ငှက်က​လေး (အပိုင်း-၁၃)(ဇာတ်သိမ်းပိုင်း)

#ငှက်ကလေး

အပိုင်း(၁၃)(ဇာတ်သိမ်း)

မုန့်စားကျောင်းဆင်း ခေါင်းလောင်းထိုးသည်။ သိပ္ပံဆရာက နှုတ်ဆက်ပြီး ထွက်သွားသည်။ အတန်းထဲက ကျောင်းသား ကျောင်းသူတွေ အပြင်ထွက်ကြသည်။ ကိုယ်လည်း စာအုပ်ကို ပိတ်၍ လွယ်အိတ်ထဲ ထည့်လိုက်သည်။
ခုနောက်ပိုင်း ကိုယ် ထမင်းဘူး မယူတော့ချေ။ မုန့်ဖိုးရသော တစ်ကျပ်ထဲကနေ တစ်ခုခု ဝယ်စားလိုက်သည်။ ခေါက်ဆွဲသုပ်ဖြစ်ဖြစ်၊ မုန့်ဟင်းခါးဖြစ်ဖြစ်၊ အာလူးပူရီဖြစ်ဖြစ် ...။

ကိုယ့်နေရာက တံခါးပေါက်ရှိရာသို့ လျှောက်သွားသည်။ အပေါက်ဝနား ရောက်သောအခါ ကိုယ်အရမ်းအံ့သြသွားသည်။ အပြင်မှာ ရပ်နေသော ဖေဖေ။ ကိုယ် ဖေဖေ့ကို ကြောင်ပြီး ကြည့်နေမိသည်။

“သား ... ဖေဖေနဲ့ ခဏလိုက်ခဲ့ကွာ"

ကိုယ် ယောင်ပြီး ဆက်ရပ်နေမိသည်။

"သွားလေ လွယ်အိတ်ပါယူခဲ့၊ သား ဆရာမကိုလည်း ဖေဖေ ခွင့်တိုင်ပြီးပြီ၊ ဒီနေ့ နေ့တစ်ဝက် ခွင့်ပေးဖို့ ပြောထားတယ်”

ကိုယ် လွယ်အိတ်သွားယူသည်။ ပြီးတော့ ဖေဖေနှင့် လိုက်လာခဲ့သည်။ ဖေဖေက ကိုယ့်ကို ဘာကြောင့်လာခေါ်မှန်း မသိ။ မေးလည်း မမေးရဲ။

ဈေးနားရောက်တော့ ဖေဖေက မေးသည်။

“သား... ဘာစားမလဲ”

ကိုယ် ဘာပြောရမှန်း မသိ။ စောစောတုန်းကတော့ ကိုယ် သိပ်ဆာနေသည်။ အခု မဆာတော့ပြန်ပါ။ ဖေဖေက ငုံ့ကြည့်နေ၏။

"မသိဘူး ဖေဖေ၊ ဖေဖေ စားချင်တာစားပေါ့"

ဖေဖေက တရုတ်ဆိုင်ထဲ ခေါ်သွားသည်။ ခေါက်ဆွဲကြော် နှစ်ပွဲ မှာသည်။ ဘဲကင်လည်း မှာသည်။ ယိုးဒယားဟင်းချိုဆိုတာလည်း မှာသည်။

ရောက်လာတော့ အများကြီးပဲ။ ဘယ်လိုမှ ကုန်အောင်မစားနိုင်။ နောက်ပြီး ဘာဖြစ်လို့လဲ မသိ။ ကိုယ်နည်းနည်းလေး စားပြီးတာနဲ့ ဝသွားသည်။

“သား ... နည်းလှချည်လား၊ ဘဲကင် စားဦးလေ”

“တော်ပြီ ဖေဖေ၊ ကိုယ် ဗိုက်တင်းနေပြီ”

“နည်းနည်းဖြစ်ဖြစ် စားဦးကွာ"

ဖေဖေက ဘဲကင်မှ ပေါင်တစ်ခု ယူပေးသောကြောင့် ကိုယ်စားရသည်။ စားပြီးကြတော့ ကိုယ်တို့ ဈေးထဲဝင်လာခဲ့ကြ၏။ ဟိုတစ်ခါ လုံချည်ဝယ်သော ဆိုင်ကို သွားကြသည်။ ဟိုရောက်တော့ လုံချည်အစိမ်းကလေးနှစ်ထည်နှင့် အကွက်ကလေးတစ်ထည် ဖေဖေက ဝယ်ပေးသည်။ ပြီးတော့ နောက်တစ်ဆိုင်မှာ ချုပ်ပြီးသား အင်္ကျီနှစ်ထည်လည်း ဝယ်ပေးသေးသည်။ အစင်းကလေး တစ်ထည်။ အပွင့်ကလေးတစ်ထည်။ ဝယ်ပြီး ထွက်လာကာနီးမှ ဆိုင်ထဲပြန်ဝင်ပြီး အဖြူတစ်ထည် ထပ်ဝယ်ပေးသေးသည်။ ပြီးတော့ ကိုယ်တို့ ဆိုက်ကားစီးပြီး အိမ်ကို ပြန်လာကြသည်။

အိမ်ထဲရောက်တော့ ဖေဖေက ပြောသည်။

"သား... အခန်းထဲ ဝင်ကြည့်စမ်း"

ကိုယ်သည် အိပ်ခန်းထဲ ဝင်ကြည့်သည်။ ကိုယ် အရမ်းအံ့သြသွား၏။ ဝမ်းလည်း သာသွားသည်။ ကိုယ်တို့အခန်းထဲမှာ စက်ဘီးအသစ်ကလေး တစ်စီး၊ ကိုယ်သည် စက်ဘီးကလေးကို တွန်းပြီး ပြေးထွက်လာ
သည်။

“ဖေဖေ ဝယ်လာတာလားဟင်၊ ဖေဖေ ကိုယ့်ဖို့လားဟင်”

ဖေဖေက ခေါင်းညိတ်ပြသည်။

"သား ... ကျောင်းသွား ကျောင်းပြန် လမ်းမလျှောက်ရတော့ဘူးပေါ့"

“ကိုယ် စီးကြည့်မယ်နော် ဖေဖေ"

“အေး ... အေး"

