အများနှင့် မသက်ဆိုင်​သောသူ၊ အပိုင်း (၄)

ရွှေစင်ဦး မှ

အများနှင့် မသက်ဆိုင်သောသူ (မင်းလူ)
_____________________________

အပိုင်း(၄)

၁၃။

သဲသဲချစ်က ''ရူးရူးသိပ်မှ အိပ်မယ်'' ဟု ဆိုသဖြင့် ချစ်ဦးက ထမ်းပြီး ချော့သိပ်ရသည်။ သဲသဲချစ်က ဒီလိုပဲ၊ ရူးရူးသိပ်မှ အိပ်မယ်၊ ရူးရူးကျွေးမှ စားမယ်၊ ရူးရူး ရေချိုးပေး ဆိုတာမျိုး လုပ်တတ်သည်။ ချစ်ဦးကလည်း အမြဲတမ်း အလိုကျအောင် လုပ်ပေးတတ်သည်။ အချိန်အားရတဲ့ အခါတိုင်း သဲသဲနှင့် ကစားသည်။ ကစားနည်းတွေကတော့ မျိုးစုံပင် ဖြစ်၏။ သဲသဲသည် သုံးနှစ်ပြည့်တော့မည် ဖြစ်သဖြင့် စကားတွေလည်း တွတ်တီးတွတ်တာ ပြောတတ်နေပြီ။ ကစားနည်းတချို့ကိုလည်း တတ်နေပြီ။ ပုစွန်ဆီဆိတ်ဆိတ်တို့ ဘာတို့လောက်ကိုတောင် သိပ်မဆော့ချင်တော့။ တခြားအိမ်နီးချင်း ကလေးကြီးတွေ ကစားသလို လက်သုပ်ရောင်းတမ်း ဘာတွေ ကစားချင်သည်။

ထိုအခါ ချစ်ဦးက သစ်ရွက်တွေခူး၊ ဓားနှင့် ပါးပါးလှီးပေးပြီး အသုပ်ရောင်းတမ်း ကစားကြသည်။ ချစ်ဦးက ၀ယ်စားတယ်ဆိုပြီး စားဟန်ပြုသည်။ သဲသဲက တစ်ခါတလေ ...''တကယ်လည်း စားဘူး'' ဟု အလိုမကျဟန် ပြောလျှင် အရွက်တွေကို ပါးစပ်ထဲ တကယ်ထည့်၍ ဝါးပြသည်။ တချို့အရွက်တွေက ခါးသဖြင့် ရှုံ့ရှုံ့မဲ့မဲ့။ အစေးတွေ ပါသဖြင့် ပါးစပ်လောင်တာလည်း အခါခါ။ တစ်ခါတလေတော့ အိမ်နီးနားချင်းမိန်းမတွေလို ရန်ဖြစ်တမ်း ကစားကြသည်။ ချစ်ဦးက ''ညည်းကလည်း အေ့၊ ကျုပ်ကိုအေ့၊ ဒီလိုမပြောပါနဲ့အေ့'' ဟု ဟန်နှင့်ပန်နှင့် လုပ်ပြရသည်။ ထိုအခါ သဲသဲက ခါးလေး ထောက်ပြီး နှုတ်ခမ်းကို ထော်၍ ...''ဘာလဲအေ့ ... ဘာလဲအေ့'' ဟု ရန်တွေ့သလို လုပ်ပြတာ သိပ်ချစ်ဖို့ကောင်းသည်ဟု ချစ်ဦးက ဆို၏။ သဲသဲ သဘောအကျဆုံးကတော့ ချစ်ဦးကို ဆင်ကြီးလုပ်စီးရခြင်း ဖြစ်၏။ ချစ်ဦးကလည်း မမောနိုင်၊ မပန်းနိုင် အစီးခံသည်။ ဒီနေ့ ညဦးပိုင်းမှာလည်း တစ်ချိန်လုံး ကစားကြပြီးနောက် သဲသဲက ... အိပ်ချင်ပြီ၊ ရူး ရူး သိပ်ပါဆိုသဖြင့် ချစ်ဦးက ထမ်းပြီး ချော့သိပ်ရခြင်းဖြစ်၏။ အိပ်ပျော်သွားပြီဆိုမှ အိမ်ရှေ့ခန်းမှာခင်းထားသော ဖျာကလေးပေါ် ခဏချ သိပ်ထားရ၏။

မြလွင်က သဲသဲ၏အ၀တ်အစားတွေကို မီးပူတိုက်နေသည်။ ချစ်ဦးသည် မြလွင်၏ဘေးမှာ ၀င်ထိုင်လိုက်သည်။ ပြီးတော့ ဟိုအရင် မြလွင် ကိုယ်၀န်ရှိခါစတုန်းကလိုပင် ငေးကြည့်နေမိ၏။ မြလွင်လည်း သူ့အလုပ်နဲ့သူမို့ အမှတ်တမဲ့ပဲ။ အ၀တ်တွေ မီးပူတိုက်ပြီးတော့မှ ဘာစကားမှ မပြောဘဲ ဘေးမှာလာထိုင်နေသော ချစ်ဦးကို သတိပြုမိပြီး လှည့်ကြည့်သည်။

''ဟဲ့ ... ဘယ်လိုဖြစ်လို့ လူကို စိုက်ကြည့်နေတာလဲ''

ချစ်ဦးက ခေါင်းတညိတ်ညိတ်လုပ်ရင်း ...
''အင်း ... ဟိုလူတွေ ပြောတာလည်း မှန်တာပဲ''

''ဘာမှန်တာလဲ၊ ဘယ်သူတွေက ပြောတာလဲ''

''မမက ကလေးတစ်ယောက်မွေးပြီးမှ ပိုလှလာတယ်တဲ့''

''ဟယ် ... တောက်တီးတောက်တဲ့၊ ဟိုအရင်ကတည်းက ဒီရုပ်ပဲဟာ၊ ခုဆိုရင် အသက်ကြီးလာလို့ ပိုတောင် ရုပ်ဆိုးသွားရမှာပေါ့''

''မဟုတ်ဘူး မမရဲ့၊ သဲသဲ မွေးခါစတုန်းကတော့ ပိန်သွားတယ် မှန်တယ်။ ခုကျတော့ ဟိုအရင်ကထက်တောင် လှလာသေးတယ်''

မြလွင် မျက်မှောင်ကုတ်လိုက်၏။ ချစ်ဦး ခုလိုပြောလာတာ အကြောင်းတစ်ခုခု ရှိရမယ်ဟု တွေးမိ၏။ ထို့ကြောင့် ...
''မောင်လေး၊ မမကို မှန်မှန်ပြောစမ်း၊ သူများတွေက မင်းကို ဘာတွေပြောလိုက်ပြန်ပြီလဲ''

ချစ်ဦးက ကိုဘိုလေးပြောခဲ့တာတွေ ပြန်ပြောပြပြီး ...
''အဲဒါ ... ကိုကြီး မရှိတော့ မမကို ကျွန်တော်က ပိုင်တယ်တဲ့၊ ဒါကြောင့် ....''

''ဘာဖြစ်သတဲ့လဲ''

''ဒါကြောင့် မမကို ကျွန်တော်က ယူရမယ်တဲ့''

''ဟယ် ... ''

မြလွင် ရင်ဘက်ကို ဖိလိုက်ပြီး
''မင်း မမကို အဲဒီလို ပြစ်မှားရင် ငရဲကြီးလိမ့်မယ် သိလား''

''ကျွန်တော်လည်း အဲဒီလိုပဲ ထင်တာပါပဲ''

ချစ်ဦးသည် သူ့အပေါ် မရိုးမသားစိတ်မျိုးထားလိမ့်မည် မဟုတ်ကြောင်း မြလွင် ယုံကြည်သည်။ သို့ရာတွင် သူများတွေက ဘယ်လိုတွေ မြှောက်ပေးထားသလဲဆိုတာ အကုန်အစင် မသိရ။ ပြီးတော့ ချစ်ဦး၏ စဉ်းစားတွေးခေါ်ပုံက တစ်ခါတစ်ခါ ပုံမှန်မဟုတ်။
လုံး၀ စိတ်ချလက်ချရှိဖို့ ခက်နေပြန်သည်။ သူ့စိတ်ထဲမှာ ဘာတွေရှိနေသလဲဆိုတာ အကဲခတ်ကြည့်ဖို့တော့ လိုသည်ဟု မြလွင်တွေးမိ၏။ မြလွင်က ချစ်ဦးကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ ချစ်ဦးက မျက်လုံးလေးကလယ်ကလယ် လုပ်ရင်း ပါးစပ်ကလေး ဟပြီး ပြန်ကြည့်နေသည်။ မြလွင်က မေးလိုက်သည်။

''မောင်လေးကို မမ တစ်ခုမေးမယ်၊ မှန်မှန်ဖြေမလား''

ချစ်ဦးက ခေါင်းညိတ်ပြပြီး ...
''မမကို တစ်ခါတလေ ကျွန်တော် ညာခဲ့ဖူးပေမယ့် ဒီတစ်ခါတော့ မှန်မှန်ဖြေပါ့မယ်''

ချစ်ဦးက ကတိပေးသည်။

''ကောင်းပြီ၊ မောင်လေးရင်ထဲမှာ ရှိတဲ့အတိုင်း ဖြေရမယ်နော်၊ မောင်လေးရဲ့စိတ်ထဲမှာ မမကို ဘယ်လို သဘောထားနေသလဲ''

ချစ်ဦးက လက်ညှိုးကို ကိုက်ရင်း တစ်အောင့်လောက်ကြာအောင် စဉ်းစားနေသည်။ ပြီးမှ ...
''ကျွန်တော် အမှန်တိုင်းပြောရင် မမ စိတ်မဆိုးရဘူးနော်''

''မဆိုးဘူး၊ ညာရင်သာ စိတ်ဆိုးမှာ''

ချစ်ဦး က ခေါင်းငုံလိုက်ပြီး လေသံတိမ်တိမ်ဖြင့် ...
''ကျွန်တော် မမကို အမေလို သဘောထားတယ်''

မြလွင် ရင်ထဲက လှိုက်ခနဲ ဖြစ်သွား၏။ ချစ်ဦး၏လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး ...
''မောင်လေးရယ်၊ မင်းက မမထင်တာထက်တောင် ပိုပြီး ရိုးသားသန့်စင်နေပါလားကွယ်''

