ငှက်က​လေး (အပိုင်း-၅)

#ငှက်ကလေး

အပိုင်း (၅)

“ဟိတ်"

သူ့အသံကို နောက်ဖက်ဆီမှ ကြားလိုက်ရသည်။

“နင်ရောက်နေတာ ကိုယ်သိသားပဲ”

ကိုယ်က သူ့ကို လှည့်မကြည့်ဘဲ ပြောသည်။

“အမယ်.. နင့်နောက်မှာ ငါရောက်နေတာ ခဏတောင်ကြာပြီ။ နင့်ဟာနင် ထမင်းကို မဲစားနေပြီးတော့များ”

သူသည် ကိုယ့်ဘေးမှ ကွေ့လျှောက်လာပြီး မျက်နှာချင်းဆိုင်ရှိ သစ်မြစ်ပေါ်မှာ ဝင်ထိုင်သည်။

“မနေ့က ညနေ ကျောင်းဆင်းတုန်းက နင်တို့ ဘီတန်းဘက်ကို ကြည့်သေးတယ်ဟ"

“ငါက ချက်ချင်း ပြန်သွားတာပဲ”

"နင် ခဏစောင့်ရင် ကိုယ်နဲ့ တွေ့မှာပေါ့”

“ငါက ကစ်တီတို့နဲ့ ပြန်ရတာဟ၊ သူတို့က စောင့်မှာ ဟုတ်ဘူး"

“ဒါနဲ့ နေပါဦး၊ နင်က ဘယ်မှာနေတာလဲ”

“ကြည်တော်ကုန်းမှာ”

"ဟင်... ကိုယ်အိမ်ပြန်တဲ့ လမ်းနဲ့ တခြားစီပဲ”

“နင်က ဘယ်မှာနေလို့လဲ”

“ဇိုင်းကနိုင်းမှာ"

“အေး ... တခြားစီပဲ“

“အေးလေ၊ မုန့်စားဆင်းရင် ဒီကို လာခဲ့ပေါ့၊ နင့်ကို ကိုယ်ခင်ပါတယ်”

“ငါလည်း နင့်ကို ခင်ပါတယ်ဟာ၊ ပြီးတော့ သနားတယ်”

“ဘာ သနားတယ် ဟုတ်လား၊ နင် သနားရအောင် ကိုယ်က ဘာဖြစ်နေလို့လဲ၊ သူတောင်းစားမှ မဟုတ်ဘဲ”

ကိုယ် သူ့ကို ဟောက်လိုက်သည်။ သူသည် မျက်လုံးကလေး ပြူးကြောင်ကြောင်နှင့် ကိုယ့်ကို ကြည့်နေ၏။ မျက်နှာကလေး ငယ်သွားပြီးတော့ ဆက်ပြောသည်။

“ငါက နင် ဟိုတစ်နေ့က အရိုက်ခံရလို့ သနားတာကို ပြောတာ"

ကိုယ် သူ့ကို စိတ်မဆိုးတော့ပြန်ပါ။ မိုက်ကြည့် ကြည့်နေသော ကိုယ့်မျက်နှာကို ပြင်လိုက်ပြီး သူ့ကို စိုက်ကြည့်နေလိုက်သည်။ သူသည်လည်း မျက်လုံးကလေး ကလယ်ကလယ် လုပ်၍ ကိုယ့်ကို ပြန်ကြည့်နေပါသည်။ ကိုယ့်မျက်နှာသည် တဖြည်းဖြည်း ပြုံးလာသည်ဟု ထင်သည်။

သူက “ဘာကြည့်တာလဲ "ဟု ပြောပြီးလျှင် ကားထားသော ခြေထောက်ကို စုလိုက်သည်။ ဒူးခေါင်းနားတွင် ဟိုက်ကျနေသော စကတ်အစ နှစ်ဖက်ကို လက်ဖြင့် စု၍ ကိုင်ထားလိုက်သည်။ ကိုယ်သည် စိတ်ထဲက တစ်မျိုးကြီး ဖြစ်သွားရ၏။

* * *

ကျောင်းသည် အရင်ကလို ကိုယ့်အပေါ် နားမလည်ကြသူတွေချည်း ရှိနေသောနေရာဟု မထင်တော့ပါ။ သင်္ချာဆရာကလည်း ကိုယ့်ကို မရိုက်တော့ချေ။ သူ စာသင်နေလျှင် ကိုယ်ကလည်း ဂရုစိုက်၍ ကြည့်ပါသည်။ ကိုယ် သိပြီးသားပင်ဖြစ်စေ၊ ကြည့်၍သာ နေလိုက်သည်။ လစဉ်စာမေးပွဲတွင် သင်္ချာမှာ ကိုယ် အမှတ်တစ်ရာ အပြည့်ရသည်။ သင်္ချာဆရာက “ညီညီက လူတော်ကလေးပဲ”ဟု ပထမဆုံးအကြိမ် ချီးကျူးလေသည်။

