ခေါင်းလောင်းထိုးသော လူတစ်​ယောက်

အပိုင်း (၃) (ဇာတ်သိမ်းပိုင်း)

စိတ်ရွှင်လန်း တက်ကြွစွာ အိပ်ရာက နိုးခဲ့သည်။ မျက်နှာသစ်ဖို့ ရေကပြင်ကို ထွက်လိုက်သောအခါ ရာသီဥတုက ပုံမှန်မဟုတ်ကြောင်း သတိပြုမိ၏။ ဆောင်းနှောင်းဖြစ်သောကြောင့် အအေးဓာတ် မကုန်သေးသည့်တိုင် ကောင်းကင်က ကြည်လင်နေရမည်။ ခုကျတော့ အုံ့မှိုင်းမှိုင်းဖြစ်နေ၏။ ကောင်းကင်ကို မော့ကြည့်တော့ မိုးသားတွေကို တွေ့ရသည်။ လေက နည်းနည်း ထန်ချင်သလိုရှိပြီး တိမ်မည်းပါးပါးတွေ တရိပ်ရိပ် ပြေးနေ၏။

စိတ်ထဲမှာ နည်းနည်းတော့ လေးချင်သလို ထင့်ချင်သလို ဖြစ်မိ၏။ နိမိတ်တွေ ဘာတွေ ယုံတတ်လို့တော့ မဟုတ်။ နောက်မှ တစ်ခု သွားစဉ်းစားမိသည်။ သူတို့အညာမှာ ဆိုလျှင် မိုးကို အမျှော်ကြီး မျှော်ရသည်။ မိုးရွာလျှင် ပျော်ရသည်။ မိုးနံ့သည် အောင်မြင်ခြင်းရနံ့ ဖြစ်၏။ သည်တော့ သူ့လို အညာသားတစ်ယောက်အဖို့ မိုးရွာခြင်းသည် လာဘ်ကောင်းသည်ဟု ဆိုနိုင်၏။

မနက်ပိုင်း တစ်ချိန်လုံးကို ဒေါ်ခင်စိုးမြ့င်နှင့် တွေ့လျှင် ဘာတွေ ပြောမည်ဟု လေ့ကျင့် စဉ်းစားရင်း အချိန်ကုန်သည်။ မနက်စာအတွက်ပင် ဖြစ်ဖြစ်မြောက်မြောက် မစီစဉ်မိတော့။ ထမင်းကို ဆီချက်ကလေး ထည့်၊ ပုစွန်ခြောက်မှုန့် ထည့်၊ ငံပြာရည် ဆမ်းပြီး ထမင်းသုပ်လို လုပ်၍စားလိုက်သည်။ ကြက်သွန်နီ ကိုက်မည် ပြုပြီးမှ ပါးစပ်နံမည် စိုး၍ မစားဖြစ်တော့။

ကျောင်းသူလေး အေးသီရိထွေး ကန်တော့ထားသော ကျောင်းစိမ်းလုံချည်ကို ဝတ်သည်။ ဆရာကန်တော့ပွဲက ရသော မန္တလေးရှပ်အင်္ကျီအဖြူ အသစ်စက်စက်ကို ထုတ်ဝတ်သည်။ တိုက်ပုံအင်္ကျီကတော့ ပြီးခဲ့သည့်အခေါက်က ရွာမှ အစ်မ ပေးလိုက်သော ပင်နီချော ဖြစ်၏။ သူ့မှာ ရှိသမျှထဲတွင် အကောင်းဆုံး အသာဆုံး ဖြစ်အောင် ဆင်ယင်ပြီးမှ ကျောင်းကို ထွက်လာခဲ့သည်။

ကျောင်းဝင်းထဲသို့ ဝင်လိုက်သည့်အချိန်တွင် မိုးစက်ကလေးတွေ တစ်ပေါက် နှစ်ပေါက် ကျလာသည်။ အချိန်အခါမဟုတ် ရွာသော မိုးလိုပင် ရုတ်တရက် ဖွင့်ပြောလာသည့် သူ့စကားကြောင့် ဒေါ်ခင်စိုးမြင့် အံ့ဩ သွားလေမလား မသိ။

