မုန်း၍မဟူ၊ အခန်း(၁၁)

ဦးစောဟန်သည် အရက်ကို ဖန်ခွက်ထဲသို့ ငှဲ့ထည့်ရင်း မသိမသာ ဝေဝေ၏ မျက်နှာကို အကဲခတ် ကြည့်သည်။

ဝေဝေ၏ ရင်ကလေးမှာ နိမ့်ချည် မြင့်ချည်နှင့် မျက်နှာ အမူအရာ တစ်မျိုး ဖြစ်နေသည်။ ပွင့်ပြူရွှင်ပျခြင်း မရှိ၊ မျက်တောင်ကလေး မှေးလျက် အကြည့်မှာ ငေးတေးတေး ဖြစ်နေလေသည်။

ဖန်ခွက်ကို တစ်ကျိုက်မော့ကာ ချထားလိုက်ပြီး “ထားထား နက်ဖြန် ပြန်မယ်တဲ့လား ဝေဝေ” ဟု မေးလိုက်သည်။

“ပြန်လိမ့်မယ်”

ဝေဝေသည် ချက်ချင်း မဖြေပေ။ ဖြေပြီး နှုတ်ခမ်းကို စေ့၍ ထားသည်။ အငေးကား မပျောက်။ စိမ်းလဲ့လဲ့ မျက်လုံးဖြင့် မှုန်ရီနေလေသည်။

ထားထားမှာ ဝေဝေ လက်ထပ်ပြီး ရုတ်တရက် မပြန်သေးဘဲ ဖခင် နေသားကျအောင် တမင်ဆိုင်း နေ၏။ ဆိုင်းနေခြင်းဖြင့် ဝေဝေ့ကိုလည်း ငဲ့ညှာရာ ရောက်ပေသည်။ အိမ်တွင် ထားထားသာ မကျန်ရစ်ခဲ့လျှင် ဝေဝေ အိမ်ပေါ်က အဆင်း မည်မျှ ဗျာများလျက် နောက်ဆံတင်း လိုက်မည်နည်း။

အမှန်စင်စစ် ဝေဝေမှာ အိမ်၌ ခုနစ်ရက် ပြည့်အောင် နေချင်ခဲ့သူ မဟုတ်။ တစ်ရက်၊ နှစ်ရက်နှင့်ပင် ပြောင်းဆင်းချင်စိတ် ပြင်းပြနေမှန်း ထားထားတို့ မသိကြပေ။ လက်ထပ်ပြီး နေခဲ့ရသော ခုနစ်ရက်မှာ ဝေဝေ့အတွက် မသေမရှင် မချိမဆံ့ ပြင်းထန်စွာ ခံစားလိုက်ရသော ရက်များ ဖြစ်ခဲ့သည်။ အိမ်၌ ညဉ့်အိပ်ကြရုံသာ အဓိပ္ပါယ်ရှိကာ အစားအသောက် အတွက် ဦးစောဟန် အလိုကျအတိုင်း တစ်အိမ် လိုက်ကူးစား နေရသည်။ ထမင်းစား သွားတော့မည် ဆိုလျှင် ဝေဝေ့မှာ သေချင်အောင် စိတ်ဆင်းရဲသည်။ အိမ်သူ အိမ်သားများ၏ မျက်နှာများကို ရဲရဲမကြည့်ဝံ့ဘဲ မွှန်ထူပြီး ထွက်လာရမြဲ ဖြစ်သည်။ သည်ကြားထဲ ကိုနေဦးက ဆိုသေးသည်။ “ဘို ဆိုတော့ ဒီအိမ်က အစားအစာ ဘယ်စားနိုင်ပါ့မလဲ” ဟု စိတ်ခုပြီး ပြောသလို ပြော၏။

ထားထားမှာ ဝေဝေ မျက်နှာနေပူမှန်း အစဉ်းသိ၍ အချိန်ကျလျှင် အလိုက်တသိ တိုက်တွန်းလျက်၊ မစားခြင်း အတွက် ဘယ်လိုမှ သဘောမထားဘဲ နားလည်မှု ရှိပုံကို အတတ်နိုင်ဆုံး ဖော်ပြသဖြင့် ခံသာရသည်။ ဒေါ်သက်မှာ လက်ထပ် ပြီးသည့်နောက် အိမ်တွင် ထမင်းတစ်နပ်မှ မစားကြခြင်း အတွက် ကျေနပ်ပုံ မရ၊ မကျေနပ်ကြောင်းလည်း မပြော၊ သွားခါနီး မထီတရီ အပြုံးကလေးနှင့် ပြုံးကြည့်တတ်သည်။ ဦးဘိုးသိန်းမှာ သမီးယူပြီး သူစိမ်းပြင်ပြင် ခပ်စိမ်းစိမ်း ဆက်ဆံသော သမက်နှင့် စပ်လျဉ်း၍ ဆိုးသည် ကောင်းသည် တစ်ခွန်းမပြော။ ဝမ်းထဲ ထားတတ်သည့် သူ့တစ်သက်လုံး ဝါသနာအတိုင်း ဝမ်းထဲထားကာ မသိလိုက် မသိဖာသာ လုပ်နေပေသည်။

