ်သူမျိုးကျတော့ "အရူး" ဖြစ်သွားတာပေါ့လေ။
သူတို့မှာ မောင်နှမငါးယောက် ရှိသည်။ အလယ်က သုံးယောက်က ဆုံးသွားသည်။ ချစ်မှူးနှင့် ချစ်ဦး နှစ်ယောက်သာ ကျန်သည်။ အကိုအကြီးဆုံးနှင့် ညီအငယ်ဆုံးဆိုတော့ အသက်က ဆယ်နှစ်နီးပါး ကွာသည်။ အဖေက ချစ်ဦးငယ်ငယ်ကလေးကတည်းက ဆုံးသွားသည်။ အမေကလည်း သူဆယ်နှစ်သားအရွယ်လောက်မှာ ကွယ်လွန်ခဲ့ပြန်သည်။ ထို့ကြောင့် ချစ်မှူးက ချစ်ဦးကို ညီလိုတစ်မျိုး၊ သားလိုတစ်မျိုး ကျွေးမွေး စောင့်ရှောက်ခဲ့သည်။
ချစ်ဦးသည် ခုနှစ်တန်းအထိ ကျောင်းနေဖူးသည်။ ခုနှစ်တန်းစာမေးပွဲဖြေခါနီးကျမှ ကျောင်းထွက်လိုက်ခြင်း ဖြစ်၏။ ကျောင်းထွက်ရတာကလည်း စာမလိုက်နိုင်သောကြောင့် မဟုတ်။ သူက မှတ်ဥာဏ်တော့ ကောင်းသည်။ ကျောင်းစာတွေကို နားလည်တာမလည်တာ အပထား၊ အလွတ်ရအောင် ကျက်သည်။ သင်္ချာပုစ္ဆာတွေကိုပါ အလွတ်ကျက်ထားသည်။ အငယ်တန်းတွေအတွက် ကျောင်းစစ်စာမေးပွဲတွေမှာ သင်ထားတာတွေထဲက သင့်လျော်ရာကို မေးမြန်းခြင်း ဖြစ်၏။ ထို့ကြောင့် သူ အလွတ်ကျက်ထားတာတွေထဲက ပါပါလာတတ်သဖြင့် အောင်မှတ်လောက်တော့ ရတတ်သည်။ တစ်ခါက ကိန်းဂဏန်းတွေပါ အလွတ်ကျက်ထားသော သင်္ချာပုစ္ဆာတွေနှင့် တိုးသဖြင့် အမှတ်တစ်ရာအပြည့်တောင် ရသွားသေးသည်။
သူငယ်တန်းစာမေးပွဲတုန်းကတော့ တစ်လုံးမှ မဖြေဘဲ ငုတ်တုတ်ထိုင်နေသဖြင့် ဆရာမ ဗျာများသွားရသေးသည်။ ဘာဖြစ်လို့ မဖြေတာလဲ မေးတော့ …"စာမေးပွဲ ဆိုပြီး ဘာမှလည်း မထူးဆန်းဘူး၊ ဆရာမ သင်ပြီးသားတွေ ပြန်မေးတာပဲ" ဆိုပြီး ပေကပ်ကပ် ထိုင်နေသဖြင့် ချော့မော့ပြီး ဖြေခိုင်းရသည်။
လေးတန်းစာမေးပွဲမှာတော့ သူ ကျသည်။ မြို့နယ်က မေးခွန်းထုတ်ခြင်းဖြစ်သောကြောင့် သင်္ချာဘာသာမှာ နည်းနည်း လှည့်ထားသည်။ ကိန်းဂဏန်းတွေလည်း လွှဲထားသဖြင့် အလွတ်ကျက်ထားတာတွေနှင့် အံမကိုက်၊ ထို့ကြောင့် ကျသွားခြင်း ဖြစ်၏။
သူကတော့ စာမေးပွဲကျတာမဟုတ် မအောင်မြင်တာဖြစ်သည်ဟု ဆို၏။ သူ့အကြောင်းပြချက်ကတော့ …"စာမေးပွဲကျတယ် ဆိုရင် လေးတန်းကနေ သုံးတန်းကို ပြန်ဆင်းရမှာပေါ့။ အခု လေးတန်းမှာပဲ ပြန်နေရမယ် ဆိုတော့ အရင်းပဲ၊ ဒါကြောင့် ကျတာ မဟုတ်ဘူး။ မအောင်တာပဲ ရှိတယ်" ဟု ဆိုလေ၏။
ချစ်မှူးတို့က သူ့အကြောင်းပြောထားသဖြင့် ဆရာ၊ ဆရာမတွေက တော်ရုံတန်ရုံ ခွင့်လွှတ်ကြသည်။ စောင့်လည်း စောင့်ရှောက်ကြသည်။ အတန်းဖော်သူငယ်ချင်းတွေကလည်း "ချစ်ရူး" ဟု ခေါ်ကြတာကလွဲလျှင် အနိုင်ကျင့်တာမျိုး သိပ်မရှိ။ တချို့ကတော့ တစ်စုံတစ်ခု ချွတ်ယွင်းအားနည်းသူကို ချိုးချိုးနှိမ်နှိမ် လုပ်လေ့ရှိသော သာဘ၀အတိုင်း ချောက်ချချင်တာမျိုး ရှိသည်။ ဥပမာ …အတန်းထဲမှ လူရှုပ်သုံးကောင်က ချစ်ဦးကို ပြောသည်။