ချစ်ဦးက မြလွင်ကို မော့ကြည့်သည်။ သူ့မျက်လုံးများသည် အရည်လဲ့ပြီး စိုစွတ်နေကြ၏။ ချစ်ဦးက ...
''မမကိုလည်း ကျွန်တော် တစ်ခု မေးချင်တယ်''

''မေးလေ၊ မောင်လေး''

''ကျွန်တော်က သဲသဲကို ကျွန်တော့်သမီးအရင်းလို သဘောထားရင်ကော ငရဲကြီးမှာလားဟင်''

မြလွင် မနေနိုင်ဘူး။ ချစ်ဦး၏ခေါင်းကို သိမ်းဖက်ထားလိုက်ရင်း....
''ငရဲမကြီးပါဘူး မောင်လေးရယ်၊ မင်းက ဘယ်တော့မှ ငရဲကြီးမယ့်ကလေးမဟုတ်ပါဘူး''

ချစ်ဦးသည် မြလွင်၏ပခုံးပေါ်မှာ ခေါင်းမှီရင်း ငြိမ်နေသည်။ မြလွင်၏ကိုယ်သည် နွေးထွေးနေသည်။ ချစ်ဦး စိတ်ထဲက ကလေးဘဝကို ပြန်ရောက်သွားသလို ခံစားလိုက်ရ၏။

၁၄။

ဒေါ်ငွေဇံကတော့ ဒီလိုမယူဆပါ။ ထိုနေ့က သူသည် ထမင်းအစားများပြီး ဗိုက်လေးလာသဖြင့် အစောကြီး အိပ်ပျော်သွားခဲ့သည်။ တစ်ရေးနိုးလို့ ရေထသောက်ဖို့ ထွက်အလာ အိမ်ရှေ့ခန်းက စကားပြောသံကြားရသည်။ ထို့ကြောင့် အသာချောင်းကြည့်လိုက်သောအခါ...သူ တုန်လှုပ်ချောက်ချားသွား၏။ မြလွင်က ချစ်ဦးကို ဖတ်ထားသည်။ ချစ်ဦးကလည်း မြလွင်ပခုံးပေါ်မှာ မှေးလို့ပါလား။

''ညည်းတို့က ဒီလိုဖြစ်နေကြပြီပေါ့လေ''ဟု နောက်နေ့မနက်မှာ မြလွင်ကို ကျိတ်ပြီးမေးသည်။

''မဟုတ်တာ အမေရယ်''

''ဘာမဟုတ်ရမှာလဲ၊ ငါ့မျက်စိနဲ့ တပ်အပ်မြင်တာ၊ အဲဒီတုန်းကတည်းက ပါးနားပိတ်ရိုက်လိုက်ချင်တာ၊ လက်ကို ယားနေတာပဲ၊ ကလေးလန့်နိုးသွားမှာစိုးလို့ အောင့်ထားလိုက်ရတာ၊ ညည်းနှယ်အေ၊ ကိုယ့်ရုပ်ကိုယ့်ရည်ကလေး နဲ့ ကြိုက်စရာလူရှားလို့ ဒီအရူးကိုမှ''

''အို ... အမေ၊ ဘာတွေလျှောက်ပြောနေတာလဲ၊ ကျွန်မတို့က အမေထင်သလို မဟုတ်ပါဘူး၊ ဘာမှလည်း မဖြစ်ဘူး၊ မောင်နှမအရင်းလို သဘောထားကြတာ''

''ဒါလား၊ မောင်နှမအရင်းလို''

''ခက်ပါလား၊ အမေရယ်..... အမှန်က ....''

ဆိုပြီး မနေ့ညက ချစ်ဦးပြောပြသည့် အကြောင်းတွေကို  ပြန်ရှင်းပြလိုက်သည်။ မြလွင် ညာမပြောတတ်မှန်း သိသဖြင့် မယုံလို့မဖြစ်၊ သို့ရာတွင် ချစ်ဦးကိုတော့ စိတ်ချလက်ချထားလို့မဖြစ်ဘူး၊ သူက သိပ်ဦးနှောက်မှန်တာမဟုတ်။ စိတ်ရူးပေါက်ရာ ထလုပ်တတ်သည်။ သူများတွေ မြောက်ပေးတဲ့အတိုင်း တစ်ချိန်မဟုတ်တစ်ချိန် ပြဿနာရှာနိုင်သည်။ ဒီကိစ္စကို စောစောစီးစီး ကြိုတင်ကာကွယ်တားဆီးရမည်။ အဓိကအချက်က တစ်အိမ်တည်း အတူတူရှိသောကိစ္စ၊ ဒါကို အရင်ရှင်းရမည်။ ချစ်ဦးကို မြလွင်နှင့် တတ်နိုင်သမျှ အနေဝေးအောင် လုပ်ရမည်။

ထို့ကြောင့်.....''ညည်းတို့ အနေအထိုင် မဆင်ခြင်လို့ လူတွေက ပြောကုန်ကြပြီ''ဟု မြလွင်ကို အပြစ်တင်သည်။

''ဘာတွေပြောကြလို့လဲ အမေရဲ့''

''ဘာရှိရမလဲ၊ နင်နဲ့ ဟိ်ုအရူးနဲ့ ဖြစ်နေကြပြီလို့ ပြောနေကြတာပေါ့''

ထိုစကားမှာ လူတွေက တကယ်ပြောတာ ဖြစ်ချင်လည်း ဖြစ်မည်။ ဒေါ်ငွေဇံက လုပ်ကြံပြောတာလည်း ဖြစ်နိုင်၏။ တကယ်ပြောနေကြတယ်ဆိုလျှင်တောင် ဒါမျိုးကို ကြံဖန်ပြီး အတင်းအဖျင်း ပြောတတ်သူ တစ်ယောက်စ နှစ်ယောက်စသာ ဖြစ်မည်။ အများစုကတော့ မြလွင်၏သိက္ခာရှိမှုကို ထိပါးကြမှာမဟုတ်။

''ဘယ်သူ တွေ ဘာပြောပြောပေါ့ အမေရယ်၊ ကိုယ်မဟုတ်ရင် ပြီးတာပဲ၊ လူတွေကလည်း ယုံကြမှာ မဟုတ်ပါဘူး''

''နင် မရှက်ပေမယ့် ငါတော့ရှက်တယ်၊ ဘာပဲဖြစ်ဖြစ်အေ ဒီကောင့်ကို အိမ်မှာ ဆက်ထားလို့ မဖြစ်တော့ဘူး''

''ဟင်... အိမ်မှာမထားလို့ နှင်ထုတ်ရမှာလား၊ ဘယ်ဖြစ်မလဲ၊ အစ်ကိုချစ်မှူးက မောင်လေးကို ကျွန်မလက်ထဲ အပ်သွားတာ၊ ပြီးတော့ ဒီအိမ်ကလည်း သူတို့ညီအစ်ကိုပိုင်တဲ့အိမ်ပဲ''

''နှင်ထုတ်ဖို့ ပြောတာမဟုတ်ပါဘူးဟဲ့၊ သူကို အိမ်ဘေးက ကွက်လပ်မှာ တဲကလေးတစ်လုံး ထိုးပြီး သပ်သပ်နေခိုင်းဖို့ ပြောတာ''

''အဲဒီလိုဆိုရင်လည်း လူတွေက ကျွန်မတို့ မတရားလုပ်တယ်လို့ ပြောကြမှာပဲ၊ အဲဒီလို အပြောခံရတာ ဟိုကိစ္စ စွပ်စွဲခံရတာထက်တောင် ပိုပြီး ရှက်ဖို့ကောင်းသေးတယ်''

ချစ်ဦးကို အိမ်က ပထုတ်ချင်သောကိစ္စမှာ မြလွင်နှင့် ဖြစ်သွားမှာစိုးသော အကြောင်းတစ်ခုတည်းကြောင့် မဟုတ်၊ နောက်တစ်ခုရှိသေးသည်။ သူတို့ရပ်ကွက်အနေအထားက ဂရန်ပိုင်မဟုတ်သည့်တိုင် ကျူးကျော်စစ်စစ်ကြီးလည်းမဟုတ်၊ ဟိုတစ်ချိန်က မြို့နယ်၏အစီအစဉ်ဖြင့် နေရာချပေးထားသော နေရာဖြစ်၏။ ကျူးကျော်တွေတောင် အထိုက်အလျောက် ခံစားခွင့်ရှိသေးတာ သူတို့က ပိုလို့တောင် ရသင့်သေးသည်။

ဟိုအရင်က ဒီအိမ်မှာ ချစ်မှူးတို့မိဘများအိမ်ဖြစ်သောကြောင့် ချစ်ဦးနှင့်လည်း သက်ဆိုင်နေသေးသည်။ ဒေါ်ငွေဇံ၏စိတ်ကူးက ချစ်ဦးကို အိမ်ခွဲနေခိုင်းပြီးလျှင် အိမ်ထောင်စုစာရင်း (သန်းခေါင်စာရင်း)ကိုပါ ခွဲထုတ်ပစ်လိုက်မည်။ တကယ်လို့ အိမ်ရာစီမံကိန်းတွေ ဘာတွေလုပ်လို့ ခံစားခွင့်ပြန်ရလျှင် ချစ်ဦးနှင့် မဆိုင်တော့။ ကံကောင်းလို့များ တဲကလေးအတွက်ပါရမယ်ဆိုလျှင် ပိုတောင် အဆင်ပြေသွားဦးမည်။ သို့ရာတွင် ချစ်ဦးကို ပထုတ်ဖို့ကိစ္စကို မြလွင် သဘောမတူသဖြင့် လုပ်ချင်တိုင်း လုပ်လို့မရဘဲ ဖြစ်နေ၏။ ချစ်ဦးကလည်း မြလွင်က မဖယ်ခိုင်းဘဲနဲ့တော့ သွားမှာမဟုတ်။ ထိုအခါ ဒေါ်ငွေဇံဘက်က တစ်မျိုး ဖိအားပေးလာပြန်သည်။

"ငါတော့ အိပ်ရေးပျက်ပြီး သေတော့မှာပဲ၊ ညညဆိုရင် စိတ်ဖြောင့်ဖြောင့်နဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ရတယ်လို့မရှိဘူး။ ဟိုအရူးကို စိတ်မချလို့ အမြဲသတိထားနေရတယ်၊ ဘယ့်နှယ်တော်....သူခိုးမကြောက်ရဘူး၊ အိမ်ကလူကို ပြန်ကြောက်နေရတယ်၊ ကောင်းကြသေးရဲ့လား" ဟု မကြာခဏပြောနေသည်။ တစ်ခါတလေ ချစ်ဦးရှေ့မှာပင် ပြောတတ်သဖြင့်...... အဒေါ်ကြီးက အိမ်ကလူ ဘယ်သူ့ ကြောက်နေရလို့လဲ" ဟုချစ်ဦးကမေးသည်။
   