ဝေဝေ့မှာ ဦးစောဟန်အား အိမ်နေကြသည့် ရက်အတွင်း အားလုံးနှင့် ဝင်ဆံ့အောင် ရောရောနှောနှော နေထိုင်စေချင်သည်။ တိုက်တွန်းရန် ခက်လှ၏။ သူ့စရိုက်နှင့်သူ၊ သူ၏ အနောက်နိုင်ငံ စည်းကမ်းနှင့်သူ နေထိုင်သူမို့ အပြောရ ကျပ်လှပေသည်။

ဦးစောဟန်မှာ ဝေဝေ့ကို မီးကုန်ယမ်းကုန် ချစ်သည်။ အသက်နှင့်ထပ်တူ မြတ်နိုးသည်။ လက်ဝါးပေါ် တင်၍ ဖူးဖူးမှုတ်ပြီး ယုယ နေချင်သည်။ မျက်စိအောက်က အပျောက် မခံနိုင်။ ဆီးဖြူ ဖန်ခါးသီးလို ငုံထား လိုက်ချင်သည်။ သည့်ပြင် ဘာများ လိုသေးသလဲ ...။

ထားထား ပြန်မည့်အတွက် ဝေဝေ စိတ်မကောင်း ဖြစ်နေမှန်း မပြောဘဲနှင့် ရိပ်မိသည်။ ဖအေ့အတွက် ကြောင့်ကြနေမှန်း၊ ပူပင်နေမှန်း မပြောဘဲနှင့် သိသည်။ ကြောင့်ကြတာတို့၊ ပူပင်သောက ရောက်တာတို့၊ ထို့ပြင် ဝေဝေ့စိတ်ကို ထိခိုက်မည့်၊ ဝေဝေ့စိတ်ကို ညှဉ်းပန်းမည့်၊ ဝေဝေ့ ပျော်ရွှင်ခြင်းကို နှောင့်ယှက်ကြမည့် အရာ အားလုံးသည် သူ့အမြင်၌ ကမ္ဘာရန်ပင် ...။

သူ့လက်ထဲ ရောက်လာပြီးနောက် ဝေဝေ လွတ်လပ်စွာ ပျော်ရွှင် နေရမည်။ စိတ်ပူစရာ စိတ်ညစ်စရာတွေ၊ တာဝန်တွေ ပြင်ပမှ ဝန်းဝိုင်းလာလျှင် ကာကွယ်ရန် အဆင်သင့် ရှိထားလေသည်။ ဝေဝေဆိုသော ပန်းကလေး အမြဲတမ်း လန်းနေရမည်။ ဝေဝေဆိုသော ပန်းကလေး အမြဲတမ်း မွှေးနေရမည်။ နှင်းဆီရိပ် ဆိုးထားသည့် မညှိုးပန်းပွင့်လေး၏ ပန်းရင့်သွေးကို အဖျော့မခံနိုင်။

အရွယ်နှင့်မမျှ သူ့ခေါင်းပေါ်၌ ပုံကျနေသော တာဝန်တွေဖြင့် ခြောက်ကပ်ကပ် နေရရှာသော ဘဝအား တသက်သက် သနားရသည်။ ဝေဝေ၏ လွတ်လပ် ပျော်ရွှင်ရေးကို သူ့အပြင် မည်သူမျှ မဖန်တီးနိုင်ဟု စွဲမြဲယုံကြည်ထား လေသည်။

“ထားထားက ဘာပြောသေးသလဲ ဝေဝေ”

ဝေဝေသည် တင်းစွာ စေ့ထားသော နှုတ်ခမ်းကို မဟတဟ ပွင့်ပြုံးလျက် “ဖေဖေ့ဆီကို ခဏခဏ သွားကြည့်ဖို့ မှာတယ် ကို” ဟု ကြည်လဲ့သော အသံလေးဖြင့် ပြန်ပြောလေသည်။

ဖေဖေ့ဆီကို ခဏခဏ သွားခွင့် မပေးချင်သော ဦးစောဟန်မှာ မှုန်ကုပ် သွားလေသည်။ သားအဖချင်း မတွေ့စေချင်လို့တော့ မဟုတ်ပေ။ ရောဂါကူးမှာကို စိုးရိမ်ရလေသည်။ ဝေဝေအား ချစ်လွန်း၍ ခုနစ်ရက်ကို အနိုင်နိုင် နေနေခဲ့ခြင်းပင် စိတ်ထဲ၌ တယ်မသန့်လှပေ။ ဝေဝေ့ အတွက်လည်း ဆရာဝန်နှင့် စမ်းသပ် ကြည့်ချင်သေးသည်။ ချက်ချင်းလုပ်ရန် မကောင်းတတ် သေး၍သာ။

“တစ်နေ့တစ်ခေါက် သွားကြည့်ပေါ့။ သွားရင် ပူးပူးကပ်ကပ် မနေတာ ကောင်းတယ်။ ရောဂါ ကူးစက်မှာများတော့ သိပ်စိုးရိမ်တာပဲ ဝေရယ်။ ဝေ့အတွက် လွှတ် စိတ်ပူတာပဲ ...”