"ဟေ့ကောင့် ချစ်ရူး၊ မင်းသိပြီးပြီလား"
"ဟေ့ကောင် ချစ်ရူး၊ မင်းသိပြီးပြီလား"
"ဘာလဲကွ"
"ဒီနေ့ကစပြီး ကျောင်းတက်ချိန်အတွင်းမှာ အိမ်သာသွားချင်ရင် ခွင့်တိုင်ရမယ်လို့ ပြောတယ်ကွ"
"ဟ … ဒါ ဘာဆန်းလို့လဲ၊ အရင်လည်း ဆရာမကို ခွင့်တောင်းပြီးမှ သွားရတာပဲ"
"အခုဟာက ပါးစပ်နဲ့ ခွင့်တောင်းရတာ မဟုတ်ဘူးကွ၊ ခွင့်တောင်းပြီး တင်ရမှာတဲ့"
ချစ်ဦးတကယ်မှတ်သည်။
"မင်းတို့ပြောမှ ငါတောင် သေးပေါက်ချင်လာပြီကွာ" ဆိုပြီး စာရွက်လွတ်တစ်ရွက်ဖြဲ၍ ခွင့်စာရေးလေသည်။ သူရေးပုံက …
သို့/
ဆရာမခင်ဗျား
ကျွန်တော်ဖြစ်သူ မောင်ချစ်ဦးသည် အိမ်သာသွားချင်တဲ့အတွက် ခွင့်ခဏလေးပေးပါလို့ တောင်းပန်ပါသည်။
/ချစ်ဦး
ထိုစာကို သွားပေတော့ ဆရာမက ဖတ်ကြည့်ပြီး ပြုံးစေ့စေ့လုပ်ရင်း …"ဟဲ့ … မောင်ချစ်ဦး၊ ဒါက ဘယ်လိုဖြစ်ရပြန်တာလဲ"
"ခွင့်စာလေ ဆရာမ"
"အိမ်သာသွားတာ ခွင့်စာတင်ရမယ်လို့ မင်းကို ဘယ်သူပြောလဲ"
"ဟိုကောင်တွေ ဆရာမ"
"အင်း … ဖြစ်ရမယ်၊ ဖြစ်ရမယ် … မင်းကတော့လေ"
ချစ်ဦးကို အတန်းထဲက ကျောင်းသားကျောင်းသူတွေက ဝိုင်းဟားသည်။ ချစ်ဦးကတော့ ဒါမျိုးရိုးနေပြီ ဖြစ်သောကြောင့် ရှက်မနေတော့ဘဲ စပ်ဖြဲဖြဲလုပ်နေ၏။ မေ့သလောက်ရှိသောအခါကျမှ သူ၏လက်တုံ့ပြန်မှုကို အကောင်အထည်ဖော်သည်။
တစ်ရက်မှာ လူရှုပ်သုံးကောင် ကျောင်းကိုအလာ လမ်းမှာစောင့်နေသော ချစ်ဦးနှင့် တွေ့သည်။
"ချစ်ရူး၊ ဘာစောင့်နေတာလဲ" မေးတော့
"ငါတစ်ယောက်တည်း မသွားရဲလို့ကွ"
"မင်းကလည်း အရင်းမရှိ အဖျားမရှိကွာ၊ ဘယ်ကို မသွားရဲတာလဲ"
"ဒီလို့ကွ၊ အိမ်တစ်အိမ်မှာ ငါတွေ့ခဲ့တာ၊ မာလကာပင်ကွ၊ ခြံစည်းရိုးအပြင်ကို ထွက်နေတဲ့အကိုင်းမှာ အသီးတွေ ပြွတ်နေတာပဲ၊ ကီလိုသီးကြီးတွေကွ"
"အိမ်ရှင်တွေကကော"
"အိမ်ရှင်တွေက မနက်ဆိုရင် အလုပ်သွားကြတာ၊ ဘယ်သူမှ မရှိဘူး၊ အဲဒါ ငါတစ်ယောက်တည်း မသွားရဲလို့"
"ဒါများကွာ၊ ကဲ … လာ၊ ငါတို့ပါ လိုက်မယ်"
ဟိုရောက်တော့ မာလကာပင်ကိုတော့ တွေ့သည်။ အသီးတွေက တစ်လုံးမှ မရှိတော့။ ချစ်ဦးက …
"ငါ မနေ့ညနေ က သေသေချာချာ တွေ့ပ ါတယ်ကွာ"
"မင်းလုပ်လိုက်ရင် ဒီအတိုင်းချည်းပဲ"
ချစ်ဦးက တမင်တကာ အချိန်ဆွဲလို့ရအောင် မျှားခေါ်သွားခဲ့ခြင်းသာ ဖြစ်၏။ မာလကာသီးကိစ္စကြောင့် အချိန်လင့်သွားသဖြင့် ကျောင်းတက် နောက်ကျသွားသည်။ ကျောင်း၀င်းနားရောက်ခါနီး တစ်ဖာလုံလောက်အလိုမှာပင် ကျောင်းတက်ခေါင်းလောင်း ထိုးသံ ကြားရသည်။