ကိုယ်သည် စက်ဘီးကလေးကို ခြံဝသို့ တွန်းထုတ်သွားသည်။ လမ်းပေါ်ရောက်သောအခါကျမှ အိမ်ဘက်သို့ ပြန်လှည့်သည်။ ဖေဖေက ခြံအဝမှာ ရပ်ပြီး ကြည့်နေသည်။

ကိုယ်က ရယ်ပြလိုက်ပြီး “ဖေဖေ ခဏ”

"ဘာလဲ သား "

"ကိုယ်မှ စက်ဘီးမစီးတတ်ဘဲ ဖေဖေရဲ့ "

"ဟေ"

ဖေဖေက ရယ်သည်။ ကြည့်ပါဦး၊ ဖေဖေရယ်သည်။ ဖေဖေ ရယ်နေပြီ။ ဖေဖေက ရယ်တာတောင် ဌာန်ကရိုဏ်းကျအောင် ရယ်တတ်တာ မဟုတ်ဘူးလို့ ဦးလေးမောင်မောင်ကြီးက ပြောတာ။ ဌာန်ကရိုဏ်းတွေ ဘာတွေ ကိုယ်မသိ။ ဖေဖေရယ်ဖို့သာ အဓိကပါ။

"ကဲ ... ဖေဖေ သင်ပေးမယ်၊ တက်”

ဖေဖေက စက်ဘီးကို ကိုင်ထားသည်။ ကိုယ်က ခွတက်သည်။ မရ။ လုံချည်နဲ့ တုပ်ပြီး ခံနေသည်။

“ခဏလေးနော် ဖေဖေ”

ကိုယ် အိမ်ထဲ ပြန်ပြေးဝင်ခဲ့သည်။ လုံချည်ကို ချွတ်ချလိုက်ပြီး ဘောင်းဘီတိုတစ်ထည် ယူဝတ်သည်။ ပြီးတော့ ပြန်ပြေးထွက်လာခဲ့သည်။ သည်တစ်ခါတော့ စက်ဘီးပေါ်ကို လွှားခနဲ ရောက်သွားလေသည်။ဖေဖေက နောက်ကနေ တွန်းပေးသည်။ ဖင်ထိုင်ခုံကို ကိုင်ပြီး ထိန်းထားပေးသည်။

"သား ... ကိုယ်ကြီးကို စောင်းမထားနဲ့လေကွာ၊ တည့်တည့်ထား....လက်က တောင့်တောင့်ကြီး လုပ်မထားနဲ့၊ အေး ... ဟုတ်ပြီ၊ ခြေထောက်ကလည်း နင်းဦးလေ"

ကုန်းဆင်းကလေးကို ရောက်သောအခါ စက်ဘီးက နည်းနည်း ပိုမြန်လာသည်။

“ဖေဖေ ထိန်းထားနော်”

ဖေဖေ ပြန်ပြောသံ မကြားရ။ ကိုယ် စောင်းကြည့်လိုက်သည်။ ဟင် ... နောက်မှာ ဖေဖေမရှိတော့။ စက်ဘီးကို ကိုယ်တစ်ယောက်တည်း နင်းနေရတာပါလား။

“ဖေဖေ လာပါဦး၊ ကိုယ်ကြောက်တယ်”

ဖေဖေက "ထိန်းထား သား၊ ရတယ် ထိန်းထား" ဟု နောက်ကနေ လှမ်းအော်သည်။ စက်ဘီးသည် ပို၍ မြန်လာသည်။ ကိုယ်လည်း အရမ်းကြောက်လာသည်။ ဘယ်လိုမှ ထိန်းမထားနိုင်တော့ဘဲ လမ်းဘေးကို ထိုးဆင်းသွား၏။ ချုံပုတ်တစ်ခုထဲ စိုက်ဝင်သွားပြီး စောင်းလဲသွားသည်။ ကိုယ် ခုန်ဆင်းလိုက်ရသည်။ တော်သေးသည်။ ဘာမျှမဖြစ်။

ဖေဖေက .."'သား ... ဘာဖြစ်သွားသေးလဲ”

“ဘာမှမဖြစ်ပါဘူး၊ ဖေဖေကလည်း ဘာလို့ လွှတ်ပေးလိုက်တာလဲ"

"စက်ဘီးစီးသင်တယ်ဆိုတာ ဒီလိုပဲကွ၊ လွှတ်မပေးရင် ဘယ်တတ်တော့မလဲ၊ ကဲ ... နောက်တစ်ခေါက်ကွာ”

"ဟာ... တော်ပြီ ဖေဖေရာ၊ ကိုယ်ကြောက်တယ်”

“အေး ... အေး၊ ဒါဆိုလည်း နောက်တစ်ခါပေါ့ကွာ”

ကိုယ်တို့ အိမ်ထဲပြန်ဝင်ပြီးနောက် ကိုယ်ရေချိုးသည်။ ဖေဖေက အင်္ကျီအသစ်ကလေး ဝတ်ကြည့်ပါဦးကွဟု ဆိုသဖြင့် ဝတ်ရသည်။

“ဖေဖေ မေ့သွားတယ်ကွာ၊ လုံချည်လေးတွေပါ ဈေးထဲမှာ တစ်ခါတည်း ချုပ်ခဲ့ရကောင်းသား"

"ကိစ္စမရှိပါဘူး ဖေဖေရဲ့၊ ဒီနားမှာပဲ ချုပ်ရင်လည်း ရတာပဲဟာ”

“သား .. ဘာစားဦးမလဲကွ”

"ဟာ.. ဖေဖေကလည်း ဆယ့်နှစ်နာရီလောက်ကမှ စားတာ၊ ဘယ်ဆာမလဲ”

ဖေဖေသည် ကိုယ့်အင်္ကျီကို ကိုင်ကြည့်သည်။ “ကြိုက်ရဲ့လားကွ” ဟု မေးသည်။

“ကြိုက်တာပေါ့ ဖေဖေရ၊ ဒီအစင်းကလေးရော ဟိုအပွင့်ကလေးပါ ကြိုက်တာပဲ”

“အေး ... အေး၊ ထိုင်ပါဦး သားရဲ့”

ကိုယ်သည် ဖေဖေ့ရှေ့က ကုလားထိုင်မှာ ဝင်ထိုင်လိုက်သည်။

"သားကို ဖေဖေပြောစရာ ရှိသေးတယ်ကွ “

"ဟုတ်ကဲ့ ဖေဖေ”