" ဘယ်သူရှိရမှာလဲ၊ နင့်ကိုပေါ့ "
   
"ဟာဗျာ၊ ကျွန်တော့်ကို ဘာလို့ကြောက်ရမှာလဲ၊ စိတ်ချပါဗျ၊ ကျွန်တော်က အဒေါ်ကြီးကို လက်ဖျားနဲ့တောင် မတို့ပါဘူး"
  
ချစ်ဦးက ဘာရယ်မဟုတ်။ စိတ်ကူးပေါက်ရာ ပြောချလိုက်ခြင်းဖြစ်၏။ ဒေါ်ငွေဇံမှာ ဆတ်ဆတ်ခါ သွားပြီး.....
" တယ်လေ..ငါပြောလိုက်ရ အဆီတစ်ထပ်၊ အသားတစ်ထပ် ဖြစ်သွားတော့မယ်"
  
တကယ်ဆိုလျှင် ဒီလိုကိစ္စမျိုးဆိုတာ မိန်းကလေးကိုယ်တိုင်က အလိုတူဖို့လည်း လိုသေးသည်။ သူပြောပုံအရ မြလွင်ကိုပါ စိတ်မချသည့်သဘော ဆောင်နေ၏။ မြလွင်ကတော့ သူ့အမေအကြောင်း သိသဖြင့်် ဘာမှပြန်မပြောတော့။ ဘာမှအရေးမကြီးသလို လျစ်လျူရှုထားလိုက်သည်။

ထိုအခါ ဒေါ်ငွေဇံက "မယ်လိုဒီ"တစ်မျိုးပြောင်းလာပြန်၏။ မြလွင်ကတစ်ဆင့် မပြောတော့ဘဲ ချစ်ဦးကို သူကိုယ်တိုင် တိုက်ရိုက်ဖွင့်ပြောခြင်းပင်ဖြစ်၏။ ပြောပုံက ပညာသားပါသည်။ ချစ်ဦးကိုယ်တိုင် လိုလိုလားလား ဖြစ်ရအောင်......"ချစ်ရူးရယ်၊ ညညကျရင် မင်းရဲ့ဟောက်သံက တော်တော်ပြင်းတာပဲကိုး"ဟု စကားစသည်။

ချစ်ဦးက...."ဟုတ်ရဲ့လား အဒေါ်ကြီးရာ၊ ကျွန်တော့်ဘာသာတောင် ဘာမှမကြားဘဲနဲ့"

"ဟဲ....ဟောက်တယ်ဆို ကာယကံရှင်က ကြားရတာမျိုးမဟုတ်ဘူး၊ ဘေးလူကသာ နားမခံနိုင်တာ"

"သြော်...ဟုတ်မယ်၊ ဟုတ်မယ်၊ ကင်းတဲမှာ ကိုဘိုလေး အိပ်ရင်လည်း  ဒီအတိုင်းဘဲ"

''အေးပေါ့၊ ဒါတွင်မကဘူး၊ မင်းက ထထပြီး ယောင်တတ်သေးတယ်''

''ယောင်တယ် ဟုတ်လား၊ ဘယ်လိုယောင်တာလဲ''

ဒေါ်ငွေဇံ ရုတ်တရက် ဖြေရခက်သွား၏။ ပြီးမှ ...
''ဘာတွေမှန်း မသိပါဘူး၊ ဗလုံးဗထွေးနဲ့ အော်တာပဲ၊ အသံကလည်း တော်တော်ကျယ်တယ်၊ အဲဒါ ... မင်းတူမက လန့်နိုးပြီး ငိုပါလေရော''

''ဟင် ... သဲသဲက''

ဟုတ်တယ်၊ ပြီးတော့ ကြောက်တယ်၊ ကြောက်တယ်နဲ့၊ ဘယ်လိုမှ ချော့လို့ မရဘူး၊ တက်သွား ချက်သွားမလားတောင် အောက်မေ့ရတယ်''

''ဟင် ဒါဆိုရင်တော့ မဖြစ်ဘူး၊ ဘယ်လိုလုပ်ရ ကောင်းမလဲ''

ချစ်ဦးကို အညှာကိုင်မိပြီဖြစ်ကြောင်း ဒေါ်ငွေဇံ သိသည်။ ထို့ကြောင့် ...
''ကိုယ့်ဘာသာ မဖြစ်အောင် ထိန်းပေါ့''

''ဟာဗျာ၊ ဒါတော့ အာမမခံနိုင်ဘူး၊ အိပ်နေရင်းနဲ့ သူ့ဟာသူဖြစ်တာ ဘယ်တတ်နိုင်မလဲ ... အင်း''

ချစ်ဦးက စဉ်းစားနေသည်။ သူ့ဆီက ပေါက်ကရ အကြံအစည်တစ်ခုခု ထွက်လာလျှင် ခက်မည်။ ဒီတော့ ...
''ငါ စဉ်းစားမိတာ တစ်ခုတော့ ရှိတယ်။ အိမ်ဘေးကွက်လပ်မှာ တဲကလေးတစ်လုံး ထိုးပြီး မင်းတစ်ယောက်တည်း ခွဲနေရင် ကောင်းမလားလို့''

''ဟာ ... ကောင်းတယ်ဗျ၊ ကောင်းတယ်''

''မင်းလည်း လွတ်လွတ်လပ်လပ် နေချင်သလို နေလို့ရတာပေါ့''

''ဟုတ်တယ်၊ အခု ကျွန်တော်က အိမ်ရှေ့ခန်းမှာ  အိပ်တာဆိုတော့ အစောကြီး မထလို့ မရဘူး၊ ပြီးတော့ ကျွန်တော်က အိပ်ရင် ဖင်တွေဘာတွေ ပေါ်တတ်လို့ အမြဲသတိထားနေရတာ၊ ကျွန်တော့်ဘာသာ တစ်ယောက်တည်း နေရရင် ကြိုက်သလို အိပ်လို့ ရပြီ၊ ကောင်းတယ်ဗျာ''

သဲသဲကို အကြောင်းပြလိုက်လျှင် ချစ်ဦး ပျာပျာသလဲ ဖြစ်သွားမှာပဲဟု ဒေါ်ငွေဇံ တွက်ခဲ့တာ မှန်သွားသည်။ အိပ်ခွဲနေဖို့ကိစ္စကို ချစ်င်္ဦးက ထင်ထားတာထက်တောင် ပိုပြီး လွယ်လွယ်ကူကူ လက်ခံခဲ့သည်။ မြလွင်ကတော့ သူ့အမေ လူလည်ကျပုံကြောင့် ကျိတ်ပြီး သက်ပြင်းသာချမိ၏။

၁၅။

ကာရာအိုကေဆိုင်တွေရှိတာ ကောင်းလည်းကောင်းသည်။ မကောင်းလည်း မကောင်းဘူး။ ကောင်းချက်ကတော့ ...လူငယ်တွေအတွက် ထွက်ပေါက်တစ်ခု ရသွားခြင်းပင် ဖြစ်၏။ ဟိုအရင်က သီချင်းဆိုချင်လျှင် ရေချိုးရင်း ဆိုချင်ဆို၊ ညကျမှ လမ်းလျှောက်ရင် ဟစ်ချင်ဟစ်၊ လမ်းထိပ်အုတ်ခုံမှာ ထိုင်ပြီး ဂစ်တာတီးရင်း ဟဲချင် ဟဲရသည်။ ကိုယ့်အသံက သိပ်မကောင်းလျှင် သူများမကြားအောင် တိုးတိုးညည်းရသည်။ အိမ်နေရင်း သီချင်းအော်ဆိုလျှင် လူကြီးတွေက နားပူလို့ဆိုပြီး ဆူတာ ခံရသေးသည်။ မိုက်ကရိုဖုန်းနှင့် ဆောင်းဗောက်နှင့် ဆိုခွင့်ရဖို့ဆိုတာ သိပ်လွယ်တာ မဟုတ်။ အလှူမှာ အသံချဲ့စက် ပါလာလို့ စက်ဆရာကို စီးကရက်တိုက်ပြီး ''ဟဲလို တက် စတင်း'' ၀င်အော်ခွင့်ရတာလောက်ကို ဟုတ်လှပြီ ထင်ခဲ့ရတာလေ။

အရပ်တီးဝိုင်းအဖွဲ့မှာ ဒုံမင်း၊ မယ်ဒလင်၊ မြန်မာဂီတာတွေနဲ့ ဆိုကြတီးကြတဲ့ လူတွေဆို စတားပဲပေ့ါ။ တန်ဆောင်တိုင်တို့ လွတ်လပ်ရေးပွဲတို့မှာ ကျင်းပတတ်တဲ့ အဆိုပြိုင်ပွဲတွေမှာ တော်ရုံလူ ၀င်မပြိုင်ရဲကြ။ တချို့လည်း သူများတွေ မြှောက်ပေးလို့ စင်ပေါ်တက်လာမိသည်။ တကယ်လည်းဆိုလိုက်ရော ဒူးတွေ တုန်၊ အသံတွေတုန်လာပြီး အရင်က တစ်ရေးနိုးထဆိုလို့တောင်ရတဲ့ သီချင်းကို တစ်၀က်တစ်ပျက်နဲ့ မေ့ပြီး စင်ပေါ်ကနေ ရှက်ကိုးရှက်ကန်း ပြေးဆင်းခဲ့ရတာမျိုး ကြုံခဲ့ရသည်။