"ဟာ … ကျောင်းတက်သွားပြီ"
သူတို့ အပြေးအလွှား သွားကြ၏။ ၀င်းတံခါးနားအရောက်တွင် ကျောင်း၀င်းထဲမှာ တစ်ယောက်မှ မရှိတော့ကြောင်း တွေ့လိုက်ရသည်။ ကျောင်းသားအားလုံး အတန်းထဲမှာ ရောက်ကုန်ပြီ။ ကျောင်း၀င်းထဲ ၀င်၀င်ချင်းမှာပင် ချစ်ဦးက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး လက်နှစ်ဖက်ကို နောက်စေ့မှာ ယှက်တင်လိုက်၏။
"ဟေ့ကောင်၊ ဘာလုပ်တာလဲ"
လူရှုပ်တစ်ကောင် မေးတော့ ချစ်ဦးက …
"မင်းတို့ မသိသေးဘူးလား၊ သြော် … အေး .. ဘယ်သိမလဲ၊ မင်းတို့က မနေ့က ကျောင်းပြေးတာကိုး"
"ဘာဖြစ်လို့လဲကွ"
စိုးရိမ်သံနှင့် မေးကြတော့ …
"ကျောင်းနောက်ကျတဲ့လူတွေ ဖားခုန် ခုန်ပြီး ၀င်ရမယ်လို့ ဆရာကြီးက အမိန့်ထုတ်ထားတယ်ကွ၊ ဒါမှမဟုတ်ရင်တော့ ကြိမ်ဒဏ်ဆယ်ချက်တဲ့"
"ဟေ"
"ဆရာကြီးလက်သံပြောင်တာ မင်းတို့သိသားပဲ၊ ဆယ်ချက်မပြောနဲ့၊ သုံးချက်ဆိုရင်တောင် နနွင်း သိပ်ရတာ"
ဟိုကောင် ဇဝေဇ၀ါဖြစ်ပြီး တွေဝေသွား၏။ ချစ်ဦးက
"ဖင်အသားနီလန်အောင်တော့ အရိုက်မခံနိုင်ဘူး၊ ဖားခုန်ခုန်ရတာက သက်သာသေးတယ်"
လူရှုပ်သုံးကောင်မှာ မနေ့က ကျောင်းပြေးမိတာက တစ်ပြစ်၊ ကျောင်းနောက်ကျတာက တစ်ပြစ်ဆိုတော့ ထူပူပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေကြစဉ် …
"ကဲ … ငါတော့ သွားပြီဟေ့"
ချစ်ဦးက ပြောပြောဆိုဆို ဖားခုန်ခုန်ပြီး စထွက်သည်။ ဟိုကောင်တွေလည်း ကြံရာမရဘဲ ဆောင်ကြောင့် ထိုင်ချလိုက်ပြီး ဖားခုန်ခုန်ရင်း လိုက်ကြရတော့သည်။ ချစ်ဦးက ရှေ့က ဦးဆောင်ပြီး ဟိုကောင်သုံးကောင်က နောက်က ခုန်ဆွခုန်ဆွ လိုက်လာသော မြင်ကွင်းကို အတန်းထဲက လှမ်းမြင်ရတော့ ကျောင်းသားကျောင်းသူတို့အားလုံး တဝုန်းဝုန်း ရယ်ကုန်ကြသည်။ ဆရာမလည်း ဘာဖြစ်တာလဲဟု လှမ်းကြည့်ပြီးနောက် ကျောင်းဆင်၀င်အောက်တွင် ရပ်လိုက်၏။ ထိုစဉ်မှာပင် ချစ်ဦး ခေါင်းဆောင်သော ဖားခုန် အဖွဲ့လည်း ပန်း၀င်လာသည်။ ချစ်ဦးက ထရပ်ပြီး ဆရာမကို ပြုံးဖြဲဖြဲ နှုတ်ဆက်သည်။ ဟိုသုံးကောင်လည်း ထရပ်ရင်း ပေါင်တွေကို နှိပ်နယ်နေ၏။
"ဘာလုပ်ကြတာလဲကွယ့်"
"ကျောင်းနောက်ကျလို့ပါ" ဟု လူရှုပ်တစ်ကောင်က ပြော၏။
နောက်တစ်ကောင်က …
"ကျွန်တော်တို့ကို ဆရာကြီးဆီတော့ မပို့ပါနဲ့နော် ဆရာမ၊ ဖားခုန်လည်း ခုန်ပြီးပါပြီ"
"နေစမ်းပါ၊ မင်းတို့ကို ဘယ်သူက ဖားခုန် ခုန်ခိုင်းတာလဲ"
"ဟို … ချစ်ရူး ဆရာမ"
