မုန်း၍မဟူ၊ အခန်း(၆)
နှစ်ယောက်သား တံခါးပေါက်ဝ ရပ်လျက် အတွင်းသို့ ကြည့်လိုက်ကြသည်။
စာအုပ်ဗီရို အဟောင်း နှစ်လုံးနှင့် စားပွဲခုံ ကုလားထိုင်များ ခင်းကျင်းထားသည်။ ကုလားထိုင် ငါးဆယ်ခန့် ရှိပေမည်။ ကုလားထိုင်များမှာ စာသင်ကျောင်း ကုလားထိုင်များ ဖြစ်သည်။ စာလုံးကြီးကြီးများဖြင့် “အချိန်ကို လေးစားပါ”၊ “ရိုးရိုးကျင့် မြင့်မြင့်ကြံ”၊ “မြန်မာစာသည် တို့စာ” စသည်ဖြင့် ရေးချိတ်ထားသော စာတန်းများကို တွေ့ကြရလေသည်။
ဧည့်ပရိသတ် သုံးဆယ်ခန့် ထိုင်နေကြသည်။ မြိုပေါ်က အချို့လူကြီးများနှင့် လူငယ်လူရွယ်တွေသာ တွေ့ရလျက် အမျိုးသမီး တစ်ဦးမှ မတွေ့ရပေ။
စာအုပ်ဗီရို ရှေ့တွင် ရပ်နေသော ကိုနေဦးသည် ဝေဝေတို့ကို မြင်၍ အပေါက်ဝသို့ ထွက်ကြိုလေသည်။
“လာကြ ... လာကြ၊ မိန်းကလေးတွေတော့ မရောက်သေးဘူး”
ဝေဝေသည် တံခါးပေါက်နား၌ ထိုင်နေသော ဆရာချစ်ကို အရင် လှမ်းပြုံးနှုတ်ဆက် လိုက်သည်။ ဆရာချစ်သည် ပြုံးလျက် နေရာမှ ထလာလေသည်။ ဝေဝေနှင့် ယှဉ်ရပ်နေသူကို စူးစမ်းသော အကြည့်ဖြင့် ကြည့်ရင်း လျှောက်လာကာ အနားရောက်မှ ... “လူများမှားလို့၊ ထားထား ပါလားဟေ့ ... ဘယ်တုန်းက ရောက်နေသလဲ” ဟု မေးလိုက်သည်။
ထားထားသည် ခပ်တွေတွေ ပြုံးလိုက်ကာ “ဆရာ အတော်ကျသွားပါလား” ဟု စိတ်ထဲက အောက်မေ့လျက် “ဆရာတို့ မာရဲ့နော်” ဟု ပြန်နှုတ်ဆက် လိုက်သည်။
ဆရာချစ်မှာ အသားဖြူဖြူ၊ ပိန်ပိန်ပါးပါး၊ နှုတ်ခမ်မွေး ရေးရေးနှင့် အသက်ငါးဆယ်ခန့် ရှိပေပြီ။ ကျောင်းနေစဉ်က ခုနစ်တန်းတွင် မြန်မာစာ ပြသောဆရာ ဖြစ်ခဲ့သည်။ အာဝဇ္ဇန်း ရွှင်ရွှင်ဖြင့် မြန်မာစာ အသင်အပြ ကောင်းသောကြောင့် ကျောင်းသားတိုင်း ခင်မင်ကြသည်။
ထားထားမှာ ကျောင်းနေစဉ် ကတည်းက ဝေဝေ့ထက် အသိအကျွမ်း ပေါများသဖြင့် ကျောင်းသားဟောင်း တစ်စုတို့မှာ ထားထားနားသို့ ဝိုင်းလာကြကာ တစ်ယောက်တစ်ခွန်း နှုတ်ဆက်ကြလေသည်။
“ကျွန်မ မနေ့ကပဲ ရောက်ပါတယ်၊ ဖေဖေ နေမကောင်းလို့ လာကြည့်တာ၊ အဆင်သင့်ပဲ စာကြည့်တိုက် ဖွင့်ပွဲနဲ့ လာကြုံရတယ်”
ထားထားသာ မရောက်လာလျှင် စာကြည့်တိုက် ဖွင့်ပွဲသို့ ဝေဝေ လာဖြစ်လိမ့်မည် မဟုတ်ပေ၊ ဝေဝေသည် ကျောင်းထွက် ကတည်းက အိမ်ပြင်သို့ ထွက်ခဲပေသည်။ လမ်းသွားလျှင်လည်း တစ်ယောက်တည်း သွားခဲကာ ကြီးတော်သက်ပါမှ သွားတတ် လာတတ်သလို ဖြစ်နေသည်။