ခုကျတော့ ဒီလိုမဟုတ်တော့။ မိုက်ကရိုဖုန်းဆိုတာ ရှေ့တည့်တည့်ကနေ မျက်နှာကို လောင်ချာနဲ့ တေ့ချိန်ထားသလို ကြောက်စရာကြီး မဟုတ်တော့။ ကလေးတွေတောင် မိုက်ကရိုဖုန်းနဲ့ ငိုသံစမ်းလို့ ရနေပြီ။ ကာရာအိုကေခေတ်ရောက်လာပြီကိုး။
ရပ်ကွက်တစ်ခုမှာ ကောင်စီရုံးခန်းတစ်ခု ရှိရသလို အနည်းဆုံး လက်ဖက်ရည်ဆိုင်တစ်ဆိုင်၊ ဆေးခန်းတစ်ခန်း၊ ဘီအီးဆိုင်တစ်ဆိုင်၊ ဘီလိယက်ခုံတစ်ခုံ၊ ဗီဒီယိုရုံနှင့်အတူ ကာရာအိုကေခန်းတစ်ခန်းတော့ ရှိမှ ခေတ်မီဖွံ့ဖြိုးတိုးတတ်သော ရပ်ကွက်ဟု ခေါ်ဆိုနိုင်သည်။ လူငယ်များအနေဖြင့် ကိုယ့်အသံကို စမ်းသပ်လိုလျှင် တစ်ပုဒ်ငါးဆယ်ပေးပြီး ဆိုလို့ရပြီ။ ရည်းစားနဲ့ ကွဲလာတဲ့ကောင်ကလည်း နာစရာကို အရက်နဲ့ဖြေစရာမလို။ ကာရာအိုကေခန်း၀င်ပြီး ''ငါ မင်းကို သတ်ချင်တယ်'' ဟု ဟစ်လိုက်ရုံပဲ။

လူငယ်တွေအတွက်သာ မဟုတ်။ အဆို၀ါသနာရှင် လူလတ်တွေ လူကြီးတွေအတွက်လည်း အဆင်ပြေသည်။ အသက်ကလေး နည်းနည်းရလာတော့ နေရာတကာတိုင်းမှာ ဆိုလို့ မသင့်လျော်တော့။ အိမ်မှာ အိမ်ထောင်ဦးစီးဖြစ်နေပြီ။ သားတွေ သမီးတွေလည်း ရှိနေပြီ။ သူတို့ရှေ့မှာ ''ချစ်သူရှိရာ ... ဒီဌာနဆီသို့'' ဆိုတာမျိုး လုပ်လျှင် ကလေးတွေ ပြုံးစေ့စေ့ ဖြစ်ကုန်ကြမည်။ ကာရာအိုကေဆိုင်မှာဆိုလျှင် ဘယ်သူကမှ ကဲ့ရဲ့မှာမဟုတ်။ ပြီးတော့ ... ကိုယ်က ဌာနဆိုင်ရာလူကြီး၊ ရပ်ကွက်ထဲမှာလည်း သာရေးနာရေးအဖွဲ့၀င်၊ အားလုံးက ရိုသေလေးစားကြရတာ။ ဒီလိုပုဂ္ဂိုလ်မျိုးက အိမ်ရှေ့က သစ်ပင်အောက်မှာ ထိုင်ပြီး ''အချစ်ကို ဘယ်လိုပြောရမယ်'' ဆိုတာမျိုး လုပ်လို့မရ။

ဒီတော့ ဘာလုပ်မလဲ။ ကာရာအိုကေဘားဆီ သွားပေါ့။ ယမကာလေးနဲ့ ရဲဆေးတင်ပြီးရင် ဆိုပေတော့။ ဟိုမှာကျတော့ ဘယ်သူ့ဘယ်သူ့မှ ရှက်နေစရာမလို။ ''အက်တိကက်'' တွေ ဘာတွေလည်း မလို။ အားလုံး သူလို ကိုယ်လိုချည်းပဲ၊ ကြည့်လေ။

''ဆုံးရှုံးခြင်းသာ ရင်မှာ ပိုက်လို့ ငိုရှိုက်ကာ အဝေး ပြေးရပါတော့မည်'' လို့ ခံစားချက်ကို ဖွင့်ဟသီဆိုနေတာ ဗဟိုတရားရုံးရှေ့နေပေါ့။ အရာရှိကြီးတစ်ယောက်ကတော့ ''ပေးကားပေး၏ မရသည်ပမာ'' တဲ့။ ပြီးတော့ ''လကွယ်ညသန်းခေါင်ယံအလယ်မှာ မဟူရာကျောက်ရိုင်းတစ်လုံးကို လူတကာ ကောက်ခိုင်းဦးတော့၊ ရှာလို့ တွေ့ချင်တွေ့ပါလိမ့်မယ်'' ဆိုတဲ့ သူကတော့ မျက်စိအထူးကုဆရာ၀န်လေ။ အမယ် ဒါ ဘာဟုတ်သေးလို့လဲ။ နိုင်ငံကျော်စာရေးဆရာကြီး တစ်ယောက်ကလည်း ဆိုင်က အဆိုတော် ကောင်မလေးနဲ့ တွဲပြီး ... ''အချစ်ဦးရေ၊ သောကဟူသမျှ အတူတကွ၊ မျှခံစားဝေ အသည်းနှလုံးက ဒီလောက်ချစ်ကြ'' ဆိုတာမျိုး လုပ်သေးတာကော။

တချို့ကတော့ ဒါကို လူကြီးပေါနည်းတစ်မျိုးဟု အမနာပြောချင်ကြသည်။ စိတ်ပညာရှင်ကြီး ''ဖရိုက်''က လူတို့တွင် ''လီဘီဒို'' ဟုခေါ်သော စိတ်ရိုင်းကြီးသည် အမြဲကိန်းအောင်နေတတ်သည်။ လူ့ကျင့်၀တ်တွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ ဥပဒေတွေနဲ့ ထိန်းချုပ်ထားလို့သာ ငုပ်လျှိုးနေခြင်း ဖြစ်၏။ အခွင့်သာတဲ့ အခါတိုင်း ထိုစိတ်ရိုင်ကြီးက လှစ်ခနဲ လှစ်ခနဲ ခေါင်းထောင်လာတတ်သည်ဟု ဆို၏။ လီဘီဒိုခေါ် စိတ်ရိုင်းတော့မသိ။ ''ပေါစိတ်'' ကတော့ လူတိုင်းမှာ ရှိနေတာ သေချာသည်။ ဂုဏ်သိက္ခာတွေ ထိန်းသိမ်းနေရလို့သာ အောင့်ထားရတာ။ တစ်ကိုယ်တည်း လွတ်လွတ်လပ်လပ် ရှိတဲ့အခါမျိုးမှာ တစ်ကြိမ်မဟုတ်တစ်ကြိမ် တစ်နည်းမဟုတ် တစ်နည်းတော့ ပေါဖူးတဲ့လူတွေချည်း ဖြစ်မှာပါ။ (အနည်းဆုံး ကိုယ့်ရုပ်ကိုယ် မှန်ထဲကြည့်ပြီး ပြုံးပြမိတာမျိုးတော့ ရှိလိမ့်မည်။)

ဟိုအရင်ကဆိုလျှင် တစ်နှစ်လုံး အောင့်အီးနေခဲ့ကြရပြီး သင်္ကြန်တွင်းကျမှသာ တရား၀င်ပေါခွင့် ရကြသည်။ ခုတော့ ကာရာအိုကေဘားတွေ ပေါ်လာပြီဖြစ်သဖြင့် ပိုက်ဆံများ ရှိလို့ကတော့ ညစဉ်ညတိုင်းတောင် ပေါခွင့်ရကြပေပြီ။ တကယ်တော့ ပေါတယ်ဆိုတာ အပြစ်ကျူးလွန်းခြင်းထက်စာလျှင် ပွင့်ပွင့်လင်းလင်း ပေါတာက ပိုပြီး ဂုဏ်ရှိပါသေးသည်။ စိတ်ဆိုတာက သိပ်ပြီး ချုပ်တည်းရလွန်းလျှင် ဖိစီးမှုများလာတတ်၏။ တစ်ခါတစ်လေ ထွက်ပေါက်ကလေး ပေးပါမှ သက်သာရာရလိမ့်မည်။
ဒါတွေကတော့ ကာရာအိုကေရဲ့ ကောင်းချက်၊ အားသာချက်တွေပေါ့။

မကောင်းတာကတော့ ဘေးပတ်၀န်းကျင်တွေ နားမခံသာခြင်းပင် ဖြစ်၏။ စည်းကမ်းအတိုင်းဆိုလျှင်တော့ ကာရာအိုကေခန်းများသည် ဘေးပတ်၀န်းကျင်ကို ထိခိုက်အောင် အသံကျယ်လောင်စွာ မဖွင့်ရ။ အခန်းကိုလည်း အသံလုံအောင် ပြုလုပ်ထားရမည်။ သို့ရာတွင် အများစုကတော့ ဝိနည်းလွတ်အောင် အခန်း၏၀င်ပေါက်ဘက်မှာ မှန်ကာထားတာလောက်သာ ရှိ၏။ ကျန်သုံးဖက်ကတော့ ထုံးစံအတိုင်းပါ။ ဆိုတဲ့လူတွေကလည်း ကိုယ့်ဘာသာကြားနိုင်ရုံလောက်နှင့် အားမရ။ တစ်ပုဒ်ငါးဆယ်တောင် ပေးဆိုရတာ ဆိုတော့ ကိုယ့်အသံကို ဘေးလူတွေပါ ကြားမှ တန်မှာပေါ့ဟု တွက်ပြီး အသားကုန်အော်ကြသည်။ ကာရာအိုကေဘားတွေမှာ မွေးနေ့ပွဲတို့၊ နှစ်သစ်ကူးပွဲလုပ်လျှင် ပိုဆိုးသည်။ တစ်ယောက်ပြီးတစ်ယောက် တက်ဟဲနေကြတာ သန်းခေါင်ကျော်လို့ လင်းအားကြီးထိ မပြီးနိုင်။ မွေးနေ့ရှင်က အဆိုဝါသနာအိုးဆိုလျှင်တော့ သူ့ကိုချည်း ပွဲတောင်းပေးရသည်။ သူကလည်း မိုက်ကရိုဖုန်းကို လက်က မချတော့။ ဒီလိုဆိုချင်လို့ပဲ ငွေကုန်ကြေးကျခံပြီး မွေးနေ့ပွဲလုပ်တာ မဟုတ်လား။
ဒီလိုနဲ့ တစ်ပုဒ်ပြီးတစ်ပုဒ် ဆိုလိုက်တာ အသံတွေ အက်ကွဲကုန်တာတောင် ဂရုမစိုက်တော့။ တစ်ပုဒ်ဆိုလိုက် တစ်ခွက်မော့လိုက်နဲ့ နောက်ဆုံးစာသားတွေလည်း မပီသတော့။ သံစဉ်တွေလည်း မမှန်တော့။ မူးကလည်း မူးနေတော့ ၀မ်းခေါင်းသံကြီးနှင့် ညှစ်ညှစ်ပြီး အော်လိုက်တာ ၀က်သတ်ရုံနားမှာ သွားနေတာကမှ သာယာနာပျော်ဖွယ် ရှိလိမ့်ဦးမည်။

