ကိုဒေါင်း(နိဒါန်း)
#ကိုဒေါင်း
#မောင်ထင်
(နိဒါန်း)
ဝတ္ထုသည် စိတ်ကူးဉာဏ်နှင့်ကင်း၍ ဖြစ်ပေါ်မလာနိုင်။ စိတ်ကူးဉာဏ်ကို မှီ၍သာ ဖြစ်ပေါ်လာနိုင်သည်။ သို့ရာတွင် စိတ်ကူးဉာဏ်နှစ်မျိုး ရှိသည်။ လေထဲ၌ တိုက်အိမ်ဆောက်တတ်သော သာမန်စိတ်ကူးဉာဏ်မျိုးလည်း ရှိ၏။ လောကကို အခြေခံ၍ ကူးတတ်သော ပညာရှင့်စိတ်ကူး ဉာဏ်မျိုးလည်းရှိသည်။ ထိုကြောင့် စိတ်ကူးဉာဏ်သဘောကို လိုက်၍ ဝတ္ထုလည်း နှစ်မျိုးကွဲပြားရသည်။ အချို့ဝတ္ထုသည် လွမ်းစရာ ပျော်စရာ
ကောင်းရုံမျှသာဖြစ်၏။ ထိုဝတ္ထုသည် သာမန်စိတ်ကူးဉာဏ်ထဲက ထွက်လာသော ဝတ္ထုမျိုးဖြစ်သည်။ အချို့ဝတ္ထုသည် လွမ်းစရာ ပျော်စရာ
ကောင်းရုံမျှမက လောကလူ့ဘုံ ဖြစ်ပျက်ပုံအမှန်အကန်သဘောကိုလည်း ပြတတ်၏။ ထိုဝတ္ထုသည် ပညာရှင့်စိတ်ကူးဉာဏ်ထဲကထွက်လာ သော ဝတ္ထုမျိုးဖြစ်သည်။
မောင်ထင်သည် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသရှိ ချောင်း၊ မြောင်း၊ ရွာငယ်တို့ကို ကောင်းစွာသိသည်။ ကောင်းစွာမြင်ဖူးသည်။ ကောင်းစွာ ကြားဖူးသည်။ ထိုအသိ၊ ထိုအမြင်၊ ထိုအကြားတို့ကိုလည်း အခြေခံ၍ စိတ်ကူးတတ်သည်။ ထိုကြောင့် မောင်ထင်၏စိတ်ကူးဉာဏ်သည် ပညာရှင့်စိတ်ကူးဉာဏ်မျိုးဖြစ်သည်ဟု ဆိုရာသည်။
သူရေးသောဝတ္ထုကို ဖတ်ကြည့်လျှင် ပညာရှင့်စိတ်ကူးဉာဏ် ပါ မပါ လွယ်လွယ်နှင့် သိနိုင်သည်။ မောင်ထင်သည် ကိုဒေါင်းဝတ္ထုတွင် မြန်မာရွာ ၏အသွင်အပြင်ကို ထင်ရှားစွာ ပြခဲ့သည်။ မုန့်ညှစ်သောအိမ်၊ တရုတ်ခေါက်ဆွဲဆိုင်၊ ဆရာချိန့်ကုန်းပါမကျန် ပြခဲ့သည်။ မောင်ထင်သည် ကိုဒေါင်းဝတ္ထုတွင် မြန်မာရွာ၏ ဓလေ့ထုံးစံတို့ကို ထင်ရှားစွာ ပြခဲ့သည်။ ပွဲ၌ ချောင်းရိုက်တတ်ပုံ၊ တစ်ပိုင်းနှင့်တစ်ပိုင်း ရိုက်ပွဲကျင်းပတတ်ပုံ၊ မိန်းမခိုးရာ၌ ကူညီတတ်ပုံပါမကျန် ပြခဲ့သည်။ တစ်ဖန် ယင်းသို့သော မြန်မာရွာ၏အသွင်အပြင်၊ မြန်မာရွာ၏ဓလေ့ထုံးစံနှင့် ရောနှော၍ မြန်မာရွာသားတစ်ဦး၏ အဖြစ်အပျက်ကိုလည်း ပြခဲ့သည်။ ထိုမြန်မာရွာသားကား ကိုဒေါင်းပင်တည်း။
မောင်ထင်၏ကလောင်သည် ကိုဒေါင်းကို အလွန်နိုင်သည်။ ကိုဒေါင်း အဖြစ်မရှိပုံ၊ ကိုဒေါင်း မိန်းမ၌ ဝါသနာပါတတ်ပုံ၊ ကိုဒေါင်း မိန်းမအရေး၌ စွမ်းစွမ်းတမံဖြစ်လာပုံ၊ ကိုဒေါင်း မဟုတ်မခံတတ်ပုံ၊ ကိုဒေါင်း အလွမ်းအဆွေးကြွယ်ဝပုံတို့ကို တစ်လှည့်စီ ချယ်လှယ်ပေးခဲ့သည်။ မောင်ထင်သည် ကိုဒေါင်း ထိပ်ပြောင်ကို အရုပ်ကလေးပမာ ခါးလယ်ကကိုင်ပြ၍ ရှုကြလော့၊ ရယ်ကြလော့၊ သနားကြလော့၊ အမြင်ကတ်ကြလော့ဟု ဆိုထားဘိသကဲ့သို့ပင်တည်း။
တစ်ဖန် မောင်ထင်၏အာဝဇ္ဇန်းကို ဆိုချင်သေးသည်။ မောင်ထင်သည် ချီးမွမ်းခြေကျောက်သဘော လောက၏အမြီးအမောက်မတည့်သော သဘောတို့ကို ရေးရာတွင် အလွန်အာဝဇ္ဇန်းရွှင်သည်။ထိုအာဝဇ္ဇန်းအပြင် မောင်ထင်၏ဝတ္ထုရေးနည်းကလည်း တစ်မျိုးနှစ်သက်ဖွယ်ကောင်းသည်။ ထိုရေးနည်းကား ကိုဒေါင်း၏အဖြစ်အပျက်ကို စာရေးဆရာက ရေးပြသောသဘောနှင့် ကိုဒေါင်းကပင် သူ့အဖြစ်အပျက်ကို ပြန်ပြောပြသောသဘော၊ ဤသဘောနှစ်ရပ်ကို အဆင်ပြေအောင် ရောနှောက်ထားသောနည်း ဖြစ်သည်။
ကျွန်တော်သည် ကိုဒေါင်းဝတ္ထုကို ဖတ်ပြီးသည်နှင့်တစ်ပြိုင်နက် ဝတ္ထု၌ပါရှိသော တောရွာ၊ ဝတ္ထု၌ပါရှိသော ရွာသူရွာသား၊ ဝတ္ထု၌ပါရှိသော ကိုဒေါင်းတို့သည် မြန်မာနိုင်ငံဝယ် တကယ်ရှိသည်ဟု မှတ်ချက်ချလိုက်သတည်း။
-----------------
ဇော်ဂျီ (၁၉၃၉)
Comments
Post a Comment