ကိုသာယာနှင့် မိဝါ

ကိုသာယာနှင့် မိဝါ
_____________

တည ဆိုင်တံခါးပိတ်ဖို့ လုပ်တုန်း တံခါးဝနားမှာ တအီအီနဲ့၊ ဘာသံပါလိမ့်ပေါ့။ သေချာ စိုက်ကြည့်တော့ အမှောင်ကြီးထဲမှာ အကောင်တကောင် တလှုပ်လှုပ်နဲ့။ ရုတ်တရက်ဆိုတော့ ကျွန်တော် လန့်သွားတယ်။ ဘာကြီးလဲဟ။ မီးထိုးကြည့်တော့ ခွေးဝါကလေးတကောင်၊ သွားကလေးတွေ အဖြဲသားနဲ့ မော့ကြည့်နေတာများ မသိရင် ကျွန်တော့်ကိုပဲ ရီပြနေသလိုလို။ သူ့နှုတ်သီးက ဖြူဖြူလေး၊ လည်ပင်းမှာလည်း အဖြူတရစ်၊ ခြေတွေ လက်တွေမှာလည်း အဖြူရစ်ကလေးတွေနဲ့။

" အချောကလေးပဲ၊ ဘယ်က ရောက်လာပါလိမ့် "

အမယ်၊ အမြီးတယမ်းယမ်းနဲ့ ခေါင်းကလေးကို လှုပ်လှုပ်ပြီး ရှေ့တိုးလာနေတာများ ကျွန်တော့်အပေါ်ပဲ ခုန်တက်တော့မယ့်ပုံမျိုး။

" တောက် "

အသံပေး ခြောက်ပြီး ကျွန်တော် တံခါးကို ဆွဲပိတ်လိုက်တယ်။ ဆတ်ခနဲ တိုးဝင်လိုက်တဲ့ သူ့လက်တွေဟာ ကျွန်တော့်တံခါးကို လာခံထားတယ်။

"ဟ ဖယ်စမ်း "

ခပ်မာမာ အော်ပေးလိုက်တော့ တိုးဝင်ထားတဲ့ သူ့လက်ကလေးတွေကို ပြန်ထုတ်ပြီး နောက်ဆုတ်ပေးရှာတယ်။

" အမယ် နားလည်သားဟ "

* * * * *

နောက်တနေ့ မနက်။

ကျွန်တော့်ဆိုင်အပြင် အပေါက်ဝတည့်တည့်မှာ ကျေးဇူးရှင်လေးက ငုတ်တုတ်ကြီး။ စောစောစီးစီး ကျွန်တော် စိတ်ညစ်သွားတယ်။ ကျွန်တော့်ကိုလည်းတွေ့ရော ခုန်ပေါက်နေလိုက်တာ၊ မသိရင် ကျွန်တော်ကပဲ သူ့သခင်လိုလို။

သူ ဒီမှာပဲ တညလုံး ထိုင်နေတာများလား။ သူ ဗိုက်ဆာနေတာလား။

" ဟူး ..."

စျေးဗန်းထဲက ပေါင်မုန့်တခုကို ဖောက်ပြီး ပစ်ပေးလိုက်တော့ ကိုက်ချီပြီး ထွက်သွားရော။ သူထွက်သွားတယ်ဆိုတာ ဝေးဝေးတော့ မဟုတ်ဘူး။ ကျွန်တော့်ဆိုင်နားမှာပဲ ရစ်ရစ်သီပြီး ဝဲနေတာ။

နောက်တော့ ကျွန်တော်လည်း ပိုတဲ့အစာ နဲနဲပါးပါး ချကျွေးမိ၊ အရော နည်းနည်း ဝင်မိတယ်၊ အကျင့်လုပ်မိသွားတော့ သူ ဆိုးလာတာပဲ။ ဘယ်မှ မသွားတော့ဘူး။ မောင်းထုတ်လည်း မရဘူး။ ကျွန်တော့်ဆိုင်မှာ တွယ်ကပ်နေတော့တာပဲ။ နီးစပ်ရာကို မေးမြန်းကြည့်တော့လည်း သူ့ကို ဘယ်သူမှ မသိကြဘူး။ ပိုင်ရှင် ပျောက်နေတယ်။