ဒီကြားထဲ သူ့ခံစားချက်တွေကို စင်ပေါ်ကနေ ပြောနေသေးသည်။ ဒီတော့ အနီးအနားမှာ နေတဲ့လူတွေအဖို့ နေ့ဘက်ကျတော့လည်း အလှူခံမဏ္ဍပ်က အော်၊ ညဘက်ကျတော့လည်း ကာရာအိုကေက ဆော်တာနဲ့ပဲ နားတွေအူ၊ ခေါင်းတွေကိုက်၊ သွေးတွေတက်၊ လူမမာတွေလည်း ရောဂါတွေတိုးပေါ့။ ဘာပဲဖြစ်ဖြစ် ကာရာအိုကေယဉ်ကျေးမှုကတော့ တောထဲတောင်ထဲထိတောင် ပျံ့နှံ့နေပြီ။

ချစ်ဦးတို့ရပ်ကွက်ထဲက ကာရာအိုကေခန်းကတော့ ရှေ့ပိုင်းမျက်နှာစာတစ်၀က်ကို မှန်ကာပေးထားပြီး ဘေးပတ်လည်က ဝါးထရံသာ ဖြစ်၏။ တီဗွီက ၀မ်းတင်းခေါ် ဒိုခေါ် ၁၁၀ ဗို့သုံးစက် ဖြစ်၏။ ဗီစီဒီကတော့ တရုတ်ပြည်ဖြစ်ကို သုံးထားသည်။ ဆောင်းဘောက အလတ်စားနှစ်လုံး တပ်ပေးထားသည်။ လူငယ်တွေ လာဆိုကြတာ များသည်။ လူလတ်ပိုင်းတွေလည်း လာကြသည်။ လူငယ်တွေက ဇော်၀င်းထွဋ်၊ စည်သူလွင်၊ ဇော်ပိုင်၊ မျိုးကြီး၊ ထူးအယ်လင်းတို့ကို ကြိုက်ကြသည်။ လူလတ်ပိုင်းတွေ ကတော့ စိုင်းထီးဆိုင်တို့၊ ခင်မောင်တိုးတို့ပေါ့။ ညဘက် လူရှင်းချိန်ကျမှ ရောက်လာတတ်သော လူကြီးတွေအတွက်လည်း ကိုတင်လှိုင်၊ ကိုသန်းလှိုင်၊ စန္ဒရား ချစ်ဆွေ၊ စန္ဒရား လှထွတ်တို့ သီချင်းတွေ ထားပေးရသေးသည်။

ဒီကိုလာတဲ့ လူတွေရဲ့ ဆိုပုံဆိုလက်တွေကတော့ မျိုးစုံပဲ။ မူရင်းအဆိုတော်လောက်နီးပါး ထူးထူးခြားခြားကောင်းအောင် ဆိုတတ်သူတွေ အနည်းအပါး ရှိ၏။ အများစုကတော့ တော်ရုံသင်ရုံ ဆိုနိုင်ကြသည်။ တချို့ကတော့ ကီးကိုက်အောင် မဆိုနိုင်ဘဲ သံကြောင်တွေ ဖြစ်ဖြစ်သွားတတ်သည်။ စကားလုံးတွေကို အလျင်မီအောင် မဆိုနိုင်သဖြင့် နောက်က အလျင်အမြန်လိုက်ရသောကြောင့် သံစဉ် လွဲချော်ကုန်တာလည်း ရှိ၏။ သို့သော်လည်း အဆိုပြိုင်ပွဲ၀င်ဖို့ ရည်ရွယ်ချက်ရှိသူများ မဟုတ်ကြသဖြင့် ပြဿနာမရှိ။

အားလုံးထဲမှ ချစ်ဦးကိုတော့ ဘယ်သူမှ မမှီ။ သူများတွေက ကိုယ်ပိုင်တဲ့သီချင်းကိုပဲ ရွေးပြီးဆိုနိုင်တာ။ ချစ်ဦးကတော့ ဘယ်သီချင်းပဲဖြစ်ဖြစ် မဆိုနိုင်ဘူးရယ်လို့ မရှိ။ သီချင်းတွေ ဘာတွေ ရွေးနေတာလည်း မဟုတ်။ သူရောက်လာလျှင် ''သီချင်းတစ်ပုဒ်ဖွင့်ဗျာ'' ဟုပြောပြီး ကြုံရာကျရာကို ဆိုပစ်လိုက်တာပဲ။ သူက ဘယ်သီချင်းဖြစ်ဖြစ် ဆိုလို့ရတာပေါ့။ မူရင်းသံစဉ်နဲ့ဆိုတာမှ မဟုတ်တာ။ သူ့ကိုယ်ပိုင်သံစဉ်နဲ့ သူဆိုတာကိုး။ စာသားတွေကလည်း တီဗွီဖန်သားပြင်ပေါ်မှာ ပေါ်လာနေတာဆိုတော့ မရဘဲ ဘယ်ရှိပါ့မလဲ။ တီးလုံးသံစဉ်က တီးချင်တာတီး၊ သူကလည်း ဆိုချင်သလိုဆို။ တစ်ခါတစ်ခါ သူ့ကိုယ်ပိုင်သံစဉ်ကတောင် ပိုကောင်းသလိုလိုပဲ။

ဒီနေ့တော့ သီချင်းစီဒီအသစ် ထွက်မည်ဟု ဆိုသဖြင့် အသံစမ်းချင်တဲ့လူတွေ အတော်များများ ရောက်လာကြသည်။ ဇော်ပိုင်ရဲ့ နောက်ဆုံးထွက်တဲ့ စီးရီးဆိုတော့ အရမ်းစိတ်၀င်းစားနေကြသည်။ ပြဿနာကတော့ တီဗွီက ဖွင့်လို့မရခြင်းပင် ဖြစ်၏။ တီဗွီက ၁၁၀ဗို့အားသုံးဖြစ်၏။ အိမ်သုံး ၂၂၀ဗို့လျှော့ချဖို့ ကြားမှာ မိန်းထုပ်ဟုခေါ်ကြသော ထရန်စဖော်မာခံ ပေးရသည်။  အခု ထိုမိန်းထုပ် ပျက်သွားဟန် တူသည်။ တီဗွီထဲက လျှပ်စစ်အား ၀င်မလာတော့။ တတ်ကျွမ်းနားလည်သော ဆိုင်ရှင်ကလည်း မရှိ။ လက်ထောက်ကောင်လေးကလည်း မလုပ်တတ်။ ဆိုမယ့်လူတွေကလည်း တစ်အုပ်စုကြီး ရောက်နေပြီ။

''မြန်မြန်လုပ်ပါကွ''

''မင်း မပြင်တတ်ဘူးလား''

''ဆိုင်ရှင် သွားခေါ်ကွာ''
စသည်ဖြင့် အရေးဆိုကြသဖြင့် ဆိုင်ကကောင်လေးမှာ ဘာလုပ်ရမှန်းမသိဘဲ ဒုက္ခရောက်နေရှာသည်။

ထိုစဉ်မှာပင် ချစ်ဦး ရောက်ရှိလာလေသည်။
''ဒီနေ့တော့ ငါ အရင်ဆိုမယ်ကွာ၊ ကြိုက်တဲ့သီချင်းဖွင့်ဟေ့''ဟု သူက ပြောသည်။

ဆိုင်မှ ကောင်လေးက ...
''အရေးထဲကွာ၊ ဒီမှာ စက်ပျက်လို့ စိတ်ညစ်နေရတဲ့ကြားထဲ''

''စက်ပျက်တယ် ဟုတ်လား၊ ဘာဖြစ်တာလဲ''

''မိန်းထုပ်က ပျက်နေလို့ကွ၊ တီဗွီထဲကို ပါဝါမ၀င်ဘူး ဖြစ်နေတယ်''

''ဒါများကွာ၊ ဘာခက်လုိ့လဲ''

''ဟင် ... မင်းလုပ်တတ်လို့လား''

ကောင်လေးမှာ ထူပူနေသဖြင့် ချစ်ဦးကို အားကိုးချင်သလိုလို ဖြစ်သွား၏။ ချစ်ဦးက ...
''ဦးနှောက်ကလေး နည်းနည်းသုံးလိုက်ရင် ရပါတယ်ကွာ၊ မိန်းထုပ်မပါဘဲ ဒါရိုက်ဆက်ပြီး ဖွင့်မှာပေါ့''

''ဟာ ... ဒါကတော့ မရဘူး၊ ဒါရိုက်ဆို လောင်သွားမှာပေါ့၊ အဲဒီလို မလုပ်ရဘူးလို့ အစ်ကိုက မှာထားတယ်''

''ဥာဏ်ကို လွှာသုံးစမ်းပါကွာ၊ မင်းစဉ်းစားကြည့်စမ်း၊ အိမ်မီးက ၂၂၀ဗို့ ရှိတယ်။ တီဗွီက ၁၁၀ဗို့ သုံးတယ်။ ဒီတော့ အိမ်မီးက ဝါယာနှစ်စမှာ တစ်စကို ဖြုတ်လိုက်ရင် ပါဝါတစ်၀က် လျော့သွားတော့ ၁၁၀ဗို့ ဖြစ်သွားတာပေါ့ကွ''

''ဟင် ... ဟုတ်လို့လား''

ဘေးက နားထောင်နေသူတွေလည်း ဆိုချင်ဇောနှင့် ...
''အေးကွ ...၊ ဖြစ်နိုင်တယ်''

''ဟေ့ကောင်၊ စမ်းကြည့်ကွာ''
စသည်ဖြင့် ပြောကြတော့ ကောင်လေးမှာ ဇဝေဇ၀ါ ဖြစ်လာသည်။

ချစ်ဦးပြောသလို လုပ်ကြည့်ရကောင်းနိုးနိုးဖြစ်ပြီး ဝါယာကြိုးကို ကောက်ကိုင် ပလပ်ခေါင်းကို ဖွင့်ပြီး ဝါယာတစဖြုတ်နေတုန်း ဆိုင်ရှင်က ကံကောင်းထောက်မစွာ ရောက်ရှိလာ၏။

''ဘာဖြစ်နေကြတာလဲဟေ့''

