မုန်း၍မဟူ၊ အခန်း(၃)

နတ်တော်လဆုတ် ၈ ရက်

ချစ်သမီးထံ စာပြန်လိုက်သည်။

မယ်တော်ထံမှ စာကို ရရှိပြီး မယ်တော်၏ ဩဝါဒကို လိုက်နာ ကျင့်သုံးပါမည် ဟူသော ရေးသား ပြန်ကြားစာ အရ မယ်တော် ဝမ်းမြောက်နေသည်။

သစ္စာလေးပါး မြတ်တရားကို ဆင်ခြင်နှလုံးသွင်းစိမ့်သောငှါ မယ်တော် ညွှန်ပြ ပို့ချလိုပေသည်။

ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ ဟူ၍ လေးပါးသော သစ္စာတရားတွင် ဒုက္ခသစ္စာနှင့် သမုဒယသစ္စာသည် လောကီသစ္စာ ဖြစ်သည်။ နိရောဓသစ္စာနှင့် မဂ္ဂသစ္စာတို့သည် လောကုတ္တရာသစ္စာ မည်သည်။

ပဋိသန္ဓေ နေခြင်းဆင်းရဲ၊ အိုခြင်းဆင်းရဲ၊ နာခြင်းဆင်းရဲ၊ မချစ် မနှစ်သက်သောသူနှင့် အတူတကွနေခြင်း ဆင်းရဲ၊ ချစ်သောသူနှင့် သေကွဲရှင်ကွဲ ကွဲကွာနေရခြင်း ဆင်းရဲ စသော ဒုက္ခတရားတို့သည် သတ္တဝါတို့အား နှိပ်စက်ကုန်သည်။ နှိပ်စက်တတ်ခြင်း ခံရသော ပုဂ္ဂိုလ်တို့မှာ သက်သာသော သဘော မရှိကြပေ။ ကိုယ်တွေ့ ကြုံဖူးသူ မှန်သမျှ ဒုက္ခသစ္စာကို သိကြလေသည်။ မချိမဆန့် ပူပင်ဒုက္ခ ရောက်အောင် ညှင်းဆဲတတ်သည်။ သောကပရိဒေဝမီး တောက်လောင်စေ တတ်သည်။ ဒုက္ခတရား၏ အရင်းအမြစ်ကို စစ်လျှင် တဏှာ၏ အဆွေ၊ အဝိဇ္ဇာ၏ လှည့်ဖျားမှုပင် ဖြစ်သည်။
တပ်မက်သော တဏှာသည် ဘဝသစ်သို့ ဖြစ်စေတတ်သည်။ ထိုထို ဘုံဘဝတို့၌ အလွန် နှစ်သက်လျက် တပ်မက်မောမှု၊ လိုချင်မှုတို့သည် ဒုက္ခသစ္စာကို ဖြစ်စေတတ်သော သမုဒယသစ္စာ ဖြစ်သည်။

တဏှာ၊ ရာဂ၊ လောဘတရားယုတ်သည် ဆင်းရဲခြင်း အစစ်အမှန် ဖြစ်သည်။ ဒုက္ခသစ္စာကို အမြဲပင် ဖြစ်စေတတ်သည်။ အာရုံကောင်းတို့ကို တပ်မက် လိုချင်လျက် ခံစားချင် တတ်ခြင်းမှာ သတ္တဝါ ပုဂ္ဂိုလ်တိုင်း ကိုယ်တွေ့ ဖြစ်ကြ၍ သိကြသည်။ ဆင်းရဲခြင်း သဘော၊ ဆင်းရဲခြင်းကို ဖြစ်စေတတ်သော သဘောဟူ၍ မသိမမြင် မဆင်ခြင်နိုင်ကြဘူး။

ဒုက္ခတရား အပေါင်း၏ ချုပ်ငြိမ်းရာ နိရောဓသစ္စာ ဖြစ်သော နိဗ္ဗာန်တရားသည် လောဘတဏှာမှ ကင်းသည်။ ကိလေသာမှ လွတ်သည်။ ငြိမ်သက်ခြင်း၊ မသေမပျောက် မရွေ့မရှားခြင်း၊ လူနတ်ဟူသော ခန္ဓာကင်းဆိတ်ခြင်း ဖြစ်သည်။ နိဗ္ဗာန် တရားတော်မြတ်သည် မဂ်ဉာဏ်ဖိုဉာဏ် ပစ္စဝက္ခဉာဏ် ရအပ်သော အရိယာ ပုဂ္ဂိုလ်များ၏ အရာဖြစ်ကာ၊ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း သို့မဟုတ် ကမ္ဘာ အရာ အထောင် ကျင့်မှ သိနိုင်သော တရား ဖြစ်သည်။

ထို နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကောင်း ဖြစ်သော ရှစ်ပါးသော မဂ္ဂင်တရားသည် မဂ္ဂင်သစ္စာ ဖြစ်သည်။ မဂ္ဂင်ရှစ်ပါးသည် ဝဋ်ဒုက္ခမှ လွတ်မြောက်နိုင်သည်။ လောဘ၊ ဒေါသ၊ မောဟစသော ကိလေသာတို့ကို ပယ်နိုင်သည်။ ထိုမဂ္ဂင်ရှစ်ပါး တရားမှာ-