မအံ့ဩလိုက်ပါနဲ့ စိုးလေးရေ ... ခုမှ ရုတ်ရက် ဖွင့်ပြောရပေမဲ့ ရင်ထဲမှာ ကိန်းအောင်းနေခဲ့တာက ကြာပါပြီ။ ဟိုအရင်ကတည်းက ကိုယ့်မျက်လုံးတွေကို အဓိပ္ပါယ်ကောက်တတ်ရင် သိမှာပါနော်။

“ဪ ... ဆရာ အတော်ပဲ” ဟု ဆရာမကြီး၏နှုတ်ဆက်သံ ကြားသဖြင့် အတွေးပြတ်သွားရ၏။

“ဟုတ်ကဲ့ ဆရာမကြီး”

“ဒီလိုပါ ဆရာ၊ ဒီနေ့ ဒေါ်ခင်စိုးမြင့် ခွင့်ယူထားလို့ သူ့အတန်းကို ဆရာ တွဲကိုင်ပေးဖို့ ပြောမလို့”

“ဟုတ်... ဟုတ်ကဲ့ ရပါတယ် ဆရာမကြီး”

ရုတ်တရက် စိတ်ကျရောဂါ ဝင်လာသလား ထင်ရသည်။ အားအင်တွေ ကုန်ခန်းသွားသလိုပင်။ ဒါမျိုး တစ်ခါမှ မဖြစ်ဖူးခဲ့။ သူ့အချစ်မှာ တော်တော်ရင့်သန်နေပြီ ဖြစ်ကြောင်း ဝန်ခံသိ သိလိုက်ရ၏။

အတန်းထဲ ဝင်လာပြီးနောက် တစ်ဖက်အတန်းကို လှမ်းကြည့်မိသေးသည်။ မရှိမှန်း သိပါလျက် လွတ်နေသောစားပွဲကို ကြည့်ပြီး လွမ်းမိသလိုလို ဖြစ်ရသေးသည်။

အတန်းနှစ်တန်းကို ခွပြီး ထိန်းရသဖြင့် နားဖို့ အချိန်မရ။ တာဝန်ကို လေးစားတတ်သူမို့သာ ဝတ္တရားမပျက် စာသင်နေခြင်း ဖြစ်၏။ သို့မဟုတ်လျှင် အိမ်ပြန်ပြီး အိပ်ရာထဲမှာ လှိမ့်ပိန့်နေမိပေလိမ့်မည်။

သည်ကြားထဲ မိုးက နည်းနည်းသည်းလာပြီး စွေနေပြန်သည်။ အိမ်မှ ထွက်လာတုန်းက မိုးကို လာဘ်ကောင်းသည်ဟု ထင်ခဲ့သော်လည်း ခုကျတော့ မကောင်းသောနိမိတ်ဟု ထင်ချင်လာမိ၏။ အလွန်ကျောင်းတက်မှန်သော လူတစ်ယောက်က သည်နေ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် ခွင့်ယူထားသည်။ မိမိတို့နှစ်ယောက်မှာ ကံမဆုံချင်လို့များလားဟု တွေးပြီး စိုးရိမ်စိတ် ဝင်လာသည်။

အခါမဲ့မိုးကလည်း သူ့စိတ်တွေကို ပို၍ လေးလံထိုင်းမှိုင်းစေသော အကြောင်းတစ်ရပ် ဖြစ်၏။ မုန့်စားကျောင်းဆင်းသည်အထိ မိုးက မစဲသေး။ ကလေးတွေကို လွှတ်လိုက်ပြီးနောက် စားပွဲမှာပင် ထိုင်ငိုင်နေသည်။

ထိုစဉ်မှာပင် ကျောင်းသူလေး နှစ်ယောက် သူ့ရှေ့မှာ လာရပ်သည်။

“ဘာလဲ စန္ဒာထွန်း”

“သမီး ပိုက်ဆံ ပျောက်သွားလို့ ဆရာကြီး”

တစ်ယောက်က ပြောသည်။

“ပိုက်ဆံ ပျောက်တယ်၊ ဘယ်လောက်လဲ”

“ဆယ့်ငါးကျပ် ဆရာကြီး”

“ဟဲ့ ... များလှချည်လား၊ မုန့်ဖိုးက ဘယ်လောက် ရလို့လဲ”

“မဟုတ်ဘူး ဆရာကြီး၊ ဒီနေ့မနက် မေမေ့ဆီ မုန့်ဖိုးတောင်းတော့ ငါးကျပ်တန် မရှိလို့ဆိုပြီး သုံးရက်စာ ဆယ့်ငါးကျပ်တန် ပေးလိုက်တာ”