ကောင်လေးက တူးတွမ်တိကို ဝါယာကြိုးတစ်စဖြုတ်လိုက်လျှင် ၀မ်းတမ်း ဖြစ်သည်ဆိုသော ချစ်ဦး၏သီအိုရီကို ပြောပြလိုက်သည်။ ဆိုင်ရှင်က မျက်လုံးပြူးသွားပြီး ...
''ဟာ ချစ်ရူးရာ၊ မင်း တော်တော်ရှုပ်တဲ့ကောင်ပါလား၊ အဲဒီလို လုပ်လို့ရမှာတော့ ဘယ်သူက ပိုက်ဆံအကုန်ခံပြီး မိန်းထုပ်၀ယ်ဆင်တော့မှာလဲ ကံကောင်းလို့ပါလားကွာ''

ချစ်ဦးကတော့ ဒီအတိုင်းပဲ။ ဟိုတစ်ခါလည်း ဗီဒီယိုရုံမှာ ဒါမျိုး ဖြစ်ခဲ့ဖူးသည်။ ဇာတ်သိမ်းပိုင်း ပါမလာခဲ့။ ပရိသတ်က ပူညံပူညံလုပ်တော့ ရုံကလူ ပျာယာခတ်သွားသည်။ ထိုအခါ ချစ်ဦးက ...''ဘီဆိုက်ထဲမှာ ရှိမယ်ထင်တယ်'' ဟု ပြောလိုက်သည်။ ကက်ဆက်သီချင်းတိပ်ခွေတွေဆိုလျှင် အေဆိုက်၊ ဘီဆိုက် နှစ်ဖက်လှည့်ဖွင့်လို့ ရတာကိုး။ ရုံကလူလည်း ထူပူနေသဖြင့် သေသေချာချာ ပြောင်းပြန်လှန်ပြီး အတင်းထိုးထည့်မိ၏။ ကံကောင်းလို့ စက်အစိတ်အပိုင်းတွေ ပျက်စီးမသွားခြင်း ဖြစ်လေ၏။

၁၆။

အိမ်၀င်းထောင့်မှာ ချစ်ဦးအတွက် တဲကလေးတစ်လုံး ဆောက်ဖို့ကိစ္စကို ဒေါ်ငွေဇံက အလျင်အမြန် စီစဉ်သည်။ တဲတစ်လုံးဆိုပေမယ့် ကုန်ကျစရိတ်က သိပ်မနည်းလှ။ ခုချိန်မှာ သစ်စျေး၊ ဝါးစျေးတွေ မသေး။ မဒမတိုင် ထူပြီး ဝါးထရံကာ ဓနိမိုးမျှသာ ဖြစ်သော်လည်း သူ့အတိုင်းအတာနဲ့သူ အတော်ထိသည်။ တကယ်တော့ ဒေါ်ငွေဇံသည် ချစ်ဦးအတွက်ဆိုရင် နည်းနည်း သဒ္ဓါသူမဟုတ်။ ချစ်ဦးခြုံတဲ့စောင်ကလေး အစုတ်စုတ်အဖာဖာ ဖြစ်နေလို့ တစ်ထည်လောက် ၀ယ်ပေးဖို့ မြလွင်က ပြောတုန်းကတောင် မသိချင်ယောင်ဆောင်နေခဲ့တာ။ ခုကိစ္စမှာတော့ သူကိုယ်တိုင်က အားတက်သရော ဖြစ်နေ၏။ ဒါတွင်မက ချစ်ဦး အိမ်ပြောင်းမယ့်နေ့မှာ တစ်ပတ်ရစ်စောင်တစ်ထည်တောင် လက်ဆောင်ပေးလိုက်သေးသည်။ အစကတော့ စောင်အသစ်ကို ပေးမလို့ပါပဲ။ ၀ယ်ပြီးမှ အရောင်ကလေးလှတော့ နှမြောသွားသည်။ ထို့ကြောင့် စောင်အသစ်ကို သူယူလိုက်ပြီး သူခြုံလက်စစောင်ကို ချစ်ဦးအား ရက်ရက်ရောရော ပေးလိုက်ခြင်းဖြစ် ၏။

ဘာပဲဖြစ်ဖြစ် ချစ်ဦးကတော့ သူအိမ်ကလေးကို အလွန်သဘောကျသည်။ တဲကလေးမှာ မြေစိုက်ဖြစ်၏။ ၉ပေ၊ ၁၅ပေသာ ကျယ်သည်။ ချစ်ဦးတစ်ယောက်စာတော့ အနေတော်ပဲ ဖြစ်၏။ တဲကလေးသို့ ပြောင်းသောနေ့မှာ သူက မြလွင်ကို ပြောသည်။

"ခုမှပဲ လွတ်လွတ်လပ်လပ် စိတ်ရှိလက်ရှိ အိပ်ရတော့မယ်၊ ဟိုရက်တွေတုန်းက အိပ်ရတာ အသက်ရှူတောင် မ၀ဘူးဗျာ"

"ဘာဖြစ်လို့ အသက်ရှူမ၀ရတာလဲ မောင်လေးရဲ့"ဟု မြလွင်မေးတော့ ... "ဒီလိုလေ မမရဲ့၊ ကျွန်တော်က ညညအိပ်ရင် ထယောင်တတ်တယ် မဟုတ်လား၊ အဲဒီအခါ သဲသဲလေးက လန့်ပြီး ငိုတယ်လို့ ပြောတာကိုး၊ ဒါကြောင့် ညကျရင် ထပြီး မယောင်ရအောင်လို့ ပါးစပ်ကို အ၀တ်နဲ့ စည်း စည်းပြီး အိပ်ရတာ၊ အိပ်ရင်းနဲ့  အဲဒီ အ၀တ်စကြီးက နှာခေါင်းကိုသွား သွားအုပ်မိတော့ မွန်းတာပေါ့ဗျ၊ ခုတော့ ပူစရာ မလိုတော့ဘူး၊ ကြိုက်သလို အိပ်လို့ ရပြီ"

မြလွင်မှာ ချစ်ဦးကို သနားပြီး မျက်ရည်တောင် လည်ချင်လာသည်။

ချစ်ဦးသည် သူ့တဲကလေးကို စိတ်ကြိုက်ပြင်ဆင်သည်။ သူအိပ်သော ကွပ်ပျစ်ကလေးကို ထောင့်တစ်ထောင့်မှာ နေရာချသည်။ သူ့အ၀တ်အစားတွေ ထည့်ထားသော ထင်းရှူးသေတ္တာကို အောက်က အုတ်ခဲတွေခံပြီး တင်သည်။ ပက်လက်ကုလားထိုင် အဟောင်းကလေးတစ်လုံးလည်း ချထားသည်။ ကုလားထိုင်က သူနှင့်ဒေါ်ငွေဇံတို့ လုပြီး ထိုင်နေကျ။ အခုတော့ တစ်ဦးတည်းပိုင် ဖြစ်ပြီ။ ဘုရားစင်ကလေးကိုလည်း ခေါင်းရင်းဘတ် ခပ်မြင့်မြင့်မှာ ရိုက်ထားသည်။ ရုပ်ပွားတော်တော့ မရှိသေး။ နောက်တော့ မှ ငွေစုပြီး ၀ယ်ရမည်။ ခုတော့ ပုံတော်ကားချပ်ကလေးသာ ထားနိုင်သည်။ သောက်တော်ရေခွက် တစ်ခွက်နှင့် ညောင်ရေအိုးတစ်လုံးလည်း ရှိ၏။

၀ါးထရံမှာတော့ သူသဘောကျသော ရာဇဝနေ၀င်းပုံနှင့် ကျန်ကျောင်းပုံတို့ကို ကပ်ထားသည်။ ဝေနေယျသုခ ရေချမ်းစင်အသင်းမှထုတ်သော ပြက္ခဒိန်ကလေးကိုလည်း ချိတ်ဆွဲထား၏။ ဒါတွင်မကသေး သူစိတ်ကူးရသမျှ စာတမ်းကလေးတွေလည်း ရေးပြီး ကပ်ထားသေးသည်။

"လူသာ လာပါ၊ ပြဿနာ ခေါ်မလာပါနှင့်"
"ခြင်မကိုက်ရ"
"ကြွက်မ၀င်ရ"
"သူခိုး သည်းခံပါ"

ကြားဖူးနား၀ ရှိတာတွေကို သူ့ဘာသာ စပ်ဟပ်ပြီး ရေးထားတာလည်း ရှိသေးသည်။.

"ကြွေးယူတော့ပြုံး
တောင်းတော့မုန်း
ပွေးပုန်းပေါင်မှ
မနေသာ"

ချစ်ဦးသည် သူ့တဲကလေးကို အလွန်သဘောကျ ကျေနပ်နေသည်။ လွတ်လွတ်လပ်လပ် နေချင်သလို နေလို့ရပြီ။ အိပ်ချင်သလို အိပ်လို့ရပြီ။ သူ့ဆီမှာ သူခိုးမျက်စိကျလောက်တဲ့ ပစ္စည်းဆိုလို့ ဘာမှမရှိ။ သို့ရာတွင် အိမ်ဆိုသည်မှာ အိမ်နှင့်တူအောင် လုံခြုံမှုတော့ ရှိရမည်။ အိမ်တစ်လုံးဖြစ်လာလျှင် တံခါးရှိရမည်။ တံခါးရှိလျှင် လုံအောင်ပိတ်ရမည်။ ချစ်ဦးအဖို့ တဲကလေးပင်ဖြစ်စေ အိမ်တစ်လုံးလိုပဲ သဘောထားသည်။ ထို့ကြောင့် သူ့အိမ်တံခါးကို ခတ်ဖို့ သော့တစ်စုံ ၀ယ်လေသည်။ တစ်ခုပဲ ရှိ၏။ သူ့အိမ်တံခါးသော့ခတ်ပုံက နည်းနည်းဆန်းလေသည်။

အိမ်ပြောင်းပြီး နောက်နေ့မနက် မြလွင်က ဆိုင်ဖွင့်ဖို့ ခင်းကျင်းပြင်ဆင်နေစဉ် ချစ်ဦး ရောက်လာပြီး အချဉ်ထုပ်ကို ကူချိတ်ပေးသည်။

"ညက အိပ်လို့ အဆင်ပြေရဲ့လား မောင်လေး"ဟု မြလွင်က မေးသည်။

"ဟာ ... ဘာပြောကောင်းမလဲ၊ တစ်ချိုးတည်းပဲ၊ ယောင်ဖို့တောင် သတိမရသေးဘူး"

"အိပ်ရာစိမ်းနေလို့ အိပ်မရမှာကို မမက ပူနေတာ"

