မုန်း၍မဟူ၊ အခန်း(၁၇)
ဝေသည် များစွာမှ သတိထားရသည်။
ဝေ သောက်ရမည့် ဆေးများမှာ အမျိုးစုံလှ၏။ ဘယ်ဆေးပြီး ဘယ်ဆေး သောက်ရန်၊ စားရန်နှင့် မှတ်ရလေသည်။
နံနက် အိပ်ရာထ ဂလူးကို့စ်နှင့် ဆေးမှုန့်တစ်ခွက်၊ နာရီဝက်ခြား၍ ဆေးရည် တစ်ဇွန်း၊ ထမင်းစား ပြီးပြီးချင်း ရေနွေးပူပူနှင့် ဆေးလုံးမည်းမည်း၊ ညအိပ်ရာဝင် အိပ်ပျော်၍ နှလုံး အားကောင်းမည့် ငါးကြီးဆီပါသော သွေးအားတိုး ဆေးရည် ... တစ်ခါတစ်ရံ ဝမ်းနှုတ်ဆေးပြား ကလေးများ။
ဝေ့မှာ ဆေးသောက်ရန်သာ စိတ်စွဲနေ၏။ လစ်ဟင်း ပျက်ကွက်သွားလျှင် “ကို” က အပြစ်တင်၍ မပြီးနိုင်။ အလုပ်သွားခါနီး ဆေးသောက်ရန် မှာခဲ့ကာ၊ အလုပ်က အပြန် အိမ်ထဲ ဝင်တာနှင့် ဆေးသောက် ပြီးပြီလား မေးလေ၏။ အိပ်ပျော်အောင်၊ အားရှိအောင်၊ အစာကြေအောင်၊ သွေးအားတိုးအောင်၊ နှလုံး အားကောင်းအောင် သောက်ရသော ဆေးများဖြစ်၍ ဝေ၏ ဝမ်းထဲ၌ အစာတစ်ခွက်၊ ဆေးတစ်ခွက်မျှလောက် ရှိသည်။
ဝေ့မှာ ကိုယ်ဝန်ရှိစ အဆီအဆိမ့် အစားအစာများကို မစားချင်၊ အချဉ်အစပ် ကလေးများသာ စားချင်သည့် အာသာပေါ်သည်။ အားရှိစေမည့် အစာအာဟာရချည်း ကျွေးနေသောကြောင့် ကြက်ဥနှင့် ခရမ်းချဉ်သီးကို မကြည့်ချင်အောင်ပင် ဖြစ်နေပေပြီ။
ကြက်ဥ၊ နွားနို့၊ ထောပတ်များ စားလျှင် ပျို့ပျို့လာသည်။ “ကို” သဘောကျအောင် ဇွတ်နှစ်၍ စားရ၏။ ချဉ်ချဉ်စပ်စပ်များကို ခိုးစားချင်လာသည်။ တစ်ဖက်အိမ် ကူးသွားပြီး စိတ်ရှိလက်ရှိ စားလိုက်ချင်သည်။
ဝေ့မှာ တစ်ဖက်အိမ် ကူးဖို့ရန် မလွယ်ကူတော့ချေ။ စစ်ကိုင်းမှ ပြန်ရောက်စက အစ်ကိုကြီးဆီ ကူးသွားသည်။ ကိုနေဦးအိမ် သွားကြောင်း သိလျှင် “ကို” မှာ မျက်နှာ မကြည်မသာ ဖြစ်နေလျက် မကြိုက်တာ ပြသည့် သဘောမျိုး ပြက္ခဒိန်၌ ဝေ ကူးသွားသော ရက်ကို ဝေ့ရှေ့တွင်ပင် မျဉ်းသားထား လိုက်သည်။
ဝေ့ကို စိတ်မချနိုင်။ တစ်ဖက်အိမ်တွင် ဝေ ထင်ရာတွေ သွားစားနေမှာကို စိုးပူလှသည်။ တစ်ဖက်အိမ်၏ တောကျသော စရိုက်ဓလေ့ ကူးစက် လာမှာလည်း လန့်သည်။
အစ်ကိုကြီးအိမ် သွားလျှင် ငြိုငြင်မှန်း သိ၍ ဆင်ခြင် ရတော့ကာ၊ အကြောင်းကိစ္စ ကြီးမှ ငြိုငြင်ခံပြီး ကူးသွားလေသည်။
ကိုနေဦးမှာ ဝေ၏ ဝမ်းနည်းသော မျက်နှာကလေးကို ကြည့်လျက် ဝေ့ပြဿနာကို ဖြေရှင်းပေးသည်။