“ပိုက်ဆံက ဘယ်မှာထားလို့လဲ”

“ခါတိုင်းတုန်းကတော့ ကွန်ပါဘူးထဲ ထည့်တာ၊ ဒီနေ့ ကျောင်းချိန်နီးနေလို့ လွယ်အိတ်ထဲပဲ ထည့်လာခဲ့တာ”

“စာအုပ်တွေ ဘာတွေ ထုတ်ရင်း ထွက်ကျတာ ဖြစ်မယ်၊ ခုံနားမှာ သေသေချာချာ ရှာပြီးပြီလား”

“ရှာပါတယ်၊ မတွေ့ဘူး”

“အင်း ... ဒါဆို ကျောင်းကို အလာမှာ ...”

“မဟုတ်ဘူး ဆရာကြီး၊ ဂေါ်လစ် ယူတာ”

အဖော်လိုက်လာသော အေးသီရိထွေးက ဝင်ပြောသည်။

“ဘာ ... ဘယ်လို”

“ဟုတ်တယ် ဆရာကြီး၊ ကျောင်းမတက်ခင် သမီးတို့ ဆော့နေကြတုန်း သူ သမီးလွယ်အိတ်ကို ကိုင်တာ တွေ့တယ်”

ထစ်ခနဲရှိ ဂေါလစ်ကို စွပ်စွဲချင်ကြတာက ခုထိ အစွဲလို ဖြစ်နေကြတုန်းပါလား။ ဂေါ်လစ်မှာ သူ ဆုံးမသွန်သင် ပြုပြင်ထိန်းသိမ်းထားသဖြင့် တော်တော်လိမ္မာသော ကလေးတစ်ယောက် ဖြစ်နေပြီ။ သို့တိုင်အောင် အရင်က ပြုခဲ့သည့် ပြဿနာလေးများ၏အကျိုးဆက်ကို ခုထိ ခံနေရတုန်း ဖြစ်၏။ ကလေးအချင်းချင်းက သူ့ကို အမြင်မရှင်းကြသေးကြောင်း ဝမ်းနည်းဖွယ် သိလိုက်ရသည်။ တတ်နိုင်သလောက် အကာအကွယ်ပေးဖို့ လိုအပ်သည်ဟု ယူဆသဖြင့် ... “လွယ်အိတ်ထဲကနေ ပိုက်ဆံကို ဂေါ်လစ် နှိုက်တာကို သမီးတို့ကိုယ်တိုင် မြင်သလား”

စန္ဒာထွန်းက ... “မြင်တော့ မမြင်ပါဘူး၊ ဒါပေမဲ့ သူ မယူရင် ဘယ်သူ ယူမလဲ”

“တပ်အပ် မမြင်ဘဲနဲ့ မစွပ်စွဲရဘူးလေ”

သူ့လေသံက နည်းနည်းမာသွားသည်။ စန္ဒာထွန်း မျက်လုံးလေး ဝိုင်းပြီး သူ့ကို ကြည့်နေ၏။ အေးသီရိထွေးက ... “ဒါဆိုရင် သူက ဘာလို့ မုန့်ဝယ်စားရတာလဲ၊ ဂေါ်လစ် ဆယ့်ငါးကျပ်တန်နဲ့ မုန့်ဝယ်နေတာ သမီး မြင်ခဲ့တယ်”

သူ တွေခနဲ ဖြစ်သွားရ၏။ စဉ်းစားစရာတော့ ရှိလာပြီ။ ဂေါ်လစ်မှာ ဆယ့်ငါးကျပ်တန် ကိုင်သုံးနိုင်လောက်သော အခြေအနေမရှိ။ ပျောက်သွားသည့်ငွေနှင့် တိုက်ဆိုင်မှုက ရှိလာပြီ။ စန္ဒာထွန်းတို့ ကျေနပ်အောင် ဂေါ်လစ်ကို စစ်မေးဖို့ လိုအပ်လာသည်။

“ကဲ ... ဒါဆို”