"ဘာထူးလဲဗျ၊ ကျောခင်းလို့ရရင် အိပ်ရာပဲပေါ့"

"အဆင်ပြေရင် ပြီးတာပါပဲ"

"အဆင်ပြေပါတယ်၊ ဒါပေမယ့် ချေးစော်တော့ နည်းနည်းနံတယ်"

"ဟင် ... အိမ်သာနဲ့ နီးလို့ထင်တယ်"

"မဟုတ်ဘူးဗျ၊ ဝါးလုံးတွေက နံတာ"

"သြော် ... အဲဒါဝါးစိမ်းနံ့ပါ၊ ဝါးလုံးတွေက မခြောက်ခင်မှာ အဲဒီလိုပဲ ပုပ်အက်အက်အနံ့ နံတတ်တယ်၊ တစ်ရက်နှစ်ရက်ဆို အနံ့ပျောက်သွားလိမ့်မယ်"

"ဒါဆိုလည်း ပြီးတာပဲ၊ အဲ ... မမကို တစ်ခု ပြောရဦးမယ်၊ ကျွန်တော်က အိမ်အသစ်ကို ပြောင်းတာဆိုတော့ အိမ်တက်မင်္ဂလာလေး ဘာလေး လုပ်မှကောင်းမယ် ထင်တယ်"

မြလွင် မျက်လုံးပြူးသွား၏။

"အိမ်တက် မင်္ဂလာလုပ်တယ်ဆိုတာ လွယ်လွယ်လေး မဟုတ်ဘူး မောင်လေးရဲ့၊ အနည်းဆုံး မုန့်ဟင်းခါးလောက်တော့ ကျွေးမှကောင်းမှာ။ မမတို့မှာလည်း သိပ်ရှိတာ မဟုတ်ဘူး"

"လူအများကြီးဖိတ်မှာ မဟုတ်ပါဘူး မမရဲ့၊ ကျွန်တော်နဲ့ခင်တဲ့ ဆယ့်လေးငါးယောက်ထဲပါ၊ ပြီးတော့ မမတို့လည်း ပိုက်ဆံအကုန်မခံရပါဘူး၊ ကျွန်တော် စုထားတဲ့ထဲက ပေးမှာပါ။ မမလည်း မုန့်ဟင်းခါး ကောင်းကောင်းချက်တတ်တာပဲ"

"အေးလေ၊ နည်းနည်းပါးပါး ဆိုရင်တော့ မမ လုပ်ပေးပါ့မယ်"

"အိုကေ ... အိုကေ ... မမ အားကိုးရတယ်ဆိုတာ ကျွန်တော် သိပါတယ်ဗျ"

ချစ်ဦးပျော်သွားတာ မြင်ပြီး မြလွင်က ကရုဏာပြုံးပြုံးလိုက်စဉ် ချစ်ဦးက ..."ဒါဆို စျေးရှေ့က ကွန်ပျူတာဆိုင်မှာ ဖိတ်စာသွားရိုက်လိုက်ဦးမယ်"

"ဟယ် ... လူဆယ့်ငါးယောက်လောက်အတွက်များ ပါးစပ်နဲ့ ဖိတ်လိုက် ပြီးတာပဲ၊ ဖိတ်စာတွေ ဘာတွေ ရိုက်မနေပါနဲ့တော့၊ ပိုက်ဆံကုန်ပါတယ်"

"မရိုက်လို့ မဖြစ်ဘူး၊ လုပ်ရင် အပီအပြင်လုပ်မှ၊ ကျွန်တော့်အတွက် အရေးမကြီးပါဘူး၊ မမတို့ သိက္ခာရှိအောင်လို့ပါ။ ပြီးတော့ ပိုက်ဆံလည်း သိပ်မကုန်ပါဘူး၊ ကွန်ပျူတာဆိုင်က ကျွန်တော်နဲ့ခင်ပါတယ်၊ အလကားတောင် လုပ်ချင်လုပ်ပေးမှာ"

"ဒါဆိုလည်း ပြီးရောလေ၊ မောင်လေးသဘောပဲ"

"ကဲ ... ကျွန်တော် သွားဦးမယ်၊ ရော့ ... ကျွန်တော့်အိမ်သော့၊ ခဏ သိမ်းထားပေးစမ်းပါ"ဆိုပြီး သော့ခလောက်တစ်လုံးကို လှမ်းပေးသည်။ မြလွင်က…''သော့ခလောက်က ဘာလုပ်ဖို့လဲ၊ ခတ်မသွားဘူးလား''

''ခတ်ခဲ့ပြီ''

''ဟင်… ဘယ်လို''

ချစ်ဦးက ခပ်မိန့်မိန့်ပြုံးလိုက်ပြီး…
''ကျွန်တော်က သူခိုးကို ပညာပေးခဲ့တာလေ''

''ဘာ… ပညာပေးတာ''

''ဟုတ်တယ်၊ ဟိုတစ်ခါ ကင်းစောင့်တုန်းက ကိုသန်းမောင်က ပြောဖူးတယ်၊ သူခိုးတွေဟာ ဘယ်လိုသော့ခလောက်မျိုးမဆို သော့တုနဲ့ ဖွင့်တတ်တယ်တဲ့၊ ဒီတော့ ကျွန်တော်က သော့ချောင်းကို တံခါးမျောက်လက်မှာ ကြိုးနဲ့ချည်ထားခဲ့ပြီး သော့ခလောက်ကို ယူလာခဲ့တာပေါ့၊ သူခိုးတွေဟာ သော့တုပဲလုပ်လို့ရမယ်၊ သော့ခလောက်အတု လုပ်လို့ မရဘူးလေ၊ ပိုင်တယ်နော်၊ ကျွန်တော်က ပေါ့သေးသေးမဟုတ်ပါဘူး မမရဲ့''ဟု ပြောပြီး ရင်ကော့၍ ထွက်သွားသည်။ မြလွင်မှာ လက်ထဲက သော့ခလောက်ကို ကြောင်တောင်တောင် ကြည့်နေပြီးမှ ပြုံးလိုက်မိ၏။

၁၇။

ချစ်ဦး ၏ အိမ်တက်မင်္ဂလာပွဲသည် ခန့်မှန်းထားတာထက် လူပိုများနေသည်။ ချစ်ဦးက လူတွေကို ဖိတ်ရာမှာ တိုးတိုးတိတ်တိတ် မဟုတ်ဘဲ လက်ဖက်ရည်ဆိုင်ထဲမှာ ခပ်ပြောင်ပြောင်ကြီး ဖိတ်စာကမ်းချင် ကမ်းသည်။ ဒီတော့ ဘေးလူတွေက….
ဟုပြောလျှင်''လာချင်လည်း လာခဲ့လေ''ဆိုပြီး ဖိတ်လာခဲ့တော့ အားလုံး လူငါးဆယ်လောက်ဖြစ်သွား၏။ မြလွင်လည်း ချစ်ဦးအကြောကိုသိသဖြင့် ပို ပို သာသာ ချက်ထားသောကြောင့် အဆင်ပြေသွားခြင်းဖြစ်၏။ ဒါတောင် နောက်ပိုင်းဆယ်ယောက်စာ လောက်ကို ပဲမှုန့်နှင့်ငံပြာရည်ထပ်စွက်ပြီး ရေနည်းနည်း ထိုးလိုက်ရသေးသည်။ မြလွင်က ငါးများများနှင့် ကောင်းကောင်း ချက်ထားသဖြင့် ရေထိုးသည့်တိုင် စားလို့ကောင်းနေသေးသဖြင့် မသိသာလိုက်။

ဒီပွဲမှာ ချစ်ဦးက မဖိတ်သော်လည်း ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသူ တစ်ယောက်တော့ရှိသည်။ ဦးဝင်းမောင်ကြီးပင် ဖြစ်၏။ ချစ်ဦးက မြလွင်ကိစ္စနှင့် ပတ်သက်ပြီး သူ့ကို သိပ်ကြည်လင်လှတာမဟုတ်၊ သို့ရာတွင် သူက ပါးသည်။ အိမ်တက်ပွဲကိုလာရင်း ချစ်ဦးအတွက်လက်ဆောင်ဆိုပြီး စစ်ခြင်ထောင်တစ်လုံး ယူလာပေးသည်။ ချစ်ဦးမှာ သူ့ခြင်ထောင်အဟောင်းက အစုတ်စုတ် အဖာဖာဖြစ်နေသောကြောင့် ငွေလေး ဘာလေး အဆင်ပြေရင် အဟောင်းဆိုင်မှာ ခြင်ထောင်တစ်လုံးလောက် ဝယ်ရဦးမယ်ဟု စိတ်ကူးထားခဲ့တာ။ ခုတော့ အတော်ပဲ ဖြစ်သွား၏။ ဦးဝင်းမောင်ကြီးကိုလည်း ဒီနေ့အဖို့ ကြည်ကြည့်သာသာပင် ဆက်ဆံ ပြောဆိုလေသည်။

ကိုဘိုလေးနှင့် ကိုသန်းမောင်တို့ကတော့…''ချစ်ဦးတစ်ယောက်တော့ မြလွင်ကို ခြင်ထောင်နဲ့လဲတော့မယ်နဲ့ တူတယ်''ဟု ကွယ်ရာမှာ နောက်ပြောင်မိကြ၏။

ချစ်ဦးက အိမ်တက်မင်္ဂလာမှာ ဘုန်ကြီးကျောင်းက ဆရာတော်ကိုတောင် ပင့်ချင်သေးတာ။ မုန့်ဟင်းခါး ကျွေးမှာဆိုတော့ အရုဏ်ဆွမ်းကပ်မှ ဖြစ်မည်။ ဆရာတော်က အရုဏ်မှာ တခြားအလှူတစ်ခု ကြွစရာ ရှိနေ၏။ ထို့ကြောင့် မြလွင်က နေ့ဆွမ်းအတွက် ဆွမ်းချိုင့်ပို့နိုင်ဖို့ စီစဉ်ပေးသည်။ ဆရာတော်သည် ချစ်ဦးတို့မိဘတွေ လက်ထက်ကတည်းက ကိုးကွယ်လာခဲ့သဖြင့် ဒကာရင်းဆရာရင်း ဖြစ်၏။ ချစ်မှူးမရှိတဲ့နောက်ပိုင်းမှာလည်း မြလွင်က သူတတ်နိုင်သလောက် လှူဒါန်းလေ့ရှိ၏။ အိမ်ဆိုင်လေး ဖွင့်လာတဲ့အခါကျတော့လည်း ကြုံတဲ့အခါတိုင်း လက်ဖက်၊ လက်ဖက်ခြောက်၊ ထန်းလျက်စသည်တို့ ပို့ခိုင်းတတ်၏။