ကောင်းစွာ မြင်ခြင်း၊
ကောင်းစွာ ကြံခြင်း၊
ကောင်းစွာ ပြောဆိုခြင်း၊
ကောင်းစွာ အမှုလုပ်ခြင်း၊
ကောင်းစွာ အသက်မွေးဝမ်းကျောင်းခြင်း၊
ကောင်းစွာ လုံ့လထုတ်ခြင်း၊
ကောင်းစွာ အောက်မေ့ခြင်း၊
ကောင်းစွာ တည်တံ့ခြင်း။
ဤမဂ္ဂင်ရှစ်ပါး တရားသည် လောကီ လောကုတ္တရာ နှစ်မျိုး ရနိုင်ပေသည်။ မဟာကုသိုလ် ညာဏသမ္ပယုတ် လေးပါးနှင့် ယှဉ်သော မဂ္ဂင်ရှစ်ပါးမှာ လောကီမဂ္ဂင် ဖြစ်သည်။ မဂ်စိတ်နှင့် ယှဉ်သော မဂ္ဂင်ရှစ်ပါးသည် လောကုတ္တရာမဂ္ဂင် ဖြစ်သည်။
အကျဉ်းရုံး၍ ငါ့သမီးအား အချုပ်ကို မယ်တော် ဟောပြောရမည် ဆိုလျှင် မဂ္ဂင်ရှစ်ပါး၌ အစဖြစ်သော ကောင်းစွာမြင်ခြင်း သမ္မာဒိဋ္ဌိ တရားသည် အရေးကြီးဆုံး ဆိုရမည်။ ပိုင်ပိုင်နိုင်နိုင် သိဖို့ အရေးကြီးပါသည် သမီး။ သမ္မာဒိဋ္ဌိ ကောင်းစွာမြင်မှ သူတော်ကောင်း အစစ်အမှန် ဖြစ်ပေလိမ့်မည်။

ငါ့သမီး၌ မှန်သောအမြင် သမ္မာဒိဋ္ဌိ မဂ္ဂင်တရားတစ်ပါး ရှိနေလျှင် ကောင်းစွာ အမှန် ကြံတော့သည်။ ကောင်းစွာ အမှန်စကား ဆိုတော့မည်။ ကောင်းစွာ အမှုအလုပ် ပြုတော့မည်။ ကောင်းစွာ အမှန် အသက်မွေးတော့မည်။ ကောင်းစွာ အမှန် လုံ့လ ရှိတော့မည်။ ကောင်းစွာ အမှန် အောက်မေ့ခြင်း ရှိတော့မည်။ ကောင်းစွာ အမှန် တည်တည်တံ့တံ့ ရှိတော့မည်။

အမြင်မှန် သမ္မာဒိဋ္ဌိ မရှိက မိစ္ဆာဒိဋ္ဌိ ဖြစ်လိမ့်မည်။

အမှားမြင်လျှင် အမှားကို ကြည့်တတ်သည်။ အမှားကို ပြောတတ်သည်။ အမှားကို ပြုလုပ်တတ်သည်။ အမှားကိုပြုလုပ် အသက်မွေးတတ်သည်။ အမှားကို အားထုတ်တော့သည်။ အမှားအတိုင်း တည်တံ့တတ်လေသည်။

လောကီမဂ္ဂင် သမ္မာဒိဋ္ဌိ လူတိုင်းလူတိုင်း မမြဲကြဘူး။ ရံဖန်ရံခါ သမ္မာဒိဋ္ဌိ ရှိလျက် ရံဖန်ရံခါ မိစ္ဆာဒိဋ္ဌိ ဖြစ်နေကြသည်။ သမ္မာဒိဋ္ဌိ မြဲဖို့ အရေးကြီးပေသည်။

လောကုတ္တရာ မဂ်စိတ်နှင့် ယှဉ်သည့် သမ္မာဒိဋ္ဌိမှာမူ မည်သူ ဖျက်ဆီး ဖျက်ဆီး မပျက်စီးတော့ပေ။ ခိုင်ခိုင်မြဲမြဲ ဖြစ်ပေသည်။

ချစ်သမီးသည် လောကီမဂ္ဂင် ဖြစ်သော တရားရှစ်ပါးကို နှလုံးသွင်း စေနိုင်သော်ဝ်ဟု မယ်တော် ဩဒိသ မေတ္တာဖြင့် သွန်သင် သတိပေး ရေးသားလိုက်ရသည်။

သီတင်းကျွတ် လပြည့်ကျော်က မယ်တော် ရေးပို့လိုက်သော စာအတိုင်း သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟီရိ၊ ဩတ္တပ္ပ တရားများကို သတိရှိပါလေ။

မမေ့လျော့သော သတိရှိသော သူသည် သတိကင်းသူတို့ထက် သီလကုသိုလ် အားထုတ်နိုင်သည်။ ကိုယ်ကျင့်သီလ တည်နိုင်သည်။ ထို့ပြင် ရှက်တတ် ကြောက်တတ်သော သဘော ရှိတတ်သော ကိုယ်ကျင့်သီလသည် ဖြစ်လည်း ဖြစ်၏။ တည်လည်း တည်၏။ ရှက်တတ် ကြောက်တတ်သော သဘော မရှိသော ကိုယ်ကျင့်သီလသည် ဖြစ်လည်း မဖြစ်၊ တည်လည်း မတည်။ ထို့ကြောင့် အကျင့်သီလ ကောင်းစေရန် သူတော်ကောင်းတရား ခုနစ်ပါး စွဲမြဲဖို့၊ သတိပြုဖို့ ဆုံးမလိုက်ခြင်း ဖြစ်သည်။

မယ်တော်အတွက် ပူပန်ကြောင့်ကြ မရှိကြလေနှင့်။ သုံးဆယ့်တစ်ဘုံက လွတ်အောင် ပါရမီကုသိုလ် ဆည်းပူးလျက် တရား အားထုတ်နေသည်။

သီလစာရီ
ဂူနီချောင်
စစ်ကိုင်းတောင်ရိုး။
စာဆုံးခါနီး ဝေဝေ၏ အသံမှာ တုန်နေလေသည်။

ဦးဘိုးသိန်းသည် ကြိမ်ပက်လက် ကုလားထိုင်ကြီး ပေါ်မှာ ပက်လက်လှဲကာ သစ်သားလက်ရန်း နှစ်ဖက် ဆွဲထုတ်လျက် ခြေဆန့်ထားပြီး ဝေဝေ ဖတ်ပြနေသော စာကို စိုက်နားထောင် နေလေသည်။