ထားထားမှာ အိမ်ထောင် မကျခင် ကတည်းက သူ့စိတ်နှင့် သူ့ကိုယ် သွားချင်လျှင် တစ်ယောက်တည်း စွတ်ထွက် သွားလေသည်။ ဝေဝေထက် နှုတ်စလျှာစ သွက်လက်လျက် စိတ်မြန်ကိုယ်မြန် ရှိလေသည်။
ရောက်သည့်အခိုက် စာကြည့်တိုက် ဖွင့်ပွဲတွင် အစ်ကို တရားဟောမှာကို နာကြားချင်သဖြင့် ဝေဝေကိုပါ ဆွဲခေါ်လာခဲ့သည်။
ကိုနေဦးနှင့် ထားထားမှာ စိတ်ချင်း တူညီကြလေသည်။ မြို့ရေးရွာရေး အသင်းအပင်း ဆောင်ရွက်ရာတွင် ဝါသနာပါချင်းလည်း တူသည်။ စာဖတ် ဝါသနာလည်း ရှိကြသည်။ အသိမိတ်ဆွေလည်း ပေါသည်။ ကိုနေဦးထက် ထားထားက ပိုစိတ်ထက်မြက်သဖြင့် ဝေဝေနှင့်ဆိုလျှင် စိတ်နေချင်း တစ်လမ်းစီ ဖြစ်သည်။ ဝေဝေ အေးသလောက် ပျော့သလောက် ထားထားမှာ မာလေသည်။
ဝေဝေသည် ပရိသတ်ကို ခပ်ရွံ့ရွံ့ ငုံ့လျှောက်လာကာ ရှေ့ဆုံးတန်းတွင် ဝင်ထိုင်လိုက်သည်။ ထားထားမှာ အသိတွေနှင့် အကုန် နှုတ်ဆက်ပြီးမှ ဝေဝေ့ဘေး၌ ဆရာချစ်နှင့် ယှဉ်ထိုင်ကြသည်။
အချိန်ကား ညနေ လေးနာရီခန့် ရှိလေသည်။ လူမစုံသေး၍ ဖွင့်ပွဲ မစသေးရာ၊ ဝေဝေမှာ အိမ်ကို နောက်ဆံတင်းကာ “ကြာလိုက်တာ” ဟု စိတ်ထဲ၌ ညည်းတွား နေလေသည်။
“ဖေဖေ ဆေးသောက်ချိန် ကျနေပြီ၊ ကြီးတော်သက်များ မေ့နေရင် အခက်ပဲ မမရဲ့”
“နင်ပဲ ကြီးတော်ကို မှာခဲ့တာပဲဟာ၊ တိုက်မှာပေါ့ဟ၊ ပူမနေနဲ့”
ထားထားက တံခါးပေါက်ဘက်သို့ ကိုယ်တစောင်း လှည့်ကြည့်လိုက်ကာ “လူတွေ ပြည့်နေပါပြီ၊ စမှာပါ” ဟု ပြောရလေ၏။
ကိုနေဦး စားပွဲခုံရှေ့သို့ လာရပ်တာနှင့် စကားပြောသံများ ရပ်စဲသွားကာ တိတ်ဆိတ်ငြိမ်သက် သွားလေ၏။
ကိုနေဦးသည် စားပွဲကို ခါးနှင့်မှီကာ လက်ဝါးချင်း ပွတ်လျက် ဧည့်ပရိသတ်ကို တစ်စက္ကန့်လောက် ပြန်ကြည့်လိုက်၏။
“ဒီနေ့ ကျွန်တော်တို့ မြိုပေါ် လူငယ်တစ်စုရဲ့ ကြိုးပမ်းချက်နှင့် သည်စာကြည့်တိုက်ကို တည်ထောင်ဖွင့်လှစ် လိုက်ပါတယ်။ ဒီနေ့ဟာ စာပေမြတ်နိုးပြီး စာပေမွေ့လျော်သူ အပေါင်းတို့ရဲ့ မင်္ဂလာ အထိမ်းအမှတ် ရှိသောနေ့လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ မြန်မာ့သမိုင်း အဆက်ဆက် မပျောက်မပျက် ရလေအောင် ထိန်းသိမ်းခဲ့ကြတဲ့ စာပေအနုပညာရှင် အပေါင်းတို့ကို ကျွန်တော်တို့ ဒီနေရာ ဒီစာကြည့်တိုက်က ဦးခိုက်ပူဇော် ကန်တော့ လိုက်ပါတယ်”
ကိုနေဦးသည် စကားဖြတ်ကာ လက်နောက်ပစ်၍ ခေါင်းကို ညွတ်လိုက်ပြီးနောက်မှ ဆက်ပြောလေသည်။ ပရိသတ်တို့သည် စိုက်၍ နားထောင်ကြသည်။
“ကျွန်တော်တို့ရဲ့ စာပေ ပညာရောင်ရှိန် ပိုမို တောက်ပလာအောင် ကြိုးပမ်းအပ်တဲ့ တာဝန်ဝတ္တရားဟာ လူတိုင်းရဲ့တာဝန်ဝတ္တရား ဖြစ်ပါတယ်။
