လင်္ကာဒီပချစ်သူ၊ အပိုင်း (၁၉)

အခန်း (၉)
ရာဝဏနှင့် ရာမမင်းသား

မက္ကဋတို့သည် ပထမစစ်ပွဲ??သို့ ကြိုးရှည်ဖြင့်ပစ်သော သံချွန်လက်နက်ကို အသုံးမပြုတော့ဘဲ အားလုံး လေးမြားလက်နက်ကိုင်စွဲကြသည်။ နီးကပ်သောနေရာမှလာသည့် ရန်သူ၏မြားများကို ခံတပ်အပြင်၌ ဖြတ်သန်းတိုက်ခတ်နေသည့် လေကြောင်းသည် အကာအကွယ်မပေးနိုင်တော့ချေ။ ထို့ကြောင့် ရန်သူ၏မြားတံများသည် ခံတပ်အပေါ်မှ ဒြာဝိဒိယန်များကို အတုံးအရုံးထိမှန်စေသည်။ သို့သော် ဤကား စစ်ပွဲ၏ စောစောပိုင်းအချိန်များတွင်သာဖြစ်သည်။

သားတော်မေဃနာဒသည် ဒုတိယခံတပ်သေနာပတိ ဂုမ္ဘီကဏ္ဏနှင့်တိုင်ပင်၍  ဒြာဝိဒိယန်စစ်သည်များကို ခံတပ်အပေါ်မှ ဖယ်ရှားလိုက်စေသည်။ ထို့နောက် ခံတပ်တံခါးမကိုဖွင့်၍  ဒြာဝိဒိယန်စစ်သည်များကို အပြင်သို့ထွက်စေပြီး
ရန်သူအား ရင်ဆိုင်တိုက်ခိုက်စေသည်။ စစ်သည်များကိုင်ဆောင်သည့်လက်နက်ကား လှံတံဖြစ်သည်။ လေးနှင့်မြားကို အဓိကထား၍ ကိုင်ဆွဲတိုက်ခိုက်နေကြသည့် ရန်သူတို့သည် ကျွန်ုပ်တို့စစ်သည်များ၏လှံတံများတွင် အငိုက်မိကြလေသည်။ သူတို့၏ဒိုင်းလွှားများကိုသော်လည်းကောင်း၊ ဓားကိုသော်လည်းကောင်း ထုတ်ယူပြင်ဆင်နိုင်ခြင်း မပြုလိုက်ရဘဲ လှံဖျား၌ သေဆုံးကုန်ကြလေသည်။ ရန်သူတို့ဒိုင်းလွှားများနှင့် ဓားကို ကိုင်စွဲမိချိန်တွင်မူကား သူတို့၏စစ်သည် သုံးပုံတစ်ပုံခန့်မှာ ခံတပ်ခြေရင်းတွင် အသက်ပျေက်နေကြလေပြီ။

ဒုတိယခံတပ်စစ်ပွဲ စတင်တိုက်ခိုက်သည့်နံနက်အချိန်က ကျွန်ုပ်နှင့်သားတော်မေဃနာဒသည် ပဉ်စမခံတပ်တွင် ရောက်ရှိနေကြသည်။ မြင်းသည်တော်တစ်ဦး လာရောက်အကြောင်းကြားချက်အရ ကျွန်ုပ်တို့ရောက်ရှိသွားချိန်တွင် ဂုမ္ဘီကဏ္ဏက အရေးမလှကြောင်းပြောသဖြင့် သေနင်္ဂဗျူဟာကို ထိုသို့ပြောင်းလဲပစ်လိုက်ခြင်းဖြစ်ပေသည်။ ခံတပ်အပြင်ဘက်မြေပြင်တွင် ဒြာဝိဒိယန်နှင့် မက္ကဋတို့ ရင်ဆိုင်တိုက်ခိုက်ကြသည့် ဓားလှံလက်နက်သံ၊ ဒိုင်းလွှားချင်းထိခတ်သံ၊ အော်ဟစ်သံတို့မှာ အိန္ဒုဒေသတစ်ခုလုံးကို ဖုံးလွှမ်းနေသည်ဟု ထင်ရလေသည်။ နေမွန်းတည့်ချိန်မှာ နှစ်ဖက်စလုံး စစ်ပန်းလာကြသည်။ သို့သော် ဒုတိယခံတပ်တံခါးသည် ကျိုးပေါက်မသွားခဲ့။ တံခါးမုခ်ရှေ့တွင် ဖြစ်ပေါ်သည့်တိုက်ပွဲကား အပြင်းထန်ဆုံးဖြစ်သည်။ မက္ကဋတို့သည် သစ်တုံးကြီးများကို သယ်ယူလာပြီး ခံတပ်တံခါးကို ထိုးဖောက်ဖျက်ဆီးရန် ကြိုးစားကြသည်။ သို့သော် သူတို့၏သစ်လုံးများသည် ခံတပ်တံခါးကိုထိရုံမျှပင် မချဉ်းကပ်နိုင်ချေ။

သားတော်မေဃနာဒသည် ခံတပ်ထိပ်တံခါးမုခ်ဝအဝေးမှနေ၍  ရန်သူများဆီသို့ လှံတံတစ်စင်းပြီးတစ်စင်း ပစ်လွှတ်သည်။ ဒုတိယခံတပ်၏သေနာပတိ ဂုမ္ဘီကဏ္ဏမူကား တံခါးမုခ်ရှေ့မှနေ၍ ရွပ်ရွပ်ချွံချွံခုခံနေလေသည်။ သူကိုင်စွဲထားသည့်လက်နက်ကား ပုဆိန်ဖြစ်သည်။ သူ၏ပုဆိန်သွားကို ဝှေ့ယမ်းခုတ်ချလိုက်ရင်း ရန်သူများသည် ငှက်ပျောပင်များပြတ်ကျသည့်အလား အတုံးအရုံးလဲကျသွားကြသည်။ အပြင်းထန်ဆုံး အရှုပ်ထွေးဆုံးတိုက်ပွဲဖြစ်နေသည့်  ထိုနေရာသို့ ကိုယ်ကာယကြီးထွားလှသည့် မက္ကဋစစ်သည်တစ်ဦးသည် တရကြမ်းခုတ်ပိုင်းရင်း ဝင်လာသည်။ သူကား ဟာနုမာန်ပင်တည်း။ ဟာနုမာန်သည် ဒြာဝိဒိယန်စစ်သည်များကို ထိုးခုတ်လျက် ဂုမ္ဘီကဏ္ဏရှိရာသို့ ချဉ်းကပ်သွားသည်။ ဂုမ္ဘီကဏ္ဏသည် ဟနုမာန်ကို ခုတ်ချရန် ပုဆိန်ကိုမြှောက်လိုက်သည်။ ဟာနုမာန်က လျင်မြန်စွာ လှုပ်ရှားလိုက်သည်။

“ဂုမ္ဘီကဏ္ဏ သတိထား”

ကျွန်ုပ်ဘေးမှ သားတော်၏အော်ဟစ်သံကို ကြားလိုက်ရသည်။ သို့သော် နောက်ကျသွားပေပြီ။ ဟနုမာန်၏ဓားသည် ဂုမ္ဘီကဏ္ဏ၏လည်ကို ထွင်းဖောက်သွားခဲ့သည်။ သားတော်မေဃနာဒသည် ထိုအခြင်းအရာကိုမြင်သည်နှင့်တစ်ပြိုင်နက်  ခံတပ်ပေါ်မှ ခုန်ချရန် ထလိုက်သည်။ သို့သော် လှံတံတစ်စင်းဝင်လာသဖြင့် မြားပစ်စင်နောက်သို့  ခိုဝင်ရှောင်တိမ်းလိုက်ရသည်။ နောက်တစ်ကြိမ် ထွက်လိုက်သောအခါတွင်လည်း လှံတံတစ်စင်း ဝင်လာပြန်သည်။

“မေဃနာဒ၊ မင်း ဒီမှာရှိနေတာကို ရန်သူကသိထားတယ်။ မင်းကို နည်းနည်းလေးမှ မလှုပ်ရှားနိုင်စေအောင် တစ်နေရာရာကနေပြီး ရန်သူဟာ လှံတံတွေနဲ့စောင့်ဆိုင်းနေပုံပဲ၊ ဒါပေမယ့် .... အလို ...... ဟိုဟာက ..”