ဖေဖေက ပြောစရာရှိတယ် ဆိုသော်လည်း ဘာမျှမပြောဘဲ တော်တော်ကြာအောင် သည်အတိုင်း နေသည်။ စီးကရက်ကိုသာ တစ်ဖွာပြီး တစ်ဖွာ ဆက်တိုက်ဖွာသည်။ ရှေ့က နံရံကို ငေးကြည့်နေသည်။ ကိုယ်လည်း ယောင်ပြီး ဖေဖေကြည့်နေသော နေရာသို့ လှည့်ကြည့်မိသည်။ နံရံမှာ ချိတ်ထားသော မေမေ့ဓာတ်ပုံ။ ကိုယ်သည် ဖေဖေ့အခန်းထဲက ကိုယ်တို့မိသားစုဓာတ်ပုံကို သွားသတိရမိသည်။

​ငေးနေသော ဖေဖေ့မျက်နှာကို ကြည့်မိပြန်သည်။ ဖေဖေသည် အရမ်းပိန်သည်။ နဖူးမှာလည်း အသားတွေ တွန့်ပြီး အစင်းကြောင်းကြီးတွေလို ဖြစ်နေသည်။ ကိုယ်တို့မိသားစုဓာတ်ပုံထဲက ဖေဖေနှင့် တခြားစီ။ ခုမြင်နေရသော ဖေဖေက အရမ်းအသက်ကြီးနေသလိုပဲ။ ဖေဖေ့မျက်လုံးတွေကလည်း မိခိုင်ရဲ့ ဖေဖေတို့၊ ဦးလေးမောင်မောင်ကြီးတို့နှင့် မတူ။ နီနေသလို ထင်ရသည်။

“သား”

“ခင်ဗျာ..... ဘာလဲ ဖေဖေ”

ဖေဖေသည် ကိုယ့်ကို စိုက်ကြည့်ပြီး မေးသည်။

"ဖေဖေ့ကို ချစ်ရဲ့လားကွာ”

“ချစ်တာပေါ့ ဖေဖေရဲ့ "

ဖေဖေသည် အသက် အရမ်းရှူသွင်းသလို လုပ်လိုက်ပြီး .... “ဖေဖေနဲ့ မင်းမေမေနဲ့ ဘယ်သူ့ကို ပိုချစ်သလဲ”

ကိုယ်အံ့ဩပြီး ဖေဖေ့ကို ငေးကြည့်နေမိသည်။ ခုရက်အတွင်း ကိုယ် အဲသလို အမေးခံရတာ နှစ်ခါရှိပြီ။ ဟိုတစ်နေ့ကလည်း မေမေက ကိုယ့်ကို အဲသလို မေးခဲ့သေးသည်။ မေမေက မေးတုန်းက "နှစ်ယောက်စလုံးကို တူတူပဲ ချစ်တာပေါ့ မေမေရဲ့ "ဟု ဖြေခဲ့သည်။ ခုတစ်ခါ....

"မသိဘူး ဖေဖေ”

ကိုယ် လွှတ်ခနဲ ပြောမိသည်။ ဖေဖေသည် နံရံက မေမေ့ဓာတ်ပုံကို ပြန်ကြည့်နေပြန်သည်ဟု ကိုယ်ထင်သည်။

* * *

မုန့်စားလွှတ်သောအခါ သူငယ်ချင်းတွေနှင့် ဆုံနေကျ စိန်ပန်းပင်ကြီးဆီ မသွားဘဲ ဟိုးကျောင်းထောင့်က ညောင်ပင်ကြီးအောက်မှာ သွားထိုင်နေလိုက်သည်။ ဒီနေ့ ကိုယ် ဘယ်သူနှင့်မျှ စကားမပြောချင်။ တစ်ယောက်တည်းနေပြီး စဉ်းစားချင်သည်။

မနေ့တုန်းက ဖေဖေလာခေါ်သောကိစ္စကို အိပ်မက်လို့တောင် ထင်နေမိသည်။ ဖေဖေသည် ကိုယ့်ကို ဘာလို့ ကျောင်းမှာ လာခေါ်ရတာလဲ။ ပြီးတော့ အရင်တုန်းကနှင့် လုံးဝမတူဘဲ အရမ်းအလိုလိုက်ခဲ့တာကကော။ ဒီအချိန်တုန်းက ကိုယ့်စိတ်ထဲမှာ ဘယ်လိုတွေ ဖြစ်နေမှန်းတောင် သတိမရ။ ပျော်လည်း ပျော်သည်။ အံ့လည်း အံ့သြနေသည်။ ပြီးတော့ ဝမ်းနည်းသလိုလိုလည်း ဖြစ်နေသလား မသိ။ အဲဒါကကော ဘာဖြစ်လို့လဲ။ တစ်ခုတော့ ရှိသည်။ သိပ်ဝမ်းသာလွန်းရင်လည်း မျက်ရည်ကျတယ်လို့ လူကြီးတွေ ပြောကြသည် မဟုတ်လား။ ဦးလေးဦးမောင်မောင်ကြီးပြောသော တစ်နေ့ကျရင် သိလာလိမ့်မယ်။ အကောင်းဆုံးအခြေအနေကို မျှော်လင့်ရတာပဲဆိုတာ ဒါကို ပြောတာလား မသိ။

“ဟိတ်"

မိခိုင်၏အသံကို နောက်မှ ကြားရသောကြောင့် လှည့်ကြည့်လိုက်သည်။ ကိုယ်အံ့သြသွား၏။ ရယ်လည်း ရယ်ချင်သွားမိသည်။ သူသည် ခါတိုင်းလို စကတ်လေးဖြင့် မဟုတ်တော့ဘဲ ထဘီအစိမ်းကလေးကို ဝတ်ထားသည်။ သူထဘီဝတ်ထားပုံမှာ အတန်းကြီးက အစ်မတွေလို သပ်သပ်ရပ်ရပ် မရှိချေ။ ထဘီအောက်စသည် ရွေ့ စောင်း၍ ထွက်နေသည်။သူသည် ထဘီဝတ်ထားသောကြောင့် ရှက်နေပုံ ရလေသည်။ ကိုယ့်ကို သေသေချာချာ မကြည့်ဘဲ သူ့လက်ထဲက ဓားလှီးရေခဲမုန့်နှစ်ခုထဲက တစ်ခုကို လှမ်းပေးသည်။ ကိုယ်သည် ရယ်ချင်စိတ်ကို မအောင့်နိုင်ဘဲ ရယ်မိသည်။