“သူတော်ကောင်းမကြီး ... သူ့မှာတော့ သံယောဇဉ်တွေ ဖြတ်ပြီး ချမ်းသာ နေတော့တာပဲပေါ့”

ဒေါ်သက်သည် ဝေဝေ ဖတ်ပြသောစာ ဆုံးဆုံးချင်း နှုတ်က ဖွင့်ညည်းလိုက်ကာ တစ်စုံတစ်ခု တွေးတောစဉ်းစား နေဟန်ဖြင့် ဆေးလိပ်ခေါင်းက ပြာကို လက်မနှင့် သိပ်ဖိရင် ဝေးရာသို့ ငေးနေလေသည်။

ဝေဝေမှာ လက်ထဲက စာရွက်ကို စိုက်လျက်သာပင် ဝဲလာသော မျက်ရည်များ စီးမကျအောင် ထိန်းထားရလေသည်။

ဦးဘိုးသိန်းသည် ချောင်းဟပ်လျက် လည်ချောင်း ရှင်းလိုက်ပြီးနောက် တံတွေး ထထွေးလိုက်သည်။ ဝေဝေက လှမ်းကြည့်လိုက်သည်။

ကုလားထိုင်ပေါ်က ထွေးလိုက်၍ တံထွေးထဲမှ အစအန ပါလာသော သွေးရောင်ကို ထွေးခံထဲ ကျသွားသည် အထိ ကောင်းကောင်းမြင် လိုက်ရသည်။

ဝေဝေသည် မျက်နှာပျက် သွားကာ စာရွက်ပေါ်သို့ ခေါင်းငိုက်ချလိုက်ရာ မျက်ရည် အစက်များ စဉ်ကျသွားသဖြင့် စာလုံးများ ပြန့်ကွက် သွားလေသည်။

“သမီး စာပြန်ရင် ဖေဖေ နေမကောင်းတဲ့ အကြောင်း ထည့်မရေး လိုက်နဲ့နော်၊ စိတ်ချမ်းချမ်းသာသာနဲ့ တရားအားထုတ် နေပါစေကွယ်”

ဝေဝေသည် ငြိမ်သက်ကာ ငုံ့မြဲငုံ့ နေလေသည်။

သီလရှင် မဝတ်ခင်က မိခင်၏ မျက်နှာကို မြင်ယောင် လိုက်မိသည်။ မိခင်မှာ လှပသော မိန်းမချောတစ်ယောက် ဖြစ်သည်။ ရုပ်ချောသလို စိတ်နေ စိတ်ထားလည်း နူးညံ့သိမ်မွေ့သည်။ ဝေဝေ ၁၂ နှစ်သမီး အရွယ်အထိ မိခင်နှင့် အတူတကွ နေခဲ့ရသဖြင့် ဖြီးပုံလိမ်းပုံ၊ ဝတ်ပုံစားပုံ၊ ပြောပုံဆိုပုံ၊ နေပုံထိုင်ပုံပါမကျန် အစခပ်သိမ်း တရေးရေး ပြန်ပေါ် လာလေသည်။ လေးငါးခြောက်နှစ် မှတ်မိသလောက် အရွယ်ကလေးကပင် မိခင်သည် ဝါတွင်းအခါ၌ စစ်ကိုင်းချောင်သို့ သွားတတ်ကာ တစ်လကိုးသီတင်း ဥပုသ်ရှည်ရှည် စောင့်လေ့စောင့်ထ ရှိခဲ့သည်။

စစ်ကိုင်းချောင်သို့ သွားလျှင် တစ်ယောက်တည်း မသွားပေ။ ဖခင်က အမြဲ လိုက်ပို့ရသည်။ အဓိဋ္ဌာန် ရက်မစေ့ခင် ဥပုသ်မထွက်မီ ပြန်မည့်ရက်ကို စာ ကြိုတင်ပေးသည်။ ဖခင်ပင် သွားကြိုရသည်။

အကြောင်းကိစ္စ မညီညွတ်၍ စစ်ကိုင်း မသွားနိုင်မည့် နှစ်မျိုးဆိုလျှင် မိခင်မှာ မရွှင်ပျ။ မကြည်မသာနှင့် ပျက်ကွက်ရခြင်းကို တဖျစ်တောက်တောက် ပြောနေတတ်ပုံကို ကောင်းကောင်း မှတ်မိလေသည်။

သီလရှင် မဝတ်မီ နှစ်နှစ်လောက်က စ၍ သိသိသာသာ ပြောင်းလဲနေသော မိခင်ကို တစ်အိမ်သားလုံး သိကြသည်။

ခါတိုင်းထက် စကားနည်း လာသည်။ တစ်နေ့တစ်နေ့ ဘုရားဝေယျာဝစ္စဖြင့်ပင် အချိန်ကုန် နေလေသည်။

စိပ်ပုတီးကို လက်ကမချဘဲ စိပ်သည်။ ဘုရားရှိခိုးလျှင် မေ့နေအောင် ကြာသည်။ ညဉ့်နက်သန်းခေါင် အထိ ကျမ်းစာဖတ် နေသည်။ စကားပြောတိုင်း တရားနှင့်ယှဉ်လျက် တရားစကား ပြောလွန်လွန်းသဖြင့် ဝေဝေ့မှာ ငယ်ငယ်ရွယ်ရွယ် ကပင် လောကုတ္တရာ အကြောင်း နားယဉ် နေလေသည်။

အစားကိုလည်း မခုံမင်လှ၊ အဝတ်လည်း မခုံမင်၊ လက်ဝတ်လက်စားများ ချွတ်ထားသည်။ နားက နားကပ်ကိုချွတ်ပြီး “အစ်မပဲ ပန်ပါ” ဟု ဒေါ်သက်ကို ပေးလိုက်သည်။ စီးပွါးရေး လုပ်ငန်းဆောင်တာများကို စိတ်ပါလက်ပါ မရှိတော့ဘဲ ပစ်ပယ်မှန်းမသိ ပစ်ပယ်လာကာ သားသမီး သံယောဇဉ်တွေကို ဖြတ်မှန်းမသိ ဖြတ်နေလေသည်။

