လင်္ကာဒီပချစ်သူ၊ အပိုင်း (၉)
လင်္ကာဒီပချစ်သူ (ချစ်ဦးညို)
______________________
အပိုင်း (၉)
အခန်း (၆)
မှော်ရုံဟေဝန် တောမြိုင်စွန်
နန်းရွှေချိုင့်လှောင် ထားရအောင်
စွန်တောင်စကြာ လေးတော်ကိုင်ကာ
လျင်စွာမြန်မြန် ဘမ်းမခံ
ချော့ကာ မြှူသားကိုသွေး ယူဝေးဆောင်
တောမြိုင်ချောင်း မြအရောင်ဖြာ
(မှော်ရုံဟေဝန် ယိုးဒယား)
ရာမ မင်းသားအား တိုက်ခိုက်ရန်အစီအစဉ်များကို ကျွန်ပ်တို့ အသေးစိတ်စီစဉ်ကြသည်။ ဦးရီးတော်မာရဇ္ဇကမူ သူ့မြေးများအား သတ်ခဲ့သောရန်သူကို တစ်ဦးတည်း မှော်ရုံဟေဝန်သို့ ပြန်သွား၍ သတ်ဖြတ်လက်စားချေလိုကြောင်း ခွင့်တောင်းနေသည်။ ကျွန်ုပ်ကလည်း အိန္ဒူမြစ်ကျဉ်းတစ်နေရာ မှော်ရုံဟေဝန်တောစွန်းသို့ ကျွန်ုပ်တစ်ဦးတည်းသွား၍ ရာမတို့အား တိုက်ခိုက်လိုသည်။ သို့သော် တရိဂမ္ဘီက ကျွန်ုပ်တို့အားလုံးမငြင်းနိုင်သည့် စကားတစ်ခွန်းကို ဆိုလေသည်။
“ဒုသနဲ့ ခရတို့ရဲ့ မိခင်အနေနဲ့ ဒီအစီအစဉ်ကို နှမတော်ကိုယ်တိုင် ခေါင်းဆောင်ခွင့်ပေးပါ အကိုတော်ဘုရင်မင်းမြတ်၊ ဒါဟာ သားများကို ဆုံးရှုံးရတဲ့ မိခင်တစ်ဦးရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးဖြစ်တယ်”
ကျွန်ုပ်တို့အားလုံး ဂမ္ဘီ၏ခွင့်ပန်ချက်ကို လက်ခံရသည်။ ဘိဘိသနကလည်း သဘောတူလေသည်။ ဂမ္ဘီသည် ထူးခြားသော သေနင်္ဂဗျူဟာတစ်ရပ်ကို စီစဉ်လေသည်။
“မိမိရဲ့သား၊ မိမိရဲ့တူ၊ မိမိရဲ့မြေးများကို ဆုံးရှုံးရသူအားလုံးအတွက် နှမတော် မျှတအောင် စီစဉ်ပေးပါ့မယ်။ အကိုတော်ဘုရင်မင်းမြတ်အတွက်လည်း ထူးခြားတဲ့အကျိုးကျေးဇူး ရရှိစေရမယ်။ ဦးရီးတော်မာရဇ္ဇအတွက်လည်း သူ့ရဲ့ ပဋိပက္ခသေနင်္ဂဗျူဟာကို ထိထိရောက်ရောက် အသုံးချခွင့်ရစေရမယ်။ လာ... အခု မှော်ရုံဟေဝန်ကို သွားကြစို့”
ဂန္ဓမာလာသားရဲတွင်းသို့ ရောက်သောအခါ ဂမ္ဘီသည် ရွှေအဆင်းကဲ့သို့ဝင်းဝါသော သမင်တစ်ကောင်ကို ပွေ့ပိုက် ထုတ်ယူလာလေသည်။
“ဒီသမင်ကို အကိုတော်မှတ်မိရဲ့လား၊ မိထိလာလေးတင်ပွဲကို သွားစဉ်က သီတာဒေဝီဖို့ သမင်လှလှလေးတစ်ကောင် လက်သပ်မွေးထားပါလို့ အကိုတော်အမိန့်ပေးခဲ့တယ်လေ၊ အဲဒီအတိုင်း မွေးမြူထားခဲ့တဲ့သမင်၊ လေးတင်ပွဲကအပြန် ဓမ္မကတောင်သေလာခြေရင်း စမ်းချောင်းဘေးမှာ အကိုတော် လှံတံနဲ့ပစ်သတ်မယ်လုပ်ခဲ့တဲ့ သမင်လေ”
ဂမ္ဘီသည် သားများကို ဆုံးရှုံးရသဖြင့် ရူးသွပ်သွားပြီဟု ကျွန်ုပ်ထင်သည်။ နက်ရှိုင်းဝေးသီလှသော မှော်ရုံဟေဝန်တောစွန်းရှိ ရန်သူများအား လက်စားချေသတ်ဖြတ်ရန်အရေးတွင် ဤလှပသော ရွှေသမင်ငယ်အကြောင်းကို
ဘာကြောင့်ပြောနေသနည်း။ ငေးငိုင်နေသော ကျွန်ုပ်တို့ရှေ့တွင် ဂမ္ဘီသည် တပ်မှူးကြီးသဖွယ် ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေသည်။
“ဒီသမင်ကို နှမတော်တို့ ယူသွားကြမယ်၊ သီတာဒေဝီအတွက် ယူဆောင်သွားရလိမ့်မယ်၊ ဒါပေမယ့် သမင်ငယ်ဟာ ရာမမင်းသားအတွက်တော့ သေမင်းတမန်ဖြစ်စေရမယ်”
“ဒီသမင်ငယ်လေးတစ်ကောင်နဲ့ ရာမမင်းသားကို တိုက်ခိုက်မလို့လား ဂမ္ဘီ၊ နင် ဘာတွေပြောနေတာလဲ၊ အချိန်တွေ အချည်းနှီး အကုန်မခံနိုင်ဘူး”
“နားထောင်ပါ အကိုတော်ဘုရင်မင်းမြတ်၊ နှမတော်တို့သုံးဦးနဲ့ ဒီရွှေသမင် မှော်ရုံဟေဝန်ကို သွားကြမယ်။ အိန္ဒူမြစ်ကျဉ်းနေရာ မှော်ရုံဟေဝန်ရဲ့ အစွန်းမှာ ရှိနေကြမယ့် ရာမတို့ရှိရာ အရောက်သွားပြီး ဟိုကျရင် အုပ်စုခွဲလိုက်မယ်၊
အကိုတော်ဘုရင်မင်းမြတ်က တနေရာ၊ နှမတော်နဲ့သမင်က တစ်နေရာ၊ ဦးရီးတော်က တစ်နေရာ... သုံးနေရာ ခွဲပြီး သင်းတို့ကို ဝိုင်းရံထားမယ်။ ပြီးတော့ သီတာဒေဝီမြင်သာအောင် ဒီရွှေသမင်ကို အရိပ်အရောင်ပြရမယ်။ ဒီလောက်လှပတဲ့ ရွှေသမင်ကို အကိုတော်ရဲ့ သီတာဒေဝီမြင်ရရင် မုချလိုချင်တပ်မက်လိမ့်မယ်။ ယဉ်ပါးစွာနဲ့ အနီးကပ်သွားတဲ့ ရွှေသမင်ကို သီတာဒေဝီဟာ လက်ရဖမ်းဆီးလိမ့်မယ်၊ ဒါပေမယ့် သီတာဒေဝီရဲ့ လက်တွင်းက ဒီရွှေသမင်ဟာ လွတ်သွားရမယ်။ ဒီအခါမှာ သီတာဒေဝီဟာ ရာမကို အကူအညီတောင်းရလိမ့်မယ်၊ ရွှေသမင်ကို ဖမ်းဖို့ပူဆာရင် ရာမမင်းသားလဲ လက်နက်စွဲကိုင်ပြီး ရွှေသမင်ကို လိုက်ရလိမ့်မယ်။ ရွှေသမင်ဟာ ရာမကို မှော်ရုံဟေဝန်ရဲ့ ပိုမိုနက်ရှိုင်းတဲ့ အတွင်းဘက်ရောက်အောင် ဖြားယောင်းသွေးဆောင်သွားလိမ့်မယ်၊ ရွှေသမင်ရဲ့လှုပ်ရှားမှုတွေအတွက် နှမတော်ဂမ္ဘီကိုယ်တိုင် သမင်နဲ့မလှမ်းမကမ်းမှာ ခိုအောင်းရင်း နှမတော်ရဲ့ လျှို့ဝှက်တဲ့ မိဂါသေနင်္ဂဗျူဟာနဲ့ အစဉ်တစိုက် အမိန့်ပေးနေမယ်”
“ဒီတော့ ဘာဖြစ်လဲ ဂမ္ဘီ၊ နင့်အစီအစဉ်က ရှုပ်ထွေးလွန်းလှတယ်”
ဦးရီးတော်မာရဇ္ဇက စိတ်မရှည်သံဖြင့် ဝင်မေးလေသည်။
“နားထောင်ပါအုံး ဦးရီးတော်၊ ရွှေသမင်ရဲ့ ဖြားယောင်းမှုကြောင့် မှော်ရုံဟေဝန်တောနက်ထဲကို ရာမရောက်ရှိလာချိန်မှာ သီတာဒေဝီရဲ့ အနားမှာတော့ လက္ခဏမင်းသားနဲ့ စစ်သည်များ စောင့်ကြပ်နေလိမ့်မယ်၊ လက္ဓဏမင်းသားက