"ဘာရယ်တာလဲ”ဟု ပြောပြီး ကိုယ့်ဘေးမှာ ဝင်ထိုင်ရင်း ကိုယ့်လက်မောင်းကို ထုမလို လုပ်သည်။ နောက် မထုတော့ဘဲ နေလိုက်၏။

“နင်က ထဘီနဲ့ အပျိုလုပ်လာတာပေါ့လေ"

“မဟုတ်ပါဘူးဟာ၊ မေမေက အတင်းဝတ်ခိုင်းလို့"

ခါတိုင်း စကတ်ဝတ်တုန်းကဆိုလျှင် သူ့ခြေသလုံး ဖြူဖြူလေးတွေကို အမြဲမြင်နေရသည်။ ခု ထဘီနဲ့ဆိုတော့ မမြင်ရတော့ချေ။ ဘာဖြစ်လို့လဲ မသိ။ ခုမှ သူ့ခြေသလုံးတွေကို ပြန်ကြည့်ချင်နေမိသည်။

“နင်က ဒီမှာ တစ်ယောက်တည်း ဘာလာလုပ်နေတာလဲ”

“ဘာမှ မလုပ်ပါဘူးဟာ”

"နင်... ခုတလော ဘာဖြစ်နေတာလဲဟင်၊ သိပ်ငိုင်တာပဲ”

“ဘာမှမဖြစ်ပါဘူး၊ နင်ကကော ကိုယ့်ကို ဘာလို့လိုက်ရှာရတာလဲ”

"ဟို.. ဟိုဒင်းလေ၊ ငါပြောစရာရှိလို့၊ မဟုတ်ဘူး ... မဟုတ် ... ဓားလှီးရေခဲမုန့် ကျွေးမလို့။ အဲဒါနဲ့ ငါ ဟိုကောင်မတွေ မသိအောင် လျှို ပြီး ထွက်လာတာ၊ သိသွားရင် ငါ့ကို ပြောကြဦးမယ်”

"ဘာပြောမှာလဲ”

“စ မှာပေါ့ဟ”

"ဘာ.. ဘယ်လို စမှာလဲ”

"မပြောချင်ပါဘူးဟာ၊ ဘာမှန်းလဲ မသိဘူး”

သူ့မျက်နှာသည် အရင်က တစ်ခါမျှ မမြင်ဖူးသောပုံစံမျိုး ဖြစ်နေသည်။

“မပြောချင်လည်း နေဟာ၊ ဒါပေမယ့် နင်ပြောမယ့်ဟာ ကိုယ်သိတယ်”

“ဟင်.. ဘာလဲ၊ ဘာလဲ ပြော"

"ဟိုဥစ္စာလေ”

ကိုယ်သည် ပြောမည်ပြုလိုက်ပြီးမှ မပြောတတ်ဘဲ ဖြစ်သွားသည်။

“ဟို ... အေးဟာ၊ ကိုယ်သိတယ်ဆိုရင် ပြီးတာပဲ မဟုတ်လား”

“အေးလေ.. ပြီးရောပေါ့”

အမှန်မှာ ကိုယ်ဘာမျှမသိဘူးဟု ထင်ပါသည်။ စကားမရှိ စကားရှာပြီး ပြောလိုက်ရခြင်း ဖြစ်မည်။

“ပြီးတော့ တင်အောင်ခိုင်ကလည်း ကိုယ့်ကို ပြောတယ်”

“ဘာပြောတာလဲ”

ကိုယ့်ကို မကြည့်ဘဲ မေးသည်။

"နင် မသိဘူးလား"

သူ ခေါင်းခါသည်။

"နင် သိမှာပါ”

သူ ကိုယ့်ကို တစ်ချက်မော့ကြည့်သည်။ ပြီးတော့ ခေါင်းခါပြသည်။ ကိုယ်သည် တံတွေးကို မျိုချလိုက်ပြီး..."နင်.. နင် ထဘီဝတ်တာက ရယ်စရာကြီး”

သူရယ်သည်။ ခါတိုင်းတုန်းက ရယ်သလိုမျိုး မဟုတ်တော့ချေ။ အရင်ကဆိုလျှင် သိပ်ရယ်စရာမကောင်းသော ကိစ္စပင်ဖြစ်စေ အသံစာစာကလေးဖြင့် အကြာကြီး ရယ်တတ်သည်။ သူရယ်ပြီဆိုလျှင် သူ့ကိုယ်ကလေးရော၊ သူ့ဆံပင်များပါ လှုပ်ယမ်း၍ နေတတ်လေသည်။ ပြီးတော့လည်း စကားပြောလျှင် ကိုယ့်လက်မောင်းကို သူ့လက်ညှိုးကလေးဖြင့် တို့၍ တို့၍ ပြောတတ်သည်။ ခုတော့ဖြင့် သူသည် ခဏကလေးသာ ရယ်ပြီးပြန်တည်သွားသည်။ သူ့လက်ကလေးများကလည်း သူ့ပေါင်ပေါ်မှာ ငြိမ်ငြိမ်ကလေး နေနေကြသည်။

“မေမေက နောက်ဆိုရင် ထဘီပဲ ဝတ်ရမယ်လို့ ပြောတယ်”

သူ တိုးတိုးလေး ပြော၏။

“ကိုယ်ကတော့ ကြိုက်ပါတယ်”

“ဟင် .. ဘာလဲ”

သူ ကိုယ့်ကို ကြည့်ပြန်သည်။

"ဟုတ်တယ်၊ နင် ထဘီဝတ်တာပဲ ကောင်းတယ်၊ စကတ်နဲ့ ဆိုရင် ....”

