ခြေထောက်များ
#ခြေထောက်များ
ပန်းချီပြပွဲခန်းမ၏ နောက်ဘက်တစ်နေရာမှာ ရုံးစုထိုင်နေကြသော ကျွန်တော်တို့ ပန်းချီဆရာတစ်သိုက်မှာ အပြင်ဘက်မှ ခြေထောက်များ ရွေ့လျားသွားလာနေကြပုံကိုသာ တွေ့မြင်နေရလေ၏။ ပန်းချီကား များကိုကား ဘုတ်ပြားများပေါ်သို့ ချိတ်ဆွဲပြီး ၀င်လာသူ ပွဲကြည့်ပရိသတ်တို့ဘက်သို့ မျက်နှာမူထား၍ ဖြစ်လေသည်။
ပန်းချီကားတစ်ချပ် ဖြစ်တည်လာဖို့ ရင်နှင့် ရင်းဖွဲ့လျှင် အချိန် အတော်ကြာတတ်လေသည်။ ကျွန်တော် ပန်းချီကျောင်းတက်စဉ်က ဆရာကြီး ဦးမြတ်ကျော်၏ ပန်းချီကားတစ်ချပ်အကြောင်းကို တွေးနေမိပါသည်။ ပန်းချီကျောင်းတက်ရန် အင်တာဗျူး ဖြေစဉ်ကတည်းက ထိုပန်းချီကားကို ရေးလက်စဖြင့် ဆရာကြီး ရုံးခန်းထဲမှာ မြင်ရသည်။
မြတ်စွာဘုရား ဒုက္ကရစရိယာ ကျင့်တော်မူခန်း ပန်းချီကား ဖြစ်ပါသည်။ ဆရာကြီး ဦးမြတ်ကျော်သည် စိမ်းပြာညို့ အရောင်များကို အလွန်ကြိုက်နှစ်သက်သည်။ ရေးချက်ရေးလက် တတို့တို့နှင့် နံပါတ် ၂ တို့ ၊ ၃ တို့ကို သုံးတတ်သည်။ ပန်းချီကား ပြီးမြောက်သွားသော အခါတွင်ကား ရေးချက်အဆင့်ဆင့် မှန်ကန်တိကျသော ပန်းချီကားသာ ဖြစ်နေတတ်သည်။
ကျောင်းတက်စဉ်တုန်းက ကျွန်တော်တို့က ဟောတစ်ပုံ ဟောတစ်ပုံနှင့် ဝုန်းဒိုင်းကြဲ၍ ရေးကောင်းနေစဉ် ဆရာကြီးက သူ့ပန်းချီကားကို တစ်ချက်လောက်ပဲ တို့ချင်တို့သည်။ တစ်ခါတရံ လနှင့်ချီ၍ မတို့ဘဲ ထားသည်။ ကျွန်တော်တို့ကဖြင့် အပြီးသတ် ကြည့်ချင်လှပြီ။ ကျွန်တော် သုံးနှစ် သင်တန်းအောင်၍ ကျောင်းဆင်းလာခဲ့သည့်တိုင် ထိုပန်းချီကား အပြီးမသတ်ပါ။ နှစ်အတန်ကြာမှ အင်ဗွိုင်းပန်းချီပြပွဲတွင် ထိုပန်းချီကား ချိတ်ဆွဲပြသထားသည်ကို တွေ့ရပါတော့သည်။
'ကိုယ်ရေးတာက ဘုရားပုံလေကွာ ၊ တာ၀န်ကြီးတယ် ' ဟူ၍သာ ဆရာကြီးက လေအေးအေးနှင့် ရှင်းပြသည်။ အောက်ဒိုးခေါ် ပြင်ပရှုခင်း ရေးဆွဲကြတုန်းက ဆရာကြီးသည် ကျွန်တော်တို့အား ရေဆေးအကြည် သုံးကား တစ်မုဟုတ်ချင်း ရေးဆွဲပြဖူးသည်။'အဲ့ဒါက သဘာ၀ဆီက လေ့လာတာလေကွာ၊ တစ်ခါတလေ "ကား" ဖြစ်သွားတာလည်း