“အခုခေတ် ပညာရေး စနစ်ဟာ ကျွန်တော်တို့လူမျိုး တိုးတက်မှုကို မဖန်တီးနိုင်လို့ ကျွန်တော်တို့ရဲ့ အခြေခံဟာ မခိုင်တဲ့ဘဝကို ရောက်နေပါတယ်။ ကျွန်ပညာကို သင်ကြပြီး၊ ကျွန်အမြီးဘွဲ့တွေ ယူကြပြီး ကိုယ့်စာပေကိုကိုယ် အားမထား မမြတ်နိုးကြတဲ့ အတွက် စိတ်ဓာတ် ဆုံးရှုံးရတဲ့ အပြင်၊ မြန်မာလူမျိုး ဖြစ်ပါလျက်ကနဲ့ မြန်မာစာပေကို အခြေခံက စပြီး မသိတဲ့သူတွေ ပေါများ လာပါတယ်။
“ကျွန်တော်တို့ စာကြည့်တိုက် ဖွင့်တဲ့ ရည်ရွယ်ချက်က လူငယ်တွေအတွက် အသိဉာဏ် ဖွံ့ဖြိုးတိုးတက်ဖို့ လမ်းခင်းပေးလိုတဲ့ ရည်ရွယ်ချက်ပါပဲ။ စာကြည့်တိုက်၊ စာဖတ်ခန်း ဆိုတာဟာ ယဉ်ကျေးမှု စာပေ အမွေအနှစ် စုဝေးရာ ဖြစ်တဲ့ နေရာဌာန ဖြစ်တော့ အနုပညာဆိုင်ရာ အသိတရား၊ အနုပညာ အသိဉာဏ်တွေ ဖြန့်ဖြူးပေးနိုင်တဲ့ အတွက် အားလုံး အချိန်အားလပ်တိုင်း လာရောက် လေ့လာဖို့၊ ဗဟုသုတ ဆည်းပူးဖို့၊ ပညာဉာဏ် အသိတရား စုဆောင်းဖို့ ဖြစ်ပါတယ်”
ပရိသတ်ထဲတွင် ကိုနေဦး ပြောသည်ကို ငေး၍ နားထောင်နေသူမှာ ထားထားပင်။ ပြောဟောချက်များကို စိတ်ပါဝင်စားရုံမက ပြောဟန်ကိုလည်း နှစ်သက်မိသဖြင့် “ကိုကိုက တရားဟောကောင်း၊ နိုင်ငံရေးလုပ်ရင် စွံမှာပဲ” ဟု ယုံကြည်သည်။
ကိုနေဦးသည် စာကြည့်တိုက် ဖွင့်လှစ်ခြင်း၏ ရည်ရွယ်ချက်ကို အစချီလျက် အကျယ်တဝင့် ရှင်းပြောပြပြီးနောက် စာကြည့်တိုက် ဖွင့်ရန် ကာလ အတန်ကြာ စိုင်းပြင်းခဲ့ရသည့် အခက်အခဲတွေ ဖွင့်ပြောကာ ရှေ့တွင် ဖွံ့ဖြိုးအောင် ဝိုင်းဝန်း ပျိုးထောင်ကြရန် လှုံ့ဆော်တိုက်တွန်း ဟောပြောခြင်းဖြင့် အဆုံးသတ် လိုက်သည်။
ပရိသတ်များမှာ ကိုနေဦး ပြောသော အချက်များကို သဘောကျ ထောက်ခံကြကာ၊ စိတ်ရောကိုယ်ပါ ထောက်ခံ အားပေးမည့် အကြောင်း တစ်ယောက်ပြီး တစ်ယောက် မပြီးနိုင်အောင် ထပြော နေကြလေသည်။
ဆရာချစ်က ထားထားနား ကပ်လျက် “မောင်နေဦးဟာ ကောလိပ် သပိတ်မှောက် ကတည်းက ပညာရေးကို စိတ်နာခဲ့တာ” ဟု တိုးတိုး ပြောနေသည်။
ဝေဝေသည် မလှုပ်မယှက် နားထောင်လျက် နေသည်။
ညနေ ခြောက်နာရီလောက်မှ စာကြည့်တိုက်က လူတွေ ထပြန်ကြသည်။ စာဖတ်ခန်း ရှေ့၌ လူတွေ စုရုံး ထွက်လာကြရာ ဝေဝေနှင့် ထားထားလည်း နောက်ဆုံးက ထွက်လာခဲ့သည်။
ကိုနေဦးက ထားထားနား ကပ်လျက် “ရန်ကုန်က ပြန်လာပြီး ဖွင့်ဖို့ဟာ အကြောင်းကို မညီညွတ်နိုင်ဘူး၊ စေတနာ့ဝန်ထမ်း အလုပ်ကို တကယ်လုပ်မယ့် လူက အရှားသား။ စနစ်တကျ လုပ်ချင်တာနဲ့ ကြာနေတာ” ဟု ပြောပြနေသည်။