ကျွန်ုပ်၏စကားကို  အဆုံးမသတ်နိုင်ခဲ့။  သားတော်မေဃနာဒလည်း ကျွန်ုပ်အံ့သြသံကြောင့် ကျွန်ုပ်ကြည့်ရာသို့ လှမ်းကြည့်လိုက်သည်။ ဦးရီးတော်မာရဇ္ဇနှင့် ဟာနုမာန်တို့ ရင်ဆိုင်တိုက်ခိုက်နေကြသောကြောင့်ပင်တည်း။ ဦးရီးတော်သည် ကြီးမားလှသောပုဆိန်ကြီးဖြင့် ဟာနုမာန်ကို သဲသဲမဲမဲ လိုက်ခုတ်နေလေသည်။ သို့သော် ဟာနုမာန်သည် ကြီးမားသောခန္ဓာကိုယ်နှင့် မလိုက်အောင်ပင် ပေ့ါပါးစွာ ခုန်ပေါက်  ရှောင်တိမ်းနေသည်။  ပြန်လှန်
တိုက်ခိုက်ခြင်းကားမရှိ၊  ဦးရီးတော်၏ပုဆိန်ထိမိသော ခံတပ်နံရံများမှာ မီးပွားများ အဆက်မပြတ်လွင့်စဉ်နေသည်။

ဤမျှလောက်ဆူညံစွာ ဟစ်ကြွေးတိုက်ခိုက်နေကြသည့်အထဲမှ  ဦးရီးတော်၏ပုဆိန်နှင့် ကျောက်တုံးတို့ထိခတ်သံသည် ကျယ်လောင်စွာ ပေါ်ထွက်နေသည်။ အနည်းငယ်မျှ ခုခံရှောင်တိမ်းပြီးနောက် ဟာနုမာန်သည် ဦးရီးတော်ကိုမျက်နှာချင်းဆိုင်၍ စတင်တိုက်ခိုက်သည်။ သူတို့နှစ်ယောက်၏လက်နက်ချင်းရိုက်ခတ်မိသည့် ပထမဆုံးအကြိမ်မှာပင် လက်နက်နှစ်ခုစလုံး လွင့်စဉ်သွားကြသည်။ ရုတ်တရက်မျှ ရပ်တန့်သွားကြပြီးနောက် ဦးရီးတော်နှင့်ဟာနုမာန်တို့သည် လက်နက်မပါဘဲ တိုက်ခိုက်ကြတော့သည်။ သူတို့နှစ်ဦးလုံး၏တိုက်ခိုက်မှုကား လက်နက်စွဲကိုင်တိုက်ခိုက်သည်ထက် ပိုပြီးပြင်းထန်သည်။ ကျားလျှာထက်ကြမ်းတမ်းသော ညာလက်ဖဝါးကြီးကို ဦးရီးတော် ကြိမ်ဖန်များစွာ အသုံးပြုသည်။ ထိုလက်ဖဝါးကြီးသည် ဟာနုမာန်၏ပခုံး၊ ရင်အုပ်များပေါ်သို့ အကြိမ်ကြိမ်ကျရောက်သည်။ ပဋိပက္ခသေနင်္ဂဗျူဟာကို အသုံးပြုတိုက်ခိုက်နေသည့် ဦးရီးတော်၏အင်အားကို ဟာနုမာန်သည် ကြံ့ကြံ့ခံနေနိုင်သည်။ အခြားသူများသာဆိုလျှင် လက်ဖဝါး ထိမိသည့်နေရာတွင် သွေးချင်းချင်းနီနေပေရော့မည်။

“သင်းဟာ သံကိုယ်ကျပ်ဝတ်ထားတယ် ခမည်းတော်”

သားတော်မေဃနာဒသည် အံကိုကြိတ်၍ တင်းမာသောလေသံဖြင့် ပြောလေသည်။ သားတော် မေဃနာဒရှိရာ မြားပစ်စင်တွင် ရန်သူပစ်လွှတ်သောလှံတံများသည် ထူထပ်စွာ စိုက်ဝင်နေကြသည်။ သားတော်အား ဤနေရာမှ
လုံးဝမခွာနိုင်စေရန် ရန်သူတို့က တသီးတခြား တာဝန်ယူပိတ်ဆို့ထားကြလေသည်။ ဦးရီးတော်နှင့်ဟာနုမာန်တို့ကား ယခုအခါ တစ်ဦးကိုယ်တစ်ဦး ဆုပ်ကိုင် ဖက်တွယ်လျက် တိုက်ခိုက်နေကြပေပြီ။ သူတို့သည် လုံးထွေးသတ်ပုတ်လျက် ခံတပ်မြေပြင်ကမူထက်မှ လိမ့်ဆင်းသွားကြသည်။ မေဃနာဒသည် နေရာမှ ထလိုက်ပြန်သည်။ လှံတံတစ်ချောင်း ဝင်လာပြန်သည်။ သို့သော် ဤလှံတံကို ကျွန်ုပ်လက်ထဲမှ သံလျက်ဖြင့် ပိုင်းဖြတ်နိုင်လိုက်သည့်အတွက် သားတော်၏အသက်ချမ်းသာရာရသွားသည်။ ဤမျှမကသေး။ လှံတံပစ်လွှတ်ရာနေရာကိုပါ ကျွန်ုပ်သိလိုက်ရလေသည်။ ရန်သူ မက္ကဋသုံးယောက်သည် သစ်ပစ်တစ်ပင်မှနေ၍ သားတော်မေဃနာဒဆီသို့ မလှုပ်နိုင်အောင် လှံတံများ ပစ်လွှတ်နေခြင်းဖြစ်သည်။

ကျွန်ုပ်သည် အနီးတွင်ကျဆုံးနေသည့် ဒြာဝိဒိယန်စစ်သည်တစ်ဦး၏ခါးမှ ဓားမြှောင်ကို ဖြုတ်ယူကာ ထိုသစ်ပင်ဆီသို့ ပေါက်ချလိုက်သည်။ ရန်သူများသည် အသံနက်ကြီးဖြင့် မြည်လျက် အောက်သို့ပြုတ်ကျသွားကြလေသည်။

“ကဲ မေဃနာဒ၊ မင်း မြားပစ်စင်နောက်က ထွက်လို့ရပြီ၊ မင်းရဲ့ဟာနုမာန်ဆီကို သွားတော့လေ”

မေဃနာဒသည်  ကျယ်လောင်စွာ ကြွေးကြော်လျက် ခံတပ်ထိပ်မှ ခုန်ချသွားသည်။ သူ့လက်ထဲတွင် စောစောက သူ့အားမထွက်နိုင်အောင် လုပ်ခဲ့သည့်လှံတံများကို ဆုပ်ကိုင်သွားသည်။ မေဃနာဒသည် ဦးရီးတော်တို့ တိုက်ခိုက်သတ်ပုတ်နေကြသည့်နေရာနှင့် မလှမ်းမကမ်းသို့ ရောက်သွားလေသည်။  ဦးရီးတော်နှင့်ဟာနုမာန်တို့ကား မေဃနာဒရောက်ရှိလာကြောင်း မသိကြသေးပေ။ သားတော်မေဃနာဒအဖို့ သူ့လက်ထဲမှ လှံတံများကို အသုံးမပြုနိုင်သေး။  အကြောင်းမူ ဦးရီးတော်နှင့် ဟာနုမာန်တို့သည် လုံးထွေးနေကြသောကြောင့်ဖြစ်သည်။ ထို့ပြင် သူ့ကိုလည်း ရန်သူတစ်စုက တွေ့မြင်သွားပြီး သူ့ထံသို့ ပြေးဝင်တိုက်ခိုက်ကြသည်။ မေဃနာဒသည် ရန်သူများကို သုတ်သင်ပစ်လိုက်သည်။ သူ့လက်ထဲတွင် လှံတစ်ချောင်းတည်းသာ ကျန်တော့သည်။ လှံတံကိုကိုင်လျက် သူသည် ဟာနုမာန်ကို ထိုးစိုက်ရန် လှည့်ပတ်ချိန်ရွယ်နေရသည်။

ဦးရီးတော်နှင့် ပူးကပ်နေသောကြောင့် အခွင့်မသာပေ။ သို့သော် မေဃနာဒက တစ်စုံတစ်ခု အော်လိုက်ဟန်ရှိသည်။ လုံးထွေးသတ်ပုတ်နေကြသူနှစ်ဦးသည် လူချင်းခွာလိုက်ကြသည်။ ဟာနုမာန်ကို ဦးရီးတော်ထံမှ ကင်းရှင်းစွာ မြင်လိုက်ရသည်နှင့်တပြိုင်နက် မေဃနာဒသည် လှံတံကို ပစ်လွှတ်လိုက်လေသည်။ ဟာနုမာန်ရှောင်တိမ်းလိုက်သည်။ သို့သော် သားတော်၏လှံချက်မှာ လျင်မြန်လွန်းလှသဖြင့် ဟာနုမာန်၏ပုခုံးသို့ ဝင်စွဲလေသည်။ ဟာနုမာန်သာ မရှောင်တိမ်းပါက ဤလှံတံသည် ရင်ဝသို့ ထုတ်ချင်းပေါက်မည်ဖြစ်သည်။ ပခုံးသို့စွဲဝင်သော လှံသည်  ထုတ်ချင်းပေါက်မသွားချေ။

မေဃနာဒ၏စကား မှန်ပေသည်။ ဟာနုမာန်သည် သံကိုယ်ကျပ်ကို ဝတ်ဆင်ထားပေသည်။ သို့သော် သံကိုယ်ကျပ်ကို စိမ့်၍ထွက်လာသည့်  သွေးများကိုပင် ကျွန်ုပ်တို့ တွေ့မြင်နေရသည်။ ဟာနုမာန်၏လက်တစ်ဖက်သည် အင်အားဆုတ်ယုတ်သွားပြီဖြစ်သည်။ ယခုအခါ  မေဃနာဒရော ဟာနုမာန်ပါ လက်နက်များကင်းမဲ့နေကြသည်။ ကိုယ်ကာယပိုမိုကြီးထွားသောဟာနုမာန်နှင့် သားတော်ကို လက်ချည်းသက်သက် မတိုက်ခိုက်စေလိုပေ။ ထို့ကြောင့် ကျွန်ုပ်သည် သားတော်ထံသို့ ဓားတစ်လက် ပစ်ချပေးလိုက်သည်။

“သားတော်မေဃနာဒ ၊ အဲဒီဓားကို ယူဟေ့”