“မင်းကွယ် ... လူ့ဘောင်ကြီး မနေပါနဲ့တော့၊ စစ်ကိုင်းမှာ မယ်သီလရှင်ပဲ လုပ်နေပါတော့” ဟု ဦးဘိုးသိန်းက ခနဲ့သည့်အခါမျိုး၌ “ခွင့်သာ ပေးပါရှင်၊ ကျွန်မ အဆင်သင့်ပါ” ဟု ဆိုလေသည်။

“လောကကြီးကို စက်ဆုပ်လိုက်တာ” ဟု မကြာခဏ ညည်းနေသည်။ “စက်ဆုပ်ရင်လည်း တောင်ရိုး သွားနေအေ” ဟု ဒေါ်သက်က ငေါ့လျှင် ပြုံးနေလေသည်။

ဝေဝေ ခုနစ်တန်း ရောက်သည့်နှစ်၌ စစ်ကိုင်းသို့ ဥပုသ်စောင့် သွားရာ တစ်ခါတည်း ပြန်မလာတော့ပေ။ ဦးဘိုးသိန်းထံသို့ မယ်သီလရှင် လုပ်လိုက်ပြီ ဖြစ်၍ ခွင့်ပြုပါရန်နှင့် နောက်ထပ် အိမ်ထောင်ရက်သား ပြုလိုကလည်း ခွင့်ပြုပါကြောင်း စာပေးလိုက်သည်။

မယ်သီလရှင် ဝတ်ပြီဟု သိသိချင်း ဝေဝေမှာ တရှုပ်ရှုပ် ငိုခဲ့ရသည်။ ဦးဘိုးသိန်းမှာ မယားကို ချစ်လွန်း အလိုလိုက်လွန်းဖြင့် “မင်းကြောင့် ဒီလိုဖြစ်ရတာ” ဟု ဒေါ်သက်သည် ဦးဘိုးသိန်းကို ဖိပြီး အပြစ်ဆိုနေ၏။

ဦးဘိုးသိန်းမှာ စိတ်ထိခိုက် သွားကာ တော်တာ်နှင့် မဖြေနိုင်၊ ဝေဝေတို့ ရှေ့၌ ... “သူ့အတွက် သည်ဘဝမျိုးပဲ ကောင်းပါတယ်” ဟု ဖြေပြော ပြောရလျက် တစ်ယောက်တည်း နေလျှင် မှိုင်ငိုင် နေတတ်လေသည်။ ဒေါ်သက်မှာ မောင်နှင့် တူမလေးကို သနားရတော့ကာ လုပ်ရက်လေတယ်ဟု ယောက်မကို စိတ်နာနေသည်။

ဝေဝေသည် ခုနစ်တန်း စာမေးပွဲ ဖြေပြီး နွေကျောင်းပိတ်တွင် မိခင်ကို တွေ့ပါရစေဟု ငိုယိုပူဆာနေရာ၊ ဦးဘိုးသိန်းမှာ သူ မတွေ့ချင်ဘူး ဆိုကာ ဒေါ်သက်နှင့် လွှတ်လိုက်လေသည်။

တစ်နှစ်တစ်ခေါက် မိခင်ထံသို့ ရောက်သည်။ သီလရှင် ဝတ်သွားသည်မှာ ငါးနှစ်ခန့် ရှိပြီ။ ဝေဝေ့အစ်ကို ကိုနေဦးနှင့် အဝေးရောက်နေသော ထားထားတို့မှာ မိခင်အတွက် ပထမ စိတ်မကောင်း ဖြစ်လိုက်ကြသည်။ နောက်မှ ကောင်းတာ လုပ်တာပဲဟု စိတ်ဖြေကြရ လေသည်။

ဦးဘိုးသိန်းသည် သီလရှင် ဝတ်သွားပြီး ကတည်းက ယခုအထိ မတွေ့ဘဲ နေ၏။ စာတစ်စောင်မှ မရေးပေ။ လစဉ် စရိတ်သာ ထောက်ပံ့နေကာ စိတ်ကိုဖြေဖျောက် နေထိုင်သည်။ အမှန်စင်စစ် မိခင်ကသာ ပြတ်သွားသော်လည်း ဖခင်မှာ မိခင်ကို စိတ်မပြတ်မှန်း သိ၍ တွေးမိတိုင်း စိတ်မချမ်းသာ ဖြစ်ရလေသည်။

မိခင်ထံမှ စာလာတိုင်း ကိုယ်တိုင် မဖတ်သော်လည်း ဖတ်ခိုင်း၍ ဖတ်ပြရသည်။ ငါးနှစ်ခန့် အတောအတွင်း မိခင်၏ စာများထဲတွင် ဖခင်နှင့် ပတ်သက်၍ အကျိုးအကြောင်း အရေးနည်းသဖြင့် နေနိုင်လိုက်တာဟု အံ့ဩမိသည်။ သီလရှင် ဝတ်စက ဖခင် စိတ်မချမ်းမသာ ဖြစ်ကာ လွမ်းဆွတ် အောက်မေ့လျက် ရှိနေကြောင်း သိအောင် တမင်ရေးထည့် လိုက်သည့်တိုင် ဖခင်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ ဘာမျှ ထွေထွေထူးထူး ပြန်မရေးဘဲ နေလေသည်။

လူဝတ်ကြောင်မှ သီလရှင် အဖြစ်သို့ ကူးပြောင်းသွားသော မိခင်၏ ဘဝကို ဇာတ်ခင်းလျက် မြင်နေလေကာ အသစ်ပြန်ဖြစ် လာသည်။