ကိုယ်သည် ကျောင်းမှာ ရန်လည်း မဖြစ်တော့ပါ။ အုန်းသီးသည် ကိုယ့်ကို အရင်လို အနိုင်မကျင့်ရဲတော့ချေ။ ဟိုတစ်နေ့က ဆိုလျှင် အုန်းသီးသည် ကိုယ့်အတွက် “စာကလေးခွေ” တစ်ခု ဝယ်လာပေးသည်။ ကိုယ်က မယူပါ။ သူက “ဒီနေ့က စပြီး မင်းနဲ့ ငါနဲ့ ဇေကွာ”ဟု ပြောသည်။

တင်အောင်ခိုင်နှင့် ဂျွန်ဆင်တို့သည် ကိုယ်နှင့်တွဲဘက် သူငယ်ချင်းများ ဖြစ်လာကြသည်။ ဇော်ဝင်းကလည်း ကိုယ်တို့အုပ်စုထဲမှာ ပါချင်သည်ဟု ပြောသည်။ သူက စာလည်းတော်သည်။ ဘောလုံးကန်လည်း ကောင်းသည်။ ကိုယ့်ကိုလည်း ခင်သည်။ ထို့ကြောင့် သူ့ကိုပါ အုပ်စုထဲ ထည့်လိုက်ပါသည်။

တင်အောင်ခိုင်သည် မုန့်စားဆင်းချိန် တစ်ခါတလေကျလျှင် သူ့အစ်ကိုနှင့် ပြန်လိုက်မသွားဘဲ ကိုယ်တို့နှင့် ကစားသည်။ သူ့အစ်ကို လာမကြိုသော နေ့များဆိုလျှင် ကျောင်းအပြီးလွှတ်လျှင် သူနှင့်ကိုယ် တူတူပြန်ကြသည်။ တစ်ခါတလေ ကျောင်းအသွားတွင်လည်း သူ့အစ်ကို မပါသောနေ့များမှာ ကိုယ့်ကို သူ ဝင်ခေါ်သည်။ တင်အောင်ခိုင်တို့အိမ်နှင့် ကိုယ်တို့အိမ်သည် သိပ်အရမ်းကြီး မဝေးပါ။

ပြီးတော့ မိခိုင်။

"နင်က ငါ့ကို မခင်ပါဘူး၊ တင်အောင်ခိုင်တို့ကိုပဲ ခင်တာပါ” ဟု နှုတ်ခမ်းစူပြီး ပြောသည်။

"နင်ကကော ထမင်းစားရင် ကိုယ်နဲ့အတူတူ စားလို့လား၊ နင့်အမေနဲ့ စားတာ မဟုတ်လား”

"နင် တူတူစားချင်လည်း ရသားပဲ၊ ငါနဲ့ လာစားပေါ့”

“နင့်အမေက ဆူမှာပေါ့”

“မဆူပါဘူးဟ၊ မေမေက သိပ်သဘောကောင်းတာ”

“အေး ... ကောင်းပြီ။ နင်လည်း ကိုယ်တို့နဲ့ တူတူလာကစားပေါ့"

"နင်တို့က ဘောလုံးကန်တဲ့ဟာ”

“အမြဲတမ်းကြီး ဘောလုံးကန်တာ မဟုတ်ပါဘူးဟ၊ နင်တို့ လာမယ်ဆိုရင် တမျိုးမျိုး ပြောင်းကစားမှာပေါ့"

“အေးဟ... ကောင်းတယ်၊ ကစ်တီတို့ မီးမီးတို့လည်း ခေါ်ခဲ့မယ်"

“ခေါ်ခဲ့ပေါ့ဟ”

“ပြီးတော့ သူတို့ ပြောသေးတယ်၊ နင်က ချောတယ်တဲ့ဟ”

ကိုယ် နည်းနည်းရှက်သွားသည်။

“အလကားပါဟ၊ ကိုယ်က မချောပါဘူး၊ နင်ကသာ လှတာ”

“ဟယ်”

သူ ကိုယ့်ကို ပြုံးပြီး ကြည့်သည်။

“ဟုတ်တယ်ဟ၊ တင်အောင်ခိုင်တို့ကလည်း ပြောတယ်၊ နင်က လှတယ်တဲ့"