မေဃနာဒသည် ဓားကိုဖမ်းလိုက်သည်။ ဟာနုမာန်မှာမူ လက်နက်မရှိချေ။ ထိုအခိုက်ဝယ် လက်နက်မဲ့နေသော ပခုံးတွင် ဒဏ်ရာရထားသောရန်သူကို  မိမိက လက်နက်ဖြင့်တိုက်ခိုက်ခြင်းအမှုကို ကျွန်ုပ် မလိုလားမရှုဆိတ်ဖြစ်လာသည်။ ဒြာဝိဒိယန်သေနာပတိချုပ်ကို ထိုအနေအထားဖြင့် မတိုက်ခိုက်စေလိုပေ။ ဟာနုမာန်သည် ရန်သူစစ်သူကြီးပင်ဖြစ်သော်လည်း သူရဲကောင်းတစ်ဦးဖြစ်သည်။ ရန်သူကိုသတ်ဖြတ်ရေးမှာ ကျွန်ုပ်ဒသဂီရိ၏အမြတ်နိုးဆုံး  ရည်ရွယ်ချက်ဖြစ်သည်။ သို့သော် ဤမျှနှင့်မပြည်စုံ။ ရန်သူကို သူရဲကောင်းပီသစွာ တိုက်ခိုက်သတ်ဖြတ်ရေး။ လင်္ကာဒီပဘုရင်၏သားတော်၊ လင်္ကာဒီပသေနာပတိချုပ် မေဃနာဒ၏တိုက်ပွဲကိုလည်း သူရဲကောင်းတိုက်ပွဲဖြစ်စေလိုသည်။ အကယ်၍ သားတော်သည် လက်နက်မဲ့သောရန်သူအား ဤအတိုင်း တဖက်သတ်တိုက်ခိုက်မည်ဆိုပါက စစ်ပွဲပြီးလျှင် သားတော်အား သေနာပတိချုပ်အဖြစ်မှ ဖယ်ရှားပစ်မည်ဟု ကျွန်ုပ်စိတ်ကူးလိုက်သည်။

သို့သော် ... ဒသဂီရိ၏သားဖြစ်သော မေဃနာဒသည် ဓားကိုကိုင်လျက် ဟာနုမာန်ကို မတိုက်ခိုက်သေးဘဲ တစ်စုံတစ်ခုပြောဆိုနေသည်ကို ကျွန်ုပ်တွေ့ရသည်။ လက်ထဲမှဓားဖြင့် တစ်စုံတစ်ခုကို ညွန်ပြနေသည်။ ထိုအရာကား
မလှမ်းမကမ်းတွင်သေဆုံးနေသည့် စစ်သည်တစ်ဦးထံမှဓားဖြစ်သည်။ ကျွန်ုပ်သည် သားတော်၏အပြုအမူကို များစွာနှစ်ခြိုက်မိလေသည်။ ဟနုမာန်အား လက်နက်စွဲကိုင်တိုက်ခိုက်ရန် ပြောနေခြင်းပင်ဖြစ်ပေမည်။ သို့သော် ဟာနုမာန်သည် ဓားကိုမကောက်ယူဘဲ မေဃနာဒကို တစ်စုံတစ်ခုပြောနေပြန်သည်။

ထိုအခိုက် မမျှော်လင့်သောအဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာသည်။ ကျောက်တန်းများပေါ်မှ မြင်းစီးစစ်သည်များ စစ်ပွဲနေရာသို့ တစ်ဟုန်ထိုး ပြေးဝင်လာသည်။ ရန်သူတို့သည် မြင်းများကို အသုံးပြုနေကြပေပြီ။ မြင်းခွာသံများ
မြည်ဟည်းလာသည်။ မြင်းစီးစစ်သည်တစ်စုသည် မေဃနာဒတို့ရှိရာသို့ ကဆုန်ဆိုင်းလာသည်။ မြင်းတစ်စီးသည် ဟာနုမာန်ဆီသို့ဝင်လာပြီး ဒဏ်ရာရနေသည့် သူ၏စစ်သူကြီးကို လှံတံရိုး ကမ်းပေးလိုက်သည်။ ဟာနုမာန်သည်
လှံတံကိုဆုပ်ကိုင်၍ မြင်းပေါ်သို့ ခုန်တက်လိုက်လေသည်။ မေဃနာဒက ကဆုန်ချသွားသောမြင်းဆီသို့ ဓားဖြင့်ပေါက်လိုက်ရာ ဟာနုမာန်ကိုလာခေါ်သည့်  မက္ကဋ၏ကျောပြင်ကို  ဓားဝင်စိုက်သည်။  ထိုသူလည်း မြင်းပေါ်မှ လိမ့်ကျလေသည်။ ဟာနုမာန်ကား မြင်းပေါ်တွင်ပါသွားလေသည်။ နောက်ထပ်မြင်းငါးစီးမျှ မေဃနာဒဆီသို့ ကဆုန်ချ ဝင်လာသည်။ ဦးရီးတော်မာရဇ္ဇသည် မေဃနာဒရှိရာသို့ ခုန်ဝင်၍ မေဃနာဒကို တွန်းဖယ်လိုက်သည်။ ထို့နောက် မေဃနာဒနှင့် ဦးရီးတော်တို့သည် ခံတပ်ပေါ်သို့ ပြန်လှည့်လာကြလေသည်။

ရန်သူက  မြင်းကိုအသုံးပြုပြီဖြစ်သဖြင့် ကျွန်ုပ်တို့လည်း ခံတပ်ထိပ်တွင် ချက်ချင်းနေရာပြန်ယူကာ လေးနှင့်မြားကို ပြန်လည်ဆွဲကိုင်ကြတော့သည်။ မက္ကဋစစ်သည်တို့သည် မြင်းစီးလည်းကျွမ်းကျင်ကြလေသည်။ သို့သော် ခံတပ်အတွင်းပြန်ဝင်ရန်  အခွင့်မသာတော့သည့်  ဒြာဝိဒိယန်စစ်သည်များကိုသာ သူတို့သည် မြင်းပေါ်မှ တိုက်ရိုက်သတ်ဖြတ်နိုင်ခဲ့သည်။ ခံတပ်ထိပ်မှ ကျွန်ုပ်၏စစ်သည်များ ပစ်လွှတ်သည့်မြားများအောက်တွင် သူတို့သည် လူရောမြင်းပါ  သေဆုံးကုန်ကြပေသည်။  ခံတပ်တံခါးမုခ်တွင်  ဒြာဝိဒိယန်တို့မရှိတော့ပြီဖြစ်သဖြင့် ရန်သူတို့သည် တံခါးမုခ်ကို သစ်လုံးဖြင့် ထိုးဖောက်ဖျက်ဆီးခွင့်ရသွားကြသည်။ ထို့ကြောင့် ခံတပ်တံခါး ကျိုးပေါက်သွားသည်။

ရန်သူတို့သည် ခံတပ်အတွင်းသို့ ဝင်ရောက်လာကြသည်။ သို့ဖြင့် ခံတပ်အတွင်းဘက် တံခါးဝတွင် ပြင်းထန်သောတိုက်ပွဲ ထပ်မံဖြစ်ပွားပြန်သည်။ အချိန်မှာ ညနေ နေဝင်ချိန်သို့ ရောက်လာပေပြီ။ ခံတပ်အတွင်းသို့ကျွံလာသည့်  ရန်သူမြင်းစီးစစ်သည်တော်ကို သေနင်္ဂပရိယာယ်ဖြင့် ပြောင်းလဲတိုက်ခိုက်ရန် ကျွန်ုပ်စီမံလိုက်သည်။ ဒြာဝိဒိယန်စစ်သည်တို့ကို အစုနှစ်စု ခွဲလိုက်သည်။ ပထမအစုကို ခံတပ်ထိပ်မှာပင်နေစေပြီး လေးနှင့်မြားကို စွဲကိုင်စေသည်။ သူတို့၏တာဝန်မှာ မြင်းပေါ်မှရန်သူတို့ကို တစ်ဦးစီ တည့်မတ်စွာ ချိန်ရွယ်ပစ်လွှတ်ရန်ဖြစ်သည်။ ဒုတိယအစုကိုမူကား ခံတပ်မြေပြင်သို့ဆင်းစေ၍ ဓားကိုဆွဲကိုင်စေလိုက်သည်။ သူတို့၏တာဝန်မှာ လူကိုမဟုတ်ဘဲ မြင်များ၏ခြေထောက်ကို အောက်ခြေမှခုတ်ပိုင်းရန်ဖြစ်သည်။ 

အစတွင် ဤတိုက်ခိုက်မှုသည် ထိရောက်ခြင်းမရှိခဲ့။ ခံတပ်ထိပ်မှပစ်လွှတ်လိုက်သော မြားတံတို့သည် ရန်သူကိုမထိမှန်ဘဲ  လွဲချော်နေခဲ့သည်။ မြင်းများကို ခုတ်ပိုင်းရမည့်သူများမှာလည်း ရန်သူ၏ဓားချက်တွင် ကျဆုံးကြသည်။  သို့သော် နေလုံးပျောက်ကွယ်လုအချိန်တွင်မူ ကျွန်ုပ်၏သေနင်္ဂပရိယာယ်သည် အကျိုးအရာထင်လာသည်။ ခံတပ်၏မြင့်မားသောနံရံထက်တွင် ဝက်ဝံဆီမီးတိုင်များ ထွန်းညှိလိုက်သောအခါ မီးတိုင်မှ အလင်းရောင်သည် မြင်းပေါ်မှ ရန်သူများကို ထင်ရှားစွာ ညွှန်ပြလေသည်။ ထိုအခါ ခံတပ်ထိပ်မှ လေးသည်တော်တို့သည် တိကျသောမြင်ကွင်းများ ရရှိသွားကြသည်။