သူက ဦးဆောင်ပြီး မုန့်စားတန်းဘက် ထွက်၍ လာခဲ့သည်။ ကျောင်းရှေ့ ဆင်ဝင်အမိုးအောက် အရောက်တွင် မိုးစက်မိုးပေါက်တွေကြားမှ ပြေးလာနေသော ဂေါ်လစ်ကို လှမ်းမြင်ရသည်။ ဂေါ်လစ်၏လက်ထဲမှာ ဗာဒံရွက်နှင့် ထည့်ထားသော ကြာဆံသုပ်လို စားစရာမျိုးတွေနှင့် ကျန်လက်တစ်ဖက်မှာ အချဉ်ထုပ်၊ နေကြာစေ့ထုပ်တွေ ကိုင်ထားတာ တွေ့ရ၏။

“ဟိုမှာ တွေ့လား ဆရာကြီး”

စန္ဒာထွန်းက ပြောသည်။ ဂေါ်လစ် တဖြည်းဖြည်း နီးလာသည်။ သူတို့ကိုတော့ မြင်ပုံမရ။ အနား အရောက်တွင် ... “ဟေ့ကောင် ဂေါ်လစ်” ဟု သူက လှမ်းခေါ်လိုက်သည်။ မိုးသံကြောင့်လား၊ သူ့ဇောနှင့် သူမို့လား မသိ။ ဂေါ်လစ်က မကြားဘဲ ရှေ့က ဖြတ်ပြေးသွား၏။

“ဟေ့ ... မပြေးနဲ့”

စန္ဒာထွန်းက ပြောပြောဆိုဆို ဂေါ်လစ်ကို လှမ်းဆွဲလိုက်သည်။ မီရာကို လှမ်းဆွဲ ရသောကြောင့် အင်္ကျီလက်မောင်းစကို ဆွဲမိပြီး ဗြိခနဲ ပြဲထွက်သွားသည်။ လက်ထဲက ကြာဆံသုပ်အထုပ်ကလည်း မြေပေါ်သို့ ပြုတ်ကျသွား၏။ ဂေါ်လစ် စိတ်ဆိုးသွားပြီး ... “နင် ဘာလုပ်တာလဲ ... ဟင်” ဆိုပြီး လက်သီးနှင့် ရွယ်လိုက်သည်။ သူက “ဟေ့ကောင်” ဆိုပြီး ဟန့်မှ တန့်သွားပြီး သူ့ကို မြင်သွားသည်။

“နင် ငါပိုက်ဆံ ပြန်ပေး”

စန္ဒာထွန်းက ပြောသည်။

ဂေါ်လစ်က ... “ဘယ်က နင့်ပိုက်ဆံလဲ”

“ငါ့လွယ်အိတ်ထဲက နင်ခိုးသွားတဲ့ ပိုက်ဆံပေါ့”

“ဘာပြောတယ် ငါ သူခိုး မဟုတ်ဘူး၊ နင့်ပိုက်ဆံ ငါမယူဘူး”

“နင်မယူရင် ဘယ်သူ ယူမလဲ”

“နင့်ပါးစပ် ပိတ်ထား၊ ငါဆွဲထိုးမိမယ်”

“ဟေ့ ... တော်ကြစမ်း”

သူက ဝင်တားပြီး ဂေါ်လစ်ဘက် လှည့်၍ ... “ဂေါ်လစ် မင်း သူ့လွယ်အိတ်ထဲက ပိုက်ဆံ ယူသလား”

“မယူဘူး ဆရာကြီး၊ သူများပိုက်ဆံ မယူရဘူးလို့ ဆရာကြီး ပြောထားတာပဲ”

“ဒါဆို သူ့လွယ်အိတ်ကို မင်း ကိုင်တယ် ဆိုတာရော”

“လှလို့ ကိုင်ကြည့်တာပါ”

“ကောင်းပြီ အခု ဝယ်လာတဲ့ မုန့်တွေအတွက် ပိုက်ဆံ ဘယ်က ရသလဲ”

“ခင်မောင်ဦး ပေးတာ”

“ဘာ ... ခင်မောင်ဦးက မင်းကို ဘာအတွက် ပေးရသလဲ”

သူ့အသံက သင်္ကာမကင်းသည့် အရိပ်အယောင် ပါနေသည်။ ဂေါ်လစ်က သူ့ကို တစ်ချက် မော့ကြည့်ပြီး ခေါင်းပြန်ငုံ့လျက် ... “ခင်မောင်ဦးက သူ့မှာ ဒီနေ့ ထီးမပါလာလို့တဲ့၊ သူက မိုးမိရင် နေမကောင်း ဖြစ်တတ်တယ်တဲ့။ အဲဒါ မိုးရွာနေလို့ မုန့်ဆိုင်ကို သူသွားလို့ မဖြစ်ဘူးတဲ့၊ ဒါကြောင့် သူ့အတွက် မုန့်သွားဝယ်ပေးရင် ကျွန်တော့်ကိုလည်း သုံးကျပ်ဖိုး ကျွေးမယ်ဆိုလို့ အခုသွားဝယ်ပြီး ပြန်လာတာ ဆရာကြီး”