"တင်အောင်ခိုင်တို့ကပဲ ပြောတာပေါ့။ နင်ကတော့ မပြောဘူးပေါ့”

“အေး ... ဟုတ်တယ်၊ မပြောဘူး”

“ဘာပြောတယ်”

သူ့မျက်နှာသည် နီရဲလာသည်။ ငိုမဲ့မဲ့လည်း ဖြစ်လာသည်။ ကိုယ် ရယ်ချင်လာသည်။

"နင်က ကိုယ့်တော့ ပြောတယ်၊ နင်ပြောတာကျတော့ ကြည့်ဦး၊ ကိုယ့်ကို အဲဒီလို ချောတယ်လို့ ပြောတာ၊ ကစ်တီတို့က ပြောတာဆို၊ နင်က ပြောတာမှ မဟုတ်ဘဲ”

သူသည် ငိုမဲ့မဲ့လုပ်နေရာမှ ခစ်ခနဲ ရယ်လိုက်ပြန်သည်။

"ဟုတ်တယ်... ဟုတ်တယ်၊ ငါကပြောတာ မဟုတ်ဘူး၊ ငါ့မျက်စိထဲမှာ နင်က သရဲရုပ်”

“ကိုယ်က သရဲဆိုရင် နင်က မှင်စာ”

“နင်က ပြိတ္တာ”

"နင်က တစ္ဆေ

"ဘီလူး"

“နင်က...”

“နင်နော် ငါ ငိုပစ်လိုက်မယ် သိလား” ဆိုပြီး ကိုယ့်လက်မောင်းကို ဆွဲဆိတ်သည်။

"ဟ... နာတယ်ဟ၊ နင်ကလည်း အရမ်းဆွဲလိမ်တာပဲ”

“အဲဒါ ငါ့ကို ပြောချင်ဦး”

“ဟ .. ကိုယ်က နင့်ကို မလှဘူးလို့ ပြောလို့လား"

“နင်ပဲ ခုန မပြောဘူးဆို”

“အေးလေ၊ တင်အောင်ခိုင်တို့က ပြောတယ်၊ ကိုယ်က မပြောဘူး”

“အဲဒါ ဘာထူးသေးလဲ”

“ထူးတာပေါ့ဟ၊ ကိုယ်က ပါးစပ်က မပြောပေမယ့် သိတာပေါ့”

“ငါ လှတယ်ဆိုတာ သိတာလား"

“အင်း” ဆိုပြီး ကိုယ်က တစ်ခုခုဆက်ပြောမည် ပြုလိုက်သည်။ သူက.. “နင်နော် ဘာပြောဦးမလို့လဲ” ဟု ဆွဲဆိတ်မည် ပြုပြန်သည်။ ကိုယ်က မြန်မြန်ပြောလိုက်ရသည်။

“အေးပါ၊ အဲဒါ သိတာပေါ့”

“ဒါဖြင့် ငါက လှတယ်ပေါ့”

“အေး ... ဟုတ်တယ်”

သူ့မျက်နှာ တစ်မျိုးဖြစ်သွားသည်။ ရှက်သွားတာလား မသိ။ နောက် သူရယ်ပြန်သည်။ လှည့်ပြီး ပြေးထွက်သွားသည်။ နောက်မှ ပြန်လှည့်ပြီး ...

"နင် တကယ်နော်”

“အေးပါ... အဲဒါက အရေးမကြီးဘူး၊ နင် ကိုယ့်ကို ရန်လုပ်နေတာနဲ့ နင့်လက်ထဲက ဓားလှီးရေခဲမုန့်တောင် ပျော်ကုန်ပြီ”

“အေး ... ဟုတ်သားပဲ၊ နင် စားဦးမလား"

ကိုယ် ခေါင်းခါပြလိုက်သည်။ မိခိုင်၏လက်ထဲမှာ ကိုင်ထားသော ဓားလှီးရေခဲမုန့်သည် အရည်ပျော်ပြီး သူ့လက်ပေါ်သို့ စီးကျလာသည်။ သူသည် လက်မှာပေနေသော ဓားလှီးရေခဲမုန့် အရည်များကို လျှာဖြင့် လျက်လိုက်သောအခါ ကိုယ် ကြက်သီးထသွားသည်။

