အဓမ္မမင်္ဂလာ (တစ်ခန်းရပ်ပြဇာတ်)
ဇာတ်ဆောင်သူများ
ဦးရနိုး = အသက်ခြောက်ဆယ်ကျော် သူဌေးလူပျိုကြီး
ငပိန် = ဦးရနိုး၏ တပည့်
ညိုညိုစိန် = အသက် ၁၆ နှစ်အရွယ် အပျိုမ
မောင်ကျား = အပျိုမ၏အဖေ (တစ်ကျွန်းပြန်)
ပုဏ္ဏက ရဲဒင် = အပျိုမ၏မောင် (ရပ်ကွက်လူမိုက်)
မောင်တင့် = အပျိုမ၏ရည်းစား
မောင်ကြင် = အမိန့်တော်ရရှေ့နေ
ဦးပေ = ဆရာကြီးအခေါ်ခံသူ
ဦးပုရပိုက် = ဆရာကြီးအခေါ်ခံသူ
======================
လူပျိုကြီး ဦးရနိုး၏အိမ်ရှေ့ခန်း
[ ဦးရနိုး ထွက်လာစေ။ ]
ဦးရနိုး။ ။ ဟေ့ ... ငပိန်၊ ငါ အခုပဲ ပြန်လာခဲ့မယ်၊ ကြားလား။ အိမ်မှာ လုပ်စရာရှိတာတွေကို ပြီးအောင်လုပ်ထား၊ ကြားလား။ ငါ့ကို လာမေးကြလျှင် ငါမရှိဘူး ထွက်သွားတယ်၊ မနက်ဖြန်မှ ပြန်လာမယ်လို့ ပြောလိုက်၊ ကြားလား။ (ထွက်သွားမည်ပြုပြီး ပြန်လှည့်၍) ဟဲ့ .. ဟဲ့ ... နေဦးဟဲ့။ အကြွေးလာဆပ်တဲ့လူလာလျှင်တော့ ငါ့ကို ရှေ့နေ မောင်ကြင့်အိမ်မှာ လာခေါ် ကြားလား။ ဟေ့ကောင် ...ကြားရဲ့လား။
[ ရှေ့နေ မောင်ကြင် ထွက်စေ။ ]
မောင်ကြင် ။ ။ (ထွက်လာရင်း) အင်း ... အင်း .... မှာပုံကလေးကတော့ တော်တော်သင်းတာပဲ။
နိုး ။ ။ (မောင်ကြင်ကို မြင်၍) ဪ.... မောင်ကြင်၊ နေရာကျလိုက်လေကွာ။ ငါ မင့်ဆီကို အခု လာမလို့ကွ၊ မောင် မာရဲ့ နော်။
ကြင် ။ ။ မာပါတယ် ... ဦးရဲ့။ ဘာကိစ္စများ ထူးနေလို့ပါလိမ့်။
နိုး ။ ။ ဒီလိုကွယ့် .. ဒီလိုကွယ့်။ (အနားတိုးသွားစေ။) ကိစ္စကတော့ ထူးသပေါ့ကွာ၊ တိုင်ပင်စရာရှိလို့ ဆိုပါတော့။
ကြင် ။ ။ အို ... ဒါဖြင့် အဆင်သင့်နေတာပေါ့။ တိုင်ပင်ပါ ဦးရယ်၊ တိုင်ပင်နိုင်ပါတယ်။
နိုး ။ ။ အေးကွာ၊ မောင်ကြင်လည်း သိတဲ့အတိုင်းပဲကွ။ ဦးမှာ မြတ်စွာဘုရားကိုယ်တော်မြတ်ကြီး ဟောတော်မူတဲ့ သမ္ပဒါတရားလေးပါးကို ဘယ်တော့မှ လက်မလွှတ်တဲ့လူကွ။ ဒီတော့ ကလျာဏမိတ္တသမ္ပဒါဆိုတဲ့ တရားတော်အတိုင်း ဘယ်အရာမျိုးမှာမဆို မိတ်ကောင်းဆွေကောင်း ဆိုတာ အရေးကြီးတယ် မဟုတ်လားကွ။
ကြင် ။ ။ အရေးကြီးတာပေါ့ ဦးရဲ့။
နိုး ။ ။ ဒီတော့ ဦးက မိတ်ကောင်းဆွေကောင်းကို လိုက်ကြည့်လိုက်တော့.... ဟေ့ .. မောင်ကြင်၊ ဦးက မောင့်ကို မြင်တယ်ကွ။ မောင့်ကို ... မောင့်ကို။
ကြင် ။ ။ ဝမ်းသာပါတယ် ဦးရာ၊ တိုင်ပင်စရာရှိတာမှန်သမျှ ပြောချလိုက်စမ်းပါ။
နိုး ။ ။ အေး ... အေး။ နို့ပေတဲ့ကွာ ဦးရဲ့ အလိုကိုလိုက်ပြီး မြှောက်ပင့်မပြောစေချင်ဘူးကွ။ အတ္ထက္ခာရီ မိတ်ဆွေကောင်းပီပီ မောင့်စိတ်ထဲမှာ ထင်သမျှ မြင်သမျှ ဖွင့်ချလိုက်စေချင်တယ်ကွ။ ဟုတ်ကဲ့လား။
ကြင် ။ ။ ဒါပေါ့ ဦးရ။
နိုး ။ ။ အေး ... ကောင်းသဟေ့။ ဒီလိုကွ၊ ဦးဟာ အခုနေများ အိမ်ထောင်ပြုရလျှင် ကောင်းမှကောင်းပါ့မလား။ အဲဒါကို ဦး စဉ်းစားနေတယ်။ ကိုင်း ... မောင့်သဘော ဘယ့်နှယ်လဲ။
ကြင် ။ ။ ဗျာ... ဦးက အိမ်ထောင်ပြုမယ်လို့ စိတ်ကူးနေသလား။ ဒီအသက်အရွယ်ရောက်မှ ....။
နိုး ။ ။ အေးလကွာ။ မေးတာ ပြောစမ်းပါ။ အသက်နဲ့ဘာဆိုင်လို့လဲကွ။
ကြင် ။ ။ အသက်နဲ့ ဆိုင်တာပေါ့ ဦးရဲ့။
နိုး ။ ။ မဆိုင်လိုက်တာကွာ။ ဦးမေးတာက ဦးဟာ အိမ်ထောင် ပြုသင့်၊ မပြုသင့် မေးတာကိုး။ အိုကွာ .... မောင့်မှာလည်း ရှေ့နေလုပ်နေပြီး တယ်နားဝေးကိုးကွ။ ဦး... မိန်းမယူသင့် မယူသင့် မေးတာကွ။
ကြင် ။ ။ ဟုတ်တယ်လေ။ ဒါကြောင့် အသက်အရွယ်ကို မေးရတာပေါ့ ဦးရဲ့ ။ ခေါင်းဖြူစွယ်ကျိုး အရွယ်ရောက်မှ ....။
နိုး ။ ။ အမယ်လေး .. လေး ... လေး။ ဒီစကား မပြောစမ်းပါနဲ့ကွ ... မောင်ကြင်ရ။ ငါ အသည်းနာလွန်းလို့ကွ။
ကြင် ။ ။ မဟုတ်ဘူးလေ၊ ဦးရဲ့ အသက်အရွယ်ကို ပြောပြမှ ဦးမေးတာကို ဖြေနိုင်မှာပေါ့။ မပြောလျှင် ဘယ်နိုင်မှာလဲ။
နိုး ။ ။ မသိဘူးကွာ မသိဘူး။ ငါ မမှတ်မိတော့ဘူး။
ကြင် ။ ။ ကဲ .. ဦးက ပြောမပြလျှင် ကျွန်တော်က သတိပေးရမှာပေါ့ဗျာ။ ဦးဟာ အခု အသက် ၆၅ နှစ်ထဲ ရောက်နေပြီ ဦးရဲ့။
နိုး ။ ။ ဒါနဲ့ မဆိုင်ပါဘူးကွာ၊ ငါ မေးတာသာ ဖြေစမ်းပါကွ။
ကြင် ။ ။ ကဲ ဒါဖြင့် ကျွန်တော် ဖွင့်ချလိုက်ရတော့မလား။
နိုး ။ ။ အေး ... ဖွင့်ချလိုက်။ မင့်စိတ်ထဲမှာ ထင်သမျှ မြင်သမျှ ဖွင့်ချလိုက်။
ကြင် ။ ။ ဦး ... အိမ်ထောင်ပြုဖို့ မကောင်းတော့ဘူးဗျ။ ကဲ... ဘယ့်နဲ့လဲ။
နိုး ။ ။ ဟာ ... ဒီလို ဖွင့်ချတာမျိုးတော့ ဦး မကြိုက်နိုင်ဘူးကွာ။ မောင်ကြင် ...ငါ့တူကြီးက လိမ္မာပါတယ်ကွာ။ ဦးက မိန်းမယူချင်နေတာ မောင်ကြင်ရဲ့။
ကြင် ။ ။ ဒီအသက်အရွယ်ရောက်မှတော့ မသင့်ဘူး ထင်ပါတယ် ဦးရယ်။ ဦးဟာ ဒီအရွယ်ထိ လူပျိုကြီးဘဝနဲ့ နေလာခဲ့တယ် မဟုတ်လား၊ ဘယ်လောက် လွတ်လပ်သလဲ။ အခုမှ သားတွဲလဲ၊ မယားတွဲလဲ မဖြစ်ချင်စမ်းပါနဲ့ ဦးရာ။
နိုး ။ ။ ဟေ့ ... မောင်ကြင်၊ ငါ မိန်းမယူချင်တယ်ကွ။ မင်း လျှာမရှည်နဲ့။ သားတွဲလဲ မယားတွဲလဲ ဒါတွေကို ငါနားမလည်ဘူး။ ကောင်မကလေးတစ်ယောက်ကို ငါ ကြိုက်နေတယ်။ ဒီတော့ ဦးဟာ မိန်းမယူသင့်တယ်လို့သာ မင်းက ဖွင့်ချလိုက်။ ဒီလို ဖွင့်မချလျှင် မင်းနဲ့ငါနဲ့ မိတ်ဆွေမဟုတ်တော့ဘူးလို့ မှတ်လိုက်။ မင့်ကို ဘယ်တော့မှ ငါ ရှေ့နေ မငှားတော့ဘူး။ ဒါပဲ။
ကြင် ။ ။ (ခေါင်းကုတ်ကာ) ဒီအဘိုးကြီးတော့ ခက်တော့မှာပဲ။ (နိုးဘက်သို့ လှည့်၍) ကဲဗျာ ...ဦးဟာ မိန်းမယူသင့်ပါတယ်၊ ယူသင့်ပါတယ်။
နိုး ။ ။ ဒီလိုမှပေါ့။ ဒါမှ တကယ့်မိတ်ဆွေကွ။
ကြင် ။ ။ မိတ်ဆွေ မဟုတ်ဘူး၊ ရှေ့နေခင်ဗျာ... ရှေ့နေ... ရှေ့နေ။