“သူ့ဘဝ အထုံက ပါလာတာကိုး၊ ဒါကြောင့်လည်း သံယောဇဉ်တွေကို ပြတ်ပြတ် တောက်တောက်ကြီး ဖြတ်နိုင်တာပေါ့။ မောင်နေဦးတို့၊ ထားထားတို့ လက်ထပ် သွားကြပြီး ကတည်းက သီလရှင် ဝတ်ချင်ပုံ ရပါတယ်။ ဝေဝေက ငယ်သေးလို့ စောင့်နေတာနဲ့ တူပါရဲ့”

ဒေါ်သက်သည် ဦးဘိးသိန်းနှင့် ဝေဝေတို့ကို မကြည့်ဘဲ၊ နောက်ကြောင်းကို ပြန်တွေးမိသလို တစ်လုံးချင်း ခပ်ဖြည်းဖြည်း ပြောနေလေသည်။ ပြောမိလက်စဖြင့် နောက်က အတိတ်ကို ပြန်အသစ်လုပ် ပြောချင်လျက်၊ ဦးဘိုးသိန်း နောက်ထပ် ချောင်းဟန့် လိုက်သဖြင့် ရပ်သွားသည်။ ဝေဝေသည် အတွေးကို ရပ်ကာ မော့ကြည့်လိုက်သည်။

မျက်နှာမကောင်း ဖြစ်နေသော ဖခင်ကို ကြည့်လိုက်ကာ ရင်ထဲတွင် ဆို့လာလေသည်။

“မင်း ဆေးသောက် ပြီးပြီလား၊ ငါတော့ကွယ် မင်းတို့ ဆေးထိုးတာတွေ မကြိုက်ပါဘူး၊ မြန်မာဆေး ကောင်းပါလိမ့်မယ် ထင်ပါတယ် ...”

ဒေါ်သက်မှာ မောင်အတွက် စိတ်မကောင်း ဖြစ်မိသည်။ နံနက်စောစော စပါးဂိုဒေါင်က ပြန်လာပြီး ချောင်းဆိုးရင်း ချွဲဟပ်လိုက်ရာ သွေးပါလာသည်။ တစ်အိမ်လုံး ထိတ်လန့်လျက် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားကြရသည်။

ဦးဘိုးသိန်းမှာ သည်ရောဂါမျိုး မဖြစ်ဖူးသဖြင့် သွေးမြင်တာနှင့် ထိတ်လန့်ကာ၊ မျက်နှာတွင် သွေးတစ်စက်မှ မရှိဘဲ ခြေဖျားလက်ဖျား အေးစက် သွားလေသည်။ ဆရာဝန် ချက်ချင်း ပြေးခေါ်ရသည်။ ဆရာဝန်က ချောင်းဆိုးသွေးပါ ရောဂါ မဟုတ်ပါဘူး၊ သွေးလျှံတာပါ ပြော၍ စိတ်သက်သာအောင် ပြောတာပဲဟု ထင်မှတ်ကြကာ ချောင်းဆိုးသွေးပါ ရောဂါပါပဲဟု ထင်နေကြသည်။

ဝေဝေသည် ဖခင်အတွက် စိုးရိမ်ပူပန် နေသည်။

ယခုနေ မိခင် အနားမှာရှိရင် ကောင်းမှာပဲဟု အထူးသတိရ မိတော့သည်။

“သမီးရယ် ... ဆေးချိန် ကျပြီလား ...”

ဝေဝေသည် လက်ပတ်နာရီကို ငုံ့ကြည့်ကာ “တစ်နာရီ ထိုးပြီ ဖေဖေ၊ သောက်မှ” ဟု ပြောပြောဆိုဆို ဆေးထယူ တိုက်လိုက်သည်။

ဦးဘိုးသိန်းသည် ဆေးသောက်ပြီး အိမ်ပေါ်ထပ်သို့ ဖြည်းညင်းစွာ တက်သွားလေသည်။

“ညည်းအဖေ အတွက် စိတ်မကောင်းဘူးအေ” ဟု ညည်းလျက် ဒေါ်သက် ထသွား၍၊ ဝေဝေသည် မိခင်ထံသို့ စာပြန်ရေးရန် စာရေးစားပွဲခုံတွင် ဝင်ထိုင်လိုက်သည်။

မိခင်၏ စာကို ထပ်ဖတ်ကြည့် ပြန်သည်။ တရားစာများ ဖတ်ရပေါင်း များပြီဖြစ်၍ ငြီးငွေ့နေသည်။ စာဖတ်ပြီး အနက်အဓိပ္ပါယ် ထင်သည့် အခါမှလည်း ထင်သည်။ စွဲယူမှတ်သားလျက် အနက်အဓိပ္ပါယ် ပေါက်သည့်အထိ လေးလေးနက်နက် ဆင်ခြင်အောက်မေ့ ကြည့်ဖူးသည် မရှိ။ တရားနှင့် မတွေ့မထိပေ။ စာဖတ်ပြီး စာထဲ၌ ဖတ်ရသော သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ သူတော်ကောင်းတရား ခုနစ်ပါး၏ အမျိုးအစား၊ အမည်နာမကို မှတ်မိသလောက်တော့ မှတ်မိလေသည်။

မိခင်ထံသို့ စာပြန်ရေးသည်။

ချစ်သမီး စာပြန်လိုက်ပါသည် မယ်တော်။

မယ်တော့်စာကို ရရှိ၍ ဝမ်းသာပါသည်။ အစ်ကိုကြီး ရန်ကုန် သွားသဖြင့် မယ်တော့်ထံသို့ တင်ပို့ရန် ဖေဖေက ဆန်အိတ်နှင့် ဆီပုံး ပေးလိုက်ပါသည်။ အစ်ကိုကြီး မျက်စိအောင့်၍ ရန်ကုန်က ဘလီမိုးရီးယား ဆေးတိုက်မှာ မျက်စိ သွားပြပါသည်။ ဆယ်ရက်လောက် ကြာပါလိမ့်မည်။

မမထားဆီက မအူပင်သို့ ပြောင်းရမည့်စာ ရောက်သဖြင့် သမီးတို့နှင့် နီးပြီဟု ဝမ်းသာ နေကြပါသည်။ ကြီးတော်သက်လည်း နေကောင်းပါသည်။ ဘကြီးထိုက်ဆီက ဆေးနည်းရ၍ ဆေးဖော်စား နေပါသည်။

ရွာကလေး ဆရာတော်ဘုရား ဆီက ဓာတ်တော်နှစ်ဆူ ကိုးကွယ်ဖို့ ပေးလိုက်ပါသည်။ မယ်တော့် ကတ္တီပါစောင်ကို နေရာထိုင် ချုပ်ပြီး ဆရာတော်ဘုရား ထံသို့ သမီး ပို့လှူ လိုက်ပါသည်။

ဖေဖေတော့ ဒီနေ့မနက်ပဲ ...