သူ့ရင်ထဲ ကျင်ခနဲ ဖြစ်သွားရ၏။ ဂေါ်လစ်ကတော့ ပြဲသွားသော အင်္ကျီလက်မောင်းစကို ကိုင်ရင်း ရွှံ့ဗွက်ထဲ ကျနေသော ကြာဆံသုပ်များကို ကြည့်နေ၏။ ဂေါ်လစ် တစ်ကိုယ်လုံး မိုးရေ ရွှဲရွှဲစိုနေတာ ခုမှ သတိထားမိသည်။

* * *

သူ တက္ကသိုလ်ကျောင်းသားဘဝတုန်းက ဘုန်းကြီးကျောင်းမှာ နေပြီး ကျောင်းတက်ခဲ့ရသည်။ ဘတ်စကား နှစ်ဆင့်စီးမှ ကျောင်းရောက်သည်။ သူက တစ်ဆင့်ပဲ စီးနိုင်သည်။ ကျန်တစ်ဆင့်ကို လမ်းလျှောက်ရသည်။ မကြာခဏ ဆိုသလို ကျောင်းဆင်းလျှင် ဘုန်းကြီးကျောင်း ပြန်ရောက်သည်ထိ လမ်းလျှောက်ပြန်လေ့ရှိသည်။

မနက် မသွားခင် အရုဏ်ဆွမ်းမှ ကျန်သည့် ထမင်းဟင်းကို စားပြီး ကျောင်းသွားသည်။ ကျောင်းမှာ ဘာမှ ဝယ်မစားနိုင်။ သူ့အနေနှင့် အပိုသုံးဖို့ကိစ္စကို လုံးဝ မစဉ်းစားနိုင်။ ဒါကိုသိသော သူငယ်ချင်းတွေက ကျွေးမွေးကြခြင်း ဖြစ်သော်လည်း သိမ်ငယ်စိတ် ဝင်ရတာတော့ အမှန်ပင်။

သူတို့သူငယ်ချင်းအုပ်စုထဲမှာ မိန်းကလေးတွေလည်း ပါသည်။ သူ့ကို ကရုဏာသက် ခင်မင်ကြသဖြင့် သူတို့ထမင်းဘူးထဲမှာ ထမင်းဟင်း ပိုထည့်လာပြီး သူ့ကို ကျွေးကြသည်။ သူကလည်း အလိုက်သိစွာ ပြန်လည်ကူညီသည်။ ကျောင်းလခငွေ သွင်းပေးခြင်း၊ ရုပ်ရှင်လက်မှတ် တန်းစီပေးခြင်း၊ ပစ္စည်းအတိုအထွာ ဝယ်ပေးခြင်း၊ အဆောင်သူငယ်ချင်း မြို့ပြန်လျှင် ပစ္စည်းတွေ သယ်ပိုး၍ ဘူတာ၊ သင်္ဘောဆိပ်တို့သို့ လိုက်ပို့ပေးခြင်း စသည်ဖြင့် ... ၊ ကြာတော့ ထိုကိစ္စများမှာ ဘာမှမဆန်းသလို ဖြစ်သွားသည်။ တောက်တိုမည်ရ ခိုင်းစရာရှိလျှင် သူ့ကိုပဲ သတိရကြသည်။ ချိုးချိုးနှိမ်နှိမ်သဘောနှင့် ခိုင်းတာမျိုးတော့ မဟုတ်။ သို့တိုင်အောင် တစ်ခါ တစ်ခါ သတိလက်လွတ် ဖြစ်ပြီး “မြင့်ကြည်ရေ ဓမ္မာရုံဝင်းထဲက ပုစွန်ကြော်သုပ် သွားဝယ်ပေးစမ်းပါ၊ နင်လည်း စားခဲ့ပေါ့” ဟု ခိုင်းတတ်တာမျိုး ရှိ၏။