ရှိတော့ရှိတာပေါ့၊ ပြီးတော့ အချိန် ကန့်သတ်ချက်ရှိတယ်ကွ ၊ မင်းရေးနေတဲ့ တိမ်တွေဟာ တရွေ့ရွေ့ လွင့်နေတယ်လေ၊ မင်းရေးတာကို စောင့်မနေဘူး၊ ပြီးတော့နေ ၊ နေတဖြည်းဖြည်း စောင်းလာတာနဲ့အမျှ အရိပ်တွေ အရောင်တွေ ပြောင်းကုန်တယ်၊ အဲဒီ ဇောနဲ့ရေးတော့ မင်းရဲ့ မသိစိတ်ထဲမှာ ငုပ်နေတဲ့ စုတ်ချက်တွေ အလိုလိုရလာတယ်။ အဲဒါ ကိုယ်ပိုင် စုတ်ချက်တချို့ ဖြစ်ပေါ်လာပုံပဲ။ '
ဆရာကြီး ဦးမြတ်ကျော်သည် ပန်းချီ ကျောင်းအုပ်ကြီးဖြစ်သည်နှင့်အညီ လုပ်ငန်းတာ၀န်လည်း များပြားလှလေရာ ၊ ကိုယ်ပိုင် စိတ်ကြိုက် ပန်းချီကားတစ်ကား ဖြစ်လာဖို့အတွက်အတော် ကြိုးပမ်းရပေလိမ့်မည်။ ဒါကို ငယ်ငယ်က ကျွန်တော် မသိခဲ့။ ယခုတော့ သိပြီးရင်း သိ၍သာ လာနေရလေသည်။
နောက်ထပ် ကားထွက်ကျဲသူ ဆရာကြီး တစ်ဦးလည်း ရှိပါသေးသည်။ ကျွန်တော်တို့၏ သင်တန်းနည်းပြဆရာကြီး " ဦးသိန်းဟံ " ။ သင်ကြားပို့ချမှု တာ၀န်များ ပိပြီးရင်း ပိနေသော ဆရာကြီးမှာ မည်သည့်အခါများ ကိုယ်ပိုင် စိတ်လိုလက်ရ ပန်းချီကား ရေးဆွဲနေမိပါလိမ့်။
တစ်ခါတရံ ကျောင်းဆင်းပန်းချီပြပွဲများတွင် ဆရာကြီး ချိတ်ဆွဲပြသတတ်သည်မှာ ကျွန်တော်တို့အား သင်ကြားပြသရင်း ရေးဆွဲဖြစ်သော " သက်ငြိမ် " ပန်းချီကားတို့၊ " မော်ဒယ် (လ်) " ပန်းချီကားတို့သာ ဖြစ်သည်။ ဆရာကြီး ကွယ်လွန်၍ အောက်မေ့ဖွယ် ပန်းချီပြပွဲ ပြုလုပ်သည်တွင် ဆရာကြီး၏ ပန်းချီကားများ စုဆောင်းကြရသောအခါ ခဲ၊ မင်ခြစ် ၊ ရေဆေး ၊ ဆီဆေး အားလုံးပေါင်းပါမှ ပန်းချီကားအချပ် တစ်ရာ မရှိပေ။
သို့သော် သမိုင်းတစ်ခုအဖြစ် ဖြစ်တည်ကျန်ရစ်သော ပန်းချီကား "သူ" ကိုတော့ ဆရာကြီး ရေးဆွဲဖြစ်ခဲ့ပါသည်။ ဆရာကြီး ကတော်၏ ပုံတူပန်းချီကားဖြစ်သည်။ ထိုပန်းချီကားကို ဆရာကြီး အကြိမ်ပေါင်း မည်မျှ တို့ဆစ် ရေးခြယ်ခဲ့လဲ မသိပါ။ ဆရာ ကတော်အပေါ် သွန်းထုသော မေတ္တာဓါတ် အဟုန်တို့ဖြင့် ထိုပန်းချီကားကို ကြည့်လေတိုင်း ကျွန်တော်တို့မှာ တုန်တုန်လှုပ်လှုပ် ခံစားရလေသည်။ ငယ်နာမည် မောင်စစ် ၊ ဆရာ ဦးဘဥာဏ်၏ တပည့်ရင်း "ဦးသိန်းဟံ"။ ခပေါင်း စီးကရက်ကို ခဲရင်း ပါးစပ်မှ အမြှုပ်တစီစီ ထွက်လာသည်အထိ သင်ကြားပြသခဲ့သည့် ဆရာကြီး။