ထားထားသည် ရွှင်ချိုစွာ ပြုံးလျက် “ကိုကို နိုင်ငံရေးပဲ လုပ်ပါ” ဟု နောက်ပြောလိုက်ရာ ဝေဝေက “ဆွမပေးပါနဲ့ မမရယ်၊ တော်တော်ကြာ သခင်ဖြစ်ပြီး ထောင်နန်းစံ နေရပါဦးမယ်” ဟု ဝင်ပြောလိုက်သည်။
ကိုနေဦးသည် လက်သီးလက်မောင်း တန်းလျက် “သခင်မျိုးဟေ့ ... တို့ဗမာ” ဟု ဝေဝေ့ကို ဆိုပြလိုက်သဖြင့် ဘေးမှ လူများသည် ကိုနေဦး နောက်နေပုံကို မသိမသာ ပြုံးသွားကြလေသည်။
နေရောင်ကွယ်သွား၍ အိမ်ဘက်သို့ ခပ်သုတ်သုတ် လျှောက်ပြန် လာခဲ့ကြသည်။ ဝေဝေသည် ခပ်သွက်သွက် လှမ်းလာရင်း ကိုနေဦးအတွက် စိုးရိမ်ပူပန် စကားများ ပြောလျှောက်လာသည်။
“ရန်ကုန်သွားတာ တို့ဗမာအစည်းအရုံးထဲ ဝင်ခဲ့သလိုလို မမသန်းက ပြောပြလို့ ကိုယ့်ယောကျ်ားကိုယ် နိုင်အောင် ထိန်း၊ တော်တော်ကြာ အပျက် အပျက်နဲ့ နှာခေါင်းသွေးထွက် နေလိမ့်မယ်လို့ ဝေဝေ ပြောလိုက်ရတယ်”
ဝေဝေသည် ခပ်မြန်မြန် လျှောက်ရ၍ စကားပြောသံ ကလေးမှာ မောသံကလေး ပါနေသည်။
“ဝင် ... ဘာဖြစ်သတုံး”
ထားထားက ခပ်ပြတ်ပြတ် ပြောလိုက်သည်။ ဝေဝေသည် တုံ့ရပ်သွားမတတ် အရှိန်သတ်သွားကာ “ဟင် ... မမကလဲ၊ အစိုးရနဲ့ ဆန့်ကျင်ဘက်ကြီး” ဟု အလန့်တကြား ရပ်ပြောလိုက်သည်။
ထားထားသည် ခပ်သဲ့သဲ့ ရယ်မောကာ “မရွှေကြောက်ကလေးက တယ်ကြောက်တာကိုး” ဟု မာန်လာလေသည်။
အိမ်နားသို့ မရောက်မီ ဦးစောဟန်သည် သူ့အိမ်ထဲက ထွက်လာသဖြင့် လမ်းမ၌ ဆုံနေကြသည်။
“ဟေး ... ချာတိတ်၊ ဘယ်က ပြန်လာသလဲ”
ဝေဝေ့ကို လှမ်းနှုတ်ဆက်ကာ ထားထားကို အကဲခတ် ကြည့်သော မျက်လုံးဖြင့် လှမ်းကြည့်လျက် ခပ်ပြုံးပြုံး ရပ်နေသည်။
ဝေဝေသည် ရုတ်တရက် မဖြေနိုင်ပေ။ မျက်နှာ အိုးတိုးအမ်းတမ်းနှင့် ရှက်သလိုလို အမူအရာမျိုးကို ကြိုးစား ဖုံးဖိလျက်- “ဝေဝေ စာကြည့်တိုက် ဖွင့်ပွဲက ပြန်လာတယ်၊ ဒါ ဝေဝေ့အစ်မ ထားထားပါ၊ မနေ့က မနက်က ရောက်ပါတယ်”
ဦးစောဟန်သည် ကိုယ်ကိုယို့လျက် ခေါင်းညွှတ် နှုတ်ဆက်လိုက်ကာ “ထားထား လာမယ်လို့ စာ ရကတည်းက ဝေဝေဆိုတာ မိုးမမြင် လေမမြင် ပျော်ရွှင် နေတာပဲ၊ ထားထား အကြောင်းပဲ ပြောနေတာပဲ၊ တွေ့ရတာ ဝမ်းသာပါတယ်၊ အိမ်ထဲကို ခဏ ဝင်ကြပါဦး”
ထားထားသည် ဦးစောဟန်၏ ဟန်အမူအရာကို စိုက်လျက် ဣန္ဒြေရှိရှိ ပြုံးပြုံးကလေး ပြုံးနားထောင် နေလေသည်။
“မဝင်တော့ပါဘူး၊ ဖေဖေ့ကို ဆေးမတိုက်ရသေးဘူး၊ နောက်မှ လာလည်ပါ့မယ် ...”