“နင့်စိတ် အနှောင့်အယှက် ခံပြီးများ မလာခဲ့ ပါနဲ့ဟာ။ နင်မလာလို့ ငါက ဘယ်လိုမှ သဘောမထားပါဘူး။ သူက တို့အပေါ် မေတ္တာ မရှိပေမယ့် နင့်အပေါ် မေတ္တာ ရှိတာတော့ ကျေနပ်တယ်။ နင့်ကို ညှဉ်းပန်းနှိပ်စက် နေရင်သာ တို့က စိတ်ဆင်းရဲရမှာ။ အခုတော့ နင့်ကို လက်ဝါးပေါ် တင်ပြီး ဖူးဖူးမှုတ်နေတာ တို့က ဝမ်းသာရသေးတယ်၊ ကျေးဇူးတင်ရသေးတယ်။ နင့်ပေါ်မှာ ဘယ်လောက် ကောင်းသလဲ၊ မယားကို သည်လောက် အရေးစိုက်တဲ့ လူမျိုး ရှားပါတယ်ဟာ ... အလကား စိတ်မချမ်းမသာ ဖြစ်မနေစမ်း ပါနဲ့ဟယ်”
ကိုနေဦး၏ နှစ်သိမ့်စကားကြောင့် ဝေ့မှာ စိတ်သက်သာရာ ရသလောက် ရသွားလေသည်။ သွေးသားများနှင့် ပူးပူးကပ်ကပ် နေလိုထိုင်လို စိတ်ကို ဖြတ်နိုင်သလောက် ကြိုးစားပြီး ဖြတ်ရကာ တစ်ဖက်အိမ်သို့ အသွားအလာ နည်းသွား၏။
ဦးစောဟန်မှာ ဝေ့ကိုယ်ဝန်ကို ဆရာဝန်နှင့် အပြီးအပ်ထားသည်။ ဆရာဝန်မှာ အိမ်သို့ တစ်ပတ်တစ်ခါ လာကြည့်ကာ အားတိုးဆေး ထိုးပေး နေလေသည်။
စစ်ကိုင်းက ပြန်လာမှ ဝေ၏ ထူးခြားသော အမူအရာလေးကို သတိထား ကြည့်သည်။ ဝေသည် စကား အလွန်နည်း၍ ငြိမ်းအေး လွန်းလှသည်။ ဝေ့ကို ကြည့်လိုက်လျှင် တဖြည်းဖြည်း ခြောက်သွေ့ကာ လာသော ကုန်းခေါင်ခေါင်လို မျက်နှာကို တွေ့ရသည်။
ဦးစောဟန်သည် စစ်ကိုင်း အကြောင်းကို မေးလားစမ်းလား မလုပ်၊ စကားစပ်မိလို့မှ ထည့်မပြောချေ။ ဝေ့ကိုလည်း အပြစ်မတင်၊ စကားနာ မပြော။ စစ်ကိုင်းအကြောင်း ဝေက စကားစလာလျှင် လက်ပြ၍ တားလျက် “ဝေရယ် ဒီအကြောင်းတွေ ဒီနေ့ကစပြီး ဘယ်တော့မှ မပြောစတမ်း” ဟု ပိတ်ပင်ထား သဖြင့် ဝေ့မှာ စစ်ကိုင်း မပါအောင် သတိထားပြီး စကားပြောရ လေသည်။
ဝေ့ရင်ထဲက နာလုံးများမှာ ခြောက်သွေ့သွေ့ အေးစက်စက် အမူအရာများဖြင့် ဖုံးနေလေသည်။
ဦးစောဟန်သည် နှုတ်ဖျားတွင် တဝေဝေဖြင့် ဝေ့ကို ပျော်ပျော်ရွှင်ရွှင် ရှိအောင် အစွမ်းကုန် ယုယလျက်၊ ကလေး ရတော့မည့် အတွက် အရူးအမူး ဖြစ်နေလေသည်။
“ဝေ ဘာလေး လိုချင်တယ် ဆိုတာလေ ... 'ကို' သိပ်သိချင်တာပဲ ဝေရယ်”
သိုးမွေး ခြေအိတ်ကလေးကို သွက်သွက်ထိုး နေသော ဝေ၏ လက်ကလေးများမှာ တုံ့ဆိုင်းသွားကာ မျက်လွှာကလေး အေးဆေးစွာ ပင့်၍ ကြည့်လိုက်၏။ ချစ်စွာဖြင့် စူးစိုက်လျက် ကြည့်နေသော ဦးစောဟန်၏ မျက်လုံးများမှာ အရောင်တောက် လာသည်။
ပင့်၍ ကြည့်လိုက်သော မျက်လွှာကလေးကို ပြန်ချလျက် စိုက်၍ စဉ်းစား နေပြီးမှ လက်ထဲက အပ်နှင့် သိုးမွေးခြေအိတ် ကလေးကို ကော်ဇောပေါ်သို့ အသာချ လိုက်သည်။