မီးရောင်သည် အောက်ခြေမြေပြင်တွင် မရှိသောကြောင့် မြင်းပေါ်မှရန်သူသည် အောက်မှဒြာဝိဒိယန်တို့ကို ကောင်းစွာမမြင်ရတော့ချေ။ ဤတွင် ဒုတိယအစုသည် မြေပြင်မှနေပြီး မြင်းများကို ခုတ်ပိုင်းရန် အခွင့်သာသွားလေတော့သည်။ အရှေ့ကောင်းကင်၌ လဆုတ်လပေါ်ထွက်လာချိန်တွင်မူကား ခံတပ်အတွင်းသို့ ကျွံဝင်လာသော ရန်သူမြင်းစီးစစ်သည်များမှာ အတုံးအရုံး သေဆုံးကြလေပြီ။ အရေးနိမ့်လာသောရန်သူတို့သည် သူတို့ထိုးဖောက်
ဖျက်ဆီးထားသော တံခါးမုခ်မှပင် ပြန်၍ ကဆုန်ချ ထွက်ပြေးသွားကြတော့သည်။ ဒုတိယခံတပ်စစ်ပွဲသည် တစ်နေ့ပတ်လုံး ပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် လထွက်ချိန်တွင် ပြီးဆုံးသွားခဲ့ပေပြီ။

ဤတစ်ချိန်တွင်လည်း ရန်သူသည် ရှုံးနိမ့်သွားခဲ့ပြီ။ ဒြာဝိဒိယန်တို့ကပင် အောင်ပွဲခဲလိုက်ပြန်ပြီ။ တံခါးမုခ်ကျိုးပေါက်သွားခဲ့သော်လည်း ရန်သူသည် ခံတပ်ကိုမသိမ်းပိုက်နိုင်ခဲ့။ သို့သော် ကျွန်ုပ်တို့ဘက်မှ ဆုံးရှုံးရသော စစ်သည်များစွာအနက် အရေးပါသောသူရဲကောင်းတစ်ဦးရှိခဲ့သည်။ သူကား ဒုတိယခံတပ် သေနာပတိဂုမ္ဘီကဏ္ဏပင်တည်း။

ဒုတိယစစ်ပွဲမှ ဒဏ်ရာရသူ ကျဆုံးသူအရေအတွက်မှာ ပထမစစ်ပွဲ၏နှစ်ဆဖြစ်သည်။ ရန်သူဘက်မှလည်း ပထမခံတပ်စစ်ပွဲထက် နှစ်ဆခန့်ကျဆုံးသည်။ ကျွန်ုပ်၏သေနာပတိ ဂုမ္ဘီကဏ္ဏသည် ဟာနုမာန၏လက်ချက်ဖြင့် ကျဆုံးရသလို ဂုမ္ဘီကဏ္ဏလက်ချက်ဖြင့် ကျဆုံးသွားသော မက္ကဋဗိုလ်မင်းများ၏အလောင်းများကိုလည်း ခံတပ်တံခါးမုခ်ရှေ့၌ တွေ့ရလေသည်။

ထိုညမှာပင် ကျွန်ုပ်တို့သည် သေနာပတိဂုမ္ဘီကဏ္ဏ၏အလောင်းကို ခံတပ်အတွင်း၌ သဂြိုလ်လိုက်သည်။ မိမိတို့၏သေနာပတိ ကျဆုံးသွားသောကြောင့် ဒြာဝိဒိယန်စစ်သည်များသည် နာကြည်းခက်ထန်နေကြလေသည်။ သားတော်မေဃနာဒနှင့် ဦးရီးတော်မာရဇ္ဇတို့သည် ရန်သူစစ်သူကြီးဟာနုမာန်ကို လက်လွှတ်လိုက်ရသဖြင့် မကျေမချမ်းဖြစ်နေကြသည်။

“သင်းရဲ့သံကိုယ်ကျပ်သာ ဝတ်ဆင်မထားဘူးဆိုရင် သားတော်ရဲ့လှံတံဟာ သင်းရဲ့ပခုံးကို ထုတ်ချင်း ပေါက်သွားမှာပဲ၊ ပြီးတော့ ဘကြီးတော်လည်း ရှိနေတော့ ဘကြီးတော်ကိုငဲ့ပြီး ချက်ကောင်းကို ရွေးနေရတယ်”

“မေဃနာဒရယ်  ...ငါနဲ့လုံးထွေးနေချိန်မှာ မင်းလက်ထဲကလှံတံနဲ့ တို့နှစ်ယောက်လုံးကို ထုတ်ချင်းပေါက်အောင် ပစ်လိုက်ရောပေါ့၊ ငါ့ကိုငဲ့နေစရာမလိုပါဘူး”

ဦးရီးတော်သည် အခဲမကျေသည့်လေသံဖြင့် ပြန်ပြောသည်။

ဂုမ္ဘီကဏ္ဏ၏အလောင်းကို မီးရှို့နေသည့်နေရာမှ မီးရောင်များသည် သူတို့၏မျက်နှာပေါ်တွင် ထင်ဟပ်နေသည်။ မီးရောင်ကြောင့် သူတို့၏မျက်နှာမှာ ကြေးနီရောင်ထနေသည်

"ဦးရီးတော်ရော မေဃနာဒပါ ဒီစစ်ပွဲမှာ ရွပ်ရွပ်ချွံချွံတိုက်ခဲ့ကြပါတယ်၊ ကျုပ် ခံတပ်ထိပ်ကနေပြီး အားလုံးကိုတွေ့နေရတယ်၊ ဘာပဲဖြစ်ဖြစ် ဟာနုမာန်ကိုလည်း ဒဏ်ရာရသွားအောင် သားတော်ကလုပ်လိုက်နိုင်တာပဲ၊ နောက်တစ်ကြိမ်မှာတော့ သူ့ကို အသေသတ်နိုင်မှာပေ့ါ”

“မြင်းစီးစစ်သည်က လာမကယ်ဘူးဆိုရင် သင်း အဲဒီနေရာမှာတင် အသက်ပျောက်မှာပါ”

သားတော်မေဃနာဒသည် ဟာနုမာန်အတွက် မကျေမချမ်းနိုင်ဖြစ်နေပေသည်။

“ဟေ့ .....နေပါဦး မေဃနာဒ၊ ငါ မင်းကို ဓားလှမ်းပေးလိုက်ပြီးနောက်မှာ မင်းက ဓားကိုကိုင်ထားရင်း ဟာနုမာန်ကို ဘာတွေပြောနေတာလဲ”

“သြော်”

မေဃနာဒသည် ပြန်လည်လေးနက်တည်ကြည်သွားလေသည်။

“အဲဒီတုန်းက သားတော်လက်ထဲမှာ ဓားရှိနေတယ်၊ ဟာနုမာန်မှာ ဘာလက်နက်မှမရှိဘူး၊ ပြီးတော့ သူဟာ ပခုံးမှာ ဒဏ်ရာလည်းရထားတယ်၊ လက်နက်မဲ့ဒဏ်ရာရထားသူကို သားတော် မတိုက်ခိုက်လိုဘူး၊ သူဟာ ရန်သူ
စစ်သူကြီးတစ်ယောက်ဖြစ်တယ်၊ သင်းကို သားတော်တွေ့ရာနေရာမှာ အသေသတ်ရမှာဖြစ်ပေမယ့် သူရဲကောင်းအချင်းချင်းရဲ့ ဂုဏ်မြောက်တဲ့ပွဲပဲဖြစ်စေချင်တယ်၊ ဒါကြောင့် ဓားတစ်ချောင်းစွဲကိုင်ဖို့ သားတော်သူ့ကိုပြော
နေခဲ့တာပါ”

“အေး ....ဒီတော့ သူက ....”

“ဟာနုမာန်ဟာ သားတော်ပြောတာကို လက်မခံဘူး၊ သူ့ကိုတိုက်ခိုက်ဖို့နဲ့ ရှုံးနိမ့်သွားရင်လည်း ကျေကျေနပ်နပ် အသက်ဆုံးရှုံးခံမယ်လို့ ပြန်ပြောတယ်၊ အဲဒီအချိန်မှာ မြင်းစီးစစ်သည်တွေ သူ့ကိုလာကယ်တာပဲ”

“သားတော်တစ်ယောက်ကို  ဖခင်တစ်ယောက်က ချီးကျူးတဲ့အနေနဲ့မဟုတ်ဘူး၊ လင်္ကာဒီပဘုရင်က သူ့ရဲ့သေနာပတိချုပ်ကို ချီးကျူးတဲ့အနေနဲ့ မင်းရဲ့သူရဲကောင်းစိတ်နှလုံးကို ငါချီးကျူးပါတယ် မေဃနာဒ၊ မင်းရော ဦးရီးတော်ရော
ဒီတိုက်ပွဲကို နှစ်သိမ့်သင့်ကြပါတယ်။ ငါ့အတွက်တော့ အလိုမပြည့်ဘူး”

“ဘာဖြစ်လို့လဲ ရာဝဏ”

“ကျုပ်ရန်သူ ရာမကို တိုက်ပွဲအစအဆုံး မတွေ့ရဘူး ဦးရီးတော်၊ ဒုတိယတိုက်ပွဲမှာ သင်းပျေက်နေတယ်၊ ရာမရဲ့ညီ လက္ခဏကိုလည်း မတွေ့ရဘူး၊ ကိသကိန္ဒဘုရင် သုခရိတ်ကိုလည်း မတွေ့ရဘူး”

“အင်း  .... ဟုတ်တယ်၊ ဒီတိုက်ပွဲမှာ စစ်သူကြီးဟာနုမာန်တစ်ယောက်တည်း ဦးစီးလာတယ်နဲ့တူတယ်၊ ရာမတို့ညီအကိုနှစ်ယောက်နဲ့ သုခရိတ်ဘုရင်ကို ငါလည်းမတွေ့ဘူး”