ရင်နှင့်ရင်း၍ ပန်းချီရေးလျှင် အချိန်မှာ အတိုင်းအဆမရှိ။ မိမိ မေတ္တာဓါတ် သက်ရောက်သလောက်ပင် ထိုပန်းချီကားသည် အချိန်များစွာ၊ ကာလများစွာကို ဖြစ်ကျော် ရပ်တည်နိုင်စွမ်းပေသည်။
ပန်းချီ မှော်ရုံတောကို တမင်သိသိ တိုး၀င်မိခဲ့သော ကျွန်တော်က ထိုသို့ပင် နားလည်မိခဲ့ပါသည်။ ရန်ကုန်မှာ ပန်းချီသမားတစ်ယောက်အဖြစ် ရပ်တည်ဖို့ကလည်း အတော်ခက်သည်။ ဘ၀များစွာကို ဖြတ်ကျော် ရပ်တည်။ ဆိုင်းဘုတ် ၊ ယင်းပန်းချီ ၊ လက်ရေး ပို့စကတ် ၊ ကားနံပါတ်ပြား ၊ တစ်ခါတရံ ထဘီပန်းရေးသည့် ပန်းချီဆရာပင် ဖြစ်ခဲ့ရသေးသည်။
လင်ကိုယ်မယား ပါးစပ်ပေါက် နှစ်ပေါက် ရပ်တည်ရေးမှသည် သားကလေးတစ်ယောက် မွေးဖွားလာ။ မြို့သစ်များတွင် ဟိုနား ငှားနေ ၊ သည်နား ငှားနေနှင့် နောက်ဆုံးတော့ ဖခင်၏ အိမ်နောက်ဘက်တွင် အတော်ကြာ နားခိုခွင့် ရခဲ့ပါသည်။ နောက် သမီးလေး ...။
ထိုအချိန်တွင် ကျွန်တော်သည် စာနယ်ဇင်း သရုပ်ဖော် ပန်းချီသမား ပေါက်စဘ၀သို့ ရောက်နေပါပြီ။ ပို၍ကြိုးစား၊ ပို၍ရုန်းကန် ၊ ပိုမို၍ မိမိလက်ရာကို တောက်ပြောင်အောင် ဖန်တီးနေချိန်။ ရင်နှင့် ရင်းမိတာတွေလည်းရှိ၊ အခြားသူတို့၏ အလိုကို လိုက်၍ ရေးရတာတွေလည်းရှိ။ သို့နှင့် တဖြည်းဖြည်းနှင့် ကျွန်တော်သည် ကလေး လေးယောက် အဖေအဖြစ်သို့ ရောက်ရှိလာပါသည်။
ရုပ်ပြဇာတ်လမ်းများ၊ သရုပ်ဖော်ပုံများ၊ ဝတ္ထုမျက်နှာဖုံးများ၊ ပန်းချီကားများ၊ ပန်းချီပြပွဲများ၊ ထိုသံသရာမှာ ဝဲလည် လှည့်နေခဲ့သည်မှာ အတော်လေးတော့ ကြာလာခဲ့ပြီ။ တဖြည်းဖြည်းနှင့် နာမည်လေး တစ်လုံးတော့ ရလာခဲ့ပါပြီ။ ခက်သည်ကား မတ်တတ်စာသာရှိသည်၊ တုံးလုံးစာ မရှိသေး။ "မိုးရွာတုန်း ရေခံပါလား၊ ရေခံပါလား" ဆိုသည့် တိုက်တွန်းချက်များကို နားထဲမှာ ကြားပါလျက် မသိကျိုးကျွန် ပြုနေမိ သည်။