ဝေဝေသည် ငိုချင်သွားသည်။ အိမ်ချင်းကပ် နေကြ၍ ကူးလိုက်သန်းလိုက် နေမည်ဟု ကြိုတင်တွေးတော စိတ်ဖြေထားသူမို့၊ တစ်နေ့ တစ်ခေါက်သာ သွားရန် ကြားရသည့် အဖြစ်က ရင်ကို ဖျစ်ညှစ်ထားသလို အသက်ရှူမှား သွားလေသည်။

လွှတ် စိတ်ပူတာပဲ ဆိုသည်မှာလည်း အမှန်၊ အမှန် ... လွှတ်ချစ် နေသဖြင့် လွှတ်စိတ်ပူနေမှန်း တစ်ဖက်က စိတ်လည်း သိ၏။ ဖခင်ထံသို့ ဧည့်သည်တစ်ယောက် ကဲ့သို့ ခပ်ခွါခွါကနေ သတင်းမေးသွားရန် မကြုံဝံ့ မကြားဝံ့ ရှိလှသည်။

သည်ဘက်အိမ် ကူးနေသော ဝေဝေ့စိတ်မှာ တစ်ဖက်အိမ်သို့သာ ရောက်နေ၏။ သည်ဘက်အိမ်က ဟိုဘက်အိမ်ကို လှမ်းစိတ်ပူ နေတတ်သည်။ ကိုယ့်အိမ်ကြီးကိုယ် ပြန်ပြီး၊ မျက်ရည် အပြည့်နှင့် ကြည့်ကာ အိမ်ထဲက ဖခင်ကို တမ်းတလျက် နေမိ၏။ အခု ထိုင်နေရင်းပင် ဖခင်ကို သတိရ နေသည်။ ဒီအချိန်ဆိုလျှင် စွပ်ပြုတ်ရည် သောက်ချိန်။ ကြိမ်ပက်လက် ကုလားထိုင်ကြီး ပေါ်မှာလား၊ အိမ်ပေါ်များလား၊ တစ်နေ့ တစ်ခေါက်ပဲ လာရမယ်တဲ့ ဖေဖေရယ် ...။

အိမ်ပေါ်က ဆင်းလာ ကတည်းက မျက်စိမှိတ်ပြီး ဆင်းလာခဲ့ ရသည်။ လက်ထပ်စဉ် ကလည်း မျက်စိမှိတ်ပြီး လက်ထပ်ခဲ့ ရသည်။ ယခုလည်း တစ်နေ့တစ်ခေါက် သွားဖို့ရန် မျက်စိမှိတ်ပြီး လိုက်နာရ ပေဦးတော့မည်။

ဝေဝေ၏ အိမ်ထောင်ရေးတွင် ကြိတ်မှိတ်ပြီး လုပ်ရန် ပြဿနာတွေ မြောက်မြားစွာ ရင်ဆိုင်စရာရှိသဖြင့် ရှေ့လျှောက်၍ နှလုံးခိုင်ခိုင်နှင့် ကြိတ်မှိတ်နိုင်အောင် ကျင့်ရတော့မည်။

ဦးစောဟန်သည် အရက်ဖန်ခွက်ကို ကိုင်လျက် ဝေဝေ့နားသို့ ထလာခဲ့သည်။ ဝေဝေ ထိုင်နေသော တစ်ယောက်ထိုင် ဆိုဖာ လက်တင်ပေါ်၌ ထိုင်လိုက်ကာ ပခုံးကလေးကို သိုင်းဖက်လျက် “မမှိုင်နဲ့ ဝေရယ်၊ ပြုံးလေ ပြုံးလေ ... ပြုံးလေ” ဟု ငုံ့၍ ထပ်ကာထပ်ကာ တီးတိုးပြောနေ၏။

ဝေဝေ၏အ ပြုံးကလေးမှာ အင်မတန် ချစ်ဖွယ်ကောင်းသည်။ ထိုအပြုံးကို သူစွဲခဲ့၏။ ထိုအပြုံးကို ဝေဝေ၏ နှုတ်ခမ်း၌ မတွေ့ရစေကာမူ၊ ပါးအို့ကလေး ပေါ်၌ တင်နေသော အပြုံးကို မြင်၍ ကျေကျေနပ်နပ် ဝေဝေ့ ပခုံးကလေးကို ဆုပ်ဖျစ်ကာ အရက်ကို မော့လိုက်လေသည်။

ဦးစောဟန်သည် ရွှင်လန်း ပေါ့ပါးသော အပြုံးဖြင့် ဝေဝေ့ကို ခပ်ညုညု ကြည့်ကာ “နေ့လယ်က ဝေ အိပ်ပျော်ရဲ့လားဟင်” ဟု ဆို၏။

“ပျော်သွားတယ် ... ဝေ နိုးတော့ အပေါ်မှာ ပူတာနဲ့ အောက်မှာ ဆင်းနေတယ်”

“ပြီးတော့ကော ...”