ဝေဝေသည် ဆက်မရေးဘဲ ခေတ္တရပ်နား နေလေသည်။ ဖခင်က မရေးရန် တားမြစ်သဖြင့် ရေးသင့် မရေးသင့် ချိန်ဆ စဉ်းစားနေသည်။ စိတ်ထဲက ရေးချင်သည်။ အသိပေးချင်သည်။ ဖခင်အတွက် စိတ်ပူစေချင်သည်။ ဘယ်လိုပင် သံယောဇဉ် ပြတ်ပြတ် နာရေးတော့ လျစ်လျူမရှုထိုက်ဘူးဟု တွက်လိုက်သည်။ ဖခင်ဝေဒနာ သက်သာရာ ရသွားမှာပဲဟု အောက်မေ့ကာ ...

ဖေဖေတော့ ဒီနေ့မနက်ပဲ ချောင်းဆိုးရင်း သွေးစ ပါလာလို့ သမီးတို့ ဖေဖေ့အတွက် စိုးရိမ်ပူပန် နေကြရပါတယ်။ ဆရာဝန် ခေါ်ပြီး ဆေးထိုးပါတယ်။ ညနေပိုင်းတော့ သွေးပါ နည်းနည်း သက်သာပါတယ်။ ဖေဖေက မရေးပါနဲ့၊ စိတ်ချမ်းချမ်းသာသာ တရားအားထုတ် ပါစေလို့ ပြောပါတယ်။ ဒါပေမဲ့ မယ်တော်သိစေဖို့ ရေးလိုက်ပါတယ်။

မယ်တော် သွန်သင်ပို့ချတဲ့ တရားတော်ကို အားထုတ် လေ့လာပါ့မယ် မယ်တော်ရှင့် ...။

ဝေဝေသည် မိခင်ထံ စာရေးပြီး ပြန်ဖတ်ကြည့် နေစဉ် အိမ်ရှေ့၌ လူသံကြား၍ မော်ကြည့်လိုက်သည်။

စီးကရက် သံဘူးကို လက်တစ်ဖက်က ကိုင်ကာ ဦးထုပ်ကို ပိုက်လျက် အိမ်ထဲ စိုက်စိုက်ဝင်လာသော ဦးစောဟန်ကို မြင်၍ ရုတ်တရက် ငေးနေမိသည်။

“ဦး ရှိသလား ...”

ဦးစောဟန် တံခါးဝ၌ ရပ်လျက် လှမ်းမေးကြည့်သည်။

မျက်လုံးများသည် ကြည့်သာ ကြည့်ရသည်။ ရဲရဲတင်းတင်း မကြည့်ရဲပေ။ နေရာမှ ထကာ “ရှိပါတယ်၊ ဝင်ပါ” ဟု ဖိတ်ခေါ်လိုက်သည်။

ဦးစောဟန်သည် စားပွဲနားသို့ ဖိနပ်သံ မမြည်ရန် ခပ်ဖော့ဖော့ နင်းလျှောက်လာသည်။

“အိပ်နေသလား၊ အိပ်နေရင်လည်း မနှိုးပါနဲ့”

ဝေဝေမှာ ဘယ်လို ပြန်ပြောရမှန်း မပြောတတ် ဖြစ်ကာ နောက်မှ ကြည့်ပြောရသည်။

“ဖေဖေ စောစောကပဲ အိမ်ပေါ်တက် သွားပါတယ်၊ အိပ်ပျော် နေသလား မသိပါဘူး၊ နေမကောင်းလို့ပါ”

ဦးစောဟန်သည် ဝေဝေ့ကို စိုက်ကြည့်နေသည်။ အကြည့်မှာ စူးလွန်း၍ ဖြောင့်အောင် သတိထား ပြောရလေသည်။

“နေမကောင်းဘူးလား၊ ဘာဖြစ်လို့လဲ၊ နေမကောင်းရင် မနှိုးပါနဲ့၊ အိပ်ပါစေ”

ဦးစောဟန်သည် ဝေဝေ့အဖြေ စောင့်လျက် စိုက်ကြည့်ရင်း မျက်နှာပြောင်းကာ ပြုံးသလိုလို မျက်နှာချို ထားလေသည်။

“မနက်က စောစောပဲ ဂိုဒေါင်ကို သွားပါတယ်၊ ပြန်လာပြီး ချောင်းဆိုးတော့ သွေးစ ပါလာတယ်”

ဝေ့ဝေ့စကား မဆုံးခင် ဦးစောဟန်သည် ကြောက်တွန့် သွားသလို ပခုံးနှစ်ဖက် တွန့်ကာ မျက်မှောင်ကုပ်လျက်-

“ဆရာဝန် မခေါ်ဘူးလား” ဟု ဖြတ်မေးလိုက်သည်။

“ခေါ်ပါတယ်။ ဆေးထိုး ပေးပါတယ်”

ဝေဝေသည် ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။ တွေ့စက ဟန်ကြီးပန်ကြီး နိုင်လိုက်တာဟု အောက်မေ့ထားသော ထင်မြင်ချက်သည် ပြင်ရမလို ဖြစ်လာလေသည်။ စကားပြောကြည့်မှ ဖော်ဖော်ရွေရွေ ရှိသားပဲဟု စိတ်ထဲ၌ အတွေးအထင် ပြောင်းသွားသည်။