မိမိ လက်မှတ်ထိုး တာ၀န်ယူရမည့် အလုပ်ကို ကျွန်တော် ရိုရိုသေသေပဲ တစ်လျှောက်လုံး လုပ်ရမည်။ လုပ်လည်း လုပ်ခဲ့ပါသည်။ ကျွန်တော်တို့အလုပ်က ရုပ်ရှင် ပြဇာတ်မင်းသားတွေလောက် ၊ စတီရီယို အဆိုတော်တွေလောက် " စန်း " မလိုပါ။ ကျွန်တော် လောဘတကြီး ရှာဖွေနေသည်မှာ နောက်ထပ်သိဖို့ ၊ နောက်ထပ် သိဖို့အတွက် " အခက် " တွေကို ရင်ဆိုင် ဖြတ်ကျော်ဖို့။ သည်အခက်ပြီးလျှင် နောက်အခက်၊ နောက်အခက်။
ခြေထောက်တွေက အမျိုးမျိုး ဖြစ်လေသည်။ များသောအားဖြင့်သလုံးသား ဖြူ၀င်း၀င်း၊ ပေါင်လယ် စကတ်တွေနှင့်၊ ဒေါက်ဖိနပ် ဖြူနီညို စီးထားသူတွေကိုသာ မြင်ရသည်။ နောက်ပိတ် ရှူးဖိနပ်ရောင် ပြောင်လက်များ၊ ဂျင်းဖိနပ်များ၊ ရံခါ ကတ္တီပါ ဖိနပ်များ၊ သက္ကလပ်ဖိနပ် အနက်ရောင်များကို မြင်ရသည်။ ကျွန်တော်က ပိုးချိတ်ထဘီနှင့် မြမာလာဖိနပ် စီးထားသူတို့၊ ရိုးရိုး ခြေညှပ်ဖိနပ် စီးထားသူတို့ လာကြည့် နေတာကို ပိုမြင်ချင်သည်။
ယခု ကာလကို ပန်းချီကားများ အရောင်းသွက်လာပြီ ၊ ပန်းချီဆရာတွေ စန်းထလာပြီ ဟု ဆိုသူတို့က ဆိုကြသည်။ ယခင်က ပြည်တွင်းရှိ နိုင်ငံခြားသံရုံးများနှင့် သံတမန် အသိုင်းအဝိုင်းများကိုသာ အားကိုး၍ ပန်းချီပြပွဲများ ပြုလုပ်လာခဲ့ကြရာမှ အနည်းငယ် ကျယ်ပြန့်လို့တော့ လာပါသည်။
မြန်မာပြည်သို့ အတိုင်းတိုင်း အပြည်ပြည်မှ ကမ္ဘာလှည့် ခရီးသည်များ ၊ ကုန်သည်ပွဲစားများ ၊ သည်မှာ အလုပ် လာလုပ်သူများအပြင် မြန်မာလူမျိုးများထဲမှာပင် သိန်းသောင်းချီ၍ပန်းချီကား ၀ယ်ယူ စုဆောင်း သူများ ပေါ်ပေါက်လာနေသည်မှာ ၀မ်းသာစရာ ကောင်းပါသည်။
ဟိုတယ်ကြီးတွေ ဟည်းဟည်းထနေပြီး ထိုမှာ ပန်းချီကားချိတ်ဆွဲခြင်း၊ ပန်းပုရုပ်များ တန်ဆာဆင်ခြင်းတို့ကို ဂုဏ်ယူ၀င့်ကြွားစွာ ချိတ်ဆွဲပြသခြင်းအမှု ပြုနေကြပါပြီ။ မြန်မာအိမ်တွေမှာ ပန်းချီကား ချိတ်ဆွဲခြင်းအမှု ပြုသည့်အလေ့ ရှိဖို့ကိုတော့ ကျွန်တော်တို့ အချိန်နည်းနည်း စောင့်ကြရပါဦးမည်။