"ဟေ … သူခုန်ခိုင်းတာနဲ့ မင်းတို့က ခုန်တယ်"
"ဟိုလေ … ကျောင်းနောက်ကျရင် ဖားခုန်ခုန်ရမယ်လို့ ဆရာကြီးက အမိန့်ထုတ် … ဟာ"
ဆရာမပင် ဟန်မဆောင်နိုင်ဘဲ ခွီးခနဲ ရယ်မိသဖြင့် ဟိုကောင်တွေ ခံလိုက်ရပြီဆိုတာ သိသွားပြီး အကြီးအကျယ် ရှက်သွား၏။ ဆရာမက ရယ်ရင်း …
"ဖြစ်ရလေကွယ်၊ အင်း … လူပါး ပုလင်းထိဆိုတာ ဒါမျိုးပေါ့"
လူရှုပ်သုံးကောင်မှာ တစ်တန်းလုံး ဝိုင်းဟားတာ ခံလိုက်ရ၏။ အထူးသဖြင့် ချစ်ဦးလိုကောင်က ပြန်နှပ်ချတာ ခံလိုက်ရသဖြင့် အတော်အောင့်သက်သက် ဖြစ်သွားကြရသည်။ တခြားအတန်းက ကျောင်းသားကျောင်းသူတွေလည် သူတို့ဖားခုန်ခုန်တာကို လှမ်းမြင်ခဲ့သောကြောင့် သတင်းက တစ်ကျောင်းလုံး ပျံ့နှံ့သွားသည်။ ချစ်ဦးအဖို့ကတော့ နဂိုကပင် ပေါခွင့်လိုင်စင်ရထားတာ အားလုံးအသိဖြစ်သောကြောင့် ဘာမှ အရေးကြီးခွင်ကျယ် မဖြစ်။ ဒါတွင်မက "လူရှုပ်သုံးကောင်ကို ငါလုပ်တဲ့အတိုင်း လိုက်လုပ်ခိုင်းပြမယ်၊ ကြည့်နေ" ဟု သူငယ်ချင်းတွေနဲ့ လောင်းကြေးစားကြေးလုပ်ခဲ့တာ နိုင်သွားသဖြင့် မုန့်ဟင်းခါးတစ်ပွဲတောင် စားလိုက်ရသေးသည်။ ချစ်ဦးက အဲဒီလိုကောင်မျိုး။
ခုနှစ်တန်းရောက်တဲ့အခါမျိုးမှာတော့ သူ့မှာ ထူးထူးခြားခြား စိတ်ရူးတစ်ခု ပေါက်လာခဲ့လေသည်။ ကျောင်းမှာ သင်ရသော ဘာသာရပ်များအပေါ် ဝေဖန်ဆန်းစစ်လာခြင်းပင် ဖြစ်၏။ မြန်မာစာဆိုတာ ကောင်းကောင်းရေးတတ် ဖတ်တတ်ရင် တော်ရောပေ့ါ။ ဘာကြောင့် အများကြီး ထပ်သင်နေဖို့လိုသလဲ။ အင်္ဂလိပ်စာကတော့ တတ်ထားရင် ကောင်းတယ်။ အင်္ဂလိပ်ဇာတ်ကားကြည့်ရင် နားလည်တာပေါ့။ သင်္ချာဆိုတာ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစားတတ်ဖို့ပဲ လိုတယ်။ အက္ခရာသင်္ချာဆိုတာ ဘာမှ သုံးလို့ ရတာ မဟုတ်ဘူး။ ပြီးတော့ ဂျီသြမေတြီဆိုတာကတော့ တြိဂံတစ်ခုမှာ အနားသုံးဖက်ရှိတယ်ဆိုတာ ကြည့်ရုံနဲ့ သိတာပဲ၊ ရေးကြီးခွင်ကျယ်လုပ်လို့။ အတွင်းထောင့်သုံးခုပေါင်း တစ်ရာ့ရှစ်ဆယ်ဒီဂရီတဲ့။ သူ့ဟာသူ တစ်ရာ့ရှစ်ဆယ် မကလို့ နှစ်ရာပဲရှိရှိ ဘာလုပ်ရမှာလဲ။ ပထဝီ ဆိုတာကကော။ သဘာဝပေါက်ပင်ဆိုတာ ဘာထူးဆန်းသလဲ။ စာထဲမပါလည်း သူ့ဘာသာ ပေါက်တာက ပေါက်မှာပဲ။၊သမိုင်းကတော့ သိပ်မဆိုးလှ။ ဟိုရှေးရှေးတုန်းက အကြောင်းတွေက နားထောင်လို့ကောင်းတယ်။ သိပ္ပံဘာသာလည်း မဆိုးလှ။ စိတ်၀င်စားဖို့တော့ ကောင်းသား။