ကျွန်တော်လည်း ခွေးကလေးတွေကို ချစ်တတ်ပါတယ်။ ဒါပေမဲ့ သူတို့ကရိကထတွေတော့ မခံနိုင်ဘူးဗျ။ ခေါ်တယ်၊ ကျွေးတယ်၊ ကျွေးတာစားပြီးရင်တော့ သွားပဲ။ ကပ်ရပ် မနေနဲ့။ ကျွန်တော် စိတ်ရှုပ်တတ်တယ်။ ပြီးတော့ ကျွန်တော်က စျေးသည်လေ၊ ခွေးနဲ့ မအပ်စပ်ဘူး။ နောက်ပြီး သူက ခွေးမလေးဗျ။ ကလေးတွေ မွေးလာရင် ကျွန်တော့်မှာ ဗျာများနေရမှာ။ ကျွန်တော်က ကိုယ့်ဝမ်းတောင် နပ်မှန်အောင် ချက်စားနိုင်တာ မဟုတ်ဘူး။ သူ့ကို လက်ခံလို့တော့ မဖြစ်ဘူး။

သူ ကျွန်တော့်ဆီ ရောက်နေတာ ရက်တော်တော်တောင် ကြာလာပြီ။ သူက သူ့စိတ်နဲ့တွေ့တဲ့သူ ဘယ်သူစိမ်းကိုမဆို ပလူးပလဲ သိပ်လုပ်တာပဲ။ မသိရင် သခင်ကို ဆက်ဆံသလိုမျိုး။ လူတွေကို သိပ်ရောတယ်။ ဒါမျိုးမြင်ရတော့ ကျွန်တော် သူ့ကို သိပ်စိတ်ပျက်တယ်။ နည်းနည်းမှ ဣနြေ္ဒမရှိတဲ့ကောင်မ။ ညကျ သူခိုးကိုပါ တံခါး ထဖွင့်ပေးချင် ဖွင့်ပေးနေမယ့်အမျိုး။ သူ မလိုတော့ပြန်ရင်လည်း တမျိုးပဲ။ တညနေ ကလေးတယောက် စျေးလာဝယ်တော့ သူ အနားကိုကပ်သွားပြီး ဟောင်လိုက်ပါရောလား၊ အဲ့ကလေး လန့်ပြီး ကြောင် ကြည့်နေတုန်း ကလေးကိုယ်ပေါ် သူ ပတပ်ရပ် ခုန်တက်လိုက်တယ်။ ကလေးက လန့်ပြီး နောက်အဆုတ် ဖင်ထိုင်ရက်သား လဲကျ။ ကလေး အော်ငိုပါရော။ ကျွန်တော် အမြန်ပြေးသွားမီလို့၊ နို့မို့ဆို သူ ကလေးကို ကိုက်ထည့်လိုက်မလားပဲ။

သူ့ကြောင့် ကျွန်တော် ခေါင်းကိုက်တယ်။ ကြိုးနဲ့ ချည်ထားပြန်လည်း အော်ငြီးနေတာ ကျွန်တော့်နား မခံနိုင်ဘူး။ လွှတ်ထားပြန်လည်း သူများကို ကိုက်မိမှာ စိုးရ၊ မောင်းထုတ်လည်း ခဏပဲ၊ ကုပ်ကုပ်နဲ့ ပြေးသွားပြီး တအောင့်နေ ဆိုင်ရှေ့ ငုတ်တုတ်ကြီး လာထိုင်နေပြန်ရော။ စျေးဝယ်တွေ သူ့မြင်တာနဲ့ ဆိုင်ထဲ ဝင်ဖို့ကို ရွံ့နေရော။ အရိပ်အခြည်လည်း မကြည့်တတ်၊ အလိုက်ကန်းဆိုးလည်း မသိနဲ့ ကျွန်တော် ဘယ့်နှယ်လုပ်ရပါ့။