“ဆရာဝန်က ဘာပြောသလဲ”

ဝေဝေသည် ခပ်သွက်သွက် အဖြေပေးဖို့ရန် မခက်တော့ပေ။ မေးခွန်း တစ်ခွန်းထက် တစ်ခွန်း ဂရုစိုက်ဟန်၊ စိတ်ဝင်စားဟန် ပေါ်ပေါက်ဖော်ပြ နေသဖြင့် ရဲရဲဖြေရန် အားရှိလာသည်။

“ဆရာဝန်က ချောင်းဆိုးသွေးပါ ရောဂါ မဟုတ်ဘူးတဲ့။ အထက်ကို အပူလျှံတာ ကိစ္စမရှိဘူးလို့ ပြောသွားပါတယ်”

ဦးစောဟန် မျက်နှာတွင် စဉ်းစားလိုက်သည့် အမူအရာ ဖြစ်ပေါ်ကာ ...“နောက်တုန်းက ဒီလို ဖြစ်ဖူးသလား” ဟု ဆက်မေးပြန်သည်။

သာယာညင်းပျောင်းစွာ မေးနေလျက် မျက်နှာ မကောင်းသလို အမူအရာ မျက်နှာထားဖြင့် ဝေဝေ့ကို ငေးကြည့် နေလေသည်။

ဝေဝေသည် မျက်တောင်ကလေး ပင့်၍ ကြည့်လျက် ပြုံးယောင်ယောင် မျက်နှာဖြင့် “မဖြစ်ဖူးပါဘူး” ဟု ပြောရင်း ညင်ညင်သာသာ ခေါင်းခါပြသည်။

“သိပ်လည်း စိတ်မပူပါနဲ့လေ၊ ပေါ့လည်း မပေါ့နဲ့ပေါ့၊ လာတဲ့ကိစ္စ ကတော့ ...”

စကားကို ဆက်မပြောဘဲ ဝေဝေ့စားပွဲ ရှေ့က ကုလားထိုင်ကို လှမ်းကြည့်လိုက်ကာ ... “ထိုင်မယ်နော်” ဟု ပြောလိုက်သည်။

“ဟုတ်ကဲ့ ... ထိုင်ပါ၊ ထိုင်ပါ”

ဦးစောဟန်နှင့် အတူပင် ကုလားထိုင် ပေါ်၌ ပြန်ထိုင်ချလိုက်ရာ မျက်နှာချင်းဆိုင် ထိုင်နေရသဖြင့် ဣန္ဒြေလေး ဆည်လျက် ခပ်ယို့ယို့ကလေး ငြိမ်နေသည်။

“ဦး အိပ်ရာက နိုးတော့ ပြောပါ၊ တိုက်က သံကြိုးလာတယ်၊ ဦး တောင်းတဲ့ဈေး အရောင်းအဝယ် ဖြစ်မယ်။ ဒါပေမဲ့ ချက်ချင်းတော့ ခြင်နိုင်မယ် မထင်ဘူး ထင်တယ်၊ တုန်ကင်းတွေက တစ်ပတ်လောက် ကြာမှ ရောက်လိမ့်မယ်“

“ချက်ချင်း မခြင်နိုင်ရင်တော့ မဖြစ်ဘူး ထင်ပါတယ်၊ နောက်ထပ် ရောက်လာမယ့် စပါးတွေက ရေစိုလာလို့ ဂိုဒေါင်ထဲ ရောထားဖို့ ခက်ပါတယ်၊ ဂိုဒေါင်ထဲက စပါးတွေ အလျင် ခြင်ထုတ်ပြီးမှ သွင်းလို့ ဖြစ်ပါမယ်”

ဦးစောဟန် သဘောကျသော အပြုံးဖြင့် ပြုံးနားထောင် နေကာ-

“စပါးတွေက များသလား၊ ဘယ်တော့ ရောက်မလဲ” ဟု စိုက်ကြည့်ရင်း မေးသည်။

ဝေဝေသည် အံဆွဲထဲမှ စာရင်းစာအုပ် အထူကြီးကို ယူထုတ်ကာ ဖွင့်ကြည့်လိုက်သည်။

“များပါတယ်၊ ဝေဝေတို့ လယ်ထဲကပဲ သုံးထောင်လောက် ရောက်ပါမယ်၊ တခြားလယ်က စပါးလည်း လာပါလိမ့်ဦးမယ်”

ဦးစောဟန်သည် စာရင်းစာအုပ်နှင့် ဝေဝေအား တစ်လှည့်စီ ကြည့်ရှုနေလျက် ...

“ဪ ... နာမည်က ဝေဝေတဲ့လား“ ဟု ဆို၍ ဝေဝေသည် ပြုံးရယ်လျက် ခေါင်းညိတ်လိုက်သည်။

ဦးစောဟန်မှာ ဝေဝေ၏ ကလေးဆန်သော အမူအရာလေးနှင့် ခေါင်းညိတ်ကာ ပြုံးရယ်ပြ လိုက်သည့် မျက်နှာကို စိုက်ကြည့်လျက် မျက်နှာ သိပ်ချိုတာပဲဟု အောက်မေ့နေသည်။

“ဝေဝေ ကျောင်း မနေဘူးလား”

ဦးစောဟန်က ဘောင်းဘီအိတ်ထဲက လက်ကိုင်ပဝါကို ဆွဲထုတ်လျက် မျက်နှာသုတ် လိုက်သည်။

“ဖေဖေ တစ်ယောက်တည်း ဖြစ်နေလို့ ကျောင်းဆက် မနေပါဘူး၊ ခုနစ်တန်း အောင်ပြီး ထွက်လိုက်ပါတယ်”

“ဪ ... အဒေါ်ကြီး တစ်ယောက်ဟာ ဝေဝေ့မေမေ မဟုတ်ဘူးလား”

“ကြီးတော်ပါ”