“ပြီးတော့ ... ဝေ ပျင်းလို့ စာဖတ်တယ်။ စာဖတ်တုန်း ဆာတာနဲ့ လိမ္မော်သီး စားတယ်”

“လိမ္မော်သီး စားတယ်လား။ ဘယ်နှလုံး ကုန်အောင် စားသလဲ”

“တစ်လုံး ...”

ဖန်ခွက်ကို ကော်ဇောပေါ်သို့ ကုန်း၍ ချလိုက်ကာ ...

ဝေဝေ ထောင်ပြထားသော လက်ညှိုးကလေးကို ဖမ်းဆုပ်လျက် သူ့ဘက်သို့ လှည့်၍ လည်တိုင်ကြော့ကို မော့ပြီးပြောသော မျက်နှာကလေးကို တောက်ပြောင်သော မျက်လုံးဖြင့် စိုက်ပြီး ကြည့်လေ၏။ မျက်နှာလေးမှာ သိမ်မွေ့နေ၏။ အပြစ်ကင်း၏။ သန့်ရှင်း နူးညံ့သော ကလေး မျက်နှာလေး အတိုင်းပင်။

ချိုလှသော မျက်နှာဖြင့် ဝေဝေ၏ နဖူးနားသို့ ကပ်ကာ “နောက်ကို လိမ္မော်သီး များများစားနော် ... နော် ... စားပြီးတော့ကော“ ဟု ဆက်လေ၏။

ဝေဝေ့မှာ ဦးစောဟန်အိမ် ရောက်၍ ရက်သတ္တ နှစ်ပတ်ဖြင့်ပင် ဦးစောဟန် ဆွဲထားသော ဇယားအတိုင်း စည်းကျ သွားပေပြီ။ နံနက် ... ကိုနှင့် အတူတူ ထရသည်။ မျက်နှာ အတူတူ သစ်ရသည်။ မျက်နှာသစ်ပြီး မှန်ထဲတွင် ဝေဝေက ရှေ့ကထိုင်လျက်၊ ကိုက နောက်က ရယ်လျက် ခေါင်းဖြီးကြသည်။ အိမ်အောက်က ငွေမောင်းသံ မကြားမချင်း အခန်းထဲက မထွက်ရ။ လက်ဖက်ရည် စားပွဲတွင် သွားရောက်မည့် နံနက်အဝတ်ကို ရွေးပေးသည့် အတိုင်း ဝတ်လိုက်သည်။ နံနက်ဘက်တွင် အင်္ကျီအဖြူနှင့် အဖြူခံ၊ အဖြူများများ ပါသော ထဘီမျိုး ဝတ်မှကြိုက်သည်။ အိမ်ပေါ် စီးရမည့် အသားကပ် ဖိနပ်ကလေးနှင့် လှေကားမှ ခါးဖက် ခေါ်ချလာသည်။

စားပွဲတွင် မတ်မတ်ကလေး ထိုင်နေရသည်။ ကွစ်ကားအုပ်နှင့် နွားနို့ တစ်ပန်းကန် သောက်ပြီးမှ ကြက်ဥနှင့် ပေါင်မုန့် ကျွေးကာ ခပ်ကျဲကျဲ ကော်ဖီ သောက်ရသည်။

ရောက်စက မောင်မြကို ကိုမြ ခေါ်မိ၍ မောင်မြခေါ်ရန် တင်းတင်းကျပ်ကျပ် တိုက်တွန်းသည်။ လက်ထပ်ပြီး ထမင်းခူးစားသည့် နေ့၌ အိမ်စောင့် ဒရဝမ်နှင့် ထမင်းချက် ကုလား အဘိုးကြီးမှာ သစ်ပေ့ဆိုသည့် အဝတ်အစားများ ဝတ်ကြလျက် ဝေဝေ့ ရှေ့မှောက်သို့ လာပြီး ဆလံပေး နှုတ်ဆက် ကြရသည်။ ထမင်းချက် ကုလား အဘိုးကြီး နာမည်ကို မေးစရာ မလို ...။ ဦးစောဟန် ခေါ်သည့်အတိုင်း “ကွတ်” ဟုပင် ခေါ်လိုက်သည်။

ဒရဝမ်သည် နေ့ညမပြတ် အိမ်ရှေ့၌ စောင့်ရကာ ခေါ်သွင်းမှ အိမ်ထဲဝင်သည်။ ကွတ်သည် နေ့ညမပြတ် မီးဖိုထဲနေရာ ခေါ်ထုတ်မှ အပြင်ထွက်သည်။ မောင်မြမှာ ထမင်းစားချိန် ပြီး၍ အားလပ်ခွင့် ရသည့် အချိန်မှ တစ်ပါး တစ်ချိန်လုံး တစ်အိမ်လုံး အလုပ်ကို စည်းစနစ် ကျနစွာ လုပ်သွားသည်ကို တွေ့ရသည်။ အိပ်ရာပြင်၊ အိပ်ခန်းရှင်း၊ ဧည့်ခန်းသိမ်း၊ စားပွဲထိုး၊ ခရင်းတိုက်၊ ပန်းကန်သုတ်၊ ဘယ်ကြည့်ကြည့် သန့်အောင် ပြောင်အောင် လှအောင် လုပ်ထားသော သေသေသပ်သပ် လက်ရာများသည် မိန်းမ မသာနိုင်ပေ။