ဝေသည် ကိုယ်ကိုမတ်လျက် မျက်တောင်ကလေး စင်းကာ “ဘာလေးပဲ ဖြစ်ဖြစ် ကို” ဟု အဖြေပေး လိုက်သည်။
ဦးစောဟန်မှာ အားမလို အားမရဖြင့် ခေါင်းကိုယမ်းကာ “မဟုတ်ဘူးလေ၊ သားလေး လိုချင်သလား ... သမီးလေး လိုချင်သလား၊ ဝေ လိုချင်တာ ဖြေစမ်းပါ ...” ဟု မေးပြန်သည်။
ဝေ စဉ်းစားနေပုံမှာ အတန်ကြာ၍ ဦးစောဟန်မှာ သားလေး ပြောမလား၊ သမီးလေး ပြောမလားဟု ရင်တဖိုဖိုဖြင့် မျှော်လင့်စောင့်ဆိုင်း နေရသည်။
ဝေသည် ဦးစောဟန် မကြိုက်သည့် သွေ့ခြောက်သော မျက်နှာဖြင့် တည်ကြည်စွာ ကြည့်လိုက်သည်။
“ကိုရယ် ... ဘာလေးပဲ ဖြစ်ဖြစ်ပေါ့”
ဦးစောဟန်သည် စိတ်မကောင်း ဖြစ်လာသည်။ ကလေး မလိုချင်လို့လားဟု တွေးလာသည်။ တစ်ယောက်နှင့် တစ်ယောက် မေးရာ ဖြေရာတွင် သူနှင့်ဝေ ဘယ်လောက် ကွာသည်ကို ယခုမှ သိရတော့သည်။ စိတ်ရောကိုယ်ပါ မရှိ၊ အေးစက်စက် ရှိလှသဖြင့် ဦးစောဟန်သည် သက်ပြင်းချကာ ဝေ့ကို စိုက်ကြည့်နေသည်။
ဝေ့မှာ ကို့မျက်နှာ ညိုမှုန်သွားလျှင် အမြဲထိတ်လန့် နေရသည့် အတိုင်း၊ မျက်လုံးကလေး လည်ကာ မှန်ကန်စွာ ဖြေလိုက်သော အဖြေကို မကြိုက်ပါကလားဟု သိလာလေသည်။
ဝေသည် ချိုအေးစွာ ပြုံးလိုက်ကာ “ကိုကော သားလေး လိုချင်သလား ... သမီးလေး လိုချင်သလား...” ဟု ပြန်မေးလိုက်သည်။
ဝေ့အပြုံးကို မြင်ရမှ စိတ်သက်သာကာ ပြန်ပြုံးနိုင်လျက် “ဘာလေးပဲ ဖြစ်ဖြစ် လိုချင်တာပဲ” ဟု ပြောလိုက်ကာ၊ ဝေ၏ ပျော့နွဲ့သော လက်ချောင်းကလေး များကို ကျပ်ကျပ်ဆုပ်ထား လိုက်သည်။
စိတ်အား ထက်သန်သော မျက်လုံးကြီးများနှင့် မချိုမချဉ် ပြုံးပြီး စိုက်ကြည့် နေခြင်းကြောင့် ဝေ၏ ရင်ထဲမှာ ပူနွေးလာ လေသည်။
ဝေသည် ခြေအိတ်ကို ဆက်၍ထိုးသည်။ အညောင်းမိမည် စိုး၍ “ကို” က “တော်တော့ဝေရယ်၊ တော်တော့” ဟု ဆိုကာ လက်ထဲက သားမွေးချည်ခင် များကို ဆွဲသိမ်းလျက် မယ်အေး ခေါ်သိမ်းခိုင်း လိုက်သည်။
“ဝေ နေ့ခင်းဘက်က အိပ်ပျော်ရဲ့လားဟင်” ဦးစောဟန်သည် အလုပ်က ပြန်တိုင်း နေ့လယ် အိပ်မအိပ် မျက်နှာကို ကြည့်ပြီး မေးတတ်သည်။ မျက်လုံးကလေး အစ်မို့လျက် မျက်နှာလေး လန်းနေမှ အိပ်တာကို စိတ်ချသည်။
“အိပ်တာပဲ အိပ်လို့ မပျော်ဘူး ကိုရယ်၊ အိပ်လို့ မပျော်တာနဲ့ ကြီးတော်သက် လာတော့ အောက်ဆင်းပြီး စကားပြော နေတယ်”
ကို့မျက်နှာ ချက်ချင်း မှောင်ကုတ်သွားကာ “ဘာတွေ လာပြောသလဲ ...” ဟု ထိတ်ထိတ်ပျာပျာ မေးလိုက်သည်။