တစ်ဦးတည်းရှိချင်လည်း ရှိမယ်။ သင်းတို့ကို သီတာဒေဝီအနားက ဖယ်ရှားသွားအောင်လုပ်ရလိမ့်မယ်”
“ငါနားလည်ပြီ ဂမ္ဘီ၊ ဒီအခါမှာ ငါက သူတို့ကို ဝင်ရောက်တိုက်ခိုက်ရမှာပေါ့”
“ဒီလိုမဟုတ်သေးဘူး အကိုတော်၊ သီတာဒေဝီအနီးမှာ ဘယ်သူမှ မရှိရအောင် ဦးရီးတော်မာရဇ္ဇက တာဝန်ယူရလိမ့်မယ်၊ ဒီအထိ အကိုတော်ရဲ့ အခန်းကဏ္ဍက မပါဝင်သေးဘူး”
“အေး၊ ငါက ဘယ်လိုတာဝန်ယူရမှာလဲ၊ မြန်မြန်ပြောစမ်း ဂမ္ဘီ”
“ရာမ ရောက်လာမယ့် မှော်ရုံဟေဝန်တောနက်ကနေပြီး ဦးရီးတော်စောင့်နေရလိမ့်မယ်၊ ပြီးတော့ ဆင်ရိုင်းကြီးတွေ၊ ခြင်္သေ့တွေ အော်ဟစ်သံ၊ သစ်ပင်ကြီးတွေ ကျိုးကျသံတွေနဲ့ အလားတူလာအောင် ဦးရီးတော်က မိမိရဲ့ ပဋိပက္ခသေနင်္ဂဗျူဟာကို အသုံးပြုရလိမ့်မယ်။ ဒီအခါမှာ သမင်ဖမ်းသွားတဲ့ ရာမတော့ တောနက်အတွင်း သားရဲ့ ခြင်္သေ့များနဲ့တွေ့ပြီး ဒုက္ခရောက်နေပြီအထင်နဲ့ သီတာဒေဝီကို စောင့်ကြပ်သူများအားလုံး တောနက်အတွင်း ဝင်လာကြလိမ့်မယ်၊ သီတာဒေဝီတစ်ဦးတည်း ကျန်နေရစ်ခဲ့မယ်”
“ဟုတ်ပြီ ဂမ္ဘီ။ ငါနားလည်ပြီ။ ဒီအခါမှာ ငါက သီတာဒေဝီကို ဆောင်ကျဉ်းပြီး နင်တို့နောက် လိုက်ခဲ့ရမယ်ပေါ့”
“ဟင့်အင်း.... သီတာဒေဝီကို ဆောင်ကြဉ်းပြီး အကိုတော်က လင်္ကာဒီပကို ပြန်သွားရမယ်။ နှမတော်က ရာမ၊ လက္ခဏနဲ့ သူတို့ရဲ့စစ်သားတွေအားလုံးကို အရှင်လတ်လတ်ဖမ်းပြီး လင်္ကာဒီပကို လိုက်ခဲ့မယ်၊ လင်္ကာဒီပကို အားလုံးပြန်ဆုံတော့မှ ရာမမင်းသားကို အကိုတော် ဘုရင်မင်းမြတ်ကိုယ်တိုင် ဒါမှမဟုတ် နှမတော်ကိုယ်တိုင် ဒါမှမဟုတ် ဦးရီးတော်ကိုယ်တိုင် သားတော်များရဲ့ သွေးတွေ လိမ်းကျံခဲ့တဲ့ နန်းဆောင်အတွင်းမှာ လှလှပပ ကလဲ့စားချေရမယ်၊ သားတော်များရဲ့ သွေးကွက်များကို ရာမရဲ့သွေးနဲ့ တိုက်ချွတ်ဆေးကြောပစ်မယ်၊ ရာမရဲ့ခန္ဓာကိုယ်ကို နှမတော်ရဲ့ ဂန္ဓမာလာသားရဲအတွင်းမှာ ခြင်္သေ့စာကျွေးပစ်မယ်”
ဂမ္ဘီ၏လေသံကြောင့် ကျွန်ုပ်မှာ ကြက်သီးမွေးညင်းထသွာပြီး ကျေနပ်ဝမ်းမြောက်မှုများ ခံစားလာရသည်။
“ဘယ်နှယ့်လဲ အကိုတော်၊ ဘယ့်နှယ့်လဲ ဦးရီးတော်၊ ဒီအစီအစဉ်မှာ ဦးရီးတော်ရဲ့ သေနင်္ဂဗျူဟာကို အသုံးချခြင်းလည်းပါဝင်တယ်၊ နှမတော်ရဲ့ မိဂါပညာရပ်လည်း ပါဝင်တယ်၊ သီတာဒေဝီအတွက် အသုံးချဖို့မွေးမြူပေးခဲ့တဲ့
ရွှေသမင်လည်း ပါဝင်တယ်။ ပြီးတော့ ..... ”
ဂမ္ဘီလည်း ရဲရဲနီသောမျက်လုံးများဖြင့် ကျွန်ုပ်ကို လှမ်းကြည့်လိုက်သည်။
“ပြီးတော့ အကိုတော်ဘုရင်မင်းမြတ်အတွက် သီတာဒေဝီကို သိမ်းပိုက်ခြင်းဆိုတဲ့ အကျိုးကျေးဇူးလည်းပါဝင်တယ်။ အားလုံးရဲ့ လက်စားချေလိုမှုတို့ကို သင့်တင့်မျှတအောင် ပေါင်းစပ်ထားတဲ့ သေနင်္ဂဗျူဟာလေ”
ဦးရီးတော်သည် ဝမ်းခေါင်းသံကြီးဖြင့် ဝမ်းသာအားရအော်ဟစ်လိုက်ပြီး ဂမ္ဘီ၏လက်များကို ဆုပ်ကိုင်လိုက်လေသည်။
“လင်္ကာဒီပရဲ့စစ်ပွဲများမှာ ကမ္ဗည်းထိုးမယ့် သေနင်္ဂဗျူဟာပဲဟေ့၊ ကဲ.... တူတော် ဘုရင်ရာဝဏ၊ တူမတော် ဂမ္ဘီ သွားကြစို့ဟေ့၊ တို့များ လက်စားချေဖို့သွားကြစို့”
ဦးရီးတော်မာရဇ္ဇ၏အစွမ်းကြောင့် ညဉ့်သန်းခေါင်၌ လင်္ကာဒီပမှ ထွက်လာခဲ့သော ကျွန်ုပ်တို့သည် မှော်ရုံဟေဝန်သို့ နံနက်အာရုံတက်ချိန်တွင် ရောက်ခဲ့ကြသည်။ ရေတံခွန်များ၊ လျှိုမြောင်ချောက်ကမ်းပါးများနှင့် သစ်ပင်ကြီးများ
ထူထပ်လှသည့် မှော်ရုံဟေဝန်သည် နက်ရှိုင်းသောဣနြေဖြင့် ကျွန်ုပ်တို့၏လက်စားချေမှုစစ်ပွဲကို စောင့်စားနေလေသည်။
ည၏အမှောင်တို့ လွင့်ပါးစပြုချိန်၊ နံနက်ခင်း၏အလင်းရောင်တို့ လွန့်လူးချိန်၌ ကျွန်ုပ်တို့သည် အိန္ဒူမြစ်ကျဉ်းနေရာ မှော်ရုံဟေဝန်တောစွန်းသို့ ခြေချမိကြလေသည်။ ဦးရီးတော်မာရဇ္ဇသည် သူ၏ထူးခြားသောပညာရပ်များကို
အသုံးချရင်း ရန်သူကို မျက်ခြည်မပြတ် ထောက်လှမ်းသည်။
“တောရဲ့ လေပြည်ထဲမှာ ငါ လူသုံးဦးရဲ့ အနံ့ကို ရတယ်၊ လူအများကြီးမဟုတ်ဘူး ရာမ၊ လက္ခဏနဲ့ သီတာဒေဝီပဲ ရှိလိမ့်မယ်ထင်တယ်၊ တခြားစစ်သည်များ မရှိဘူး၊ နေဦး... ငါအပေါ်က ကြည့်လိုက်ဦးမယ်”
ဦးရီးတော်သည် ရှဉ့်တစ်ကောင်ကဲ့သို့ ကျွန်းပင်ကြီးတစ်ပင်ထိပ်ဖျားသို့ တက်သွားသည်။ ခဏအကြာတွင် ပြန်ဆင်းလာသည်။ သူ့လက်ထဲတွင် သွေးများ ပေနေသည်။
“သစ်ပင်ခွကြားမှာ စပါးကြီးမြွေတစ်ကောင်တွေ့လို့ သတ်ပစ်ခဲ့ရတယ်၊ ဟေ့ ... တို့များ သူတို့ရဲ့ မလှမ်းမကမ်းကို ရောက်နေကြပြီ၊ ဟောဟိုထင်ရှူးတောရဲ့တစ်ဖက်မှာ ရေတံခွန်ရှိတယ်၊ ရေတံခွန်အနီးမှာ ကျောက်ဂူရှေ့မှာ အရှိန်သေစ မီးဖိုတစ်ခု၊ ကျောက်ဂူထဲမှာ သင်းတို့ရှိရမယ်”
လက်စားချေ သတ်ဖြတ်ရမယ့် ရန်သူများအနီး ချဉ်းကပ်ရပြီဖြစ်သောကြောင့် ကျွန်ပ်တို့ကိုယ်တွင်း၌ စစ်သွေးများ ဆူဝေနေသည်။ ထိုရန်သူများနှင့်အတူ ချစ်သူသီတာဒေဝီလည်း အတူရှိနေပါလား ဟူသော အသိဖြင့်လည်း
ကျွန်ုပ်၏ရင်အုံသည် လှုပ်ခုန်လျက် ရှိနေတော့သည်။