နိုး ။ ။ အေးလေကွယ် ...။ မောင်ကြင်ဟာ ငါ့မိတ်ဆွေ၊ မောင်ကြင်ဟာ ငါ့ရှေ့နေ၊ ငါ့မိတ်ဆွေဟာ ငါ့ရှေ့နေ ဖြစ်နေတော့ ငါ့ရှေ့နေဟာ ငါ့မိတ်ဆွေပေါ့ကွ။ ငါကွာ ... ဒီကောင်မကလေးကို သိပ်ကြိုက်တာပဲကွာ။
ကြင် ။ ။ ဪ ... အသည်းတွေ အူတွေ ပြတ်ပြတ် လွင့်စဉ်သွားမတတ် ကြိုက်နေတယ် ဆိုပါတော့။
နိုး ။ ။ အေး ... မင်း တော်လာပြီ။ ငါ့သဘောကို မင်း သိလာပြီ။ အဲဒါကွာ ..သူ့အဖေကြီးကို ငါ ပြောဆိုပြီးပြီ။ တောင်းရမ်းပြီးပြီ ဆိုပါတော့ကွာ။
ကြင် ။ ။ ဒါနဲ့များဗျာ ... တိုင်ပင်ချင်သလေး ဘာလေးနဲ့။ ဦးဟာက အားလုံး ပြောဆို ပြီးစီးနေမှပဲ။ နို့ ဘယ်တော့ မင်္ဂလာဆောင်မှာလဲ။
နိုး ။ ။ အခု ညနေလေ။
ကြင် ။ ။ အို ... မြန်လှချေလား။ ဒါဖြင့် ဦးရေ ... ဘာဖြစ်လို့ မိန်းမ မယူဘဲ နေရမှာလဲ။ ယူသာ ယူ။ ယူသာယူ။
နိုး ။ ။ ရွေ့ .. ဒါမှပေါ့ကွ။ ဦးဟာ သိပ်အသက်မကြီးသေးဘူးကွာ။ နွားပျိုသန်လှ နွားအိုပေါင်ကျိုးသလောက် ရှိပါသေးတယ်ကွ။ ဟေ့ မောင်ကြင် ...ကြည့်စမ်း။ (လက်ရုံး တန်းပြစေ။) မယားတစ်ယောက်တော့ ယူနိုင်ပါသေးတယ်ကွာ။
ကြင် ။ ။ ဟာ ... ဦး အသန်ကြီး ရှိသေးတာပဲ။ မြန်မြန် မိန်းမယူမှဖြစ်မယ် ဦးရေ့။ မြန်မြန်၊ မြန်မြန်။
နိုး ။ ။ အစတုန်းကများ ဦးက မိန်းမယူရမှာ သိပ်ရှက်သား၊ အခုတော့လည်း အင်း ... ထမင်းစားသလို ရေသောက်သလို နေမှာပါပဲကွာ။ တယ်ခက်မယ် မထင်ပါဘူး၊ ဟုတ်လား။ လောကမှာ လူဖြစ်လာလို့မှ မိန်းမ မယူဘူးဆိုလျှင် တစ်ပန်းရှုံးရော့ပေါ့ကွ ... မောင်ကြင်ရ။
ကြင် ။ ။ ယူစေဗျား ... ယူစေဗျား။
နိုး ။ ။ ဒါပေါ့ကွ၊ ယူမှာပေါ့ကွ။ ကာမဂုဏ်စည်းစိမ်ဆိုတာ ... အင်း ... ဟုတ်လား။ မင်း ... မင်းတို့တော့ သိမှာပေါ့ကွာ။
ကြင် ။ ။ အို ... မေးနေစရာ မလိုပါဘူး။ ဦး ဘာဆိုလိုတယ် ဆိုတာကို ကျွန်တော် အများကြီး သိတာပေါ့။ အို ... အို ... ဦးကလည်း ရှက်စရာ မဟုတ်တာ။ အသက်အရွယ်ကြီးလာတယ် ဆိုတော့ မယားရဲ့အပြုအစု အယုအယ ခံချင်တယ်လို့ ဆိုလိုတာပါ ဦးရဲ့။
နိုး ။ ။ မင်းက ဒီလိုပြောပြမှ ရှင်းသွားတယ်ကွာ ...။
ကြင် ။ ။ မေးစမ်းပါရစေ ... ဦးရဲ့၊ ကောင်မကလေးက ဘယ်ကလဲ။
နိုး ။ ။ ဟိုအပိုင်းက ညိုညိုစိန်ကလေးဟာလကွယ်။
ကြင် ။ ။ ဪ ... ကုလားဆင်ကလေး။ လှက လှပါဘိသနဲ့။ ဆံတောက် မဝင်တဝင် မျက်လုံးမျက်ခုံး ကောင်းကောင်း...။
နိုး ။ ။ အေး ... အစစ်ပေါ့ကွာ။ ညိုညိုစိန်လေ။
ကြင် ။ ။ သူ့အဖေက၊ ကိုကျား မဟုတ်လား။
နိုး ။ ။ အေးလေ။
ကြင် ။ ။ ဒါဖြင့်၊ ဒီကောင်မလေးဟာ ပုဏ္ဏက ရဲဒင်ရဲ့ နှမကလေးပေါ့။
နိုး ။ ။ အေးလေ .. သူ့နှမလေးပေါ့။ ဘယ့်နှယ် မောင်ကြင် ...သဘောမကျဘူးလား။
ကြင် ။ ။ ဦးနဲ့ဆိုလျှင် ရှေ့သွားနောက်လိုက် အလွန်ညီ။ ဦးရေ မြန်မြန် မြန်မြန်။
နိုး ။ ။ မောင်ကြင့်ကို တိုင်ပင်ရတာ ကောင်းလိုက်တာကွာ။ ဦး သိပ်ဝမ်းသာတာပဲဟေ့။
ကြင် ။ ။ အို ဒါနဲ့ ... ကျွန်တော့်မှာ ကိစ္စကလေးတစ်ခု ရှိနေတယ်၊ ခွင့်ပြုပါဦးနော်။
နိုး ။ ။ ကောင်းပါ့မောင်။ ဦး သိပ်ဝမ်းသာတာပဲကွာ။
ကြင် ။ ။ (တစ်ကိုယ်တည်း ပြောစေ) လောကများ မွတ်ကရောပေါ့ကွာ။ ကောင်မကလေးက ပျံတံတံ၊ သူ့အဖေက တစ်ကျွန်းပြန်၊ သူ့အစ်ကိုက တာတေလံ၊ အင်း ... အဘိုးကြီးက ရိုးအအ၊ တွေ့ကြရောပေါ့ကွာ။ (နိုးဘက်သို့ လှည့်၍) ဦး ... ကျွန်တော် ပြန်လိုက်ပါဦးမနော်။ (ဝင်စေ။)
[ညိုညိုစိန် ထွက်လာစေ။ ]
နိုး ။ ။ (တစ်ကိုယ်တည်း ပြောစေ။) အို ... ဟိုမှာ ညိုညိုစိန်ကလေးပါလား။ နေရာကျလိုက်လေ။ အောင်မယ်လေးဟဲ့။ လှလိုက်တာ၊ အို ... ညိုညို။
ညို ။ ။ ဪ ... ကိုကို။ (ရှက်သွားစေ။)
နိုး ။ ။ အောင်မယ်လေးဟဲ့။ (ခြေဆုံးခေါင်းဆုံး ကြည့်၍) ဒီပဝါ၊ ဒီထဘီကလေးနဲ့ ဆိုတော့ ညိုညို ဒီနေ့ သိပ်လှနေပါလားကွယ်။
ညို ။ ။ အို... ကိုကိုကလဲ မုန်းစရာ။ ညိုညို အခု “ရိုးတိုက်” ကြီးကို သွားမလို့ ကိုကိုရဲ့။
နိုး ။ ။ ညိုညို .. ညနေနော် ... ကြားလား။
ညို ။ ။ အို ... ဘာလဲ၊ အလကား .. မုန်းစရာ။
နိုး ။ ။ ညိုညိုက ... ထိုင်ပါဦးကွယ်။ ညိုညို အခု သိပ်ပျော်နေတာပေါ့နော်။
ညို ။ ။ အို ... ပျော်တာပေါ့ ကိုကိုရဲ့။ (ထိုင်ကြစေ) နို့ပေတဲ့ ကိုကိုရယ် ... ညိုညို့အဖေက သိပ်ဆိုးတာပဲ ကိုကိုရဲ့။ ညိုညိအစ်ကိုကလည်း သိပ်ဆိုးတာပဲ ကိုကိုရဲ့။ ညိုညို ဘယ်ကိုမှ မသွားရဘူး၊ မလည်ရဘူး၊ သိပ်စိတ်ညစ်တယ်။ ညိုညို တစ်ခါတည်း သတ်သေလိုက်ချင်တယ်။
နိုး ။ ။ ဟဲ့ ဟဲ့ မလုပ်ပါနဲ့ဟဲ့။ မလုပ်ပါနဲ့ဟဲ့။
ညို ။ ။ အဟုတ်ပဲ။ သိပ်စိတ်ညစ်တယ်။ (မျက်ရည်သုတ်ဟန် ပြုစေ။) နို့ပေတဲ့ အခုတော့ ပျော်နေပါပြီ။ ကိုကိုက ညိုညို့ကို လာတောင်းကတည်းက ပျော်နေပါပြီ။ ညိုညိုတော့ ဝဋ်ကျွတ်တော့မယ် ဆိုပြီး ပျော်နေပါပြီ။ ကိုကိုက သိပ်သဘောကောင်းတာပဲနော်။ ကိုကိုက သူဌေး။ မော်တော်ကားလည်း ရှိတယ်။ စိန်တွေ ရွှေတွေလည်း ပေါတယ်။ ညိုညို သိပ်ပျော်တာပဲ ကိုကိုရယ်။ ညိုညို ဘိုင်စကုတ်လည်း သွားကြည့်မယ်။ ပွဲလည်း ကြည့်မယ်နော်။ နေ့ခင်းကျလျှင် ပိုကာဒေါင်းမယ်။ မာဂျောင်း ကစားမယ်။ သိပ်ပျော်စရာ ကောင်းမှာပဲနော်။ ညိုညိုလေ .. ကိုကို့ကို ဘယ်တော့မှ ဒုက္ခမပေးဘူး။ ကိုကိုကလည်းလေ ညိုညို့ကို ဘယ်တော့မှ ဒုက္ခမပေးနဲ့နော်။ ကိုကိုလည်း ကိုကို့သဘောရှိ။ ညိုညိုလည်း ညိုညို့သဘောရှိ။ ဒါမှ လင်မယား သင့်သင့်မြတ်မြတ်ဖြစ်ကြမှာပေါ့နော်။ ညိုညိုလေ .. ကိုကို့အပေါ်မှာ ဘယ်တော့မှ သဝန်မကြောင်ဘူး။ ကိုကိုကလည်း ညိုညို့အပေါ်မှာ ဘယ်တော့မှ သဝန်မကြောင်နဲ့။ အို ... ကိုကို။ ဘယ့်နှယ်ဖြစ်တာလဲ။ အို ... ကိုကို့မျက်နှာ မကောင်းပါကလား။