" ရှူး .... ဟိတ် ....မိဝါ သွားစမ်း ၊ ဆိုင်ရှေ့မှာ မနေစမ်းနဲ့  ရှူး ... "

ကျွန်တော့်အော်သံက သူ့နားထဲ မရောက်ဘူး၊ ကြမ်းခင်းပေါ်မှာ ဘယ်က ညာ၊ ညာကနေ ဘယ်ကို  မိဝါ ခေါက်တုံ့ခေါက်ခါ လူးနေ လိမ့်နေတယ်။

" ဦးဦး ခွေးကြည့်ထားပေး "

" လာ ...လာ ကလေး၊ ငါ့ခွေးလည်း မဟုတ်ရပါဘူးကွယ်၊ ပြောလည်းမသိ ဆိုလည်းမသိနဲ့ ငါ့ဒုက္ခတွေ ...ဟင်း "

တိုင်ကီက ရေတဖလားနဲ့ လှမ်းပက်လိုက်မှပဲ မိဝါ ဆိုင်ပေါက်ဝကနေ ဖယ်တော့တယ်။

သူ့ကို ကျွန်တော် ဘယ်လိုလုပ်ရပါ့မလဲ။

ကျွန်တော့်ခြေသလုံးမှာလည်း တနေ့က သူ ပေးထားတဲ့ လက်ဆောင်တခုက ရှိသေးတယ်။ ခါတိုင်းလိုပဲ ကျွန်တော် ခြံထဲဆင်းတော့ လမ်းမှာလည်း ကျွန်တော်တယောက်တည်းဆိုတော့ အေးဆေးပဲ သွားတာပေါ့။ လမ်းကွေ့လည်း ရောက်ရော ဗြုန်းဆို သူ လမ်းအောက်ဘက်ကနေ ကျွန်တော့်ရှေ့တည့်တည့် ခုန်တက် အဖြတ်မှာ ငေးနေတဲ့ကျွန်တော် လန့်ပြီး ဆိုင်ကယ် လဲပါရောလား။ လမ်းဘေးက ကျောက်တုံးနဲ့ခြစ်ပြီး ကျွန်တော့်ခြေသလုံးမယ် သေရာပါအမာရွတ်ကြီး ထင်သွားတာပဲ။

တနေ့တော့ ဟိုဘက်ရွာက ကျွန်တော့်မိတ်ဆွေတယောက် ရောက်လာတယ်၊ ဧည့်သည်ဆို ကျွန်တော်က အရင် မနှုတ်ဆက်ရဘူး။ မိဝါက အရင် ခေါင်းတခါခါ လည်တခါခါနဲ့ကို ကြိုတတ်တာ၊ ဟိုကလည်း ခွေးချစ်တတ်၊ သူကလည်း ခွေးရည်ကော လူရည်ပါလည်တာဆိုတော့ ကျွန်တော့်မိတ်ဆွေ တခါတည်းကို သဘောတွေကျသွားတာပဲ။ သူကလည်း ခွေး မွေးချင်နေ ကျွန်တော်ကလည်း ပေးချင်နေ ဆိုတော့ အဆင်သင့်လိုက်တာပေါ့လေ။ မိဝါကို ကားပေါ် ဝိုင်းမ ချီတင်ပြီး ပေးပစ်လိုက်တယ်။ ကားလိုက်စီးရတယ်မှတ်ပြီး မယ်မင်းကြီးမက ပျော်နေရော၊ အမြီးက တနှံ့နှံ့နဲ့။

ကျွန်တော့်ဖို့ ခုမှ အပူကို အေးရော။ စိတ်ထဲ ချမ်းသာလိုက်ရတာ။ ဟောက်ရ ငေါက်ရ ပူနေရတဲ့ဒုက္ခတွေကို ငြိမ်းအေးသွားတာပဲ။