ဒီအကြောင်းတွေကို သူက အတန်းပိုင်ဆရာမကို ပြောပြသည်။ မလိုတာတွေကို အလကား အချိန်ကုန်ခံပြီး မသင်ဖို့။ ဆရာမက ထိုဘာသာရပ်များ၏ အသုံး၀င်ပံုံများကို စိတ်ရှည်လက်ရှည် ရှင်းပြသည်။ သို့ရာတွင် သူက နားမ၀င်။ ကျောင်းအုပ်ဆရာကြီးဆီအထိ သွားပြီး တင်ပြသည်။ ဆရာကြီးမှာ အတော် ဦးနှောက်ခြောက်သွား၏။ ချစ်ဦးအကြောင်း သိနေသဖြင့် ဆူတော့ မဆူ။ ပြဋ္ဌာန်းစာတွေကို မသင်ချင်လို့မရကြောင်း နှစ်သိမ့် ပြောဆိုသည်။ ချစ်ဦးက လက်မခံ။ သူစိတ်မ၀င်စားသောဘာသာ သင်သောအချိန်မှာ နားမထောင်ဘဲ အိပ်နေသည်။ ဒါမှမဟုတ် အတန်းပြင် ထွက်ထိုင်နေသည်။ မတတ်သာတော့သဖြင့် သူ့အစ်ကို ချစ်မှူးကို ခေါ်ပြီး အခြေအနေကို ပြောပြသည်။ ချစ်မှူးက သူ့ညီကို ချော့မော့ စည်းရုံးသော်လည်း မရ။ နောက်ဆုံးတော့ တစ်နိုင်ငံလုံးအတွက် ပြဋ္ဌာန်းထားသော သင်ရိုးညွှန်းတမ်းကို သူတစ်ယောက်တည်းအတွက် ပြင်ဆင်ပေးလို့ မဖြစ်နိုင်သဖြင့် ချစ်ဦး ကျောင်းထွက်လိုက်လေတော့သည်။ ချစ်မှူးမှာ သူ့ညီကို တော်တော်ချစ်သဖြင့် ခုကိစ္စအတွက် မဆူရက်၊ အပြစ်မတင်ရက်။ တကယ်တော့ ချစ်ဦး၏အခြေအနေအရ … စာလေးရေးတတ် ဖတ်တတ်ရင် တော်ပြီ ဆိုပြီး ကျောင်းထားခဲ့ခြင်းသာ ဖြစ်၏။ ခုလို ခုနစ်တန်းအထိရောက်အောင် တက်နိုင်တာကိုက အမြတ်ပဲဟု သဘောထားလိုက်ရ၏။
၃။
ချစ်မှူးက ကုန်ကားမောင်းသူ ဖြစ်၏။ ချစ်ဦး ကျောင်းက ထွက်ပြီးနောက် တစ်ခါတစ်ခါ သူ့အစ်ကို၏ကားနှင့် လိုက်သွားတတ်သည်။ ဒီလိုခရီးသွားတာကို သူပျော်သည်။ ချစ်မှူးက စိတ်မချလို့ ရှေ့ခန်း သူ့ဘေးမှာ ထိုင်ခိုင်းသော်လည်း မရ။ ချစ်ဦးက ကားနောက်ခန်း၊ ကုန်သေတ္တာတွေ၊ အိတ်တွေအပေါ် ထိုင်လိုက်ရတာကို ပိုသဘောကျသည်။ ညဘက်ကျလျှင် အိတ်တွေအပေါ်မှာ ပက်လက်လှန်ပြီး ကောင်းကင်ကကြယ်တွေကို ကြည့်ရင်း ကားစီးရတာ ဇိမ်ပဲဟု ဆို၏။
တကယ်တော့ ချစ်ဦးကိုခေါ်သွားရတာ သိပ်အကူအညီရလှတာတော့ မဟုတ်။ အဖော်အဖြစ်လောက်သာ အသုံး၀င်သည်။ သူက ကျော်တက်ချင်လို့ နောက်က ဟွန်းက ပွမ်ပွမ်တီးသောကားတွေကို လက်သီး ထောင်ပြချင်ပြတာ။ သူ့ကြောင့် တခြားကားတွေနဲ့တော့ ရန်ဖြစ်ရတာမျိုး ရှိ၏။ ချစ်မှူးက လူအေးမို့လို့သာ ရိုက်နှက်ကြ မဖြစ်ခဲ့တာ။ ပြီးတော့ ချစ်ဦးအတွက် အစားအသောက်စရိတ်က ပိုကုန်သေးသည်။ သူက တစ်နေရာမှာ ရပ်တိုင်း တစ်ခုခု ၀ယ်စားချင်သူ ဖြစ်၏။ ချစ်မှူးကလည်း သူ့ညီကို အလိုလိုက်တော့ စားချင်တယ်ဆို ကျွေးတာပဲ။ ချစ်မှူး၏ကားမှာပါသော ယာဉ်နောက်လိုက်တွေကတော့ ချစ်ဦးကို ချစ်ကြသည်။ စလို့နောက်လို့ကောင်းသဖြင့် ချစ်ဦးပါလျှင် အပျင်းပြေသောကြောင့် ဖြစ်၏။ သို့ရာတွင် ကုန်ကားသမားလောကသည် အတော်ထိန်းထိန်းသိမ်းသိမ်း နေနိုင်မှ တော်ကာကျသည်။ အမြဲလိုလို လမ်းပေါ်မှာ ခရီးသွားနေရသဖြင့် အိမ်နှင့်ဝေးနေရတာ များသည်။ အိမ်ထောင်ရှိရှိ မရှိရှိ ကားပေါ်ရောက်လျှင် လူလွတ်လို ဖြစ်သွားသည်။