နိုး ။ ။ ဘာမှ မဖြစ်ပါဘူး ညိုညိုရယ်။ ခေါင်းထဲက မူးနောက်နောက် ဖြစ်သွားလို့ပါ။
ညို ။ ။ ကဲ ကဲ.. ဒါဖြင့် ညိုညို သွားစရာရှိတာ သွားလိုက်ဦးမယ်နော်။ ဪ ... ဒါနဲ့ ကိုကို၊ ညိုညို အခု ရိုးတိုက်ကြီးကို သွားမလို့။ ညိုညို လိုချင်တာတွေ ဝယ်ပေးနော်။ ညိုညို လိုချင်တာ ဝယ်ပြီးလျှင် ကိုကို့ဆီကို “ဘီလ်”စာရင်း ပို့လိုက်မယ်၊ ဟုတ်လား။ သွားဦးမယ်နော်။ (ညိုညိုစိန် ဝင်စေ။)
[မောင်ကြင် ပြန်ထွက်လာစေ။]
ကြင် ။ ။ အောင်မယ်လေး ... မောလိုက်တာ ... ဦးရယ်။
နိုး ။ ။ အို ... မောင်ကြင်။ ဘယ့်နှယ်ဖြစ်တာလဲ။
ကြင် ။ ။ လမ်းမှာ စိန်ပွဲစားနဲ့ တွေ့လာလို့ပါ။ ဦးက မင်္ဂလာဆောင်ခါနီးမို့လို့ ညိုညို့အတွက် စိန်လက်ကောက်ကလေး ဘာကလေးများ ဦး ဝယ်ချင်လျှင် ဝယ်ရအောင် ဆိုပြီး ပြေးလာလိုက်ရတာ။ ဟောဟဲ ဟောဟဲ...မောလိုက်တာ။
နိုး ။ ။ အင်း ... ဒုက္ခပါပဲ မောင်ကြင်ရာ။ ငါ စိတ်ပျက်ချင်လာပြီကွ။
ကြင် ။ ။ ဗျာ ... မင်္ဂလာဆောင်ခါနီးမှာ ဘယ့်နှယ် စိတ်ပျက်စကားတွေ ပြောနေရတာလဲ ဦးရ။
နိုး ။ ။ မင်္ဂလာဆောင်ဖို့ စိတ်ပျက်နေတယ် ပြောတာကွ။
ကြင် ။ ။ ဟာ .. ဦးဟာက ဘယ့်နှယ်ဟာလဲ။ ဒီညနေမှာ မင်္ဂလာဆောင်ရတော့မယ် မဟုတ်လား။
နိုး ။ ။ ညက အိပ်မက်မကောင်းဘူး မောင်ကြင်ရာ။ အခုလည်း မျက်ခုံးတွေ လှုပ်လိုက်တာ၊ လှုပ်ပြီးရင်း လှုပ်ရင်းပဲကွ။
ကြင် ။ ။ သွေးလေ ချောက်ချားလို့ ဖြစ်ပါလိမ့်မယ် ဦးရယ်။ နို့ပေတဲ့ သိနိုင်ဘူးလေ။ ကဲ ...ကဲ ဒါဖြင့် ကျွန်တော် ပြန်မယ်။ (ဝင်စေ။)
နိုး ။ ။ (လူးလာတုံ့ခေါက် လျှောက်လျက်) မဖြစ်ပါဘူး ... ဖြစ်မယ် မထင်ပါဘူးလေ။
[ဦးပေသည် ပေထုပ်ကို ပခုံး၌ထမ်းလျက် ပျာယီးပျာယာ ထွက်လာစေ။]
ပေ ။ ။ (တစ်ဖန် ထွက်လာသည့်ဘက်သို့ လက်သီးပြ၍ လက်ရုံးတန်း၍) ဟေ့ အကောင် ... သွားဆို သွား။ ငါဟာ နင့်လို လူအန္ဓနဲ့ ဖက်ပြီး စကားမပြောချင်ဘူး။ သွားဆို သွားကွာ။ အသေဝနာစ ဗာလနံတဲ့။ နင် နားလည်ရဲ့လား။ တွံ သင်သည် အကြင်မျှသော ကာလပတ်လုံး ပညာရှိကဝိကို ငြင်းဆိုအံ့။ ထိုမျှသော ကာလပတ်လုံး တွံ သင်သည် မိုက်မဲသောသူပေတည်း တဲ့။ ဣတိတသ္မာ ထို့ကြောင့် ... သွားဆို သွား။ ရှေ့မတိုးနဲ့။ ငါ .. တယ်...။ (ခါးတောင်းကျိုက်စေ။)
နိုး ။ ။ (တစ်ယောက်တည်း ပြောစေ။) ဟာ .. အတော်ပဲ။ ဆရာကြီးကို တိုင်ပင်ရတော့မှာပဲ။ ဆရာကြီးခင်ဗျား။
ပေ ။ ။ (မိမိ ထွက်လာသည့်ဘက်သို့) သယ် ... ဟေ့ကောင်။ ခုထက်ထိ မသွားသေးဘူးလား။ လူဝါးဝလို့။ ငါလို ပညာရှိ ကဝိသူမွန်နဲ့ စကားဆွေးနွေးချင်သလေး ဘာလေးနဲ့။ နင့်မှာ ဘယ်ဆရာနဲ့ ကျကျနန သင်ဖူးလို့လဲ ဟေ ...။
နိုး ။ ။ အင်း ... ဆရာကြီး ဘယ်သူနဲ့များ ရန်ဖြစ်လာပါလိမ့်။ ဒီမှာ ... ဆရာကြီးခင်ဗျာ။
ပေ ။ ။ သယ် ... လူဝါးဝလို့။ ပါရမီဆယ်ပါးဆိုတာ နင် သိရဲ့လား။
နိုး ။ ။ ဆရာကြီးခင်ဗျာ။
ပေ ။ ။ သယ် ဗြဟ္မစိုရ်တရား လေးပါးဆိုတာ နင် သိရဲ့လား။ ဂန္ထဓူရဆိုတာ နင် သိရဲ့လား။ .. နိမ္မာနရတိ၊ ဝဿဝတီ၊ သညီခေါ်သုံး၊ ပတ်ကုံး ဝိသယု၊ အနိစ္စဒုက္ခ၊ ပုဇ္ဇတိ ပဇ္ဇတီတိ၊ တယ် ...ငါကျက်ထားတဲ့ စာတွေနဲ့ ကိုင်ပေါက်လိုက်ရ။
နိုး ။ ။ ခက်တော့တာပဲ။ ဆရာကြီးတော့ အတော် စိတ်ဆိုးလာပြီ ထင်တယ်။ ဆရာကြီးခင်ဗျာ။
ပေ ။ ။ သယ် ... နင်တို့လို အဝိဇ္ဇာ အမှောင်ဖုံးနေတဲ့ အကောင်တွေကြောင့် ဒီလောကကြီးဟာ ကမောက်ကမဖြစ်နေတာ သိရဲ့လား။ အစိန္တေယျ၊ အပ္ပမေယျ၊ ကျေးဇူးတော်အစုံ၊ ဂုဏ်တော်အနန္တနဲ့ ပြည့်စုံတော်မူသော မြတ်စွာဘုရား ... ဘုရားတပည့်တော်သည် ဤလူ့ပြည်၌ မနေလိုပါ ဘုရား။ ...ကြုံလေဘုံဗွေ၊ ဆော်ထွေမှိုင်းမိရင်း၊ ကံ ကံငယ် ခေလို့သာ ကြုံရလေခြင်း၊ ဂြိုဟ်မင်း ဘုရားတပည့်တော်ကို မွှေ၊ နတ်မင်းတို့ နေနိုင်လေ။ သယ် ... သံဝဋ်ကပ်ကြီး၊ အရောင်ညီး၊ လောင်မီးကျစေ၊ နင်လိုအကောင် ယောင်တောင်တောင်၊ လောင်စာသိ၍ သေရော့လဟယ်။
နိုး ။ ။ အို ... ဆရာကြီးရဲ့။ ဘယ်လို ဖြစ်လာတာလဲ ဆရာကြီးရဲ့။ တစ်ဆိတ်ကလေး ရှင်းစမ်းပါဦး ဆရာကြီးရဲ့။
ပေ ။ ။ အလို ... မောင်ရနိုးပါလား၊ အလကားကွာ။ ငါလို ပညာရှိ ကဝိသူမွန်က မြတ်စွာဘုရား ကိန်းအောင်းမွေ့လျော် စံပယ်တော်မူတဲ့ ဇေတဝန်ကျောင်းတော်ကို အနာထပိဏ်သူဌေးက ဆောက်တယ်လို့ ကျမ်းဂန် အထောက်အထား ပါဠိပါဌ်သားနဲ့ တခမ်းတနား ဟောပြတယ်ကွ။ သူက မဟုတ်ဘူးတဲ့။ လက်သမားက ဆောက်တာတဲ့။ အနာထပိဏ်သူဌေးက ငွေထုတ်ပေးရုံ ထုတ်ပေးတာတဲ့။ ဘယ့်ကလောက် မိုက်လုံးကြီးတဲ့အကောင်လဲ။ သယ် ... ဟေ့ကောင် ... အန္ဓပုထုစဉ်။ လာလေ သတ္တိရှိလျှင် ငါ့ကို နင် ဘာမှတ်သလဲ။ နင်ဟာ ဗလချဉ်းစေဝ၊ ဗလနန်။ ဗလချာတိ၊ ဗလစ်ဗလစ်၊ ဗလရွတ်တ၊ ဗလောင်းဗလဲ။ ကိုင်း ဘယ့်နဲ့လဲ။ ငါသည် နင့်ကို အဲဒီလို ဆဲရေး တိုင်းထွာလိုက်သည် ဟူလို (ဝါ) ကဲ့ရဲ့သင်္ဂြိုဟ် စကားတင်းဆိုလိုက်သည် တမင့်၊ (ဝါ) ပြစ်တင် မောင်းမဲလိုက်သည် တမုံ့။
နိုး ။ ။ ဗွေယူမနေပါနဲ့ ဆရာကြီးရယ်။ ဒီလူတွေက ဆရာကြီးကို ကျီစားကြတာ ဖြစ်ပါလိမ့်မယ်။
ပေ ။ ။ သယ် ...။
နိုး ။ ။ အောင်မယ်လေး ... ဆရာကြီးရဲ့။ ကဲ ....ကဲ၊ လူနောက် လူလှောင်တွေ သွားကုန်ကြပါပြီ ဆရာကြီးရယ်။ ဆရာကြီးကို တွေ့ရတာ အဆင်သင့်လွန်းလို့ ပြဿနာတစ်ခုလောက် မေးစမ်းပါရစေ ဆရာကြီးခင်ဗျာ။