ထိုစဉ်က သူ့ဘဝသည် ဂေါ်လစ်နှင့် ဘာထူးသနည်း။

တွေးရင်းငေးရင်း လျှောက်လာမိရာ သူနေသည့်လမ်းကို ကျော်လာခဲ့သည်။ အတွေးစ ပြတ်သွားသည့်အချိန်တွင် အရက်ဆိုင်နား ရောက်နေကြောင်း သတိပြုမိသည်။

သူ ခြေလှမ်းတစ်ချက် တန့်လိုက်သည်။ အရက်မသောက် ဖြစ်တာ ကြာပြီ။ ရွာပြန်သည့်အခါ ထန်းရည် နည်းနည်းပါးပါး သောက်ဖြစ်တာက လွဲလျှင် အရက်ခွက်ကို မကိုင်မိတာ ကျောင်းဆရာ စဖြစ်ကတည်းကပင် ဖြစ်၏။

ခုတော့ စိတ်ထဲက ထွေနေသဖြင့် သောက်လိုက်လျှင် ကောင်းမလားဟု စဉ်းစားမိသည်။ မိုးမရွာတော့သော်လည်း လေအေးက ဝေ့ခနဲ တိုက်လိုက်သဖြင့် တစ်ချက် စိမ့်သွားသည်။

သူသည် အရက်ဆိုင်က အမြည်းရောင်းသော ဆိုင်တန်းထဲသို့ လျှောက်ဝင်လာခဲ့လေသည်။ ဘယ်ဆိုင်မှာ ထိုင်ရင် ကောင်းမလဲဟု ကြည့်ရင်း လျှောက်လာတုန်း ... “ဆရာကြီး”

ခေါ်သံ ကြားသဖြင့် တုံ့ခနဲ ရပ်သွားရ၏။ လှည့်ကြည့်သည်။ ခုနစ်နှစ် ရှစ်နှစ်လောက် ရှိမည့် ကောင်လေးတစ်ယောက်က သူ့ဆီ လျှောက်လာပြီး ရှေ့မှာ လက်ပိုက်ရပ်သည်။ သူ့အတန်းက မဟုတ်သော်လည်း သူတို့ကျောင်းက ကျောင်းသားလေး တစ်ယောက် ဖြစ်ရမည်။

“ဆရာကြီး သောက်မလို့လား၊ ကျွန်တော်တို့ အမေဆိုင်မှာ ထိုင်ပါလား”

သူ့တစ်ကိုယ်လုံး ရှိန်းခနဲ ဖိန်းခနဲ ဖြစ်သွား၏။

“ဆရာကြီးဆိုရင် အမေက အမြည်းဖိုး ယူမှာ မဟုတ်ပါဘူး”

ကျောင်းသားလေးက ထပ်ပြောသည်။ သူ ချက်ချင်း ခေါင်းခါလိုက်၏။

“သောက်မလို့ မဟုတ်ပါဘူးကွာ၊ အသိတစ်ယောက် လာရှာတာပါ” ဟုပြောပြီး ချာခနဲ လှည့်ထွက်လာခဲ့၏။ ကျောင်းဆရာတစ်ယောက် ဆိုသည်မှာ ဂုဏ်သရေရှိလူကြီးမင်းတစ်ယောက်ထက် ပို၍ အနေအထိုင် ဆင်ခြင်ဖို့ လိုအပ်ပါလားဟု တွေးမိလေသည်။

* * *

ဆရာတော့်ကျောင်းကို မရောက်ဖြစ်တာ လအနည်းငယ် ကြာသွားပြီ။ မနေ့က ညနေက ဆရာတော် လွှတ်လိုက်သည့် ကျောင်းသားလေး တစ်ယောက် အိမ်ကို ရောက်လာသည်။ အရေးကြီးသော ကိစ္စရှိ၍ လာခဲ့ပါဟု ဆရာတော်က မှာလိုက်သဖြင့် လာခဲ့သည်။

ကျောင်းဝင်းထဲကို ဝင်လိုက်တော့ ကျောင်းသားဘဝကို ပြန်သတိရ၏။ သူ မနက်တိုင်း ဟင်းလေးအိုး ကျိုရသော မီးဖိုဆောင်၊ ဆရာတော်အတွက် ချိုးရေသုံးရေ ခပ်ပေးရသည့်ရေတွင်း၊ တစ်ရပ်ကွက်လုံး ကြားအောင် ခေါက်ခဲ့ရသည် တုံးမောင်းကြီး စသည်ဖြင့် အမှတ်တရ ဖြစ်စရာကလေးများကို လှမ်းကြည့်မိသည်။