ဝေဝေ့မှာ ကော်ဖီသောက်ပြီး၊ အိမ်ရှေ့ ဧည့်ခန်းသို့ ကူးလာကာ အလုပ်သွားမည့် ဦးစောဟန် အတွက် ဖောင်တိန်မင် ထည့်ပြီး ချိတ်ပေးရသည်။ စီးကရက်ဘူးထဲ စီးကရက် ထည့်ကာ ဘောင်းဘီအိတ်ထဲ ထည့်ပေးရသည်။ လက်ပတ်နာရီ အချိန်တိုက်ကာ ပတ်ပေး လိုက်ရသည်။ ဤအလုပ်များသည် ဝေဝေ၏ နံနက်ခင်းအလုပ် ဖြစ်ချေသည်။

ထမင်းကို နေ့လယ် (၁၂) နာရီ အလုပ်က ပြန်လာမှ စားကြသည်။ ထမင်းစားပွဲတွင် လက်နှင့် နယ်ပယ်စားချင်သော စိတ်ကို ဖျောက်လျက်၊ လက်နှင့်ပါးစပ် မထိရသော ယဉ်ကျေးမှု အလေ့အကျင့် လုပ်ရလေသည်။ ထမင်းကို စားသာ စားရသည်။ တင်းတိမ်လှသည် မရှိသဖြင့် အိမ်ဘက်သို့ ကူးသွားသော အခါမျိုးတွင် နောက်ဖေး ပြေးဝင်လျက် ထမင်းကို ဆီချက်ဆမ်းကာ ပုစွန်ခြောက်မှုန့်၊ ငရုတ်သီးနိုင်းချင်း နယ်ပြီး စားလိုက်မှ တင်းတိမ် သွားလေသည်။

ဒေါ်သက်မှာ ခိုးကြောင်ခိုးဝှက် ပျာယီးပျာယာ စားနေသော အဖြစ်ကို ကြည့်လျက် “ဝေဝေရယ် ... ညည်းမြင်ရတာ ငါ မသက်သာ လိုက်တာဟယ် ...” ဟု ညည်းနေလေသည်။

ဝေဝေ့မှာ ကိုယ့်အိမ်ထဲတွင် ဧည့်သည်တစ်ယောက် ကဲ့သို့ အဝတ်လဲထားရ၊ ဟန်လုပ်စားရ၊ ဖိနပ် အစဉ်စွပ်ထားရသည့် ဘဝကို ကျဉ်းကျပ်လှသဖြင့် ဦးစောဟန် အလုပ်သွားတာနှင့် အပေါ်တက်၍ အခန်းထဲတွင် ဖိနပ်ချွတ်ပြီး လွတ်လပ်စွာ သွားနေတတ်သည်။ ထမင်းစားပြီး မအိပ်ချင် မနေရ၊ နေ့လယ် တစ်ရေးအိပ် ရသည်။ အထူးသဖြင့် ညပိုင်း၌ကား အဝတ်အစားသစ်များဖြင့် ပြင်ဆင်ဖြီးလိမ်းလျက် စိတ်အိုက်စွာ နေရစားရကာ မိုးချုပ် အိမ်ပေါ်တက်တော့မှ တစ်နေ့ဝဋ် ကျွတ်သည်ဟု ထင်ပေတော့သည်။

ဦးစောဟန်သည် သူ အလုပ်သွားနေသည့် အတွင်း ဘာလုပ်သည်၊ ဘယ်လိုနေသည် စသည်များကို သိချင်သည်။ ကလေးကလေးကို စစ်မေးသလို အမြဲမေးလေ့ ရှိ၏။ ဝေဝေ့မှာ ဦးစောဟန် ပြန်လာလျှင် စီကာစဉ်ကာနှင့် ပြောပြရလေသည်။

“စားပြီးတော့ ဆွယ်တာထိုးပြီး မမထားဆီ ကူးသွားတယ်”

“နေမပူဘူးလား ဝေရယ်၊ မောင်မြ ထီးဆောင်း မပို့ဘူးလား”

နောက်မှ ထီးတော်မိုး မောင်မြ လိုက်လျှင် လမ်းမလျှောက် တတ်သလို ခြေလှမ်းမှားသည်။ ဟိုကသည်က မြင်ကြတာလည်း ရှက်သည်။ ကြွားဝါရာကျ၍ ထီးမိုးပြီး ထီးအောက်၌ ချွေးစို့လျက် ပူထူ နေတတ်ပေသည်။

“ဒီလိုပဲ ကူးသွားတယ်။ မခေါ်မိဘူး“

ဦးစောဟန်မှာ အလိုမကျသော မျက်နှာဖြင့် ခေါင်းခါပြပြီးမှ “နောက်ကို မောင်မြ မပါရင် နေပူထဲ မသွားရဘူးနော်” ဟု ဆိုနေသည်။