ဂုမ္ဘီကဏ္ဏ၏အလောင်းကို မီးသဂြိုလ်နေသည့်နေရာမှ မီးတောက်များသည် အလျှံညီးညီး တောက်လောင်နေကြပြီဖြစ်သည်။ ရန်သူနှင့်မဆုံးဆည်းလိုက်ရခြင်းကို အကြောင်းပြု၍ သစ္စာ​ဖောက်ဘိဘိသနကိုပါ သတိရလိုက်သဖြင့်
ကျွန်ုပ်၏ရင်တွင်း၌ ဒေါသများတောက်လောင်လာသည်။

“ရန်သူဟာ အခု ပထမခံတပ်နဲ့  ဒုတိယခံတပ်ကို  နှစ်ကြိမ်လာရောက်တိုက်ခိုက်သွားပြီး  နှစ်ကြိမ်စလုံး သူတို့ထွက်ခွာသွားရတယ်၊ နောက်တတိယအကြိမ်မှာ သူတို့ ကျန်တဲ့ခံတပ်တွေကို လာတိုက်ပါဦးမလားမသိဘူး .... ရာဝဏ၊
ငါ့အယူအဆကိုပြောရရင်တော့ ကိသကိန္ဒာနယ်စပ်က ရာဝဏခံတပ်ကို သူတို့တိုက်ကောင်းတိုက်လိမ့်မယ်၊ အခုအတိုင်း တတိယ၊ စတုတ္တ၊ ပဉ်စမခံတပ်တွေကို လာတိုက်နေရင် အထိနာပြီး ပြန်ပြန်ဆုတ်ရမှာပဲဆိုတာ သူတို့ တွက်မိကောင်းတွက်မိမယ်။ ကိသကိန္ဒာနယ်စပ် ရာဝဏခံတပ်ဟာ လင်္ကာဒီပနဲ့ အဝေးဆုံးဖြစ်ပေမယ့် အင်အားအတောင့်တင်းဆုံးမဟုတ်လား၊ ပြီးတော့ ဒီခံတပ်ပေါက်သွားရင်လည်း ကျန်တဲ့ခံတပ်တွေကို အလွယ်တကူသိမ်းပိုက်နိုင်တော့မှာကို ဟိုသစ္စာဖောက်ဆီက သူတို့ သိပြီးကောင်းသိပြီးလိမ့်မယ်”

ဦးရီးတော်၏အယူအဆသည် ကျိုးကြောင်းဆီလျော်သင့်မြတ်လှပေသည်။ သစ္စာဖောက်ဘိဘိသန ရန်သူထံ၌ရောက်ရှိနေခြင်းကား ကျွန်ုပ်တို့အတွက် လွန်စွာရှုပ်ထွေးသော သေနင်္ဂဗျူဟာများကို ဖြစ်ပေါ်စေသည်။ ဘိဘိသနသည်
ရန်သူကို အဘယ်သို့သောအစီအစဉ်များ ပေးမည်ကို ကျွန်ုပ်တို့ အမျိုးမျိုးဆင်ခြင်စဉ်းစားကြရပေသည်။ ယခုထိမူ သင်း၏အကြံအစည်များ မအောင်မြင်ခဲ့။ သို့သော် စစ်ပွဲတစ်ပွဲပြီးတိုင်း နောက်တစ်ကြိမ်တွင် ရန်သူသည် မည်သည့်
အစီအစဉ်ဖြင့် လာရောက်မည်နည်းဆိုသည်ကို ကျွန်ုပ်တို့တွက်ချက်နေရသည်။ ထို့ပြင် စစ်ပွဲဖြစ်ပေါ်နိုင်မည့် နေရာတိုင်းသို့လည်း ကျွန်ုပ်နှင့်သားတော်တို့ လိုက်၍ဦးစီးကွပ်ကဲနေရန်လည်း မဖြစ်နိုင်ချေ။

“မှန်တယ်ဦးရီးတော်၊ တတိယအကြိမ်စစ်ပွဲဟာ ရာဝဏခံတပ်မှာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမယ့် မုချကျိန်းသေတွက်လို့ မဖြစ်သေးဘူး။ ကျုပ်တို့ တစ်ခုပဲ သေသေချာချာပြောနိုင်တယ်၊ အဲဒါကတော့ ခံတပ်ကိုးခုအနက်က တစ်ခုခုမကျိုးပေါက်ဘဲနဲ့တော့ ရန်သူဟာ လင်္ကာဒီပမြေပြင်ကို တစ်ဆံခြည်မျှ ချဉ်းနင်းဝင်ရောက်လို့ရမှာ မဟုတ်ဘူးဆိုတာပဲ။ ဒီတော့ နောက်ရင်ဆိုင်ရမယ့်စစ်ပွဲတွေအတွက် ကျုပ်တို့ခံတပ်အားလုံးက သေနာပတိတွေအားလုံးကို  ဒီကိုဆင့်ခေါ်ရမယ်၊ အမြန်ဆုံးဆွေးနွေးစီစဉ်ပြီး ရန်သူရဲ့သေနင်္ဂဗျူဟာကို စစ်မျက်နှာတိုင်းမှာ ခုခံချေမှုန်းဖို့ အဆင်သင့်ဖြစ်ဖို့လုပ်ရလိမ့်မယ်”

“ခမည်းတော်ပြောတာဟုတ်ပါတယ်၊ သစ္စာဖောက် ဘထွေးတော်ရဲ့ အကြံအစည်ဟာ ဘယ်လိုပုံစံမျိုးနဲ့ ဘယ်နေရာမှာ ပေါ်ပေါက်လာမယ်ဆိုတာ မပြောနိုင်ဘူး၊ ဒါကြောင့် အချိန်မရွေး အမြဲအဆင်သင့်ဖြစ်နေနိုင်အောင် ဆွေးနွေးစီစဉ်သင့်ပါတယ်”

“ကောင်းပြီ ကျန်တဲ့ခံတပ်တွေက သေနာပတိတွေအားလုံး ဒီကို အမြန်ဆုံးလာရောက်ဖို့ ဆင့်ခေါ်လိုက်၊ ငါ ရန်သူအသားဝါမင်းသားနဲ့ကတော့ စစ်ပွဲတစ်ပွဲမဟုတ် တစ်ပွဲမှာ တွေ့ရမှာပဲ၊ ငါကတော့ စစ်ပွဲတိုင်းကို လိုက်ပါနေရမယ်၊ မင်းနဲ့ ဦးရီးတော်ကိုတော့ ခွဲခြားတာဝန်ပေးရမယ်၊ ကဲ .... အနားယူကြ”

သေနာပတိများအားလုံးနှင့် ဆွေးနွေးစီစဉ်ရန်ရက်ကို ဒုတိယခံတပ်တိုက်ပွဲအပြီး နှစ်ရက်မြောက်နေ့တွင် ပြုလုပ်ရန်စီစဉ်ခဲ့သည်။ သို့သော် ဆွေးနွေးပွဲကို မပြုလုပ်ဖြစ်ခဲ့ချေ။ ခံတပ်တိုက်ပွဲအပြီး တစ်ရက်အကြာတွင် လင်္ကာဒီပမှမြင်းသည်တော်တစ်ဦး ရောက်လာပေသည်။ မြင်းသည်တော်သည် ခံတပ်အတွင်းသို့ မြင်းကိုဒုန်းစိုင်းဝင်ရောက်လာပြီး ကျွန်ုပ်ရှိရာတဲနန်းသို့ ပြေးလာလေသည်။

“ဘုရင်မင်းမြတ်  ...  ၊  လင်္ကာဒီပနန်းတော်ကို ရန်သူငါးယောက် တိတ်တဆိတ်ဝင်လာပြီး မီးရှို့သွားပါတယ်၊ သီတာဒေဝီကို ခိုးယူဖို့ကြိုးစားကြပါတယ်၊ ရန်သူသုံးယောက်ကျဆုံးပြီး နှစ်ယောက်ထွက်ပြေး လွတ်မြောက်သွားပါတယ်”

“ဘာ”

“သီတာဒေဝီကိုတော့ သူတို့ခိုးယူမသွားနိုင်ခဲ့ပါဘူး၊ ဒါပေမယ့် ...”

“ပြောစမ်း ..... မြန်မြန်”

“ရွှေလှောင်အိမ်ပျက်စီးသွားပြီး သော်ကဥယျာဉ်စောင့်တပ်မှုး ကျဆုံး ...”