ရင်နှင့် ရင်းသည်ဖြစ်စေ၊ မရင်းသည် ဖြစ်စေ။ ဆီဆေးကား ပန်းချီ ဖြစ်စေ၊ ရေဆေး ပန်းချီကားပဲ ဖြစ်စေ ကုန်ကျရသည့် စရိတ်တော့ အထိုက်အလျှောက် ရှိကြပေသည်။ ပတ္တူဖျင်စ၊ ဆီဆေးတောင့်များ၊ ငါးကြီးဆီ ၊ တာပင်တိုင်ဆီ၊ ဝေါ့မင်ခေါ် ရေဆေးရေး စက္ကူအကောင်းစား၊ ရှဉ့်နားရွက်မွေး စုတ်တံ နံပတ် ၁ မှသည် ၁၀ အထိ။ ဆီဆေးကား ဆိုလျှင် ကျွန်းသားထု ပေါင်၊ ရေဆေးကား ဆိုလျှင်လည်း ပိတ်ကတ် ရွှေမင်သုတ် မှန်ပေါင် စသည်တို့က မိမိ စိတ်တိုင်းကျ ပြုလုပ်သလောက် ကုန်ကျရလိမ့်မည်။
မိမိ၏ ရင်နှင့်ရင်းခ မပါ၀င်သေးပါ။ ထိုအခကိုတော့ ကျွန်တော့်ရင်ထဲမှာ အတိုင်းအဆမရှိ ထားချင်ပါသည်။ ပန်းချီပွဲတစ်ပွဲ ပြုလုပ်ရသည့် စရိတ်စကကလည်း မသေးလှပါ။ ခန်းမငှားခ၊ ဘုတ်ပြားငှားခ၊ မီးချောင်းများ ငှားခ၊ အခမ်းအနား အပြင်အဆင်၊ ကက်တလောက် ၊ ဧည့်ခံကျွေးမွေးစရိတ်။ မည်သို့ပင် ဖြစ်စေ ပန်းချီကား တစ်ကားစ၊ နှစ်ကားစ ရောင်းရလျှင် အရင်းကျေသည်။ မရောင်းရလျှင်လည်း ပန်းချီကား ရေးဖြစ်တာ အဖတ်တင်သည် ဟူသော စိတ်ထားဖြင့် ကျွန်တော်တို့ ပန်းချီပြပွဲတွေ ပြုလုပ်ပြသခဲ့သည်မှာ ယခုတိုင်အောင် ဖြစ်ပါသည်။ သည်လိုနှင့် နှစ်ပေါင်း ၃၀ ကျော်အတွင်း ပြပွဲပေါင်း ၆၀ ကျော်လောက်အထိ ကျွန်တော် ပါ၀င်ပြသဖူးခဲ့လေပြီ။
ပန်းချီပြခန်းများမှာလည်း ကျွန်တော့်ပန်းချီကားတွေ ချိတ်ဆွဲထားလျက် ရှိလေသည်။
ဟော .... ၊ ရှူးဖိနပ် အနက်ရောင်၊ ပြောင်လက်တစ်စုံ၊ နောက်တစ်စုံ။ ကျွန်တော်၏ ပန်းချီကားများ ချိတ်ဆွဲထားရာဆီသို့ ဦးတည်လာနေပြီလေ။ ပန်းချီကားများ ရှေ့တွင် သူတို့ချင်း ကွိကွိကွကွ ပြောနေသံ၊ တိုင်ပင်ဆွေးနွေးနေသံကို ကျွန်တော် ကြားသိနေရသည်။ ယခု ပန်းချီပြပွဲလေး ဖွင့်တာ သုံးရက်ရှိသွားပြီ။ ကျွန်တော် စျေးဦး မပေါက်သေးပါ။ ပန်းချီကားလေး တစ်ကားတလေ၊ နှစ်ကားနှစ်လေလောက် ရောင်းရလျှင်ဖြင့် ကျွန်တော့် ကုန်ကျစရိတ်များ ကျေမည့်အပြင် သမီး၏ ကျူရှင်ဖိုး၊ ယဉ်ကျေးမှု တက္ကသိုလ် တက်နေသော သားလတ်၏ ပုဂံသို့ လေ့လာရေးခရီးသွားမည့် စရိတ်။ ထို့နောက် ကျွန်တော် အလွန် စားချင်နေသော ပုစွန်တုပ် ဆီပြန်ဟင်း။ ပြီးတော့ ပိုလျှံသေးလျှင်VAT - 69 တစ်လုံးလောက်တော့ တမြုံ့မြုံ့ သောက်ချင်ပါသေးသည်။