ဆရာတော်က မြလွင်ကို မကြာခဏ ချီးကျူးတတ်၏။ ဒီနေ့ ချစ်ဦး ဆွမ်းချိုင့်သွားပို့တဲ့အခါကျတော့လည်း… ''ကောင်းတယ်ဟေ့၊ မြလွင်လက်ရာ မစားရတာကြာပြီ''ဟု ချစ်ဦး ဝမ်းသာအောင် ပြောသည်။ တကယ်လည်း မြလွင်လက်ရာကို ဆရာတော်က နှစ်သက်သည်။ ဆရာတော်က အညာဆက်ဖြစ်၏။ သားကြီးငါးကြီးတွေ၊ ဆီပြန်ဟင်းတွေ သိပ်မစုံမက်တတ်။ ချဉ်ရည်ဟင်း၊ ငါးပိချက်၊ ပဲဟင်းတို့ကိုသာ နှစ်သက်သည်။ မြလွင်လည်း သိသည်။ ထို့ကြောင့် ငါးခူကို ငရုတ်သီးစိမ်းများများ အုပ်ပြီး ငါးပိချက်ဆန်ဆန် ချက်သည်။ ငါးရံ့ခြောက်ဖုတ်ဆီဆမ်းနှင့် သရက်သီးသုပ်ကလေးပါ ထည့်ပေးလိုက်၏။

''မြလွင်ဟာ အင်မတန်စိတ်ထားကောင်းတဲ့ ကလေးမပဲကွယ့် မောင်ချစ်ဦးရဲ့၊ မင်းကိုလည်း အတော် ဂရုစိုက်ရှာတယ်ဆို''

''ဂရုစိုက်တာပေါ့ဘုရား၊ အစ်မအရင်းဆိုရင်တောင် ဒီလောက် ကောင်းချင်မှကောင်းမယ်''

''ဒါမျိုးဆိုတာကလည်း ဘဝဘဝက ရေစက်ရှိခဲ့လို့ လာဆုံကြရတာကလား၊ တန်တော့ ဟိုဘဝက မောင်ချစ်ဦးနဲ့ မြလွင်တို့ဟာ မောင်နှမတော်စပ်ခဲ့ဖူးပုံရတယ်''

''ဟင်… ဘုန်းဘုန်း ပြောသလိုဆိုရင် ကိုကြီးချစ်မှူးကကျတော့ ဟိုဘဝတုန်းက ယောက်ဖဖြစ်နေမှာပေါ့''

ချစ်ဦးအတွေးကို သဘောကျပြီး ဆရာတော်က ပြုံးတော်မူ၏။ ချစ်ဦးက ဆက်၍….
''တပည့်တော်ကတော့ မမမြလွင်ဟာ တပည့်တော်တို့အမေ ဝင်စားတာလို့ ထင်တာပဲဘုရား''

'ဆရာတော်က 'အိမ်း' ဟု ရေရွတ်ရင်း ခေါင်းတစ်ချက်ညိတ်လိုက်မိသေးသည်။ ပြီးမှ…
''ဟယ်… ပေါက်ကရ ပြောရော့မယ် မောင်ချစ်ဦးရယ်၊ မြလွင်က မင်းထက်တောင် အသက်ကြီးသေးတာ၊ မင်းအမေဆုံးတော့ သူတောင် အတော်ကြီးရောပေါ့ဟဲ့''

ချစ်ဦးကလည်း 'ဟုတ်သားပဲ'ဆိုပြီး ရယ်ကျဲကျဲ လုပ်နေလိုက်သည်။ ခဏ စဉ်းစားပြီးနောက် မေးလိုက်ပြန်၏။
''လူဝင်စားတယ်ဆိုတာရော တကယ်ရှိလို့လားဘုရား''

''ရှိနိုင်တာပေါ့ သတ္တဝါတွေဟာ နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်မချင်း ဘဝတစ်ခုပြီးတစ်ခု ကူးပြောင်းနေရတယ်လို့ အဆိုရှိတာကိုးကွယ့်''

''ဒါဆို တပည့်တော်ကတော့ ဘယ်သူဝင်စားတာလဲ''

''လူတစ်ယောက်ရဲ့ အတိတ်ဘဝကို ဘုရားမှတစ်ပါး ဘယ်သူမှ မသိနိုင်ဘူးကွယ့်''

''တပည့်တော် စဉ်းစားနေတာ တစ်ခုရှိသေးတယ်၊ အခုချိန်မှာ ကမ္ဘာပေါ်မှာ လူဦးရေတွေ အရမ်းတိုးလာတယ် လို့ လက်ဖက်ရည်ဆိုင်မှာ ပြောတာကြားဖူးတယ်''

''အေး.. ဟုတ်သလေ ဘာဖြစ်တုန်း''

''အဲဒီ တိုးလာတဲ့ လူတွေကကော ဘယ်က ရောက်လာတာလဲဘုရား''

ဆရာတော် တွေသွား၏။ ထို့နောက် ခေါင်းတညိတ်ညိတ်လုပ်ပြီး…
''အင်း… ဒါဟာ မေးသင့်မေးထုတ်တဲ့ မေးခွန်းပဲ၊ ခုနပြောသလို ဘဝတွေ တစ်ခုပြီးတစ်ခု ပြောင်းလဲနေရာက လူ့ဘဝကို ရောက်ရှိလာကြတာပဲလို့ အကြမ်းဖျင်း ပြောရလိမ့်မယ်''

''ဒါဆိုရင် လူဦးရေ တိုးလာတာဟာ နတ်ပြည်က ပြုတ်ကျလာတဲ့လူတွေ များလာလို့လား၊ ငရဲပြည်က လွတ်ပြီး တက်လာတဲ့လူတွေ များလာလို့လား''

ဆရာတော် နဖူးကြောရှုံ့ရပြီ။
''အင်း…ဒါမ်ျိုးဆိုတာကတော့ စာတတ်ပေတတ် ပညာရှိဆရာတော်ကြီးတွေမှ လိပ်ပတ်လည်အောင် ဖြေနိုင်မှာပဲ၊ ကြုံကြိုက်တဲ့အခါ မေးထားပေးမယ်၊ ဟုတ်ပြီလား၊ အရေးကြီးတာက မင်း ဘယ်ဘဝက ကူးပြောင်းလာတာလဲဆိုတာထက် ဘယ်ဘဝကို သွားမလဲဆိုတဲ့ ကိစ္စပဲ၊ ဘုရား တရားကို မမေ့နဲ့ ကြားလား''

ချစ်ဦးက ခေါင်းညိတ်လိုက်ပြီး
''တပည့်တော်ကတော့ နောင်ဘဝမှာ ခုလို ရူးပေါပေါ မဖြစ်ရင် တော်ပါပြီဘုရား''

''ဟယ်… ဒီလိုမပြောနဲ့ မောင်ချစ်ဦး ရဲ့။ လောဘ၊ ဒေါသ၊ မောဟ ဖုံးလွှမ်းပြီး ကိုယ့်ကိုယ်ကို ရူးလို့ ရူးမှန်းမသိတဲ့ လူတွေထက်စာရင် မင်းက အပုံကြီးသာသေးတယ်ကွယ့်''

ချစ်ဦးက ပြုံးဖြီးဖြီးလုပ်ပြီး ''ဒီလိုကျတော့လည်း ဘုန်းဘုန်းက တော်သွားပြန်ရော''ဟု ပြောလိုက်သည်။ ဆရာတော်မှာ ရယ်ပဲရယ်လိုက်ရမလား၊ ငေါက်ပဲ ငေါက်လိုက်ရမလား မသိ ဖြစ်နေပြီးမှ…''ဘုန်းကြီးကို ဒီလို ပြောရသလားဟဲ့''ဟု မိန့်လိုက်သည်။

ချစ်ဦးသည် ခုလိုပဲ မကြာခဏဆိုသလို ဆရာတော်ကို ကပ်သီးကပ်သပ်တွေ မေးတတ်သည်။ ခြင်ဆေးခွေ ထွန်းတာ အပြစ်ရှိသလား၊ ဘုန်းကြီးတွေ ဘာဖြစ်လို့ ကားမမောင်းရတာလဲ၊ ဆေးလိပ်ကိုလည်း ငါးပါးသီလထဲ ထည့်သင့်တယ် စသည်ဖြင့်။
ဆရာတော်ကလည်း အရူးအပေါပဲဟု ပြီးပြီးရော ဖြေလေ့မရှိ။ စိတ်ရှည်လက်ရှည် ဂရုစိုက် အလေးထားပြီး ဖြေကြားလေ့ရှိ၏။ ထို့ကြောင့်လည်း ချစ်ဦးက ဆရာတော်ဆီ လာလေ့ရှိခြင်းဖြစ်၏။

''အဲဒါက အရေးမကြီးဘူး၊ ဘုန်းဘုန်းနဲ့ စကားပြောလိုက်ရတာနဲ့ပဲ ဗိုက်တောင်ဆာလာပြီ၊ ဘာကျွေးစရာရှိလဲ ဘုရား''

''အလို မင်းက မေးလို ငါကလည်း ဖြေရသေးတယ်၊ ဗိုက်ဆာလာပြန်ပတဲ့လား၊ ကဲကဲ…. ဟောဟိုက စားပွဲပေါ်မှာ  ငှက်ပျောသီးရှိတယ်''

''ဟာ… ငှက်ပျောသီးက ခဏခဏ စားနေရတာ ကိတ်မုန့်မရှိဘူးလား''

''ဟယ်.. ငါ့ကျောင်းကိုများ ဟိုတယ်မှတ်နေလို့လား၊ သြော်.. နေဦး၊ မရွေးတော့ ရှိတယ်၊ စားချင်ယူစား''

''ရှိတာပဲ စားရတော့မှာပေါ့လေ၊ ဘုန်းဘုန်းကျောင်းကလည်း ဆင်းရဲလိုက်တာ ဘော့စ်ကျတဲ့ ဒကာလေး ဘာလေး ရှာပါဦး''ဟု ပြောပြီး မရွေးတွေကို အားပါးတရ စားနေသည်။ ဆရာတော်က ပြုံးကြည့်နေလိုက်၏။

ဆက်ရန်
-------------------
မင်းလူ

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)