ထင်းရှူးတောအုပ်အစပ်သို့ ကျွန်ုပ်တို့ ရောက်လာကြလေပြီ။ ရေတံခွန်မှ တဝေါဝေါရေကျသံ ဆူညံနေသည်။ ရေတံခွန်အနီးမှ ကျောက်ဂူကြီးတစ်ခုကိုလည်း မိုးသောက်အလင်းတွင် မှိုင်းညို့စွာ တွေ့နေရပြီ။ ကျောက်ဂူဝသို့ ဖျော့တော့သော နေရောင်ခြည်တန်းတစ်ခု ကျရောက်လာသည်။ ဂူဝနေရာ အနည်းငယ် လင်းထိန်သွားသည်။ နေရောင်ခြည်တန်းကြောင့်မဟုတ်၊ သီတာဒေဝီ ပေါ်ထွက်လာသောကြောင့် ဖြစ်သည်။
သီတာဒေဝီသည် နက်မှောင်သောဆံပင်တစ်ထွေးကြီးကို ဖြေချထားသည်။ နဖူးဆံစတွင် ဆံပင်အနက်ခွေများ ဖြာကျနေသည်။ သူသည် ရေတံခွန်ရှိရာသို့ ကြော့ရှင်းလှပစွာ လျှောက်သွားပြီး ရေပြင်တွင်မျောနေသည့် ပန်းပွင့်များကို ဆယ်ယူနေသည်။ ပန်းပွင့်များကို လက်ခုပ်တွင်းသို့ထည့်၍ မွှေးကြူနေလေသည်။ ထို့နောက် ရေထဲသို့ လက်ကိုနှစ်လိုက်ပြီး ပြေပြစ်သောလည်တိုင်ကို မော့ကာ မျက်နှာဆီသို့ ရေစက်များဖြင့် ဖြည်းညင်းစွာ တောက်နေလေသည်။ နဖူးပါးပြင်ထက်တွင် ကနွဲ့ကလျ သီးနေသော ရေစက်များသည် နေရောင်တွင် ရွှေမှုန်လေးများဖြစ်နေသည်။
ကျွန်ုပ်သည် လက်စားချေသတ်ဖြတ်ပွဲကို မေ့လျော့သွားပြီး ချစ်သူ၏အလှ၌ နစ်မြုပ်သွားသည်။ သူ့အနီးတွင် ကြဲပြန့်လျက်ရှိသော ပန်းပွင့်အကြွေများမှာ ကျွန်ုပ်၏နှလုံးသည်းပွတ်မှ အစအနများဖြစ်သည်ဟု တွေးထင်မိလေသည်။
အလှ၌နစ်မြောနေသော ကျွန်ုပ်၏ဘေးမှ လှုပ်ရှားသံတစ်ခု ပေါ် ထွက်လာသောကြောင့် သတိများပြန်လည်ဝင်ရောက်လာသည်။ ဂမ္ဘီ၏ရွှေသမင်သည် မြက်ခင်းပေါ်မှဖြတ်၍ သီတာဒေဝီရှိရာ ရေတံခွန်၏ သည်မှာဘက် ရေအိုင်စပ်သို့ လှပစွာ ခုန်ပေါက်ပြေးဝင်သွားလေသည်။
ဂမ္ဘီသည် သမင်ငယ်၏မျက်လုံးရှိရာသို့ စူးစိုက်ကြည့်ရင်း နှုတ်မှ တိုးတိတ်စွာ ရေရွတ်နေသည်။ အမိန့်ပေးသံလိုလို ထင်ရသည်။ သမင်ငယ်သည် ရေအိုင်စပ်တွင် ရပ်တန့်ပြီး ရေငုံ့သောက်လိုက်လေသည်။ နှုတ်သီးကို ရေထဲသို့ ထိုးနှစ်၍ ပြန်ဖော်လိုက်ပြီး ဦးခေါင်းကို ခါယမ်းလိုက်ရာ ရေစက်များသည် သီတာဒေဝီဘက်သို့ စဉ်ကျသွားလေသည်။ သီတာဒေဝီသည် ထိတ်လန့်သွားပြီး လှမ်းကြည့်လိုက်သည်။ သူ၏နှုတ်ခမ်းလွှာကလေးများ ပွင့်အာသွားကြသည်။ သမင်ငယ်လေးကို ရွှန်းမြစွာ စိုက်ကြည့်နေသည်။ သမင်လေးကလည်း ဦးခေါင်းကို ကြော့မော့စွာထောင်လျက် သီတာဒေဝီကို စိုက်ကြည့်နေသည်။ ဂမ္ဘီ၏နှုတ်ဖျားမှ တိုးတိတ်သောရေရွတ်သံ ထွက်ပေါ်လာပြန်သည်။
သမင်ငယ်သည် သီတာဒေဝီကို လျစ်လျူရှုလျက် ရေငုံ့သောက်ပြန်သည်။ ရေစိုသွားသော နှုတ်သီများကို ရှေ့လက်ဖြင့် ပွတ်သပ်လိုက်သည်။ သီတာဒေဝီ၏မျက်နှာတွင် အပြုံးရိပ်တစ်ခု ပေါ်လာပြီး လက်ကို ရေထဲသို့နှစ်၍ သမင်ဆီသို့ ရေများဖြင့် ပက်ဖျန်းလိုက်သည်။ သမင်ငယ်သည် မျက်နှာနှင့် လည်ကုပ်ပေါ်၌စိုသွားသော ရေများကို မဆိုစလောက် ခါထုတ်လိုက်ပြီး ရေသောက်မြဲ ဆက်သောက်နေပြန်သည်။ မှော်ရုံဟေဝန်အတွင်းရှိ ရေတံခွန်အောက်တွင် သီတာဒေဝီနှင့် သမင်ငယ်တို့၏လှုပ်ရှားမှုများကို ကြည့်နေရသည်မှာ ထူးဆန်းအံ့သြဖွယ်သော ပန်းချီပုံတစ်ခုအလားပင်။
မိမိအားလျစ်လျူရှုနေသည့် ရွှေသမင်ကို သီတာသည် ဖမ်းဆီးရန် ရေအိုင်စပ်မှ လျှောက်လာသည်။ သမင်ငယ် လန့်ပြေးမည်ကို စိုးရိမ်တကြီးဖြင့် ဖြည်းညင်းစွာလာဟန်မှာ တုလွတ်ကင်းသော အလှအပတစ်ခုဖြစ်တော့သည်။ သမင်ငယ်သည် ရေသောက်နေရာမှ ခေါင်းမော့လိုက်ပြီး နားရွက်များကို စွင့်ကားလျက် နက်မှောင်သောမျက်လုံးများဖြင့် သီတာဒေဝီကို စိုက်ကြည့်လိုက်သည်။ သီတာဒေဝီ၏လှုပ်ရှားဟန်မှာလည်း ရပ်တန့်သွားသည်။ ပကတိငြိမ်သက်သွားသည့် ထိုအရာနှစ်ခုကို ကြည့်ရင်း ကျွန်ုပ်သည် ရွှေသမင်၏မျက်လုံးနှင့် သီတာဒေဝီ၏မျက်လုံးအစုံတို့ကို နှိုင်းယှဉ်ကြည့်လိုက်မိပေသည်။ သီတာဒေဝီ၏မျက်လုံးများက အနိုင်ရသွားလေသည်။
ဂမ္ဘီက တိုးတိတ်ညင်သာစွာ ဆက်လက်ရေရွတ်သည်။ သမင်ငယ်သည် ရေအိုင်အစပ်မှ ခွာပြီး မြက်ခင်းပေါ်သို့ လျှောက်လာပြီး ရှေ့ခြေနှစ်ဖက်ကို ဒူးထောက်ဝပ်ချလိုက်သည်။ ထို့နောက် ဦးခေါင်းကိုမော့၍ လေထဲတွင် အနံ့ခံနေလေသည်။ သီတာဒေဝီလည်း ရေအိုင်စပ်သို့စွန့်ခွာလာပြီး မြက်ခင်းပေါ်သို့ လျှောက်လာသည်။ မနီးမဝေးတွင် ရပ်လိုက်ပြီး သွယ်ပျောင်းသောလက်ကို ရှေ့သို့ဆန့်တန်း၍ သမင်ငယ်အား လှမ်းလင့်နေသည်။ ရွှင်ပျသောအပြုံးများ သူ၏မျက်နှာတွင် အပြည့်အဝ ပွင့်ဖူးနေလေသည်။ လက်ကို လှမ်းရင်း သီတာဒေဝီသည် ရှေ့သို့ တရွေ့ရွေ့ ချဉ်းကပ်လာသောအခါ သမင်ငယ်သည် မတ်တတ်ရပ်လျက် ဖြည်းညင်းစွာ နောက်သို့ ဆုတ်လှမ်းသွားသည်။ သီတာဒေဝီရပ်တန့်လိုက်သောအခါ သမင်ငယ်လည်း ရပ်တန့်လိုက်သည်။ သီတာသည် လက်နှစ်ဖက်ကို ဝှေ့ယမ်းလျက် သမင်ငယ်ကို ဖမ်းယူလိုက်သည်။ သို့သော် သမင်ငယ်သည် လှပစွာ ခုန်ပေါက်ရှောင်တိမ်းလျက် မလှမ်းမကမ်းတွင် ရှောင်ထွက်သွားပြီး လည်ကိုမော့၍ ကြည့်နေပြန်သည်။