သူတို့ဘ၀ ကြမ်းတမ်းသည်။ ပင်ပန်းသည်။ ထို့အတူ ပျော်ပါးစရာ အခွင့်အရေးတွေလည်း ရတတ်သည်။ တစ်ချို့ ယမကာနှင့် အပန်းဖြေသည်။ တချို့က တခြားပျော်စရာ ရှာသည်။ တချို့က လိုင်းစုံ။ ချစ်မှူးသည် လူပျိုပေါက်မဖြစ်တဖြစ်၊ ကလေးသာသာအရွယ်ဖြစ်သော ချစ်ဦးကို ဒီလို၀န်းကျင်ထဲမှာ သာယာမသွားစေချင်။ ထို့ကြောင့် တစ်လတစ်ခေါက်သာ ခေါ်သွားတတ်သည်။ ချစ်မှူးက လူရိုးလူအေး။ အရက်မသောက်တတ်။ တခြားအပျော်အပါးလည်း မရှိ။ ထို့ကြောင့်ပင် သူ့လို ရိုးရိုး အေးအေးဖြစ်သော မြလွင်နှင့် ဆုံစည်းမိခြင်း ဖြစ်၏။
မြလွင်က ကြားစခန်းမြို့ကလေးရှိ ချစ်မှူးတို့ စားနေကျ ထမင်းဆိုင်မှ အလုပ်သမလေး ဖြစ်၏။ သားအမိနှစ်ယောက်တည်းရှိပြီး နွမ်းပါးသည်။ မြလွင်က ဖြူဖြူစင်စင် သန့်သန့်ပြန့်ပြန့်ကလေး ဖြစ်သောကြောင့် စိတ်၀င်စားသူတွေများသည်။ သို့ရာတွင် အများစုက အပျော်သဘော။ တချို့ကတော့ "တစ်ရွာတစ်နပ်စား" သဘောမျိုး ကြံစည်ချင်တာ။ ဒီကြားထဲမှာ မြလွင်က လူရိုးလူအဖြစ်သော ချစ်မှူးကိုသာ အရေးပေးမိ၏။ သို့ရာတွင် ခပ်တုံးတုံးဖြစ်သော ချစ်မှူးက အခွင့်အရေးယူရကောင်းမှန်းမသိ။ သူစားမည့် ဟင်းပန်းကန်ထဲကို မြလွင်က အသားကောင်းကောင်း များများ ထည့်ပေးတာလောက်ကို အဟုတ်ကြီးမှတ်နေပြီး ကျေနပ်သည်။
ကားနားတဲ့ရက်တစ်ရက်မှာတော့ ညီအစ်ကိုနှစ်ယောက် အိမ်ရှေ့မှာ ထိုင်စကားပြောကြသည်။ ချစ်ဦးက သူ့ထုံးစံအတိုင်း စိတ်ကူးတည့်ရာတွေ ကပ်သီးကပ်သပ် မေးသည်။ ပြီးတော့ …
"ကိုကြီး ခရီးသွားနေတဲ့အချိန်ကျရင် သိပ်ပျင်းတာပဲ၊ အရင်သူငယ်ချင်းတွေကလည်း ကျောင်းဆက်တက်နေကြတော့ သိပ်မတွေ့နိုင်ဘူး။ ဒေါ်ကြီးကလည်း ရွာပြန်တော့မယ်လို့ နေ့တိုင်းပဲ ပြောနေတာပဲ"
"အေးပါကွာ၊ သူလည်း သူ့သားအမိတွေဆီ ပြန်ချင်တာပေါ့။ ငါမရှိတုန်း မင်းကို ထမင်းဟင်းချက်ကျွေးမယ့်လူမရှိလို့ ဆွဲထားရတာ၊ ကြာကြာတော့ ဆွဲထားလို့ရမှာ မဟုတ်ဘူး"
"ရှုပ်ပါတယ် ကိုကြီးရာ၊ မိန်းမတစ်ယောက်သာ ယူလိုက်စမ်းပါ"
"ဟေ … အေးကွ၊ တစ်ခါတစ်ခါတော့လည်း ယူရကောင်းမလား စဉ်းစားမိသေးတယ်"
"မိန်းမယူရင် ကလေးမွေးမှာလား"
"မွေးမှာပေါ့ကွ"
"ဘာလေးမွေးမှာလဲ"
"ဒါတော့ ဘယ်သိမလဲကွ"
"ယူရင် သမီးလေးမွေးမယ့်မိန်းမကိုပဲ ယူဗျာ"