* * *

ကိုယ်သည် စိန်ပန်းပင်ကြီးကို ကျောဖြင့် ကပ်ထားသည်။ မှီနေရာမှ ကိုယ်ကို စောင်းလိုက်သည်။ ခေါင်းကို အသာကလေး ထုတ်ပြီး ချောင်းကြည့်သည်။ ဘယ်သူမှ မရှိ။ ဘေးကို တစ်ချက်ကြည့်ပြီးနောက် အုတ်နံရံဆီသို့ ပြေးကပ်လိုက်၏။ နောက်ကို လှည့်ကြည့်သည်။ ဘယ်သူမျှ မရှိ။ အတော်ကြာအောင် ဆက်ရပ်နေသည်။ ရှေ့ကို တိုးမည်ပြုလိုက်သည်။ ဘေးဘက်မှ ချွတ်ခနဲ အသံကြားသောကြောင့် လန့်သွားသည်။ လှည့်ကြည့်သောအခါ စာကလေးတစ်ကောင် ထပျံသွားတာကို တွေ့ရသည်။ အုတ်နံရံကို ကပ်ပြီး ဖြည်းဖြည်းလေး ရှေ့တိုးသွားသည်။ ရှေ့နောက် ဘေးကို ဝေ့ကြည့်လိုက်သည်။ အားလုံးရှင်းသည်။ ရှေ့မှာ ပုဏ္ဏရိပ်ချုံရှိသည်။ ဟိုဘက်မှာ အုတ်တိုင်တစ်တိုင်။

ပုဏ္ဏရိပ်ချုံကို သွားမလား၊ အုတ်တိုင်မှာ ပြေးကပ်မလား စဉ်းစားရ၏။ ပုဏ္ဏရိပ်ချုံဘက်သွားတာ ကောင်းမည်။ ပြေးမည်ဟု ပြင်ပြီးမှ ခြေသံကြားသွားမည်စိုးသဖြင့် အသာကလေး ဖြည်းဖြည်းချင်း လျှောက်ရသည်။ ကိုယ်ကို ကုန်းကုန်းကလေး လုပ်ထားရသည်။ ပုဏ္ဏရိပ်ရုံနား အရောက်တွင် ရှေ့နားမှ ရိပ်ခနဲ မြင်သောကြောင့် ဝပ်ချလိုက်ရ၏။ ဝပ်နေရာမှ ခေါင်းထောင်ကြည့်သည်။ ရှေ့မှာ လှုပ်ရှားမှု မတွေ့ရ။ အားလုံးရှင်းကြောင်း တွေ့ရမှ အုတ်တိုင်ဆီသို့ လေးဖက်ထောက် သွားရသည်။ အုတ်တိုင်ကို ကပ်မိမှ အသာကလေး ထရပ်သည်။ ကျောကပ်လျက်သား နေရာရွှေ့ ရ၏။ အုတ်တိုင်အစွန်းကို ရောက်သောအခါ ကိုယ်ကို ဖြည်းဖြည်းလှည့်သည်။ အရဲစွန့်ပြီး ထွက်ကြည့်သည်။ တွေ့ပြီ။

“ဒိုင်း... ဂျွန်ဆင် မင်းသေပြီကွ”

ဂျွန်ဆင်သည် ဝပ်နေရာမှ ထိုင်ရမလို ထရမလို ကုန်းကုန်းကွကွကြီး ဖြစ်သွားသည်။ ကိုယ့်ကို လှည့်ကြည့်ပြီးမှ သူ ထရပ်လိုက်ပြီး....

“ဟေ့ကောင် . ညီညီ၊ ငါ ကာဗာယူထားတာပဲကွ”

“ဟား ... ဟား ... မင်းလား ကာဗာယူထားတာ၊ မင်း ကာဗာယူထားတဲ့ သစ်ပင်ကလည်း လက်သန်းလုံးလောက်ပဲ ရှိတာပဲကွ၊ ဟား ... ဟား... ဟား ...."

ဂျွန်ဆင်သည် မငြင်းသာတော့သောကြောင့် ခေါင်းကုတ်ပြီး ရယ်နေသည်။ ကိုယ်က လက်ထဲမှာ ကိုင်ထားသော ပလတ်စတစ်သေနတ်၏ လက်ကိုင်ကွင်းထဲသို့ လက်ညှိုးကို ထည့်ပြီး လေးငါးပတ် လှည့်လိုက်သည်။