ပေ ။ ။ သြ ... ပြဿနာတဲ့လား။ မင်း ... တော်သဟေ့။ ပြဿနာတဲ့၊ ဟုတ်စ။ ကိုင်း .. မေးစမ်း။ ငါ ဆရာသခင် ကျေးဇူးရှင်က အခုချက်ချင်း အကြွင်းမဲ့ ဖြေလိုက်မယ်။ နားထောင် .....။
နိုး ။ ။ အမယ်လေး ဆရာကြီးရဲ့။ မဖြေပါနဲ့ဦး ဆရာကြီးရဲ့။ ကျွန်တော်က မေးတောင် မမေးရသေးပါဘူး ဆရာကြီးရဲ့။
ပေ ။ ။ အေး ... အေး အဟုတ်သားပဲ။ မောင်ရင်က ... ငါ့တပည့်က ... ငါ့တပည့်ကြီးက အဘယ်မည်သော ပြဿနာကို အဘယ်မည်သော ဘာသာစကားနဲ့ မေးချင်သလဲ။ ပါဠိဘာသာနဲ့လား။
နိုး ။ ။ ပါဠိနဲ့ မဟုတ်ဘူး ဆရာကြီးရဲ့။
ပေ ။ ။ ပါဠိနဲ့ မဟုတ်ရင် သက္ကတဘာသာနဲ့လား။
နိုး ။ ။ သက္ကတဘာသာနဲ့လည်း မဟုတ်ပါဘူး ဆရာကြီးရဲ့။
ပေ ။ ။ အင်း ... ဒါဖြင့် အင်္ဂလိပ်ဘာသာနဲ့လား။
နိုး ။ ။ အင်္ဂလိပ်ဘာသာနဲ့လည်း မဟုတ်ပါဘူး ဆရာကြီးရဲ့။
ပေ ။ ။ ဒါဖြင့် တရုတ်ဘာသာနဲ့ပေါ့။
နိုး ။ ။ တရုတ်ဘာသာနဲ့လည်း မဟုတ်ပါဘူး ဆရာကြီးရဲ့။
ပေ ။ ။ သြ... ဟိန္ဒီဘာသာနဲ့ ဆိုပါတော့။
နိုး ။ ။ မဟုတ်ဘူးဗျ။ မဟုတ်ပါဘူးဗျ။ မြန်မာစကားနဲ့ဗျ၊ မြန်မာစကားနဲ့ဗျ။
ပေ ။ ။ ဪ ...မြန်မာစကားနဲ့။
နိုး ။ ။ နို့ ... ကိုယ်က မြန်မာလူမျိုးပဲ။ မြန်မာစကားနဲ့ မေးရမှာပေါ့ ဆရာကြီးရဲ့ ။
ပေ ။ ။ ကောင်းပြီ၊ ကောင်းပြီ။ မြန်မာစကားနဲ့ ဆိုလျှင် ဒီဘက်ကို လာခဲ့။ ဘာဖြစ်လို့လဲဆိုတော့ နက်နဲခက်ခဲတဲ့ စကားနဲ့ဆိုလျှင် ဟိုဘက်နားနဲ့သာ ကျုပ်က နားထောင်တယ်။ ဘာမဟုတ်တဲ့ ထမင်းစား ရေသောက် ပြောကြတဲ့ မြန်မာစကားကိုတော့ ဒီဘက်နားနဲ့ပဲ နားထောင်လိုက်တာပဲ။ ကိုင်း ... လာ.. လာဆို ... လာစမ်း။
နိုး ။ ။ ကောင်းပါပြီ ဆရာကြီးရယ်။ ဒီလိုပါ၊ ဒီလိုပါ။ ဒီညနေမှာ ကျွန်တော် မိန်းမယူမလို့ ဆရာကြီးရဲ့။ ယူမယ့်မိန်းမက အသက်ငယ်တယ်။ ကျွန်တော်က ... အင်း ... အသက်အရွယ် တစ်ဆိတ်ကြီးနေလေတော့ ...။
ပေ ။ ။ ဪ ... မောင်ရင် ဆိုလိုတာက မောင်ရင်ယူမယ့်မိန်းမဟာ အသက်ငယ်တယ်။ မောင်ရင်ကတော့ အသက်ကြီးတယ်။ ဒီလို ဆိုချင်တာလား။
နိုး ။ ။ (တစ်ယောက်တည်းပြော) အင်း ... ပညာရှိနဲ့ စကားပြောရတာ သိပ်ကောင်းတာပဲ။ အချိန်အလဟဿ မကုန်ဘူး။ ကြည့်လေ။ ဒီက မေးလိုက်တယ်ဆိုလျှင် သူ ချက်ချင်း နားလည်သွားတာပဲ။ (ဆရာကြီးဘက် လှည့်) မှန်ပါတယ် ဆရာကြီးရယ်။ ကျွန်တော် ဆိုလိုချင်တာဟာ ဒါပါပဲ။ အဲဒီပြဿနာကလေးကို ရှင်းပေးပါ ဆရာကြီးရယ်။
ပေ ။ ။ ဒီလိုကွယ့် ... ဒီလိုကွယ့်။ အတ်ထော အက္ခရာ သညတော .. တဲ့ကွယ်။
နိုး ။ ။ ဟုတ်ကဲ့ ခင်ဗျာ။
ပေ ။ ။ အတ်ထော မိမိဆိုချင်သော အနက်သည်၊ အက္ခရာသည တော အက္ခရာစကားဖြင့် အမှတ်ရှိလေသည်တဲ့ကွယ့်။ ဒီတော့ သဒ္ဒါတတ်မှ စာတတ်သတဲ့ကွယ့်။ သဒ္ဒနီတိကျမ်းမှာဆိုလျှင်.... ဗျာကရုဏ်းကျမ်းမှာ ဆိုလျှင် .....ဆန်းကျမ်းဗြိဟဒ်ကျမ်းတို့မှာဆိုလျှင် ...။
"နိုး ။ ။ (ဆရာကြီး၏ပါးစပ်ကို ပိတ်လိုက်ရင်း) အောင်မယ်လေး ... ဆရာကြီးရဲ့ ၊ ကျွန်တော် မေးတာကိုသာ ဖြေလျှင် တော်ပါပြီ ဆရာကြီး။
ပေ ။ ။ (ပိတ်လာသော လက်ကို တွန်းဖယ်လျက်) အင်း သဒတ်တာမှ စတ်တာသတဲ့ကွယ့်။ သဒတ်မတာ စတ်မတာဘူးကွယ့်။
နိုး ။ ။ အောင်မယ်လေး လေး .. ဆရာကြီးရဲ့။ ဒါကိုမေးတာ မဟုတ်ပါဘူး ဆရာကြီးရဲ့။ ကျွန်တော့်မှာ အရေးကြီးနေလို့။ ကျွန်တော် မေးတာကလေးကိုသာ ဖြေလိုက်ပါ ဆရာကြီးရဲ့။
ပေ ။ ။ အင်း ... သဒ္ဒါတတ်လို့ စာတတ်ပြန်တော့ ရတနာသုံးပါး ဦးထိပ်ထားပြီးသကာလ စကားမိန့်ခွန်း ရွှန်းရွှန်းဝေဝေ ချွေသောအခါ၌လည်းကောင်း၊ ပေမှာ ကညစ် မထစ်မငေါ့ အကြွေအလွင် အယဉ်အသန့် အခန့်အနု စာရေးခြင်းအမှု ပြုသောအခါ၌လည်းကောင်း၊ နိဒါန်းတဲ့ကွယ်... ပဏာမတဲ့ကွယ်... ဥယျာဇဉ်တဲ့ကွယ့်... သိလား .... နောက်မှ စာကိုယ်တဲ့ကွယ်၊ သိလား။ ဟော ... နောက်ပြီးမှ နိဂုံးတဲ့။ ဟုတ်ကဲ့လား။
နိုး ။ ။ အောင်မယ်လေး လေး ... ဆရာကြီးရဲ့။ ဒါတွေကို မေးတာ မဟုတ်ပါဘူး ဆရာကြီးရဲ့။
ပေ ။ ။ နောက်ပြီးတော့ အာဒိမန္တေ၊ အဝသာနေ၊ သုံးထွေ အဝတ္ထုန်၊ လိန်အန်ဝေဝုစ်၊ ပဒုဒ္ဓါရ၊ ပဒပဝေ၊ အထွေထွေတဲ့ဗျ။ နောက်ပြီးတော့ ...။
နိုး ။ ။ တော်ပါတော့ ဆရာကြီးရဲ့။ ဆရာကြီး စာတတ်ပါတယ်။ ကျွန်တော် နားမလည်လောက်အောင် ဆရာကြီး စာတတ်ပါတယ်။ နို့ပေတဲ့ ကျွန်တော် မေးတာကလေးကိုတော့ ရှင်းပေးပါဦး ဆရာကြီးရယ်။
ပေ ။ ။ ကိုင်း ... ကောင်းပြီ။ ပြန်မေးစမ်း။
နိုး ။ ။ ဒီလိုပါ ဆရာကြီးရဲ့ ... ဒီလိုပါ။
ပေ ။ ။ ဟေ့ ... တိုတိုတုတ်တုတ် မေးကွနော်၊ (ဝါ) ခပ်ကျဉ်းကျဉ်း မေးကွနော်၊ (ဝါ) သင်ခေပ နည်းအားဖြင့် မေးကွနော်။
နိုး ။ ။ ဟုတ်ကဲ့ ဆရာကြီးရဲ့ ။ ခပ်တိုတိုပါပဲ။ ဒီလိုပါ။
ပေ ။ ။ ဝါကျ အထားအသို မရှုပ်စေနဲ့ကွ။ ကတ္တား၊ ကံ၊ ဝါစက ပြည့်စုံပစေ။ သိလား။ အပင့် အရစ်၊ အသတ် အလတ် မှန်ရမယ် ကွ။ သိလား။
နိုး ။ ။ အောင်မယ်လေးဗျ။
ပေ ။ ။ နောက်ပြီးတော့ သမာဓိဂုဏ်မြောက်ပြီး၊ သင်္ခါရ ရသပါမှ ပညာရှိများ နှစ်သက်ကြတယ်ကွ။ ဘယ်တော့မှ ဂမ္မဒေါသ မသင့်စေနဲ့ကွာ၊ သိလား။
နိုး ။ ။ ဟာ ...ဒါလောက်တောင် ဖြစ်လှတာ။ ကိုင်း ဟာ ... ကိုင်းဟာ။ (ဆွဲဆောင့်စေ။)
ပေ ။ ။ အံမယ်လေးဗျ။ အံမယ်လေးဗျ။ ရိုင်းပျစော်ကားလိုက်လေ။ ငါလို စာတတ်ပေတတ် ကဝိသခင် ကျေးဇူးရှင်ကို မင်းက ထုလား ထောင်းလားနဲ့။ မင်း ... တယ်မိုက်ပါကလားဟင်။ မောင်ရနိုးရယ် .. ငါ့တပည့်ကြီး၊ မင်း ... တယ်မိုက်ပါကလား .. ဟင်။ ဪ... ငါ့ တပည့်ကြီး။ မင်း ... တယ်မိုက်ပါကလား ... ဟင်။