"ဟာကွာ၊ မင်းကလည်း လုပ်ရော့မယ်၊ ကလေးမွေးတယ်ဆိုတာ ဘာလေးမွေးရမယ်လို့ ကြိုပြောလို့ ရတာမှ မဟုတ်တာ"
"ကျွန်တော်ကတော့ မိန်းကလေးပဲ ချစ်တယ်"
"ဘာဖြစ်လို့လဲ"
"ယောက်ျားလေးမွေးလာလို့ ကျွန်တော့်လို ပေါတောတောလေးဖြစ်နေရင် ဘယ်လိုလုပ်မလဲ"
"ညီလေးကလည်းကွာ၊ ကိုယ့်ကိုယ်ကို ဒီလောက်မနှိမ်စမ်းပါနဲ့"
"ဒါ … မြှောက်ပြောသေးတာနော်၊ သူများတွေကဆိုရင် ကျွန်တော့်ကို အရူးလို့တောင် ပြောတာ မဟုတ်လား "
"အလကားပါ၊ သူတို့တွေက ငါ့ညီရုပ်ချောတာကို မနာလိုလို့ ပြောကြတာပါ" ဟု ချစ်မှူးက နှစ်သိမ့်သည်။ ကိုယ့်ကိုယ်ကို ပေါ့လို့ပေါမှန်းသိပြီး အမှန်တိုင်း၀န်ခံတဲ့အတွက် လူကောင်းယောင်ဆောင်နေတဲ့သူတွေထက် သာတယ်ဟု ချစ်မှူးက သူ့ညီကို အမှတ်ပေးလိုက်မိသေးသည်။
"ကျွန်တော် တစ်ခု စဉ်းစားမိသေးတယ် ကိုကြီးရ" ဟု ချစ်ဦးက ပြောသဖြင့်
"ဆိုစမ်းပါဦး" ဟု ချစ်မှူး စကားထောက်ပေးသောအခါ …
"ကျိန်းသေပေါက် သမီးလေးရနိုင်တဲ့နည်း ရှိတယ်ဗျ"
"တယ်ဟုတ်ပါလား၊ ပြောပါဦး၊ ဘာနည်းလဲ"
"သမီးလေးတစ်ယောက်ရှိတဲ့မိန်းမကို ယူလိုက်ပေါ့"
"ဟာကွာ၊ မင်းကလည်း"
ချစ်ဦး ခဏ စဉ်းစားနေပြီးနောက် …
"ကိုကြီး"
"ဟေ …"
"တကယ်လို့ ကိုကြီး မိန်းမယူမယ်လို့ စိတ်ကူးရင် မမြလွင်ကို ယူပါလား"
"ဟင် …"
ချစ်မှူး တွေသွား၏။ ချစ်ဦးက ခုလိုပြောလာမှ မြလွင်အကြောင်းကို စဉ်းစားကြည့်မိတော့သည်။ ထိုအခါကျမှပင် သူလည်း တအံ့တသြ ဖြစ်သွား၏။ သူ မြလွင်ကို ချစ်နေမိပါပကော။
ချစ်ဦးသည် မြလွင်နှင့် အတော်အဆင်ပြေသည်။ ဆိုင်မှာ ထမင်းသွားစားတဲ့အခါ သဘောကောင်းသော မြလွင်က ချစ်ဦးကို စိတ်ရှည်လက်ရှည် ဆက်ဆံတတ်သည်။ တစ်ခါတစ်လေ ချစ်ဦးက ဟင်းနဲ့ မစားချင်ဘူး။ ထမင်းသုတ် စားချင်တယ်ဆိုလျှင်တောင် သူကိုယ်တိုင် ဖြစ်အောင် လုပ်ပေးတတ်၏။ ထို့ကြောင့်လည်း ချစ်ဦးက မြလွင်ကို ခင်တွယ်မိခြင်းဖြစ်၏။ ချစ်မှူးကတော့ မြလွင်ကို ကြိုက်နေမိပြီဆိုသော်လည်း ဖွင့်ဟမပြောဖြစ်သေး။ ပြောလည်း မပြောရဲ။ သူထမင်းစားနေစဉ်မှာ မြလွင်က "ကိုချစ်မှူး၊ ဘာလိုသေးလဲ" လို့ လာမေးတာလောက်ကို ဗီစီဒီကာရာအိုကေထဲက မင်းသားမင်းသမီးတွေလို့ အောက်မေ့ပြီး ပီတိဖြာနေရုံသာရှိ၏။ သူ့အကြောင်း ရိပ်မိနေသော တခြားကားဆရာတွေ၊ ယာဉ်နောက်လိုက်တွေက ဝိုင်းလှော်ကြ၊ စကြ၊ နောက်ကြတာပဲ တိုးတက်မှုရှိသည်။
တစ်ရက်မှာတော့ မြလွင်သည် ချစ်မှူးကြိုက်တတ်သဖြင့် တမင် ချန်ထားသော ငါးရံ့အူဟင်းနှင့် ချစ်ဦးအတွက် ဆတ်သားတောချက်ပန်းကန်များကို ကိုင်လာသည်။ ချစ်မှူးတို့စားပွဲရှိရာသို့ အသွားတွင် အကြောင်းသိနေသော ကားသမားတစ်ယောက်က စချင် နောက်ချင်လာသဖြင့် ကြားကဖြတ်ပြီး …