ကျောင်းပေါ်သို့ တက်ခဲ့သည်။ ဆရာတော်ကို ဝတ်ပြုပြီးနောက် ... “ဘုန်းဘုန်းဘုရား ခေါ်တယ်ဆိုလို့”

“အေး ... ကိစ္စတစ်ခုရှိလို့ကွ”

ဆရာတော်သည် သက်တော်ကြီးရင့်နေပြီ ဖြစ်သော်လည်း အသံက အောင်မြင်ခန့်ညားတုန်းပင်။

“တင်ပါ့”

“ဒီလိုကွ၊ ရှေ့ စာသင်နှစ်က စပြီး ငါတို့ရွာမှာ မူလတန်းကျောင်း ဖွင့်တော့မယ်၊ အဲဒီမှာ မင်း ဆရာသွားလုပ်ရမယ်”

“ဟို ... တပည့်တော်က ဒီကနေ”

“အေး ... ငါအားလုံး စီစဉ်ပြီးပြီ၊ ပြီးခဲ့တဲ့ အပတ်က ငါ ပညာရေးဝန်ကြီးရုံးကို ရောက်ခဲ့တယ်၊ အဲဒီက ပညာရေးအရာရှိက ငါ့ဒကာရင်းပဲ၊ မင်း ငါတို့ရွာက ကျောင်းကို ပြောင်းပေးဖို့ ပြောတော့ နယ်က ရန်ကုန်ပြောင်းဖို့သာ ခက်တာပါတဲ့၊ ရန်ကုန်က နယ်ပြောင်းတာကတော့ ပြဿနာမရှိပါဘူးတဲ့၊ နောက်ပြီး ဒီလိုကိစ္စမျိုးကို အထူးဦးစားပေးပြီး ဆောင်ရွက်ပေးရမှာတဲ့”

ဆရာတော်က သူ့ကို တစ်ချက်စိုက်ကြည့်ပြီး ဆက်ပြောသည်။

“ဒီတော့ကာ မင်း အခု နယ်ပြောင်းဖို့ လျှောက်လွှာတစ်စောင် ရေးခဲ့၊ မနက်ဖြန် ရုံးကဒကာ လာယူလိမ့်မယ်၊ ရှေ့နှစ် ကျောင်းဖွင့်အမီ ပြောင်းရွှေ့ခွင့် စာထွက်လာအောင် လုပ်ပေးလိမ့်မယ်၊ ကြားလား”

“တင်ပါ့ ဘုရာ”

ဆရာတော် မိန့်မှာသည့်စကားဆိုလျှင် သူငြင်းဆန်ခဲ့ရိုး ထုံးစံမရှိ။ ဆရာတော်က စီမံလျှင် ဘာပဲဖြစ်ဖြစ် သူ လိုက်နာရမည်။ ဆရာတော်သည် သူ၏ကျေးဇူးရှင် ဖြစ်၏။ သူ့ကို ဘွဲ့ရပညာတတ်ဖြစ်အောင် မွေးထုတ်ပေးခဲ့သော ရွာကို တစ်လှည့်တစ်ပြန် ကျေးဇူးဆပ်ဖို့အတွက် သူ ဝန်မလေးနိုင်ချေ။ သူသည် ရန်ကုန်မှာ တစ်ယောက်တည်းသမား ဖြစ်၏။ သံယောဇဉ်တွယ်တာစရာ ဆို၍ တစ်ယောက်သောသူမှ တစ်ပါး ...။

* * *

ဒေါ်ခင်စိုးမြင့်သည် သူပြောနေသည့်စကားများကို တည်ငြိမ်စွာ နားထောင်နေ၏။ အတွင်းစိတ်ထဲမှာတော့ ဘယ်လိုရှိနေမလဲ မသိ။ သူ့ရင်ထဲ၌ကား စကားလုံးများသည် ကျောင်းက လွှတ်လိုက်သော ကလေးများလို သူ့ထက်ငါ တိုးဝှေ့ထွက်ဖို့ ကြိုးစားနေကြသည်။

“ကျွန်တော် အခု ကျောင်းပိတ်ပြီး ပြန်ဖွင့်တဲ့အခါ ဒီကျောင်းမှာ ရှိမှာမဟုတ်တော့ဘူး၊ ဒါကြောင့် ကျွန်တော် ပြောချင်နေတဲ့စကားတွေ ပြောခွင့်ပြုပါ၊ ပြောချင်နေတာတော့ ကြာပါပြီ၊ အကြောင်းကြောင်းကြောင့် နှောင့်နှေးနေခဲ့ရတာပါ”