' ကို၀သုန် ၊ ကို၀သုန် ... အစ်ကို ခဏ လာပါဦး '
ပြခန်းတာ၀န်ခံ ပန်းချီဆရာငယ်လေးက အားရ၀မ်းသာ လာခေါ်သည်။ ကျွန်တော်လည်း သူနှင့်အတူ ထွက်လိုက်ခဲ့ရပေသည်။ 'သူတို့က စျေးနည်းနည်း ဆစ်ချင်တယ် အစ်ကိုရ။ ကျွန်တော်က အစ်ကိုဟာ စျေးဆစ်လို့ရတဲ့ ပန်းချီဆရာ မဟုတ်ဘူးလို့ ပြောထားပြီးသား အစ်ကို '
ပြီးတော့ မိတ်ဆက်ပေးသည်။ သြော် ... သူလည်း အာရှတိုက်သား တစ်ယောက်ပါပဲကလား။ ဟောင်းဒူးယူဒူး ၊ ဂလက်တူဆီးယူ လိုက်ကြပြီးနောက် သူက စပြောသည်။
' မလျှော့နိုင်တော့ဘူးလား '
' ဟုတ်ကဲ့ မလျှော့နိုင်တော့ပါဘူး '
ကျွန်တော်တို့ သိုးဆောင်းဘာသာ စကားဖြင့် ပြောကြခြင်း။ သူလည်း သူ့ဒေသသံ ဝဲသည်။ ကျွန်တော်က ငါးပိသံ ထွက်သည်။ သူက ပိုသွက်သည်။ ကျွန်တော်ကထော့ကျိုး ထော့ကျိူး။
'ကောင်းပြီလေ၊ အဲဒီကားကို ယူမယ်၊ ကျေးဇူးပြု၍ အောက်ကို ဖြုတ်ချပေးပါ '
ပန်းချီကားက ရေဆေးပန်းချီကား၊ မှန်ထု နည်းနည်းထူ၍ အနည်းငယ်လေးသည်။ ကျွန်တော်နှင့် ပန်းချီဆရာလေးတို့ ဘုတ်ပြားပေါ်မှ ဂရုတစိုက် ဖြုတ်ချ၍ ပြခန်းအ၀င်ဘက် အလင်းရောင်ပိုရသော နံရံမှာ ထောင်ပြရသည်။ ထိုပုဂ္ဂိုလ်က မျက်မှောင်ကြုတ်ကြည့်လိုက် ၊ နောက်ဆုတ်ကြည့်လိုက် ၊ သူ့အဖော်ကို တစ်စုံတခု ပြောလိုက်နေရာမှ
' ဒါ ဘာအဆောက်အအုံလဲ '
သူ၏ နက်ပြောင်လက်လက် ဖိနပ်ဦးချွန်ဖြင့် ထိုးပြ၍ မေးလေသည်။ ဟင် .....ကျွန်တော့် ရင်ဘတ်ထဲမှာ သွေးတိုး လှုပ်ခုန်နှုန်း မြန်လာသည်။ ကျွန်တော့် မျက်နှာလည်း နီမြန်းလာနေမည်။
' ညီလေး လာဦး '
ပန်းချီ ညီငယ်ကိုသာ အသာပုခုံးဖက်ခေါ်၍ ပြခန်းအလယ် ဘုတ်ပြားများ အကွယ်ရောက်မှ
' အဲဒီ အကောင်ကို ပြောလိုက် ၊ ငါ့ပန်းချီကား မရောင်းတော့ဘူးလို့ '
' ဟာ အစ်ကို ဘယ်လိုဖြစ်သွားတာလဲ '
' နောက်တော့ ငါ ရှင်းပြမယ်၊ ခုတော့ ငါပြောတဲ့အတိုင်း သွားပြောချေ ၊ သူ့လက်ထဲတော့ ငါ့ပန်းချီကား အပါမခံနိုင်ဘူး ၊ ပြန်ချိတ်လိုက် '
' အစ်ကိုရယ် ....'