တရိဂမ္ဘီ၏အသံမှာ တိုးတိတ်စွာ ထွက်ပေါ်လျက်။ သီတာဒေဝီသည် ပို၍သတိကြီးသောဟန်ဖြင့် သမင်ငယ်ရှိရာသို့ တိုးသွားပြန်သည်။ ဤသမင်ငယ်သည် နောက်ဆုတ်မသွားတော့ဘဲ တရွေ့ရွေ့ ချဉ်းကပ်လာသည့် သီတာဒေဝီကိုသာ ရွှန်းလဲ့စွာ စိုက်ကြည့်နေသည်။ သီတာသည် အနီးဆုံးနေရာသို့ ချဉ်းကပ်သွားမိပြီ။ သူ၏လက်ကို သမင်ငယ်၏ဦးခေါင်းထက်သို့ တင်လိုက်ပြီ။ သမင်ငယ်လည်း ရုန်းထွက်၍မသွား။ သီတာဒေဝီက သမင်လေး၏ဦးခေါင်းကို လက်ဖြင့် ဖြည်းညင်းစွာ ပွတ်သပ်ရင်း နှုတ်မှ တဖွဖွ ရေရွတ်နေသည်။
ချစ်သူ၏မျက်နှာမှာ မှော်ရုံဟေဝန်နံနက်ခင်း၏ဘုရင်မ ဖြစ်ပေတော့သည်။ လင်္ကာဒီပဘုရင်အဖြစ်၏ရာဇမာန်ကို ခေတ္တဖယ်ရှား၍ ဆိုရပါမူ ဤအခိုက်တွင် ကျွန်ုပ်သည် သမင်ငယ်လေးကို မနာလိုမရှုဆိတ်ဖြစ်မိသည်။ သီတာဒေဝီသည် သမင်၏ဦးခေါင်းကို ယုယစွာ ပွတ်သပ်ပေးရင်း ကျန်လက်တစ်ဖက်ဖြင့် သမင်၏ကျောပြင်ပေါ်သို့ သိုင်းဖက်လိုက်သည်။ ထိုအခါ သမင်ငယ်သည် ခုန်ပေါက်ထွက်ပြေးသွားလေသည်။ တုန်လှုပ်သွားသော သီတာဒေဝီကို
စွန့်ခွာလျက် သမင်သည် ရေတံခွန်မှ စီးဆင်းလာသော ရေအလျဉ်၏အောက်ဘက်တစ်နေရာသို့ ပြေးသွားရင်း နားရွက်များကို လှုပ်ရမ်းနေလေသည်။ သီတာဒေဝီလည်း ကျောက်ဂူအတွင်းသို့ ဝင်သွားလေသည်။ သီတာဒေဝီ
ပျောက်ကွယ်သွားသောအခါ ရေတံခွန်တဝိုက်ဒေသ၏မြင်ကွင်းသည် ခြောက်ကပ်သွားလေသည်။
“ဘယ်လိုလဲ ဂမ္ဘီ ... နင့်သမင်”
“ရှူး .... စကားမပြောနဲ့ အကိုတော်၊ သူ ရာမကို သွားခေါ်လိမ့်မယ်၊ ဟော .....သူတို့ပြန်ထွက်လာကြပြီ”
သီတာဒေဝီသည် ရာမ၏လက်မောင်းကို တွဲခိုလျက် ဂူထဲမှ ပြန်ထွက်လာသည်။ ရာမသည် ကျွန်ုပ်မမေ့နိုင်သောဝတ်ရုံစိမ်းကို ဆင်မြန်းထားသည်တကား ....။ နံနက်ခင်းလေညင်းဝယ် သူတို့ဆီမှ အသံသဲ့သဲ့ ကြားရသည်။
“ဘယ်မှာလဲ နှမတော် သီတာ”
“ဟိုမှာလေ မောင်တော်၊ သူ ဘယ်မှ ထွက်မပြေးဘူး”
သမင်ငယ်လေးသည် ရေတံခွန်အောက်ဘက် မူလနေရာတွင် ရပ်မြဲဖြစ်သည်။ ဂမ္ဘီသည် စူးရှသောမျက်လုံးများဖြင့် သူ့သမင်၏မျက်လုံးများကို စူးးစိုက်ကြည့်ရင်း နှုတ်မှ အဆက်မပြတ် ရေရွတ်နေသည်။ ရာမသည် ဦးခေါင်းကို
ဖြည်းညင်းစွာ ခါရမ်းလိုက်သည်။ သူ့ဆီမှ အသံလွင့်ဝဲလာသည်။
“ဒီအချိန်တွေမှာ သမင်တွေ အုပ်လိုက် ရေသောက်ဆင်းရမယ်။ သို့သော် လူနဲ့ ဒီလောက်နီးတဲ့နေရာကို မလာသင့်ဘူး၊ ပြီးတော့ သမင်ငယ်ဟာ ငယ်ရွယ်လှပလွန်းတယ်၊ တောရဲ့သဘာဝ အသွေးအမွေးမျိုးလည်း မဟုတ်ဘူး၊အင်မတန် ကျွမ်းကျင်သူတစ်ဦးက လက်သပ်မွေးမြူထားတဲ့ အသွေးအမွေး၊ ပြီးတော့ ငယ်ရွယ်လှပလွန်းတဲ့ သမင်ဟာ ဒီနေရာကို တစ်ကောင်တည်း မလာသင့်ဘူး။ ဒါဟာ..... ”
“ဖမ်းပေးပါ မောင်တော်”
“သီတာရယ်... မောင်တော်ပြောတာ နားထောင်ပါအုံး၊ ဆိုခဲ့တဲ့ဖြစ်ရပ်တွေကို ထောက်ရှုခြင်းအားဖြင့် ဒီသမင်ငယ်ရဲ့နောက်မှာ အန္တရာယ်တွေ ကပ်ပါနေလိမ့်မယ်လို့ မောင်ဘုရားထင်တယ်၊ ဒီသမင်ရောက်ရှိလာခြင်းဟာ တောရဲ့ သဘာဝနဲ့ ဆန့်ကျင်နေတယ်”
သမင်ငယ်သည် ရေစပ်တလျှောက်၌ ပျော်ရွင်စွာ ခုန်ပေါက်မြူးတူးနေပေသည်။ မြက်ခင်းပေါ်၌ ဝပ်လိုက်၊ နှုတ်သီးကို မြက်ခင်း၌ ပွတ်သပ်လိုက်ဖြင့် အလွန်ချစ်ဖွယ်ကောင်းသော လှုပ်ရှားမှုများကို ပြုနေသည်။
“သီတာရဲ့ဆန္ဒကို မောင်တော် မလိုက်လျောဘူးပေါ့၊ ဟင်”
“နားထောင်ပါဦး အချစ်ရယ်”
သီတာဒေဝီသည် ရာမအား ဖက်တွယ်ထားသော ယလက်များကို ဖယ်ရှားရင်း နှုတ်ခမ်းများပေါ်သို့ လက်ချောင်းများဖြင့် အုပ်မိုးလိုက်လေသည်။ သူ၏လုံးဝန်းသောပခုံးလေးများ တသိမ့်သိမ့် လှုပ်လာသည်။
“သီတာ .... ဒီရွှေသမင်လေးကို မပိုင်ဆိုင်ရရင် ဟောဒီမှော်ရုံဟေဝန်မှာ တစ်ယောက်တည်း နေရစ်ခဲ့တော့မယ်၊ နံနက်တိုင်း ရေသောက်ဆင်းလာမယ့် သမင်လေးကို စောင့်စားရင်း သူရောက်လာတဲ့အခါမှာ သူနဲ့ဆော့ကစားရင်းနဲ့ပဲ
သီတာရဲ့နေ့တွေကို အချိန်ကုန်စေတော့မယ်၊ မောင်တော်တို့သာ ခရီးဆက်ထွက်ကြပါတော့”
ရှည်လျားနက်မှောင်သော ဆံပင်တို့ကို ဆုပ်နယ်ရင်း ငိုကြွေးနေသည့်ချစ်သူအား မြင်နေရသည့်အတွက် ကျွန်ုပ်ရင်ထဲမှာလည်း လှိုက်လှဲလာသည်။ ရွှေသမင်ကို ကျွန်ုပ်ဖမ်းဆီး၍သာ ပေးလိုက်ချင်တော့သည်။
“အကိုတော် ဘာဖြစ်လို့လှုပ်ရှားလိုက်ရတာလဲ၊ ငြိမ်ငြိမ်နေပါ”
ဂမ္ဘီက ကျွန်ုပ်နားသို့ကပ်၍ သတိပေးလေသည်။
“မောင်တော်ပြောတာကို နားထောင်လိုက်ပါ သီတာရယ်၊ အခု ..... ”
“နားမထောင်ပါရစေနဲ့တော့ မောင်တော်၊ သီတာကို ထားခဲ့ပါတော့”
ပို၍သည်းထန်စွာ ငိုကြွေးနေသော သီတာဒေဝီကို ငေးစိုက်ကြည့်လျက် ရာမသည် ဦးခေါင်းကို ခါယမ်းလိုက်ပြန်သည်။ ထို့နောက် သူသည် ဂူတွင်းသို့လှည့်၍ တစ်စုံတစ်ခု ပြောလိုက်သည်။ ဂူတွင်းမှ လက္ခဏထွက်လာသည်။ လက္ခဏ၏လက်ထဲမှ လေးနှင့်မြားကို ရာမသည် လှမ်းယူလိုက်လေသည်။ ဤလေးကား ကျွန်ုပ်ဘယ်တော့မှမေ့မရနိုင်သော လေးဖြစ်သည်။ ရွှေရောင်လက်ကိုင် ရွှေနန်းများဖြင့် သွန်းခတ်ထားသည့် လေးညှို့အဋ္ဌစန္ဒာလေး။