ဝေဝေက ငြင်းပယ် ပြောနေကြောင်းကို ရိသဲ့သဲ့ကြည့် ပြုံးနေလျက် စကားဆုံးမှ ...
“စောစောကပဲ ဦးဆီ သတင်းမေးဖို့ ကူးသွားတယ်၊ အောက်ဆင်းထိုင်လို့ တွေ့ခဲ့ရတယ်။ မျက်နှာလည်း အပုံကြီး လန်းတယ်၊ ကိုယ်တို့ရှေ့မှာပဲ ဆေးသောက်တာပဲ၊ ဆေးသောက်ပြီးပြီ၊ ဒီတော့ ခဏ ဝင်ပါဦး”
ဦးစောဟန်သည် အတင်း မရမက ဖိတ်ခေါ်နေသည်။ ဝေဝေသည် ဆက်ငြင်းရန် မပြောတတ်သကဲ့သို့ ထားထားကို စစ်ကူတောင်းသလို လှမ်းကြည့်လိုက်သည်။
“ခဏဝင်ပါ ထားထားရယ်၊ အိမ်ရှေ့မှာ ဖိတ်နေတာကို တစ်အောင့်လောက် ဝင်ဖို့ လက်ခံပါ”
ထားထား၏ စူးရှ တောက်လက်သော မျက်ဝန်း အစုံသည် ဦးစောဟန်နှင့် ဝေဝေ့မျက်နှာကို တစ်လှည့်စီ လွှဲရွှေ့ ကြည့်လိုက်ပြီးနောက် ကြားက ဝင်ဆုံးဖြတ်သော အနေဖြင့်-
“ကဲ ... ကဲ တစ်အောင့် ဝင်လိုက်ပါဦး” ဟု ဝေဝေ့ကို ပြောလိုက်သည်။
ထားထားမှာ မနေ့မနက်က ရောက်လာပြီး ဦးစောဟန် အကြောင်းကို ဒေါ်သက်နှင့် ဝေဝေ့ထံမှ သိသင့်သလောက် သိထားကာ သိသလောက်ဖြင့် လူကဲကို မှန်းဆကြည့်ထားပြီး ဖြစ်သည်။
ဧည့်ခန်းတွင် မထိုင်ခင် အိမ်၏ အဆောင်အယောင်များကို ကြည့်လျက် တော်တော် ဘိုစိတ် ပေါက်နေတဲ့ လူပဲဟု မှတ်ချက်ချ နေလေသည်။ ဦးစောဟန်မှာ မောင်မြကို ခေါ်ထုတ်ကာ လိမ္မော်ရည် တောင်းလျက် ပျာယာခတ် နေလေသည်။
ထမင်းစားခန်းထဲသို့ ဝင်သွားကာ စက္ကူအထုပ်ကြီး တစ်ထုပ် ယူထုတ်လာသည်။ အထုပ်ကြီးကို ဝေဝေ့ဘေး ခုံပေါ်တင်ပြီး ဝေဝေအား ပြုံးစိစိနှင့် ကြည့်လျက် “ဝေဝေ့အတွက် မှာလိုက်တာ၊ မနက်က ရောက်လာတယ်၊ ဖွင့်ကြည့်ပါဦး” ဟု ဆိုသည်။
ဝေဝေက အထုပ်ကြီးကို ကြည့်နေလျက် အဖွင့် နှေးနေသဖြင့် ကိုယ်တိုင် ထဖြေ ဖွင့်ပေးလိုက်သည်။ ဘားနက် မုန့်တိုက်မှ မုန့်သေတ္တာ၊ ချောကလက်၊ သကြားလုံးဘူး လှလှ၊ ချစ်စရာ နမူနာဘူး အသေးစားကလေး အမျိုးစုံ ဖြစ်လေသည်။
“ချာတိတ်မို့လို့ တမင် သေးသေးကလေးတွေ မှာလိုက်တာ”
ဦးစောဟန်၏ မျက်လုံးမှာ ဝေဝေ၏ ရှက်သွေးဖြန်း နေသော မျက်နှာနှင့် မခွါပေ။ ထားထား အနားရှိမှန်းပင် ဂရုမထားနိုင်သလောက် ဖြစ်နေလေသည်။
ဝေဝေ့ကို လက်ဆောင် အလျင် အပ်ပြီးမှ ထားထားနှင့် စကားပြောကြသည်။