သူတို့ကို ကျောခိုင်း၍ ကျွန်တော် မူလထိုင်နေရာ ပြခန်း အနောက်ဘက်သို့ ၀င်ခဲ့သည်။ မည်သို့ ဖြစ်ကျန်ရစ်သည်ကို ကျွန်တော် ဂရုမစိုက်တော့ပြီ။ ပြီးတော့ ထောင့်တွင် ဖွင့်ထားသော ရမ်ပုလင်းကို ဖွင့်၍ တစ်ပက် " နိ " သောက်ပစ်သည်။ သို့တိုင် ဒေါသမာန်တို့က ကျွန်တော့်ရင်မှ ထွက်ခွာမသွားသေး။
' ကို၀သုန် ဘာဖြစ်လာလို့လဲ '
ရေးဖော် ပန်းချီဆရာများ၏ ဝိုင်းမေးသံကို ကျွန်တော် လက်ကာပြသည်။ ကားတံခါး ဆောင့်ပိတ်သံ၊ ဝုန်းခနဲ ကားထွက်ခွာသွားသံ။
အတန်ကြာသည်။ ကျွန်တော့်ထံ ပြပွဲတာ၀န်ခံကလေး ရောက်လာသည်။ သူ့နောက်မှ ပြခန်းဖွင့်ထားသူ လူငယ် ပန်းချီဆရာလေးလည်း ပါလာသည်။
' အစ်ကိုရယ် အဲဒါ ကျွန်တော့် ဖောက်သည်တွေဗျ ၊ ကျွန်တော်ကဖြင့် ကားပေါ်မှာ အစ်ကို ဘယ်လောက်တော်ကြောင်း ၊ နာမည်ကြီးကြောင်း ပြောလာလိုက်ရတာ ' ပြခန်းဖွင့်ထားသူ လူငယ်က ပြောသည်။
' လာထိုင်ကွာ ၊ ငါရှင်းပြမယ် '
ကျွန်တော် နောက်ထပ် ရမ်တစ်ပက် သောက်သည်။
' ရောမမြို့ကို ရောက်ရင် ရောမသားလို ကျင့်နိုင်ရမယ်ဆိုတဲ့ စကားကို မင်းတို့လည်းအသိ၊ ငါလည်းအသိ။ အဲဒီကောင်တွေလည်းအသိ ဖြစ်ရမှာပဲ။ ပြီးတော့ ဒီကောင်ဟာ တို့တိုင်းပြည်မှာ အလုပ်လာလုပ်နေတဲ့ ကောင်ပါကွာ။ တို့တိုင်းပြည်မှာ နှစ်နဲ့ချီ နေလာခဲ့ပြီးပါပြီ။ တို့တိုင်းပြည်ရဲ့ ရေမြေသဘာဝတွေ ၊ ရိုးရာ ယဉ်ကျေးမှုတွေကို လေ့လာဖို့ သူ အချိန်အများကြီး ရပါတယ်။
ငါတို့မှာ နိုင်ငံခြားသားတွေနဲ့ဆုံရင် ပြောလိုက်ရတဲ့ အင်္ဂလိပ်စကား၊ တတ်တတ် မတတ်တတ် ကြိုးစားပြီး ပြောရတာ။ မတတ်တဲ့ လူကလည်း တတ်အောင်သင်ပြီး ပြောကြတယ်။ သူတို့ဆီက "ကျေးဇူးတင်ပါတယ်"၊ "သွားလိုက်ပါဦးမယ်" ဆိုတဲ့ မြန်မာစကားကို တစ်ခါတရံမှ ကြားရတတ်တာပါ။ ဒီကောင်ဟာ ဥရောပတိုက်သား မျက်နှာဖြူ တစ်ယောက်ဆိုရင် "ဟေ့ကောင်၊ မင်း အဲသလို မလုပ်ရဘူး" လို့ ပြောပြီး၊ တားပြီး ငါခွင့်လွှတ်ကောင်း ခွင့်လွှတ်မယ်၊ ခုတော့ ဒီကောင်ဟာ တို့လိုပဲ အာရှတိုက်သားကွ။ သူတို့ တိုင်းပြည်မှာလည်း ဒီလို အဆောက်အအုံမျိုးတွေ ရှိပါတယ်။ ဒါမျိုး မလုပ်ရဘူးဆိုတာ သိသင့်တယ်။ သူ့ဟာသူ "ဘို" ဆန်ချင်ရင် တခြားပစ္စည်းကို အဲသလို ဖိနပ်နဲ့ညွှန်ပြီး မေးပေါ့ကွ '
"ငါ .. ငါရေးထားတာ ပုဂံက ဓမ္မာရံကြီးဘုရားကွ၊ ဓမ္မာရံကြီးစေတီ"
ကျွန်တော့် အသံများ ဆို့နင့် တုန်ခါလာသည်။ ပိုမိုမာကျောလာသည်။
' ငါအခု ပန်းချီကား တစ်ချပ်မှ မရောင်းရသေးဘူးနော်။ ဒါပေမယ့် ကိစ္စမရှိဘူး။ ဒီလိုကောင်မျိုးဟာ တို့ ရှေ့မှာတောင် အဲသလိုလုပ်ရင် တို့ကွယ်ရာမှာ ဒီပန်းချီကားကိုသူဘယ်လိုထားမလဲ၊ မင်းတို့စဉ်းစား။ '
နောက်တစ်ပက် ။ ပြီးတော့ ဘေးမှာ ချထားသော လွယ်အိတ်ကို ကောက်လွယ်။ ' ငါ ပြန်တော့မယ်။ '
ကျွန်တော့်အား ညီငယ် နှစ်ယောက်က ပြခန်း၀အထိ လိုက်ပို့ပေးသည်။ စကားသံ တစ်ခုက လွင့်ပျံလိုက်လာ၍ ကျွန်တော့် ကျောကို ထိမှန်သည်။
' အစ်ကိုဟာ သိပ်မာနကြီးတာပဲ '
ကိုယ့်အမျိုး ယဉ်ကျေးမှုအတွက်၊ ကိုယ့်လူမျိုးရဲ့ ဘာသာ သာသနာအတွက်၊ အားလုံးအတွက် ဒီလောက်တော့ မာနကြီးပါရစေ ငါ့ညီရယ်။
ကျွန်တော်တို့ တိုင်းပြည်သို့ ကောင်းသောခြေထောက်များ ခြေချလာနိုင်ပါစေ။
--------------------------
#ပန်းချီဝသုန်
️မဟေသီ မဂ္ဂဇင်း၊ မတ်လ၊ ၁၉၉၉။
crd 👉 https://m.facebook.com/story.php?story_fbid=1429442890570661&id=100005148905036
Comments
Post a Comment