“ကြီးတော်က ဗိုက်လူးဆေး ဖော်ထားဖို့ ပြောတယ်။ ခုကတည်းက ဖော်ထားရင် ကောင်းတယ်တဲ့။ လေးညှင်းပွင့် ထောင်းပြီး အရက်နဲ့ ပရုတ်နဲ့ လေလုံလုံ ပိတ်စိမ်ထားဖို့ ပြောသွားတယ်”
ဝေသည် ဦးစောဟန်၏ အလိုမကျသည့် မျက်နှာကို ကြည့်ကာ၊ ရှေ့ဆက်ပြောရန် ကျပ်သကဲ့သို့ စကားဖြတ် လိုက်ရသည်။
“ဆရာဝန် ရှိသားပဲ ဝေရဲ့၊ ဒါတွေ မလိုပါဘူး။ ပြီးတော့ ဘာတွေ ပြောသွားသေးသလဲ”
ဝေသည် ပြောရန် သင့်မသင့် မစဉ်းစားသည့် အတိုင်းပင် လွှတ်ခနဲ ဖွင့်ပြောတတ်သည့် အကျင့်အတိုင်း လွှတ်ခနဲ ပြောလိုက်သည်။
“မီးတွင်းထဲမှာ စတိ နနွင်းသောက် ရမယ်တဲ့ ကို”
ဦးစောဟန်သည် “အို” ဟု စိတ်ရှုပ်စွာ တစ်လုံးတည်း အော်လိုက်ကာ မျက်နှာမဲ့ သွားလေ၏။ ထို့နောက် မျက်နှာကို ပြင်ကာ သူ့ဒေါသကို ချုပ်တည်းလိုက်သည်။
“ဒီမှာ ဝေ၊ နနွင်း လိမ်းတာတို့၊ နနွင်း လူးတာတို့ဟာ တောကျတဲ့ မိန်းမတွေနဲ့ ကော်ရင်ဂျီ ကုလားတွေသာ လူးနေတာ။ ဆရာဝန်နဲ့ မီးဖွားတဲ့မိန်းမ မှန်သမျှ အားလုံး နနွင်း မလူးဘူး။ ပေါင်ဒါ လူးတယ်။ ဆရာဝန်နဲ့ မီးဖွားမှာ ဒါတွေ ဘာမှ မလိုဘူးလို့ ပြောလိုက်”
ဦးစောဟန်မှာ ဒေါ်သက် ဆရာ လာလုပ်ခြင်းကို နည်းနည်းမှ သဘောမကျပေ။ ဝေ့ကို လာပြီး ဖျက်လိုဖျက်ဆီး လုပ်သည်ဟုပင် အယူသီးကာ ဒေါ်သက်အား မျက်မုန်းကျိုး သွားလေသည်။
ဝေမှာ ပြောင်းလဲခြင်း မရှိ။ ခါတိုင်းကဲ့သို့ပင် ဦးစောဟန် အလိုကျ ဖြစ်အောင် ဂရုထားကာ၊ ဦးစောဟန် အလိုနှင့် ဘယ်တော့မှ မဆန့်ကျင်ပေ။ စိတ်ကြိုက်ကို ကြည့်၍ လိုက်လျောရမည့် အသိမှာ မေ့၍ မရ၊ ဖျောက်၍ မရ၊ ရုန်းကန်၍လည်း မရ။
“ကို” ၏ တိုင်းပြည်ကလေးသို့ ပြန်ရောက်လာရာ “ကို” ကြိုက်တာကို လိုက်၍ ကြိုက်ရမည်။ “ကို” မကြိုက်တာများကို လိုက်၍ မကြိုက်ရမည်။ “ကို” သာလျှင် ဝေ၏ ကိုယ်၊ “ကို” သာလျှင် ဝေ၏ စိတ်၊ “ကို” သာလျှင် ဝေ၏ ဘဝ။
ကိုယ်ဝန် သုံးလတွင် ထမင်းပွဲကြီးကို မကြည့်ချင်အောင် ဖြစ်လာကာ၊ အညှီနံ့များကို မခံနိုင်တော့သဖြင့် ထမင်း မစားချင်တော့ဘဲ သစ်သီးဝလံ လောက်သာ စားလိုသော ဆန္ဒ ရှိသည်။
“နည်းနည်းဖြစ်ဖြစ် နို့တော့ သောက်မှပဲ၊ ဘာမှ မစားချင်ရင် ဘယ်မှာ အားရှိပါ့မလဲ ဝေရယ်။ တစ်ကျိုက်တည်း ... တစ်ကျိုက်တည်းကွယ် ... သောက်လိုက်စမ်းပါ”