ထားထားက ဝေဝေနှင့် မိမိမှာ အထက်အောက် မဟုတ်ဘဲ ကြားတွင် တစ်ယောက် ခြားသေးကြောင်း၊ ထိုတစ်ယောက်မှာ သေသွားကြောင်း ပြောပြနေစဉ် အရေးတယူ စိတ်ဝင်စားစွာ နားထောင်ရာမှ “ဒါကြောင့် ချာတိတ်က သိပ်ငယ်နေတယ်” ဟု လှည့်ပြော လိုက်သည်။
ဝေဝေ၏ မျက်နှာမှာ ချွေးစို့နေသော မျက်နှာကို မထားတတ်သလို ဖြစ်နေသော အမူအရာကို မြင်၍၊ ဘာဖြစ်လို့များ ဒါလောက်တောင် ရှက်နေပါလိမ့်ဟု ထားထားစိတ်၌ ထင်လိုက်သည်။
တစ်အောင့်လောက် ထိုင်စကား ပြောကြပြီးနောက်၊ ပြန်ရန် ထလိုက်ကြသည်။ ဦးစောဟန်သည် ဝေဝေနှင့် ထားထားကို ယှဉ်၍ ကြည့်လိုက်လေ၏။ ထားထား၏ ကိုယ်လုံးနှင့် ဟန်ပန်မှာ အရပ် ခပ်ရှည်ရှည်၊ ခပ်နွဲ့နွဲ့၊ နဖူး အနည်းငယ် ကျယ်သည်ဟု ထင်ရသည်။ မျက်လုံးမျက်ဖန် ကောင်းသည်၊ ဝေဝေလောက် အသားမဖြူဘဲ အသားဝါသည်။ တိကျပြတ်သားသည့် မျက်နှာမျိုး၊ ဝေဝေလို အလှကြီး လှသည် မဆိုနိုင်သော်လည်း တစ်မျိုးချောနေသည်။
ထားထားက ရှေ့ ထွက်သွားရာ ထားထားနောက်မှ ဝေဝေကပ်ပြီး ထွက်မလာနိုင်သေးဘဲ စပါးဈေး သံကြိုး ထုတ်ပြနေ၍ အပေါက်ဝ လိုက်ကာကြီးကို ကိုင်ထားလျက်ဖြင့် လှည့်ကြည့်ပြီး ပြောဆို နေရသေးသည်။ ပြီးမှ ထားထားကို မီအောင် မြန်မြန်လိုက် လာသည်။ နှစ်ယောက်သား စကား မပြောကြတော့ဘဲ ခပ်မြန်မြန် လျှောက်လာ ကြလေသည်။
ဦးဘိုးသိန်းသည် အိမ်ပေါ်သို့ မတက်သေးဘဲ ကြိမ်ပက်လက် ကုလားထိုင် ပေါ်၌ လှဲလျက် သမီးများကို စောင့်ရင်း ဒေါ်သက်နှင့် စကားပြော နေကြသည်။
သမီးတွေ ဝင်လာ၍ မျက်နှာ ချိုချိုဖြင့် ရွှင်ရွှင်လန်းလန်း ဆီးကြိုနေ၏။
ဦးဘိုးသိန်းမှာ သမီး နှစ်ယောက်ကို အချစ်ချင်း မတူပေ။ သမီးအကြီးကို သမီးအငယ်ထက် ပို၍ချစ်လျက်၊ သမီးအငယ်ကို ပိုသနားသည်။
“ဖေဖေ ဆေးသောက် ပြီးပြီလား၊ စွပ်ပြုတ်ကော သောက်ပြီးပြီလား၊ သောက်လို့ ကောင်းသလား၊ ဖေဖေက ကွမ်းတွေ ဘာတွေ ဝါးလို့ပါလား”
ဝေဝေသည် ဖခင်နားသို့ ပြေးကပ်သွားကာ အသက်မရှူဘဲ ပြောနေ၍ ထားထားမှာ အသာရပ်ကြည့် နေလေသည်။