ရာမသည် ကိုယ်တွင် မြားကိုတပ်လျက် ငင်လိုက်ပြီး သမင်ငယ်ရှိရာသို့ ချိန်ရွယ်လိုက်သည်။ ဂမ္ဘီကိုယ်တိုင် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ ကျွန်ုပ်က အစီအစဉ်များပျက်ပြီဟု ထင်မှတ်လိုက်တော့သည်။ သို့သော် ကျွန်ုပ်၏အချစ်သည် ကျွန်ုပ်၏အစီအစဉ်၌ အဆင်ပြေစွာ ပါဝင်လာပေသည်။ သီတာသည် လေးညို့ငင်နေသည့် ရာမ၏လက်ကို ဖယ်လိုက်သည်။
“ချစ်စရာရွှေသမင်ကို သတ်ပြီး သီတာရဲ့ရင်ကို ကြေကွဲအောင်လုပ်မလို့လား မောင်တော်၊ ဒီလေးညို့ကို ပြန်လည်လျော့ချ၊ ဒီမြားကို ပြန်သိမ်းပြီး ရွှေသမင်ကို အရှင်ဖမ်းပေးပါ၊ အယုဒ္ဓယနန်းတော်က ပန်းဥယျာဉ်မှာ ရွှေလှောင်အိမ်လေးတစ်ခု တည်ဆောက်ပြီး သူကလေးကို သီတာမွေးထားချင်တယ်”
ရာမသည် ညို့ကို ပြန်ချလိုက်ပြီး မြားကိုလည်း ကျည်တောက်အတွင်းသို့ ပြန်ထည့်လိုက်ကာ ကျောပြင်တွင်သိုင်း၍ လွယ်လိုက်လေသည်။ သီတာဒေဝီသည် ကြည်လင်သောမျက်နှာနှင့် နောက်သို့ဆုတ်လိုက်သည်။ တစ်ချိန်လုံး လှပကြော့ရှင်းစွာ ခုန်ပေါက်မြူးထူးနေခဲ့သော သမင်ငယ်သည် ဦးခေါင်းကို စောင်းငဲ့လျက် တက်ကြွဖျက်လတ်စွာ ခြေစုံရပ်လိုက်လေသည်။ သီတာဒေဝီက ရာမ၏လက်ထဲသို့ တစ်စုံတစ်ခု လှမ်း၍ထည့်ပေးနေသည်။
“မောင်တော်၊ ဟောဒါက ဒီတဝိုက်က အနူးညံ့ဆုံး၊ အလတ်ဆတ်ဆုံးမြက်တွေပဲ၊ ရွှေသမင်လေးဟာ ဒီမြက်တွေကို မက်မောလွန်းလို့ ဒီနေရာကို လာရှာတာ၊ သူနှစ်ခြိုက်တဲ့ အစာကိုပြပြီး ဖြားယောင်းသွေးဆောင်လိုက်ရင် သူမောင်တော်ကို အနားကပ်ခံမှာ”
ဖြားယောင်းသွေးဆောင်လိုက်ရင် ... တဲ့။ တကယ်တော့ မင်းရဲ့ ရွှေသမင်ကသာ ဖြားယောင်းသွေးဆောင်နေတာကလား သီတာရယ်ဟု ကျွန်ုပ်စိတ်ထဲမှာ ရေရွတ်နေမိလေသည်။
ရာမသည် မြက်ပင်များကို လက်တွင် ဆုပ်ကိုင်လိုက်ပြီး ရွှေသမင်ရှိရာသို့ တရွေ့ရွေ့ တိုးကပ်သွားလေသည်။ ရွှေသမင်သည် စိုးစဉ်းမျှသော လှုပ်ရှားမှုကို မပြုလုပ်ဘဲ သတိကြီးစွာ ရပ်ရင်း ရာမကို စောင့်ဆိုင်းနေသည်။ အနီးသို့ရောက်သောအခါ ရာမသည် ကျန်လက်တစ်ဖက်ဖြင့် ရွှေသမင်၏ဦးချိုကို လှမ်းကိုင်လိုက်သည်။ ရွှေသမင်က ဦးခေါင်းကို လှပစွာယိမ်းနွဲ့၍ ရှောင်တိမ်းလိုက်သည်။ ရာမက ဘေးဘက်မှလှည့်၍ ဖမ်းလိုက်သောအခါ ရွှေသမင်သည် ခေါင်းကို နောက်သို့ယို့၍ ဆုတ်လိုက်သည်။ ဂမ္ဘီ၏အတတ်ပညာသည် လှပပြောင်မြောက်စွာ အသက်ဝင်နေပေသည်တကား။
သီတာဒေဝီထံမှ အားပေးသံလေးများ လွင့်ဝဲ၍လာသည်။ လက္ခဏကမူ ကျောက်ဂူအနီးရှိ ကျောက်တုံးကြီးပေါ်တွင်ထိုင်ရင်း အကဲခတ်နေလေသည်။ တိမ်းရှောင်နေသည့် ရွှေသမင်ကိုကြည့်ရင်း လက္ခဏသည် ကျောက်တုံးပေါ်မှ ခုန်ချလိုက်ပြီး ခြေများကို ချဲ့ကား၍ ရပ်နေသည်။ သူ့ဘက်သို့ ရွှေသမင်ထွက်ပြေးလာလျှင် ဖမ်းဆီးပိတ်ဆို့ရန်ဖြစ်ပေမည်။ သို့သော် အစီအစဉ်အရ ရွှေသမင်သည် လက္ခဏရပ်နေသည့်ဘက်သို့ ထွက်ပြေးမည်မဟုတ်ချေ။ ကျွန်ုပ်သည် ပြုံးလိုက်မိပေသည်။
ရာမသည် သမင်ကို စက်ဝိုင်းသဏ္ဍာန်လှည့်ပတ်၍ ဦးချိုကို ဖမ်းကိုင်ရန် အလစ်စောင့်နေလေသည်။ သို့သော် ရွှေသမင်လေးသည် ရာမကို မိမိ၏နောက်ဘက် မျက်ကွယ်သို့ အရောက်မခံချေ။ အလယ်မှာရပ်ရင်း မျက်နှာချင်းဆိုင်ကျနေအောင် ရာမနှင့်အတူ လိုက်ပါလှည့်ပတ်နေလေသည်။ ရာမက လက်ယာရစ်မှ လက်ဝဲရစ်သို့ ပြောင်းလဲလှည့်ပတ်လိုက်သောအခါတွင် ရွှေသမင်လည်း ထို့အတူ လိုက်ပါလှည့်ပတ်နေသည်။ ထို့နောက် ရုတ်တရက် ခုန်၍ ရာမအား ကျော်လွန်ပြီး မလှမ်းမကမ်းတနေရာသို့ ရောက်ရှိသွားပြန်သည်။
ဤတကြိမ်တွင်မူ ရွှေသမင်သည် ရာမကို အတွင်းဘက်၌ထား၍ ပြန်လည်လှည့်ပတ်နေလေသည်။ ရာမကမူ မြက်ပင်များကို မြှောက်ချီပြရင်း သမင်ငယ်၏ဦးချိုနှင့် အနီးဆုံးနေရာသို့ ရောက်အောင် အားထုတ်နေလေသည်။ ကြမ်းကြုတ်သော ရွှေသမင်ခတ်ပွဲများကို ကြည့်ရစဉ်က မည်သို့မျှ ထိတ်လန့်တုန်လှုပ်ခြင်းမရှိခဲ့သည့် ကျွန်ုပ်သည် ထိုနူးညံ့သိမ်မွေ့သော သမင်ဖမ်းပွဲကို ကြည့်ရင်း ရင်ဝယ် တထိတ်ထိတ် လှုပ်ခါနေသည်။ တခါတရံတွင် သူ၏ဝတ်ရုံစိမ်းကို ဖြန့်ကိုင်လျက် ရွှေသမင်ငယ်အပေါ် သို့ အုပ်မိုးချလိုက်သည်။ သို့သော် သူ၏နောက်မှနေ၍ ရွှေသမင်သည် တိုးခွေ့လွတ်မြောက်လာသည်ချည်းဖြစ်သည်။ တခါတရံတွင်မူ ရာမသည် ဒေါသထွက်ဟန်ဖြင့် လက်မှလေးကို
ကိုင်မြှောက်လျက် ရိုက်ပုတ်လေသည်။ ထိုအခါများတွင် သမင်ငယ်သည် လေးကိုင်းအပေါ်မှ ကျော်လွှားခုန်ပေါက်လျက် ကျွမ်းကျင်စွာ တိမ်းရှောင်တတ်သည်။ ရာမက အဆက်မပြတ်ရိုက်ပုတ်သော်လည်း ထိုနေရာများ၌ ရွှေသမင်သည် မရှိတော့သည်ချည်းဖြစ်သည်။
ဤသို့ရှောင်တိမ်းခုန်ပေါက်ရင်းနှင့် သမင်ငယ်သည် တဖြည်းဖြည်း မြောက်ဘက်တောအုပ်အစပ်ဆီသို့ ရောက်သွားသည်။ ရာမလည်း သမင်ငယ်နောက်မှ လိုက်ပါသွားသည်။ နောက်ဆုံးတွင် ရွှေသမင်နှင့် ရာမမင်းသားတို့သည် ကျွန်ုပ်၏မြင်ကွင်းမှ ပျောက်ကွယ်လျက် မြောက်ဘက်တောအုပ်အတွင်းသို့ နစ်မြုပ်ဝင်ရောက်သွားလေတော့သည်။