ကိုယ်ဆက်မပြော၊ "စကတ်နဲ့ဆိုရင် နင့်ခြေထောက်တွေက အငြိမ်မနေဘူး”ဟု ကိုယ်ပြောချင်သည်။ သို့သော်လည်း ပြောလို့မထွက်။ ကိုယ်သည် သက်ပြင်းကို အသံမမြည်အောင် ဖြည်းဖြည်းလေး ချလိုက်ပြီး "ထဘီဝတ်တာပဲ ကောင်းပါတယ်ဟာ”

သူသည် ကိုယ့်ဘေးနားမှာ ထိုင်နေရာမှ ဟိုဘက်သို့ နည်းနည်းလေး ရွှေ့ထိုင်သည်။ ရွှေ့ထိုင်သည် ဆိုသော်လည်း တကယ်တော့ နေရာမရွေ့ချေ။

ဒီနေ့ သူ့ကိုကြည့်ရတာ တစ်မျိုးကြီး ဖြစ်နေသည်။ ကိုယ့်စိတ်တွေကလည်း ထူးခြားနေသလိုပဲ။ သူ့မျက်နှာကို ခါတိုင်းလို စေ့စေ့ကြည့်ရန် မရဲချေ။ သူသည်လည်း ကိုယ့်ကို မကြည့်ဘဲ ခေါင်းငုံ့နေ၏။ လေတစ်ချက် တိုက်သောအခါ ညောင်ရွက်တွေ လှုပ်သွားသည်။ ကိုယ့်ရင်ထဲက တလှပ်လှပ် ဖြစ်လာ၏။ သူ့ဆီက သနပ်ခါးနံ့ကို တစ်ချက် တစ်ချက် ရသောအခါ စိတ်ထဲက တစ်မျိုးကြီးဖြစ်နေသည်။ ကိုယ့်ရင်သည် တဒိတ်ဒိတ်ခုန်နေသည်။ ဘာစကားမှလည်း ပြောလို့မရ။ သူကကော ဘယ်လိုဖြစ်နေသလဲ။ ပေါင်ပေါ်မှာတင်ထားသော သူ့လက်ကလေးသည် ထဘီစကို ဆုပ်ကိုင်ထားသည်။ ထူးဆန်းသည်ဟုပင် ထင်သည်။ ခုနလေးပဲ ကြာဇံကြော်သုပ် စားလာသော်လည်း ခု ဗိုက်ထဲက ဆာသလိုကြီး ဖြစ်လာသည်။ ရေငတ်သလိုလည်း ဖြစ်နေသည်။ ကိုယ်သည် လွှတ်ခနဲ ပြောမိသည်။

"နင့်လက်ကလေးတွေက သိပ်လှတာပဲ”

ကိုယ်သည် သူ့လက်ကလေးကို ဆတ်ခနဲ ဆုပ်ကိုင်မိသည်။

သူ့မျက်နှာသည် ချက်ချင်း အရောင်ပြောင်းသွားသည်။ အရင်လို ဖြူဖြူကလေးမဟုတ်ဘဲ ပန်းရောင်ဖြစ်သွား၏။ သူ့လက်ကလေးသည် အေးစက်နေသည်။ ကိုယ် ချက်ချင်း ပြန်လွှတ်လိုက်၏။

တဒေါင်ဒေါင် ခေါက်လိုက်သော ကျောင်းတက်ခေါင်းလောင်းထိုးသံသည် ကိုယ်တို့ကို လန့်ဖြန့်သွားစေသည်။

“ဟော... ကျောင်းတက်ပြီ”

သူ့အသံသည် အရင်ကလို စူးစူးကလေး မဟုတ်တော့ဟု ကိုယ် ထင်သည်။

"သွားကြစို့ မိခိုင်”

ကိုယ့်အသံသည်လည်း ချက်ချင်းသြလာသလို ထင်ရ၏။ ကိုယ်တို့ ထရပ်လိုက်သည်။ စောစောက ပစ်ချထားသော ဓားလှီးရေခဲမုန့်မှာ ထိုးသည့်တုတ်ချောင်းတွင် နားနေသော ယင်ကောင်တွေ လန့်ပြီး ထပျံကုန်ကြသည်။

* * *

ကိုယ်သည် ကျောင်းမှအိမ်သို့ လျှောက်ပြန်လာခဲ့သည်။ နောက် ကိုယ်စက်ဘီးစီးတတ်သွားလျှင် ခုလို လျှောက်စရာမလိုတော့။ လမ်းလျှောက်ရင်း ကိုယ် စဉ်းစားလာသည်။ ဒီနေ့ မိခိုင်သည် ဘယ်လိုဖြစ်နေသလဲ မသိ။ ကိုယ်လည်း ဘယ်လို ဖြစ်နေမှန်း မသိ။ တကယ့်တကယ်တော့ ကိုယ်တို့ ဘာတွေမှန်းမသိ ဖြစ်နေကြတာ ခုတလော ခဏခဏပဲ။ အိမ်မှာလည်း ဒီအတိုင်းပဲ။

ဦးလေးမောင်မောင်ကြီးသည် ကိုယ်တို့မြို့ ကို ခဏခဏလာသည်။ လာတိုင်းလည်း မေမေနှင့် လာလာစကားပြောသည်။ ဘာတွေပြောမှန်းတော့ ကိုယ်မကြားရလို့ မသိ။ အန်တီလူးကလည်း မေမေ့ဆီ ညတိုင်းလို လာသည်။ ကိုယ်အိပ်သွားသည်ထိ မီးဖိုချောင်ထဲမှာ တိုးတိုးတိုးတိုး ပြောကြသည်။ တစ်ခုခုတော့ တစ်ခုခုပဲ။

ကိုယ်သည် လမ်းလျှောက်လာရင်းက ကောင်းကင်ကို မော့ကြည့်မိသည်။ အရှေ့ဘက်တွင် လကွေးကွေးကို မှုန်မှုန်ကလေး မြင်နေရသည်။ ညနေခင်းအချိန်မှာလည်း လထွက်တတ်ကြောင်းကို အရင်က သတိထား မကြည့်မိဖူးသဖြင့် အံ့သြနေမိသည်။ အနောက်ဘက်ကို ကြည့်သောအခါမှာလည်း တိမ်တိုက်တွေကြားထဲသို့ ဝင်ကာနီး ဖြစ်နေသော နေမင်းကြီးကို မြင်ရသည်။

အိမ်ရှေ့သို့ ရောက်သောအခါ ခြံဝင်းထဲသို့ မဝင်သေးဘဲ နေမင်းကြီးကို ခဏကြည့်သေးသည်။ နေမင်းကြီးသည် တိမ်တိုက်ထဲသို့ လုံးဝဝင်သွားတော့မှ အိမ်ထဲသို့ ဝင်ခဲ့သည်။ လွယ်အိတ်ကို စားပွဲပေါ်တင်သည်။ ဖေဖေ့အခန်းဘက်သို့ လှမ်းကြည့်သေးသည်။ တံခါးပိတ်ထားသည်။ ကိုယ်တို့အိပ်ခန်းထဲသို့ ဝင်လိုက်၏။