နေမကောင်းမှ အိမ်အောက်သို့ ညနေဘက် မဆင်းဘဲ နေသည်မှာ တစ်လလောက် ရှိသွားလေသည်။ ဧည့်ခန်းတွင် လပ်နေသော ကြိမ်ပက်လက် ကုလားထိုင်ကြီးကို ကြည့်လျက် မျက်စိထဲတွင် ဟာတာတာကြီး ဖြစ်နေခဲ့ရာ ယနေ့ည ဖခင်အား ယခင်အတိုင်း ကုလားထိုင်ကြီး ပေါ်တွင် မြင်လိုက်ရ၍ ဝေဝေ့မှာ ခြေမကိုင်မိ လက်မကိုင်မိ ဝမ်းသာအားရ ဖြစ်နေတော့သည်။
ဦးဘိုးသိန်းသည် အိမ်ပေါ်သို့ တော်တော်နှင့် မတက်ပေ၊ သမီးများ ထမင်းစားပြီး ထွက်လာသည် အထိ ထိုင်နေ၏။ ထားထားရောက်မှ မျက်နှာ ကြည်လန်း နေခြင်းအတွက် “အသက်ဘူးကြီး ရောက်လာမှကိုး” ဟု ဒေါ်သက်က ထားထားကို နောက်ပြောင်ရယ်မော ပြောနေသည်။
ခြောက်သွေ့နေသော အိမ်ကြီးမှာ စိုပြည်လာသည်။ ဘယ်သူ့မျက်နှာ ကြည့်ကြည့်၊ ခါတိုင်း မျက်နှာမျိုး မဟုတ်၊ ရွှင်ရွှင်ပျပျနှင့် ထူးခြားသည်။ မီးဖိုထဲက မယ်အေးပင် ဧည့်သည် ရောက်နေ၍ အလုပ်ပို လာသည်ကို ပိုလာသည် မထင်။ အလှူအိမ် သွား၍ လုပ်ပေး နေရသလို ပျော်နေလေသည်။ တကွဲတပြားစီ အတူတကွ မနေရခြင်း ဆင်းရဲဒုက္ခမှာ ပျောက်သွားကာ အတူတကွ နေရခြင်း ချမ်းသာသုခသို့ ရောက်နေကြသည်။
ထိုနေ့ည ခုတင်ပေါ်တွင် တူတူယှဉ်အိပ် နေကြသော ညီအစ်မ နှစ်ယောက်မှာ တော်တော်နှင့် မအိပ်နိုင်ကြဘဲ စကားကောင်း နေကြသည်။ တခစ်ခစ်လည်း ရယ်ကြသည်။ ငြင်းခုံ ဆွေးနွေးခြင်းလည်း လုပ်ကြသည်။ တောင်ရောက် မြောက်ရောက်နှင့် ပြောမဝအောင် ဖြစ်နေကြသည်။ အထူးသဖြင့် မိခင်နှင့် ပတ်သက်၍ ဝေဝေနှင့် ထားထားမှာ အမြင်တစ်မျိုးစီ မြင်ကြကာ အတော် သဘောကွဲလွဲ နေကြ၏။
ဝေဝေသည် ပက်လက်လှန် လိုက်ကာ နဖူးပေါ်တွင် လက်ချင်းယှက်လျက် စဉ်းစားသလို ငြိမ်နေပြီးနောက် “စိမ်းတာပါ မမရယ်၊ မေမေက စိမ်းကိုစိမ်းပါတယ်” ဟု ပြောလိုက်သည်။
“အေးပေါ့၊ နင်နဲ့ ငါနဲ့က စိမ်းတယ်လို့ ပြောရမှာပေါ့။ နင်နဲ့ ငါနဲ့တင် မဟုတ်ဘူး၊ ဖေဖေနဲ့၊ ကိုကိုနဲ့၊ ကြီးတော်ကလည်း မေမေ့ကို စိမ်းတယ်လို့ပဲ ပြောကြမှာပဲ။ ဒါပေမဲ့ မေမေ စိမ်းတာ မဟုတ်ဘူးဟ၊ မေမေ မေတ္တာတရား မရှိတာ မဟုတ်ဘူးဟ၊ ဥပေက္ခာတရား ဆိုတာ အဲဒါမျိုးပဲ ဖြစ်မယ်လို့ ငါထင်တယ်”