ဝေသည် စိတ်ညစ်ညူး လှစွာဖြင့် နို့ဖန်ခွက်ကို လှမ်းယူကာ အသက်အောင့်ပြီး မျက်စိမှိတ် ကျိုက်ချလိုက်သည်။ တော်တော်နှင့် အသက်မရှူဝံ့၊ အသက်ရှူလိုက်လျှင် နို့နံ့ရမှာကို ကြောက်ရွံ့နေသည်။
ဝေသည် ကျိုက်ချပြီး နှုတ်ခမ်းကို ပိတ်စေ့လျက် ခေါင်းကြီး မတ်ခိုင်ထားကာ မလှုပ်ဝံ့အောင်ပင် မသက်မသာကြီး ဖြစ်နေလေ၏။
ဦးစောဟန်မှာ စိတ်ရှည်ရှည် ထားလျက် နောက်တစ်ကျိုက် သောက်ရန် ချော့ပြောပြန် လေသည်။
“နောက် တစ်ကျိုက်တည်း ဝေရယ်၊ ဒီတစ်ကျိုက် သောက်ပြီးရင်လေ တော်တော့”
ဝေသည် ပိတ်စေ့ထားသော နှုတ်ခမ်းကို စု၍ ခေါင်းခိုင်ခိုင်နှင့် လက်ကာပြ နေသည်။ ဦးစောဟန်သည် လွှတ်ခနဲ ရယ်သံ ထွက်သွားမိပြီး၊ ဖန်ခွက်ကို နှုတ်ခမ်းနားသို့ တေ့ပေးလျှင် ဝေ့မှာ မချုပ်တည်း နိုင်တော့ဘဲ ဗွက်ခနဲ ထိုးအန် လိုက်လေသည်။
ဦးစောဟန်မှာ ပျာယာခတ် သွားလေ၏။ ဟိုက်မောနေသော ဝေ့ကို တွဲ၍ ပက်လက် ကုလားထိုင် ပေါ်သို့ ပို့ပေးသည်။ ဝေ့မှာ ရင်ကလေး နိမ့်ချည် မြင့်ချည်နှင့် ဖြစ်နေကာ မျက်လုံးများ မှိတ်ထား၏။
ဆရာဝန် ချက်ချင်း အခေါ်ခိုင်းကာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေလျက် ဝေ ဘာမှ မစားနိုင်ခြင်းကို အစာအိမ်၌ တစ်ခုခုများ ဖြစ်နေသလားဟု တွေးတောပူပန် နေသည်။
ဆရာဝန်က လက်မောင်းတွင် အားဆေးထိုးပေး လိုက်သည်။ ဝေသည် အံကြိတ်ကာ ရှုံ့တွလျက် အပ်ဒဏ်ကို ခံစားရ၏။ ကိုယ်ဝန်ရှိ၍ အစားအသောက် ပျက်ကြောင်း ဦးစောဟန် သံသယ ကင်းအောင် အတော်ပြောရ၏။ လေကောင်းလေသန့် ရှူရန် ညနေတိုင်း လမ်းလျှောက်ပေးဖို့ ဆရာဝန်က မှာကြားပြီး ပြန်သွားသည်။
ညနေတိုင်း မြို့ပြင်ထွက်ကာ စပါးဂိုဒေါင်များ ဘက်သို့ ဦးစောဟန်နှင့် လမ်းလျှောက် ထွက်ရသည်။ လမ်းလျှောက်ခင်းသည် လှပအေးချမ်း၏။ မြေနီလမ်းကလေး ဘေး၌ မြက်ပင်ရိုင်းများမှာ စိမ်းလျက် လေလာလာတွင် ယိမ်းနေကြသည်။
“ဒီဘက်လျှောက်ရတာ ကောင်းတယ်နော်” ဟု ဦးစောဟန်က အားရပါးရ ပြော၏။
ဝေဝေသည် သူ့ခြေလှမ်းအတိုင်း ဖြည်းလေးစွာသာ လျှောက်လျက် ရှိလေသည်။
“ချာတိတ် ... ဟိုမှာကြည့်စမ်း၊ ဂိုဒေါင်ရှေ့က မြောင်းလေး၊ မှတ်မိသေးလား”
ဝေ့မှာ အချစ်ဆူး စူးခဲ့သော နေရာကလေးကို သတိရလာကာ ရင်ထဲတွင် တလှပ်လှပ် ဖြစ်လာ၏။ တဒင်္ဂအတွင်း အတိတ်တို့သည် ပြေးဝင်လာသည်။ အားလုံးကို မှုန်မှိုင်းစွာ ပြန်လည် မြင်ယောင်ပြီး လာသည်။
ဖခင်၏ မျက်နှာ ...။ လမ်းလျှောက်ပြီး ဂိုဒေါင်က အပြန် သွေးပါခဲ့သည်။ ဝေသည် ရင်ထဲ၌ ဆို့လာလေသည်။