ကိုယ်အရမ်းအံ့သြသွားသည်။ မေမေသည် ခုတင်ပေါ်မှာ ထိုင်နေသည်။ ကိုယ့်ကို မေမေလှမ်းကြည့်သည်။ မေမေ့မျက်နှာက ဘယ်လိုဖြစ်နေသလဲ။ မေမေ ဘာဖြစ်နေတာလဲ။ မေမေ့ကို ကြည့်ရင်း ကိုယ်စိုးရိမ်လာသည်။ လန့်လည်း လန့်လာသည်။ ဘာဖြစ်တာလဲ။

ကိုယ် မေမေ့နားကို လျှောက်သွားသည်။ ဘေးမှာ ဝင်ထိုင်လိုက်သည်။ မေမေသည် ကိုယ့်ကို ကြည့်နေတုန်း။ ပြီးတော့ ကိုယ့်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းပြီး ဖက်ထားလိုက်သည်။ ခုမှ ကိုယ်သတိထားလိုက်မိသည်။ မေမေ့ဘေးက အိပ်ရာပေါ်မှာ စာရွက်တစ်ရွက်။ မေမေ့ရင်ခွင်ထဲက ရုန်းထွက်လိုက်သည်။ စာရွက်ကို ဆွဲယူပြီး....

သား ညီညီနဲ့ မစောမြင့်
ကျုပ် စဉ်းစားခဲ့တာ ကြာပြီ။ သားရဲ့ သံယောဇဉ်ကြောင့် မဆုံးဖြတ်ဖြစ်ခဲ့ဘူး။ ခင်ဗျားနဲ့ ကျုပ်ဟာ သဘောထားချင်း မတိုက်ဆိုင်ဘူးဆိုတာ အမှန်ပဲ။ ဘယ်လိုမှ ညှိလို့ရမှာ မဟုတ်ဘူးဆိုတာလည်း ကျုပ်သိတယ်။ ဒီအတိုင်း ဆက်နေရင် နှစ်ယောက်စလုံး စိတ်ဆင်းရဲရုံပဲ ရှိမယ်။ ဒါကြောင့် ကျုပ် ခုလို ဆုံးဖြတ်လိုက်တာပါပဲ။ သားကို ကျုပ်ခေါ်သွားချင်ပေမယ့် ခင်ဗျားနဲ့ထားခဲ့တာဟာ သားအတွက် ပိုကောင်းမယ်လို့ထင်တယ်။ အလုပ်ရုံကို ရောင်းလို့ရတဲ့ငွေ ထားခဲ့တယ်။ အိမ်ကိုလည်း သားကိုပဲ ပေးခဲ့ပါတယ်။ ကျုပ် ဘဏ်မှာရှိတဲ့ ငွေနှစ်သောင်းပဲ ယူသွားတယ်။ သားအတွက် ငွေမှန်မှန် ပို့ပေးမယ်။ သားကို နှုတ်ဆက်ခဲ့ချင်ပေမယ့် သားမျက်နှာကိုမြင်ရရင် ကျုပ် ငိုမိလိမ့်မယ်။ သားလည်း ကျုပ်ကို ခွင့်လွှတ်ဖို့ ပြောပြပါ။ ကျုပ် ဒီညနေ ရထားနဲ့ ..

ကိုယ်သည် လက်ထဲက စာရွက်ကို ပစ်ချလိုက်သည်။ မေမေ့ကို ကြည့်သည်။ မေမေကလည်း ကိုယ့်ကို စေ့စေ့ကြည့်နေသည်။ မေမေ့လက်မောင်းနှစ်ဖက်ကို ကိုင်ပြီး ကိုယ်ခေါ်မိသည်။

“ဖေဖေ”

ကိုယ် အခန်းထဲက ပြေးထွက်လာခဲ့သည်။ အိမ်ပေါ်မှ ခုန်ဆင်းလိုက်သည်။ ဝင်းတံခါးကို ကိုယ်နှင့်တိုက်ပြီး တိုးထွက်သည်။ "သား.. သား ...“ဟု မေမေခေါ်လိုက်သော အသံကို သဲ့သဲ့ကြားရသည်။ ကိုယ်လှည့်မကြည့်။ ပြေးသည်။

မော်တော်ကားတွေ၊ ဆိုက်ကားတွေ ကိုယ့်ဘေးမှ ဖြတ်သွားသည်။ ကိုယ့်စိတ်သည် ဘူတာရုံသို့ ရောက်ခါနီးလေ ပို၍ စိုးရိမ်လာလေပင်။ ပြေးရလွန်း၍ မောလာသော်လည်း မရပ်ဘဲ ဆက်၍ပြေးသည်။ ဘူတာရုံထဲကို ဟိုဘက်က ပတ်မဝင်တော့ဘဲ ကုန်းပေါ်မှ ဖြတ်ဆင်းပြေးသည်။ ကုန်ရထားကြီးတစ်စင်းက ရှေ့မှခံနေသည်။ သစ်လုံးတွေ တင်ထားသော တွဲပေါ်သို့ ကိုယ်ကျော်တက်သည်။ ခုန်ချပြီး ဆက်ပြေးသည်။ ဘူတာရုံထဲသို့ ဝင်လိုက်သောအချိန်တွင် ရထားဥသြဆွဲသံ ကြားရသည်။ လူကြီးတစ်ယောက်သည် သားရေအိတ်အနီကြီးကို ဆွဲ၍ ရထားပေါ်တက်သွားသည်။ `ဖေဖေ ́ဟု လှမ်းခေါ်သော်လည်း မကြား။ ခရာမှုတ်သံ ကြားရသည်။ ရထား၏နောက်ဆုံးတွဲကို ဖြတ်ကျော်မိစဉ်မှာပင် ရထားကြီးသည် လှုပ်ခါသွား၏။ ရထားထွက်ပြီ။

ကိုယ်သည် ရထားတွဲများကို တစ်တွဲပြီးတစ်တွဲ ဖြတ်ကျော်​ပြေးရင်း ဖေဖေ့ကို ရှာသည်။ ပါးစပ်ကလည်း “ဖေဖေရေ ... ဖေဖေ "ဟု အဆက်မပြတ် အော်နေမိသည်။ တွဲတစ်တွဲကို ဖြတ်ကျော်ပြေးလိုက်သောအချိန်မှာပင် ရထားပြတင်းပေါက်မှ အပြင်သို့ ကြည့်နေသော ဖေဖေ့ကို.....