ဝီစကီ အနံ့သည် နှာခေါင်းတွင် ဝေ့နံနေသည်။

ဝေဝေသည် ဝီစကီနံ့ကို နှာခေါင်းယဉ်စ ပြုလာလေပြီ။ အိမ်တွင် ဝီစကီ၊ ဘရန်ဒီ၊ ဘီယာ၊ ဝိုင်၊ ရှန်ပိန်၊ အရက်ပုလင်း မျိုးစုံ ထားသည်။ အရက်ပုလင်းတွေ ဖောခြင်းသောခြင်း ရှိပေမယ့် နေ့မလင်း ညမလင်း သောက်သောသူ မဟုတ်ဘဲ၊ စည်းနှင့်ကမ်းနှင့် အချိန်နှင့် သောက်သဖြင့် အရက်သောက်သည့် အတွက် ကြီးကြီးကျယ်ကျယ် စိတ်အနှောင့်အယှက် မဖြစ်ရပေ။

ညနေ အလုပ်က အပြန် ထမင်း မစားသေးခင် ဖန်ခွက်ကို လက်ကမချ ကိုင်လျက် နားနားနေနေ သောက်နေကာ ညစာစားတော့မှ လက်က ချလိုက်တော့သည်။

ဆည်းဆာရောင်မှာ ရဲတောက် လာလေသည်။ ဦးစောဟန်သည် ဝေဝေနှင့် တည့်နေသော ဆိုဖာပေါ်သို့ ပြောင်းထိုင်လိုက်သည်။ ပြတင်းက ဝင်နေသော လေဖြင့် ခေါင်းထဲတွင် ရီတီတီ ဖြစ်နေလေသည်။ ဝေဝေ့မှာ ဦးစောဟန် အနားမှ ထသွား၍ စိတ်သက်သာစွာဖြင့် နောက်သို့မှီလျက် တံခါးပေါက် အပြင်က ကောင်းကင်ကို ငေးနေသည်။ ကောင်းကင်၌ နှင်းဆီရောင် တိမ်တိုက်တို့ဖြင့် လွှမ်းထားလေသည်။ ဦးစောဟန်မှာ နောက်တစ်ဖန်ခွက် စပ်ကာ မျက်လုံးများ မှေး၍ တစ်ကျိုက် နှစ်ကျိုက် ကျိုက်ရင်း ညနေတိမ်တောက် ဝင်းဝင်းရဲရဲ ထဲက ဝေ့ကို စင်းကြည့်နေသည်။

ချစ်လှသည့် ဝေ့ကို ရှေ့မှာထားကာ ကြိုက်လှသည့် အရက်ကို တမြမြ သောက်နေခြင်းဖြင့် ဇိမ်ယူနေစဉ်၊ ထားထားသည် လိုက်ကာကို ဖယ်ကာ အထဲသို့ ဝင်လာသဖြင့် ဖန်ခွက်ကို အောက်ချကာ ထရပ် ကြိုလိုက်သည်။

‘ထားထား မနက်ဖြန် ပြန်မယ်ဆို”

ထားထားသည် သူ့လက်ထဲမှ စာအိတ်ကို ဝေဝေ့သို့ ကမ်းပေးလိုက်ကာ “ဟုတ်ကဲ့၊ ပြန်ဦးမှပဲ” ဟု လှည့်ပြောကာ နှစ်ယောက်ထိုင် ဆိုဖာတွင် ဝင်၍ထိုင်သည်။

ဦးစောဟန်မှာ သူ့နေရာသူ ပြန်မထိုင်ဘဲ ဖန်ခွက်ကို ကောက်ယူခဲ့လျက် ထားထားဘေးတွင် လာထိုင်လေသည်။

“ဘာစာလဲ ဝေဝေ“ ဟု လှမ်းမေး လိုက်ပြီးနောက် “ဦး နေကောင်းရဲ့လား” ဟု ထားထားအား မေးနေ၏။

ဝေဝေသည် စာအိတ်ထဲမှ စာကို ဖွင့်နေပြီး “မေမေ့ဆီက စာပါ” ဟု ထားထားက ဝင်ပြောလေသည်။

“ဖေဖေ နေကောင်းပါတယ်။ အမောအပန်းတော့ တယ်မခံနိုင်ဘူး။ သွေးတော့ တစ်ခါတစ်လေမှ ပါလေဟန်လောက်ပါပဲ”

“အသက်ကလည်း ကြီးတော့ အမောအပန်း သိပ်မခံနိုင်ဘူးပေါ့။ အနားယူနေတာ ကောင်းပါတယ်”

ဝေဝေ စာဖတ်နေပုံကို အကဲခတ် ကြည့်နေရင်း ထားထားကိုလည်း စကားပြော လေသည်။ စာဖတ်နေသူ၏ မျက်နှာကလေး ညှိုးလာသည် ထင်မှတ်၍ ဘွားသီလရှင်က ဘာများ အပူတပ် နေပြန်သလဲဟု စိတ်ထဲ ထင့်သွားသည်။

ဦးစောဟန်မှာ ဝေဝေအား သီလရှင်နှင့် ပတ်သက်၍ အမေးအမြန်း မရှိဖူးပေ။ အိမ်ကြီးပစ်ကာ လွတ်ရာလွတ်ကြောင်း သီလရှင် သွားလုပ်သည့် မိန်းမကို နည်းနည်းမှ အထင်မကြီးနိုင်ပေ။