ကိုယ်သည် ကျောင်း၌ ပျော်ခဲ့လေပြီ။

* * *

ဖြစ်နိုင်မည်ဆိုလျှင် အိမ်ကအကြောင်းကို မေ့ထားလိုက်ချင်ပါသည်။

ကျောင်းမှာပင် အမြဲနေချင်သည်။ ကျောင်းမှာဆိုလျှင် အဖော်အပေါင်းတွေ စုံစုံလင်လင်။ စာသင်ချိန်မှာ စာကို ဂရုစိုက်ကြည့်သည်။ တစ်ခါတလေကျမှသာ ကိုယ့်စိတ်က အတန်းထဲမှာ မရှိ။ ဘီတန်းဘက် ရောက်ရောက်သွားခြင်း ဖြစ်သည်။ ခုချိန်ဆို မိခိုင်တစ်ယောက်တော့ ဆရာ မသိအောင် ဆီးသီးထုပ်တွေ ခိုးစားနေမလားဟု တွေးလိုက်မိတတ်သည်။ သူသည် အတန်းထဲမှာ တစ်ခါတလေ မုန့်ခိုးစားတတ်ကြောင်း ကိုယ့်ကို ပြောပြဖူးပါသည်။

တချို့ အချိန်တွေကျလျှင် ကိုယ်နှင့် ဟိုဘက်ခုံ၊ သည်ဘက်ခုံထိုင်သော တင်အောင်ခိုင်နှင့် စာရွက်ပေါ်မှာ စာဖြင့် ရေးပြီး စကားပြောတတ်သည်။ မုန့်စားဆင်းချိန်ကျလျှင် ကစားကြ၊ စကားပြောကြ အလွန်ပျော်စရာကောင်းသည်။ အားလုံးကို မေ့ထားလို့ရသည်။

ကျောင်းက ပြန်လာလို့ ခြံဝင်းထဲ ဝင်လိုက်မိသည်နှင့် ကိုယ့်စိတ်သည် ထိုင်းထိုင်းမှိုင်းမှိုင်းကြီး ဖြစ်သွားတတ်သည်။ ကိုယ့်တို့အိမ်ဝင်းက သစ်ပင်တွေ အများကြီး အုပ်ဆိုင်းနေတာလည်း ပါမည်။ ဘာလို့ဆို ကိုယ် ကျောင်းကပြန်လာပြီး အိမ်ရိပ်ကိုနင်းမိလျှင် စိမ့်ခနဲ ဖြစ်သွားတတ်သောကြောင့် ဖြစ်လေသည်။

ကျောင်းမှာလို မဟုတ်။ အိမ်မှာ အပြောင်းအလဲ မရှိပါ။ ပျော်စရာမကောင်းသည့်ဘက်တွင် မပြောင်းလဲခြင်းကို ဆိုလိုပါသည်။ တိတ်တိတ်ဆိတ်ဆိတ် ခြောက်သွေ့ပြီး ပျင်းစရာကောင်းမြဲပင်။ ကိုယ် မကြိုက်ပါ။ ကိုယ်သည် အရင်ကလို တစ်ယောက်တည်း တစ်ခုခုကို တွေးပြီး နေရသည်ကို သိပ်သဘောမကျတော့ပါ။ အိမ်၌လည်း ကျောင်းမှာလိုပင် သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ပါးပါး နေချင်သည်။ သို့သော်လည်း ကိုယ်လိုချင်သလို မဖြစ်နိုင်ပါ။

တင်အောင်ခိုင်တို့ ဦးလေးတစ်ယောက်ရှိသည်။ သူ့နာမည်က ဦးမြင့်ဆောင် ဖြစ်ပါသည်။ တင်အောင်ခိုင်ကမူ ဦးမီးဆာဟု ခေါ်သည်။ ငယ်ငယ်ကတည်းက သည်လိုပဲ ခေါ်သည်ဟု ပြောသည်။ ဦးမီးဆာသည် စာတွေ ဘာတွေလည်း ရေးသော စာရေးဆရာဟု ပြောသည်။ သူရေးသော ကဗျာတစ်ပုဒ်ကို တင်အောင်ခိုင်က ကူးယူလာဖူးသည်။

ဘဝဆိုတာ ဝင်္ကပါလေ၊ နေနဲ့ လနဲ့ တစ်လှည့်စီ။

ကိုယ်သည် ထိုကဗျာကို အလွန်ကြိုက်သည်။ မြန်မာကဗျာ ပုံနှိပ်စာအုပ်၏ နောက်ဆုံးစာမျက်နှာ အလွတ်မှာ ကူးယူထားခဲ့သည်။ အစကတော့ အဓိပ္ပာယ် တိတိကျကျ မသိခဲ့ပါ။ တင်အောင်ခိုင်ကို မေးတော့လည်း သေသေချာချာ သူလည်း မသိ။ “ဘဝဆိုတာ ဝင်္ကပါလိုပဲ၊ နေနဲ့ လနဲ့ တစ်လှည့်စီပေါ့ကွာ”ဟု ပြောသည်။ သူပြောတာကလည်း ကဗျာထဲက စာသားတွေနှင့် ဘာမျှမထူး။ “မင်းဦးလေးကို ပြန်မေးကြည့်ကွာ” ဟု ပြောလိုက်သည်။ ဦးမီးဆာက နောက်တစ်နေ့ကျတော့ ရှင်းပြလိုက်သဖြင့် တင်အောင်ခိုင်က ပြန်ပြောပြသည်။