ဂိုဒေါင်သို့ ရောက်လျှင် ဝေသည် မျက်ရည်လည် လာသည်ကို ထိန်းလျက် ရှိနေ၏။ ဂိုဒေါင်၌ တိတ်ဆိတ်နေ၏။ ကုက္ကိုပင်ကြီး အောက်၌ ကို၏ လက်တစ်ဖက်သည် ဝေ၏ လည်ပင်းကို ဖက်ထားလေသည်။ မြစ်ထဲတွင် လေမှာ ပြင်းထန်စွာ ဝှေ့ယမ်းနေသည်။ ကောင်းကင်နှင့် ရေပြင်မှာ တစ်စပ်တည်းလား အောက်မေ့ရသည်။ ရေပြင်မှ ထိုးရိုက်သော နေရောင်သည် ကမ်းစပ်ဘက်သို့ လက်ကာ တောက်နေလေ၏။ နေပြောက် ထိုးထားသော ကုက္ကိုပင်ရိပ်မှာ လှုပ်ရှား နေလေသည်။
လှေကလေးများမှာ မြစ်လယ်တွင် ရွေ့ရှား နေကြ၏။
ဝေသည် လေတိုက်ကြမ်း၍ အတော်အေး လာသည်ကို သတိထားမိကာ “ပြန်စို့ ကိုရယ် ... မိုးချုပ်တော့မယ်” ဟု ပြောလိုက်သည်။
ကိုသည် ဝေ၏ ပခုံးကို ဆွဲလှည့်လျက်၊ ဝင်လုဆဲ နေရောင်ထဲ၌ ဝေ့မျက်နှာကို ကြည့်လိုက်သည်။ ဝေ၏ မျက်နှာမှာ ဖြူရော်ရော် ဖြစ်နေသလားဟု အောက်မေ့ရသည်။ ဟိုစဉ်ကလို နီနီထွေးထွေး သွေးရောင်များ မဖျန်းတော့။ နားထင်ရိုးကလေးများ ပေါ်နေပြီး မျက်နှာသွယ်ကျ နေ၏။ မျက်ကွင်းမှာ ညိုနေကာ မျက်လုံး အကြည့်သည် စိမ်းလဲ့လဲ့ ခပ်မှေးမှေး တွေ့ရသည်။
“ဝေရယ် ... ဝေ့ကို ကြည့်ရတာ အားမရဘူး။ ဝေ ကိုယ်ဝန်ရှိတာ ထိခိုက်တယ်နဲ့ တူတယ်။ တစ်နေ့တခြား ပိန်ညှိုး လာတာပဲနော်၊ ဘယ်တော့များမှ ပြန်ဝလာပါ့မလဲ”
ဝေသည် တွေဝေ ယိမ်းယိုင်စွာ ကို့လက်ကို အားပြု ဆုပ်ထားလိုက်သည်။ အကြောတွေမှာ လေးပင် ဖင့်နွှဲနေ၏။
“ကလေးရှိရင် ဒီလိုပဲ ပိန်တာပဲလို့ သန်းသန်းက ပြောတယ်။ မွေးဖွားပြီးရင် ပြန်ဝလာမှာပေါ့”
ဝေ့အသံမှာ ပျော့နေလေသည်။
“ကလေးရတာ မပျော်ဘူးလား ဝေ” ကိုက ခပ်တည်တည်နှင့် မေးလိုက်၏။ ဝေ့မှာ တုန်လှုပ် ချောက်ချား၍ သွားသည်။ ဤမေးခွန်းမှာ အသည်းနှလုံးသို့ လာရိုက်လေသည်။ ကလေးရှိ၍ စစ်ကိုင်းက ပြန်ခဲ့သည့် အဖြစ်ကို ဦးစောဟန် မသိစေလို။
“ပျော်သားပဲ ကို” ဟု ဝေက ချက်ချင်းဖြေ၏။
ဦးစောဟန်မှာ ကျေနပ်ပုံမပေါ်။ ဝေ့မှာ ဒါထက်ပို၍ မပြောတတ်။ ထို့ကြောင့် ပြုံးလိုက်သည်။ ဝေ၏ အပြုံးမှာ ချိုမြမြ ဝင်းပပ မဖြစ်လေသလား။
“ကိုကော ပျော်လား”
ဝေက ပြန်မေး၏။
ဦးစောဟန်သည် ဝေ့ကို စိုက်ကာကြည့် နေပြီး ခေါင်းညိတ်လျက်သာ ဝေ့ လက်ကလေးများကို ဆွဲယူ ဆုပ်စမ်းကြည့် နေသည်။
“ဝေ့ လက်ကလေးတွေ အေးနေပါလား ... ပြန်မှပဲ”