“သားတော်မေဃနာဒ လိုက်ခဲ့၊ ဦးရီးတော်နေရစ်ခဲ့၊ သေနာပတိတွေရောက်လာရင် ကျုပ်ပြန်လာတဲ့အထိစောင့်”

စစ်မြင်းဆယ်ကောင်က ရထားကို လင်္ကာဒီပသို့ အပြင်းမောင်းနှင်လာခဲ့လေသည်။

* * *

သီတာဒေဝီကိုချုပ်နှောင်ထားရာ ရွှေလှောင်အိမ်တံခါးသည် ကျိုးပဲ့ပျက်စီးနေသည်။ အထဲတွင် သီတာဒေဝီမရှိချေ။ သောကဥယျာဉ်မှ သစ်ပင်အချို့ မီးလောင်ကျွမ်းနေသည်။ သော်ကဥယျာဉ်နှင့်ဆက်စပ်နေသော လင်္ကာဒီပနန်းတော် မြောက်ဘက်အဆောင်တစ်ခုလုံးသည်  မီးလောင်ကျွမ်းထားလေသည်။  မီးကျွမ်းနေသောပြသာဒ်အမိုးများနှင့် တိုင်လုံးများမှာ ကျွန်ုပ်ကို ကျက်သရေကင်းမဲ့စွာ ဆီးကြိုနေသည်။

“ဟေ့ ..... သီတာဒေဝီဘယ်မှာလဲ”

“ဂန္ဓမာလာသားရဲတွင်းကို ရွှေ့ပြောင်းချုပ်နှောင်ထားပါတယ် ဘုရင်မင်းမြတ်”

ဂန္ဓမာလာသားရဲတွင်းဆီသို့ ကျွန်ုပ် ရထားကိုမောင်းနှင်ခဲ့ရပြန်သည်။ သားရဲတွင်းရှိ ရွှေလှောင်အိမ်ထဲမှ ခြင်္သေ့တို့သည် ကျွန်ုပ်၏ရထားသံကြောင့် ကျယ်လောင်စွာ ဟိန်းဟောက်လေသည်။ စစ်မြင်းများမှာ ခြင်္သေ့သံကြောင့် တဟီးဟီးအော်မြည်လျက် ခုန်ပေါက်နေကြသည်။ ကျွန်ုပ်သည် မေဃနာဒနှင့်အတူ သားရဲတွင်းထဲသို့ ဝင်ခဲ့သည်။ သီတာဒေဝီသည်  ကြီးမားသော ??လှောင်အိမ်ထဲ နေရောင်ထိသောပန်းတစ်ပွင့်နှယ်  နွမ်းနယ်ဖျော့တော့စွာ လဲကျနေသည်။ သူ့အနီးတွင် ကျွန်ုပ်တာဝန်ပေးထားသည့် ရံရွေများ ဝိုင်းအုံပြုစုနေကြသည်။

“သွား... အားလုံးထွက်သွားကြစမ်း၊ သားရဲတွင်းထဲကို ရွှေ့ပြောင်းထားပြီး ထိတ်လန့်သွားအောင်လုပ်ထားပြီးမှ ပြုစုနေကြသလား၊ ဘယ်မလဲဟေ့ သားရဲတွင်းစောင့်”

“ရှိပါတယ် ဘုရင်မင်းမြတ်”

“သီတာဒေဝီကို ဒီနေရာထားဖို့ မင်းကိုဘယ်သူကခွင့်ပေးလဲ”

“သော်ကဥယျာဉ် ဒုတိယတပ်မှုးပါ ဘုရင်မင်းမြတ်”

“သွား ....ငရဲသားတွေ၊ မင်းနဲ့ အဲဒီဒုတိယတပ်မှုး အပြင်မှာစောင့်နေ၊ သီတာဒေဝီဟာ အကျဉ်းသားမဟုတ်ဘူး၊ သူဟာ လှပနုနယ်တဲ့မိန်းမသားတစ်ယောက်၊ သူ့ကို ဒုက္ခရောက်အောင် ချုပ်နှောင်ထားတဲ့အတွက် မင်းတို့ဒုက္ခရောက်ရမယ်”

သားရဲတွင်းစောင့်သည် ထွက်ပြေးသွားသည်။ သီတာဒေဝီကား ညောင်စောင်းကျောက်သလွန်ပေါ်တွင် လဲကျနေလေသည်။

“သီတာဒေဝီ”

သီတာဒေဝီသည် ကျွန်ုပ်အသံကို မကြားနိုင်တော့၊ ထိတ်လန့်မှုများဖြင့် မေ့မျောနေပြီဖြစ်သည်။

“သူ့ကိုမေးလို့ရမှာ မဟုတ်တော့ဘူး ခမည်းတော်၊ ထိတ်လန့်တုန်လှုပ်စရာ ကြုံတွေ့ခဲ့လို့ သူ အကြောက်ကြီးကြောက်ပြီး မေ့မျောနေပြီ”

သားတော်မေဃနာဒက ပြောသည်။ ကျွန်ုပ်သည် သီတာဒေဝီကို  နန်းတော်ဆောင်ဆီသို့ ခေါ်လာခဲ့သည်။ ပူပြင်းသောနေနှင့် ထိတွေ့သည့်ပမာ ညိုးငယ်သွားသော အလှဆုံးပန်းပွင့်သည် ကျွန်ုပ်ရင်ခွင်၌ မိန်းမောပျော့ခွေနေရှာပေသည်။ နန်းတော်ဆောင်အတွင်း စက်ရာပေါ်တွင် သီတာဒေဝီကိုချထားလိုက်ပြီး အဆောင်တော်ဝန်နှင့် ကိုယ်လုပ်တော်များကို မှာကြားအပ်နှံခဲ့ပြီးမှ ကျွန်ုပ်နှင့်မေဃနာဒသည် မီးလောင်ကျွမ်းသွားသော မြောက်ဘက်နန်းတော်ဆောင်ရှိရာသို့ ပြန်လာခဲ့ကြသည်။ 

ရွှေလှောင်အိမ်သည် ကျိုးပဲ့ပျက်စီးနေသည်။  မီးလောင်ထားသော သစ်ပင်များသည် အပူငွေ့မသေကြသေးသဖြင့် ထိုနေရာတဝိုက်တွင် ပူလောင်နေဆဲဖြစ်သည်။ သော်ကဥယျာဉ်ဒုတိယတပ်မှုးသည် တပ်မှုး၏အလောင်းကို ကျွန်ုပ်ရှေ့မှောက်သို့ ချလိုက်သည်။ သူ့ကိုယ်မှ သွေးများသည် မြက်ခင်းပေါ်သို့စီးကျနေသည်။

“တိရိစ္ဆာန်တွေ ..... ငရဲသားတွေ၊ ပြောစမ်း ..... ဘယ်လိုဖြစ်ကြသလဲ”

“မနေ့ည  သန်းလွဲအချိန်မှာ မြောက်ဘက်ဆီက တဝုန်းဝုန်းအသံများ ကြားလိုက်ရပြီးနောက် မီးတောက်ကြီးတွေထလာပါတယ် ဘုရင်မင်းမြတ်၊ ကျွန်ုပ်က သော်ကဥယျာဉ်မုခ်ဝမှာ အစောင့်များကို စစ်ဆေးနေပါတယ်၊ တပ်မှူးလည်း အတူရှိနေပါတယ်၊ မီးလျှံများကြီးမားလွန်းတာကြောင့် တပ်မှူးနဲ့တကွ ကျွန်ုပ်တို့အားလုံး မြောက်ဘက်အဆောင်ရှိရာကို ပြေးသွားကြပါတယ်၊ မီးတောက်ကြီးများဟာ မြောက်ဘက်အဆောင်ရဲ့ပတ်ပတ်လည်မှာ တစ်ခုပြီးတစ်ခုတောက်လောင်နေပါတယ်။  မီးရောင်ထဲမှာ မီးတုတ်တွေကိုင်ပြီး ပြေးလွှားမီးရှို့နေကြတဲ့ ရန်သူမက္ကဋစစ်သည်ငါးယောက်ကို တွေ့ကြရပါတယ်။ ကျွန်ုပ်တို့နဲ့ ရင်ဆိုင်တိုက်ခိုက်ကြပါတယ်၊ မီးကိုငြိမ်းသတ်သူများက ငြိမ်းသတ်ကြပါတယ်။ မီးတောက်တွေကြားထဲမှာ ရန်သူဟာ မျောက်ဝံတွေရဲ့လျင်မြန်မှုမျိုးနဲ့ ပြေးလွှားခုခံကြပါတယ်။ ကျွန်ုပ် မက္ကဋတစ်ယောက်နဲ့တိုက်နေတုန်းမှာ တပ်မှူးဟာ သော်ကဥယျာဉ်ဘက်ဆီပြေးသွားတာ တွေ့လိုက်ရပါတယ်။ နောက်တော့သိရတာက သူဟာ သော်ကဥယျာဉ်ထဲက သီတာဒေဝီကိုချုပ်လှောင်ထားတဲ့ ရွှေလှောင်အိမ်ဆီပြေးသွားတဲ့ မက္ကဋတစ်ယောက်နောက်ကို လိုက်လံတိုက်ခိုက်တာဖြစ်ပါတယ်။ ရန်သူသုံးယောက်ကျဆုံးပြီးနောက်မှာ သော်က
ဥယျာဉ်ဆီက အော်သံဓားခုတ်သံများကြရလို့ ကျွန်ုပ်တို့ သော်ကဥယျာဉ်ဘက် ပြန်ပြေးလာခဲ့ကြပါတယ်”

“ဒီအချိန်မှာ ရွှေလှောင်အိမ်ဟာ ပျက်စီးပြီးပွင့်နေပြီပေါ့ ဟုတ်လား”