နေနှင့်လတို့သည် တစ်ခုနှင့်တစ်ခု မတွေ့ကြရ။ ညမှာ လထွက်သည်။ နေ့ကျတော့ နေထွက်သည်။ နေနှင့် လတို့သည် ဘယ်တော့မှ အတူတူ မထွက်ကြချေ။ ကိုယ် တစ်ခုခုကို သွားသတိရလိုက်လေသည်။

ကိုယ့်အိမ်မှ နေမင်းကြီးနှင့် လမင်းကြီးတို့သည်လည်း ဘယ်သောအခါမှာမှ မျက်နှာချင်းဆိုင်ခဲ့သည်မှ မရှိဘဲ။

ကိုယ်သည် ကျောင်းမှာ ပျော်စရာကောင်းကြောင်းတွေ၊ အိမ်အကြောင်းတွေ စဉ်းစားလာရင်း အိမ်နားကို ရောက်လာသည်။ ခြံတံခါးကို ဖွင့်ပြီးသော်လည်း ချက်ချင်းမဝင်သေးဘဲ နေသည်။ ဝင်းထဲဝင်လျှင် ကိုယ့်စိတ်ထဲတွင် ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်သွားမည်ကို စိုးသောကြောင့် ဖြစ်သည်။ သို့သော်လည်း မဝင်လို့မဖြစ်။ နောက်ပြီး အပြင်မှာ တိုက်နေသော လေကလည်း အေးလာပြီ။ မိုးပေါ်ကို မော့ကြည့်လိုက်သောအခါ မိုးသားတွေ မည်းတက်လာသည်ကို တွေ့ရ၏။ မိုးရွာတော့မည်။

ကိုယ် အိမ်ထဲသို့ ခပ်သုတ်သုတ် ပြေးဝင်လိုက်သည်။ ထုံးစံအတိုင်းပင် အိမ်မှာ ဖေဖေရော မေမေပါ မရှိကြ။ ဆော်လီမားက ဧည့်ခန်းထဲမှာ ကြမ်းတိုက်နေသည်။ မိုးရွာပြီးမှ ဆိုလျှင် သိပ်ချမ်းနေမည် စိုးသောကြောင့် ရေမြန်မြန်ချိုးရသည်။ ကိုယ် အဝတ်အစားလဲပြီး ထမင်းစားခန်းထဲ ဝင်လိုက်သောအခါမှာပင် မိုး စရွာသည်။ သွပ်ပြားပေါ်သို့ မိုးစက်တွေကျသံ 'တဒေါင်ဒေါင်' ကြားနေရသည်။ တဖြည်းဖြည်း ပို၍သဲလာ၏။ ထမင်းစားပြီးသောအခါ စာရေးစားပွဲမှာ တန်းဝင်ထိုင်လိုက်ရသည်။ ခါတိုင်းလို ခြံထိပ်က ထိုင်ခုံမှာ သွားထိုင်ပြီး မေမေ့ကို စောင့်နေလို့ မဖြစ်တော့ချေ။

သင်္ချာတစ် အရင်တွက်သည်။ ဈေးတွက်ပုစ္ဆာ ငါးပုဒ်ကို ခဏလေးနှင့် ပြီးသည်။ သမိုင်းတစ်ပုဒ်ကျက်သည်။ ပြီးတော့ တီချာမေ ရေးခိုင်းလိုက်သော စာစီစာကုံးကို ရေးဖို့ စဉ်းစားရလေသည်။ ခေါင်းစဉ်က “မိုးရွာသော နေ့တစ်နေ့" ။