ဦးစောဟန်သည် လက်ကိုင်ပဝါကို ဘောင်းဘီအိတ်ထဲသို့ သွင်းလျက် “ဝေဝေ့မေမေပဲလို့ ထင်မိတယ်၊ စပ်စုတယ် မအောက်မေ့နဲ့နော်” ဟု ပြောကာ မီးခြစ်ကို နှိုက်ယူပြီး စီးကရက်ကို ညှိလိုက်သည်။

“မအောက်မေ့ပါဘူး”

စီးကရက်ကို ဖွာရှိုက်လျက် မျက်တောင် တဖျပ်ဖျပ် ခတ်ကာ ဣန္ဒြေကြီးနှင့် ဆက်ပြောလေသည်။

“အမေက ဆုံးသွားသလား”

ဝေဝေသည် မျက်တောင်ကလေး စင်းလျက် အဖြေပေးရန် ဆုတ်ဆိုင်း နေပြီးနောက် ဦးစောဟန်အား ဖျတ်ခနဲ လှမ်းကြည့်ကာ ပြုံးလိုက်လေသည်။ မချိပြုံး ပြုံးမိ၍ ဝမ်းနည်းရိပ် သမ်းထားသော မျက်နှာမှာ ပေါ်နေလေသည်။

“ဝေဝေ့အမေက ရှိပါတယ်၊ စစ်ကိုင်းမှာ သီလရှင် ဝတ်နေပါတယ်၊ ငါးနှစ် ရှိပြီ ...။ ဒါကြောင့် ဝေဝေ ကျောင်းဆက် မနေရပါဘူး၊ ဖေဖေ့ အလုပ်တွေ ဝေဝေပဲ ကူညီ လုပ်ပေးပါတယ်”

ဝေဝေသည် ပြောပြီး မျက်နှာလွှဲ လိုက်သည်။ ဦးစောဟန် ဝေဝေ့အား တစိမ့်စိမ့် ကြည့်လျက် ငြိမ်သက် နေလေသည်။

ငြိမ်သက် နေသော်လည်း ရင်ထဲမူ လှုပ်ရှားနေ၏။ ခြောက်သွေ့ နေရှာသော ဝေဝေ၏ ဘဝကို မေတ္တာရေ တစ်စက်စက် သွန်းလောင်းချကြည့် နေသည်။ ဝေဝေ၏ ရင်ထဲမှ အသည်းနှလုံးသည် လန်းစိုကာ ရွှင်ပျကြည်မြူးနေသည့် သဏ္ဌာန်မှာ မှုန်မှုန်ရေးရေး လှုပ်ရှားနေလျက် ချစ်ဖွယ် ကောင်းလှပေသည်။

“ဪ ... ဘယ်တုန်းက ရောက်နေပါသလဲ”

ဒေါ်သက် အိမ်ရှေ့သို့ ထွက်လာသည်။ ဦးစောဟန်တို့ အနားသို့ မလာဘဲ ခပ်လှမ်းလှမ်းကပင် ရပ်နှုတ်ဆက် နေသည်။

ဦးစောဟန်သည် ကုလားထိုင်မှ ထရပ်လိုက်သည်။

“ခုနကပဲ ရောက်ပါတယ် ဒေါ်ဒေါ်၊ ဦးသတင်း ကြားရတာ စိတ်မကောင်းပါဘူး”

ဦးစောဟန်သည် ပြောပြီး ပြန်ထိုင်လိုက်သည်။

“ကောက်ရသလိုပဲ ... မနက်ကမှ ဖြစ်တာ၊ ဆရာဝန်က စိတ်မပူရပါဘူးတဲ့”

“ဟုတ်ကဲ့”

ဒေါ်သက်သည် ဆက်ပြီး စကားပြောချင်သေးသည်။

ဦးစောဟန်က ဝေဝေဘက်သို့ လှည့်သွား၍ “မပြန်ပါနဲ့ဦး၊ ကော်ဖီ သောက်သွားပါ” ဟု ပြောဖြစ်အောင် ပြောလိုက်သည်။

“မလုပ်ပါနဲ့ ဒေါ်ဒေါ်၊ ကျွန်တော် ညနေမှ သောက်ပါတယ်၊ နေပါစေ ...”

ဝေဝေသည် ဦးစောဟန်အား အကျွေးအမွေးနှင့် ဧည့်ခံဖို့ရာ သတိရလျက် ဝန်လေးနေသည်။ ဝေဝေတို့မှာ ဘယ်ဧည့်သည် လာလာ အချိန်မရွေး ကော်ဖီ တိုက်တတ်သည်။ သည်ဧည့်သည် တစ်ယောက်ပင် ကော်ဖီ မတိုက်ရမှန်း အမှတ်ထားရသည်။

“တုန်ကင်း အမြန်ရဖို့ စီစဉ်ပေးမယ်၊ ဝေဝေ အလုပ်လုပ်နေတာ အနှောင့်အယှက် ပေးမိတယ်၊ ဝေဝေက ငယ်ပေမယ့် မိဘကို ကူညီနိုင်တယ်၊ လိမ္မာပါတယ်ကွယ်၊ ပြန်ဦးမယ်နော်”

ဦးစောဟန်သည် ဒေါ်သက်ကို နှုတ်ဆက်လျက် ထွက်သွားသည်။

ကြားလိုဇောဖြင့် ပျာလောင်ခတ် အနားသို့ ရောက်လာသော ဒေါ်သက်ကို ပြုံးကြည့်လျက် “ကြီးတော် လိုက်ကာနောက်မှာ ရပ်နေတာ ဝေဝေ သိပါတယ်” ဟု ပြောလိုက်ကာ၊ ဝေဝေသည် အသံအုပ်၍ လှိုက်လှိုက်လှဲလှဲ ရယ်မော နေလေသည်။
-----------------------------------------
ဂျာနယ်​ကျော်မမ​လေး

crd 👉 http://openread.atspace.cc/works/20052020_nv.html

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)