နိုး ။ ။ ငါးပါးကို မှောက်တာပါပဲဗျာ။
ပေ ။ ။ သယ် ... ခြံရံပြောင်းရွက်၊ အသွတ်အသွင်း၊ အကွင်း လက်ဖွဲ့၊ ခါးလှဲလှလှ၊ ပယောဂနဲ့ ပြုစားလိုက်ရမလား ... ဟင်။
နိုး ။ ။ လုပ်လေ လုပ်လေ။ လုပ်ကြည့်စမ်းလေ။ (ပခုံးဖြင့် တိုက်။)
ပေ ။ ။ ငါ့ကို ဘာမှတ်သလဲ ... ဟင်။ ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်းမှာ ငါ့လောက်တတ်တဲ့လူ မရှိဘူး။ သိရဲ့လား။ ငါဟာ ကျမ်းဂန် ဟူသမျှမှာ ထုံးလိုချေ၊ ဒိုးလိုမွှေတဲ့ ပဂေးကွ။ သိရဲ့လား။ နင် ... သူရိယ သိဒ္ဓန္တကျမ်းကို ဖတ်ဖူးရဲ့လား ..ဟင်။ ဓာတုဒီပနီ ဆိုတာကို နင် သိရဲ့လား ... ဟင်။ ဣတ္ထိယသျှတ္တရ၊ ကာမယောဂ၊ ဥတုဘောဇန ကျမ်းတွေကို နင် သိရဲ့လား ... ဟင်။ ဘူမိစာလ၊ တစ်ဝ မနုကျယ်၊ တစ်သွယ် ရွှေမျဉ်း၊ တစ်ခင် ဘားမဲ့အကျော်၊ ပုဏ္ဏားတော် ဇာဂရု၊ အာယုဒီဃ အဝဝတို့ကို နင် သိရဲ့လား ... ဟင်။ တယ် ... ငါတတ်သမျှမှတ်သမျှ မိုးမဆုံးမြေမဆုံး ရွတ်ပြလိုက်ရ။ မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန၊ ဝိဘူသန ဌာနာ၊ ဝေရာမဏိ သိက္ခာပဒံ သမာဒိယာမိ။ အံမယ်လေးလေးဗျ။ မောလိုက်တာ။ ရေ ... ရေ ... ရေ။ (ဝင်စေ။)
နိုး ။ ။ မောလျှင် သေလိုက်ဗျ။ မောလျှင် သေလိုက်ဗျ။ တောက် ..။ ဒီလူဟာ သူတတ်တာတွေကိုသာ သူ လျှောက်ရွတ်ပြနေတာပဲ။ တယ်လည်း ... ပညာရှိ ကဝိလုပ်ချင်တဲ့လူပေကိုး။ တကယ့်ပြဿနာကျတော့ ဘာမှ မဖြေရှင်းနိုင်ဘူး။ တောက် ... အချိန်ကုန်လိုက်တာနော်။ မဖြစ်ပါဘူး။ တစ်ယောက်ရှာပြီး မေးဦးမှပါပဲ။ (ခေါက်တုံ့ခေါက်ပြန် လျှောက်နေစေ။) ဟော .. ဟား၊ အတော်ပဲ၊ သူလည်း ကဝိတစ်ဦးပဲ။ အို ... ဗျ ....ဦးပုရပိုက်ရဲ့။
[ဦးပုရပိုက်သည် ပုရပိုက်ကိုင်ကာ ထွက်လာစေ။]
ဦးပုရပိုက် ။ ။ အလို ... ဦးရနိုးပါလား၊ မာရဲ့ နော်။
နိုး ။ ။ ပို့သသော မေတ္တာကြောင့် မာပါ့ဗျာ။ အဆင်သင့်လိုက်တာ ဦးပုရပိုက်ရာ။ ကျွန်တော်မှာ အခက်ကလေးတစ်ခုနဲ့ ကြုံနေတယ် ဆရာရဲ့။
ပိုက် ။ ။ ဪ ...ပြဿနာကလေးတစ်ခု ဆိုပါတော့။
နိုး ။ ။ (တစ်ကိုယ်တည်း ပြောစေ။) လာပဲ လာချေသေးတော့။ (ပိုက်ဘက်သို့ လှည့်၍) ဟုတ်ပါ့ ဗျာ။ ဟုတ်ပါ့။ ပြဿနာကလေး ဆိုပါတော့။
ပိုက် ။ ။ ကိုင်း ... ကြားပါရစေဗျာ။
နိုး ။ ။ (တစ်ကိုယ်တည်းပြော) အင်း ..ဒီဆရာဖြင့် တော်ရဲ့။ တယ် စကားမများလှဘူး။ သူများပြောတာကိုလည်း နားထောင်ချင်ပုံ ရတယ်။ ဒီလိုပါဆရာ ... ဒီလိုပါ။ ကျွန်တော့်မှာ အခက်ကလေးတစ်ခုနဲ့ ကြုံနေပါတယ်။ ဒီအခက်က ဘာလဲဆိုတော့ ...။
ပိုက် ။ ။ နေဦးဗျ။ နေဦးဗျ။ ဦးရနိုး ပြောလိုက်တဲ့စကားကို နည်းနည်း ပြင်စေချင်တယ်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလိုရှိသဗျ၊ လောကမှာ နာမ်တရား၊ ရုပ်တရားရယ်လို့ ရှိတယ်။ ဟုတ်ကဲ့လား။ ဒီတော့ ရုပ်ခန္ဓာကြီးက ပြုမူလိုက်တိုင်း ဟုတ်လှပြီ၊ မှန်လှပြီလို့ မယူရဘူးဗျ၊ ရုပ်ခန္ဓာကြီးဟာ လူကို လှည့်စားနေတာဗျ။
နိုး ။ ။ မှန်ပါတယ်၊ မှန်ပါတယ်။ ဆရာပြောတာဟာ အများကြီး မှန်ပါတယ်။ နို့ပေတဲ့ ကျွန်တော် မေးလိုတာက ဒီလိုပါ။
ပိုက် ။ ။ ဦးရနိုး မေးလိုတာကို ခဏထားပါဦးလေ။ အခုနက ဦးရနိုးက “ကျွန်တော့်မှာ အခက်တစ်ခုနဲ့ ကြုံနေတယ်” လို့ ဆို မဟုတ်လား။ အဲဒီ အဆိုအမိန့်ဟာ ပြင်မှ ဖြစ်မယ်ဗျ။ “ကျွန်တော့်မှာ အခက်အခဲတစ်ခုနဲ့ ကြုံနေတယ်” လို့ ဆိုမယ့်အစား “ကျွန်တော့်မှာ အခက်တစ်ခုနဲ့ ကြုံနေတယ်လို့ ထင်မိတယ်” လို့ ဆိုရမယ်ဗျ။ ရုပ်ခန္ဓာ လုပ်သမျှဟာ ဧ၀ကန် မှန်ပြီလို့ ဘယ်တော့မှ တစ်ထစ်ချပြောလို့ မရဘူးဗျ။ ဒါကြောင့် ဝေခွဲဆုံးဖြတ်လို့ မရဘိသကဲ့သို့၊ ဒွိဟဖြစ်နေဘိသကဲ့သို့ “ထင်မိတယ်” ဆိုတဲ့ စကားနဲ့ ပိတ်ပြောမှ မှန်သဗျ။
နိုး ။ ။ ဪ ...“ထင်မိတယ်”၊ 'ထင်မိတယ်” ဆိုတဲ့ စကားနဲ့ ပိတ်ပြောမှ မှန်တယ် ဆိုပါတော့။
ပိုက် ။ ။ ဒါပေါ့။ လောကမှာ ဖြစ်ပျက်နေကြတာတွေဟာ အမှန်ကတော့ ဖြစ်ပျက်နေကြတယ်လို့ ထင်ရတာတွေချည်းပဲဗျ။
နိုး ။ ။ ထင်ရမယ်ဆိုလျှင်လည်း ထင်ရတာပေါ့ ဆရာရယ်။ နို့ပေတဲ့ ကျွန်တော့်မှာ အခု အခက်နဲ့ ကြုံနေတာကတော့ တကယ့်ကို ကြုံနေတာ ဆရာရဲ့။
ပိုက် ။ ။ အို .. ဒီလိုမဟုတ်ဘူး။ ဒီလို မဟုတ်ဘူး။ ဦးရနိုး သွက်သွက်လယ်အောင် မှားလိမ့်မယ်နော်။ ကြပ်ကြပ်စဉ်းစားဗျာ၊ ကြပ်ကြပ် စဉ်းစား။ တကယ်ဆိုတော့ အခက်နဲ့ ကြုံနေတယ် ဆိုတာဟာ တကယ် ကြုံနေတာ မဟုတ်ဘူး။ ကြုံနေတယ်လို့ ဦးရနိုးရဲ့ စိတ်ထဲမှာ ထင်နေလို့ဗျ။
နိုး ။ ။ကဲဗျာ ... ကျွန်တော်ဟာ အခု ဆရာနဲ့ စကားပြောနေတယ် မဟုတ်လား။ ဒါဟာ အမှန်ပဲ မဟုတ်လားဗျာ။
ပိုက် ။ ။ မဟုတ်ဘူး၊ မဟုတ်ဘူး။ ဦးရနိုး စိတ်ထဲမှာ ထင်နေတဲ့ ထင်မှုတွေဗျ။ ထင်မှုတွေဗျ။
နိုး ။ ။ ကိုင်းဗျာ .. အခု ဆရာနဲ့ စကားပြောတဲ့လူဟာ ဘယ်သူလဲ ... ကျွန်တော်၊ နားထောင်နေတဲ့လူဟာ ဘယ်သူလဲ ... ဆရာ၊ ကျွန်တော်နဲ့ ဆရာ... ဆရာနဲ့ ကျွန်တော်။ ကဲ ... ဒါဟာ ဘာငြင်းစရာရှိသလဲ။ မျက်မြင်ပဲ မဟုတ်လား ဆရာရဲ့။
ပိုက် ။ ။ မဟုတ်ဘူး၊ မဟုတ်ဘူး။ ဒါတွေဟာ ထင်နေမှုတွေ၊ ထင်နေမှုတွေ။
နိုး ။ ။ ထားပါတော့ ဆရာရယ်။ ကဲလေ .. ကျွန်တော့်အခက်ကို ကျွန်တော် ပြောပါရစေဦး။ ဒီညနေမှာ ကျွန်တော် မင်္ဂလာဆောင်မယ် စီစဉ်နေတယ် ဆရာရဲ့။ နို့ပေတဲ့ ဆရာရယ် .....။
ပိုက် ။ ။ ဦးရနိုး မင်္ဂလာဆောင်ဖို့ စီစဉ်နေတယ် ဆိုပါတော့။
နိုး ။ ။ ဟုတ်ပါ့ခင်ဗျာ။ .