မေဃနာဒက ဝင်မေးလိုက်သည်။

“ဟုတ်ပါတယ် သေနာပတိချုပ်၊ ကိုယ်ခန္ဓာကြီးမားတဲ့မက္ကဋတစ်ယောက်ဟာ သီတာဒေဝီကို ပခုံးပေါ်ထမ်းပြီး ရွှေလှောင်အိမ်ထဲကထွက်အလာ ကျွန်ုပ်တို့စစ်သည်များနဲ့ ရင်ဆိုင်တိုးမိကြပါတယ်၊ ဒီအချိန်မှာ စောစောကမသေဘဲလွတ်သွားတဲ့ မက္ကဋတစ်ယောက်ရောက်လာပြီး သူ့လူကိုအကူအညီပေးပါတယ်။ သီတာဒေဝီကို ပခုံးပေါ်ထမ်းချီလာတဲ့ မက္ကဋဟာ တစ်ဖက်ပခုံးမှာ ဒဏ်ရာရထားတယ်နဲ့တူပါတယ်။ သူ့ကျန်လက်တစ်ဖက်ဟာ လက်နက်ကို အတော်ကြိုးစားပြီး ကိုင်နေရတာကိုတွေ့ရပါတယ်၊ သီတာဒေဝီရှိနေတဲ့အတွက် သူ့ကိုတိုက်ခိုက်ဖို့ အခွင့်မသာပါဘူး၊ နောက်ဆုံးမှာတော့ သူ့တို့ သီတာဒေဝီကို ပြန်ချထားခဲ့ပြီး လက်လွတ်ထွက်ပြေးသွားကြပါတယ်။ မြောက်ဘက်ဆောင်ကိုစွဲနေတဲ့မီးဟာ နန်းတော်တစ်ခုလုံးကို ကူးစက်လောင်ကျွမ်းသွားမှာစိုးရိမ်တာမို့ သီတာဒေဝီကို နေရာရွှေ့ပြောင်းဖို့နဲ့ မီးငြိမ်းသတ်ဖို့ပဲ အားလုံးအလုပ်များနေပါတယ်၊ မြောက်ဘက်ဆောင်မီးကြောင့် နန်းတော်တစ်ခုလုံးလည်းလှုပ်လှုပ်ရွရွ ပြေးလွှားအော်ဟစ်နေကြတာမို့ ရန်သူဟာ ဒါကိုအခွင့်ကောင်းယူပြီး ထွက်ပြေးလွတ်မြောက်သွားနိုင်ခဲ့ပါတယ်”

သားတော်မေဃနာဒသည် ဒုတိယခံတပ်မှုး၏ဝတ်ရုံစကို တင်းကျပ်စွာဆုပ်ကိုင်ရင်း ပြင်းထန်စွာ လှုပ်ခါလိုက်သည်။

“သီတာဒေဝီကို ပခုံးပေါ်ထမ်းချီတဲ့မက္ကဋဟာ တစ်ဖက်ပခုံးမှာ ဒဏ်ရာရထားတယ် ဟုတ်လား။ ပြောစမ်း၊ သူ့အသွင်သဏ္ဍာန်ကိုပြောစမ်း”

“ဟုတ်ပါတယ် သေနာပတိချုပ်၊ သူ ...... သူဟာ အင်မတန်မှ ကိုယ်ခန္ဓာကြီးထွား ......”

မေဃနာဒသည် ဒုတိယတပ်မှူးကို ဆောင့်တွန်းလိုက်ပြီး ရွှေလှောင်အိမ်ရှိရာသို့ တစ်ဟုန်ထိုးပြေးသွားသည်။ ထို့နောက် လှောင်အိမ်အတွင်းသို့ တစ်စုံတစ်ခုကိုရှာဖွေ​နေသည်။ ကျွန်ုပ်လည်း လှောင်အိမ်အတွင်းသို့ ဝင်လိုက်သည်။
သားတော်မေဃနာဒ စူးစိုက်ကြည့်နေသည့် ရွှေလှောင်အိမ်အခင်းပေါ်သို့ ကျွန်ုပ်ငုံ့ကြည့်လိုက်သည်။ မီးသွေးဖြင့်ရေးခြစ်ထားသော စာကြောင်းများ.....။

“သင့်လက်ချက်နဲ့ ကျွန်ုပ်ပခုံးမှာဒဏ်ရာရထားတဲ့အတွက် သီတာဒေဝီကို ပြန်လည်ခေါ်ဆောင်ရန် အကြံမအောင်ဖြစ်ရသည်။ သူရဲကောင်းပီသသောသင့်ကို စစ်ပွဲ၌ထပ်မံတွေ့ဆုံရန် ကျွန်ုပ်စောင့်စားနေမည်”

“တောက် ...”

မေဃနာဒသည် ပြင်းထန်စွာတောက်ခေါက်လိုက်ပြီး ရွှေလှောင်အိမ်သံတိုင်များကို အငြိုးကြီးစွာ ဆွဲကိုင်ခါယမ်းနေလေသည်။ အခြေအနေအားလုံးကို ကျွန်ုပ်တွက်ချက် နားလည်လိုက်လေပြီ။ ကျွန်ုပ်နှင့်တကွ သားတော်၊ ဦးရီးတော်နှင့် သေနာပတိများ ခံတပ်များတွင် စစ်ရေးပြင်ဆင်နေချိန်၊ မမျှော်လင့်သောအချိန်တွင် ဟာနုမာန်သည် လင်္ကာဒီပသို့ တိတ်တဆိတ်ဝင်ရောက်ပြီး သီတာဒေဝီကိုခိုးယူရန် ကြံစည်ခြင်းပေတည်း။ သီတာဒေဝီကို ရွှေလှောင်အိမ်ထဲမှထုတ်၍ ခိုးယူရန်အတွက် နန်းတော်မြောက်ဘက်ကို မီးရှို့ကာ စစ်သည်များကို မီးလောင်သည့်နေရာသို့ အာရုံပြောင်းအောင်ပြုလုပ်ခြင်းဖြစ်သည်။ သို့သော် သော်ကဥယျာဉ်စောင့်တပ်မှူးနှင့် တွေ့ဆုံပြီး တပ်မှူးကအသေခံတိုက်သဖြင့်
သင်း၏အကြံမအောင်မြင်ဘဲဖြစ်သွားရသည်။ သို့ဖြင့် ဟာနုမာန်သည် သားတော်မေဃနာဒထံစာရေးထားခဲ့ပြီး လက်လွတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။

“မျောက်ဝံတွေဟာ ပရိယာယ်အမျိုးမျိုးသုံးပြီး တိုက်ခိုက်နေပါပကော မေဃနာဒ”

“ဟုတ်တယ် ခမည်းတော်ဘုရင်မင်းမြတ်၊ ခံတပ်တိုက်ပွဲတွေကို ဆင်နွှဲနေမယ့်အစား သားတော်ကိုယ်တိုင် ကိသကိန္ဒာကိုချီတက်ပြီး သင်းတို့အားလုံးကို လုပ်ကြံဖို့သင့်နေပြီ”

“ကိသကိန္ဒာကို သွားချင်ရင် ငါသာသွားတော့မပေါ့ မေဃနာဒ၊ ရာမကျဆုံးသွားရင် အားလုံးပြီးစီးချုပ်ငြိမ်းသွားမှာပဲမဟုတ်လား” 

နန်းတော်တွင် သတိမေ့မျောနေခဲ့သော သီတာဒေဝီကို ကျွန်ုပ် သတိရလိုက်သည်။ ထို့ကြောင့် မေဃနာဒအား ထားခဲ့ပြီး နန်းတော်ဆောင်သို့ပြန်လာခဲ့လေသည်။ ယမန်နေ့ညက မြောက်နန်းတော်ဆောင်ကို မီးလောင်ခဲ့ခြင်း၊  မီးတောက်များကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း၊ မိမိ၏ရွှေလှောင်အိမ်အပြင်ဘက်တွင် ဟာနုမာန်နှင့်သော်ကဥယျာဉ်တပ်မှူးတို့ အသေအကြေတိုက်ခိုက်သည်ကို တွေ့မြင်ခဲ့ရခြင်း၊ ကြောက်မက်ဖွယ်သားရဲတွင်း၌ တစ်ညလုံးလုံး နေခဲ့ရခြင်း စသည့်အဖြစ်အပျက်များကြောင့် သီတာဒေဝီသည် နှလုံးသွေးပျက်မတတ် ကြောက်ရွံ့တုန်လှုပ်ခဲ့ရှာပေမည်။ လင်္ကာဒီပသို့ရောက်သည့်နေမှစပြီး နှလုံးစိတ်ဝမ်း မချမ်းမြေ့ဖွယ်အဖြစ်သနစ်များကိုချည်း တွေ့ကြုံခဲ့ရသောသီတာဒေဝီသည် ကျွန်ုပ်အပေါ်တွင်လည်း အမုန်းတရားများ တစ်ရစ်ပြီးတစ်ရစ် နှောင်ဖွဲ့ချေတော့မည်။ သူ၏အမုန်းကို ကျွန်ုပ်လက်မခံနိုင်၊ လက်မခံရဲ။ ထို့ကြောင့် သူ့ကိုသွားရောက်တွေ့ဆုံရန် ကျွန်ုပ်စိတ်ဝယ် နှောင့်နှေးနေခဲ့သည်။ သို့သော်လည်း ခြေလှမ်းများကမူ သူရှိရာနန်းတော်ဆောင်သို့သာ ရွေ့လျားနေကြသည်။ ခက်ထန်နာကြည်းနေသော အလှကို ကျွန်ုပ်ရင်ဆိုင်ရချေဦးတော့မည်။ နန်းဆောင်တံခါးဝ၊ ရွှေခြည်ဖောက်ခန်းဆီးကို  ဖယ်ရှားလိုက်သည်နှင့် ညောင်စောင်းပေါ်တွင် နွမ်းလျစွာလဲလျောင်းနေသည့်အလှကို တွေ့လိုက်ရသည်။ သီတာဒေဝီသည် သတိပြန်ရလာပြီဖြစ်သည်။ သို့သော် သူ့အသွင်ကား ညိုးငယ်နွမ်းလျလွန်းလှသည်တကား။

“သီတာဒေဝီ၊ မင်း လင်္ကာဒီပကိုရောက်တဲ့နေ့ကစပြီး မင်းကို အကျဉ်သားလိုမထားခဲ့ဘူးဆိုတာကို မင်းအသိပါ။ စောစောက ကျုပ်ရဲ့မိုက်မဲတဲ့စစ်သည်အချို့ကြောင့် မင်း သားရဲတွင်းသမင်လှောင်အိမ်ထဲရောက်ခဲ့တာကို ကျုပ်တောင်းပန်ပါတယ်၊ မင်းကို မညှာမတာ အကျဉ်းသားလို  အကျဉ်းချခဲ့တဲ့သူတွေအားလုံးကို ကျုပ် ပြင်းထန်တဲ့အပြစ်ပေးလိုက်ပါမယ်၊ ကျုပ် .........”