သူတို့သည် ဖြတ်လမ်းက ပြန်ခဲ့ကြသည်။ မြောင်းနားရောက်လျှင် ဦးစောဟန်မှာ တစ်ဖက်သို့ ခုန်ကူးသွားကာ လက်လှမ်းမည် ပြုပြီးမှ ဒီဘက် ပြန်ခုန်ကူး လိုက်သည်။
“ဝေ ခုန်လို့ မဖြစ်ဘူး။ မေ့လို့ ဒီလမ်းက ခေါ်လာတယ် ... လာ ... လာ”
ဝေသည် ကြောင်၍ကြည့် နေလျက် ဦးစောဟန် လက်ဆွဲ ခေါ်လာရာ အတိုင်း လိုက်ပါလာ လေသည်။
အိမ်ရောက်ရောက်ချင်း ဝေ့ကို အနွေးထည်များ ဝတ်ပေးသည်။ ဝေ သောက်ရမည့် ဆေးမှာ အနားသို့ ရောက်လာသည်။ ဝေသည် မျက်စိကို မှိတ်ကာ ဆေးရည်ကို မော့၍ သောက်လိုက်သည်။ ဆေးသောက်ပြီးနောက် ဝေသည် မလှုပ်မယှက် ငြိမ်ငြိမ်လေး နားနေသည်။
ဦးစောဟန်မှာ စိတ်မော ကိုယ်မောဖြင့် ဆိုဖာပေါ်သို့ ပစ်လှဲကာ ဝီစကီဖြင့် အပန်းဖြေသည်။ ရေဒီယို ခလုတ်ကို ဖွင့်လျက် အင်္ဂလိပ် သတင်းကို နားထောင်ရင်း စစ်ရိပ်စစ်ငွေ့များ သမ်းလျက်ရှိသော နိုင်ငံရေးရာများကို တွေးတောလျက် နေစဉ်၊ ဝေ၏ စုတ်သတ် ညည်းတွား လိုက်သံကြောင့် လန့်ဖျပ်သွားကာ ဝေ့အနားသို့ ထပြေးလာသည်။
ဝေသည် ခါးကို လက်နှင့်နှိပ်လျက် နှုတ်ခမ်းကို ကိုက်ထားရသည်။ ကောက်ရသလိုပင် ခါးထဲက တင်းကျပ် နာကျင် လာပုံမှာ မခံမရပ် နိုင်အောင် ဖြစ်လာလေသည်။
ဦးစောဟန်သည် ထိတ်သွားကာ မောင်မြကို ဆရာဝန် ခေါ်ခိုင်းလိုက်သည်။ ဝေ့ကုလားထိုင် ဘေးတွင် ဒူးထောက်လျက် “မနှိပ်နဲ့ဝေ ... မနှိပ်နဲ့” ဟု ပြောကာ ဘာလုပ် ပေးရမှန်း မသိအောင် ယောင်နေလေသည်။ ဝေ၏ အသက်ရှူသံမှာ ပြင်းလှ၏။ နဖူးတွင် ချွေးများ စို့နေသည်။
စုတ်သတ်လိုက်ကာ ထပ်ညည်းသံကြောင့် ဝေဒနာ ပြင်းထန်မှန်းကို ခန့်မှန်းကာ လက်ကလေးကို ဆုပ်နယ်ပေးရင်း “ဆရာဝန် လာတော့မယ် ဝေရယ် ... အခု လာတော့မယ်” ဟု အားပေးနေသည်။
ဝေ၏ ရှုံ့တွထားသော မျက်နှာကို ကြည့်လျက် မယ်အေးမှာ ခေါင်းနားပန်း ကြီးကာ “အကြီးကို ခေါ်မလား အစ်မ” ဟု မေးလိုက်သည်။
ဝေသည် မချိမဆံ့ ဖြစ်နေသည့် မျက်နှာဖြင့် မျက်လုံးကို ဖွင့်၍၊ သူ့ကိုမိုးကာ စိတ်ပူကြီးစွာ စိုက်ကြည့်လျက် ရှိသော ဦးစောဟန်အား အားယူကြည့်ရသော အကြည့်နှင့် “ကို ကြီးတော်ကို ခေါ်ပေးပါ” ဟု အသံသဲ့သဲ့လေးဖြင့် ပြောလိုက်လေသည်။
“အင်း ... အင်း ... သွားစမ်း မယ်အေး၊ မြန်မြန်ခေါ်ခဲ့”
ဝေသည် ပက်လက်လှန် နေရာမှ အားယူ၍ ထိုင်လိုက်ကာ ကို၏ ပခုံးကို အားရှိပါးရှိ ဆုပ်လျက်၊ လက်တစ်ဖက်က ခါးထောက်၍ ခေါင်းငိုက်စိုက် ကျနေလေ၏။