ဝေဝေသည် စာထဲတွင် စိတ်ဝင်စားနေကာ ပြောနေသော စကားများကို မကြားတစ်ချက်၊ ကြားတစ်ချက်။

စာမှာ ထူးဆန်းလေသည်။ တရားသံ၊ စာသံ သိပ်မပါဘဲ အိမ်ထောင်ရေး ဆုံးမစာတွေကို ဖတ်နေရသည်။

ချစ်သမီး
အိမ်ထောင်ပြုခြင်း၊ ဘုရားတည်ခြင်း၊ ဆေးမင်ရည် စုတ်ထိုးခြင်း ဤသုံးရပ်သည် စိတ်တိုင်းမကျက နောင်ပြုပြင်ရန် ခက်ကြောင်း ရှေးပညာရှိများ မှာကြား ဆုံးမခဲ့ခြင်း ရှိသည်။

လင်ရ မရှုံးရန်၊ လင်ကံ မဆိုးရန် ဆင်ခြင် ရွေးချယ်တတ်ဖို့ အရေးကြီးပေသည် သမီး။

ငါ့သမီး၏ အိမ်ထောင်ရှင် လင်သား၌ ပြည့်စုံတဲ့ လောကဂုဏ် အရည်အသွေးတွင် စိတ်ဓာတ် ကောင်းမြတ်သည့် အရည်အသွေးလည်း ပြည့်စုံမှ ဖြစ်မည်။

မယ်တော်၏ ပြီးခဲ့သော အိမ်ထောင်သက်၌ မိဘများ ထိမ်းမြား ပေးစား၍သာ မိဘ စိတ်ချမ်းသာအောင် အိမ်ထောင်ပြု လိုက်ရသည်။ လင်ယူခြင်း၊ သားမွေးခြင်း လောကအကြောင်းကို နဂိုကကိုပင် မနှစ်သက်စိတ် ရှိသည်။ သမီးဖခင်နှင့် အတူနေထိုင်စဉ် မယ်တော် စိတ်ချမ်းသာရန် ဆန္ဒအလို လိုက်လျောခြင်းဖြင့် ဝါတွင်းတိုင်း တရားအားထုတ်ခွင့် ရရှိခဲ့သည်။ သူ၏ စိတ်သဘော ပြည့်ဝခြင်းကြောင့်သာ တရားအားထုတ်ခွင့် ပေးခြင်းဖြစ်သည်။ သား မောင်နေဦး ရပြီး ကိုယ်မနှစ်သက်သည့် လူ့ဘောင်ကို စွန့်ရန် အားခဲသေးသည်။ မိခင်ပေါ်၌ ကောင်းရှာသော သမီးဖခင်ကို ငဲ့သည့်အတွက် စက်ဆုပ်ဆုပ်ဖြင့်ပင် ဇွတ်နှစ် နေခဲ့ရသည်။ အိမ်ထောင်သည် ဘဝ မပျော်ပိုက်ဘဲ စိတ်ဆင်းရဲရဲနှင့် သားသမီးများ ကြီးပြင်းအောင် စောင့်လျက် တစ်နေ့နေ့ ထွက်ရန်သာ အာရုံထားနေသည်။ နောက်ဆုံး ကိလေသာ အနှောင်အဖွဲ့က ရုန်းထွက်လိုက်သော မိခင်ကို နှောင့်ယှက်ခြင်း မရှိ၊ သဒ္ဓါကြည်ဖြူ ခွင့်ပြုလျက် နေရေးထိုင်ရေး ချောင်ချိအောင် ထောက်ပံ့နေသည့် အတွက် ကြောင့်ကြ ကင်းဝေးကာ တရားအားထုတ် နေနိုင်သည်။ သည်လင်သား၏ ဂုဏ်ကျေးဇူးမှာ မိခင်ပေါ်၌ ကြီးမားလှသည်။

မိခင်မှာ ဘဝ၏ အတိတ်ကံဖြင့် လင်သူတော်ကောင်းနှင့် ပေါင်းဖက်ခဲ့ရသည်ဟု ဆိုရပေမည်။ သမီးအဖို့ရာတွင်လည်း မိခင်ကဲ့သို့ လူကောင်း သူကောင်းနှင့် တွေ့ကြုံ ဆုံစည်းစေရန် ဆုတောင်းမေတ္တာ ပို့သလျက် ရှိနေရသည်။

ဝေဝေသည် စာဖတ်ပြီး စာရွက်ကို လက်ကမချ စိုက်လျက်ပင် အတွေးများဖြင့် ငေးငိုင် နေပေသည်။ မိခင် ဘွားသီလရှင်ထက် ဖခင်ကိုသာ ကြည်ညိုမိ လေသည်။ ကိုယ့်အလိုဆန္ဒ ချုပ်တည်းလျက် သူ့အလိုဆန္ဒ ဖြည့်စွက်တတ်သော စိတ်နေစိတ်ထားကို မျက်မှောက်၌ မျက်ဝါးထင်ထင် မြင်တွေ့ နေရသည်။ တစ်ပါးသူကို စိတ်ကျဉ်းမြောင်းအောင် မပြုလုပ်ဘဲ အလိုမကျလည်း မဆန့်ကျင်ဘဲ မျိုသိပ်ချုပ်တည်း ထားနိုင်သော စိတ်ဓာတ်ကို ချစ်ကြည်မြတ်နိုး လာသည်။ အားကျ အတုခိုးလို လာသည်။