ဘာက စရေးရင် ကောင်းမလဲဟု စဉ်းစားရသည်။ အပြင်မှာလည်း မိုးတွေက တကယ် ရွာနေပြီ။ မိုးတွေ ရွာပြီဆိုလျှင် ကိုယ်လုပ်တတ်တာ တစ်ခုရှိသည်။ မှန်ပြတင်းမှနေပြီး အပြင်မှာ မိုးတွေရွာတာကို ကြည့်တတ်ခြင်း ဖြစ်ပါသည်။ ဒီလိုစဉ်းစားမိမှပင် ကိုယ်သည် မိုးရွာတာကို တကယ် ကြည့်ချင်လာပြန်သည်။ စာရေးစားပွဲမှ ထလိုက်ပြီး ဧည့်ခန်းပြတင်းပေါက်သို့ သွားသည်။ အပြင်ကို ငေးကြည့်နေလိုက်သည်။ မိုးသည် မစဲသေးချေ။ ပိတ်ထားသော ပြတင်းပေါက်မှ ကြည့်ရသည်ကို အားမရပါ။ ထို့ကြောင့် ဖိနပ်ချွတ်သောနေရာသို့ ဆင်းလိုက်သည်။ ဖိနပ်ချွတ်တွင် အမိုးသာ ရှိသည်။ အကာမရှိ။ လက်ရမ်းများသာ ကာထားသည်။

မိုးရေများသည် ရေစီးကြောင်းတွေ ဖြစ်ပြီး ကွေ့ကွေ့ကောက်ကောက် စီးဆင်းနေကြသည်။ ရေစီးကြောင်းထဲတွင် သစ်ရွက်တွေ မျောပါသွားကြသည်။ မြေပြင်ပေါ်မှာပင် ရှိသေးသော သစ်ရွက်များပေါ်သို့ မိုးစက်တွေ ကျသောကြောင့် တဖောက်ဖောက် အသံမြည်နေသည်။ မိုးသည် စဲမလို ဖြစ်သွားရာမှ လေတွေ ပြန်တိုက်လာ၏။ သစ်ကိုင်းတွေမှာ အရမ်းလှုပ်ခါနေသည်။ ကိုယ်တို့ခြံကလေးထဲမှာ သစ်ပင်တွေ ပိုများသောကြောင့် လေတိုးသံတွေ ဆူညံနေလေသည်။ တံစက်မြိတ်မှ ကျနေသော ရေတွေကို ကြည့်မိပြန်သည်။ ရေတန်းကလေးများသည် မြေပေါ်မှာရှိသော ကျောက်စရစ်ခဲလေးတွေပေါ်ကို ကျသည်။ ကျောက်စရစ်ခဲလေးများသည် ပြောင်လက်နေကြ၏။

ငယ်ငယ်တုန်းကအကြောင်း သတိရပြန်သည်။ ကိုယ်ငယ်ငယ်က မိုးတွင်းကျပြီ ဆိုလျှင် မေမေက ပိတ်ခြင်ထောင်ကြီး ထောင်ပေးသည်။ ခြင်ထောင်ကြီးသည် အားလုံး ပိတ်တွေချည်း ဖြစ်ပြီး ဝင်ပေါက်တစ်ဖက်တည်းပဲ ဇာတပ်ထားသည်။ မိုးတွေ အရမ်းသည်းလာပြီလားဆိုလျှင် အဲဒီ ဇာပေါ်က ပိတ်တစ်ထည် ထပ်ဖုံးလိုက်သေးသည်။ ထိုအခါ အပြင်ကနေ အထဲကို၊ အထဲကနေ အပြင်ကို လုံးဝမမြင်ရတော့။ အမိုးသွပ်ပြားပေါ်သို့ မိုးပေါက်ကြီးတွေကျသံ 'တဒေါင်းဒေါင်း'ကို နားထောင်ရင်း မေမေ့ရင်ခွင်ထဲမှာ ကွေးပြီး အပေါ်က ဂွမ်းကပ်စောင်ကြီး ခြုံ၍ အိပ်ရသည်မှာ အလွန်ဇိမ်ရှိသည်။

စဉ်းစားနေရင်းက ချမ်းစိမ့်ပြီး ကြက်သီးတွေ ထလာသည်။ လေဝှေ့ပြီး တိုက်သောကြောင့် မိုးမှုန်ကလေးတွေ ကျနေကြောင်း တွေ့ရသည်။ စောစောတုန်းက သိပ်မချမ်းသောကြောင့် ကိုယ်သည် စပို့ရှပ်ကလေးသာ ဝတ်ထားခဲ့သည်။ ခုမှ ချမ်းလာ၏။ ချက်ချင်းပြန်မဝင်သေးဘဲ တံစက်မြိတ်မှ ကျနေသော ရေထဲမှာ လက်ခံလိုက်သေးသည်။ ပြီးမှ အိမ်ထဲ ဝင်ခဲ့သည်။ အိပ်ခန်းထဲသို့ ဝင်မည်အပြုတွင် နောက်မှ “နီနီ နီနီ"ဟု ခေါ်လိုက်သော
ဆော်လီမား အသံကို ကြားရသည်။ ကိုယ်လှည့်ကြည့်သောအခါ ဆော်လီမားသည် လက်ထဲမှာ စာရွက်ကလေးတစ်ရွက် ကိုင်ပြီး ကိုယ့်ဆီလာနေသည်ကို တွေ့ရသည်။