"သား"

ဖေဖေ့မျက်နှာပေါ်မှာ အံ့သြတာရော၊ ထိတ်လန့်တာရော၊ ဝမ်းနည်းတာရော။ ဖေဖေသည် ပြတင်းပေါက်မှ ခေါင်းကိုထုတ်လိုက်သည်။ ကိုယ်သည် တဖြည်းဖြည်းချင်း လိမ့်နေသော ရထားကြီးကို အမှီပြေးလိုက်နေရသည်။ ကိုယ့်ပါးစပ်ကလည်း အဆက်မပြတ် ပြောနေဆဲ။

“ဖေဖေ ဘယ်သွားမလို့လဲ၊ မသွားပါနဲ့၊ ပြန်ဆင်းခဲ့ပါ၊ ဖေဖေ သားကိုချစ်ရင်... "

“သား မလိုက်နဲ့လေ၊ သားလေး ရပ်လိုက်တော့”

ဖေဖေက ပြန်အော်သည်။ ရထားသည် တဖြည်းဖြည်း မြန်လာသည်။ ကိုယ်သည် ပို၍မြန်အောင် ပြေးရသည်။ မျက်ရည်တွေ ကျလာသောကြောင့် ဖေဖေ့ကို သေချာစွာ မမြင်ရ။ ရထားကြီးသည် ပို၍ မြန်လာသည်။ ကိုယ် အတင်း​ပြေးသည်။ သို့သော်လည်း မမှီတော့။ ဖေဖေထိုင်နေသော ပြတင်းပေါက်သည် ကိုယ့်ကို ကျော်တက်သွားသည်။ ဖေဖေသည် ပြတင်းပေါက်မှ ကိုယ်တစ်ခြမ်းထွက်ပြီး အော်နေသည်။ ကိုယ်မကြားရ
တော့။ အရမ်းမောလာသည်။ မျက်လုံးတွေ ပြာလာသည်။ ရှိသမျှအားကို ဖျစ်ညှစ်၍ ပြေးရင်း ကိုယ် တစ်အားကုန်းအော်လိုက်သည်။

"ဖေဖေ ကိုယ့်ကို မချစ်ဘူး”

မျက်လုံးထဲက ဝင်းခနဲ လက်သွားသည်။ ရင်ထဲက စူးခနဲ နာလာသည်။ ကိုယ့်တစ်ကိုယ်လုံး ချာလပတ် လည်သွား၏။ "ဟေ့လူ မဆင်းနဲ့ မဆင်းနဲ့ "ဆိုသော အသံတွေကို ကြားရသလား မသိ။ ကိုယ်မျက်လုံးကို ကြိုးစား၍ ဖွင့်ကြည့်သည်။ လူတစ်ယောက်သည် ရထားပေါ်မှ ခုန်ချလိုက်ပြီး ပလက်ဖောင်းပေါ်သို့ လိမ့်ထွက်သွားသည်။ ကိုယ် သတိလစ်သွား၏။

* * *

ကိုယ်သည် မျက်စိဖွင့်ကြည့်လိုက်သည်။ ချက်ချင်းမမြင်ရ။ ဝါးနေသည်။ ခေါင်းထဲကလည်း အရမ်းပူသည်။ တစ်ကိုယ်လုံးလည်း နာနေသည်။ တဖြည်းဖြည်းမှ မြင်လာရသည်။ ကိုယ့်ဘေးနားမှာ လူတွေ ဝိုင်းနေကြသည်။ ကိုယ် တစ်ယောက်စီ လိုက်ကြည့်သည်။ မေမေ၊ ဦးလေးမောင်မောင်ကြီး၊ အန်တီလူး၊ မိခိုင်၊ မိခိုင်တို့မေမေ။

“ဖေဖေရော”

“ရှိပါတယ်၊ ခေါင်းမှာ နည်းနည်းပေါက်သွားလို့ ဆေးရုံမှာ တင်ထားတယ်၊ ညီညီနေကောင်းရင် သွားကြည့်တာပေါ့"

အန်တီလူးက ပြောသည်။ ကိုယ်သည် သူတို့တစ်ယောက်စီရဲ့ မျက်နှာများကို ထပ်ကြည့်ပြန်သည်။ ကြည့်လိုက်တဲ့လူတိုင်းက ကိုယ့်ကို ပြုံးပြကြသည်။ သို့သော်လည်း သူတို့ပြုံးတာကို ကိုယ် မသင်္ကာဘူး။ မိခိုင်ကို လှမ်းကြည့်သည်။ သူ့မျက်နှာကို မမြင်လိုက်ရ။ မိခိုင်ရဲ့ မေမေက သူ့ကို ဆွဲခေါ်သွားသည်။

“ကဲ ညီညီ ပြန်အိပ်လိုက်ဦးကွာ၊ အားရှိသွားအောင်”

ဦးလေးမောင်မောင်ကြီးက ပြောသည်။ မေမေ့ကို လှမ်းကြည့်လိုက်သည်။ မေမေက မျက်နှာလွှဲသွားသည်။ နောက် သူတို့ ကိုယ့်နားက ထွက်သွားကြသည်။ ကိုယ်သည် ပြန်အိပ်လို့မရဘဲ အပေါက်ဝကို ကြည့်နေမိသည်။

မိခိုင်။

မိခိုင်သည် ကိုယ့်ဆီကို ပြေးလာသည်။ ခုတင်ဘေးမှာ ဒူးထောက်ထိုင်ချလိုက်သည်။ အိပ်ရာပေါ်မှာ မျက်နှာကို မှောက်ထားသည်။ သူပြော၏။

"နင့်ဖေဖေ၊ နင့်ဖေဖေ မရှိတော့ဘူး”

“ဟင်"

လှဲနေရာမှ အတင်းထလိုက်သည်။ ရင်ထဲက အရမ်းအောင့်တက်သွားသည်။ ကိုယ်ရင်တွေ အရမ်းတုန်နေသည်။ အိပ်ရာခင်းကို အတင်းဆုပ်ကိုင်ထားမိသည်။ ကိုယ်ဘာဖြစ်နေမှန်း ကိုယ့်ဘာသာ မသိ။ အိပ်ရာပေါ် မှာ မျက်နှာကို မှောက်ထားသော မိခိုင်ထံမှ ရှိုက်သံကို ကြားရမှ ကိုယ်သတိရသည်။ ကိုယ် ငိုချင်သည်။ ငိုလို့မရ။ ကိုယ် အရမ်းမောလာပြန်ပြီ။ ကိုယ့်ကိုယ်ကို ထိန်းထားလို့ မရ။ ထိုင်နေရာမှ လန်ကျသွားသည်။

“ညီညီ”

“သား”

“ညီညီ”

"သား..”