ခါတိုင်းလိုပင် သည်စာကို ဖခင်အား ပြေးပြီးဖတ်ပြ လိုက်ချင်သည်။ မည်မျှ ဝမ်းသာ လိုက်မည်နည်း။

“ချာတိတ် ... ဘာတွေ ပါလို့လဲ။ ငေးနေတယ်”

ဝေဝေသည် စာရွက်ကို ခေါက်လျက် “အကြောင်း မထူးပါဘူး။ ဆုံးမစာ ရေးတာပါ” ဟု ပြောပြောဆိုဆို ထားထားသို့ ကမ်းပေးလျက် “ဖေဖေ့ကို ဖတ်ပြလိုက်နော်” ဟု မှာနေသည်။

“ထားထားရေ၊ စစ်ကိုင်းက စာတွေ ခဏခဏ လာနေရင် ချာတိတ် မယ်သီလရှင် လုပ်သွားမှာ စိုးရတယ်။ ကိုတော့ ဆီတို့ ဆန်တို့ မပေးဘူးနော်၊ ဒါပဲ”

ဦးစောဟန်က နောက်လိုက်သည်။ ထားထားသည် ပြုံးလျက် တွေးနေကာ၊ ဦးစောဟန် ရယ်သံစဲသွားမှ သူ့ထင်မြင်ချက်ကို ဖွင့်ပြောသည်။

“သူလား၊ သူ့လောက် သံယောဇဉ် ကြီးတတ်တာ၊ ဘယ်တော့မှ မယ်သီလရှင် ဖြစ်မှာ မဟုတ်ဘူး။ ဝေးပါသေးတယ်”

“ဖြစ်ချင်းဖြစ် မမထားပဲ ဖြစ်မှာပါနော်” ဟု ဝေဝေက တည်တည်နှင့် ရယ်စရာ ဝင်ပြော လိုက်လေသည်။

မီးရောင် လင်းသွားသည်။ မောင်မြသည် ထားထားအတွက် ဘိလပ်ရည် ထည့်ယူလာရာ “ထားထား ရှန်ပိန် သောက်မလား” ဟု ဖြတ်မေး လိုက်သဖြင့် “ဒါတွေ မသောက်ဘူး၊ ကျွန်မ စစ်ကိုင်းသွားမှာ” ဟု ရယ်ပြောနေသည်။

ဦးစောဟန်သည် လက်ထဲမှ အရက်ခွက်ကို တေ့ကျိုက်ချ လိုက်ပြီး၊ ဖန်ခွက်ကို ချကာ ကိုယ်ကို ကြွလျက် ဘောင်းဘီအိတ်ထဲမှ လက်ကိုင်ပဝါ ဆွဲထုတ်၍ မျက်နှာသုတ် လိုက်သည်။ လည်ချောင်း ရှင်းသလို ချောင်းတစ်ချက် ဟန့်ပြီးနောက် ထားထားဘက်သို့ ခပ်ပြုံးပြုံး လှည့်ပြောသည်။

“ထားထားလာတုန်း တိုင်ရဦးမယ်။ ချာတိတ်လေး သိပ်ဆိုးတာပဲ။ ဝမ်းနှုတ်ဆေး တိုက်ရင် အားကြီး ချေးများတာပဲ၊ မသောက်ချင်ဘူး။ ကြက်ဥတို့၊ နွားနို့တို့လည်း သိပ်မစားဘူး။ ညှီတယ်တဲ့။ ချဉ်ချဉ် ငရုတ်သီး စပ်စပ်တွေ စားချင်တယ်။ ပြီး ဟို ... ရေကို ချက်သောက်တာလည်း အားမရဘူးတဲ့၊ ရေစိမ်းပဲ သောက်နေတယ်”

ဦးစောဟန်မှာ သည်လို ပြောရတာကို နှစ်သက်သည်။ ပြောလို့ မြိန်သည်။ ဝေဝေမှာ နှုတ်ခမ်း မဟတဟ ရွရွကလေး ပြုံးလျက် မျက်လွှာချကာ လက်ဝါးကို လက်နှင့် ပွတ်နေလေသည်။

ထားထားသည် ဝေဝေ့အား လှမ်းကြည့်နေ၏။ ဝေဝေ၏ အပြင်ပန်း အမူအရာ အကဲကို အမှတ်မထင် ပြုလျက်၊ နှလုံးသားထဲ ဘာရှိမည်ကို ထွင်းဖောက် မြင်ကြည့် နေလေသည်။
-----------------------------------------
ဂျာနယ်​ကျော်မမ​လေး

crd 👉 http://openread.atspace.cc/works/28052020_nv.html

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)