“ဘာလဲ”

“တံမြက်စည်းလှည်းတယ် ဒါတွေ့တယ်”

သူ့လက်ထဲက စာရွက်ခေါက်ကို လှမ်းပေးသည်။

“ဘယ်က တွေ့တာလဲ”

“စားပွဲအောက်ကမှာ”

“အင်း... အင်း... ပြီးရော”

ကိုယ် အိပ်ခန်းထဲ ဝင်ခဲ့သည်။ စာရွက်ခေါက်ကို မေမေ့မှန်တင်ခုံပေါ် ပစ်တင်လိုက်သည်။ စပို့ရှပ်အပေါ်က ဆွယ်တာထပ်ဝတ်သည်။ အိပ်ခန်းထဲက ပြတင်းပေါက်တစ်ချပ် မပိတ်ရသေးကြောင်း တွေ့သည်။ ပိတ်မည်ဟု စိတ်ကူးနေတုန်းမှာ လေခပ်ပြင်းပြင်းတစ်ချက် တိုက်သောကြောင့် သူ့အလိုလို 'ဒိုင်းခနဲ' ပိတ်သွားသည်။ မှန်တင်ခုံပေါ်မှ စာရွက်ခေါက်ကလေးလည်း လေဟပ်သောကြောင့် ကြမ်းပေါ်လွင့်ကျသွားလေသည်။ စာရွက်ခေါက်ကလေးကို ကောက်ယူပြီး မှန်တင်ခုံပေါ် ပြန်တင်လိုက်သည်။ ကိုယ်လိမ်းပေါင်ဒါဘူးဖြင့် ဖိလိုက်မည် ပြုပြီးမှ ထိုစာကို ဖတ်ကြည့်ချင်စိတ် ပေါ်လာလေသည်။ တီချာမေပြောသော စကားတစ်ခုကိုလည်း သတိရပြန်၏။ သူတစ်ပါး ကိုယ်ရေးကိုယ်တာအကြောင်း ရေးထားတဲ့စာတွေ ဘာတွေကို ယူမဖတ်ကြည့်ရဘူးတဲ့။ သို့သော်လည်း ဖတ်ချင်သောစိတ်က အရမ်းဖြစ်လာ၏။ စာရွက်ခေါက်ကို ဖြန့်လိုက်သည်။ စာလုံးခပ်ကြီးကြီးကို သော့၍ ရေးထားသဖြင့် ဖေဖေ့လက်ရေးမှန်း ကိုယ် ချက်ချင်းသိလိုက်ပါသည်။

ငွေ ၈၀ဝိ/-
အိမ်စရိတ် ၇၀ဝိ/-
ကျန် ၁၀ဝိ/- သားအတွက် လိုတာဝယ်ပါ။

ဘယ်သူ့အတွက် ရေးတာလဲဟု နာမည်လည်း တပ်မထား၊ အောက်မှာ လက်မှတ်တွေ ဘာတွေလည်း ထိုးမထား။ သို့သော်လည်း ကိုယ်ကောင်းကောင်းကြီး သိပါသည်။ ဖေဖေက မေမေ့ကို ရေးသောစာ၊ စာသည် တိုတိုလေး။ ကိုယ့်အတွက်တော့ စဉ်းစားစရာတွေ အများကြီး။

ဖေဖေနှင့် မေမေတို့သည် စကားမပြောကြ။ သို့သော်လည်း ပြောစရာ အကြောင်းကိစ္စရှိလျှင် ခုလိုပဲ စာဖြင့် ရေးရေးပြီး ပြောနေကြလိမ့်မည် ထင်သည်။ တင်အောင်ခိုင်နှင့် ကိုယ် စာသင်ချိန်အတွင်းမှာ ဆရာ၊ ဆရာမတွေ မသိအောင် စာရေးပြီး စကားပြောကြသည်။ ဖေဖေနှင့် မေမေတို့ကျတော့ ဘာဖြစ်လို့ အဲဒီလို လုပ်နေကြတာလဲ။ သူတို့သည် ကလေးတွေလည်း မဟုတ်ကြဘဲနဲ့။

ဆက်ရန်
----------------------
#မင်းလူ

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)