ပိုက် ။ ။ ဟုတ်မယ် မထင်ပါဘူး။ ဦးရနိုး တွေးနေတာ ထင်နေတာပါ။
နို ။ ။ တွေးနေ၊ ထင်နေတာ မဟုတ်ဘူး ဆရာရဲ့ ။ တောင်းရမ်း ပြောဆိုပြီးနေပြီ။ ပွဲထိုင်ဖို့ပဲ လိုတော့တယ်။ နို့ပေတဲ့ ...။
ပိုက် ။ ။ ဟုတ်မယ် မထင်ပါဘူး။
နိုး ။ ။ အို အဟုတ်ပါ ဆရာရဲ့။
ပိုက် ။ ။ ဦးရနိုးရဲ့ ထင်နေခြင်းမျှသာပါဗျ။ ထင်မှုတွေပါဗျ။ ထင်မှုတွေပါဗျ၊
နိုး ။ ။ ကျွန်တော်နဲ့ မင်္ဂလာဆောင်မယ့်မိန်းမက သိပ်ငယ်နေတော့ ...။
ပိုက် ။ ။ ဒါလည်း သိပ်ငယ်တယ် ထင်နေခြင်းပဲ။ ထင်မှုတွေဗျ။ ထင်မှုတွေဗျ။
နိုး ။ ။ ဒီတော့ ဒီမိန်းမငယ်နဲ့ ကျွန်တော် အိမ်ထောင်ပြုရလျှင် ကောင်းမလား၊ မကောင်းဘူးလား ဆရာရယ်။
ပိုက် ။ ။ အင်း ... ပြဿနာက ကောင်းမလား၊ မကောင်းဘူးလားတဲ့။ အင်း ... ကောင်းတယ်လို့လည်း ဆိုနိုင်ပါရဲ့။ မကောင်းဘူးလို့လည်း ဆိုနိုင်ပါရဲ့။
နိုး ။ ။ (တစ်ကိုယ်တည်း ပြော) ဒုက္ခပါပဲ။ ဆရာရဲ့ .. ကောင်းတယ်ဆိုလျှင်လည်း ကောင်းတယ်။ မကောင်းဘူး ဆိုလျှင်လည်း မကောင်းဘူးလို့ ပြတ်ပြတ်သားသား ပြောလိုက်စမ်းပါ ဆရာရယ်။ ကိုင်း... ကောင်းတယ်လို့ ဆရာက ဆိုချင်ပါသလား။
ပိုက် ။ ။ ဆိုမယ်ဆိုလျှင် ဆိုနိုင်ပါရဲ့။
နိုး ။ ။ ဒါဖြင့် မကောင်းဘူးလို့ ဆရာက ဆိုချင်တာပေါ့။
ပိုက် ။ ။ အင်း ... ဆိုမယ်ဆိုလျှင်လည်း ဆိုနိုင်ပါရဲ့။
နိုး ။ ။ (တစ်ကိုယ်တည်းပြော) ခက်ကုန်ပါပြီ။ ဒီမလေ ... ဆရာရဲ့၊ အစတုန်းကတော့ ကျွန်တော်က ကောင်မလေးကို သိပ်ကြိုက်တာပဲ ဆရာရဲ့။
ပိုက် ။ ။ အင်း ..ကြိုက်နိုင်ပါရဲ့။
နိုး ။ ။ နို့ပေတဲ့ ဆရာရယ် ... ကျွန်တော့်ကို ဝိုင်းညာကြမှာ စိုးရိမ်မိတယ် ဆရာရဲ့။
ပိုက် ။ ။ စိုးရိမ်နိုင်ပါရဲ့။
နိုး ။ ။ ဒုက္ခပါပဲ။ ဒီမလေ ဆရာ။ အခုနေ ဆရာဟာ ကျွန်တော့်လိုပဲ အခက်ကြုံနေလျှင် ဆရာ ဘယ့်နဲ့လုပ်မလဲ။
ပိုက် ။ ။ ဗျာ .. ဆရာလည်း ဘယ်သိမလဲ ဦးရနိုးရဲ့။
နိုး ။ ။ အံမယ်လေးဗျ။ ဘယ့်နဲ့ဟာတွေနဲ့ ငါ လာတွေ့ နေရပါလိမ့်နော်။ ငရနိုး ရူးရလိမ့်မယ်။
ပိုက် ။ ။ အေးလေ ... ရူးချင်လျှင်လည်း ရူးပေါ့။ ဆရာ့မှာတော့ အနေသာချည်းပဲ။
နိုး ။ ။ ဒါဖြင့် ဆရာဟာ တွေးလုံး ထင်လုံးတွေနဲ့သာ လူလုပ်နေတာပေါ့၊ အလကား .. လူပျင်း လူဖျင်း။
ပိုက် ။ ။ ဆိုနိုင်ပါရဲ့။
နိုး ။ ။ ဒါလောက်တောင် ဖြစ်လှတာ ထင်နေဦးဟယ်၊ ထင်နေဦးဟယ်။ (ဆွဲထောင်းစေ။)
ပိုက် ။ ။ အံမယ်လေးဗျ၊ အံမယ်လေးဗျ။
နိုး ။ ။ ကိုင်း မှတ်ပြီလား။
ပိုက် ။ ။ မောင်ရနိုးရဲ့၊ စော်ကားလှချေလားကွယ့်။ ငါလို ပညာရှိ ကဝိသူမွန်တစ်ဦးကို ဒီလိုပဲ ဆွဲထောင်းရသလားကွယ့်။
နိုး ။ ။ တိတ် ... ထောင်းသလေး ဘာလေးနဲ့ ဒီလိုမပြောနဲ့။ ဒါဟာ ထောင်းတာ မဟုတ်သေးဘူး။ ထောင်းတယ်လို့ ထင်ရတာ သိရဲ့ လား။ ထင်မှုတွေဗျ၊ ထင်မှုတွေဗျ။
ပိုက် ။ ။ အံမယ်လေးဗျ။ အောင့်လှချည့်ဗျ။
နိုး ။ ။ ဘာ ...၊ အောင့်တယ်လို့ မပြောရဘူး။ အောင့်တယ်လို့ ဆရာ ထင်နေတာ။ ဒါဟာ ထင်မှုတွေဗျ၊ ထင်မှုတွေဗျ။
ပိုက် ။ ။ ကျုပ် ဂတ်သွားတိုင်မယ်ဗျ။
နိုး ။ ။ တိုင်မယ်ဆိုလျှင်လည်း ဖြစ်နိုင်ပါရဲ့။ မတိုင်ဘူး ဆိုလျှင်လည်း ဖြစ်နိုင်ပါရဲ့။
ပိုက် ။ ။ ငါ့ကို ထောင်းသူဟာ မင်းပဲကွယ့်။
နိုး ။ ။ အင်း ... မင်းပဲလို့ ဆိုလျှင်လည်း ဆိုနိုင်ပါရဲ့ ၊ မင်း မဟုတ်ဘူးလို့ ဆိုလျှင်လည်း ဆိုနိုင်ပါရဲ့။
ပိုက် ။ ။ မင်း တစ်ခါတည်း ထောင်သော်လည်းကောင်း၊ တန်း သော်လည်းကောင်း ကျမှာကွယ့်။
နိုး ။ ။ အင်း ... ကျမယ်ဆိုလျှင်လည်း ဆိုနိုင်ပါရဲ့။
ပိုက် ။ ။ အမယ်လေး ... နာလှချည့်။ နာလှချည့်။ ကျုပ်တော့ သေရလိမ့်မယ်ဗျ။
နိုး ။ ။ အေးလေ .. သေချင်လျှင်လည်း သေလိုက်ပေါ့။ ကျွန်တော်တော့ အနေသာချည်းပဲ။
ပိုက် ။ ။တော်ပြီ၊ တော်ပြီ မောင်ရနိုးရဲ့။ ငါ့ဟာငါ ကြည့်လုပ်တော့မယ်ကွယ့်။[ဝင်စေ။ ]
နိုး ။ ။ ကြွ ကြွ၊ မြန်မြန်ကြွ။ တော်တော်ခက်တဲ့လူပဲ။ သူ့ကို တိုင်ပင်မိတာ ငါးပါးမက ဆယ်ပါးကို မှောက်တာပဲ။ အလကား ... လောကအကြောင်းလည်း ဘာမှမသိ။ လူ့အကြောင်းလည်း ဘာမှမသိ။ အတွေးတွေ အထင်တွေနဲ့ စိတ်ကူးယဉ်သမား သက်သက်ပဲ။ အလို ..ဟိုဟာ ညိုညိုစိန်နဲ့ တူရဲ့။
[ ညိုညိုစိန်နှင့် မောင်တင့်တို့ ထွက်လာကြစေ။ ]
ညို ။ ။ ပြန်ပါ ကိုကိုရဲ့ ... ရှိကြီးခိုးပါရဲ့။ ပြန်လိုက်စမ်းပါ။
တင့် ။ ။ ဒါဖြင့် နင် အဟုတ်ပြောနေတာပေါ့။
ညို ။ ။ ဪ ... အဟုတ်ပါ ကိုကိုရဲ့။
တင့် ။ ။ အဘိုးကြီးကို နင် အဟုတ်ယူမှာလားဟ။
ညို ။ ။ အဟုတ်ပေါ့။
တင့် ။ ။ ဒီညနေမှာ ...။
ညို ။ ။ အင်းလေ။
တင့် ။ ။ ဒါဖြင့် ငါ့ကို နင် တကယ်စိမ်းကားတာပေါ့ဟာ။ ရက်စက်ပါ့ ... ညိုညိုရယ်၊ ရက်စက်ပါ့။ အစတုန်းကတော့ ငါ့ကို နင်ချစ်တယ်ဆို။ အခုတော့ နင် မေ့ပြီလား။