“ကိုင်း .....အကိုတော်၊ နှမတော်တော့ တောအုပ်ချုံကွယ်တွေထဲက ပုန်းအောင်းလိုက်လာရင်း ရွှေသမင်ကို အမိန့်ပေးရမယ်။ နှမတော်နဲ့ ကင်းကွာသွားရင် ဒီသမင်ကို ရာမဟာ အလွယ်တကူ ပစ်ခွင်းသတ်ဖြတ်သွားနိုင်မှာ ဖြစ်တယ်။
အခု မြောက်ဘက်တောနက်ထဲကို ဖြားယောင်းခေါ် သွားတော့မယ်၊ အကိုတော်နေရစ်ခဲ့ပေတော့။ မြောက်ဘက်ဆီက အော်သံတွေကြားရလို့ လက္ခဏထွက်ခွာသွားတော့မှ အကိုတော် သီတာဒေဝီဆီ သွားပါနော်၊ ပျော်ရွှင်စရာကောင်းတဲ့ လက်စားချေရေးအစီအစဉ်ကို တိတိကျကျလိုက်နာပါ။ ကဲ ... နှမတော်သွားမယ်။ သီတာဒေဝီနဲ့အတူရှိနေမယ့် ဒသဂီရိဘုရင်မင်းမြတ်ကို လင်္ကာဒီပနန်းတော်မှာ ပြန်လည်တွေ့ဆုံမယ်နော်”
ဂမ္ဘီသည် ပြုံးရယ်နှုတ်ဆက်ပြီးနောက် တောစပ်ချုံပုတ်များကြားသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။ ဂမ္ဘီ၏အစီအစဉ်အရ ယခုအချိန်ဆိုလျှင် ဦးရီးတော်မာရဇ္ဇလည်း မြောက်ဘက်တောအုပ်ထဲတွင် အသင့်စောင့်နေပြီဖြစ်သည်။ ထိုအရပ်ဒေသမှ ထွက်ပေါ်လာမည့် ဆင်ရိုင်းအုပ်ကြီးအော်သံ၊ ခြင်္သေ့ဟောက်သံ၊ သစ်ပင်ပြိုလဲသံများကို ကျွန်ုပ် နားစွင့်နေမိသည်။ ဂမ္ဘီ၏အစီအစဉ်သည် ချောချောမောမော ဖြစ်ပါမည်လောဟုလည်း ကျွန်ုပ်စိတ်မှာ တထင့်ထင့် ဖြစ်နေမိသည်။ ရာမမင်းသားတို့အား ယခုကျောက်ဂူစခန်းတွင် တိုက်ခိုက်ပြီး သီတာဒေဝီကို ခေါ်ဆောင်သွားနိုင်ပါလျက် အဘယ်ကြောင့် လျှို့ဝှက်ရှုပ်ထွေးသောအစီအစဉ်ကို ကျွန်ုပ်လက်ခံမိသနည်းဟု တွေးတောမိသည်။
သို့သော် ကျွန်ုပ်၏နှမတော် တရိဂမ္ဘီသည် သူ့အကိုဒသဂီရိကဲ့သို့ ပြင်းထန်သော စစ်သွေးစစ်မာန်တို့ကို ဆောင်လျက် လှပသောကလဲ့စားချေမှုကို ပြုလုပ်ရန် ဆန္ဒပြင်းပြပေမည်ဟု ကျွန်ုပ်စဉ်းစားလိုက်သည်။ သူ၏ရွှေသမင်နှင့်
သူ၏မိဂါသေနင်္ဂပညာကိုလည်း မဖြစ်ဖြစ်အောင် အသုံးချချင်ပေလိမ့်မည်။
ကျွန်ုပ်သည် တောစပ်ချုံပုတ်နောက်ကွယ်တွင် ကျားသစ်တကောင်၏ငြိမ်သက်ခြင်းမျိုးဖြင့် တိုက်ပွဲ၏ဖြစ်ပေါ်လာမည့်အဆင့်များကို စောင့်စားနေမိသည်။ သီတာဒေဝီသည် ရေတံခွန်အနီးတွင်ရပ်၍ ရာမထွက်ခွာသွားရာ မြောက်ဘက်အရပ်ဆီသို့ စိတ်အားထက်သန်စွာ ငေးမျှော်နေလေသည်။ လက္ခဏကမူ ကျောက်ဂူဝတွင် တံခါးမှူး ကိုယ်ရံတော်စစ်သည်တစ်ဦးကဲ့သို့ စောင့်ကြပ်နေသည်။ ကျရောက်လာတော့မည့် လှည့်စားမှုကို သူတို့မသိကြ။ ဤအခိုက်အတန့်ကာလဝယ် ကျွန်ုပ်၏အတွေးအလျဉ်ထဲတွင် တိုက်ပွဲသေနင်္ဂဗျူဟာသည် ပျောက်ကွယ်နေပြီ။ သီတာဒေဝီအား လင်္ကာဒီပသို့ခေါ်ဆောင်သွားသည့် လမ်းခရီး၌ မည်သို့သောစကားများကို ပြောရမည်နည်းဟု စိတ်ကူးနေမိသည်။ ကြောက်ရွံ့ထိတ်လန့်မှုဖြင့် ကျွန်ုပ်၏အချစ်သည် မေ့မြောသွားလေမည်လား၊ တုန်လှုပ်ခြောက်ခြားစွာဖြင့် သူငိုကြွေးလေမည်လား။ မေ့မြောသွားသည်ဖြစ်စေ၊ ငိုကြွေးနေသည်ဖြစ်စေ၊ သီတာဒေဝီသည် လင်္ကာဒီပဘုရင်၏စစ်ရထားပေါ်၌။ပါရှိလာရပေတော့မည်။ ရန်သူ၏သွေးဖြင့်သာ လိမ်းကျံခဲ့ရသော ကျွန်ုပ်၏ရထားပေါ်တွင် အလှအပသည် ဖူးပွင့်ချေတော့မည်။
ကျွန်ုပ်၏ လှုပ်ခုန်သောရင်မှ အသံကို သူတို့ကြားသွားမည်စိုးသဖြင့် ရင်ကို လက်နှင့် အုပ်လိုက်မိသည်။ ရွှေသမင်ကို ပွေ့ပိုက်လျက် ရာမမင်းသား ပြန်လာမည်ကို တွေးရင်း သီတာဒေဝီသည် ပျော်ရွှင်နေဟန်တူသည်။ ထို့ကြောင့် သူ၏လှပဝင်းဝါသောမျက်နှာတွင် အပြုံးရိပ်တို့ သီးပွင့်နေခြင်းဖြစ်သည်။ လက္ခဏ၌မူ တင်းမာသောမျက်နှာထားနှင့် ကျောက်ဂူဝ၌ မတုန်မလှုပ် စောင့်ကြပ်မြဲဖြစ်သည်။ သီတာဒေဝီသည် ရေတံခွန်အောက်ခြေ ကျောက်တုံးများကြားတွင် ပွင့်နေသည့် သစ်ခွပန်းများကို ခူးဆွတ်နေပေသည်။ အချို့ကို ရေအလျဉ်ထဲသို့ ခြွေချ မျောပါစေသည်။ သီတာ၏လှုပ်ရှားဟန် အလုံးစုံတွင် အလှသည် တည်မှီကိန်းအောင်းနေသည်။
“ဒီသစ်ခွပန်းလေးလို မင်းကိုယ်တိုင်လည်း ကျုပ်ရဲ့ အချစ်ရေအလျဉ်မှာ ဝေ့ဝိုက်မျောပါ ...... ”
ဆွတ်ပျံ့သော ကျွန်ုပ်၏အတွေးစများအားလုံး အဆုံးမသတ်လိုက်ရချေ။ မြောက်ဘက်ဆီမှ ဆင်ရိုင်းအော်သံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ဆင်အုပ်ကြီးတစ်ခုမှ ဆင်ရိုင်းများအော်သံ တစ်ခဲနက် မြည်ဟည်းလာသည်။ သစ်ပင်ကြီးများ ကျိုးကျသံနှင့် သစ်ပင်များပေါ်သို့ ဆင်ရိုင်းအုပ်များ ဖြတ်ကျော်နင်းပြေးသံများလည်း ပေါ်လာသည်။ ခြင်္သေ့ဟောက်သံ၊ ကျားဟိန်းသံများ။ ဦးရီးတော်မာရဇ္ဇသည် သူ၏ပဋပက္ခသေနင်္ဂဗျူဟာဖြင့် သစ်ပင်ကြီးများကို တဖြောင်းဖြောင်းချိုးလျက် ဆင်ရိုင်း၊ ခြင်္သေ့အော်သံများကို ဖန်တီးလိုက်ပေပြီ။ ဂမ္ဘီ၏အစီအစဉ်သည် တစ်ဝက်သို့ ချဉ်းနင်းဝင်ရောက်ပေပြီ။