"ဟာ … ငါးရံ့အူဟင်းပါလား၊ မစားရတာ ကြာပြီ၊ ငါတို့ ကား၀င်လာတိုင်း ကုန်နေတာနဲ့ တိုးတိုးနေတာ၊ ကဲ … ကဲ ငါတို့ဝိုင်းကို ချ"
"အို … မဖြစ်ဘူး၊ ဟိုက အစောကြီးကတည်းက မှာထားတာ"
"အမယ် … ဘယ်မှာစောလို့လဲ၊ ကားချင်း ဦးတိုက်၀င်လာကြတာ၊ ငါတို့ကားကတောင် နှာတစ်ဖျားသာ သေးတယ်။ သူက ဖုန်းဆက်ပြီး လှမ်းမှာထားတာကျနေတာပဲ၊ မရဘူးဟေ့။ ဒီနေ့တော့ ငါးရံ့အူဟင်းကို မရ ရအောင် စားမှာပဲ" ဆိုပြီး ပန်းကန်ကို လှမ်းလုမည့်ဟန် ပြင်သည်။ မြလွင်က "ဟာ … မလုပ်ပါနဲ့" ဆိုပြီး ကိုယ်ကိုယိမ်း၍ ရှောင်သည်။ ထိုစဉ် မှာပင် တစ်ဘက်က ခွေးခြေတစ်လုံးကို တိုက်မိပြီး ဟန်ချက်ပျက်သွားသည်။ လက်ထဲက ဟင်းပန်ကန်တွေ မထိန်းနိုင်တော့ဘဲ အောက်ကို ပြုတ်ကျသည်။ ပန်းကန်လည်းကွဲ၊ ဟင်းတွေလည်း မှောက်။
ဒီမှာတွင်ပဲ ဆိုရှင် မိန်းမကြီး …
"လုပ်လိုက်ရင် နမော်နမဲ့နဲ့၊ ကွဲသွားတဲ့ ပန်းကန်ဖိုး၊ ဟင်းဖိုးတွေ ညည်းလခထဲက ဖြတ်ရမယ်" ဟု ပြောသည်။
ဆိုင်ရှင် အတော်များများသည် ဒီအတိုင်းပြောတတ်စမြဲ။ နောက်တော့လည်း လခဖြတ်ချင်မှ ဖြတ်တာပါ။ သို့ရာတွင် ဗီဒီယိုကားတွေထဲမှာ ဒီလိုဇာတ်ကွက်မျိုးတွေ မကြာခဏ ကြည့်ခဲ့ဖူးသော ချစ်ဦးက တကယ်ပဲလို့ ထင်သည်။ မြလွင်ကိုလည်း သနားသွား၏။ ထို့ကြောင့် … နောက်ဆုံးလက်ကျန် ဘဲဥချဉ်ရည်ဟင်းကို ယူပြီး လာချပေးသော မြလွင်ကို သူက ပြောလိုက်သည်။
"မမမြလွင်၊ ဒီဆိုင်ရှင်မိန်းမကြီး နှိပ်စက်တာတော့ မခံနဲ့၊ ကိုယ့်ချစ်သူနောက်ကိုသာ လိုက်ပြေးပေတော့ဗျာ"
မြလွင်မျက်နှာ ရဲခနဲ ဖြစ်သွား၏။ ချစ်မှူး ၀င်မဟန့်နိုင်ခင်မှာပင် ခပ်နောက်နောက် ကားသမားတစ်ယောက်က ၀င်၍ …
"မြလွင်မှာ ရည်စားမှ မရှိဘဲကွ၊ ဘယ်သူ့နောက် လိုက်ရမှာလဲ"
"ကိုကြီးချစ်မှူးနောက်ကို လိုက်ပေါ့ဗျ"
ချစ်မှူး မျက်လုံးပြူးသွားပြီး "ဟာ … ဟေ့ကောင် … ဟေ့ကောင်" ဟု ဟန့်တား လိုက်သော်လည်း မရတော့။
ချစ်ဦးက ဆက်၍ …"ဟုတ်တယ်ဗျ၊ ကိုကြီးက မမမြလွင်ကို ကြိုက်နေတာ ကြာပြီ၊ မပြောရဲလို့ဗျ၊ သိလား"
မြလွင်မှာ "ဟယ်ခနဲ" ဖြစ်ပြီး ဆိုက်နောက်ဘက်သို့ ပြေး၀င်သွား၏။
ချစ်ဦး၏အသံက အကျယ်ကြီးဆိုတော့ သူ့စကားကို တစ်ဆိုင်လုံးနီးပါး ကြားကြရသည်။ ဘာပဲဖြစ်ဖြစ် အားလုံးသိအောင် ကြေညာပြီးသားဖြစ်သွားတာကတော့ အမှန်ပဲလေ။
(ဆက်ရန်)
---------------------------
မင်းလူ
Comments
Post a Comment