ညို ။ ။ အို ... ကိုကိုကလဲ၊ ခဏကလေး မေ့ထားလိုက်ရတာ ဘာအပန်းကြီးသလဲ။ ဒီအဘိုးကြီးကို ယူတာဟာ ချစ်လို့မှ မဟုတ်ဘဲ။ သူ့ပစ္စည်းကို လိုချင်လို့ရှင့်၊ သိလား။ တော်တော်ကြာ ဒီအဘိုးကြီး သေမှာပဲ။ ခြောက်လ မခံဘူး။ အဘိုးကြီး သေသွားတော့ ကိုကိုနဲ့ ညိုညိုဟာ အဘိုးကြီးရဲ့ ပစ္စည်းတွေနဲ့ ပျော်ပျော်ပါးပါး နေကြရမှာပေါ့ ကိုကိုရဲ့။
နိုး ။ ။ (ချောင်းဟန့်စေ။) အဟမ်း ...အဟမ်း။
ညို ။ ။ ဪ .... ကိုကိုကြီးပါလား။ အခုပဲ ကိုကိုကြီးအကြောင်းကို လမ်းမှာ ပြောလာရသေးတယ်လေ။ ကိုကိုကြီးတော့ အသက်ရှည်ဦးတော့မှာပဲ။ ဒါက ညိုညိုရဲ့မောင်လေး ... မောင်တင့်တဲ့။ မောင်တစ်ဝမ်းကွဲပေါ့။ ဈေးမှာ တွေ့တာနဲ့ အဖော်ခေါ်လာတယ်လေ။ ဟဲ့မောင်တင့်၊ ဒါဟာ နင့်အစ်ကိုကြီး ... ဟဲ့။
တင့် ။ ။ ဪ ... ဟုတ်လား။ ဝမ်းသာလိုက်တာ အစ်ကိုကြီးရယ်။ လမ်းမှာ ညိုညိုနဲ့တွေ့လို့ ညိုညိုက အစ်ကိုကြီးကို သိပ်ချီးမွမ်းတာပဲ။ ကျွန်တော်ကလည်း ဟဲ့ ညိုညို၊ နင်ဟာ သိပ်ကံကောင်းတာပဲလို့တောင် ပြန်ပြောမိသေးတယ်။ ဒါနဲ့ ကျွန်တော် ပြန်လိုက်ဦးမယ်နော်။ ခွင့်ပြုပါဦး အစ်ကိုကြီးခင်ဗျာ။ (ဝင်စေ။)
ညို ။ ။ (လက်ပတ်နာရီကို ကြည့်လိုက်စေ။) အလို ... နေစောင်းတော့မယ်၊ ကြည့်စမ်း။ ကိုကို ညိုညို အိမ်က စောင့်နေမယ်နော်။ ကိုကို ဆက်ဆက်လိုက်လာမယ် မဟုတ်လား။ အခု တစ်ခါတည်း လိုက်ခဲ့ပါ ကိုကိုရယ်။ ကဲ ... ဒါဖြင့် ညိုညိုပြန်နှင့်မယ်နော်။ တား .. တာ။ (ဝင်စေ။)
နိုး ။ ။ (တစ်ကိုယ်တည်း ပြောစေ။) အင်း ... တန်တော့၊ တန်တော့။ ငါတော့ ဆယ်ပါးမက သံဃာစင်ပါ မှောက်ကပြီ။ မခက်ပါဘူးလေ၊ လျော်ကြေးပေးပြီး ဒီမင်္ဂလာဆောင်ကို ဖျက်လိုက်ရုံပေါ့ ။ ဖျက်မှ ဖျက်မှ။ မဖျက်လျှင် ငရ နိုး ဒုက္ခပဲ။ ဪ ... ဒုက္ခ။ ဟာ ... ညည်းနေလို့ မပြီးသေးဘူးလေ။ သင်းအဖေကို မြန်မြန်သွားပြောမှ။ (ဝင်ရန် ခြေလှမ်းပြင်စေ) ဟော .. အတော်ပဲဟေ့။ ဟေ့ ... မောင်ကျားရဲ့။ လာပါဦးကွယ်။
[မောင်ကျား ထွက်လာစေ။]
ကျား ။ ။ (ခပ်လှမ်းလှမ်းက နေ၍) အစ်ကိုရဲ့ ... အားလုံး စီမံပြီးနေပြီ။ အခု အစ်ကို့ကို လာခေါ်တာပဲ။
နိုး ။ ။ လာပါဦးလကွာ။ မင်းတို့ စီမံထားတာတွေ ခဏထားလိုက်ပါဦး။ ဒီလိုကွာ။ ငါ ညိုညိုစိန်ကို မယူပါရစေနဲ့တော့ကွာ။ ငါ့အသက်အရွယ်ကလည်း တစ်ဆိတ်ကလေး ကြီးတော့ ဟန်မယ် မထင်ပါဘူးကွယ်။
ကျား ။ ။ ဟာ ... အစ်ကိုကလဲ၊ ညိုညိုက အစ်ကိုကို မေတ္တာ အရှိသားပဲ။
နိုး ။ ။ ဟန်မယ် မထင်ပါဘူးကွယ်။ ဒီမင်္ဂလာဆောင်ကို ဖျက်ကြစို့လားကွာ။ ငါ လျော်ကြေးပေးပါ့မယ်။ ငါ့မှာ ငွေတွေ အများကြီး ရှိပါတယ်။
ကျား ။ ။ ဟာ ... အစ်ကိုကလဲ အသက်ကြီးကော ဘာဖြစ်သလဲ။
နိုး ။ ။ အစ်ကိုက လူပျိုကြီးပီပီ စေ့စေ့စပ်စပ် ပိပိရိရိ သေသေချာချာ လုပ်တတ်ကိုင်တတ်မှ သဘောကျတာကွ။
ကျား ။ ။ အို .. ညိုညိုက ဒါလောက်တော့ သည်းညည်းခံရမှာပေါ့ အစ်ကိုရဲ့ ။ သူ သည်းညည်းမခံလျှင် ကျွန်တော့်ကိုပြော၊ ကျွန်တော်က နာနာကလေး ဆုံးမမယ်။
နိုး ။ ။ စီမံထားတာတွေကိုသာ ဖျက်လိုက်ပါတော့ကွာ။ ငါ လျော်ကြေးပေးပါ့မယ်။ ငါ့မှာ ငွေတွေ အများကြီး ရှိပါတယ်။
ကျား ။ ။ အစ်ကိုကလည်း တောက်တီးတောက်တဲ့ ပြောနေပြန်ပါပြီ။ အစကတည်းက ကျွန်တော်က အစ်ကို့ကို ရိုသေလည်း ရိုသေ၊ ချစ်လည်း ချစ်၊ သနားလည်း သနားလို့ ညိုညိုကို အပ်တာပါ။ ညိုညို့ကို လာရောက် တောင်းရမ်းနေကြတဲ့ လူတွေဟာ အပုံပါ။ နို့ပေတဲ့ အစ်ကိုတစ်ယောက်တည်းကိုသာ ကျွန်တော်က အပ်ချင်တာ အစ်ကိုရဲ့။ ယုံပါတော့။ ဘုရားစူး။ မိုးကြိုးပစ်။
နိုး ။ ။ အေးပါကွာ။ ငါ အများကြီးကျေးဇူးတင်ပါတယ်။ နို့ပေတဲ့ မောင်ကျားရ၊ ဒီအသက်အရွယ်ရောက်မှ အိမ်ထောင်ပြုလို့ ဟန်မယ် မထင်တော့ပါဘူးကွာ။ ငါ လျော်ကြေးပေးပါ့မယ် မောင်ကျားရာ။ ငါ့မှာ ငွေတွေ အများကြီး ရှိပါတယ်။
ကျား ။ ။ အစ်ကိုက အဟုတ် ပြောနေတာလား။
နိုး ။ ။ ကျိန်ဆိုလျှင် ကျိန်ပါ့မယ်ကွာ။
ကျား ။ ။ ဒါဖြင့်လျှင်လည်း အစ်ကို့သဘောပေါ့ဗျာ။ အစ်ကိုက ဒီလို ဒီလို စီမံပေးပါ ဆိုတဲ့အတိုင်း ကျွန်တော် စီမံပေးခဲ့တယ်။ စီမံပေးပြီး မှ အခုတစ်ခါ အစ်ကိုက ပြန်ဖျက်ပေးပါလို့ ဆိုပြန်တော့လည်း ကြည့်ပြီး စီမံပေးရပြန်တာပေါ့ ... အစ်ကိုရယ်။
နိုး ။ ။ အေးကွာ။ လုပ်ကြပါဦးကွာ၊ မောင်မင်းကြီးသားကို အများကြီး ကျေးဇူးတင်ပါတယ်။ လျော်ကြေးပေး ဆိုလျှင် ပေးပါ့မယ်ကွာ။ ငါ့မှာ ငွေတွေ အများကြီး ရှိပါတယ်။
ကျား ။ ။ အို.... လျော်ကြေးတွေ ဘာတွေ ပြောဖို့ မလိုပါဘူး အစ်ကိုရာ၊ ကျွန်တော် ကြည့်ပြီး စီမံပေးပါ့မယ်။ ကဲ ... ကျွန်တော် အိမ်ပြန်ပြီး အကြောင်းကြားလိုက်ဦးမယ်။ (ဝင်စေ။)