ကျွန်တော့်အပျော် ကြာကြာမခံပါဘူး။ ဒီလောက် တရွာခြားကလူကို ပေးလိုက်တာမှာ တမနက်ကျတော့ မရွှေချောက ဆိုင်ဝမယ် ငုတ်တုတ်ကြီး ထိုင်နေပါရော။ မျက်လုံးကလယ်လယ်နဲ့ ကျွန်တော့်ကိုမော့ကြည့်နေတာများ တခုခုပဲ ဆိုချင်နေသလိုလို။ နင်နဲ့တော့ ငါ ဘယ်လိုလုပ်ရပါ့မလဲနော်။

ဒီလိုနဲ့ ကျွန်တော်က အော်လိုက် ငေါက်လိုက်၊ စိတ်မှတ်မရှိတဲ့ သူက နေချင်သလို နေလိုက်နဲ့၊ ထုံးစံအတိုင်း ပွက်ပွက်ဆူနေပြန်တာပေါ့။ ကျွန်တော် သူ့ကို ပေးသွားလိုက်တုန်းက မျက်စိမှ မပိတ်ပေးလိုက်မိတာကိုး။ ဒါမို့ သူက ဥာဏ်ကောင်းတော့ လမ်းမှတ်ထားပြီး ပြန်လာထိတာနေမှာ။

သူ့အကျင့်မသိတဲ့သူတွေကတော့ သူ့ကိုမြင်ရင် သည်းသည်းလှုပ် လိုချင်နေတတ်ပြန်ရော။ သူက ချောလည်းချောတယ်လေ။ နားထူတတ်ပေမယ့် အကင်းက ပါးတာကိုး။ မြင်မိသူတိုင်းက ခဏလေးနဲ့ သူ့ကို ချစ်မိသွားကြတာမျိုး။ ကျွန်တော့်မှာ သူ့ကို ချစ်ခင်ဖွယ်ရာ ပြနေတဲ့သူတိုင်းကို မွေးစားမလား မေးရတာက အမော။ ကျွန်တော့်လက်က လွှတ်ရရင် တော်ပြီ။

တနေ့မှာ တယောက်နဲ့ စျေးတည့်ပါလေရော။ သူ့ကို မွေးချင်သတဲ့။ ဟိုကလည်း ခွေးချစ်တတ် မရွှေချောကလည်း ဖော်ရွေပြတတ် ဆိုတော့ အဆင်တော့ သင့်ပြီလေ။

ဒီတခါတော့ ကျွန်တော် မ အ တော့ဘူး။ သူ အပြင်ကို ချောင်းကြည့်မရအောင်၊ ပြန်လမ်းကို မမှတ်မိအောင် မြွေခွံအိတ်အထူကြီးထဲ သူ့အတွက် အသက်ရှူပေါက်ကလေးလောက်ပဲ ချန်ထားပေးပြီး အလုံပိတ်လှောင်လိုက်တယ်။ အိတ်ထဲ သူ့ကိုယ်လုံးကြီးကို အတင်းထိုးထည့်ရတော့ မရွှေချောက ကြောက်လာပြီး ပြေးချင်နေသေးတယ်။ တအီအီနဲ့ ညည်းနေလိုက်တာ ဒီတခါတော့ သူ ငိုများနေသလားပဲ။ မတတ်နိုင်ဘူး။ မလွတ်ထွက်သွားရအောင်လို့ ကျွန်တော်ပါ ဝိုင်း ချုပ်ပေးပြီး ကူထည့်လိုက်တယ်။ သခင်အသစ်ရဲ့ ကားပေါ်မှာ သူကတော့ လူးလူးလှိမ့်လှိမ့်နဲ့ ပါသွားရှာပြီပေါ့။