ဝေဝေသည် ဥပေက္ခာ ပြုနည်းကို ဆင်ခြင်ကြည့်သည်။ သူ မမီသော ဥပေက္ခာ တရားကို မီအောင် နှလုံးသွင်း ဆင်ခြင်ရန် မတတ်နိုင်ပေ၊ မီအောင်လည်း အားထုတ်လို့ မရနိုင်ပေ။ သူမီသော အဆင့်က သူမြင်သမျှ ဝေဖန်ခြင်း ဖြစ်သဖြင့် ဥပေက္ခာ တရားသည် လက်တွေ့အားဖြင့် တွေးမရအောင် အလှမ်းဝေး နေသည်။ သူ တွေးမရသည့် အဆုံး မိခင်သည် သူ၏ အတွေးထဲမှ လုံဝပျောက်ကွယ် သွားလေသည်။
ဝေဝေသည် အဖြေကို မရှာနိုင်တိုင်း အကြောင်းအရာ တစ်ခုကို ပြောင်းလိုက်သည်။
“မမ အိမ်ထောင်ပြုတာ ကိုယ့်ဒုက္ခကိုယ် ရှာတာဆို ဟုတ်လား”
ထားထားသည် ဝေဝေ့ကို အတော် ကြာညောင်းအောင် မျက်ထောင့်ကလေး ကပ်ကြည့်လိုက်သည်။ 'အိမ်ထောင်ရေး' အကြောင်းကို စကားမရှိဘဲ ရောက်သွားပုံကို ဝေဝေ့အား ခပ်ကြာကြာကြီး စိုက်ကြည့် စဉ်းစားမိသည်။
“အဲဒါကို ငါ နင်နားလည်အောင် ဘယ်လိုလုပ် ပြောရမလဲ၊ အိမ်ထောင်ပြုတာ ကိုယ့်ဒုက္ခကိုယ် ရှာတယ် ဆိုတာတော့ အမှန်ပဲ၊ ဒီဒုက္ခကို သိပြီး ဒီဒုက္ခက လွတ်ကင်းအောင် နေနိုင်တယ် ဆိုရင်တော့ ဘာမှ ပြောစရာ မရှိဘူး။ ဒီဒုက္ခကို ဒုက္ခမှန်းတော့ သိပြီး လွတ်ကင်းအောင် မနေနိုင်ဘူး ဆိုရင်တော့ အိမ်ထောင်ပြုတာရဲ့ အကျိုးအပြစ်တွေကို ပေါ့ပေါ့ကလေး တွေးလို့တော့ မဖြစ်ဘူးဟ၊ လူ့လောကကြီးကို ထိန်းသိမ်းရတဲ့ တာဝန်ကြီး”
ဝေဝေသည် ငြိမ်နေလေသည်။ တွေးနေလေသည်။
ထားထားမှာ ဝေဝေ ငြိမ်နေပုံကို အကဲခတ်လျက် အိမ်ထောင်ရေး ဘက်သို့ ဝေဝေ တိမ်းညွှတ် နေပြီလောဟု တွေးနေလေသည်။
အရွယ်ရောက် လာသူတိုင်း အိမ်ထောင်၏ နယ်ပယ် အတွင်းသို့ အလိုအလျောက် ရောက်လာတတ်၏။ အိမ်ထောင်ရေးတွင် ချစ်ခြင်းမေတ္တာသည် အကျုံးတဝင် ဖြစ်သည်။ အိမ်ထောင့်သက်တမ်း တစ်လျှောက် အချစ်တည်မြဲရေး အရေးကြီးသလို ဘဝလုံခြုံရေးလည်း အရေးကြီးပေသည်။ အိမ်ထောင်ရေးနှင့် ပတ်သက်၍ ထားထားသည် ကြုံခဲ့သမျှ၊ သိခဲ့သမျှ၊ ယခုလည်း ကြုံဆဲတို့ဖြင့် ဝေဝေအား အိမ်ထောင်ရေး နယ်ပယ်ထဲသို့ သွတ်သွင်းကြည့်ရန် အားမရစရာ ခဲယဉ်းသလို တွေ့နေရပေသည်။
------------------------------------
ဂျာနယ်ကျော်မမလေး
crd 👉 http://openread.atspace.cc/works/23052020_nv.html
Comments
Post a Comment