နိုး ။ ။ (တစ်ကိုယ်တည်း ပြော) အင်း ... တစ်ကျွန်းပြန် ဆိုပေမဲ့ ဒီအကောင်ကမှ အပြောရ လွယ်သေးတယ်။ အပုံကြီး လွယ်တယ်။ စီမံပေးကွာ ဆိုလျှင်လည်း စီမံပေးတာပဲ။ ဖျက်လိုက်ဦးကွာ ဆိုလျှင်လည်း ဖျက်ပေးတာပဲ။ ဟော ....ဟော ဟိုသူငယ်ဟာ မောင်ကျားရဲ့သား ထင်တယ်။ ဟေ့ သူငယ်၊ မင်း ... မောင်ကျားရဲ့ သား မဟုတ်လား။
[ ပုဏ္ဏကရဲဒင် ထွက်လာစေ။ ]
ဒင် ။ ။ ဟုတ်ပါ့ ခင်ဗျာ။ ဟုတ်ပါ့။
နိုး ။ ။ အေး ... အေး။
ဒင် ။ ။ ဒီအိမ်ဟာ သူဌေးကြီး ဦးရနိုးရဲ့ အိမ်ပါလားခင်ဗျာ။
နိုး ။ ။ အေး ... ဟုတ်တယ်။ ဦးရနိုးဆိုတာ ငါပဲကွ။
ဒင် ။ ။ အဖေက လွှတ်လိုက်လို့ လာခဲ့ပါတယ် ခင်ဗျာ။ (လက်အုပ်ချီ၍ အရိုအသေပြုစေ။)
နိုး ။ ။ အို ... အို .. ဦးကို မကြောက်ပါနဲ့ကွာ။ လာပါ လာပါ၊ ဒီအနားကို လာပါ။ အေး ... အေး၊ မင့်အဖေက မင်္ဂလာဆောင် ဖျက်ပြီးပြီလို့ မှာလိုက်သလား။
ဒင် ။ ။ ဟုတ်ကဲ့ခင်ဗျာ။
နိုး ။ ။ အေးကွာ။ ဦးလည်း ငြင်းသာ ငြင်းလိုက်ရတယ်။ အများကြီး အားနာပါတယ်ကွာ။ စိတ်လည်း အများကြီး မကောင်းဘူးကွ။
ဒင် ။ ။ ကိစ္စမရှိပါဘူး ဦးရယ်။ အားနာစရာ မရှိပါဘူး။ စိတ်မကောင်းလည်း မဖြစ်ပါနဲ့၊ ဦးမှာ သက်လုံကောင်းဖို့သာလိုပါတယ်။ ဟောဒီမှာ ဓားမြှောင်နှစ်ချောင်း ပါလာပါတယ်။ ဦး ကြိုက်ရာကို ရွေးပါတော့။ (ဓားမြှောင် နှစ်လက် ထုတ်ပေးစေ။)
နို ။ ။ ဟဲ့ ဟဲ့ ... ဓားမြှောင်တွေပါလားဟဲ့။
ဒင် ။ ။ ကျွန်တော့်နှမ ညိုညိုစိန်ကို ဦးက လွတ်လပ်ရေးပေးလိုက်လို့ ကျွန်တော်က ဦးဆီလာပြီး ကျေးဇူးဆပ်တာပါ ခင်ဗျား။ ကြိုက်ရာသာ ရွေးပါတော့။
နိုး ။ ။ ဘာ ... ဘာ ..ဘာလုပ်ရမှာလဲကွ။
ဒင် ။ ။ အရှင်းသားပဲ ဦးရယ်။ ဦးဟာ အမျိုးသမီးကလေးတစ်ယောက်ကို လက်ထပ်ပြီး ယူပါ့မယ်လို့ ကတိပေးပြီးမှ ပြန်ဖျက်တာ တော်ရော့လားဗျာ။ အဖေကတော့ လူကြီးမို့ သည်းခံနိုင်ပါတယ်။ ကျွန်တော်ကတော့ ငယ်လည်းငယ်၊ မောင်ကလည်း ဖြစ်နေတော့ သိပ်ရှက်တယ်ဗျ။ အိမ်ပြင် မထွက်ဝံ့အောင် ဖြစ်နေရပါတယ် ခင်ဗျာ။ ဒီတော့ သေတာက ကောင်းပါသေးတယ်။ ဒါကြောင့် ဦးကသာ ဓားမြှောင် နှစ်လက်အနက် ကြိုက်ရာရွေးပါတော့ ခင်ဗျား၊ ကျွန်တော် တောင်းပန်ပါတယ်ခင်ဗျာ။
နိုး ။ ။ မောင်ရဲဒင်နှယ်၊ ဘယ်ဖြစ်ပါ့မလဲကွာ။ မင့်ဟာက ကြောက်စရာကြီး။
ဒင် ။ ။ မကြောက်ပါနဲ့ ဦးရယ်။ ကြိုက်တဲ့ဓားကိုသာ ရွေး လိုက်ပါတော့။
နိုး ။ ။ မလုပ်ပါနဲ့ မောင်ရယ်။ ဦးက အသက်လည်း ကြီးပါပြီ။ ဓား မကိုင်ပါရစေနဲ့။
ဒင် ။ ။ တောင်းပန်ပါတယ် ဦးရယ်၊ ကိုင်ပါ။ ကျွန်တော် လူ့ပြည်မှာ မနေချင်တော့ပါဘူး။ ကျွန်တော့်အဖို့မှာ သေတာက ကောင်းပါသေးတယ်။
နိုး ။ ။ မလုပ်ပါရစေနဲ့ မောင်ရာ၊ ဦး ဓားမကိုင်ရဲပါဘူး။
ဒင် ။ ။ ဘာ ... မကိုင်ရဲရမှာလဲ၊ ကိုင်။ ဦးမှာလည်း ဓါးမြှောင်နဲ့။ ကျွန်တော့်မှာလည်း ဓားမြှောင်နဲ့။ လက်နက်ချင်း အတူတူပဲဟာ။ ကိုင်။
နိုး ။ ။ (တစ်ကိုယ်တည်း ပြော) ငါတော့ ဒုက္ခပဲ။ ခက်ကုန်ပြီ။ ခက်ကုန်ပြီ။
ဒင် ။ ။ မခက်ပါဘူး ရော့ ...။ မြန်မြန်ယူ။ ကျွန်တော်က လက်ဦးလိုက်လိမ့်မယ်။
နိုး ။ ။ ဟာ ... မောင်ရ၊ နေပါဦးဟ။ မောင် ... အဟုတ် ပြောနေတာလား။
ဒင် ။ ။ ကျွန်တော်ဟာ လူတစ်ဖက်သားကို ဘယ်တော့မှ အတင်းအဓမ္မ မလုပ်တတ်ပါဘူး။ ဓားချင်းပြိုင်ပြီး ကစားကြတာဟာ တရားပါတယ် ခင်ဗျာ။
နိုး ။ ။ မလှောင်ပါနဲ့ မောင်ရာ။ ဦး အသက်ကြီးပါပြီ။ ဦးဟာ လူအိုပါ။
ဒင် ။ ။ ဘာလူအိုလဲ။ နွားပျိုသန်လှ နွားအို ပေါင်ကျိုးသလောက် ရှိသေးတယ်ဆို။ ကိုင်၊ မကိုင်ဘူးလား။ ဒါလောက်တောင် ဖြစ်လှတာ။ (ဆွဲထောင်းစေ။)
နိုး ။ ။ ချမ်းသာပေးပါ ... မောင်ရဲ့ ။ ချမ်းသာပေးပါ။ ခဏကလေး ဆိုင်းပါဦး။
ဒင် ။ ။ ဦးရယ် ... ကျွန်တော်ဟာ ဦးကို အင်မတန် ချစ်ပါတယ်။ အင်မတန် ရိုသေပါတယ်။ ဒါကြောင့်မို့လို့လည်း ကျွန်တော်ဟာ ဦးကို အကြိမ်ကြိမ် အဖန်ဖန် တောင်းပန်နေတာပါ။ ကျွန်တော်ဟာ အင်မတန် ရှက်လွန်းလို့ ဦးရဲ့လက်ချက်နဲ့ မြန်မြန် သေချင်လှပါပြီ။ ကျွန်တော့်ကို မသေစေချင်လျှင် တစ်နည်းပဲ ရှိပါတယ်။ ဒီနည်းကတော့ ဦးဟာ ညိုညိုစိန်ကို ယူလိုက်ပါတော့ ခင်ဗျာ။
နိုး ။ ။ မောင့်ကို မသေစေချင်ပါဘူး မောင်ရာ။ နို့ပေတဲ့ ...။
ဒင် ။ ။ ဘာ... နို့ပေတဲ့လဲ။ ညိုညိုစိန်ကို ယူမလား၊ မယူဘူးလား... ပြော။ ဒါလောက်တောင် ဖြစ်လှတာ။ လာလေရော့လဟာ။ (ထောင်းပြန်စေ။) ခင်ဗျားကြီး .. ယူမလား မယူဘူးလား၊ ပြော။ လာလေရော့လဟာ။ (ထောင်းပြန်စေ။)
နိုး ။ ။ ကြောက်ပါပြီ မောင်ရဲ့ ။ ယူပါ့မယ် မောင်ရဲ့ ။
[ မောင်ကျားနှင့် ညိုညိုစိန်တို့ ထွက်လာကြစေ။ ]
ဒင် ။ ။ ဟော... အဖေ၊ ဟော ... ညိုညိုစိန်၊ အတော်ပဲ၊ အတော်ပဲ။ ဦးက ယူပါတော့မယ်တဲ့၊ ယူမယ် မဟုတ်လား .. ဦး။
နိုး ။ ။ ယူ ... ယူ ... ယူ ပါ့မယ် မောင်ရဲ့။
ဒင် ။ ။ ကိုင်း ... လာ။ သွားကြမယ်။
[ဝင်ကြစေ။ ]
《ပြီး》
----------------------
ဇော်ဂျီ
Comments
Post a Comment