သီတာဒေဝီသည် သစ်ခွပန်းများကို စွန့်ခွာလျက် ထိတ်လန့်ချောက်ချားစွာဖြင့် ကျောက်ဂူဆီသို့ ပြေးသွားလေသည်။ လက္ခဏသည် ကျောက်ဂူပေါ်သို့ ခုန်တက်လျက် မြောက်ဘက်တောအုပ်ဆီသို့ မျှော်ကြည့်လိုက်သည်။ စိုးရိမ်ပူပန်ခြင်းအသွင်ကို သူတို့၏မျက်နှာပေါ်၌ ကျွန်ုပ် ထင်ရှားစွာ တွေ့မြင်နေရသည်။ ထို့နောက် သီတာဒေဝီသည် သူ၏မတ်တော်မောင် လက္ခဏအား တစ်စုံတစ်ခုပြောဆိုလျက် မြောက်အရပ်ဆီသို့ လက်ညိုးညွှန်ပြသည်။ မှော်ရုံဟေဝန်တစ်ခုလုံး အုံးအုံးကျွက်ကျွက် မြည်နေသောအသံများကြောင့် သူတို့၏စကားသံများကို ကျွန်ုပ်မကြားရချေ။ ကလဲ့စားချေမှု၏ပရိယာယ်အတွင်းသို့ သက်ဆင်းကြောက်ရွံ့နေသည့် သီတာဒေဝီကိုကြည့်ရင်း ကျွန်ုပ်သည် ကျေနပ်ဝမ်းမြောက်နေမိသည်။
လက္ခဏသည် ကျောက်ဂူထက်မှ သီတာဒေဝီရှေ့သို့ ခုန်ဆင်းလိုက်ပြီး ဒူးထောက်လိုက်သည်။ သီတာဒေဝီက မြောက်ဘက်အရပ်ဆီသို့ လက်ညိုးညွှန်ရင်း တတွတ်တွတ် ပြောနေသည်။ လက္ခဏ ဦးခေါင်းကို အတွင်သား ယမ်းရင်း ပြန်ပြောနေသည်။ ရာမအား တောဆင်ရိုင်းနှင့်ခြင်္သေ့များအန္တရာယ်မှ လွတ်မြောက်အောင် အကူအညီပေးရန် မြောက်အရပ်သို့ လိုက်သွားခြင်းမှလွဲ၍ အခြားမဖြစ်နိုင်။ လက္ခဏငြင်းပယ်နေခြင်းဖြစ်သည်။ သင်း ဘာကြောင့်ငြင်းပယ်နေသနည်း။
အစီအစဉ်အရ သင်းပါ သူ့အကိုနောက်လိုက်သွားပြီးမှ ကျွန်ုပ် သီတာကို ခေါ်ဆောင်သွားရမည်။ ကျောက်ဂူဝသို့ ကျွန်ုပ်ကြည့်လိုက်သည်။ အာရိယန်စစ်သည်များ တစ်ဦးတစ်ယောက်မှ ထွက်မလာကြ။ ဤမှော်ရုံဟေဝန်တွင် အခြား မည်သူမျှမရှိ။ သူတို့နှင့်အတူ စစ်သည်ရဲမက်များ မပါကြ။ ခေါင်းကိုခါယမ်း၍ လိုက်ရန်ငြင်းပယ်နေသော လက္ခဏကိုကြည့်ရင်း ကျွန်ုပ် သည်းမခံနိုင်အောင်ဖြစ်လာသည်။ ဒသရဌဘုရင်၏သားငယ် ဤမင်းသားကို သတ်ဖြတ်၍ သီတာကို ခေါ်သွားတော့မည်ဟု စိတ်ကူးလိုက်မိသည်။ ဂမ္ဘီ၏အစီအစဉ်အတိုင်း ရှိချင်ရှိစေတော့။ ဤအချိန်တွင် သီတာကို ခေါ်ဆောင်ရန်မှအပ အခြား မည်သည့်သေနင်္ဂဗျူဟာပရိယာယ်မှ အရေးမကြီးတော့ပြီ။
သို့သော် ကျွန်ုပ် တောစပ်အပြင်သို့ ခုန်ထွက်လုဆဲဆဲမှာပင် အခြေအနေပြောင်းလဲသွားပေသည်။ သီတာဒေဝီသည် မည်ကဲ့သို့သောအမိန့်အာဏာကို အသုံးပြုလေသည်မသိ။ လက္ခဏသည် သူ၏ဓားကို ဆွဲကိုင်လျက် ဒူးထောက်နေရာမှ ထလိုက်သည်။ မြောက်အရပ်သို့ မျှော်ကြည့်လိုက်သည်။ ထို့နောက် သူသည် သီတာဒေဝီကို မှာကြားသတိပေးဟန်ဖြင့် ရေရွတ်ပြောဆိုပြီး ဂူတွင်းသို့ဝင်ရောက်ရန် လက်ညိုးညွှန်ပြလေသည်။ သီတာသည် ကျောက်ဂူတွင်းသို့ဝင်ရောက်သွားသည်။ လက္ခဏသည် ကျောက်တုံးကြီးများကို သယ်ယူလာပြီး ကျောက်ဂူဝကို ပိတ်ဆို့လေသည်။
“သြော် .... မရီးတော်ကို ဘေးအန္တရာယ်တို့ လုံခြုံအောင် စီစဉ်နေသည်ကိုး”
ကျွန်ုပ် ပြုံးလိုက်မိသည်။ ဒသဂီရိကို သီတာဒေဝီထံမလာနိုင်အောင် ဟိမဝန္တာတောင်တစ်ခုလုံးနှင့် ဆို့ဆီးစေဦးတော့....။
ဆင်ရိုင်းအော်သံ၊ ခြင်္သေ့ဟောက်သံများနှင့် သစ်ပင်ပြိုလဲသံများက ပို၍ကျယ်လောင်လာသည်။ လက္ခဏသည် ကျောက်ဂူဝသို့ ကျောက်တုံးများဆင့်၍ ပိတ်ဆို့ပြီး မြောက်အရပ်သို့ တဟုန်ထိုး ပြေးထွက်သွားလေပြီ။ ကျွန်ုပ်သည် တောစပ်ချုံပုတ်မှ ခုန်ထွက်လိုက်သည်။ ရေတံခွန်စမ်းအတိုင်း ကျောက်ဂူဝဆီသို့ ချဉ်းကပ်သွားလိုက်သည်။ ဦရီးတော်မာရဇ္ဇ၏ဖန်တီးမှုကြောင့် မြောက်အရပ်ဆီမှထွက်ပေါ်လာသော အသံနက်ကြီးများသည် ကျွန်ုပ်၏နှလုံးသည်းပွတ်မှ ကောင်းချီးပေးသံလောက် ကျယ်လောင်မည်မဟုတ်ချေ။
ကျောက်ဂူဝသို့ ကျွန်ုပ်ရောက်ပေပြီ။ လက္ခဏပိတ်ဆို့ထားခဲ့သော ကျောက်တုံးများကို ကျွန်ုပ်မုန်းတီးစွာဖြင့် တွန်းလှဲဖြိုဖျက်ချလိုက်သည်။ ကျောက်တုံးများသည် ကျွန်ုပ်၏လက်ဝယ် ငှက်တစ်ကောင်၏အသိုက်သဖွယ် ဖြစ်သွားချေသည်။ ကျောက်ဂူဝပွင့်သွားပြီ။ ချစ်ခြင်းမေတ္တာ၏ အကျဉ်းလှောင်အိမ်လည်း ....။
သီတာဒေဝီသည် အတွင်းဘက်မှနေ၍ ဂူဝသို့ပြေးလာသည်။
“သီတာ...ဒေ... ဝီ... ”
သူ့နှုတ်ခမ်းလွှာများ ပွင့်အာသွားသည်။ လှပသောမျက်နှာတွင် ဘော်ငွေရောင်သန်းသွားသည်။ ရွှန်းမြသောမျက်ဝန်းများ ဝိုင်းစက်သွားသည်။
“လင်္ကာဒီပဘုရင် ဒသဂီရိပါ သီတာဒေဝီ”
ကျွန်ုပ်သည် အချစ်၏ထံပါးသို့ တရွေ့ရွေ့ ချဉ်းကပ်သွားလိုက်သည်။ ထိတ်လန့်နေသော သီတာဒေဝီ၏အလှသည် နောက်သို့ တရွေ့ရွေ့ ဆုတ်သွားသည်။
“မကြောက်ပါနဲ့ သီတာဒေဝီ၊ ကျုပ် ဒသဂီရိပါ၊ မိထိလာလေးတင်ပွဲမှာ အသားဝါဘုရင်တစ်ရာတို့ကို စစ်ကြေငြာပြီး မင်းရဲ့အချစ်ကို တောင်းခံဖို့လာခဲ့တဲ့သူပါ။ မှော်ရုံဟေဝန်ဟာ ကျုပ်ရဲ့ပိုင်နက်ပါ။ မှော်ရုံဟေဝန်ထဲက ဒီကျောက်ဂူကိုလည်း ကျုပ်ပိုင်ပါတယ်။ ဒီကျောက်ဂူထဲက မင်းကိုလည်း ကျုပ်ပိုင်ဆိုင်နေပါပြီ။ ကျုပ်နဲ့အတူ လင်္ကာဒီပကို လိုက်ခဲ့ပါ။ ဒြာဝိဒိယန်မျိုးနွယ်စုပေါင်းများစွာရဲ့ သခင်မအဖြစ်ခံယူဖို့ ကျုပ်နဲ့အတူ လင်္ကာဒီပနန်းတော်ကို လိုက်ခဲ့ပါ။ ဒီအခြေအနေကို ဆိုက်ရောက်ဖို့ ကျုပ် လှပတဲ့သေနင်္ဂဗျူဟာတွေ အသုံးချခဲ့ရပါတယ်။ အမှန်တော့ သေနင်္ဂဗျူဟာအားလုံးရဲ့ဦးတည်မှုဟာ မင်းပဲဖြစ်ပါတယ် သီတာဒေဝီ”