“လင်္ကာဒီပဘုရင် ...”

သီတာဒေဝီသည် ကျွန်ုပ်စကားမဆုံးမီမှာပင် တုန်ယင်နွမ်းလျသောအသံဖြင့် ကျွန်ုပ်အား ခေါ်လိုက်လေသည်။ ဤအသံသည် ကျွန်ုပ်အား ယခုဆင်နွှဲနေရသည့် စစ်မက်ရေးရာများနှင့် ကြမ်းတမ်းသောတိုက်ပွဲများကြောင့်ဖြစ်ပေါ်ရသည့် မနှစ်မြို့ဖွယ်ပြသနာများအားလုံးကို မေ့ဖျောက်နိုင်စေသည့်အသံပင်တည်း။ သီတာဒေဝီထံမှ ချိုသာနူးညံ့သောခေါ်သံကို ကျွန်ုပ် မကြားစဖူး ပထမဆုံးအကြိမ်ကြားရခြင်းပေတည်း။

“လင်္ကာဒီပဘုရင်၊ အခုခံတပ်တိုက်ပွဲမှာ အသက်ပေါင်းများစွာဆုံးရှုံးရပြီလို့ ကျွန်မကြားသိရပါတယ်၊ မနေ့ညအဖြစ်အပျက်မှာလည်း ထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေကို ကျွန်မကြုံခဲ့ရပါတယ်၊ ဒါတွေဟာ ကျွန်မကြောင့်ဖြစ်ရတာမဟုတ်လား လင်္ကာဒီပဘုရင်”

သူ့လေသံနွမ်းလျသည်နှင့်အမျှ သူ့မျက်နှာသွင်ပြင် ညိုးငယ်လှချေသည်။ ကျွန်ုပ်သည် သနားစဖွယ်ဖြစ်သော ထိုအလှနှင့် ထိုအသံတို့၏ ပထမဆုံးအကြိမ် နူးညံ့ချိုသာမှုအပေါ် ဆွတ်ပျံ့လှုပ်ရှားလာမိပေသည်။

“လင်္ကာဒီပဘုရင်... ရှင်ဟာ ဘုန်းလက်ရုံးနဲ့ပြည့်စုံတဲ့ဘုရင်တစ်ပါးပါ။ ပြီးတော့ ရဲရင့်တဲ့စစ်သည်တော်တွေ၊ မြေဆီသြဇာကြွယ်ဝတဲ့သီးနှံတွေနဲ့ ခမ်းနားလှပတဲ့ နန်းတော်စည်းစိမ်တွေကိုပိုင်ဆိုင်တဲ့ ဘုရင်တစ်ပါးပါ၊ ဒြာဝိဒိယန်တွေဟာ ရဲစွမ်းသတ္တိနဲ့ပြည့်စုံပြီး ???အိန္ဒုဒေသနဲ့အဖိုးတန်လူသားတွေပါ။ ဒီလိုခမ်းနားဝေဆာတဲ့ကမ္ဘာလောကမှာ သီတာဒေဝီဆိုတဲ့မိန်းမသားတစ်ဦးကို အကြောင်းပြုပြီး ရှင်ဒုက္ခရှာဖွေနေတော့မှာလားဟင် ...”

တသွင်သွင်စီးဆင်းနေသော စမ်းရေစီးသံကို အလျဉ်ပြတ်တောက်သွားမည်စိုးသဖြင့် ကျွန်ုပ် ဘာမှမပြောဘဲနေလိုက်သည်။

“ကျွန်မ လင်္ကာဒီပဘုရင်မင်းမြတ်ကို  တောင်းပန်ပါတယ်၊ အသက်ပေါင်းများစွာ ဘေးဒုက္ခပေါင်းများစွာ ကျွန်မကိုအကြောင်းပြုပြီး မပေါ်ပေါက်ပါစေနဲ့တော့ ဘုရင်မင်းမြတ်”

ကျွန်ုပ် စကားပြန်မပြော၍မဖြစ်တော့ချေ။ ကျွန်ုပ်၏နှလုံးအိမ်အတွင်းမှအရာကို မသိသားဆိုးဝါးလှသည့်အဖြစ်ကို ကျွန်ုပ် သည်းမခံနိုင်တော့ပေ။ သီတာဒေဝီအား ကျွန်ုပ်တစ်ခါမျှမပြောခဲ့ဖူးသည့် စကားတို့ကို ပြောရပေတော့မည်။

“ကျုပ်ရဲ့နှလုံးအိမ်ထဲက အချစ်ကို ဖျက်ဆီးမယ့်အန္တရာယ်တွေအပေါ်မှာ ကျုပ်က လျစ်လျူရှုထားရမလား သီတာဒေဝီ၊ အပြင်မှာဖြစ်နေတဲ့ စစ်ပွဲတွေနဲ့ ဆုံးရှုံးနေတဲ့အသက်တွေကို မင်းမြင်ပေမယ့် ကျုပ်ရဲ့နှလုံးကိုတိုက်ခိုက်တဲ့စစ်ပွဲကိုတော့ မင်းမမြင်တော့ဘူးလား၊ ဒါကို မင်းမမြင်နိုင်ဘူးလား”

သီတာဒေဝီသည် အလွန်စိတ်ပျက်အားငယ်သောအမူအရာဖြင့် နန်းဆောင်အပြင်ဘက်သို့ ငေးမျှော်နေလေသည်။

“ပြောစမ်းပါသီတာဒေဝီ၊ ဘီလူးလိုကြမ်းတမ်းခက်ထန်တယ်ဆိုတဲ့ လင်္ကာဒီပဘုရင်ရဲ့ ..... ကျုပ်....ကျုပ်ရဲ့ ... အချစ်ကို..... မင်း ထည့်မစဉ်းစားတော့ဘူးလား၊ မျိုးနွယ်စုချင်းတိုက်ခိုက်ကြတဲ့ စစ်ပွဲတွေကိုပဲ မင်း စိုးရိမ်ပူပန်နေသလား”

သီတာဒေဝီသည် လှပစွာ ဦးခေါင်းကိုခါယမ်းလိုက်လေသည်။

“လင်္ကာဒီပဘုရင်...အဲဒီအချစ်ကြောင့်ပဲဖြစ်ဖြစ် လေးတင်ပွဲကြောင့်ပဲဖြစ်ဖြစ် ကျွန်မဟာ ဒသရဋ္ဌဘုရင်ရဲ့ချွေးမတော်ဖြစ်နေပါပြီ။ ပြီးတော့လည်း ကျွန်မဟာ အာရိယန်တစ်ယောက်ပါ။ လက်ထပ်ထိမ်းမြားပြီးဖြစ်တဲ့ အာရိယန်မိန်းမတစ်ဦးကို အကြောင်းပြုပြီး ဒြာဝိဒိယန်ဘုရင်တစ်ပါးဟာ အမှတ်မဲ့ သတိလက်လွတ်ဖြစ်သွားခဲ့တယ်ဆိုရင်၊ ဒါကြောင့် ပြင်းထန်တဲ့စစ်ပွဲတွေ ဖြစ်ပွားရတယ်ဆိုရင်အားလုံးအတွက်  ကျွန်မနှလုံးသည်းပွတ် ကွဲကြေရပါလိမ့်မယ်။ အိန္ဒုရာဇဝင်မှာ သီတာဒေဝီဆိုတဲ့အမည်ဟာ အရုပ်ဆိုးအကျည်းတန်စွာ ကမ္ဗည်းတင်ကျန်ရစ်တော့မယ်။ လင်္ကာဒီပဘုရင်ဟာလည်း......”

“တော်... တော်ပါ သီတာဒေဝီ၊ အရုပ်ဆိုးအကျည်းတန်မှုဆိုတာ မင်းနဲ့လုံးဝမသက်ဆိုင်တဲ့ကိစ္စပါ၊ အားလုံးဖြစ်ရပ်တွေဟာ မင်းနဲ့မဆိုင်ပါဘူး၊ ဒီရှုပ်ထွေးတဲ့ မျိုးနွယ်စုအရေးတွေကို မင်းတွေးမနေပါနဲ့”

“မောင်တော်ရာမ”ဟု သူ ယခင်က အမြဲတမ်းခေါင်းမာစွာအသုံးပြုခဲ့သည့်စကားလုံးကို တမင်ရှောင်ဖယ်လျက် အခြားစကားလုံးတစ်ခုနှင့်  အစားထိုးသုံးစွဲနေကြောင်း ကျွန်ုပ်သိနေသည်။ သို့သော် “ဒသရဋ္ဌဘုရင်၏ချွေးမတော်”ဟူသော အသုံးအနှုန်းကိုပင် ကျွန်ုပ်မကြားလိုပေ။

“ဒါဖြင့် ကျွန်မကို ဘာလုပ်စေချင်သလဲ လင်္ကာဒီပဘုရင်၊ မက္ကဋတွေရှိရာစစ်မျက်နှာကို ကျွန်မလိုက်ပြီး သူတို့ကိုဆုတ်ခွာပေးဖို့ စစ်မက်မပြုဖို့ကျွန်မပါဝင်ကူညီပေးရမှာလား ...ဟင်”

“နောက်ကျသွားပါပြီ အာရိယန်ဘုရင့်သမီးတော်”

ဆက်ရန်
-------------------------------
ချစ်ဦးညို

crd 👉 https://www.facebook.com/108529964142302/posts/127219722273326/

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)