သူက စကားကို အဆက်မပြတ် ပြောနေမိ၏။ “ဆရာမကို ကျွန်တော် လက်ထပ်ပါရစေ” ဆိုသော စကားကို ပြောသောအခါ ဒေါ်ခင်စိုးမြင့်က အံ့ဩသွားဟန် မပြချေ။ တကယ်တော့လည်း သည်လိုပြောလာလိမ့်မယ် ဆိုတာ သိသာနေတာ ကြာပြီပဲ။

“ကျွန်တော့်ကို လက်ခံနိုင်မလားဟင်၊ လက်ခံနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်၊ ကျွန်တော့်ဘဝတစ်သက်တာမှာ ဒီစကားမျိုးကို ဒီတစ်ခါပဲ ပြောခဲ့ဖူးပါတယ်၊ ကျွန်တော် ရွာကို မပြန်ခင် ဆရာမရဲ့ သဘောထားကို သိသွားပါရစေ”

သူသည် စာမရလျှင် မုန့်စားမဆင်းရဟု အမိန့်ထုတ်ခံထားရသော ကျောင်းသားလေးတစ်ယောက်လို တတ်သမျှ မှတ်သမျှတွေကို အထစ်အငေါ့ မရှိအောင် ကြိုးစားပြီး တတွတ်တွတ် ပြောနေမိ၏။

ဒေါ်ခင်စိုးမြင့်က သက်ပြင်းတစ်ချက်ကို သိမ်မွေ့စွာ ချလိုက်ပြီး ... “မနက်ဖြန်ကျရင် ကမ္ဘာကြီးပျက်တော့မယ်လို့ ဆရာ ထင်နေလို့လားဟင်” ဟု မေးသည်။

သူ သတိပြန်လည်လာပြီး “ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော် သိပ်စိတ်ပူမိလို့ ခုလို လောရတာပါ၊ အင်းလေ ... ဆရာမ အေးအေးဆေးဆေး စဉ်းစားပါ၊ တကယ်လို့ ဆရာမ လက်ခံနိုင်မယ် ဆိုရင် ကျွန်တော်တို့ရွာက ကျောင်းကလေးကို ပြောင်းလို့ရအောင် ဆရာတော့်ဆီမှာ လျှောက်ပေးပါ့မယ်”

“ကျွန်မ အမေနဲ့ တိုင်ပင်ပါရစေဦး”

“ကောင်းပါပြီ ဆရာမ၊ ကျွန်တော် ရွာကနေ ဆရာမဆီ စာရေးလို့ ရမလား”

“ရပါတယ် ဆရာ၊ ရေးပေါ့”

သူ ခဏ စဉ်းစားပြီး ... “စာရေးတဲ့အခါ ဆရာမကို စိုးလေးလို့ ကျွန်တော် ခေါ်ချင်တယ်၊ ခွင့်ပြုနိုင်မလားဟင်”

ဒေါ်ခင်စိုးမြင့်က ပြုံးလိုက်၏။

“ဆရာ့သ​​ဘောပါပဲ"

သူ ထရပ်လိုက်သည်။

“ကျေးဇူးပါပဲ ဆရာမ၊ ကျွန်တော်တို့ရွာကလေးက ဆရာမကို ကြိုဆိုနေပါ့မယ်”

သူ တစ်ချက်ကြည့်ပြီး လှည့်ထွက်လာခဲ့သည်။ “ဆရာ” ဟု ခေါ်လိုက်သံ ကြားသဖြင့် သူ လှည့်ကြည့်သည်။ ဒေါ်ခင်စိုးမြင့်က သူ့ကို ပြုံးကြည့်နေရင်း ပြောသည်။

“ဆရာတို့ ရွာကလေးက တော်တော်သာယာမှာပဲနော်”

ကျောင်းဆင်းခေါင်းလောင်းထိုးသံ ကြားရသည် ထင်၏။ အမှန်က ခေါင်းလောင်းသံ မဟုတ်။ ရင်ခုန်သံများပင် ဖြစ်လေသည်။

(ပြီး)
----------------------------------------------------
#မင်းလူ

crd 👉 Open Read

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)