ခြေတစ်လှမ်းပြီးတစ်လှမ်း တရွေ့ရွေ့ တိုးသွားသည်နှင့်အမျှ ကျွန်ုပ်၏အချစ်များ သူ၏နှလုံးအတွင်းသို့ ဝင်ရောက်သွားစေရန် စကားလုံးများကို တစ်လုံးချင်း ရေရွတ်သွားသည်။ သီတာဒေဝီသည် နောက်သို့ တဖြည်းဖြည်း ဆုတ်သွားသည်။ ကျောက်ဂူနံရံသို့ သူကပ်မိသွားသည်။ ထပ်မံ၍ နောက်ဆုတ်ရန်မရှိတော့။ ရပ်တန့်သွားသော သူ့ထံသို့ ဆက်လက်တိုးဝင်သွားရန် မစွမ်းသာဘဲ ကျွန်ုပ်ခြေထောက်များသည် ရောက်ရှိသည့်နေရာတွင် စွဲမြဲစွာ ရပ်သွားကြလေသည်။ တောင်ဆယ်လုံးကို တစ်ခုပြီးတစ်ခု ခုန်လွှားလျက် တောင်ကလပ်မှ မြွေဟောက်ကြီးများရှိရာသို့ တဟုန်ထိုးပြေးဝင်ခဲ့သော ဒသဂီရိ၏ခြေထောက်များသည် အဘယ်ကြောင့် ရပ်တန့်နေသော အလှရှိရာသို့ ဆက်လက်မရွေ့ရှားရသလဲ။ ကျွန်ုပ်သည် မိမိကိုယ်မိမိ မနှစ်မြို့နိုင်ဖြစ်နေသည်။
အချစ်၏နူးညံ့သိမ်မွေ့မှုဆိုသည်ကား ဤအရာပင်လား။ နူးညံ့သိမ်မွေ့မှုဆိုလျှင် အချစ်မဖြစ်နိုင်။ အချစ်တွင်လည်း ရဲရင့်ပြတ်သားရမည်။ ခက်ထန်ကြမ်းတမ်းရမည်။ ကျွန်ုပ်သည် ရှေ့ကိုဆက်တိုး၍ ချစ်သူ၏လက်ကို ဖမ်းယူလိုက်သည်။ သီတာဒေဝီသည် ချေက်ချားစွာ တိမ်းရှောင်ပြီး ဘေးဘက်သို့ တရွေ့ရွေ့ သွားနေပြန်သည်။
“မင်း ဘယ်လိုပဲ ရွေ့လျားရွေ့လျား ဒီကျောက်ဂူရဲ့ အပြင်ကို မရောက်နိုင်ဘူး သီတာဒေဝီ။ မင်းရဲ့ရွေ့လျားမှုမှန်သမျှဟာ ကျုပ်ရဲ့လက်အစုံအတွင်းဆီသာ ဖြစ်ရတော့မယ်။ လှုပ်ရှားထွက်ပြေးဖို့ ခွန်အားကိုအသုံးမပြုပါနဲ့၊ ခွန်အားဆိုတာ အလှအပနဲ့ မသက်ဆိုင်တဲ့အရာဖြစ်ပါတယ်။ မင်းအနေနဲ့ အလှအပကိုသာ ဆင်မြန်းထားပါ သီတာဒေဝီ၊ ခွန်အားကိုမဆောင်ပါနဲ့၊ ဆောင်ရင်လဲ အချည်းအနှီးပဲ ဖြစ်ပါလိမ့်မယ်။ ခွန်အားနဲ့ ဘုန်းလက်ရုန်းဆိုတာ ကျုပ်ပိုင်ဆိုင်တဲ့အရာဖြစ်တယ်။ မင်းပိုင်ဆိုင်တာက အလှ၊ ဒါကြောင့် မင်းဟာ ကျုပ်ကို လက်ခံသဘောတူညီခြင်းအားဖြင့် ခွန်အားကိုပါ ပိုင်ဆိုင်နိုင်ပါလိမ့်မယ်၊ ခွန်အားရှိထားတဲ့ကျုပ်ကတော့ အလှအပကိုပိုင်ဆိုင်ဖို့ မင်းကို လင်္ကာဒီပကို ခေါ်သွားရလိမ့်မယ်၊ ဒါဟာ ခွန်အားနဲ့ အလှအပတို့ရဲ့ ထိုက်တန်သောဆက်စပ်မှုပဲ၊ သီတာဒေဝီ....ကျုပ်ပြောတာ နားလည်တယ်မဟုတ်လား”
သီတာဒေဝီသည် ကျွန်ုပ်ကိုကျော်လွန်၍ ကျောက်ဂူအပြင်ဆီသို့ ကြည့်လိုက်ပြန်သည်။ ကျောက်ဂူ၏အပြင် မှော်ရုံဟေဝန်၏မြောက်အရပ်တွင်မူ ဒသရဌဘုရင်၏သားတော်နှစ်ယောက်တို့သည် ဦးရီးတော်နှင့် နှမတော်တို့၏ ပရိယာယ်၌ စုန်းစုန်းနစ်မြုပ်နေကြချေပြီ။
“ကျောက်ဂူရဲ့ အပြင်ဘက်လား သီတာဒေဝီ၊ အဲဒီမှာ ရေတံခွန်စမ်းချောင်းနဲ့ မင်းမျှောခဲ့တဲ့ သစ်ခွပန်းလေးတွေပဲရှိမယ်၊ မင်းမျှော်လင့်နေသူများကတော့ ထူးဆန်းတဲ့တောဆင်ရိုင်းကြီးတစ်ကောင်ရဲ့ လက်ထဲမှာ မိနေလောက်ပြီလေ ဟား ....ဟား.....ဟား ..... ”
ထူးဆန်းတဲ့တောဆင်ရိုင်းကြီးတစ်ကောင်ဟူသော ကျွန်ုပ်အသုံးအနှုန်းကို မိမိကိုယ်မိမိ သဘောကျလှသဖြင့် ကျွန်ုပ်ရယ်မောမိတော့သည်။ ကျွန်ုပ်၏အောင်ပွဲခံရယ်မောသံသည် ကျောက်ဂူအတွင်း ဟိန်းသွားလေတော့သည်။ သီတာဒေဝီမှာ ယခုထိ ကျွန်ုပ်အား စကားတစ်လုံးမှ ပြန်မပြော အော်ဟစ်ခြင်းလည်းမရှိ။ မှော်ရုံဟေဝန်၏ကျောက်ဂူအတွင်း ဤအဖြစ်သနစ်များကို ရင်ဆိုင်လိုက်ရသည့်အတွက် သူ၏ကြောက်လန့်ခြင်းသည် သူ၏အသံကို ဖုံးလွှမ်းသွားရှာပေလိမ့်မည်။ ကြောက်ရွံ့တုန်လှုပ်မှုထဲမှ အလှ။
“လာပါ သီတာဒေဝီ၊ ကျုပ်နဲ့အတူ လင်္ကာဒီပကို သွားကြစို့”
သူ့လက်ကို ကျွန်ုပ်ဆွဲယူလိုက်သည်။ ထိုအခါမှပင် သီတာဒေဝီသည် ရုန်းကန်းပေတော့သည်။ ဒသရီဂိလက်ဖြင့် ဆုပ်ကိုင်မိသမျှ ဘယ်အရာမှ ပြန်၍လွတ်သွားသည်မရှိပေ။
“မရုန်းနဲ့ သီတာဒေဝီ။ အချည်းနှီးပဲ၊ အချည်းနှီး..... ”
“သွား .....သွား ...... ဘီလူးလိုခက်ထန်တဲ့ ..... "
“ဘာ”
သူ့နှုတ်မှ ပထမဆုံးစကားတစ်လုံး ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ထိုစကားသည် ကျွန်ုပ်အတွက် ဒုတိယအကြိမ်ကြားရသော စကားလုံးဖြစ်သည်။ ကျောက်ဂူကြီး ကျွန်ုပ်အပေါ်သို့ ပြိုကျလာသလို ကျွန်ုပ်တုန်လှုပ်ရသည်။
ချောက်ချားစွာဖြင့် ကျွန်ုပ် လွှတ်လိုက်မိသည်။
ကျွန်ုပ်၏မျက်လုံးများ မီးဝင်းဝင်းတောက်နေသည်ဟု ထင်သည်။ ဤစကားမှန်သည်။ ကျွန်ုပ်၏မျက်လုံးအစုံမှ နာကြည်းမှု ဒေါသမီးလျှံ၏အပူကြောင့် လှပသောပန်းပွင့်သည် ရုတ်ချည်း ညိုးလျော်ခွေကျသွားလေသည်။ မေ့မြောသွားသော သီတာဒေဝီကို ပွေ့ချီလျက် ကျွန်ုပ် ကျောက်ဂူအပြင်ဘက်သို့ ထွက်ခဲ့သည်။ စစ်မြင်းဆယ်ကောင်က ရထားရှိရာသို့ လာခဲ့ပြီး ခုန်တက်လိုက်သည်။ မှော်ရုံဟေဝန်မှ တောဆင်ရိုင်းအော်သံနှင့် သစ်ပင်ပြိုလဲသံများ ဝေး၍ ကျန်ရစ်ခဲ့လေသည်။
ဆက်ရန်
----------------------------
ချစ်ဦးညို
crd 👉 https://m.facebook.com/story.php?story_fbid=123445112650787&id=108529964142302
Comments
Post a Comment