ကောင်းလိုက်တာ၊ ငြိမ်းချမ်းလိုက်တာ။ ဒီတခေါက်တော့ သူနဲ့ကျွန်တော် တကယ်လည်း ရေစက်ကုန်ပါပြီ။

၅ရက်လောက်တော့ ခံလိုက်ပါရဲ့။ ရှောင်လွှဲမရတဲ့ ကျွန်တော့်ရေစက်ကြီးဟာ ထုံးစံအတိုင်း ဆိုင်ရှေ့မှာ တမနက် ငုတ်ငုတ်ကြီး ရောက်နေပြန်တာပေါ့။ စုတ်တီးစုတ်ပြတ် ပေပေရေရေနဲ့ ခွေခွေကလေး အိပ်နေရှာတယ်။ ကျွန်တော် ဘာမှ မပြောချင်တော့ဘူး။ ကျွန်တော့်ခြေသံကြားတော့ သူ့ခေါင်း အသာထောင်ကြည့်တယ်။ ကျွန်တော် ဆိုင်ထဲ ပြန်ဝင်ခဲ့တယ်။ ထမင်းချိုင့်ထဲက ကျန်နေတဲ့ထမင်းခဲကို ဟင်းကျန်တွေနဲ့ နယ်လူးလိုက်တယ်။

" မိဝါ .... စား "

ခွေခေါက်ဝပ်နေတဲ့ စွာတေးလန်မဟာ ငေါက်ခနဲ ကုန်းထလာပြီး တဇပ်ဇပ်နဲ့ စားတော့တာပဲ။

* * * * *

" သာယာရေ ... နင့်ခွေး လမ်းလယ်မှာ အိပ်နေပြန်ပြီ။ ငါက ဆိုင်ကယ်တိုက်ပြီး သေနေတယ်မှတ်တာ၊ အနားသွားမှ ခေါင်းထောင်ပြီး ဟောင်ထည့်တော့ ငါ့မှာ လန့်တာဟယ် "

" မပြောနဲ့အဒေါ် သူ့အကြောင်း၊ ကျွန်တော်လည်း မနိုင်တော့ဘူး။ နေရာနဲ့ မနေတတ်တဲ့ကောင်မ၊ သေပလေ့စေ "

သူနဲ့ကျွန်တော့်ဇာတ်လမ်းမှာ သူ မဟုတ်ရင် ကျွန်တော်၊ တယောက်မဟုတ် တကောင်၊ တကောင်မဟုတ် တယောက် မရှိတော့မှ ဇာတ်သိမ်းမှာပါ။ ခုတော့ ရေစက်တွေမကုန်မချင်း ကျွန်တော့်ဒေါသတွေလည်း ကုန်ရမှာမဟုတ်ပါဘူး။

" ဟဲ့ မိဝါ၊ သွားစမ်း အနောက်၊ ငါစိတ်တိုနေတယ်နော် "

ဆိုင်ရှေ့မှာ ယောင်လည်လည်လုပ်နေတဲ့ အနှီမိဝါ ကျွန်တော့်အသံ မဆုံးခင်ပဲ ဆိုင်ဝမှာ ခွေခနဲ အထိုင်ချ အိပ်ချလိုက်တယ်။

" ဟင် နင်တော့လား "

မကြာသေးခင်ကမှ အသေအချာ လေ့ကျင့်ယူထားတဲ့ ကျွန်တော့်လက်ထဲမှာ လောက်လေးခွက အသင့်အနေထား။ မိဝါဆီ တည့်တည့် ....ချိန် ...။ သုတ်သုတ်ပြေးထွက်သွားတဲ့ လောက်စာလုံး ပြောင်ချောကလေး.... မိဝါဆီ ... မရောက်မီ .... ဆိုင်ထဲ လှမ်းဝင်လာတဲ့ စျေးဝယ်တယောက်ရဲ့ခြေသလုံးဆီ အရောက် .....
" အမလေး  ဗျ "

-----------------------------------
မိနွယ်

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)