ကြီးတော်သက်နှင့် ဆရာဝန် ဆရာမများ ရှေ့ဆက် နောက်ဆက်ပင် အိမ်ထဲသို့ ခပ်သုတ်သုတ် ဝင်လာကြသည်။ ကြီးတော်သက်မှာ ဝေနားကပ်လျက် တစ်ချက်စိုက်ကြည့် လိုက်ကာ “ကလေး ပျက်ချင်တယ် ထင်တယ်” ဟု ပြောလိုက်ရာ၊ ဝေ့လက်ကို သွေးစမ်းကြည့် နေသော ဆရာဝန်က “ပျက်ချင်လို့ပဲ” ဟု ခပ်လေးလေး ပြန်ပြောသည်။
ဦးစောဟန်သည် ဝေ့ကို အိမ်ပေါ်သို့ ပွေ့ယူကာ ခုတင်ပေါ်၌ ချလိုက်သည်။ ဝေသည် ချွေးလုံး ချွေးပေါက်ကြီးများ ကျလျက် နာကျင်လွန်း၍ မူးမေ့ သွားတော့မလား အောက်မေ့ရ၏။ နှုတ်ခမ်းများ ပြာနှမ်းနေကာ လူးလွန့် ခံစား နေလေ၏။
တစ်ညလုံး တစ်အိမ်လုံး ယောက်ယက်ခတ် နေကြသည်။ ဦးစောဟန်မှာ ဝေ၏ ညည်းသံဖြင့် စိတ်ချောက်ချားကာ အသက်ရှူမှား နေလေသည်။ အပြင်ဘက်တွင် ညမှာ ဆိတ်ငြိမ်နေ၏။ တစ်ချက်တစ်ချက် တရှဲရှဲ လေဖြတ်တိုက် သွားသံ၊ သစ်ရွက်များ လှုပ်ရှားသံကို ကြားရသည်။ ညဉ့်ငှက်သည် စူးဝါးစွာ အော်သွား လိုက်သေး၏။
ဝေမှာ ပျော့နေလေသည်။ အသက် ဖုတ်လှိုက် ဖုတ်လှိုက် ရှူကာ မောနေ၏။ ခေါင်းရင်းမီးတိုင်မှ မီးရောင် ဖျော့ဖျော့သည် ဝေ့မျက်နှာ တစ်ခြမ်းကို အရောင်လွှမ်း ထားသည်။
ဆံပင်များ ဖွာကြဲကာ မျက်နှာပေါ်သို့ အုပ်ကျနေသော ဆရာဝန်သည် သက်ပြင်းကြီး ချလိုက်ကာ ဦးစောဟန်ကို လှမ်းကြည့်လိုက်သည်။ ဦးစောဟန်မှာ အသည်းတဖိုဖိုနှင့် ဆရာဝန်ကို စိုးရွံ့စွာ ကြည့်လိုက်သည်။
“ကိစ္စ မရှိပါဘူး။ စိတ်ချရပါပြီ”
ဦးစောဟန်မှာ ရင်ထဲ၌ အလုံးကြီး ကျသွားကာ မျက်နှာ တဖြည်းဖြည်း ကြည်လာလျက် ဝေ့မျက်နှာ ကလေးကို ငုံ့၍ကြည့် နေသည်။
ဒေါ်သက်မှာ ဆရာမကို အောက်ခေါ်ချ လာကာ လက်ကို ရေလောင်းပေးနေရင်း “ကံကောင်းလို့ပါပဲ ဆရာမရယ် ... အားရှိတာ မဟုတ်တော့ သိပ်စိုးရိမ်တယ်။ ဒါမျိုးဟာ အချိန်လွန်ရင် အပုပ်သွေးဆန်ပြီး စိုးရိမ်ရတာ” ဟု တတွတ်တွတ် ပြောနေ၏။
ဦးစောဟန်သည် ဝေ့မျက်နှာနားသို့ ငုံ့လျက် “ဝေ သက်သာရဲ့လား” ဟု မေးရင်း နဖူးမှ ချွေးကို သုတ်ပေးနေသည်။
ဝေ့မှာ မေးသံကို ကြားလိုက်၍ “သက်သာပါတယ်” ဟု ဖြေလိုက်၏။ စိတ်ထဲမှာတော့ ကြားလိုက်၏။ သို့သော် အပြင်ထွက်လာသော အသံမှာ တိုးလွန်းနေ၍ ကိုက ပါးစပ်နားသို့ နားကပ်ပြီး ထောင်လိုက်ရသည်။
-----------------------------------
ဂျာနယ်ကျော်မမလေး
crd 👉 http://openread.atspace.cc/works/03062020_nv.html
Comments
Post a Comment