အသံတွေ အများကြီး။ လူတွေအများကြီး ကိုယ့်ဆီ ပြေးဝင်လာကြသည်။ ကိုယ့်ကို ပွေ့လိုက်ကြ၏။ အိပ်ရာခင်းကို ဆုပ်ထားသော လက်ကို အတင်းဆွဲဖြည်ကြသည်။ နောက် ကိုယ်ဘာမှမသိတော့။ တစ်ခုပဲ သိသည်။ကိုယ် ငိုနေသည်။ အသံလည်း မထွက်။ မျက်ရည်လည်း မကျ။ သို့သော်လည်း ကိုယ် ငိုနေသည်။ ကိုယ့်ငိုသံကို ကိုယ်တစ်ယောက်တည်းသာ ကြားရသည်။

* * *

ဖေဖေနှင့် မေမေသည် ဆေးရုံပေါ်မှာ စကားတွေ အများကြီး ပြောခဲ့ကြသည်တဲ့။ သို့သော်လည်း ကိုယ် မကြားလိုက်ရ။ မေမေက ဖေဖေ့နဖူးကို နမ်းသည်တဲ့။ ကိုယ် မမြင်ရ။

မေမေသည် ဖေဖေ့အသုဘကို လိုက်ပို့တော့ မငိုခဲ့ချေ။ သို့သော်လည်း ကိုယ် သိသည်။ မေမေသည်လည်း ကိုယ့်လိုပင် အသံလည်းမထွက်။ မျက်ရည်လည်း မကျဘဲ ငိုလိမ့်မည်။ မေမေ့ငိုသံကို ကိုယ်ကြားပါသည်။

မိခိုင်က သူ့အမေရင်ခွင်ထဲ တိုးဝင်၍ တရှုံ့ရှုံ့ ငိုနေသည်။ တင်အောင်ခိုင်နှင့် ဂျွန်ဆင်က ကိုယ့်လက်မောင်းကို ကိုင်ထားကြသည်။ ဖေဖေ့အလောင်းကို အုတ်ဂူထဲ ထည့်သောအခါကျမှ ကိုယ့်ရင်ထဲက တလိပ်လိပ် တက်လာသည်။

“ငိုချလိုက် ညီညီ၊ ငိုချလိုက်”

ကိုယ် မငို။ အံကြိတ်ထားသည်။

“ငိုလေ၊ ရင်ထဲမှာ ကြိတ်မခံနဲ့”

"ဖွင့်ငိုလိုက်၊ ငိုလေ၊ ငို.. ငို.. ငို...”

မရဘူး၊ ရင်ထဲက ဆို့နေသည်။ အသံမထွက်။ အသက်ရှူလို့လည်း မရ။ အုတ်ဂူကို ပိတ်နေကြပြီ။

“ဖေဖေ"

ကိုယ် ဒူးထောက်ထိုင်ချလိုက်သည်။ ဘာလုပ်မိမှန်း မသိ။ အုတ်ဂူနှင့် နဖူးကို ဆောင့်သည် ထင်၏။ လူတွေက ကိုယ့်ကို ဝိုင်းဆွဲသည်။ ကိုယ်အတင်းရုန်းသည်။ ကိုယ့်ကို ဝိုင်းချုပ်ထားကြသည်။ မေမေကို ဟိုဘက်မှာ လှမ်းမြင်နေရသည်။ ဦးလေးမောင်မောင်ကြီးနှင့် အန်တီလူးက တဖက်စီ တွဲထားသည်။ မေမေသည် အုတ်ဂူကို ငေးကြည့်နေသည်။ မေမေ့မျက်နှာ ပြာခနဲ ဖြစ်သွားသည်။ မြေကြီးပေါ်သို့ ပုံကျသွားသည်။ ကိုယ်လည်း......

ကိုယ်ရယ်၊ ဖေဖေရယ်၊ မေမေရယ် အုတ်ဂူထဲမှာ တူတူနေကြရပါပြီ။ ကိုယ်တို့မိသားစု ဓာတ်ပုံကလေးကို ဖေဖေ့ရင်ခွင်ထဲမှာ ထည့်ပေးလိုက်ပါတယ်။ ဖေဖေရေ ... နေရစ်ခဲ့ပေတော့။

* * *

"ကြာချည်ရန်၊ နာရီပြန် ဗဟိုငြိမ့်ပါပေါ့ မှေးမှိတ်လို့ စက်ပါသော် ရေးမှ မပျော်"

မေမေသည် ပြတင်းဘောင်ပေါ်တွင် လက်ထောက်၍ မေးတင်ရင်း သီချင်းဆိုသည်။ ကိုယ်သည် အိပ်ရာပေါ်တွင် လှဲနေရင်း မေမေသီချင်းဆိုသည်ကို နားထောင်နေ၏။ မေမေ့မျက်နှာသည် ရွှင်ရွှင်ပျပျ မရှိ။ မေမေ့ကို ကိုယ် သနားနေမိသည်။ မေမေ့အသံသည် လွမ်းစရာကောင်းနေပါသည်။

ခုတော့ဖြင့် မေမေ ဘာကို လွမ်းနေကြောင်း ကိုယ် သေသေချာချာ သိပါပြီ။ ကိုယ်သည်လည်း ဘာကြောင့် လှိုက်ခနဲ ဝမ်းနည်းသွားရကြောင်း သိပါပြီ။ ဘာပဲဖြစ်ဖြစ် ဒီအိမ်ကြီးမှာ မေမေရယ်၊ ကိုယ်ရယ် နှစ်ယောက်တည်း။

ဖေဖေဝယ်ပေးခဲ့သော စက်ဘီးကလေးသည် ဖေဖေနေခဲ့သော အခန်းထဲမှာ ဒီအတိုင်း။ ဒီစက်ဘီးကို ကိုယ် စီးလည်း မစီးချင်၊ စီးလည်း မစီးတတ်၊ ကိုယ့်ကို စက်ဘီးစီးသင်ပေးမယ့်လူလည်း မရှိပါ။

(ပြီး)
-----------------------
#မင်းလူ

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)